အခန်း ၁၃၃
Vol. 14 Ch. 133
အခန်း (၁၃၃) ပြဿနာကြီးအောင် ပိုမွှေခြင်း
ဝမ်ကျန့်ကော်နှင့် သူ့အဖော်နှစ်ယောက်မှာ ပြာနှမ်းညိုမဲနေအောင် အရိုက်အနှက် ခံလိုက်ကြရ၏။
မူလ၌ တစ်ဖက်လူများမှာ ထိန်းထိန်းသိမ်းသိမ်းဖြင့် မျက်နှာကိုရှောင်ရှား၍ ရိုက်နှက်နေကြသော်လည်း အနှီသုံးကောင်မှာ အလွန်ပင် ဒေါသထွက်စရာကောင်းလှ၍ တစ်ဖက်အုပ်စုမှာ သူတို့အား အသေအလဲ ဆော်ပလော်တီးကာ ရိုက်သံများ တဗုန်းဗုန်း ထွက်နေလေသည်။
အဘွားအိုမှာ ခါးထောက်လျက် အလွန်အမင်း မပျော်မရွှင်ဖြစ်နေကာ ကျိန်ဆဲနေ၏။
“ငါ လူတွေအများကြီး မြင်ဖူးပေမယ့် နင်တို့လို ရွံစရာကောင်းတဲ့ကောင်မျိုးတွေကို တစ်ခါမှ မမြင်ဖူးဘူး၊ ဘာလဲ… ငါတို့က နင်တို့ကို သေအောင် မရိုက်ရဲဘူးလို့ ထင်နေတယ်ပေါ့…ငါတို့ကိုလာပြီး ကလိမ်ကကျစ် ကျချင်နေတယ်ပေါ့~~ ပြောစမ်း… ပိုက်ဆံဖွက်ထားတာ ရှိသေးလား”
“မရှိပါဘူး… မရှိတော့ပါဘူးဗျာ… ကျုပ်တို့တကယ် မသိတာပါ၊ ကျုပ်တို့မဖွက်ရပါဘူးဗျာ…အား… “
အဘွားအိုမှာ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး
“ဘာတဲ့… ခွေးကောင်၊ အစကတည်းက အိမ်ထဲမှာ ရှိနေတာလို့ နင်ကလိမ်ချင်သေးတယ်ပေါ့~~ ငါ့များ စောက်အမှတ်နေလား၊ ချီးပဲ.. ငါထင်တာတော့ နင်တို့က သောက်ရူးတွေပဲ…အသေအလဲ ဦးနှောက်ပျက်နေတာ~~ နင်တို့သာ မရူးရင် နေရာအနှံ့ဘာကိစ္စ ပိုက်ဆံတွေကို ဝှက်ထားမှာလဲ…”
အဘွားအိုမှာ အမှန်တကယ်ပင် ဤမျှရွံရှာဖွယ်ကောင်သော လူမျိုးများကို မမြင်ဖူးခဲ့ပေ။
“ကျုပ်တို့ဟာ မဟုတ်ဘူး~~ ပိုက်ဆံက ကျုပ်တို့ဟာ မဟုတ်ရပါဘူးဗျာ”
အဘွားအိုမှာ လှောင်ရယ်လိုက်ပြီး စောစောပိုင်း သူတို့နှင့်အတူ ပျော်ပါးခဲ့သော ကောင်မလေးမှာလည်း နှာခေါင်းရှုံ့၍
“နင်တို့က ငါ့တို့ကို မျောက်တွေနဲ့ တစ်တန်းစားတည်းလို့ ထင်နေတာလား”
တစ်စုံတစ်ယောက် ထွက်ခွါသည့်အချိန်တိုင်း သူတို့သည် အခန်းအတွင်းအပြင် နေရာလပ်မကျန် စစ်ဆေးလေ့ရှိသည်။
မည်သို့ပင်ဆိုစေ လူတိုင်းမှာ ထောက်ချောက်ဆင်၍ ရသည်မဟုတ်ပေ။
မိန်းမလှပရိယာယ်၏ အစပြုပုံမှာ နဂိုကတည်းက တဏှာရူးအတွေး အပြည့်ရှိသူများထံတွင်သာ အလုပ်ဖြစ်၏။
ထို့ကြောင့် လူတိုင်းအပေါ် လုပ်၍ မရပေ။ မှောင်ခိုစျေးမှလူများ တည်းခိုသည့် တည်းခိုခန်းပင် ပုံမှန်အတိုင်း ဖောက်သည်များရှိသည်သာ။
ထို့ကြောင့် သူတို့သည် အမြဲတမ်း သေချာ စစ်ဆေးလေ့ရှိ၏။ ယခုလူသုံးယောက်သည်သာ ပြဿနာရှိနေခြင်းပင်။ သူမ ခါးထောက်လိုက်ပြီး စကားဆိုကာ
“အမေ… ကျွန်မအထင်တော့ ဒင်းတို့က တကယ် မရိုးသားကြဘူးပဲ”
အဘွားအိုမှာ ခေါင်းညိမ့်လိုက်ပြီး သူတို့ထဲမှ တစ်ယောက်ကို ပစ်ကန်လိုက်ကာ
“နေရာအနှံ့ ပိုက်ဆံလျှောက်ဖွက်ချင်တယ်ပေါ့ လာစမ်း သင်ခန်းစာပေးပြမယ်… ဖွက်ချင်ဦးဟယ်~~ ဖွက်ချင်ဦး”
“မဟုတ်ဘူး… တကယ်ပဲ ကျုပ်မဟုတ်ရပါဘူး~~ ဝမ်ကျန့်ကော်၊ မင်းမလား.. ဟုတ်တယ်မလား၊ မင်းက စောက်ကျင့်ယုတ်ကောင် မင်းပဲဆိုတာ သေချာတယ်”
“ငါမဟုတ်ဘူး… လျှောက်မပြောနဲ့၊ ငါမဟုတ်ဘူးကွ… ချဲယုံချန်းပဲနေမှာပေါ့”
ချဲယုံချန်း : “မေနိုး…လိ့စကားတွေပြောနေတာလား”
ဤလူသုံးယောက်မှာ အချင်းချင်း ကိုက်ရာတွင် အမှန်တကယ်ပင် ပြောင်မြောက်လှသည်။
“မင်းလို ခွေးကောင်”
“မင်းကမှ ခွေးကောင်ကွ”
လူသုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ပြန်လည်အပြစ်တင်ကာ ဆူညံစွာ အော်ဟစ်နေကြပြန်၏။ ဝမ်ကျန့်ကော် လည်ပင်းကြောများ ထောင်သည်အထိ ဒေါသတကြီး အော်ပြောလိုက်ကာ
“မင်းတို့ ကောင်နှစ်ကောင်... ပိုက်ဆံတွေ ဝှက်ထားသေးတယ် မဟုတ်လား၊ ရှိရင် ခုချက်ချင်း ထုတ်ပေးလိုက်စမ်း..ငါ့ကိုပါ ဆွဲမထည့်နဲ့...”
“မင်းကမှ လိမ်နေတာ... ဘယ်သူက မင်းကို ဆွဲထည့်လို့လဲ၊ မင်းကသာ ငါတို့ကို လာဆွဲထည့်တာ...”
ချဲယုံဖုန်းလည်း မခံမရပ်နိုင် ပြန်အော်လေသည်။ အခန်းထဲရှိ လူများမှာ သူတို့ ခွေးဟောင်သကဲ့သို့ ရန်ဖြစ်နေကြသည်ကို ကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်ကြ၏။
“ကဲ ပြောစမ်း... မင်းတို့ တကယ်ပဲ ပိုက်ဆံ ဝှက်မထားဘူးပေါ့ ဟုတ်လား”
“မဝှက်ပါဘူး... တကယ်မဝှက်ပါဘူးခင်ဗျာ”
“ဟုတ်ပါတယ်... မရှိတော့လို့ပါ၊ကျွန်တော်တို့ကို လွှတ်ပေးပါတော့... အီးဟီး...”
တစ်အိမ်လုံး ဆူညံပွက်လောရိုက်နေသော်လည်း ပတ်ဝန်းကျင်မှ အိမ်နီးနားချင်းတစ်ယောက်မှ ထွက်မကြည့်ရဲကြပေ။ ဤမိသားစု ဘာအလုပ်လုပ်သည်ကို လူတိုင်းသိနေကြကြသည်။
အမိုးပေါ်တွင် ဝပ်နေသော ချန်ချင်းယွီမှာ ချိုက်မင်မင်အား အသံတိုးတိုးဖြင့် လှမ်းပြောလိုက်၏။
“အစ်မမင်မင်... အနားတစ်ဝိုက်ကို လိုက်ကြည့်ပြီး ဆင်းဖို့နေရာ ရှာထားလိုက်ဦး၊ ဟိုဘက်က ဆင်းလို့အဆင်ပြေရင် အခြေအနေကြည့်ပြီး ချက်ချင်းပြေးကြမယ်”
“ကောင်းပြီလေ”
ချိုက်မင်မင် သွက်လက်စွာဖြင့် လှုပ်ရှားသွားသည်။
ချန်ချင်းယွီသည် ချိုက်မင်မင် အနောက်လှည့်သွားသည်နှင့် အခန်းထဲသို့ ငုံ့လှမ်းကြည့်လိုက်ပြီး အခွင့်ကောင်းကို စောင့်ကာ ငါးယွမ်တန် ငွေစက္ကူလုံးလေးကို ဖိနပ်တစ်စုံထဲသို့ လှမ်းပစ်ထည့်လိုက်ပြန်၏။ ထို့နောက် နောက်ထပ်တစ်လုံးကိုပါ တံခါးဘောင်ပေါ်သို့ ထပ်မံပစ်တင်လိုက်၏။ ဤကစားပွဲအတွက် သူမ သုံးလိုက်ရသော ငွေမှာ နှစ်ဆယ်ယွမ် ရှိသွားပြီ ဖြစ်သည်။
ဒါပေမဲ့ တန်လိုက်တာမှ လွန်ရော... တကယ်ကို တန်လွန်းတယ်~~
ချန်ချင်းယွီ စိတ်ထဲမှ ကျေနပ်နေမိသည်။ ချိုက်မင်မင်သာ ဘေးတွင်ရှိမနေပါက သူမကိုယ်တိုင် ဝင်ရိုက်မိမှာ သေချာ၏။ ယခုမူ နှစ်ဆယ်ယွမ်တည်းဖြင့် ထိုလူရမ်းကားများကို ကိုယ်စား ရိုက်ခိုင်းရသဖြင့် ကြေးစားလူမိုက် ငှားရသည်ထက်ပင် သက်သာနေသေးသည် မဟုတ်လော့။
သူမ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိရာ ဤဝင်းထဲရှိ အိမ်များသည် သိပ်ပြီးခိုင်ခံ့လှသည်မဟုတ်ဘဲ အိမ်ငှားများလည်း အနည်းငယ် ရှိနေသေးကြောင်း ရိပ်မိသည်။ သို့သော် ထိုသူများသည် အစောပိုင်း ထိုမိန်းမကြီးနှင့် လူအချို့ အခန်းထဲ ဝင်သွားကတည်းက ပြဿနာထဲ ဝင်မပါလိုသဖြင့် တံခါးနှင့် လိုက်ကာများကိုပါ အသေပိတ်ထားကြလေ၏။
ချန်ချင်းယွီသည် ထိုအခြေအနေကို အစက မမြင်လိုက်သော်လည်း အခန်းအချို့ တင်းတင်းကျပ်ကျပ် ပိတ်ထားသည်ကို မြင်ရုံဖြင့် လူရှိနေမှန်း သိလိုက်သည်။ သူမ ထိုလူများကို ဂရုမစိုက်ကာ ဝင်းထဲရှိ အခြေအနေကိုသာ သေချာ စစ်ဆေးနေလိုက်၏။
မကြာမီ ချိုက်မင်မင် ပြန်ရောက်လာပြီး တိုးတိုးလေး ပြောရှာသည်။
“ဟိုးထောင့်စွန်းကနေ ဆင်းရအောင်… အဲဒီနေရာက နည်းနည်းနိမ့်တဲ့အပြင် အောက်မှာ ပစ္စည်းတွေ စုပုံထားတော့ ခုန်ချရင် အခံရှိတယ်”
“အစ်မ အရင်ဆင်းနှင့်ဦး”
ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်ရာ ချိုက်မင်မင် အံ့ဩသွားပြီး စိုက်ကြည့်နေသဖြင့် သူမ ဆက်ပြောလိုက်၏။
“အစ်မ အရင်ဆင်းပြီး လမ်းကြားဝမှာ စောင့်နေ၊ ကျွန်မ သူတို့ဆီက မှန်တံခါးတွေကို ခဲနဲ့ထုခွဲပြီးမှ လိုက်ခဲ့မယ်…လမ်းကြားဝမှာ ဆုံကြမယ်လေ”
“အမလေး တကယ်ပါပဲ...”
ချိုက်မင်မင် မယုံနိုင်သလို ကြည့်နေစဉ်မှာပင် အောက်ထပ်အခန်းထဲမှ အော်ဟစ်သံကြီး ထွက်ပေါ်လာပြန်သည်။
“အမေ... ကြည့်စမ်း... ကြည့်စမ်း... ဒီကောင် သုံးယောက်က တကယ်ပဲ ပိုက်ဆံတွေ ဝှက်ထားတာပဲ၊ ဖိနပ်ထဲမှာ ငါးယွမ် တွေ့ပြန်ပြီ... အား... ဒေါသထွက်ဖို့ကောင်းလိုက်တာ...”
ထိုအော်သံကြောင့် အဘွားအိုကြီးပင် ဆွံ့အသွားရကာ
‘ငါ့သက်တမ်းတစ်လျှောက် ဒီလိုအကွက်မျိုးနဲ့ ငွေညှစ်လာတာ ဒါပထမဆုံးပဲ… ဒီကောင်တွေက ဘာလိုချင်လို့ ဒီလို ထူးဆန်းတဲ့ အကွက်တွေ ရွှေ့နေရတာလဲ၊ လူကောင်းဆိုရင် ဒါမျိုး လုပ်ပါ့မလား၊ သေချာတယ်... ဒီကောင်တွေ တစ်ခုခု စိတ်မမှန်ဘူး’
သို့သော် စိတ်မမှန်သည်က သူတို့အပိုင်း၊ မိမိတို့ကို လိမ်ညာပြီး ပိုက်ဆံဝှက်ထားသည်မှာ ခွင့်လွှတ်နိုင်စရာ မရှိပေ။ ထို့ကြောင့် အဘွားအိုမှာ ဒေါသတကြီး အမိန့်ပေးလိုက်တော့သည်။
“ရိုက်စမ်း... အသေရိုက်စမ်း... ဒီနေ့ သူတို့ကို သင်ခန်းစာမပေးရင် ငါ့ကို အထင်သေးကုန်ကြလိမ့်မယ်… ပိုက်ဆံဝှက်ရုံတင်မကဘူး၊ ငါ့ချွေးမကိုပါ ကြံစည်ချင်သေးတယ် ဟုတ်လား၊ ရိုက်စမ်း...”
ခွက်... ဖောင်း... ဒုန်း... ဗုန်း............
“အား... မရိုက်ပါနဲ့တော့... ကယ်ကြပါဦး... လူသတ်နေကြလို့ပါ... ကယ်ကြပါဦး...”
“နောက်ခါ မလုပ်တော့ပါဘူး... ကျွန်တော် ဝှက်တာ မဟုတ်ပါဘူးဗျာ...”
“ဝမ်ကျန့်ကော်... အဲဒါ ဝမ်ကျန့်ကော်ရဲ့ ဖိနပ်ဗျ~~သူဝှက်တာ... ကျွန်တော်တို့ မဟုတ်ပါဘူး...”
ရိုက်နှက်သံများနှင့်အတူ ငိုယိုအော်ဟစ်သံများ ဆူညံသွား၏။ ထိုသုံးယောက်မှာ ရဲစခန်းရောက်လျှင်ပင် ယခုလောက် အရိုက်ခံရမည် မဟုတ်ဟု တွေးမိကာ သေမတတ် ကြောက်လန့်နေကြရှာသည်။
ချန်ချင်းယွီ ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ် အခြားအခန်းများမှာမူ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေသည်။ ချိုက်မင်မင်ခမျာ စိတ်ထဲရှိ သံသယကို မအောင့်နိုင်ဘဲ တိုးတိုးလေး မေးရှာ၏။
“သူတို့က ဘာဆန်းပြားတဲ့ ဝါသနာမျိုးလဲမသိဘူးနော်~~ ပိုက်ဆံလေး နည်းနည်းအတွက်နဲ့ အသက်ကိုတောင် စတေးချင်ကြတာလား”
ချန်ချင်းယွီ ဘာမှပြန်မပြောဘဲ ပြုံးနေမိသည်။ ချိုက်မင်မင်အနေဖြင့်မူ ဝမ်ကျန့်ကော်တို့တစ်သိုက် နေရာအနှံ့ ပိုက်ဆံလိုက်ဝှက်နေသည့် လုပ်ရပ်ကို သာမန်လူတစ်ယောက်အနေဖြင့် မည်သို့မျှ နားမလည်နိုင်အောင် ဖြစ်ရလေ၏။ သူမ ဝမ်ကျန့်ကော်ကို ဤကဲ့သို့လူမျိုးဟု တကယ်ပင် ထင်မထားခဲ့မိပေ။
ထိုအချိန်တွင် အောက်ထပ်၌ ဝမ်ကျန့်ကော်တစ်ယောက် နာကျင်လွန်းသဖြင့် အော်ဟစ်နေရသည်။
“အား...... တစ်ယောက်ယောက်က ကျုပ်ကို မနာလိုလို့ ဆင်ကြံ ကြံတာပါဗျာ၊ ကျုပ် တကယ်မဝှက်ပါဘူး...”
‘ကျုပ်က ဘာကိစ္စ ပိုက်ဆံဝှက်ရမှာလဲဗျာ~~ ဒါ... ဒါ ချဲညီအစ်ကိုနှစ်ယောက်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်၊ ဒီကောင်တွေက လူအ လူ့အမှိုက်တွေပဲ...’
သူ သံသယဝင်ကာ ဒေါသချောင်းချောင်း ထွက်လာပြီး ချဲညီအစ်ကိုဘက်လှည့်ကာ
“မင်းတို့ကောင်တွေ ဘာလုပ်တာလဲ၊ ရူးနေကြတာလား… ငါ့ကိုပါ ဒုက္ခမပေးကြနဲ့...”
“မင်းကမှ ငါတို့ကို ပြန်စွပ်စွဲနေတာ... မင်းဖိနပ်ထဲမှာ တွေ့တာလေ၊ မင်းကြောင့် ငါတို့ပါ အရိုက်ခံရတာ... မင်းကို သတ်ပစ်မယ်...”
ချဲယုံဖုန်း ဒေါသတကြီးဖြင့် ဝမ်ကျန့်ကော်၏ ဆံပင်ကို ဆွဲဆောင့်လိုက်ရာ ဝမ်ကျန့်ကော်သည်လည်း မခံဘဲ ယောက်ျားအချင်းချင်း အနာကျင်ဆုံးနေရာကို ကန်ထည့်လိုက်တော့သည်။
“အား... ခွေးမသား...”
“မင်းက အရင်စတာလေ...”
“ငါ့အစ်ကိုကို လုပ်ရဲတယ်ပေါ့... သေပေတော့...”
အခြေအနေမှာ ရုတ်ချည်းပင် ထိုသုံးယောက် အချင်းချင်း လုံးထွေးသတ်ပုတ်သည့်ပွဲ ဖြစ်သွားသည်။ ငွေညှစ်သည့် ဂိုဏ်းသားများပင် အံ့ဩတုန်လှုပ်သွားကြရ၏။
“အမလေး... ကြည့်စမ်း။”
“ဘာတွေဖြစ်ကုန်တာလဲဟ...”
လူကြီးသုံးယောက်မှာ ကလေးများကဲ့သို့ တစ်ယောက်မျက်နှာ တစ်ယောက် ကုတ်ဖဲ့၊ နှာခေါင်းထဲ လက်နှိုက်ကာ ရူးသွပ်စွာ ရန်ဖြစ်နေကြသည်။ ဝမ်ကျန့်ကော်မှာလည်း ချဲညီအစ်ကိုနှစ်ယောက်ကြောင့် ဤကဲ့သို့ လှည့်စားတတ်သော တည်းခိုခန်းအစုတ်သို့ ရောက်လာရသည်ဟု တွေးကာ မုန်းတီးစိတ်ဖြင့် ပြန်လည် တိုက်ခိုက်နေမိ၏။ သူတို့သာ လွတ်မြောက်သွားနိုင်လျှင် တစ်ယောက်ကိုတစ်ယောက် ကျေးဇူးတင်ကြရမည့်အစား ဤကောင်နှစ်ယောက် မရိုးမသားဖြင့် နေရာအနှံ့ ပိုက်ဆံလိုက်ဝှက်နေသဖြင့် သူပါ ထပ်ခါတလဲလဲ အရိုက်ခံနေရသည်ဟု ထင်နေသည်။
ဝမ်ကျန့်ကော်မှာ မိမိကို ဆွဲချသည့် ထိုလူယုတ်မာနှစ်ယောက်ကိုသာ အပြစ်ပုံချပြီး အသေသတ်ချင်စိတ် ပေါက်နေ၍ သူ၏ မျက်လုံးများမှာ နီမြန်းနေပြီး အံကို ကြိတ်ထားမိ၏။
“မင်းတို့ကောင်တွေ လူမဟုတ်ဘူး... နိမိတ်မကောင်းတဲ့ ကောင်တွေ... မင်းတို့ကို မခေါ်ခဲ့မိဖို့ ကောင်းတာ...”
ဝမ်ကျန့်ကော် အံကြိတ်ကာ ပြောလိုက်သည်။
“မင်းကမှ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ... မင်းက ငါတို့ကို လှည့်စားခေါ်လာတာလေ၊ မင်းလို အတ္တသမားက ပိုက်ဆံတွေကို ဝှက်ထားပြီး ငါတို့ကိုပါ အရိုက်ခံရအောင် လုပ်တယ်... မင်းကြောင့် ငါတို့ပါ ဒုက္ခရောက်ရတာ...”
ချဲညီအစ်ကိုမှာလည်း ဝမ်ကျန့်ကော်အား အသေသတ်ချင်လောက်အောင်ပင် စိတ်နာကျည်းနေကြသည်။ သာမန်လူဆိုလျှင် ပိုက်ဆံပေးလိုက်ကတည်းက အသက်ဘေးလွတ်အောင် ပြေးကြမည်
ဖြစ်သော်လည်း ဝမ်ကျန့်ကော်သည်ကား ပိုက်ဆံအတွက်နှင့် အသက်ကိုပါ စတေးပြီး နေရာအနှံ့ လိုက်ဝှက်နေသည်ဟု ထင်နေကြ၏။
‘ဒီကောင် ရူးနေတာပဲ...’
ထို့အပြင် ထိုရူးသွပ်မှုကြောင့် သူတို့ပါ ရောပြီး အရိုက်ခံနေရသဖြင့် အလွန်အမင်း စိတ်ပျက်ဒေါသထွက်ကာ ထိုနေရာတွင်တင် တစ်ယောက်ကိုတစ်ယောက် အငြိုးအတေးကြီးစွာဖြင့် လုံးထွေးသတ်ပုတ်နေကြလေတော့သည်။
ထိုလူသုံးယောက်မှာ အဝတ်အစားဗလာကျင်းလျက် အရှိန်အဟုန်ပြင်းစွာဖြင့် တစ်ယောက်ကိုတစ်ယောက် လှည့်ပတ်ထိုးနှက် ရန်ဖြစ်နေကြ၏။
“သေပေတော့...”
ချဲယုံချန်း အားကုန်ကန်ထည့်လိုက်ရာ ဝမ်ကျန့်ကော်တစ်ယောက် နောက်သို့ ယိုင်ထွက်သွားသည်။ သူသည် ချဲယုံဖုန်းကို ဆွဲလှဲလိုက်ရာ ချဲယုံဖုန်းမှာ တံခါးမကြီးကို ဝုန်းခနဲ ပြင်းထန်စွာ ဆောင့်မိလေတော့၏။
တံခါးကြီးတစ်ခုလုံး ကျိုးပျက်လုနီးပါး ဖြစ်သွားကာ... တံခါးပေါ်မှ လိပ်ထားသော ငွေစက္ကူလုံးလေးတစ်ခု ကွာကျပြီး ကြမ်းပြင်ပေါ်သို့ လိမ့်ဆင်းလာခဲ့၏။
အစောပိုင်း၌ သူတို့ ခွေးကိုက်သလို ရန်ဖြစ်နေသည်ကို သဘောကျကာ ကြည့်နေကြသော အဘွားအိုနှင့် လူစုမှာ ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားကြတော့သည်။
“တောက်... ရှိသေးတယ်ဟ...”
“ဒါက ဘယ်ကနေ ကျလာတာလဲ...”
“ဒီကောင်တွေ ကိုယ်ပေါ်မှာ ပိုက်ဆံတွေ ဝှက်ထားသေးတာလား...”
“မင်းကလည်း ရူးနေလား၊ သူတို့က အဝတ်အစားမှမရှိတာ... ဘယ်မှာသွားဝှက်မလဲ”
သို့သော် မည်သည့်နေရာတွင် ဝှက်ထားသည်ဖြစ်စေ ဤလုပ်ရပ်မှာ သူတို့ကို အကြီးအကျယ် စိန်ခေါ်လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေသည်။
“ညီအစ်ကိုတို့... အသေထုစမ်း...”
ဖြောင်း... ဖြောင်း... ဗုန်း... ဒုန်း............
အခန်းထဲတွင် ပိုမိုပြင်းထန်သော ရိုက်နှက်သံများနှင့်အတူ ဒုတိယအချီ ရန်ပွဲကြီး ထပ်မံဖြစ်ပွါးလေ၏။
ချိုက်မင်မင်နှင့် ချန်ချင်းယွီတို့သည် ရန်ပွဲများကို မြင်ဖူးပြီးသားဖြစ်သည်။ သူတို့နေထိုင်ရာ ဝင်းထဲတွင်လည်း ရက်ပိုင်းခြားတစ်ခါ ဆူညံစွာ ရန်ဖြစ်တတ်ကြသဖြင့် အထူးအဆန်းမဟုတ်ပေ။ သို့သော် သာမန်လူချင်း ရန်ဖြစ်သည်နှင့် ယခုလူရမ်းကားများ ရိုက်နှက်နေသည်မှာ လုံးဝ ကွာခြားလှသည်။ ယခုမြင်ကွင်းမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လွန်းလှ၏။
ချန်ချင်းယွီ၏ ‘ကျွမ်းကျင်သူ’ အမြင်အရ ပြောရလျှင် ထိုလူရမ်းကားများသည် အစပိုင်း၌ ပြဿနာမကြီးထွားစေရန် သတိထားပြီး ရိုက်နှက်ခဲ့ကြသော်လည်း ယခုမူ လုံးဝ ဂရုမစိုက်တော့ကာ အငြိုးအတေးဖြင့် အမဲဖျက်သကဲ့သို့ ရိုက်နှက်နေကြခြင်း ဖြစ်သည်။ သို့သော် ချန်ချင်းယွီသည် ထိုလူသုံးယောက်အပေါ် အနည်းငယ်မျှပင် သနားစိတ်မရှိပေ။ သူတို့ သူမအပေါ် မကောင်းကြံစည်ကတည်းက စေတနာကောင်းရှိခဲ့ကြသည် မဟုတ်ပေ။
‘ခုလိုခံရတာ... နင်တို့ ခံထိုက်လို့ပဲ...’
ဤအချိန်တွင် ချန်ချင်းယွီသည် ဤအရာအားလုံးမှာ ကံတရားပင် ဖြစ်လိမ့်မည်ဟု သက်ပြင်းချမိသည်။ သူမတို့ ညဘက် ရထားလက်မှတ် လာဝယ်သည့်အချိန်နှင့် ဤလူယုတ်မာများ ဒုက္ခရောက်နေသည့် အချိန်တို့ ကွက်တိကြုံဆုံရခြင်းမှာ သူတို့၏ ဝဋ်ကံကို ကိုယ်တိုင်မျက်မြင်တွေ့ရှိစေရန် ကံစီမံလိုက်ခြင်းပင် ဖြစ်နိုင်၏။
ဒီမြင်ကွင်းကို ဘယ်လိုခေါ်မလဲ~~
‘ခွေးအချင်းချင်း ကိုက်ကြတာပေါ့...’
ဘာပဲဖြစ်ဖြစ် ထိုလူအားလုံးမှာ ခံထိုက်၍ ခံရခြင်းဖြစ်သည်ဟု ချန်ချင်းယွီ တွေးနေမိသည်။
ဝမ်ကျန့်ကော်မှာ ပစ္စည်းဝယ်ယူရေးသမားတစ်ဦး ဖြစ်သဖြင့် ခရီးခဏခဏ ထွက်ရသော်လည်း သာမန်အားဖြင့် ပင်ပန်းကြမ်းတမ်းသော ကိုယ်လက်လှုပ်ရှား အလုပ်ကြမ်းများကို လုပ်ဖူးသူမဟုတ်ပေ။ ထို့အတူပင် ချဲညီအစ်ကိုနှစ်ယောက်မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်၏။ အထူးသဖြင့် ချဲယုံဖုန်းမှာ ရုပ်ရည်သန့်ပြန့်သဖြင့် မိန်းမအပေါ် မှီခိုပြီး အေးဆေး သက်တောင့်သက်သာ နေလာခဲ့သူ ဖြစ်သည်။
သူသည် အိမ်ထောင်ကျပြီးကတည်းက ကောင်းမွန်သော ဘဝကိုသာ ဖြတ်သန်းခဲ့ရ၏။
ချဲယုံချန်းမှာမူ သူတို့ထက် ကိုယ်ခန္ဓာ အနည်းငယ် ပိုမိုသန်မာသော်လည်း ယခုမူ အပြင်းအထန် အရိုက်ခံထားရသဖြင့် ထပင် မထနိုင်တော့ပေ။
သူတို့ သုံးယောက်လုံးမှာ ငါးသေများကဲ့သို့ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြပြီး ကြည့်ရသည်မှာ အလွန်ပင် သနားစရာ ကောင်းလှသည်။
ချန်ချင်းယွီ နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြုံးလိုက်၏။
ထိုလူရမ်းကားများက ရိုက်နှက်ပြီးနောက် အခန်းတစ်ခုလုံးကို သေချာ မွှေနှောက်ရှာဖွေနေကြသည်ကို မြင်သောအခါ ချန်ချင်းယွီက တိုးတိုးလေး လှမ်းပြောလိုက်သည်။
“အစ်မ အရင်ဆင်းနှင့်တော့”
ချိုက်မင်မင် စိတ်ပူသွားပြီး ခေါင်းခါကာ
“မရဘူး... နင်လည်း ငါနဲ့တစ်ခါတည်း လိုက်ခဲ့… သူတို့ကို ဂရုစိုက်မနေနဲ့တော့၊ ငါတို့ကိုသာ သူတို့ တွေ့သွားလို့ အဖမ်းခံရရင် ဒုက္ခလှလှတွေ့လိမ့်မယ်၊ ဒီလူတွေက ရူးနေတာ... ဘယ်လောက် ရက်စက်လဲ ကြည့်ဦး”
ချိုက်မင်မင် စိတ်ထဲတွင် ကြောက်လန့်နေဆဲဖြစ်သဖြင့် ချန်ချင်းယွီကို အန္တရာယ်မဖြစ်စေချင်ပေ။
သို့သော် ချန်ချင်းယွီ ပြတ်သားစွာဖြင့်
“သူတို့က လူကောင်းတွေမဟုတ်မှန်း၊ သေလောက်အောင် မုန်းဖို့ကောင်းမှန်း ကျွန်မလည်း သိတာပေါ့။ ဒါပေမဲ့ ဒီအတိုင်း ဆက်သွားရင် လူသေလိမ့်မယ်… အသက်အန္တရာယ်ရှိတဲ့ကိစ္စဆိုတော့ ကျွန်မတို့ သတိထားရမယ်၊ ကျွန်မပြောတာနားထောင်... အစ်မ အရင်ဆင်းနှင့်၊ ကျွန်မ မှန်တံခါးကို ခဲနဲ့ထုခွဲပြီး ဆူညံအောင်လုပ်လိုက်ရင် သူတို့က ကျွန်မနောက်ကို လိုက်လာကြလိမ့်မယ်၊ အဲဒီအချိန်ကျရင် ဝမ်ကျန့်ကော်တို့မှာ အသိစိတ်ရှိရင် ထွက်ပြေးဖို့ အခွင့်အရေးရသွားမှာပေါ့။ ဒါက အာရုံလွှဲတဲ့ နည်းဗျူဟာပဲ… ဒီလိုလုပ်ပေးလို့မှ သူတို့ မပြေးနိုင်ရင်လည်း ကျွန်မ ဘာမှမတတ်နိုင်တော့ဘူး၊ အနည်းဆုံးတော့ ကျွန်မတို့ ကူညီပေးခဲ့တာပဲလေ”
“ရှောင်ချန်... ရှောင်ချန်... ရှောင်ချန်ရာ... နင်က ဘာလို့ ဒီလောက်တောင် စိတ်နှလုံး ကောင်းနေရတာလဲ၊ မဟုတ်ဘူး... ငါ သဘောမတူဘူး၊ လုံးဝ သဘောမတူဘူး၊ ဒါက အန္တရာယ်များလွန်းတယ်… သူတို့က နင့်ကိုတောင် မကောင်းကြံစည်ဖို့ လုပ်ခဲ့ကြတာကို... နင်က သူတို့ကို စိတ်ပူပေးနေသေးတယ်ပေါ့၊ ဘာလို့ ဒီလောက်အူအနေရတာလဲ၊ မရဘူး... မရဘူး... နင် ငါနဲ့ အတူတူ လိုက်ခဲ့ရမယ်၊ ငါ နင့်ကို အန္တရာယ်အဖြစ်မခံနိုင်ဘူး”
ချိုက်မင်မင် အတင်းတားမြစ်လေသည်။
ချန်ချင်းယွီ : “တကယ် အဆင်ပြေပါတယ် အစ်မရဲ့၊ ပြောတာ ယုံစမ်းပါ… ကျွန်မက အပြေးမြန်တဲ့အပြင် အမိုးပေါ်မှာ ရှိနေတာဆိုတော့ ပိုပြီး အသာစီးရတယ်၊ မှန်ကို ထုခွဲပြီးတာနဲ့ ချက်ချင်းပြေးမှာ၊ ပြောတာနားထောင်... မြန်မြန်သွားတော့၊ အချိန်ဆွဲမနေနဲ့တော့... သွား... သွား... သွား...”
ချန်ချင်းယွီ ချိုက်မင်မင်ကို အတင်းတွန်းကာ အမိုးထောင့်စွန်းသို့ ခေါ်သွားလိုက်၏။
“ကျွန်မတို့ စောင့်နေကျ လမ်းကြားဝမှာပဲ သွားစောင့်နေတော့၊ မြန်မြန်...”
ချိုက်မင်မင် : “မဖြစ်ဘူးလေ...”
ချန်ချင်းယွီ ပြတ်သားသော လေသံဖြင့်
“အချိန်မရှိတော့ဘူး... မြန်မြန်သွား... ကျွန်မကိုယုံ... မှန်ကို ခွဲပြီးတာနဲ့ ချက်ချင်းဆင်းပြေးမှာ၊ တကယ် ဘာမှမဖြစ်ဘူး...”
“ဒါပေမဲ့...”
“ဒါပေမဲ့တွေ လုပ်မနေနဲ့တော့... ကျွန်မတကယ် အပြေးမြန်တယ်... တကယ်ပြောတာ...”
ချိုက်မင်မင်သည် အလွန်အမင်း ကြောက်လန့်နေသော်လည်း ချန်ချင်းယွီကို မတားနိုင်တော့ပေ။ သူမ ခေတ္တမျှ ဝေခွဲမရဖြစ်နေစဉ် အောက်ထပ်အခန်းထဲမှ သွေးသံရဲရဲဖြင့် လဲကျနေသော လူများကို တွေးမိကာ သူမကိုယ်တိုင်လည်း ထိတ်လန့်လာမိသည်။
“ဒါဆိုလည်း... မှန်ကို ခွဲပြီးတာနဲ့ ချက်ချင်းပြေးနော်၊ အချိန်ဆွဲမနေနဲ့… ငါတို့က အာရုံလွှဲပေးရုံနဲ့တင် စေတနာ အများကြီး စောင့်ရှောက်ပြီးသားဖြစ်သွားပြီ၊ ကျန်တာတွေ စိတ်ပူမနေနဲ့တော့၊ သူတို့ တကယ်ပဲ မလွတ်နိုင်ရင်လည်း ငါတို့နဲ့ မဆိုင်တော့ဘူး...”
ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်၏။
“သွားတော့”
ချိုက်မင်မင်သည် အမိုးပေါ်မှ အမြန်ခုန်ချလိုက်ရာ မြေပြင်ပေါ်သို့ အနည်းငယ် ယိုင်တိယိုင်တိုင်ဖြင့် ကျသွားသော်လည်း အရှိန်မပျက်ဘဲ လမ်းကြားဝဆီသို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။
ချိုက်မင်မင် ထွက်သွားသည်ကို မြင်မှသာ ချန်ချင်းယွီ စိတ်အေးသွားရ၏။
သူမ၏ မျက်ဝန်းများ ရုတ်ချည်း အေးစက်စူးရှသွားကာ သရော်ပြုံး ပြုံးလိုက်၏။
စေတနာကောင်းတာလား..
မဟုတ်ပါဘူး... ကျွန်မက အဲဒီလောက် စိတ်သဘောထားပြည့်ဝတဲ့ လူကောင်းတစ်ယောက် လုံးဝမဟုတ်ပါဘူးနော်…
ဝမ်ကျန့်ကော်တို့တစ်သိုက်မှာ လူးလိမ့်အောင် အရိုက်ခံထားရသဖြင့် မတ်တတ်ပင် မရပ်နိုင်တော့ရာ အာရုံလွှဲပေး၍လည်း ထပြေးနိုင်မည့် အခြေအနေတွင် မရှိကြပေ။ သို့သော် ဤအချိန်တွင် အပြင်လူတစ်ယောက်ယောက် သူတို့ကို လာရောက် ကယ်တင်ရန် ကြိုးစားသည်ဟု ထိုလူရမ်းကားများ ထင်မှတ်သွားပါက... ၎င်းတို့သည် ဒေါသပိုမိုထွက်လာပြီး ဝမ်ကျန့်ကော်တို့ကို သေလောက်အောင် ပို၍ နှိပ်စက်ကြပေလိမ့်မည်။
ချန်ချင်းယွီသည် သူတို့ကို ကူညီနေခြင်း မဟုတ်ဘဲ မီးလောင်ရာလေပင့်ကာ အခြေအနေကို ပိုမိုဆိုးရွားအောင် ဖန်တီးနေခြင်းသာ ဖြစ်၏။
သူမသည် မိမိအပေါ် မကောင်းကြံသူများကို ကျေးဇူးတုံ့ပြန်မည့်သူ လုံးဝမဟုတ်ပေ။ ဤလူယုတ်မာများသူမကို ကြံစည်ခဲ့ကြသည်ကို~~ သူမက ပြန်ကူညီရမယ် ဟုတ်လား…
‘အိပ်မက်မက်နေလိုက်ကြဦး...’
သူမသည် ချိုက်မင်မင်အပေါ် လိမ်ညာမိခဲ့သည့်အတွက် စိတ်ထဲတွင် အနည်းငယ် အားနာမိသော်လည်း ထိုအကြောင်းကို ချိုက်မင်မင်အား လုံးဝ အသိမပေးနိုင်ပေ။
သူမသည် မိမိ၏သူငယ်ချင်းအား မိမိမှာ ရက်စက်တတ်သူတစ်ဦးဟု အထင်မခံလိုပေ။
ထို့ကြောင့် ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးနောက် သူမသည် လူကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်ရန် ဆုံးဖြတ်ခဲ့လေသည်။
‘ချိုက်မင်မင်... တောင်းပန်ပါတယ်၊ ကျွန်မ အနည်းငယ် လိမ်လိုက်ရပြီ’
သို့သော် ချန်ချင်းယွီသည် အကြောင်းအရာတစ်ခုကို အကြာကြီး တွေးတောပူပန်နေတတ်သူ မဟုတ်ပေ။ သူမသည် ချက်ချင်းပင် ဆံပင်များကို ဖြေချကာ အောက်ဘက်နိမ့်နိမ့်တွင် မြင်းမြီးပုံစံ ပြန်လည်စည်းနှောင်လိုက်ပြီး အားကစားဝတ်စုံအင်္ကျီထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် အမြဲဆောင်ထားတတ်သော လက်ကိုင်ပုဝါကို ထုတ်ယူကာ မျက်နှာကို ဖုံးအုပ်လိုက်၏။
ဤသို့ပြုလုပ်လိုက်ခြင်းဖြင့် သူမသည် ယောက်ျားလား၊ မိန်းမလားဆိုသည်ကို အလွယ်တကူ ခွဲခြားနိုင်မည် မဟုတ်တော့ပေ။
ပြင်ဆင်မှုများ ပြီးဆုံးသွားသည့်တိုင် အောက်ထပ်အခန်းထဲမှ ဆူညံသံများမှာ ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်၏။ ချန်ချင်းယွီသည် အမိုးပေါ်မှ ခဲလုံးအသေးတစ်လုံးကို ကောက်ယူကာ မီးသီးဆီသို့ လှမ်းပစ်လိုက်ရာ~~ ခွမ်း...
မီးသီးကွဲသွားပြီး အခန်းတစ်ခုလုံး မှောင်အတိ ကျသွားတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်းမှောင်မည်းသွားခြင်းမှာ သူမအတွက်မူ ဘေးကင်းလုံခြုံရေး အကာအကွယ်တစ်ခု ဖြစ်သွားစေ၏။
ချန်ချင်းယွီသည် အမိုးပေါ်မှ လျင်မြန်စွာ ခုန်ချလိုက်ပြီး ဝင်းထောင့်ရှိ သစ်သားတုတ်တစ်ချောင်းဆီသို့ ဦးတည်လိုက်သည်။ အခန်းထဲမှ လူများ ဘာဖြစ်သွားမှန်း မရိပ်မိခင်မှာပင် ထိုတုတ်မှာ သူမ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူမသည် အမိုးပေါ်ကတည်းက ဝင်းထဲတွင် အသုံးပြုနိုင်မည့် လက်နက်ကို သေချာရှာဖွေထားခဲ့ခြင်း ဖြစ်၏။
ချန်ချင်းယွီသည် ရှေ့သို့ အရှိန်ပြင်းပြင်း လှမ်းသွားစဉ် အခန်းထဲမှ လူငယ်တစ်ယောက် အပြေးအလွှား ထွက်လာသည်ကို မြင်လိုက်ရသဖြင့် တုတ်ဖြင့် အားကုန်လွှဲရိုက်လိုက်ရာ ထိုသူမှာ နောက်သို့ လဲကျသွားပြီး
“အား...”
သူမသည် ထိုလူရမ်းကားများထဲမှ တစ်ယောက်ကို ရိုက်နှက်လိုက်ခြင်း ဖြစ်သည်။
ထိုအခါ လူအချို့မှာ တစ်ယောက်ပေါ်တစ်ယောက် ထပ်လျက်သား လဲကျကုန်ကြတော့၏။
ချန်ချင်းယွီသည် ထိုသူများကို ဂရုမစိုက်အားဘဲ တံခါးကို ဝုန်းခနဲ ပိတ်လိုက်ပြီး ဝင်းထဲရှိ ရေစည်ကြီးကို အတင်းဆွဲကာ တံခါးဝတွင် ပိတ်ဆို့ထားလိုက်၏။
ဤသည်မှာ ခွန်အားသန်မာသူတို့၏ အားသာချက်ပင် ဖြစ်သည်။
သူမသည် ထိုသူများ သတိမမူမိခင် အငိုက်ဖမ်းကာ အခန်းထဲတွင် ပိတ်မိအောင် ပြုလုပ်လိုက်ခြင်း ဖြစ်၏။
ထို့နောက် ချန်ချင်းယွီသည် လက်ရှိတုတ်ဖြင့် မှန်တံခါးများကို~~~
ခွမ်း... ဂျိမ်း... ခွမ်း...~~ ရိုက်ခွဲပစ်လိုက်တော့သည်။ ထိုအခန်းရှိ မှန်များကို ခွဲပြီးနောက် ဝင်းထဲရှိ အခြားအခန်းများဆီသို့ ပြေးသွားကာ လူရှိရှိ၊ မရှိရှိ အကုန်လုံးကို လိုက်လံရိုက်ခွဲ ဖျက်ဆီးပစ်လိုက်၏။
ဤကဲ့သို့သော လူယုတ်မာများ၏ ပိုင်ဆိုင်မှုများကို သနားညှာတာနေစရာ မလိုဟု သူမ တွေးမိသည်။
ခဏချင်းအတွင်းမှာပင် တစ်ဝင်းလုံး ပျက်စီးယိုယွင်းသွားတော့သည်။ အဘွားအိုကြီး၏ စူးရှလှသော ဆဲဆိုသံများ ထွက်ပေါ်လာသော်လည်း အခြားအခန်းထဲမှ လူများမှာမူ ကြောက်လန့်တုန်ရီကာ အပြင်သို့ ခေါင်းပင်မပြရဲကြပေ။
ချန်ချင်းယွီ၏ လှုပ်ရှားမှုများမှာ လျင်မြန်ပြီး အလွန်ပင် အားပါလှ၏။ ထိုသူများ ပြတင်းပေါက်မှ မထွက်လာနိုင်ခင်မှာပင် ဝင်းထဲရှိ ပြတင်းပေါက်မှန်အားလုံးကို ရိုက်ခွဲပစ်လိုက်ပြီး ဖြစ်သည်။ ထို့အပြင် တံခါးအချို့ကိုလည်း ဝုန်းခနဲ မြည်အောင် ရိုက်ချိုးပစ်လိုက်သေး၏။
“အား...... ဘယ်ကကောင်က ငါ့အိမ်မှာ လာရမ်းကားနေတာလဲ၊ မင်းကို သင်ခန်းစာပေးရမယ်...”
တံခါးတစ်ခု ပွင့်ဟလာသည်နှင့် ချန်ချင်းယွီသည် ရှေ့သို့ တိုးသွားကာ အနားရှိ ရေစည်အကြီးကြီးကို တုတ်ဖြင့် အားကုန်လွှဲရိုက်လိုက်ရာ~~ ဂျိမ်း...~~ ရေစည်ကြီးမှာ ချက်ချင်းပင် အက်ကွဲသွားတော့သည်။
ထို့နောက် ချန်ချင်းယွီ အသံကို တမင်တကာ မြှင့်ကာ ဩရှရှလေသံဖြင့် အော်ပြောလိုက်၏။
“ဖမ်းရဲရင် ဖမ်းကြည့်လေ...”
ဖျက်ဆီးရုံတင် အားမရသေးဘဲ သူမသည် ခြံဝင်းတံခါးမကြီးကို ဖွင့်ကာ သစ်သားတုတ်ဖြင့် အမိုးအကာ အုတ်ကြွပ်များကိုပါ လှမ်းရိုက်လိုက်ပြီး~~ ခွမ်း... ခွမ်း...~~ ဆိုသည့် အသံများနှင့်အတူ အနီရောင်မီးအိမ်မျှော်စင်ကိုပါ ရိုက်ချိုးပစ်ပြီးမှ အပြင်သို့ အပြေးအလွှား ထွက်ခွါလာခဲ့သည်။
ချန်ချင်းယွီ လက်ထဲမှ တုတ်ကို နှစ်ပိုင်းချိုးကာ လွှင့်ပစ်လိုက်ပြီးနောက် ဆက်လက် ပြေးထွက်လာခဲ့၏။
သူမသည် ပြေးနေရင်းဖြင့် ထိုချိုးဖျက်ထားသော တုတ်ပိုင်းများကို လမ်းဘေးဝဲယာရှိ ထင်းပုံများထဲသို့ ပစ်ထည့်ခဲ့သည်။
“အား...... တောက်... ခွေးမသား... မပြေးနဲ့...”
“လိုက်ကြစမ်း...”
ထိုလူရမ်းကားအချို့မှာ ဒေါသတကြီးဖြင့် အခန်းထဲမှ ယိုင်တိယိုင်တိုင် ထွက်လာကြသော်လည်း ချန်ချင်းယွီမှာမူ အတော်လှမ်းလှမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် လမ်းကြားဝသို့ အပြေးအလွှား ရောက်ရှိသွားချိန်တွင် ပူပန်စွာဖြင့် ဟိုဟိုဒီဒီ မျှော်ကြည့်နေသော ချိုက်မင်မင်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း လက်ကိုဆွဲကာ ဂျက်လေယာဉ်ကဲ့သို့ အရှိန်ပြင်းစွာ ဆက်ပြေးကြတော့သည်။ သူတို့သည် အခြားတစ်ဖက် လမ်းကြိုလမ်းကြားထဲသို့ လှည့်ပတ်ဝင်ရောက်သွားကြ၏။
ပတ်ဝန်းကျင်မှာ မှောင်မည်းနေပြီ ဖြစ်သည်။ လမ်းမကြီးပေါ်တွင် လမ်းမီးတိုင်များ ရှိသော်လည်း ဤလမ်းကြားထဲတွင်မူ လမ်းကြားဝ၌ပင် မီးမရှိဘဲ မှောင်အတိကျနေ၏။ ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် ဤနေရာကို ကောင်းစွာမသိကြသော်လည်း အရှိန်အဟုန်ပြင်းစွာဖြင့်သာ ရွေ့လျားခဲ့ကြသည်။
ချိုက်မင်မင်၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံမှာလည်း ဒိန်းဒိန်းတုန်အောင် မြန်ဆန်နေခဲ့၏။
“ဒီဘက်ကိုလာ”
ချန်ချင်းယွီ လမ်းညွှန်လိုက်သည်။
သူမသည် ချိုက်မင်မင်ကို ဆွဲကာ လမ်းကြားများထဲတွင် အကြိမ်ကြိမ် ပတ်ပြေးခဲ့ပြီးနောက် အနောက်မှ လိုက်လံဖမ်းဆီးသံများ မကြားရတော့သည့် အခါမှသာ ရပ်တန့်လိုက်၏။
ချန်ချင်းယွီ : “ကဲ... သွားရအောင်၊ ဘတ်စ်ကားဂိတ်ကို ရှာရမယ်”
“ကောင်းပြီလေ”
ဂွီ...
ထိုအချိန်တွင် ချန်ချင်းယွီ၏ ဗိုက်ထဲမှ ဆာလောင်စွာ မြည်သံ ထွက်ပေါ်လာသည်။
“ကျွန်မသေလောက်အောင် ဆာနေပြီ”
ချန်ချင်းယွီက ပြောလိုက်၏။
“နွားတစ်ကောင်လုံးကိုတောင် ကုန်အောင် စားပစ်နိုင်မလို ခံစားနေရတယ်”
ချိုက်မင်မင် : “အရင်ဆုံး စားစရာ တစ်ခုခုရှာရအောင်၊ ငါလည်း ဗိုက်ဆာနေပြီ”
အလွန်အမင်း စိတ်လှုပ်ရှား တင်းမာခဲ့ရပြီးနောက်ပိုင်းတွင် သူမလည်း ထပ်တူပင် ဗိုက်ဆာလာခဲ့သည်။
ချန်ချင်းယွီ သဘောတူလိုက်၏။
ကွမ်ကျိုးတွင် ကိုယ်ပိုင်ဆိုင်အသေးလေးများစွာ ရှိသဖြင့် သူတို့နှစ်ဦးသည် လမ်းဘေးရှိ ဆိုင်တစ်ဆိုင်ကို မကြာမီ တွေ့ရှိသွားကြသည်။ ဆိုင်ထဲသို့ လှမ်းကြည့်လိုက်ရာ စားသုံးသူများပြားနေသည်ကို တွေ့ရ၏။
‘အင်း... ဒီဆိုင်ကတော့ လိမ်လည်လှည့်စားတဲ့ ဆိုင်မျိုး မဟုတ်လောက်ပါဘူး။’
သူတို့နှစ်ဦးစလုံးသည် ထိုကဲ့သို့သော ဆိုင်မျိုးများ မည်မျှ ကြောက်စရာကောင်းသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးပြီ မဟုတ်လော့။
သူတို့နှစ်ဦးစလုံး ဆိုင်ထဲသို့ ဝင်သွားပြီး ဟင်းခြောက်ပွဲနှင့် ထမင်းခြောက်ပွဲကို မှာယူလိုက်ကြသည်။
ချိုက်မင်မင် အံ့ဩစွာဖြင့်
“ဟင်.. ငါက တစ်ပန်းကန်ဆို ရပြီလေ”
ချန်ချင်းယွီ : “ကျွန်မက ငါးပန်းကန်စားမှာ၊ အစ်မ နှစ်ပန်းကန် စားချင်ရင်တော့ ထပ်မှာလိုက်လေ”
ချိုက်မင်မင်သည် ကြီးစွာသော ထိတ်လန့်မှုကို ကြုံတွေ့ခဲ့ရသဖြင့် ချန်ချင်းယွီခမျာလည်း အလွန်အမင်း ကြောက်လန့်နေရှာ၍ ဖြစ်လိမ့်မည်ဟု တွေးလိုက်မိ၏။
‘အမလေး... ဒီလိုအခြေအနေမျိုးမှာ ဘယ်သူက မကြောက်ဘဲ နေမလဲ..တကယ်ကို... ငိုချင်စရာပဲ၊ ငါတို့က သိပ်ကို စိတ်ကောင်းရှိတဲ့ လူတွေပဲ’
ချင်းယွီလေးသည် ရန်သူကိုပင် စေတနာရှေ့ထားသည့်အနေဖြင့် ကြီးစွာသော အန္တရာယ်ကြားမှ ကူညီပေးခဲ့ရရှာသဖြင့် ယခုလောက် စိတ်လှုပ်ရှားနေရခြင်း ဖြစ်မည်၊ သူမသည် စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုများကို စားသောက်ခြင်းဖြင့်သာ ဖိနှိပ်နေရရှာခြင်း ဖြစ်လိမ့်မည်ဟု ချိုက်မင်မင် ထင်မှတ်နေခဲ့၏။
“စား... စား၊ ဒီည ငါ ကျွေးမယ်”
ချန်ချင်းယွီ ခေါင်းခါကာ
“မဖြစ်ဘူး... တို့တွေ သီးသန့်စီ ရှင်းရအောင်… ကျွန်မက အစားအများကြီး စားတတ်တော့ အစ်မနဲ့ ရောရှင်းရင် အစ်မ အရှုံးပေါ်လိမ့်မယ်”
“ဘာဖြစ်လဲ... ရှောင်ချန်ကလည်း အရမ်းအားနာနေတာပဲ...”
ချန်ချင်းယွီ : “မရဘူး... အစ်မကို အရှုံးမခံနိုင်ပါဘူး၊ ထားလိုက်ပါတော့... ပြန်ရောက်မှ အေးဆေးပြောကြတာပေါ့၊ အခုတော့ အရင်စားရအောင်”
“ကောင်းပြီလေ”
သူတို့နှစ်ဦးစလုံး တိတ်ဆိတ်စွာဖြင့် စားသောက်နေကြတော့သည်။
ဆိုင်ပိုင်ရှင် : “...”
သူသည် မိန်းကလေးတစ်ဦး ဤမျှအများကြီး စားနိုင်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
တကယ်ကို ရှားရှားပါးပါး မြင်ကွင်းတစ်ခုပင်…
ချန်ချင်းယွီမှာ အခြားသူများ မည်သို့တွေးသည်ကို ဂရုမစိုက်ပေ။
ဘာပဲဖြစ်ဖြစ် သူမက ဒီလူတွေကို သိတာမှ မဟုတ်ဘဲ…
သူတို့နှစ်ဦး ဝဝလင်လင် စားသောက်ပြီးနောက် ဆိုင်ပိုင်ရှင်အား လမ်းမေးလိုက်ရာ ယခုတစ်ခေါက် ပြန်ရသည့်လမ်းမှာ များစွာ ပိုမိုအဆင်ပြေချောမွေ့သွားခဲ့သည်။
ပြောရလျှင် ချိုက်မင်မင်သည်လည်း သတိကြီးသူတစ်ဦး ဖြစ်၏။ လူများသည့်နေရာတွင် သူမ ဘာမှမမေးခဲ့သော်လည်း တည်းခိုခန်းသို့ ပြန်ရောက်သည်နှင့် မအောင့်နိုင်တော့ဘဲ အလောတကြီး မေးတော့သည်။
“စောစောက ဘာဖြစ်သွားတာလဲ။ ရှောင်ချန် မှန်တွေကို လိုက်ခွဲလိုက်တာလား… သူတို့ကော ထွက်ပြေးလွတ်မြောက်သွားကြရဲ့လား”
“ကျွန်မလည်း မသိဘူး”
သူမ ခေါင်းခါပြလိုက်ပြီးမှ ဆက်ပြောကာ
“အဖမ်းခံရမှာကြောက်လို့ မှန်ကို ခွဲပြီးတာနဲ့ ချက်ချင်း ပြေးခဲ့တာ… သူတို့ ကျွန်မနောက်ကို လိုက်လာအောင်လည်း အော်ခဲ့သေးတယ်... ဒါပေမဲ့ အဲဒီအချိန်တုန်းက အနောက်ကို လှည့်မကြည့်ရဲတော့ ဘယ်နှစ်ယောက် လိုက်လာလဲဆိုတာ သေချာမသိဘူး၊ ခြေသံတွေအရတော့ လူအတော်များများ လိုက်လာကြတာ… သူတို့အားလုံး အပြင်ထွက်လာကြတာဆိုတော့ ဝမ်ကျန့်ကော်တို့တစ်သိုက် အခွင့်ကောင်းယူပြီး ထွက်ပြေးနိုင်ခဲ့လားတော့ မပြောတတ်ဘူး၊ ဒီလိုအခွင့်အရေးမျိုးကိုမှ သူတို့ မဆုပ်ကိုင်နိုင်ရင်လည်း ဘာမှမတတ်နိုင်တော့ဘူးလေ… ဘာပဲဖြစ်ဖြစ် တို့တွေက အားနွဲ့တဲ့ မိန်းကလေးတွေပဲဟာ... အစွမ်းကုန် ကူညီပေးခဲ့ပြီးပြီပဲ”
“ဒါပေါ့... ရှောင်ချန်ရဲ့ စိတ်ကောင်းစေတနာကြောင့်သာ မဟုတ်ရင် အဲဒီလိုလုပ်တာကို ငါ လုံးဝသဘောတူမှာ မဟုတ်ဘူး၊ ဒါနဲ့ အဲဒါကို ဘာစကားလုံးနဲ့ ခေါ်လဲ... အင်း...”
“ကျားကို တောင်ပေါ်ကနေ မျှားထုတ်တယ်လို့ ခေါ်တာ”
“ဟုတ်တယ်... ဟုတ်တယ်၊ ကျားကို တောင်ပေါ်ကနေ မျှားထုတ်တာ၊ သူတို့က နင့်ကို မကောင်းကြံစည်ချင်ခဲ့တာတောင် နင့်က ရန်သူကို စေတနာနဲ့တုံ့ပြန်ပြီး ကူညီပေးခဲ့တာပဲ... တကယ်ကို စိတ်ကောင်းရှိလွန်းပါတယ်… သူတို့ဘာသာ အခွင့်အရေးကို အရယူနိုင်ရင်တော့ ကောင်းတာပေါ့၊ မပြေးနိုင်ရင်လည်း သူတို့ဘာသာ အသုံးမကျလို့ပဲ...”
ချိုက်မင်မင်သည် သာမန်လူဆိုလျှင် ချန်ချင်းယွီကဲ့သို့ ဤမျှ စိတ်နှလုံးကောင်းနိုင်မည် မဟုတ်ဟု တကယ်ပင် ခံစားရသည်။ ဤကဲ့သို့ အခြေအနေမျိုးမှာတောင် ကူညီချင်စိတ် ရှိနေသေးသည် မဟုတ်လော့။
“သူတို့ တကယ်ပဲ အရိုက်ခံရလို့ သေသွားမှာ စိုးရိမ်လို့ပါ”
သူမ လိမ်ညာပြောဆိုလိုက်ရာ စိတ်ထဲတွင် အနည်းငယ်တော့ အနေရခက်သွားမိ၏။
သို့သော် ချိုက်မင်မင်မှာ သူမ၏ ဝေခွဲမရဖြစ်မှုကို နားလည်ပေးနေလေသည်။ မိမိကို ဒုက္ခပေးမည့်သူများကို ပြန်ကူညီရခြင်းမှာ တကယ်ပင် စိတ်ပျက်စရာကောင်းလှသည်သာ…
“ဒါတွေကို ဆက်မတွေးပါနဲ့တော့။ ဘာပဲဖြစ်ဖြစ် တို့တွေ ကူညီပေးခဲ့ပြီးပြီပဲ”
ချန်ချင်းယွီ : “ဒါကတော့ အသေအချာပဲပေါ့”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချန်ချင်းယွီ တည်ကြည်သော လေသံဖြင့် ဆက်ပြောကာ
“အစ်မမင်မင်... တို့တွေ ဒီနေ့ ကူညီပေးခဲ့တဲ့အကြောင်းကို ဘယ်သူ့ကိုမှ လုံးဝ အသိမပေးရဘူးနော်”
ချိုက်မင်မင် အံ့ဩသွားပြီး
“ဟင်... ဘာလို့လဲ”
ချန်ချင်းယွီ ရှင်းပြလိုက်ကာ
“သူတို့ တကယ်လို့ လွတ်သွားရင်တောင် တို့တွေကို ကျေးဇူးတင်မှာမဟုတ်ဘူး… အချိန်မီ လာမကယ်လို့ အရိုက်ခံရတာဆိုပြီး တို့တွေကိုတောင် အပြစ်တင်ကြဦးမှာ၊ ကျွန်မ အလကား လျှောက်တွေးနေတာ မဟုတ်ဘူးနော်၊ ဘာပဲဖြစ်ဖြစ် သူတို့က အတ္တသမားတွေလေ... ကျွန်မကတော့ သူတို့နဲ့ ဘာပတ်သက်မှုမှ မရှိချင်တော့ဘူး၊ တကယ်လို့ မလွတ်ခဲ့ရင်လည်း တို့တွေကိုပဲ ရန်ငြိုးဖွဲ့နေကြဦးမှာ… ကျွန်မလည်း ဘယ်သူ့ကိုမှ သွားမခေါ်ရဲပါဘူး၊ တို့တွေက နယ်ဝေးကလာတဲ့ မိန်းကလေး နှစ်ယောက်တည်းလေ၊ ဒီနေရာကိုလည်း အကျွမ်းတဝင် မရှိတာ၊ သူတို့ရဲ့ မရိုးသားတဲ့ အကွက်တွေကို ကျွန်မတို့ ဘယ်လိုလုပ် သိနိုင်မှာလဲ၊ အလွယ်တကူလည်း ဝင်မပါရဲဘူး… ဒါ့အပြင် အဲဒီ ငွေညှစ်တဲ့ကိစ္စက အမှန်ဖြစ်သလို သူတို့တွေ မရိုးမသား လုပ်နေကြတာကလည်း အမှန်ပဲလေ~~ တကယ်လို့ ရဲတွေ ရောက်လာပြီး သူတို့ကိုပါ လူမိုက်တွေနဲ့အတူ ဖမ်းသွားရင် တို့တွေကိုပဲ ပိုပြီး အပြစ်တင်ကြလိမ့်မယ်၊ ဒါကြောင့် ကျွန်မတော့ လုံးဝ ဝင်မပတ်သက်ရဲဘူး၊ ရဲကိုလည်း အကူအညီမတောင်းချင်ဘူး၊ ဒီအတိုင်း အေးအေးဆေးဆေးပဲ နေချင်တော့တယ်”
ချိုက်မင်မင် သေချာစဉ်းစားကြည့်ရာ ချန်ချင်းယွီ ပြောသည်မှာ အလွန်ပင် ယုတ္တိရှိကြောင်း သိလိုက်ရသည်။
“ရှောင်ချန် ပြောတာမှန်တယ်၊ အဲဒီလူသုံးယောက်က လူကောင်းတွေ မဟုတ်ဘူး”
ချန်ချင်းယွီ : “ကျွန်မ သူတို့ဆီက ကျေးဇူးတင်စကားကိုလည်း မမျှော်လင့်သလို၊ ဒီကိစ္စထဲမှာ လုံးဝ မပါဝင်ချင်တော့ဘူး၊ ဒါကြောင့် ဒီနေ့ အာရုံလွှဲပေးခဲ့တဲ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့… စိတ်ကောင်းစေတနာနဲ့ လုပ်ခဲ့တဲ့ လုပ်ရပ်ကနေ အပြစ်တင်စကား ပြန်ကြားရမှာကို စိုးရိမ်လို့ပါ”
သူမ ခေါင်းကို ကုတ်လိုက်ရင်း
“တကယ်တော့ အခု ပြန်စဉ်းစားကြည့်မှ နည်းနည်း နောင်တရမိတယ်၊ ဝင်မပါခဲ့သင့်ဘူး”
ချိုက်မင်မင် သူမအား ‘ငါပြောသားပဲ’ ဆိုသည့် မျက်လုံးမျိုးဖြင့် ကြည့်လိုက်သော်လည်း နှစ်သိမ့်ပေးရှာ၏။
“ငါ ရှောင်ချန်ကို နားလည်ပါတယ်၊ သူတို့ကို ကူညီပေးရတာ စိတ်ပျက်စရာကောင်းတယ်ဆိုပေမဲ့ သူတို့ အဲဒီလောက် အရိုက်ခံနေရတာကော၊ တစ်ရပ်ကွက်တည်းသားတွေ ဖြစ်နေတာကောကြောင့် စိတ်ထဲ ကြောက်လန့်သွားတာ သဘာဝပါပဲ~~ တကယ်လို့ သူတို့ အရိုက်ခံရလို့ သေသွားရင် ဘယ်လိုလုပ်မလဲ၊ အဲဒါကြောင့် သနားစိတ်ဝင်ပြီး ကူညီပေးချင်မိတာက ပုံမှန်ပါပဲ၊ ဒါပေမဲ့ နောက်ပိုင်းမှာတော့ တို့တွေ လုံးဝ ထပ်မပတ်သက်နဲ့တော့၊ ငါတို့က မိန်းကလေး နှစ်ယောက်တည်းဆိုတော့ အပြင်မှာ သွားလာလှုပ်ရှားရတာ မလုံခြုံဘူး… သူတို့ရဲ့ ရှုပ်ထွေးတဲ့ ပြဿနာတွေထဲ ဝင်မပါသင့်ဘူး… ဘာပဲဖြစ်ဖြစ် အဆင်ပြေပြေ၊ မပြေပြေ ပြီးသွားပြီပဲ၊ စိတ်ချပါ... ငါ ဘယ်သူ့ကိုမှ ပြန်မပြောဘူး”
ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်ပြီး
“အင်း... ပြန်တွေးကြည့်ရင် တောင် ကြောက်စရာကြီးနော်”
“ဒီနေရာမှာ လူဆိုးတွေ အများကြီးပဲ၊ ကြည့်စမ်း... လိမ်လည်လှည့်စားတဲ့ ဆိုင်တွေဖွင့်၊ ငွေညှစ်တဲ့ အကွက်တွေဆင်ပြီး ဓားပြတိုက်ဖို့ ကြိုးစားနေကြတာ၊ တကယ်ပဲ... ငါတော့ အပြင်တောင် မထွက်ရဲတော့ဘူး”
ချန်ချင်းယွီ : “တကယ်တော့ ဘယ်နေရာမှာမဆို လူကောင်းနဲ့ လူဆိုး ဒွန်တွဲနေတာပါပဲ၊ ကျွန်မအထင်တော့ တို့တွေ ဒီလိုလူမျိုးတွေနဲ့ ခဏခဏ ကြုံနေရတာက... လူတိုင်းက ဒီနေရာကို ကုန်ပစ္စည်း လာယူကြလို့ ဖြစ်လိမ့်မယ်၊ ကုန်ပစ္စည်းလာယူကြတော့ သူတို့လက်ထဲမှာ ပိုက်ဆံတွေ ရှိနေကြတာပေါ့… ပိုက်ဆံနဲ့ ပတ်သက်လာရင်တော့ အချို့လူတွေက မကောင်းတဲ့ စိတ်ကူးတွေ ရှိလာကြတာ သဘာဝပဲလေ၊ လိမ်လည်တဲ့ ဆိုင်တွေကတော့ နေရာတိုင်းမှာ ရှိတာပါပဲ”
“အဲဒါတော့ ဟုတ်တယ်”
ချိုက်မင်မင် ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြကာ ဆက်ပြောသည်။
“ပြောရရင်တော့... သူတို့က ဒီလိုအောက်တန်းကျတဲ့ကိစ္စမျိုးကို လုပ်ကြလို့ အကွက်ဆင် ငွေညှစ်ခံရတာ၊ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာပဲ၊ အိမ်မှာ ဇနီးသည်တွေ မရှိကြတာလည်း မဟုတ်ဘဲနဲ့… အိမ်မှာကျတော့ လူကြီးလူကောင်းလိုလို ဟန်ဆောင်နေကြပြီး... ကြည့်စမ်း၊ တောက်... စဉ်းစားကြည့်ရင်တောင် ရွံစရာကောင်းလိုက်တာ၊ သူတို့ လေးယောက် အတူတူ ရှိနေကြတာကို တို့တွေ ကိုယ်တိုင် မြင်ခဲ့ရတာလေ… တကယ်လို့ ဒါကို တစ်ယောက်ယောက်က လာပြောပြရင် နင် ယုံပါ့မလား~~ လုံးဝ ယုံမှာမဟုတ်ဘူး၊ သူတို့က ဟန်ဆောင်ကောင်းလွန်းကြတာကိုး...”
ချန်ချင်းယွီလည်း ခေါင်းငြိမ့်ပြကာ စိတ်ပျက်ရွံရှာမိသွား၏။
“ချဲညီအစ်ကိုနှစ်ယောက်က လူကောင်းတွေ ဟုတ်မဟုတ် ငါလည်း သေချာ မသိဘူးလေ၊ ဒါပေမဲ့ ဝမ်ကျန့်ကော်ကိုတော့ ငါ သိတာပေါ့… သူက အပေါ်ယံကြည့်ရင်တော့ လေးစားစရာ လူကြီးလူကောင်းပုံစံပဲ၊ ဟဲ့... သူက ပစ္စည်းဝယ်ယူရေးသမားဆိုတော့ ခရီးခဏခဏ သွားရတာလေ၊ အပြင်မှာ မိန်းမ ဘယ်နှစ်ယောက်နဲ့ သွားရှုပ်ထားလဲ ဘယ်သူသိမှာလဲ၊ ကြည့်ရတာ ဒါက ပထမဆုံးအကြိမ် ဖြစ်မယ့်ပုံ မဟုတ်ဘူး~~ လေးယောက်တောင်လေ... လေးယောက်တောင်... နင် စဉ်းစားကြည့်လို့ရလား၊ ငါဆို စဉ်းစားဖို့တောင် မရဲဘူး၊ သနားစရာကောင်းတဲ့ ဝမ်မေ့လန်ခမျာ ဘာမှမသိရှာဘူး၊ သိပ်ကို ရိုးအရှာတာ… သူမက နေ့ဘက်မှာ အလုပ်လုပ်ရပြီး အိမ်ပြန်ရောက်ရင်လည်း ထမင်းဟင်းချက်၊ အိမ်အလုပ်တွေ လုပ်ရသေးတယ်~~ ယောက္ခမကလည်း သားမွေးပေးဖို့ အမြဲ ဖိအားပေးနေသလို၊ သမီးအကြီးမကလည်း အလွန်အမင်း ဆိုးသွမ်းပုန်ကန်တတ်တယ်၊ ဒါက ဘယ်လိုဘဝမျိုးလဲ…ကြည့်စမ်း... ဒီနှစ်တွေထဲ သူမ ဘယ်လောက်တောင် အိုစာသွားလဲဆိုတာ”
ချိုက်မင်မင်သည် သူမကိုယ်သူမမူ အတော်လေး အခြေအနေကောင်းသည်ဟု ခံစားရသည်။ သူမ ရုပ်ရည် မချောမောသော်လည်း အသက်
နှစ်ဆယ်တွင်လည်း အသက်နှစ်ဆယ်ရုပ်၊ အသက်သုံးဆယ်
ရောက်သောအခါလည်း သုံးဆယ်ရုပ်၊ အသက်လေးဆယ်ဖြစ်လာရင်လည်း လေးဆယ်ရုပ်အတိုင်း ရှိနေမည့်သူ ဖြစ်၏။ သူမသည် အသက်လေးဆယ်မပြည့်သေးဘဲ သုံးဆယ်ကျော် နောက်ပိုင်းအရွယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း လုံးဝ အိုစာမသွားခဲ့ပေ။
တကယ်တမ်း သူမ၏ ရုပ်ရည်သွင်ပြင်မှာ အသက်အရွယ်အတွက် အားသာချက်တစ်ခု ဖြစ်နေခဲ့သည်။
ဝမ်မေ့လန်ရဲ့ နွမ်းလျပိန်ချောင်နေတဲ့ ပုံစံကို ကြည့်ဦးလေ~~
ထိုသို့ဖြစ်နေသည့်တိုင် သူမခမျာ သူမ၏ ခင်ပွန်းသည်အား လူကောင်းတစ်ယောက်ဟု ထင်မှတ်နေဆဲ ဖြစ်သည်။
“သူမက ကြည့်လိုက်ရင်တော့ တက်ကြွဖြတ်လတ်ပြီး အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ပုံစံပေမဲ့ စိတ်ထဲမှာတော့ သိပ်ကို ရိုးရှာတာ၊ ကြည့်စမ်း... အခုတော့ အကြီးအကျယ် အလိမ်ခံလိုက်ရပြီ”
ချန်ချင်းယွီလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်မိ၏။
သူမနှင့် ချိုက်မင်မင်တို့ သူငယ်ချင်းဖြစ်နေကြရခြင်းမှာ ဤကဲ့သို့ အမြင်ချင်း တူညီသောအချက်အချို့ ရှိနေကြသောကြောင့်ပင် …
ချန်ချင်းယွီ မျက်တောင်တဖျတ်ဖျတ်ခတ်ဖြင့် မေးလိုက်၏။
“အစ်မမင်မင်... ဝမ်မေ့လန်တစ်ယောက် ဒီတစ်ခါတော့ ဝမ်ကျန့်ကော် အပြင်မှာ ရှုပ်ပွေနေတဲ့ အမှန်တရားကို သိသွားလိမ့်မယ်လို့ ထင်လား”
ချိုက်မင်မင် ပြန်ဖြေကာ
“ဘယ်သူသိမှာလဲ၊ ငါ့အထင်တော့ အိမ်ပြန်ရောက်ရင် ချိုသာတဲ့ စကားလုံးတွေနဲ့ပဲ အလွယ်တကူ လှည့်စားလိုက်ဦးမှာပါပဲ၊ ငါ စဉ်းစားကြည့်တာ... သူတို့ အိမ်ထောင်ကျတာ ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ရှိပြီလေ၊ အခုထိ အမြီးမပေါ်ခဲ့ဘူးဆိုတော့ ဝမ်မေ့လန်ကိုတော့ သူ သေချာပေါက် ပြန်ချော့နိုင်မှာပါ”
ထိုစကား ပြောမိသောအခါ ချိုက်မင်မင် လေသံတိုးတိုးဖြင့် ညည်းတွားရှာ၏။
“မဖြစ်ဘူး... အိမ်ပြန်ရောက်ရင်တော့ ငါ့ယောကျာ်းကို သေချာ စောင့်ကြည့်ရမယ်၊ အပြင်မှာ လျှောက်ရှုပ်လို့ လုံးဝမဖြစ်စေရဘူး”
ချန်ချင်းယွီသည် မာကျန်းနှင့် အကျွမ်းတဝင်မရှိသဖြင့် မည်သည့်အမြင်မျှ ဝင်မပြောဘဲ စကားလမ်းကြောင်း လွှဲလိုက်၏။
“ဒါနဲ့ မနက်ဖြန်ကျရင် ဘယ်ဒိုင်ဆီကနေ ကုန်ပစ္စည်း သွားဝယ်ဖို့ စိတ်ကူးထားလဲ၊ ကျွန်မ ကြည့်ရတာတော့...”
သူမ ဆက်ပြောကာ
“ဆိုင်တော်တော်များများက ပစ္စည်းတွေဟာ ပုံစံတူသလိုရှိပေမဲ့ လက်ရာနဲ့ အရည်အသွေးကတော့ စက်ရုံတစ်ခုတည်းက လာတာမဟုတ်ဘူး ထင်တယ်”
အလုပ်အကြောင်း ရောက်သွားသောအခါ ချိုက်မင်မင်
စိတ်ဝင်တစားဖြင့်
“ငါ ဟိုးအထဲဘက်က ဆိုင်တစ်ဆိုင်ကို မျက်စိကျထားတယ်… ဆိုင်အဝမှာ ကလေးအဝတ်အစားတွေ ချိတ်ထားတဲ့ဆိုင်လေ၊ အဲဒီဆိုင်ရဲ့ လက်ရာက တော်တော်ကောင်းတယ်လို့ မြင်တယ်”
ချန်ချင်းယွီ : “အဲဒီဆိုင်လား… ကျွန်မသိတယ်၊ အဲဒီဆိုင်က ကလေးကလစ်တွေ၊ ဆံညှပ်လေးတွေက တော်တော်လှတာ၊ ကျွန်မ သမီးလေးအတွက် အချို့ဝယ်သွားမလို့ စိတ်ကူးထားတာ၊ အစ်မကော အဲဒါတွေ ကုန်ယူဖို့ အစီအစဉ်ရှိလား”
ချိုက်မင်မင် ခေါင်းခါပြကာ
“မယူပါဘူး၊ ငါကတော့ အရင်တစ်ခါကလိုပဲ... စွပ်ကျယ်အင်္ကျီ၊ တပတ်၊ ခြေအိတ် စတာတွေကိုပဲ အဓိကထားယူမယ်၊ အဲဒါတွေကပဲ ရောင်းရတာ ပိုအသားကျလို့လေ၊ ဆံပင်အလှဆင်ပစ္စည်းတွေကျတော့ ငါ သိပ်နားမလည်ဘူး”
ချန်ချင်းယွီ : “အစ်မ မယူရင် ကျွန်မယူမယ်လေ”
“ဟင်.. နင်က အဝတ်အစားနဲ့ ဘောင်းဘီတွေ ရောင်းမှာ မဟုတ်ဘူးလား၊ ဘာလို့ ဆံပင်အလှဆင်ပစ္စည်းတွေကို စိတ်ဝင်စားသွားတာလဲ”
ချန်ချင်းယွီ ပြုံးပြီး ရှင်းပြကာ
“တွဲရက် အစုံလိုက် ရောင်းမလို့လေ၊ တကယ်လို့ ဝယ်သူက အဝတ်အစားနဲ့ ဘောင်းဘီတစ်စုံကို အပြည့်အစုံဝယ်ရင် ဆံပင်ကလစ်လှလှလေး တစ်ခုကို လက်ဆောင်အဖြစ် အလကားထည့်ပေးမယ်... အခုပဲ အကြံရသွားတာ၊ ဒီလို အပိုလက်ဆောင်လေး ပါရင် လူတွေက ကိုယ့်ဆီကနေ ပိုပြီး ဝယ်ချင်ကြမှာ သေချာတယ်၊ မဟုတ်ရင် ကြည့်ဦးလေ... ကုန်ပစ္စည်းလာယူပြီး ပြန်ရောင်းမယ့်သူက တို့နှစ်ယောက်တည်း ရှိမှာမဟုတ်ဘူး၊ ပြိုင်ဘက်တွေ ရှိလာတဲ့အခါ တို့တွေက ဈေးနှုန်းတစ်ခုတည်းနဲ့ပဲ ပြိုင်ရင် နိုင်ပါ့မလား၊ ဈေးနှုန်းကို တစ်ခါနှိမ့်ချလိုက်မိရင် ပြန်တင်ဖို့ မလွယ်တော့ဘူး၊ ဒါကြောင့် ကျွန်မက ဈေးမချဘဲ၊ အဝတ်အစားတစ်စုံစီအတွက် ဆံပင်ကလစ်/ ဆံညှပ်တစ်ချောင်း လက်ဆောင်ပေးမလို့… ပြီးတော့ အရောင်းဈေးကို နည်းနည်းလေး ပိုတင်ထားလိုက်မယ်၊ ဈေးကောင်းနဲ့ ရောင်းရရင်လည်း ရောင်း၊ မရောင်းရရင်လည်း အပိုလက်ဆောင်အနေနဲ့ ပေးလိုက်တာပေါ့… ဒါဆိုရင် ဝယ်သူဘက်ကလည်း မြတ်တယ်လို့ ခံစားရမှာပဲလေ”
“ချင်းယွီ... နင်က တကယ့်ကို အကဲခတ်ဉာဏ် ကောင်းတာပဲ၊ စီးပွားရေးလုပ်ဖို့ ပါရမီပါတာပဲလို့ ငါ ထင်တယ်၊ တကယ်ပြောတာ... နင် အခုပြောတဲ့အချက်ကို ငါ လုံးဝ ထည့်မစဉ်းစားမိဘူး”
ချန်ချင်းယွီ ခပ်ဖွဖွ ရယ်မောရင်း
“အစ်မက ကျွန်မလိုလုပ်လို့ ဘယ်ရမလဲ၊ အစ်မက အသေးအဖွဲ ပစ္စည်းလေးတွေကို အများကြီး ရောင်းတာကိုး”
“အဲဒါလည်း ဟုတ်တာပဲ”
သူတို့နှစ်ဦး သဘောကျစွာ ရယ်မောလိုက်ကြသည်။
“ဒါနဲ့... ငါ့ကို အကြံဉာဏ်လေး နည်းနည်း ပေးပါဦး...”
သူတို့နှစ်ဦးသည် စီးပွားရေးအကြောင်းကို ချက်ချင်းပင် အလေးအနက် ဆွေးနွေးကြတော့၏။အတင်းအဖျင်းပြောရသည်မှာ ပျော်စရာကောင်းသော်လည်း စီးပွါးရေးမှာ ပို၍ အရေးကြီးသည် မဟုတ်လော့။
ချိုက်မင်မင်အနေဖြင့် ချန်ချင်းယွီ၏ ‘အာရုံလွှဲသည့် ဗျူဟာ’ မှာ ကူညီပေးရန်မဟုတ်ဘဲ ထိုလူများကို ပြဿနာပိုကြီးအောင် လုပ်ခဲ့ခြင်းဖြစ်သည်ကို လုံးဝ မရိပ်မိခဲ့ပေ။ အမှန်တွင် ချိုက်မင်မင်တင်မကဘဲ သာမန်လူဆိုလျှင်လည်း ထိုသို့ တွေးမိမည်မဟုတ်ပေ။
ချန်ချင်းယွီကိုယ်တိုင်မှာမူ လက်ဖျားကလေးမျှ မနာစေဘဲ အခြားသူများကို အကွက်ချလှည့်စားရာတွင် အလွန်ပင် ကျွမ်းကျင်လှသည်။
သူမသည် စိတ်အားထက်သန်စွာဖြင့် ကုန်ပစ္စည်းဝယ်ယူမည့်အကြောင်း ဆွေးနွေးနေစဉ်၊ အခြားတစ်ဖက်၌မူ ဝမ်ကျန့်ကော်တို့ သုံးယောက်မှာ ထပ်မံ၍ အရိုက်ခံနေရပြန်၏။
နှုတ်သီးကောင်းလှသော အဘွားအိုကြီးမှာ သူတို့ကို စိုက်ကြည့်ကာ ဒေါသတကြီး မေး၏။
“ပြောစမ်း... ဒီနေ့ လာရမ်းကားသွားတဲ့ကောင်က မင်းတို့ရဲ့ အပေါင်းအဖော် မဟုတ်လား၊ မင်းတို့ကို လာကယ်တာ မဟုတ်လား၊အမှန်အတိုင်း ပြောစမ်း...”
“မဟုတ်ပါဘူး... မဟုတ်ပါဘူးဗျာ၊ ကျွန်တော်တို့ သုံးယောက်ပဲ အတူတူလာတာပါ…တခြား ဘယ်သူမှ မရှိပါဘူး”
“ဟုတ်ပါတယ်... အီးဟီး... ဘယ်သူက အသက်အသေခံပြီး လာကယ်မှာလဲဗျာ၊ ဒါ... ဒါ ကျွန်တော်တို့နဲ့ လုံးဝ မဆိုင်ပါဘူး...”
“မဆိုင်ဘူး ဟုတ်လား... မဆိုင်ဘူး ဟုတ်လား... ငါက မင်းတို့ကို မဆိုင်တာ ပြပေးမယ်...”
အဘွားအို ရှေ့သို့ တိုးသွားပြီး သူတို့၏ ပါးကို ဖြောင်းခနဲ မြည်အောင် ပြင်းထန်စွာ ရိုက်နှက်လိုက်ရင်း
“မဆိုင်ဘူးလို့ ပြောရဲသေးတယ်ပေါ့…ငါ ဘယ်လိုကြည့်ကြည့် ဒါက မရိုးဘူး၊ ဒါဟာ သေချာပေါက် တို့တွေကို အာရုံလွှဲပြီး မင်းတို့ ထွက်ပြေးခိုင်းဖို့ ကြံစည်တာပဲ၊ ဟင်း... ငါက ဒါကို မရိပ်မိဘူး ထင်နေလား၊ ငါ့တစ်သက်လုံး လူတွေကို လှည့်စားလာတာ... ဒီလို လှည့်ကွက်အသေးအဖွဲလေးကို ငါက မသိဘဲ နေမလား”
ချိုက်မင်မင် ချန်ချင်းယွီ၏ စကားကို ယုံကြည်သွားခြင်းမှာ မဆန်းပေ၊ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့၏ အတွေးအခေါ်အရ ထိုသို့သာ တွေးမိကြမည် ဖြစ်၏။
ကြည့်ဦးလေ... ထိုအဘွားအိုကြီးသည်လည်း ထိုနည်းအတိုင်းပင် တွေးတောနေခဲ့သည် မဟုတ်လော့~~
သို့သော် ချန်ချင်းယွီမှာ ထိုအရာအားလုံးကို အစကတည်းက ကြိုတင်တွက်ဆထားခဲ့ပြီး ဖြစ်သည်။ ဤလူသုံးယောက်မှာ အရိုးကြေမတတ် အရိုက်ခံထားရသဖြင့် မည်သို့မျှ ထွက်ပြေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်~~ ဟိဟိ
“တကယ် မဟုတ်ပါဘူးဗျာ... ကျွန်တော်တို့ တကယ် မသိတာပါ...”
“ကျွန်တော်တို့ကို လွှတ်ပေးပါတော့... ရှိတဲ့ ပိုက်ဆံတွေလည်း အကုန် ပေးလိုက်ပြီပဲကို...”
“မရိုက်ပါနဲ့တော့... ဆက်ရိုက်ရင် လူသေလိမ့်မယ်... အီးဟီး...”
ထိုသုံးယောက်မှာ အော်ဟစ်ငိုယိုနေကြ၏။ သူတို့သည် ယခုလောက်အထိ ကံဆိုးလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။ ကွမ်ကျိုးသို့ လာခဲ့ကြသော ထိုမိန်းကလေးနှစ်ယောက်မှာ ဘာပြဿနာမျှမရှိဘဲ သူတို့ကျမှ ယခုကဲ့သို့ ဒုက္ခဆိုးနှင့် ကြုံရနေရှာသည်။
တကယ့်ကို ကပ်ဘေးဆိုးကြီးပင်…
“အသက်ချမ်းသာပေးပါ...”
“ကျွန်တော်တို့ သေတော့မယ်...”
ထိုအချိန်တွင် အခန်းထဲရှိ ယောက်ျားများမှာထပ်မံ၍ အတင်းအကြပ် နှိပ်စက်မေးမြန်းနေကြ၏။
“ပြောစမ်း... ဘယ်သူက မင်းတို့ကို လာကယ်တာလဲ...”
“ဘယ်သူမှ မရှိပါဘူး... ဘယ်သူမှ မရှိပါဘူးဗျာ”
သူတို့ အော်ဟစ်ရန်ဖြစ်နေစဉ်မှာပင် အကွက်ဆင် ငွေညှစ်ရာတွင် ပါဝင်ခဲ့သော ထိုမိန်းမငယ်မှာ မျက်မှောင်ကုတ်လျက် အခန်းထဲသို့ ဝင်လာကာ ပြောလိုက်သည်။
“ပြတင်းပေါက်မှန်တွေ အကုန်လုံး အစအနမကျန် ကွဲကုန်ပြီ၊ တံခါးအချို့ဆိုရင်လည်း နှစ်ခြမ်းကွဲပြီး အက်ကြောင်းအကြီးကြီးတွေ ဖြစ်ကုန်ပြီ၊ အားလုံးက သစ်သားတံခါးတွေဆိုတော့ ဒီအတိုင်း ပြန်ပြင်လို့ မရတော့ဘူး... အသစ်လဲရလိမ့်မယ်၊ အော်... ပြီးတော့ ဝင်းထဲက ရေစည်ကြီးလည်း ကွဲသွားတယ်၊ သွားကြည့်တော့ ရေတွေယိုနေပြီး သုံးလို့မရတော့ဘူး… ခြံဝင်းတံခါးဝကလည်း...”
အဘွားအို ဖြတ်မေးလိုက်၏။
“ကဲ ပြောစမ်း... ဒီတစ်ခါ တို့တွေ ဘယ်လောက်အထိ ဆုံးရှုံးသွားလဲ”
“အနည်းဆုံး ယွမ်နှစ်ရာဖိုးလောက် ရှိမယ်...”
ထိုအသံကြောင့် အဘွားအိုကြီးမှာ ရင်ဘတ်ကို ဖိကာ မျက်နှာပျက်သွားပြီး အော်ဟစ်တော့သည်။
“ဘာလို့ အဲဒီလောက်တောင် များရတာလဲ...”
“တစ်ခုချင်းစီက တန်ဖိုးမကြီးပေမဲ့ အကုန်လုံး အစအနမကျန် ပျက်စီးသွားတာလေ… ပြီးတော့ ရေစည်အကြီးစားတွေက အခုချိန်မှာ လိုက်ရှာဖို့ မလွယ်ဘူး၊ ကျွန်မ အထင်တော့ နှစ်ရာနဲ့တင် လောက်မှာမဟုတ်ဘူး”
“အား...... တောက်... ငါ့ဘဝမှာ ဒီလိုမျိုး အရှုံးကြီး ရှုံးဖူးတာ ဒါပထမဆုံးပဲ၊ မင်း... မင်းတို့ကောင်တွေကြောင့် ဖြစ်ရတာ...”
အဘွားအို ဒေါသတကြီးဖြင့် ဝမ်ကျန့်ကော်တို့ဆီသို့ ပြေးဝင်ကာ ကုတ်ဖဲ့တော့၏။
“အမေ... မရိုက်ပါနဲ့တော့၊ သူတို့ကို အသေသတ်လိုက်ရင်တောင် တို့တွေ လျော်ကြေးပြန်ရမှာ မဟုတ်ဘူး”
“ဟုတ်တယ် အမေ... ထားလိုက်ပါတော့၊ တို့တွေက ပိုက်ဆံပဲ လိုချင်တာလေ... လူသတ်ဖို့အထိတော့ မလိုပါဘူး”
လူမိုက်အချို့ ဝင်တားကြသည်။
ဝမ်ကျန့်ကော်နှင့် အခြားသူများမှာမူ တုန်တုန်ယင်ယင်ဖြင့် ခေါင်းများကို အဆက်မပြတ် ငြိမ့်ပြနေကြရှာ၏။
သူတို့သည် ထပ်မံ၍ အရိုက်ခံရမည်ကို သေမတတ် ကြောက်လန့်နေကြပြီ ဖြစ်သည်။ နောက်တစ်ချီသာ ထပ်အရိုက်ခံရပါက တကယ်ပင် လူသေသွားနိုင်၏။
အဘွားအို : “မရဘူး... ငါ မသည်းခံချင်ဘူး... သေလောက်အောင် ဒေါသထွက်ဖို့ကောင်းလိုက်တာ... ကြည့်ဦး... ငါတို့အိမ် ဘာဖြစ်သွားလဲ ကြည့်ကြဦး...”
“ဒါက ကျွန်တော်တို့ကြောင့် မဟုတ်ပါဘူး... ခင်ဗျားတို့ဘာသာ အပြင်မှာ ရန်ငြိုးရှိတဲ့သူတစ်ယောက်ယောက်က လာလုပ်တာလည်း ဖြစ်နိုင်တာပဲဟာ...”
ချဲယုံချန်း ဘာမှနားမလည်ဟန်ဖြင့် ဝင်ပြောမိရာ~~
ဖုန်း… ဖုန်း…
“မင်း နှုတ်သီးကောင်းဦးမလား... မင်းက စကားတတ်ဦးမလား...”
လူမိုက်များ ကန်ကျောက်လိုက်သဖြင့် ချဲယုံချန်းတစ်ယောက် နာကျင်လွန်း၍ ထပ်မံ အော်ဟစ်ရပြန်သည်။
ထိုအချိန်တွင် လူငယ်တစ်ယောက်က အကြံရသွားပြီး လှမ်းပြောလိုက်၏။
“နေဦး အမေ... ကျွန်တော် ဒေါသလည်းပြေ၊ ဆုံးရှုံးသွားတဲ့ ပိုက်ဆံအချို့ကိုလည်း ပြန်ကာမိစေမယ့် နည်းလမ်းတစ်ခု စဉ်းစားမိပြီ”
“ပြောစမ်း... ဘာလဲ”
“ဟိုးလမ်းကြားထဲက ‘အဒေါ်စန်း’ တို့က အဲဒီလို မိန်းမရှာပေးတဲ့ စီးပွားရေးလုပ်တာ မဟုတ်လား၊ ဒီကောင် သုံးယောက်ကို အဲဒီကို ပို့လိုက်ပြီး တို့အတွက် ပိုက်ဆံရှာခိုင်းရင်ကော မကောင်းဘူးလား”
“ဟင်...”
ထိုအခါ လူမိုက်တစ်ယောက်မှာ သူတို့ကို ကြည့်ကာ
“ဒီကောင်တွေရဲ့ ရုပ်ပျက်ဆင်းပျက် ပုံစံကို ကြည့်ဦး... ဘယ်သူကများ သူတို့ကို အသုံးချချင်မှာလဲဗျာ”
အဘွားအိုမှာမူ ထိုသူသုံးယောက်ကို အသေအချာ အကဲခတ်ကြည့်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
“မင်းတို့ကလည်း... သူတို့ ရုပ်ရည်က မဆိုးပါဘူးအေ၊ အထူးသဖြင့် ဒီကောင်လေးပေါ့၊ တွေ့လား... ငါပြောသားပဲ၊ လူကိုရိုက်ရင် မျက်နှာကို မထိစေနဲ့လို့ မှာထားတာကို မင်းတို့က လုံးဝဂရုမစိုက်ကြဘူး၊ အကုန် အသုံးမကျတဲ့ကောင်တွေ၊ ဒါပေမဲ့ ရပါတယ်... ငါကြည့်ရတာ အဆင်ပြေပါတယ်… မီးပိတ်လိုက်ရင်တော့ အားလုံး အတူတူပါပဲ၊ ဘာပဲဖြစ်ဖြစ် သူတို့က ငယ်ငယ်ရွယ်ရွယ်တွေပဲဥစ္စာ”
ဝမ်ကျန့်ကော်နှင့် အခြားသူများမှာ စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်ကို ခံစားလိုက်ရသည်။
“မင်းတို့တစ်သိုက် ငါ့ကို ရက်စက်တယ်လို့ မထင်နဲ့။ မင်းတို့က ငါ့ချွေးမကို ကြံစည်ဖို့ လုပ်ခဲ့ကြတာ... ဒီအတိုင်း လွှတ်ပေးလို့မရဘူး၊ ပိုက်ဆံလေး နည်းနည်းပေးလိုက်ရုံနဲ့ ကိစ္စပြတ်သွားပြီလို့ မအောက်မေ့နဲ့၊ မင်းတို့ ငါ့အတွက် တစ်လတိတိ အလုပ်လုပ်ပေးရမယ်”
“ဘာ... ဘာပြောတယ်...”
“အပြင်မှာ အထီးကျန်နေတဲ့ အဘွားကြီးတွေ အများကြီးပဲ…မင်းတို့ တစ်လတိတိ အလုပ်လုပ်ပေးရမယ်”
“ဟင်.. အား...... ခင်ဗျားတို့က ကျွန်တော်တို့ကို ဒါမျိုး ခိုင်းမလို့လား၊ မလုပ်နိုင်ဘူး... လုံးဝမလုပ်နိုင်ဘူး... အား... မရိုက်ပါနဲ့၊ မရိုက်ပါနဲ့တော့...”
“ငါပြောပြမယ်... မင်းတို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် သေချာပေါက် လုပ်ရမှာ...”
“ဟုတ်တယ်... ဒီညကစပြီး လုပ်ရမယ်...”
“နေဦး... သူတို့က အပြင်းအထန် အရိုက်ခံထားရတော့ ထတောင် မထနိုင်ကြဘူး…အဆင်ပြေပါ့မလားမသိဘူး...”
“ဆေးတိုက်လိုက်ပေါ့၊ အဲဒီကိစ္စကို မလုပ်နိုင်ရင်တောင် တခြားအလုပ်တွေ ခိုင်းလို့ရတာပဲ”
ဝမ်ကျန့်ကော်နှင့် အခြားသူများမှာ မျက်နှာတစ်ခုလုံး ဖြူလျော်သွားကြပြီး ယနေ့သည် သူတို့ဘဝတွင် အဆိုးရွားဆုံးနေ့ဖြစ်သည်ဟု ခံစားလိုက်ရတော့သည်။
ဘုရားသခင်ရေ... သူတို့ ဘယ်လိုကြောင့် ဒီလိုအခြေအနေမျိုးအထိ ရောက်သွားရတာလဲ...
ချဲယုံဖုန်းမှာလည်း သေလုမတတ် ဖြစ်နေသော်လည်း ချဲယုံချန်းတစ်ယောက်သာ အဆင်ပြေသည်ဟု တွေးနေမိ၏။ သူသည် ယောက်ျားတစ်ယောက်ဖြစ်ပြီး ထိုကဲ့သို့သော အလုပ်ကို လုပ်ရရုံမျှဖြင့် အရှုံးပေါ်မည်မဟုတ်ဟု တွေးနေခြင်း ဖြစ်၏။
အလွန်အမင်း ဒုက္ခရောက်နေသော ထိုသုံးယောက်နှင့် နှိုင်းယှဉ်လျှင် အခြားသူများမှာမူ အတော်လေး အခြေအနေကောင်းနေကြသည်။
ယွမ်ဟောက်ဖုန်းသည် သတိကြီးသူဖြစ်သဖြင့် သူနှင့် ရှီရှောင်ဝေတို့မှာ စနစ်ကျသော တည်းခိုခန်းတစ်ခုတွင် တည်းခိုခဲ့ကြ၏။ ကျားကြီးနှင့် သူ၏လူစုမှာမူ ထိုသို့မဟုတ်သော်လည်း လူမိုက်အများအပြား ပါဝင်ပြီး လူအင်အားတောင့်တင်းသဖြင့် ဘေးကင်းကြသည်။
အမှန်တွင် ဝမ်ကျန့်ကော်တို့အဖွဲ့မှာ လူသုံးယောက်ရှိသဖြင့် ပုံမှန်အားဖြင့် ငွေညှစ်သည့် အကွက်ထဲသို့ အလွယ်တကူ ရောက်သွားမည့်သူများ မဟုတ်ပေ။
သို့သော် ချဲယုံချန်းမှာ ဘာမှနားမလည်ဘဲ အလွယ်တကူ အမြီးပြလိုက်မိသည့်အပြင် တစ်ဖွဲ့လုံးမှာလည်း မိန်းမမက်ပြီး ပိုက်ဆံချွေတာချင်ကြသဖြင့် အလွယ်တကူ အသုံးချခံလိုက်ရခြင်း ဖြစ်၏။
သို့သော် ယွမ်ဟောက်ဖုန်းလည်း စိတ်ပူနေရသည်မှာ ချန်ချင်းယွီတို့နှင့် လမ်းစပျောက်သွားသဖြင့် ကုန်ပစ္စည်းကို မည်သည့်နေရာတွင် ဝယ်ယူရမည်ကို မသိရှိပေ။
ယွမ်ဟောက်ဖုန်း : “မနက်ဖြန်ကျရင် လမ်းလျှောက်ပြီး ပို စုံစမ်းကြည့်ကြရအောင်”
ရှီရှောင်ဝေ : “ကျွန်တော်က အစ်ကိုနဲ့အတူ လာတာဆိုတော့ အစ်ကိုပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်”
ယွမ်ဟောက်ဖုန်းမှာ စိတ်ထဲတွင် အကြီးအကျယ် ဒေါသထွက်နေမိသည်။ အကယ်၍ ရှီရှောင်ဝေတစ်ယောက် ရထားပေါ်တွင် လျှောက်ပြီး ကြွားဝါမပြခဲ့ပါက ချန်ချင်းယွီသည် သူတို့နောက်ယောင်ခံလိုက်နေမှန်း သိသွားမည်မဟုတ်သလို၊ သူတို့ကိုလည်း မျက်ခြေဖျက်သွားနိုင်မည် မဟုတ်ပေ။ ယွမ်ဟောက်ဖုန်း ဒေါသထွက်နေသော်လည်း အကူအညီပေးမည့်သူ လိုအပ်နေသဖြင့် ဒေါသကို မနည်းအောင့်အီးထားရ၏။
“ကဲ... စောစောအိပ်ကြရအောင်”
သူ လေသံတိုးတိုးဖြင့် ညည်းတွားလိုက်ရင်း
“ဝမ်ကျန့်ကော်တို့တစ်သိုက် ဘာတွေဖြစ်နေကြပြီလဲမသိဘူး”
ရှီရှောင်ဝေ : “သူတို့ကတော့ အဆင်ပြေမှာ သေချာပါတယ်၊ ဝမ်ကျန့်ကော်က သိပ်ကို ပါးနပ်တာ၊ ပိုက်ဆံလည်း မနှမြောတတ်ဘဲ သဘောကောင်းတတ်တဲ့သူပဲဟာ..ဘာလို့ အဆင်မပြေဘဲ နေမလဲ”
ကြည့်ဦးလေ... သူ
ယွမ်ဟောက်ဖုန်းကိုပါ ထည့်တွက်ပြီးရွဲ့ပြောလိုက်ခြင်းပင်~~~
ယနေ့ည ယွမ်ဟောက်ဖုန်းသည် အမဲသားခေါက်ဆွဲ တစ်ပန်းကန်အကြီးကြီးကိုပင် ဝယ်မကျွေးခဲ့ပေ။
သိပ်ကို ကပ်စေးကုတ်လွန်းအားကြီးတယ်…
ယွမ်ဟောက်ဖုန်းသည် သူ့အား ခေါ်လာခဲ့မိသည့်အတွက် နောက်တစ်ကြိမ် နောင်တရမိပြန်သည်။
ဘာမှအသုံးမကျတဲ့ အမှိုက်ကောင်…
ဒီလိုလူစားမျိုးက ဘာကိစ္စ သူ့ညီမကို လာပြီး မျက်စိကျနေရတာလဲ…သူနဲ့ လုံးဝမတန်ဘူး...
‘မနက်ဖြန်ကျရင် ချန်ချင်းယွီနဲ့ ပြန်ဆုံနိုင်ရင်တော့ ကောင်းမှာပဲ၊ ဒါဆိုရင် အများကြီး သက်သာသွားမှာ’
သူသည် ကောင်းမွန်သော အတွေးတစ်ခုကို တွေးနေမိခြင်း ဖြစ်သော်လည်း လက်တွေ့တွင်မူ ဤမျှကြီးမားသော မြို့ကြီး၌ လူတစ်ယောက်နှင့်တစ်ယောက် ပြန်လည်ဆုံတွေ့ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
ချန်ချင်းယွီတို့မှာ မနက်စောစောကတည်းက ထွက်ခွာခဲ့ကြပြီး လက်ကားဈေးကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်ခဲ့ကြ၏။ ချန်ချင်းယွီတွင် သူမ၏ ယခင်ဘဝမှတ်ဉာဏ်အချို့ ရှိနေသေးပြီး ဤနေရာသည် အလွန်သင့်တော်သော နေရာဖြစ်ကြောင်း သိနေ၍ နေရာအနှံ့ လိုက်ရှာနေရန် မလိုတော့ပေ။
အခြားနေရာများသို့ သွားလျှင်လည်း ထူးပြီး ကွာခြားလှမည်မဟုတ်ချေ။
ထို့ကြောင့် သူတို့သည် နေရာအနှံ့ လျှောက်မကြည့်တော့ဘဲ ဤနေရာတစ်ခုတည်းသို့သာ လာခဲ့ကြခြင်း ဖြစ်သည်။
သူတို့သည် မနေ့ကလည်း ဤနေရာသို့ လာရောက်ကာ ကုန်ပစ္စည်းများကို အကြမ်းဖျင်း ကြည့်ရှုခဲ့ပြီးပြီ ဖြစ်၏။ ရောက်ရှိလာသည်နှင့် သူတို့နှစ်ဦးသည် အချိန်နှင့် လုပ်အားကို ချွေတာနိုင်ရန်အတွက် ကုန်ပစ္စည်းများကို သီးသန့်စီ ခွဲ၍ ဝယ်ယူကြရန် ဆုံးဖြတ်လိုက်ကြပြီး ဝယ်ယူပြီးပါက ဈေးအဝင်ဝတွင် ပြန်လည်စောင့်ဆိုင်းရန် သဘောတူလိုက်ကြလေတော့သည်။
ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် ဆံပင်အလှဆင်ပစ္စည်းများကို ကုန်ပေးသွင်းသူ တစ်ဦးတည်းထံမှပင် ဝယ်ယူကြခြင်းဖြစ်သဖြင့် ချန်ချင်းယွီမှာ သူမဝယ်မည့် ပစ္စည်းများကိုပါ ချိုက်မင်မင်ထံ တစ်ပါတည်း အပ်နှံထားခဲ့သည်။ သူတို့သည် ပုံစံအားလုံးကို အကုန်ယူကြမည်ဖြစ်ရာ သိပ်ပြီး ရွေးချယ်နေရန်မလိုဘဲ ဤသို့ဖြင့် လက်ကားပစ္စည်း အများအပြားကို တစ်ခါတည်း ဝယ်ယူလိုက်ကြ၏။ ချန်ချင်းယွီ ကိုယ်တိုင်မှာ တီရှပ်အင်္ကျီ ရောင်းသည့်ဆိုင်ဆီသို့ ဦးတည်သွားခဲ့သည်။
ပြောရလျှင် ပြီးခဲ့သည့်တစ်ခါ သူမ အဝတ်အစားများ ရောင်းစဉ်၌ ရာသီဥတုမှာ အတော်လေး အေးနေသေးသော်လည်း အဘယ်ကြောင့် ဤမျှ ရောင်းကောင်းခဲ့ရသနည်းဆိုသော် အဝတ်အစားများ ဝတ်ရသည်မှာ အဆင်ပြေလွန်း၍ ဖြစ်၏။ ဈေးနှုန်းလည်း သင့်တင့်ပြီး ဝယ်သူများအနေဖြင့် တန်သည်ဟု ခံစားရသောကြောင့် ရာသီမရောက်ခင်ကတည်းက ကြိုတင်၍ ဝမ်းမြောက်ဝမ်းသာ ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့ကို အတွင်းအင်္ကျီအဖြစ်ဖြစ်စေ၊ နွေရာသီအထိ သိမ်းထား၍ဖြစ်စေ မည်သို့ပင်ဖြစ်စေ ဝတ်ဆင်ရန် အဆင်ပြေလှ၏။
ယခုတစ်ခေါက်တွင်လည်း ချန်ချင်းယွီသည် ဤကဲ့သို့သော တီရှပ်အင်္ကျီအချို့ကို ထပ်မံဝယ်ယူရန် စီစဉ်ထားခြင်း ဖြစ်သည်။
အမှန်၌ ကုန်စည်ဒိုင်တွင် ပို၍ထူဆသာ အဝတ်အစားအချို့ ရှိသေးသော်လည်း ချန်ချင်းယွီမှာ ဤကဲ့သို့ အရောင်းသွက်သော ပစ္စည်းများကိုသာ ပိုမိုရောင်းချချင်၏။
သူမသည် မနေ့ကတည်းက ဆိုင်တစ်ဆိုင်ကို ရွေးချယ်ထားခဲ့ပြီး ဖြစ်သဖြင့် ထိုဆိုင်သို့ တန်းတန်းမတ်မတ် သွားလိုက်၏။
ဤဆိုင်သည် လူကြီးဝတ် ရှပ်င်္အကျီများကိုသာ ရောင်းနေခြင်းမဟုတ်ဘဲ ယဉ်ကျေးမှုဆိုင်ရာ အနုပညာပုံရိပ်တံဆိပ်များ ပါရှိသည့် တီရှပ်များကို ရောင်းချနေခြင်း ဖြစ်သည်။
ချန်ချင်းယွီသည် မြို့ပြအလှအပ အမှတ်တရ ပုံရိပ်များပါဝင်သော အင်္ကျီအတွဲလိုက်ကို ရွေးချယ်လိုက်ရာ~~ အုန်းပင်ပုံများ၊ မဟာတံတိုင်းပုံများ၊ ဝေထန်းရှုခင်းပုံများ၊ ဟွမ်ရှန်းနှင့် ဟွာရှန်းတောင်ပုံများ~~ စသဖြင့် စုံလင်စွာ ပါဝင်၏။
အဓိကအချက်မှာ ‘ငါ တကယ့်ခရီးမထွက်ခဲ့ရရင်တောင် ဒီအင်္ကျီကို ဝတ်ထားရင် ခရီးသွားထားတဲ့သူနဲ့ တူနေတာပဲ’ ဆိုသည့် ခံစားချက်ကို ပေးစွမ်းနိုင်၍ ဖြစ်သည်။
အစပိုင်းတွင် ချန်ချင်းယွီမှာ ကြည့်ပြီး ခေတ်မမှီတော့ဘူးဟု ထင်ခဲ့သော်လည်း ယခုခေတ်ကာလတွင်မူ ယင်းမှာ အလွန်ခေတ်စားနေသည့် ဒီဇိုင်းဖြစ်နေ၏။ မနေ့က သူမ လာကြည့်စဉ်၌လည်း ဤဆိုင်တွင် လူများ အဆက်မပြတ် စည်ကားနေခဲ့သဖြင့် ဤပစ္စည်းမှာ အတော်လေး ရေပန်းစားနေကြောင်း ထင်ရှားလှသည်။
ချန်ချင်းယွီ : “အစ်မကြီး... ဒီတီရှပ်တွေက တစ်ထည် ဘယ်လောက်လဲဟင်”
ဆိုင်ရှင်အမျိုးသမီး ချန်ချင်းယွီကို တစ်ချက်ကြည့်ကာ ဝယ်မည့်သူမှန်း သေချာသွားသောအခါ ပြတ်သားစွာဖြင့်
“ညီမ ယူမယ့် အရေအတွက်ပေါ် မူတည်တာပေါ့၊ အများကြီးယူရင် ပိုဈေးသက်သာမယ်...”
ချန်ချင်းယွီ : “သေချာပေါက် အများကြီးယူမှာပေါ့အစ်မကြီးရယ်၊ ဒီအဝေးကြီးကနေ လာရတာလည်း စရိတ်ကုန်တာပဲဥစ္စာ... အစ်မကြီးကလည်း ဈေးကို အမှန်အတိုင်းပဲ ပေးပါနော်...”
သူတို့နှစ်ဦးသည် ချက်ချင်းပင် ဈေးဆွေးနွေးကြတော့သည်။
ဈေးဆစ်ရသည်မှာ အတော်လေး ပျော်စရာကောင်းလှ၏။
ချန်ချင်းယွီသည် နည်းနည်းမျှ နောက်ဆုတ်မသွားဘဲ ဈေးနှုန်းကို ညှိနှိုင်းပြီးနောက် မှာယူမည့် ပစ္စည်းများကို လျင်မြန်စွာ စစ်ဆေးလိုက်သည်။
ယခုတစ်ခေါက်တွင် တီရှပ်များမှာ အဖြူရောင်ချည်း မဟုတ်ဘဲ အရောင်စုံ ပါဝင်သဖြင့် ချန်ချင်းယွီအကုန်လုံးကို ယူလိုက်၏။ သူတို့ဒေသဘက်တွင် နှစ်ပေါင်းများစွာကြာအောင် မှိုင်းညို့ပြီး မွဲပြာနေသော အရောင်များကိုသာ ဝတ်ဆင်လာခဲ့ကြရသဖြင့် လူများသည် တောက်ပသော အရောင်အသွေးများကို ပိုမိုလိုချင် တောင့်တနေကြသည်။ ချန်ချင်းယွီသည် အမည်းရောင်ကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး အနီရောင်နှင့် စစ်စိမ်းရောင်တို့ကို အဓိကရွေးချယ်ကာ အဝါရောင်နှင့် အပြာရောင်အချို့ကိုလည်း ယူခဲ့သည်။
ဤဒေသသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနေသဖြင့် ဤကဲ့သို့သော အဝတ်အထည် အပြင်အဆင်ပိုင်းတွင် ပေကျင်းထက်ပင် ပိုမိုခေတ်ရှေ့ပြေးနေသည်ဟု ဆိုရမည်။
ကုန်ပစ္စည်းများကို ဝယ်ယူပြီးနောက် ချန်ချင်းယွီသည် လက်တွန်းလှည်းတစ်စီးကို ငှားရမ်းကာ ယခင်က ဂျင်းဘောင်းဘီများကို လက်ကားဝယ်ယူခဲ့ဖူးသည့် အခြားဆိုင်တစ်ဆိုင်ဆီသို့ တွန်းသွားခဲ့သည်။ ထိုဆိုင်၏ ဈေးနှုန်းမှာ အလွန်ပင် သင့်တင့်မျှတသော်လည်း ဘောင်းဘီအမျိုးအစားသာ ပိုများပြီး အပေါ်အင်္ကျီများမှာမူ ပုံစံသိပ်မစုံလှသဖြင့် ချန်ချင်းယွီသည် အင်္ကျီများကို ကျော်ပစ်ကာ ဘောင်းဘီများကိုသာ ရွေးချယ်ရန် သီးသန့်လာခဲ့ခြင်း ဖြစ်၏။
အချိန်သိပ်မကြာသေးသဖြင့် သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် မှတ်မိနေကြသေးသည်။
ဘာပဲဖြစ်ဖြစ် ချန်ချင်းယွီက သူတို့အတွက်တော့ ဖောက်သည်ကြီးတစ်ဦး မဟုတ်လား…
ယခုတစ်ခေါက်တွင် ချန်ချင်းယွီ ဝယ်ယူသည့် ပမာဏမှာ ပြီးခဲ့သည့်တစ်ခေါက်ထက် အလွန် ပိုမိုများပြားလှသည်။ သူမသည် ဈေးနှုန်းကို ပိုမိုနှိမ့်ချကာ ညှိနှိုင်းနိုင်ခဲ့သဖြင့် နှစ်ဦးစလုံး စိတ်ကျေနပ်ခဲ့ကြရ၏။ ၎င်းတို့၏ ဆိုင်ခန်းသို့ နေ့စဉ် တစ်နိုင်ငံလုံးမှ ဖောက်သည်များ လာရောက်ကြသော်လည်း ယခုကဲ့သို့ အများအပြား ဝယ်ယူသည့် ဖောက်သည်ကြီးမျိုးမှာမူ ရှားပါးလှသည်။
ဆိုင်ရှင်အမျိုးသမီး : “ညီမကို ပစ္စည်းတွေ သယ်ဖို့အတွက် သုံးဘီးဆိုက်ကားတစ်စီး အခမဲ့ ရှာပေးမယ်လေ၊ နောက်ခါ ကုန်ပစ္စည်းတွေ ထပ်လိုရင်လည်း မမဆီကိုပဲ လာခဲ့ဦးနော်”
ထိုစကားကို ကြားသောအခါ ချန်ချင်းယွီ ရယ်မောကာ
“သေချာပေါက် လာမှာပေါ့မမ၊ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်က သုံးဘီးသမားကိုတော့ မငှါးပေးနဲ့တော့နော်”
ဆိုင်ရှင်အမျိုးသမီးမှာ ခေတ္တမျှ ကြောင်အသွားရ၏။
ချန်ချင်းယွီ ပြုံးပြလိုက်သော်လည်း သူတို့နှစ်ဦးစလုံး ထိုအကြောင်းကို အကျယ်တဝံ့ ဆက်မပြောဖြစ်ကြပေ။ ဆိုင်ရှင်အမျိုးသမီး ချက်ချင်းပင်
“ကောင်းပြီလေ... သူ့ကို မခေါ်တော့ဘူး၊ တကယ်တော့ မမက ဒီကလူတွေနဲ့ သိပ်ပြီး ရင်းနှီးတာမဟုတ်ဘူး၊ လမ်းမှာ တွေ့တဲ့သူကိုပဲ ငှားလိုက်တာ… တကယ်လို့ သူက လူကောင်းမဟုတ်ဘူးဆိုရင်တော့ နောက်ခါ မသုံးတော့ပါဘူး”
ချန်ချင်းယွီ ဘာမှအများကြီး မပြောသော်လည်း ဆိုင်ရှင်အမျိုးသမီးမှာ ချန်ချင်းယွီ ဆိုလိုသည့် သဘောကို ရိပ်မိသွားသည်။
“မမက ဒီလူတွေနဲ့ အကျွမ်းတဝင် မရှိပါဘူး၊ သူတို့ကို ပုံမှန်အတိုင်းပဲ စျေးပေးတာ၊ ဒါပေမဲ့ ဒီမှာ သုံးဘီးသမားတွေ အများကြီး ရှိတာပဲ... တခြားလူနဲ့ လဲလိုက်ရုံပါပဲ၊ ညီမက ပစ္စည်းတွေ အများကြီး ဝယ်တာဆိုတော့... တည်းခိုခန်းကို ပြန်မသွားတော့ဘဲ ရထားဂိတ်ကို တန်းသွားမယ်ဆိုရင် မမရဲ့ မောင်လေးကို လိုက်ပို့ခိုင်းလိုက်မယ်လေ… အကူအညီပေးမယ့်သူ ပိုရှိတော့ ညီမတို့အတွက်လည်း ပိုပြီး လွယ်ကူ အဆင်ပြေတာပေါ့”
သူမ အဓိပ္ပာယ်ပါပါဖြင့် ရှင်းပြရင်း စေတနာကောင်းကိုပါ ထုတ်ဖော်
ပြသလာ၏။ ချန်ချင်းယွီ ခေါင်ငြိမ့်ပြကာ ပြုံးလိုက်ပြီး
“ကျေးဇူးတင်ပါတယ် မမ”
“မလိုပါဘူး ညီမရယ်၊ မမဆီကို ခဏခဏသာ လာခဲ့ပေးပါ၊ ဒါတွေက မမတို့ ကိုယ်ပိုင်စက်ရုံက ထွက်တဲ့ ပစ္စည်းတွေမို့လို့ စိတ်ချရတယ်၊ ကြားလူမရှိဘဲ တိုက်ရိုက်ရောင်းတာဆိုတော့ တခြားဆိုင်တွေထက် ဈေးပိုသက်သာတယ်… ညီမ သေချာပေါက် အရှုံးမပေါ်စေရဘူး”
ချန်ချင်းယွီ : “ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့...”
ချန်ချင်းယွီသည် ထိုဆိုင်ပိုင်ရှင်နှင့် သုံးဘီးသမားတို့မှာ မိတ်ဆွေများဟုတ်မဟုတ် ဆိုသည်ကို သေချာမသိပေ။ သူမမှာ ဆိုင်ပိုင်ရှင်ဘက်မှ တမင်တကာ ကြံစည်ထားခြင်း ဟုတ်၊ မဟုတ်ကို စမ်းသပ်သည့်အနေဖြင့် လှမ်းပြောကြည့်ခြင်းသာ ဖြစ်သည်။
အကယ်၍ သူတို့ချင်း ပတ်သက်နေပါက ချန်ချင်းယွီသည် ဤဆိုင်သို့ နောက်ဘယ်တော့မှ လာမည်မဟုတ်တော့ပေ။
အကယ်၍ မပတ်သက်ပါက ဘာမှပြဿနာမရှိပေ။
သူတို့မှာ စီးပွားရေးလာလုပ်ကြခြင်း ဖြစ်ပြီး မိတ်ဆွေဖွဲ့ရန် လာကြခြင်း မဟုတ်ပေ။ ဈေးနှုန်းမှန်ကန်နေသရွေ့ ကျန်သည့်အရာများမှာ အရေးမကြီးလှပေ။
ချန်ချင်းယွီသည် ပစ္စည်းများကို လျင်မြန်စွာ မှာယူလိုက်သော်လည်း ပမာဏများပြားလွန်းသဖြင့် စစ်ဆေးသည့်နေရာတွင် အနည်းငယ် ကြန့်ကြာနေခဲ့သည်။ ချိုက်မင်မင်သည် ဈေးအဝင်ဝသို့ သွားရောက်သော်လည်း ချန်ချင်းယွီကို မတွေ့သဖြင့် ဤဆိုင်တွင် ရှိနေလိမ့်မည်ဟု ခန့်မှန်းကာ လိုက်လာခဲ့၏။ သူမတွင်လည်း ပစ္စည်းထုပ်ကြီးများ ပါရှိသော်လည်း ဤနေရာတွင်မူ ၎င်းမှာ အထူးအဆန်း မဟုတ်ချေ။
လူတိုင်း ပစ္စည်းထုပ်ကြီး ထုပ်ငယ်များကို အသီးသီး သယ်ပိုးနေကြ၍ပင်~~
ချိုက်မင်မင်သည်လည်း တုံ့ဆိုင်းမနေဘဲ လက်ရှိပစ္စည်းများကို ချကာ ကုန်ပစ္စည်းများ စစ်ဆေးရေတွက်သည့်နေရာတွင် လျင်မြန်ဖြတ်လတ်စွာဖြင့် ဝိုင်းဝန်းကူညီပေးရှာသည်။
ထိုအချိန်တွင် အခြားသူများမှာလည်း ကုန်ပစ္စည်း ရရှိမည့်နေရာကို အလုပ်ရှုပ်စွာ ရှာဖွေနေကြ၏။
ယွမ်ဟောက်ဖုန်းသည် ရှီရှောင်ဝေကို ခေါ်ကာ ဆိုင်အချို့သို့ လိုက်လံကြည့်ရှုပြီးနောက် လမ်းဘေးရှိ ဆိုင်အသေးလေးများတွင် ဝယ်ယူ၍ လုံးဝမဖြစ်နိုင်ကြောင်း ရိပ်မိသွားသည်။ ထိုဆိုင်များ၏ ဈေးနှုန်းမှာ ပေကျင်းထက်ပင် ပိုမိုကြီးမြင့်နေ၏။
လက်ကား... သေချာပေါက် လက်ကားဈေးကို သွားရမယ်..
‘တောက်... မိန်းကလေးနှစ်ယောက်တည်းဖြစ်တဲ့ ချန်ချင်းယွီတို့တောင် လုပ်နိုင်တာ... တို့တွေလို ယောက်ျားတွေက ဘာလို့ မလုပ်နိုင်ရမှာလဲ’
‘မဖြစ်နိုင်တာ...’
‘တောက်... ချန်ချင်းယွီ... နင် ဘယ်မှာလဲ...’
‘နင် ဘယ်နေရာကို ရောက်နေတာလဲ...’
ယွမ်ဟောက်ဖုန်းသည် ဒေါသများ တလိပ်လိပ် ထွက်ပေါ်လာပြီး အလွန်အမင်း စိတ်ပျက်အားမလိုအားမရ ဖြစ်နေမိ၏။
ဒါတွေအားလုံးက နိမိတ်မကောင်းတဲ့ ရှီရှောင်ဝေကြောင့် ဖြစ်ရတာ၊ ပြီးတော့ ချန်ချင်းယွီ... အဲဒီ တစ်ကိုယ်ကောင်းဆန်တဲ့ဟာမကြောင့်လည်း ပါတာပေါ့...
“ဝုရှူး... ဟတ်ချိုး...”
ချန်ချင်းယွီသည် နှာချေလိုက်မိသဖြင့် နှာခေါင်းကို ပွတ်ရင်း ~~
“ဘယ်ခွေးမသားက ငါ့ကို နောက်ကွယ်ကနေ လျှောက်ဆဲနေပြန်ပြီလဲမသိဘူး၊ နှာတောင် ခဏခဏ ချေနေရတယ်...”