အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄) ချောမွေ့နေသော အိမ်ပြန်ခရီး
ချန်ချင်းယွီမှာ ကုန်ပစ္စည်းများစွာ ဝယ်ယူခဲ့ပြီး သူမ ဝယ်ယူပြီးချိန်တွင် မွန်းလွဲပိုင်းရောက်သွားခဲ့၏။
မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိ သူမ ဝယ်ယူသော ပမာဏမှာ ယွမ် ၆၀၀၀၀ ကျော်ဖိုးခန့်ရှိ၍ အစစ်အမှန် ကြီးမားလှသော ဝယ်ယူမှုပင်။
အရိုးသားဆုံးဆိုလျှင် ယခင်၌ သူမတွင် ထိုမျှလောက် များပြာလှသည့် ပိုက်ဆံ သေချာပေါက် ရှိမနေပေ၊ သို့သော် ပထမဆုံးအသုတ်မှာ ကောင်းစွာ ရောင်းချခဲ့ရပြီး အမြတ်ငွေချည်းပင် ယွမ် ၆၀၀၀၀ရှိခဲ့သဖြင့် ပေကျင်း၌ အတော်ချမ်းသာကြသူများ ရှိသည်ဟု ဆိုရမည်။
ယခုတစ်ကြိမ်တွင် သူမသည် ပထမအသုတ်၏ အမြတ်ငွေကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်၏။
စျေးကွက်သို့ ဝင်သူထွက်သူ အင်မတန်များပြားလှသည် ဆိုသော်ငြား တကယ်တမ်း ယခုကဲ့သို့ တစ်ကြိမ်တည်းနှင့် ပမာဏအများကြီး ဝယ်ယူသူမှာ ရှားပါးလှသည်။ အမှန်တကယ်၌ ဟောင်ကောင်
ဘက်မှလာသည့် ပမာဏအများကြီး ဝယ်ယူသူများရှိသော်လည်း ပိုက်ဆံရှိလေ ငွေကိုပိုချွေတာချင်လေ ဖြစ်၍ သူတို့မှာ စက်ရုံများသို့သာ တိုက်ရိုက်သွားမှာကြ၏။
သူတို့၏ လက်ကားစျေးကွက်တွင် ချန်ချင်းယွီ၏ ဝယ်ယူမှု အလွန့်အလွန်များပြားသော ဝယ်ယူမှု သတ်မှတ်၍ရပေသည်။
ကုန်ပစ္စည်းများ စစ်ဆေးပြီးသောအခါ ပို့ဆောင်ရန်အတွက် ဆိုင်ပိုင်ရှင်မှာ ကြီးမားသော လျှပ်စစ်သုံးဘီးကားကို ရှာပေးခဲ့၏။ ကုန်ပစ္စည်းများမှာ များပြားလွန်း၍ လူနင်းရသော သုံးဘီးများနှင့်မူ အဆင်မပြေနိုင်ပေ။ စီးပွါးရေးလုပ်ကိုင်နေသူများမှာ ကိစ္စအရပ်ရပ်ကို မည်သို့ကိုင်တွယ်ရမည်ကို ကျွမ်းကျင်ကြသည်။ ကားပေါ် ပစ္စည်းများ တင်ပြီးနောက် ငွေပေးချေကာ အစစအရာရာ ချောမွေ့နေခဲ့၏။
ချန်ချင်းယွီ စုံစမ်းလိုက်ကာ
“မမရေ ရေဒီယိုတွေ ကတ်ဆတ်တွေ ရောင်းတဲ့ဆိုင်များ သိလားရှင်၊ ရေဒီယိုရော ကတ်ဆတ်ရော နှစ်မျိုးလုံး သုံးလို့ရတဲ့အမျိုးအစားတွေ ရောင်းတဲ့ဟာဆို ပိုကောင်းမယ်”
“ညီမလေးက လူမှန်ကို လာမေးတာပဲ၊ ဒီအကြောင်းတွေကို ငါမသိတာ ဘာမှမရှိဘူး၊ ဟိုဘက်ကို လှမ်းကြည့်လိုက်စမ်း... အဲဒီအတိုင်း တည့်တည့်သွားပြီး ဘယ်ဘက်ကို ကွေ့လိုက်… ‘ဖူယွမ်’ လို့ ရေးထားတဲ့ ဆိုင်းဘုတ်နဲ့ ဆိုင်တစ်ဆိုင် ရှိလိမ့်မယ်… သူတို့က ဒါတွေရော၊ ကက်ဆက်ခွေတွေကိုရော လက်ကားရောင်းတာ၊ ‘မမချောင်’ ညွှန်းလိုက်တာလို့သာ ပြောလိုက်၊ သူ ညီမလေးကို မလိမ်ပါဘူး... ဈေးကောင်းပေးပါလိမ့်မယ်”
ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ
“ဟုတ်ကဲ့... သိပါပြီမမ”
ချိုက်မင်မင် ကုန်ပစ္စည်းများ တင်ဆောင်နေသည်ကို ဝိုင်းကြည့်ပေးထားစဉ်၊ ချန်ချင်းယွီ ထိုဆိုင်ဆီသို့ အပြေးအလွှား သွားလိုက်သည်။ အံ့ဩစရာကောင်းသည်မှာ ‘မမချောင်’ တကယ်မလိမ်ပေ။ ဆိုင်ရှင်မှာ သူမအား လက်ကားဈေးအတိုင်း ပေးခဲ့၏။ ချန်ချင်းယွီသည် အသံဖမ်းရော၊ အသံလွှင့်ပါရသည့် နှစ်မျိုးသုံး ကက်ဆက်ရေဒီယိုတစ်လုံးကို သဘောကျသွားခဲ့၏။
၎င်းမှာ အတော်လေး အဆင့်မြင့်လှသည်။ ကက်ဆက်ခွေလည်း ဖွင့်၍ရ၊ သီချင်းလည်း နားထောင်၍ရသည့်အပြင် ရေဒီယိုအဖြစ်လည်း ဖမ်းယူနားဆင်နိုင်သဖြင့် အလွန်ကို အသုံးဝင်လှ၏။
ဤကဲ့သို့သော မော်ဒယ်မျိုးမှာ ပေကျင်းတွင်ပင် အတွေ့ရနည်းလှ၏။
ကုန်တိုက်ကြီးများတွင်မူ ပုံမှန်အားဖြင့် ရိုးရိုးရေဒီယို သို့မဟုတ် ကက်ဆက်အော်တို သီးသန့်စီကိုသာ ရောင်းချလေ့ရှိသည်။
ချန်ချင်းယွီသည် လျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ အထူးအကျွမ်းတဝင် မရှိသော်လည်း မော်ဒယ်အသစ်များသည် အဟောင်းများထက် အမြဲတမ်း ပိုကောင်းသည်ကိုမူ သူမ သိသည်။ သူမသည် နောက်ဆုံးပေါ် မော်ဒယ်များအတွက် ပိုက်ဆံပိုပေးရန် ဝန်မလေးသည့်အပြင် ကက်ဆက်ခွေအချို့ကိုလည်း တိတ်တဆိတ် ဝယ်ယူခဲ့သည်။ ထိုအထဲတွင် ‘တိန့်လိကျွင်း’၏ သီချင်းခွေလည်း ပါဝင်၏။
အင်း...
ဒီခေတ်ကာလမှာ တိန့်လိကျွင်းရဲ့ သီချင်းတွေကို နားထောင်မယ်ဆိုရင်တော့ တိတ်တဆိတ်ပဲ နားထောင်ကြရတာလေ…
အကြောင်းမူကာ ယနေ့ခေတ်၌ ၎င်းကို သရုပ်ပျက်သီချင်းအဖြစ် သတ်မှတ်ထားကြ၍ပင်…
ချန်ချင်းယွီသည် ဝယ်ယူလာသော ပစ္စည်းများနှင့်အတူ ပြန်ရောက်လာခဲ့သည်။
ချိုက်မင်မင် အံ့ဩတကြီးနှင့် အားကျစွာ ဆိုလိုက်၏။
“နင် တကယ် ဝယ်လာခဲ့တာလား”
ချန်ချင်းယွီ : “သေချာပေါက်ပေါ့... ပေကျင်းမှာတုန်းက ဝယ်ချင်ပေမဲ့ လက်မှတ် မရှိလို့လေ၊ ဒီမှာကျတော့ ပိုက်ဆံရှိရင် လက်မှတ်တွေဘာတွေ ပူစရာမလိုဘဲ အလွယ်တကူ ဝယ်လို့ရတာ အဆင်ပြေတာပေါ့”
ချိုက်မင်မင် သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြသည်။
“ဒါမျိုးတစ်လုံးရှိတော့ တော်တော်ကောင်းတာပေါ့၊ ငါ့ယောက္ခမဆိုရင် ညနေတိုင်း ရေဒီယိုနားထောင်ပြီး နိုင်ငံတော်အရေးကိစ္စတွေကို စိတ်ဝင်စားနေတာ… နောက်ဆုံးရ တိုးတက်ပြောင်းလဲမှုတွေကို ချက်ချင်း သိနိုင်တာပေါ့”
“ဒါပေါ့”
ချန်ချင်းယွီ ခေါင်းငြိမ့်ထောက်ခံလိုက်၏။
သူတို့နှစ်ဦးသည် ဈေးဝယ်ခြင်းကို အဆုံးသတ်ကာ ရထားဂိတ်သို့ အမြန်ဦးတည်ခဲ့ကြသည်။
ချိုင်မင်မင် : “ဘုရားရေ... ငါ ဒီလိုကားမျိုးကို ပထမဆုံးအကြိမ် စီးဖူးတာပဲ...”
ချန်ချင်းယွီက တဟီးဟီး ရယ်မောကာ
“ကျွန်မလည်း တူတူပါပဲ”
ယင်းမှာ တကယ်အမှန်ပင် ဖြစ်သည်။ သူမလည်း ယခင်၌ ဤကဲ့သို့သော သုံးဘီးကားမျိုးကို မစီးဖူးခဲ့ပေ။
သူတို့နှစ်ဦးစလုံးမှာ ခရီးပန်းနေကြကာ ဖုန်တထောင်းထောင်းနှင့် မောပန်းနေကြသော်လည်း ကံကောင်းသည်မှာ ရာသီဥတု တော်တော်လေး သာယာနေခြင်းပင်။ အကယ်၍ ပေကျင်း၏ နွေဦးရာသီသာဆိုလျှင် သူတို့ ပါးစပ်ထဲ ဖုန်နှင့် သဲများ အပြည့် ရောက်သွားလောက်သည်။ ပေကျင်း၏ နွေဦးရာသီတွင် တစ်ခါတစ်ရံ သဲမုန်တိုင်းများ တိုက်ခတ်တတ်သောကြောင့် ဖြစ်၏။
အော်... သဲမုန်တိုင်းလို့ ပြောတာက နည်းနည်းတော့ ချဲ့ကားရာရောက်ပေမဲ့ တစ်ခါတစ်ရံ လေနဲ့သဲက သိပ်ပြင်းထန်တော့ ပါးစပ်ထဲ သဲတွေ ဝင်တတ်တာကတော့ အမှန်ပဲ…
သူတို့နှစ်ဦးသည် တဒုတ်ဒုတ်နှင့် မြည်ဟည်းမောင်းနှင်နေသော ထိုသုံးဘီးကားပေါ်တွင် ထိုင်လိုက်ခဲ့ကြသည်။ ကားမှာ ပုံမှန်ကားများနှယ် မမြန်သော်လည်း အတော်လေးအဆင်ပြေလှ၏။
“အား......”
ရုတ်တရက် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ချန်ချင်းယွီအံ့ဩသွားပြီး ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်၏။
“ဝါး... တကယ့်ကို တိုက်ဆိုင်လိုက်တာ...”
ချန်ချင်းယွီ ရေရွတ်လိုက်သည်။
သူတို့သည် ယွမ်ဟောက်ဖုန်းနှင့် ရှီရှောင်ဝေတို့ကို လမ်းမှာ ပြန်ဆုံလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထိုအော်သံမှာ ရှီရှောင်ဝေထံမှ ထွက်လာခြင်း ဖြစ်သည်။ ရှီရှောင်ဝေနှင့် ယွမ်ဟောက်ဖုန်းတို့သည် ကုန်ပစ္စည်းရမည့်နေရာကို လိုက်ရှာနေစဉ် လမ်းတစ်ဖက်ခြမ်းရှိ သုံးဘီးကားတစ်စီးပေါ်တွင် ထင်ရှားစွာ ထိုင်နေကြသော ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့ကို ရုတ်တရက် လှမ်းမြင်လိုက်ရ၏။
“ကြည့်စမ်း... ကြည့်စမ်း... ဟိုမှာ ဟိုမုဆိုးမလေးနဲ့ သူ့သူငယ်ချင်း မဟုတ်လား…သူတို့ ဟိုဘက်မှာ...”
ရှီရှောင်ဝေ စူးစူးဝါးဝါး အော်ပြောလိုက်သည်။
ယွမ်ဟောက်ဖုန်းလည်း လျင်မြန်စွာ လှမ်းကြည့်လိုက်ရာ မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်သွားရ၏။
သူတို့လက်ထဲမှာ ကုန်ပစ္စည်းတွေ ဘာလို့ အဲဒီလောက်တောင် များနေရတာလဲ… အား... သူတို့ ကုန်ပစ္စည်းတွေ ဝယ်ပြီးသွားပြီပေါ့..
ဘယ်နေရာကလဲ~~ ဘယ်နေရာကလဲ…
ယွမ်ဟောက်ဖုန်းမှာ အလွန်အမင်း ပူပန်သွားရပြီး တစ်စက္ကန့်မျှ နောက်ကျကျန်ခဲ့ပါက ဘဝတစ်ခုလုံး နောင်တရရတော့မည့်အတိုင်း ခံစားလိုက်ရသည်။
ချန်ချင်းယွီလည်း အံ့ဩသွားမိ၏။ ကွမ်ကျိုးကဲ့သို့ လူဦးရေ ထူထပ်လှသော မြို့ကြီးပြကြီးတွင် ဤလူနှစ်ယောက်နှင့် ပြန်ဆုံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ရထားဘူတာ၌ ထိုလူများကို မျက်ခြေဖျက်ခဲ့စဉ် ကွမ်ကျိုးတွင် ဘယ်တော့မှ ပြန်တွေ့ရတော့မည်မဟုတ်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ နှစ်ရက်အတွင်းမှာတင် အဖွဲ့အားလုံးနှင့် တန်းစီပြီး ပြန်ဆုံနေရတော့သည်။
တကယ့်ကို ထူးဆန်းတဲ့ ရေစက်ပဲ...
ဒါပေမဲ့ ရပါတယ်... ဖြစ်ချင်တော့လည်း ဖြစ်ပါစေပေါ့…
ဘာပဲဖြစ်ဖြစ် သူမတို့မှာ ပြန်တော့မည်ဖြစ်ရာ ချန်ချင်းယွီ ထိုလူနှစ်ယောက်ကို ရွှင်လန်းစွာဖြင့် လက်လှမ်းပြလိုက်သည်။ အပြင်မှာ သွားလာလှုပ်ရှားနေချိန်တွင် တစ်ယောက်ကိုတစ်ယောက် မသိသည့်နှယ် ဟန်ဆောင်နေ၍ မရပေ။
သို့သော် ကားကို ရပ်ဖို့ရန် မလိုအပ်ပေ။
ချန်ချင်းယွီ နှုတ်ဆက်သည့်အနေဖြင့် သူတို့ကို စိတ်အားထက်သန်စွာ လက်လှမ်းပြလိုက်ပြီးနောက် ကားမှာ ရပ်မနေဘဲ ၎င်း၏လမ်းအတိုင်း ဆက်လက်မောင်းနှင်သွားခဲ့သည်။
ရှီရှောင်ဝေ : “သူ ငါတို့ကို လက်လှမ်းပြသွားတာပဲ... နေဦး... သူတို့က အဲဒီကားကို ဘယ်ကနေ ရလာတာလဲ”
ယွမ်ဟောက်ဖုန်းမှာမူ မနာလိုစိတ်ကြောင့် မျက်နှာတစ်ခုလုံး ပုပ်သိုးနေလျက် သူတို့ကို စိုက်ကြည့်ရင်း
“တောက်... သူတို့က ပြန်ဖို့ ပြင်နေကြပြီ”
ရှီရှောင်ဝေ : “အဲဒါက သဘာဝပဲလေ၊ သူတို့က ဒီကို လာဖူးနေကျဆိုတော့ လမ်းကြောင်းသိတာပေါ့… ငါတို့က ပထမဆုံးအကြိမ်ဆိုတော့ နှေးကွေးနေတာ မဆန်းပါဘူး”
ယွမ်ဟောက်ဖုန်း ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့၏။
ရှီရှောင်ဝေသည် ယွမ်ဟောက်ဖုန်းကို တကယ့်ကို ထူးဆန်းသည်ဟု မြင်ကာ ဆက်ပြော၏။
“မင်းက ဘာလို့ စိတ်မရှည်ဖြစ်နေရတာလဲ၊ မနေ့ညက မင်းပဲ လက်ကားဈေးအချို့အကြောင်းကို စုံစမ်းထားတာ မဟုတ်လား၊ တို့တွေ အဲဒီကိုပဲ သွားကြတာပေါ့…ပစ္စည်းတွေ ဝယ်ပြီး ပြန်ရောင်းရတာ ပိုမြန်တာပေါ့”
ယွမ်ဟောက်ဖုန်း : “မိုက်မဲလိုက်တာ... မင်းက ဘာလို့ ဒီလောက်တောင် အူတူတူနိုင်ရတာလဲ၊ သေချာ မစဉ်းစားမိဘူးလား… သူတို့က ငါတို့နဲ့ ဘာမှတော်စပ်တာ မဟုတ်ဘဲနဲ့ ငါတို့ကို ဘာလို့ အမှန်အတိုင်း လာပြောပြမှာလဲ၊ ခရီးသွားနေတဲ့အချိန်မှာ အစစအရာရာ သိပ်ကို သတိထားရတယ်… တကယ်လို့ ငါတို့တွေ အလိမ်ခံရရင် ဒါမှမဟုတ် ဓားပြတိုက်ခံရရင် ဘယ်လိုလုပ်မလဲ”
“အာ... အဲဒီလောက်အထိတော့ မဆိုးနိုင်ပါဘူး၊ မင်းက အဝေးကြီး လျှောက်တွေးနေတာ”
ရှီရှောင်ဝေ ယွမ်ဟောက်ဖုန်းကို ပိုပြီး စိတ်ရောဂါထနေသည်ဟု ထင်မိသွားကာ ဆက်ပြောလေသည်။
“မင်းက သူတို့ လိမ်နေတယ်၊ ငါတို့ကို ဒုက္ခပေးဖို့ ကြံနေတယ်လို့ ထင်နေရင်လည်း ဘာလို့ လိုက်မေးနေသေးလဲ၊ မင်းမှ သူတို့ကို မယုံတာ... မေးနေတော့ ဘာထူးမှာလဲ”
“မေးရုံတင် မေးကြည့်တာ၊ နောက်မှ တခြားလူတွေနဲ့ ပြန်နှိုင်းယှဉ်ကြည့်ရင် ဘာဖြစ်နေလဲဆိုတာ သိရတာပေါ့”
ယွမ်ဟောက်ဖုန်းသည် အလွန်အကျွံ သတိကြီးလွန်းနေခြင်း ဖြစ်၏။
ယင်းမှာလည်း မတတ်နိုင်ပေ၊ သူသည် ယခင်၌ ရထားပေါ်တွင် အလုပ်လုပ်ခဲ့သူဖြစ်ပြီး ရထားဆိုသည်မှာ လူ့အဖွဲ့အစည်းအသေးစားလေးတစ်ခု ဖြစ်သဖြင့် အရာရာကို အများကြီး မြင်ဖူးကြားဖူးခဲ့သည်။ ထိုသို့ အကြားအမြင်များခဲ့ခြင်းကြောင့်ပင် ယခုကဲ့သို့ အလွန်အမင်း သတိထားနေခြင်း ဖြစ်၏။
ယွမ်ဟောက်ဖုန်း : “စကားတွေ အများကြီး လျှောက်မမေးနေနဲ့တော့၊ မင်း သိချင်တာဆိုလို့ အစားအသောက်အကြောင်းပဲ ရှိတယ်… မင်း ဒီအဝေးကြီးကို ဒါအတွက်ပဲ လာတာလား၊ တကယ့်ကို သနားစရာကောင်းလိုက်တာ… မင်း အလုပ်မရတာ မဆန်းပါဘူး၊ မင်းကိုယ်မင်း ပြန်ကြည့်ဦး... ဒီပုံစံနဲ့ ဘယ်လိုလုပ် အလုပ်ရမှာလဲ… ယောက်ျားရင့်မာစိတ် ဆိုတာ လုံးဝမရှိဘူး”
“မင်း ဘာစကားပြောတာလဲ၊ ဘာလို့ အကြောင်းပြချက်မရှိဘဲ လာပြီး ရန်စနေရတာလဲ… ငါ မင်းကို ဘာမှမပြစ်မှားထားဘူးနော်၊ မင်း ဘာလို့ ဒီလိုမျိုး ပြုမူနေရတာလဲ၊ ယွမ်ဟောက်ဖုန်း... သေချာမှတ်ထားဦး၊ ငါက ဟောက်ရွှယ်မျက်နှာကြောင့်သာ မင်းနဲ့အတူ လိုက်လာခဲ့တာ၊ လူပါးမဝနဲ့”
ယွမ်ဟောက်ဖုန်းသည် ရှီရှောင်ဝေ သူ့ကို အသံမြှင့်ပြီး ပြန်အော်ရဲလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ဟောက်ရွှယ်မျက်နှာကြောင့် ဟုတ်လား၊ မင်းကို ဘယ်သူမှ အတင်းလိုက်ခဲ့ပါလို့ မပြောဘူး… ငါ တခြားလူကို ခေါ်လာလို့လည်း ရတာပဲ၊ ဒီလိုမျိုး အပြင်ထွက်ပြီး အမြင်ကျယ်အောင် လုပ်ချင်တဲ့သူတွေ အများကြီးပဲ… မင်းက ငါတို့ကို ကျေးဇူးပြုနေသလိုမျိုး လာပြီး ဟန်မဆောင်နဲ့၊ ဘယ်သူ့ကို လာလိမ်နေတာလဲ… မင်းက ဟောက်ရွှယ်ကို မျက်နှာလိုမျက်နှာရ ဖြစ်ချင်လို့သာ လိုက်လာတာ... တကယ့်ကို ရယ်စရာကောင်းလိုက်တာ”
“မင်း ဘာဖြစ်နေတာလဲ… ဘာလို့ ဒီလောက်တောင် စိတ်ကောင်း မရှိရတာလဲ”
“မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာ၊ ရထားပေါ်မှာ မင်းသာ ပြဿနာမရှာခဲ့ရင် ချန်ချင်းယွီတို့က ငါတို့ကို ပစ်ထားခဲ့ပါ့မလား… မင်းကြောင့် ငါတို့တွေ ဘယ်လောက်တောင် ဒုက္ခရောက်သွားလဲ မင်းသိလား၊ ဒါတွေအားလုံး မင်းအပြစ်ဖြစ်နေတာကို နောင်တမရတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်နေသေးတယ်၊ တကယ်ကို ဘာမှနားမလည်တဲ့ကောင်”
ထိုလူနှစ်ဦးသည် လမ်းလယ်ခေါင်တွင် စတင်၍ အကြီးအကျယ် ငြင်းခုံကြတော့သည်။ သို့သော် နှစ်ဦးစလုံး ကိုယ့်ဘက်မှသာ မှန်သည်ဟု ခံစားနေကြရ၏။
ရှီရှောင်ဝေ အော်ဟစ်လိုက်ကာ
“မင်းက တကယ့်ကို ကျေးဇူးမသိတဲ့ကောင်ပဲ... ငါ့လမ်းစရိတ် ငါ့ဘာသာ စိုက်ထုတ်ပြီး လိုက်လာတာကို တောင် မင်းက ဒီလိုစကားမျိုး ပြောရဲသေးတယ်ပေါ့၊ တကယ်ပဲ လူစိတ်မရှိတဲ့ကောင်...”
ယွမ်ဟောက်ဖုန်းမှာလည်း ပြန်ပက်လိုက်၏။
“စားစရိတ်နဲ့ တည်းခိုခကိုတော့ ငါက စိုက်ပေးထားတာလေ၊ တခြားလူဆိုရင် ဒီလိုအခွင့်အရေးမျိုးကို လိုချင်လွန်းလို့ သေတော့မယ်၊ မင်းကိုယ်မင်း သဘောကောင်းလှပြီလို့ မထင်နဲ့၊ မင်းအကြောင်း ငါမသိဘူး ထင်နေလား... မင်းက အကုန်လုံးကို အလကား လိုချင်နေတာ”
“ကောင်းပြီလေ... မင်းက ဒီလိုလူစားမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...”
“မင်းကို ခေါ်လာခဲ့မိတာ ငါ တကယ် နောင်တရတယ်...”
သူတို့နှစ်ဦးသည် လမ်းမလယ်ခေါင်တွင် မျက်နှာများ နီမြန်းကာ လည်ပင်းကြောများ ထောင်ထသည်အထိ အပြန်အလှန် အပြင်းအထန် ရန်ဖြစ်နေကြလေတော့သည်။
သို့သော် ချန်ချင်းယွီတို့ တစ်စုမှာမူ ထိုအကြောင်းအရာအားလုံးကို ဘာမျှမသိရှိကြပေ။ သူတို့သည် ရထားဘူတာသို့ တန်းတန်းမတ်မတ် မောင်းနှင်လာခဲ့ကြရာ ယခုအခါတွင် လူနှစ်ယောက် လာရခြင်း၏ အားသာချက်မှာ သိသာထင်ရှားလှသည်။ အကယ်၍ လူတစ်ယောက်တည်းသာဆိုလျှင် တကယ်ကို အဆင်မပြေ ဖြစ်ရလိမ့်မည်။ သို့သော် လူနှစ်ယောက်ဖြစ်၍ အလုပ်ကို ခွဲဝေလုပ်ကိုင်နိုင်ခဲ့ကြ၏။
ချိုက်မင်မင် ကားနားတွင် စောင့်ကြည့်ကျန်ရစ်ခဲ့ပြီး၊ ချန်ချင်းယွီမှာမူ ရထားဘူတာထဲသို့ဝင်ကာ လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးနောက် ကုန်ပစ္စည်းများ သယ်ယူရန် လက်တွန်းလှည်းတစ်စီး ငှားရမ်းခဲ့သည်။
အမှန်အတိုင်းပြောရလျှင် ကုန်ပစ္စည်းများ သယ်ယူရခြင်းမှာ တကယ်ပင် ပင်ပန်းလှသော အလုပ်ကြမ်းတစ်ခု ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ချန်ချင်းယွီမှာ အင်အားသန်မာသူဖြစ်၍ တော်သေးသည်၊ မဟုတ်လျှင် သူတို့နှစ်ဦးအတွက် အတော်လေး ဒုက္ခများသွားနိုင်၏။ မိန်းကလေးနှစ်ဦးသည် ကုန်ပစ္စည်းများကို အိတ်တစ်အိတ်ချင်းစီ သေချာစစ်ဆေးကာ ရထားတွဲပေါ်သို့ စနစ်တကျ တင်ဆောင်ခဲ့ကြသည်။ ချိုက်မင်မင် သက်ပြင်းချရင်း
“တိုက်ရိုက်သွားတဲ့ ရထားသာရှိရင် သိပ်ကောင်းမှာပဲ၊ အခုတော့ တစ်ခေါက် ပြန်ပြောင်းစီးရဦးမယ်... စဉ်းစားကြည့်ရုံနဲ့တင် ခေါင်းကို ကိုက်လာတာပဲ”
ချန်ချင်းယွီလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
သို့သော်လည်း ဘာတတ်နိုင်ဦးမည်နည်း။ သူတို့ အလုပ်လုပ်ကြရဦးမည် မဟုတ်လော့။
ဘာပဲဖြစ်ဖြစ် ပိုက်ဆံရှာချင်ကြသည်လေ…“ငွေရှာရတာ ခက်ခဲတယ်” ဆိုတဲ့ စကားပုံလည်း ရှိတယ် မဟုတ်လား…
တကယ်တမ်း အသေအချာ စဉ်းစားကြည့်လျှင် ကုန်ပစ္စည်း ရှာဖွေရခြင်းနှင့် သယ်ယူပို့ဆောင်ရခြင်းတို့မှာ အလုပ်ရှုပ်စရာ ကောင်းလှသော်လည်း ပိုက်ဆံရှာရခြင်းမှာမူ ထင်သလောက် မခက်ခဲလှပေ။
သူတို့သည် အောင်မြင်မှုရေစီးကြောင်းပေါ်တွင် ရောက်ရှိနေပြီဖြစ်ရာ ပိုက်ဆံရှာရသည်မှာ သူတို့အတွက် လွယ်ကူလှပြီး၊ ဤအရာများမှာ ပြဿနာအသေးအဖွဲလေးများသာ ဖြစ်သည်။
အလုပ်များ အားလုံးပြီးသွားသောအခါ ချိုက်မင်မင်သည် မောဟိုက်လျက် ချန်ချင်းယွီကို အားကျစွာ ကြည့်ရင်း
“နင်ကတော့ တကယ့်ကို ထူးချွန်တာပဲ၊ ငါ့မှာတော့ မောလိုက်ရတာ… လူက နည်းနည်းဝတုတ်တုတ် ဖြစ်နေရင် ပိုပြီး မောလွယ်တတ်တယ် ထင်လား”
ချန်ချင်းယွီ : “ကျွန်မလည်း မသိဘူးလေ”
သူမကိုယ်တိုင်မှာမူ ထိုမျှလောက် မမောပန်းသဖြင့် ၎င်းခံစားချက်ကို သိပ်ပြီး နားမလည်နိုင်ပေ။
သူတို့ စီးနင်းမည့်ရထားမှာ ကွမ်ကျိုးမှ စတင်ထွက်ခွါမည်ဖြစ်သဖြင့် ရထားဘူတာ တစ်ခုလုံးတွင် လူများဖြင့် အလွန်အမင်း စည်ကားနေသည်။ သူတို့နှစ်ဦးသည် အတော်လေး အားစိုက်ပြီး တိုးဝှေ့ကာ ရထားပေါ်သို့ ရောက်ရှိခဲ့ကြ၏။ အစပြုဘူတာဖြစ်ခြင်း၏ ကောင်းကွက်မှာ လက်မှတ်ကို အချိန်မီ ဝယ်ယူနိုင်သရွေ့ ပုံမှန်အားဖြင့် ထိုင်ခုံနေရာ ရရှိနိုင်ခြင်းပင် ဖြစ်သည်။
ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် သူတို့၏ ထိုင်ခုံနေရာကို ရှာဖွေတွေ့ရှိပြီးနောက် အမြန်ပင် ဝင်ထိုင်လိုက်ကြ၏။
ချိုက်မင်မင် : “ဟူး... မောလိုက်တာ”
သူမသည် ခန္ဓာကိုယ်ကို ထိုင်ခုံနောက်မှီသို့ ခေတ္တမျှ မှီချလိုက်ရင်း အမောဖြေပြီးမှ ဆက်ပြောကာ
“ဒါနဲ့... ဟိုလူတွေကော ဘယ်နှရက်နေရင် ပြန်လာကြလိမ့်မယ် ထင်လဲ”
ချန်ချင်းယွီ : “ဘယ်လိုလုပ် သိမှာလဲ… မကြာခင် ပြန်လာကြမှာပါ၊ ဟုတ်တယ်မလား၊ သူတို့ ဒီမှာ တစ်ရက် ပိုနေလေ စရိတ်ပိုကုန်လေဆိုတော့ လျှောက်ပြီး အချိန်ဖြုန်းနေကြမှာ မဟုတ်ဘူး”
“အဲဒါလည်း ဟုတ်တာပဲ”
ယနေ့ခေတ်မှာ ရထားလက်မှတ်ခ၊ တည်းခိုခန်းခများ မသက်သာလှသဖြင့် သာမန်လူအများစုအတွက် အတော်လေး ကုန်ကျစရိတ် များလှသည်။ ထို့ကြောင့်ပင် လူအချို့မှာ ရထားစီးတိုင်း လက်မှတ်စစ်များကို ရှောင်တိမ်းပြီး အခမဲ့ ခိုးစီးဖို့ ကြိုးစားနေကြခြင်း ဖြစ်၏။
ချိုက်မင်မင် : “ဒါဆို... ဟိုလေ၊ ဝမ်ကျန့်ကော်တို့တစ်သိုက် ထွက်ပြေး လွတ်မြောက်သွားကြလိမ့်မယ်လို့ထင်လား”
ချန်ချင်းယွီ ရိုးသားဖြူစင်ဟန်ဖြင့် ခေါင်းခါပြကာ
“ကျွန်မလည်း မသိဘူး… တို့တွေကတော့ အခွင့်အရေး ဖန်တီးပေးခဲ့တာပဲ... သူတို့ဘာသာ အရည်အချင်း ရှိ၊ မရှိကတော့ ဘယ်သူသိမှာလဲ”
ချိုက်မင်မင်လည်း ထောက်ခံ၏။
သူတို့က ကူညီပေးခဲ့ပြီးပြီပဲ၊ နောက်ထပ် ဘာတတ်နိုင်ဦးမှာလဲ…
ရဲတိုင်ဖို့ကိစ္စကိုလည်း ချိုက်မင်မင်အနေဖြင့် မသင့်တော်ဟု ခံစားရသည်။ ၎င်းမှာ ငွေညှစ်သည့် အကွက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်မဖြစ်စေ... ထိုလူများမှာ ဤကဲ့သို့သော မရိုးသားသည့်ကိစ္စမျိုးတွင် ပါဝင်ပတ်သက်နေခဲ့ကြပြီ ဖြစ်၍ ရဲတွေ ရောက်လာလျှင်ပင် ထိုပြဿနာကို ဖြေရှင်းကြရဦးမည်။ ဤကိစ္စကြောင့်နှင့် ထောင်ထဲ ရောက်သွားကြမည်ဆိုလျှင် တကယ်ကို အခြေအနေ ဆိုးရွားသွားလိမ့်မည်။
အကယ်၍ ကူညီပေးဖို့ ကြိုးစားရင်းနှင့် အခြေအနေများဤသို့ ဖြစ်သွားခဲ့လျှင် ဒုက္ခများစွာ ရောက်ရလိမ့်မည်။
အဘွားကြီးဝမ်သည် ဝင်းထဲတွင် ဩဇာအရှိဆုံး အဘွားကြီး မဟုတ်သော်လည်း ဝမ်ကျန့်ကော်မှာ သူမ၏ တစ်ဦးတည်းသော သားဖြစ်သဖြင့် တကယ်ပင် အရူးအနှမ်း ဖြစ်သွားနိုင်ခြေ ရှိ၏။
ဘယ်သူက ဒါမျိုးပြဿနာကို ရင်ဆိုင်ချင်ပါ့မလဲ…
ထို့ကြောင့် သူတို့သည် အများကြီး ဝင်မပါခဲ့ကြခြင်း ဖြစ်သည်။
သူတို့ဘက်က ထွက်ပြေးဖို့ အခွင့်အရေး မပေးခဲ့တာလည်း မဟုတ်ဘူးလေ… တကယ်လို့ ပြေးလွတ်သွားရင်တော့ ကုသိုလ်ရတာပေါ့၊ မပြေးလွတ်ခဲ့ရင်တော့...
ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ လုပ်ရပ်တစ်ခု လုပ်ခဲ့တာပဲ…
မလွတ်ရင်လည်း ဝမ်ကျန့်ကော်တို့အဖွဲ့ကပဲ အသုံးမကျလို့ ဖြစ်
လိမ့်မယ်…
ချိုက်မင်မင် စိတ်ထဲမှ ခပ်တိုးတိုး ရေရွတ်လိုက်ရင်း၊ ဝမ်ကျန့်ကော်၏ ဟန်ဆောင်ကောင်းမှုကိုလည်း ကဲ့ရဲ့ရှုတ်ချမိသွားသည်။
ချိုင်မင်မင်သည် ချဲညီအစ်ကိုနှစ်ယောက်နှင့် ရင်းနှီးမှုမရှိသော်လည်း ဝမ်ကျန့်ကော်ကိုမူ ကောင်းစွာ သိ၏။ ယခု သူ၏ သရုပ်မှန်ကို မြင်လိုက်ရသောအခါ အလွန်ပင် ရွံရှာမိသွားတော့သည်။
အကယ်၍ တစ်ယောက်ယောက်သာ သူမနှင့် လာပြီး စကားစမြည် ပြောမည်ဆိုလျှင် ဤအကြောင်းကို စကားလုံးတစ်လုံးမှ မထပ်စေဘဲ သုံးရက်သုံးညတိုင်တိုင် တရစပ် အပြစ်တင် ကဲ့ရဲ့နိုင်စွမ်း ရှိ၏။
ဤမျှလောက် အပေါ်ယံနှင့် အတွင်းသရုပ် ကွာခြားလွန်းနေသည်ကို~~~
အတင်းပြောတဲ့သူ အပြစ်မဟုတ်ဘူးလေ…
တကယ့်ကို ထိတ်လန့်စရာကောင်းလွန်းလှချည်ရဲ့…
ချိုက်မင်မင် စိတ်ထဲတွင် ရေရွတ်နေသကဲ့သို့၊ ချန်ချင်းယွီမှာလည်း စိတ်ထဲတွင် ရေရွတ်နေမိ၏။ သူမသည် ဝမ်ကျန့်ကော်တစ်ယောက် လုံးဝ ပြေးမလွတ်နိုင်ကြောင်း အသေအချာ သိသည်။ သူတို့မှာ အရိုးကြေမတတ် အရိုက်ခံထားရပြီးပြီ ဖြစ်ရာ ဘာအခွင့်အရေး ရှိနိုင်ဦးမည်နည်း။ ထို့အပြင် သူမမှာ မှန်ကိုခွဲပြီး ပြဿနာရှာခဲ့သဖြင့် ထိုလူမိုက်များ သေချာပေါက် ပိုပြီး သတိထားမိသွားကြလိမ့်မည်။
ငွေညှစ်တဲ့အကွက်ကို ဆင်နိုင်တဲ့သူတွေဆိုတာ ဉာဏ်နည်းနည်းတော့ ရှိကြမှာပဲလေ… ဟိဟိ
သူမ မှန်ကိုခွဲပြီး ထွက်ပြေးသွားခဲ့သဖြင့် ထိုလူများ သေချာပေါက် အဝေးကြီး လျှောက်တွေးကြတော့မည်ဖြစ်ကာ ဤလူသုံးယောက်
အပေါ်ကိုသာ သံသယ ဝင်ကြလိမ့်မည်။
ကျားကို တောင်ပေါ်ကနေ မျှားထုတ်တဲ့ ဗျူဟာ…
ထိုကဲ့သို့ တွေးတောမိကြမည်မှာ သဘာဝပင်…
ချန်ချင်းယွီသည် ရထားပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ရင်း စိတ်ထဲမှ ခပ်ဖွဖွ ရယ်မောလိုက်မိသည်။
ထိုလူများ တကယ်တမ်း တစ်ခုခု လုပ်ခဲ့သည်ဖြစ်စေ၊ မလုပ်ခဲ့သည်ဖြစ်စေ... သူမကို မကောင်းကြံစည်ဖို့ တွေးတောခဲ့ကြကတည်းက သူမဘက်ကလည်း ညှာတာနေမည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူခိုးဆိုတာ အမြဲတမ်း ကာကွယ်ရခက်တာမျိုး မဟုတ်လား…
ဒီတစ်ခါ သူတို့ ပြေးလွတ်နိုင်ရင်ကိုပဲ ကံကောင်းလှပြီ ဆိုရမယ်…
သူတို့၏ မရိုးသားသော အကြံအစည်များကို တွေးမိရုံမျှဖြင့် ချန်ချင်းယွီသည် ပျို့အန်ချင်သလို ခံစားရပြီး တကယ်ပင် ရွံရှာမိသည်။ သူတို့ ယခုနှယ် ကံဆိုးသွားကြသည်မှာ တကယ်ကို ထိုက်တန်လှ၏။
ချန်ချင်းယွီ : “အစ်မမင်မင်... တို့တွေ ဒီကို နှစ်ခေါက်တောင် လာခဲ့ဖူးတာတောင် မြို့ထဲကို သေသေချာချာ လျှောက်မကြည့်ရသေးဘူးနော်၊ နောက်တစ်ခေါက်ကျရင်ကော အခွင့်အရေး ရဦးမလား မသိဘူး”
အတွေးကမ္ဘာမှ ရုန်းထွက်ကာ ပေါ့ပေါ့ပါးပါး စကားစလိုက်၏။
ချိုက်မင်မင် : “ငါ့အထင်တော့ ဒီမှာက လူတွေ သိပ်များလွန်းလို့ ထင်ပါတယ်၊ တကယ်တော့ တခြားနေရာတွေက တို့ရဲ့ ပေကျင်းလောက် မကောင်းပါဘူး… ပေကျင်းက မြို့တော်ရဲ့ နှလုံးသားပဲဥစ္စာ”
ချန်ချင်းယွီ ရယ်မောကာ ခေါင်းငြိမ့်ပြရင်း
“ဒါပေမဲ့ တို့တွေ နောက်တစ်ခါ ပြန်လာဖို့ဆိုရင်တော့ အတော်လေး ကြာဦးမယ် ထင်တယ်”
ချိုက်မင်မင်လည်း ထိုအချက်ကို သဘောတူ၏။ ဒါပေါ့... ယခုတစ်ခေါက်တွင် သူတို့ ကုန်ပစ္စည်းများစွာ ဝယ်ယူခဲ့ကြရာ ၎င်းတို့ကို အမြန်ဆုံး ကုန်အောင် မည်မျှကြာ ရောင်းချရဦးမည် မသိပေ။ သူမလေသံတိုးတိုးဖြင့်
“နောက်တစ်ခါ ထပ်လာရင် ငါ့ကို လုံးဝ ပစ်မထားခဲ့နဲ့ဦးနော်”
ချန်ချင်းယွီ : “တို့တွေက တစ်ယောက်ကိုတစ်ယောက် အမှီသဟဲ ပြုနေကြတာပဲဟာ၊ လူနှစ်ယောက်ရှိတော့ အမြဲတမ်း ပိုပြီး အဆင်ပြေတာပေါ့”
“ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်”
ချိုက်မင်မင် မေးစေ့ကို လက်ဖြင့်ထောက်လျက်
“ဟူး... အရင်တုန်းကတော့ ငါ ဒါမျိုးတွေ လုပ်နိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး၊ ဒါပေမဲ့ အခုတော့ တကယ်ကို ဝမ်းသာမိတယ်၊ ပိုက်ဆံရှာရတဲ့ ခံစားချက်က သိပ်ကို ကောင်းတာပဲ… လူတိုင်းက မိန်းမတွေမှာ ကိုယ်ပိုင်အလုပ် ရှိရမယ်လို့ ပြောကြတာ မဆန်းပါဘူး၊ ငါ့မှာ ကိုယ်ပိုင်အလုပ် ရှိလာကတည်းက ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှု ရှိလာသလို ခံစားရတယ်”
မာကျန်း သူမအပေါ် အလွန်ကောင်းမွန်လှသော်လည်း သူမသည် အလုပ်အကိုင်မရှိဘဲ မြို့ပေါ်သို့ တက်လာခဲ့သော ကျေးလက်တောရွာမှ မိန်းကလေးတစ်ဦး ဖြစ်သဖြင့် အရာရာကို လျစ်လျူရှုထားနိုင်စွမ်း မရှိခဲ့ပေ။
ထိုစဉ် ဘေးနားမှ လူတစ်ယောက်မှာ ဝင်မေးလာ၏။
“ညီမတို့က ကွမ်ကျိုးကို ကုန်ပစ္စည်းလာဝယ်ကြတာလား”
သူမဘေးနားရှိ အသက်လတ်ပိုင်းအမျိုးသားတစ်ဦး ဝင်ပြောလာခြင်း ဖြစ်သည်။ သူသည် ရထားပေါ်သို့ အနည်းငယ်နောက်ကျမှ တက်လာခဲ့ပြီး လက်ထဲတွင်လည်း အထုပ်အပိုးကြီးငယ်များကို သယ်ဆောင်လာခဲ့သော်လည်း ကုန်စည်သယ်ယူခကိုမူ မပေးခဲ့ပေ။ အထုပ်များကို သူကိုယ်တိုင် သယ်ပိုးလာပြီး ခေါင်းပေါ်ရှိ ပစ္စည်းတင်စင်နှင့် ကြမ်းပြင်ပေါ်တွင် အပြည့်အသိပ် ထည့်ထားခဲ့၏။
ချန်ချင်းယွီ : “ဟုတ်ကဲ့... ကုန်ပစ္စည်းလာဝယ်တာပါ၊ အစ်ကိုလည်း ဒါမျိုးပဲ လာလုပ်တာလား”
“ဟုတ်တယ်... ငါလည်း တူတူပါပဲ၊အခု မူဝါဒတွေ ပြောင်းလဲသွားပြီလို့ ကြားလို့လေ… ငါ့မှာ ဒီဘက်မှာ အမျိုးတွေရှိတာနဲ့ လာပြီး စီးပွားရေးလုပ်ဖို့ စိတ်ကူးမိတာ၊ ပိုက်ဆံလေး ဘာလေး ရှာရတာပေါ့... မဟုတ်ရင် တို့မိသားစု စားဝတ်နေရေးက အဆင်မပြေတော့ဘူး”
ဤနေရာရှိ လူတိုင်းမှာ စီးပွားရေးလာလုပ်ကြသူများ ဖြစ်ကြသဖြင့် ရုံးကိစ္စဖြင့် ခရီးသွားနေကြသော အရာရှိကြီးများနှင့် မတူကြပေ။ သူ ယခင်တစ်ခေါက် ရထားပေါ် စရောက်ခါစ သူ့မျက်နှာချင်းဆိုင်တွင် ကေဒါဟောင်းကြီး (အရာရှိကြီး) တစ်ဦး ထိုင်နေခဲ့ပြီး သူ့ကို အထင်သေးသည့်နှယ် ကြည့်နေခဲ့သည်။ ယခုအခါတွင်မူ နယ်ပယ်တူ စီးပွားရေးသမားအချင်းချင်း တွေ့လိုက်ရသဖြင့် သူ၏စိတ်မှာ များစွာ လန်းဆန်းသွားခဲ့ရ၏။ အနည်းဆုံးမူ လမ်းခရီးတစ်လျှောက် အခြားသူများ၏ မျက်နှာအမူအရာကို သည်းခံနေရန် မလိုတော့ပေ။
“ညီမတို့က ပစ္စည်းတွေကို ဒီမှာ လာမထားဘူးလား”
ချန်ချင်းယွီ : “ကျွန်မတို့က မိန်းကလေး နှစ်ယောက်တည်းဆိုတော့ သယ်ရတာ အဆင်မပြေလို့ ရထားတွဲ (ကုန်တွဲ) ထဲမှာပဲ အပ်ခဲ့လိုက်တာ”
“သြော်... အဲဒါတော့ ဟုတ်တာပေါ့၊ မိန်းကလေးတွေက ယောကျာ်းတွေလို အင်အားမသန်တော့ သယ်ရတာ တကယ်ပဲ အဆင်မပြေလှဘူး၊ ဟဲဟဲ... ငါကတော့ ယောကျာ်းရင့်မာကြီး ဖြစ်ပြီး ခွန်အားလည်း ရှိတော့ ပင်ပန်းမှာကို မကြောက်ပါဘူး…ကိုယ့်ဘာသာ သယ်တော့ ပိုက်ဆံလည်း သက်သာတာပေါ့”
ချန်ချင်းယွီ : “အစ်ကိုကတော့ တော်တာပေါ့”
ချိုက်မင်မင် : “အစ်ကိုတစ်ယောက်တည်း ခရီးသွားရတာတော့ အဆင်မပြေလောက်ဘူးနော်”
အသက်လတ်ပိုင်းအမျိုးသား :“တစ်ယောက်တည်း သွားတော့ ခရီးစရိတ် သက်သာတာပေါ့၊ ငါက ဖုန်းထျန်းကနေ လာတာဆိုတော့ ဝေးလည်းဝေးသလို ခရီးစရိတ်ကလည်း တကယ်မသက်သာဘူး၊ ကံကောင်းလို့ ဒီမှာ ကူညီပေးမယ့် အမျိုးတွေရှိနေလို့ တော်သေးတာ”
သူ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောကာ
“ညီမလေးတို့ လေယူလေသိမ်းက တော်တော်ရင်းနှီးနေသလိုပဲ၊ ညီမတို့လည်း အရှေ့မြောက်ပိုင်းကပဲ မဟုတ်လား”
ချိုက်မင်မင် : “ဟုတ်ကဲ့... ကျွန်မလည်း ဖုန်းထျန်းကပဲ၊ ဒါပေမဲ့ ပေကျင်းသားတစ်ယောက်နဲ့ အိမ်ထောင်ကျလို့ အဲဒီကို ရောက်သွားတာ”
ထိုအမျိုးသား အံ့ဩသွားပြီး
“အဆက်အသွယ် တော်တော်ရှိတာပဲ... ဒီလောက်အဝေးကြီးအထိ အိမ်ထောင်ကျတယ်ဆိုတော့”
လူအများစုမှာ မိမိတို့၏ ရွာနီးချုပ်စပ် သို့မဟုတ် မြို့နယ်၊ ခရိုင်အတွင်းရှိ သူများနှင့်သာ အိမ်ထောင်ဖက် ရှာလေ့ရှိကြသည်။ ဤမိန်းကလေးမှာမူ ထူးခြားစွာဖြင့် ဤမျှ ဝေးလံသော နေရာမှသူနှင့် အိမ်ထောင်ကျခဲ့၏။
ချိုက်မင်မင် : “ကျွန်မယောကျာ်းက အရင်တုန်းက တောရွာကို ဆင်းပြီး အလုပ်လုပ်ရတဲ့ ပညာတတ်လူငယ်လေ၊ ပြီးတော့ သူ့ကို မြို့ပြန်ခွင့်ပေးတဲ့အခါ ကျွန်မလည်း သူနဲ့အတူ လိုက်လာခဲ့တာ”
ထိုအခါမှ အသက်လတ်ပိုင်းအမျိုးသား သဘောပေါက်သွားပြီး
“သြော်... ဒါကြောင့်ကိုး၊ ဒါကြောင့်ကိုး၊ ဒါဆိုရင် ညီမလေးရဲ့ ယောကျာ်းက တကယ့်လူကောင်းပဲ”
သူ လက်မထောင်ပြရင်း
“တကယ့်လူကောင်းဗျာ… ငါတို့ရွာမှာကျတော့ ကျေးလက်ဆင်းတဲ့ ပညာတတ်လူငယ် အချို့က ထွက်ပြေးသွားပြီး မိသားစုတွေကို ပစ်ထားခဲ့ကြတာ၊ သူတို့ရဲ့ အိမ်ထောင်ဖက်တွေရော၊ သားသမီးတွေကိုရော လုံးဝ ပြန်မကြည့်ကြတော့ဘူး၊ တကယ့်ကို အောက်တန်းကျလွန်းတဲ့ ကောင်တွေ”
သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သက်ကြီးပိုင်း အမျိုးသမီးကြီးမှာလည်း ဝင်ပြောကာ
“တို့ရပ်ကွက်ဘက်မှာလည်း အဲဒီလိုလူမျိုးတွေ အများကြီးပဲ”
မကြာခင်မှာပင် လူစုမှာ ရင်းနှီးသွားကြပြီး စကားစမြည် မြိန်ရေယှက်ရေ ပြောကြတော့၏။
သူတို့သည် ခရီးအကြိမ်ကြိမ် သွားဖူးကြသော်လည်း ယခုတစ်ခေါက် ကြုံရသည့် ဤခရီးသွားဖော်များမှာ အလိုက်ဖက်ဆုံး ဖြစ်နေခဲ့သည်။ ထိုလေးဦးမှာ ချက်ချင်းပင် စကားလက်ဆုံ ကျသွားကြ၏။ အသည်းခွဲတတ်သော ယောကျာ်းများနှင့် မိမိတို့၏ ခင်ပွန်းသည်များကို စွန့်ပစ်သွားကြသူများအကြောင်းကို ဝဝလင်လင် ပြောဆိုပြီးနောက် လက်ရှိ မူဝါဒများအကြောင်းသို့ စကားလမ်းကြောင်း လွှဲလိုက်ကြသည်။ သူတို့သည် ကွမ်ကျိုးမှ ပြန်လာကြခြင်း ဖြစ်သောကြောင့် ရထားပေါ်ရှိ လူအများစုမှာလည်း ကုန်ပစ္စည်း လာယူကြသူများ ဖြစ်ကြ၏။ ထိုသက်ကြီးပိုင်း အမျိုးသမီးကြီးပင်လျှင် ၎င်းတို့ထဲမှ တစ်ဦး ဖြစ်နေခဲ့သည်။
အသက်လတ်ပိုင်းအမျိုးသား : “ငါက စကားလည်း သိပ်မပြောတတ်သလို ပစ္စည်းရောင်းရမှာကိုလည်း ဝါသနာမပါဘူး၊ ဒါပေမဲ့ ငါ့မိန်းမကတော့ အဲဒီဘက်မှာ သိပ်တော်တာ၊ ဒါကြောင့် တို့လင်မယားနှစ်ယောက် တိုင်ပင်ထားကြတယ်... ငါကတော့ ကုန်ပစ္စည်းရဖို့ အသွားအပြန် လိုက်လုပ်ပေးမယ်၊ သူမကတော့ အဓိက အရောင်းသမားပေါ့၊ လင်မယားနှစ်ယောက် လက်တွဲလုပ်ကိုင်နေမှတော့ စားဝတ်နေရေးက ဘာလို့ အဆင်မပြေဘဲ နေမလဲ၊ ပြောရရင်တော့... အရင်တုန်းက တို့မိသားစုက သိပ်ဆင်းရဲတာ၊ ကံကောင်းလို့ ငါ့မှာ အားကိုးရတဲ့ အမျိုးကောင်းတစ်ယောက် ရှိနေခဲ့တာပေါ့… အရင်တုန်းက အခြေအနေတွေ ရှုပ်ထွေးနေတုန်းက ငါ့ဦးလေးမိသားစုက တောင်ပိုင်းကို ပြောင်းရွှေ့သွားခဲ့ကြတယ်၊ တို့တွေ အဆက်အသွယ် ပြတ်သွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ပြန်ပြီး အဆက်အသွယ် ရခဲ့တာ၊ ငါ့ဦးလေးက အရင်တုန်းက ငါ့အမေက သူ့အပေါ် ဘယ်လောက်ကောင်းခဲ့လဲဆိုတာ အခုထိ သတိရနေဆဲမို့ ငါတို့မိသားစုကို အမြဲ ကူညီပေးရှာတယ်… အခု ငါ စီးပွားရေးစလုပ်တဲ့ အရင်းအနှီးတွေကလည်း အကုန်လုံး ဦးလေးဆီကနေ ချေးထားတာ၊ ဦးလေးရဲ့သား ငါ့ဝမ်းကွဲဆိုရင် အခု ဟောင်ကောင် (ဆိပ်ကမ်းမြို့) ဘက်ကို ရေကူးပြီး သွားလိုက်ပြီ... အဲဒီမှာက လုပ်ခလစာ ပိုကောင်းတယ်လေ”
ချန်ချင်းယွီ : “...”
‘အစ်ကိုကြီးရယ်... အရေးကြီးတာတွေကို ဘာလို့ အကုန်လုံး လျှောက်ပြောနေရတာလဲ’
သက်ကြီးပိုင်း အမျိုးသမီးကြီးမှာစူးစမ်းလိုစိတ်ဖြင့်
“ဟယ်... ရှန်းကျန်းနားက ရွာတွေက လူတော်တော်များများက ပိုက်ဆံရှာဖို့ အဲဒီဘက်ကို တိတ်တဆိတ် ရေကူးသွားကြတယ်ဆိုတာ အမှန်ပဲလား”
အသက်လတ်ပိုင်းအမျိုးသား ပြန်ဖြေလိုက်ကာ
“အမှန်ပဲဗျာ၊ ဒါပေမဲ့ ငါ့အမြင်ပြောရရင်တော့ ကိုယ့်နိုင်ငံမှာပဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ပြီး အတတ်နိုင်ဆုံး မသွားကြတာ အကောင်းဆုံးပါပဲ၊ အဲ့ရွာတွေကိုပဲ မပြောနဲ့... တခြားဒေသတွေက လူတွေလည်း အဲဒီဘက်ကို သွားပြီး ချမ်းသာချင်လို့ ရေကူးဖို့ ကြိုးစားကြတာ အများကြီးပဲ၊ အဲဒီမှာတင် ရေနစ်သေကြတာ အစုလိုက်အပြုံလိုက်ပဲဗျာ… အပြင်ပန်းကြည့်ရင်တော့ လွယ်ကူသလိုလိုနဲ့ တကယ်တော့ သိပ်ကြောက်စရာကောင်းတာ၊ ဒါ့အပြင် အခုဆိုရင် အဲဒီဘက်ကို ရောက်သွားရင်တောင် တရားမဝင် နေထိုင်သူအဖြစ် သတ်မှတ်ခံရတာ၊ ငါ့ဝမ်းကွဲ သွားတုန်းကတော့ ကံကောင်းလို့ မှတ်ပုံတင်ရခဲ့တာ”
“ဟင်.. အရင်တုန်းက မှတ်ပုံတင် ရဖူးတယ် ဟုတ်လား”
“အဲဒီတုန်းကတော့ ‘ထိတွေ့ကာကွယ်တဲ့ မူဝါဒ’လား ဘာလား ခေါ်တာပဲ... ငါလည်း သေသေချာချာတော့ နားမလည်ပါဘူး၊ ဘာပဲဖြစ်ဖြစ် မြို့ထဲကို ရောက်အောင် သွားနိုင်ရင် မှတ်ပုံတင် ထုတ်ပေးတာ… ဒါပေမဲ့ တခြားနေရာတွေမှာ အဖမ်းခံရရင်တော့ ပြန်နှင်ထုတ်ခံရတာပေါ့၊ ငါကြားတာတော့ အချို့ လူမိုက်ဂိုဏ်းတွေဆိုရင် ကမ်းခြေမှာ လူတွေကို လိုက်ဖမ်းပြီး ပိုက်ဆံညှစ်ကြတယ်တဲ့၊ အချို့ဆို လူကုန်ကူးတာအထိ လုပ်ကြတယ်လို့ ကြားတယ်… ဘာပဲဖြစ်ဖြစ် အဲဒီဘက်က ငါတို့ဒီဘက်လောက် မကောင်းပါဘူး၊ ဒီမှာပဲ နေတာ အကောင်းဆုံးပဲ… အဲဒီမှာ ပိုက်ဆံ ပိုရနိုင်တာမှန်ပေမဲ့ သိပ်ကို ရှုပ်ထွေးလွန်းတယ်၊ ငါ့ဦးလေးက အဲဒီဘက်က ရွာတစ်ရွာမှာ နေတာလေ၊ သူပြောပြတာ... ညဘက် ကမ်းခြေနားမှာ လမ်းလျှောက်ရင် တစ်ခါတစ်ရံ တစ္ဆေမီးတောက်တွေတောင် မြင်ရတတ်တယ်တဲ့…ပင်လယ်ထဲမှာ သေတဲ့လူက များလွန်းလို့လေ၊ လူအများစုက ဟိုဘက်ကိုတောင် မရောက်နိုင်ကြဘူး... အသက်ရှင်နေမှပဲ ချမ်းသာဖို့ ကြိုးစားလို့ရမှာ မဟုတ်လား”
“ဒါဆို မင်းရဲ့ ဝမ်းကွဲကကော...”
“ငါ့ဝမ်းကွဲကတော့ မတူဘူးလေ…သူက တာယာကွင်းနဲ့ ကူးတာ၊ ပြီးတော့ သူတို့က အဲဒီနားမှာပဲ ကြီးပြင်းလာခဲ့ကြတာဆိုတော့... လမ်းကြောင်းတွေကို ကောင်းကောင်း သိကြတာပေါ့”
လူတိုင်း ဟောင်ကောင်ဘက်သို့ သွားရောက်ပြီး ချမ်းသာအောင် လုပ်ကြသည့်အကြောင်းကို ထပ်မံ၍ စိတ်ဝင်တစား ဆွေးနွေးကြပြန်သည်။
နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက်ပိုင်း ကာလများနှင့် နှိုင်းယှဉ်လျှင် ယခုခေတ်ကာလ၏ ကွာခြားချက်မှာ တကယ်ပင် ကြီးမားလှ၏။ ချန်ချင်းယွီသည် ထိုအတင်းအဖျင်း စကားများကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။
ပျင်းစရာကောင်းသော ခရီးလမ်းတွင် ဤကဲ့သို့သော စကားများကို နားထောင်ရခြင်းမှာ အချိန်ကုန်မှန်းမသိ ကုန်လွန်စေရန် အကောင်းဆုံး နည်းလမ်းတစ်ခုပင် ဖြစ်၏။
ချန်ချင်းယွီသည် ဟောင်ကောင်မြို့အပေါ်တွင် ထူးခြားသော ခံစားချက်မျိုး မရှိပေ။ သူမ ကြီးပြင်းလာသည့် ခေတ်ကာလတွင်မူ ဟောင်ကောင်သည် ပြည်မကြီးနှင့် သိပ်ပြီး ကွာခြားမှု မရှိတော့ကာ၊ လတ်တလော နှစ်များအတွင်း၌လည်း ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ပြည်မကြီးလောက် မမြန်ဆန်တော့ပေ။သို့သော်လည်း ယခုကဲ့သို့ ခေတ်ကာလနှစ်ခု၏ ကွာခြားချက်ကို ကြားရသည်မှာ ဆန်းသစ်သော ခံစားချက်တစ်ခုကို ပေးစွမ်းသည်။
သူတို့၏ တက်ကြွလှုပ်ရှားသော စကားဝိုင်းကို နားထောင်ရင်း ချန်ချင်းယွီလည်း စိတ်ထဲမှ မချီးမွမ်းဘဲ မနေနိုင်ခဲ့ချေ။
မည်သို့ပြောရမည်နည်း။ ကွမ်ကျိုးမှ ကုန်ပစ္စည်းလာယူကြသူ အများအပြား ရှိနေကြပြီး လူတိုင်းလည်း တော်တော်လေး သတ္တိရှိကြပုံရကာ ဤကဲ့သို့သော ဖြတ်လမ်းနည်းဖြင့် ချမ်းသာမည့် အစီအစဉ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် ဝန်မလေးကြပေ။ လူတိုင်း စိတ်အားထက်သန်စွာ ပြောဆိုနေကြ၏။ ထိုအချိန်တွင် ချန်ချင်းယွီသည် သတင်းစကားတစ်ခုကိုလည်း ကြားသိလိုက်ရ၏~~ ကံကောင်းထောက်မစွာဖြင့် သူတို့သည် ရှန်းကျန်းသို့ သွားရန် မရွေးချယ်ခဲ့မိ၍ပင်၊ အဘယ်ကြောင့်ဆိုသော် ရှန်းကျန်းသို့ သွားမည်ဆိုပါက နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်အပိုတစ်ခု ထပ်မံလိုအပ်သောကြောင့်တည်း။
ကွမ်ကျိုးကို ရွေးချယ်ခဲ့ခြင်းမှာ သူတို့အတွက် လုပ်ငန်းစဉ်တစ်ခုကို သက်သာစေခဲ့ပြီး အချိန်ကုန် လူပင်ပန်း သက်သာစေခဲ့သည်။
ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့မှာ ထိုလူများကဲ့သို့ အကြားအမြင် မများကြသော်လည်း ဘေးနားမှ စကားဝိုင်းကို စိတ်ဝင်တစား နားထောင်နေခဲ့ကြ၏...။
ချန်ချင်းယွီတို့မှာ ပေကျင်းသို့ ပြန်ရန် လမ်းခရီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း သူတို့နောက်သို့ လိုက်လာခဲ့ကြသည့် ထိုလူသုံးစုမှာ ပြန်မည့်လမ်းပေါ်တွင် မရှိသေးပေ။
ချန်ချင်းယွီ၏ ပြတ်သားမှုနှင့်မတူဘဲ ကျားကြီးနှင့် သူ၏လူစုမှာ စီးပွားရေးလောကထဲတွင် ကျင်လည်နေသည်မှာ ကြာပြီဖြစ်၍ ပိုမိုသတိကြီးကြ၏။ သူတို့သည် ဆိုင်အမြောက်အမြားကို လိုက်လံဈေးနှုန်းနှိုင်းယှဉ်ပြီး အနိမ့်ဆုံးပေးနိုင်မည့် ဈေးနှုန်းကို လိုက်မေးနေခဲ့ကြသည်။ စီးပွားရေးသဘာဝအရ သူတို့သည် အမြဲတမ်း အမြတ်အစွန်းအများဆုံးရမည့် အကွက်ကိုသာ ရွေးချယ်ကြ၏။
ထိုလူစုသည် အထည်ချုပ်စက်ရုံအချို့ဆီသို့ပင် သွားရောက်ခဲ့ကြသေးသည်။ သို့သော်လည်း သူတို့ ဝယ်ယူမည့် ပမာဏမှာ စက်ရုံကြီးများအတွက်မူ အသေးအဖွဲလေးသာ ဖြစ်သဖြင့် စက်ရုံများမှာ သူတို့ကို အရေးတယူ မရောင်းချပေးခဲ့ကြပေ။ လွန်ခဲ့သည့် လအနည်းငယ်မှ အသစ်ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက အထည်ချုပ်စက်ရုံအသေးလေးများမှာမူ ရောင်းပေးရန် အဆင်ပြေကြသော်လည်း ပစ္စည်းထွက်မည့် ကြာမြင့်ချိန် ရှည်လျားလှသည့်အပြင် ဈေးနှုန်းသည်လည်း သိသိသာသာ ကြီးကြီးမားမား သက်သာခြင်းမရှိချေ။
ကျားကြီးနှင့် သူ၏လူစုသည် ထိုနေရာတွင် တစ်နေကုန် အချိန်ဖြုန်းခဲ့ကြပြီး နောက်ရက်တွင်လည်း ဆက်လက်ရှာဖွေရန်သာ စီစဉ်လိုက်ကြသည်။
ကျားကြီး၏ တပည့်ဖြစ်သူမှာ
“အစ်ကိုကြီး... ဟိုမုဆိုးမလေးနဲ့ သူမအဖွဲ့ကော ဘယ်လိုအခြေအနေ ရှိနေပြီလဲ မသိဘူးနော်”
ကျားကြီး : “မိန်းမတွေဆိုတာ မင်းသိတဲ့အတိုင်း ဆံပင်သာရှည်ပြီး ဉာဏ်နည်းကြတာ၊ တို့တွေလို ဉာဏ်မျိုး သူတို့မှာ မရှိပါဘူး… ငါ့အထင်တော့ သူတို့ ပစ္စည်းတွေ ဝယ်နိုင်ခဲ့ရင်တောင် ဈေးကောင်းရမှာ မဟုတ်ဘူး၊ ဒါပေမဲ့လည်း ဒီပစ္စည်းတွေက အမြတ်အစွန်း ရာခိုင်နှုန်း သိပ်များတော့ သူတို့လည်း အမြတ်တော့ ရဦးမှာပါ”
“အစ်ကိုကြီး ပြောတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ အစ်ကိုကြီး... တို့တွေကော ဘယ်တော့လောက်မှ ပစ္စည်းဝယ်မှာလဲ၊ သူတို့က ကျွန်တော်တို့ထက်စောပြီး ပြန်သွားရင် တို့ထက် အများကြီး ပိုရောင်းရမှာ မဟုတ်ဘူးလား”
ကျားကြီး : “ရပါတယ် ကွာ၊ တစ်ရက် နှစ်ရက် နောက်ကျတာက ဘာမှ ထူးမခြားနားပါဘူး၊ ဘယ်သူသိမလဲ... ပြန်တဲ့အခါကျရင် ကားတစ်စီးတည်း တူတူတောင် ပြန်ဆုံရင် ဆုံဦးမှာ၊ မင်း မိန်းမတွေအကြောင်း မသိလို့ပါ... သူတို့က အလုပ်လုပ်ရင် ဒီလောက်အထိ ထိရောက်မှုမရှိကြပါဘူး”
ကျားကြီးသည် မိန်းမများကို အထင်သေးတတ်သော ယောကျာ်းတစ်ဦး ဖြစ်၏။
“ဒီမိန်းမတွေက အိမ်မှာပဲနေ၊ ကလေးထိန်း၊ အဝတ်လျှော်၊ ထမင်းဟင်းချက်ရမှာ… လူပုံလယ်ခေါင်ကို ထွက်လာပြီး ဘာလုပ်နိုင်မှာလဲ၊ သူတို့ကိုယ်သူတို့ အထင်ကြီးနေကြတာ”
“ဟုတ်ပ... ဟုတ်ပ”
“မနက်ဖြန်ကျရင် ဆက်ပြီး လိုက်ရှာကြတာပေါ့...”
“ကောင်းပါပြီ အစ်ကိုကြီး...”
“ဒါနဲ့ အစ်ကိုကြီး... ကျွန်တော်တို့တွေ ဒီဂျင်းဘောင်းဘီတွေကို ဘယ်လောက်ဈေးနဲ့ ရနိုင်မယ် ထင်လဲ”
အစ်ကိုကြီး ကျားကြီး ခေတ္တမျှ စဉ်းစားပြီးနောက်
“ဒီနေ့ ခြောက်ယွမ်နဲ့ ငါးဆယ်ပြား ခေါ်တဲ့ဆိုင်ကို တို့တွေ ခြောက်ယွမ် သို့မဟုတ် ငါးယွမ်နဲ့ ငါးဆယ်ပြားလောက်အထိ ဈေးဆတ်ရင်တော့ ရနိုင်လိမ့်မယ်၊ အဲဒီထက် ပိုလျော့ဖို့ကတော့ ခက်မယ်… ဒီလက်ကားဈေးက တော်တော်လေးကို သင့်တော်နေပါပြီ၊ မင်းကြည့်လိုက်လေ... စက်ရုံကနေ တိုက်ရိုက်ယူရင်ကို ငါးယွမ်နဲ့ ငါးဆယ်ပြားလောက် ကျတာ၊ သူတို့က ငါတို့ကို စက်ရုံဈေးအတိုင်း ပေးချင်မှ ပေးမှာ”
“ဒါဆို မနက်ဖြန်ကျရင် ထပ်ပြီး လိုက်ကြည့်ကြတာပေါ့”
“အေးလေ”
“တကယ်လို့ ကျွန်တော်တို့တွေ ဒီလောက် ကုန်ပစ္စည်းပမာဏအတွက် ဒီဈေးနဲ့ ရမယ်ဆိုရင် ဟိုမုဆိုးမလေးရဲ့ အရင်းအနှီးက ခုနစ်ယွမ် သို့မဟုတ် ရှစ်ယွမ်လောက်၊ ဒါမှမဟုတ် အဲဒီထက်တောင် ပိုမြင့်နိုင်တယ် မဟုတ်လား”
“ဟားဟား... ဒါကြောင့်မို့လို့ မိန်းမတွေက အသုံးမကျဘူးလို့ ပြောတာပေါ့”
“မှန်တာပေါ့...”
ထိုလူစုမှာ မိန်းမများကို အထင်သေးနေကြသော်လည်း ချန်ချင်းယွီ၏ ပထမဆုံးအကြိမ် ဝယ်ယူခဲ့စဉ်၌ပင် ဈေးနှုန်းမှာ ငါးယွမ်အောက်သာ ရှိခဲ့ပြီး ယခုတစ်ခေါက်တွင်မူ ထိုထက်ပင် ပိုမိုသက်သာခဲ့သည်ကို သူတို့ လုံးဝမသိရှိကြပေ။ ကျားကြီးတို့ နေရာမှန် ရှာမတွေ့ခဲ့ခြင်း မဟုတ်ပေ၊ သူတို့တွင် ဤကဲ့သို့သော စီးပွားရေးအမြင်နှင့် အာရုံခံစားနိုင်စွမ်း ရှိကြသော်လည်း ဝယ်ယူမည့် ကုန်ပစ္စည်းပမာဏမှာ ချန်ချင်းယွီလောက် မများပြားခြင်းကြောင့် ဖြစ်၏။
လက်ကားဈေးကွက် ဖြစ်သောကြောင့် ပမာဏများများ ဝယ်ယူလေ၊ ဈေးနှုန်း ပိုမိုသက်သာလေ ဖြစ်သည်။
၎င်းမှာ ဈေးဆစ်တတ်ရုံတင်မကဘဲ ဝယ်ယူမည့် အရေအတွက်အပေါ်တွင်လည်း များစွာ မူတည်နေခြင်း ဖြစ်၏။
ချန်ချင်းယွီသည် ယခုတစ်ခေါက်တွင် ယွမ်ခြောက်သောင်းခန့် တန်ဖိုးရှိသော ကုန်ပစ္စည်းများကို ဝယ်ယူခဲ့ပြီး ဂျင်းဘောင်းဘီ သီးသန့်တင် ယွမ်လေးသောင်းခန့် ရှိရာ ဤကဲ့သို့သော အဝယ်တော်မျိုးကို စက်ရုံများတွင်ပင် အတွေ့ရနည်းလှသည်။ ထို့ကြောင့် သူမအနေဖြင့် အလွန်နိမ့်သော ဈေးနှုန်းကို ရရှိခဲ့ခြင်းမှာ သဘာဝပင် ဖြစ်၏။ ယခင် ပထမဆုံးအကြိမ် လာဝယ်စဉ်၌လည်း ဤအတိုင်းပင် ဖြစ်ခဲ့ပြီး ထိုစဉ် သူမသည် ပထမဆုံးအကြိမ် ဝယ်ယူခြင်းဖြစ်သော်လည်း ယွမ်ထောင်ချီ တန်ဖိုးရှိသော ပစ္စည်းများကို ဝယ်ယူခဲ့သည်။
ထို့ကြောင့် သူမ၏ အခြေအနေမှာ အခြားသူများနှင့် သေချာပေါက် ကွာခြားနေခြင်း ဖြစ်၏။
ကျားကြီးတို့ အဖွဲ့နှင့် နှိုင်းယှဉ်လျှင်မူ သူတို့သည် ဤနေရာသို့ ရောက်ရှိလာခဲ့ကြသော်လည်း ပစ္စည်းအများအပြားကို မဝယ်ရဲကြသေးပေ။ သူတို့သည် စမ်းသပ်သည့်အနေဖြင့် ယွမ်ငါးထောင်၊ ခြောက်ထောင်ခန့် တန်ဖိုးရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူရန် စိတ်ကူးထားကြသဖြင့် ချန်ချင်းယွီ ရရှိသော ဈေးနှုန်းမျိုးကို မည်သို့မျှ ရနိုင်စရာ အကြောင်းမရှိပေ။
သို့သော်လည်း သူတို့သည် ကိုယ့်ကိုယ်ကိုယ် အတော်လေး ကျေနပ်နေကြပြီး ချန်ချင်းယွီတို့ အဖွဲ့ထက် သေချာပေါက် ပိုတော်သည်ဟု ယုံကြည်နေကြသည်။
“ငါတို့ရဲ့ အရင်းအနှီးက တခြားလူတွေထက် သေချာပေါက် ပိုနည်းနေမှာပဲ၊ ဒါကြောင့် ဈေးကွက်ကို လုဖို့အတွက် ဈေးနှုန်းကို လျှော့ချပြီး ယှဉ်ပြိုင်ရမယ်ဆိုရင်တောင် တို့ဘက်က အသာစီး ရနေမှာ”
“မှန်တာပေါ့...”
“ငါက ဟိုမုဆိုးမလေးနဲ့ သူမအဖွဲ့ကို လုံးဝ စိတ်မပူပါဘူး… ငါ တကယ် စိုးရိမ်တာက ဒီဈေးကွက်ထဲကို လူတွေ ပိုပြီး ဝင်လာလို့ ဈေးနှုန်းတွေ ကျဆင်းသွားရင် အဲဒီမိန်းမတွေ ဘာလုပ်ကြမလဲဆိုတာပဲ၊ အဲဒါက ပြဿနာအကြီးကြီး မဟုတ်ပါဘူး”
“တကယ်လို့ ဘယ်သူမဆို ငါတို့ကို လာပြီး ယှဉ်ပြိုင်ဖို့ ကြိုးစားရင် ငါတို့ကတော့ အပြတ်ရှင်းမှာပဲ”
“စောင့်ကြည့်ကြတာပေါ့”
“ကောင်းပါပြီ...”
ထိုလူစုမှာ ထောင်လွှားပြီး စိတ်ကြီးဝင်နေကြသည်။
ကျားကြီး : “ငါ့ညီ... သွားပြီး မိန်းကလေးတစ်ယောက်လောက် သွားခေါ်စမ်း...”
ထိုအခါ လူစုမှာ တစ်ယောက်ကိုတစ်ယောက် မျက်စိမှိတ်ပြကြရင်း တဟီးဟီးနှင့် တုံ့ပြန်ကြ၏။
“ဟုတ်ကဲ့... အစ်ကိုကြီး”
သူတို့သည် ကုန်ပစ္စည်းများအတွက် ပြားဂဏန်းအနည်းငယ် သက်သာစေရန် အသေအလဲ ဈေးဆစ်ငြင်းခုံခဲ့ကြသော်လည်း၊ မိန်းကလေးများအတွက်မူ ပိုက်ဆံသုံးရန် ဝန်မလေးကြပေ။ တစ်ခေါက်လျှင် ဆယ်ယွမ်ဆိုလည်း ဘာမှမပြောဘဲ တန်းပေးကြသည်။
ကျားကြီးတစ်ယောက် ပျော်ပါးမြူးတူးနေချိန်တွင် ဝမ်ကျန့်ကော်နှင့် သူ၏လူစုလည်း ‘ပျော်ပါးမြူးတူး’ နေကြရ၏။
သို့သော် နှိုင်းယှဉ်ချက်ခြင်းမှာ ကွာခြားလွန်းလှသည်။
ကျားကြီးမှာ မိမိဘာသာ ပျော်စရာ ရှာဖွေနေချိန်တွင်၊ ဝမ်ကျန့်ကော်တို့ ကြုံတွေ့နေရသည့် အဖွဲ့မှာမူ သက်ကြီးရွယ်အို အမျိုးသမီးကြီးများ ဖြစ်နေခဲ့၏။
သူတို့ ရောက်ရှိနေသည့် ဝန်းကျင်တစ်ခုလုံးမှာ တရားမဝင် လိုင်စင်မဲ့ တည်းခိုခန်းအသေးလေးများဖြင့် ပြည့်နှက်နေပြီး အချို့မှာ တရားဝင် စီးပွားရေးလုပ်ကြသော်လည်း အများစုမှာမူ မရိုးသားသည့် လိမ်လည်လှည့်ဖြားမှုများနှင့် ပတ်သက်နေကြသည်။ ထို့ကြောင့် ထိုဒေသရှိ အိမ်တိုင်းလိုလိုတွင် ပိုက်ဆံရှိကြ၏။ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ၊ လူငယ်ဖြစ်စေ၊ လူအိုဖြစ်စေ... ပိုက်ဆံရှိလာလျှင် ပျော်ပါးချင်ကြသည်မှာ သဘာဝပင်။
ဝမ်ကျန့်ကော်နှင့် ချဲညီအစ်ကိုနှစ်ယောက်တို့သည် သူတို့ဘဝတွင် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံရလိမ့်မည်ဟု အိပ်မက်ပင် မက်ဖူးခဲ့ကြမည်မဟုတ်ပေ။
ဤမရိုးသားသော တည်းခိုခန်းမှာ သူတို့၏ ပိုက်ဆံများကို လုယက်ပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့ရုံတင်မကဘဲ သူတို့ကို အပြင်သို့လည်း ပေးမထွက်ကြပေ။
သူတို့သည် မနက်ကတည်းက ‘အလုပ်ရှုပ်’ နေခဲ့ကြရပြီး မိုးလင်းမှ မိုးချုပ်သည့်အထိ အလုပ်လုပ်ခဲ့ကြရသည်။
ထို့အပြင် ထိုအဘွားကြီးများမှာ သူတို့ကို ‘အားမရဘူး’ ဟုပင် ညည်းတွားကြသေးရာ အလွန်ကို သရော်စကားဆန်လှပေ၏။
ဝမ်ကျန့်ကော်သည် ယခင်ကတည်းက အပြင်မှာ မိန်းမတစ်ယောက် ရှာပြီး သားတစ်ယောက် မွေးချင်သည့် ဆန္ဒ အမြဲရှိခဲ့သော်လည်း၊ လျှို့ဝှက်ချက်ဆိုသည်မှာ ဘယ်တော့မှ ဖုံးကွယ်ထား၍ မရမှန်း သိသဖြင့် မလုပ်ရဲခဲ့ပေ။
ဒါပေမဲ့... ဒါပေမဲ့... ဒါပေမဲ့...
ဘယ်သူက အခြေအနေတွေ ဒီလိုဖြစ်သွားလိမ့်မယ်လို့ ထင်ထားပါ့မလဲ…
ယနေ့ မနက်အစောကြီးကတည်းက အဘွားကြီး ခြောက်ယောက်နှင့် အဘိုးကြီး တစ်ယောက် ရောက်လာခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် သူ ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့၍ တော်သေး၏၊ မဟုတ်လျှင် ထိုအဘိုးကြီး၏ စိတ်တိုင်းကျ ဖြစ်သွားလောက်သည်။
တောက်... ဝမ်ကျန့်ကော်မှာ ဒေါသထွက်လွန်းသဖြင့် မျက်ရည်ပင် ကျမိရှာ၏။
သူကဲ့သို့သော ယောကျာ်းရင့်မာကြီးတစ်ယောက်က ဘယ်တုန်းက ဒီလိုဒုက္ခမျိုး ခံစားခဲ့ဖူးလို့လဲ…
ထိုအဘွားကြီးမှာ သူ့အမေအရွယ်နီးပါး ရှိနေပြီဖြစ်ကာ အမှန်တကယ်ပင် ဤကဲ့သို့သော အာရုံခံစားမှုမျိုး ရှိနေဆဲတည်း။
ထကြွလွန်းတဲ့ အဘွားကြီးတွေ…အား…
သူ အလွန် ဒေါသထွက်မိ၏။
ဝမ်ကျန့်ကော် ဒေါသထွက်နေသော်လည်း ချဲညီအစ်ကိုနှစ်ယောက်မှာ ထိုထက်ပင် ပို၍ ဒေါသထွက်နေကြသည်။ ချဲယုံဖုန်းမှာ ရုပ်ရည်ချောမောပြီး၊ ချဲယုံချန်းမှာ ဗလတောင့်တင်းကာ လူငယ်ဖြစ်သဖြင့် သူတို့နှစ်ဦးမှာ ပို၍ လူကြိုက်များနေခဲ့ကြ၏။
သူတို့ သုံးဦးစလုံးမှာ ဆေးဝါးများ မှီဝဲထားကြရသည်၊ မဟုတ်လျှင် တစ်နေ့လုံး တောင့်ခံနိုင်ကြမည် မဟုတ်ပေ။
ဝမ်ကျန့်ကော် : “တောက်... မင်းတို့ကြောင့် ငါ ဒီလို ဒုက္ခတွင်းထဲ ရောက်ရတာ၊ ဒါတွေအားလုံး မင်းတို့အပြစ်တွေ...”
အကယ်၍ သူတို့သာ ထိုမရိုးသားသည့် တည်းခိုခန်းတွင် တည်းခိုရန် ဇွတ်မပြောခဲ့ကြလျှင် သူ ယနေ့ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။
သူသည် ဤစကားကို အကြိမ်ပေါင်း ထောင်ချီ၍ ပြောဆိုခဲ့သော်လည်း ဝမ်ကျန့်ကော်မှာ ဒေါသ မပြေနိုင်သေးဘဲ ရှိနေခဲ့သည်။ သူ၏ ပုံစံမှာ အမြဲတမ်း တတွတ်တွတ် ညည်းတွားနေတတ်သည့် ရှန့်လန်ဇနီးလိုပင် ဖြစ်နေတော့၏။
ယွမ်ဟောက်ဖုန်းနှင့် ရှီရှောင်ဝေတို့သည်လည်း အလုပ်ဖြစ်အောင် မလုပ်နိုင်ကြကာ၊ တစ်လမ်းလုံး အချင်းချင်း အကြီးအကျယ် ရန်ဖြစ်နေခဲ့ကြသည်...။
သူတို့နှင့် နှိုင်းယှဉ်လျှင်မူ ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် ပေကျင်းသို့ ချောချောမွေ့မွေ့ ပြန်ရောက်လာခဲ့ကြ၏။
ပစ္စည်းများ အတင်အချလုပ်ရသည်မှာ ပင်ပန်းလှသော်လည်း သူတို့နှစ်ဦးစလုံးမှာ စိတ်ရွှင်လန်းနေကြဆဲ ဖြစ်သည်။ သူတို့သည် အိမ်သို့ပြန်ရန် ကားတစ်စီး ငှားရမ်းခဲ့ကြရာ မျှော်လင့်ထားသည့်အတိုင်း လမ်းသွယ်ထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် လူအများအပြား ဝိုင်းအုံလာခဲ့ကြ၏။
ချန်ချင်းယွီ ပြန်ရောက်လာသည်ကို ကြားသောအခါ အဘွားကြီးကျောက်သည် အိမ်ထဲမှ ပြာပြာသလဲ ပြေးထွက်လာပြီး
“ချွေးမရေ အမယ်လေး... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ... လမ်းခရီးမှာ အဆင်ပြေရဲ့လား၊ ငါ့ဖြင့် ညည်းအတွက် ဘယ်လောက်တောင် စိတ်ပူနေခဲ့ရလဲ မသိဘူး...”
ဘေးနားရှိ အိမ်နီးနားချင်းများမှာ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ကြပြီး ထိုအဘွားကြီး ယခုကဲ့သို့ စေတနာကောင်းပြနေသည်ကို မည်သူမျှ မယုံကြပေ။
သူက ဘာတွေ ဟန်ဆောင်နေတာလဲ…
သူတို့က ဘာမှမသိဘူးလို့ ထင်နေတာလား… ငါတို့က လအ မဟုတ်ဘူး…
ချန်ချင်းယွီ တောင်ပိုင်းသွားရင် ရေဒီယိုဝယ်ခဲ့မှာလေ… အဲ့အဘွားကြီးက ရေဒီယိုကို မျက်စိကျနေတာပဲ ဖြစ်လိမ့်မယ်… ဟမ့်..
အဘွားကြီးကျောက် : “အလိုလေး... ပစ္စည်းတွေ အများကြီးပါလား... မြန်မြန်လုပ်ပါဦး ဝမ်တာ့ချွေရဲ့... အူတူတူနဲ့ ရပ်ကြည့်မနေနဲ့ဦး... အဘိုးကြီးရွှီလည်း လာဝိုင်းသယ်ပေးပါဦး၊ တို့တွေက အိမ်နီးနားချင်းတွေပဲဟာ... ဒီအတိုင်း ရပ်ကြည့်နေတာ မကောင်းပါဘူး”
“မြန်မြန်လုပ်ကြစမ်းပါ...”
ယနေ့မှာ တနင်္ဂနွေနေ့ ဖြစ်သဖြင့် လူစုံနေချိန်ဖြစ်ရာ အဘွားကြီးကျောက်မှာ ယောကျာ်းများကို အတင်းအဓမ္မ လူစုပြီး ဝိုင်းကူခိုင်းတော့သည်။ လူတိုင်းလည်း ဘာမှမပြောဘဲ ရှေ့သို့တိုးကာ ပစ္စည်းများကို ဝင်းထဲသို့ ဝိုင်းဝန်းသယ်ဆောင်ပေးခဲ့ကြ၏။ လီလင်းလင်းသည် မကြာခဏ နောက်သို့ လှည့်ကြည့်နေရင်း နှုတ်ခမ်းကို ကိုက်ကာ
“ရှင်တို့ နှစ်ယောက်တည်းပဲ ပြန်လာတာလား”
ချန်ချင်းယွီ : “ဟင်.. တခြားဘယ်သူ ရှိဦးမှာလဲ… သွားတုန်းကလည်း တို့နှစ်ယောက်တည်း သွားတာပဲဥစ္စာ”
လီလင်းလင်း လေသံတိုးတိုးဖြင့်
“ဟို ... နင် ... ရှင်တို့ ဟိုလူတွေကို မတွေ့ခဲ့ဘူးလား...”
စကားကို ခေတ္တဖြတ်ပြီး ဆက်မပြောတော့ပေ။
ချန်ချင်းယွီကတော့ သူမ ဘာတွေ သရုပ်ဆောင်နေသည်ကို စိတ်မဝင်စားပါဘူး… အလကား အရူးမ…
သူမ စိတ်လှုပ်ရှားစွာဖြင့်
“အမေ... ကျွန်မ ရေဒီယိုတစ်လုံး ဝယ်လာခဲ့တယ်... ဟိုဘက်က လက်ကားဈေးကွက်မှာ တကယ်ပဲ ပစ္စည်းဝယ်ခွင့်လက်မှတ်တွေ မလိုဘူး၊ အော်... ဒါနဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကော ဘယ်ရောက်နေကြလဲ၊ အဲဒီကလေးနှစ်ယောက် ဘာလို့ အိမ်မှာမရှိတာလဲ”
အဘွားကြီးကျောက် : “သူတို့ ယဉ်ကျေးမှုဗဟိုဌာနကို သွားကြတယ်”
ချန်ချင်းယွီ : “သြော်”
သူမ ဆက်ပြီး ကြွားဝါကာ
“မြန်မြန်လာကြည့်ဦး... ကျွန်မ ဝယ်လာတဲ့ ရေဒီယိုက တော်တော်ကောင်းတယ် မဟုတ်လား၊ ကက်ဆက်ခွေလည်း ဖွင့်လို့ရတယ်... နှစ်မျိုးသုံး မော်ဒယ်လေ”
“အလိုလေး... ကက်ဆက်ခွေပါ ဖွင့်လို့ရတယ် ဟုတ်လား၊ တို့ဒီဘက်မှာတော့ ဒါမျိုး သုံးတဲ့သူ တစ်ယောက်မှမမြင်ဖူးသေးဘူး”
“တောင်ပိုင်းဘက်က မော်ဒယ်တွေက ပိုဆန်းသစ်တာကိုး... တို့တွေက ခေတ်မမီသေးတာလား”
“တို့က မြို့တော်ပဲဟာ... ဘာပစ္စည်းကောင်းတွေ မရှိဘဲ နေမလဲ”
“ဒါဆိုရင်လည်း အရေအတွက် အကန့်အသတ်နဲ့ပဲ လာလို့ ဖြစ်လိမ့်မယ်၊ ပစ္စည်းရောက်တာနဲ့ အကုန် လုဝယ်သွားကြတာနေမှာ”
“အဲဒါလည်း ဖြစ်နိုင်တယ်”
လူတိုင်း အလွန် စူးစမ်းလိုစိတ် ဖြစ်နေကြသည်။
လီလင်းလင်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုသော်လည်း ယွမ်ဟောက်ဖုန်းကို တကယ်ပင် မတွေ့ရသဖြင့် စိတ်ပူပန်လာခဲ့ရ၏။
ယွမ်ဟောက်ဖုန်း အလျင်အမြန် ထွက်ခွာသွားခဲ့သော်လည်း ဟောက်ရွှယ်မှာ သူမကို အကြောင်းစုံ ပြောပြခဲ့သည်။ ဟောက်ဖုန်းသည် ကုန်ပစ္စည်းဝယ်ရန် တောင်ပိုင်းသို့ သွားခြင်းဖြစ်ပြီး ချန်ချင်းယွီတို့အဖွဲ့နောက်သို့ တိတ်တဆိတ် လိုက်သွားခြင်း ဖြစ်၏။ အမှန်တကယ်၌ သူတို့ အတူတူသွားချင်ကြသော်လည်း ချန်ချင်းယွီတို့မှာ ပိုက်ဆံရှာဖို့ကိုသာ အာရုံစိုက်ပြီး သူတို့သိသွားမည်ကို စိုးရိမ်သဖြင့် ဤလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားခဲ့ကြဟု ဆိုသည်။ ထို့ကြောင့် သူတို့ဘက်မှလည်း တိတ်တဆိတ် လိုက်သွားကြရခြင်း ဖြစ်၏။
အဲဒါက တကယ်ကို အတ္တကြီးတာပဲ…
လီလင်းလင်း ချန်ချင်းယွီကို မကျေမနပ် စောင်းမြောင်းကြည့်လိုက်သော်လည်း ချန်ချင်းယွီမှာ သူမကို လုံးဝ လျစ်လျူရှုထားခဲ့သည်။
သူမသည် လီလင်းလင်း၏ မကျေမနပ်ဖြစ်နေသော အကြည့်များကို သတိပြုမိသော်လည်း မမြင်ချင်ယောင်ဆောင်နေခဲ့ခြင်း ဖြစ်၏။
“ချင်းယွီလေး... မင်းမှာ ပစ္စည်းတွေ သိပ်များတာပဲ... မင်းအိမ်ထဲမှာတောင် ဆန့်ပါဦးမလား”
ချန်ချင်းယွီတွင် ပစ္စည်းအိတ်ကြီးများစွာ ရှိနေပြီး နေရာအနှံ့တွင် ပုံကျနေခဲ့သည်။
“ဟေး... နေပါဦး၊ ညည်းက ဘယ်လောက်တောင် ဝယ်လာခဲ့တာလဲ၊ ဒါတွေက ဘာတွေလဲ”
“ဟုတ်ပ... ဟုတ်ပ”
လူတိုင်း အလွန်အမင်း စူးစမ်းချင်နေကြ၏။ သူတို့သည် ယခင် ပထမဆုံးအကြိမ်၌လည်း ဤသို့ စူးစမ်းချင်ခဲ့ကြသော်လည်း အဘွားကြီးကျောက်၏ ဩဇာကြောင့် ဘေးနားမှသာ စုံစမ်းရဲခဲ့ကြသည်။ အကယ်၍သာ အခြားသူ၏ အခြေအနေမျိုးဆိုလျှင် သူတို့သည် ထိုသူ၏ အိမ်တံခါးဝအထိ သွားရောက်ပြီး ပစ္စည်းများကို လုယက်ယူငင်ကြပြီ ဖြစ်၏။
ယခုတစ်ခေါက်တွင်မူ သူတို့ တကယ်ကို မအောင့်နိုင်ကြတော့ဆပ။
ပြီးတော့... ဤမျှလောက် များပြားလှသော ပစ္စည်းများအတွက် အရင်းအနှီး ဘယ်လောက်တောင် လိုအပ်လိုက်မည်နည်း။
အမှန်တွင် ယခင်အကြိမ်၌လည်း ပစ္စည်းအတော်များခဲ့သော်လည်း ယခုတစ်ခေါက်နှင့်မူ လုံးဝ နှိုင်းယှဉ်၍ မရချေ။
ဒါဆိုရင်... သူတို့ ပြီးခဲ့တဲ့အကြိမ်က ပိုက်ဆံ တကယ်ရခဲ့ကြတာပေါ့..
ချန်ချင်းယွီ နေ့တိုင်း လမ်းဘေးတွင် ပစ္စည်းထွက်ရောင်းနေသော်လည်း လူအများစုမှာ သူမ ပိုက်ဆံရလိမ့်မည်မဟုတ်ဟု ထင်နေကြဆဲ ဖြစ်သည်။ ပိုက်ဆံရှာရသည်မှာ ထိုမျှ မလွယ်ကူပေ။ သူမ ပိုက်ဆံ တကယ်ရခဲ့သည်မှာ အမှန်ဖြစ်သော်လည်း မည်သူမျှ ၎င်းကို အသေအချာ သတိမထားမိခဲ့ကြပေ။
သို့သော် ယခုတစ်ခေါက်တွင်မူ အရာရာက ကွင်းကွင်းကွက်ကွက် မြင်သာနေခဲ့ပြီ ဖြစ်၏။
သူမ တကယ်ကို ပိုက်ဆံအများကြီး ရှာနိုင်ခဲ့ခြင်း ဖြစ်သည်၊ မဟုတ်လျှင် ဤမျှလောက် များပြားလှသော ပစ္စည်းများကို မည်သို့ ဝယ်ယူနိုင်ပါမည်နည်း။ သူမတွင် ထိုမျှလောက်သော အရင်းအနှီး မရှိခဲ့သည်မှာ အမှန်ပင်။ လူတိုင်း ပစ္စည်းဝယ်ဈေးနှင့် ပြန်ရောင်းဈေးကို မသိကြသော်လည်း ဤမျှလောက် များပြားလှသော ပစ္စည်းများသည် သေချာပေါက် တန်ဖိုးကြီးလိမ့်မည်ဟု ခံစားနေကြရသည်။
“ချင်းယွီလေး... နင် ဒီကုန်ပစ္စည်းတွေအတွက် ပိုက်ဆံအများကြီး သုံးလိုက်ရတယ် မဟုတ်လား၊ ဒါတွေကို အကုန်လုံး ရောင်းထွက်ပါ့မလား… တကယ်လို့ အရှုံးပေါ်သွားရင်တော့ နင် ဒုက္ခရောက်တော့မှာပဲ”
ဤသို့ ပြောလိုက်သူမှာ ရှီကျန့်ရှန်း ဖြစ်၏။ ရှီကျန့်ရှန်းသည် မနာလိုဖြစ်နေခြင်း ဖြစ်သည်၊ တကယ်ကို မနာလိုဖြစ်နေခြင်း ဖြစ်သော်လည်း သူမသည် ချန်ချင်းယွီကို တိုက်ရိုက် မရင်ဆိုင်ရဲပေ။
အဘယ်ကြောင့်နည်း~~ အကြောင်းမှာ သူမ သရဲကြောက်သောကြောင့်တည်း…
ယင်းမှာ ပြင်းထန်လှသော ခေတ်ဟောင်း အယူသီးမှု အကြွင်းအကျန်ပင်…
သူမ မရင်ဆိုင်ရဲသဖြင့် ယခုကဲ့သို့ စောင်းမြောင်း၍သာ စကားပြောနိုင်ခြင်း ဖြစ်သည်။
“ဟုတ်တယ်... ညည်းက မြေကြီးပေါ် ခြေထောက်ချပြီး အရှိကိုအရှိအတိုင်း လုပ်သင့်တာ၊ အခုတော့ စိတ်ကြီးဝင်ပြီး ကုန်ပစ္စည်းတွေ အများကြီး ဝယ်လာတယ်... ညည်းရဲ့ စုဆောင်းထားတဲ့ ပိုက်ဆံတွေ အကုန်ကုန်သွားပြီ မဟုတ်လား... တကယ်လို့ အကုန်လုံး မရောင်းရရင် ဘယ်လိုလုပ်မလဲ၊ ညည်းနှယ်အေ... ဒီလောက်အထိ မိုက်မဲလို့ မဖြစ်ဘူး၊ မိန်းမဆိုတာ အိမ်မှာပဲနေပြီး အိမ်ထောင်မှုကို ထိန်းသိမ်းရတာ... ဒီလို ပစ္စည်းအမြောက်အမြားကို လိုက်စီမံနေရတာ မကောင်းပါဘူး… ဒါတွေကို ကြည့်ရတာတင် စိုးရိမ်စရာကြီး”
ဤသို့ ပြောသူမှာ ရှေ့ဝင်းထဲမှ အဘွားကြီးဝမ်ပင်။ သူမမှာ တစ်ဖက်အတွက် တွေးပေးနေသည့်အလား ပြောဆိုနေသော်လည်း တကယ်တမ်း သူမအကြောင်းကို လူတိုင်း အသိဆုံး ဖြစ်၏။
ဤဝင်းထဲရှိ အဘွားကြီးများအားလုံးထဲတွင် သူမမှာ သေးသေးတင်မခံနိုင်ဆုံးနှင့် အနိုင်လိုချင်ဆုံးသူတည်း။
အဘွားကြီးဟွမ်မှာမူ မျက်လုံးများ ကလယ်ကလယ် လုပ်နေရင်း
“ညည်းက ဘာတွေ ဝယ်လာတာလဲ၊ အဝတ်အစားတွေနဲ့ ဘောင်းဘီတွေလား၊ ငါ့ကို တစ်စုံလောက် ပေးစမ်းပါဦး... ငါက ဝတ်ဖူးတဲ့သူဆိုတော့ ညည်းအတွက် လိုက်ပြီး ကြော်ငြာပေးရတာပေါ့… ဒါဆိုရင် လူတိုင်းက ညည်းဆီမှာ လာဝယ်ကြလိမ့်မယ်၊ ညည်းလည်း အရှုံးမပေါ်တော့ဘူးပေါ့”
ထိုအခါ လူတိုင်း သူမကို အံ့ဩတကြီး ကြည့်လိုက်ကြရင်း စိတ်ထဲမှကဲ့ရဲ့လိုက်ကြ၏။
‘ခင်များကတော့ တကယ့်ကို မိုးပေါ်က လမင်းကို လှမ်းတောင်းနေတာပဲ အံ့ဩပ’
လူတိုင်း၏မျက်နှာတွင် လောဘဇောများ သိသိသာသာ တက်ကြွနေသည်ကို မြင်လိုက်ရသောအခါ အဘွားကြီးကျောက်သည် ခါးကိုထောက်၊ မျက်ခုံးကိုပင့်လျက် တရစပ် ဆဲဆိုကျိန်ဆဲတော့သည်။
“နင်လို မိန်းမအိုကြီးက ဘာကောင်မမို့လို့လဲ…ကိုယ့်ကိုယ်ကိုယ် ပြန်မကြည့်ဘူးလား… ငါ့အိမ်ကပစ္စည်းကို လာပြီး မျက်စိကျရဲတယ်ပေါ့လေ၊ ငါတို့ဆီကနေ လာပြီး အမြတ်ထုတ်ချင်တာလား၊ ဘာလဲ... နင် အငတ်ဘေးဆိုက်ပြီး သေတော့မလို့လား… ငတ်နေရင်လည်း အပြင်ထွက်ပြီး အမှိုက်ကောက်စားလေ၊ ဘာလို့ ဒီမှာ လာပြီး ခွေးဟောင်သလို လာဟောင်နေရတာလဲ၊ ငါ့ပစ္စည်းတွေကို အလကား လာတောင်းချင်တယ် ဟုတ်လား… နင် ဘယ်လိုမျက်နှာပြောင်နဲ့ လာတောင်းရဲတာလဲ၊ မရှက်တတ်ဘူးလား၊ တောက်... နင်က ဘာကောင်မလဲဆိုတာတောင် ကိုယ်ကိုယ်တိုင် မသိတော့ဘူးလား၊ တောင်းရဲလှချည်လား… ငါ နင့်ကို အရိုက်ပေးမှ မှတ်မှာလား… တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ မိန်းမ...”
“နင်က တစ်သက်လုံး အလကားနေလာတာလား၊ အခုထိ လောဘတက်နေတုန်းပဲလား… ဘဏ်ထဲမှာ ပိုက်ဆံရှိရင် သွားထုတ်ပြီး ဝယ်ပါလား၊ နောက်ထပ်တစ်လှမ်းသာ တိုးလာခဲ့ရင်တော့ ငါ အားနာနေမှာ မဟုတ်ဘူးနော်...”
သူမသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီး ဆက်လက်၍ ကျိန်ဆဲပြန်၏။
“ပြီးတော့ နင်တို့တစ်စုလည်း ဘာတွေ လာပြီး လူကောင်းဟန်ဆောင်နေကြတာလဲ၊ နင်တို့အားလုံး ငါ့အိမ် ဒုက္ခရောက်မှာကိုပဲ မျှော်လင့်နေကြတာ ငါသိသား၊ နင်တို့က ဘာကောင်တွေမို့လို့ ဒီလိုစကားမျိုးတွေ ပြောရဲကြတာလဲ… အဘွားကြီးဝမ်... နင့်မှာ ငါ့ချွေးမကို လာပြီး ဆုံးမစွက်ဖက်ရအောင် ဘာအခွင့်အရေး ရှိလို့လဲ။ နင်ကိုယ်နင် သိပ်ပြီး ဟုတ်လှပြီ ထင်နေတာလား… ကိုယ့်အိမ်ထဲမှာတင် ပြဿနာတွေ ရှုပ်အောင်လုပ်နေပြီး အပြင်ထွက်ကာ အရှက်လာခွဲနေသေးတယ်၊ ငါသာ ဝမ်မေ့လန်နေရာမှာဆိုရင် နင့်ကို အိမ်ပေါ်ကနေ ကန်ချလိုက်ပြီ… နင့်ကို ကြည့်ရတာတင် အန်ချင်စရာကောင်းတယ်၊ နင် အိုမင်းမစွမ်းဖြစ်ပြီး ဘယ်သူမှ ပြုစုမယ့်သူမရှိတဲ့ အခါကျရင် ဘာဖြစ်မလဲဆိုတာ ငါ ထိုင်စောင့်ကြည့်နေဦးမယ်...”
“နင်... နင်...”
“‘နင်’ ဆိုတော့ ဘာဖြစ်လဲ.. ငါက နင်နဲ့မတူဘူး၊ ငါ အိုလာရင် ပင်စင်လစာရှိတယ်၊ နင်ကော ဘာရှိလဲ… ကိုယ့်သားနဲ့ချွေးမကို မှီခိုနေရပြီးတော့ အခုထိ ပြဿနာ လိုက်ရှာနေသေးတယ်၊ နင်လို အရှက်မရှိတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး... ကိုယ့်အိမ်မှာ ပြဿနာရှာရုံတင်မကဘဲ အခုတော့ လူအူတူတူ ပုံစံနဲ့ လာလုပ်နေသေးတယ်၊ ဘာလဲ... ငါတို့တွေက နင့်ကို တကယ်ပဲ လေးစားနေတယ်လို့ ထင်နေတာလား၊ ငါပြောလိုက်မယ်... လုပ်စရာမရှိရင် အဝေးကို လစ်လိုက်တော့… ငါ ကျောက်တာ့ရာက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူး သေသွားမယ်”
အဘွားကြီးကျောက် အလွန် ဒေါသကြီးပြီး ကြောက်စရာကောင်းလှသဖြင့် ဝင်းထဲရှိ အခြားသူများအားလုံး ငြိမ်ကုပ်သွားကြလေသည်။
‘အဘွားကြီးကျောက်ရယ်... ခင်များက လင်းကျန့်ဝမ် ရှိကတည်းက ဒီလိုပုံစံမျိုးပါပဲ’
‘အခုတော့ ကိုယ့်ကိုယ်ကိုယ် အထက်စီးကနေပြီး လူတွေကို လိုက်ဆဲနေတာပေါ့...’
သို့သော်လည်း မည်သူမျှ အဘွားကြီးကျောက်၏ သရုပ်မှန်ကို လာပြီး မဖော်ရဲကြချေ၊ သူတို့သည် ဤဒေါသကြီးလှသော အဘွားအိုကို မဆွရဲကြပေ။ အခြားသူများစကားလုံးဖြင့်သာ ရန်ဖြစ်ကြသော်လည်း သူမသည်ကား တကယ်ပင် လက်ပါရဲသူ ဖြစ်၏။ ရန်ခဏခဏဖြစ်ဖူးသည့် အတွေ့အကြုံကြောင့်ပင် ဖြစ်လိမ့်မည်၊ သူမသည် မည်သည့်အခါမျှ ရှုံးနိမ့်ဖူးခြင်း မရှိပေ။ရန်ဖြစ်လေလေ၊ ပိုပြီး သတ္တိရှိလာလေလေ ဖြစ်သည်။ ဤကဲ့သို့သောသူကို မည်သူ သွားပြီး ရန်စရဲပါမည်နည်း။
“ကဲပါ... ကဲပါ... အဘွားကြီးကျောက်ရယ်၊ တို့တွေကို ရေဒီယိုလေး ဖွင့်ပြပါဦး၊ ဒီလို နှစ်မျိုးသုံးရေဒီယိုမျိုး တစ်ခါမှ မမြင်ဖူးသေးလို့ပါ”
ပိုင်ဖုန်းရှန်း အခြေအနေကို ထိန်းညှိပေးရန် ဝင်ပြောလိုက်သည်။
အဘွားကြီးကျောက် : “ဟွန်း...”
ချန်ချင်းယွီ : “ကျွန်မ ဖွင့်ပြမယ်... ကျွန်မ ဖွင့်ပြမယ်...”
“ဒီအချိန်မှာ အသံလွှင့်အစီအစဉ်
တစ်ခုခု ရှိပါ့မလား မသိဘူးနော်”
“ရှိမှာပါ၊ ရှိမှာပါ”
ချန်ချင်းယွီသည် ကက်ဆက်ခလုတ်ကို လျင်မြန်စွာ နှိပ်လိုက်သည်။ ထိုအချိန်တွင် ပုံမှန် အသံလွှင့်အစီအစဉ် မရှိသေးကာ ပုံပြောခြင်း အစီအစဉ်တစ်ခုသာ လွှင့်နေခဲ့၏။
“ဒါက ဘာအစီအစဉ်လဲ”
“ဥမင်လိုဏ်ခေါင်းစစ်ပွဲ အကြောင်း ထင်တယ်နော်”
“ဟုတ်ပုံရတယ်...”
ချန်ချင်းယွီမှာ အတော်လေး အံ့ဩသွားရသည်၊ ရုပ်ရှင်ဟောင်းတစ်ခုကို ပုံပြောခြင်းပုံစံမျိုးဖြင့် တင်ဆက်နေသည်မှာ တကယ့်ကို ဆန်းသစ်လှပေသည်။
“ဒါဆို... ကက်ဆက်ခွေကိုကော ဘယ်လို ဖွင့်ရတာလဲ”
ချန်ချင်းယွီ ပြုံးလိုက်ရင်း
“ကျွန်မ ပြပေးမယ်လေ”
သူမသည် ‘တိန့်လိကျွင်း’ ၏ သီချင်းခွေကို သေချာပေါက် ထုတ်မဖွင့်ရဲပေ။ ၎င်းမှာ ပြဿနာကို ကိုယ်တိုင် ဖိတ်ခေါ်ရာ ရောက်လိမ့်မည် မဟုတ်လော့။
ချန်ချင်းယွီသည် ထိုခေတ်ကာလနှင့် ကိုက်ညီမည့် ကက်ဆက်ခွေတစ်ခွေကို ရှာဖွေတွေ့ရှိပြီးနောက် အဖုံးကို ဖွင့်လိုက်၏။
“ဒါက ကက်ဆက်ခွေလား၊ ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ”
“ဒါဆို ဘယ်သူကော မြင်ဖူးလို့လဲ”
ချန်ချင်းယွီ ၎င်းကို အထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။ ဤအရာကို အသုံးပြုရသည်မှာ အတော်လေး ရိုးရှင်းလှပြီး၊ ချန်ချင်းယွီက ဖွင့်သည့်ခလုတ်ကို ရိုးရိုးလေးသာ နှိပ်လိုက်ရုံ ဖြစ်၏။
ကျယ်လောင်လှသော သီချင်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်...
“အလိုလေး...”
“သိပ်ကောင်းတာပဲ...”
“ဒါက တကယ်ကို ကောင်းလွန်းတယ်၊ ဘုရားရေ... ဒါဆို တို့တွေ ကြိုက်တဲ့အချိန်တိုင်း နားထောင်လို့ရတာပေါ့၊ ဟုတ်လား”
“သေချာပေါက်ပေါ့”
“တကယ့်ကို ဖြုန်းတီးတာပဲ... သူတို့ကလေးကလည်း အသက်ကိုးနှစ်ရှိပြီ၊ မငယ်တော့ဘူး၊ အဲဒီကလေးအတွက် ပိုက်ဆံလေး ဘာလေး စုဆောင်းပေးသင့်တာပေါ့… ယောကျာ်းလေးတစ်ယောက်က ကြီးလာရင် အိမ်ထောင်ပြုရဦးမှာ၊ ဒီမိန်းမတွေကတော့ အပြောပဲရှိပြီး အလုပ်မရှိဘူး… အချိန်တွေကို အလဟဿ ဖြုန်းတီးနေကြတာ”
အဘွားကြီးဟွမ်ကိုယ်တိုင်မှာ မိန်းမတစ်ဦးဖြစ်သော်လည်း သူမသည် ထိုသူများကို စောင်းမြောင်းပြောဆိုရန် ဝန်မလေးချေ၊ သို့သော်လည်း အဘွားကြီးကျောက် ကြားသွားမည် စိုးသဖြင့် အသံကိုတော့ မြှင့်မပြောရဲခဲ့ပေ။
“ငါကတော့ အဆင်ပြေတယ်လို့ မြင်တယ်၊ စောစောဝယ်တော့ စောစော ခံစားရတာပေါ့”
“ဘာကို ခံစားရမှာလဲ၊ လူဆိုတာ ရိုးရိုးသားသားနဲ့ အေးအေးဆေးဆေးပဲ နေသင့်တာ”
အစ်မကြီးဖန် မနာလိုစိတ်နှင့် မကျေမနပ်ဖြစ်မှုတို့ ရောပြွန်းနေလျက် ဝင်ပြော၏။
ဟွန်း... လမ်းဘေးမှာ ဆိုင်ထွက်ပြီး ပိုက်ဆံရှာတာ... ဘယ်လောက်ပဲ ရှာနိုင်ရှာနိုင်၊ အောက်တန်းကျတာကတော့ အမှန်ပဲ…
တရားဝင် အလုပ်အကိုင် ရှိနေမှသာ အမှန်အကန် ဖြစ်တာပေါ့… ဒါတွေက အောက်ခြေလူတန်းစားတွေရဲ့ လှည့်ကွက်လေးတွေပဲ၊ အထက်တန်းမကျဘူး...
သူမသည် အလွန်အမင်း မနာလိုဖြစ်နေခဲ့ပြီး၊ သူမ၏သား တောင်ပိုင်းသို့ သွားခြင်းကို တွေးမိသောအခါမှ စိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ပြန်ရှိလာခဲ့ရသည်။ ရှင်းရှင်းပြောရလျှင် အစ်မကြီးဖန်သည် စိတ်ထဲတွင် အလွန် ဝေခွဲမရ ဖြစ်နေခဲ့၏။ သူမသည် မိမိ၏သားမှာ ကုန်ပစ္စည်းလာဝယ်ခြင်း မဟုတ်ဘဲ ထိုလူများနောက်သို့ လိုက်သွားခြင်းသာ ဖြစ်သည်ကို ထည့်မစဉ်းစားခဲ့ပေ။ သို့ဖြစ်ရာ သူ သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ ဘာထူးခြားသွားမည်နည်း။
သူမသည် သူမ၏သား တောင်ပိုင်းသို့ သွားရသည့် အသေးစိတ် အကြောင်းအရင်းကို ကောင်းစွာ မသိရှိသော်လည်း၊ ယွမ်မိသားစုနှင့် လီလင်းလင်းတို့မှာမူ သူတို့သည် ချန်ချင်းယွီနောက်သို့ လိုက်သွားကြခြင်း ဖြစ်ကြောင်း အသေအချာ သိကြ၏။
သူတို့သည်လည်း ကုန်ပစ္စည်းဝယ်ရန်နှင့် ချမ်းသာရန်အတွက် တောင်ပိုင်းသို့ သွားကြခြင်းဖြစ်သည်ဟု ကောလာဟလအချို့ ထွက်ပေါ်နေခဲ့သော်လည်း၊ ယွမ်ဟောက်ဖုန်းတစ်ယောက် ချန်ချင်းယွီနောက်သို့ တကယ် တိတ်တဆိတ် လိုက်သွားခဲ့ခြင်း ဖြစ်ကြောင်းကိုမူ ကာယကံရှင် မိသားစုများသာ အသိဆုံး ဖြစ်သည်။ ယခုအခါ ချန်ချင်းယွီ ပြန်ရောက်လာခဲ့ပြီ ဖြစ်သော်လည်း ယွမ်ဟောက်ဖုန်းတို့ အဖွဲ့မှာမူ ပြန်မရောက်လာကြသေးပေ။
ဟောက်ရွှယ်မှာ မစိုးရိမ်ပေ။ သူတို့ ရထားတစ်စီးတည်း အတူတူ ပြန်မလာခြင်း ဖြစ်လိမ့်မည်ဟု သူမ တွေးမိသည်။
၎င်းအမြင်မှာ မဆန်းပေ။ အကယ်၍ အတူတူ ပြန်လာပါက ချန်ချင်းယွီနောက် လိုက်ပြီး ပိုက်ဆံရှာနေကြသည်ဟု လူများ၏ အပြောအဆို ခံရမည်ကို ကာကွယ်ရန် ဖြစ်လိမ့်မည်။
သို့သော် လီလင်းလင်းမှာ ထိုသို့ မတွေးတောပေ။ ယွမ်ဟောက်ဖုန်း ပြန်မရောက်လာသေးသဖြင့် သူမသည် အလွန်အမင်း ပူပန်သောကရောက်ကာ စိတ်ဒုက္ခ ရောက်နေခဲ့ရ၏။
သူမသည် ယွမ်ဟောက်ဖုန်း၏ တရားဝင်ဇနီးထက်ပင် ပို၍ ပူပန်နေခဲ့၏။
သူမသည် ချက်ချင်းပင် ဟောက်
ရွှယ်၏လက်ကို ဆွဲကိုင်ကာ
“ဒီကို လာဦး”
သူတို့နှစ်ဦးသည် လူကွယ်ရာ ထောင့်တစ်ခုသို့ လမ်းလျှောက်သွားခဲ့ကြပြီး၊ လီလင်းလင်း ပူပန်တကြီးဖြင့်
“ဟောက်ရွှယ်... အစ်ကိုဟောက်ဖုန်းက ဘာလို့ အခုထိ ပြန်မရောက်သေးတာလဲ။ တစ်ခုခု ဖြစ်သွားလို့လား၊ ငါ နင့်ကို ပြောသားပဲ... လိုက်မကြည့်ပါနဲ့ဆိုတာ၊ အခုတော့ ချန်ချင်းယွီတို့တောင် ပြန်ရောက်နေပြီ…အစ်ကိုဟောက်ဖုန်းကော ဘယ်မှာလဲ”
ယွမ်ဟောက်ရွှယ်သည် လီလင်းလင်းကို စိတ်ပျက်နေသဖြင့်
“နင်ကလည်း လျှောက်ပြီး စိတ်ပျက်စရာတွေ ပြောမနေပါနဲ့။ ဒီလို စိတ်ဓာတ်ကျစရာ စကားတွေကို မပြောစမ်းနဲ့။ ‘တစ်ခုခု ဖြစ်သွားလို့လား’ ဆိုတာ ဘာစကားလဲ၊ နင်က ငါ့အစ်ကိုကို အဆင်ပြေစေချင်တဲ့စိတ် မရှိဘူးလား… ငါ့အစ်ကို ဘယ်လောက် အရည်အချင်းရှိလဲဆိုတာ နင်လည်း အသိပဲ… သူက အရှုံးခံမယ့်လူ မဟုတ်ပါဘူး၊ သူတို့ ရထားတစ်စီးတည်း တူတူမစီးတာလည်း ဖြစ်နိုင်တာပဲ၊ သူတို့က ပစ္စည်းတွေ ဝယ်ရ၊ သယ်ရဦးမှာလေ… ကိုယ့်လမ်းကိုယ် သွားကြတာက သဘာဝပဲဥစ္စာ၊ ငါ့အစ်ကိုတို့က ကုန်ပစ္စည်းရမယ့် နေရာကိုပဲ လိုက်ရှာချင်ကြတာ… အခု နေရာကို သိသွားပြီဆိုတော့ ချန်ချင်းယွီတို့နဲ့ အတူတူ သွားနေစရာ အကြောင်းမရှိတော့ဘူးလေ၊ ပြီးတော့ မုဆိုးမတစ်ယောက်နဲ့ အတူတူ သွားရတာကော ကောင်းလို့လား… ဒါကြောင့် အလကားနေရင်း စိတ်မပူနေနဲ့… ငါ့အစ်ကိုက တခြားအချိန်ကျရင် ပြန်လာမှာပါ၊ ငါ့အစ်ကိုအကြောင်း ငါအသိဆုံး... သူက သိပ်တော်တာ။ အရာရာ အားလုံး အဆင်ပြေသွားမှာပါ”
ထိုအခါမှ လီလင်းလင်းသည် စိတ်အနည်းငယ် သက်သာရာရသွားခဲ့သော်လည်း ထပ်မံညည်းတွားကာ
“ဒါပေမဲ့ သူက အိမ်နဲ့ ဝေးတဲ့နေရာမှာ ရှိနေသေးတာပဲဥစ္စာ...”
“ငါ့အစ်ကိုက အရင်တုန်းက ရထားဝန်ထမ်း လုပ်ခဲ့တာဆိုတော့ တစ်နိုင်ငံလုံးအနှံ့ လျှောက်သွားဖူးတာ၊ သူက ဒီလောက်အထိ အူတူတူမဟုတ်ပါဘူး… နင် တကယ်ပဲ လျှောက်တွေးပြီး စိုးရိမ်မနေပါနဲ့၊ အဆင်ပြေပါတယ်… ဒါနဲ့ ငါ နင့်ကို ပြောထားတဲ့ကိစ္စကော ဘယ်လိုလဲ၊ လမ်းဘေးဆိုင်ထွက်တယ်ဆိုတာကို အထင်မသေးနဲ့ဦး၊ တကယ်တော့ အဲဒါက ပိုက်ဆံအများကြီး ရှာနိုင်တာ၊ ငါ့အစ်ကိုက နင့်ကိုယုံလို့သာ လာမေးတာ၊ မဟုတ်ရင် တခြားလူကို သွားမေးမှာပေါ့… ဒါက တကယ်ကို ပိုက်ဆံရတာလေ၊ ငါ့အစ်ကိုက နင့်ကို အကျိုးအမြတ်လေး ရစေချင်လို့သာ အတူတူလုပ်ဖို့ ခေါ်တာ…ချန်ချင်းယွီကိုပဲ ကြည့်လိုက်လေ၊ နင် သိသာတာပဲ၊ ဒါက သေချာပေါက် အမြတ်ထွက်လို့ပေါ့... မဟုတ်ရင် သူမက ဒါတွေကော၊ ဟိုဟာတွေကော ဝယ်နိုင်ပါ့မလား”
လီလင်းလင်း ဝေခွဲမရဖြစ်နေရင်း တုံ့ဆိုင်းတုံ့ဆိုင်း ပြောရှာသည်။
“ငါလည်း သိပါတယ်၊ ဒါပေမဲ့ ဒါက ပုံမှန်အလုပ်တစ်ခု ဖြစ်နေရမှာလေ...”
ဟောက်ရွှယ်မှာ မျက်စောင်းထိုးပစ်လိုက်ချင်သော်လည်း စိတ်ကိုထိန်းကာ
“ဘာပုံမှန်အလုပ်လဲ… နင်က အမြဲတမ်းဝန်ထမ်းတောင် ဖြစ်တာမဟုတ်ဘဲနဲ့... အဲဒီကနေ ပိုက်ဆံဘယ်လောက်များ ရလို့လဲ”
လီလင်းလင်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့်
“ငါလည်း အစ်ကိုဟောက်ဖုန်းနဲ့ အတူတူ အလုပ်လုပ်ချင်တာပေါ့၊ ဒါပေမဲ့ ငါ့မိဘတွေက ငါ့ကို အလုပ်ထွက်ခွင့် ပြုမှာမဟုတ်ဘူး၊ ဒီဘက်ခေတ်မှာ အလုပ်တစ်ခုရဖို့ ဘယ်လောက်ခက်လဲ နင် သိရဲ့သားနဲ့… ယာယီအလုပ်ရှာဖို့တောင် သိပ်ကို ခက်ခဲလွန်းတာ”
ဟောက်ရွှယ်သည် လီလင်းလင်း၏ သတ္တိမရှိ၊ အစိုးရိမ်လွန်တတ်သော စရိုက်ကို တကယ်ပင် အထင်သေးမိ၏။ သူမသည် မိမိ၏ယောင်းမဖြစ်သူ ကွမ်ထင်းထင်း၏ တွက်ချက်လွန်းသော စရိုက်ကိုလည်း သိပ်သဘောမကျသော်လည်း ကွမ်ထင်းထင်း၏ တွက်ချက်မှုများမှာ မိသားစုအတွက်ဖြစ်သဖြင့် သူမ လက်ခံနိုင်သေးသည်။ သို့သော် ဤလီလင်းလင်းမှာ တကယ့်ကို စိတ်သဘောထား သေးသိမ်လွန်းလှ၏။
“ခက်ခဲတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ နင်က ဒီယာယီအလုပ်ကိုပဲ တစ်သက်လုံး လုပ်သွားနိုင်မှာမို့လို့လား၊ ဒေါ်လေးမေ့ရဲ့ သားကြီးကိုပဲ ကြည့်လိုက်၊ ရှီရှောင်ကွမ်းကိုပဲ ကြည့်လိုက်၊ ချန်ချင်းယွီနဲ့ ချိုက်မင်မင်တို့ကိုပဲ ကြည့်လိုက်လေ ~~ သူတို့အားလုံး လမ်းဘေးဆိုင်ထွက်ပြီး ပိုက်ဆံတွေ အများကြီး ရှာနိုင်နေကြပြီ… နင်ကတော့ ဒီယာယီအလုပ်လေးကိုပဲ တစ်သက်လုံး ဖက်တွယ်နေတော့မှာလား”
သူမ သက်ပြင်းတစ်ချက်ချပြီးနောက်
“သေချာပြန်စဉ်းစားကြည့်ဦး၊ ငါ နောက်ထပ်တော့ လိုက်မဖျောင်းဖျတော့ဘူး၊ ဒါပေမဲ့ နင့်မှာ အသိတရားလေးရှိရင် ငါ့အစ်ကိုက နင့်ကို ဒုက္ခပေးမှာမဟုတ်ဘူးဆိုတာ သိမှာပါ”
“ငါသိပါတယ်... ငါသိပါတယ်...”
လီလင်းလင်းမှာ စိတ်ထဲတွင် အကြီးအကျယ် ဝေခွဲမရ ဖြစ်နေရှာတော့သည်။
ဤအချိန်တွင် မည်သူမျှ သူတို့နှစ်ဦးကို သတိမထားမိကြပေ။ လူတိုင်း ထိုနှစ်မျိုးသုံး ကက်ဆက်ရေဒီယိုမည်မျှအသုံးဝင်ကြောင်းကိုသာ ဝိုင်းအုံအံ့ဩနေကြ၏။
ဝမ်တာ့ချွေ စိတ်လှုပ်ရှားစွာဖြင့်
“ဒါက ဘယ်လောက်လဲ”
ချန်ချင်းယွီ : “တစ်ရာ့ကိုးဆယ်ပဲ၊ ဝယ်ခွင့်လက်မှတ် မလိုဘူး”
“ဘာရယ်... တစ်ရာ့ကိုးဆယ် ဟုတ်လား”
“တကယ်လား၊ ငါတို့အိမ်က ရေဒီယိုက နှစ်ရာ့တစ်ဆယ် ပေးရတာ”
“ဟုတ်တယ်... ဟိုဘက်ဝင်းထဲက အိမ်ကဝယ်တာလည်း ယွမ်နှစ်ရာလို့ ကြားတယ်၊ နင့်ဟာက ကက်ဆက်ခွေပါ ဖွင့်လို့ရတာတောင် ဘာလို့ ပိုဈေးသက်သာနေရတာလဲ၊ ပစ္စည်းက မကောင်းလို့လား”
ချန်ချင်းယွီ : “ကျွန်မဟာက နောက်ဆုံးပေါ် မော်ဒယ်လေ... ဘယ်လိုလုပ် ပစ္စည်းမကောင်းဘဲ နေမလဲ… ဒေါ်လေးတို့ပြောတဲ့ ရေဒီယိုမျိုးက ကွမ်ကျိုးဘက်က လက်ကားဈေးမှာ တစ်ရာ့လေးဆယ်၊ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိတာ”
“ဘာပြောတယ်...”
လူတိုင်း အံ့အားသင့်သွားကြတော့သည်။
ချန်ချင်းယွီ : “တကယ်ပြောတာပါ... ဟိုမှာက လက်ကားရောင်းတာဆိုတော့ သေချာပေါက် ပိုဈေးသက်သာတာပေါ့၊ အမှန်တော့ အဲဒီမှာ လက်လီသွားဝယ်ရင်လည်း ဈေးမချိုပါဘူး… ကျွန်မကတော့ ပစ္စည်းသွင်းတဲ့သူနဲ့ ရင်းနှီးနေလို့ လက်ကားဈေးနဲ့ ရခဲ့တာ၊ ကံဆိုးတာက ကျွန်မမှာ ပိုက်ဆံအများကြီးမရှိလို့… တကယ်လို့ ပိုက်ဆံသာ အများကြီးရှိရင် ရေဒီယိုတွေ အမြောက်အမြား ဝယ်လာပြီး ပြန်ရောင်းလိုက်ရုံပဲ၊ အမြတ်က တကယ်ကို အများကြီးရမှာ…ဒါပေမဲ့ လိုအပ်တဲ့ အရင်းအနှီးကလည်း ကြီးတာကိုး၊ တစ်လုံးကို ယွမ်တစ်ရာကျော်ဆိုတော့ ကျွန်မတို့ မတတ်နိုင်ဘူးလေ”
အမှန်၌ ပိုက်ဆံမရှိ၍တင် မဟုတ်ပေ။ အမြတ်များသော်လည်း ဈေးကြီးသဖြင့် ဝယ်မည့်သူနည်းပါးရာ ပြန်ရောင်းရန် အချိန်နှင့် အားစိုက်ထုတ်မှု များစွာ လိုအပ်သည်။
ထို့အပြင် ပစ္စည်းသယ်ယူရသည်မှာလည်း မလွယ်ကူသဖြင့် ချန်ချင်းယွီအနေဖြင့် အဝတ်အထည်များကိုသာ ပိုမိုဝယ်ယူလို၏။
“အမြတ်က တော်တော်ကြီးတာပဲနော်...”
“ဘုရားရေ... တစ်လုံးကို ယွမ်ဆယ်ဂဏန်းလောက် ကွာနေတာပဲ...”
“ဟုတ်ပ... အဲဒီအမြတ်က ငါ့ရဲ့ တစ်လစာ လစာနဲ့တင် ညီမျှနေပြီ”
“ဒါက နင့်လစာက မနည်းလို့လေ၊ တကယ်လို့ လီလင်းလင်းလို ယာယီအလုပ်သမားဆိုရင် သူမရဲ့ နှစ်လစာ လစာနဲ့ ညီမျှနေမှာ”
လီလင်းလင်းသည် လူအုပ်ထဲသို့ ပြန်ရောက်လာချိန်တွင် ဤစကားကို အတိုင်းသား ကြားလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ပျက်သွားရသည်။
ထိုအထဲတွင် ရှီကျန့်ရှန်းကဲ့သို့ လည်လွန်းသူအချို့လည်း ရှိနေပြီး၊ သူမ မျက်လုံးလေး ကလယ်ကလယ်လုပ်ရင်း
“ဟေး... ချင်းယွီလေး၊ နင် နောက်တစ်ခေါက် တောင်ပိုင်းကို သွားရင် ငါ့အတွက် တစ်လုံးလောက် ဝယ်ပေးခဲ့ပါလား”
“ဟုတ်တယ်... ဟုတ်တယ်... ငါ့အတွက်လည်း တစ်လုံးလောက် ဝယ်ပေးပါဦး”
“ငါ့အတွက်လည်း ကူဝယ်ပေးပါဦး”
မည်သို့ဖြစ်စေ အခုချက်ချင်း ပိုက်ဆံပေးရမည် မဟုတ်သဖြင့် လူတိုင်း ချက်ချင်းပင် အလုအယက် ပြောဆိုကြတော့သည်။ အချို့ဆိုလျှင် ချန်ချင်းယွီ သူတို့အတွက် စိုက်ထုတ်ပေးပြီးမှ အကြွေးပြန်ဆပ်ရန်ပင် စိတ်ကူးနေကြသေး၏။
ချန်ချင်းယွီသည် ထိုလူအချို့၏ လောဘစိတ်နှင့် အမြတ်ထုတ်လိုသော အကြံအစည်ကို ချက်ချင်း ရိပ်မိလိုက်သဖြင့် ပြုံးလိုက်ကာ
“အဲလိုတော့ မရဘူးရှင့်”
မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
“ကျွန်မက ကိုယ့်ကုန်ပစ္စည်း ရှာဖို့တင် အလုပ်ရှုပ်လှပါပြီ၊ ပစ္စည်းတွေကလည်း အများကြီးပဲဥစ္စာ… တကယ်လို့ ဒေါ်လေးတို့အတွက် ဒါတွေကို လိုက်သယ်ပေးနေရင် ကျွန်မကိုယ်ပိုင်ပစ္စည်းတွေ ဝယ်လို့ရတော့မှာ မဟုတ်ဘူး၊ ကျွန်မက လမ်းစရိတ်၊ တည်းခိုခရိတ်၊ စားစရိတ်တွေ အကုန်ခံပြီး ဘာအကျိုးအမြတ်မှလည်း မရဘဲ ဒေါ်လေးတို့အတွက် ပင်ပန်းခံပေးရမှာလားဟင်”
“ညည်းကလည်း ဘာလို့ ဒီလောက်တောင် အတ္တကြီးရတာလဲ...”
“တောက်... နင်လို စကားအပြောအဆို မတတ်တဲ့ မိန်းမ... ငါ့ချွေးမကို အတ္တကြီးတယ်လို့ လာပြောရဲတယ်ပေါ့လေ... နင်လို အရှက်မရှိတဲ့ မိန်းမအိုကြီး... ငါတို့အိမ်ကနေ အမြတ်လာထုတ်ချင်သေးတယ်... နင်ကိုယ်တိုင် သွားဝယ်ပါလား… ရထားလက်မှတ်က အလကားရတာမို့လို့လား၊ ရထားပြောင်းစီးရတာကော မပင်ပန်းဘူးလား… ဘာလို့ ငါ့အိမ်က နင့်အတွက် လိုက်လုပ်ပေးရမှာလဲ၊ နင်လို ယုတ်မာတဲ့ မိန်းမ... ရုပ်ကလည်းဆိုး၊ စိတ်ကလည်း ကောက်သေးတယ်... ဘယ်လိုမျက်နှာနဲ့ လူတွေကို အတ္တကြီးတယ်လို့ လာပြောရဲတာလဲ၊ ငါ နင့်ကို စကားကောင်းကောင်းပြောတတ်အောင် သင်ပေးရမလား... သင်ပေးရမလား... နင်လို ပါးစပ်သရမ်းပြီး လောဘကြီးတဲ့ ကောင်မကို ငါ ရိုက်သတ်ပစ်မယ်...”
အဘွားကြီးကျောက်သည် နောက်ဝင်းထဲရှိ မိန်းမတစ်ယောက်ကို ချက်ချင်း လှမ်းမြင်လိုက်သည်။ ထိုမိန်းမသည် အမြဲတမ်း အခြားသူများထံမှ အမြတ်ထုတ်ရန်သာ ကြံစည်နေတတ်ပြီး ယခုကဲ့သို့ ပါးစပ်သရမ်းသည်မှာလည်း ပထမဆုံးအကြိမ် မဟုတ်ပေ။ ယခင် ချန်ချင်းယွီ ငါးမျှားလာစဉ်၌လည်း အလကားလာတောင်းပြီး အမြတ်ထုတ်ရန် ကြိုးစားခဲ့ဖူးသူမှာ သူမပင် ဖြစ်၏။
ယခုတစ်ခေါက်တွင်မူ အဘွားကြီးကျောက် လုံးဝ အလျှော့မပေးတော့ဘဲ ထိုမိန်းမကို ဆွဲကာ ပါးကို ဖြန်းခနဲ၊ ဖြန်းခနဲ အချက်ပေါင်းများစွာ ရိုက်နှက်လိုက်တော့သည်။
“ငါက မကြာသေးခင်ကမှ စိတ်ကောင်းဝင်နေတော့... နင်တို့က ငါ့အိမ်ကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေကြတာကိုး...”
ဖြန်း... ဖြန်း... ဖြန်း...
ပါးရိုက်သံများကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာ၏။
“ငါက အသက်ကြီးသွားလို့ ဓား မနိုင်တော့ဘူး ထင်နေတာလား.. နင်က အခုထိ လာပြီး ပြဿနာရှာရဲသေးတယ်...”
အဘွားကြီးကျောက် ထိုမိန်းမကို လုံးဝ လွှတ်မပေးပေ။
“အားးး... နင် ရူးနေတာလား...”
“ငါသာ ရူးရင် နင့်ကို ဓားနဲ့မွှန်းသတ်ပစ်လိုက်ပြီ... တကယ့် အမှိုက်လိုမိန်းမ... အမြဲတမ်း သူများဆီက အလကားလိုချင်နေတယ်... အရှက်မရှိလိုက်တာ...”
လူတိုင်း ထိတ်လန့်တုန်လှုပ်လျက် မျက်နှာများ ပျက်ကုန်ကြသည်။
ဒါက တကယ့်ကို အဘွားကြီးကျောက်ပဲ…
သူမက တကယ်ကို ဒေါသကြီးပြီး ကြောက်စရာကောင်းလိုက်တာ…
သို့သော်လည်း ပိုင်ဖုန်းရှန်းနှင့် အခြားသူများ လျင်မြန်စွာ ဝင်ရောက်တားဆီးကြကာ
“တော်ပါတော့... တော်ပါတော့... ရန်မဖြစ်ကြပါနဲ့တော့... ဘာတွေလုပ်နေကြတာလဲ၊ ပြီးတော့ နင်ကလည်း ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ… သူများက နင့်အတွက် အလကားနေရင်း ဘာလို့ အလုပ်လုပ်ပေးရမှာလဲ။ နင်ကိုယ်တိုင်က အတ္တကြီးနေတာပဲဥစ္စာ... အဘွားကြီးကျောက်ကို ချက်ချင်း တောင်းပန်လိုက်”
“အဘွားကြီးကျောက်ရယ်... ရှင်လည်း ဒေါသမထွက်ပါနဲ့တော့၊ ဒီနေ့က ရေဒီယိုဝယ်လာတဲ့ ဝမ်းသာစရာနေ့ပဲဟာ... ဒီလောက်အထိ အမှုကြီးအောင် မလုပ်ပါနဲ့၊ တော်ကြရအောင်နော်... ရိုက်လည်း ရိုက်ပြီးပြီပဲဟာ... တော်လောက်ပါပြီ...”
သူမသည် နှစ်ဖက်စလုံးကို လိုက်လံဖြောင်းဖျပေးခဲ့ရသည်၊ နှစ်ပေါင်းများစွာအတွင်း မိမိခင်ပွန်းဖြစ်သူ ခံစားခဲ့ရသော ဒုက္ခများကို သူမ ပိုမိုနားလည်လာခဲ့ရ၏။
ဝင်းတာဝန်ခံ လုပ်ရတာ တကယ်ကို မလွယ်ပါလားနော်…
အဘွားကြီးကျောက် : “ဟွန်း...”
ချန်ချင်းယွီ နှုတ်ခမ်းလေးကို တွန့်လိုက်ရင်း တောက်ပစွာ ပြုံးကာ
“အမေကတော့ အကောင်းဆုံး ယောက္ခမကြီးပါပဲ”
လူတိုင်း ချန်ချင်းယွီကို ဝိုင်းကြည့်လိုက်ကြသည်။
ချန်ချင်းယွီမှာ ဘာမှမသိနားမလည်ဟန်ဖြင့် ပခုံးလေးတွန့်ကာ သဘောကျစွာ ရယ်မောနေလေ၏။