← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း (၂၈၉) ဝတ်ရုံလုပွဲ - ၃၁

ရက် ဒက် ဒက် ဒက် ဒက် …

“ဂေါ့သမ်ရဲတပ်ဖွဲ့ကပါ၊ မင်းတို့ရဲ့ လက်နက်တွေကို ချပြီး လက်မြှောက်အရှုံးပေးကြပါ”

အသံကျယ်သော ရဲအရာရှိတစ်ဦးက ရဟတ်ယာဉ်အခန်းထဲမှ ခန္ဓာကိုယ်ကိုအပြင်ထုတ်၍ မိုက်ခရိုဖုန်းမှတစ်ဆင့် ဖုန်းပုကြွယ်နှင့် ခုနှစ်ထွေသတ်ဖြတ်ခြင်းတို့ ရှိရာဆီသို့ လှမ်းအော်ဟစ်လိုက်သည်။

သူတို့နှစ်ဦး စတင်တိုက်ခိုက်ခဲ့သည်မှာ ငါးမိနစ်သာ ကြာမြင့်သေးခြင်း ဖြစ်သည်။

တကယ်တမ်းတွင် သူတို့နှစ်ဦး စကားပြောနေကြစဉ်ကတည်းက နှောက်ယှက်မည့်သူများ ရောက်ရှိနေကြခြင်း ဖြစ်သည်။

ဝိန်းတာဝါပတ်လည်တွင် ရဲကားများဖြင့် လုံးဝဝိုင်းရံထားပြီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ၏ ခေါင်မိုးထက်တွင်လည်း စနိုက်ပါသမားများကို နေရာချထားကြသည်။ သို့သော်လည်း ဝိန်းတာဝါသည် ပတ်ဝန်းကျင်တွင် အမြင့်ဆုံးအဆောက်အအုံ ဖြစ်နေခြင်းကြောင့်လည်းကောင်း၊ လေတိုက်နှုန်းနှင့် အမှောင်ထုတို့ကို ထည့်သွင်းစဉ်းစားခြင်းကြောင့်လည်းကောင်း ဖုန်းပုကြွယ်နှင့် ခုနှစ်ထွေသတ်ဖြတ်ခြင်းတို့ ခေါင်မိုးပေါ်မှ ဆင်းမလာသရွေ့ ဤစနိုက်ပါသမားများမှာ အခြေခံအားဖြင့် အသုံးမဝင်ပါချေ။

ဂေါ့သမ်ရဲတပ်ဖွဲ့သည် ရဟတ်ယာဉ်နှစ်စင်းကိုပါ ယူဆောင်လာခဲ့ပြီး ထိုမိုးမျှော်တိုက်ကြီး၏ အပေါ်တွင် ရှာဖွေရေးမီးမောင်းကြီးများဖြင့် ဝဲပျံမောင်းနှင်နေကြသည်။ ၎င်းက ဤအခြားကမ္ဘာမှ ရောက်ရှိလာသူနှစ်ဦးအား စူပါပါဝါရှိသူများဖြစ်ကြောင်း သတ်မှတ်ထားပုံရသည်။ ဤရဲရဟတ်ယာဉ်နှစ်စင်းတွင် စွမ်းအားပြင်းစက်သေနတ်ကြီးများ တပ်ဆင်မထားသော်လည်း တစ်စင်းစီတွင် ရိုင်ဖယ်သေနတ်သမားတစ်ဦးစီ ပါဝင်ပေသည်။

ဂေါ့ဒ်နက်မှ ဟီးရိုးများစွာလည်း ရောက်ရှိလာကြပြီး ၎င်းတို့ထဲတွင် နိုက်ဝင်း၊ ဒီမီယံ၊ Catwoman နှင့် အခြားသူများအပါအဝင် စုစုပေါင်း ခြောက်ဦး သို့မဟုတ် ခုနစ်ဦးခန့် ရှိပေသည်။ အခြားဟီးရိုးအားလုံး ဤနေရာသို့ လာရောက်ရန်တော့ မဖြစ်နိုင်ချေ။ အကြောင်းမှာ ဂေါ့သမ်လမ်းမများနှင့် လမ်းကြားများတွင် ရာဇဝတ်မှုများ ရှိနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ အင်အားနည်းနေချိန်တွင် သူတို့၏ လှုပ်ရှားမှုများ လိုအပ်နေခြင်းကြောင့် ဖြစ်၏။

“ဘာအစီအစဉ်ရှိလဲ၊ ရဲမင်းကြီး”

နိုက်ဝင်းသည် ရဲမင်းကြီး ဂေါ်ဒွန်ထံသို့ ချဉ်းကပ်သွားပြီး ဘာနှုတ်ဆက်စကားမှမဆိုဘဲ တိုက်ရိုက် မေးမြန်းလိုက်သည်။

ဂေါ်ဒွန်သည် ယခုတွင် ရဲကားတစ်စီးဘေးတွင် မတ်တတ်ရပ်လျက် မှန်ပြောင်းနှင့် လမ်းလျှောက်စကားပြောစက်ကို ကိုင်ဆောင်ထားရင်း ဌာနအသီးသီး၏ စစ်ဆင်ရေးများကို အလုပ်ရှုပ်စွာ ညွှန်ကြားနေဆဲ ဖြစ်သည်။ နိုက်ဝင်း ရောက်လာသည်ကို မြင်သောအခါ သူသည် သူ့ပုံမှန်အတိုင်း လေးနက်သော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“ငါ့လူတွေ ပြောတာတော့ အပေါ်မှာ ဘက်မန်းနဲ့ ဂျိုကာတို့ တိုက်ခိုက်နေကြတာတဲ့”

“မဟုတ်ပါဘူး၊ သူတို့မဟုတ်ပါဘူး”

နိုက်ဝင်းက ဆိုသည်။

“ငါသိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါ့လူတွေက အဲဒီမကောင်းဆိုးဝါးနှစ်ကောင်ရဲ့ လှုပ်ရှားမှုတွေက မြန်လွန်းလို့ မမြင်ရတဲ့အပြင် သူတို့က ကွန်ကရစ်တုံးတွေကို လက်ဗလာနဲ့ ရိုက်ခွဲနိုင်ကြတယ်လို့ ပြောနေကြလို့ပဲ”

ဂေါ်ဒွန်က ပြန်လည်တုန့်ပြန်လိုက်သည်။

“ပြီးတော့ရော”

နိုက်ဝင်းသည် ပိုကြားချင်နေခြင်း ဖြစ်သည်။

ဂေါ်ဒွန်က ဆက်ပြော၏။

“ငါ့အထင်တော့ သူတို့ကို အဆုံးအဖြတ် တိုက်ပွဲပြီးအောင် တိုက်ခိုက်ခွင့်ပေးပြီးမှ ရှင်ကျန်ရစ်တဲ့သူကို ငါတို့ ရှင်းပစ်ရလိမ့်မယ်၊ အဲဒါက သူတို့နှစ်ယောက်စလုံးကို တစ်ပြိုင်တည်း ရင်ဆိုင်ရတာထက်စာရင် ပိုလွယ်ပါတယ်”

နိုက်ဝင်းက မေးမြန်းလိုက်သည်။

“အဲဒီလိုဆိုရင် သူတို့ တိုက်ခိုက်လို့ပြီးသွားရင် တစ်ယောက်ယောက်တော့ သေချာပေါက် သေဆုံးသွားလိမ့်မယ်လို့ ဆိုလိုတာလား”

သူ့စကားမဆုံးမီမှာပင် ထိုမိုးမျှော်တိုက်ကြီး၏ ခေါင်မိုးထက်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး အောက်ခြေရှိ လူအုပ်ကြီးမှာ အလန့်တကြားဖြင့် အသက်ရှုမိလိုက်ကြသည်။

အမိုးစွန်းမှ ကွန်ကရစ်တုံးကြီးတစ်ခု ကျိုးကြေသွားပြီး မြေပြင်ဆီသို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျလာလေသည်။

“ဘုရားသခင်”

ဂေါ်ဒွန်က အော်ဟစ်လိုက်မိသည်။ သူသည် သန်မာထွားကျိုင်းသော လက်တစ်ဖက်က သူ့အား ဖမ်းဆွဲလိုက်ပြီး သူမတ်တတ်ရပ်နေသည့် နေရာမှ ဆွဲထုတ်သွားသည်ကို ခံစားလိုက်ရသည်။

စက္ကန့်အနည်းငယ်အကြာတွင် ကွန်ကရစ်တုံးကြီးသည် ဂေါ်ဒွန်ဘေးနားတွင် ရှိနေခဲ့သော ရဲကားအမိုးပေါ်သို့ ဝုန်းခနဲ ပြင်းထန်စွာ ကျရောက်သွားလေသည်။ ထိုကား၏ အရေးပေါ်အချက်ပေးသံနှင့် ဟွန်းသံများက ဆူညံစွာ မြည်ဟည်းသွားတော့သည်။

ဖုန်မှုန့်များ ငြိမ်သက်သွားချိန်မှသာ ဂေါ်ဒွန်သည် နိုက်ဝင်းက သူ့အား ဆွဲထုတ်ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

သူသည် သူ့မျက်မှန်ကို ပြန်လည်ပြင်ဆင်လိုက်ပြီး သူ့အသက်ကို ကယ်တင်ခဲ့သည့် နိုက်ဝင်းအား ကျေးဇူးတင်စကားပင် မဆိုဘဲ အခြားတစ်ဖက်သို့ ချက်ချင်း လှမ်းအော်လိုက်လေသည်။

“အဲ့ဒီ သောက်အချက်ပေးသံကို တစ်ယောက်ယောက် သွားပိတ်လိုက်စမ်းပါ၊ ပြီးတော့ ဒဏ်ရာရတဲ့သူ ရှိမရှိ စစ်ဆေးကြ”

နိုက်ဝင်းကမူ သူ့နောက်ကွယ်တွင် မတ်တတ်ရပ်လျက် ကောင်းကင်ဆီသို့ မော့ကြည့်နေဆဲ ဖြစ်သည်။

“ကောင်းပြီ… ဒီနှစ်ယောက် ကြည့်ရတာ အတည်ကြီးပေါ့၊ ဒီတိုက်ပွဲက အသေအကြေတိုက်ပွဲ ဖြစ်လာလိမ့်မယ်”

…

“…အထင်ကြီးစရာပဲ…”

ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် သူ့ကိုယ်ပိုင်လက်သီးကို စိုက်ကြည့်လိုက်ပြီးနောက် ပျက်စီးသွားခဲ့သော အဆောက်အအုံစွန်း၏ ဧရာမကွန်ကရစ်တုံးကြီးကို လှမ်းကြည့်ကာ မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

“ငါ လင်းနို့ဝတ်စုံကို ပထမဆုံး ဝတ်ခဲ့တုန်းကတော့ ဒါက ပေါ့ပါးသွက်လက်ပြီး အထူးသက်ရောက်မှုတွေ အများကြီး ရှိရုံပဲလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ လက်တွေ့တိုက်ပွဲကျတော့ ဒဏ္ဍာရီလာအရည်အသွေးရှိတဲ့ ပစ္စည်းကိရိယာရဲ့ စွမ်းအာားအစစ်အမှန်ကို ငါ နားလည်သွားခဲ့ပြီ…”

သူသည် ၁၀ မီတာခန့် အကွာအဝေးသို့ ဆုတ်ခွာ၍ သတိကြီးစွာထားနေသော ဖုန်းပုကြွယ်ထံသို့ လှည့်ကြည့်လိုက်သည်။

“ဒါပေမဲ့… ညီအစ်ကိုဖုန်း၊ မင်းက တကယ်ပဲ ဘယ်သူလဲ၊ ဒီလိုအခြေအနေမျိုးအောက်မှာတောင် ငါ့ကို သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်အောင် ပြန်တိုက်ခိုက်နိုင်တယ်ဆိုတော့… ဒါက ငါ့အတွက် နည်းနည်းတော့ သိက္ခာကျစရာ မကောင်းလွန်းဘူးလား”

“ဟုတ်သား… ငါက မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ဖို့အတွက်တင် ဒီလောက် ဒုက္ခခံခဲ့ရတာလေ”

ဖုန်းပုကြွယ်သည် သိသိသာသာပင် သရော်သည့်သဘောဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်၏။

“ဟီးဟီးဟီး… ဆောရီးပါ၊ ဆောရီးပါ”

ခုနှစ်ထွေသတ်ဖြတ်ခြင်းကလည်း သူ့ဟာသဉာဏ်ကို ခံစားမိသွားသဖြင့် ပြန်ဖြေလိုက်သည်။

“ငါ အရမ်းပျော်မိသွားလို့ နည်းနည်း အရှိန်လွန်သွားတာပါ”

ဖုန်းပုကြွယ်က ပြန်မတုံ့ပြန်ချေ။ သူသည် နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးစများကို သူ့လက်ဖမိုးဖြင့် သုတ်လိုက်ပြီး သွေးတစ်လုပ် အန်ထုတ်လိုက်လိုက်သည်။ သူ စိတ်ထဲမှ တွက်ချက်လိုက်သည်။ ‘

‘သူက တိုက်ခိုက်ရေးစွမ်းအား အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်ယောက် အပြင်ဘက်မှာ ရှိနေပေမဲ့ သာမန်တိုက်ခိုက်ရေး စွမ်းရည်တစ်ခုတည်းနဲ့ ပြောရရင်တော့ သူက သျှီဝထက်တောင် ပိုသန်မာလောက်တယ်။ ကြည့်ရတာ သူက အထူးပြုစွမ်းရည်တစ်ခုတည်းအပေါ်မှာပဲ လုံးဝ အာရုံစိုက်ထားတဲ့ လူမျိုးပဲ… သေချာပေါက် မြင့်တက်လာမယ့် အထွေထွေကျွမ်းကျင်မှုကလွဲရင် သူ့ရဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုတစ်ခုတည်းပဲ အရမ်းမြင့်မားနေပြီး တခြားဟာအားလုံးကတော့ အဆင့် E ဒါမှမဟုတ် N/A အောက်မှာပဲ ရှိနေတာ၊ ဒီကောင့်ကို ဘက်မန်းဝတ်စုံ ပေးလိုက်တာက ကျားကို အတောင်ပံ တပ်ပေးလိုက်သလိုပဲ။’

ရုတ်တရက် လေထုကို ဖြတ်သန်းဖြတ်တောက်သွားသည့် အလင်းတန်းများ၏ စူးရှသောအသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ စွမ်းအားနိမ့် ရေခဲသေနတ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် ဖုန်းပုကြွယ်အား ရှောင်တိမ်းရန် သူ့ခန္ဓာကိုယ်ကို အနည်းငယ်သာ လှည့်လိုက်ရုံသာ ဖြစ်ပေသည်။ ထိုပစ်ခတ်မှုနှစ်ချက်သည် လင်းနို့ချပ်ဝတ်၏ အစွန်းအဖျားကိုသာ ပွတ်တိုက်သွားသဖြင့် ဆီးနှင်းရာအနည်းငယ်သာ ကျန်ရှိခဲ့ပြီး ခုနှစ်ထွေသတ်ဖြတ်ခြင်းက သူ့လက်ဖြင့် အလွယ်တကူ ဖယ်ရှားပစ်လိုက်လေသည်။

“ဒီလို တိုက်ခိုက်မှုမျိုးက ငါ့ရဲ့ အသက်အမှတ်အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိဘူးကွ”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက ဆိုသည်။

“မင်းဆီမှာ စွမ်းအားပြင်းလက်နက်ကြီးတွေ မရှိဘူးဆိုရင်တော့ မင်းအနေနဲ့ အနီးကပ်တိုက်ခိုက်မှုပိုင်းကိုပဲ ပိုကြိုးစားသင့်တယ်”

ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် ဘွင်းဘွင်းရှင်းရှင်းသမားတစ်ဦး ဖြစ်သဖြင့် အမြဲတမ်း အမှန်တရားကိုသာ ပြောဆိုလေ့ရှိသည်။ သူ၏ စရိုက်လက္ခဏာကို သူ့ပြိုင်ဘက်များက မကြာခဏ အထင်လွဲတတ်ကြပြီး သူသည် မာနကြီးကာ ဝင့်ကြွားတတ်သူဟု ထင်မြင်ကြခြင်း ဖြစ်သည်။ လက်တွေ့တွင်မူ သူသည် တိုက်ခိုက်ရသည့်ဖြစ်စဉ်ကိုသာ ပျော်ရွှင်နှစ်သက်ပြီး သူ့စိတ်ထဲရှိသည်ကို ပွင့်လင်းစွာ ပြောဆိုတတ်သည့် တစ်ယောက်ချင်းစီ တိုက်ခိုက်တတ်သော လူတစ်ဦးသက်သက်သာ ဖြစ်ပေသည်။

ယခုအချိန်တွင် ခုနှစ်ထွေသတ်ဖြတ်ခြင်း ဝတ်ဆင်ထားသည့် ဘက်မန်းဝတ်စုံမှာ မည်မျှအထိ သန်မာသနည်း။ ၎င်း၏ သီးသန့်လက္ခဏာများကို မဖော်ပြမီ ဤပစ္စည်းကိရိယာ၏ အထူးဂုဏ်သတ္တိအချို့ကို ဖော်ပြရန် လိုအပ်ပေသည်။

သွေးအေးချပ်ဝတ်နှင့် မတူသည်မှာ ဘက်မန်းဝတ်စုံသည် တစ်ခုတည်း ပေါင်းစပ်ထားသည့် အစုံလိုက်မဟုတ်ဘဲ သီးခြားစီ လုပ်ဆောင်နိုင်စွမ်းရှိသော အစိတ်အပိုင်းများစွာ၏ စုစည်းမှုတစ်ခု ဖြစ်ခြင်းပင်။

ပထမဦးစွာ လင်းနို့ဦးထုပ်သည် ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိသော ဓာတုဂရပ်ဖိုက်ဖြင့် ပြုလုပ်ထားပြီး ကျည်ကာကြိုးမျှင်များ ဖုံးအုပ်ထားသဖြင့် အပေါ့စားလက်နက်ငယ်များ၏ ထိခိုက်မှုကို အခြေခံအားဖြင့် ကာကွယ်ပေးနိုင်လေသည်။ ဦးထုပ်အောက်ခြေရှိ အီလက်ထရွန်နစ်စနစ်ကိုတော့ အစောပိုင်းအခန်းတွင် ဆွေးနွေးခဲ့ပြီးဖြစ်၍ ထပ်မံမဖော်ပြတော့ပါ။

ဒုတိယအနေဖြင့် ဘတ်မန်းဝတ်စုံသည် ကာဗွန်ကြိုးမျှင်များဖြင့် အားဖြည့်ထားသော မီးဒဏ်ခံနိုင်သော နိုမက်စ်ဖိုင်ဘာဖြင့် ပြုလုပ်ထားသဖြင့် ကျည်ဆန်များနှင့် ဓားသွားများ၏ အန္တရာယ်မှ လုံးဝ ကင်းဝေးစေပြီး ပြင်းထန်လှသည့် ရှေ့တန်းပစ်ခတ်မှုများအပေါ်တွင်လည်း အကန့်အသတ်ရှိသော အကာအကွယ်တချို့ ပေးစွမ်းနိုင်ပေသည်။ အပြင်ဘက်မျက်နှာပြင်ကို နူးညံ့သော သားရေပြားဖြင့် ဖုံးအုပ်ထားသဖြင့် အကာအကွယ်စွမ်းအားနှင့် မြင့်မားသည့် သက်တောင့်သက်သာရှိမှုကိုပါ ပေးစွမ်းနိုင်ခြင်း ဖြစ်သည်။ ဤချပ်ဝတ်တွင် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးသည့် စနစ်လည်း ပါဝင်ပေသည်။

(၁) တိုက်ပွဲအတွင်း၌ ကြွက်သားများ အေးခဲမသွားခြင်း ( သွေးအေးချပ်ဝတ်တွင် တူညီသောလုပ်ဆောင်ချက်ရှိသော်ငြား ထိုအားနည်းချက်ရှိ) ။

(၂) လင်းနို့လက်မောင်းကာနှင့် လက်အိတ်များကိုလည်း ချပ်ဝတ်နှင့် တူညီသော ကုန်ကြမ်းပစ္စည်းဖြင့် ပြုလုပ်ထားပြီး လက်ဖျံများတွင် အပြင်သို့ ထုတ်လွှတ်နိုင်သော ဓားသွားများနှင့် အဝေးထိန်းယာဉ်များနှင့် ဦးထုပ်လုပ်ဆောင်ချက်အချို့အတွက် ခလုတ်များ ပါဝင်သည်။ လက်အိတ်များတွင် အလွန်ပြင်းထန်သော စုပ်အားပါရှိသဖြင့် ဝတ်ဆင်သူအား အဆောက်အအုံများပေါ်သို့ လွယ်ကူစွာ တွားတက်နိုင်ပြီး လှုပ်ရှားနိုင်အောင် ကူညီပေးသည်။

(၃) လင်းနို့ခြေထောက်ကာနှင့် ဖိနပ်များ တွင်လည်း အားဖြည့်ထားသော မီးခံဒူးကာများနှင့် ဖိနပ်များ၊ ကာကွယ်မှုစွမ်းအားရှိသော ပေါင်ခြံကာများနှင့် ဖိနပ်အောက်ခြေတွင် အာထရာဆိုးနစ် လှိုင်းထုတ်လွှတ်ကိရိယာများ ပါဝင်ပြီး ၎င်းတို့က ရေခဲလျှောစီးဓားပြားများကိုလည်း အပြင်သို့ ထုတ်လွှတ်ပေးနိုင်သည်။

ဤပစ္စည်းကိရိယာလေးခုထဲတွင် ဘတ်မန်းချပ်ဝတ်သည် ပြည့်စုံအဆင့် အရည်အသွေးရှိပြီး အခြားသုံးခုမှာမူ ထူးကဲအဆင့် အရည်အသွေး ရှိကြပေသည်။ ဤလေးခုစလုံးကို ဝတ်ဆင်လိုက်ချိန်တွင်မူ ၎င်းတို့အား “တစ်ခုတည်း” အဖြစ် သတ်မှတ်လိုက်ပြီး ဒဏ္ဍာရီလာအဆင့် အရည်အသွေးရှိသော ပစ္စည်းကိရိယာတစ်ခု ဖြစ်လာရတော့သည်။

အမည် - ဘက်မန်းဝတ်စုံ

အမျိုးအစား - ချပ်ဝတ်

အရည်အသွေး - ဒဏ္ဍာရီလာ

ကာကွယ်မှုစွမ်းအား - အလွန်မြင့်

ဂုဏ်သတ္တိများ - အလင်းယိုင်ခြင်း၊ သီးခြားခွဲထုတ်ခြင်း၊ တုန်ခါမှုလျှော့ချခြင်း

အထူးအာနိသင် - သီးခြားအစိတ်အပိုင်း လေးခုစလုံး၏ စွမ်းဆောင်ရည်အားလုံးကို ဆက်ခံပြီး အသုံးပြုသူ၏ အထူးပြုကျွမ်းကျင်မှုအားလုံးကို အဆင့်တစ်ခုစီ တိုးမြင့်စေသည်

ကိရိယာဝတ်ဆင်ရန် လိုအပ်ချက် - အမျိုးသား၊ သင့်တော်သော ကိုယ်ခန္ဓာ တည်ဆောက်ပုံ

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရ

မှတ်ချက် - I’m Batman

မှန်ပေသည် ဘက်မန်းခါးပတ်၊ ဝတ်ရုံ၊ မြှားတို့ချိတ်နှင့် အသေးစားမိုင်းများ စသည်တို့ကမူ ဆက်စပ်ပစ္စည်းများ သို့မဟုတ် တစ်ခါသုံးပစ္စည်းများသာ ဖြစ်သဖြင့် ဤဝတ်စုံအစုံလိုက်ထဲတွင် ပါဝင်ခြင်း မရှိပါချေ။

ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ မူလတိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်မှာ အဆင့် B ဖြစ်သော်လည်း ဤဘက်မန်းဝတ်စုံကို ဝတ်ဆင်ပြီးနောက်တွင်မူ ကြောက်မက်ဖွယ်ကောင်းလှသော အဆင့် A သို့ ရောက်ရှိသွားခဲ့ရချေပြီ။ အစောပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း ဂိမ်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အဆင့် A ကျွမ်းကျင်မှုဆိုသည်မှာ ဤအမျိုးအစား၏ စကေးများကို အလိုအလျောက် သင်ယူနိုင်မည့် အခွင့်အရေးရှိပြီး ဤအဆင့်သို့ ရောက်ရှိလျှင် ဤအမျိုးအစား၏ စကေးများကို အသက်သွင်းနိုင်မည့် အောင်မြင်မှုနှုန်းမှာ ၁၀၀ ရာခိုင်နှုန်း ဖြစ်ပေသည်။

သို့သော်လည်း ဖုန်းပုကြွယ်ကမူ သျှီဝနှင့် တိုက်ခိုက်နေစဉ်အတွင်း သူ၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှုကို အဆင့် C သို့ တိုးမြင့်စေခဲ့ရုံသာ ရှိသေးသည်။ အကယ်၍ သူ့တွင် စိတ်ဝိညာဉ်ရည်ရွယ်ချက်၏ အကူအညီသာ မရှိခဲ့ပါက သူသည် ယခုအချိန်တွင် ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ လက်ချက်ဖြင့် သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။

“ငါလည်း နည်းလမ်းတစ်ခုကို တွေးနေတာပါ…”

ဖုန်းပုကြွယ်၏ လေသံမှာ အတော်လေး တည်ငြိမ်နေဆဲဖြစ်ပြီး မျက်နှာအမူအရာတွင်လည်း ဘာကြောက်ရွံ့မှုမှမရှိဘဲ မျက်လုံးများကို မှေးစင်းလျက် အသက်မပါသလို အားအင်ချည်းနှဲ့နေသည့် ပုံစံမျိုးသာ ပြုလုပ်ထား၏။

သို့သော်လည်း အစ်ကိုကြွယ်၏ ဦးနှောက်ကမူ အလွန်မြင့်မားသော အရှိန်ဖြင့် အဆက်မပြတ်အလုပ်လုပ်နေပြီး တန်ပြန်ဗျူဟာများကို ဆက်တိုက်တွေးတောနေဆဲ ဖြစ်သည်။

‘သေမင်းဖဲချပ်ကလွဲလို့ ငါ့ရဲ့ လက်ရှိလက်နက်တွေထဲမှာ… မာရီယိုရဲ့ဂွနဲ့ ခေါက်ကုလားထိုင်ကိုတော့ အနီးကပ်လက်နက်အဖြစ် သုံးလို့ရသေးပေမဲ့ ထိရောက်မှုကတော့ သိပ်ကောင်းမှာမဟုတ်ဘူး၊ ပြိုင်ဘက်က ငြိမ်ငြိမ်လေးမတ်တတ်ရပ်ပြီး အပစ်ခံမယ်ဆိုရင်တော့ မစ္စမောက်ဇီရဲ့ ဒေါသနဲ့ အေးခဲသေနတ်ကတော့ လုံးဝသက်ရောက်မှု မရှိသလောက်ပဲ၊ သူ့ဦးထုပ်က ငါ့မျက်နှာဖုံးထက် အများကြီး ပိုအဆင့်မြင့်တယ်၊ ဓာတ်ငွေ့ကာမျက်နှာဖုံးက အဆိပ်ကလည်း အားကိုးလို့ မရနိုင်ဘူး…’

‘အင်း… အခုအချိန်မှာ သူ့အကာအကွယ်ကို ဖောက်ထွက်နိုင်မယ့် အရာဆိုလို့ ဆွဲငင်အားဆန့်ကျင်လက်နက်နဲ့ Mark II လက်ပစ်ဗုံးနှစ်လုံးပဲ ရှိတော့တယ်၊ အစောပိုင်းပစ္စည်းကို သုံးဖို့အတွက်လည်း သင့်တော်တဲ့ အခွင့်အရေး မရှိသေးဘူး၊ ပြီးတော့ နောက်ထပ်ပစ္စည်းကလည်း… သူ့ကို လိုလိုလားလားနဲ့ အထိခံခိုင်းဖို့ဆိုတာက ပြောသလောက် မလွယ်ကူပါဘူး’

‘ဒီဘက်မန်းချပ်ဝတ်က တကယ့်ကို ဖောက်ထွက်ဖို့ မလွယ်ဘူးပဲ… တကယ်လို့ ပြိုင်ဘက်က သာမန်ကစားသမားတစ်ယောက်ဆိုရင် ငါ့မှာ အခွင့်အရေး ရှိနိုင်သေးတယ်၊ ဒါပေမဲ့ ဒီကောင်က အနီးကပ်တိုက်ခိုက်မှုပိုင်းမှာ အရမ်းကျွမ်းကျင်လွန်းနေတာဆိုတော့…’

ထိုသို့ တွေးတောရင်း ဖုန်းပုကြွယ်သည် ကောင်းကင်ထက်ရှိ ရဟတ်ယာဉ်နှစ်စင်းကို လှမ်းကြည့်လိုက်ပြီး ရေရွတ်လိုက်မိသည်။

“ကျစ်… အသုံးမကျတဲ့ကောင်တွေ၊ စွမ်းအားပြင်းစက်သေနတ်ကြီးတွေတောင် ယူမလာကြဘဲ ဒီနေရာကို ဘာလာလုပ်ကြလဲမသိဘူး”

ရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်များကို အသုံးချမည့် အစီအစဉ်ကိုတော့ သူ စွန့်လွှတ်လိုက်ရတော့သည်။

ဝှစ်ခနဲ မြည်သံနှင့်အတူ လင်းနို့မြှားတိုတစ်ခု ပစ်ခတ်လာသဖြင့် ဖုန်းပုကြွယ်၏ အတွေးစများ ပြတ်တောက်သွားရသည်။

သို့သော်လည်း သူ မလှုပ်ရှားချေ… သူသည် ဘာရှောင်တိမ်းမှုမျိုးမှ မပြုလုပ်ခဲ့ချေ။

ထိုလင်းနို့မြှားတိုသည် မျဉ်းကွေးပုံစံအတိုင်း ပျံသန်းလာပြီး အပြင်ဘက်သို့ လမ်းကြောင်းလွဲသွားကာ အဆုံးသတ်တွင် ထိုတောင်ပံက ဖုန်းပုကြွယ်၏ လည်ပင်းကို အနည်းငယ်မျှသာ ပွတ်တိုက်သွားခဲ့ပြီး သူ့အား ဘာထိခိုက်မှုမှ မရရှိစေခဲ့ချေ။

“အိုး ဒါက ဘာသဘောလဲ”

ဖုန်းပုကြွယ်က နောက်လှည့်၍ အတည်ပြုလိုက်သည်။

“ဒါက နောက်ပြန်လှည့်လာဦးမှာမို့လို့လား”

“ငါက မင်း အဲဒါကို ရှောင်နိုင်မရှောင်နိုင် စမ်းသပ်ကြည့်တာပါ”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက ဆို၏။

ဖုန်းပုကြွယ် ချက်ချင်းပင် သဘောပေါက်သွားရသည်။

“အိုး… ငါ နားလည်ပြီ၊ မင်းက ထိတော့မလိုလို ထင်ရပေမဲ့ အမှန်တော့ လွဲသွားမယ့် လက်နက်တစ်ခုကို တမင်ပစ်လိုက်ပြီး ငါ့ရဲ့ ကြိုတင်ခန့်မှန်းနိုင်စွမ်းကို စမ်းသပ်လိုက်တာပေါ့လေ”

“အတိအကျပဲ”

ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ မျက်လုံးများထဲတွင် သံသယအရိပ်အယောင်တစ်ခု ပြသလာသည်။

“မင်းရဲ့ ကြိုတင်ခန့်မှန်းနိုင်စွမ်းက အရမ်းကောင်းလွန်းနေလို့ ငါ့အတွက်တော့ အတော်လေး စဉ်းစားရခက်စေတယ်… ဒါက အနာဂတ်ကို ကြိုတင်မြင်နိုင်တဲ့ စွမ်းရည်မျိုးလား”

သူ ခဏရပ်လိုက်ပြီး ထိုအတွေးကို ချက်ချင်း ပယ်ဖျက်ပစ်လိုက်သည်။

“မဟုတ်ဘူး၊ ဒီစွမ်းရည်မျိုးက လက်တွေ့ကမ္ဘာမှာပဲဖြစ်ဖြစ်၊ ပုံရိပ်ယောင်ကမ္ဘာမှာပဲဖြစ်ဖြစ် မဖြစ်နိုင်ဘူး”

သူသည် သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး လေးနက်လှသောလေသံဖြင့် ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းက တိုက်ခိုက်မှုအမျိုးမျိုးကို အတိအကျ ဆုံးဖြတ်နိုင်ပြီး ဘာအမှားအယွင်းမှမရှိသလောက် တုံ့ပြန်နိုင်တာက… အဲဒါက တကယ်ပဲ ဘယ်လိုအရာမျိုးလဲ…”

All Chapters