← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း (၁၃၁) ပစ်ထားခဲ့ပြီ

ချန်ချင်းယွီ မိမိလုပ်ရပ်အတွက် ပျော်ရွှင်နေ၏။

မည်သူမှ မသိသော်ငြား ကုသိုလ်ကောင်းမှုတစ်ခု လုပ်လိုက်သည့်နှယ် ခံစားရသည်။

သူမ လူသုံးယောက်ကို ကယ်တင်ခဲ့ခြင်းဖြစ်ပြီး အကယ်၍ မဟုတ်လျှက် သူတို့ပိုက်ဆံအိတ်များ ခိုးခံရပြီး အတော်လေး ဒုက္ခများပေမည်~~ ခရီးသွားနေစဉ် ပိုက်ဆံပျောက်ခြင်းမှာ အင်မတန် နာကျင်ဖွယ် ကောင်းလှ၏။ ချဲညီအစ်ကိုကိုပါ ပြဿနာထဲသို့ ပါဝင်စေခဲ့သဖြင့် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်လိုက်ခြင်းပင်။

မတော်တဆ သူခိုးဖမ်းဖွဲ၏ နောက်ဆက်တွဲကိစ္စများကြောင့် ရထားတစ်တွဲလုံး တစ်ခုလုံး ရယ်မောသံ၊ စကားပြောသံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

သက်ဝင်လှုပ်ရှားလှသော လေထုမှာ ညဘက်သို့ရောက်သောအခါမှသာ တဖြည်းဖြည်း ငြိမ်သက်သွား၏။ ရှီရှောင်ဝေ အတင်းအဖျင်းပြောနေစဉ် ရထားပေါ်ရှိ လှည့်စျေးရောင်သည့် မုန့်သည်ပင်လျှင် ခြေလှမ်းများကို ခရုလေးနှယ်သွား၍ နားစွင့်နေသည်။

အမယ်လေး… ဘယ်သူက မသိချင်ဘဲနေမတုန်း…

အချိန်တိုလေးအတွင်း ချဲညီအစ်ကို၏ ဂုဏ်သိက္ခာများ ရင်းလိုက်ရသည့်အကျိုးကျေးဇူးမှာ ရထားတွဲတစ်ခုလုံးကို သက်ဝင်စေခဲ့၏။

ရှီရှောင်ဝေမှာ စက်မှုစက်ရုံမှ အလုပ်သမား မဟုတ်သော်ငြား အလုပ်သမား မိသားစုဝင်တစ်ဦးဖြစ်၍ အလွန်ပင် ဗဟုသုတများလှကာ အားလုံးသိလေသည်။ ယခုတွင် သူ့အသံမှာ အက်ကွဲနေပြီး၊ ယွမ်ဟောက်ဖုန်းကိုပင် သူသည် ထောင်လွှားပြနေ၏။

“မြင်လား… မြင်လား… ယောကျာ်းဆိုတာ အပေါ်ယံရုပ်ရည်က အရေးမကြီးဘူး၊ အတွင်းစိတ် ကိုယ်ရည်ကိုယ်သွေးကသာ ကိစ္စကြီး၊ ကျွန်တော်က အတွင်းစိတ်လှတဲ့သူလေ… မြင်တယ်မလား၊ လူထုရဲ့အကြည့်တွေက သက်သေပဲ”

ယင်းမှာ မမှန်ကန်ဟု ပြော၍မရပေ။ ရှီရှောင်ဝေမှာ သက်ကြီးရွယ်အို လူကြီးများ၊ အဘွားကြီးများ၊ အဒေါ်ကြီးများထံမှ လက်ဆောင်ပစ္စည်းများ လက်ခံရခဲ့သည်။

ရှီရှောင်ဝေ ပန်းသီးတစ်လုံးကို ကိုက်ဝါးရင်း

“အိုး ကြွတ်ဆပ်နေတာပဲ”

ယွမ်ဟောက်ဖုန်းမှာ အနည်းငယ် စိတ်အလိုမကျဖြစ်နေကာ တိတ်တဆိတ်သာ စားနေ၏။

အိမ်သာသွားရာမှအပြန်တွင် ချန်ချင်းယွီသည် သူတို့၏ စကားသံများကို ကြားလိုက်ရလေသည်။ သူမသည် ယွမ်ဟောက်ဖုန်းနှင့် ရှီရှောင်ဝေတို့ကို မမြင်ချင်ယောင်ဆောင်ကာ ကျော်ဖြတ်ခဲ့သော်လည်း စိတ်ထဲတွင်မူ ယခုခေတ်လူများမှာ ရိုးသားဖြောင့်မတ်ကြသေးကြောင်း မှတ်ချက်ပြုမိ၏။

ရှီရှောင်ဝေသည် အားလုံးကို ပျော်ရွှင်မှုပေးနိုင်သူဖြစ်ရာ လူတိုင်း သူ့အပေါ် အလွန်ခင်မင် ရင်းနှီးကြပေသည်။

ချန်ချင်းယွီ မိမိနေရာသို့ ပြန်ရောက်သောအခါ ချိုက်မင်မင်တစ်ယောက် ငိုက်မြည်းနေသည်ကို တွေ့ရ၏။ ပြင်ပတွင် မှောင်ရီပျိုးစပြုနေပြီဖြစ်ပြီး ရထားတွဲအတွင်းရှိ မီးချောင်းများမှာလည်း လင်းလင်းချင်းချင်းမရှိလှကာ မှိန်ပျပျသာ ရှိသည်။ ရထားကြီး ခုတ်မောင်းသွားသည့် တဂျုန်းဂျုန်းအသံနှင့် လေတိုးသံတို့မှာ လူကို ငိုက်မြည်းလာစေရန် ဖန်တီးနေသကဲ့သို့ ရှိ၏။

ချန်ချင်းယွီ : "အစ်မမင်မင်၊ ခဏလောက် အိပ်ငိုက်လိုက်ပါလား"

"ရပါတယ်၊ ငါမအိပ်ချင်သေးပါဘူး"

ချန်ချင်းယွီ ထပ်မံတိုက်တွန်းကာ

"အိပ်လိုက်ပါ၊ အစ်မ ခဏအိပ်ပြီးလို့ နိုးလာရင် ကျွန်မအလှည့် အိပ်တာပေါ့"

ထိုအခါမှ ချိုက်မင်မင် ခေါင်းညိမ့်ကာ

"အင်း... အဲဒါလည်း ဟုတ်တာပဲ"

အိမ်ရာဝင်းထဲတွင် ရှိစဉ် ချန်ချင်းယွီသည် ချိုက်မင်မင်ကို "ယောင်းမ" ဟု ခေါ်လေ့ရှိသော်လည်း ပြင်ပလူများရှိသည့်အခါတွင်မူ နာမည်ကိုသာ တိုက်ရိုက်ခေါ်တတ်သည်။ သို့မဟုတ်ပါက "ယောင်းမ" ဟု ခေါ်လိုက်လျှင် လူအများအပြား လှည့်ကြည့်လာတတ်သဖြင့် နာမည်ခေါ်ခြင်းမှာ ပို၍ တိကျသေချာ၏။

သူမ မျက်လုံးများ တောက်ပကြည်လင်နေပြီး တက်ကြွလျက်ရှိသည်။ ထိုင်ခုံကို မှီချလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ညအချိန်ဖြစ်သဖြင့် နေ့ခင်းဘက်လောက် လူမကျပ်တော့သည်ကို တွေ့ရ၏။ နေ့ခင်းဘက်တွင် ထိုင်ခုံမရသူ အများစုမှာ ခရီးတိုသွားမည့်သူများဖြစ်ပြီး ညဘက်တွင် ခရီးတိုသွားသူ ရှားပါးလှသည်။ ထို့ကြောင့် ညဘက်တွင် လူဦးရေ သိသိသာသာ လျော့နည်းသွားပြီး အချို့မှာ မှီစရာနေရာရှာကာ တရေးတမော အိပ်စိုက်နေကြပြီဖြစ်၏။ လူတိုင်း ကြမ်းပြင်ပေါ်ရှိ ဖုန်နှင့်အညစ်အကြေးများကို ဂရုမထားနိုင်ကြကာ ထိုင်ချနေကြသည်။

မှောင်ခိုဈေးကွက်မှ လူစုမှာမူ ရှုံးလျှင် နဖူးတောက်ကြေးဖြင့် ဖဲရိုက်နေကြဆဲဖြစ်ပြီး အချို့မှာလည်း ဘေးမှ ဝိုင်းကြည့်နေကြ၏။ မွန်းလွဲပိုင်းမှ ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် နာရီအတော်ကြာသွားခဲ့ပြီဖြစ်သော်လည်း ချဲယုံဖုန်းနှင့် ချဲယုံချန်းတို့ ညီအစ်ကို နှစ်ယောက် ပြန်ရောက်မလာသေးပေ။ သူတို့သည် မည်သူမည်ဝါဖြစ်ကြောင်း စိစစ်မှုကို ခံယူရင်း စောင့်ဆိုင်းနေရဆဲ ဖြစ်နိုင်ပေသည်။

'ဒီလို ပျင်းစရာကောင်းတဲ့ ခရီးစဉ်မျိုးမှာ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်လေးတစ်ခု ရှိတာကလည်း အပျင်းပြေစေတာပဲ'

ချန်ချင်းယွီသည် စိတ်ထဲမှရေရွတ်ရင်း နောက်တစ်ကြိမ် ကုန်ပစ္စည်းဝယ်ယူရန် အစီအစဉ်ကို တွေးတောနေမိ၏။ ယခုတစ်ခေါက်တွင်လည်း ဂျင်းဘောင်းဘီများကိုသာ ပြန်လည်ရောင်းချရန် သူမ စိတ်ကူးထားသည်။ ပေကျင်းတွင် လူဦးရေထူထပ်သဖြင့် လူကြီးပိုင်းများ မဝယ်လျှင်ပင် လူငယ်မျိုးဆက်များမှာ အနည်းငယ်မျှ ဝယ်ယူကြမည်သာ…

သို့သော် သူမစိုးရိမ်သည်မှာ မှောင်ခိုဈေးပါ ဤပစ္စည်းများကို လိုက်လံဖြန့်ဖြူးလာပါက ကုန်ပစ္စည်းများပြားလာပြီး ဈေးနှုန်းများ ကျဆင်းသွားနိုင်ခြင်းပင်…

ချန်ချင်းယွီသည် ဤအချက်ကို နက်နက်နဲနဲ စဉ်းစားနေမိ၏။

'ငါ သူတို့ထက် လက်ဦးမှုယူပြီး မြန်မြန်လှုပ်ရှားမှ ဖြစ်မယ်…သူများထက် တစ်ရက်စောရောင်းရရင် တစ်ရက်စာ စောပြီး ပိုက်ဆံရမှာပဲ၊ ဒါပေမဲ့ ငါက သူတို့ပြန်မလာမချင်း ဒီအတိုင်း စောင့်နေလို့တော့ မဖြစ်ဘူး၊ တခြားနည်းလမ်းကိုပါ ထပ်ပြီး စဉ်းစားရမယ်...'

ချန်ချင်းယွီသည် မျက်လွှာချကာ စဉ်းစားခန်း ဝင်နေသည်။

သူမ ဝင်ငွေရရှိရေးအတွက် တွေးတောနေချိန်တွင် ချဲညီအစ်ကို နှစ်ယောက်မှာမူ လမ်းတစ်လျှောက်လုံး တတွတ်တွတ် ဆဲဆိုကြိမ်းမောင်းရင်း လျှောက်လာနေ၏။ ချဲယုံချန်းတစ်ယောက် မိမိတွင် မည်သည့်အပြစ်မျှမရှိဘဲ ယခုကဲ့သို့ သူခိုးအဖြစ် စွပ်စွဲခံရလုနီးပါး ဖြစ်ခဲ့ရသည့် ကံဆိုးမှုအတွက် စိတ်ကူးပင် မယဉ်မိခဲ့ပေ။

သူတို့ကိုယ်တိုင် ထိခိုက်နစ်နာမှု မရှိခဲ့၍ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်မှုကိုသာ စောင့်ဆိုင်းခဲ့ရသော်လည်း ရထားဝန်ထမ်းများမှာ သူတို့ကို မျောက်တစ်ကောင်ကဲ့သို့ ဆက်ဆံခဲ့ကြသဖြင့် ချဲညီအစ်ကိုတို့ မည်မျှ ဒေါသထွက်မည်ကို ခန့်မှန်းနိုင်ပေသည်။ အစပိုင်းတွင် သူတို့ နားမလည်နိုင်ဖြစ်ခဲ့သော်လည်း ရထားတွဲထဲမှ ကောင်စုတ်လေးသည် သူတို့ကို တမင်သက်သက် လုပ်ကြံဖန်တီးခဲ့ခြင်းဖြစ်ကြောင်း မကြာမီမှာပင် ရိပ်မိသွားကြ၏။ စင်စစ် ဧကန်မုချ ထိုကောင်လေးလက်ချက်ပင် ဖြစ်ရမည်သာ…

ထိုလူနှစ်ယောက်မှာ ဒေါသကြောင့် မျက်နှာများ နီမြန်းနေပြီး လမ်းခရီးတစ်လျှောက်လုံး လူသတ်ချင်စိတ်များ ပေါက်နေခဲ့ကြသည်။

ယခုအခါတွင်မူ သူတို့သည် သူခိုး၏ ကြံရာပါများ မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့သဖြင့် လွတ်မြောက်လာခဲ့ကြပြီ ဖြစ်၏။

ထိုသူခိုးမှာလည်း တကယ်ပင် ကံဆိုးရှာလှသည်။ သူသည် ခြေချော်လဲကျကာ ပိုက်ဆံအိတ်ကို လွတ်ကျခဲ့သဖြင့် သူခိုးလောကတွင် အရှက်ရစရာ ဖြစ်ခဲ့ရ၏။

ရထားပေါ်ရှိ အခြားသော သူခိုးများမှာလည်း ထိုအတိုင်းပင် တွေးတောနေကြသည်။ မှန်ပေသည်၊ ဤရထားပေါ်တွင် အခြားသော သူခိုးများစွာ ရှိနေသေး၏။ ရထားပေါ်တွင် လူကျပ်ညပ်နေပြီး လူများ အချိန်မရွေး အတက်အဆင်း ပြုလုပ်နေကြသဖြင့် ခါးပိုက်နှိုက်များအတွက် အချက်အချာကျသော နေရာတစ်ခု ဖြစ်နေသည်။ သူတို့သည် လုပ်ဖော်ကိုင်ဖက်များ ဖမ်းဆီးခံရသည်ကို မြင်တွေ့ရလေ့ရှိသဖြင့် မိမိတို့ဘာသာ ပိုမိုသတိထားရုံသာ တတ်နိုင်၏။

သို့သော်လည်း ယခုလူကဲ့သို့ အသိဉာဏ်ကင်းမဲ့စွာဖြင့် မိမိကိုယ်ကိုယ် ဖော်ကောင်လုပ်သကဲ့သို့ အဖမ်းခံရလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

'ဒီကောင်တော့ တုံးအလွန်းလို့ အဖမ်းခံရတာပဲ…တကယ့်ကို စက်ဆုပ်ရွံရှာဖို့ ကောင်းလိုက်တာ'

သူခိုးတစ်ဦး အဖမ်းခံရပြီးနောက် ခရီးသည်များမှာ ပိုမိုသတိကြီးစွာ ထားလာကြသဖြင့် သူခိုးများအတွက် လက်စွမ်းပြရန် ခက်ခဲသွားခဲ့သည်။ ရထားရဲများလည်း ယခင်ထက် ပိုမို ခပ်စိပ်စိပ်လှည့်ကင်း ပတ်နေကြပြီ ဖြစ်၏။ ဆဲဆိုကြိမ်းမောင်းလာကြသော ချဲယုံဖုန်းနှင့် ချဲယုံချန်းတို့သည်လည်း ရဲများ သို့မဟုတ် ရထားဝန်ထမ်းများနှင့် တိုးမိ၍ ထပ်မံစစ်ဆေးခံရမည်ကို စိုးရိမ်သဖြင့် အသံကို ကျယ်ကျယ်မထွက်ရဲကြပေ။ သူတို့သည် မည်သူမည်ဝါဖြစ်ကြောင်း ခက်ခက်ခဲခဲ သက်သေပြခဲ့ရသဖြင့် သဘာဝကျစွာပင် နောက်ထပ် ပြဿနာမရှာရဲကြပေ။ သို့မဟုတ်ပါက ကွမ်ကျိုးသို့ မရောက်ရှိမီမှာပင် အဖမ်းခံရနိုင်ချေ ရှိပေသည်။

ထိုလူနှစ်ယောက်မျက်နှာများ ဒေါသဖြင့် ပုံပျက်ပန်းပျက်ဖြစ်လျက် ရထားတွဲကို ဖြတ်သန်းလာစဉ် ရှီရှောင်ဝေနှင့် စာရင်းရှင်းရန် အသင့်ဖြစ်နေခဲ့ကြ၏။

သို့သော်လည်း ရှီရှောင်ဝေနှင့် ယွမ်ဟောက်ဖုန်းတို့မှာမူ ဝမ်းဗိုက်ပြည့်တင်းကာ အိပ်မောကျနေကြပြီဖြစ်သဖြင့် ချဲယုံချန်း၏ မုန်းတီးမှုအပြည့်ဖြင့် ကြည့်နေသည့် အကြည့်များကို လုံးဝ မသိခဲ့ကြပေ။

သူတို့သည် မဆင်မခြင် ပြဿနာမရှာရဲကြသဖြင့် မိမိတို့၏ ထိုင်ခုံနေရာများသို့သာ မကျေမချမ်းဖြင့် ပြန်သွားကြလေသည်။

ဝမ်ကျန့်ကော်တစ်ယောက် ငိုက်မြည်းနေစဉ်မှာပင် ချဲညီအစ်ကို နှစ်ယောက် ပြန်ရောက်လာသည်ကို နောက်ဆုံး၌ မြင်လိုက်ရသဖြင့် တိုးတိုးလေး ညည်းတွားလိုက်၏။

"မင်းတို့ ဘယ်သွားနေကြတာလဲ… ငါ ဒီမှာ စောင့်နေရတာ မောလှပြီ၊ စိတ်လည်း ပူနေတာ"

ချဲယုံဖုန်း လှောင်ပြောင်ဟန်ဖြင့် နှာခေါင်းရှုံ့ရင်း

"ရထားက ဒီလောက်မကျယ်ပါဘူး…မင်း တကယ်ရှာရင် ဘယ်နေရာမဆို တွေ့မှာပဲကို၊ အခုမှ ဒီမှာထိုင်ပြီး စကားကောင်းတွေ လာပြောမနေပါနဲ့"

ဝမ်ကျန့်ကော်က ချက်ချင်းပင် ပြန်လည်ချေပလိုက်၏။

"ငါက မသွားချင်လို့ မဟုတ်ပါဘူးကွာ၊ နေရာအလုခံရမှာ စိုးလို့ပါ… ရထားပေါ်မှာ လူတွေ ဒီလောက်များတာ၊ ဒီနေ့မွန်းလွဲပိုင်းက ဒီနေရာမှာ လာထိုင်ချင်တဲ့သူ ဘယ်နှစ်ယောက်တောင် ရှိလဲ မင်းတို့သိလား၊ ငါပဲ အကုန်လုံးကို တားထားရတာ… မျက်စောင်းတွေလည်း အခါခါထိုးခံရတယ်၊ လက်ရဲဇက်ရဲသမားအချို့ဆို ငါ့ကို ထိုးတောင် ထိုးမလို့၊ ငါပါ ထသွားလိုက်ရင် ပြန်လာတဲ့အခါ ထိုင်ခုံ ရှိတော့မှာ မဟုတ်ဘူး… ငါတို့ သွားရမယ့်လမ်းက အဝေးကြီး လိုသေးတယ်၊ နားဖို့နေရာ လိုတယ်လေ၊ ပြီးတော့ မင်းတို့ကိစ္စကို မင်းတို့ အမြန်ရှင်းနိုင်မှာပဲလို့ ငါသိလို့ မလှုပ်ဘဲ စောင့်နေတာ၊ ကဲ... ထိုင်ပြီး ခဏလောက် မှေးလိုက်ကြဦး၊ ငါ ကြားတာတော့ ဒီရထားက အကြာကြီးမောင်းရဦးမှာတဲ့၊ မနက်ဖြန် မွန်းလွဲပိုင်းမှ ရောက်မှာ…နည်းနည်းလောက် ပိုအိပ်ထားကြ၊ ငါတို့ လုပ်စရာ ရှိသေးတယ်လေ..."

သူသည် စကားအဆုံးတွင် မျက်လုံးချင်း အချက်ပြလိုက်သည်။ စင်စစ်မူ သူတို့သည် ချန်ချင်းယွီနောက်သို့ ဆက်လက်ခြေရာခံရဦးမည်ဟု ဆိုလိုခြင်း ဖြစ်၏။

"အင်း... သိပြီ"

ချဲယုံဖုန်း ခပ်တိုတိုသာ ပြန်ပြောလိုက်သည်။

ချဲညီအစ်ကို နှစ်ယောက်သည် ဝမ်ကျန့်ကော်၏ အပြောကောင်းမှုကြောင့် ဒေါသများ အနည်းငယ် ပြေလျော့သွားကြ၏။

ဝမ်ကျန့်ကော်သည် စကားပြော အလွန်ပါးနပ်သူဖြစ်ရာ ထိုသို့သာ မဟုတ်ပါက ဤမှောင်ခိုလောကထဲတွင် ကျင်လည်နိုင်မည် မဟုတ်ပေ။

ရထားကြီး၏ တဂျုန်းဂျုန်း မြည်သံမှာလည်း အဆက်မပြတ် ထွက်ပေါ်နေဆဲ ရှိနေသည်။

ချဲယုံဖုန်း မျက်လုံးကို အနည်းငယ် မှေးစိထားစဉ် ချဲယုံချန်းမှာ ဒေါသတကြီး ဆဲရေးတိုင်းထွာနေမိ၏။

"တောက်... ဒီကောင်မစုတ်ပဲ၊ သူနဲ့ တွေ့ဖို့သာ မဟုတ်ရင် ငါတို့ ဒီရထားပေါ် ဘာလို့ တက်လာမလဲ… ဒီလို ကံဆိုးမိုးမှောင်ကျတာတွေနဲ့ကော ဘယ်လိုလုပ် တိုးမလဲ၊ နေဦးပေါ့ကွာ... ငါ သူ့ကို ကောင်းကောင်းကြီး ပညာပေးပစ်မယ်"

ချဲယုံဖုန်းမှာ လူအများအပြား ရှိနေသဖြင့် အာရုံပျံ့လွင့်မည် စိုးသောကြောင့် ချဲယုံချန်း၏ လက်ကို ပုတ်ကာ အသံတိတ်ရန် အချက်ပြလိုက်သည်။

ဝမ်ကျန့်ကော်သည် ထိုစကားကို ကြားလိုက်ရသဖြင့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး မသိမသာ မေးမြန်းလိုက်၏။

"ဘာဖြစ်လို့လဲ၊ အဲဒါ... ဟိုတစ်ယောက်နဲ့ ပတ်သက်နေလို့လား။"

"ပတ်သက်တာပေါ့၊ အဲဒီကောင်မကို လိုက်ရှာလို့သာ မဟုတ်ရင် ငါ အဲဒီရထားတွဲထဲ ဘာလို့ သွားမလဲ… အဲဒီရထားတွဲကို မသွားရင် သူခိုးနဲ့ ဘယ်လိုလုပ် လုံးထွေးမိမလဲ၊ သူခိုးနဲ့ မလုံးထွေးမိရင် အရိုက်ခံရပြီး ကြံရာပါလို့ အစွပ်စွဲခံရပါ့မလား… ပိုပြီး ဒေါသထွက်ဖို့ကောင်းတာက စက်မှုစက်ရုံက ကောင်လေးတစ်ယောက်က စကားပြောတာ တအားရိုင်းတာပဲ၊ ငါ့မှာ ဒေါသထွက်လွန်းလို့ သေတော့မလို့"

ဝမ်ကျန့်ကော်သည် ဤကိစ္စမှာ ချန်ချင်းယွီ တိုက်ရိုက်လုပ်ဆောင်ခြင်း မဟုတ်ကြောင်း သိလိုက်ရသဖြင့် စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသည်။

သို့သော်လည်း မကြာမီမှာပင် သူ ပြန်လည်စိုးရိမ်လာမိပြန်၏။

သူ့မိခင်နှင့် အခြားသော အဘွားအိုများ ပြောလေ့ရှိသည့် စကားများကို အကြောင်းမဲ့ တွေးမိသွားခဲ့သည်။

‘အမေတို့က အမြဲပြောတယ်၊ ချန်ချင်းယွီက ကံဆိုးမလေးပဲ၊ သူနဲ့ ပတ်သက်မိတဲ့သူတိုင်း ကံဆိုးတတ်ပြီး ဘယ်သူမှ ကောင်းကောင်းမွန်မွန် မလွတ်မြောက်နိုင်ဘူးတဲ့…’

ယခင်၌ ဝမ်ကျန့်ကော်သည် ထိုကဲ့သို့သော အယူသီးသည့် စကားများကို လှောင်ပြောင်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ မေးကြောများ တင်းလာကာ စိတ်ထဲတွင် တစ်မျိုးကြီး မလုံမလဲ ဖြစ်လာရသည်။

အမှန်အတိုင်း ပြောရလျှင် လင်းကျန့်ဝမ်၏ မိခင်နှင့် ဇနီးဖြစ်သူတို့ ပါဝင်ပတ်သက်သည့် ကိစ္စရပ်တိုင်းသည် ထူးဆန်းသော လမ်းကြောင်းများသို့ ရောက်ရှိသွားတတ်သည်ကို သူ သတိပြုမိခဲ့၏။

သူတို့ကိုယ်တိုင်မှာမူ ကံဆိုးခြင်း မရှိဘဲ ဘေးလူများသာ အမြဲတမ်း ဒုက္ခရောက်ရတတ်သည်။

ဝမ်ကျန့်ကော်သည် ဤအယူသီးမှုများကို မယုံကြည်ချင်သော်လည်း စိတ်ထဲတွင်မူ မတွေးဘဲ မနေနိုင်ဖြစ်နေရ၏။ ဤတစ်ခေါက်တွင် အရာအားလုံး အဆင်ပြေချောမွေ့ပါစေရန်သာ သူ မျှော်လင့်နေမိလေသည်။

သူ စိတ်အခြေအနေ မကောင်းလှသော်လည်း စိတ်ကူးကိုမူ မပြောင်းလဲခဲ့ပေ။

ငွေရှာရမည့် ကိစ္စတွင်မူ သူသည် မည်သည့်အရာကိုမျှ မကြောက်ရွံ့တတ်သူ ဖြစ်၏။

ချဲညီအစ်ကို နှစ်ယောက် ချန်ချင်းယွီအပေါ် မကောင်းကြံစည်နေခြင်းမှာလည်း သူ့အတွက် ဘာအရေးစိုက်စရာ ရှိသနည်း။

ဝမ်ကျန့်ကော်သည် စိုးရိမ်စိတ်၊ မလုံခြုံစိတ်တို့ ရောပြွမ်းလျက် တိတ်ဆိတ်စွာ မျက်လုံးများကို မှိတ်၍ တရေးတမော အိပ်စက်ရန် ပြင်လိုက်ရင်း ကွမ်ကျိုးမြို့ကြီးသည် မည်သို့သော ပုံစံမျိုး ရှိမည်နည်းဟု တွေးတောနေမိတော့သည်။

ခရီးစဉ်မှာ အလွန်လည်း မရှည်၊ အလွန်လည်း မတိုလှပေ။ ချန်ချင်းယွီတို့ အုပ်စုသည် ရထားပြောင်းစီးရန်အတွက် ဆင်းကြသောအခါ သူတို့ ယူဆောင်လာသည့် အရသာရှိသော စားသောက်ဖွယ်ရာများကို အကုန်စားပစ်ခဲ့ကြသဖြင့် အထုပ်အပိုးများမှာ ပေါ့ပါးသွားခဲ့ပြီ ဖြစ်၏။ ချန်ချင်းယွီသည် ကြွက်ကလေးတစ်ကောင်ကဲ့သို့ တမြုံ့မြုံ့နှင့် အဆက်မပြတ် စားသောက်နေပြီး သူမ၏ ပါးစပ်မှာ ဘယ်သောအခါမျှ နားသည်မရှိပေ။

ခရီးသွားနေစဉ် ဗိုက်ဝအောင် မစားလျှင် မည်သို့လုပ်၍ အားအင် ရှိနိုင်ပါမည်နည်း။

မည်သို့ပင်ဖြစ်စေ ချန်ချင်းယွီ သို့မဟုတ် ချိုက်မင်မင် ယူဆောင်လာသော အစားအစာအားလုံးကို သူတို့ ကုန်အောင် စားပစ်ခဲ့ကြသည်။ သူတို့သည် ထမင်းတစ်နပ်မျှ မလွတ်စေရဘဲ ချန်ချင်းယွီမှာ ကုန်ကျစရိတ်အတွက် နှမြောဟန်ပင် မပြကာ အစားအစာ သုံးပယောက်စာ ဝယ်ယူခဲ့၏။

ချိုက်မင်မင်မှာမူ ချန်ချင်းယွီ ဤမျှအများကြီး စားနေသဖြင့် အစာမကြေဖြစ်မည်ကို စိုးရိမ်နေရှာသည်။

သို့သော် ချန်ချင်းယွီက တရားသဖြင့် ကြွေးကြော်လိုက်၏။

"အများကြီးစားမှ အားရှိမှာပေါ့"

ထိုအခါ ချိုက်မင်မင်က ချန်ချင်းယွီကို သနားကရုဏာ သက်သော မျက်ဝန်းများဖြင့် ကြည့်ကာ မျက်ရည်ဝဲလျက် ပြောရှာသည်။

"အင်း... အများကြီးစားနော်၊ ရပါတယ်"

'အီးဟီး... အိမ်မှာတုန်းက အဘွားကြီးကျောက်က ချန်ချင်းယွီကို ဗိုက်ဝအောင် ကျွေးရဲ့လားမသိဘူး… ဒါကြောင့်မို့လို့ ခရီးသွားတဲ့အခါမှ ဒီကလေးမလေး ခမျာ အဝစားနေရရှာတာ၊ ဗိုက်ပြည့်လွန်းလို့ အန်ချင်စမ်းရင်တောင်မှ ဆက်စားနေသေးတယ်…အိမ်မှာတုန်းက တကယ်ပဲ ငတ်ငတ်ပြတ်ပြတ် နေခဲ့ရရှာတာပဲ…သူတို့ဘဝက တကယ်ကို ရုန်းကန်ရတာ ခက်ခဲလွန်းပါတယ်'

ချိုက်မင်မင်သည် သနားစရာကောင်းသော မုဆိုးမလေးတစ်ယောက်၏ ဘဝကို စိတ်ကူးယဉ်ပုံဖော်ရင်း အဘွားကြီးကျောက်သည် ယုတ်မာရက်စက်သော ယောက္ခမကြီးဖြစ်သည်ဟု ပိုမိုယုံကြည်သွားလေသည်။

ထိုအချိန်တွင် ပေကျင်းမြို့၌ ကျန်ရစ်ခဲ့သော အဘွားကြီးကျောက်မှာမူ အကြောင်းမဲ့ တဆက်စပ်တည်း နှာချေနေမိပြီး~~~ သိများသိလျှင် မိမိကိုယ်ကိုယ် တုံးအယ်ထက်ပင် မတရားအစွပ်စွဲခံရသကဲ့သို့ ခံစားနေရရှာပေလိမ့်မည်။

ချန်ချင်းယွီမှာ ချိုက်မင်မင်၏ လျှောက်တွေးနေမှုများကို ဘာမျှမသိရှာဘဲ ကွမ်ကျိုးသို့ သွားမည့် အစောဆုံးရထားပေါ်သို့ အမြန်ဆုံး ပြောင်းစီးခဲ့ကြ၏။ သူတို့၏ နောက်ကွယ်တွင်မူ လူသုံးအုပ်စုမှာလည်း ထိုရထားအတွက် လက်မှတ်များကို အလုအယက် ဝယ်ယူနေကြသည်။ အချိန် အလွန်ကပ်နေသဖြင့် ချန်ချင်းယွီနှင့် သူမ၏ အဖော်ဖြစ်သူတို့သည် အချိန်မဆိုင်းရဲဘဲ လက်မှတ်စစ်ဆေးသည့်နေရာသို့ အပြေးအလွှား သွားခဲ့ကြရာ ကျန်ရစ်သူများမှာ နောက်မှကပ်လိုက်လာကြရ၏။

သို့သော် ထိုသူတို့မှာ ကံဆိုးလှပေသည်။ ချန်ချင်းယွီ လက်မှတ်ဝယ်ပြီးသည်နှင့် ရထားပေါ်ရှိ ထိုင်ခုံလက်မှတ်များ အားလုံး ကုန်သွားခဲ့သဖြင့် ကျန်သူများအားလုံး မတ်တတ်ရပ် လိုက်ကြရတော့မည်သာ… ယွမ်ဟောက်ဖုန်းပင်လျှင် ထိုင်ခုံလက်မှတ် မရရှိခဲ့ပေ။ သူသည် ဤလောကထဲတွင် ကျင်လည်နေသူ ဖြစ်သော်လည်း ထိုနေရာ၌ သိကျွမ်းသူ မရှိသဖြင့် မည်သူမှ အထူးအခွင့်အရေး မပေးခဲ့ကြပေ။

ယွမ်ဟောက်ဖုန်း : "အမြန်လိုက်ကြစို့.. ထိုင်ခုံမရတော့လည်း သူတို့နဲ့ ရထားတွဲတစ်ခုတည်းမှာပဲ နေရအောင်၊ ဒါမှ သူတို့ကို စောင့်ကြည့်ရတာ ပိုလွယ်မှာ"

ရှီရှောင်ဝေ ညည်းတွားကာ

"ဖြည်းဖြည်းလုပ်ပါဦး…လိုက်မမီရင်လည်း ရထားပေါ်က တခြားလူတစ်ယောက်ယောက်ကိုပဲ အကူအညီတောင်းလိုက်ပေါ့၊ အတင်းလိုက်မနေပါနဲ့၊ ပင်ပန်းလွန်းလို့"

"ဒါက အတင်းလိုက်နေတာ မဟုတ်ဘူး၊ ငါတို့ နောက်ကျသွားရင် ရထားပေါ်တောင် တက်ရမှာ မဟုတ်တော့ဘူး…မြန်မြန်လုပ်..."

ကံကောင်းထောက်မစွာဖြင့် ရထားမီရန် အပြေးအလွှား သွားနေကြသူများပြားလှသဖြင့်သာ~~ မဟုတ်လျှင် သူတို့အားလုံး၏ လှုပ်ရှားမှုမှာ ရိပ်မိစရာ ဖြစ်သွားနိုင်ပေသည်။

ဝမ်ကျန့်ကော်နှင့် ချဲညီအစ်ကို နှစ်ယောက်တို့လည်း လိုက်လံပြေးလွှားနေကြရသဖြင့် ချဲညီအစ်ကိုတို့မှာ တစ်ဖန်မကျေမနပ် ဖြစ်ရပြန်၏။ ထိုင်ခုံနေရာမရဘဲ ရထားစီးရမည်ဆိုပါက မည်မျှပင် ဒုက္ခဆင်းရဲရောက်မည်နည်း။

ဝမ်ကျန့်ကော် : "ရပါတယ်ကွာ၊ ရထားပေါ်ရောက်မှပဲ အခြေအနေကြည့်တာပေါ့၊ ဗလာဖြစ်နေတဲ့ ခုံအလွတ်တွေ ရှိရင်ရှိဦးမှာပါ"

အခြေအနေကောင်းလိမ့်မည်ဟု သူ တွေးထားသော်လည်း အမှန်တကယ် ရထားပေါ်တက်လိုက်ရချိန်တွင်မူ ယခင်ရထားထက် လူဦးရေ သိသိသာသာ ပိုမိုများပြားနေသည်ကို တွေ့လိုက်ရသည်။ လူချင်း တိုးဝှေ့ညပ်ပိတ်နေသဖြင့် လှုပ်ရှားရုံမျှပင် မလွယ်ကူလှပေ။ ယခင်ရထားပေါ်တွင်မူ လူအများ ပွဲဆူသဖြင့်သာ ဝိုင်းအုံကြည့်ခဲ့ကြခြင်းဖြစ်ပြီး လူစုခွဲလိုက်သောအခါ အဆင်ပြေသွားခဲ့၏။

သို့သော် ဤရထားတွင်မူ ရထားတွဲတိုင်း၌ လူများ ပြည့်နှက်ညပ်ပိတ်နေသကဲ့သို့ ခံစားရပေသည်။

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့မှာမူ မိမိတို့၏ ခွန်အားကို အားကိုးကာ ရထားပေါ်သို့ အမြန်ဆုံး တိုးဝှေ့တက်နိုင်ခဲ့ကြ၏။

ချိုက်မင်မင်သည် ချန်ချင်းယွီလောက် ခွန်အားမကြီးသော်လည်း အမျိုးသမီးတစ်ဦးအတွက်မူ အရပ်အမောင်း မြင့်မားထွားကျိုင်းပြီး လယ်ယာလုပ်ငန်းများ လုပ်ကိုင်ခဲ့ဖူးသူဖြစ်သဖြင့် မြို့ပြရှိ အမျိုးသားအများစုထက်ပင် သန်မာပေသည်။

ဤအချက်ကို အခွင့်ကောင်းယူကာ သူမတို့နှစ်ဦးသည် အစောဆုံး ရထားပေါ်ရောက်သူများထဲတွင် ပါဝင်ခဲ့ပြီး မိမိတို့၏ ထိုင်ခုံနေရာများကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့ကြသည်။

သို့သော်...

ထိုနေရာတွင် အဘွားအိုတစ်ဦးသည် မြေးယောကျာ်းလေးတစ်ဦးကို ပွေ့ချီကာ ထိုင်နေသည်ကို တွေ့လိုက်ရ၏။

ချန်ချင်းယွီ : "ဒီခုံတွေက ကျွန်မတို့ခုံတွေပါ"

ထိုအခါ အဘွားအိုသည် မျက်မှောင်ကုတ်လျက် စူးစူးဝါးဝါး အော်ဟစ်တော့သည်။

"အရင်ထိုင်တဲ့သူ ရတာပဲဟဲ့…နင်က ဘာကောင်မမို့လို့လဲ၊ ငါ့ကို ထခိုင်းရအောင် နင်က ဘာမို့လို့လဲ၊ လူငယ်ဖြစ်ပြီးတော့ ဘာလို့ ဒီလောက် သည်းခံစိတ်မရှိရတာလဲ..နင်က... အား..."

ချန်ချင်းယွီသည် သူမကို မျက်နှာချို သွေးမနေတော့ပေ။ ထိုကဲ့သို့သောသူများနှင့် အကျိုးအကြောင်း ပြောနေ၍ ရမည်မဟုတ်ပေ။

ပြင်ပလောကထဲတွင် ကျင်လည်သည့်အခါ ခွန်အားရှိသူသာ အမှန်တရား ဖြစ်၏။

ချန်ချင်းယွီသည် စကားရှည်မနေတော့ဘဲ အဘွားအို၏ ဘေးမှ လူတစ်ယောက်ကို ကြက်ပေါက်စလေးတစ်ကောင်ကဲ့သို့ အလွယ်တကူ ဆွဲမကာ ဘေးသို့ ဖယ်ထုတ်ပစ်လိုက်သည်။ ထို့နောက် မိမိတို့ခုံကို လုထိုင်ထားသည့် အခြားအမျိုးသားတစ်ဦးကို ကြည့်လိုက်ရာ ထိုသူသည် မာနထောင်လွှားစွာဖြင့်...

"နင်ကောင်မလေး... သတ္တိရှိရင် ငါ့ကိုပါ မကြည့်စမ်း... အားးး..."

ချန်ချင်းယွီသည် ထိုသူကိုပါ အားစိုက်ခြင်းမရှိ အလွယ်တကူ မယူလိုက်ပြီး ဘေးသို့ တွန်းဖယ်ပစ်လိုက်ရာ ထိုသူမှာ လမ်းရှင်းသွားတော့သည်။

"ထိုင်"

ချန်ချင်းယွီ ပြောလိုက်သဖြင့် သူမတို့နှစ်ဦး တိုက်ရိုက် ထိုင်ချလိုက်ကြ၏။

ထိုအခါမှ အဘွားအိုသည် အသိဝင်လာကာ စူးစူးဝါးဝါး အော်ဟစ်လေသည်။

"အားးး... နင်တို့လို အသည်းနှလုံးမရှိတဲ့ ကောင်မတွေ… သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေကို ငဲ့ညှာရကောင်းမှန်း မသိကြဘူးလား၊ ဘာကြင်နာသနားစိတ်မှ မရှိကြဘူး"

ချိုက်မင်မင်သည် ခါးထောက်ကာ ပြန်လည်ဆဲရေးတိုင်းထွာလေ၏။

"ကြင်နာသနားစိတ် ဟုတ်လား…နင် ရူးနေတာလား၊ နင်က ဘာကောင်မမို့လို့လဲ… သူများခုံကို လုထိုင်ထားပြီးတော့ အခုမှ လာပြီး စကားနာထိုးနေတယ်၊ ငါတို့ကို အနိုင်ကျင့်ရလွယ်တယ် ထင်နေလား… ငါပြောလိုက်မယ်၊ ငါတို့ မိန်းမသားနှစ်ယောက်တည်း အပြင်ထွက်ရဲတာ အကြောင်းရှိလို့ဟဲ့… နင့်လို အသက်ကြီးတာကို အခွင့်ကောင်းယူပြီး ဆရာကြီးလုပ်ချင်တဲ့ အဘွားအိုစုတ်တွေကို ငါ အများကြီး တွေ့ဖူးပြီးပြီ… နင့်မိသားစုကတော့ နင့်အလိုကို လိုက်ချင်လိုက်မယ်၊ ငါတို့ ပြင်ပလူတွေကတော့ အလိုမလိုက်နိုင်ဘူး၊ နင် ထပ်ပြီး လူပါးဝနေရင် နင့်ကို ရိုက်သတ်ပစ်မယ်… ငါတို့ကို အနိုင်ကျင့်ဖို့ လာမစဉ်းစားနဲ့၊ ငါတို့က မကြောက်ဘူး"

အဘွားအိုမှာ တုန်တုန်ယင်ယင်ဖြင့် "နင်... နင်... နင်တို့..." ဟုသာ ဆိုနိုင်သည်။

သူမသည် ဤဗျူဟာကို အမြဲသုံးလေ့ရှိရာ အမျိုးသားများပင်လျှင် သူမနှင့် စကားများရန် ရှက်ရွံ့တတ်ကြသဖြင့် အမျိုးသမီးများဆိုလျှင် ပို၍ပင် မပြောဘဲ နေတတ်ကြ၏။ လူတိုင်းသည် ပြင်ပသို့ ရောက်သည့်အခါ စကားများရန် မျက်နှာပူတတ်ကြသည် မဟုတ်လော့…ဤနည်းလမ်းသည် များသောအားဖြင့် အောင်မြင်လေ့ရှိသော်လည်း ယခုလူများမှာ ဤမျှအထိ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။

"နင်တို့ ကောင်မစုတ်နှစ်ယောက်... နင်တို့..."

"နင်ကမှ ကောင်မစုတ်၊ နင့်တစ်မိသားစုလုံး ကောင်မစုတ်တွေ… မြေကြီးထဲ ခြေတစ်ဖက်လှမ်းနေပြီဖြစ်တဲ့ အဘွားကြီးက လူလိုသူလို မနေတတ်ဘူး၊ ဘာလဲ... ငါတို့က နင့်

အဖေ၊ အမေကျလို့ထင်နေလား၊ နင့်ကို အလိုလိုရအောင် နင်ကဘာမို့လို့လဲ အဘွားကြီးစုတ်ရဲ့”

ချိုက်မင်မင် အော်ဟစ်လိုက်၏။

ချန်ချင်းယွီ လက်ဦးမှုယူပြီး လှုပ်ရှားလိုက်စဉ် သူမမှာ ဘာမျှမတုံ့ပြန်နိုင်ခဲ့ဘဲ ယခုမှသာ သူမ အလှည့် ရောက်တော့သည်။

သူမသည် ကျေးလက်တောရွာရှိ အမျိုးသမီးများထံမှ ဆဲရေးနည်းမျိုးစုံကို သင်ယူခဲ့ဖူးသဖြင့် မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်း မရှိပေ။

ထိုစဉ် အမျိုးသားတစ်ဦးမှာ လက်သီးလက်မောင်းတန်းလျက် ရန်မူရန် ပြေးဝင်လာ၏။

"နင်တို့က ငါ့ကို တွန်းရဲတယ်ပေါ့လေ၊ ငါ နင်တို့ကို နာနာကျင်ကျင်... "

သူ၏ လက်သီး မကျရောက်မီမှာပင် ချန်ချင်းယွီ မိမိခွန်အား၏ ထက်ဝက်မျှဖြင့်သာ ကန်ထုတ်လိုက်ရာ...

"အားးး..."

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် နောက်သို့ လွင့်ထွက်သွားပြီး ခုနစ်မီတာ၊ ရှစ်မီတာခန့် လိမ့်ကာ ရထားတွဲနှစ်ခု၏ အကူးအဆက်နေရာသို့ ပြုတ်ကျသွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် လူတိုင်းမှာ ရထားပေါ်သို့ အပြေးအလွှား တက်နေကြရချိန်ဖြစ်ပြီး ရထားဝန်ထမ်း၏ အကူအညီဖြင့် လူဖြတ်သန်းရန် လမ်းကျဉ်းလေးတစ်ခု ရှင်းလင်းထားသဖြင့်သာ တော်တော့၏။ သို့မဟုတ်ပါက အခြားလူအများအပြားကိုပါ တိုက်မိ လဲကျစေနိုင်ပေသည်။

ထိုဖြစ်ရပ်မှာ မည်သို့ဖြစ်ပျက်သွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြဘဲ လူအများမှာဘေးမှ ဖြတ်သန်းသွားလာနေကြဆဲပင်။

အဘွားအိုသည် အစပိုင်းတွင် ဆက်လက်ဆဲဆိုရန် ပြင်နေသော်လည်း အရပ်ခြောက်ပေကျော်မြင့်သည့် သန်သန်မာမာ အမျိုးသားကြီးတစ်ဦး ဤကဲ့သို့ လွင့်ထွက်သွားသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးထွက်သွားတော့သည်။ သူမသည် ချက်ချင်းပင် ဟန်မပျက် ရယ်မောလိုက်ပြီး မြေးဖြစ်သူကို ဆွဲကာ ဘာမှမပြောတော့ဘဲ အမြန်ဆုံး ထွက်ပြေးသွားလေ၏။

ချန်ချင်းယွီ : "..."

ချိုက်မင်မင် : "..."

စင်စစ်မူ ထိုအသိဉာဏ်ကင်းမဲ့သော အဘွားအိုသည် အခြေအနေကို မသိတတ်သူ မဟုတ်ပေ။ သူမသည် အသက်ကြီးခြင်းကို အခွင့်ကောင်းယူကာ အနိုင်ကျင့်ချင်ရုံသာ ဖြစ်ပြီး ယခုအခါတွင်မူ မိမိထက် သာလွန်သူနှင့် တည့်တည့်တိုးသွားခြင်း ဖြစ်သည်။

ကြည့်ပါဦး၊ သူမကတော့ လူတကာထက်တောင် ပိုမြန်မြန်ပြေးသွားခဲ့ပြီ မဟုတ်လား…

ထိုထွားကျိုင်းသောအမျိုးသားကြီးပင်လျှင် အခြေအနေကို ရိပ်မိသွားသည်။ မိမိကဲ့သို့ လူမျိုးကို ဤမျှအထိ လွယ်လွယ်ကူကူနှင့် အဝေးသို့ လွင့်ထွက်သွားအောင် ကန်နိုင်သည်ဆိုပါက ထိုမိန်းကလေး၏ ခွန်အားမှာ သာမန်မဟုတ်သည်ကို သိရှိသွားခြင်း ဖြစ်၏။

လူတိုင်းတွင် မိမိကိုယ်ကိုယ် ကာကွယ်လိုစိတ် ရှိကြသည်ဖြစ်ရာ သူသည်လည်း နာကျင်မှုကြားမှ ရထားတွဲအတွင်းမှ ထွက်ခွာနိုင်ရန် ရုန်းကန်လျက် ထွက်သွားသည်။

ချိုက်မင်မင် ချန်ချင်းယွီကို အံ့သြတုန်လှုပ်စွာဖြင့် ကြည့်လိုက်ရာ ချန်ချင်းယွီမှာ ခပ်အေးအေးပင် ဆိုလိုက်၏...

"ဒီလိုလူစားမျိုးတွေကို အကျိုးအကြောင်း ပြောနေလို့ မရဘူးလေ"

ချိုက်မင်မင်သည် ထိုစကားကို နားလည်သွားသည်။ အခြေအနေမှာ အိပ်ချင်ယောင်ဆောင်နေသူကို နှိုး၍မရသကဲ့သို့ပင် ဖြစ်၏။ အကယ်၍ တစ်ဖက်လူမှာ ရန်ဖြစ်ရန်သာ သန္နိဋ္ဌာန်ချထားပါက မိမိဘက်မှ မည်မျှပင် အကျိုးအကြောင်းပြပြ ရန်ဖြစ်နေမည်သာ ဖြစ်သည်။ ထို့ကြောင့် လက်တွေ့လှုပ်ရှားလိုက်ခြင်းသာအကောင်းဆုံးဖြစ်ပေသည်။

သို့သော်လည်း လက်တွေ့လှုပ်ရှားသည်ဆိုသည့် စကားလုံးမှာ ချန်ချင်းယွီ၏ ပုံစံနှင့်မူ လုံးဝ အပ်စပ်မှုမရှိသကဲ့သို့ ဖြစ်နေ၏။

ဤသည်မှာ မျှော်လင့်မထားစရာ၊ မယုံနိုင်စရာပင် ဖြစ်နေသည်။

ချိုက်မင်မင် : "နင်က တော်တော်စွမ်းတာပဲ"

ချန်ချင်းယွီ : "ကျွန်မက အမြဲတမ်း စွမ်းပြီးသားပါ"

ထိုအခါ ချိုက်မင်မင်

တဟားဟားရယ်မောရင်း...

"နင်ကလည်း ကြွားလိုက်တာ…စောစောက အရှိန်အဟုန်လေး ကောင်းသွားလို့ ကံကောင်းသွားတာပါအေ"

ချန်ချင်းယွီဘက်မှ စောစော၌ ပညာပြထားခဲ့သဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူများမှာမူ ဘာမှမပြောရဲကြတော့ပေ။ သို့သော် ချိုက်မင်မင်ပြောသကဲ့သို့ အရှိန်အဟုန်ကြောင့် ကံကောင်းသွားခြင်းဖြစ်သည်ဟူသော စကားကိုမူ မည်သူမျှမယုံကြပေ။

အဲ့အမျိုးသားကို ဆွဲမလိုက်တာက သူမ မဟုတ်ဘူးလား…

အဲ့လူကြီးကို ကန်ထုတ်လိုက်တာကကော သူမ မဟုတ်ဘူးလား…

အစ်မကြီးရယ် ယုံအောင်ပြောပါဗျာ…

"ခြေချော်ပြီး ကန်မိတာ" ဆိုသည့်စကားမှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

လုံးဝ မဖြစ်နိုင်ပေ။ ဤသို့တွေးနိုင်သည်မှာ ချိုက်မင်မင်တစ်ယောက်သာ ရှိပေလိမ့်မည်။

ချိုက်မင်မင် ဆက်လက်၍

"နောက်ဆိုရင် ဒီလိုလူစားမျိုးတွေကို ငါ့လက်ထဲသာ အပ်လိုက်စမ်းပါ.. နင်က ဒီလောက် နုနယ်တာ၊ ထိခိုက်မိပါဦးမယ်… ငါတို့တူတူ အပြင်ထွက်လာတာဆိုတော့ ငါက နင့်ကို ကာကွယ်ရမှာပေါ့၊ ငါက ဉာဏ်တော့ သိပ်မကောင်းဘူး၊ ဒါပေမဲ့ ခွန်အားတော့ ရှိပါတယ်"

ချန်ချင်းယွီသည် ချိုက်မင်မင်၏ မျက်နှာကို မယုံကြည်နိုင်သကဲ့သို့ ကြည့်လိုက်ပြီး သူမ တကယ်ပြောနေခြင်း ဟုတ်မဟုတ် အကဲခတ်မိသည်။

သို့သော် သူမ၏ ရိုးသားဖြောင့်မတ်လှသော မျက်ဝန်းများကို ကြည့်ရသည်မှာ... အင်း... သူမကိုယ်တိုင်လည်း ဤအတိုင်း တကယ်ယုံကြည်နေပုံရ၏။

ချန်ချင်းယွီတစ်ယောက် ခေတ္တမျှ ဆွံ့အသွားရသည်။ အမှန်အတိုင်း ပြောရလျှင် မာကျန်းတစ်ယောက် ချိုက်မင်မင်ကို အဘယ်ကြောင့် သဘောကျခဲ့သနည်းဆိုသည်ကို ယခုမှပင် သူမ အနည်းငယ် နားလည်သွားရ၏။

'အင်း... လှည့်ပတ်တွေးတောတတ်ပြီး စိတ်ကူးပွေလီတဲ့လူတွေက ဒီလို ရိုးအေးတဲ့လူမျိုးကို သဘောကျတတ်ကြတာ သဘာဝပဲ'

ချိုက်မင်မင်ကို ကြည့်ရင်း ချန်ချင်းယွီသည် သူမ၏ မျက်ဝန်းများထဲတွင် ကြည်လင်ပြတ်သားမှုနှင့် ရိုးသားဖြူစင်မှုတို့ကို မြင်တွေ့လိုက်ရသည်။

'အင်း... တကယ်ပဲ'

ချန်ချင်းယွီ ပြုံးလိုက်ပြီး

"ကောင်းပါပြီ၊ နောက်ဆိုရင် အစ်မကိုပဲ အားကိုးရတော့မှာပေါ့… ကျွန်မတို့နှစ်ယောက် ပူးပေါင်းပြီး တစ်ယောက်က ဉာဏ်သုံး၊ တစ်ယောက်က လုပ်အားစိုက်တာပေါ့"

ချိုက်မင်မင်မှာလည်း ရွှင်လန်းတက်ကြွစွာဖြင့်...

"အဲဒီအကြံ မဆိုးဘူး၊ ငါ့အဖေက အမြဲပြောတယ်၊ ငါက ဉာဏ်အကောင်းဆုံးလူ မဟုတ်ပေမဲ့ လူအကဲခတ်တော့ တော်တော်မှန်တယ်တဲ့… နင်က ဉာဏ်ပြေးပြီး လူကောင်းတစ်ယောက်ဆိုတာ ငါသိတာပေါ့၊ စိတ်ချစမ်းပါ၊ ဘယ်ကောင်မဆို လာပြီး လျှာရှည်ရင် အဖေခေါ် အမေခေါ်အော်ငိုအောင် ငါ ရိုက်ပစ်မယ်… ငါတို့တူတူ အပြင်ထွက်လာတာ၊ ဘယ်သူ့ကိုမှ အနိုင်ကျင့်မခံနိုင်ဘူး။"

ဘေးပတ်ဝန်းကျင်မှ စူးစမ်းနားထောင်နေကြသော လူများမှာမူ ပြောစရာ စကားမရှိတော့ဘဲ နားကိုသာ တဖန်ပြန်၍ ကလော်နေမိကြတော့သည်။

တကယ့်ကို မယုံနိုင်စရာပါပဲ… သူမ အမြင်ကတော့ အင်း…

ချန်ချင်းယွီသည် မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။မိမိတို့နောက် ကပ်လိုက်လာသည့် အမြီးသုံးချောင်းကို မြင်ရမလားဟု ရှာဖွေခြင်း ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် ချန်ချင်းယွီသည် မိမိ၏ ခွန်အားအချို့ကို ထုတ်ပြရန် အစီအစဉ်ရှိသဖြင့် အမြင်ခံရမည်ကို မကြောက်ပေ။

သို့သော်လည်း ပတ်ဝန်းကျင်ကို ရှာဖွေကြည့်ရာတွင်မူ ထိုအမြီးများကို မတွေ့ရသေးပေ။

ချန်ချင်းယွီ တိုးတိုးလေး ကပ်ပြောလိုက်ကာ

"ဟေး... ဘယ်သူမှ ရထားပေါ် တက်မလာသေးဘူး"

ချိုက်မင်မင် အံ့သြတကြီးဖြင့်

"ဘာ... သူတို့က ဒီလောက်တောင် ညံ့တာလား"

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်၏။ မှန်ပေသည်၊ သူတို့ တကယ်ပင် ညံ့ဖျင်းကြသည်။

ချိုက်မင်မင်သည် ချက်ချင်းပင် ပြတင်းပေါက်မှ ခေါင်းပြူ၍ ငုံ့ကြည့်လိုက်ရာ ယွမ်ဟောက်ဖုန်းနှင့် ရှီရှောင်ဝေတို့မှာ အသားပြားလေးများကဲ့သို့ လူအုပ်ကြားထဲတွင် ကြပ်ညှပ်နေပြီး ရထားပေါ်သို့ပင် မတက်နိုင်ကြသေးသည်ကို တွေ့ရသည်။ ပို၍ လှမ်းကြည့်လိုက်သောအခါ ဝမ်ကျန့်ကော်နှင့် သူ၏ အဖော်နှစ်ဦးမှာလည်း လူအုပ်ကြားထဲတွင် အတင်းတိုးဝှေ့နေရဆဲ ဖြစ်၏။

မိမိတို့မှာ ရထားပေါ်ပင် ရောက်ရှိကာ ရန်ပွဲကိုပင် ရှင်းလင်းပြီးသွားပြီဖြစ်သော်လည်း ထိုသူများမှာ ရထားပေါ်သို့ပင် မတက်နိုင်ကြသေးပေ။

တကယ်ကို အသုံးမကျလိုက်ကြတာ… ယောကျာ်းတွေများနော်…

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် တစ်ပြိုင်နက်တည်း နှာခေါင်းရှုံ့လိုက်ကြသည်။

အသုံးမကျတဲ့ ယောကျာ်းဖျင်းတွေပဲ…

မှောင်ခိုဈေးမှ လူစုမှာမူ အောက်တွင် ရှိမနေကြသော်လည်း ရထားတွဲအတွင်း၌လည်း အသံမကြားရသဖြင့် အခြားရထားတွဲတစ်ခုခုမှ တက်လာကြခြင်း ဖြစ်နိုင်ပေသည်။

ချိုက်မင်မင် : "ဟေး... သူတို့က ငါတို့နောက်မှ လက်မှတ်ဝယ်တာ မဟုတ်လား"

ချန်ချင်းယွီ : "သေချာတာပေါ့"

ထိုလူများသည် မိမိတို့နောက်သို့ ခြေရာခံလိုက်လိုကြသဖြင့် မိမိတို့ လက်မှတ်ဝယ်ပြီးသည်အထိ စောင့်ဆိုင်းပြီးမှသာ လှုပ်ရှားကြရမည်မှာ ဓမ္မတာပင်…

ထိုအခါ ချိုက်မင်မင်မှာ

"လက်မှတ်ရောင်းတဲ့သူက ပြောတယ်၊ ငါတို့က နောက်ဆုံးကျန်တဲ့ ထိုင်ခုံလက်မှတ် နှစ်စောင်ကို ကံကောင်းလို့ ရခဲ့တာတဲ့၊ ဒါဆို သူတို့က ထိုင်ခုံမရကြဘူးပေါ့၊ ဟီးဟီး... ဝမ်းသာစရာကြီး”

ချန်ချင်းယွီလည်း တဟီးဟီးရယ်မောရင်း

"ကျွန်မတို့နောက်ကို လိုက်ချင်ဦးလေ၊ ခံရတာ တန်ပါတယ်"

"ဟေး... ဒီရထားက အရင်တစ်ခေါက် ရထားထက် လူတွေ ပိုများနေတယ်လို့ နင်မထင်ဘူးလား၊ အထူးသဖြင့် ဒီရထားတွဲထဲမှာလေ"

ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း ပတ်ဝန်းကျင်ကို စူးစမ်းစွာ ကြည့်ရှုမိ၏။ အချို့လူများမှာ အထုပ်အပိုးကြီးများကို သယ်ဆောင်လာကြသည်ကို တွေ့ရသည်။

'ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒက လူအချို့အပေါ် တကယ်ပဲ သက်ရောက်မှု ရှိနေပြီ ထင်တယ်'

ဤသည်မှာ လူများပြင်ပသို့ ပထမဆုံးအကြိမ် ထွက်ခွာ၍ အလုပ်လုပ်ကိုင်ကြသည့် ကာလဦးပိုင်း ဖြစ်နိုင်ပေသည်။

သူတို့ အိမ်တွင် ရှိစဉ် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒသည် မိမိတို့အပေါ် မည်မျှ သက်ရောက်မှုရှိသည်၊ သို့မဟုတ် ပြင်ပကမ္ဘာကြီး မည်မျှ ပြောင်းလဲနေသည်ကို သတိမပြုမိခဲ့ကြပေ။ လူတိုင်းသည် မိမိတို့ဘဝကို ပုံမှန်အတိုင်းသာ ဖြတ်သန်းနေကြပြီး ဤပေါ်လစီကြောင့် ဈေးသည်များ ပိုမိုများပြားလာကာ ပစ္စည်းဝယ်ယူရသည်မှာ အနည်းငယ် ပိုမိုအဆင်ပြေလာသည်ဟူ၍သာ ခံစားခဲ့ကြရ၏။ အခြားအရာများကိုမူ သတိမထားမိခဲ့ကြပေ။ သို့သော် ပြင်ပသို့ ရောက်ရှိလာချိန်၊ အထူးသဖြင့် ရထားစီးသည့်အခါ၊ နိုင်ငံအနှံ့အပြားမှ လူမျိုးစုံကို တွေ့မြင်ရသောအခါမှသာ ပေါ်လစီကြောင့် ပြောင်းလဲလာသည့် ခြားနားချက်များကို ချက်ချင်းပင် ခံစားမိကြတော့သည်။

ထို့အပြင် မရိုးသားသော ရည်ရွယ်ချက်ရှိသူများစွာ ရှိနေသည်ကိုလည်း ထင်ရှားစွာ တွေ့မြင်နိုင်ပေ၏။

သို့တိုင် ဤရထားကြီးမှာ ကြပ်ညပ်နေသော်လည်း ကြီးမားသော ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပေ။ မတ်လလယ်ပိုင်း ဖြစ်သော်လည်း လူများလွန်းသဖြင့် တိုးဝှေ့ရင်း ချွေးများပင် ထွက်လာကြရသည်။ ရထားတွဲအတွင်း လေထုမှာ အလွန်မွန်းကျပ်လွန်းသဖြင့် အသက်ရှူရန်ပင် ခက်ခဲနေရရာ မည်သူ ပြဿနာရှာချင်မည်နည်း။

ရထားကြီး ဘူတာတွင် ဆိုက်ရောက်ရပ်နားလိုက်သည့် အချိန်ကျမှသာ လူတိုင်းသည် အသက်ပြန်သွင်းခံလိုက်ရသကဲ့သို့ ခံစားသွားရသည်။ သူတို့သည် ရထားပေါ်တက်စဉ်ထက်ပင် ပိုမိုတက်ကြွစွာဖြင့် ရထားပေါ်မှ အလုအယက် ဆင်းကြ၏။

ရထားအဆင်းအတက်မှာ လူအလွန်ကြပ်ညှပ်လှသဖြင့် တကယ့်ကို ရုန်းရင်းဆန်ခတ် ဖြစ်နေပေသည်။

ချန်ချင်းယွီသည် ပြတင်းပေါက်ကို အတတ်နိုင်ဆုံး ကျယ်ကျယ်ဖွင့်လိုက်ပြီး...

"ကျွန်မတို့ ပြတင်းပေါက်ကနေပဲ ခုန်ဆင်းကြရအောင်”

ချိုက်မင်မင် အံ့ဩသင့်သွားကာ

"ဟင်... ဘာကြီးလဲ"

ချန်ချင်းယွီ : "ဘာ 'ဟင်' နေတာလဲ။ ကျွန်မ အရင်ဆင်းမယ်၊ ပြီးမှ အစ်မကို လှမ်းဆွဲပေးမယ်"

ဤသည်မှာ ချန်ချင်းယွီတစ်ယောက် ပုံမှန်မဟုတ်သော အပြုအမူကို လုပ်ဆောင်ခြင်း မဟုတ်ဘဲ... အမှန်တကယ်ပင် လူအများအပြားမှာ ပြတင်းပေါက်များမှ ခုန်ဆင်းနေကြခြင်း ဖြစ်သည်။ ဤသည်မှာ ထိုခေတ်ကာလ၏ ထူးခြားချက်တစ်ခုပင် ဖြစ်၏။ လူဦးရေ အလွန်များပြားလှသဖြင့် ရထားအဆင်းအတက်တွင် ပြတင်းပေါက်များကိုပါ အသုံးပြုနေကြရခြင်း ဖြစ်သည်။ ခက်ခဲလှသော်လည်း ဤသည်မှာ လမ်းတစ်ခု ဖြစ်နေ၏။

ချန်ချင်းယွီသည် သေးသွယ်သော ကိုယ်ဟန်ရှိသဖြင့် ပြတင်းပေါက်မှ လွယ်ကူစွာ ခုန်ဆင်းနိုင်ခဲ့သော်လည်း ချိုက်မင်မင်အတွက်မူ အနည်းငယ် ရုန်းကန်ရသည်။ ကံကောင်းသည်မှာ ဤရှေးဟောင်းရထားများ၏ ပြတင်းပေါက်များကို အလွန်ကျယ်ဝန်းစွာ ဖွင့်နိုင်ခြင်းပင်~~ ချိုက်မင်မင်သည် အစွမ်းကုန် တိုးဝှေ့ထွက်လာပြီး ချန်ချင်းယွီသည်လည်း ပြင်ပမှနေ၍ အားကုန် ဆွဲချပေးလိုက်ရာ ချိုက်မင်မင်၏ မျက်နှာမှာ နီမြန်းသွားပြီး... နောက်ဆုံးတွင် သူမ ထွက်လာနိုင်ခဲ့၏။

ချန်ချင်းယွီ အောက်မှနေ၍ ချိုက်မင်မင်ကို လှမ်းဆွဲချပေးလိုက်သဖြင့် သူမသည် ဘေးကင်းစွာဖြင့် မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ချန်ချင်းယွီသည် ရထားကြီးကို လှည့်ကြည့်လိုက်ရာ မိမိတို့နောက်မှ မည်သူမျှ လိုက်ပါဆင်းသက်လာခြင်း မရှိသေးသည်ကို တွေ့ရသဖြင့်...

"ကဲ... သွားကြစို့"

ချိုက်မင်မင်သည် ချန်ချင်းယွီတစ်ယောက် မိမိတို့နောက်မှ ကပ်လိုက်လာသည့် နောက်မြီးဆွဲများကို ဖြတ်ထုတ်ပစ်တော့မည်ကို ရိပ်မိလိုက်သဖြင့် စကားတစ်ခွန်းမျှ မဆိုတော့ကာ သူမတို့နှစ်ဦး ချက်ချင်းပင် ထွက်ခွာခဲ့ကြသည်။ တစ်ယောက်လျှင် ကျောပိုးအိတ်တစ်လုံးစီသာ ပါရှိပြီး ကြီးမားသောအထုပ်အပိုးများ မရှိသဖြင့် ပေါ့ပါးသွက်လက်လှရာ မျက်စိတစ်မှိတ်အတွင်းမှာပင် လူရိပ်ပျောက်သွား၏။

"ဟာ... ဘယ်လိုလုပ်ကြမလဲ၊ဘယ်လိုလုပ်ကြမလဲ၊ မုဆိုးမလေးတွေ... မုဆိုးမလေးတွေ ရထားပေါ်က ဆင်းသွားပြီကွ…မြန်မြန်လုပ်ကြစမ်းပါ..."

ရှီရှောင်ဝေ ပျာပျာသလဲ အော်ဟစ်လိုက်၏။

ယွမ်ဟောက်ဖုန်းမှာမူ ပို၍ပင် စိတ်လောနေရှာသည်။ သူတို့သည် ချန်ချင်းယွီနောက်သို့ ခြေရာခံလိုက်လိုကြသော်လည်း မိမိတို့ ရထားပေါ်မှ မဆင်းရသေးမီမှာပင် သူမတို့မှာ ပျောက်ကွယ်သွားခဲ့လေပြီ….

"မြန်မြန်လုပ်ပါဗျာ… မြန်မြန်လုပ်ကြပါ၊ ကျွန်တော်တို့ အလျင်လိုနေလို့ပါ"

ရှေ့မှလူများလည်း မကျေမနပ်ဖြစ်ကာ ပြန်လည်အော်ငေါက်တော့သည်။

"ဘာတွေ လာအော်နေတာလဲ၊ ဘယ်သူကကော အလျင်မလိုလို့လဲ၊ရှေ့ကလူတွေက မရွေ့တာကို ငါက ဘာလုပ်ရမလဲ”

ရှီရှောင်ဝေ : "သူတို့က ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ… အော်... ငါသိပြီ၊ သူတို့ ပြတင်းပေါက်ကနေ ခုန်ဆင်းသွားတာပဲ၊ ငါတို့လည်း ပြတင်းပေါက်ကနေပဲ ခုန်ဆင်းရအောင်... ဟာ..."

သို့သော် သူတို့သည် လူအုပ်ကြီးကြားထဲတွင် ရှေ့တိုးမရ နောက်ဆုတ်မရ ညှပ်ပိတ်နေကြပြီ ဖြစ်၏။

ပြတင်းပေါက်က ခုန်ဆင်းမယ်ဟုတ်လား…

ထိုသို့လုပ်ရန်အတွက်ပင် တန်းစီစောင့်ဆိုင်းရဦးမည် မဟုတ်ပါလော့

"အားးး..."

သူတို့၏ အော်ဟစ်သံများကြောင့် ဘေးလူများပါ စိတ်ပျက်လက်ပျက် ဖြစ်လာကြသည်။

"မအော်နဲ့ဗျာ…ဘာတွေ လာအော်နေတာလဲ၊ လူတိုင်း အလျင်လိုနေတာပဲ”

"ဟုတ်ပ စိတ်အနှောင့်အယှက် ဖြစ်စရာကြီး..."

"လူက ဒီလောက်များနေတာကို ဘာလုပ်လို့ရမှာလဲ..."

လူတိုင်း တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြသဖြင့် ယွမ်ဟောက်ဖုန်းမှာ စိတ်ပူလွန်း၍ ရူးမတတ် ဖြစ်နေရသော်လည်း ဘာမျှတတ်နိုင်ခြင်း မရှိပေ။ ကျန်သည့်လူနှစ်ယောက်မှာလည်း ထိုနည်းတူပင် သောကရောက်နေကြသည်။ ထိုမုဆိုးမလေးနှင့် သူမ၏ အဖော်ဖြစ်သူတို့ ပြတင်းပေါက်မှ ခုန်ဆင်းလိမ့်မည်ဟု မည်သူမျှ တွေးမထားခဲ့ကြပေ။ လူတိုင်း ထိုမိန်းကလေးနှစ်ဦးသည် ထိုင်ခုံမရသဖြင့် တန်းစီသည့်နေရာ၏ အရှေ့ဆုံးတွင် ရှိနေသောကြောင့် ရထားပေါ်မှ စောစောဆင်းနိုင်မည်ဖြစ်ရာ မိမိတို့မှာ နောက်မှ အေးအေးဆေးဆေး လိုက်သွားရုံသာဟု ထင်မှတ်ထားခဲ့ကြ၏။

သို့သော် မည်သူ ထင်မှတ်ထားမည်နည်း~~

'တောက်... မိန်းမနှစ်ယောက်က ပြတင်းပေါက်ကနေ ခုန်ဆင်းသွားတယ်ရယ်လို့… သူတို့မှာ မိန်းမသားယဉ်ကျေးမှုဆိုတာ လုံးဝမရှိကြဘူးလား…'

"သူတို့ လူရိပ်ပျောက်သွားပြီ…အခု ဘယ်လိုလုပ်ကြမလဲ၊ တောက်... အဲဒီကောင်မနှစ်ယောက်က တကယ့်ကို အပြေးမြန်တာပဲ..."

"ရှေ့ကလူတွေ... မြန်မြန်လုပ်ပေးကြပါဗျာ”

အခြားသူများ တွန့်ဆုတ်နေကြစဉ် ဆိုးသွမ်းလှသော မှောင်ခိုသမားအချို့မှာမူ ကြမ်းတမ်းစွာ ဆဲရေးတိုင်းထွာတော့သည်။

"လမ်းဖယ်ကြစမ်း၊ ငါတို့ကို အရင်ပေးသွား… မြန်မြန်လုပ်၊ မဟုတ်ရင် လက်ပါရလိမ့်မယ်..."

သူတို့သည်လည်း ပြတင်းပေါက်မှ ဆင်းချင်ကြသော်လည်း အရွယ်ရောက်ပြီးသား အမျိုးသားကြီးများဖြစ်သဖြင့် တိုးဝှေ့ထွက်ရန် မလွယ်ကူလှပေ။

အမျိုးသမီးဖြစ်သော ချိုက်မင်မင်ပင်လျှင် ပြတင်းပေါက်မှ ဆင်းရန် ရုန်းကန်ခဲ့ရသည်ဖြစ်၍ ထိုအမျိုးသားကြီးများအတွက်မူ ပို၍ပင် မဖြစ်နိုင်ပေ။ လူတိုင်း ရထားပေါ်မှ ဆင်းနိုင်ရန် အတင်းအဓမ္မ တိုးဝှေ့နေကြရပြီး ထွားကျိုင်းသော လူအချို့မှာ တွန်းထိုးရိုက်နှက်ရင်း လမ်းဖောက်ခဲ့ကြသည်။ ခရီးသွားသည့်အခါ ရန်လိုတတ်သူများကို မည်သူမျှ မပတ်သက်ချင်ကြသဖြင့် လမ်းဖယ်ပေးတတ်ကြသည်သာ… သူတို့ ရထားပေါ်မှ ဆင်းနိုင်ခဲ့ကြချိန်တွင်မူ မုဆိုးမလေးနှင့် သူမ၏အဖော်ကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ပေ။

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် လူအုပ်ကြီးနှင့်အတူ ဘူတာရုံပြင်ပသို့ လျင်မြန်စွာ ထွက်ခွာခဲ့ကြပြီး ဘယ်နေရာမှာမှ ရပ်တန့်ခြင်းမရှိဘဲ လမ်းကွေ့တစ်ခုသို့ ရောက်သည်နှင့် အားကုန်ပြေးကြလေ၏။ သူမတို့၏ အရှိန်မှာ အလွန်မြန်ဆန်လှသဖြင့် အခြားသူများ ရထားပေါ်မှပင် မဆင်းနိုင်ကြသေးမီမှာပင် သူမတို့မှာ ဘူတာရုံပြင်ပသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် ပထမဆုံးအကြိမ် ခရီးထွက်ဖူးခြင်း မဟုတ်သဖြင့် အခြားသူများထက် အတွေ့အကြုံ ပိုမိုများပြားကြသည်။ ဘူတာရုံကွင်းပြင်ရှိ ဈေးသည်များ၊ ပွဲစားများကို ဂရုမစိုက်ဘဲ အပြေးနှင်ခဲ့ကြရာ ကံကောင်းထောက်မစွာဖြင့် သူမတို့စီးမည့် ဘတ်စ်ကားကြီးမှာလည်း ကွက်တိ ဆိုက်ရောက်လာခဲ့၏။ ထို့ကြောင့် သူမတို့နှစ်ဦး လျင်မြန်စွာ ကားပေါ်သို့ တက်ခဲ့ကြသည်။

ဘတ်စ်ကားကြီးသည် ရထားဘူတာရုံမှ တရွေ့ရွေ့ ထွက်ခွာလာသောအခါ ချန်ချင်းယွီသည် ပြတင်းပေါက်မှ မျှော်ကြည့်လိုက်သော်လည်း နောက်မှ လိုက်လံခြေရာခံလာသူ တစ်ဦးမျှ မရှိသည်ကို တွေ့ရ၏။

'အင်း... ခရီးသွားတယ်ဆိုတာ ဒီလိုပဲ၊လက်ဦးမှုယူပြီး သွက်သွက်လက်လက် လှုပ်ရှားနိုင်မှပဲ အရာရာ အဆင်ပြေတာ…’

ကားပြတင်းပေါက်များမှာ တဂျောက်ဂျောက်မြည်ကာ ပွင့်ဟနေသည်။ ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် ယခုတစ်ခေါက်တွင် အခြားနေရာများသို့ မသွားဘဲ ယခင်တည်းခိုခဲ့ဖူးသည့် တည်းခိုခန်းသို့သာ တန်းတန်းမတ်မတ် ဦးတည်ခဲ့ကြ၏။ မိမိတို့ဆင်းရမည့် မှတ်တိုင်သို့ ရောက်ရှိသောအခါမှသာ သူမတို့နှစ်ဦးစလုံး စိတ်အေးလက်အေး သက်ပြင်းချနိုင်ကြလေသည်။

ချန်ချင်းယွီသည် လတ်ဆတ်သော လေထုကို ဝဝလင်လင် ရှူရှိုက်လိုက်ပြီး

"နောက်ဆုံးတော့ ရောက်ပြီပေါ့"

ချိုက်မင်မင်မှာလည်း အမောတကောဖြင့်...

"ဟုတ်ပါအေ… ဒီတစ်ခေါက် ရထားစီးရတာ အရင်တစ်ခေါက်ကထက် အဆမတန် ပိုပင်ပန်းတာပဲ”

ချန်ချင်းယွီ ထပ်လောင်းပြောကာ

"ကျွန်မ အထင်တော့ နောက်တစ်ခေါက်ဆိုရင် ဒီထက်ပိုပြီး ပင်ပန်းဦးမှာ"

ထိုအခါ ချိုက်မင်မင်

အံ့သြတုန်လှုပ်သော မျက်ဝန်းများဖြင့်...

"ဟင်... ဘာလို့လဲ"

ချန်ချင်းယွီ :"သေချာတာပေါ့… ရာသီဥတုက တဖြည်းဖြည်းနဲ့ ပိုပူလာတော့မှာလေ၊ ပူအိုက်စွတ်စိုတဲ့ နေ့ရက်တွေမှာ ရထားတွဲထဲမှာ လူတွေနဲ့ အတင်းတိုးဝှေ့ ညှပ်ပိတ်နေရမယ့် အခြေအနေကို တွေးကြည့်ရုံနဲ့တင် ကျွန်မတော့ မခံစားနိုင်တော့ဘူး"

ချိုက်မင်မင်သည် ထိုအခြေအနေကို စိတ်ကူးယဉ်ကြည့်မိရုံမျှဖြင့် ကျောချမ်းသွားရ၏။

သူမသည် အကျီင်္ကော်လံမှ ကြယ်သီးတစ်လုံးကို ဖြုတ်လိုက်ရင်း...

"အခုတောင်မှ ဒီလို ဂွမ်းကပ်အထူကြီး ဝတ်ထားရတာ ငါတော့ တအားပူနေပြီ"

ကွမ်ကျိုးမြို့၏ ရာသီဥတုမှာ ပေကျင်းမြို့နှင့် လုံးဝ ခြားနားလှပေသည်။ ပေကျင်းတွင် နွေဦး၏ အအေးဓာတ် ရှိနေဆဲဖြစ်သဖြင့် ဤကဲ့သို့သော ဂွမ်းကပ်အကျီင်္အထူကြီးများ ဝတ်ဆင်ထားခြင်းမှာ အဆင်ပြေသော်လည်း ယခု ရထားပေါ်မှ ဆင်းလိုက်ချိန်တွင်မူ အပူရှိန်ကို သိသိသာသာ ခံစားလိုက်ရ၏။ အပူချိန်မှာ ၂၀ ဒီဂရီစင်တီဂရိတ်ခန့် ရှိနေနိုင်ပြီး သူမတို့မှာ ဂွမ်းကပ်အင်္ကျီထူကြီးများ ဝတ်ဆင်ထားကြသဖြင့် မည်သို့လျှင် မပူဘဲရှိမည်နည်း။

သို့သော်လည်း မွန်းကျပ်ပြီး အနံ့အသက်ဆိုးလှသည့် ရထားတွဲအတွင်းရှိ အခြေအနေနှင့် နှိုင်းယှဉ်ပါက ယခုအခြေအနေသည် အဆပေါင်းများစွာ သာလွန်ကောင်းမွန်လှပေသည်။

ချန်ချင်းယွီ အချက်ပေးကာ

"ကဲ... သွားကြစို့"

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် တည်းခိုခန်းသို့ လျင်မြန်စွာ သွားရောက်၍ အခန်းယူလိုက်ကြသည်။ ဤတံခါးဖွင့်မူဝါဒကို ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး သုံးလေးလခန့်သာ ရှိသေးသော်လည်း ကွမ်ကျိုးမြို့ကြီးမှာမူ အလွန်ပင် စည်ကား တက်ကြွနေခဲ့ပြီ ဖြစ်၏။ တည်းခိုခန်းမှ ဝန်ထမ်းများပင်လျှင် နယ်ဝေးမှ ကုန်ပစ္စည်းလာရောက်ဝယ်ယူကြသူများကို မြင်တွေ့ရသည်မှာ ယဉ်ပါးနေခဲ့ပြီ ဖြစ်သည်။ သူမတို့ ဂွမ်းကပ်အင်္ကျီထူကြီးများ ဝတ်ဆင်ထားသည်ကို မြင်သောအခါ နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်ရုံမျှမှတစ်ပါး တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုခြင်း မရှိကြပေ။

သူမတို့နှစ်ဦးသည် အခန်းသို့ ရောက်ရှိပြီးနောက် ခရီးဆောင်အိတ်များကို ချကာ ရေချိုးခန်း ဆေးကြောရာနေရာသို့ ဦးတည်သွားကြ၏။

ချန်ချင်းယွီ : "ခဏနေရင် လက်ကားဈေးဘက် သွားပြီး လဲဝတ်ဖို့ လက်တိုအင်္ကျီ နှစ်ထည်လောက် ဝယ်ကြရအောင်… မတ်လလယ်ကြီးမှာ ဒီလောက်တောင် ပူလိမ့်မယ်လို့ မထင်ထားမိဘူး"

ချိုက်မင်မင် : "လက်တိုအင်္ကျီဆိုရင် နည်းနည်း အေးနေဦးမလားမသိဘူးနော်"

"ဒါဆိုရင်လည်း လက်ရှည်အင်္ကျီပဲ ဝယ်တာပေါ့… ဘာပဲဖြစ်ဖြစ် ဒီဂွမ်းကပ်အင်္ကျီကြီးကိုတော့ ဆက်ဝတ်ထားလို့ မဖြစ်တော့ဘူး၊ ကြည့်စမ်း... ကျွန်မမှာ ချွေးတွေ ရွှဲနေပြီ"

"ငါလည်း အတူတူပဲ၊ အမလေး... တကယ်ပဲနော်၊ အပြင်မထွက်ဖူးရင် ရာသီဥတုက ဒီလောက်အပြောင်းအလဲကြီးတယ်ဆိုတာ သိမှာမဟုတ်ဘူး.. ငါတို့ရွာကလူတွေဆို ရွာပြင်တောင် မထွက်ဖူးကြဘူး၊ အခု ငါက ကွမ်ကျိုးအထိ ရောက်လာနိုင်ပြီဆိုတော့ ငါကိုယ်ငါ တော်တော်လေး စွမ်းတယ်လို့ ထင်မိတယ်"

ချိုက်မင်မင် မြူးတူးစွာ ပြောလိုက်ရာ ချန်ချင်းယွီလည်း လိုက်၍ ရယ်မောမိလေ၏။

"ဒါနဲ့... ဟိုလူတွေ ငါတို့ကို လိုက်မမီတော့ရင် ဘာဆက်လုပ်ကြမလဲ"

ချိုက်မင်မင်သည် ကျန်ခဲ့သည့်လူများ၏ အခြေအနေကို စူးစမ်းချင်စိတ် ပေါ်လာမိသည်။ ဤမျှလွယ်လွယ်ကူကူနှင့် အမြီးဖြတ်နိုင်ခဲ့သည်ကို တွေးမိပြီး သူမ မအောင့်နိုင်ဘဲ တဟီးဟီး ရယ်မိ၏။

'သူတို့က ငါတို့နောက်ကို လိုက်ချင်သေးတယ် ဟုတ်လား… လိုက်ပေါ့... ငါ့ဖင်ပဲ လိုက်လို့ရတော့မယ်၊ သူတို့ ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့'

ချန်ချင်းယွီ : "သူတို့လား... အခြေအနေပေါ်ပဲ မူတည်လိမ့်မယ်၊ အေးအေးဆေးဆေး တည်းခိုခန်းတစ်ခုခုမှာ တည်းရင်တော့ ပြဿနာမရှိပါဘူး… ဒါပေမဲ့ အသိဉာဏ်မရှိဘဲ ဘူတာရုံက ပွဲစားတွေရဲ့ စကားကို နားယောင်မိရင်တော့ ပြောရခက်ပြီ၊ ပိုက်ဆံတွေ အကုန်အလိမ်ခံရဖို့ပဲ ရှိတယ်၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တို့တွေက ဒီကို ပစ္စည်းယူဖို့နဲ့ ပိုက်ဆံရှာဖို့ လာတာလေ… သူတို့ဘာလုပ်လုပ် ကျွန်မတို့နဲ့မဆိုင်ဘူး၊ ကျွန်မတို့ရဲ့ အစီအစဉ်တွေကို သူတို့ကြောင့် အပျက်ခံလို့ မဖြစ်ဘူး"

"အင်း... ဟုတ်တယ်"

ကွမ်ကျိုးမြို့ကြီးမှာ ဤမျှအကျယ်ကြီးဖြစ်ရာ အပြင်ထွက်သည့်အခါ ပြန်ဆုံချင်မှလည်း ဆုံကြမည်ဖြစ်သဖြင့် မိမိတို့အလုပ်ကိုသာ အာရုံစိုက်ခြင်းမှာ ပို၍ ကောင်းပေသည်။

ချန်ချင်းယွီ : "ကျွန်မတော့ ခေါင်းအရင် လျှော်ရမယ်၊ တကိုယ်လုံး ပုပ်စော်နံနေပြီလို့ ခံစားရတယ်"

"နင်ပြောတာ ဟုတ်တယ်အေ"

သူမတို့နှစ်ဦးသည် မိမိတို့နောက်သို့ ကပ်လိုက်လာသည့် ယောကျာ်းဖျင်းအချို့အကြောင်းကို ထပ်မံ၍ အလေးအနက် မပြောကြတော့ပေ။

'ဟားဟား... သူတို့က ဘာကောင်မို့လို့လဲ… ငါတို့ ပိုက်ဆံရှာမယ့်လမ်းကို သူတို့ ဘယ်လိုလုပ် နှောင့်ယှက်နိုင်မှာလဲ၊ အသုံးမကျတဲ့ အမှိုက်တွေမို့လို့ ထည့်ပြောနေဖို့တောင် မတန်ဘူး'

သူမတို့ ထိုသူများကို စာရင်းထဲပင် ထည့်မထားသော်လည်း၊ သူတို့နောက်ကွယ်တွင်မူ လူအုပ်စုအချို့မှာ သူမတို့နှစ်ဦးကို တတွတ်တွတ် ကျိန်ဆဲနေကြသည်ကို သူမတို့ မသိရှာပေ။

ရထားပေါ်မှ အစောဆုံး ဆင်းနိုင်ခဲ့သူများမှာ "ကျားကြီး"ဟု လူသိများသည့် မှောင်ခိုဈေးမှ လူစု ဖြစ်သည်။

မှောင်ခိုဈေးမှ စီးပွားရေးသမားများသည် သတ္တိဗျတ္တိကို အရင်းတည်ကြသူများဖြစ်ရာ သူတို့၏ အမည်ပြောင်များကို ကျားကြီး၊ သစ်ကုလားအုတ် သို့မဟုတ် ကျားသစ် ဟု ပေးလေ့ရှိကြ၏။

မည်သို့ပင်ဖြစ်စေ ယခု မုတ်ဆိတ်ဗရဗြစ်နှင့် လူကြီးကိုမူ ကျားကြီးဟု ခေါ်ကြသည်။ ကျားကြီးသည် ယခုတစ်ခေါက်တွင် တစ်ယောက်တည်း လာခြင်းမဟုတ်ဘဲ နောက်လိုက်သုံးဦး ပါဝင်သဖြင့် စုစုပေါင်း လေးယောက်အုပ်စု ဖြစ်၏။

သူတို့သည် မှောင်ခိုဈေးကွက်တွင် ဆိုင်ခန်းဖွင့်လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်ရာ ဝါရင့်ကုန်သည်များဖြစ်ကြပြီး သတ္တိရှိကာ ပါးနပ်ကြသူများလည်း ဖြစ်သည်။ ယခုတစ်ခေါက်တွင် ကျားကြီး၏ နောက်လိုက်တစ်ဦးသည် သူ၏ အဒေါ်ဖြစ်သူထံမှ သတင်းတစ်ပုဒ်ကို ကြားသိခဲ့ရခြင်း ဖြစ်၏။ သူ၏ အဒေါ်မှာ စက်မှုစက်ရုံအနီးရှိ လမ်းကြားထဲတွင် နေထိုင်သူဖြစ်ပြီး ချန်ချင်းယွီတို့ မိသားစုနှင့် လမ်းကြားတူသော်လည်း အိမ်ရာချင်းမူ မတူပေ။

ချန်ချင်းယွီသည် ဈေးဆိုင်ဖွင့်၍ ပိုက်ဆံအများကြီး ရနေသည်ဟူသော သတင်းမှာ သူတို့ထံသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။

ထို့အပြင် မြို့အရှေ့ပိုင်းတွင် ဂျင်းဘောင်းဘီများကို အလွန်ရောင်းကောင်းအောင် ရောင်းချနေသူတစ်ဦး ရှိသည်ဟု ကြားသိရသဖြင့် ကျားကြီးသည် လူများကိုခေါ်ကာ သွားရောက်စုံစမ်းခဲ့၏။

အမှန်တကယ်ပင် သတင်းမှာ မှန်ကန်နေခဲ့သည်။

ဤမျှ တွက်ခြေကိုက်သည့် စီးပွားရေးမျိုးတွင် မည်သူမဆို ဣေစုရလိုသည်သာ… အထူးသဖြင့် သူတို့သည် မှောင်ခိုဈေးကွက်တွင် အမြဲတမ်း ဆိုင်ဖွင့်နေကြသူများဖြစ်ရာ သာမန်လူများထက် ဉာဏ်ပြေးကြ၏။ ထို့ကြောင့် ထိုလူစုသည် ချန်ချင်းယွီတို့အုပ်စုနောက်သို့ ချက်ချင်း လိုက်ရန် ဆုံးဖြတ်ခဲ့ကြလေသည်။ သူသည် ချန်ချင်းယွီနှင့် ဖက်စပ်လုပ်ကိုင်ရန်ဟူ၍ လုံးဝ မတွေးတောခဲ့ပေ။

သူ့အနေဖြင့် မိန်းမသားများကို အထင်ကြီးခြင်း မရှိလှပေ။

‘သူတို့က ခေတ်ပေါ်ပစ္စည်းတွေကို ကံကောင်းလို့ စောစောစီးစီး ရှာတွေ့သွားတာပဲ ရှိတာ၊ ဘာမှ ထူးခြားတာ မဟုတ်ပါဘူး… စီးပွားရေးလည်း တစ်ခါမှ လုပ်ဖူးတာမဟုတ်တော့ သူတို့ရဲ့ ပစ္စည်းယူတဲ့နေရာကလည်း သိပ်ပြီး အဆင်ပြေမှာ မဟုတ်ဘူး…

ထို့ကြောင့် ကျားကြီးသည် သူမတို့နှင့်အတူ လိုက်ပါလာပြီး ပစ္စည်းပေးမည့် အရင်းအမြစ်ကို ရှာဖွေကာ ဈေးနှုန်းညှိနှိုင်းရန်သာ ရည်ရွယ်ထား၏။

သူသည် မိန်းမများမတတ်နိုင်သည့် ပမာဏထက် များစွာသာလွန်သော ကုန်ပစ္စည်းများကို ဝယ်ယူနိုင်စွမ်း ရှိပေသည်။

သူတို့သည် မှောင်ခိုလောကတွင် ကျင်လည်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ရာ ယွမ်သောင်းချီတန်ဖိုးရှိ ကုန်ပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်ကြ၏။

သာမန်လူဆိုလျှင် ဤမျှအထိ ပိုက်ဆံအမြောက်အမြားကို မည်သူထုတ်ပေးနိုင်မည်နည်း။ ထို့ကြောင့် သူသည် အလွန် ဂုဏ်ယူဝင့်ကြွားနေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တစ်ခါတရံတွင် ချမ်းသာကြွယ်ဝသော မိသားစုမှ သားသမီးများသည် အခြားသူများထက် ခြေတစ်လှမ်း စောနေတတ်သည်ကိုမူ သူ သတိမပြုမိခဲ့ပေ။

ချန်ချင်းယွီကိုယ်တိုင်တွင် ပိုက်ဆံမရှိသော်လည်း သူမ၏ အဘိုးနှင့် အဘွားတို့တွင်မူ သေချာပေါက် ရှိပေသည်။

သူတို့သည် ဤအချက်ကို မသိရှိကြကာ အမျိုးသမီးများကိုသာ အထင်သေးနေခဲ့ကြ၏။

သို့နှင့်... သူတို့ အမျိုးသားလေးယောက်လုံးသည် အမျိုးသမီးနှစ်ဦး၏ နောက်တွင် ပြတ်ကျန်ရစ်ခဲ့ရတော့သည်။

ထိုလူစုသည် ရထားပေါ်မှ ဆင်းဆင်းချင်း ထွက်ပေါက်ဆီသို့ အပြေးအလွှား သွားခဲ့ကြသော်လည်း ဘယ်နေရာမှာမှ သူမတို့၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။

ကျားကြီးသည် ဒေါသအိုးပေါက်ကွဲလေ၏။ ထိုမုဆိုးမလေးနှင့် သူမ၏ အဖော်သည် မိမိတို့ကို တမင်သက်သက် ရှောင်ပြေးသွားခြင်း ဖြစ်သည်ဟု သူ မထင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းကလေးနှစ်ဦးသည် မိမိတို့ကို မသိကြ၍ပင်၊ သို့သော် သူသည် ချဲယုံဖုန်းတို့ ညီအစ်ကိုကိုမူ သိရှိသည်။

မှောင်ခိုဈေးတွင် အရှက်တကွဲ ဖြစ်ခဲ့ဖူးသည့် ထိုညီအစ်ကိုအကြောင်းကို လူတိုင်း သိကြပေ၏။

သူတို့၏ အရှက်ရစရာ ရာဇဝင်မှာ မှောင်ခိုလောကထဲတွင် ပျံ့နှံ့နေဆဲ ဖြစ်သည်။

ထို့ပြင် လမ်းတစ်လျှောက်လုံး အာပေါင်အာရင်းဖြင့် လျှောက်ပြောလာသည့် မာနကြီးသော လူအူတူတူ ရှီရှောင်ဝေလည်း ရှိသေး၏။

သူသည် ရှီရှောင်ဝေ၏ နာမည်ကို မသိသော်လည်း သူ စကားဖောင်ဖွဲ့နေစဉ် အချို့အချက်အလက်များကို ကြားခဲ့ရသည်။ သူတို့ အိမ်ရာဝင်းထဲရှိ ရဲဘော်တစ်ယောက်သည် ရန်ရှာခံရပြီး အကြောင်းမဲ့ သေဆုံးသွားခဲ့ရသည်ဟု ဆိုရာ... ထိုသူမှာ ဤမုဆိုးမလေး၏ လင်ယောကျာ်း မဟုတ်လော့…

သူတို့သည် ပစ္စည်းယူရန်အတွက် ချန်ချင်းယွီနောက်သို့ လိုက်လိုကြသဖြင့် သူမ၏အကြောင်းကို စုံစမ်းခဲ့ကြ၏။

ကျားကြီးသည် မိမိဘက်မှ ရိပ်မိအောင် လုပ်ခဲ့ခြင်း မရှိဟု ထင်ထားသော်လည်း ကျန်သည့် လူအုပ်စုနှစ်စုသည်လည်း ချန်ချင်းယွီထံမှ ကုန်ပစ္စည်းရမည့်နေရာကို လိုက်လံစုံစမ်းရန် ကြိုးစားနေကြခြင်းဖြစ်ကြောင်းကိုမူ သူ သေချာပေါက် သိရှိသည်။ သူ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသဖြင့် သူခန့်မှန်းချက်မှာ မှန်ကန်၏။ ချန်ချင်းယွီသည်လည်း စက်မှုစက်ရုံ အလုပ်သမား၏ မိသားစုဝင်တစ်ဦးဖြစ်ပြီး သူမ၏ ဆိုင်မှာလည်း အလွန်ရောင်းကောင်းနေရာ~~ ဤသတင်းမှာ စက်ရုံအိမ်ရာတစ်ခုလုံးသို့ ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်လိမ့်မည်။ ပိုက်ဆံရမည့်ကိစ္စတွင် မည်သူ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။ မိမိတို့ လှုပ်ရှားနေမှတော့ အခြားသူများလည်း လှုပ်ရှားကြမည်သာ~~~

ချန်ချင်းယွီသည် မိမိကိုမသိသော်လည်း ထိုလူအုပ်စုနှစ်စုကိုမူ သိရှိပေမည်။

သူမသာ လူအ မဟုတ်ပါက ထိုသူများသည် မိမိ၏ စီးပွားရေးဝေစုကို လုချင်နေကြမှန်း သိရှိပေလိမ့်မည်။

သို့ဆိုလျှင် သူမ အဘယ်ကြောင့် မရှောင်ပြေးဘဲ နေမည်နည်း…

ကျားကြီးသည် ဒေါသတကြီးဖြင့် ကျိန်ဆဲတော့၏။

"ဒီကောင်တွေက ငါတို့နောက်ကနေ ခိုးကြောင်ခိုးဝှက် လိုက်လာကြပြီးတော့ မျက်နှာပေးတွေကလည်း ကြည့်ဦး၊ မုဆိုးမလေးက သူတို့ကို မမှတ်မိမှာ စိုးနေတဲ့အတိုင်းပဲ၊ အခုတော့ ကြည့်စမ်း... အဲဒီမုဆိုးမလေးက သူတို့ကို သံသယဝင်ပြီး ထွက်ပြေးသွားပြီ၊ ငါတို့ကိုပါ ဆွဲချသွားတာ… အခြေအနေက တအားကောင်းနေတာကို၊ လမ်းတစ်လျှောက်လုံး နောက်ကနေ သေချာလိုက်လာပြီးမှ နောက်ဆုံးမိနစ်ကျမှ လူပျောက်သွားရတယ်လို့၊ တောက်... ခွေးမသားတွေ… ဒီလို ငတုံးငအတွေ ဘယ်ကနေ ရောက်လာကြတာလဲ၊ ကိုယ်တိုင်လည်း အသုံးမကျဘူး၊ သူများကိုပါ ဒုက္ခပေးတယ်၊ အဲဒီအသုံးမကျတဲ့ကောင်တွေကို ငါ တကယ်ပဲ လည်ပင်းညှစ်သတ်ပစ်ချင်တာ”

"ကျားကြီး... ငါတို့ အခု ဘာဆက်လုပ်ကြမလဲ။"

"ထပ်ပြီး လိုက်ရှာရမလား”

ကျားကြီး ခေါင်းခါလိုက်ပြီး

"ရှာလို့မတွေ့နိုင်တော့ဘူး၊ ဘယ်လိုမှ ရှာမတွေ့နိုင်တော့ဘူး… သူတို့က ဒီလောက်မြန်မြန် ထွက်သွားတာကို ငါတို့က ဘယ်နေရာမှာ သွားရှာရမှာလဲ"

နောက်လိုက်များမှာ စိုးရိမ်ပူပန်သော မျက်နှာများ ဖြစ်သွားကြသည်။

ထိုစဉ် အမျိုးသမီးတစ်ဦးမှာ

"ဟေး... အကိုတို့၊ တည်းခိုဖို့ နေရာလိုသလား…ကျွန်မတို့နေရာက တကယ့်ကို အဆင်ပြေတယ်နော်၊ လိုချင်တာ အကုန်ရှိတယ်"

"ဖယ်စမ်း..."

ကျားကြီး ဒေါသတကြီး အော်ငေါက်လိုက်၏။

သူသည် တကယ့်ကို ဒေါသအိုး ပေါက်ကွဲနေခြင်း ဖြစ်သည်။

ထိုအမျိုးသမီးသည် နေရောင်ကာရန် ထီးလေးတစ်ချောင်းကို ဆောင်းထားပြီး အော်ငေါက်ခံရသော်လည်း စိတ်ဆိုးဟန်မပြဘဲ...

"ကြည့်စမ်း... အကိုတို့ကလည်း စိတ်ကြီးလိုက်တာ၊ ကျွန်မတို့ဆီမှာ စိတ်အပန်းဖြေစရာ နည်းလမ်းကောင်းတွေ ရှိပါတယ်..."

မျက်စိတစ်ဖက်ကို အဓိပ္ပာယ်ပါပါ ပစ်ပြလိုက်ရင်း...

"ကျွန်မတို့ဆီကို လာဖူးတဲ့သူတိုင်းကတော့ တကယ့်ကို အကြိုက်တွေ့ကြတာချည်းပဲ”

ကျားကြီးသည် ခေတ္တမျှ ကြောင်အသွားပြီးနောက် တစ်စုံတစ်ရာကို ရိပ်မိသွားကာ မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။

သူသည် ထိုအမျိုးသမီးကို သေချာစွာ စိုက်ကြည့်ရင်း

"တကယ်လား"

"တကယ်ပေါ့၊ လိုက်ခဲ့မလား… ကျွန်မတို့ဆီမှာ တည်းလို့ရတယ်၊ တကယ့်ကို အဆင်ပြေတာ၊ ဘူတာရုံနဲ့လည်း နီးတယ်၊ လိုအပ်တာ အကုန်ရှိတယ်… အလိမ်အညာ လုံးဝ မရှိစေရဘူး"

ကျားကြီး : "မင်းတို့ ငါ့ကို လိမ်ဖို့ ကြိုးစားရင်တော့ ငါတို့က အလျော့ပေးမယ့်လူတွေ မဟုတ်ဘူးနော်"

"ဘယ်လိုလုပ်ပြီး လိမ်ရမှာလဲရှင်..."

ကျားကြီးသည် မှောင်ခိုလောကတွင် ကျင်လည်နေသူဖြစ်ရာ ဤကဲ့သို့သော လူမျိုးများသည် လူကောင်းများ မဟုတ်ကြကာ၊ မရိုးသားသည့် နောက်ကွယ်မှ အရောင်းအဝယ်များ ရှိတတ်သည်ကို ရိပ်မိပေသည်။ သို့သော်လည်း မုဆိုးမလေးနှင့် သူမ၏အုပ်စုမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သူသည် ကုန်ပစ္စည်းရရှိရန်အတွက် အခြားနည်းလမ်းတစ်ခုကို သေချာပေါက် ရှာဖွေရန် လိုအပ်ပေသည်။ ဤအမျိုးသမီးသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း ဒေသခံတစ်ဦးဖြစ်ပြီး အရာရာကို ကောင်းစွာသိရှိသူဖြစ်သဖြင့် သူမနှင့် သိကျွမ်းထားခြင်းမှာ ထိုက်တန်၏။

ဤသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ကိစ္စဖြစ်ရာ တစ်ဦးမှာ ငွေကြေးအတွက်ဖြစ်ပြီး၊ အခြားတစ်ဦးမှာဒေသတွင်း သတင်းအချက်အလက်များ ရရှိရန်အတွက် ဖြစ်သည်။

သူသည် အခြေအနေကို လျင်မြန်စွာ သုံးသပ်လိုက်ပြီးနောက်...

"ဒါဆိုရင်လည်း သွားကြတာပေါ့”

"ဟုတ်ကဲ့၊ လိုက်ခဲ့ပါရှင်”

ကျားကြီးနှင့် သူ၏အုပ်စုသည် ထီးလေးဆောင်းထားသော အမျိုးသမီးနောက်သို့ ချက်ချင်းပင် လိုက်ပါသွားကြတော့သည်။

သူတို့သည် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်း မရှိကြပေ။ ထွားကျိုင်းသော အမျိုးသားလေးယောက်ဖြစ်သဖြင့် ကြောက်နေရန် မလိုပေ။

အရေးကြီးဆုံးအချက်မှာ မှောင်ခိုဈေးကွက်မှ လူများသည် သတိကြီးကြသူများ ဖြစ်ကြသည်။ အထူးသဖြင့် ချန်ချင်းယွီနှင့် အခြားသူများကို မျက်ခြေပြတ်သွားပြီးနောက်တွင်မူ... အမျိုးသမီးများကို လျှော့မတွက်ရဲကြတော့ပေ။ ဤအချက်မှာ သူတို့ကို ပိုမိုတည်ငြိမ်လာစေပြီး ပို၍ သတိကြီးလာစေ၏။

သူတို့သည် လျင်မြန်စွာ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြရာ အကဲခတ် အလွန်မြန်ဆန်သည်ဟု ဆိုရပေမည်။

သို့သော် သူတို့ ပါးနပ်ကြသော်လည်း အခြားသူများမှာမူ ဤမျှအထိ ဉာဏ်မပြေးကြပေ။

ယွမ်ဟောက်ဖုန်းနှင့် ရှီရှောင်ဝေတို့မှာမူ တကယ့်ကို ရူးမတတ် ဖြစ်နေကြ၏။

"အားးး... အဲဒီကောင်မစုတ်နှစ်ယောက်... ချန်ချင်းယွီ... တောက်... သူတို့က ဘယ်လိုလုပ် ဒီအတိုင်းကြီး ထွက်ပြေးသွားရတာလဲ၊ ငါတို့ ဘာဆက်လုပ်ကြမလဲ… ဘာလုပ်ရမလဲလို့..."

ရှီရှောင်ဝေတစ်ယောက် စိတ်ဓာတ်ကျသွားတော့သည်။

"မင်းပဲ သူတို့နောက်ကို လိုက်ရအောင်ဆိုလို့ လိုက်လာတာ၊ အခုတော့ လူက ပျောက်သွားပြီ.. ငါတို့က ဘယ်သူ့ကို သွားရှာရမှာလဲ၊ သူတို့နောက်ကို လိုက်ရင် အဆင်ပြေမှာပဲလို့ မင်းပဲ အမြဲပြောနေတာ၊ အခုတော့ အဲဒီလို လုံးဝမဟုတ်ဘူး၊ ငါသိသားပဲ... မင်းစကားကို လုံးဝ နားမထောင်ခဲ့ရမှာ၊ လုံးဝ နားမထောင်ခဲ့ရမှာ..."

ယွမ်ဟောက်ဖုန်းသည်လည်း အလွန်ပင် စိတ်မသက်မသာ ဖြစ်နေရ၏။ သူသည် မိမိ၏ ဆံပင်များကို ဆွဲဖွရင်း...

"ပါးစပ်ပိတ်စမ်း... အခုအချိန်မှာ လာပြီး အော်ဟစ်နေလို့ ဘာထူးမှာလဲ… မင်းသာ ရထားပေါ်မှာ လျှောက်ပြီး ဆရာကြီးမလုပ်ခဲ့ရင် ချန်ချင်းယွီက ငါတို့ကို သတိထားမိပါ့မလား၊ သူ ဘာလို့ ဘာတုံ့ပြန်မှုမှ မပြတာလဲလို့ ငါ စဉ်းစားနေတာ… သူက ဘူတာရုံကျရင် ငါတို့ကို မျက်ခြေဖြတ်ဖို့ စိတ်ပိုင်းဖြတ်ထားလို့ကိုး၊ ဒါတွေအားလုံး မင်းကြောင့်ပဲ… မင်းလုပ်တာတွေကို ပြန်ကြည့်ဦး၊ ငါတို့ရဲ့ အရေးကြီးတဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်တာ… ပြီးတော့ ဘာမဟုတ်တဲ့ အတင်းအဖျင်းစကားတွေကိုကော ဘာလို့ အမြဲတမ်း ဝင်ပါနေရတာလဲ၊ အခုတော့ ကြည့်စမ်း... ဘာဖြစ်သွားပြီလဲ၊ ပြီးမှ ငါ့ကို လာအပြစ်တင်နေတယ် ဟုတ်လား… မင်း ဘယ်လိုလုပ် ငါ့ကို လာအပြစ်တင်ရဲတာလဲ"

ထိုလူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အပြစ်တင်ကြလေ၏။

"မင်းက ငါ့ကို ဘာလို့ လာအပြစ်တင်တာလဲ၊ ဟောက်ရွှယ်က ငါ့ကို အတင်းမတောင်းပန်ခဲ့ရင် ငါ မင်းနဲ့ လိုက်လာပါ့မလား… လမ်းစရိတ်ကိုလည်း ငါ့ဘာသာငါ စိုက်ခဲ့တာ၊ ဘာလို့ ငါ့ကို လာအပြစ်တင်ရတာလဲ၊ ငါ အိမ်မှာပဲ နေခဲ့လို့ ရတာပဲဥစ္စာ ဒါတွေအားလုံး မင်းအပြစ်ပဲ..."

သူတို့နှစ်ဦးသည် နာရီဝက်ခန့် စကားများခဲ့ကြသဖြင့် ပါးစပ်များ ခြောက်သွေ့ကာ ချွေးများလည်း ရွှဲရွှဲစိုနေခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးတွင် ယွမ်ဟောက်ဖုန်းမှာ

"ကဲ... တော်ပြီ၊ တော်ပြီ၊ တော်ပြီ၊ အခုမှတော့ ဘာပြောပြော မထူးတော့ဘူး၊ သူ ထွက်သွားပြီပဲ"

"ဒါဆို ဘာလုပ်မလဲ… ရထားစီးပြီး ပြန်ကြမလား"

ရှီရှောင်ဝေသည် တကယ်ပင် ဘာမျှနားမလည်သူ ဖြစ်ရာ ယွမ်ဟောက်ဖုန်းမှာ ဒေါသထွက်လွန်းသဖြင့် အသက်ပင် ရှူရခက်လာ၏။

အခုချက်ချင်း ပြန်မယ် ဟုတ်လား…

သူသည် တကယ့်ကို ထူးဆန်းသော အတွေးမျိုးကို တွေးလိုက်ခြင်းပင်…

ယွမ်ဟောက်ဖုန်း

သက်ပြင်းအရှည်ကြီး ချလိုက်ပြီး...

"ငါတို့ ဒီအထိ ရောက်နေပြီပဲဥစ္စာ၊ အခုမှ ပြန်လှည့်ရင် နှမြောစရာကြီး မဟုတ်ဘူးလား၊ ရောက်တုန်းရောက်ခိုက် အရင်ဆုံး တည်းခိုဖို့ နေရာရှာရအောင်၊ ပြီးမှ ဘယ်လိုသွားရမလဲဆိုတာ စဉ်းစားတာပေါ့…ချန်ချင်းယွီလို မိန်းမတစ်ယောက်တည်းတောင် နည်းလမ်းရှာနိုင်ရင် ငါတို့ကော ဘာလို့ မရှာနိုင်ရမှာလဲ… ငါ မယုံနိုင်ဘူး"

ထိုစဉ် လူတစ်ယောက်မှာ

"ဟေး... ညီအစ်ကိုတို့၊ တည်းခိုဖို့ နေရာလိုသလား၊ ဈေးလည်းသက်သာတယ်၊ သွားရလာရတာလည်း အဆင်ပြေတယ်၊ ဒီနားတင်တင်လေးတင်ပဲ"

ရှီရှောင်ဝေ : "အင်း... ရတယ်လေ..."

"မလိုဘူးဗျာ... ကျွန်တော်တို့ မတည်းဘူး”

ယွမ်ဟောက်ဖုန်းသည် ရှီရှောင်ဝေကို လှမ်းဆွဲကာ ဆွဲခေါ်သွားရင်း

"တည်းခိုခန်း သွားရှာရအောင်"

ထိုလူမှာ ထပ်မံဆွဲဆောင်ကာ

"ဟေး... ညီအစ်ကိုတို့၊ ကျွန်တော်တို့ဆီက တည်းခိုခန်းတွေထက် အများကြီး ပိုဈေးသက်သာပါတယ်ဗျာ၊ ဝန်ထမ်းတွေကလည်း အကုန်လုံး ချောချောလှလှ ကောင်မလေးတွေချည်းပဲ... ရောက်ရင် ပြန်မသွားချင်ဘဲ ဖြစ်သွားစေရမယ်လို့ ငါ အာမခံတယ်"

ရှီရှောင်ဝေ၏ မျက်လုံးများ တောက်ပသွားသော်လည်း ယွမ်ဟောက်ဖုန်းမှာမူ ပြတ်သားစွာဖြင့်

"သွားကြစို့"

ရှီရှောင်ဝေ : "မင်းကလည်း ဘာလုပ်နေတာလဲ… သူတို့ရဲ့ သဘောထားက တော်တော်ကောင်းပါတယ်၊ ဘာလို့ ဈေးကြီးတဲ့နေရာမှာပဲ အတင်းတည်းချင်နေရတာလဲ..."

ယွမ်ဟောက်ဖုန်း စိတ်ထဲတွင်မူ...

'တောက်... ငါ အဖော်ရအောင်လို့ ဒီငတုံးကို ဘာလို့ ခေါ်လာမိပါလိမ့်…တကယ့်ကို ပင်ပန်းဖို့ကောင်းလိုက်တာ။'

"ပါးစပ်ပိတ်စမ်း......... အဲဒါ ဘာလူစားတွေလဲဆိုတာ မင်းထက် ငါ ပိုသိတယ်... မင်း အလိမ်ခံချင်ရင်တော့ သူတို့နဲ့ လိုက်သွားပေါ့... သူတို့ မင်းကို ဘယ်လို နှိပ်စက်မလဲဆိုတာ စောင့်ကြည့်လိုက်"

သူ ဒေါသတကြီးဖြင့် ဆက်လက်၍

"ငါက မီးရထားဌာနမှာ အလုပ်လုပ်တာလေ၊ ဒီလိုဇာတ်လမ်းမျိုးတွေကို အများကြီး ကြားဖူးပြီးသား၊ မင်းက အဲဒါကို အကောင်းမှတ်နေတာလား… မင်း အဲဒီကို သွားရင် မိန်းမလှထောင်ချောက်ထဲ တည့်တည့်တိုးပြီး အဖမ်းခံရလိမ့်မယ်။ ပိုက်ဆံ တစ်ပြားမှ ကျန်မှာမဟုတ်ဘူး၊ လမ်းဘေးရောက်ပြီး အမှိုက်ကောက်စားရင်း ပေကျင်းကို အဝတ်မပါဘဲ လမ်းလျှောက်ပြန်ရလိမ့်မယ်”

“ဟင်... ဟုတ်လား”

ယွမ်ဟောက်ဖုန်း : "သွားမယ်၊ တည်းခိုခန်း ရှာရအောင်"

ရှီရှောင်ဝေသည် လန့်ဖျန့်သွားသော်လည်း ယွမ်ဟောက်ဖုန်းကိုမူ ယုံကြည်ဆဲ ဖြစ်သည်။

မည်သို့ဖြစ်စေ ယွမ်ဟောက်ဖုန်းသည် ရထားဝန်ထမ်းအဖြစ် နှစ်အတော်ကြာ လုပ်ကိုင်ခဲ့ဖူးသဖြင့် နိုင်ငံအနှံ့ ရောက်ဖူးကာ အတွေ့အကြုံ များပြားသူ မဟုတ်ပါလော့…

သူ တိုးတိုးလေး ရေရွတ်မိကာ

“ကြည့်ရတာ လူကောင်းပုံစံပဲဟာကို၊ နောက်ကွယ်မှာ ဒီလိုလုပ်ရပ်မျိုးကို ဘာလို့ လုပ်ရတာလဲ၊ သူတို့က အဖမ်းခံရပြီး ထောင်ကျမှာကို မကြောက်ကြဘူးလား”

ယွမ်ဟောက်ဖုန်း : "..."

ဟူး... တကယ်ပဲ ပင်ပန်းလိုက်တာ…

အုပ်စုနှစ်စုလုံးသည် ဘူတာရုံပြင်ပသို့ ထွက်ခွာသွားကြပြီးနောက် ဝမ်ကျန့်ကော်နှင့် သူ၏ အဖော်နှစ်ဦးမှာမူ နောက်ဆုံးမှ ထွက်လာခဲ့ကြ၏။

သူတို့သုံးဦးစလုံးသည်လည်း အခြေအနေ မကောင်းလှပေ။ မိမိတို့၏ ပစ်မှတ်ကို မျက်ခြေပြတ်သွားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။

သူတို့ထဲမှ နှစ်ယောက်မှာ ဝမ်ကျန့်ကော်ကို လက်ညှိုးထိုးကာ ကျိန်ဆဲနေကြ၏။ ဝမ်ကျန့်ကော်သာ ဒေါသကို မထိန်းနိုင်လျှင် ပြန်လည်တုံ့ပြန်မိပေလိမ့်မည်။ သို့သော်လည်း သူသည် ဤညီအစ်ကိုနှစ်ယောက်ကို ရန်ရှာ၍ မရကြောင်း သိ၏။ အဘယ်ကြောင့်ဆိုသော် မိမိတစ်ယောက်တည်းနှင့် ထိုလူနှစ်ယောက်ကို မယှဉ်နိုင်သောကြောင့်ပင်။ ထို့အပြင် ဤနှစ်ယောက်သာ မိမိကို ပစ်ပယ်သွားပါက သူတစ်ယောက်တည်း ကျန်ရစ်ခဲ့မည် မဟုတ်လော့။

သူသည် ကုန်ပစ္စည်းများကို ရရှိလိုသေးသဖြင့် ကူညီရန် ထိုလူနှစ်ယောက်ကို အားကိုးနေရဆဲ ဖြစ်သည်။

၎င်းအပြင် အတွင်းရေးမှူးကျန်းသည် ရာထူးမှ ဆင်းသွားခဲ့ပြီဖြစ်သော်လည်း သူ ရာထူးသက်တမ်းအတွင်း လူချစ်လူခင်များခဲ့ပြီး လူအများအပြားကို ထောက်ပံ့ပေးခဲ့ဖူး၏။ ပတ်ဝန်းကျင်တွင် လူအများအပြား ရှိနေဆဲဖြစ်ပြီး ချဲယုံဖုန်းသည် ဤမျှအထိ ပျင်းရိသူဖြစ်သော်လည်း မည်သူမှ သူ့ကို ပြဿနာမရှာကြပေ။ ထို့ကြောင့် မိမိအနေဖြင့် သူတို့ကို ရန်မရှာသင့်ကြောင်း ဝမ်ကျန့်ကော် သိရှိ၏။

သူသည် သူတို့ကို အနွံနာခံ စကားပြောဆိုခဲ့သဖြင့် နောက်ဆုံးတွင် သူတို့၏ ဒေါသများ ငြိမ်သက်သွားခဲ့သည်။ သို့သော်လည်း သူတို့ အပြင်သို့ ထွက်လာပြီး တည်းခိုမည့်နေရာကို ရွေးချယ်သည့်အခါတွင်မူ ချဲယုံချန်းမှာဟိုတယ်အသေးစားတစ်ခုတွင်သာ အတင်းတည်းချင်နေသဖြင့် ဝမ်ကျန့်ကော်တစ်ယောက် မတားဆီးနိုင်ခဲ့ပေ။ ဝမ်ကျန့်ကော်သည် ပစ္စည်းဝယ်ယူရေး ကိုယ်စားလှယ် တစ်ဦး ဖြစ်၍ သူသည် နယ်ဝေးသို့ အများကြီး မသွားဖူးသော်လည်း စက်ရုံ၏ မော်တော်ယာဉ်အုပ်စုနှင့် ရင်းနှီးသဖြင့် အခြေအနေအချို့ကို သိရှိထားသူ ဖြစ်၏။

သူသည် စင်စစ် စိတ်ထဲတွင် အနည်းငယ် သင်္ကာမကင်း ဖြစ်နေသော်လည်း ချဲညီအစ်ကို နှစ်ယောက်မှာမူ ထိုနေရာ၌ တည်းခိုရန် အလွန်ဝမ်းမြောက်နေကြ၏။

သူ့တစ်ယောက်တည်းနှင့် ထိုလူနှစ်ယောက်ကို မငြင်းဆန်နိုင်ခဲ့ပေ။

အိမ်မှ ထွက်လာကတည်းက အရာရာတိုင်းသည် လွဲချော်နေခဲ့သဖြင့် ဝမ်ကျန့်ကော်တစ်ယောက် အလွန်ပင် စိတ်ပျက်အားလျော့နေရပြီး ဒေါသတကြီး ကျိန်ဆဲပစ်ချင်စိတ် ပေါက်နေမိသည်။

သို့သော် သူ မလုပ်ရဲပေ။ သူ စကားပြောဆိုရာတွင် အလွန် သတိထားရ၏။

ကံကောင်းသည်မှာ မိမိတို့ဘက်တွင် လူသုံးယောက် ရှိနေသဖြင့် အလွန်အမင်း စိုးရိမ်စရာ မလိုဟု သူ တွေးလိုက်မိသည်။

အရွယ်ရောက်ပြီးသား အမျိုးသားသုံးယောက်ဖြစ်သဖြင့် ကြီးမားသော ဆုံးရှုံးမှုမျိုးတော့ ကြုံတွေ့ရမည် မဟုတ်ပေ။

'အဆိုးဆုံးဖြစ်လှရင်လည်း... အမျိုးသမီးတစ်ယောက်နဲ့ ပျော်ပါးဖို့အတွက် ပိုက်ဆံနည်းနည်း ပိုသုံးလိုက်ရရုံပေါ့'

ဤသို့ တွေးမိသောအခါ သူ၏ စိတ်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာမိလေသည်။

စင်စစ်တွင် ချဲညီအစ်ကိုနှစ်ယောက် ထိုကဲ့သို့ တရားမဝင် လိုင်စင်မဲ့ ဟိုတယ်အသေးစားမျိုးတွင် အဘယ်ကြောင့် အတင်းအကျပ် တည်းခိုချင်နေရသနည်းဟူသော အကြောင်းရင်းကို သူ ကောင်းစွာရိပ်မိ၏။ ဤအကြောင်းကြောင့်ကြောင့်ပင် မဟုတ်လော~~ ထို့ကြောင့် သူကိုယ်တိုင်လည်း စိတ်ထဲတွင် အနည်းငယ် ယိမ်းယိုင်သွားမိသည်။ သူ၏ တည်ငြိမ်လှသော ရုပ်ပန်းသွင်ပြင်ကြောင့် လူကောင်းဟု ထင်မှတ်၍မရပေ။ ပေကျင်းတွင်ရှိစဉ် အခြားသူများ မိမိ၏အတွင်းစိတ်ကို ရိပ်မိသွားမည်ကို အလွန်စိုးရိမ်သဖြင့် သူတွေးတောနေသည့် အရာများကို တစ်ခုမျှ မလုပ်ရဲခဲ့ပေ။ သို့သော် ယခု ဤနေရာတွင်မူ သူ့ကို သိသူတစ်ဦးမျှမရှိသဖြင့် မည်သို့မျှ ပူပန်နေစရာမလိုတော့ပေ။

ချဲညီအစ်ကိုများနှင့် ပတ်သက်၍မူ သူတို့အားလုံးသည် လှေကြုံစီး ဘော်ဒါချင်းဖြစ်ကြရာ မည်သူမှအခြားတစ်ယောက်ကို လက်ညှိုးထိုး အပြစ်ပြောနိုင်စရာ အကြောင်းမရှိပေ။

ဤသို့ တွေးမိသောအခါ သူ၏စိတ်ထဲတွင် ပိုမိုပေါ့ပါးသွားပြီး မထူးဇာတ်ခင်းကာ လိုက်ပါသွားလေတော့သည်။

ထိုလူသုံးဦးသည် ဖောက်သည်ရှာနေသော အမျိုးသမီး၏နောက်သို့ လိုက်ပါရင်း လမ်းကြားလေးထဲသို့ ကွေ့ကောက်ဝင်ရောက်သွားကြ၏။

လမ်းတစ်လျှောက်လုံးတွင် သူတို့အားလုံးသည် ချန်ချင်းယွီနှင့် သူမ၏အဖော်ကို ကျိန်ဆဲရန်ပင် မေ့လျော့နေကြပြီး ထိုဟိုတယ်တွင် ကောင်မလေးအချောအလှများ ရှိ၊ မရှိကိုသာ တတွတ်တွတ် မေးမြန်းနေကြလေသည်။

လူအုပ်စု အသီးသီးသည် မိမိတို့နှစ်သက်ရာ လမ်းစဉ်ကို မတူညီစွာ ရွေးချယ်ခဲ့ကြပြီး၊ ဤအခြေအနေများကို ချန်ချင်းယွီတစ်ယောက် လုံးဝမသိရှိရှာပေ။

သူမသည် စိတ်ဓာတ်ပြတ်သားပြီး အလုပ်ကိုသာ အာရုံစိုက်သူ ဖြစ်သည်။ သူမတို့နှစ်ဦး ရေမိုးချိုး သန့်စင်ပြီးချိန်တွင် မွန်းတည့်ရုံသာ ရှိသေး၍ ချန်ချင်းယွီမှာ

"ဒီနေ့မွန်းလွဲပိုင်း ဈေးဘက်ကို သွားပြီး လေ့လာကြည့်ကြမလား"

ချိုက်မင်မင်မှာလည်း သဘောတူကာ

"ကောင်းသားပဲ”

ထို့နောက် သူမတို့နှစ်ဦး အတူတကွ အောက်ထပ်သို့ ဆင်းလာခဲ့ကြ၏။

"ဟေး... ညီမတို့က... ကုန်ပစ္စည်းလာဝယ်တာလား၊ အမကို မှတ်မိသေးလား၊ ပြီးခဲ့တဲ့အပတ်က ညီမတို့ လာတုန်းက အမ ဧည့်ကြိုစာပွဲမှာ ရှိနေတာလေ"

ထိုအချိန်သည် နေ့လယ်စာစားချိန် ဖြစ်သဖြင့် သူမတို့ အခန်းယူစဉ် တွေ့ခဲ့ရသည့် ခပ်အေးအေး ဝန်ထမ်းအမျိုးသမီး မဟုတ်တော့ဘဲ ရင်းနှီးသော မျက်နှာတစ်ခု ဖြစ်နေသည်။ ဤသူကား ယခင်တစ်ခေါက်က တည်းခိုခန်းဝင်စဉ် တွေ့ခဲ့ရသော ဝန်ထမ်းကောင်မလေးပင် ဖြစ်၏။ ထိုစဉ်၌ ချန်ချင်းယွီသည် သတင်းအချက်အလက်များ မေးမြန်းရန်အတွက် သူမကို (၅) ယွမ် ပေးခဲ့ဖူးပြီး၊ ဘူတာရုံသို့ ကုန်ပစ္စည်းများ ပို့ဆောင်ရန်အတွက် သူမ၏ မိသားစုပိုင် သုံးဘီးဆိုင်ကယ်ကို (၅) ယွမ်ပေး၍ ငှားရမ်းခဲ့ဖူးသည်။

ဤအကြောင်းကြောင့်ပင် ထိုဧည့်ကြိုကောင်မလေးသည် သူမတို့ကို မြင်မြင်ချင်း အလွန်ခင်မင်ပျူငှာစွာဖြင့်...

"အစ်မတို့ ညီမကို မှတ်မိတယ် မဟုတ်လား”

ချန်ချင်းယွီ တောက်ပစွာ ပြုံးပြလိုက်ရင်း...

"မှတ်မိတာပေါ့ညီမရယ်၊ အရင်တစ်ခေါက်က ညီမကူညီပေးလို့သာ အဆင်ပြေသွားတာ… အိမ်ပြန်ရောက်တော့တောင် ကွမ်ကျိုးမှာ တကယ့်ကို သဘောကောင်းပြီး စိတ်ဓာတ်ရှိတဲ့ ညီမလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်၊ ရုပ်လည်းချောတယ်လို့ လူတွေကို လျှောက်ပြောနေမိသေးတယ်"

ဧည့်ကြိုမလေးသည်လည်း ထိုကဲ့သို့သော ချီးမွမ်းစကားကို ကြားရသဖြင့် အလွန်ဝမ်းမြောက်သွားပြီး...

သူမ ပတ်ဝန်းကျင်ကို အကဲခတ်ကာ လျှို့ဝှက်သော လေသံဖြင့်

"ဒီကို ခဏလာဦး၊ အမကို ပြောစရာ ရှိလို့"

ချန်ချင်းယွီသည်လည်း သတိကြီးစွာဖြင့် သူမအနီးသို့ တိုးကပ်သွားပြီး

"ဘာကိစ္စလဲဟင် ညီမ"

ထိုဝန်ထမ်းမလေး သတိပေးစကားဆိုလာ၏။

"ပြီးခဲ့တဲ့တစ်ခေါက် အစ်မတို့ ထွက်သွားပြီး သိပ်မကြာဘူး၊ တစ်နာရီ နှစ်နာရီလောက်ပဲ ရှိဦးမယ်၊ ညနေပိုင်းမှာ လူတစ်ယောက်က အစ်မတို့အကြောင်းကို လာပြီး စုံစမ်းထောက်လှမ်းသေးတယ်၊ သူက အစ်မတို့ ထွက်သွားပြီဆိုတာ သိတော့ တအား ဒေါသထွက်သွားတာ…နောက်တော့ ညီမ အပြင်ထွက်ကြည့်တဲ့အခါ အပြင်မှာ လူအချို့ စုဝေးနေတာကို တွေ့ရတယ်… ညီမ ထင်တာတော့ သူတို့က စိတ်ကောင်းနဲ့ လာတာမဟုတ်ဘူး၊ အစ်မတို့ကို ရန်ရှာဖို့ ကြံစည်နေကြတာ ထင်တယ်"

ချန်ချင်းယွီ၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားပြီးနောက်၊ သူမသည် (၁၀) ယွမ်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ယူကာ ထိုဧည့်ကြိုမလေး၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်ရင်း ပြုံးလျက်...

"တကယ်ကို ကျေးဇူးတင်ပါတယ် ညီမရယ်၊ ညီမက တကယ့်ကို စိတ်ဓာတ်ရှိပြီး အားကိုးရတဲ့သူမှန်း အစ်မ သိသားပဲ”

ဝန်ထမ်းမလေး၏ အပြုံးများမှာ ပိုမို ရိုးသားပွင့်လင်းလာပြီး

"အို... ဒါမျိုးတော့ မယူပါရစေနဲ့"

သို့သော် ချန်ချင်းယွီ အလေးအနက်ဖြင့်...

"ဒါက အစ်မဘက်က ပေးသင့်ပေးထိုက်တာမို့လို့ ယူလိုက်ပါ… ညီမက အစ်မတို့ကို ဒီလောက်အထိ အရေးကြီးတဲ့ ကိစ္စကို ပြောပြပေးတာ၊ ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူး၊ ဒါနဲ့... အဲဒီလာစုံစမ်းတဲ့လူက ဘာလုပ်တဲ့လူလဲဆိုတာ ညီမ သတိထားမိလားဟင်”

"သူ့ရဲ့ ဝတ်စုံကို ကြည့်ရသလောက်တော့ သုံးဘီးဆိုက်ကားဆွဲတဲ့လူ ဖြစ်လိမ့်မယ်… အသက်က လေးဆယ်ကျော် ငါးဆယ်နား နီးနေပြီ၊ မျက်နှာက ရှည်ရှည်နဲ့..."

သူမ ထိုလူ၏ ရုပ်သွင်ကို အသေးစိတ် ဖော်ပြလိုက်သောအခါ ချန်ချင်းယွီ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

ထိုသူကား ယခင်တစ်ခေါက် သူမတို့ ပစ္စည်းများ ဝယ်ယူခဲ့သည့် ဆိုင်မှ သုံးဘီးမောင်းသမားပင် ဖြစ်၏။

သူမ အလွန်ပင် ရိုးသားစွာဖြင့် ထပ်လောင်းပြောဆိုကာ

"တကယ်ကို ကျေးဇူးတင်ပါတယ်”

All Chapters