အခန်း ၂၄၃
Vol. 17 Ch. 243
အခန်း ၂၄၃ - နတ်ဆိုးတစ္ဆေဘုရင်
ရှေးဟောင်းပန်းချီကားလိပ်ကို သိမ်းဆည်းလိုက်ပြီးနောက် ရီယွင်သည် အနည်းငယ် လှုပ်ရှားလိုက်ပြီး ရထားလုံးအတွင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
သူသည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ထားလိုက်ရာ သူ၏ မျက်တောင်များမှာ သိမ်မွေ့စွာ တုန်ယင်နေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက သူ့ကို မမှတ်မိတော့သော ရင်းနှီးကျွမ်းဝင်သူ တစ်ဦးနှင့် ဆုံတွေ့လိုက်ရသဖြင့် ရီယွင်၏ စိတ်ခံစားချက်များမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
၎င်းသည် သူ၏ ခိုင်မာသော တာအိုနှလုံးသားကို မထိခိုက်စေသော်လည်း ဤအရာက သူ့ကို အနည်းငယ် လွမ်းဆွေးမှုများ ကျန်ရစ်နေစေခဲ့သည်။
ခန်းမဆောင်အတွင်းရှိ လူတိုင်းမှာ အတော်လေး တိတ်ဆိတ်ငြိမ်သက်နေသော အခြေအနေတွင် ကျန်ရစ်နေခဲ့ကြသည်။
ရီယွင်က ကြောင်ဖြူလေး၏ ဖခင်ကို နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်ပြီး သူ၏ စိတ်ထဲမှ မှတ်ဉာဏ်များ အားလုံးကို ချက်ချင်းပင် ဆွဲထုတ်လိုက်တော့သည်။
ဤရှေးဟောင်းပန်းချီကား၏ ဇာစ်မြစ်ကို နားလည်နိုင်ရန်အတွက် ရီယွင်သည် ဤမှတ်ဉာဏ်များကို ဆွဲထုတ်လိုက်ခြင်း ဖြစ်သည်။
ရေစီးကြောင်းအလား စီးဆင်းနေသော မှတ်ဉာဏ်များကို စောင့်ကြည့်ပြီးနောက် ရီယွင်၏ မျက်နှာမှာ ပိုမို၍ မှောင်မိုက်သွားခဲ့သည်။
သူက တိုးညင်းစွာ ရေရွတ်လိုက်၏။
"ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုရဲ့ ဘိုးဘေးက ယွင်ရှောင်လေး နောက်ပိုင်းနှစ်တွေမှာ မွေးမြူခဲ့တဲ့ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ပါလား... ဒါကြောင့်မလို့ သူမ ထွက်မသွားခင်လေးမှာ သူတို့ကို နှစ်ပေါင်းတစ်သောင်းလောက် အကာအကွယ်ပေးဖို့ ရှေးဟောင်းပန်းချီကား တစ်ချပ် ချန်ထားခဲ့တာကိုး..."
ဤအချိန်တွင် ရီယွင်သည် ရှေးဟောင်းပန်းချီကားကို နောက်တစ်ကြိမ် ထုတ်ယူလိုက်ပြီး ဖြည်းညင်းစွာ ဖြန့်ချလိုက်ကာ ၎င်းပေါ်ရှိ စိမ်းပြာရောင်ဝတ်စုံနှင့် အမျိုးသမီးကို သေချာစွာ စူးစမ်းကြည့်ရှုလိုက်သည်။
ရွှေရောင်ဝတ်စုံနှင့် လူအိုကြီး၏ စိတ်ထဲမှ မှတ်ဉာဏ်များအရ လွန်ခဲ့သော နှစ်ပေါင်း ကိုးသောင်းကျော်က ယွင်ရှောင်သည် ထာဝရနယ်ပယ် မဟာမိစ္ဆာကြီး တစ်ယောက် ဖြစ်လာပြီးနောက် သူမသည် ခံစားချက်ကင်းမဲ့ခြင်း အထွတ်အထိပ်ကျင့်စဉ်ကို စတင်ကျင့်ကြံခဲ့သည်။
ဤထူးခြားသော နတ်စွမ်းရည်ကို ကျင့်ကြံခြင်းဖြင့် သူမသည် ထာဝရနယ်ပယ်၏ အဆင့် ၁၀ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီး အလွန်တရာ ရှားပါးကာ အစွမ်းထက်လှသော မိစ္ဆာတစ်ယောက် ဖြစ်လာခဲ့သည်။
ဤမျှအထိ မြင့်မားသော ကျင့်ကြံမှုနယ်ပယ်မျိုးမှာ လူသားမျိုးနွယ်စုဝင်များကြားတွင်ပင် ရှားပါးလှပေသည်။
ထို့ကြောင့် ထိုအချိန်က ယွင်ရှောင်သည် ချန်းနန်ကုန်းမြေကြီးပေါ်ရှိ မိစ္ဆာမျိုးနွယ်စု၏ ဦးဆောင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပြီး သူတို့၏ ဝိညာဉ်ရေးရာ ခေါင်းဆောင်တစ်ဦးအဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။
ရီယွင် အံ့အားသင့်သွားခဲ့ရသည်မှာ ယွင်ရှောင်သည် နောက်ပိုင်းတွင် အကြင်နာကင်းမဲ့ နန်းတော်ကို တည်ထောင်ခဲ့ပြီး နောက်လိုက်များနှင့် တပည့်များစွာကို စုဆောင်းခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ထဲတွင် မိစ္ဆာမျိုးနွယ်စုဝင်များရော လူသားမျိုးနွယ်စုဝင်များပါ ပါဝင်ကြသည်။
အကြင်နာကင်းမဲ့ နန်းတော်မှ လူများအားလုံးသည် ခံစားချက်ကင်းမဲ့ခြင်း အထွတ်အထိပ်ကျင့်စဉ်ကို ကျင့်ကြံကြပြီး သူတို့အားလုံးမှာ အေးစက်၍ အကြင်နာကင်းမဲ့ကြကာ သတ်ဖြတ်ရာတွင် ပြတ်သားမှုကြောင့် နာမည်ကြီးကြသည်။
ချန်းနန်ကုန်းမြေကြီး တစ်ခွင်တွင် သူတို့၏ နာမည်မှာ ကျော်ကြားခဲ့ပြီး သူတို့၏ စွမ်းအားမှာ ကမ္ဘာကြီးကိုပင် တုန်လှုပ်စေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ခုနစ်သောင်းက ချန်းနန်ကုန်းမြေကြီးပေါ်ရှိ လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုတို့ကြားက ပဋိပက္ခမှာ တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး မဟာစစ်ပွဲကြီး တစ်ခုအထိ ဖြစ်ပွားလာခဲ့သည်။
စစ်ပွဲစတင်ချိန်တွင် ခံစားချက်ကင်းမဲ့ခြင်း အထွတ်အထိပ်ကျင့်စဉ်ကို ကျင့်ကြံထားသော ယွင်ရှောင်သည် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ချေ။ သို့သော်လည်း မိစ္ဆာမျိုးနွယ်စုမှာ ရှင်သန်ရပ်တည်ရေးအတွက် အကျပ်အတည်းနှင့် ရင်ဆိုင်လာရချိန်တွင်မူ ယွင်ရှောင်သည် မလွှဲမရှောင်သာ လှုပ်ရှားခဲ့ရတော့သည်။
သူမသည် ထာဝရနယ်ပယ်၏ အဆင့် ၁၀ ထိပ်ဆုံးသို့ ရောက်ရှိနေသော လူသားမျိုးနွယ်စု၏ အစွမ်းထက် ကျင့်ကြံသူများကို တွန်းလှန်တိုက်ခိုက်ခဲ့ပြီး မိစ္ဆာမျိုးနွယ်စု ရှင်သန်နိုင်ရေးအတွက် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုကို ဖန်တီးပေးနိုင်ခဲ့သည်။
ထိုအချိန်မှစ၍ သူမကို မိစ္ဆာမျိုးနွယ်ဝင်တိုင်းက အမှတ်ရနေခဲ့ကြပြီး မိစ္ဆာတစ်သောင်း၏ ဘိုးဘေးအဖြစ်လည်း ချီးကျူးဂုဏ်ပြုခံခဲ့ရသည်။
အကြင်နာကင်းမဲ့ နန်းတော်သည်လည်း မိစ္ဆာမျိုးနွယ်စုအတွက် အထွတ်အမြတ် နေရာတစ်ခု ဖြစ်လာခဲ့သည်။
ဤ အတိတ်က အဖြစ်အပျက်များကို မြင်တွေ့ရသည့်အခါ ရီယွင်မှာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ ယွင်ရှောင်သည် ခံစားချက်ကင်းမဲ့ခြင်း အထွတ်အထိပ်ကျင့်စဉ်ကို အဘယ်ကြောင့် ရွေးချယ်ကျင့်ကြံခဲ့ရသနည်းဆိုသည်ကို သူ ဝေဝေဝါးဝါး ခန့်မှန်းမိလိုက်သည်။
ထိုအချိန်က ရီယွင် ကျဆုံးသွားခဲ့ခြင်းမှာ ယွင်ရှောင်အတွက် ကြီးမားလှသော ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်ခဲ့ရသည်။
စိတ်ပျက်အားငယ်စွာဖြင့် သူမသည် ခံစားချက်ကင်းမဲ့ခြင်း အထွတ်အထိပ်ကျင့်စဉ်ကို စတင်ကျင့်ကြံခဲ့ပြီး ဤနတ်စွမ်းရည်က သူမ၏ နှလုံးသားထဲမှ နာကျင်မှုများကို မေ့ပျောက်သွားစေရန် ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ရီယွင်က သက်ပြင်းချလိုက်မိ၏။
နှစ်ပေါင်းတစ်သိန်းတောင် ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ဤသည်မှာ ကြီးမားလှသော ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်သည့် အချိန်ကာလတစ်ခုဖြစ်ပြီး လူတွေလည်း ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သည်။ ယွင်ရှောင်မှာလည်း အချိန်ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထာဝရနယ်ပယ် မိစ္ဆာတစ်ကောင်သည် အလွန်တရာ ရှည်လျားလှသော သက်တမ်းတစ်ခုကို ပိုင်ဆိုင်ထားသော်လည်း သူတို့အနေဖြင့် နှစ်ပေါင်းတစ်သိန်းတိုင်တိုင် အသက်ရှင်နေထိုင်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
သူသည် ပန်းချီကားထဲမှ အမျိုးသမီးကို တိတ်ဆိတ်စွာ ကြည့်နေမိပြီး သူ၏ အမြင်အာရုံများမှာ ခေတ္တမျှ ဝေဝါးသွားခဲ့ကာ အချိန်ကာလများသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
...
ခန်းမဆောင်အတွင်း၌။
ရုတ်တရက် လူတိုင်း၏ စိတ်နှလုံးများမှာ လန်းဆန်းလာခဲ့ပြီး သူတို့၏ တိတ်ဆိတ်ငြိမ်သက်နေသော အခြေအနေမှ နိုးထလာကြတော့သည်။
"ခုနက ဘာတွေဖြစ်သွားတာလဲ..."
မြင်းနက်ကြီးက ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း အတော်လေး နားမလည်နိုင်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
အစွမ်းထက်သွေးနဂါးမိစ္ဆာမှာလည်း အလားတူပင် ဖြစ်ပေသည်။
သို့သော်လည်း ဟင်းလင်းပြင်အလယ်မှ ကြောက်မက်ဖွယ်ကောင်းသော စိမ်းပြာရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ရှေးဟောင်းပန်းချီကားနှင့်အတူ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အခါ သူ သတိပြန်ဝင်လာခဲ့သည်။
အစွမ်းထက်သွေးနဂါးမိစ္ဆာမှာ ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။ ဤသည်မှာ သေချာပေါက် သခင်ကြီး လှုပ်ရှားလိုက်ခြင်းပင် ဖြစ်ရမည်။ သူတို့သည် စိမ်းပြာရောင်ဝတ်စုံနှင့် အမျိုးသမီးကို မယှဉ်နိုင်ကြောင်း သခင်ကြီး မြင်တွေ့လိုက်ရသည့်အခါ သူတို့ကို ကယ်တင်ပေးရန်အတွက် တိုက်ရိုက် ဝင်ရောက်စွက်ဖက်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
"ဟူး..."
အစွမ်းထက်သွေးနဂါးမိစ္ဆာက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး သေဘေးမှ သီသီလေး လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မြင်းနက်ကြီးသည်လည်း ဤအခိုက်အတန့်တွင် အခြေအနေကို နားလည်သွားခဲ့ပြီး အရေးကြီးသော အချိန်တွင် ဝင်ရောက်စွက်ဖက်လိုက်သူမှာ သခင်ကြီး ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
"ငါတို့ရဲ့ အထွတ်အမြတ် မိစ္ဆာဘိုးဘေးက ဘယ်ရောက်သွားတာလဲ..."
ဤအချိန်တွင် ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးသည်လည်း သတိပြန်ဝင်လာခဲ့သည်။ ခန်းမဆောင်ကြီး၏ အထက်ရှိ ဟာလာဟင်းလင်း ဖြစ်နေသော နေရာကို ကြည့်ရင်း သူ မနေနိုင်ဘဲ အတွင်းစိတ်၌ ဟိန်းဟောက်လိုက်မိသည်။
ထာဝရနယ်ပယ် မဟာမိစ္ဆာကြီး နှစ်ယောက်ကို ဖိနှိပ်နိုင်ရန် အောင်မြင်ခါနီးအချိန်လေးတွင် သူသည် ရုတ်တရက် အသိလွတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး မိစ္ဆာဘိုးဘေး၏ ပုံရိပ်ယောင် စိတ်ဆန္ဒရော ရှေးဟောင်းပန်းချီကားပါ ပျောက်ကွယ်သွားခဲ့ရသည် မဟုတ်ပါလား။
အမှန်တကယ် ဘာတွေများ ဖြစ်ပျက်သွားခဲ့သနည်း။
ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးမှာ သူ၏ခေါင်းကို နံရံနှင့်သာ ဆောင့်ပစ်လိုက်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
ဤရှေးဟောင်းပန်းချီကားမှာ နှစ်သောင်းပေါင်းများစွာ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး မျိုးဆက်အဆက်ဆက်သော မျိုးနွယ်စုခေါင်းဆောင်ကြီးများက တစ်ခါမျှ အသုံးမပြုခဲ့ကြချေ။
ယနေ့တွင် သူသည် အကျဉ်းအကြပ်တစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့သဖြင့် ဤရှေးဟောင်းပန်းချီကားကို အသုံးပြုရန် နောက်ဆုံး၌ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း သူသည် ဤရှေးဟောင်းပန်းချီကားကို အမှန်တကယ် ဆုံးရှုံးသွားလိမ့်မည်ဟု တစ်ခါမျှ မထင်ထားခဲ့ချေ။
သူသည် ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စု သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး အပြစ်ကျူးလွန်သူ ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။
ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးက ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ မိုးပေါက်များအလား စီးကျလာခဲ့ပြီး သူ၏ နှလုံးသားမှာ ကြီးမားလှသော အပြစ်ရှိစိတ်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သူမ၏ ဖခင်မှာ ဤမျှအထိ ဝမ်းနည်းကြေကွဲနေသည်ကို မြင်လိုက်ရသည့်အခါ ကြောင်ဖြူလေးမှာ သူ့ကို မည်သို့ ဖြေသိမ့်ပေးရမည်ကိုပင် မသိတော့ချေ။
"အဖေ... ဝမ်းနည်းမနေပါနဲ့... ဒါတွေ အားလုံးက ကံတရားကြောင့် ဖြစ်နိုင်ပါတယ်..."
ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးက သူမ၏ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော ဖခင်ဖြစ်သူကို သွားရောက်ထူမပေးလိုက်သည်။ ထိုအခိုက်အတန့်အတွင်းမှာပင် သူမ၏ ဖခင်မှာ အလွန်တရာ အိုမင်းသွားသကဲ့သို့ သူမ သတိပြုမိလိုက်သည်။
သူမ၏ ဖခင်မှာ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ ကြောင်ဖြူလေးမှာ သူမ၏ မျက်ရည်များကို မထိန်းချုပ်နိုင်တော့ချေ။
သူမ အိမ်ပြန်ရောက်ပြီးနောက် ဤမျှအထိ ပြဿနာများစွာ ဖြစ်ပေါ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူတို့ ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စု၏ အကြီးမားဆုံး အမွေအနှစ်ကြီးမှာ သူမ၏ ဖခင်လက်ထက်တွင် အမှန်တကယ် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူမ၏ ဖခင် ခံစားနေရမည့် ခံစားချက်များကို ကြောင်ဖြူလေးက ကောင်းစွာ မှန်းဆနိုင်ပေသည်။
ကြောင်နက်ကြီးက မတ်တတ်ရပ်လိုက်သည်။ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သော အဖြစ်အပျက်များကို ပြန်လည်စဉ်းစားမိလိုက်သည့်အခါ သူ ချက်ချင်းပင် သဘောပေါက်သွားခဲ့ပြီး သူ၏ အတွေးများကို ကြောင်ဖြူလေးထံသို့ အသံပို့လွှတ်သည့် နည်းလမ်းဖြင့် ဆက်သွယ်ပြောဆိုလိုက်၏။
‘ဒါက သခင်ကြီး လှုပ်ရှားလိုက်တာပဲ ဖြစ်ရမယ်...’
ကြောင်ဖြူလေးမှာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ ဒါဆိုရင် လှုပ်ရှားလိုက်တာက သခင်ကြီးပေါ့။ ဤသို့ဆိုလျှင် ရှေးဟောင်းပန်းချီကားမှာ သေချာပေါက် သူ၏ လက်ထဲတွင် ရှိနေပေလိမ့်မည်။
သူမက သခင်ကြီးကို ရှာဖွေပြီး ရှေးဟောင်းပန်းချီကားကို ပြန်တောင်းရန် ဆုံးဖြတ်လိုက်သည်။ ဤနည်းဖြင့် သူမ၏ ဖခင်မှာ သူ့ကိုယ်သူ အလွန်အမင်း အပြစ်တင်နေစရာ မလိုတော့ပေ။
သူမ ဧည့်ခန်းမဆောင်ကြီး အတွင်းမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် မိုးခြိမ်းသံအလား ကျယ်လောင်သောအသံကြီး တစ်ခုက အထက်ဘက်မှနေ၍ ပဲ့တင်ထွက်လာခဲ့သည်။
"ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုရဲ့ အဘိုးကြီး... အပြင်ထွက်လာပြီး အသေခံစမ်း..."
ထိုအသံမှာ အလွန်ပင် ကျယ်လောင်ပြီး အလွန်တရာ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိသဖြင့် ဧည့်ခန်းမဆောင်ကြီး တစ်ခုလုံးမှာ တုန်ခါသွားခဲ့ရသည်။
ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးမှာ လန့်ဖျပ်သွားခဲ့ပြီး ထိုအသံကို ချက်ချင်းပင် မှတ်မိသွားခဲ့သည်။
ဝင်းခနဲ ဖြစ်သွားပြီးနောက် သူသည် ဧည့်ခန်းမဆောင်ကြီး၏ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။
ဧည့်ခန်းမဆောင်ကြီး၏ ရှေ့ရှိ ကွင်းပြင်ပေါ်တွင် ရပ်နေလျက် သူက ဟင်းလင်းပြင်ပေါ်သို့ မော့ကြည့်လိုက်ရာ ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ဤပုံရိပ်မှာ ဧရာမကြီးမားလှပြီး သိပ်သည်းလှသော တစ္ဆေချီများက လွှမ်းခြုံထားသဖြင့် ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းကာ အလွန်တရာ ကျောချမ်းဖွယ် ကောင်းလှပေသည်။
ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"နတ်ဆိုးတစ္ဆေဘုရင်... လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက မင်းငါ့ကို ရှုံးခဲ့ပြီးပြီပဲ... ဒီတစ်ခါရော အသေခံဖို့ ထပ်ရောက်လာပြန်တာလား..."
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ သူတို့၏ ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုနှင့် နက်ရှိုင်းသော ရန်ငြိုးရှိနေသည့် ကောင်းကင်လမင်းမင်းဆက်ရှိ တစ္ဆေဘုရင်ဂိုဏ်းမှ နတ်ဆိုးတစ္ဆေဘုရင်ပင် ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက နတ်ဆိုးတစ္ဆေဘုရင်သည် ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုကို တိုက်ခိုက်ရန်အတွက် သူ၏ တပည့်များကို ဦးဆောင်လာခဲ့သော်လည်း ရွှေရောင်ဝတ်စုံနှင့် လူအိုကြီး၏ တွန်းလှန်ခြင်းကို ခံခဲ့ရသည်။
ဤသူမှာ နှစ်ပေါင်းတစ်ထောင် ကြာပြီးနောက် ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
နတ်ဆိုးတစ္ဆေဘုရင်က သူ၏ လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် လှံရှည်ကြီးတစ်လက် ချက်ချင်းပင် ပေါ်ထွက်လာခဲ့သည်။ ထိုလှံရှည်ကြီးမှာ တစ္ဆေချီများဖြင့် ရစ်ပတ်နေပြီး နက်ရှိုင်းသောငိုကြွေးသံများကို ထုတ်လွှတ်နေခဲ့ရာ ရေတွက်၍မရနိုင်သော သတ္တဝါများ၏ ညှဉ်းပန်းနှိပ်စက်ခံထားရသော ဝိညာဉ်များက ထိုလှံရှည်ကြီးအတွင်း၌ အော်ဟစ်နေကြသကဲ့သို့ ဖြစ်နေသည်။
"ဒီတစ်ကြိမ်မှာတော့ ငါ တစ္ဆေဘုရင်က မဟာနတ်စွမ်းရည် တစ်ခုကို ကျင့်ကြံထားခဲ့ပြီးပြီမလို့... မင်းနဲ့ သေချာပေါက် တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်..."
ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးက ခေါင်းလှည့်ကာ အော်ဟစ်လိုက်သည်။
"ကြောင်ဖြူလေး... ငါ့ကို ကောင်းကင်ဝိညာဉ်မှန် ပြစမ်း..."
ကြောင်ဖြူလေးက အလျင်အမြန် ပြေးထွက်လာခဲ့သည်။ သူမ၏ ဖခင်ဖြစ်သူ၏ အော်ခေါ်သံကို ကြားလိုက်ရသည့်အခါ သူမသည် ကောင်းကင်ဝိညာဉ်မှန်ကို ချက်ချင်းပင် ပစ်ပေးလိုက်တော့သည်။
နတ်ဆိုးတစ္ဆေဘုရင်က ဤသည်ကို မြင်လိုက်ရသည့်အခါ သူ၏ မျက်ဝန်းများအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အလင်းတန်းတစ်ခု ဝင်းခနဲ ဖြတ်သန်းသွားခဲ့သည်။
"အဟား... ကောင်းကင်ဝိညာဉ်မှန်က မင်းလက်ထဲမှာ ရှိမနေဘူးကိုး..."
သူသည် အနက်ရောင် လှံရှည်ကြီးကို ကိုင်ဆောင်လျက် ဟင်းလင်းပြင်အလယ်မှနေ၍ အောက်ဘက်သို့ ထိုးဆင်းလာပြီး ရက်စက်ကြမ်းကြုတ်စွာဖြင့် ထိုးခုတ်လိုက်တော့သည်။
သူ၏ လှံရှည်ကြီးမှာ ရွှေရောင်ဝတ်စုံနှင့် လူအိုကြီး၏ ရင်ဘတ်ဆီသို့ တည့်မတ်စွာ ရည်ရွယ်လာခြင်း ဖြစ်သည်။
အသက်အန္တရာယ်နီးကပ်စွာ ဖိအားပေးခံလိုက်ရသဖြင့် ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးမှာ အလျင်အမြန် နောက်ဆုတ်သွားခဲ့ပြီး ကောင်းကင်ဝိညာဉ်မှန်မှာ သူ့အနီးမှ ဝင်းခနဲ ဖြတ်သန်းသွားခဲ့သည်။
နတ်ဆိုးတစ္ဆေဘုရင်က သူ၏ လက်ကြီးဖြင့် ဖမ်းဆုပ်လိုက်ပြီး ကောင်းကင်ဝိညာဉ်မှန်ကို ချက်ချင်းပင် လုယူလိုက်တော့သည်။
နတ်ဆိုးတစ္ဆေဘုရင်က မောက်မာစွာ ရယ်မောလိုက်သည်။
"ဟားဟားဟား... အရူးအိုကြီး... ကောင်းကင်ဝိညာဉ်မှန် မရှိဘဲနဲ့ မင်း ငါ့ကို ဘယ်လို တိုက်ခိုက်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..."
ရွှေရောင်ဝတ်စုံနှင့် လူအိုကြီး၏ ဖြူရော်နေသော မျက်နှာမှာ အလွန်အမင်း တင်းမာသွားခဲ့သည်။
ကောင်းကင်ဝိညာဉ်မှန်မှာ သူတို့ ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စု၏ အထွတ်အမြတ် ရတနာကြီး ဖြစ်ပေသည်။ သူ၏ လက်ထဲတွင် ဤအရာသည် အနှိုင်းမဲ့ စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။
သို့သော် ကောင်းကင်ဝိညာဉ်မှန် မရှိဘဲနှင့် သူသည် သူ့ရှေ့မှ နတ်ဆိုးတစ္ဆေဘုရင်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း စိုးရိမ်နေခဲ့သည်။
အခန်း ၂၄၃ ပြီးပါပြီ။