အခန်း ၂၈၈
Vol. 29 Ch. 288
အခန်း (၂၈၈) ဝတ်ရုံလုပွဲ - ၃၀
“ဒီလိုမျိုး ဝါဒရှိတယ်ဆိုတာ ငါပထမဆုံး ကြားဖူးတာပဲ”
ဖုန်းပုကြွယ်၏ တုံ့ပြန်မှုမှာလည်း သျှီဝနှင့် အတူတူပင်။
“မင်းအနေနဲ့ ဒီလိုမျိုး နားလည်ထားလို့ ရပါတယ်…”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ရယ်မောလိုက်သည်။
“ငါ့အတွက်တော့ အနိုင်ဆိုတာထက် အနိုင်ရပုံနည်းလမ်းက ပိုအရေးကြီးလို့ပဲ”
“ပြိုင်ဘက်က သူ့သဘောနဲ့သူ အရှုံးပေးသွားအောင် လုပ်ဖို့လား”
ဖုန်းပုကြွယ်က ထပ်မေးလိုက်သည်။
“ငါ့ကိုယ်ငါ စိတ်ကျေနပ်မှု ပေးနိုင်ရင် ရပြီ၊ ပြိုင်ဘက်က လိုလားတာ မလိုလားတာကတော့ ငါ့အပေါ် မူတည်တာ မဟုတ်ဘူး”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ပြန်ဖြေလိုက်သည်။
“အဲဒီလိုဆိုရင်တောင် ဒါက ဂိမ်းတစ်ခုသက်သက်ပဲလေ… ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်အထိ တင်းကျပ်ထားတာ မလွန်လွန်းဘူးလား”
“မလွန်ပါဘူး၊ ဒါက အရမ်းအရေးကြီးတယ်”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက တည်ကြည်စွာ ပြော၏။
“လက်တွေ့ကမ္ဘာမှာဆို လူတွေက သူတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ဘာစည်းကမ်းမှမရှိဘဲ ဘာမဆို လုပ်တတ်ကြတယ်၊ အားနည်းသူကို နှိပ်စက်ပြီး အားကြီးသူကို ကြောက်တတ်ကြတယ်၊ ဆင်းရဲတာကို လှောင်ပြောင်ကြပြီး ပြည့်တန်ဆာလုပ်တာကိုတော့ မလှောင်ပြောင်ကြဘူး”
“ဒါပေမဲ့ ဒီနေရာမှာတော့ အရာအားလုံး ရိုးရှင်းသွားပြီလေ”
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့မျက်စိရှေ့သို့ မြှောက်ပြလိုက်သည်။
“ခွန်အားရှိရုံနဲ့တင် ကိုယ့်ရဲ့ မူဝါဒတွေကို ဆုပ်ကိုင်ထားနိုင်ပြီး အဲဒီမိစ္ဆာတွေနဲ့ မကောင်းဆိုးဝါးတွေကို ဘာရှက်စရာမှမလိုဘဲ အပြတ်အသတ် အရှုံးပေးသွားအောင် လုပ်နိုင်တာပဲ”
“မင်း တိုက်ခိုက်ရေးစွမ်းအား အဆင့်သတ်မှတ်ချက်ဇယားရဲ့ အဆင့် ၁၅ နေရာမှာပဲ ရှိနေတာ အံ့ဩစရာမရှိတော့ပါဘူး…”
ဖုန်းပုကြွယ်က မှတ်ချက်ပေးလိုက်သည်။
“ဒီမူဝါဒတွေကြောင့် မင်း ဒုက္ခတွေ အများကြီး ကြုံတွေ့ခဲ့ရတယ် မဟုတ်လား”
“ဟမ့်… မင်းအမြင်မှာတော့ ဒါက အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တစ်ခုပေါ့ ဟုတ်လား”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ဆို၏။
“မဟုတ်ပါဘူး၊ ငါက မူဝါဒတွေကို ဆုပ်ကိုင်ထားတတ်တဲ့ လူတွေကို လေးစားပါတယ်”
ဖုန်းပုကြွယ်က ဆိုလိုက်သည်။
“သူ့ရဲ့ ယုံကြည်ချက်ကို ငါသဘောမတူရင်တောင်မှပေါ့”
သူ ရယ်မောလိုက်သည်။
“အဓိပ္ပာယ်မရှိဘူးဆိုတဲ့ စကားလုံးက အခြားလူတွေရဲ့ အတွေးအခေါ်တွေအောက်မှာ ဦးနှောက်ဆေးခံထားရတဲ့ လူတွေအတွက်ပဲ ပိုသင့်တော်ပါတယ်”
“ဟဲ…”
ခုနှစ်ထွေသတ်ဖြတ်ခြင်းကလည်း ရယ်မောလိုက်သော်ငြား ထိုစကားကိုတော့ ပြန်မတုံ့ပြန်ပါချေ။ ယင်းအစား သူက ပြောလာသည်။
“ဒါနဲ့၊ ငါလင်းနို့ဂူကနေ ထွက်လာတဲ့လမ်းမှာ ဖုန်းပုကြွယ်ဆိုတဲ့ နာမည်ကို သတိရမိသွားတယ်၊ မင်းက လုံအောင်းမင်ရဲ့ မိတ်ဆွေ မဟုတ်လား”
“ဟုတ်တယ်”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။ ခုနှစ်ထွေသတ်ဖြတ်ခြင်းက အစ်ကိုလုံ၏ အိုင်ဒီကို ပြောလိုက်ခြင်းအပေါ် ဖုန်းပုကြွယ်အနေဖြင့် မအံ့ဩချေ။ အဘယ်ကြောင့်ဆိုသော် အစ်ကိုလုံသည် သူ့ဂိုဏ်းထဲရှိ လူအားလုံးမှာ “ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေ” ဖြစ်ကြောင်း တစ်ခါက ပြောဖူးသဖြင့် သူတို့အချင်းချင်း သိနေကြသည်မှာ သဘာဝကျပေသည်။
“ဒါနဲ့ ပြောရဦးမယ်… အမှန်တော့ မင်းတို့ရဲ့ ကုမ္ပဏီက ဂိမ်းစတူဒီယိုတစ်ခုပဲ မဟုတ်လား”
ဖုန်းပုကြွယ်က မေးလိုက်၏။
ခုနှစ်ထွေသတ်ဖြတ်ခြင်းမှာ ဆွံ့အသွားရသည်။ သူသည် ဤမေးခွန်းကို ပထမဆုံးအကြိမ် မေးမြန်းခံရခြင်း ဖြစ်သည်။ ဓားသွားအဖွဲ့သည် ဂိမ်း၏ ဂိုဏ်းအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး အပြင်လူများကိုလည်း တစ်ခါမှ စည်းရုံးခေါ်ယူခြင်း မရှိခဲ့သဖြင့် ကစားသမားအများစုက သူတို့တွင် ပရော်ဖက်ရှင်နယ် ဂိမ်းစတူဒီယို နောက်ခံတစ်ခု ရှိလိမ့်မည်ဟု သဘာဝအတိုင်း တွေးထင်ထားကြခြင်း ဖြစ်သည်။ ယင်းသည် လူတိုင်းက အလိုအလျောက် သတ်မှတ်ထားကြသည့် အရာဖြစ်သဖြင့် မည်သူမျှ တိုက်ရိုက် မမေးမြန်းကြချေ။
“အာ… အာ…”
ခုနှစ်ထွေသတ်ဖြတ်ခြင်းမှာ စကားများ ထစ်အသွား၏။
“ဟုတ်ပါတယ်… ဟုတ်ပါတယ်၊ ငါ… သေချာတာပေါ့၊ ငါတို့က စတူဒီယိုတစ်ခုပါ”
အစ်ကိုလုံနှင့် ဖုန်းပုကြွယ်တို့ မည်သည့်အရာများ ဆွေးနွေးခဲ့ကြသည်ကို သူ မသိသဖြင့် ခုနှစ်ထွေသတ်ဖြတ်ခြင်းအနေဖြင့် ဖုန်းပုကြွယ်၏ စကားအတိုင်းသာ လိုက်ပါဖြေကြားလိုက်ရတော့သည်။ မည်သို့ပင်ဖြစ်စေ သူတို့က ဂိမ်းထဲတွင် အခြေစိုက်ထားသည့် ရဲတပ်ဖွဲ့၏ ဌာနခွဲတစ်ခုဖြစ်ကြောင်း အမှန်တရားကိုတော့ သူ မပြောပြနိုင်ပါချေ။
“ဇာတ်လမ်းပြီးသွားတာနဲ့ ဒီကိစ္စကို ချက်ချင်း အထက်ကို တင်ပြရမယ်၊ နောင်ကျရင် ဆက်စပ်နေတဲ့ အကြောင်းပြချက်စကားတွေ ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးပဲ”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက စိတ်ထဲမှ တွေးတောလိုက်မိသည်။
လင်းနို့မျက်နှာဖုံးကြောင့် ဖုန်းပုကြွယ်အနေဖြင့် ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ အမူအရာမှတစ်ဆင့် ဘာကိုမှ အလွယ်တကူ မခွဲခြားနိုင်ချေ။ သို့သော် သူ၏ တုံ့ဆိုင်းနေသောလေသံကို ကြားရခြင်းနှင့် လုံအောင်းမင်၏ အစောပိုင်းအပြုအမူများကို ထည့်သွင်းစဉ်းစားပြီးနောက် သူ တွေးတောလိုက်သည်။
“ကြည့်ရတာ ဒီစတူဒီယိုထဲကလူတွေက ပရော်ဖက်ရှင်နယ် ဂိမ်းမာတွေ ဖြစ်ရတာကို နည်းနည်းရှက်နေကြပုံပဲ… သူတို့က သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအကြောင်းကို သိပ်ပြောချင်ပုံမရဘူး၊ ငါ စကားလမ်းကြောင်း လွှဲလိုက်တာ ပိုကောင်းလိမ့်မယ်”
“အင်း… ဒါနဲ့…”
ဖုန်းပုကြွယ်က စကားစလိုက်သည်။
“မင်း လင်းနို့ဂူကို သွားခဲ့တာ၊ ဒီဝတ်စုံနဲ့ ကိရိယာအနည်းငယ်ပဲ ရခဲ့တာလား”
“ဟုတ်တယ်၊ တခြားအရာတွေကိုတော့ ငါယူလို့မရခဲ့ဘူး”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။
“မင်း Batmobile၊ Batmoon၊ Batplane၊ Bathelicopter၊ Batboat ဒါမှမဟုတ် Batjet တွေကိုရော မမြင်ခဲ့ဘူးလား”
“မြင်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒါတွေထဲက တစ်ခုမှ ငါမမောင်းတတ်ဘူးလေ”
“အာ… နှမြောစရာကောင်းလိုက်တာ”
ဖုန်းပုကြွယ်သည် သူ့လက်များကို အိတ်ကပ်ထဲသို့ ထည့်လျက် ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း ပြောဆိုလိုက်သည်။
“တကယ်လို့သာ ငါဆိုရင်တော့ ဘတ်လေယာဉ်ပေါ်ကို ယူနိုင်သမျှ အရာအားလုံး တင်ပြီးတော့ မင်းတို့ရဲ့ တည်နေရာကို အပေါ်စီးကနေ အတိအကျ မရှာနိုင်မချင်း လေထဲမှာ ပျံနေမှာပဲ၊ ပြီးရင် အလိုအလျောက် မောင်းနှင်မှုစနစ်ကို အသက်သွင်းပြီးတော့ လေထီးနဲ့ ခုန်ချလိုက်မယ်၊ အပူစွမ်းအင်သုံးဗုံးတွေ တင်ထားတဲ့ အဲဒီလေယာဉ်ကို မင်းတို့ဆီကို ဝင်တိုက်ပစ်လိုက်မှာပဲ”
“ဒါက မင်းရဲ့ မူလအစီအစဉ်လား…”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ရေရွတ်လိုက်မိသည်။
“အင်း… ဒါကလည်း အရှုံးနိမ့်နိုင်တဲ့ဗျူဟာတစ်ခုလို့ သေချာပေါက် ယူဆနိုင်တာပဲ…”
“ကံဆိုးတာက အခုတော့ အဲဒါက မဖြစ်နိုင်တော့ပါဘူး”
ဖုန်းပုကြွယ်က ဆိုသည်။
“မင်းနဲ့ သျှီဝက ငါမျှော်လင့်ထားတာထက် ပိုပြီး စွမ်းဆောင်နိုင်ကြတယ်၊ ပြီးတော့… မင်းတို့နှစ်ယောက်က ငါ့ကို အရင်ဆုံး ရင်ဆိုင်ဖို့ တိုက်ပွဲကိုဆိုင်းငံ့ထားဖို့ သဘောတူညီချက်တချို့ လုပ်ခဲ့ကြတာ မဟုတ်လား”
ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် ခေတ္တမျှ ဆွံ့အသွားပြီးနောက် အကျယ်ကြီး ရယ်မောလိုက်တော့သည်။
“ဟားဟားဟားဟား…”
သူသည် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး သူ့လေသံထဲတွင် မစွမ်းသာနိုင်မှုအရိပ်အယောင်တချို့ ရှိနေလေသည်။
“အထင်ကြီးစရာပဲ၊ တကယ့်ကို အထင်ကြီးစရာပဲ”
“မြှောက်ပင့်နေတာပါ၊ မြှောက်ပင့်နေတာပါ…”
ဖုန်းပုကြွယ်၏ စကားလုံးများက သူ၏ ဂုဏ်ယူဝင့်ကြွားနေသောအမူအရာနှင့် သိသိသာသာပင် ဆန့်ကျင်ဘက် ဖြစ်နေလေသည်…။
“ဇာတ်လမ်းအစပိုင်းတုန်းကတော့ အားအနည်းဆုံးလို့ ထင်ရတဲ့ မင်းက အခက်ခဲဆုံးဖြစ်တဲ့ ကျောက်ရင်းဝမ်ကို တကယ်ကြီး အနိုင်ယူနိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ဆက်ပြောလိုက်သည်။
“တိုက်ခိုက်ရေးစွမ်းအား ဒုတိယနေရာမှာ ရှိနေတဲ့ သျှီဝကို မင်းတစ်ယောက်တည်းနဲ့ အနိုင်ယူနိုင်လိမ့်မယ်ဆိုတာကိုတော့ ပိုပြီးတော့တောင် မထင်ထားခဲ့ကြဘူးပေါ့”
သူသည် နှစ်စက္ကန့်မျှ စကားရပ်လိုက်ပြီးနောက် ထပ်လောင်းပြောဆိုလိုက်သည်။
“ဒီနေ့တိုက်ပွဲကတော့ မင်းကို သေချာပေါက် နာမည်ကြီးသွားစေမှာပဲ”
“ဟဲ… အဲဒီလိုလည်း မဟုတ်နိုင်ပါဘူး”
ဖုန်းပုကြွယ်က ဆိုသည်။
“သျှီဝနဲ့ ကျောက်ရင်းဝမ်တို့က သူတို့ ရှုံးနိမ့်သွားခဲ့တဲ့ အကြောင်းကို လူတိုင်းကို လိုက်ပြောနေမှာမှ မဟုတ်တာ၊ ဟုတ်တယ်မလား”
သူသည် ခုနှစ်ထွေသတ်ဖြတ်ခြင်းကို လက်ညှိုးထိုးပြလိုက်ရင်း “အမှန်တရားကို သိတဲ့လူဆိုလို့ မင်းနဲ့ငါပဲ ရှိတာလေ၊ တကယ်လို့ ငါတို့နှစ်ယောက်စလုံး ဘာမှမပြောရင် ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး”
“အိုး”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက သံသယစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ငါကတော့ မင်းကို နေရာတာက လိုက်ကြော်ငြာပေးဖို့ မလိုပါဘူး၊ ဒါပေမဲ့ ဘာဖြစ်လို့ မင်းကိုယ်တိုင် ဖိုရမ်တွေပေါ်မှာ သွားမကြွားတာလဲ”
အမှန်တကယ်ပင် ပုံမှန်အားဖြင့် နာမည်မရှိသော ကစားသမားတစ်ဦးသည် ဂိမ်း၏ ထိပ်တန်းကစားသမားတစ်ဦးကို အနိုင်ယူနိုင်ခဲ့မည်ဆိုပါက တစ်ကမ္ဘာလုံး သိရှိသွားအောင် ပြုလုပ်ချင်ကြသည်မှာ ဓမ္မတာပင် ဖြစ်၏။
“ငါက လူသိမခံချင်လို့ပါ”
ဖုန်းပုကြွယ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဟား…”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက နောက်တစ်ကြိမ် ရယ်မောလိုက်ပြန်သည်။
“ငါ မင်းကို တကယ် နားမလည်နိုင်တော့ဘူး…”
“ငါလည်း တူတူပါပဲ”
ဖုန်းပုကြွယ်က ဆိုသည်။
“ငါလည်း ဒီလို တစ်ယောက်ချင်းစီပဲ တိုက်ခိုက်တတ်တယ်ဆိုတဲ့ လူမျိုးကို တစ်ခါမှ မကြုံဖူးသေးလို့ပါ”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက သက်ပြင်းချလိုက်သည်။
“ငါတို့ စကားပြောနေတာလည်း အတော်ကြာသွားပြီ၊ ခုနက ထွက်ပြေးခဲ့တဲ့ အချိန်ကိုပါ ထည့်တွက်ရင် မင်းရဲ့ အသက်အမှတ်နဲ့ သက်လုံအမှတ်က ပုံမှန်အခြေအနေလောက်ကို ပြန်ရောက်နေလောက်ပြီ မဟုတ်လား”
“လုံးဝကြီးတော့ မဟုတ်သေးပါဘူး”
ဖုန်းပုကြွယ် ဂိမ်းမီနူးကို လှမ်းကြည့်လိုက်ရာ သူ၏ အသက်အမှတ်မှာ ၅၁ ရာခိုင်နှုန်း ရှိနေပြီး သက်လုံအမှတ်မှာ ၃၄၂ / ၂၈၀၀ မျှသာ ရှိသေးသည်ကို မြင်လိုက်ရသည်။
“ဒါပေမဲ့… တစ်ယောက်ချင်းစီ တိုက်ခိုက်ဖို့အတွက်တော့ လုံလောက်ပါတယ်”
“မင်း သေချာလား”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ထပ်မံမေးမြန်းလိုက်သည်။
“ငါဝတ်ထားတဲ့ ဒီဝတ်စုံက ဒဏ္ဍာရီလာအရည်အသွေးရှိတဲ့ လင်းနို့ဝတ်စုံပဲ၊ ဒီဝတ်စုံရဲ့ ဂုဏ်သတ္တိတွေက…”
“မင်းဝတ်ရုံကို ချွတ်ပစ်လိုက်စမ်းပါ”
ဖုန်းပုကြွယ်က ရုတ်တရက် ကြားဖြတ်ပြောဆိုလိုက်သည်။
“ဝတ်ရုံလား”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက သူ့ခေါင်းကို အနည်းငယ်စောင်းလျက် ကြည့်လိုက်သည်။
“အိုး… ဒါနဲ့ ပြောရဦးမယ်၊ ငါ လင်းနို့ဂူကနေ ထွက်လာပြီးမှပဲ ငါ့မှာ စုတ်ပြတ်နေတဲ့ ဝတ်ရုံတစ်ထည် ပါလာတာကို သတိထားမိတာ”
သူသည် လင်းနို့ဝတ်စုံကို ဝတ်ဆင်ပြီးစအချိန်တွင် ကိရိယာ၏ ဂုဏ်သတ္တိများကိုသာ အံ့ဩနေခဲ့သဖြင့် သူ့အာရုံစိုက်မှုက အနည်းငယ် ပျံ့လွင့်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ဝတ်ရုံကို ယူဆောင်ခဲ့စဉ်က မှန်ဗီရိုတန်းထဲမှ တစ်ထည်ကိုသာ ကျပန်းဆွဲယူခဲ့ခြင်း ဖြစ်သည်။
“စုတ်ပြဲနေတဲ့ လင်းနို့ဝတ်ရုံက ဖိုင်ဘာကြိုးမျှင်တွေထဲကို စွမ်းအင်သွင်းပြီးရင်တောင် လင်းနို့တောင်ပံပုံစံအဖြစ် ဆန့်သွားမှာ မဟုတ်ဘူး၊ ပြီးတော့ သူ့ရဲ့ မီးဒဏ်ခံနိုင်စွမ်း သက်ရောက်မှုကလည်း အများကြီး လျော့သွားသေးတယ်”
ဖုန်းပုကြွယ်က ဆိုသည်။
“ငါ့အထင်တော့ ဒီဝတ်ရုံကို ချွတ်ပစ်လိုက်တာက မင်းအပေါ်မှာ သက်ရောက်မှုကြီးကြီးမားမား ရှိလိမ့်မယ် မထင်ဘူး၊ ဟုတ်တယ်မလား”
“ဟဲ… တကယ်တော့ ဘာမှမသက်ဆိုင်ပါဘူး”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ပြုံး၍ ဝတ်ရုံကိုချွတ်ကာ ဖုန်းပုကြွယ်ထံသို့ လေထဲမှ လှမ်းပစ်ပေးလိုက်လေသည်။ (TL note – Batman Suit နဲ့ Bat Capက မတူပါဘူးနော်၊ Suit က ဝတ်စုံကို ပြောတာဖြစ်ပြီး Cap က ဘတ်မန်းလေထဲခုန်လိုက်တဲ့အခါ လင်းနို့တောင်ပံလို ပြန့်ကားသွားတဲ့ ခြုံထည်ဝတ်ရုံကို ပြောတာပါ)
“ဒီပစ္စည်းကိရိယာမှာ ဘာဂုဏ်သတ္တိမှ မရှိတော့ဘူး၊ ငါက ဘက်မန်းရဲ့ ပုံစံတစ်ခုလုံး ပြည့်စုံနေအောင်လို့ပဲ ဝတ်ထားခဲ့တာ၊ တကယ်လို့ မင်းက ငါ့ကို အလျှော့ပေးစေချင်တယ်ဆိုရင် ငါ မင်းကို ဦးထုပ်ပါ ပေးလိုက်မယ်…”
“မလိုအပ်ပါဘူး”
ဖုန်းပုကြွယ်က ဆိုသည်။ သူသည် ဝတ်ရုံကို ဖမ်းယူလိုက်ပြီး အိုင်တမ်ဖော်ပြချက်ကို လှမ်းကြည့်လိုက်သည်။
အမည် - စုတ်ပြဲနေသော လင်းနို့ဝတ်ရုံ
အမျိုးအစား - ချပ်ဝတ်
အရည်အသွေး - စုတ်ပြဲနေသော
ကာကွယ်မှု - မရှိ
ဂုဏ်သတ္တိ - မရှိ
အထူးအာနိသင် - မရှိ
ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရ
မှတ်ချက် - ပျက်စီးနေသော ဝတ်ရုံဟောင်းတစ်ထည်
၎င်းကို ဖတ်ရှုပြီးနောက် ဖုန်းပုကြွယ်သည် ထိုအိုင်တမ်ကို သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲသို့ တိတ်တဆိတ် ထည့်သွင်းလိုက်ပြီးနောက် ခေါင်းကိုမော့လျက် ပြောလိုက်လေသည်။
“ဒါဆို… စလိုက်ကြစို့”