အခန်း ၂၅၄
Vol. 17 Ch. 254
အခန်း ၂၅၄ - သူတော်စင်မိန်းကလေးကို အစေခံအဖြစ် စုဆောင်းခြင်း
အကြီးအကဲမှာ ကြောင်နက်ကြီး၏ ခြိမ်းခြောက်မှုအောက်တွင် ကျရောက်သွားပြီး စကားမပြောနိုင်ဘဲ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရပ်နေခဲ့သည်။
အခြား အကြီးအကဲတစ်ဦးက သွားကြိတ်လိုက်ပြီး အဖြူရောင်ဝတ်စုံနှင့် လူငယ်၏ဘေးတွင် ရပ်နေဆဲဖြစ်သော သူတော်စင်မိန်းကလေးကို ဒေါသတကြီး ကြည့်ကာ အော်ဟစ်လိုက်၏။
"သူတော်စင်မိန်းကလေး... ဒါတွေအားလုံးက မင်းကြောင့်ပဲ... မင်းသာ မရှိခဲ့ရင်... ဒုတိယဂိုဏ်းချုပ်လျှို အသက်ရှင်နေဦးမှာပဲ..."
"..."
သူတော်စင်မိန်းကလေးမှာ သူမ၏ လက်အောက်မှ ဤအကြီးအကဲများ၏ မေးခွန်းထုတ်မှုများကြောင့် ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။
"ဟွန့်..."
အကြီးအကဲက ရဲတင်းစွာဖြင့် ဆက်ပြောလိုက်သည်။
"ဒီကိစ္စကို ဂိုဏ်းဆီ သတင်းပို့မယ်... မင်းရဲ့ သူတော်စင်မိန်းကလေး နေရာလည်း မြဲတော့မှာ မဟုတ်ဘူး..."
ခေါင်းငုံ့ထားလျက် သူတော်စင်မိန်းကလေးမှာ ဝမ်းနည်းမှုကို ခံစားလိုက်ရပြီး သူမ၏ မျက်တောင်များထက်တွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။
"မှန်တယ်... မင်းက လွမ်ငှက်အထွတ်အမြတ်ဂိုဏ်းရဲ့ သူတော်စင်မိန်းကလေး မဟုတ်တော့ဘူး..."
အခြား အကြီးအကဲများကလည်း တသံတည်း ထွက်ဆိုလိုက်ကြပြီး သူတို့၏ အသံများတွင် ဖြောင့်မတ်သော ဒေါသများ ပြည့်နှက်နေခဲ့သည်။
သူတော်စင်မိန်းကလေးက ခေါင်းကို ပိုမို ငုံ့ချလိုက်ရာ မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။ သူမ၏ ကိုယ်ခန္ဓာမှာ ထိန်းချုပ်မရနိုင်အောင် တုန်ရီနေခဲ့သည်။
အခြေအနေများက ဤမျှလောက် ဆိုးရွားစွာ ပရမ်းပတာဖြစ်သွားလိမ့်မည်ဟု သူမ တစ်ခါမျှ မထင်မှတ်ထားခဲ့ချေ။
သူမ၏ လက်အောက်ငယ်သားများထဲမှ ကံကြမ္မာနယ်ပယ် အဆင့် ၇ ရှိ အကြီးအကဲတစ်ဦး အသတ်ခံလိုက်ရပြီး ဒုတိယဂိုဏ်းချုပ် လျှိုလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဝူခွန်းတောင် မှောင်ခိုဈေးကို တာဝန်ယူရသူ တစ်ဦးအနေဖြင့် သူမတွင် ငြင်းပယ်၍မရသော တာဝန်ရှိပေသည်။ သူမ၏ ဂိုဏ်းမှ အလားအလာရှိသော အခြား အမျိုးသမီး တပည့်များက သူမကို အချိန်မရွေး အစားထိုးနိုင်သည်ကို မဆိုထားနှင့်၊ သူမသည် ဒုတိယဂိုဏ်းချုပ် လျှို နေရာမှာပင် သေဆုံးသွားရမှုအတွက် တာဝန်ခံရခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ဤတစ်ကြိမ်တွင် သူမ၏ သူတော်စင်မိန်းကလေး ရာထူးမှာ မလွဲမသွေ ရုပ်သိမ်းခံရတော့မည် ဖြစ်သည်။
ကိုယ်ခန္ဓာ တုန်ရီနေပြီး မျက်ရည်များ အဆက်မပြတ် ကျဆင်းနေသော လှပသည့် အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးကို ရီယွင်က ကြည့်နေခဲ့သည်။ သူက အမူအရာ ပျက်ယွင်းခြင်းမရှိဘဲ ပြုံးလိုက်သည်။
ရုတ်တရက် သူက သူမ၏ ပခုံးကို ဂရုမစိုက်ဟန်ဖြင့် ပုတ်လိုက်သည်။
"မင်းက သူတော်စင်မိန်းကလေး မဟုတ်တော့ဘူးဆိုရင်ရော ဘာဖြစ်လဲ..."
သူမ၏ ပခုံးပေါ်တွင် သူ၏ နွေးထွေးသော အထိအတွေ့ကို ခံစားလိုက်ရသည့်အခါ မဖော်ပြနိုင်သော နှစ်သိမ့်မှုစွမ်းအား တစ်ခုက သူမ၏ ကိုယ်တွင်းသို့ စီးဆင်းလာခဲ့သည်။
ချစ်စရာကောင်းသော အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးက မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ရီယွင်ကို မော့ကြည့်လိုက်ပြီး ရုတ်တရက် ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။ ရီယွင်၏ စကားတစ်ခွန်းကြောင့် သူမ၏ နာကြည်းမှုများ အားလုံး ပေါက်ကွဲထွက်သွားသည့်အလားပင်။
"အခုကစပြီး ငါ့နောက်ကို လိုက်ခဲ့... ငါလည်း လက်ဖက်ရည်အိုးငှဲ့ပေးမဲ့ အစေခံမလေး တစ်ယောက် လိုအပ်နေတာနဲ့ အတော်ပဲ..."
ရီယွင်က ပြုံးလျက် ဆိုလိုက်သည်။
"သခင်ကြီး... ကျွန်မလည်း လက်ဖက်ရည်အိုး ငှဲ့ပေးလို့ ရပါတယ်..."
ကြောင်ဖြူလေးက ဘေးမှနေ၍ လက်များကို စိုးရိမ်တကြီး ပွတ်သပ်ကာ အလျင်အမြန် ပြောလိုက်သည်။
ရီယွင်က သူမကို လှမ်းကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
"မင်းမှာ ထမ်းဆောင်ရမယ့် တခြား ကိုယ်ပိုင် တာဝန်တွေ ရှိပါတယ်..."
ကြောင်ဖြူလေးက "အို..." ဟု ရေရွတ်လိုက်ပြီးနောက် ခေါင်းငုံ့သွားကာ အနည်းငယ် စိတ်ပျက်သွားဟန် ရှိသည်။
"ဖြောင်း..."
ဤသည်ကို မြင်လိုက်ရသည့်အခါ ကြောင်နက်ကြီးက လျှောက်လာပြီး ကြောင်ဖြူလေး၏ ခေါင်းကို စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် ရိုက်ချလိုက်သည်။ ထိုရိုက်ချက်ကြောင့် ကြောင်ဖြူလေးမှာ မျက်လုံးပြာကျသွားတော့သည်။
"သခင်ကြီးရဲ့ ကိစ္စတွေက မင်းနဲ့ ဘာဆိုင်လို့လဲ... မင်းက သေချင်နေတာပဲ... သခင်ကြီးက မင်းကို ဒီလောက်ကောင်းကောင်း ဆက်ဆံပေးတာတောင်မှ မင်းက မကျေနပ်သေးဘူးလား... အဲ့ဒီအိတ်ကို မသေမျိုးလက်ဖက်ခြောက်နှစ်ဖက်နဲ့အတူ ငါ့ကို ပေးလိုက်တာ ပိုမကောင်းဘူးလား..."
ကြောင်နက်ကြီးက ကုန်းကိုင်းကာ မကျေမနပ် လေသံဖြင့် ပြောလိုက်သည်။
နဂါးဝိညာဉ်ဆေးလုံး အိတ်နှင့် မသေမျိုးလက်ခြောက်နှစ်စ်ဖက်အကြောင်း ကြားလိုက်ရသည့်အခါ ကြောင်ဖြူလေးမှာ တုန်ရီသွားခဲ့သည်။ သူမ၏ မျက်လုံးများမှာ ရုတ်တရက် ရှင်းလင်းသွားပြီး စောစောက စိတ်ပျက်နေမှုများမှ အလျင်အမြန် ပြန်လည်သက်သာလာခဲ့သည်။
'သခင်ကြီးက ငါ့အပေါ် အရမ်းကောင်းလွန်းတာပဲ... ငါ ကျေးဇူးကန်းလို့ မဖြစ်ဘူး...'
"သခင်ကြီး... ကျွန်မ မှားသွားပါတယ်... ကျွန်မကို ခွင့်လွှတ်ပေးပါ..."
ကြောင်ဖြူလေးက ငိုသံပါသော လေသံဖြင့် ပြောလိုက်သည်။
"ထားလိုက်ပါ... ထားလိုက်ပါ... မင်းလို ကြောင်လေး တစ်ကောင်ကို ငါ ဗွေမယူပါဘူး..."
ရီယွင်က ခေါင်းခါယမ်းလိုက်ပြီး ပြုံးလျက် ငြင်းပယ်လိုက်သည်။
သူသည် ပတ်ဝန်းကျင်ရှိ ထိတ်လန့်နေသော ကျင့်ကြံသူများကို ကြည့်လိုက်ရာ ကြယ်များအလား တောက်ပသော သင်္ကေတများက သူ၏ မျက်လုံးများအတွင်း၌ နောက်တစ်ကြိမ် လင်းလက်လာခဲ့သည်။
တစ်ခဏအတွင်းမှာပင် ကျင့်ကြံသူအားလုံး၏ စိတ်များမှာ ခေတ္တမျှ ဗလာဖြစ်သွားခဲ့သည်။
နောက်တစ်ခဏတွင် သူတို့အားလုံးမှာ ဘာဖြစ်သွားသည်ကို မသိရှိဘဲ သူတို့ရှေ့ရှိ မြင်ကွင်းကို မှင်တက်မိစွာဖြင့် စိုက်ကြည့်နေကြတော့သည်။ ရီယွင်သည် ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး၏ မှတ်ဉာဏ်များကို ဖျက်ပစ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း သူသည် လွမ်ငှက်အထွတ်အမြတ်ဂိုဏ်းမှ အကြီးအကဲများ၏ မှတ်ဉာဏ်များကိုမူ ဖျက်ပစ်ခြင်း မပြုခဲ့ချေ။
'ဒီကောင်တွေက ဂိုဏ်းကို သတင်းပို့ဖို့ စိတ်အားထက်သန်နေကြတာ မဟုတ်ဘူးလား...'
သူက သူတို့ကို ခွင့်ပြုပေးမည်ဖြစ်သည်။ သူသည် သူတို့အားလုံးကို တစ်ကြိမ်တည်းဖြင့် ဖမ်းဆီးရန် ဤနေရာတွင်သာ စောင့်ဆိုင်းနေမည်ဖြစ်သည်။
အကြီးအကဲများမှာ စာရွက်တစ်ရွက်အလား ဖြူရော်သွားကြသည်။ အဖြူရောင်ဝတ်စုံနှင့် လူငယ်က သူတို့ကို မည်သို့မျှ အရေးယူခြင်း မရှိသည်ကို မြင်လိုက်ရသည့်အခါ သူတို့က ကိုယ်ကိုလှည့်ကာ ထွက်ပြေးကြတော့သည်။ သူတို့သည် တောင်အောက်သို့ ထွက်ပြေးခြင်း မဟုတ်ဘဲ ဧည့်ခန်းမကြီးဆီသို့ ပြန်လည်ဆုတ်ခွာသွားကြခြင်း ဖြစ်သည်။
ဧည့်ခန်းမကြီး အတွင်း၌ ဂိုဏ်းထံသို့ သတင်းအချက်အလက်များကို ပေးပို့နိုင်သည့် ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခု ရှိပေသည်။ ဝူခွန်းတောင်ပေါ်တွင် ဤမျှလောက် ကြီးမားသော ပြဿနာကြီး ဖြစ်ပွားခဲ့ရာ သူတို့သည် ဂိုဏ်းကို ချက်ချင်း သတင်းပို့ရမည် ဖြစ်သည်။
ရီယွင်က အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးထံသို့ ပြန်လှည့်ကြည့်လိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။
"မင်း ဘယ်လိုထင်လဲ... ဆုံးဖြတ်ပြီးပြီလား... ငါ့ဘေးမှာ နေချင်လား..."
ရီယွင်က သူ၏ ဖိတ်ခေါ်မှုကို နောက်တစ်ကြိမ် ကမ်းလှမ်းလိုက်သည်။
လှပသော အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးမှာ ရှုပ်ထွေးသော ခံစားချက်များဖြင့် ရောထွေးနေပြီး သူမ၏ စိတ်များမှာ ကစဉ့်ကလျား ဖြစ်နေခဲ့သည်။ သူမက စကားတစ်ခွန်းမျှ မပြောဘဲ မှင်တက်မိစွာ ရပ်နေခဲ့သည်။
သူမ၏ နက်ရှိုင်းသော စိတ်တွင်း၌ ဤအဖြူရောင်ဝတ်စုံနှင့် လူငယ်အပေါ်တွင် မဖော်ပြနိုင်သော လေးစားမြတ်နိုးမှု ခံစားချက်များ အမှန်တကယ်ပင် ရှိနေခဲ့သည်။ နတ်ဘုရားတစ်ပါး၏ ကြားဝင်စွက်ဖက်မှုအလား တစ်နည်းနည်းဖြင့် သူမ၏ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများကို ကျော်လွှားနိုင်စေခဲ့ပြီး သူမ၏ ဘဝတွင် အကြီးမားဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်စေခဲ့သည်မှာ ဤလေးစားမြတ်နိုးမှုပင် ဖြစ်ပေသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူမ ၎င်းကို ပြန်လည်သတိရတိုင်း သူမသည် အမြဲတမ်း နက်ရှိုင်းစွာ ကံကောင်းသည်ဟု ခံစားခဲ့ရသည်။
သူမက ခေါင်းညိတ်လိုက်ပြီး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။
"သခင်လေးကို အလုပ်အကျွေး ပြုဖို့ ကျွန်မ ဆန္ဒရှိပါတယ်..."
"ငါ့ကို သခင်လေး လို့ မခေါ်နဲ့... အခုကစပြီး သခင်ကြီး လို့ပဲ ခေါ်ပါ..."
ရီယွင်က သူမကို လှမ်းကြည့်လိုက်ပြီး ဂရုမစိုက်စွာ ပြန်လည်ဖြေကြားလိုက်သည်။
"ဟုတ်ကဲ့ပါ... သခင်ကြီး..."
အနက်ရောင်ဝတ်စုံနှင့် လှပသောမိန်းကလေးက အလျင်အမြန် ပြန်လည်ဖြေကြားလိုက်သည်။
ရီယွင်က သူမကို ကြည့်ကာ မှိန်ဖျော့စွာ ပြုံးလိုက်ပြီး မေးလိုက်သည်။
"မင်း နာမည် ဘယ်လိုခေါ်လဲ..."
"သခင်ကြီး လျှောက်တင်ပါတယ်... ကျွန်မ နာမည် မုချင့် ပါ..."
အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးက ပြောလိုက်ရာ သူမ၏ မျက်နှာလေးမှာ ရီယွင်၏ အကြည့်အောက်တွင် အနည်းငယ် နီရဲနေခဲ့သည်။
"ကောင်းတယ်..."
ရီယွင်က ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် ရှေ့သို့ လျှောက်သွားခဲ့သည်။
'သူမကို လက်ခံလိုက်တာက အကြောင်းပြချက် နှစ်ခု ရှိတယ်... ပထမတစ်ခုက သူမရဲ့ ကိုယ်တွင်းမှာ ရှိနေတဲ့ ကြွယ်ဝတဲ့ လွမ်ငှက်သွေးဗီဇကို ငါ စိတ်ဝင်စားတယ်... ဒုတိယတစ်ခုက သူမမှာ ကောင်းမွန်တဲ့ စရိုက်လက္ခဏာ ရှိတယ်လို့ ငါ ထင်တယ်...'
'တိုက်ဆိုင်စွာပဲ နောင်တစ်ချိန်မှာ နဂါးနတ်ဘုရားဂိုဏ်းက တပည့်တွေ စုဆောင်းဖို့ လိုအပ်လာလိမ့်မယ်... ဒါကြောင့် လွမ်ငှက်သွေးဗီဇကို ပိုင်ဆိုင်ထားတဲ့ တပည့်တစ်ယောက်ကို ကြိုတင်ပြီး လက်ခံထားဖို့ ငါ ဆုံးဖြတ်လိုက်မယ်...'
'ရေတိုအနေနဲ့တော့ သူက ငါ့အတွက် လက်ဖက်ရည် ငှဲ့ပေးတာမျိုး စတဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးခိုင်းရမယ်...'
'ငါ ချန်းနန်ကုန်းမြေကြီးကနေ ထွက်သွားတဲ့အခါ မုချင့်ကို လော့လီရဲ့ စောင့်ရှောက်မှုအောက်မှာ အပ်နှံထားခဲ့မယ်...'
ရီယွင်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက လူတစ်ယောက်ဖြစ်ပြီး ယခုအခါ နှစ်ပေါင်းတစ်သိန်းအကြာ လောကကြီးတွင် လျှောက်လှမ်းနေသူ ဖြစ်ပေသည်။ သူသည် မည်သည့် တွယ်တာမှုမျိုးကိုမဆို မဖြစ်ပေါ်စေရန် အတတ်နိုင်ဆုံး ရှောင်ကြဉ်ခဲ့သည်။
သခင်ကြီးမှာ အတွေးများထဲတွင် နစ်မြောနေသည့်အလား ရှေ့သို့ လျှောက်သွားသည်ကို မြင်လိုက်ရသည့်အခါ မုချင့်က သူ၏နောက်မှ အလျင်အမြန် လိုက်ပါသွားခဲ့သည်။ ကြောင်နက်ကြီးနှင့် ကြောင်ဖြူလေးတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နောက်မှ လိုက်ပါသွားကြသည်။
'သခင်ကြီးက အစေခံမလေး တစ်ယောက်ကို လက်ခံလိုက်ပြီပဲ... လက်ဖက်ရည်နဲ့ ရေ ငှဲ့ပေးရမယ့် အလုပ်တွေက ငါ့ဆီ ရောက်လာတော့မှာ မဟုတ်ဘူးထင်တယ်...'
ကြောင်နက်ကြီးက အနည်းငယ် စိတ်ပျက်စွာဖြင့် တွေးတောလိုက်သည်။
'ဒါပေမဲ့ ငါက မိစ္ဆာအိမ်မွေးတိရစ္ဆာန် တစ်ကောင်မျှသာ ဖြစ်တယ်လေ... ငါရရှိထားတဲ့ ဆက်ဆံရေးက အလွန်ကောင်းမွန်နေပြီဆိုတော့ ဒီထက်ပိုပြီး လောဘမကြီးသင့်ပါဘူးလေ...'
ရီယွင်က ကြီးမားသော စိတ်ဝင်စားမှုများဖြင့် လမ်းလျှောက်နေခဲ့ပြီး တစ်ခါတစ်ရံတွင် လမ်းဘေးဈေးဆိုင်များမှ ပစ္စည်းများကို ကြည့်ရှုရန် ဆောင့်ကြောင့်ထိုင်လိုက်သေးသည်။
သူက အပြည့်အဝ ပျော်ရွှင်နေပုံရသည်။
ဤသည်က ဘေးမှနေ၍ စောင့်ကြည့်နေသော မုချင့်၏ မျက်ခုံးများကို တွန့်ချိုးသွားစေခဲ့သည်။ သခင်ကြီးက ဤနေရာတွင် အမှန်တကယ် ဘာကို ရှာဖွေနေသည်ဆိုတာကို သူမ မသိရှိချေ။
'ငါ့အမြင်မှာတော့ ဝူခွန်းတောင် မှောင်ခိုဈေးက ဆိုင်တွေဆီမှာ ဝယ်ဖို့တန်တဲ့ ပစ္စည်းတွေ သိပ်မရှိပါဘူး... တကယ်လို့ တစ်ခုခု ရှိနေရင်တောင် အဲ့ဒါကို ရှာတွေ့နိုင်ခြေက အလွန်အမင်း နည်းပါးလွန်းတယ်...'
အနည်းငယ် ပျင်းရိမှုကို ခံစားလိုက်ရသဖြင့် သူမက သူမ၏ဘေးရှိ အထီးတစ်ကောင်နှင့် အမတစ်ကောင် ဖြစ်သော မိစ္ဆာမျိုးနွယ်ဝင် နှစ်ဦးကို ကြည့်ကာ ပြုံးလျက် မေးမြန်းလိုက်သည်။
"မင်းတို့ နှစ်ယောက်ကိုရော ဘယ်လို ခေါ်ရမလဲ..."
"ကျွန်မ နာမည်က ကြောင်ဖြူလေးပါ အစ်မ... ကျွန်မက ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်ကပါ..."
ကြောင်ဖြူလေးက တောက်ပသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
'သူမက နာမည်ကြီးတဲ့ ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်ကပဲ...'
မုချင့်က တွေးတောလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခုနှင့်အတူ ကြောင်ဖြူလေးကို ကြည့်လိုက်သည်။
ထို့နောက် သူမက ကြောင်ဖြူလေး၏ လက်ကို အလျင်အမြန် ကိုင်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် ကြောင်ဖြူလေး..."
"အစ်မက သဘောကောင်းလွန်းပါတယ်..."
ကြောင်ဖြူလေးက ရှက်ရွံ့စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
မည်သို့ပင်ဆိုစေ သူမသည် ကောင်းကင်တံတားနယ်ပယ် အဆင့် ၈ မှ မိစ္ဆာငယ်လေး တစ်ကောင်မျှသာ ဖြစ်ပြီး ဤအစ်မမှာ ကံကြမ္မာနယ်ပယ် အဆင့် ၇ သို့ ရောက်ရှိနေပြီ ဖြစ်သည် မဟုတ်ပါလား။
စကားအနည်းငယ် ဖလှယ်ပြီးနောက် မုချင့်က သူမတို့၏ ဘေးရှိ အနက်ရောင်ဝတ်စုံနှင့် လူငယ်ထံသို့ လှည့်ကာ ပြုံးလျက် မေးမြန်းလိုက်သည်။
"မင်းကရော..."
ကြောင်နက်ကြီးက သူ၏ ခေါင်းကို ကုတ်လိုက်ပြီး ရယ်မောလျက် ပြောလိုက်သည်။
"ကျွန်တော့်ကို အနက်လေး လို့ပဲ ခေါ်လို့ရပါတယ်..."
"ဘယ်လောက်တောင် ရယ်စရာကောင်းတဲ့ နာမည်လေးလဲ..."
မုချင့်က တခစ်ခစ် ရယ်မောလိုက်သည်။
ကြောင်ဖြူလေးက ဘေးမှနေ၍ ဝင်ပြောလိုက်သည်။
"အစ်မ... သူက အမြီးကိုးချောင်း ဝိညာဉ်ကြောင် မျိုးနွယ်ကလေ..."
"ဒါဆိုရင် သူက အမြီးကိုးချောင်း ဝိညာဉ်ကြောင် မျိုးနွယ်ပေါ့... မင်းတို့ နှစ်ယောက်စလုံးက ကြောင်မျိုးနွယ်တွေ ဖြစ်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး..."
မုချင့်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
ဤသည်ကို ကြားလိုက်ရသည့်အခါ ကြောင်နက်ကြီးက မောက်မာစွာဖြင့် ပြောလိုက်သည်။
"ဒါက ဘာမှမဟုတ်သေးဘူး... သခင်ကြီးရဲ့ ရထားလုံးထဲမှာ ကြောင်နီလေး တစ်ကောင်လည်း ရှိသေးတယ်..."
"တကယ်လား... အဲ့ဒါက ဘယ်ကြောင်မျိုးနွယ်ကလဲ..."
မုချင့်မှာ ပို၍ပင် အံ့အားသင့်သွားခဲ့သည်။
"ဟီးဟီး... အဲ့ဒါကိုတော့ ကျွန်တော် ပြောပြလို့ မရဘူး... အစ်မ မြင်တဲ့အခါကျရင် သိလိမ့်မယ်..."
ကြောင်နက်ကြီးက သူ၏ ခေါင်းကို ကုတ်ကာ နှစ်ကြိမ်မျှ ရယ်မောလိုက်ပြီး မုချင့်ကို အမှန်တရားအား ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ချေ။
ကြောင်နက်ကြီးမှာ မုချင့်အတွက် နောက်ထပ် ထောင်ချောက်တစ်ခု ဆင်တော့မည်ကို မြင်လိုက်ရသည့်အခါ ကြောင်ဖြူလေး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး ရှင်းပြရန် အလျင်အမြန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ကြောင်နက်ကြီးက သူမကို စူးရှစွာ စိုက်ကြည့်လိုက်သဖြင့် သူမ ပြောမည့်စကားများကို ပြန်လည်မျိုချလိုက်ရတော့သည်။
အခန်း ၂၅၄ ပြီးပါပြီ။