အခန်း ၁၃၂
Vol. 14 Ch. 132
အခန်း (၁၃၂) မိန်းမလှထောင်ချောက်
ပြီးခဲ့သည့်တစ်ခေါက်၌ ပစ်မှတ်ထားခံရသည့်အပေါ် ချန်ချင်းယွီ အမှန်တကယ်ပင် အံ့ဩသင့်သွား၏။
ကံကောင်း၍ သူမတို့နှစ်ဦး အချိန်မီ ထွက်ခွါခဲ့၍ပင်၊ မဟုတ်လျှင် သူတို့မှာ ဒုက္ခတွေ့သွားနိုင်သည်။ ထိုသို့ စဉ်းစားကြည့်မိလျှင် အမှန်ပင် ကြောက်စရာကောင်းလှ၏။
မရင်းနှီးသောဒေသတွင် အမြဲတမ်း သတိမပြတ်ရှိနေခြင်းမှာ ပိုကောင်းသော အရာပင်။ ချန်ချင်းယွီသည် ဧည့်ကြိုမိန်းကလေးကို ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ချိုက်မင်မင်နှင့်အတူ ထွက်လာခဲ့သည်။ ချိုက်မင်မင်၏ အမူအရာမှာ ပျင်ယွင်းနေပြီး စကားဆိုလာ၏။
“သူပြောတဲ့လူက တို့တွေကို စောင့်ကြည့်နေတာလား… ငါတို့ကို ဓားမြတိုက်မလို့လား”
ချန်ချင်းယွီ ခေါင်းညိမ့်ပြကာ တိုးတိုးလေးပြောလိုက်သည်။
"ဘယ်နေရာမှာပဲဖြစ်ဖြစ်... ကိုယ်တိုင် ဘာမှမလုပ်ဘဲ အလကားရချင်ပြီး အခွင့်အရေးချောင်းတဲ့ လူမိုက်တွေကတော့ ရှိနေတာပဲ"
ကံကောင်းထောက်မစွာဖြင့် ထိုဧည့်ကြိုမိန်းကလေးမှာ သူမတို့ကို ကြိုတင်သတိပေးခဲ့သဖြင့် သူမတို့ ပို၍ သတိကြီးသွားကြသည်။
ချိုက်မင်မင်လည်း သက်ပြင်းချရင်း...
"အဲဒီညီမလေးက တကယ်ကို လူကောင်းလေးပဲနော်"
သူမသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် တစ်စုံတစ်ရာကို သတိရသွားကာ လျင်မြန်စွာပင်...
"နင် ခုနက အဲဒီကောက်မလေးကို (၁၀) ယွမ် ပေးလိုက်တယ်မလား..ငါလည်း တစ်ဝက် စိုက်ပေးမယ်လေ"
ချန်ချင်းယွီလည်း ငြင်းဆန်မနေတော့ပေ။ အတူတူ ခရီးထွက်လာကြသူများဖြစ်ရာ ကုန်ကျစရိတ်ကို မျှဝေခံကြခြင်းမှာ အကောင်းဆုံး မဟုတ်လော့။
"အင်း... ကောင်းပြီလေ"
"သူမက တကယ့်ကို သဘောကောင်းတဲ့သူပဲ"
"ဟုတ်တယ်"
ချန်ချင်းယွီ ထောက်ခံလိုက်ပြီး...
"ဘာပဲဖြစ်ဖြစ် ကျွန်မတို့ အပြင်ထွက်တဲ့အခါ အစစအရာရာ သတိထားဖို့ပဲ လိုတာပါ… တခြားအရာတွေကိုတော့ အများကြီး တွေးပြီး ပူမနေပါနဲ့၊ သိပ်လည်း မကြောက်ပါနဲ့၊ သူတို့လည်း နေ့ခင်းကြောင်တောင်ကြီးတော့ ရဲရဲတင်းတင်း ဘာမှလုပ်ရဲမှာ မဟုတ်ပါဘူး”
"ငါသိပါတယ်အေ၊ ဟူး... ပိုက်ဆံရှာရတာ တကယ်ကို မလွယ်ပါလား၊ ဘာလို့ ဒီလောက်တောင် ပြဿနာတွေ များနေရတာလဲမသိဘူး"
ချန်ချင်းယွီ တဟားဟား ရယ်မောရင်း
"မှန်လိုက်လေ... အစ်မပြောတာ ဟုတ်တာပေါ့"
လမ်းတစ်လျှောက်လုံးတွင် နောက်မှ လူအုပ်စုများ တကောက်ကောက် လိုက်လာကြသည်မှာပင် စိတ်ပျက်စရာကောင်းလှပြီ ဖြစ်ရာ၊ ယခု ဤဒေသခံလူအချို့ပါ သူမတို့အပေါ် မသမာကြံစည်ရန် စောင့်ကြည့်နေကြသည်ဆိုသောအခါ တကယ့်ကို ဆိုးဝါးလှပေ၏။
ချန်ချင်းယွီ : "ကဲ... သွားကြစို့၊ လက်ကားဈေးဘက်ကိုပဲ တန်းသွားရအောင်… အဲဒီလူတွေက ယင်ကောင်တွေလို စိတ်အနှောင့်အယှက်ပေးနေပေမဲ့လည်း ကျွန်မတို့ကတော့ ပိုက်ဆံရဖို့ပဲ အဓိကပဲလေ၊ တို့တွေရဲ့ ကိုယ်ပိုင်စီးပွားရေးက အရေးကြီးဆုံးမို့လို့ သတိလေးနည်းနည်း ထားပြီး အလုပ်လုပ်ကြတာပေါ့"
"နင်ပြောတာ အဓိပ္ပာယ်ရှိတယ်။"
ချန်ချင်းယွီ : "အစ်မ အခုတစ်ခေါက်လည်း ဟိုလို အသေးအမွှား ပစ္စည်းလေးတွေကိုပဲ ပြန်ယူမှာလား"
ချိုက်မင်မင် ခေါင်းညိတ်ပြကာ
"အင်း... အဲဒီလို အသေးအမွှား ပစ္စည်းလေးတွေက တော်တော်အဆင်ပြေတယ်လို့ ငါထင်တယ်၊ အမြတ်လည်း တော်တော်ကျန်တယ်လေ။ ပြီးတော့ ငါက အဲဒါတွေကိုပဲ ရောင်းရတာ လက်ယဉ်နေပြီဆိုတော့ တခြားပစ္စည်းတွေပြောင်းရောင်းရင် စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေမှာစိုးလို့"
ချန်ချင်းယွီ ပြုံးလိုက်ပြီး "ကဲ... သွားကြစို့" ဟု ဆိုကာ ရှေ့မှ ထွက်ခဲ့တော့သည်။
ကွမ်ကျိုးမြို့ကြီးတွင် လက်ကားဈေးကွက် အနည်းငယ် ရှိနေပြီး ၎င်းတို့သည် ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာကာ အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေ၏။ ဤမြို့ကြီး၏ အငွေ့အသက်မှာ သူမတို့၏ ပေကျင်းမြို့ဟောင်းနှင့် လုံးဝ ခြားနားလှပေသည်။ သို့သော် ဤနေရာသို့ ရောက်ဖူးသည်မှာ ဒုတိယအကြိမ် ရှိခဲ့ပြီဖြစ်သဖြင့် သူမတို့နှစ်ဦးစလုံး အထူးအဆန်းဖြစ်ကာ စူးစမ်းချင်စိတ် သိပ်မရှိကြတော့ပေ။
သူမတို့သည် ယခင်တစ်ခေါက် သွားရောက်ခဲ့ဖူးသော လက်ကားဈေးကြီးသို့ ရောက်ရှိလာခဲ့ကြသည်။ လောလောဆယ်တွင် ၎င်းဈေးကွက်မှာ အထပ်နိမ့် အဆောက်အအုံလေးများ စုဝေးရာနေရာမျှသာ ဖြစ်သော်လည်း မကြာမီအချိန်အတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာတော့မည် ဖြစ်၏။ ယခုတစ်ခေါက်တွင် ချန်ချင်းယွီတို့နှစ်ဦးသည် ကုန်ပစ္စည်းများကို အလောတကြီး ဝယ်ယူခြင်းမရှိဘဲ ဆိုင်အသီးသီးသို့ လှည့်ပတ်ကြည့်ရှုကာ ဈေးနှုန်းနှင့် ပစ္စည်းများကို စနစ်တကျ အကဲခတ်နေခဲ့ကြသည်။
ပြန်တွေးကြည့်လျှင် ယခင်တစ်ခေါက် သူမတို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့ခြင်းမှာ မှန်ကန်လှ၏။
ယခင် သူမတို့ ဝယ်ယူခဲ့သည့်ဆိုင်မှာ အမှန်တကယ်ပင် အခြားဆိုင်များထက် ဈေးနှုန်းများစွာ သက်သာလှသည်။
သို့သော်လည်း ယခင်တစ်ခေါက် ဈေးသက်သက်သာသာဖြင့် ရရှိခဲ့ခြင်းမှာ သူမတို့ဘက်မှ ပစ္စည်းများကို အမြောက်အမြား တစ်ပြိုင်နက်တည်း ဝယ်ယူခဲ့သောကြောင့်ဖြစ်ကြောင်း ချန်ချင်းယွီ အကြမ်းဖျင်း နားလည်ထား၏။ ပစ္စည်းများများဝယ်မှသာ လျှော့ဈေး ပိုမိုရရှိနိုင်မည်။ ယခုတစ်ခေါက်တွင် ယခင်တစ်ခေါက်နှင့် အချိန်ကာလအားဖြင့် သိပ်မကွာသေးသဖြင့် အဝတ်အထည် ဒီဇိုင်းများမှာလည်း အပြောင်းအလဲ အများကြီး မရှိသေးပေ။
သူမတို့နှစ်ဦးသည် မွန်းလွဲပိုင်းတစ်ပိုင်းလုံး ဆိုင်အသီးသီးသို့ လှည့်ပတ်ကြည့်ရှုခဲ့ကြသဖြင့် ဈေးနှုန်းများကို အကြမ်းဖျင်း သိရှိသွားကြပြီ ဖြစ်သည်။
မည်သူမျှ ကုန်ပစ္စည်းကို စိတ်လောပြီး ချက်ချင်း မဝယ်ကြသေးပေ။ အစစအရာရာ စေ့စပ်သေချာလှသော ချန်ချင်းယွီမှာ စကားဆိုကာ
"ကျွန်မတို့ ဘူတာရုံဘက်ကို ခဏသွားရအောင်"
"ဟင်... ဘာလို့လဲ”
ချိုက်မင်မင် ချန်ချင်းယွီကို နားမလည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ထိုအခါ ချန်ချင်းယွီမှာ
"ဒီနေ့မွန်းလွဲပိုင်း ရထားအချိန်ဇယားတွေကို သွားကြည့်မလို့လေ… ကျွန်မတို့ ကုန်ပစ္စည်းတွေ တကယ်ဝယ်ပြီးပြီဆိုရင် အချိန်ဆွဲနေလို့ မဖြစ်ဘူး၊ ချက်ချင်း ပြန်ကြရမယ်၊ အရင်တစ်ခေါက်ကလည်း ငါတို့ စောင့်ကြည့်ခံခဲ့ရသေးတယ်လေ.. အခုတစ်ခေါက် ပစ္စည်းတွေအများကြီး သယ်သွားရင်လည်း ဒီလိုအခြေအနေမျိုးနဲ့ ထပ်ကြုံရနိုင်တယ်၊ အထူးသဖြင့် တို့တွေက မိန်းမနှစ်ယောက်တည်းဆိုတော့ လူအများစုက ကျွန်မတို့ကို အနိုင်ကျင့်ရလွယ်တဲ့ ပစ်မှတ်တွေလို့ မြင်နေကြတာ"
ချိုက်မင်မင်သည်လည်း သူမ၏ စကားကို ချက်ချင်းပင် ထောက်ခံလိုက်ပြီး...သူမကိုယ်တိုင်လည်း တက်ကြွ စိတ်အားထက်သန်လာခဲ့၏။
ချန်ချင်းယွီသည် စိတ်ထဲမှသက်ပြင်းချမိရင်း... အကယ်၍သာ နောက်ထပ် ဆယ်စုနှစ်အနည်းငယ်အကြာ ခေတ်ကာလသို့ ရောက်ရှိနေပါက ရထားအချိန်ဇယားများကို ဖုန်းထဲတွင် အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်မည်ဖြစ်ကြောင်း တွေးမိ၏။ သို့သော် ယခုခေတ်ကာလတွင်မူ ထိုသို့လုပ်ရန် မဖြစ်နိုင်ဘဲ ဘူတာရုံမှတစ်ပါး အခြားမည်သည့်နေရာတွင်မျှ အချိန်ဇယားကို ရှာဖွေ၍မရနိုင်ပေ။
ထို့ကြောင့် လူကိုယ်တိုင် ဘူတာရုံသို့ သွားရောက်ကြည့်ရှုရမည်သာ…
သို့သော်လည်း ချန်ချင်းယွီသည် ဝတ္ထုများထဲတွင် ဖတ်ဖူးသည်မှာ ၁၉၈၀ နှင့် ၉၀ ပြည့်လွန်နှစ်များတွင် လက်မှတ်များကို ကြိုတင်မှာယူနိုင်သည့် ကိုယ်စားလှယ်ဆိုင်များ ရှိတတ်ကြပြီး၊ ထိုဆိုင်များတွင် သဘာဝအတိုင်း ရထားအချိန်ဇယားများ ရှိတတ်ကြသည်ကို သတိရမိ၏။
သို့သော် ယခုအချိန်တွင်မူ စီးပွားရေး ပေါ်လစီများမှာ လတ်တလောမှသာ ပွင့်လင်းလာစပြုလာခြင်း ဖြစ်သဖြင့် အရာရာတိုင်း များစွာ ပြောင်းလဲခြင်း မရှိသေးပေ။
ထို့ကြောင့်ပင် ယခုကဲ့သို့ အဆင်မပြေမှုများ ရှိနေခြင်း ဖြစ်သည်။
သူမတို့နှစ်ဦးသည် အတူတကွ ဘတ်စ်ကားပေါ်သို့ တက်ခဲ့ကြ၏။
ထိုအချိန်တွင် ညနေစောင်းနေပြီဖြစ်ရာ အလုပ်ဆင်းချိန်ဖြစ်သော်လည်း ဘူတာရုံဘက်သို့ ဦးတည်သွားသူ အနည်းငယ်သာ ရှိသည်။ လူများသည် ညဘက်တွင် ရထားစီးရသည့်အလေ့အထ မရှိကြသဖြင့် ဘူတာရုံသို့ သွားသူ နည်းပါးခြင်းမှာ သဘာဝကျ၏။ သူမတို့နှစ်ဦးသည် ကား၏ နောက်ဆုံးတန်းတွင် ဝင်ထိုင်လိုက်ကြသည်။
ချန်ချင်းယွီသည် ယခင် လက်ကားဈေးတွင် ဝယ်ယူခဲ့သော အနက်ရောင် အားကစားဝတ်စုံအပေါ်အင်္ကျီနှင့် ဘောင်းဘီကို ပေါ့ပေါ့ပါးပါး လဲလှယ်ဝတ်ဆင်ထား၏။
တစ်စုံတည်းသာ ဝယ်ယူခြင်းဖြစ်သဖြင့် လက်ကားဈေးနှုန်းဖြင့် မရရှိခဲ့သော်လည်း လမ်းဘေးရှိ ဆိုင်ငယ်လေးများထက်စာလျှင်မူ များစွာ ဈေးသက်သာလှပေသည်။ ချန်ချင်းယွီသည် အလွန်ပူအိုက်နေခဲ့သဖြင့် မဆိုင်းမတွ ဝယ်ယူကာ လဲဝတ်လိုက်ခြင်း ဖြစ်၏။
သူမသည် ယခင်၌ ဂွမ်းကပ်အင်္ကျီအထူကြီးကို ဝတ်ထားခဲ့ရသဖြင့် အလွန်ပင် ပူအိုက်လွန်းလှရာ သေချာပေါက် အဝတ်အစား လဲလှယ်ရန် လိုအပ်နေခဲ့သည်။
ချိုက်မင်မင်မှာမူ ဘာမျှမဝယ်ခဲ့ပေ။
"ငါသေချာစဉ်းစားပြီးပြီ… ငါတို့က ဒီမှာ နှစ်ရက် သုံးရက်ပဲ နေမှာလေ၊ အဲဒီပိုက်ဆံကို ဘာလို့အပိုကုန်ခံမှာလဲ၊ အိမ်မှာလည်း အင်္ကျီတွေရှိသားပဲ၊ ရက်ပိုင်းလေးတင်ဟာကို... ပူတာလောက်တော့ ငါအောင့်ခံနိုင်ပါတယ်"
ချန်ချင်းယွီသည် ချိုက်မင်မင်ကို အတင်းအကျပ် နားမချတော့ပေ။ သူမ၏ အကောင်းဆုံးသော အရည်အချင်းမှာ အခြားသူများ၏ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်ခြင်း မရှိခြင်းပင်။ လူတိုင်းတွင် ကိုယ်ပိုင်အတွေးအခေါ်စီ ရှိကြရာ မိမိစိတ်တိုင်းကျ အခြားသူများကို လိုက်လုပ်ခိုင်းရန်မသင့်ကြောင်း ချန်ချင်းယွီ ကောင်းစွာနားလည်ထားသည်။ သူမသည် ထိုသို့သော လူစားမျိုး မဟုတ်ပေ။
ချိုက်မင်မင်နှင့် ချန်ချင်းယွီတို့ ဘတ်စ်ကားပေါ်တွင် ထိုင်နေကြစဉ် ချိုက်မင်မင် တိုးတိုးလေး ကပ်ပြောလိုက်၏။
"နင် ဒီလိုဝတ်ထားတော့ ကျောင်းသူလေးနဲ့ တူတယ်အေ၊ တက္ကသိုလ်ကျောင်းသူပါလို့ ပြောရင်တောင် ဘယ်သူမှ သံသယဝင်မှာမဟုတ်ဘူး"
ချန်ချင်းယွီ : "ရုပ်ချောတဲ့သူက ဘာဝတ်ဝတ် ကြည့်ကောင်းတာပဲလေ"
ချိုက်မင်မင်ခမျာ "ဟင်... အယ်..." ဟု ရေရွတ်ရင်း ခေတ္တမျှ ကြောင်အသွားပြီးမှ ချန်ချင်းယွီတစ်ယောက် နောက်ပြောင်နေမှန်း ရိပ်မိကာ တဟီးဟီး ရယ်မောတော့သည်။
"နင်ကတော့လေ..."
သူမ လေသံကိုနှိမ့်ကာ
"နင်က နောက်တီးနောက်တောက် တတ်တာပဲ"
ထိုအခါ ချန်ချင်းယွီ ပို၍ပင် အံ့သြဟန်ဖြင့်
"ကျွန်မ ဘာလို့နောက်ရမှာလဲ.. ပြီးတော့ ခုနက ကျွန်မပြောတာ နောက်တာမှမဟုတ်တာ… ကျွန်မက တကယ်ရုပ်ချောတာပဲဥစ္စာ၊ အဲဒါ အမှန်တရား မဟုတ်ဘူးလား"
ချိုက်မင်မင်တစ်ယောက် ဆွံ့အသွားရပြီး၊ ၎င်းမှာ ငြင်းမရသော အမှန်တရားဖြစ်သော်လည်း သူမမှာအနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားမိ၏။
ဘာပဲဖြစ်ဖြစ် ဤခေတ်ကာလတွင် မိမိကိုယ်ကိုယ် ဤမျှအထိ ဗြောင်ကျကျ ချီးမွမ်းတတ်သူ မရှိသလောက် ရှားပါးလှသည်မဟုတ်လော့။ ယခုခေတ်တွင်မူ ကာယကံရှင်ကိုယ်တိုင် မသိမသာ နှိမ့်ချပြောဆိုခြင်းသာ ရေပန်းစားလှပေသည်။
သို့သော် သူမ ချက်ချင်းပင်
"နင် အဲဒီတုန်းက ကောင်းကင်ပြာရောင်အကျီင်္ကို ဘာလို့မဝယ်တာလဲ…အဲဒါဆိုရင် နင် ပိုပြီးတော့တောင် သန့်သန့်ပြန့်ပြန့်နဲ့ လန်းဆန်းနေဦးမှာ"
ချန်ချင်းယွီ : "အနက်ရောင်က အပေခံတယ်လေ၊ ကျွန်မတို့က ကုန်ပစ္စည်းတွေ သယ်ရဦးမှာ၊ တအားကြီး သန့်ရှင်းစင်ကြယ်နေစရာ မလိုပါဘူး… ဒီအရောင်က အဆင်ပြေပါတယ်၊ သွားရလာရတာလည်း လွယ်ကူပြီး အညစ်အပေလည်း ခံတယ်"
"အဲဒါလည်း ဟုတ်တာပဲ၊ အော်... ဒါနဲ့၊ နင် ခုနက ရေဒီယိုတစ်ခုကို သေချာစိုက်ကြည့်နေတာ ငါတွေ့တယ်၊ နင် ဝယ်ချင်လို့လား"
ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း...
"အင်း... ဝယ်မလို့၊ အိမ်မှာတုန်းကလည်း ဝယ်ချင်ခဲ့တာ၊ ဒါပေမဲ့ ကုန်လက်မှတ်မရှိလို့… ဒီမှာတော့ အဲဒီလက်မှတ် မလိုဘူးထင်တာပဲ၊ အိမ်ပြန်ရင် သယ်သွားဖို့ တစ်လုံးလောက် ဝယ်မလို့ စဉ်းစားထားတယ်၊ ဒါပေမဲ့ လောလောဆယ်တော့ ထပ်ပြီး လှည့်ပတ်ကြည့်ဦးရမယ်၊ ခုနက တွေ့တဲ့တစ်လုံးဆိုရင် ရေဒီယိုရော၊ ကက်ဆက်ပါ တွဲပါပြီးသားလေ၊ တိပ်ခွေတွေပါ ဖွင့်လို့ရတယ်"
ချိုက်မင်မင် အလွန်စိတ်လှုပ်ရှားစွာဖြင့်...
"ဟာ... အဲဒါဆို တကယ့်ကို ကောင်းတာပေါ့…နှစ်မျိုးသုံးလို့ရတယ်ဆိုတော့ အတော်ပဲပေါ့..."
ချန်ချင်းယွီလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ဟေး... ဟိုမှာကြည့်စမ်း၊ ဟိုဘက်က လူကိုကြည့်ဦး…အဲဒါ ရထားပေါ်မှာ ငါတို့နောက်ကို လိုက်လာတဲ့လူ မဟုတ်လား"
ချိုက်မင်မင် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။ ချန်ချင်းယွီသည်လည်း သူမ ညွှန်ပြရာသို့ လိုက်လံကြည့်ရှုရာ... အမှန်တကယ်ပင် မှောင်ခိုဈေးမှ လူစု ဖြစ်နေ၏။ သူတို့သည် အမျိုးသမီးအချို့ အပါအဝင် လူအုပ်စုကြီးဖြစ်နေပြီး တဟားဟား ရယ်မောကာ လမ်းကို ဖြတ်ကူးလျက် ဟိုဘက်က လမ်းကြားလေးတစ်ခုထဲသို့ ဝင်ရောက်သွားကြသည်။ ချန်ချင်းယွီပြတင်းပေါက်မှတစ်ဆင့် လှမ်းမျှော်ကြည့်လိုက်ရာ ထိုလူစုသည် လမ်းကြားထဲရှိ စားသောက်ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်သွားကြသည်ကို မြင်လိုက်ရ၏။
ချန်ချင်းယွီ "အော်..." ဟုသာ ရေရွတ်လိုက်၏။
ချိုက်မင်မင် : "သူတို့က ဘာဖြစ်နေကြတာလဲမသိဘူး"
ချန်ချင်းယွီ မျက်ခုံးပင့်လိုက်ပြီး
"ဘာဖြစ်လို့လဲ"
ချိုက်မင်မင် စက်ဆုပ်ရွံရှာသော လေသံဖြင့် ကဲ့ရဲ့စကားဆို၏။
"သူတို့အသက်အရွယ်တွေကို ကြည့်ရုံနဲ့တင် အိမ်ထောင်ရှိနေကြပြီဆိုတာ သိသာပါတယ်… အပြင်ထွက်လာတာနဲ့ မိန်းမတွေကို တန်းစီပြီး လျှောက်ခေါ်နေကြတာ၊ ကြည့်ရုံနဲ့တင် လူကောင်းတွေ မဟုတ်မှန်း သိသာတယ်၊တကယ့် အမှိုက်တွေပဲ"
ချန်ချင်းယွီလည်း နှလုံးသားထဲမှ ထပ်တူထောက်ခံမိသည်။
"ဒီလိုလူစားမျိုးတွေက ဒီလိုပဲလေ"
သူမ ဆိုလိုက်ပြီး...
ထိုလူစုကို တစ်ချက် ထပ်မံကြည့်ရှုကာ မှတ်ချက်ပြုလိုက်၏။
"သူတို့ ဒီအနီးအနားက လိုင်စင်မဲ့ တည်းခိုခန်းအစုတ်တစ်ခုခုမှာ တည်းနေကြတာ ထင်တယ်"
ချိုက်မင်မင် : "ဟင်... အဲဒီလိုနေရာမျိုးတွေက လူတွေကို ဓားပြတိုက်သလို ဈေးဖြတ်ပြီး မသမာတဲ့ အလုပ်တွေ လုပ်တတ်တယ်လို့ နင်ပြောဖူးတယ် မဟုတ်လား"
ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း
"ဟုတ်တယ်၊ မဟုတ်ရင် သူတို့နဲ့အတူ ပါလာတဲ့ ကောင်မလေးတွေက ဘယ်ကနေ ရောက်လာမှာလဲ"
ချိုက်မင်မင် : "..."
ချန်ချင်းယွီ နှုတ်ခမ်းကို အနည်းငယ် စူလိုက်မိ၏။ သေချာတာပေါ့... ထိုတရားမဝင် တည်းခိုခန်း အသေးစား အားလုံး ဤကဲ့သို့ ညစ်ပတ်သည်ဟု ဗြောင်ကျကျ ပြော၍မရသော်လည်း၊ တရားဝင်ရိုးသားစွာ လုပ်ကိုင်သည့်ဆိုင်ဟူ၍မူ အလွန်ပင် ရှားပါးလှပေသည်။
"ဒါပေမဲ့ သူတို့က လူလေးယောက်တောင် ရှိနေတာဆိုတော့ သာမန်လူတွေထက်စာရင်တော့ ရဲတင်းတာပေါ့။"
ချန်ချင်းယွီသည် ထိုလူစုကို ခေတ္တမျှ ကြည့်ရှုပြီးနောက် သတိပြန်
သွင်းကာ...
"ကဲ... နောက်မှတ်တိုင်ဆိုရင် ကျွန်မတို့ ဆင်းရတော့မယ်၊ ပြင်ဆင်ထားတော့"
"အင်း... ဟုတ်ပြီ..."
ချိုက်မင်မင် မတ်တတ်ထရပ်ကာ လက်ရန်းကို လှမ်းကိုင်ရင်း
"သေချာကိုင်ထားဦးနော်၊ လဲကျသွားဦးမယ်"
ချန်ချင်းယွီ ပြုံးလိုက်ကာ
"ကောင်းပါပြီ"
သူမတို့သည် ထိုတရားမဝင် တည်းခိုခန်းငယ်လေးများ၏ အကြောင်းကို ကောင်းစွာမသိရှိသလို၊ ထိုနေရာမျိုးတွင် တည်းခိုရန်လည်း အစီအစဉ်မရှိကြပေ။ထို့ကြောင့် ထိုအကြောင်းကို အချိန်ကုန်ခံကာ ဆက်လက်မတွေးတောကြတော့ဘဲ မိမိတို့အလုပ်ကိုသာ အာရုံစိုက်ရန် ပြင်ဆင်လိုက်ကြတော့သည်။ အခြားတစ်ဖက်တွင်မူ ကျားကြီးနှင့် သူ၏အုပ်စုသည် စားသောက်ဆိုင်မှ ထွက်လာကြရာ အတော်ပင် လန်းဆန်းတက်ကြွနေသည့် ပုံစံရှိ၏။
သူတို့သည် ရထားပေါ်တွင် ထိုင်ခုံမရသဖြင့် အလွန်ပင် ပင်ပန်းနွမ်းနယ်ခဲ့ကြပြီး မွန်းလွဲပိုင်းတစ်ပိုင်းလုံး အခန်းထဲတွင် အိပ်ရေးဝဝ အိပ်စက်ခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ယခုအခါတွင် အားအင်များ ပြည့်ဝနေကြ၏။ သူတို့သည် ထီးလေးဆောင်းထားသော အမျိုးသမီးနောက်သို့ လိုက်ပါရင်း ကွေ့ကောက်လှသော လမ်းကြားလေးများအတိုင်း လျှောက်လှမ်းခဲ့ကြသည်။ နောက်ဆုံးတွင် သာမန်လူနေအိမ်တစ်လုံး ဖြစ်သော်လည်း အခန်းများစွာကို တိုးချဲ့ဆောက်လုပ်ထားသည့် နေရာတစ်ခုသို့ ရောက်ရှိခဲ့ကြ၏။ ထိုအိမ်ရာဝင်းလေးမှာ ပေကျင်းမြို့ရှိ အစုတ်ပြတ်ဆုံးသော လူနေအိမ်ရာများထက်ပင် အခန်းချင်း ပိုမိုပိတ်ညှပ်နေပြီး ခြံဝင်းလေးမှာလည်း အလွန်ပင် ကျဉ်းမြောင်းလှသည်။
'ဒီနေရာက တကယ့်ကို အဆောက်အအုံအစုတ်ပဲ'
ကျားကြီးသည် စိတ်ပျက်သဖြင့် ချက်ချင်း ပြန်လှည့်ထွက်ရန် ပြင်လိုက်သော်လည်း၊ ပါးနပ်လှသော ထီးဆောင်းထားသည့် အမျိုးသမီးမှာ သူမ၏ "တူမ" နှစ်ဦးကို လျင်မြန်စွာ လှမ်းခေါ်လိုက်သည်။ ထိုမိန်းကလေးများသည် အမှန်တကယ် တူမတော်စပ်ခြင်း ရှိ၊ မရှိ မသေချာသော်လည်း အဝတ်အစား အပြင်အဆင်မှာမူ အတော်ပင် လှပကြ၏။ သူတို့ဘက်၌ အမျိုးသား လေးယောက်ရှိနေသဖြင့် ထိုအမျိုးသမီးသည် ဘေးအိမ်မှ အခြားမိန်းကလေး နှစ်ဦးကိုပါ ကူညီပေးရန်သွားရောက်ခေါ်ယူခဲ့သေးသည်။ အမျိုးမျိုး ချော့မော့ဆွဲဆောင်ပြီးနောက်တွင်မူ ထိုအမျိုးသားလေးယောက်စလုံး ထိုနေရာ၌ပင် တည်းခိုရန် သဘောတူလိုက်ကြ၏။
အခန်းခနှင့် ပတ်သက်၍မူ... သူတို့သည် စင်စစ် ဈေးသက်သာသော တည်းခိုခန်းကို ရှာဖွေရန် ဤနေရာသို့ လာခဲ့ကြခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ ကုန်ကျစရိတ်မှာ သာမန်ထက် များစွာ ကြီးမြင့်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူတို့သည် ထိုအခြေအနေကို သဘောကျကာ ကျေနပ်နေကြ၏။
အမျိုးသားအများစု၏ သဘာဝမှာ ဤကဲ့သို့ပင်…
သူတို့သည် ထိုမြှူဆွယ်မှုနောက်သို့ ပါသွားခဲ့ကြသဖြင့် ကျားကြီးနှင့် သူ၏အုပ်စုသည် ဤနေရာ၌ပင် တည်းခိုရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း သူတို့သည် မှောင်ခိုလောကတွင် ဝါရင့်နေကြသူများဖြစ်သဖြင့် သံသယစိတ်နှင့် သတိတရား ရှိကြ၏။ အခန်းထဲသို့ မိန်းကလေး လေးယောက်ကို ခေါ်သွင်းခဲ့ကြသော်လည်း... သူတို့ လေးယောက်စလုံးမှာမူ လူလေးယောက်ဆံ့သော အခန်းကြီးတစ်ခန်းတည်းတွင်သာ အတူတူ နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့သည် တစ်ယောက်ချင်းစီ ခွဲမနေကြဘဲ စုစုစည်းစည်းသာ နေခဲ့ကြခြင်း ဖြစ်၏။
ဤအချက်ကြောင့် ထီးဆောင်းထားသော အမျိုးသမီးကြီးမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသော်လည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ နှုတ်ဆိတ်နေခဲ့လေသည်။
ထိုတရားမဝင်တည်းခိုခန်းများမှာ ဤသို့ပင် စီးပွါးရေးလုပ်ကြသည်သာ… တစ်ယောက်တည်းလာသူနှင့် တိုးလျှင် ခြိမ်းခြောက်ခြင်း၊ လိမ်လည်ခြင်း၊ ငွေညှစ်ယူခြင်းတို့ဖြင့် ၎င်း၏အိတ်ထဲရှိ ငွေကြေးအားလုံးကို ပြောင်စင်အောင် ခွာယူပြီး ထိုနေ့မှာပင် မောင်းထုတ်ပစ်တတ်ကြ၏။ အမျိုးသမီး နှစ်ဦး သို့မဟုတ် သုံးဦးနှင့် တိုးလျှင်မူ အခြေအနေကိုကြည့်ကာ တစ်ဆင့်ချင်းစီ ချဉ်းကပ်လေ့ရှိပြီး မိန်းမလှကွက်နှင့် အခြားသော နည်းပရိယာယ်များကိုလည်း ရံဖန်ရံခါ အသုံးပြုတတ်ကြသည်။
သို့သော် သူတို့သည် လူအကဲခတ်ရာတွင် ပါးနပ်ကြ၏။ ကျားကြီးတို့ကဲ့သို့ လူဆိုးရုပ်ပေါက်ပြီး သတိကြီးလွန်းသူ၊ နောက်လိုက်နောက်ပါများပြီး ထွားကျိုင်းကာ ရိုက်နှက်သတ်ပုတ်နိုင်မည့် ပုံစံမျိုးနှင့် တွေ့ပါက ထိုအမျိုးသမီးများသည် လိမ်လည်လှည့်ဖြားရန် မဝံ့ရဲကြပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည် ရိုးရိုးသားသား စီးပွားရေးလုပ်၍လည်း ရသည်ဖြစ်၍ လူတိုင်းကို ဓားစာခံလုပ်နေသည်မျိုး မဟုတ်ပေ။
၎င်းတို့သည် ရိုးရိုးသားသား စီးပွားရေးလုပ်သည်ဆိုသော်လည်း အခန်းခရရုံမျှဖြင့် မတင်းတိမ်ကြပေ။ အမျိုးသားများ ခရီးထွက်လာသည့်အခါ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြကာ နောက်ဆုံးတွင် ထိုမိန်းကလေးများအတွက် ပိုက်ဆံပေးကြရသည်သာ ဖြစ်သည်။ ထိုမိန်းကလေးများမှာလည်း နှုတ်ချိုပြီး နူးညံ့သိမ်မွေ့ကာ အလိုက်သိတတ်ကြသည့်အပြင် ရသမျှအခွင့်အရေးကို အမြဲတမ်း အရယူချင်ကြသူများ ဖြစ်၏။ ထို့ကြောင့် သူတို့သည် ကျားကြီးတို့အုပ်စုထံတွင် တွယ်ကပ်ကာ အသည်းယားစရာ အမူအရာများဖြင့် ပြုစုယုယနေကြတော့သည်~~~ သူတို့သည် မွန်းလွဲပိုင်း၌ အတူတူ အိပ်စက်အနားယူခဲ့ကြပြီး အမောပြေသွားချိန်တွင် ညစာစားရန် အပြင်သို့ ထွက်လာခဲ့ကြခြင်းဖြစ်ရာ ချန်ချင်းယွီတို့နှင့် ကွက်တိတိုးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ချန်ချင်းယွီသည် ထိုလူများကို စိတ်ထဲတွင် အရေးတယူ မရှိခဲ့ပေ။
လူတိုင်း မိမိအလုပ်နှင့်မိမိ ဖြစ်နေကြတာပဲလေ…
သူမသည် ရထားအချိန်ဇယားကို သေချာကြည့်ရှုပြီးစီးခဲ့ပြီး ရထားအချို့၏ အချိန်များကိုလည်း အလွတ်မှတ်သားထားခဲ့၏။
ချိုက်မင်မင် တွက်ချက်ပြကာ
“ငါတို့ လက်ကားဈေးကနေ ဒီကို တန်းလာတာ ကားတစ်ခေါက် ပြောင်းစီးရပြီး အကြာကြီး စောင့်ခဲ့ရတယ်၊ ဈေးကနေ ထွက်လာတာ အခုဆို နှစ်နာရီနီးပါး ရှိသွားပြီ…တကယ်လို့ ငါတို့ ပစ္စည်းတွေနဲ့ တန်းပြန်မယ်ဆိုရင် အဲဒီလောက် အချိန်ကြိုပေးထားရမယ်"
သူမသည်လည်း အပြင်ထွက်သည့်အခါ လုံးဝအူတူတူ ဖြစ်နေသူ မဟုတ်ပေ။
ချန်ချင်းယွီ ဖြည့်စွက်ပြောကာ
"အဲဒီထက်တောင် ပိုပြီး အချိန်ပေးရဦးမယ်… ကျွန်မတို့ ခုနက အကြာကြီး စောင့်ခဲ့ရတယ်ဆိုပေမဲ့ သုံးဘီးဆိုင်ကားစီးရင်တော့ ဘတ်စ်ကားထက် သေချာပေါက် ပိုနှေးလိမ့်မယ်။ ပြီးတော့ ဘူတာရုံရောက်ရင်လည်း ကုန်စည်ပို့ဆောင်ရေး ကိစ္စတွေကို ရှင်းရဦးမှာလေ"
ချိုက်မင်မင် : "အင်း... ဟုတ်သားပဲ..."
သူမ အချိန်ဇယားကို ကြည့်ရင်း
"မနက်စောစော သွားမယ်ဆိုရင်တော့ ပြန်ဖို့ အကောင်းဆုံးအချိန်က အရင်တစ်ခေါက် ငါတို့စီးခဲ့တဲ့ ရထားပဲ၊ ဒါပေမဲ့ အဲဒီရထားက ညနေကျမှ ထွက်တာ၊ ညဘက်ကြီး ရထားပေါ်မှာ ဖြတ်သန်းရမှာဆိုတော့ ကောင်းကောင်း အနားရမှာ မဟုတ်ဘူး"
ချန်ချင်းယွီ : "ဒါပေမဲ့လည်း သွားရမှာပဲလေ… ကုန်ပစ္စည်းတွေရပြီဆိုတာနဲ့ ချက်ချင်း ပြန်ရမယ်၊ မဟုတ်ရင် ကျွန်မတို့ကို နောက်ထပ် စောင့်ကြည့်တာမျိုး ခံရလိမ့်မယ်"
သူမသည် ရန်ဖြစ်ရမည်ကို ကြောက်ရွံ့ခြင်းမရှိသော်လည်း ရှုပ်ထွေးမှုများကိုမူ မုန်းတီးလှသည်။ ဒေသခံမြွေများကို နယ်ဝေးရှိ နဂါးပင် မနှိမ်နင်းနိုင်ဟူသော စကားရှိရာ သတိထားခြင်းမှာ အကောင်းဆုံး ဖြစ်၏။
"ငါ အဲဒါကို သိပါတယ်၊ ဒါနဲ့... နင် မခံစားမိဘူးလား၊ ဒီတစ်ခေါက်က အရင်တစ်ခေါက်ထက် လူတွေ ပိုများလာသလိုပဲ၊ ကြည့်စမ်း... နာရီဝက်တောင် မပြည့်သေးဘူး၊ အရင်ကထက် လူတွေ ပိုများလာသလို ခံစားရတယ်၊ ပြီးတော့ ပတ်ဝန်းကျင် အငွေ့အသက်ကလည်း နည်းနည်း ကွာခြားသွားသလိုပဲ”
ချန်ချင်းယွီ : "ပိုပြီး စည်ကားဝေဆာ ဖြစ်နေတာလား"
ချိုက်မင်မင် ချက်ချင်းပင် ခေါင်းညိတ်ပြကာ
"ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒီစကားလုံးပဲ၊ ပိုပြီး စည်ကားဝေဆာ ဖြစ်နေတာ"
သူမ မချင့်မရဲဖြင့် လျှာသပ်လိုက်ရင်း
"တကယ်ပဲနော်... သွားလာနေတဲ့သူတွေ အားလုံးရဲ့ မျက်နှာပေါ်မှာ အလောတကြီး ဖြစ်နေတဲ့ ပုံစံမျိုး တွေ့နေရတယ်၊ လူတိုင်းက အလုပ်ရှုပ်နေကြတာပဲ"
ချန်ချင်းယွီ : "သူတို့အားလုံးက ပိုက်ဆံရှာဖို့အတွက် အလုပ်ရှုပ်နေကြတာလေ၊ ကျွန်မလည်း စိတ်လောနေတာပဲ၊ တကယ့်ကို အချိန်နဲ့ပြေးနေရတာ… ကျွန်မတို့ သူတို့ထက် စောစောပြန်နိုင်ရင် ပစ္စည်းတွေကို တစ်ရက်စောပြီး ရောင်းရမှာ မဟုတ်လား"
ချိုက်မင်မင် : "ဒါဆိုရင်တော့ မနက်ဖြန် ကုန်ပစ္စည်းတွေ သွားယူပြီးတာနဲ့ ချက်ချင်း ပြန်ကြတာပေါ့”
သူမ ပြတ်သားစွာဖြင့်
"အချိန်ဆွဲမနေနဲ့တော့၊ ဘာပဲဖြစ်ဖြစ် ငါတို့ ဒီမှာ တခြားလုပ်စရာလည်း မရှိဘူးပဲဥစ္စာ"
ချန်ချင်းယွီ ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီ၊ သွားကြစို့၊ အခန်းကို ပြန်ပြီးတော့ ဒီတစ်ခေါက် ကုန်ပစ္စည်း ဘယ်လောက်လိုမလဲ၊ ဘယ်လိုဒီဇိုင်းမျိုးတွေ ယူမလဲဆိုတာ တွက်ချက်ကြရအောင်"
"ဟုတ်တယ်၊ သွားကြစို့..."
သူမတို့နှစ်ဦးစလုံး အားအင်များ ပြည့်ဝနေကြပြီး အချင်းချင်း တိုင်ပင်ဆွေးနွေးရင်း ဘူတာရုံမှ ထွက်ခွါလာခဲ့ကြကာ ချန်ချင်းယွီသည် မနက်ဖြန်အတွက် ရထားလက်မှတ်များကိုပင် ကြိုတင်ဝယ်ယူထားခဲ့ပြီ ဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်းမှာ အချိန်ကို လုံးဝ လေလွင့်မှု မရှိစေချင်၍ပင်။
ချန်ချင်းယွီ : "မနက်ဖြန် မပြန်ဖြစ်ဘူးဆိုရင်တောင် လက်မှတ်ကို ပြန်အပ်ပြီး ပိုက်ဆံပြန်အမ်းခိုင်းလို့ ရတာပဲ… နောက်မှ အလောတကြီး ဖြစ်နေရတာထက်စာရင် ပိုက်ဆံနည်းနည်း အရှုံးခံလိုက်တာက ပိုကောင်းပါတယ်"
"အင်းပါ၊ နင်ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"
ချိုက်မင်မင် သက်ပြင်းချရင်း...
"နင့်ရဲ့ စရိုက်က နင့်ယောက္ခမက အမြဲတမ်း ဖိနှိပ်ချုပ်ချယ်ထားလို့ ဖြစ်လာတာနေမှာ… ဒါကြောင့်လည်း နင်က ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ကာကွယ်ခုခံပြီး ထုတ်ဖော်မပြောရဲခဲ့တာ… ဒါပေမဲ့ အပြင်ထွက်လာတော့ နင်က ဘယ်လောက်တောင် စွမ်းဆောင်နိုင်လဲဆိုတာ ကြည့်ဦး… ငါလည်း နင့်လိုမျိုး စွမ်းဆောင်နိုင်ချင်လိုက်တာ~~~ နင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရမယ်... ငါတို့ အမျိုးသမီးတွေက မိုးကောင်းကင်ရဲ့ တစ်ဝက်ကို မပင့်တင်နိုင်ဘူးဆိုရင်တောင်မှ လူတွေရဲ့ အမြဲတမ်း အနိုင်ကျင့်တာကိုတော့ အလျှော့မပေးသင့်ဘူး၊ တကယ်လို့ နင်သာ အားအင်တွေ ရှိလာမယ်ဆိုရင်... တကယ်ပါ၊ ငါတို့လိုလူ အယောက်တစ်ရာတောင် နင့်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး… ငါ့အထင်တော့ ဟောက်ရွှယ်တို့၊ ကွမ်ထင်းထင်းတို့ဆိုတာလည်း နင့်ကို ယှဉ်နိုင်မယ့်သူတွေ မဟုတ်ပါဘူး"
ချန်ချင်းယွီ စကားကြောင့် အံ့အားသင့်သွားရသည်။ သူမသည် ချိုက်မင်မင်ကို အကဲခတ် စိုက်ကြည့်လိုက်မိရာ... သူမ ပြောဆိုနေသည့် စကားများမှာ စိတ်ရင်းဖြင့် အလွန်ပင် ရိုးသားပွင့်လင်းနေသည်ကို တွေ့ရ၏။ ဤအချက်မှာ ချန်ချင်းယွီကို ပို၍ပင် နားမလည်နိုင်အောင် ဖြစ်စေသည်။
အကြောင်းပြချက်အရ ဆိုရလျှင်... အိမ်ရာဝင်းထဲရှိ လူအားလုံးထဲတွင် သူမသည် ချိုက်မင်မင်၏ ရှေ့၌သာ မိမိ၏ ပင်ကိုယ်စရိုက်အမှန်ကို အများဆုံး ထုတ်ပြခဲ့ခြင်း ဖြစ်၏။ သူမသည် ရထားပေါ်တွင်ပင် လက်ပါခဲ့သည် မဟုတ်လော့~~
သာမန်လူဆိုလျှင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း စောစီးစွာ ရိပ်မိနေပေလိမ့်မည်။ သူမသည် ပုံမှန်မြင်တွေ့နေရသည့် အခြေအနေနှင့် လုံးဝ ကွဲပြားခြားနားနေမှန်း သိရှိသင့်ပေသည်။
သို့သော်လည်း ချိုက်မင်မင်မှာမူ သူမကို အပြစ်ကင်းစင်သော ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ အခိုင်အမာ ယုံကြည်နေဆဲဖြစ်ရာ... ဤအစ်မကြီးသည် မိမိကို တမင်သက်သက် လှည့်ဖြားနေခြင်းလောဟု ချန်ချင်းယွီပင် လိပ်ပြာမလုံစွာဖြင့် အကြိမ်ကြိမ် သံသယဝင်ခဲ့ဖူး၏။
သို့သော် သေချာစွာ အကဲခတ်ကြည့်ရှုပြီးနောက်တွင်မူ သူမသည် တမင်လုပ်နေခြင်း မဟုတ်ကြောင်း ထင်ရှားလှပေသည်။
ချိုက်မင်မင်သည် သူမကို ဉာဏ်ကောင်းသော်လည်း အားနွဲ့ပြီး အကူအညီမဲ့နေသူတစ်ဦးအဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်၏။
သူမသည် အဘွားကြီးကျောက်၏ အနိုင်ကျင့်မှုကို ခံခဲ့ရသဖြင့်သာ ဤမျှအထိ ရိုးအေးနေရခြင်းဟု ထင်မှတ်နေရှာသည်။
ချန်ချင်းယွီ : "..."
'ငါ့ရဲ့ သရုပ်ဆောင်မှုကပဲ သိပ်ကောင်းလွန်းနေတာလား၊ ဒါမှမဟုတ် အစ်မမင်မင်ကပဲ ငါ့အပေါ် မြင်တဲ့အမြင်က အမှောင်ဖုံးနေတာလား… သောက်ကျိုးနည်းပါပဲဟယ်’
ထိုအခိုက်အတန့်တွင် ချန်ချင်းယွီ ပြောစရာစကားများ ပျောက်ဆုံးသွားရ၏။
ချိုက်မင်မင် : "ကဲ... ပြန်ကြစို့…မနက်ဖြန် ကုန်ပစ္စည်းတွေ သွားယူရင် တစ်နေ့လုံး ပင်ပန်းနေမှာ၊ ညကျရင်လည်း ကောင်းကောင်း အိပ်ရမှာ မဟုတ်ဘူး၊ ဒီနေ့ညတော့ စောစောစီးစီး အနားယူကြတာပေါ့"
ချန်ချင်းယွီ : "အင်း... ကောင်းပြီလေ..."
သူမတို့နှစ်ဦးသည် ဘူတာရုံဘက်သို့ အတူတကွ လျှောက်လှမ်းလာခဲ့ကြသည်။
"ဟင်..."
ချန်ချင်းယွီ ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်၍ ချိုက်မင်မင်မှာ
"ဘာဖြစ်လို့လဲ"
"ဟိုမှာကြည့်စမ်း... ဝမ်ကျန့်ကော်ပဲ"
ချန်ချင်းယွီ တိုးတိုးလေး ပြောလိုက်၏။
"ဘာကြီး..."
ချိုက်မင်မင် အံ့အားသင့်စွာ ရေရွတ်မိသည်။
ဒါက ဘယ်လိုရေစက်မျိုးပါလိမ့်…
ထိုလူကို လမ်းခွဲပြီး ဘေးဖယ်ထားခဲ့နိုင်ပြီဟု သူတို့ ထင်မှတ်ထားခဲ့ကြသော်လည်း၊ ကွမ်ကျိုးမြို့ကြီးမှာ ဤမျှအထိ ကျယ်ဝန်းလှရာ သူ့ကို နောက်ထပ် ဆုံတွေ့ရတော့မည်မဟုတ်ဟု တွေးထားခဲ့သော်လည်း၊ ယခုမူ လူတစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ဆိုသလို တိုးနေတော့၏။ ပထမဆုံး မှောင်ခိုဈေးမှ လူအုပ်စုနှင့် တိုးခဲ့ပြီး ယခုတစ်ခါတွင်မူ ဝမ်ကျန့်ကော်နှင့် ထပ်မံတိုးပြန်လေပြီ~~
ချန်ချင်းယွီ နှုတ်ခမ်းကို အနည်းငယ် စူလိုက်မိသည်။ စင်စစ်ပြောရလျှင် သူမသည် ရထားပေါ်ကတည်းက ချဲညီအစ်ကိုနှစ်ယောက်အကြောင်းကို တွေးတောနေခဲ့ခြင်း ဖြစ်၏။ ထိုနှစ်ယောက်သည် သူမနောက်ကို ရည်ရွယ်ချက်ရှိရှိ လိုက်နေကြသည်ဟု သူမ ခံစားနေရသည်။ သူမ ပစ္စည်းယူသည့်နေရာကို သိချင်ရုံတင်မကဘဲ သူမကို ဒုက္ခပေးရန်ပါ ကြံစည်နေကြ၏။
ယင်းမှာ ချန်ချင်းယွီဘက်မှ သံသယလွန်ပြီး အပြစ်ရှာနေခြင်းမဟုတ်ဘဲ ချဲယုံချန်း၏ အကြည့်များမှာ သိသာလွန်းနေသောကြောင့် ဖြစ်သည်။
သူမသည် ဉာဏ်ပညာအလွန်ကြီးမားပြီး အနာဂတ်ကို ဆယ်လှမ်းကြိုမြင်နိုင်သူမျိုး မဟုတ်သော်လည်း အခြားသူများ၏ မသမာသောစိတ်နှင့် မုန်းတီးမှုကို ခံစားသိရှိနိုင်စွမ်းတွင်မူ မည်သူမျှ လိုက်မမီပေ။
ထိုချဲညီအစ်ကိုနှစ်ယောက်သည် စိတ်ကောင်းစေတနာ လုံးဝမရှိကြပေ...
ချန်ချင်းယွီသည် မူလ၌ ရထားပေါ်မှ ဆင်းဆင်းချင်း သူတို့ကို သင်ခန်းစာကောင်းကောင်း ပေးချင်ခဲ့သော်လည်း ချိုက်မင်မင် သူမအနားတွင် ရှိနေသဖြင့် လူကိုယ်တိုင် လှုပ်ရှားရသည်မှာ သိပ်မလွတ်လပ်ပေ။ ချန်ချင်းယွီသည် သူမ၏ ပင်ကိုယ်စရိုက်အချို့ကို ထုတ်ပြထားဖူးသည်ဆိုသော်လည်း ချိုက်မင်မင်၏ ရှေ့မှောက်တွင် ထိုလူများကို အကြမ်းဖက်တိုက်ခိုက်ရန်မသင့်ပေ။ ထိုသို့လုပ်ခြင်းမှာ မိမိ၏ အားနည်းချက်ကို အခြားသူ့လက်ထဲ အပ်လိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ရာ သူမ သေချာပေါက် ထိုသို့လုပ်မည်မဟုတ်ပေ။
ထို့ပြင် သူမသည် ချိုက်မင်မင်နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသဖြင့်လည်း ဤကဲ့သို့ မလုပ်ချင်ခြင်း ဖြစ်၏။
ထို့ကြောင့် လောလောဆယ်တွင်မူ သူမ အောင့်အည်းသည်းခံနေရုံသာ တတ်နိုင်သေးသည်။
သို့သော်လည်း ထိုလူများသည် အချိန်အနည်းငယ်အကြာတွင် သူမ၏ ရှေ့မှောက်သို့ တဖန် ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု သူမ ထင်မထားခဲ့မိချေ။
သူမ ခေတ္တမျှ ဝေခွဲမရဖြစ်နေ၍ စကားပင် မပြောရသေးမီ ချိုက်မင်မင် ချန်ချင်းယွီ၏ လက်ကို လှမ်းကိုင်လိုက်ပြီး ဆိုလာ၏။
"သူတို့နောက်ကို လိုက်ကြည့်ရအောင်"
ချန်ချင်းယွီ : "ဟင်..."
သူမ ချိုက်မင်မင်ကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်ပြီးမှ အခြေအနေမှန်ကို သဘောပေါက်သွားတော့သည်။
ဝမ်ကျန့်ကော်၏အနားတွင် အမျိုးသမီးတစ်ဦး ပါလာသောကြောင့် ချိုက်မင်မင်တစ်ယောက် စူးစမ်းချင်စိတ် ပြင်းပြသွားခြင်း ဖြစ်နိုင်၏။
ချန်ချင်းယွီ ဝမ်ကျန့်ကော်ဘက်သို့ ထပ်မံကြည့်ရှုလိုက်ရာ သူတစ်ယောက်တည်း မဟုတ်ပေ။ ချဲညီအစ်ကိုနှစ်ယောက်အပြင် အသက်အရွယ် ခန့်မှန်းရခက်သော အမျိုးသမီးတစ်ဦးလည်း ပါဝင်နေပြီး သူမမှာ ဝမ်ကျန့်ကော်၏ လက်ကို ချွဲနွဲ့စွာ တွဲချိတ်ထားသည်။
ချန်ချင်းယွီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး...
"..."
သေချာတာပေါ့...
အပြင်ကမ္ဘာသို့ ရောက်ရှိသွားသည့်အခါ ဘေးပတ်ဝန်းကျင်တွင် မိမိတို့ကို သိသူတစ်ဦးမျှ မရှိတော့သဖြင့် လူတိုင်း ဟန်ဆောင်မှုမျက်နှာဖုံးများကို ချွတ်ချကာ ပိုမိုရဲတင်းလာကြသည်။
ချန်ချင်းယွီ : "ကောင်းပြီ၊ သွားကြည့်ကြတာပေါ့၊ ဒါပေမဲ့ သတိတော့ထားနော်"
"အင်း... ဟုတ်ပြီ။"
ဝမ်ကျန့်ကော်တို့အုပ်စုသည် ချန်ချင်းယွီတို့ကို သတိမပြုမိကြပေ။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်စပြုနေပြီဖြစ်ပြီး သူတို့၏ အာရုံမှာလည်း ဘေးပတ်ဝန်းကျင်ရှိ လူများထံတွင် ရှိမနေကြပေ။ ထိုလူလေးယောက်သည် တဟားဟားရယ်မောကာ စကားစမြည် ပြောဆိုနေကြသည်။ ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့ နောက်မှတိတ်တဆိတ် လိုက်ပါလာခဲ့ကြ၏။
ထိုအမျိုးသမီး၏ လေသံမှာ အလွန်ပင် ချွဲပစ်နေပြီး
"အစ်ကိုဝမ်... ဒီတစ်ခေါက် ကွမ်ကျိုးကို ဘာကိစ္စနဲ့ လာတာလဲဟင်၊ စီးပွားရေးကိစ္စလား…သူဌေးကြီးပေါ့ ဟုတ်လား"
ဝမ်ကျန့်ကော် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သော်လည်း ချဲယုံချန်းမှာစိတ်အလိုမကျ ဖြစ်သွားသည်။ သူတို့အားလုံး အမျိုးသားချင်းအတူတူ ဖြစ်နေပါလျက် ဤမိန်းကလေးသည် ဝမ်ကျန့်ကော်တစ်ယောက်တည်းကိုသာ ဖားနေသဖြင့် မိမိတို့နှစ်ယောက်ကို အဖက်မလုပ်သကဲ့သို့ ခံစားရ၏။
ချဲယုံချန်း : "သူက ဘာသူဌေးကြီးလဲ၊ ရယ်စရာကောင်းလိုက်တာ… ငါတို့က သူဌေးဖြစ်ရင်ဖြစ်မယ်၊ သူကတော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး"
ဝမ်ကျန့်ကော် ချဲယုံချန်းကို မကျေမနပ် ကြည့်လိုက်သော်လည်း မသိမသာ ပြုံးရင်း
"ငါက တကယ်ပဲ သူဌေးကြီးမဟုတ်ပါဘူးကွာ၊ အလုပ်ကိစ္စနဲ့ ခရီးထွက်လာတာပါ"
သူသည်လည်း မိမိ၏ ချမ်းသာကြွယ်ဝမှုကို ဗြောင်ကျကျ ထုတ်မကြွားချင်ပေ။
"မယုံပါဘူးရှင်၊ အစ်ကို့ပုံစံက ကြည့်ရတာ အဆင့်အတန်းရှိပြီး သူဌေးကြီးတစ်ယောက်နဲ့ လုံးဝတူနေတာကို"
ဤစကားကို ကြားသောအခါ ချဲယုံဖုန်းလည်း စိတ်ထဲတွင် မသက်မသာ ဖြစ်သွားသည်။ သူ၏ ယောက္ခမမှာ ယခင်၌ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သဖြင့် သူသည် အမြဲတမ်း မြှောက်ပင့်ချီးမွမ်းခြင်း ခံခဲ့ရသူ ဖြစ်၏။ မကြာသေးမီ နှစ်များအတွင်း သူ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ အဆင်မပြေဖြစ်နေခဲ့သော်လည်း မည်သူမှ သူ့ကို လျစ်လျူမရှုရဲခဲ့ကြချေ။ ယခုအခါ ဤမိန်းကလေးမှာ ဝမ်ကျန့်ကော်ကိုသာ တတွတ်တွတ် ဝိုင်းအုံနေသဖြင့် သူလည်း စိတ်တိုလာရသည်။
ချဲယုံဖုန်း : "သူက ဘာမှမဟုတ်ပါဘူး၊ မင်းက လူအကဲခတ် မတတ်တာပဲ၊ သူက စက်ရုံမှာဆိုရင် ငါ့အောက်တောင် အဆင့်နိမ့်သေးတယ်"
ထိုအခါ ကောင်မလေးမှာ ချက်ချင်းပင် အနားသို့ တိုးကပ်သွားပြီး
"အော်... ဒါဆိုရင် အစ်ကိုကြီးက စက်ရုံမှာ ဘာရာထူးလဲဟင်"
ချဲယုံဖုန်းတစ်ယောက် ချက်ချင်းပင် ပြောစရာစကားမဲ့သွားကာ အရှက်ရသွားတော့သည်။
ကောင်မလေး၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး စိတ်ထဲမှ ကဲ့ရဲ့လိုက်သော်လည်း နှုတ်ကမူ မြှောက်ပင့်၍
"အစ်ကိုတို့ မပြောရင်တောင် ညီမ သိပါတယ်ရှင်… အစ်ကိုတို့က ညီမကို တမင်လိမ်နေတာပဲ၊ စင်စစ်တော့ အစ်ကိုတို့အားလုံး ကွမ်ကျိုးကို ကုန်ပစ္စည်းလာဝယ်ကြတာမလား၊ ညီမ သိတာပေါ့… လူအများကြီးက ကွမ်ကျိုးကို ကုန်ပစ္စည်းလာဝယ်ကြတာပဲလေ၊ သူတို့အားလုံးက သူဌေးကြီးတွေချည်းပဲ… အစ်ကိုတို့လည်း အတူတူပဲနေမှာပါ၊ အစ်ကိုတို့အားလုံးက ဒီလောက်အရှိန်အဝါရှိတာ၊ သာမန်စက်ရုံအလုပ်သမားတွေတော့ ဘယ်ဟုတ်ပါ့မလဲ"
ဤစကားမှာ ထိုအမျိုးသားသုံးဦးကို အလွန်ပင် ကျေနပ်ပီတိ ဖြစ်သွားစေသည်။
ဝမ်ကျန့်ကော် ထိုကောင်မလေး၏ တင်ပါးကို လှမ်းဖျစ်လိုက်ရင်း
"ညီမလေးကလည်း... စကားတွေ အများကြီး လျှောက်မေးမနေနဲ့၊ ငါတို့ သုံးယောက်စလုံးကို သေချာပြုစုပေးဖို့ပဲ လိုတယ်၊ ညီမလေး ရသင့်ရထိုက်တာတွေကိုတော့ ငါတို့ ပေးမှာပါ"
"ဟီးဟီးဟီး..."
သူတို့အားလုံးသည် ညစ်ညမ်းသော အပြုံးများဖြင့် ရယ်မောလိုက်ကြ၏။
မလှမ်းမကမ်းတွင် ရှိနေပြီး သူတို့၏ စကားများကို အသေအချာ နားထောင်နေကြသော နောက်ယောင်ခံလိုက်သူ နှစ်ဦးမှာ အချင်းချင်း မျက်လုံးချင်း ဆုံသွားကြသည်။ ချိုက်မင်မင် ပါးစပ်
လှုပ်ရုံမျှဖြင့် အသံမထွက်ဘဲ မေးလိုက်၏။
"သူတို့ သုံးယောက်စလုံးကို ပြုစုပေးရမယ်ဆိုတာ... ဘာကို ဆိုလိုတာလဲ၊ အဲဒါက... သူတို့ လေးယောက်စလုံး အတူတူ နေကြမလို့လား"
ချန်ချင်းယွီသည် နှုတ်ခမ်းလှုပ်ရှားမှုကို အတိအကျ ဖတ်နိုင်စွမ်းမရှိသော်လည်း ချိုက်မင်မင် ဆိုလိုသည့် သဘောကိုမူ နားလည်လိုက်သည်။
သူမ ပုခုံးနှစ်ဖက်ကို တွန့်ပြလိုက်ရင်း မိမိလည်း လုံးဝ နားမလည်ကြောင်း ပြသလိုက်၏။
သူမတို့နှစ်ဦးစလုံး အနည်းငယ် အနေရခက်သွားကြသော်လည်း နောက်မှ ဆက်လက်၍ လိုက်ပါသွားခဲ့ကြသည်။
ထိုလူစုသည် အပြင်သို့ တစ်စုံတစ်ခု ဝယ်ယူရန် ထွက်လာခဲ့ကြခြင်း ဖြစ်ပုံရ၏။ မှောင်ခိုဈေးရှိ လူစုနှင့်မတူဘဲ သူတို့သည် စားသောက်ဆိုင် ရှာဖွေခြင်းမရှိကာ တည်းခိုခန်းဘက်သို့ ပြန်လှည့်လာခဲ့ကြသည်။
ဤဒေသရှိ အဆောက်အအုံများအားလုံးမှာ တည်းခိုခန်း အသေးစားလေးများ ဖြစ်ပုံရ၏။ ၎င်းတို့သည် လုံးဝ လိုင်စင်မဲ့ တရားမဝင်သော တည်းခိုခန်းများဖြစ်ကြပြီး စနစ်တကျမရှိ ယာယီတိုးချဲ့ ဆောက်လုပ်ထားကြခြင်း ဖြစ်သည်။ ချန်ချင်းယွီသည် ဤကဲ့သို့သော နေရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သို့သော်လည်း သူမသည် သတိကြီးစွာဖြင့် လမ်းကြားဝတွင် ခေတ္တပုန်းကွယ်ကာ ကင်းစောင့်နေသည့်လူ ရှိ၊ မရှိ သေချာစွာ စစ်ဆေးပြီးမှသာ ရှေ့သို့ ဆက်လက် လိုက်ပါခဲ့ကြ၏။
အော်... သူမ သေချာပေါက် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေ အကြည့်များသွားတာ ဖြစ်လိမ့်မယ်…
ဤကဲ့သို့သော တည်းခိုခန်းငယ်လေးများတွင် ကင်းစောင့်သမား ထားရှိရန် မလိုအပ်ပေ။
သို့သော်လည်း ချန်ချင်းယွီ တွေးမိသည်မှာ အကယ်၍ တစ်စုံတစ်ဦးပြဿနာရှာလာပါက... ဤလူများအားလုံးသည် သေချာပေါက် စုစည်းကာ တုံ့ပြန်ကြလိမ့်မည်သာ…ဘာပဲဖြစ်ဖြစ် ဤအလုပ်သည် လူတိုင်း၏ ဝမ်းရေးဖြစ်ပြီး အားလုံးမှာ ဤနည်းလမ်းဖြင့် ပိုက်ဆံရှာနေကြခြင်းဖြစ်၏။ သူမတို့နှစ်ဦးသည် ထိုလူစု အဝင်ဝတွင် မီးအိမ်တစ်လုံး ချိတ်ဆွဲထားသော အိမ်ရာဝင်းလေးတစ်ခုအတွင်းသို့ ကွေ့ဝင်သွားကြသည်ကို စောင့်ကြည့်နေခဲ့ကြသည်။
ချိုက်မင်မင် နောက်ဆုံးတွင်မှ ရဲရဲတင်းတင်းဖြင့် စကားပြောရဲလာ၏။
"ဒီနေရာက ကြည့်ရတာ လူကောင်းသူကောင်းတွေ နေတဲ့နေရာနဲ့ မတူဘူး… ပေကျင်းမြို့ဟောင်းက ရှစ်သွယ်လမ်းကြားဆိုတာလည်း ဒီလိုမျိုးပဲလို့ ငါကြားဖူးတယ်၊ ဟုတ်လားဟင်"
ချန်ချင်းယွီ : "ကျွန်မ ဘယ်လိုလုပ်သိမှာလဲ၊ အဲဒီကို တစ်ခါမှမရောက်ဖူးပါဘူး… ကျွန်မက ပြည်သူ့သမ္မတနိုင်ငံတော်ကြီး ထူထောင်ပြီးမှ မွေးတာလေ"
ချိုက်မင်မင် : "ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ… သူတို့နောက်ကိုပဲ ဆက်လိုက်ကြမလား"
ချန်ချင်းယွီ တံတိုင်းကို လက်ညှိုးထိုးပြရင်း
"အစ်မ ချောင်းကြည့်ချင်လား"
ချိုက်မင်မင် ခေါင်းညိတ်ပြကာ
"အင်း... ကြည့်ချင်တယ်"
ပြောရလျှင် အကယ်၍သာ အခြားသူတစ်ဦးဦး၊ ဥပမာ အိမ်ရာဝင်းထဲမှ ကျန်းရှင်းဖှကဲ့သို့ လူမျိုးဆိုပါက သူမ ချောင်းမကြည့်ချင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းရှင်းဖှကဲ့သို့သော လူစားမျိုး ဤသို့လုပ်ရပ်မျိုး လုပ်သည်မှာ သာမန်မျှသာ ဖြစ်သောကြောင့်တည်း။ သို့သော် ဝမ်ကျန့်ကော်ဖြစ်နေ၍ သူမ ပိုမိုစူးစမ်းချင်စိတ် ဖြစ်နေရခြင်းမှာ သူသည် အိမ်ရာဝင်းထဲတွင် အမြဲတမ်း လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေတတ်သောကြောင့် ဖြစ်ပေသည်။
ထိုလူမှာ အပြင်ပန်းတွင်မူ ယဉ်ကျေးသိမ်မွေ့သော လူတတ်ကြီး၊ အဆင့်အတန်းရှိသူတစ်ဦးကဲ့သို့ ရှိနေသော်လည်း ကွယ်ရာတွင် ဤကဲ့သို့ ယုတ်မာပုန်းလျှိုးနေလိမ့်မည်ဟု မည်သူထင်မှတ်ထားပါအံ့နည်း။
ချိုက်မင်မင်သည် တကယ့်ကို အံ့အားသင့်သွားရပြီး မျက်စိပွင့်နားပွင့် ဖြစ်သွားရ၏။ "လူကဲခတ်ရခက်တယ်" ဆိုသည်မှာ ဤသို့ပါလားဟု သူမ ကောင်းစွာ သဘောပေါက်သွားသည်။ ဤလူမှာ အလွန်ပင် ဟန်ဆောင်ကောင်းလွန်းလှ၏။
ချန်ချင်းယွီ : "ကျွန်မ အရင်တက်မယ်၊ ပြီးမှ အစ်မကို အပေါ်ဆွဲတင်မယ်လေ"
"ဟင်... ငါပဲ အရင်တက်ပါရစေ… ဘာပဲဖြစ်ဖြစ် နင်က ငါ့ကို မ,နိုင်မှာ မဟုတ်ပါဘူး၊ အင်း... ဒါလည်း အဆင်မပြေနိုင်ဘူး၊ ဒီတံတိုင်းက တော်တော်မြင့်တာ၊ ခြေနင်းစရာလည်း ဘာမှမရှိတော့ အပေါ်တက်ဖို့က မလွယ်ဘူး..."
သူမ ဝေခွဲမရဖြစ်ရင်း ခြေနင်းရန် အမြင့်တစ်ခုခုရှိမည့်အရာကို ပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေနေ၏။
ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မိမိကိုယ်တိုင် အရင်မတက်သင့်ကြောင်း သဘောပေါက်သွားသည်။ သူမသည် မိမိ၏ အရည်အချင်းများကို တဖြည်းဖြည်းချင်း ထုတ်ပြရန် ဆန္ဒရှိသော်လည်း တစ်ပြိုင်နက်တည်းတွင် အလွန်အကျွံ ဖြစ်သွား၍ မဖြစ်ပေ။
ထို့ကြောင့် သူမမှာ အကြံပြုကာ
"ဒီလိုလုပ်ရအောင်၊ အစ်မပဲ အရင်တက်… ဒီတံတိုင်းက တော်တော်မြင့်တာဆိုတော့ ကျွန်မပုခုံးကို နင်းပြီး အရင်တက်လိုက်၊ ပြီးမှ ကွန်ေမကို အပေါ်ပြန်ဆွဲတင်… ကျွန်မက လူကောင် သေးသေးလေးဆိုတော့ ဆွဲတင်ရတာ လွယ်လိမ့်မယ်…လောလောဆယ်တော့ ဒီနည်းလမ်းပဲ ရှိတော့တာ၊ စမ်းကြည့်ကြတာပေါ့၊ အဆင်မပြေရင် တခြားနည်းလမ်း တွေးတာပေါ့… အချိန်ဆွဲနေလို့ မဖြစ်ဘူး၊ လူမိသွားရင် မကောင်းဘူး"
သူမသည် မိမိ၏ စွမ်းရည်အားလုံးကို အကုန်ထုတ်မပြချင်ပေ။
သူမတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်ဟန်ပြုခြင်းမှာ ပို၍ အဆင်ပြေ၏။
ချိုက်မင်မင် : "ဟာ... ငါက နင့်ပုခုံးကို နင်းရမယ်ဟုတ်လား။ နင်က ဒီလောက် ပိန်ပိန်လေးဟာကို၊ မဖြစ်နိုင်တာ၊ မဖြစ်နိုင်ဘူး”
"ဘာလို့မဖြစ်ရမှာလဲ၊ သေချာပေါက် ရပါတယ်၊ စကားကိုနားထောင်၊ စမ်းကြည့်ရအောင်၊ အဆင်မပြေရင် တခြားနည်းလမ်း ရှာတာပေါ့”
ချိုက်မင်မင်အနည်းငယ် တွန့်ဆုတ်နေသေးသော်လည်း ချန်ချင်းယွီ တန်းပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ လောဆော်လိုက်သည်။
"မြန်မြန်လုပ်၊ အချိန်ဆွဲမနေနဲ့"
ချိုက်မင်မင် : "ဒါဆိုရင်လည်း... ငါ... ငါစမ်းကြည့်မယ်နော်။ နင်မခံနိုင်ဘူးလို့ စိတ်ထဲထင်ရင် ငါ့ကို ချက်ချင်းရပ်ခိုင်း၊ နာရင်လည်း နာတယ်လို့ ပြောနော်။"
ချန်ချင်းယွီ : "အင်း... ဟုတ်ပြီ..."
ချိုက်မင်မင်သည် ချန်ချင်းယွီ၏ ပုခုံးပေါ်သို့ ခြေတစ်ဖက် နင်းလိုက်ပြီး လက်တစ်ဖက်ဖြင့် တံတိုင်းကို လှမ်းကိုင်လိုက်သည်။
စင်စစ်တွင် ချန်ချင်းယွီသည် အလွန်အင်အားကြီးမားသူ ဖြစ်၏။ ချိုက်မင်မင်၏ အရပ်အမောင်းနှင့် သန်မာမှုကို ကြည့်ပြီး အထင်ကြီး၍ မရပေ။ ယခုခေတ်ကာလတွင် မည်မျှပင် သန်မာသည်ဆိုစေကာမူ လူကောင်ကြီးပြီး ဝဖြိုးနေသူဟူ၍ မရှိသလောက်ပင်။ ချိုက်မင်မင်သည် အမှန်တကယ်၌ ကိုယ်အလေးချိန် ပေါင် (၁၃၀) ကျော်မျှသာ ရှိ၏။ သူမသည် အခြားသူများနှင့် ယှဉ်လျှင် သန်မာသည်ဆိုသော်လည်း အမှန်တကယ်၌ ထင်သလောက် လေးလံခြင်းမရှိပေ။
ချန်ချင်းယွီသည် ရံဖန်ရံခါတွင် မှောင်ခိုဈေးမှ ပစ္စည်းအမြောက်အမြားကို သယ်ယူကာ အိမ်သို့ အပြေးပြန်လေ့ရှိသည် မဟုတ်လော့။
သို့သော်လည်း သူမသည် အနည်းငယ် လေးလံဟန် ဆောင်လိုက်ပြီး၊ အသက်ကို ပြင်းပြင်းရှူကာ ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သည်။
"အဆင်ပြေရဲ့လား…တကယ်ကော ရရဲ့လားအေ"
ချိုက်မင်မင် စိုးရိမ်တကြီး မေးရှာ၏။
ချန်ချင်းယွီ အသက်ကို ဝဝရှူသွင်း ရှူထုတ်လုပ်လိုက်ရင်း
"ရတယ်..."
သူမ ကိုယ်ဟန်ချက်ကို ထိန်းလိုက်ပြီး
"တံတိုင်းပေါ်ကို လှမ်းတက်ဖို့ ကြိုးစားကြည့်"
အမှန်တကယ်ပင်... ချန်ချင်းယွီ မတ်တတ်ရပ်လိုက်သောအခါ ချိုက်မင်မင်သည် သူမ၏ ပုခုံးပေါ်တွင် ရောက်ရှိသွားသည်။ သူမသည် လက်ကို ဆန့်တန်းကာ တံတိုင်းထိပ်ကို လှမ်းကိုင်လိုက်ပြီး၊ လက်ရောခြေပါ အားပြုလျက် အပေါ်သို့ အတင်းရုန်းကန်တက်လိုက်ရာ အမှန်တကယ်ပင် တံတိုင်းပေါ်သို့ ရောက်ရှိသွားတော့၏။
ချိုက်မင်မင်တစ်ယောက် ဝမ်းသာအားရဖြင့်
"အဆင်ပြေသွားပြီ..."
ဒါက ထင်သလောက် မခက်ခဲလှပါဘူး…
ချန်ချင်းယွီ : "ပြဿနာမရှိဘူး မဟုတ်လား၊ တွေ့လား... ပြောသားပဲ၊ ရပါတယ်ဆို"
ချိုက်မင်မင်လည်း အလွန်
ဝမ်းမြောက်သွားပြီး
"ကဲ... ခုန်လိုက်၊ ငါ့လက်ကို လှမ်းကိုင်၊ ငါ နင့်ကို ဆွဲတင်မယ်"
သူမသည် လက်တစ်ဖက်ဖြင့် ယာယီအမိုးစွန်းကို အားပြုကိုင်ထားပြီး၊ ကျန်လက်တစ်ဖက်ကိုမူ တံတိုင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် အောက်သို့ ကမ်းပေးလိုက်သည်။ ချန်ချင်းယွီ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး၊ အရှိန်ယူကာ ပြေးလွှားလျက် ချိုက်မင်မင်၏ လက်ကို လှမ်းချိတ်လိုက်ရာ၊ ချိုက်မင်မင်မှာ အားပြင်းပြင်းဖြင့် ဆွဲတင်လိုက်၏။ ချန်ချင်းယွီသည် တံတိုင်းကို ခြေကန်လိုက်ပြီး ချိုက်မင်မင်၏ ဆွဲတင်မှုကြောင့် တစ်ချက်တည်းဖြင့် အပေါ်သို့ ရောက်ရှိသွားဟန် ပြုလိုက်သည်။
"အမလေး... ငါ တကယ်ကို တော်လိုက်တာ..."
ချိုက်မင်မင် ကိုယ့်ကိုယ်ကိုယ် ချီးကျူးတော့၏။
ချန်ချင်းယွီ : "..."
'အစ်မရယ်... ဒါက ကျွန်မကိုယ်တိုင်က ပါးနပ်တဲ့ နည်းပရိယာယ်ကို သုံးလိုက်လို့ပါ၊ ဟုတ်ပြီလား'
ထို့အပြင်... အကယ်၍သာ သူမဘေးတွင် ချိုက်မင်မင် မရှိပါက၊ သူမသည် ဤတံတိုင်းပေါ်သို့ ဟန်ဆောင်နေစရာမလိုဘဲ အလွယ်တကူ ရောက်ရှိနေပြီးသား ဖြစ်ပေလိမ့်မည်။
ဟူး...
သို့သော်လည်း ယခုအခါတွင်မူ သူမမှာ ပြုံးရွှင်ပြလိုက်ကာ
"ကျွန်မတို့အားလုံး အပေါ်ရောက်သွားပြီဆိုတော့ တကယ့်ကို ကောင်းတာပေါ့..."
"အင်း... ဟုတ်တယ်..."
ချိုက်မင်မင်သည် အလွန်ပင် စိတ်လှုပ်ရှားကာ ဝမ်းသာနေသော်လည်း ချက်ချင်းပင် စိုးရိမ်တကြီးဖြင့်...
"ခုနက ငါ နင့်ပုခုံးကို နင်းလိုက်တာ နာသွားလား၊ နင့်အတွက် အနာကပ်ပလာစတာ သွားဝယ်ပေးရမလား"
ချန်ချင်းယွီ ခေါင်းခါပြရင်း...
"ရပါတယ်၊ တကယ် ဘာမှမဖြစ်ပါဘူး၊ ဟေး... ဒါထက် ဝမ်ကျန့်ကော်တို့ ဘယ်အခန်းထဲမှာလဲဆိုတာ မြန်မြန်ရှာရအောင်”
"အင်း... ဟုတ်ပြီ”
ဘာပဲဖြစ်ဖြစ် စပ်စုဖို့ ရောက်လာကြတာဆိုတော့… ပွဲကြည့်ဖို့ကသာ အဓိက မဟုတ်လား…
ချန်ချင်းယွီ သတိပေးလိုက်ကာ
"လာ... ဒီဘက်က၊ သတိထားဦးနော်၊ လူမိမသွားစေနဲ့"
ပြောရလျှင် သူတို့ကို လူမိဖို့ဆိုသည်မှာလည်း မလွယ်ကူလှပေ။
ဤနေရာတွင် စနစ်တကျမရှိဘဲ ဖြစ်သလို တိုးချဲ့ဆောက်လုပ်ထားသည့် အဆောက်အအုံများစွာ ရှိနေသဖြင့် ပုန်းကွယ်ရန် အလွန်ကောင်းမွန်လှပေသည်။ ၎င်းတို့မှာ အထပ်နိမ့်အိမ်လေးများသာ ဖြစ်သဖြင့် ပြုတ်ကျမည်ကိုလည်း ပူစရာမလိုပေ။
ကြောက်နေစရာ ဘာအကြောင်းရှိမလဲ…
သူတို့သည် တံတိုင်းများကိုပင် လိုက်နင်းနေစရာမလိုကာ… ပတ်ဝန်းကျင်ကို လှည့်ပတ်ရှာဖွေလိုက်ကြရုံ ခဏလေးဖြင့်ပင် အခန်းကို တွေ့ရှိသွားကြသည်။ ချန်ချင်းယွီအမိုးပေါ်တွင် မှောက်လျက်ဝပ်လိုက်ပြီး ခေါင်းကို အောက်သို့ ငုံ့ကြည့်လိုက်၏။
ဤနေရာသည် ဖြစ်သလိုဆောက်ထားသည့် အဆောက်အအုံဖြစ်နေ၍သာ တော်တော့သည်။ ရိုးရာအိမ်ပုံစံ သို့မဟုတ် သာမန်အထပ်နိမ့်အိမ်များဆိုပါက အမိုးပေါ်မှနေ၍ အတွင်းထဲကို လှမ်းမြင်နိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် ယခုနေရာမှာမူ အလွန်ပင် ပရမ်းပတာ စုတ်တီးစုတ်ပြတ် ဆောက်လုပ်ထားသဖြင့် အမိုးစွန်းလေးပင် မရှိချေ။ ထို့ကြောင့် သူမသည် အမိုးပေါ်မှနေ၍ အခန်းတွင်းသို့ တိုက်ရိုက် လှမ်းမြင်နေရခြင်း ဖြစ်သည်။
ထို့အပြင် ဤကဲ့သို့ ဖြစ်သလိုဆောက်ထားသော အခန်းမှာ အလွန်ပင် အိုက်စပ်လွန်းသဖြင့် အခန်းတွင်းရှိ ပြတင်းပေါက်ကိုလည်း တစ်ဝက်ခန့် ဖွင့်လှစ်ထားရ၏။
မြင်ရုံတင်မက အတွင်းမှ အသံများကိုပါ အတိုင်းသား ကြားနေရပေသည်။
ချိုက်မင်မင်သည်လည်း ဖုန်ပေမည်ကို ဂရုမစိုက်ကာ ချန်ချင်းယွီနည်းတူ ဘေးနားတွင် မှောက်ချလိုက်၏။ ထို့နောက် အတွင်းထဲသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ၏ မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်သွားရတော့သည်။
အမလေး... လွန်လှချေလား...
'ဒါက တကယ့်ကို အဓမ္မကိစ္စပဲ...'
အသက်သုံးဆယ့်ခုနစ်၊ သုံးဆယ့်ရှစ်နှစ်အရွယ်အထိ ချိုက်မင်မင်တစ်ယောက် ဤမျှအထိ တုန်လှုပ်ချောက်ချားစရာကောင်းသော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဤသည်ကား... လူလေးယောက်စလုံး တစ်ခန်းတည်းတွင် အတူတူ ရှုပ်ပွေနေကြခြင်း ဖြစ်သည်... ထိုအမျိုးသမီးမှာ ရေချိုးတဘတ် ဝတ်စုံတစ်ခုကိုသာ ပတ်ထားပြီး အမျိုးသားသုံးဦးစလုံး သူမအနားတွင် ဝိုင်းအုံနေကြ၏။ ထိုအထဲတွင် ဝမ်ကျန့်ကော်လည်း ပါဝင်နေခဲ့သည်။ မိမိတို့ ဝင်းထဲတွင် ပြဿနာတစ်စုံတစ်ရာမရှိဘဲ အလုပ်ကိုသာ ကြိုးစားတတ်သည့် လူကြီးလူကောင်းဟု နာမည်ကြီးသော ဝမ်ကျန့်ကော်သည် ယခုမူ...
တကယ့်ကို ရွံရှာဖွယ်ကောင်းတဲ့ရုပ်ပျက်ဆင်းပျက် မြင်ကွင်းပဲ…
ချိုက်မင်မင်သည် ချက်ချင်းပင် မျက်စိကို စုံမှိတ်လိုက်ပြီး ချန်ချင်းယွီကို ဆွဲကာ အမြန်ပြန်လှည့်ရန် ခေါင်းခါပြတော့၏။ ချန်ချင်းယွီသည်လည်း မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ သေလုမတတ် ဖြစ်နေရှာသည်။
တကယ်ပါ... ဒီအတိုင်း ဆက်ကြည့်နေရင် မျက်စိတောင် ဖောက်ထုတ်ချင်စိတ်ပေါက်သွားမယ်…
ညစာမစားရသေးသည်မှာ ကံကောင်သည်ဟု ဆိုရမည်။ မဟုတ်ပါက ဤတံတိုင်းကို အမှီပြု၍ အန်ချမိကြမှာ သေချာပြီး၊ ထိုသို့ဆိုလျှင် ချက်ချင်း လူမိသွားပေလိမ့်မည်။
ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့ အချင်းချင်း ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်နှာတွင် အလွန်အမင်း ရွံရှာစက်ဆုပ်နေသည့် အမူအရာများ ထင်ဟပ်နေသည်။ ချိုက်မင်မင် အသံကို အတတ်နိုင်ဆုံး နှိမ့်ကာ...
"သူတို့ တကယ်ကို ရွံစရာကောင်းလိုက်တာအေ.. ဒီလိုကိစ္စမျိုးကို ဘယ်လိုများ လုပ်ရက်ကြတာလဲမသိဘူး"
အခြားသူများ ဖောက်ပြန်ကြသည်ကို ကြားဖူးရုံသာ ရှိခဲ့သော်လည်း ဤကဲ့သို့ မြင်ကွင်းမျိုးကိုမူ သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ယင်းမှာ သူမ၏ ကိုယ်ကျင့်တရား စံနှုန်းများကို အကြီးအကျယ် စိန်ခေါ်လိုက်ခြင်းပင် ဖြစ်၏။ ချိုက်မင်မင်သည် အမိုးပေါ်တွင် ထိုင်နေရင်း မျက်ဝန်းများမှာ သေဆုံးနေသော ငါးမျက်လုံးကဲ့သို့ အသက်မဲ့နေရှာသည်။
အခြားတစ်ဖက်တွင်မူ ချန်ချင်းယွီမှာ သူမထက်စာလျှင် ကမ္ဘာမြေအကြောင်း ပိုမိုမြင်ဖူးသူ ဖြစ်၏။
ဟူး... ခေတ်ကူးပြောင်းလာသူတစ်ဦး ဖြစ်ရတာလည်း တစ်ခါတစ်ရံ မလွယ်ကူလှပါလား…
သို့သော်လည်း ချန်ချင်းယွီကိုယ်တိုင်ပင် အလွန်အမင်း စက်ဆုပ်ရွံရှာမိသည်။
တကယ်ပါပဲ... ဒီလိုရွံစရာမြင်ကွင်းက မျက်စိကို အဆိပ်သင့်စေတာ..
"တကယ်လို့ ဝမ်မေ့လန်သာ ဒါကိုသိရင် ရင်ကျိုးရမှာ သေချာတယ်၊ သူမကတော့ သူမရဲ့ယောကျ်ားကို လူကောင်းတစ်ယောက်လို့ အမြဲ ထင်နေရှာတာ၊ အခု ကြည့်စမ်း... ကြည့်စမ်း သူ ဘယ်လိုပုံစံ ဖြစ်နေလဲဆိုတာ... သူ့မှာ ဘာကောင်းတာ ရှိလို့လဲ"
ချိုက်မင်မင်ခမျာ ဝမ်မေ့လန်အတွက် သနားစိတ်ဖြင့် ရင်ထုမနာ ဖြစ်နေရှာ၏။
ဝမ်မေ့လန်က တကယ့်ကို မိန်းမကောင်းတစ်ယောက်ပဲလေ…
ဒါပေမဲ့.. အကျိုးဆက်က ဘာလဲ..
ဤကဲ့သို့သော ယောက္ခမနှင့် ဤကဲ့သို့သော လင်ယောကျ်ားကို ရထားရှာသည်။
ဘယ်သူကမှ အသိတရား မရှိကြဘူး…ဟူး…
ချန်ချင်းယွီလည်း ချိုက်မင်မင်၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး...
"ဝမ်မေ့လန်နဲ့ ဝမ်ကျန့်ကော်က စရိုက်ချင်း လုံးဝ မတူကြဘူးလေ"
လင်မယားအဖြစ် အတူအိပ်စက်နေကြသည့်တိုင် စိတ်နေသဘောထားချင်း ကွဲပြားနေတတ်ကြသည်မှာ သဘာဝပင် ဖြစ်သော်လည်း၊ ဝမ်ကျန့်ကော်သည်ကား ဟန်ဆောင်လွန်းလှပေသည်။ ဝမ်မေ့လန်၏ စိတ်ထဲတွင်မူ ဝမ်ကျန့်ကော်သည် တကယ့် လူကြီးလူကောင်းတစ်ဦး ဖြစ်နေပေလိမ့်မည်။ သူသည် ဤမျှအထိ ပြဇာတ် အကကောင်းသူတစ်ဦး ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားမည် မဟုတ်ပေ။ သူတို့ အိမ်ထောင်သက်တမ်းမှာ တစ်ဆယ့်ငါးနှစ်၊ တစ်ဆယ့်ခြောက်နှစ်ခန့် ရှိနေပြီ ဖြစ်၏။ ဤမျှ ရှည်လျားလှသော အချိန်ကာလပတ်လုံး သူသည် ဟန်မပျက် နေထိုင်နိုင်ခဲ့သည်။
ဝါး... သူကတော့ ကျွန်မ ချန်ချင်းယွီထက်တောင် ဟန်ဆောင်ကောင်းနေပါလား…
သူမသည် စိတ်ထဲမှ တိတ်တဆိတ် ခေါင်းခါယမ်းလိုက်မိသည်။
ဂလောက်...
သူမတို့နှစ်ဦး တိုးတိုးလေး ပြောဆိုနေစဉ် အောက်ထပ်မှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသဖြင့် ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့ ချက်ချင်းပင် ကိုယ်စီ တောင့်တင်းကြသည်။ သူမတို့သည် အမြန်ပင် ဝပ်စောင်းလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ... အဘွားအိုတစ်ဦးမှာ တုတ်ကိုယ်စီ ကိုင်ဆောင်ထားသော လူငယ်လေးယောက်ကို ဦးဆောင်ကာ ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။ ထိုအဘွားအိုမှာ သူတို့ကို ဒေါသတကြီး စိုက်ကြည့်ရင်း...
"နင်တို့လို အရှက်မရှိတဲ့ ကောင်တွေ... ငါ့ချွေးမကို ဖျားယောင်းသွေးဆောင်ရဲတယ်ပေါ့လေ... နင်တို့အားလုံးကို သေအောင် ရိုက်သတ်ပစ်မယ်..."
ထိုလူငယ်များသည် အခန်းတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်သွားကြပြီး၊ ယခုအခါတွင်မူ ကိုယ်လုံးတီးဖြစ်နေသော ထိုအမျိုးသားသုံးဦးမှာ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံနေရတော့သည်။ သို့သော်လည်း ချန်ချင်းယွီ၏ ကျွမ်းကျင်သော အမြင်အရမူ ဤလူငယ်များသည် လက်ရဲဇက်ရဲ ရှိလှ၏။ သူတို့သည် လက်နက်များ ကိုင်ဆောင်ထားကြသော်လည်း အသက်အန္တရာယ်ရှိသော နေရာများကို ရှောင်ကွင်း၍ ဝမ်းဗိုက်နှင့် တင်ပါးကဲ့သို့သော အသားများသည့် နေရာများကိုသာ ရွေးချယ်ရိုက်နှက်နေကြခြင်း ဖြစ်သည်။ အသားများသော နေရာများဖြစ်သဖြင့် ပြင်းထန်သော ဒဏ်ရာအနာတရ ဖြစ်ပွားစေမည် မဟုတ်ပေ။
ထိုအဘွားအိုမှာလည်း ဟန်ဆောင်မျက်ရည်များဖြင့် အော်ဟစ်ငိုယိုရင်း...
"ညည်းလို ကောင်မစုတ်... အရှက်မရှိတဲ့အကောင်မ... ငါ့မိသားစုရဲ့ သိက္ခာကို အကုန်ချပစ်တာပဲ... အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန် မနေဘဲ အခုတော့ ယောကျ်ားတွေ အများကြီးနဲ့ ဒီလိုအလုပ်မျိုး လာလုပ်နေတယ်ပေါ့လေ... ညည်းက လူမှဟုတ်ရဲ့လားအေ... ငါ့သားရယ်... နင်ကော ရူးသွားပြီလား....."
ထိုကောင်မလေးမှာလည်း ငိုယိုကာ အပြစ်ပုံချလေ၏။
"မဟုတ်ပါဘူး၊ ကျွန်မ အပြစ်မဟုတ်ပါဘူး၊ သူတို့... သူတို့ ကျွန်မ ကို အတင်းအကျပ် လုပ်ကြတာ... ဝါး... ကျွန်မလည်း ဒီလိုမလုပ်ချင်ပါဘူး..."
ချဲယုံချန်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး ခေါင်းမော့ကာ... ဒေါသတကြီး အော်ဟစ်တော့သည်။
"မင်း ငါတို့ကို တမင်သက်သက် ထောင်ချောက်ဆင်တာပဲ... မင်းကိုယ်တိုင် ငါတို့ကို ဖြားယောင်းခဲ့တာလေ... မင်းဘက်က အရင်စခဲ့တာမဟုတ်ဘူးလား... မင်းပဲ လူများများနဲ့ဆို ပိုပြီး ကောင်းတယ်၊ ပိုပျော်စရာကောင်းတယ်၊ (၅) ယွမ်ပဲ ပေးရမယ်လို့ ပြောခဲ့တာလေ... မင်းပြောခဲ့တာလေ... မင်းလို ဖာသည်မ..."
"နင် လိမ်နေတာ... နင် ငါ့ကို အပြစ်လုပ်ကြံတာပဲ... နင်တို့ ငါ့ကို အတင်းအကျပ် လုပ်ခဲ့တာလေ... သွားပြီး စုံစမ်းကြည့်လိုက်ပါဦး၊ မိကောင်းဖခင် သားသမီး ဘယ်လိုမိန်းမပျိုက (၅) ယွမ်တည်းနဲ့ ဒီလိုအလုပ်မျိုး လုပ်မှာလဲ၊ ဒါက လုံးဝမဖြစ်နိုင်တာပဲ... ငါက နင်တို့ဆီ ပစ္စည်းလာပို့တာကို၊ နင်တို့က ငါ့ကို ဒီထဲအတင်းဆွဲသွင်းပြီး ဒီလိုမျိုး အနိုင်ကျင့်ကြတာလား၊ အီးဟီး... ကျွန်မက လူတွေမြင်သွားပြီး နာမည်ပျက်မှာစိုးလို့ အော်လည်း မအော်ရဲခဲ့ဘူး... အီး..."
ချဲယုံချန်း : "နင့်အမေလင်... ကောင်မစုတ်..."
ချဲယုံချန်း ဆက်လက်ဆဲဆိုနေဆဲ ဖြစ်သဖြင့် ပို၍ပင် ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရလေသည်။
အခြားတစ်ဖက်တွင်မူ ဝမ်ကျန့်ကော်နှင့် ချဲယုံဖုန်းတို့မှာ မိမိတို့တတွေ လိမ်လည်လှည့်ဖြားခြင်း ခံလိုက်ရပြီဖြစ်ကြောင်း အလွန်ပင် ရှင်းရှင်းလင်းလင်း သိရှိသွားကြ၏။
ဒါက သံသယဝင်နေစရာကို မလိုတော့ဘူး~~ မိန်းမလှလှည့်ကွက် (ထောင်ချောက်) ဆင်လိုက်တာပဲ…
မှန်၏~~ သူတို့ သတိပေါ့လျော့သွားခဲ့ကြသည်။ (၅) ယွမ်တည်းဖြင့် ဤကဲ့သို့သောအလုပ်ကို လုပ်မည့်အပြင် လူသုံးယောက်ကိုပါ တစ်ပြိုင်နက်တည်း ခွင့်ပြုမည်ဆိုသည်မှာ မည်သို့မျှ ရိုးသားမှုမရှိနိုင်ကြောင်း ထင်ရှားလှ၏။ ဒါက တမင်သက်သက် ငွေညှစ်ရန် ထောင်ချောက်ဆင်ထားခြင်းသာ ... သူတို့ သတိလက်လွတ် ဖြစ်သွားခဲ့ကြသည်။
"မရိုက်ပါနဲ့တော့... မရိုက်ပါနဲ့တော့... အား... နင်တို့ ဘာလိုချင်တာလဲ။ ပြောစမ်းပါ... ဘာလိုချင်လို့လဲ..."
"ဟုတ်တယ်၊ ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်... နင်တို့ ဘာလိုချင်လဲ၊ ငါတို့ ညှိနှိုင်းလို့ရပါတယ်..."
သူတို့ အော်ဟစ်အသနားခံနေကြသော်လည်း ဦးဆောင်သူ အဘွားအိုမှာမူ လုံးဝ တုန်လှုပ်ခြင်းမရှိချေ။ သူမတို့သည် ဤလုပ်ငန်းခွင်သို့ ရောက်ရှိနေသည်မှာ မကြာသေးသော်လည်း၊ ဤကဲ့သို့သော လူမျိုးများကို ဦးစွာ သင်ခန်းစာကောင်းကောင်း ပေးပြီးမှသာ စကားနားထောင်တတ်ကြမည်ကို ကောင်းစွာ နားလည်ထားသည်။ ထိုလူတစ်ယောက်ချင်းစီမှာ မိမိကိုယ်ကိုယ် အထင်ကြီးနေကြသူများသာ မဟုတ်လော့။
သူမ ဟိန်းဟောက်လိုက်ရင်း
"ပါးစပ်ပိတ်ထားစမ်း... နင်တို့က ငါ့သားရဲ့အမျိုးသမီးကို ဖောက်ပြန်စော်ကားရဲမှတော့ ဒီကိစ္စက ဒီအတိုင်း ပြီးသွားမှာမဟုတ်ဘူး... နင်တို့အားလုံးကို ရဲစခန်း ပို့ပစ်မယ်။ နင်တို့လို လူမိုက်တွေဆိုရင် ထောင်ထဲမှာ အသေအရိုက်ခံရမှာ သေချာတယ်။ ကဲ... ဆက်ရိုက်ကြစမ်း..."
ထိုအမျိုးသားသုံးဦးမှာ အပြင်းအထန် အရိုက်ခံနေရသဖြင့် အော်ဟစ်ညည်းညူကာ ငိုယိုနေကြရရှာ၏။ ဆူညံသံများမှာလည်း အတော်ပင် ကျယ်လောင်လှပေသည်။
သို့သော်လည်း ဘေးပတ်ဝန်းကျင်မှ မည်သူတစ်ဦးမျှ ထွက်၍ ချောင်းကြည့်ခြင်း မရှိကြချေ။ ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့ အချင်းချင်း မျက်လုံးချင်း ဆုံလိုက်ကြသည်။ သူမတို့နှစ်ဦးစလုံး တည်ငြိမ်စွာဖြင့်ပင် ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် အစီအစဉ် လုံးဝမရှိကြပေ။
ဟာသပဲ… ဘာကိစ္စကူညီရမှာလဲ…
သူမတို့မှာ မိန်းမသား နှစ်ယောက်တည်းသာ ရှိနေသဖြင့် ထိုလူများကို ယှဉ်နိုင်စရာ အကြောင်းမရှိပေ။ သူတစ်ပါးကို ကူညီရန် ကြိုးစားရင်း မိမိတို့ကိုယ်တိုင် ဒုက္ခတွင်းထဲသို့ သက်ဆင်းမည့်အဖြစ်မျိုးကို သူမတို့ လုံးဝ အဖြစ်မခံနိုင်ပေ။
ထို့အပြင် ထိုလူများသည်လည်း မိမိတို့ပြုခဲ့သော ကံ၏ အကျိုးပေးကို ခံစားနေရခြင်းဖြစ်ရာ ကူညီပေးရန် ထိုက်တန်သူများ မဟုတ်ကြပေ။
ချန်ချင်းယွီမှာ "သတိထားနော်" ဟု တိုးတိုးလေး သတိပေးလိုက်သည်။
ချိုက်မင်မင်မှာလည်း ခေါင်းညိတ်ပြရှာ၏။
အကယ်၍ ဤကိစ္စတွင် ပါဝင်ပတ်သက်မိပါက သူမတို့အတွက် ကြီးစွာသော နစ်နာမှု ဖြစ်လာပေလိမ့်မည်။
ဝမ်ကျန့်ကော်နှင့် သူ၏ အဖော်နှစ်ဦးမှာ အလွန်အမင်း အရိုက်ခံနေရသဖြင့် ဝမ်ကျန့်ကော်ခမျာ အော်ဟစ်တောင်းပန်ရတော့သည်။
"မရိုက်ပါနဲ့တော့... မရိုက်ပါနဲ့တော့... ရဲကိုလည်း မတိုင်ပါနဲ့... ခင်များတို့ပြောသမျှ အကုန်နားထောင်ပါ့မယ်၊ ကျေးဇူးပြုပြီး ငါတို့ကို လွှတ်ပေးပါ... ခင်များတို့ ဘာခိုင်းခိုင်း လုပ်ပါ့မယ်... ခင်များတို့ ပိုက်ဆံလိုချင်လို့မလား၊ ပိုက်ဆံလိုချင်တာမလား၊ ငါတို့ အသက်ကိုတော့ ချမ်းသာပေးကြပါ..."
နောက်ဆုံးတွင်မှ ထိုအဘွားအိုမှာ ကောင်လေးများကို ရပ်တန့်ရန် အချက်ပြလိုက်သည်။ သူမလှောင်ပြုံး ပြုံးလိုက်ရင်း...
"နင်တို့ဆီမှာရှိတဲ့ ပိုက်ဆံအားလုံးကို ထုတ်ပေးစမ်း"
သူမ ဆက်လက်၍
"ဒါက ဓားပြတိုက်တာမဟုတ်ဘူး၊ နင်တို့ နောက်ပိုင်းကျမှ နောင်တရပြီး တိုင်ချင်လည်း ငါတို့ မကြောက်ဘူး။ ဒါပေမဲ့ နင်တို့ ငါ့ချွေးမကို အနိုင်ကျင့်တဲ့ကိစ္စကတော့ သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး… နင်တို့ဘက်က တကယ်ပဲ ပြဿနာကို ဖြေရှင်းချင်တဲ့ စိတ်ဆန္ဒ ရှိနေတာကို တွေ့ရလို့သာ ငါက ကောင်းကောင်းမွန်မွန် ညှိနှိုင်းပေးတာ"
ဝမ်ကျန့်ကော် စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း အပြင်ပန်းတွင်မူ...
"ကျွန်တော်တို့ သိပါတယ်၊ ကျွန်တော်တို့ဘက်က အလိုအလျောက် ထုတ်ပေးပါ့မယ်၊ ခင်များတို့ကို ကြည်ကြည်ဖြူဖြူနဲ့ ပေးပါ့မယ်"
ချဲညီအစ်ကိုနှစ်ယောက်မှာမူ စကားပင် မဟရဲကြတော့ချေ။ အစောပိုင်း၌ အာဏာအရှိဆုံးဖြစ်ပြီး အပြင်းထန်ဆုံး အရိုက်ခံခဲ့ရသော ချဲယုံချန်းသည် ယခုအခါတွင်မူ လုံးဝ နှုတ်ဆိတ်သွားခဲ့ရပြီ ဖြစ်၏။
"ကဲ... ကောင်းပြီ၊ နင်တို့ဘာသာနင်တို့ သွားထုတ်ကြ၊ အချိန်ဆွဲမနေနဲ့"
"ငါ့ကို လှည့်စားဖို့တော့ မကြံနဲ့… တကယ်လို့ နင်တို့ဆီက ပိုက်ဆံတစ်ပြားတစ်ချပ်ပဲ ဝှက်ထားတာကို တွေ့ရင်... နင်တို့အားလုံးကို မိန်းမစိုးတွေ ဖြစ်အောင် လုပ်ပစ်မယ်..."
အဘွားအိုမှာ ခြိမ်းခြောက်လိုက်ပြန်သည်။
ထိုအမျိုးသားသုံးဦးမှာ လန့်ဖျန့်ကာ နောက်သို့ ဆုတ်သွားကြ၏။
ချဲယုံဖုန်း အမြန်ပင် သူ၏ ပိုက်ဆံများကို နှိုက်ထုတ်လိုက်ရင်း...
"ဒါ... ဒါက ကျွန်တော်တို့ဆီမှာရှိတဲ့ ပိုက်ဆံအားလုံးပါပဲ၊ ဒါက..."
ဖြန်း...
ပြင်းထန်သော ပါးရိုက်သံတစ်သံ ထွက်ပေါ်လာသည်။
ထိုအဘွားအို အလွန်အမင်း ဒေါသထွက်သွားပြီး
"နင်က ငါ့ကို လာနောက်နေတာလား၊ နင်တို့ဆီမှာ ပိုက်ဆံ (၂၀၀) ယွမ်တောင် မပြည့်ဘူးဟုတ်လား… နင်တို့က သေတွင်းထဲရောက်မှပဲ မျက်ရည်ကျမယ့် အကောင်တွေပဲ၊ရိုက်စမ်း..."
ဒါက ငါလို အဘွားအိုကိုများ မလှိမ့်တပတ် လာလုပ်နေတာ မဟုတ်လား…
ချဲယုံဖုန်းသည် နာကျင်လွန်းသဖြင့် အော်ဟစ်ငိုယိုရင်း...
"တကယ်ပါ၊ တကယ်ပြောတာပါ၊ ကျွန်တော်လိမ်နေရင် မိုးကြိုးပစ်ပါစေ... ကျွန်တော်နဲ့ ကျွန်တော့်ညီ ခရီးထွက်လာတုန်းက ပိုက်ဆံ (၂၀၀) ပဲ ပါလာတာ၊ လမ်းခရီးမှာလည်း သုံးလိုက်ရသေးတယ်၊ ကျွန်တော်တို့ဆီမှာ တကယ် ပိုက်ဆံမရှိတော့တာပါ..."
အဘွားအို : "နင်က ငါ့ကို လိမ်ရဲသေးတယ်ပေါ့... ငါ..."
"တကယ်ပါ၊ တကယ်ပါ၊ ငါ လုံးဝမလိမ်ပါဘူး... ခင်များတို့ ဝမ်ကျန့်ကော်ကို မေးကြည့်လိုက်ပါ၊ သူက ဒီကို စီးပွားရေးလုပ်ဖို့၊ ကုန်ပစ္စည်းလာဝယ်ဖို့ လာတာလေ… သူဌေးဆိုတော့ သူ့ဆီမှာ ပိုက်ဆံအများကြီး ရှိရမယ်... ငါ့ဆီမှာတော့ တကယ်မရှိတာပါ… ငါတို့က ကုန်ပစ္စည်းဝယ်ဖို့ လာတာမဟုတ်ပါဘူး... တကယ်ပြောတာပါ..."
ဝမ်ကျန့်ကော်သည် ချဲယုံဖုန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်မိပြီး၊ စိတ်ထဲတွင် ဓားတစ်စင်းဖြင့် သူ့ကို ထိုးသတ်ပစ်ချင်စိတ်ပေါက်သွားတော့သည်။
သောက်ဖြစ်မရှိတဲ့ကောင် ဒုက္ခရှာတဲ့နေရာမှာတော့ အတော်လေး တော်နေတယ်ပေါ့…
ထိုအဘွားအိုမှာ ဝမ်ကျန့်ကော်ကို တစ်ချက်စောင်းကြည့်လိုက်ပြီး ချဲယုံဖုန်းကို... ထပ်မံကြည့်၍
"နင်ကော... မဟုတ်ဘူးလား"
သူမ လုံးဝမယုံကြည်သည့်လေသံဖြင့်
"နင်တို့ကောင်တွေ ဒီလောက်ဝေးတဲ့လမ်းကို ပျော်ပါးဖို့သက်သက်အတွက်နဲ့ ကွမ်ကျိုးအထိ လာရဲကြတယ်ပေါ့ဟုတ်လား"
ချဲယုံဖုန်းသည် သူတစ်ပါးလက်ထဲ ရောက်နေသည့်အခါတွင် ရဲရဲတင်းတင်း မလုပ်ရဲ၍ အမြန်ပင်... ဖော်ကောင်လုပ်ကာ အမှန်အတိုင်း အကုန်ထွေးအန်လိုက်၏။
"တကယ်ပါ၊ ကျွန်တော်က တကယ်မဟုတ်ပါဘူး… ကျွန်တော်တို့က ဝမ်ကျန့်ကော်ရဲ့ လှည့်စားမှုကိုခံရပြီး ဒီကိုလိုက်လာမိတာ၊ သူက ဒီကို ကုန်ပစ္စည်းလာဝယ်ချင်တာကို တစ်ယောက်တည်းမလာရဲလို့ ကျွန်တော်တို့ကို အဖော်ခေါ်ခဲ့တာပါ၊ ကျွန်တော်ကတော့ စီးပွားရေးကို လုံးဝစိတ်မဝင်စားပါဘူး၊ လာလည်းမလာချင်ခဲ့ဘူး၊ သူပဲ... ဒါတွေအကုန်လုံးက သူ့အကြံအစည်တွေချည်းပဲ... သူက ပြောတယ်... ကျွန်တော်ရဲ့ရန်သူမိန်းကလေးတစ်ယောက်လည်း ကွမ်ကျိုးကို ကုန်ပစ္စည်းလာဝယ်ဖို့ သွားလိမ့်မယ်၊ သူမနောက်ကို လိုက်သွားရင် ဒီဘက်မှာ ကျွန်တော်တို့ကို သိတဲ့သူမရှိတော့ သူမနဲ့အတူ ပစ္စည်းရမယ့်နေရာကို ရှာဖွေနိုင်ရုံတင်မကဘဲ သူမကို သင်ခန်းစာကောင်းကောင်း ပေးပြီး ရိုက်နှက်လို့ရတယ်တဲ့… ကျွန်တော်လည်း သူပြောတာကို သဘောကျသွားလို့ လိုက်လာမိတာ၊ ဒါတွေအကုန်လုံးက သူ့အကြံဉာဏ်တွေပဲ... သူစိမ်းပြင်ပြင် နေရာမျိုးမှာ ကျွန်တော်တို့ကို ဘယ်သူမှမသိတော့ အဲဒီကောင်မစုတ်ကို ပညာပေးလို့ရမယ်၊ သူမနဲ့ အတူအိပ်ပြီးတော့ ရိုက်နှက်ပစ်မယ်လို့ တွေးခဲ့တာ… ကျွန်တော်တို့က ကလဲ့စားချေဖို့သက်သက်ပဲ လာခဲ့တာပါ... ပိုက်ဆံလည်း အများကြီး သယ်မလာခဲ့ပါဘူး"
ချဲယုံဖုန်း အကြောင်းစုံကို ဗြောင်ကျကျ ဖွင့်ချလိုက်ခြင်း ဖြစ်သည်။
ထိုအဘွားအိုမှာ သူတို့ကို စက်ဆုပ်ရွံရှာသော မျက်လုံးများဖြင့် ကြည့်ကာ...
"နင်တို့ကောင်တွေက ငါ့ထက်တောင် ပိုပြီး ယုတ်မာသေးတယ်..."
"အဟွတ်... အဟွတ်... အဟွတ်... အဟွတ်..."
အခန်းထဲရှိ လူအချို့ ကမန်းကတန်း ချောင်းဆိုးလိုက်မိကြ၏။
အဘွားအို ချက်ချင်းပင် မျက်နှာထားကို ပြန်ပြင်လိုက်ပြီး တည်တည်တံ့တံ့ဖြင့်...
"ငါ့ကို အသက်ကြီးပြီဆိုပြီး လာလိမ်လို့ရမယ် မထင်နဲ့ဦး၊ နင်တို့ ဒီလိုပြောရုံနဲ့တင် ငါက ယုံရမှာလား"
"တကယ်ပါ၊ တကယ်ပြောတာပါ... ကျုပ်အစ်ကို ပြောတာ လုံးဝမလိမ်ပါဘူး… ကျုပ်တို့ တကယ့်ကို အဲဒီကောင်မစုတ်နဲ့ စာရင်းရှင်းဖို့ လာခဲ့တာ၊ ကျုပမတို့အားလုံးက ဝမ်ကျန့်ကော်ရဲ့ စကားကို နားထောင်ခဲ့ကြတာပါ၊ သူကပဲ အဲဒီမိန်းမကို ကလဲ့စားချေဖို့ ဒီကိုလာဖို့ အကြံပေးခဲ့တာ… ကျုပမအစ်ကို လုံးဝမလိမ်ပါဘူး၊ ကျုပ်လည်း သေချာစဉ်းစားထားခဲ့တာ… အဲဒီကောင်မစုတ်ကို တွေ့တာနဲ့ သူမဆီမှာရှိတဲ့ ပိုက်ဆံအားလုံးကို လုယူပစ်မယ်၊ သူမက လမ်းဘေးမှာ စျေးဆိုင်ထိုင်နေတာဆိုတော့ ပိုက်ဆံအများကြီး ရှိမှာသေချာတယ်… ကလဲ့စားလည်း ချေရမယ်၊ ပိုက်ဆံလည်း ရမယ်လေ။ ဒါတွေအားလုံးက ကျုပ်ရဲ့ရာထူးကို လုယူသွားတဲ့ သူမရဲ့လင်ယောကျ်ားကြောင့်ပဲ၊ သူတို့က ကျုပ်အစ်ကို့ကို ဒုက္ခပေးခဲ့ကြတာလေ။ သူတို့မိသားစုတစ်စုလုံး ပျက်စီးသွားအောင် ကျုပ်လုပ်ပစ်မယ်…ကံဆိုးတာက ရထား..."
"ရထားလမ်းလွဲသွားလို့ ကျုပမတို့လည်း ယာယီတည်းခိုဖို့ နေရာရှာရင်းနဲ့ ဒီကို ရောက်လာခဲ့ရတာပါ... ကျုပ်တို့ဆီမှာ တကယ် ပိုက်ဆံမရှိပါဘူး၊ ကျုပ်က ယာယီအလုပ်သမားပဲဥစ္စာ၊ ဘယ်ကနေ ပိုက်ဆံရမှာလဲ… အပြင်ထွက်ရင် အစ်ကိုကပဲ အမြဲ စိုက်ပေးတာ၊ ဝူးဝူး... ကျုပ်ဆီမှာ တကယ်မရှိပါဘူး၊ ကျုပ်က အဲဒီကောင်မစုတ်ဆီကနေ ပိုက်ဆံအများကြီး ညှစ်ယူဖို့တောင် တွေးထားတာ… သူမ စီးပွားရေးလုပ်လို့ရတဲ့ ပိုက်ဆံတွေကို လုယူမယ်၊ ပြီးတော့ သူမကို ရိုက်နှက်ပစ်မယ်၊ အလုခံရပြီး အရိုက်ခံရတဲ့အပြင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ပုံစံကို တွေးကြည့်ရုံနဲ့တင် အတော်လေး ပျော်နေမိတာ၊ ကျုပ်တို့က ပိုက်ဆံလာရှာတာပါ..."
ချဲယုံချန်းမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်သော စရိုက်ကို ထုတ်ပြလာသည်။
အမိုးပေါ်တွင် မှောက်လျက်ဝပ်နေသော ချန်ချင်းယွီသည် ထိုစကားလုံးတိုင်းကို အတိုင်းသား အသေအချာ ကြားလိုက်ရ၏။ ယခုအခါ သူမ၏ မျက်နှာတွင် မည်သည့်ခံစားချက်မျှ မရှိတော့ဘဲ ထိုအမျိုးသားများကိုသာ အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။
ထိုလူများတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေလိမ့်မည်ဟု သူမ ကြိုတင်သံသယဝင်ခဲ့သော်လည်း ယခုမူ သူမ ထင်ထားသည်ထက်ပင် ပိုမို၍ အရှက်မရှိ ယုတ်မာလှပေသည်။
ဝမ်ကျန့်ကော်နှင့်မူ သာမန် အိမ်နီးနားချင်းများသာ ဖြစ်ကြပြီး မည်သည့်ပဋိပက္ခမျှ မရှိခဲ့ဖူးပါလျက်နှင့် သူသည် ဤမျှအထိ သူမအပေါ် ကောက်ကျစ်စဉ်းလဲစွာ ကြံစည်နေခဲ့၏။
ချန်ချင်းယွီသည် ချဲယုံဖုန်းနှင့် ချဲယုံချန်းတို့၏ စကားကို လုံးဝ သံသယမဝင်ပေ။ ထိုနှစ်ယောက်သည်... အထူးသဖြင့် ချဲယုံချန်းသည် ရိုးတွင်းခြင်ဆီအထိ ကောက်ကျစ်သူ ဖြစ်ပြီး အင်မတန် တုံးအသူဖြစ်ရာ သူတို့ပြောသည်မှာ သေချာပေါက် အမှန်တရား ဖြစ်ပေလိမ့်မည်။ ထို့ပြင် အကယ်၍ သူတို့ ကွမ်ကျိုးသို့ စီးပွားရေးလုပ်ရန် စိတ်မဝင်စားပါက ဝမ်ကျန့်ကော်အနေဖြင့် သူတို့ကို ခေါ်ထုတ်လာနိုင်ရန် အကြောင်းပြချက်တစ်ခု သေချာပေါက် လိုအပ်ပေလိမ့်မည်။ ထိုအခါ သူမသည် အကောင်းဆုံးသော အသုံးချစရာ အဖျားအနာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ဤလူသည် တကယ့်ကို ယုတ်မာကောက်ကျစ်လှ၏။
ချဲယုံဖုန်းနှင့် ချဲယုံချန်းတို့ ညီအစ်ကိုနှစ်ယောက်အတွက်မူ ယုတ်မာခြင်းဟူသည် ယခုမှ ဖြစ်လာသည့်အရာ မဟုတ်ပေ။
အထူးသဖြင့် ချဲယုံချန်းသည် သူ၏ ယောက္ခမအရင်းကိုပင် ပိုက်ဆံလုယူရန် ကြံစည်ခဲ့သူ မဟုတ်လော့။
ချိုက်မင်မင်သည် ချန်ချင်းယွီ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သူမကို စိုးရိမ်တကြီးဖြင့် လှမ်းကြည့်ရှုနေသည်။
ချန်ချင်းယွီ ချိုက်မင်မင်ကို ဘာမှမဖြစ်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းခါပြလိုက်၏။
ဤစကားများကို ကြားရသောအခါ ချိုက်မင်မင်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။ သူမသည် ချန်ချင်းယွီတစ်ယောက် စိတ်လိုက်မာန်ပါ စိတ်လိုက်ကိုယ်ပါ တစ်ခုခု လုပ်မိသွားမည်ကို စိုးရိမ်သဖြင့် သူမကို တင်းတင်းကျပ်ကျပ် ဆွဲထိန်းထားရှာ၏။
အခန်းတွင်းရှိ အဘွားအိုမှာမူ တဟားဟား ရယ်မောလိုက်ရင်း...
"နင်တို့ကောင်တွေက တကယ့်ကို လူမိုက်တွေပဲ… ကြည့်ရတာ ဒီနေ့ ငါက ပြည်သူတွေအတွက် ကောင်းမှုကုသိုလ်တစ်ခု လုပ်ပေးလိုက်ရသလိုပဲ၊ ကဲ... နင်၊ နင့်ဆီမှာရှိတဲ့ ပိုက်ဆံအားလုံးကို ထုတ်ပေးစမ်း"
ဝမ်ကျန့်ကော် နာကျင်လှစွာဖြင့်
"ငါတို့... ငါတို့ လမ်းစရိတ်လေးတော့... အား..."
သူ့စကားမဆုံးခင်မှာပင် မျက်နှာကို ပြင်းထန်သော ပါးရိုက်သံ နှစ်ချက် ထပ်မံ ကြားလိုက်ရသည်။
"ပိုက်ဆံကိုသာ မြန်မြန်ထုတ်ပေးစမ်း၊ စကားအပိုတွေ ပြောမနေနဲ့"
ဝမ်ကျန့်ကော်သည် ပိုက်ဆံအချို့ကို ဝှက်ထားချင်သော်လည်း ဤအခြေအနေမျိုးတွင် ဤလူများ သူ့ကို တကယ်ပင် အသက်အန္တရာယ်ပြုမည်ကို အမှန်တကယ် ကြောက်ရွံ့သွားမိ၏။ အကယ်၍ ဤနေရာတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက သူတို့ဘက်၌ မည်သို့မျှ ခုခံနိုင်စရာ အကြောင်းမရှိပေ။
သူသည် နှမြောတသစွာဖြင့် သူ၏ ပိုက်ဆံများကို နှိုက်ထုတ်လိုက်ရင်း...
"ပိုက်ဆံ (၂,၀၀၀) ယွမ် ပါလာတယ်... ဒါ ကျွန်တော်ရဲ့ ပိုက်ဆံအားလုံးပဲ"
"ပိုက်ဆံ (၂,၀၀၀) ဟုတ်လား၊ နင်က ပိုက်ဆံ (၂,၀၀၀) တည်းနဲ့ စီးပွားရေး လာလုပ်ရဲတယ်ပေါ့.."
"ဟင်... ပိုက်ဆံ (၂,၀၀၀) က မများဘူးလား… ကျုပ်ရဲ့ တစ်လလစာမှ (၂၀) ကျော်ပဲ ရှိတာကို"
ချဲယုံချန်း ဝင်ပြောမိရာ၊ သူ့မှာ ပါးရိုက်ချက် အနည်းငယ် ထပ်မံ ခံလိုက်ရတော့သည်။
"ပိုက်ဆံ (၂,၀၀၀) တည်းလား၊ (၂,၀၀၀) တည်းနဲ့တင် မလုံလောက်သေးဘူး… နင်တို့ကျူးလွန်တဲ့ အပြစ်တွေက သေဒဏ်ပေးလို့တောင် ရတယ်... ဟေး... ဒီကောင် လက်ပတ်နာရီ ဝတ်ထားသေးတယ်၊ အဲဒါကိုပါ ချွတ်ယူလိုက်..."
"ဒါက... အား..."
သူတို့သည် မပေးပါက ထပ်မံ ရိုက်နှက်ကြမည်သာ…
အဘွားအို : "နင်တို့တွေ သေချာ ရှာဖွေစမ်း၊ အစအနမကျန်အောင် ရှာစမ်း၊ တကယ်လို့ ပိုက်ဆံထပ်ဝှက်ထားတာ တွေ့ရင်... သူတို့ကို မိန်းမစိုးဖြစ်အောင် လုပ်ပစ်ကြ"
"ဟုတ်ကဲ့ပါ"
"အား... မလုပ်ပါနဲ့... မရိုက်ပါနဲ့တော့..."
"ကျွန်တော်တို့ ဘာမှ မဝှက်ထားပါဘူး၊ ဘာမှ မဝှက်ထားပါဘူး..."
ထိုလူငယ်များထဲမှ တစ်ဦးသည် ပိုက်ဆံထုပ်လေးတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီး ဖြန့်ကြည့်လိုက်ရာ (၁၀) ယွမ်တန် ငွေစက္ကူ (၁၀) ရွက်၊ စုစုပေါင်း (၁၀၀) ယွမ် ဖြစ်နေသည်။
"တောက်... မင်းတို့ကောင်တွေက အခုထိ ဝှက်ထားရဲသေးတယ်ပေါ့။ ဝှက်ချင်ဦး... ဝှက်ချင်ဦး..."
ထိုလူငယ် လေးယောက်သည် ထိုအမျိုးသား သုံးဦးကို ဝိုင်းအုံကာ ထပ်မံ၍ တစ်ချက်ကောင်း ရိုက်နှက်ကြပြန်၏။
"မင်းတို့လို အောက်တန်းစားတွေ... အခုထိ ပိုက်ဆံဝှက်ထားရဲသေးတယ်ပေါ့။ ပြောစမ်း... နောက်ထပ် ရှိသေးလား....."
"မရှိတော့ပါဘူး၊ တကယ် ဘာမှမရှိတော့တာပါ..."
"တကယ်ပါ၊ ဘာမှမကျန်တော့ပါဘူး..."
ချဲညီအစ်ကိုနှစ်ယောက်မှာ ဒေါသတကြီး ကျိန်ဆဲတော့သည်။
"ဝမ်ကျန့်ကော်... မင်းလို ခွေးကောင်
စုတ်၊ မင်းက ပိုက်ဆံဝှက်ထားရဲသေးတယ်ပေါ့… သေချင်နေတာလား....."
ဝမ်ကျန့်ကော်မှာလည်း ခါးသီးလှစွာဖြင့်
"မင်းတို့က ငါ့ကို ဘာလို့ အပြစ်လာပုံချနေတာလဲ၊ မင်းတို့သာ ဒီနေရာမှာ မတည်းချင်ဘူးလို့ ငြင်းခဲ့ရင် ငါတို့ ဒီလိုဒုက္ခမျိုးနဲ့ ကြုံရမှာမဟုတ်ဘူး… မင်းတို့က အမြဲတမ်း သူတစ်ပါးကိုပဲ အပြစ်ပုံချတတ်တယ်၊ တကယ့်ကို လူမဆန်တဲ့ကောင်တွေ..."
"မင်းပဲ ငါတို့ကို လှည့်စားပြီး ခေါ်လာခဲ့တာ..."
ထိုလူသုံးဦးသည် အချင်းချင်း အပြန်အလှန် အပြစ်တင်စကားများ ဆိုနေကြတော့သည်။
ချန်ချင်းယွီသည် အခန်းတွင်းရှိ လူတိုင်း၏ အာရုံစိုက်မှုမှာ ထိုသို့ ငြင်းခုံနေသူများထံတွင်သာ ရောက်ရှိနေသည်ကို သတိပြုမိလိုက်သဖြင့်၊ သူမသည် တိတ်တဆိတ် (၅) ယွမ်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ယူကာ လုံးချေလိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် အတွင်းသို့ ကျွမ်းကျင်စွာ တောက်ခတ်ပစ်လိုက်သည်။ ထိုငွေစက္ကူလုံးလေးသည် ခေါင်းအုံးဘေးနားသို့ ကွက်တိ ကျရောက်သွားခဲ့၏။ သူမ၏ ထိုသေးငယ်သော လှုပ်ရှားမှုမှာ အလွန်ပင် ပါးနပ်လှသဖြင့် ဘေးနားရှိ ချိုက်မင်မင်ပင်လျှင် ဝမ်ကျန့်ကော်တို့ကိုသာ အာရုံစိုက်ကြည့်နေခဲ့သည်။
ချန်ချင်းယွီအနေဖြင့် တစ်စုံတစ်ခုလုပ်ဆောင်လိုပါက ဤကဲ့သို့သော သေးငယ်သော လှုပ်ရှားမှုကို ဘေးတွင် လူရှိနေပါစေကာမူ မသိမသာ ဖုံးကွယ်လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။
"နင်တို့တွေ ဘာတွေ လျှောက်ပြီး ငြင်းခုံနေကြတာလဲ။ နောက်ထပ် ပိုက်ဆံ ရှိသေးလား....."
"မရှိတော့ပါဘူး၊ ဒီတစ်ခါတော့ တကယ် ဘာမှမရှိတော့ပါဘူး..."
"တကယ်ပါ၊ တကယ်ပါ။"
"လခွမ်းပဲ... အစ်ကိုကြီး၊ ဒီမှာကြည့်ဦး၊ ဒီမှာကြည့်စမ်း......... အား... ဒါ ပိုက်ဆံ (၅) ယွမ် မဟုတ်ဘူးလား၊ ဒါက လုံးချေထားတဲ့ စက္ကူစုတ်မှ မဟုတ်တာ..."
လူငယ်တစ်ဦး အခန်းတွင်းကို လှည့်ပတ်ကြည့်ရှုရင်း ခေါင်းအုံးဘေးရှိ လုံးချေထားသော စက္ကူလုံးကို ချက်ချင်းပင် မြင်တွေ့သွားခြင်း ဖြစ်သည်။
အင်း... သူတို့ အစောပိုင်း ရှာတုန်းက ဒီနေရာမှာ ရှိနေလို့လား..မရှိဘူးလား..
အင်း... ဖြစ်နိုင်တာက သူတို့ သတိမထားမိခဲ့လို့နေမယ်…
ဒီကောင်တွေက အင်မတန်
ကောက်ကျစ်စဉ်းလဲလှချည်လား…
ပိုက်ဆံကိုတောင် စက္ကူစုတ်လို ဟန်ဆောင်ပြီး ပစ်ထားတယ်..မေနိုးတွေ…
"ကြည့်စမ်း... ဒီမှာ (၅) ယွမ် ကျန်သေးတယ်ဗျ"
"တောက်... သူတို့က ဝှက်ထားရဲသေးတယ်... ရိုက်စမ်း..."
"အားးး..."
"ဒါ ကျုပ်ဝှက်တာ မဟုတ်ပါဘူး..."
"ကျွန်တော်လည်း မဟုတ်ပါဘူး..."
"နောက်ထပ် ရှိသေးလား။ ပြောစမ်း၊ မြန်မြန်ပြော..."
"မရှိတော့ပါဘူး..."
ထိုလူသုံးဦးမှာ ထပ်မံအရိုက်ခံရသဖြင့် သရဲတစ္ဆေများကဲ့သို့ အော်ဟစ်ညည်းတွားနေကြရရှာသည်။
ထိုအဘွားအို ပို၍ပင် ဒေါသထွက်သွားပြီး
"ဒီကောင်တွေက လုံးဝ မရိုးသားဘူး… အစကတည်းက လူကောင်းတွေမဟုတ်တာ ထင်ရှားနေတာပဲ၊ သူတို့ရဲ့ စိတ်နှလုံးက အင်မတန် ယုတ်မာတာဆိုတော့ အမှန်အတိုင်း ဘယ်တော့မှ ပြောမှာမဟုတ်ဘူး၊ ငါတို့ သေချာ ရှာဖွေရမယ်... မြေလှန်ပြီးတော့ကို ရှာစမ်း၊ နင်တို့တွေ အစအနမကျန်အောင် သေချာ ရှာဖွေကြစမ်း"
ချန်ချင်းယွီသည် ယခုအခါတွင် ပိုက်ဆံအနည်းငယ် ကုန်ကျမည်ကို လုံးဝ မနှမြောတော့ပေ။ ပိုက်ဆံဖြင့် ဖြေရှင်းနိုင်သောအရာသည် ပြဿနာမဟုတ်ပေ~~ ဟိဟိ
သူမသည် နောက်ထပ် (၅) ယွမ်ကို ထပ်မံလုံးချေလိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ချိုက်မင်မင် ချက်ချင်းပင် လှည့်
ကြည့်လာပြီး တိုးတိုးလေး မေးလာ၏။
"နင် အဆင်ပြေရဲ့လား"
သူမ၏ အသံမှာ အလွန်ပင် တိုးညှင်းလှပေသည်။ ချန်ချင်းယွီသည် လက်ကို နောက်သို့ ပို့ထားလိုက်ပြီး၊ အခန်းတွင်းရှိ လူတိုင်း အောက်သို့ ငုံ့၍ ရှာဖွေနေကြစဉ်၊ ထိုငွေစက္ကူလုံးကို လက်ဖက်ရည်အိုး (ရေနွေးအိုး) ထဲသို့ ကွက်တိ ကျရောက်အောင် ထပ်မံပစ်ထည့်လိုက်ပြန်၏။
သေချာတာပေါ့... အခန်းတွင်းရှိ လူငယ်တစ်ဦး အလွန်လျင်မြန်စွာပင် ရှာဖွေတွေ့ရှိသွားပြန်သည်။
"လခွမ်းပဲ... တောက်၊ ဒီရေနွေးအိုးထဲမှာလည်း (၅) ယွမ် ဝှက်ထားသေးတယ်ဗျာ..."
ချိုက်မင်မင် အောက်သို့ ကမန်းကတန်း လှမ်းကြည့်လိုက်ပြီး၊ ချန်ချင်းယွီလည်း လိုက်လံကြည့်ရှုလိုက်သည်။
ဤအချိန်တွင်မူ ထိုအဘွားအိုနှင့် လူငယ်များသည် ဒေါသအိုး ပေါက်ကွဲလုမတတ် ဖြစ်နေကြပြီ ဖြစ်၏။
"နင်တို့... နင်တို့ကောင်တွေ တကယ့်ကို မရိုးသားကြဘူး၊ မဟုတ်ဘူး... နင်တို့တွေ စိတ်ရူးပေါက်နေကြတာလား… အခန်းထဲမှာ နေရာအနှံ့ လျှောက်ဝှက်ထားရအောင် နင်တို့ ရူးနေကြတာလား၊ ရူးနေတာလား၊ ရူးနေတာလားဟဲ့… ရိုက်စမ်း... ဒီလောက်တောင် မရိုးသားတဲ့ကောင်တွေ... ရိုက်စမ်း... မသေမချင်း သေအောင်သာ ရိုက်ပစ်ကြစမ်း... "
ချန်ချင်းယွီ... နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးကာ ပြုံးလျက်သာ ရှိနေခဲ့၏။
ဟဲဟဲ…