အခန်း ၁၃၅
Vol. 14 Ch. 135
အခန်း (၁၃၅) ခိုးနားထောင်ခြင်း
“ချိုမြိန်လှတဲ့ ပျားရည်စက်လေး... ရှင်ပြုံးလိုက်တဲ့ အပြုံးလေးတွေက သိပ်ကို ချိုမြိန်လွန်းတယ်၊ နွေဦးလေပြည်ထဲမှာ ပွင့်အာလာတဲ့ ပန်းကလေးတွေလိုပဲ...”
တိတ်ဆိတ်လှသော ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ချန်ချင်းယွီနှင့် သူမ၏ မိသားစုဝင်သုံးယောက်တို့သည် တံခါးနှင့် ပြတင်းပေါက်များကို အထပ်ထပ် အသေအချာပိတ်၊ စောင်နှစ်ထည်ကိုပါ ထပ်မံကာထားကြရင်း ကုတင်တစ်လုံးတည်းပေါ်တွင် စုပြုံတိုးဝှေ့နေကြသည်။ သူတို့အားလုံး၏ မျက်လုံးများမှာ လျှပ်စစ်မီးသီးများကဲ့သို့ ဝိုင်းစက်တောက်ပနေကြပြီး ကက်ဆက်ရေဒီယိုဆီသို့သာ အာရုံစိုက် စိုက်ကြည့်နေကြ၏။ ထိုရေဒီယိုထဲမှ လွှင့်ပျံနေသော သီချင်းမှာ ချန်ချင်းယွီ ဝယ်လာခဲ့သည့် ကက်ဆက်ခွေထဲမှ သီချင်းတစ်ပုဒ် ဖြစ်သည်။ ၎င်းမှာ ‘တိန့်လိကျွင်း’၏ နောက်ဆုံးထွက် အယ်လ်ဘမ်ဖြစ်ပြီး အကောင်းဆုံး သီချင်းမှာ “ပျားရည်လိုချိုမြိန်တယ်” (Tian Mi Mi) ဟု ဆို၏။
သူတို့သည် ဤကဲ့သို့သော ဂီတအမျိုးအစားမျိုးကို တစ်ခါမျှ မကြားဖူးကြသဖြင့် လူတိုင်း တုန်လှုပ်ခြောက်ခြားလောက်အောင် စိတ်လှုပ်ရှားနေကြသည်။ ချန်ချင်းယွီသည် လောကအကြောင်း နှံ့စပ်သူတစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေကြောင့် စိတ်လှုပ်ရှားကာ ပါးပြင်လေးများ ရဲတက်လာခဲ့ရ၏။ ရှောင်ယွမ်မှာ ကလေးသဘာဝ ရေရွတ်ရှာသည်။
“မေမေ... သီချင်းက သိပ်နားထောင်လို့ကောင်းတာပဲ...”
ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်၏။
အဘွားကြီးကျောက် : “မကောင်းဘဲ နေမလား အေ၊ ဒါက အခုခေတ်မှာ အကျော်ကြားဆုံး သီချင်းပဲဥစ္စာ... အလိုလေး... သိရဲ့လား၊ တို့တွေ ဒါမျိုးတစ်ခါမှ မကြားဖူးဘူး...”
ထို့နောက် သူမ စကားစပ်လျက်
“ဒါကို အပြင်မှာ လျှောက်မပြောကြနဲ့ဦးနော်၊ ကြားလား… အိမ်ထဲမှာတင် တိတ်တိတ်ဆိတ်ဆိတ်ပဲ နားထောင်ကြ၊ အပြင်မှာ လျှောက်ပြောလို့ လူတွေသိသွားရင် ပြဿနာတက်လိမ့်မယ်”
အစိုးရမူဝါဒများ ပြောင်းလဲလာခဲ့ပြီ ဖြစ်သော်လည်း ဤကဲ့သို့သော တေးသီချင်းမျိုးကို ‘လူညွန့်တုံးစေမည့် သရုပ်ပျက်သီချင်း’ဟု သတ်မှတ်ထားကြဆဲ ဖြစ်သည်။
၎င်းမှာ ကြီးကြီးမားမား အရေးယူခံရမည့် အခြေအနေမျိုး မဟုတ်နိုင်သော်လည်း အနည်းဆုံး ဝေဖန်အပြစ်တင်ခြင်းကို ခံရမည် ဖြစ်၏။ ထို့ကြောင့်ပင် အဘွားကြီးကျောက် အကြိမ်ကြိမ် သတိပေးနေခြင်း ဖြစ်၏။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ခေါင်းညိတ်ပြကြရင်း
“သားတို့ သိပါတယ် အဘွား”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ တော်တော်လေး လိမ္မာပါးနပ်ကြပြီး သတိထားရမည်ကို သိကြသည်။ ချန်ချင်းယွီ သူတို့ကို ဤနှစ်များအတွင်း အနီးကပ် ပြုစုပျိုးထောင်လာခဲ့သဖြင့် ထိုကလေးနှစ်ယောက်စလုံးမှာ ချန်ချင်းယွီနှင့် အလွန်ကို တူလှပေသည်။
ရှောင်ယွမ် မေးစေ့လေးကို လက်နှင့်ထောက်ထားရင်း
“မေမေ... သမီး တိန့်လိကျွင်းကို သိတယ် သိလား”
ချန်ချင်းယွီ : “သမီးက ဘယ်လိုလုပ် သိတာလဲ”
ရှောင်ယွမ် တဟီးဟီး ရယ်မောရင်း
“သမီးအတန်းထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ အခွေ ရှိတယ်လေ၊ သူမက သမီးတို့ကို ပြောပြဖူးတာ”
ချန်ချင်းယွီ : “အပြင်မှာတော့ လျှောက်မပြောနဲ့ဦးနော်”
ရှောင်ယွမ် မေးလေးပင့်လျက်
“သိပါတယ် မေမေရဲ့၊ သမီး နားလည်ပါတယ်”
သူတို့ ဘာကြောင့် စောင်အောက်ထဲမှာ တိုးဝှေ့ပြီး တိုးတိုးလေး စကားပြောနေကြရသနည်း။ အခြားသူများ ကြားသွားမည်ကို စိုးရိမ်သောကြောင့်ပင် မဟုတ်လော့။ ပြဿနာဖြစ်စေမည့် အလုပ်မျိုးကို သူတို့ လုံးဝ မလုပ်နိုင်ပေ။
အဘွားကြီးကျောက် : “တကယ်ကောင်းတယ်... တကယ်ကောင်းတယ်”
သူမ ထပ်ခါထပ်ခါ ရေရွတ်နေမိသည်၊ သူမ ဤသီချင်းကို အမှန်တကယ်ပင် သဘောကျသွားခဲ့ခြင်း ဖြစ်၏။
ချန်ချင်းယွီ : “အခု တို့အိမ်မှာ ရေဒီယိုရှိပြီဆိုတော့ နောက်ကျရင် တီဗီပါ ထပ်ဝယ်ကြတာပေါ့”
“ဟင်..”
ချန်ချင်းယွီ : “ဘာလဲ... အမေက ကျွန်မကိုမယုံလို့လား”
“ယုံတာပေါ့... ယုံတာပေါ့...”
ချန်ချင်းယွီ : “ဒါဆိုရင် ပြီးတာပဲလေ...”
သူမ တောက်ပလှသော အနာဂတ်အခြေအနေကို ပုံဖော်ပြောကာ
“ရေဒီယိုပဲဖြစ်ဖြစ်၊ တီဗီပဲဖြစ်ဖြစ်... တို့တွေ ပိုက်ဆံစုမိတာနဲ့ အကုန်ဝယ်နိုင်မှာပါ၊ လူဆိုတာ ကောင်းမွန်တဲ့ ဘဝကို ခံစားစံစားရမှာပေါ့”
“ဟုတ်ကဲ့ပါ မေမေ”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ခေါင်းတငြိမ့်ငြိမ့်ဖြင့် မိခင်ဖြစ်သူ၏ စကားကို ထောက်ခံကြသည်။
အဘွားကြီးကျောက်မှာမူ ဘဝကို ပျော်ပျော်နေတတ်သူ ပိုဖြစ်သဖြင့်...
“တို့မိသားစုက တခြားလူတွေနဲ့ မတူဘူးလေ၊ ဟီးဟီး”
ချန်ချင်းယွီ : “အော်... ဒါနဲ့ အမေ၊ ဒီရက်ပိုင်း အိမ်ဝယ်ဖို့ ကိစ္စ စုံစမ်းရတာ ဘာအခြေအနေ ရှိလဲဟင်”
အဘွားကြီးကျောက် ခေါင်းခါပြရင်း ညည်းတွားလိုက်၏။
“အဆင်မပြေပါဘူးအေ၊ ရောင်းမယ့်အိမ် လုံးဝမရှိဘူး၊ ဒီအနီးအနားမှာတင်မကဘူး... ဘယ်နေရာမဆို အိမ်ရာပြဿနာက သိပ်ကို ကြပ်တည်းနေတာ”
ချန်ချင်းယွီ သက်ပြင်းချလိုက်ရင်း
“ကျွန်မ အလျင်စလိုအရှိဆုံးက အိမ်ဝယ်ဖို့ပဲ၊ ဒါပေမဲ့ အိမ်က ဝယ်ရအခက်ဆုံး ဖြစ်နေတယ်”
“ဟုတ်ပအေ... တကယ် အမှန်ပဲ”
“ကဲပါ... ကဲပါ၊ သီချင်းပဲ ဆက်နားထောင်ကြရအောင်၊ ဒါတွေက အတင်းအဓမ္မ လုပ်လို့ရတာမှ မဟုတ်တာ”
“ဟုတ်ပါရဲ့”
သူတို့လူစုမှာ အတူတူ သီချင်းနားထောင်ရင်း ကက်ဆက်ခွေတစ်ခွေ ကုန်ဆုံးသွားခဲ့သည်။ သူတို့အားလုံး ချွေးများ ရွှဲရွှဲစိုနေကြသော်လည်း အလွန် ပျော်ရွှင်နေခဲ့ကြ၏။
ချန်ချင်းယွီ : “ကဲ... နားဖို့ အချိန်တန်ပြီ၊ မနက်ဖြန် ကျောင်းသွားရဦးမယ်လေ”
“ဟုတ်ကဲ့ပါ မေမေ”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ယခုအခါ ဒုတိယတန်းတွင် ပညာသင်ကြားနေကြပြီး ယခုနွေရာသီပြီးလျှင် တတိယတန်းသို့ တက်ရောက်ကြရတော့မည် ဖြစ်သည်။ သူတို့သည် အသက်အရွယ်အားဖြင့် ငယ်ရွယ်ကြသေးသော်လည်း ရုပ်ပိုင်းဆိုင်ရာ အရပ်အမောင်း ထွားကြိုင်းကြသဖြင့် ကလေးငယ်များ ဖြစ်ကြသော်လည်း လူတိုင်း သူတို့ကို လူကြီးလေးများကဲ့သို့ ဆက်ဆံကြ၏။ ထိုကလေးနှစ်ယောက်မှာ သီချင်းနားထောင်ရသဖြင့် အလွန်ကို ပျော်ရွှင်နေကြပြီး အခန်းထဲမှ ခုန်ဆွခုန်ဆွနှင့် ထွက်ခွာသွားကြတော့သည်။
သို့သော်လည်း သူတို့၏အိမ်မှာ ကုန်ပစ္စည်းများစွာ ရှိနေသဖြင့် အတော်လေး ကျဉ်းမြောင်းနေခဲ့၏။
အဘွားကြီးကျောက်သည် မျက်နှာသစ်ရန် ထလာရင်းမှ သက်ပြင်းချကာ
“ဒီအိမ်က တကယ်ကို ကျဉ်းလွန်းတယ်အေ”
ချန်ချင်းယွီ : “ဘာတတ်နိုင်မှာလဲ အမေရယ်”
အဘွားကြီးကျောက် မျက်မှောင်ကုတ်ရင်း
“အိမ်ဝယ်ရတာ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ မသိဘူး”
ချန်ချင်းယွီ : “ကျေးလက်ဆင်းသွားတဲ့ ပညာတတ်လူငယ်တွေ မြို့ကို ပြန်ရောက်လာကြလို့လေ၊ အိမ်ရာတွေက ရှားပါးကုန်တာပေါ့”
အဘွားကြီးကျောက် : “ငါ အလုပ်ထဲက သူငယ်ချင်းဟောင်းတွေကိုပါ ကူပြီး စုံစမ်းခိုင်းထားတာတောင် အခုထိ ဘာမှ ထူးမလာသေးဘူး၊တကယ်ကို စိတ်ပျက်စရာပဲ၊ အော်... ဒါနဲ့ နင် ဒီတစ်ခေါက် ခရီးစဉ်ကော အဆင်ပြေပြေ ရှိခဲ့ရဲ့လား”
သူမ ဆက်ပြီး ကဲ့ရဲ့လိုက်ကာ
“တို့ဝင်းထဲက လူတွေကတော့ အပြောကတော့ အဟုတ်သား၊ တကယ်တမ်းကျတော့... ရှေ့ဝင်းက ဝမ်ကျန့်ကော်ကော၊ တို့ဝင်းထဲက စရှီရှောင်ဝေကော၊ အလယ်ဝင်းက ယွမ်ဟောက်ဖုန်းကော... သူတို့အားလုံး သွားခဲ့ကြတာ မဟုတ်လား၊ တောင်ပိုင်းကို သွားကြတာလေ၊ သူတို့ကို ကြည့်လိုက်ဦး... ပါးစပ်ကတော့ လမ်းဘေးဆိုင်ထွက်တဲ့သူတွေကို အထင်သေးသလိုလိုနဲ့၊ ကွယ်ရာကျတော့ တိတ်တဆိတ် လိုက်လုပ်နေကြတာ...တောက်…”
ချန်ချင်းယွီ : “ကျွန်မ သိပါတယ်၊ ကျွန်မ မထွက်ခွာခင်ကတည်းက စုံစမ်းသိထားတာပဲဥစ္စာ၊ ကျွန်မ သိရုံတင်မကဘူး... အမေသိလား၊ ကျွန်မတို့ ဒီတစ်ခေါက် ခရီးမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက မနည်းဘူးရှင့်”
အဘွားကြီးကျောက်သည် ချက်ချင်းပင် ကိုယ်ကိုမတ်မတ်ထိုင်လိုက်ရင်း
“ဘာတွေလဲ... ငါ့ကို အမြန်ပြောပြစမ်းဦး”
ချန်ချင်းယွီ : “ကောင်းပြီ”
ချန်ချင်းယွီသည် ဘူတာရုံမှ စတင်ခဲ့သည့် အကြောင်းအရာများ၊ လမ်းခရီးတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသော အမှားအမှန်များနှင့် အဖြစ်အပျက်များ၊ ပြတင်းပေါက်မှ ခုန်ချခဲ့ရပုံနှင့် လူများကို ရထားပေါ်မှ တွန်းချခဲ့ရပုံများကို အသေးစိတ် ပြောပြရာ ဘေးနားမှ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ
“မေမေက တကယ့်ကို အံ့ဩစရာကောင်းတာပဲ...”
ထိုကလေးနှစ်ယောက်မှာ မျက်နှာသစ်ပြီး ဘယ်အချိန်ကတည်းက ပြန်ရောက်နေမှန်းမသိဘဲ ဘေးနားတွင် မတ်တပ်ရပ်လျက် စိတ်ဝင်တစား နားထောင်နေခဲ့ကြခြင်း ဖြစ်၏။
ချန်ချင်းယွီ : “ဟိဟိ... ဟုတ်တယ်မလား… တို့တွေ သူတို့ကို ချက်ချင်း မျက်ခြေဖြတ်ပစ်လိုက်တာ၊ အချိန်တောင် နည်းနည်းမှ မဖြုန်းလိုက်ရဘူး... နောက်ရက်ကျတာနဲ့ ပစ္စည်းတွေကို တန်းဝယ်ပြီး ချက်ချင်း ပြန်လာခဲ့ကြတာ”
အဘွားကြီးကျောက် : “သြော်... ဒါကြောင့်မို့လို့ သူတို့ ပြန်မရောက်လာကြသေးတာကိုး၊ နင်က သူတို့ကို လမ်းခုလတ်မှာ ဖြတ်ချန်ခဲ့တာကိုး”
ချန်ချင်းယွီ : “ကွမ်ကျိုးက လက်ကားဈေးကွက်ဆိုတာ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာမှ မဟုတ်တာ၊ သူတို့ဘာသာ ရှာရင်လည်း တွေ့နိုင်တာပဲဟာ။ ဘာလို့ ကျွန်မနောက်ကို တကောက်ကောက် လိုက်နေရတာလဲ… တကယ်လို့ သူတို့သာ ကျွန်မနောက် လိုက်လာရင် ကျွန်မရဲ့ ပစ္စည်းဝယ်ဈေး၊ ပြန်ရောင်းဈေးနဲ့ အရင်းအနှီး သတ်မှတ်ချက်တွေကိုပါ သူတို့ သိသွားကြလိမ့်မယ်၊ အဲလိုဆိုရင် ကျွန်မ စီးပွားရေးလုပ်ရတာ လုံခြုံမှုရှိမှာ မဟုတ်တော့ဘူး”
သူမနှင့် ချိုင်မင်မင်တို့သည် ပစ္စည်းများကို သီးခြားစီ ခွဲဝယ်ခဲ့ကြခြင်း ဖြစ်သည်။ ချိုင်မင်မင်ကိုယ်တိုင်ပင် ချန်ချင်းယွီ ပစ္စည်းမည်မျှ ဝယ်ယူခဲ့သည်ကို အသေအချာ သိရှိလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ သူမနှင့် သဟဇာတမဖြစ်သော အခြားသူများကို ဤလျှို့ဝှက်ချက်အား မည်သည့်အတွက်ကြောင့် အသိပေးရမည်နည်း။
ချန်ချင်းယွီ : “သူတို့ ဒီလောက်စောစော ပြန်ရောက်လာကြလိမ့်မယ်လို့ ကျွန်မမထင်ဘူး.. ဒါ သူတို့အတွက် ပထမဆုံးအကြိမ်ဆိုတော့ သတိကြီးကြီးထားပြီး ဆိုင်အတော်များများကို လိုက်ကြည့်နေဦးမှာပဲ၊ သေချာပေါက် ရက်နည်းနည်းတော့ ကြာဦးမှာပါ”
“ဟေ့... ချွေးမ၊ နင် မနက်ဖြန်ကစပြီး ဆိုင်ထွက်တော့မှာလား၊ မြို့အရှေ့ဘက်ခြမ်းကို သွားမလို့လား”
ချန်ချင်းယွီ ခေါင်းခါပြကာ
“ဟင့်အင်း... မနက်ဖြန်တော့ ရှီချာဟိုင်ဘက်ကို သွားမလို့၊ ဒါပေမဲ့ မနက်ဖြန်က တနင်္လာနေ့ဆိုတော့ လူ သိပ်အများကြီး ရှိမှာမဟုတ်ဘူး၊ စမ်းပြီးတော့ပဲ သွားရောင်းကြည့်ရမှာပဲ… တကယ်လို့ ရုံးဖွင့်ရက်တွေမှာ အရောင်းအဝယ် မကောင်းရင်တော့ ရုပ်ရှင်အနုပညာတက္ကသိုလ်နဲ့ အကပညာတက္ကသိုလ်တွေနားမှာ သွားပြီး စမ်းရောင်းကြည့်မယ်”
အဘွားကြီးကျောက် သူမကို လက်မထောင်ပြကာ ချီးကျူးလိုက်၏။
ချန်ချင်းယွီ သဘောကျစွာ ရယ်မောရင်း ကလေးများကို လှမ်းပြောလိုက်သည်။
“ကဲ... ဟုတ်ပြီ၊ မနက်ဖြန် ကျောင်းသွားရမှာဆိုတော့ သွားအိပ်ကြတော့”
“မေမေ... မနက်ဖြန်ကျရင် သီချင်း ဆက်နားထောင်လို့ ရဦးမလားဟင်”
ချန်ချင်းယွီ : “ရတာပေါ့”
“ဝူးဟူး... သိပ်ကောင်းတာပဲ...”
ကလေးနှစ်ယောက်မှာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီးနောက် လိမ္မာစွာဖြင့် အိပ်ရာဝင်ရန် ထွက်သွားကြတော့သည်။
ချန်ချင်းယွီမှာ တဟားဟားနှင့် ခေါင်းခါမိ၏။ ထိုစဉ် အဘွားကြီးကျောက် သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ရာ ချန်ချင်းယွီလည်း ခေါင်းခါပြလျက် တုံ့ပြန်လိုက်၏။
အမှန်အတိုင်းပြောရလျှင် အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏အကြောင်းကို ကောင်းစွာရိပ်မိသူ ဖြစ်သည်။ ချန်ချင်းယွီတွင် ကလေးများရှိနေ၍ ထုတ်မပြောသေးသည့် စကားအချို့ ရှိနေသေးသည်ဟု သူမ ခံစားမိပြီး၊ ချန်ချင်းယွီ၏ အမူအရာကို ကြည့်ရခြင်းအားဖြင့်လည်း ၎င်းမှာ အမှန်ပင် ဖြစ်နေခဲ့၏။
အဘွားကြီးကျောက် ဆက်ပြီး အတင်းမမေးတော့ဘဲ တိုးတိုးတိတ်တိတ် ရေရွတ်လိုက်သည်။
“လမ်းဘေးဆိုင်ထွက်တဲ့သူတွေရဲ့ ဂုဏ်သတင်းကို အထင်မသေးနဲ့ဦး၊ သူတို့က တကယ် ပိုက်ဆံရကြတာ။ တို့ဘေးအိမ်က အဒေါ်ကြီးမေ့တို့ မိသားစုဆိုရင် အခုဆို နေ့တိုင်း အသားဟင်းနဲ့ စားနိုင်နေပြီ”
ချန်ချင်းယွီ : “သူတို့မိသားစုက လူဦးရေများတော့ အရင်က ရုန်းကန်ခဲ့ရတာ၊ ဒါပေမဲ့ သူတို့သားကြီးက စီးပွားရေးလုပ်တာ တော်တော်လေး အဆင်ပြေနေတာပဲ”
သူမ ဆက်လက်၍
“ဖရုံစေ့တို့၊ နေကြာစေ့တို့၊ တောထွက်ပစ္စည်းတို့ဆိုတာ ကြည့်ရတာတော့ တန်ဖိုးမကြီးသလိုပဲ၊ ဒါပေမဲ့ ကုန်စင်အောင် ရောင်းရတာ မြန်တော့ အမြတ်က သေချာပေါက် ကောင်းမှာပဲ”
အဘွားကြီးကျောက် သက်ပြင်းတစ်ချက်ချရင်း
“ခေတ်ကြီးက ပြောင်းသွားပြီနော်၊ အရင်တုန်းကဆိုရင် ပစ္စည်းရောင်းတာကို မှောင်ခိုကုန်သည်လို့ ခေါ်ပြီး လက်ပတ်နီပတ်ထားတဲ့သူတွေကို မြင်တာနဲ့ လမ်းသွယ်တွေထဲ ပတ်ပြေးခဲ့ရတာ…အခု ကြည့်ရတာကျတော့ အရင်ကနဲ့ လုံးဝကို ကွာခြားသွားပြီ...”
ချန်ချင်းယွီလည်း ထောက်ခံလိုက်ကာ
“ဟုတ်ပါရဲ့ အမေရယ်”
သူတို့နှစ်ဦးသည် မိနစ်အနည်းငယ်ခန့် ဆက်လက်စကားပြောဆိုပြီးနောက် ချန်ချင်းယွီမှာ ခရီးပန်းလာခဲ့သဖြင့် ချက်ချင်းပင် အိပ်ပျော်သွားခဲ့တော့သည်။
အမှန်တွင် သူမသည် လွန်ခဲ့သည့်ရက်ပိုင်းကတည်းက အိပ်ရေးဝဝ မအိပ်ခဲ့ရပေ။ လမ်းဘေးဆိုင်ထွက်ရသည့် အလုပ်မှာ အမှန်တကယ်ပင် ပင်ပန်းဆင်းရဲလှပေ၏။
ညဉ့်နက်သန်းခေါင်ယံအချိန်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်...။
သူတို့အိမ်ကလေးမှာ တိတ်ဆိတ်အေးချမ်းနေသော်လည်း အခြားအိမ်အချို့တွင်မူ မအိပ်နိုင်ဘဲ လူးလိမ့်နေကြသူများ ရှိနေခဲ့၏။ ရှီကျန့်ရှန်းသည် ကုတင်ပေါ်တွင် ဟိုဘက်လှည့် ဒီဘက်လှည့်နှင့် အိပ်မပျော်နိုင်ကာ စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။ သူမသည် ‘သူများရှိရင် မနာလိုဖြစ်၊ သူများမရှိရင် နှိမ်တတ်သည့်’ စရိုက်ရှိသူ ဖြစ်၏။ အဆိုပါ မုဆိုးမမိသားစု ရေဒီယိုတစ်လုံးတင်မကဘဲ စက်ဘီး သုံးစီးတိတိ ~~ သုံးစီးတောင်... ဝယ်နိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ရသဖြင့် ရှီကျန့်ရှန်းမှာ မနာလိုစိတ်ကြောင့် အိပ်၍ပင် မပျော်နိုင်တော့ပေ။
သူမသည် ရင်ထဲတွင် အလွန် ခံရခက်နေပြီး အိပ်ရာထဲတွင် လူးလှိမ့်နေခဲ့သည်။
လင်ဖြစ်သူ ရွှီကောင်းမင်မှာ
“မအိပ်ဘဲနဲ့ ဘာလုပ်နေတာလဲ..မုန့်လက်ကောက်ကြော်နေတာကျနေတာပဲ... ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့”
ရှီကျန့်ရှန်း ရုတ်တရက် အိပ်ရာမှ ဆတ်ခနဲ ထထိုင်လိုက်ပြီး
“ယောကျာ်း... ရှင် ဘယ်လိုထင်လဲ၊ ဟိုမုဆိုးမမိသားစုက တကယ်ပဲ ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တာလား”
ရွှီကောင်းမင် : “ဒါက မေးနေစရာ လိုသေးလို့လား…ပိုက်ဆံမရှိရင် ဒါတွေအကုန်လုံးကို သူမက ဝယ်နိုင်ပါ့မလား၊ ပိုက်ဆံမရှိဘဲနဲ့ ဒါမျိုးတွေ ဘယ်ကရမလဲ”
သူ ဇနီးဖြစ်သူကို တစ်ချက်
ကြည့်ကာ
“ဘာလဲ... မင်းကော စိတ်လှုပ်ရှားသွားပြီလား”
ရှီကျန့်ရှန်း : “စိတ်မလှုပ်ရှားဘဲ နေမလား... ရှင် သူတို့ရဲ့ ရေဒီယိုကို မြင်တယ်မလား၊ တို့ဝင်းထဲမှာ ဒါမျိုးက ပထမဆုံးပဲဟာ… သူတို့က ဘာမို့လို့လဲ၊ အရင်တုန်းက တို့ဝင်းထဲမှာ အခြေခံအကျဆုံး အောက်ခြေမိသားစုပဲဥစ္စာ၊ အခုကျတော့ ကြည့်စမ်း... ရုတ်တရက်ကြီး ချမ်းသာသွားကြတာ”
သူမ ဆက်လက်၍ မကျေမနပ် ညည်းတွားပြန်ကာ
“ဒီမူဝါဒကလည်း အဓိပ္ပာယ်ကို မရှိဘူး... ဒါက သိသိသာသာကို မှောင်ခိုရောင်းပြီး အမြတ်ထုတ်နေတာပဲဟာ၊ ဘာလို့ အခုကျတော့ ဒါကို အပြစ်မယူတော့တာလဲ မသိဘူး… အရင်တုန်းက အခြေအနေတွေက ပိုကောင်းတာ၊ အခုတော့ အကုန်လုံး ရှုပ်ပွနေတာပဲ၊ ကျေးလက်ဆင်းသွားတဲ့ ပညာတတ်လူငယ်တွေ အကုန် မြို့ပြန်ရောက်လာတော့ ပတ်ဝန်းကျင်တစ်ခုလုံး ရှုပ်ထွေးကုန်တာပေါ့၊ လမ်းပေါ်မှာလည်း ပစ္စည်းရောင်းတဲ့သူတွေချည်းပဲ၊ မယုံနိုင်စရာပဲ... တကယ်ပါပဲ... ဘယ်လိုမိသားစုမျိုးမဆို ဒီလိုနည်းနဲ့ ထိပ်တန်းရောက်ကုန်ကြတာပဲ… အဒေါ်ကြီးမေ့တို့မိသားစုလည်း ဒီလိုနဲ့ ချမ်းသာသွားတာ၊ အခုလည်း ဟိုမုဆိုးမအိမ်ကပါ လာပြီး ကြွားဝါနေသေးတယ်၊ ဘာဖြစ်လို့လဲ...”
“ယောကျာ်း... ရှင်က စက်ရုံမှာ အဆင့်ရှစ် အဆင့်မြင့်အလုပ်သမားကြီး၊ စက်ရုံရဲ့ ဝါရင့်ဝန်ထမ်းကြီးလေ… တို့လိုလူမျိုးတွေကသာ ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်သင့်တာ၊ သူတို့က တို့နဲ့ယှဉ်ရင် ဘာကောင်မို့လို့လဲ… ဒါက တကယ်ကို မတရားဘူး...”
သူမ ရွှီကောင်းမင်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ပြီး
“ဟေ့... အဘိုးကြီး၊ ရှင် ဘယ်လိုထင်လဲ... ဒီမူဝါဒက အရင်အတိုင်း ပြန်ပြောင်းသွားနိုင်မလား”
ရွှီကောင်းမင် : “ငါက ဘယ်လိုလုပ် သိမှာလဲ… ပြောင်းလဲသွားရင်တောင် စောစောစီးစီးတော့ မဖြစ်နိုင်ဘူး၊ အထက်က လူကြီးတွေက သူတို့အမိန့်ကို တစ်ရက်တည်းနဲ့ ခဏခဏ ပြောင်းလဲမှာ မဟုတ်ဘူး”
ရှီကျန့်ရှန်းမှာ မျက်နှာ ပျက်သွားခဲ့ရပြီး
“အဘိုးကြီး... နည်းလမ်းတစ်ခုခု စဉ်းစားစမ်းပါဦး”
ရွှီကောင်းမင်မှာ စကားပင် ဆက်မပြောနိုင်တော့ဘဲ
“ငါက ဘာနည်းလမ်း စဉ်းစားရမှာလဲ… အခုက မူဝါဒက ပြောင်းသွားပြီဟာကို၊ သွားတိုင်လည်း ဘာမှ ထူးလာမှာမဟုတ်ဘူး၊ သူတို့က မင်းကို သူများကိစ္စ လိုက်စွက်ဖက်တယ်လို့ပဲ မြင်မှာ… တကယ်လို့ မင်းက သွားပြီး တိုက်ရိုက်တားဆီးရင် အဘွားကြီးကျောက်က လာရိုက်လိမ့်မယ်ကွ၊ ဟိုဘက်က ဆွန်းစန့်ရဲ့မိန်းမကို ကြည့်လေ... ဒီနေ့တင် အဖွတ်ခံလိုက်ရတာ၊ အဘွားကြီးကျောက်က အလွယ်တကူ ဆွလို့ရတဲ့သူ မဟုတ်ဘူး၊ ပြီးတော့...”
သူ စကားကို ခေတ္တဖြတ်လိုက်ပြီးမှ သတိပေးလိုက်၏။
“ဟိုမုဆိုးမလေးကလည်း အရင်လို ကြောက်တတ်တဲ့ပုံစံ မဟုတ်တော့ဘူး.. ပိုက်ဆံရှိလာတော့ လူက သတ္တိရှိလာတာနေမှာ၊ ဒီနေ့ သူမ စကားပြောတဲ့ လေသံကို ကြည့်လိုက်ဦး... အရင်ကနဲ့ လုံးဝမတူဘူး”
ရှီကျန့်ရှန်း “ဟွန်း...” ခနဲ နှာခေါင်းရှုံ့လိုက်မိသည်။ သူမမှာ မနာလိုစိတ်ကြောင့် ရူးသွပ်မတတ် ဖြစ်နေရ၏။
“ဘာလို့လဲ... ဘာလို့လဲ...”
ရွှီကောင်းမင် : “ဘာလို့လဲဆိုတာတွေ အသာထားစမ်းပါ၊ မင်း သူတို့ကို တားလို့မရဘူး၊ ဒါတင်မကသေးဘူး... မင်း စောင့်သာကြည့်နေလိုက်၊ ဒါက အစပဲ ရှိသေးတာ၊ တို့ဝင်းထဲက တခြားလူတွေလည်း ပစ္စည်းသွားဝယ်ကြဦးမှာ၊ နောက်ကျရင် တို့ဝင်းထဲမှာ ဆိုင်ထွက်တဲ့သူတွေ ဒီထက်မက ပိုများလာလိမ့်မယ်”
သူ့နှုတ်ခမ်းကို တွန့်လိုက်ရင်း ဆက်ပြောလေသည်။
“ဝမ်ကျန့်ကော်နဲ့ ယွမ်ဟောက်ဖုန်းတို့ နှစ်ယောက်စလုံး အခု တောင်ပိုင်းကို ရောက်နေကြတာပဲဥစ္စာ”
ရှီရှောင်ဝေကဲ့သို့သော အသုံးမကျသည့် ကောင်ကိုမူ သူ ထည့်ပင် မတွက်ပေ။
သူသည် ဝမ်ကျန့်ကော်နှင့် ယွမ်ဟောက်ဖုန်းတို့အပေါ် မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိနေ၏။ ထိုနှစ်ယောက်စလုံးမှာ တော်တော်လေး အရည်အချင်းရှိကြသူများ မဟုတ်လော့။ သူ သက်ပြင်းတစ်ချက်ချရင်း
“မင်း အခုတင် မခံမရပ်နိုင်ဖြစ်နေတာ... တကယ်လို့ ဝမ်ကျန့်ကော်နဲ့ ယွမ်ဟောက်ဖုန်းတို့က ဒါထက်မက ပိုပြီး ပိုက်ဆံရှာလာနိုင်တဲ့အခါကျရင် မင်း ဘယ်လိုလုပ်မလဲ..ဒေါသတွေချည်း ထွက်နေတော့မှာလား”
“အာ... ဟို...”
ရှီကျန့်ရှန်း ထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားရရှာသည်။
သူမသည် လက်နှစ်ဖက်ကို ပူးကပ်လိုက်ရင်း တတွတ်တွတ် ဆုတောင်းနေတော့၏။
“ကောင်းကင်နတ်မင်းတွေ၊ မြေစောင့်နတ်မင်းတွေရယ်... သူတို့ကို ချမ်းသာခွင့် မပေးပါနဲ့၊ ကောင်းကင်ကြီးမှာ မျက်စိရှိပါတယ်... တို့တွေကို ဒီလိုမျိုးတော့ မနှိပ်စက်လောက်ပါဘူး… သူတို့က ဘာမို့လို့ ဒီလိုမျိုး အဆင်ပြေသွားရမှာလဲ”
ဝမ်ကျန့်ကော်နှင့် ယွမ်ဟောက်ဖုန်းတို့ ပို၍ ပိုက်ဆံရှာနိုင်လိမ့်မည်ဆိုသည်ကို သူမ လုံးဝ မသံသယဖြစ်မိပေ။ အကြောင်းမှာ သူတို့သည် ယောကျာ်းရင့်မာကြီးများ ဖြစ်ကြသည့်အပြင် ကိုယ့်လုပ်ငန်းခွင် ဌာနအသီးသီးတွင်လည်း အငယ်တန်း ခေါင်းဆောင်အဆင့် ရှိကြသူများ ဖြစ်သောကြောင့် ‘တော်ကြသည်’ ဟု သတ်မှတ်နိုင်၍ပင်။
အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ ချန်ချင်းယွီက သူတို့လောက် အောင်မြင်မှုမရတာကသာ သဘာဝကျတာ မဟုတ်လား…
“တကယ်လို့ သူတို့အားလုံးသာ ပိုက်ဆံတွေ အများကြီး ရသွားကြရင် တို့တွေက ဒီဝင်းထဲမှာ ဘာဂုဏ်သိက္ခာ ကျန်တော့မှာလဲ၊ မြေစောင့်နတ်မင်းတို့ ကယ်မပါဦး...”
ရွှီကောင်းမင် : “မင်း ဘာတွေလုပ်နေတာလဲ...”
“ကျွန်မ ဘာလုပ်နေလို့လဲ.. သူတို့ စီးပွားပျက်ပါစေလို့ပဲ ဆုတောင်းနေတာ၊ စဉ်းစားကြည့်လေ... တို့မိသားစုက ဒီဝင်းထဲမှာ မျက်နှာပန်းအလှဆုံး မိသားစုတွေထဲက တစ်ခုပဲဟာ၊ တကယ်လို့ သူတို့အားလုံးက မှောင်ခိုလုပ်ပြီး ပိုက်ဆံတွေရလာပြီး ကြွားဝါနေကြရင် ကျွန်မတို့ရဲ့အဆင့်အတန်းက ကျဆင်းသွားမှာ မဟုတ်ဘူးလား”
ဤအချက်ကို ရွှီကောင်းမင် မသိသည် မဟုတ်ပေ။
သေချာပေါက် သူ သိ၏။ စိတ်ထဲတွင်လည်း မတင်မကျ ဖြစ်နေမိသော်လည်း ကောင်းမွန်သော နည်းလမ်းကိုမူ မစဉ်းစားတတ်ပေ။ ထို့အပြင် မသေချာသည့် နည်းလမ်းမျိုးဆိုလျှင်လည်း သူ မလုပ်ရဲပေ။ အကြောင်းမှာ ယခင်၌ ဒေါသကြီးလှသော ကျောက်တာ့ရာကို သူ သွားရောက်စော်ကားမိဖူးသောကြောင့် ထိုအဘွားကြီးမှာ သူ့မိသားစုကို နှစ်ပေါင်းများစွာတိုင်အောင် အငြိုးအတေးကြီးကြီးဖြင့် အခွင့်အရေးရတိုင်း တိုက်ခိုက်ခဲ့သည် မဟုတ်လော့။
ဟူး… တကယ်လို့ သူမကို ဖိနှိပ်ထားနိုင်ရင်တော့ အကောင်းသား၊ မဖိနှိပ်နိုင်ရင်တော့ တကယ့်ကို ခေါင်းခဲစရာ ဖြစ်လာလိမ့်မယ်…
ထို့ကြောင့် ဤနှစ်များအတွင်း ရွှီကောင်းမင်သည် မိမိ၏အမှားများမှ သင်ခန်းစာရရှိခဲ့ပြီး လူတစ်ယောက်သည် သတိကြီးကြီးထားရမည်၊ အလွန်အမင်း သတိရှိရမည်ဟူသောအသိ ဝင်ခဲ့သည်။ အကယ်၍ အောင်မြင်လိမ့်မည်ဟု ရာနှုန်းပြည့် မသေချာလျှင် မည်သူ့ကိုမျှ ထပ်မံ၍ မစော်ကားရဲတော့ချေ။
“လျှောက်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့၊ စိတ်ထဲမှာ မကျေနပ်စရာ ရှိရင်တောင် တို့တွေ ဘာလုပ်နိုင်မှာလဲ… တကယ်လို့ သူများတွေ သိသွားရင် တို့အခြေအနေက ပိုပြီး ဆိုးမသွားဘူးလား”
ရှီကျန့်ရှန်းလည်း ဤအချက်ကို နားလည်သောကြောင့်သာ ယခုကဲ့သို့ ဂယောက်ဂယက် ဖြစ်နေရခြင်း ဖြစ်၏။
အတော်ကြာမှ သူမ မေးခွန်းထုတ်ပြန်ကာ
“ဒါဆိုရင် ကျွန်မ ဆုတောင်းလို့ရမယ့် နေရာတစ်ခုခုကို သွားပြီး ဗောဓိသတ်ကျဘုရားကျောင်းမှာ သူတို့ စီးပွားမအောင်မြင်ပါစေနဲ့လို့ သွားပြီး ကူညီမစဖို့ ဆုတောင်းရမလား”
ရွှီကောင်းမင်၏ နှုတ်ခမ်းများ တွန့်လိမ်သွားခဲ့ရပြီး
“နင့်မေကလွှားထဲမှ… ဗောဓိသတ်ကျ အဲလိုကိစ္စမျိုးကို ဘယ်လိုလုပ် ကူညီပေးမှာလဲ”
ရှီကျန့်ရှန်း : “...ဖြစ်နိုင်တဲ့ နည်းလမ်းမှန်သမျှ စမ်းကြည့်ရမှာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ဆုတောင်းလို့ရမယ့် နေရာတစ်ခုခုကို ရှာရမယ်… မြို့ဆင်ခြေဖုံးဘက်မှာ ယဉ်ကျေးမှုတော်လှန်ရေးတုန်းက ပျက်စီးသွားခဲ့တဲ့ ဘုရားကျောင်းအိုကြီး တစ်ခုရှိတယ်လို့ ကြားတယ်၊ အဲဒီကို သွားပြီး ဆုတောင်းမယ်… မဖြစ်နိုင်ဘူးလို့ မထင်နဲ့ဦးနော် အဘိုးကြီး… အဲဒီနေရာက ပျက်စီးယိုယွင်းနေပြီး ဘယ်သူမှ မသွားကြတော့ပေမဲ့ အဲဒါကြောင့်ပဲ ပိုပြီး ထူးခြားနေတာ၊ ကျွန်မသာ ရုတ်တရက် သွားလိုက်ရင် ကျွန်မရဲ့ သစ္စာတရားကို သူတို့ မြင်တွေ့ပြီး တို့တွေကို မစ ကယ်တင်ပေးကြမလားဆိုတာ ဘယ်သူသိလဲ”
ရွှီကောင်းမင်ခမျာ “...အေးပါ မင့်သဘောပဲလေ” ဟုသာ ဆိုလိုက်တော့သည်။
ရှီကျန့်ရှန်း : “ဟိုမုဆိုးမလေးလည်း ပိုက်ဆံမရပါစေနဲ့လို့ ထပ်ပြီး ဆုတောင်းဦးမယ်… သူတို့မိသားစုက ဘယ်လောက်တောင် ကြွားဝါနေလဲ ကြည့်ဦး၊ အဘွားကြီးကျောက်က အိမ်ဝယ်ဖို့အထိ လိုက်မေးနေသေးတယ်... တကယ့်ကို ရယ်စရာပဲ”
ပြောရင်း ရှီကျန့်ရှန်းမှာ ပို၍ ဒေါသထွက်လာကာ အိပ်၍ပင် မရတော့ပေ။
သူမသည် အိပ်ရာမှထကာ ဖိနပ်ကို ကောက်စီးလိုက်၏။
ရွှီကောင်းမင် : “ဘာလုပ်မလို့လဲ”
ရှီကျန့်ရှန်း : “ဗိုက်ထဲက မကောင်းလို့ အိမ်သာသွားမလို့”
သူမသည် ဒေါသထွက်လွန်းသဖြင့် ဝမ်းပင် သွားချင်လာခဲ့ခြင်း ဖြစ်၏။
ရွှီကောင်းမင် ကိုယ်ကိုတစ်ဖက်သို့ လှည့်လိုက်ပြီး နှာခေါင်းရှုံ့လျက် သူမကို လျစ်လျူရှုထားခဲ့ကာ အတူတူ လိုက်ပေးရန်ပင် စကားမဟခဲ့ပေ။ ရှီကျန့်ရှန်းသည် တစ်ယောက်တည်း ထွက်လာခဲ့ရသည်။ ဤအချိန်မှာ မတ်လနှောင်းပိုင်း ဖြစ်သဖြင့် ပေကျင်း၏ ညချမ်းအချိန်မှာ တော်တော်လေး ချမ်းစိမ့်လှပေသည်။ ရှီကျန့်ရှန်းသည် ကုတ်အင်္ကျီတစ်ထည်ကို ခြုံကာ တစ်ကိုယ်တည်း ထွက်လာခဲ့ရရှာ၏။
ညဉ့်နက်ပိုင်းဖြစ်၍ လမ်းသွယ်ထဲတွင် လူ သိပ်မရှိဘဲ တိတ်ဆိတ်နေခဲ့သည်။ သို့သော်လည်း အပြင်ဘက်တွင်မူ လူတစ်ယောက် ရှိနေခဲ့၏။
ရှီကျန့်ရှန်း ဤအချက်ကို မည်သို့သိသနည်းဆိုသော် ခြံဝင်းတံခါးကြီးကြောင့် ဖြစ်၏။ သူတို့ဝင်း၏ တံခါးကြီးကို အတွင်းဘက်မှ ဂလန့်ထိုးထားလေ့ရှိသော်လည်း သူမ ထွက်လာချိန်တွင်မူ တံခါးမှာ ဟစိစိ ဖြစ်နေခဲ့ရာ တစ်စုံတစ်ယောက် အပြင်သို့ ထွက်သွားကြောင်း သိသာနေခဲ့သည်။
သူမသည် အိမ်သာရှိရာသို့ လမ်းလျှောက်လာခဲ့သော်လည်း အထဲသို့ မဝင်ရသေးခင်မှာပင် အမျိုးသမီးအိမ်သာထဲမှ စကားပြောသံများကို ရုတ်တရက် ကြားလိုက်ရသဖြင့်...
ရှီကျန့်ရှန်းသည် ခြေလှမ်းများကို ဆတ်ခနဲ ရပ်တန့်လိုက်မိ၏။
၎င်းမှာ အမျိုးသမီးတစ်ဦး၏ အသံဖြစ်ပြီး ထိုမိန်းမမှာ အလွန် ဒေါသထွက်နေပုံရသည်။
“ငါပြောလိုက်မယ် လီချန်ရွှမ်း... လောကမှာ အလကားရတဲ့ ထမင်းဆိုတာ မရှိဘူး၊ နင်က အသားလွတ် လာစားပြီးမှ ဘာမှမသိချင်ယောင်ဆောင်ပြီး ငြင်းချင်တာလား…အိပ်မက်မက်မနေနဲ့”
ဤစကားကို ကြားလိုက်ရသောအခါ ရှီကျန့်ရှန်းသည် ချက်ချင်းပင် နားကို တံခါးဝတွင် ကပ်လိုက်တော့၏။
‘ဒါ... ဒါ... ဒါက ဖောက်ပြန်နေကြတာလား...’
သူမ အိမ်သာသို့ လာသည့် အချိန်လေးအတွင်း ဤကဲ့သို့သော လျှို့ဝှက်ချက်ကြီးနှင့် တိုးလိမ့်မည်ဟု တကယ်ပင် ထင်မထားခဲ့မိပေ။
‘လီချန်ရွှမ်းက ဘယ်သူနဲ့ ဖောက်ပြန်နေတာလဲ’
ဤမိန်းမ၏ အသံမှာ ရင်းနှီးမှုမရှိသဖြင့် သေချာပေါက် သူတို့ဝင်းထဲမှ လူ မဟုတ်နိုင်ပေ။
‘သူမက ဘယ်သူလဲ။’
ထိုမိန်းမ၏ အသံမှာ ဆက်လက်ထွက်ပေါ်လာပြန်သည်။
“ငါပြောလိုက်မယ်... ငါ ဒီနေ့ ဆေးရုံ သွားပြခဲ့တာ၊ ငါ့မှာ ကိုယ်ဝန်ရှိနေပြီ”
လီချန်ရွှမ်း စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရ ရေရွတ်လိုက်သည်။
“မင်းမှာ ကိုယ်ဝန်ရှိနေပြီ ဟုတ်လား၊တကယ်ကြီး ကိုယ်ဝန်ရှိနေတာလား၊သိပ်ကောင်းတာပဲ... သိပ်ကောင်းတာပဲ... မင်း အဲဒီကလေးကို မွေးရမယ်၊ သေချာပေါက် မွေးရမယ်၊ ငါ့မှာ သားလေးတစ်ယောက် ရတော့မယ်... ငါ လီချန်ရွှမ်းမှာ နောက်ဆုံးတော့ မျိုးဆက်ဆက်မယ့် သားလေးတစ်ယောက် ရတော့မယ်...”
ထိုမိန်းမ နှာခေါင်းရှုံ့လိုက်ရင်း
“နင်က မျိုးဆက်ဆက်ဖို့ သားလိုချင်တာ၊ ငါကတော့ အိုလာရင် မှီခိုဖို့ သားလိုချင်တာ… ငါ နင့်ကို သားတစ်ယောက် မွေးပေးနိုင်တယ်၊ ဒါပေမဲ့ နင်က ငါ့သားကို လုယူသွားချင်တယ်ဆိုရင်တော့ အိပ်မက်ပဲ မက်လိုက်တော့... လုံးဝမဖြစ်နိုင်ဘူး။ ငါ့သားက ငါ့သားပဲ၊ အခြားမိန်းမတစ်ယောက်ကို ‘အမေ’ လို့ လာခေါ်ခိုင်းတာမျိုး ငါ အဖြစ်မခံနိုင်ဘူး၊ တကယ်လို့ နင် သေချာစဉ်းစားပြီးပြီဆိုရင် ချက်ချင်း ကွာရှင်းလိုက်တော့၊ ပြီးရင် တို့တွေ လက်ထပ်ကြမယ်… မဟုတ်ရင်တော့ ငါ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး”
လီချန်ရွှမ်း : “မင်းက ငါ့ကို ကျပ်တည်းအောင် လုပ်နေတာပဲ…ငါက လင်စန်းရှင်းကြောင့်သာ ဒီမြို့ပေါ်မှာ လာပြီး နေထိုင်နိုင်တာကို မင်းလည်း အသိပဲဟာ၊ တကယ်လို့ ငါ သူမကို ကွာရှင်းလိုက်ရင် လူတောထဲမှာ ဘယ်လိုမျက်နှာပြရတော့မှာလဲ”
“ငါ ဘာမှမသိဘူး၊ ငါ့သားကို တခြားလူဆီ ပေးရမယ့်အဖြစ်မျိုးတော့ ငါ အဖြစ်မခံနိုင်ဘူး”
“မင်း... မင်း...”
“‘မင်း’ ဆိုတော့ ဘာဖြစ်လဲ… နင့်အောက်ပိုင်းကို နင်ကိုယ်တိုင် မထိန်းနိုင်ခဲ့တာ ဘယ်သူ့အပြစ်လဲ”
ထိုမိန်းမမှာ ပို၍ အထင်သေးသော အမူအရာဖြင့် ပြတ်ပြတ်ပြောဆိုလိုက်၏။
“တကယ်လို့ နင် ဒီကလေးကို အသိအမှတ်မပြုချင်ဘူးဆိုရင်လည်း ငါ နင့်ကို စောင့်နေမှာ မဟုတ်ဘူး၊ ငါ နင့်ကို အကျပ်ကိုင်နေတယ်လို့ မထင်နဲ့... တို့တွေ လမ်းခွဲကြတာပေါ့... သုံးချောင်းထောက် ကောင်တွေကို ရှာရခက်ပေမဲ့ ခြေနှစ်ချောင်းနဲ့ ယောကျာ်းတွေကတော့ ပေါမှပေါ… ငါ့ကလေးအတွက် အဖေတစ်ယောက်ကို ငါ ရှာလိုက်ရုံပဲ”
“ဟူး...”
ရှီကျန့်ရှန်းမှာ ဤစကားကို ကြားလိုက်ရသဖြင့် ထိတ်လန့်လွန်း၍ ရုတ်တရက် အသက်ရှူသံ ပြင်းသွားခဲ့ရသည်။
အိမ်သာထဲရှိ လူနှစ်ဦးမှာ ထိုအသံကို ချက်ချင်း ကြားလိုက်ကြရသဖြင့် တစ်ယောက်ကိုတစ်ယောက် မျက်စိမှိတ်ပြကြရင်း ချက်ချင်း အပြင်သို့ မထွက်လာသေးဘဲ နားစွင့်နေခဲ့ကြ၏။
မိမိဘာသာ မတော်တဆ အသံထွက်မိသွားသဖြင့် ရှီကျန့်ရှန်းတစ်ယောက် ဒုက္ခရောက်ပြီဟု သိလိုက်သည်။ သူမသည် လှည့်ပြေးရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် လက်တစ်ဖက်မှာ သူမ၏ပါးစပ်ကို လာရောက်ပိတ်ဆို့လိုက်၏။ သူမ လှည့်ကြည့်လိုက်သောအခါ အဘွားကြီးကျောက် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားရ၏။ အဘွားကြီးကျောက် သူမ၏နှုတ်ခမ်းတွင် လက်ညှိုးလေးကပ်ကာ တိုးတိုးနေရန် အမူအရာပြလိုက်ပြီးနောက်၊ ရှီကျန့်ရှန်းကို ဆွဲခေါ်လျက် ခြေဖွဖွနင်းကာ အနောက်ဘက်သို့ ပတ်သွားပြီး ယောကျာ်းအိမ်သာထဲသို့ လျင်မြန်စွာ ဝင်ရောက် ပုန်းကွယ်လိုက်ကြတော့သည်။
ကံကောင်းထောက်မစွာဖြင့် ညဉ့်နက်ပိုင်းဖြစ်၍ ယောကျာ်းအိမ်သာထဲတွင် မည်သူမျှ ရှိမနေခဲ့ပေ။
ရှီကျန့်ရှန်း စကားတစ်ခွန်းပြောရန် ပြင်လိုက်သော်လည်း အဘွားကြီးကျောက် ငြိမ်ငြိမ်နေရန် လက်ဟန်ပြလိုက်ပြီး၊ အမျိုးသားနှင့် အမျိုးသမီးအိမ်သာကို ခြားထားသော နံရံတွင် ကိုယ်ကိုကပ်လျက် ဘေးခန်းမှ ထွက်ပေါ်လာမည့် အသံများကို အာရုံစိုက်၍ နားစွင့်နေလေသည်။
အဘွားကြီးကျောက်သည်လည်း အိမ်သာတက်ရန် ထွက်လာခဲ့ခြင်းဖြစ်ပြီး၊ အိမ်သာတံခါးဝသို့ ရောက်သည်နှင့် ရှီကျန့်ရှန်း၏ ကုပ်ကုပ် ကုပ်ကုပ်နှင့် ဂယောက်ဂယက်ဖြစ်နေသော ပုံစံကို လှမ်းမြင်လိုက်ရခြင်း ဖြစ်၏။ သူမ အနားသို့ တိုးကပ်သွားပြီး နားစွင့်လိုက်ရာ စကားသံအချို့ကို ကြားလိုက်ရသဖြင့် ~~
‘ကျွစ် ကျွစ်... လီချန်ရွှမ်းတစ်ယောက် ကွယ်ရာမှာ တကယ်ပဲ ဇာတ်လမ်းရှုပ်နေတာကိုး’
‘ဒီရှီကျန့်ရှန်းကတော့ တကယ့်ကို အသုံးမကျတဲ့ဟာပဲ၊ သူများစကားကို ခိုးနားထောင်တာတောင် သေသေချာချာ မလုပ်တတ်ဘူး၊ တကယ့်ကို ဖျင်းလိုက်တာ... ဘာမှလုပ်စားလို့မရတဲ့ကောင်မ’
ကံကောင်းထောက်မစွာဖြင့် လီချန်ရွှမ်းသည် ချက်ချင်း အပြင်သို့ မထွက်ရဲခဲ့ပေ။ သူသည် လူမိသွားမည်ကို စိုးရိမ်သဖြင့် မိနစ်ဝက်ခန့် စောင့်ဆိုင်းပြီးမှ အပြင်ဘက်သို့ သတိကြီးကြီးထားကာ ချောင်းကြည့်လိုက်သည်။ အပြင်ဘက်တွင်မူ လေတိုက်သံမှတစ်ပါး မည်သူမျှ ရှိမနေခဲ့ချေ။
လီချန်ရွှမ်းစိတ်မအေးနိုင်သေးကာ
“တို့တွေ သွားကြစို့”
သို့သော် ထိုအမျိုးသမီးမှာ ငြင်းဆန်လိုက်၏။ သူမ၏ မျက်ဝန်းများ အရောင်တောက်သွားခဲ့ပြီး၊ တစ်စုံတစ်ယောက် မိမိတို့စကားကို ခိုးနားထောင်ပြီး အပြင်သို့ သတင်းဖြန့်လိုက်ရန်ပင် သူမက မျှော်လင့်နေခဲ့သည်။ သို့မှသာ လီချန်ရွှမ်းအနေဖြင့် သူမကို ဖြတ်ပစ်ရန် မဖြစ်နိုင်တော့မည် မဟုတ်လော့။
သူမ ချက်ချင်းပင် ခနဲ့လိုက်ပြီး
“ဘယ်သွားမှာလဲ၊ ဘာလဲ... နင်က ကြောက်နေတာလား… ပတ်ဝန်းကျင်တစ်ခုလုံးမှာ လူတစ်ယောက်မှ မရှိတာကို လေတိုက်တာလေးနဲ့တင် ကြောက်ဒူးတုန်နေတာလား။ ဒီလောက်တောင် ကြောက်တတ်ရင်လည်း အိမ်မှာပဲနေပြီး လင်မိသားစုအတွက် တံခါးစောင့်ပဲ သစ္စာရှိရှိ လုပ်နေလိုက်တော့… မျိုးဆက်ဆက်ဖို့ သားလိုချင်တယ်ဆိုတဲ့ စကားကို ဘာလို့ လာပြောနေသေးလဲ”
“မင်း......”
လီချန်ရွှမ်း လက်ကို မြှောက်လိုက်မိသည်။
“ဟမ့်... ဘာလဲ၊ နင်က ငါ့ကို ရိုက်မလို့လား… နင်က တကယ်ကြီး ငါ့ကို လက်ပါချင်တာလား၊ နင်က ဘာကောင်မို့လို့လဲ... နင်က ဘာမို့လို့ ငါ့ကို လက်ဖျားနဲ့တောင် တို့ရဲရမှာလဲ… ငါပြောလိုက်မယ်... ငါက လင်စန်းရှင်း မဟုတ်ဘူး၊ နင် သဘောရှိ လာလုပ်လို့ရတဲ့ မိန်းမမျိုး မဟုတ်ဘူး၊ တကယ်လို့ နင်သာ ငါ့ရဲ့ ဆံပင်တစ်ချောင်းကို ထိခိုက်အောင် လုပ်ရဲရင်... ငါ့ကို သတ်ပစ်နိုင်ရင်တော့ တစ်မျိုးပေါ့၊ မသတ်နိုင်ရင်တော့ ငါ ဘယ်လောက်အထိ ပြဿနာရှာမလဲဆိုတာ စောင့်ကြည့်လိုက်… နင် မီးဖိုချောင်မှာ အလုပ်ဆက်လုပ်လို့မရအောင်ကို ငါ ဖျက်ဆီးပစ်မယ်”
ဤမိန်းမမှာ တော်တော်လေး မာကျောလှပေသည်။
နံရံတစ်ဖက်တွင် ခိုးနားထောင်နေကြသော အဘွားကြီးကျောက်နှင့် ရှီကျန့်ရှန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း ဤမိန်းမမှာ အလွယ်တကူ ဆွ၍ရမည့်သူ မဟုတ်ကြောင်း ပြိုင်တူ ခံစားလိုက်ကြရ၏။
ထို့အပြင် အဘွားကြီးကျောက်သည် ဤမိန်းမ၏ အသံကို ရင်းနှီးနေသလို ခံစားနေရပြီး ယခင်၌ တစ်နေရာရာတွင် ကြားဖူးသကဲ့သို့ ရှိနေသည်။
‘သူမက ဘယ်သူပါလိမ့်’
“မင်းက ဒီလိုမျိုးအထိ လုပ်ဖို့ လိုလို့လား… မင်း အရင်တုန်းက သိပ်ကို နူးညံ့သိမ်မွေ့ခဲ့တာကို ငါမှတ်မိသေးတယ်၊ အခုကျမှ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ”
လီချန်ရွှမ်း စိတ်ပျက်အားလျော့စွာဖြင့် မေးရှာသည်။
သူ့ရင်ထဲတွင် တကယ်ပင် ခံရခက်နေခဲ့၏။
“ငါ အရင်က နူးညံ့ခဲ့တာပေါ့၊ ဒါပေမဲ့ နင်တို့လို ညစ်ပတ်တဲ့ ယောကျာ်းတွေရဲ့ လှည့်စားတာကို ခံခဲ့ရလို့လေ၊ အခုတော့ ငါ အဲဒီအကွက်တွေကို မလှည့်စားနိုင်တော့ဘူး၊ ငါပြောလိုက်မယ်... ငါ နင့်အနားမှာ ကပ်နေတာက ဒီကလေးကြောင့်ပဲ၊ မဟုတ်ရင် နင့်လိုလူကို ငါ အဖက်လုပ်မှာတောင် မဟုတ်ဘူး… တကယ်လို့ နင်က အခြေအနေကို နားလည်တယ်ဆိုရင်တော့ တို့တွေ အားလုံး အဆင်ပြေကြမှာပဲ၊ မဟုတ်ရင်တော့ တို့တွေ လမ်းခွဲပြီး တခြားလူနဲ့ လက်ထပ်ပြီး နင့်သားကို တခြားသူကို အဖေခေါ်ခိုင်းလိုက်မယ်၊ အဲဒီအခါကျရင်တော့ ငါ့ကို လာပြီး အပြစ်မတင်နဲ့တော့”
“လျိုကျင့်...”
“ငါ့နာမည်ကို လာခေါ်မနေနဲ့၊ ဒါက ဘာမှ ထူးမလာဘူး… နင့်ကို ငါ ဆယ်ရက် အချိန်ပေးမယ်၊ တကယ်လို့ နင် မကွာရှင်းရသေးရင် နောက်ခါ ငါ့ကို လာမရှာနဲ့တော့”
ပြောပြီးသည်နှင့် သူမက လှည့်ထွက်ရန် ပြင်လိုက်ရာ လီချန်ရွှမ်း လျိုကျင့်၏ လက်ကို ဖမ်းဆွဲလိုက်ပြီး
“ဒီနှစ်တွေအားလုံးအတွင်းမှာ... မင်းက ငါ့ကို ဒီလိုမျိုးအထိ အကျပ်ကိုင်တော့မှာလား”
“နင် အဆင်မပြေရင်လည်း ငါ အတင်းအကျပ် မလုပ်ပါဘူး”
လျိုကျင့် သူမ၏လက်ကို ရုန်းထွက်လိုက်ပြီး ပြတ်ပြတ်သားသား ဆိုလေသည်။
“ငါက ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်တတ်ဘူး လီချန်ရွှမ်း၊ အရင်တုန်းကလည်း ငါ နင့်ကို ဆွဲမထည့်ခဲ့လို့ လူအတော်များများ ထောင်ထဲရောက်သွားချိန်မှာ နင် မရောက်ခဲ့တာလေ၊ ငါ နင့်ကို ကာကွယ်ပေးခဲ့တာ... နင်နဲ့ ငါနဲ့ ပတ်သက်မှုရှိပါတယ်လို့ ဘယ်တုန်းကမှ ဝန်မခံခဲ့ဘဲ ကာကွယ်ပေးခဲ့တာ… အခု ငါ အလိုရှိတာက ကလေးတစ်ယောက်နဲ့ အိမ်ထောင်တစ်ခုပဲ၊ တကယ်လို့ နင် ဒါကို လုပ်ပေးနိုင်ရင် အကောင်းသားပေါ့၊ မလုပ်ပေးနိုင်ရင်လည်း ငါ့ရှေ့မှာ လာပြီး လူကောင်းကြီးလို ဟန်ဆောင်မနေနဲ့”
အမှန်တမ်းပြောရလျှင် လျိုကျင့်သည် မိမိကိုယ်မိမိ အမွှမ်းတင်ကာ ပြောဆိုနေခြင်းသာ ဖြစ်၏။ အတိတ်၌ သူမ၏ လင်ယောကျာ်းသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖွင့်ဟဝန်ခံခဲ့ပြီး ဖြစ်သည်။ သူမ ဖုံးကွယ်ပေးခဲ့ခြင်း မဟုတ်သကဲ့သို့၊ လီချန်ရွှမ်း ထောင်မကျခဲ့ခြင်းမှာလည်း လျိုကျင့် ကာကွယ်ပေးခဲ့၍ မဟုတ်ပေ။ အမှန်တွင် လီချန်ရွှမ်းသည် လျိုကျင့်လင်ယောကျာ်း၏ တရားမဝင်သော အလုပ်များတွင် အမှန်တကယ်ပင် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသောကြောင့် ဖြစ်၏။
ထောင်ကျသွားခဲ့သူများမှာ ထိုသူကို တရားမဝင် ကူညီပေးခဲ့ကြသူများသာ ဖြစ်သည်။
သို့သော်လည်း လီချန်ရွှမ်း ထိုအလုပ်ကို မလုပ်ခဲ့ချေ။
ယခုအခါ နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း လျိုကျင့်အနေဖြင့် မိမိကိုယ်မိမိ ပုံရိပ်ကောင်းအောင် အမွှမ်းတင်ပြောဆိုခြင်းကိုမူ တားဆီး၍ မရပေ။
“မသွားပါနဲ့ဦး...”
“ငါ မသွားလို့ ဘာလုပ်ရမှာလဲ၊ နင့်မျက်နှာကို ထိုင်ကြည့်နေရမှာလား… နင်က သားတစ်ယောက်ပဲ လိုချင်တာကို ငါသိတယ်၊ ငါလည်း အမှန်အတိုင်း ပြောပြမယ်... ငါလည်း ကလေးပဲ လိုချင်တာ… သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ငါ့မှာ ကလေးတစ်ယောက် ရှိဖို့ လိုတယ်၊ နင်နဲ့ သာယာတဲ့ အိမ်ထောင်ရေးမျိုးကို ငါ မမျှော်လင့်ပါဘူး၊ ငါ အိုမင်းလာတဲ့အခါ ပြုစုစောင့်ရှောက်ပေးမယ့် ကလေးတစ်ယောက်ပဲ လိုချင်တာ၊ နားလည်လား”
သူမ၏ သားကြီးမှာ လျှို့ဝှက်သူလျှိုတစ်ဦး၏ တပည့်ဖြစ်ခဲ့ပြီး ယခုအခါ ထောင်ထဲတွင် ရောက်ရှိနေကာ မည်သည့်အချိန်တွင် ပြန်လည်လွတ်မြောက်လာမည်ကို မသိရပေ။ လွတ်လာခဲ့လျှင်ပင် လျိုကျင့်အနေဖြင့် ထိုသားကို အသိအမှတ်ပြုမည် မဟုတ်ပေ။
ထိုကလေးသည် သဘာဝအရပင် စိတ်ဓာတ်ပုပ်စပ်သူ ဖြစ်ပြီး၊ အသက်အရွယ် ငယ်ငယ်ရွယ်ရွယ်ဖြင့် မိခင်အရင်းဖြစ်သူကိုပင် ပြန်လည်လုပ်ကြံရန် ကြံစည်ခဲ့သူ ဖြစ်၏။ အတိတ်၌ သူမ ထိုသားကို မည်မျှပင် ချစ်ခဲ့ပါစေ၊ ယခုအခါတွင်မူ သေလောက်အောင်ပင် မုန်းတီးနေခဲ့ပြီ ဖြစ်သည်။ သူမ ဤအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းမှာ ထိုကလေးကြောင့် မဟုတ်လော့။ သူမသည် ထိုသားကို ရင်ထဲတွင် အမြစ်လှန်၍ မုန်းတီးနေခဲ့ပြီး မိခင်မေတ္တာဟူ၍ အစအနပင် မကျန်တော့ချေ။ ထို့ကြောင့် ထောင်ထဲသို့ တစ်ကြိမ်တစ်ခါမျှပင် သွားရောက်ကြည့်ရှုခြင်း မရှိခဲ့ပေ။
ထိုသားဖြစ်သူမှာ သူမကို တွေ့ချင်ပါသည်ဟု ထောင်ထဲမှ တောင်းဆိုခဲ့သဖြင့် ရပ်ကွက်ကော်မတီမှပင် လာရောက်ပြောဆိုခဲ့ဖူးသည်။
သို့သော်လည်း လျိုကျင့်ပြတ်ပြတ်သားသားပင် ငြင်းဆန်ခဲ့ရုံတင်မက ထိုကလေးကို အသက်တိုပါစေဟုပင် ကျိန်ဆဲခဲ့ကာ သေဆုံးသွားခဲ့ပြီဟုသာ သဘောထားလိုက်တော့၏။
သူမ၏ မိဘများနှင့် မိသားစုဝင်များမှာ လွတ်လပ်ရေးမရခင်၌ လမ်းပေါ်တွင် ဖြစ်ပွားခဲ့သော အရှုပ်အထွေးကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခဲ့သဖြင့် အသက်ဆုံးရှုံးခဲ့ကြရသည်။ ထို့ကြောင့် လျိုကျင့်သည် ထိုကိစ္စများကို အသည်းခိုက်အောင် မုန်းတီးခဲ့ပြီး၊ မိမိ၏ သားအရင်းကိုပင် ခွင့်မလွှတ်နိုင်ခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ လျိုကျင့်သည် အထီးကျန်ခြင်းနှင့် လစ်ဟာလာခြင်းကို ခံစားလာရပြီး ကလေးတစ်ယောက်ကို ပြင်းပြင်းပြပြ လိုချင်တောင့်တလာခဲ့သည်။
သူမ၏ နောက်ခံသမိုင်းကြောင်း အခြေအနေကြောင့် စရိုက်မကောင်းသူများပင် သူမ၏အနားသို့ မကပ်ရဲကြချေ။ အစပိုင်းတွင် သူမသည် ကျန့်ရှင်းဖှကို မျက်စိကျခဲ့မိ၏။ အကြောင်းမှာ သူတို့နှစ်ဦးတွင် အတိတ်၌ ပတ်သက်မှုအချို့ ရှိခဲ့ဖူးသည့်အပြင် ကျန့်ရှင်းဖှမှာလည်း လူလွတ် ဖြစ်နေသေး၍ပင်။ အကယ်၍ သူမသာ ကျန့်ရှင်းဖှနှင့် အိမ်ထောင်ပြုနိုင်ခဲ့လျှင် ကလေးတစ်ယောက်ကို တရားဝင် မွေးဖွားနိုင်မည်ဟု တွေးခဲ့သည်။
သို့သော်လည်း ကျန့်ရှင်းဖှမှာ ငြင်းပယ်ခဲ့၏။
လျိုကျင့် သူ့ကို အပြစ်မတင်ချေ။ အကြောင်းမှာ သူမ၏ သမိုင်းကြောင်းအရ လျှို့ဝှက်/သူလျှိုမိသားစုဝင်တစ်ဦးကို အခြားသူများ အထင်သေးကြခြင်းမှာ သဘာဝကျသည်သာ…
သူမကိုယ်တိုင်ပင် မိမိကိုယ်မိမိ ရွံရှာမိ၏။
သူမသည် ကျန့်ရှင်းဖှထံ ချဉ်းကပ်ခဲ့သော်လည်း သူ သဘောမတူခဲ့ချေ။ သို့သော် မျှော်လင့်မထားဘဲ လီချန်ရွှမ်း သူမကို မြင်တွေ့သွားခဲ့ပြီး သူမထံသို့ တက်တက်ကြွကြွဖြင့် အစပြု ချဉ်းကပ်လာခဲ့သည်။
‘ဟမ့်... ယောကျာ်းတွေဆိုတာ ဒါမျိုးချည်းပါပဲ’
ကျန့်ရှင်းဖှနှင့် နှိုင်းယှဉ်လျှင် အမှန်တကယ်၌ သူမသည် လီချန်ရွှမ်းကို ပို၍ပင် အထင်သေးမိ၏။
ကျန်းရှင်းဖှ၏ အမြင်အရဆိုလျှင် သူလျှိုမိသားစုဝင်များနှင့် အဆက်အသွယ် မလုပ်သင့်မှန်း သိသော်လည်း လီချန်ရွှမ်းမှာမူ ထိုအချက်ကို စိုးစိမျှ ဂရုစိုက်ပုံမရပေ။ ၎င်းကိုကြည့်ခြင်းအားဖြင့် သူသည် မည်သည့်မူဝါဒ စည်းကမ်းမှ ခိုင်ခိုင်မာမာ မရှိသူဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဘယ်လိုပြောရမလဲ...
လျိုကျင့်သည် သိပ်ကို စိတ်နောက်ကိုယ်ပါ ဖြစ်လွန်းလှ၏။
သူမ လူကို အသုံးချချင်သော်လည်း အခြားသူ မိမိအနားသို့ ချဉ်းကပ်လာသည့်အခါ ထိုသူသည် မိမိ၏ ရာဇဝင်နောက်ကြောင်းကို ဂရုမစိုက်ဘဲ လွယ်လွယ်နှင့် ပတ်သက်လာရသလားဆိုကာ အထင်သေးပြန်သည်။
ထို့ကြောင့်ပင် လီချန်ရွှမ်းအပေါ် ထားရှိသော သူမ၏ သဘောထားမှာ သိပ်ပြီး မကောင်းလှခြင်း ဖြစ်၏။
လီချန်ရွှမ်းဆိုသည်မှာ သူမအတွက် အသုံးချစရာ ကိရိယာသက်သက်မျှသာ ဖြစ်သည်။
လျိုကျင့် : “နင်နဲ့ စကားအများကြီး မပြောချင်တော့ဘူး၊ သွားတော့... လူတွေ မြင်သွားဦးမယ်”
“မဖြစ်ဘူးလေ၊ ငါ မင်းကို အိမ်အထိ လိုက်ပို့ပေးမယ်၊ မင်းတစ်ယောက်တည်းမို့လို့ ငါ စိတ်မချပါဘူး၊ ဘာပဲပြောပြော မင်းက မိန်းမသားတစ်ယောက်ပဲဥစ္စာ”
လျိုကျင့် : “မလိုပါဘူး.. နင်ပဲ အိမ်ကို အမြန်ပြန်တော့၊ မဟုတ်ရင် လင်စန်းရှင်း ရိပ်မိသွားလိမ့်မယ်”
“သူမကို ကြောက်ရဦးမှာလား.. ငါတို့အိမ်မှာ သူမက ဆုံးဖြတ်ပိုင်ခွင့်ရှိတာ မဟုတ်ဘူး၊ ကဲပါ... ငါပြောသလိုပဲ လုပ်စို့”
သူ ဆက်လက်၍ နားချကာ
“လျိုကျင့်... ငါပြောတာကို နားထောင်စမ်းပါ… ကလေးကို တိတ်တဆိတ်ပဲ မွေးလိုက်၊ ပြီးရင် မင်းဘဝကို မင်းဘာသာ ဆက်လျှောက်လှမ်းပေါ့။ ကလေးကိုတော့ ငါပဲ အိမ်ကို ခေါ်သွားမယ်၊ ပြောရရင် … တကယ်လို့ မင်းကပဲ ကလေးကို အတင်းမွေးမြူမယ်ဆိုရင် ကလေးမှာ နာမည်ပျက်မယ့်အဖြစ်မျိုး မင်းမကြောက်ဘူးလား၊ တို့တွေ ဒါကို ရိုးရိုးရှင်းရှင်းပဲ ဖြေရှင်းကြရအောင်… ငါ ကလေးကို တားဆီးမှာ မဟုတ်ပါဘူး၊ မင်းက သူ့ရဲ့ အရင်းခေါက်ခေါက် မိခင်ဖြစ်တယ်ဆိုတာကို ကလေးကို သိခွင့်ပေးမှာပါ”
သူ့တွင် အကွက်စေ့လှသော အစီအစဉ်တစ်ခု ရှိနေခဲ့သည်။ အကယ်၍ လျိုကျင့်မှာ ကိုယ်ဝန်ရှိလာလျှင် မိမိ၏ ဇနီးဖြစ်သူတွင်လည်း ကိုယ်ဝန်ရှိသယောင် ဟန်ဆောင်ခိုင်းထားမည်။ လျိုကျင့် ကလေးမွေးဖွားသည့်အခါကျမှ မိမိ၏ ဇနီးမွေးသောကလေးမှာ အသေမွေးသည်ဟု ကြေညာလိုက်ပြီး၊ လျိုကျင့်၏ကလေးကို အိမ်သို့ခေါ်ဆောင်ကာ လင်စန်းရှင်း မွေးသည့်ကလေးအဖြစ် ဖုံးကွယ်ထားမည် ဖြစ်၏။
ဒ္နည်းလမ်းက သိပ်ကို ပြီးပြည့်စုံမနေဘူးလား…
လျိုကျင့် ဖြစ်နေသည့် ကိစ္စကိုမူ... သူမကို ဖျားနာနေသယောင် ဟန်ဆောင်ခိုင်းထားလိုက်ရုံသာတည်း…
၎င်းမှာ သိပ်ကို စေ့စပ်သေချာလှသော စီမံကိန်းကြီး ဖြစ်သော်လည်း လျိုကျင့် လက်မခံသဖြင့် သူ တကယ်ပင် မတတ်နိုင်ပေ။
လျိုကျင့်၏ လင်ဟောင်းမှာ... လူတိုင်း သိကြသည့်အတိုင်းပင် ဂုဏ်သတင်း မကောင်းလှသူ ဖြစ်သည်။ အကယ်၍ သူသာ ဇနီးကိုကွာရှင်းပြီး လျိုကျင့်ကို လက်ထပ်လိုက်မည်ဆိုလျှင် သူ့နာမည်ပါ အဖတ်ဆယ်မရအောင် ပျက်စီးသွားပေလိမ့်မည်။ လီချန်ရွှမ်းသည် ကြီးပွားတိုးတက်လိုစိတ် သိပ်မရှိသော်လည်း သူ့နာမည် ထပ်မံပျက်စီးသွားမည်ကိုမူ အလွန် ကြောက်ရွံ့လှ၏။
“တို့ရဲ့ကလေးက လူတွေရဲ့ အတင်းပြောတာကို ခံရင်း ကြီးပြင်းလာရမှာကို မင်း တကယ်ပဲ ကြည့်ရက်လို့လား။ ငါ့ကိုယုံစမ်းပါ၊ လင်စန်းရှင်းက ကလေးကို သားအရင်းလိုမျိုး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်မှာပါ.. တို့တွေ အရင်ကတည်းက သဘောတူထားတာပဲ... တကယ်လို့ သူမ အပြင်မှာ ကလေးတစ်ယောက် ထပ်ရလာရင်လည်း အိမ်မှာ ခေါ်ယူမွေးမြူခွင့်ရှိတယ်လို့လေ… အဲလိုဆိုရင် ကလေးမှာ ချစ်ပေးမယ့်လူ သုံးယောက်တောင် ရှိလာမှာ... မကောင်းဘူးလား၊ မင်း ဘာလို့ နားမလည်နိုင်ရတာလဲ”
“လျှောက်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့၊ အပိုပဲ၊ ငါကတော့ ကလေးကို အများအလယ်မှာ ပေါ်ပေါ်ထင်ထင်ပဲ မွေးမြူသွားမှာ”
“မင်း... မင်းကွာ”
“ဘာလို့ ဒီလောက်တောင် စကားတွေ များနေရတာလဲ၊ နင် လိုက်ပို့ပေးဖို့ မလိုဘူး… လူ့ဘဝရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်း၊ ချမ်းသာခြင်းနဲ့ ဆင်းရဲခြင်းဆိုတာ ကံတရားအတိုင်းပဲပေါ့..ငါ အရာရာကို လက်ခံပါတယ်”
“မဟုတ်တာတွေ မပြောပါနဲ့၊ ငါ လိုက်ပို့ပေးပါရစေ...”
လျိုကျင့်၏ သဘောထားမှာ ခက်ထန်လှသော်လည်း လီချန်ရွှမ်းခမျာ သူမကို တွဲကူပေးရင်း နှစ်ဦးသား အတူတူ ထွက်ခွာသွားကြတော့သည်။ သူတို့ ဝေးရာသို့ လျှောက်လှမ်းသွားကြသည့်အခါကျမှ အဘွားကြီးကျောက်နှင့် ရှီကျန့်ရှန်းတို့သည် ယောကျာ်းအိမ်သာထဲမှ ထွက်လာကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
“ဘာကြည့်နေတာလဲ”
“နင်ကော ဘာကို လိုက်ကြည့်နေတာလဲ”
နှစ်ဦးစလုံး ဆိတ်ဆိတ်ပင် နေလိုက်ကြသည်။
အတန်ကြာမှ ရှီကျန့်ရှန်း
တောက်တစ်ချက်ခေါက်လိုက်ရင်း
“တကယ့်ကို ကောက်ကျစ်တဲ့ ယောကျာ်းပဲ”
သူမ လှည့်လာပြီး
“နင် အဲဒီမိန်းမကို သိလား၊ သူမရဲ့ နာမည်က ဘာလို့ ရင်းနှီးနေသလိုလို ရှိရတာလဲ”
အဘွားကြီးကျောက် : “သူက တို့စက်ရုံက လျိုကျင့်လေ၊ နင် မမှတ်မိဘူးလား…သူ့ရဲ့ ယောကျာ်းက အရင်တုန်းက ကျန်းရှင်းဖှနဲ့ အိမ်သာထဲမှာ အမိဖမ်းခံခဲ့ရတဲ့သူ...”
“အလိုလေး... သြော်... ဟိုသူလျှိုရဲ့ မိန်းမပေါ့...”
အဘွားကြီးကျောက် ခေါင်းညိတ်ပြကာ
“သူမပဲပေါ့”
သူမ မျက်မှောင်ကုတ်ရင်း
“ဒီနှစ်ယောက်က ဘယ်လိုလုပ်ပြီး ပတ်သက်သွားကြတာလဲ မသိဘူး”
ရှီကျန့်ရှန်း : “အိုး... အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုတာမျိုးပေါ့၊ နင် မကြားလိုက်ဘူးလား... သူတို့မှာ ကလေးတောင် ရနေပြီတဲ့… ဒီလင်စန်းရှင်းကတော့ တကယ့်ကို သနားဖို့ကောင်းတာပဲ”
“လင်စန်းရှင်းက ဘာသနားဖို့ကောင်းလို့လဲ၊ နင် မကြားလိုက်ဘူးလား... သူ ပြောတာတော့ လင်စန်းရှင်းကိုယ်တိုင်က ခွင့်ပြုထားတာတဲ့ဥစ္စာ”
ရှီကျန့်ရှန်း : “...ဒါက ဘာလို အရှုပ်ထုပ်ကြီးလဲ မသိဘူး”
ရှီကျန့်ရှန်းနှင့် အဘွားကြီးကျောက်တို့သည် ဤမျှလောက်အထိ အမြင်ချင်းတူညီကာ တစ်စုံတစ်ဦးကို အတူတူ အထင်သေးကဲ့ရဲ့ကြရသည်မှာ တကယ်ကို ရှားပါးလှသော အခြေအနေ ဖြစ်သည်။
သူတို့ တကယ်ပင် အလွန်အမင်း အထင်သေးမိကြခြင်း ဖြစ်၏။
ဒါက ဘာလို အရှုပ်အထွေးကြီးပါလိမ့်….
“ဟေ့... သူတို့ ဘယ်တုန်းကတည်းက ငြိစွန်းနေကြတာလဲ”
အဘွားကြီးကျောက် ရှီကျန့်ရှန်းကို တစ်ချက်စောင်းကြည့်ကာ
“နင့်ဦးနှောက်က အပေါက်ဖြစ်နေလို့လား၊ ငါ ခုနက ပြောတာကို မကြားဘူးလား… ဘာဖြစ်လို့ ငါ့ကိုချည်းပဲ လိုက်မေးနေရတာလဲ... စိတ်ရှုပ်စရာကြီး”
“နင်ကလည်း ကြည့်ပါဦး”
ဤတစ်ကြိမ်တွင်မူ ရှီကျန့်ရှန်းသည် ဒေါသထွက်ခြင်း၊ မနာလိုဖြစ်ခြင်းများ မရှိတော့ကာ စိတ်ထဲတွင် အတင်းအဖျင်း သတင်းများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
ဘုရားရေ...
ဒါက တကယ့် သတင်းကြီးပဲ... လီချန်ရွှမ်းမှာ အပြင်မှာ တခြားမိန်းမ ရှိနေရုံတင်မကဘူး၊ ကိုယ်ဝန်ပါ ရနေပြီတဲ့... တကယ့်ကို ဟိုးလေးတကျော် ဖြစ်သွားမယ့် ကိစ္စပဲ...
အခြားအကြောင်းအရာများမှာ သူမအတွက် အရေးမကြီးတော့ပေ။
“သူတို့ဇာတ်လမ်းက... အော်၊ ဟုတ်သားပဲ၊ သူတို့ ချိတ်ဆက်နေကြတာ ကြာလှပြီပဲ၊ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဖြစ်ရမယ်၊ ဘာအရိပ်အယောင်မှတောင် မပြခဲ့ကြဘူး…တကယ်ကို မယုံနိုင်စရာပဲ”
အဘွားကြီးကျောက်၏ အတွေးထဲတွင်မူ သူတို့နှစ်ဦးမှာ နှစ်ပေါင်းများစွာတိုင်အောင် အဆက်အသွယ် ပြတ်တောက်နေခဲ့ခြင်း ဖြစ်တန်ရာ၏။ လျိုကျင့်၏ အခြေအနေအရ သူမကို အိမ်ပြန်ခွင့်ပြုထားလျှင်ပင် တစ်စုံတစ်ယောက်မှ စောင့်ကြည့်နေမည် ဖြစ်၏။ အကယ်၍ သူမသာ အရှုပ်အထွေးများ ထပ်မံဖန်တီးရဲလျှင် သေချာပေါက် ထောင်ထဲ ရောက်သွားပေလိမ့်မည်။ ဖြစ်နိုင်သည်မှာ... သူတို့ ယခင်၌ တကယ် လမ်းခွဲခဲ့ကြပြီး ယခုတလောမှသာ ပြန်လည် ဆုံတွေ့မိကြခြင်း ဖြစ်ပေလိမ့်မည်။
သူမလည်း အသေအချာ မသိပေ။အခြေအနေကို ကြည့်ပြီး သုံးသပ်နေခြင်းသာ ဖြစ်၏။
အလိုလေး... အမြဲတမ်း ဒေါသတကြီး လုပ်တတ်သော ကျောက်တာ့ရာပင်လျှင် ယခုအခါ ဦးနှောက်ကို သုံးပြီး စဉ်းစားတတ်လာခဲ့လေပြီ…
သူမက တကယ်ပဲ ကလေးတစ်ယောက် ရဖို့အတွက် ကြိုးစားနေခြင်းလား…
အဘွားကြီးကျောက် သက်ပြင်းတစ်ချက်ချရင်း
“နင် သိလား... ဟိုလျိုကျင့်ကလေ၊ ဟူး...”
ရှီကျန့်ရှန်း : “ဘယ်သူမှ လူကောင်းမဟုတ်ဘူး၊ လီချန်ရွှမ်းကိုပဲ ကြည့်လေ... သူက လင်စန်းရှင်းကြောင့်သာ ပေကျင်းမှာ နေခွင့်ရတာကို အခုကျတော့ ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ… တကယ့်ကို ကျေးဇူးကန်းတဲ့ ကောင်ပဲ”
အဘွားကြီးကျောက် : “နင် ငါ့ကို လာပြောလို့ ဘာထူးမှာလဲ၊ သူတို့ စရိုက်က ဒီလိုပဲဟာကို၊ ပြီးတော့... လင်စန်းရှင်းကိုယ်တိုင်ကလည်း ဒါကို သိပ်ပြီး ဂရုစိုက်ပုံမရပါဘူး… သူမကိုယ်တိုင်က သူ့ကို အလိုလိုက်ထားတာပဲ... အခုကျမှ ဘယ်သူ့ကို သွားအပြစ်တင်လို့ရမှာလဲ”
“ဒါလည်း ဟုတ်တာပဲ၊ လင်စန်းရှင်းက တကယ့်ကို ရှုပ်ထွေးတဲ့ မိန်းမကြီး… သူမ သမီးရဲ့ အိမ်ထောင်ဖက် ရွေးချယ်မှုအပေါ်ကျတော့ သိပ်ကို တင်းကျပ်ပြီး ဆရာလုပ်တတ်တာ၊ ဒါပေမဲ့ လီချန်ရွှမ်းနဲ့ ပတ်သက်လာရင်တော့ အစေခံတစ်ယောက်လိုပဲ ပြုမူတာ”
အဘွားကြီးကျောက် ခေါင်းညိတ်ပြလျက် လင်စန်းရှင်းကို မနှစ်မြို့ကြောင်း ဖော်ပြလိုက်သည်။
ရှီကျန့်ရှန်း : “အမှန်တော့ ငါလည်း သူမကို သိပ်ပြီး သဘောမကျဘူး”
အဘွားကြီးကျောက် : “အော်”
ရှီကျန့်ရှန်း : “တကယ်ပါအေ... သူမက အမြဲတမ်း ကိုယ့်ကိုယ်ကို မတရားအလုပ်ခံထားရသလိုမျိုး မျက်နှာပေးနဲ့ နေတာ၊ ဘယ်သူက အဲဒါကို ကြည့်ချင်မှာလဲ… ကြည့်ရတာတော့ အားနွဲ့ပြီး လူကောင်းလေးလိုလိုနဲ့... ဒါပေမဲ့ လူကို နေရထိုင်ရ ခက်အောင် လုပ်တတ်တယ်”
ထို့နောက်တွင် သူတို့နှစ်ဦးစလုံး အိမ်သို့ မပြန်ကြသေးရန် ဆုံးဖြတ်လိုက်ကြသည်။ အိမ်သာတက်ပြီးနောက် ခြံဝင်းတံခါးဝတွင် အတူတူထိုင်ကာ စကားစမြည် ပြောဆိုနေကြတော့၏။
ဟုတ်ပါသည်... သူတို့နှစ်ဦးမှာ ဤမျှအထိပင် ရူးသွပ်စွာဖြင့် အတင်းပြောနေကြလေသည်။
အဘွားကြီးကျောက် : “ငါလည်း အတူတူပဲအေ၊ အဲဒီလိုမိန်းမမျိုးထက်စာရင် ဟိုအဘွားကြီးဟွမ်လိုမျိုး မျက်နှာချင်းဆိုင် တန်းချပစ်လိုက်တာကို ပိုသဘောကျတယ်၊ မနက်ဖြန်ကျရင် တကျိကျိနဲ့ လာငိုပြနေတာမျိုး၊ စကားထဲမှာ ဆူးငြောင့်ခလုတ်တွေ ဝှက်ပြောနေတာမျိုးထက် စာရင်ပေါ့… သူမက နင့်ကို ပုတ်ခတ်စော်ကားနေတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး၊ ဒါပေမဲ့ မစော်ကားဘူးလားဆိုတော့လည်း သူမရဲ့ အမူအရာက စော်ကားနေတာပဲ၊ တကယ့်ကို စိတ်ပျက်စရာကြီး”
“နားလည်တယ်... နားလည်တယ်၊ ငါပြောချင်တာလည်း အဲဒါပဲ...”
“ငါက ပေကျင်းသူ အဘွားကြီးဆိုတော့ စကားကို ဒေါင်လိုက် ရေလိုက် ပြောတတ်တာ၊ အဲဒီလိုမျိုးတွေဆို လုံးဝ မခံနိုင်ဘူး”
“ငါလည်း အတူတူပဲ၊ နင်သိလား... သူမကလေ...”
သူတို့နှစ်ဦးသည် အားရပါးရ တတွတ်တွတ်နှင့် အတင်းပြောနေကြပြီး အလွန်ကို ပျော်ရွှင်နေခဲ့ကြသည်။ လီချန်ရွှမ်း ပြန်လာသောအခါ တံခါးဝတွင် ထိုင်နေသော ထိုအဘွားကြီးနှစ်ဦးကို မြင်လိုက်
ရသဖြင့် လန့်ဖျန့်သွားခဲ့ရ၏။ သူ သူတို့အနားသို့ တိုးကပ်လာရင်း
“ခင်များတို့... ဒီအချိန်ကြီး ဒီမှာ ဘာလုပ်နေကြတာလဲ...”
အဘွားကြီးကျောက် : “နင်နဲ့ ဘာဆိုင်လို့လဲ၊ သွားစမ်း... သွား... ဖယ်စမ်း...”
ရှီကျန့်ရှန်း : “ဟုတ်ပအေ၊ တို့တွေက စကားစမြည် ထိုင်ပြောနေကြတာ၊ နင်နဲ့ ဘာဆိုင်လို့လဲ”
လီချန်ရွှမ်း : “အာ...”
သူ တွေဝေသွားပြီးမှ ထပ်မေးပြန်ကာ
“ဒါနဲ့... ဘာလို့ မအိပ်ကြသေးတာလဲ”
အဘွားကြီးကျောက် သူ့ကို စိုက်ကြည့်လိုက်ရင်း ငေါက်ငမ်းလွှတ်လိုက်တော့သည်။
“ဟေ့... နင်က ငါ့ရဲ့ ဘာမို့လို့လဲ..ငါ့ကိစ္စကို နင်က ဘာမို့လို့ လိုက်စွက်ဖက်နေရတာလဲ၊ သွားစရာရှိတာ သွားစမ်းပါ၊ သိပ်ကို စိတ်ရှုပ်စရာကောင်းတဲ့ ကောင်”
ရှီကျန့်ရှန်းမှာ တမင်သက်သက် ရွဲ့ကာ
“ဒါနဲ့ နင်ကော ဘယ်က ပြန်လာတာလဲ… ဘာလို့ ဒီလောက်တောင် ညဉ့်နက်မှ ပြန်လာရတာလဲ၊ ဘာဖြစ်လို့လဲ... အိမ်မှာ အိပ်စရာ နေရာမရှိလို့လား၊ ဒါမှမဟုတ် အိပ်မက်လမ်းလျှောက်နေတာလား”
လီချန်ရွှမ်း အိုးတိုးအမ်းတမ်းနှင့် အူကြောင်ကြောင် ပြုံးပြလိုက်ရင်း ဆင်ခြေပေးလိုက်၏။
“ကျွန်တော် ဗိုက်ထဲက မကောင်းလို့... ဝမ်းလျှောနေလို့ပါ၊ ဒါကြောင့် အပြင်မှာ ခဏလောက် လာရပ်နေတာ”
သူသည် ထိုအဘွားကြီးနှစ်ဦး၏ အမေးအမြန်း ထူသည်ကို ဆက်လက်ရင်ဆိုင်ရန် မဝံ့ရဲသဖြင့် စိုးရိမ်တကြီးနှင့် ခြံဝင်းထဲသို့ သုတ်ခြေတင် ပြေးဝင်သွားရင်း
“ကျွန်တော် သွားနားတော့မယ်”
သူ ထွက်သွားပြီးနောက် အဘွားကြီးကျောက်မှာ
“အော်... စိတ်ရှုပ်စရာပဲ”
“ဟုတ်ပအေ”
လီချန်ရွှမ်း၏ ရင်ဘတ်ထဲတွင်မူ တဒိန်းဒိန်းနှင့် ခုန်နေခဲ့သည်။ သူသည် အထဲသို့ ဝင်သွားသော်လည်း အဝေးသို့ မသွားသေးဘဲ အဘွားကြီးနှစ်ဦး၏ စကားသံများကို အနီးအနား တစ်နေရာမှနေ၍ တိတ်တဆိတ် ချောင်းမြောင်း နားစွင့်နေခဲ့၏။
အဘွားကြီးကျောက်သည် လီချန်ရွှမ်း ဖြတ်လျှောက်သွားသည့် အချိန်တွင်မူ ၎င်းနှင့်ပတ်သက်၍ မည်သည့်စကားမျှ ထုတ်ပြောခဲ့ခြင်း မရှိချေ၊ သူမ ထိုမျှလောက်အထိ မိုက်မဲသူ မဟုတ်ပေ။
“ငါပြောပြမယ်... တို့စက်ရုံမှာ စိတ်ဝင်စားစရာ အကြောင်းအရာတွေက အများကြီးပဲ… နင် အလုပ်မလုပ်ရတာ တကယ့်ကို နှမြောစရာပဲ၊အဲဒီအကြောင်းတွေကလေ...”
အကြောင်းအရာကို လွှဲပြောင်းကာ ပြောဆိုလိုက်၏။
ရှီကျန့်ရှန်း : “ဟူး... ငါက အလုပ်မလုပ်နိုင်တော့ဘူးလေ၊ ဒါပေမဲ့လည်း...”
သူတို့နှစ်ဦးသည် စကားတပြောပြောဖြင့် သန်းခေါင်ယံအချိန်ကို ကျော်လွန်သည်အထိ အတင်းတုပ်နေခဲ့ကြသည်။ သို့သော်လည်း အဘွားကြီးကျောက်သည် နောက်တစ်နေ့ မနက်ခင်းတွင် အလုပ်သွားရန်အတွက် အားအင်အပြည့်ဖြင့် ထနိုင်သေး၏။ သူမ သဘာဝအတိုင်း အားအင်ပြည့်ဝနေသူ ဖြစ်သလောဆိုလျှင်... အဘွားကြီးကျောက်သည် တကယ့်ကို ပင်ကိုယ်ကတည်းက စွမ်းအင်ထက်သန်သူ ဖြစ်ပေသည်။
ချန်ချင်းယွီသည်လည်း အမှန်တကယ် အားအင်ပြည့်ဝသော လူတစ်ယောက် ဖြစ်သော်လည်း ကွမ်ကျိုးသို့ ခရီးအပြန်အလှန် သွားလာခဲ့ရသည့်အပြင် အဆိုပါနေရာတွင်လည်း နှစ်ရက်တိတိ အချိန်ကုန်လွန်ခဲ့ရသဖြင့် ကောင်းကောင်းမွန်မွန် နားရက်မရခဲ့ပေ။ ဤမျှလောက်များပြားသော ရက်များအတွင်း အနားမယူခဲ့ရသဖြင့် အိမ်သို့ ပြန်ရောက်သည့်အခါတွင်မူ နေမြင့်သည်အထိ အိပ်ပျော်သွားခဲ့ရရှာ၏။
သူမ အိပ်ရာမှ နိုးလာသောအခါတွင်မူ အဘွားကြီးကျောက်မှာ အလုပ်သို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး၊ ကလေးနှစ်ယောက်မှာလည်း ကျောင်းသို့ သွားကြပြီ ဖြစ်သည်။
လမ်းမများပေါ်တွင် မနက်စာဆိုင်ကလေးများ တစ်ဆိုင်စနှစ်ဆိုင်စ စတင်ပေါ်ပေါက်လာကတည်းက ချန်ချင်းယွီသည် မနက်စာ ကိုယ်တိုင်မချက်ပြုတ်တော့ပေ။
အကယ်၍ အခြားရွေးချယ်စရာ မရှိလျှင်မူ သူမ သေချာပေါက် ချက်ပြုတ်မည် ဖြစ်သော်လည်း ယခုကဲ့သို့ အလွယ်တကူ ဝယ်ယူ၍ ရနေသည့်အခါတွင်မူ ကိုယ်တိုင်ချက်ပြုတ်ရန် မလိုဟု တွေးမိသည်။ ချန်ချင်းယွီသည် မွေးရာပါ စားဖိုမှူးတစ်ဦး မဟုတ်သကဲ့သို့ ချက်ပြုတ်ခြင်းအတတ်တွင် ထူးထူးခြားခြား ကျွမ်းကျင်လှသော အမျိုးသမီးမျိုးလည်း မဟုတ်ချေ။ ယခင်၌ အပြင်တွင် ဝယ်ယူရန် မလွယ်ကူခြင်းကြောင့်၎င်း၊ အမြဲတမ်း ကောင်းမွန်သောအရာများကို စားသုံးချင်ခြင်းကြောင့်၎င်း ချက်ပြုတ်ခြင်းကို သဘောကျခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုအခါတွင်မူ အပြင်၌ အဆင်သင့် ဝယ်ယူရရှိနိုင်ပြီဖြစ်၍ ဝယ်ယူစားသုံးခြင်းသည်သာ အကောင်းဆုံးတည်း။
၎င်းမှာ သူမ၏ အလုပ်ကိစ္စများကိုလည်း အချိန်မနှောင့်နှေးစေတော့ပေ။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည်လည်း မနက်တိုင်း အပြင်မှာပင် မနက်စာ စားကြ၏။ ထိုကလေးနှစ်ယောက်သည် ကျောင်းမသွားမီ လမ်းသွယ်ဝ၌ အီကြာကွေး၊ လက်ဖက်ရည်နှင့် တိုဖူးတို့ကို စားသောက်လေ့ရှိကြသဖြင့် မနက်စာဆိုင်၏ အမာခံဖောက်သည်လေးများ ဖြစ်နေကြပြီ ဖြစ်သည်။ ရွေးချယ်စရာ အစားအစာ သိပ်မများလှဘဲ နေ့တိုင်း ဤမနက်စာအတွဲအစပ်ကိုသာ ပုံသေစားရသော်လည်း ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ အလွန်ပင် ပျော်ရွှင်စွာ စားသောက်ကြ၏။
သူတို့မိသားစု၏ လူနေမှုဘဝမှာ သက်တူရွယ်တူ အခြားကလေးများနှင့် ယှဉ်လျှင် တော်တော်လေး သာလွန်ကောင်းမွန်နေခဲ့ပြီ ဖြစ်သည်။
သူတို့တွင် ဖခင်ဖြစ်သူ မရှိတော့သော်လည်း မိသားစုဘဝလေးမှာမူ တော်တော်လေး ချမ်းသာကြွယ်ဝ ပြည့်စုံနေ၏။
ရှောင်ယွမ်သည် မတော်တဆ ကြားဖြတ်နားစွင့်မိရာမှ မိမိတို့မိသားစု ဤမျှလောက် အဆင်ပြေချမ်းသာနေရသည့် အကြောင်းအရင်းကို ရိပ်မိထားခဲ့သည်။ သို့သော်လည်း သူတို့မှာ နှုတ်လုံတတ်ကြ၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမနှစ်ယောက်စလုံး ဤကိစ္စကို ပြင်ပလူများအား တစ်ခွန်းမျှ ထုတ်မပြောခဲ့ကြချေ။
ချန်ချင်းယွီသည် မနက်စောစောကတည်းက အပြင်သို့ ထွက်ရန် ပြင်ဆင်လိုက်ပြီး လမ်းသွယ်ဝ၌ပင် မနက်စာ ဝင်စားလိုက်သည်။
ထိုဆိုင်လေးမှာ အနီးအနားတွင် နေထိုင်ကြသည့် လူအိုလင်မယားနှစ်ဦး ဖွင့်လှစ်ထားခြင်း ဖြစ်၏။ အဘွားအိုမှာ ချန်ချင်းယွီကို မြင်သည်နှင့်
“ညည်းကလေးနှစ်ယောက်လည်း ဒီမနက်တင် ဒီမှာလာစားသွားသေးတယ်အေ၊ အစားလည်း သိပ်ကြိုက်ကြတာ၊ တကယ့်ကို အစားကောင်းချက်ပဲ”
ချန်ချင်းယွီ ပြုံးလိုက်ရင်း
“သူတို့က ကျွန်မနဲ့တူလို့ပါ ဒေါ်လေးအစားကြီးကြတယ်လေ”
“ဟုတ်ပ၊ ညည်းကလည်း ယောကျာ်းရင့်မာကြီးတွေထက်တောင် ပိုစားနိုင်သေးတာပဲဥစ္စာ”
ထိုအဘွားအိုမှာ တကယ်ပင် စကားပြောမတတ်လှပေ။
ချန်ချင်းယွီလည်း စိတ်ထဲမထားကာ
“ဒါပေါ့ဒေါ်လေးရဲ့၊ ကျွန်မကတော့ အမြဲတမ်း ဝအောင်စားရမှ ဖြစ်တာ”
မိမိ၏ အစားကြီးသည့်အချက်ကို ချန်ချင်းယွီ တဖြည်းဖြည်းချင်း အများသိအောင် ချပြနေခြင်း ဖြစ်သည်။ အမြဲတမ်း ဟန်ဆောင်ပိတ်ပင်နေရသည်မှာ တကယ်ကို စိတ်ရှုပ်စရာ ကောင်းလွန်းလှ၏။
သူမသည် စကားစမြည် အနည်းငယ် ပြောဆိုပြီးနောက် မနက်စာကို အမြန်စားကာ တွန်းလှည်းကို တွန်းလျက် ရှီချာဟိုင်ဘက်သို့ ထွက်ခွာလာခဲ့တော့သည်။
သူမ ထွက်သွားသည်နှင့် ဆိုင်ရှင်
လင်မယား သက်ပြင်းချရင်း ကျန်ရစ်ခဲ့ကြ၏။
“ရှောင်ချန်လေးက လမ်းဘေးဈေးသည် ပြန်လုပ်နေပြန်ပြီလား”
“သူမက တော်တော်လေး စွမ်းတဲ့မိန်းကလေးပဲ… တစ်မိသားစုလုံးကလည်း အစားကြီးကြတာဆိုတော့ သူမသာ ပိုက်ဆံပိုမရှာရင် ဘယ်လိုလုပ် ဝဝလင်လင် စားနိုင်ပါ့မလဲ”
“ဒါလည်း ဟုတ်တာပဲနော်”
မိမိနောက်ကွယ်မှ အတင်းပြောနေကြသည်ကို ချန်ချင်းယွီ မသိရှာဘဲ ရှီချာဟိုင်သို့ အမြန်ရောက်ရှိလာကာ ဆိုင်စတင် ခင်းကျင်းတော့သည်။
‘ဟူး... ဒီတီရှပ်တွေကို ချန်းမန်နားမှာ သွားရောင်းရင် ပိုပြီး အရောင်းသွက်မှာ သေချာပေမဲ့... ဒါက စီးပွားရေးအသေးအမွှားလေးပဲဟာ..ကိုယ့်ဘာသာကိုယ်ပဲ အားစိုက်ပြီး ရောင်းကြည့်ရတော့မှာပေါ့’
ထင်သည့်အတိုင်းပင်၊ လွန်ခဲ့သည့် တနင်္ဂနွေနေ့ စတင်ရောင်းချခဲ့စဉ်နှင့် ယှဉ်လျှင် ကွာခြားချက် ရှိနေခဲ့၏။ လူသွားလာမှာ ထိုနေ့လောက် မကောင်းသော်လည်း ချန်ချင်းယွီသိပ်ပြီး ဂယောင်ခြောက်ခြား မဖြစ်မိပေ။ တနင်္ဂနွေနေ့လောက် အရောင်းမသွက်ခြင်းမှာ လူနည်းသောကြောင့် ဖြစ်ပြီး၊ လူများလာလျှင် သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာလိမ့်မည် ဖြစ်ကြောင်း သူမ နားလည်ထား၏။
ချန်ချင်းယွီသည် အိပ်ရေးဝဝ အိပ်စက်ထားခဲ့သဖြင့် အားအင်များ ပြည့်ဝနေခဲ့ပြီး တစ်နေ့တာလုံးတွင် ဘောင်းဘီ အထည်နှစ်ဆယ်ခန့် ရောင်းချခဲ့ရသည်။ ညနေ လေးနာရီခွဲလုနီးပါး ဖြစ်လာသည်ကို မြင်သောအခါ ချန်ချင်းယွီသည် မိမိ၏ ပစ္စည်းများကို အမြန်သိမ်းဆည်းလိုက်တော့၏။ ထို့နောက် စက်ဘီးပေါ်သို့ ချက်ချင်း ခွစီးကာ နောက်မှလူတစ်ယောက် လိုက်ဖမ်းနေသည့်အလား အရှိန်ပြင်းစွာဖြင့် နင်းထွက်သွားတော့၏။
ဘေးလူများမှာလည်း အံ့ဩတကြီးဖြင့်
“ဘာဖြစ်တာလဲဟ”
“မသိဘူးလေ”
“လူဖမ်းဖို့ လည်ပတ်နီအဖွဲ့တွေ လာလို့လား”
“နင်ကလည်း အူတူတူနဲ့၊ အခုခေတ်မှာ လည်ပတ်နီတွေက လူမဖမ်းတော့ဘူးလေ”
“အော်... ဟုတ်သားပဲ၊ ငါ မေ့သွားလို့”
“ဘယ်သူသိမှာလဲ...”
လူတိုင်း အလွန် စူးစမ်းချင်နေကြသော်လည်း ချန်ချင်းယွီမှာ စက်ဘီးကိုသာ အမြန်ဆုံး နင်းလျက် ထွက်ခွာလာခဲ့သည်။ သူမသည် မကြာမီမှာပင် ရုပ်ရှင်အကယ်ဒမီ ကျောင်းဝင်းကြီး၏ တံခါးဝသို့ ရောက်ရှိလာခဲ့၏။ ဤအချိန်တွင် တစ်နေ့တာ စာသင်ချိန်အများစု ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ချန်ချင်းယွီသည် ကျောင်းတံခါးဝ၌ ဆောင့်ကြောင့်ထိုင်ကာ ဆိုင်ချက်ချင်းခင်းလိုက်တော့သည်။
ဖြတ်သန်းသွားလာကြသည့် ကျောင်းသား ကျောင်းသူများမှာ
“...”
မည်သို့ပင်ဆိုစေကာမူ အနုပညာကျောင်းသားများ၏ အခြေအနေမှာ သာမန်ကျောင်းသားများထက် ပိုမိုကောင်းမွန်ကြသည်မှာ အမှန်ပင်။
ထို့ပြင် သူတို့သည် အလှအပကိုလည်း ပိုမိုဂရုစိုက်ကြ၏။
“ဟေး... ကြည့်စမ်းဦး.. ဒီမှာ လာပြီး ဆိုင်ခင်းတဲ့လူ ရှိတယ်ဟ၊ တကယ့်ကို သတ္တိခဲပဲ”
“လာ... သွားကြည့်ရအောင်..ဂျင်းဘောင်းဘီတွေနဲ့ တူတယ်”
“ငါ့ဆွေမျိုးတစ်ယောက်လည်း အဲဒါမျိုး ဝတ်တာတွေ့တယ်… သူမ တောင်ပိုင်းက ပြန်လာတုန်းက ဝတ်လာတာ၊ ယွမ်ငါးဆယ်၊ ခြောက်ဆယ်လောက် ပေးရတယ်ပြောတာပဲ၊ ဟုတ်မဟုတ်တော့ မသိဘူး”
“လာပါ... သွားကြည့်ရအောင်၊ နင် အားလန်ကို သိတယ်မလား၊ အမြဲတမ်း သူ့မှာ အဆက်အသွယ်တွေ ရှိတယ်ဆိုပြီး ကြွားနေတဲ့တစ်ယောက်လေ... သူမလည်း အဲဒါမျိုး ဝတ်ထားတာ”
ချန်ချင်းယွီသည် ရုတ်တရက် လူအုပ်ကြီး၏ ဝိုင်းအုံခြင်းကို ခံလိုက်ရပြီး လူတိုင်း ပြိုင်တူ စကားဆိုလာကြ၏။
“ဒါတွေက ဂျင်းဘောင်းဘီတွေလားဘယ်လောက်လဲဟင်”
“ဟေး... ဒီဝတ်စုံလေးက စိတ်ဝင်စားစရာပဲ၊ ကလစ်လေးကလည်း လှသားပဲ...”
“ညည်းကတော့လေ...”
ချန်ချင်းယွီလည်း ချက်ချင်းပင် အလုပ်ရှုပ်သွားရကာ သွက်လက်စွာ ညွှန်းဆိုလိုက်သည်။
“ဒါတွေက တောင်ပိုင်းကနေ သယ်လာတာရှင့်.. ပေကျင်းမှာ ဝတ်တဲ့လူ သိပ်မရှိသေးဘူး၊ ဒါကြောင့် ဝတ်လိုက်ရင် တကယ့်ကို ထင်ပေါ်ပြီး လှနေမှာ၊ ကြည့်လေ... ကျွန်မကိုယ်တိုင်လည်း ဝတ်ထားတာပဲဟာ… ရှင့်တို့က အနုပညာသမားတွေဆိုတော့ အမြင်ရှိကြတာပဲ၊ ဝတ်လိုက်ရင် သေချာပေါက် ကျွန်မထက်တောင် ပိုပြီး စတိုင်ကျလှပနေမှာ...”
ဤစကားကြောင့် လူတိုင်း ပို၍ စိတ်ဝင်စားသွားကြလေသည်။
အမျိုးသမီးအချို့၏ အကြည့်များမှာ ချန်ချင်းယွီထံတွင် စွဲထင်နေခဲ့ပြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိကြ၏။
ဘယ်ခေတ်ဘယ်အခါမှာပဲဖြစ်ဖြစ် ရုပ်ရည်ချောမောလှပတာက အားသာချက်တစ်ခု ဆိုတဲ့အချက်ကိုတော့ ငြင်းလို့ မရဘူး…
ချန်ချင်းယွီသည် သူမ၏ ထူးခြားလှပသော ရုပ်ရည်ကြောင့် လူအများ၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိခဲ့သည်။ ထို့ပြင် ဝတ်စုံတစ်စုံဝယ်လျှင် ကလစ်လှလှလေး တစ်ခု အလကားလက်ဆောင်ပေးမည်ဟု ကြားလိုက်ရသောအခါ အများစုမှာ အပေါ်အင်္ကျီနှင့် ဘောင်းဘီကို တွဲလျက်ပင် ဝယ်ယူကြတော့၏။ထို့နောက်တွင် ပိုက်ဆံကို ချွေတာသုံးစွဲရတော့မည် ဖြစ်သော်လည်း သူတို့သည် မိမိတို့၏ ရုပ်ရည်သွင်ပြင်ကို ပိုမိုတန်ဖိုးထားကြသဖြင့် တန်သည်ဟုပင် ခံစားကြရသည်။
သူတို့အတွက်တော့ အလှအပက ပထမ မဟုတ်ပါလား…
ချန်ချင်းယွီ စိတ်ထဲမှ ~~
‘ငါကတော့ အဲလိုလူစားမျိုး မဟုတ်ပါဘူးလေ... ဒါပေမဲ့လည်း နားလည်ပေးလို့ ရပါတယ်’
ချန်ချင်းယွီသည် မိမိကိုယ်တိုင် မည်သည့်အဝတ်အစား ဝတ်ဆင်သည်ကို ဂရုမစိုက်သော်လည်း ၎င်းကို အပြင်ထုတ်၍မူ မပြောရဲပေ။အကယ်၍ ပြောလိုက်မိလျှင် လူအုပ်ကြီး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။ သူမမှာ ဂုန်နီအိတ်ကို ဝတ်ထားလျှင်ပင် လှပနေမည့်သူမျိုးဖြစ်၍ ဂရုမစိုက်ခြင်း ဖြစ်သော်လည်း၊ အခြားသူအများစုမှာမူ မိမိတို့၏ ရုပ်ရည်ကို အဝတ်အစားဖြင့် ပံ့ပိုးပြီးမှသာ ထင်ပေါ်ကြသူများ ဖြစ်ကြ၍ပင်။
သူတို့မှာ သာမန်လူများနှင့် မတူကြချေ၊ အများစုမှာ သရုပ်ဆောင်မေဂျာမှ ကျောင်းသား ကျောင်းသူများ ဖြစ်ကြ၏။
ချန်ချင်းယွီသည် ဤနေရာတွင် ပထမဆုံးအကြိမ် လာရောက်ရောင်းချခြင်း ဖြစ်သော်လည်း မိမိ၏ ရွေးချယ်မှု မှန်ကန်သွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ တကယ့်ကို အရောင်းသွက်လွန်းလှ၏။
ခါးတွင် ကြိုးစလေးချည်ထားကာအဖြူရောင် တီရှပ်အင်္ကျီလေးပေါ်၌ ဂျာကင်အင်္ကျီတစ်ထည် ထပ်ဝတ်ထားပြီး၊ ရိုးရှင်းသော်လည်း တောက်ပဆွဲဆောင်မှုရှိလှသော ချန်ချင်းယွီ၏ ပုံစံကို မြင်တွေ့ရသောအခါ လူတိုင်း မဝယ်ဘဲ မနေနိုင်ကြတော့ပေ။
သူမ ဝတ်ထားတာတောင် ဒီလောက်လှနေတာ... ငါတို့ ဝတ်ရင်
လည်း သေချာပေါက် လှမှာပဲ… ဟု တွေးမိကြပုံရသည်။
“ညီမလေး... ညီမက ကျောင်းသူလား”
“ဟုတ်တယ်... ကြည့်ရတာ အသက်သိပ်မကြီးသေးဘူးပဲ၊ တို့ကျောင်းကို ဖြေဖို့ စဉ်းစားထားလား”
“ညီမက သိပ်လှတာပဲ.. တကယ်လို့ တို့ကျောင်းကို လာဖြေရင် စာမေးပွဲအမှတ် ပြည့်မီရုံနဲ့တင် သေချာပေါက် အောင်မှာ၊ တကယ့်ကို လှလွန်းလို့ပါ...”
လူတိုင်း တက်ကြွစွာဖြင့် မေးမြန်းလာကြသည်။
ချန်ချင်းယွီ : “မဟုတ်ပါဘူးရှင့်၊ ကျွန်မ အထက်တန်းအောင်ခဲ့တာ ကြာလှပြီပဲ.. ပြဌာန်းစာအုပ်ထဲက စာတွေကိုလည်း ဘာမှမမှတ်မိတော့ဘူး… တက္ကသိုလ်ဝင်စာမေးပွဲလည်း မဖြေခဲ့ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဖြေလည်း အောင်မှာမဟုတ်တော့ အချိန်အပုပ်မခံတော့တာပါ… စာအုပ်ကို ဖွင့်လိုက်ရင် စာလုံးတွေက ကျွန်မကို သိပေမဲ့ ကျွန်မကတော့ စာလုံးတွေကို မသိတော့ဘူးလေ၊ ဒါကြောင့် မဖတ်တာပဲ ကောင်းပါတယ်… အခြားအရာတွေကို သင်ယူရင် သင်ယူနိုင်လိမ့်မယ်၊ ဒါပေမဲ့ စာသင်တဲ့နေရာမှာတော့ မျှော်လင့်ချက် မရှိပါဘူး… အထူးသဖြင့် သင်္ချာပေါ့။”
သူမ ရယ်မောကာ ပြန်ပြောလိုက်၏။
“ဟုတ်ပ... ဟုတ်ပ၊ သင်္ချာက တကယ်ခက်တာ… ကျွန်မဆို တက္ကသိုလ်ဝင်စာမေးပွဲတုန်းက သင်္ချာမေးခွန်းကို မြင်ပြီး ငိုတောင်ငိုချင်သွားတာ…ဘာလို့ အဲလောက်တောင် ခက်ရတာလဲ မသိဘူး”
“နင်ကလည်း အသံတိုးစမ်းပါ... တို့ကျောင်းရဲ့ စာမေးပွဲသတ်မှတ်ချက်က တခြားကျောင်းတွေထက် အများကြီး လျှော့ပေးထားတာပဲဟာကို”
“ဒါပေမဲ့လည်း သင်ရတာ မလွယ်ဘူးလေ”
ချန်ချင်းယွီသည် ဤကဲ့သို့သော ပတ်ဝန်းကျင် အခြေအနေကို တော်တော်လေး သဘောကျမိသည်။ သူမ အရွှန်းဖောက်ကာ
“ဒါကြောင့် ကျွန်မက ကိုယ့်အခြေနေကိုယ်သိတာပေါ့... တက္ကသိုလ်ဝင်စာမေးပွဲနဲ့တော့ ကျွန်မ တကယ် မကိုက်ပါဘူး… အခုအချိန်မှာ ကျွန်မကို စာပြန်သင်ခိုင်းရင် ဘာစာပဲဖြစ်ဖြစ် ပျင်းရိငြီးငွေ့နေတော့မှာ သေချာတယ်”
“အဲလိုတော့ မလုပ်ရဘူးလေ”
“ဟုတ်တယ်... လူဆိုတာ ရည်မှန်းချက် ရှိရမယ်”
ချန်ချင်းယွီ : “ရည်မှန်းချက် ရှိတာပေါ့ရှင့်... ကျွန်မ လမ်းဘေးဈေးသည် လုပ်နေတာကလည်း ရည်မှန်းချက်တစ်ခုပဲလေ...”
သူမ ပြန်ပြောလိုက်ရာ...
“ဟားဟား... ဟီးဟီး...”
ကျောင်းသား ကျောင်းသူများမှာအမှန်တကယ် ဖြူစင်ရိုးသားကြသည်။ သူတို့ထဲမှ ကျောင်းသားအများစုမှာ အသက်အရွယ် အနည်းငယ် ကြီးရင့်နေကြပြီဖြစ်ပြီး အထက်တန်းအောင်ခါစ ကလေးများ မဟုတ်ကြသော်လည်း၊ ကျောင်းတော်ကြီးတွင် ရှိနေသည့် အရသာမှာ လူ့စိတ်ကို အလိုအလျောက် ကျောင်းသားတစ်ဦးကဲ့သို့ ဖြစ်သွားစေသည့် မှော်ဆန်သော စွမ်းအား ရှိနေခဲ့၏။
“ညီမက တို့ကျောင်းနဲ့ တကယ်ကို ကိုက်ညီတာ… ကြည့်ရတာ အနုပညာပါရမီ ပါတဲ့ပုံပဲ”
ချန်ချင်းယွီ ခေါင်းကို ခါယမ်းလိုက်ရင်း
“တကယ် မဖြစ်နိုင်လို့ပါရှင့်၊ ကျွန်မ စိတ်လည်းမဝင်စားပါဘူး၊ အဲဒီနေရာမှာ အချိန်အကုန်ခံမယ့်အစား အဝတ်အစားပဲ ထိုင်ရောင်းနေချင်တာ”
မိမိမှာ ခေတ်ရေစီးကြောင်းကို အမိအရဖမ်းဆွဲပြီး မိမိအားသာချက်ကို အသုံးချကာ ပိုက်ဆံရှာနေခြင်းမှာ ပို၍ မကောင်းပေလော့။
တက္ကသိုလ်တက်ခြင်းတစ်ခုတည်းသာ ထွက်ပေါက် မဟုတ်ပေ။
ထို့ပြင်...
သရုပ်ဆောင်အတတ်ကို သင်ယူရမယ် ဟုတ်လား… အဝေးကြီး ဝေးပါသေးတယ်… ကျွန်မ ဟန်ဆောင်ကောင်းပေမယ့် တကယ် သရုပ်မဆောင်တတ်ပါဘူးရှင်…
သူမသည် လက်တွေ့ဆန်သော လူတစ်ယောက် ဖြစ်သဖြင့် ထိုအလုပ်မျိုးနှင့် မကိုက်ညီပေ။
“ကဲ... လာပြီး ကြည့်ကြပါဦးရှင်...”
“ဟားဟား”
သူမ၏ အော်ဟစ်ဆော်သြသံကြောင့် လူအုပ်ကြီးမှာ နောက်တစ်ကြိမ် ထပ်မံ၍ ဝိုင်းအုံလာကြပြန်သည်။
သို့သော်လည်း လူအုပ်ကြီး မည်မျှပင် များပြားနေပါစေ... ချန်ချင်းယွီ သယ်ဆောင်လာခဲ့သော ကုန်ပစ္စည်းများအားလုံးမှာမူ ကုန်စင်အောင် ရောင်းချလိုက်ရ၏။
ချန်ချင်းယွီပြုံးလိုက်ရင်း စိတ်ထဲမှ
‘မနက်ဖြန်လည်း ဒီကို ပြန်လာရဦးမယ် ထင်တယ်၊ ဒီနေ့တော့ လူအများကြီးက တွေဝေပြီး စဉ်းစားနေကြတုန်းပဲ၊ မနက်ဖြန်ကျရင်တော့ တချို့လူတွေ ဝယ်ကြမှာ သေချာတယ်’
ဤကျောင်းတွင် ကုန်စင်အောင် ရောင်းချပြီးသွားပါက သူမသည် နောက်ထပ်ကျောင်းတစ်ကျောင်းသို့ ဆက်လက်ရွှေ့ပြောင်းရောင်းချပေဦးမည်။
ဟီးဟီး…
ချန်ချင်းယွီ၏ အရောင်းအဝယ်မှာ လမ်းပွင့်သွားခဲ့ပြီဖြစ်၍ သိပ်ကို အဆင်ပြေချောမွေ့နေခဲ့သည်။ ယခုကဲ့သို့သော နေ့ရက်မျိုးတွင် ယွမ်ဟောက်ဖုန်းသည်လည်း နောက်ဆုံးတွင် ကုန်ပစ္စည်းများကို ဝယ်ယူနိုင်ခဲ့လေပြီ…
နောက်ဆုံးတော့... တကယ်ကို နောက်ဆုံးတော့ပေါ့...
ချန်ချင်းယွီ ပေကျင်းသို့ ပြန်ရောက်နေပြီဖြစ်ပြီး ခရီးစဉ်တစ်ခုလုံး သုံးရက်ကျော်မျှသာ အချိန်ယူခဲ့ရသော်လည်း သူ့ခမျာ ယနေ့မှသာ ကုန်ပစ္စည်းများကို အပြီးသတ် ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်၏။ ရက်ပေါင်းများစွာတိုင်အောင် စောင့်ဆိုင်းဝေခွဲပြီးနောက်တွင်မှ ယွမ်ဟောက်ဖုန်းသည် ပစ္စည်းမှာယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ သူ ဝယ်ယူသည့် ပမာဏမှာ သိပ်မများလှသဖြင့် လက်ကားဈေးအပေါ်တွင် ဈေးကောင်းကောင်း မရရှိခဲ့ရှာပေ။
သူသည် ယွမ်နှစ်ထောင်ဖိုးခန့်သာ ဝယ်ယူခဲ့ခြင်း ဖြစ်ရာ ကြည့်ရသည်မှာ ပမာဏများပြားသည်ဟု ထင်ရသော်လည်း ကွမ်ကျိုး၏ လက်ကားဈေးကွက်ကြီးထဲတွင်မူ အလွန် သာမန်မျှသာ ဖြစ်သည်။
ဝယ်ယူသည့် ပမာဏမှာလည်း နည်းပါးလှသည့်အပြင် ကိုယ်တိုင်လည်း အားနာတတ်သဖြင့် ဈေးကောင်းကောင်း မဆွေးနွေးရဲခဲ့ရာ နောက်ဆုံးတွင် ဘောင်းဘီတစ်ထည်လျှင် ခုနစ်ယွမ်နှုန်းဖြင့်သာ ပြတ်သွားခဲ့ရ၏။
ဤဈေးနှုန်းမှာ ချန်ချင်းယွီ ပေးချေခဲ့ရသည့် ဈေးနှုန်းထက် နှစ်ဆမျှ ကြီးမြင့်နေခဲ့သည်။
၎င်းမှာ ပမာဏအမြောက်အမြား အလုံးအရင်းနှင့် ဝယ်ယူခြင်း၏ အားသာချက်ပင်…
ယွမ်ဟောက်ဖုန်းသည် ချန်ချင်းယွီကဲ့သို့ ခေတ်မီဆန်းသစ်သော အမြင်မျိုး မရှိသည့်အတွက်ကြောင့် ဂျင်းဘောင်းဘီ အထည်သုံးရာကိုသာ ဝယ်ယူခဲ့သည်။ သူသည် ဈေးနှုန်းကို ညှိနှိုင်းရင်းဖြင့် စုစုပေါင်း ယွမ်နှစ်ထောင်တစ်ရာအထိ လျှော့ချနိုင်ခဲ့၏။
ယွမ်ဟောက်ဖုန်းမှာမူ မိမိကိုယ်မိမိ တော်တော်လေး ကျေနပ်အားရနေခဲ့သည်။
“ငါ ဒါတွေကို တစ်ထည်ကို ယွမ်နှစ်ဆယ်နဲ့ ပြန်ရောင်းမယ်၊ အဲဒါဆို တစ်ထည်ကို ဆယ့်သုံးယွမ် မြတ်မှာ။..အားလုံးပေါင်းရင် သုံးလေးထောင်လောက်တော့ သေချာပေါက် မြတ်လိမ့်မယ်၊ မဆိုးဘူး... တကယ်ကို မဆိုးဘူး၊ ဒီမှာ ရက်အနည်းငယ်လောက် ပိုနေလိုက်ရတာ တန်သွားတာပဲ၊ တွေ့လား... ငါပြောသားပဲ၊ အလုပ်တစ်ခုလုပ်ရင် သေချာလေ့လာ စုံစမ်းရတယ်၊ ပြီးတော့ အမြင်လည်း ရှိရသေးတယ်။ မင်း ငါ့ကိုယုံစမ်းပါ... ချန်ချင်းယွီ ဝယ်ခဲ့တဲ့ဈေးက တို့တွေဝယ်တဲ့ဈေးထက် သေချာပေါက် ပိုကြီးမှာ၊ သူတို့က ဇွတ်တရွတ်နဲ့ ဈေးနှုန်းချင်း နှိုင်းယှဉ်ရမှန်းတောင် မသိကြတဲ့လူတွေဥစ္စာ”
ရှီရှောင်ဝေမှာမူ မျက်လုံးကိုသာ အထက်သို့ ပင့်လှန်လိုက်မိတော့သည်။
အကယ်၍ သူသာ ယွမ်ဟောက်ဖုန်းအပေါ် မှီခိုပြီး အသက်ဆက်နေရခြင်း မဟုတ်လျှင် ဤစကားကို ကြားကတည်းကပင် ပြန်လည်ခြေပပြီး ညည်းတွားမိနေလောက်ပြီ ဖြစ်၏။
နေ့တိုင်း အပြင်ထွက်ကာ လမ်းလျှောက်လိုက်၊ လိုက်လံစုံစမ်းလိုက်နှင့် အချို့နေရာများတွင် အနည်းငယ် လွဲချော်လျှင် အရိုက်အနှက်ပင် ခံရတော့မည့်အလား ဖြစ်ခဲ့ရသည်မို့ တကယ်ကို စိတ်ပျက်စရာ ကောင်းလွန်းလှသည်။
ဒါက ဘာကို ဂုဏ်ယူစရာရှိလို့လဲ…
ယွမ်ဟောက်ဖုန်း : “ဒါက ပထမဆုံးအကြိမ်မို့လို့ပါ၊ နောက်ဆိုရင်တော့ ပိုပြီး အဆင်ပြေလာမှာပါ… နောက်တစ်ခေါက်ကျရင် တို့တွေ ဒီကို ထပ်လာပြီး ကုန်ပစ္စည်းတွေ လာဝယ်ကြတာပေါ့”
ရှီရှောင်ဝေ ဆိတ်ဆိတ်ပင် နေလိုက်၏။
ယွမ်ဟောက်ဖုန်း ရှီရှောင်ဝေကို မော်ကြွားသော အမူအရာဖြင့် တစ်ချက် ကြည့်လိုက်သည်။
‘တကယ့်ကို အသုံးမကျတဲ့ အမှိုက်ကောင်ပဲ… ဒီတစ်ခေါက် အရာရာ အဆင်ပြေခဲ့တာမှာ တစ်ခုတည်းသော အမှားက ဒီကောင်ခေါ်လာမိတာပဲ၊ ဘာတစ်ခုမှလည်း အသုံးမဝင်ဘူး၊ ဘာလုပ်လုပ်လည်း မကျေနပ်နိုင်ဘူး... တကယ့် အမှိုက်ပဲ...’
သူသည် နှုတ်ခမ်းကို တွန့်လိုက်ရင်း
“ကဲ... ကဲ၊ သွားပြီး လက်မှတ်ဝယ်ပြီး ပြန်ကြရအောင်”
ရှီရှောင်ဝေ ချက်ချင်းပင် လူးလဲထိုင်လိုက်ပြီး ဝမ်းသာအားရ ဆိုရှာသည်။
“ပြန်တော့မလို့လား…တကယ်ကြီး ပြန်တော့မှာလား၊ သိပ်ကောင်းတာပဲ...”
သူ့အတွက်မူ ဤကွမ်ကျိုးမြို့ကြီးမှာ ဘာမှ အဓိပ္ပာယ်မရှိလှချေ။ ယွမ်ဟောက်ဖုန်းသည် ပိုက်ဆံချွေတာသည့်အနေဖြင့် တစ်နေ့လျှင် နှစ်နပ်သာ စားပြီး၊ ၎င်းမှာလည်း ခြောက်သွေ့လှသော ပေါင်မုန့်များသာ ဖြစ်သည်။ ပြုတ်ထားသော ဟင်းသီးဟင်းရွက်ကိုပင် ဝယ်
မကျွေးပေ။
အရမ်းကို ကပ်စေးနဲလိုက်တာ…
ရှီရှောင်ဝေတစ်ယောက် ဤမျှလောက်အထိ ကုတ်ခြစ်ကပ်စေးနဲလှသော လူစားမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သူ တောရွာတွင် အလုပ်လုပ်နေစဉ်၌ အိမ်မှ စာများ မကြာခဏ ရရှိလေ့ရှိသဖြင့် ဝင်းထဲရှီ အကြောင်းအရာ အတော်များများကို သိရှိထားခဲ့သည်။ ထို့ကြောင့် သူသည် ယွမ်ရှောင်ချွေဆီသို့ အမြဲတမ်း သတင်းသွားပို့လေ့ရှိ၏။
တချို့သတင်းများမှာ သိပ်ပြီး အသုံးမဝင်လှကာ အတင်းအဖျင်း သက်သက်မျှသာ ဖြစ်သော်လည်း၊ ထိုအချိန်မျိုးတွင်ပင် ယွမ်ရှောင်ချွေမှာ သူ့ကို ထမင်းတစ်နပ် ကောင်းကောင်း ကျွေးလေ့ရှိ၏။
အသားဟင်း မပါသည့်တိုင်အောင် ပေါက်စီတစ်လုံးတော့ အမြဲ ကျွေးတတ်သည်။
၎င်းမှာ သန့်ရှင်းလတ်ဆတ်သော ဂျုံမှုန့်နှင့် လုပ်ထားသည့် အစားအစာ မဟုတ်လော့…
အခု ယွမ်ဟောက်ဖုန်းကို ကြည့်ဦး၊ သူတို့အားလုံးက ဆွေမျိုးသားချင်းတွေချည်းပဲဟာ... ဘာဖြစ်လို့ ပြုမူပုံချင်း ဒီလောက်အထိ ကွာခြားနေရတာလဲ…
တောက်… သောက်ရမ်းကို ကပ်စီးနည်းလွန်းတယ်…
သူ့မိသားစုမှာ အမြဲတမ်း ယွမ်ရှောင်ချွေကို မကောင်းပြောလေ့ရှိသော်လည်း ယခုကြည့်ရသည်မှာ သူမမှာ ပိုပြီး အားကိုးရသေးသည်ဟု တွေးမိတော့သည်။
အရင်တုန်းကတော့ ယွမ်ရှောင်ချွေက ပေါက်စီနှင့် အချဉ်ဖတ်ပဲ ကျွေးရမလားဆိုပြီး ညည်းတွားမိခဲ့တာ…အခုတော့ ဒီကောင် ဘယ်လောက်ထိ တွန့်တိုလဲဆိုတာ လက်တွေ့မြင်ရပြီ…
သူ နှာခေါင်းရှုံ့လိုက်ရင်း စိတ်ထဲမှ ထပ်မံကဲ့ရဲ့လိုက်၏။
‘ဟွန်း... ယွမ်ဟောက်ဖုန်းက တကယ့်ကို ကောက်ကျစ်စဉ်းလဲတဲ့ လူစားပဲ”
ယွမ်ဟောက်ဖုန်းမှာ ရှီရှောင်ဝေ မိမိအား စိတ်ထဲမှ မကျေမနပ်ဖြစ်နေသည်ကို မသိရှာဘဲ၊ သူ့ဘက်မှလည်း ရှီရှောင်ဝေကို အမြင်မကြည်ဖြစ်နေခဲ့သည်။ လမ်းခရီးတစ်လျှောက်တွင် ဤကောင်မှာ ဘာတစ်ခုမှ အသုံးမဝင်သည့်အပြင် လက်ထဲတွင်လည်း ပိုက်ဆံတစ်ပြားမှ ပါမလာခဲ့ပေ။ မိမိကပင် သူ့ကို ကျွေးမွေးစောင့်ရှောက်နေရ၏။
ဘာဖြစ်လို့ ပိုက်ဆံအကုန်ခံရမှာလဲ…အဖော်ရမလားဆိုပြီး ခေါ်လာခဲ့ကာမှ ကူညီမစနိုင်တာ မရှိတဲ့အပြင် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတာ…
သူ့ကို ခေါ်လာမိတာ တကယ်ကို အဓိပ္ပာယ်မရှိဘူး…
ထို့ကြောင့် စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသဖြင့် ရှီရှောင်ဝေအတွက် ပိုက်ဆံအကုန်ခံရန် ပို၍ပင် ဝန်လေးနေခဲ့သည်။ မိမိတွင် ပိုက်ဆံမရှိ၍ မဟုတ်ဘဲ၊ ရှီရှောင်ဝေ မိမိအပေါ် အမြတ်ထုတ်သွားမည့်အဖြစ်မျိုးကို အဖြစ်မခံနိုင်ခြင်း ဖြစ်၏။
သူက အဲလိုကျွေးမွေးခြင်းဖို့ မတန်ရေးချ မတန်တာပါ…
“မသွားခင် ပေါက်စီလုံးအချို့ ဝယ်ထားလိုက်ဦး၊ ရထားပေါ်က အစားအသောက်တွေက သိပ်စျေးကြီးတာ”
ရှီရှောင်ဝေ : “.........”
သူသည် မယုံနိုင်စွာဖြင့် မျက်လုံးအပြူးသား ဖြစ်သွားရကာ ဒေါသလည်း အလိပ်လိပ် ထွက်လာခဲ့ရသည်။
တောက်တီးတောက်တဲ့... လူတစ်ယောက်က ဘာလို့ ဒီလောက်တောင် စေးနဲရတာလဲ… ပေါက်စီပဲ စားရမယ် ဟုတ်လား… အဲဒီအစား ရေပဲသောက်ပြီး ဗိုက်ဖြည့်လိုက်တာကမှ ပိုကောင်းဦးမယ်...
သို့သော်လည်း သူ အပြင်ထုတ်၍မူ ဘာမှမပြောရဲပေ။ အကြောင်းမှာ အကယ်၍ မိမိ ထိုသို့ပြောလိုက်လျှင် ယွမ်ဟောက်ဖုန်း ပိုပြီး ကပ်စေးနဲပြကာ တကယ်ပင် ရေပဲသောက်ပြီး ဗိုက်ဖြည့်ခိုင်းလိုက်မည်ကို စိုးရိမ်ရ၏။ ဤကောင်မှာ ထိုကဲ့သို့သော ကိစ္စမျိုးကို မလုပ်ဘဲ နေမည့်သူ မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။
တကယ့်ကို ကံဆိုးတာပဲ... ပင်လယ်ဓားပြသင်္ဘောပေါ် မှားတက်မိသလို ဖြစ်နေပြီ…လောလောဆယ်တော့ အောင့်အည်းသည်းခံထားရုံပေါ့…
သို့သော်လည်း သူသည် စိတ်ထဲတွင် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်သည်။ ပေကျင်းသို့ ပြန်ရောက်သည်နှင့် ဤသတင်းကို လူအများသိအောင် ဖြန့်ဝေပစ်မည်။ သေချာပေါက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပစ်မည်…
ပေကျင်းမြို့တစ်မြို့လုံးကလူတွေ ဒီကောင် ဘယ်လောက်အထိ ကုတ်ခြစ်ကပ်စေးနဲလဲဆိုတာ သိသွားအောင် လုပ်ပစ်မယ်…
သူ့ကို နာမည်ကြီးသွားအောင် လုပ်
ပစ်မယ်… သေချာပေါက် လုပ်ပစ်ရမယ်….