← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း (၁၃၆) မြိုင်မြိုင်ဆိုင်ဆိုင်

ပေကျင်းမြို့၏ အလုပ်ခွင်ထက်တွင် ချန်ချင်းယွီတစ်ယောက် အသည်းအသန် လှုပ်ရှားရုန်းကန်နေလေပြီ~~

သူမ၏ ပြိုင်ဘက်များသည်ကား ကွမ်ကျိုးမြို့မှ ခြေတစ်လှမ်းမျှပင် မရွေ့ရသေးပေ။

ယွမ်ဟောက်ဖုန်းသည် ကုန်ပစ္စည်းများကို အလုံးစုံ စုဆောင်း၍ ပြီးစီးခဲ့ပြီ ဖြစ်သော်လည်း၊ စိတ်လှုပ်ရှား ဝမ်းသာမှုတို့နှင့်အတူ ရှီရှောင်ဝေအပေါ် မကျေနပ်ချက်များလည်း ရောပြွမ်းနေဆဲ ဖြစ်သည်။ သူ စိတ်တိုသည်မှာလည်း မဆန်းလှပေ။ ရှီရှောင်ဝေကို ခေါ်ဆောင်လာခဲ့ခြင်းမှာ အစားနည်းနည်းစားပြီး အလုပ်အများကြီးလုပ်မည့်သူ၊ ဝီရိယရှိ၍ စိတ်ချရမည့် လက်ထောက်တစ်ယောက် လိုချင်သောကြောင့် ဖြစ်၏။

"ဒီလို အလုပ်အကျွေးပြုမယ့်သူမျိုးသာ မဟုတ်ရင် ငါ့ပိုက်ဆံတွေ အပိုကုန်ခံပြီး ဘာလို့ ခေါ်လာပါ့မလဲ..."

ရှီရှောင်ဝေသည်လည်း အလွန်မွဲတေလှသော ကောင်စား ဖြစ်သည်။ သူ၏ တည်းခိုခနှင့် စားစရိတ်ကိုပါ ယွမ်ဟောက်ဖုန်းမှ စိုက်ထုတ်ပေးနေရခြင်း ဖြစ်၏။ သို့သော်လည်း မတတ်နိုင်ချေ။ ပြန်လည်အခြေချလာသော ပညာတတ်လူငယ် ဖြစ်သည့် ရှီရှောင်ဝေတွင် အလုပ်အကိုင်မရှိသလို၊ မိသားစုမှလည်း ထောက်ပံ့နိုင်စွမ်း မရှိရှာပေ။ သို့ဖြစ်ရာ ရှီရှောင်ဝေ ငတ်သေရမည်လား၊ သို့မဟုတ် ယွမ်ဟောက်ဖုန်းမှ ကျွေးမွေးထားရမည်လား နှစ်လမ်းသာ ရှိတော့သည်။

ယွမ်ဟောက်ဖုန်းခမျာ အံကြိတ်၍ သည်းခံနေရုံမှတစ်ပါး အခြားမရှိပေ။ လမ်းခရီးတွင် ဘေးကင်းရန်နှင့် မိမိကိုယ်ကို သတ္တိရှိစေရန် အဖော်ခေါ်လာခဲ့ခါမှ ဤမျှအသုံးမကျသော လူဖျင်းတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့မိချေ။ အကူအညီမဖြစ်သည့်အပြင် အလုပ်ကိုပါ လာရောက်နှောင့်ယှက်နေသေးကာ၊ ခိုင်းစေလျှင်လည်း နွားများကဲ့သို့ ရိုက်မှရွေ့သည့် အမျိုးအစား ဖြစ်နေ၏။

"သူ့အတွက် တစ်ပြားတစ်ချပ်တောင် ငါ အလကား မကုန်စေရဘူး၊ တစ်ဆင့်တောင် အပိုမပေးနိုင်ဘူး..."

ရှီရှောင်ဝေသည်လည်း ဒေါသထွက်နေမိသည်။ အိမ်တွင်သာ အေးချမ်းစွာ နေထိုင်နေပါက ဖြစ်သော်ငြား၊ ယခုမူ ထမင်းဖိုး တည်းခိုခ တာဝန်ယူပေးမည့်သူ ရှိသည်၊ တောင်ပိုင်းဒေသကိုလည်း လေ့လာခွင့်ရမည်၊ အဓိကအားဖြင့် ဟောက်ရွှယ်၏ အသည်းကို ညှို့ယူနိုင်မည်ဟူသော မျှော်လင့်ချက်ကြီးစွာဖြင့် လိုက်ပါလာခဲ့ခြင်း ဖြစ်၏။ သို့သော် ယွမ်ဟောက်ဖုန်း ဤမျှအထိ ကပ်စေးနှဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။

တကယ့်ကို ကပ်စေးနှဲကြီး…

သူ့ကို ကျွေးမွေးသော အစားအသောက်များမှာ ကျေးလက်တောရွာသို့ ဆင်းခဲ့ရစဉ်ထက်ပင် ဆိုးဝါးနေသေးသဖြင့် ရှီရှောင်ဝေတစ်ယောက် ရင်ထဲတွင် အသည်းနာ၍ မဆုံးတော့ပေ။

နှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက် မကျေနပ်ကြဘဲ စိတ်ထဲမှနေ၍ ဆဲရေးတိုင်းထွာနေကြတော့သည်။

ရင်ထဲတွင် အမုန်းတရားများ ပြည့်နှက်နေသော်လည်း သူတို့ ပြန်မသွားကြသေးပေ။ အမှန်သော်ကား သူတို့နှင့် ရထားတစ်စီးတည်း အတူလိုက်ပါလာသော ကျားကြီးတို့အဖွဲ့လည်း မပြန်ရသေးချေ။ သူတို့သည် အလုပ်မရှိ အလုပ်ရှာကာ အချိန်ဆွဲနေကြခြင်းမူ မဟုတ်ပေ။ ဤလောကထဲတွင် ယွမ်ဟောက်ဖုန်းထက် ဝါရင့်သူများ ဖြစ်သဖြင့် သူတို့ မပြန်သေးခြင်းမှာ စိတ်ထဲတွင် တစ်စုံတစ်ခုကို ကြံစည်နေကြသောကြောင့်တည်း။

မှန်၏~~ တစ်စုံတစ်ခုကို ကြံစည်နေကြခြင်း ဖြစ်သည်။

သူတို့သည် တည်းခိုခန်းလေးတစ်ခုတွင် တည်းခိုနေကြခြင်း ဖြစ်ပြီး၊ ဤကဲ့သို့သော နေရာမျိုးသည် လူများကို ဓားပြတိုက်ရန် သက်သက်မျှသာ မဟုတ်ဘဲ အခြေအနေကိုလည်း ကြည့်ကာ လှုပ်ရှားကြ၏။ လူဆိုးဟူသည် ပစ်မှတ်ကို ရွေးချယ်ပြီးမှသာ လုပ်ဆောင်ကြသည် မဟုတ်ပါလော့။ ထို့ကြောင့် အချို့သောသူများသည်လည်း သူတို့နှင့်အတူ ဤနေရာတွင် လာရောက်တည်းခိုနေကြခြင်း ဖြစ်သည်။

ကျားကြီးတို့အဖွဲ့ ပစ္စည်းများရရှိပြီးသည်နှင့် ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် မျက်နှာချင်းဆိုင်အခန်းမှ လူတစ်ယောက်သည် ကံစမ်းရန်အတွက် ဆိပ်ကမ်းမြို့ဆီသို့ ရေကူး၍ ခိုးဝင်ရန် စီစဉ်နေသည်ကို ရိပ်မိသွားကြ၏။

အခန်းချင်းလည်း မျက်နှာချင်းဆိုင် ဖြစ်သဖြင့် တဖြည်းဖြည်း အဆက်အသွယ်ရရှိလာကာ၊ ကျားကြီးသည်လည်း အိမ်ပြန်ရန် မလောတော့ဘဲ အကျိုးအကြောင်း စုံစမ်းထောက်လှမ်းရန် ဆုံးဖြတ်လိုက်တော့သည်။ သူတို့ကိုယ်တိုင် ထိုလူနှင့်အတူ လိုက်ပါသွားမည်ဟု မဆိုလိုသော်လည်း၊ အခြေအနေ မည်သို့ရှိသည်ကို လေ့လာပြီး ပိုက်ဆံရမည့် လမ်းစအသစ်ကို ရှာဖွေချင်နေကြခြင်း ဖြစ်၏။

ဤသို့ဖြင့် သူတို့၏ ခရီးမှာ ကြန့်ကြာသွားရတော့သည်။

အဖွဲ့နှစ်ဖွဲ့စလုံး မပြန်နိုင်ကြသေးသလို ဝမ်ကျန့်ကော်နှင့် သူ၏ သူငယ်ချင်းများမှာမူ ပို၍ပင် ဒုက္ခရောက်နေကြပြီး၊ လက်ရှိတွင် အဘွားအိုကြီးကို "လုပ်ကျွေးပြုစု" နေရရှာ၏။ အမှန်စင်စစ် ဓားမြများသည် မကောင်းသောအမှုများကို မပြုလုပ်ချင်ကြပေ။

ပုံမှန်ဆိုလျှင် လူများကို ခြိမ်းခြောက် ပိုက်ဆံညှစ်ပြီးပါက မြန်မြန်ဆန်ဆန်ပင် မောင်းထုတ်လိုက်ကြသည်သာ ဖြစ်ပြီး၊ လူကို ပြန်ပေးဆွဲထားသည်အထိမူ မရဲကြပေ။ လူကို ဖမ်းဆီးချုပ်နှောင်ထားခြင်းမှာ သာမန်ကိစ္စ မဟုတ်ပေ။ သို့သော် ဤကောင်များမှာ အလွန် ဒေါသထွက်စရာကောင်းလောက်အောင် လာရောက်ဆွသွားခြင်း ဖြစ်သည်... အပြင်ပန်း၌သာ လူမိုက်ရုပ်နှင့် ဖြစ်ပြီး တကယ်တမ်း၌မူ ဘာကောင်မျှမဟုတ်သော ပိတုန်းများ ဖြစ်သဖြင့် အဘွားအိုနှင့် သူမ၏လူများမှာ ဖမ်းဆီးချုပ်နှောင်ထားလိုက်သည်။

သူတို့ကို အကြာကြီး ဖမ်းဆီးထားရန် အစီအစဉ်မရှိသော်လည်း အနည်းဆုံး ရက်အနည်းငယ်မျှမူ အသုံးချရန် လိုအပ်နေ၏။

ဝမ်ကျန့်ကော်တစ်ယောက် ခြေထောက်များပင် ခွေယိုင်နေပြီဟု ခံစားနေရသည်။ သူ့အသက်အရွယ်နှင့်ဆိုလျှင် အိမ်တွင်ပင် ဤမျှ ဝတ္တရား မကျေပွန်နိုင်ရှာပေ။ ယခုမူ ဆေးဝါးများကိုသာ အားကိုးလျက် တစ်ရက်လျှင် ရှစ်ကြိမ်မျှ ပြုလုပ်နေရသဖြင့် တစ်ကိုယ်လုံး အင်အားများ ချည့်နဲ့ကုန်ပြီဟု ထင်မှတ်နေမိတော့၏။

ချဲညီအစ်ကိုများလည်း ထို့အတူပင် ဖြစ်သည်။ သုံးရက်မှ ငါးရက်အတွင်းမှာပင် သုံးယောက်စလုံး မျက်ကွင်းများ ညိုမည်းကာ သေတော့မည့်ရုပ်များ ပေါက်နေကြလေပြီ~~~

သူတို့တွင် အားအင်ဟူ၍ တစ်စက်မျှ မရှိတော့ချေ။

ကွမ်ကျိုးမြို့ကြီးက သူတို့အတွက်တော့ အိပ်မက်ဆိုးပါပဲ…

ထိုအမျိုးသားများ ကွမ်ကျိုးမြို့တွင် ပိတ်မိနေကြစဉ်အတွင်း ချန်ချင်းယွီမှာ အရောင်းအဝယ်ကို စတင်လုပ်ကိုင်နေခဲ့ပြီ ဖြစ်သည်။ သူမသည် နေ့ခင်းဘက်တွင် ရှီချာဟိုင်၌ အချိန်ကုန်လွန်စေပြီး၊ ညနေစောင်းပိုင်းတွင်မူ ပေကျင်းရှိ ကျောင်းအချို့၏ တံခါးဝများဆီသို့ တိတ်တဆိတ် သွားရောက်ရောင်းချလေ့ရှိ၏။ ကျောင်းသား ကျောင်းသူများမှာ အရောင်းအဝယ်လုပ်ရန် အကောင်းဆုံး ပစ်မှတ်များ ဖြစ်ကြ၏။ လူငယ်ဘာသာ သဘာဝ အားအင်အပြည့် ရှိကြသည့်အလျောက်... လှလှပပ ဝတ်ဆင်ရမည်ဆိုလျှင် ထမင်းအငတ်ခံချင် ခံကြမည်ဖြစ်သော်လည်း အလှအပကိုမူ အပျက်အစီးမခံနိုင်ကြပေ။

အမှန်တကယ်၌ ချန်ချင်းယွီကိုယ်တိုင်လည်း အစပိုင်းတွင် ဤနည်းလမ်း အဆင်ပြေပါ့မလားဟူ၍ သေချာရေရာခြင်း မရှိခဲ့သော်လည်း လက်တွေ့ရလဒ်များမှာ သူမ၏အမြင် မှန်ကန်ကြောင်း သက်သေပြခဲ့လေပြီ~~~ အလွန် ကောင်းမွန်လှပေသည်။

ချန်ချင်းယွီ၏ အရောင်းအဝယ်မှာ တော်တော်လေး အဆင်ပြေနေခဲ့ပြီး ငါးရက်တိုင်အောင် ရောင်းချခဲ့ရသော်လည်း ယခုထက်ထိ ပြိုင်ဘက်တစ်ဦးမျှနှင့် မဆုံတွေ့ရသေးပေ။ သို့သော်လည်း သူမ သိုလှောင်ထားသော ကုန်ပစ္စည်းများနှင့် ယှဉ်လျှင်မူ ယခုရောင်းရသည်မှာ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ရှိသေးသည်။ ချန်ချင်းယွီသည် ယခုတစ်ခေါက်တွင် ကုန်ပစ္စည်း အမြောက်အမြား ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အင်္ကျီနှင့် ဘောင်းဘီ စုစုပေါင်း ယွမ်ခြောက်သောင်းကျော်ဖိုးအထိ ရှိရာ ၎င်းမှာ ပေါ့ပေါ့ပါးပါး ကိစ္စမဟုတ်ပေ။

သူမသည် ဂျင်းဘောင်းဘီ သက်သက်ကိုပင် အထည်ပေါင်း တစ်သောင်းခန့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး၊ တီရှပ်အင်္ကျီများကိုလည်း ထိုပမာဏနီးပါး ဝယ်ယူခဲ့သည်။

အဘွားကြီးကျောက်ပင်လျှင် ချန်ချင်းယွီ၏ သတ္တိပြောင်မြောက်ပုံကို ကြည့်ပြီး အံ့ဩတုန်လှုပ်ခဲ့ရ၏။

သို့သော်လည်း ချန်ချင်းယွီမှာ အရှုံးမရှိနိုင်ကြောင်း ယုံကြည်မှုအပြည့် ရှိနေခဲ့၏။ အကယ်၍ ပေကျင်းဈေးကွက် မကောင်းလျှင်ပင် ထျန်းကျင်းဘက်သို့ သွားပြီး ကံစမ်းကြည့်၍ ရသေးသည် မဟုတ်လော့။ သူမ၏ ကုန်ပစ္စည်းဝယ်ယူမှုမှာ အနည်းငယ် စိတ်လိုက်မာန်ပါ ဖြစ်ခဲ့သည်ဟု ဆိုနိုင်သော်လည်း ဖြစ်လာနိုင်မည့် ဆုံးရှုံးမှုများကို မတွေးဘဲ နေခဲ့ခြင်းမျိုး မဟုတ်ပေ။ ပမာဏများများ ဝယ်ယူလေ ဈေးနှုန်းပိုမို သက်သာလေဖြစ်ကြောင်း သူမ ကောင်းကောင်း နားလည်ထားသည်။

ထို့ပြင် အဝတ်အထည်ဟူသည် သီးနှံ သို့မဟုတ် သစ်သီးဝလံများကဲ့သို့ လွယ်လွယ်နှင့် ပုပ်သိုးပျက်စီးသွားမည့် အရာမျိုး မဟုတ်သဖြင့် ကုန်ပစ္စည်း ပျက်စီးသွားစရာ အကြောင်းမရှိချေ။

အရောင်းအဝယ် အေးနေလျှင်ပင် တစ်ဖြည်းဖြည်းချင်း အေးအေးဆေးဆေး ထုတ်ရောင်းသွားရုံသာ…

ချန်ချင်းယွီ တည်ငြိမ်နေသော်လည်း အဘွားကြီးကျောက်ခမျာ အနည်းငယ် စိုးရိမ်နေခဲ့မိ၏။ သူမသည် မိမိ၏ ချွေးမဖြစ်သူကို အရှုံးမပေါ်စေချင်ပေ။ အကြောင်းမှာ ချွေးမတွင် ပိုက်ဆံရှိမှသာ မိမိလည်း အကျိုးအမြတ် ခံစားရမည် ဖြစ်၍ပင်။ သူမသည် ချန်ချင်းယွီ၏ အကြောင်းကို ကောင်းကောင်းသိသည်။ ကောက်ကျစ်စဉ်းလဲမှု မရှိဘဲ ရိုးရိုးသားသား အလုပ်လုပ်ပေးသရွေ့ သူမမှာ အကျိုးခံစားခွင့်များကို စေတနာအပြည့်ဖြင့် ပေးကမ်းတတ်သူ ဖြစ်၏။

အဘွားကြီးကျောက်၏ အငြိမ်းစားယူပြီးနောက်ပိုင်း ဘဝအစီအစဉ်များမှာ ချန်ချင်းယွီ၏ အကူအညီအပေါ်တွင် မှီခိုနေရသဖြင့် သဘာဝကျစွာပင် သူမဘက်မှ ကောင်းကောင်းမွန်မွန် ပြုမူလုပ်ဆောင်ပေးရမည် ဖြစ်သည်။

ထို့ကြောင့်ပင် သူမသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ခွင့်ရက်များ ယူထားခဲ့ခြင်း ဖြစ်၏။

သူမသည် ယခုနှစ်ကုန်တွင် အငြိမ်းစားယူတော့မည် ဖြစ်ရာ အလုပ်စဝင်ခါစ အချိန်ကဲ့သို့ အလုပ်အပေါ် သံယောဇဉ်ကြီးမားနေခြင်း၊ ပုံမှန်တက်ရောက်မှု မှတ်တမ်းကောင်းရရှိရန် အမြဲ ကြိုးစားနေခြင်းမျိုး မရှိတော့ချေ။ ယခုအခါတွင်မူ ခွင့်ယူရသည်ကိုပင် တော်တော်လေး လိုလိုလားလား ရှိနေခဲ့ပြီ ဖြစ်သည်။

သူမမှာ ကျွမ်းကျင်လုပ်သားတစ်ဦး မဟုတ်ဘဲ မီးဖိုချောင်အကူတစ်ယောက်မျှသာ ဖြစ်သဖြင့်... တစ်ယောက်ရှိရှိ မရှိရှိ ဘာမှ ထူးခြားကွာခြားသွားခြင်း မရှိပေ။ အဘွားကြီးကျောက်သည် ဆိုင်စတင်ခင်းသည့် ဒုတိယမြောက်နေ့ကတည်းက ချန်ချင်းယွီ၏ နောက်သို့ တကောက်ကောက် လိုက်ပါကူညီပေးခဲ့ရာ... နှစ်ယောက်အတူတူ လုပ်ကိုင်ခြင်းသည် တစ်ယောက်တည်း လုပ်သည်ထက် ပိုမိုတွင်ကျယ်ပြီး ထိရောက်မှု ရှိစေသည်မှာ အမှန်ပင်။

သူမ စာရင်းတွက်ချက်ကြည့်ရာ... လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဘောင်းဘီ အထည်ခြောက်ရာခန့် ရောင်းချခဲ့ရပြီး၊ တီရှပ်အင်္ကျီများမှာမူ ထိုထက်ပင် ပိုမိုရောင်းချခဲ့ရ၏။

ဘောင်းဘီဝယ်ယူသူ အများစုသည် အင်္ကျီကိုပါ တွဲဖက်ဝယ်ယူလိုကြပြီး၊ အချို့ ဘောင်းဘီမဝယ်လိုသူများမှာမူ မြို့ပြအပြင်အဆင် အလှအပများ ပါရှိသော အမှတ်တရ တီရှပ်အင်္ကျီများကို သဘောကျ နှစ်သက်ကြသည်။

အဘွားကြီးကျောက် မချင့်မရဲဖြင့်

“နင်သိလား... ဒီလိုမျိုး အရောင်းအဝယ်လုပ်ရတာ သိပ်မြတ်တာပဲ။ အရင်တုန်းက ဘာဖြစ်လို့ ကုန်သည်ပွဲစားလုပ်တာတွေကို တားမြစ်ပိတ်ပင်ခဲ့လဲဆိုတာ အခုမှပဲ နားလည်တော့တယ်…တကယ့်ကို အမြတ်အစွန်း ကြီးလွန်းလှတာကိုး...”

ချန်ချင်းယွီ လက်မောင်းကို ဆန့်ထုတ် ဖြေလျှော့လိုက်ရင်း —

“ဒါပေါ့ အမေရဲ့”

သူမသည် လွန်ခဲ့သည့် ရက်အနည်းငယ်လုံးလုံး မိမိအား တစိုက်မတ်မတ် ကူညီပေးခဲ့သော အဘွားကြီးကျောက်ကို ကြည့်ကာ

“ဒီရက်ပိုင်းတွေမှာ ကျွန်မတို့တွေ လှုပ်ရှားရတာ ထမင်းစားဆောင်မှာ အလုပ်လုပ်ရတာထက် ပိုပြီး မောရတယ် မဟုတ်လား”

အဘွားကြီးကျောက် သူမ၏ ပေါင်ကို လက်ဝါးဖြင့် ရိုက်လိုက်ရင်း

“သေချာတာပေါ့အေ... ထမင်းစားဆောင်မှာတုန်းကတော့ ပျင်းချင်တဲ့အချိန် ပျင်းနေလို့ ရသေးတယ်၊ ကိုယ်ပိုင်အလုပ်ကျတော့ အဲလိုလုပ်လို့ ဘယ်ရမလဲ၊ ဒီရက်ပိုင်းတွေမှာ တို့တွေ ဘယ်လောက်တောင် လျှောက်သွားနေရလဲ ကြည့်ဦး၊ ဘုရားရေ... အသက်ရှူဖို့တောင် အချိန်မရဘူး”

ချန်ချင်းယွီလည်း နားလည်ပါသည်၊ ယခုတစ်ခေါက် ဆိုင်ခင်းရသည်မှာ လွန်ခဲ့သည့် အကြိမ်ထက် ပိုမိုပင်ပန်းလှ၏။

ပြီးခဲ့သည့်အကြိမ်၌ တစ်နေရာတည်းတွင် အတည်တကျ ဆိုင်ခင်းခဲ့ခြင်း ဖြစ်သော်လည်း ယခုတစ်ခေါက်တွင်မူ နေရာအနှံ့ အပြန်အလှန် သွားလာနေခဲ့ရသည်။ သို့သော် ထိုသို့ အားစိုက်ထုတ်ရခြင်းမှာ အလကား မဟုတ်ပေ။ ကျောင်းတံခါးဝများတွင် နေ့တိုင်း အရောင်းအဝယ် သိပ်ကောင်းလှပြီး ကျောင်းတစ်ကျောင်းစီသို့ နှစ်ရက်ခန့် သွားရောက်ခဲ့ရ၏။ သူမသည် ရုပ်ရှင်အကယ်ဒမီနှင့် အကအကယ်ဒမီတို့သို့ သွားရောက်ခဲ့ရာ ၎င်းနေရာများတွင် အရောင်းအဝယ်မှာ တကယ့်ကို ထူးထူးခြားခြား ကောင်းမွန်ခဲ့သည်။

ချန်ချင်းယွီ : “ကျွန်မ စဉ်းစားမိတာကတော့... အခုလောလောဆယ် ဈေးကွက်ထဲမှာ တီရှပ်တွေနဲ့ ဂျင်းဘောင်းဘီတွေ မရှိသေးဘူးလေ၊ ဒါကြောင့် ပထမဆုံးအကြိမ် ဈေးကွက်ကို ဦးအောင် ဖြန့်ချင်တာပါ၊ တောင်ပိုင်းကို ကုန်ပစ္စည်းသွားဝယ်တဲ့လူတွေ တဖြည်းဖြည်း ပြန်ရောက်လာကြရင်တော့ ရောင်းတဲ့လူတွေ ပိုများလာပြီး ပြိုင်ဆိုင်မှုတွေလည်း ပြင်းထန်လာလိမ့်မယ်၊ အဲကျရင် အရောင်းအဝယ်က ဒီလောက် ကောင်းတော့မှာ မဟုတ်ဘူး…တကယ်လို့ တစ်ယောက်ယောက်က ဖောက်သည်လုဖို့အတွက် ဈေးနှုန်းတွေကို တမင်နှိမ့်ချပြီး ရောင်းလာရင် ကျွန်မလည်း ဈေးလျှော့ရောင်းရတော့မှာ၊ ဒါကြောင့် ဈေးကွက်ပွင့်နေတုန်း လောလောဆယ်မှာ တတ်နိုင်သမျှ များများရောင်းနိုင်အောင် အလျင်စလို လုပ်နေရတာပါ”

“နားလည်ပြီ”

အဘွားကြီးကျောက် မကျေမနပ်ဖြင့်

“ဒီကောင်စုတ်တွေကလေ... ကိုယ်ပိုင်အကြံဉာဏ်နဲ့ မရောင်းတတ်ကြဘူးလား၊ သူများလုပ်တာကိုပဲ လိုက်ကူးချင်ကြတာ၊ တကယ့် အတုခိုးတဲ့ အမှိုက်ကောင်တွေ...”

ထို့နောက် သူမ ထပ်လောင်းပြောဆိုကာ

“တို့ဝင်းထဲက အဲဒီလူရှုပ် အနည်းငယ်ဆိုရင်တော့ နင့်ကို သေချာပေါက် လိုက်အတုခိုးကြမှာပဲ”

“သူတို့တင်မကပါဘူး၊ တခြားလူတွေလည်း သေချာပေါက် ရှိဦးမှာပါ၊ ကျွန်မ ဆိုင်ခင်းတာ ဒီလောက်ရက်ကြာနေပြီဆိုတော့ လူပေါင်းစုံကို တွေ့ခဲ့ရတယ်… ဦးနှောက်ပြေးတဲ့လူ တချို့ဆိုရင်လည်း ချက်ချင်း လှုပ်ရှားကြတော့မှာပဲ”

အဘွားကြီးကျောက် : “ဒီလူတွေက တကယ့်ကို ကိုယ်ကျင့်တရား မရှိကြဘူး၊ အောက်တန်းကျလွန်းတယ်… ပိုက်ဆံရှာချင်ရင် ကိုယ့်လမ်းကိုယ် ရှာရမှာပေါ့၊ ဘာဖြစ်လို့ သူများရဲ့ လမ်းကိုပဲ လိုက်ချောင်းနေရတာလဲ၊ တို့လို မုဆိုးမနဲ့ ကလေးတွေမှာ ဒီလိုလုပ်ရတာ လွယ်ကူတယ်လို့ သူတို့ ထင်နေကြလား… တကယ့်ကို နှလုံးသားမရှိတဲ့ ကောင်တွေ၊ သူတို့က သူများနောက်ကိုပဲ တကောက်ကောက် လိုက်လုပ်နေကြတာဆိုတော့ သေချာပေါက် ပိုက်ဆံရမှာ မဟုတ်ပါဘူးအေ”

ချန်ချင်းယွီ သူမ၏ စကားကို ကြားပြီး ရယ်မောမိတော့သည်။

သို့သော်လည်း သူမ တိုးတိုးလေး ရေရွတ်မိပြန်ကာ

“ကျွန်မ ပြန်လာတာ ငါးရက်တောင် ရှိပြီ၊ သူတို့ထဲက တစ်ယောက်မှ ပြန်မရောက်သေးဘူးနော်...”

“အော်... အဲဒါတော့ ဟုတ်သားပဲ၊ တကယ်ကြီးပဲ”

အဘွားကြီးကျောက်သည်လည်း ထပ်တူပင် ဝေခွဲမရ ဖြစ်သွားရ၏။

သူတို့အားလုံးသည် ချန်ချင်းယွီ ခရီးထွက်သည့် နေ့၌ပင် အတူတူ ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သော်လည်း၊ သူမ ပြန်ရောက်ပြီး ငါးရက်တိတိ... ငါးရက်အပြည့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုထက်ထိ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ပေါ်မလာသေးပေ။

“သူတို့က ဒီလောက်တောင် နှေးကွေးနေရတာလား.. ဒါမှမဟုတ် လမ်းခရီးမှာ တစ်ခုခု ကြုံတွေ့ခဲ့ရလို့လား”

ချန်ချင်းယွီ ပြန်လည်ပြောလိုက်ကာ

“မဖြစ်နိုင်တာပဲအမေရဲ့... ယောကျာ်းရင့်မာကြီးတွေပဲဟာ... လမ်းမှာ ဘာဖြစ်စရာ အကြောင်းရှိမလဲ”

“ဒါပေမဲ့ ညည်းပြောတော့ ဝမ်ကျန့်ကော်တို့ ကောင်တွေက...”

အဘွားကြီးကျောက်သည် ဝမ်ကျန့်ကော်နှင့် ချဲညီအစ်ကိုများမှာ လမ်းခရီးရှိ လူလိမ်တည်းခိုခန်းတစ်ခုတွင် အလိမ်ခံ၊ အညာခံလိုက်ရကြောင်း ကြားသိထားပြီးဖြစ်ရာ စိတ်ထဲတွင် အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်နေတော့သည်။

သူမ ဘာလို့ မဝမ်းသာဘဲ နေပါ့မလဲ…

ဒီလူရှုပ် သုံးယောက်စလုံးက သူမချွေးမအပေါ် မကောင်းကြံစည်ခဲ့တာ မဟုတ်လား… အထူးသဖြင့် ဝမ်ကျန့်ကော်ပေါ့~~

သူတို့အကြားတွင် ယခင်၌ မည်သည့် ရန်ငြိုးရန်စမျှ မရှိခဲ့ပါသော်လည်း သူပြုမူခဲ့ပုံသည် အလွန်တရာ ယုတ်မာပက်စက်လွန်းလှ၏။

သိပ်ကို အတ္တကြီးပြီး ကောက်ကျစ်စဉ်းလဲတဲ့ ခွေးကောင်…

အဘွားကြီးကျောက်မှာ ထိုလူအုပ်စုကို ပေကျင်းသို့ ဘယ်တော့မှ ပြန်မလာဘဲ ကံဆိုးမိုးမှောင်ကျပြီး သေရွာမြန်းသွားကြဖို့သာ ဆုတောင်းနေမိလေသည်။

“ဒီလူမိုက်တွေ... တကယ့်ကို လူမိုက်တွေပဲ... သူတို့ ဘယ်လို ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုပဲ ငါကတော့ ထိုင်စောင့်ကြည့်နေမှာ၊ ဟေး... ညည်းတွေးကြည့်စမ်းဦး၊ ယွမ်ဟောက်ဖုန်းတို့ လူစုလည်း အဲဒီလို လူလိမ်တည်းခိုခန်းမျိုးမှာပဲ ထောင်ချောက်ထဲ မိနေကြတာ ဖြစ်နိုင်မလား”

အဘွားကြီးကျောက် အကွက်မြင်မြင်ဖြင့် စိတ်လှုပ်ရှားစွာ မေးမြန်းလာသည်။ သူမခမျာ ပွဲထိုင်ကြည့်ချင်စော ပြင်းပြနေရှာ၏။

ချန်ချင်းယွီ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါပြကာ

“ကျွန်မတော့ မထင်ဘူးအမေ… တို့တွေ အပြန်လမ်းမှာ သူတို့ကို လှမ်းမြင်ခဲ့တုန်းက အခြေအနေက အဲဒီလိုပုံစံမျိုး မဟုတ်ပါဘူး”

အကယ်၍ သူတို့သာ အလိမ်ခံရပါက သေချာပေါက် ပိုက်ဆံတစ်ပြားမှ ကျန်တော့မည် မဟုတ်ပေ။ သို့သော် သူတို့ပုံစံမှာ ပစ္စည်းအကုန် အလုခံထားရသည့် ပုံစံမျိုး လုံးဝမပေါက်ပေ။

သူမ ဆက်လက်၍

“သူတို့က လမ်းမှာ အချိန်ဆွဲပြီး နှေးကွေးနေကြတာပဲ ဖြစ်မှာပါ… ဒါပေမဲ့ သူတို့ နည်းနည်းနောက်ကျမှ ပြန်ရောက်လာတာက ပိုကောင်းပါတယ်၊ အဲဒါမှ ကျွန်မလည်း နောက်ထပ် ရက်အနည်းငယ်လောက် ပိုပြီး အရောင်းအဝယ် လုပ်လို့ရမှာာာာဒါနဲ့... အမေ အခုလို ခွင့်ယူထားတာ အဆင်ပြေရဲ့လား”

အဘွားကြီးကျောက် : “စိတ်မပူပါနဲ့အေ၊ ဘာမှမဖြစ်ပါဘူး၊ ငါက ဒီလောက်အသက်ကြီးနေပြီဥစ္စာ... ဘာလဲ၊ သူတို့က ငါ့ကို အလုပ်ဖြုတ်ပစ်လို့လည်းမရဘူး…”

ကြီးကြီးမားမား ပြဿနာတစ်ခုခု မရှိလျှင် အလုပ်ဖြုတ်ခံရစရာ အကြောင်းမရှိသည်မှာ အမှန်ပင်။

ချန်ချင်းယွီ : “အဲဒါဆိုရင်တော့ အဆင်ပြေတာပေါ့”

အမှန်အတိုင်းပြောရလျှင် ချန်ချင်းယွီကိုယ်တိုင်လည်း အနည်းငယ် ဝေခွဲမရ ဖြစ်နေမိ၏။ သူမသက်ပြင်းချရင်း

“ဝမ်ကျန့်ကော်တို့အုပ်စု ပြန်မလာနိုင်တာကတော့ ကျွန်မ နားလည်ပေးလို့ ရပါတယ်…သူတို့ လက်ထဲမှာ ပိုက်ဆံ ပြတ်လပ်နေလို့ ဖြစ်နိုင်တာပေါ့၊ ဒါပေမဲ့ ယွမ်ဟောက်ဖုန်းတို့ အုပ်စုကရော ဘာဖြစ်နေကြတာလဲ မသိဘူး”

အဘွားကြီးကျောက်သည်လည်း လုံးဝကို စဉ်းစားရခက်နေသည့်အလား ဆိတ်ဆိတ်သာ ခေါင်းခါယမ်းမိတော့သည်။

သို့သော်လည်း အဘွားကြီးကျောက် မကျေမနပ်ဖြင့် ဆက်ပြောကာ

“ဝမ်ကျန့်ကော်နဲ့ ချဲယုံဖုန်းတို့ ပြန်ရောက်လာရင်တောင်... တို့တွေ သူတို့ကို သင်ခန်းစာ ကောင်းကောင်းပေးဖို့ အခွင့်အရေး ထပ်ရှာရဦးမယ်… သူတို့က ဘယ်လိုလူစားတွေလဲ၊ လူစိတ်ကို မရှိကြတဲ့ အောက်တန်းစားတွေ...”

သူမ ဒေါသတကြီး ကျိန်ဆဲနေမိ၏။ ဤလူများသည် ပေကျင်းတွင်ရှိစဉ် ဘာမှမလုပ်ရဲကြဘဲ ကွမ်ကျိုးသို့ ရောက်ခါမှ သူမ၏ ချွေးမအပေါ် ပစ်မှတ်ထား ကြံစည်ရန် ပြင်ဆင်ခဲ့ကြသည်။ ၎င်းကို သူမ လုံးဝ ခွင့်မလွှတ်နိုင်ပေ။

ဒါက လူကလုပ်မည့် အလုပ်မျိုးလား…

မဟုတ်တာတွေ…

လုံးဝကို မဟုတ်သေးဘူး…

သူမသည် ထိုကံဆိုးမိုးမှောင်ကျမည့် သောက်ကောင်များကို သေသေချာချာ အပြစ်ပေး ကိုင်တွယ်ချင်လှ၏။

ချန်ချင်းယွီလည်း ခေါင်းညိတ်လိုက်ရင်း

“စိတ်ချပါ အမေ... ကျွန်မလည်း သူတို့ကို မကြည်တာ ကြာလှပြီ”

ထိုလူများ ကွမ်ကျိုးရှိ လူလိမ်တည်းခိုခန်းတွင် မည်မျှပင် ဒုက္ခဆင်းရဲ ရင်ဆိုင်နေရပါစေ... ၎င်းမှာတစ်ကဏ္ဍ ဖြစ်ပြီး မိမိတို့ လက်ချက်လည်း မဟုတ်ပေ။ သူတို့မှာ မိမိအပေါ် မကောင်းကြံစည်ခဲ့ကြသည့်အတွက်ကြောင့်လည်း ကိုယ်တိုင် လက်တုံ့ပြန်မှသာ ကျေနပ်နိုင်မည် ဖြစ်သည်။

မဟုတ်လျှင် လက်တွေက ယားယံနေတော့မယ် မဟုတ်လား…

ချန်ချင်းယွီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ပြုံးစိစိဖြင့် ကောက်ကျစ်စွာ ဆရရွတ်လိုက်သည်။

“သူတို့ ပြန်ရောက်လာတဲ့အထိသာ စောင့်လိုက်... ဟိဟိ...”

အဘွားကြီးကျောက် ချက်ချင်းပင် အကြံပြုချက်တစ်ခု ပေးလာ၏။

“တိုးတိုးတိတ်တိတ်ပဲ လုပ်၊ နင့်မျက်နှာကို အပြင်ထုတ်မပြနဲ့”

ချန်ချင်းယွီ : “ကျွန်မ သိပါတယ်အမေရဲ့”

အဘွားကြီးကျောက်၏ မျက်လုံးများ ဟိုဟိုဒီဒီ ဝေ့ဝဲလှုပ်ရှားသွားပြီးနောက်

“သူတို့ကို ရိုက်မနေနဲ့…လူကိုရိုက်တာက ခဏပဲ နာတာ၊ တို့တွေက သူတို့ကို ကောင်းကောင်း သင်ခန်းစာ ပေးရမယ်၊ ‘ပန်းတွေ ဘာကြောင့် ဒီလောက် နီရဲနေရလဲ’ ဆိုတာကို သူတို့ သိသွားအောင်... သူတို့ရဲ့ စိတ်ဓာတ်ကို အတွင်းကနေ အပြင်အထိ ရိုက်ချိုးပစ်ရမယ်”

ချန်ချင်းယွီ အဘွားကြီးကျောက်ကို စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်လိုက်ရင်း

“အမေ ဘာလုပ်ချင်လို့လဲ၊ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါဦး”

အဘွားကြီးကျောက်မှာ ‘ငါက လူဆိုးမကြီးပဲ’ ဟု ပေါ်လွင်စေသော ကောက်ကျစ်လှည့်ဖြားသည့် အမူအရာဖြင့် တဟားဟား ရယ်မောလိုက်ပြီး

“ငါ့အထင်တော့... တို့တွေ သူတို့ကို အိမ်သာကျင်းထဲ တွန်းချပစ်လိုက်ရင် ကောင်းမယ်”

ချန်ချင်းယွီ၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားရကာ

“...”

‘အမေက ဘာဖြစ်လို့ အိမ်သာကျင်းတွေကို ဒီလောက်တောင် သဘောကျနေရတာလဲ မသိဘူး’

အဘွားကြီးကျောက် : “ရွံမနေပါနဲ့အေ၊ ဒါက တကယ့်ကို အရှက်ရစေတဲ့အပြင် အကောင်းဆုံး နည်းလမ်းပဲလို့ ငါ ထင်တယ်၊ ညည်းသိလား... ဟိုးဘက် နန်လော်ကူရှန့်က အံ့ဩစရာကောင်းတဲ့ အိမ်ရာဝင်းကြီးတစ်ခု လေ… အဲဒီက အများသုံးအိမ်သာက ခရီးသွားတွေ လာရောက်လည်ပတ်တဲ့ နေရာတစ်ခု ဖြစ်သွားခဲ့တာ…အဲဒီတုန်းက အိမ်သာကျင်းထဲ ပြုတ်ကျခဲ့တဲ့ ကောင်လေးအကြောင်းကို နှစ်တွေ ဒီလောက်ကြာသွားတာတောင် အခုထိ လူတွေက တမြေ့မြေ့နဲ့ ပြောနေကြတုန်းပဲ၊ ကြည့်စမ်း... ဘယ်လောက်တောင် အရှက်ကွဲစရာ ကောင်းလဲ၊ တို့တွေလည်း အဲဒီလိုပဲ လုပ်ရမယ်၊ သေချာပေါက် လုပ်ရမယ်… အဲဒီလိုလုပ်ပြီးရင် ‘ဆေးလိပ်ပြာခွက်ဘုရင်’ ဆိုတဲ့ နာမည်က အဲဒီသုံးယောက်ရဲ့ အပေါ်မှာ ကပ်ညှိသွားတော့မှာ။ အနည်းဆုံး ဆယ်နှစ်၊ ရှစ်နှစ်လောက်အထိ ပျောက်ပျက်သွားမှာ မဟုတ်ဘူး၊ တကယ်လို့ သူတို့ ကံကောင်းရင်တော့ လူတွေက တစ်သက်လုံး ပြောနေကြတော့မှာပေါ့၊ တွေ့လား... ဒါကမှ တကယ့် ကလဲ့စားချေခြင်းပဲ...”

T/N - ဆေးလိပ်ပြာခွက်ဘုရင်ဆိုတာ ဗန်းစကားပါ.. ဘာမှအသုံးမကျဘဲ ဆရာကြီးလုပ်၊ ထိပ်ဆုံးရောက်နေတဲ့သူတွေ၊ အချိန်ကုန်လူပမ်းအလုပ်တွေမှာ အင်မတန်ကျွမ်းတဲ့သူတွေကို တင်စားပြောတာပါ။

အဘွားကြီးကျောက် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း စတင်ရန် အလွန် စိတ်အားထက်သန်နေရှာ၏။

ဝမ်ကျန့်ကော်နှင့် ချဲညီအစ်ကိုများ ပေကျင်းသို့ ပြန်မရောက်သေးခင်မှာပင် အဘွားကြီးကျောက် သူတို့အတွက် ‘အိမ်သာကျင်း အထူးပက်ကေ့ဂျ်’ ကို အဆင်သင့် ပြင်ဆင်ပေးထားခဲ့ပြီ ဖြစ်သည်။

“ပြီးတော့ ဟိုတစ်ယောက်... ချဲယုံချန်းရဲ့ ယောက္ခမ လေ၊ သူ့မိသားစုဆိုရင် အိမ်သာကျင်းထဲကို နှစ်ခေါက်တောင် ပြုတ်ကျဖူးတာ၊ တွေ့လား... အခုထိ စက်ရုံမှာ အဲဒီအကြောင်းကို ပြောနေကြတုန်းပဲ… သူ့ရဲ့ အလုပ်ရုံထဲက ဘယ်သူမှ သူနဲ့ တစ်ဝိုင်းတည်း ထိုင်ပြီး ထမင်းမစားကြဘူး… ဘာလို့လဲဆိုတော့ သူက အိမ်သာကျင်းထဲကို နှစ်ခေါက်တောင် ပြုတ်ကျဖူးလို့လေ... ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ၊ ဒါကိုကြည့်ရင် ဒီလိုကိစ္စမျိုးက တစ်သက်လုံး အမှတ်ရနေစေမယ့်အရာဆိုတာ ထင်ရှားတာပေါ့… သူ့ကို ရိုက်နှက်လိုက်ရင် နာကျင်မှုက ပြီးရင် ပြီးသွားတာပဲ၊ အိမ်သာကျင်းထဲ ပြုတ်ကျတာကတော့ အချိန်အကြာကြီး စွဲကျန်နေမှာ... နာမည်ဆိုးက ရာသက်ပန်ပဲလေ... ဟိဟိ”

စကားပုံအတိုင်းပင်... မြေခွေးအိုကြီးများမှာ ပို၍ ပါးနပ်တတ်ကြသည်။ အဘွားကြီးကျောက်သည် ချဲညီအစ်ကိုများနှင့် ဝမ်ကျန့်ကော်ကို တစ်သက်လုံး ရွံရှာစက်ဆုပ်ဖွယ် ဖြစ်သွားအောင် လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချထားခဲ့၏။

သူမ ကောက်ကျစ်စဉ်းလဲစွာဖြင့်

“ငါပြောတာကိုသာ နားထောင်စမ်းပါ၊ တို့တွေ ဒါကို အကြိမ်ကြိမ် အခါခါ လုပ်ပစ်လိုက်မယ်၊ သူတို့ ဒီအရပ်ဒေသမှာ နာမည်ဆိုးနဲ့ ကျော်ကြားသွားအောင် လုပ်ပစ်မယ်”

ချန်ချင်းယွီ ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်ကာ

“ကောင်းပါပြီ... အမေ့စကားအတိုင်းပဲ လုပ်ကြတာပေါ့...”

မကောင်းမှုအပေါ် ကောင်းမှုဖြင့် တုံ့ပြန်မည့် ကရုဏာစိတ်မျိုးလား…

စိတ်မရှိပါနဲ့... သူမတွင် ထိုကဲ့သို့သော စိတ်ထားမျိုး အလျှင်းမရှိပါချေ...

“သူတို့ ပြန်ရောက်တာနဲ့ တို့တွေ စတင် စီစဉ်ကြတာပေါ့… သူတို့ ဘယ်တော့ ပြန်ရောက်မလဲဆိုတာ မသိရသေးတော့... သူတို့ နည်းနည်းလောက် နောက်ကျမှ ပြန်ရောက်လာတာက ပိုကောင်းပါတယ်..ဟိုဘက်မှာ သူတို့ ဒုက္ခပိုများများ ခံစားပါစေဦး”

ချန်ချင်းယွီသည် ထိုအမျိုးသား သုံးဦး ကွမ်ကျိုးတွင် ပြည့်တန်ဆာအလုပ်ကို အဓမ္မ စေခိုင်းခံနေရသည်ကို မသိရှာသော်လည်း၊ သူတို့ ပစ္စည်းလုယက်ခံရပြီး အရိုက်ခံထားရသည်ကိုမူ သိရှိထား၏။

လက်ထဲတွင် ပိုက်ဆံတစ်ပြားမှမရှိဘဲ ဒဏ်ရာများ ရရှိထားသဖြင့် သူတို့ ထိုဘက်တွင် ဒုက္ခပင်လယ်ဝေနေကြမည်မှာ သေချာလှပေသည်။

သူတို့ ပြန်မလာနိုင်ခြင်းမှာ ကောင်းလှပေသည်၊ နောက်ကျသည့် ရက်တိုင်းမှာ သူတို့အတွက် ငရဲကျနေသလို ဖြစ်နေမည်ဖြစ်ရာ တန်လှ၏။

သူမ မေးစေ့ကို ပင့်လိုက်ရင်း

“အဲဒီ ယုတ်မာပက်စက်တဲ့ သောက်ကောင်တွေက... ကံဆိုးမိုးမှောင်ကျတာနဲ့ ထိုက်တန်ပါတယ်”

“သူတို့ အခြေအနေက ဒီထက်ပိုပြီး ဆိုးစရာ မရှိတော့ပါဘူးလေ”

“ဟီးဟီးဟီး...”

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကောက်ကျစ်လှည့်ဖြားသော အမူအရာဖြင့် တဟားဟား ရယ်မောလိုက်ကြတော့သည်။

ကလဲ့စားချေခြင်းဟူသည် ပွင့်လင်းရိုးသားသော အရာတစ်ခု မဟုတ်သည်မို့... သူတို့ ပြန်ရောက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းရတော့မည် …

“ဒီနေ့ညနေ ဘာစားကြမလဲ.....”

“တစ်နေ့လုံး လှုပ်ရှားထားရတာ ပင်ပန်းလှပြီ၊ အပြင်မှာပဲ သွားစားကြရအောင်”

“ကောင်းပြီ”

ချန်ချင်းယွီတို့ မိသားစု အိမ်တွင် ဟင်းမချက်ဖြစ်သည်မှာ ရက်အနည်းငယ် ရှိနေပြီဖြစ်သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ကျောင်းစာများ လုပ်ဆောင်ပြီးနောက် လမ်းကြားထဲတွင် ဆော့ကစားနေကြ၏။ မိခင်ဖြစ်သူ အပြင်သို့ ထွက်လာသည်ကို မြင်သောအခါ ရှောင်ယွမ်မှာ လှမ်းခေါ်လိုက်သည်။

“မေမေ...”

ချန်ချင်းယွီသည် ဟိုပြေးဒီပြေး ဆော့ကစားထားသဖြင့် ချွေးတလုံးလုံး ဖြစ်နေသော သမီးဖြစ်သူကို ကြည့်လိုက်၏။ သမီးဖြစ်သူ၏ အရပ်အမောင်းမှာ တော်တော်လေး ထွားသော်လည်း အသက်ကိုးနှစ်အရွယ် ကလေးငယ်မျှသာ ရှိသေးသည်။

“ချွေးတွေ သုတ်လိုက်ဦး၊ အပြင်မှာ ညစာ သွားစားကြမယ်”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ချက်ချင်းပင် ပြိုင်တူတုံ့ပြန်လိုက်၏။

“ဟုတ်ကဲ့...”

ကလေးနှစ်ယောက်လုံးမှာ လတ်တလောရက်ပိုင်းအတွင်း နေ့တိုင်း အပြင်စာ ထွက်စားနေရသဖြင့် အားရရွှင်လန်းနေကြပြီး စိတ်အားထက်သန်မှုများ လျော့ပါးသွားခြင်း မရှိပေ။

အပြင်မှာ အစားအသောက် ကောင်းကောင်း ထွက်စားရတာကို ဘယ်သူက မကြိုက်ဘဲ နေပါ့မလဲနော်…

ကလေးနှစ်ယောက် သူတို့၏ သူငယ်ချင်းများကို နှုတ်ဆက်လိုက်ကြရာ၊ ကျန်ခဲ့သည့် ကလေးများခမျာ မနာလိုဝန်တိုအားကျမှု အပြည့်ဖြင့်

“သူတို့က ဘာလို့ အပြင်မှာ ခဏခဏ သွားစားနေကြတာလဲ မသိဘူး”

“ငါ့အမေ ပြောတာတော့... သူတို့က အမြဲတမ်း အဲလိုပဲတဲ့၊ ပိုက်ဆံကို ဘယ်လို စီမံခန့်ခွဲရမှန်း မသိကြဘူးတဲ့”

“ငါ့အမေလည်း ပြောတယ်၊ သူတို့ ပိုက်ဆံကို အလေအလွင့် သုံးလွန်းတယ်၊ နောင်ကျရင် ဘဝပျက်သွားလိမ့်မယ်တဲ့”

ကျန်းမုန့်မုန့်မှာမူ အားကျသည့် လေသံဖြင့်

“နောင်ကျလို့ ဘဝပျက်ပျက် မပျက်ပျက် ဘာဖြစ်လဲ… အခုလောလောဆယ် အဝစားနေရတာပဲဟာ၊ ငါလည်း အပြင်မှာ သွားစားချင်တာပဲ”

သူမသည် သွားရည်တမြှားမြှားဖြင့် မျိုချလိုက်မိပြီး၊ ၎င်းတို့၏ စားသောက်မှုပုံစံ သိပ်ကို ကောင်းမွန်လွန်းလှသဖြင့် ထိုအိမ်မှ ကလေးသာ ဖြစ်လိုက်ချင်တော့သည်။

“ငါတော့ ရှောင်ကျားနဲ့ ရှောင်ယွမ်ကို တကယ် အားကျတယ်...”

“ဒါပေါ့... သူတို့မှာ စက်ဘီးတွေတောင် ရှိသေးတာ”

လူကြီးများမှာ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့မှာ ငွေကြေးကို စနစ်တကျ မသုံးစွဲတတ်ကြဟု ကဲ့ရဲ့ပြစ်တင်နေကြသော်လည်း၊ ကလေးများအားလုံးမှာ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကို အလွန် အားကျနေကြ၏။ သူတို့မိသားစုတွင် စက်ဘီးလည်းရှိ၊ ရေဒီယိုကက်ဆက် တိပ်အသံသွင်းစက်လည်းရှိသည့်အပြင် အပြင်မှာလည်း ခဏခဏ သွားစားနိုင်ကြသည်မှာ... သိပ်ကို အားရစရာ ကောင်းလှသည် မဟုတ်ပါလား~~

“ရှောင်ယွမ်ရဲ့ ဆံပင်ကလစ်လေးကလည်း သိပ်လှတာပဲ...”

ပြောသူမှာ အာ့နာ ဖြစ်ပြီး၊ အာ့နာလေးမှာ ရှောင်ယွမ်၏ ဆံပင်အလှဆင်ပစ္စည်းကို သဘောကျနေမိသည်။

“လူဆိုတာ အခြေအနေမှန်ကို သိပြီး ရိုးရိုးသားသား ကြိုးစားအားထုတ်မှ နောက်နောင်ကျရင် ဘဝကောင်းမှာ၊ ပြီးတော့ အိမ်ထောင်ဘက်ကောင်းလည်း ရမှာပေါ့… သူတို့မိသားစုကတော့ လက်ရှိ အပျော်အပါးကိုပဲ အသားပေးပြီး အနာဂတ်အတွက် လုံးဝ မစဉ်းစားကြဘူး၊ နောက်ကျရင် တို့တွေထက် ပိုပြီး ဆင်းရဲသွားမှာ သေချာတယ်၊ သူတို့ကို အားကျနေဖို့ မလိုပါဘူး…. တို့တွေက အနာဂတ်ကိုပဲ မျှော်ကြည့်ရမယ်၊ တို့တွေရဲ့ နေ့ကောင်းရက်သာတွေက ရှေ့မှာ ရှိနေတာ”

အနည်းငယ် အသက်ကြီးသော မိန်းကလေးတစ်ဦးမှာ လူကြီးလေးအလား ဝင်ရောက်ပြောဆိုလိုက်သည်။

သို့သော်လည်း ဤစကားများမှာ ကျန်းမုန့်မုန့်ကို မနှစ်သိမ့်နိုင်ပေ။

ကျန်းမုန့်မုန့် : “ငါ အနာဂတ်ကို ဂရုမစိုက်ဘူး၊ အခုလောလောဆယ် အကောင်းစားလေးပဲ စားချင်တာ”

“ငါလည်း စားချင်တာပဲ... အသားဟင်း စားချင်လိုက်တာ”

“အင်း... ငါလည်း တူတူပဲ...”

“ငါဆို ဆိုင်မှာ တစ်ခါမှ မစားဖူးသေးဘူး...”

“ငါလည်း မစားဖူးဘူး၊ ငါ့အဖေနဲ့အမေက ငါ့မောင်လေးကိုပဲ ဆိုင်ခေါ်သွားဖူးတာ၊ ငါ့ကိုတော့ တစ်ခါမှ မခေါ်သွားဘူး...”

“ရှောင်ယွမ်က တကယ့်ကို ကံကောင်းတာပဲ၊ သူ့အမေက သားသမီးကို ခွဲခြားမဆက်ဆံဘူး”

“အဘွားကျားမကြီးလည်း ခွဲခြားမဆက်ဆံပါဘူး”

အဘွားကျားမကြီးဟူသည် ကလေးများ အဘွားကြီးကျောက်ကို ကွယ်ရာတွင် ခေါ်ဝေါ်သော နာမည် ဖြစ်၏။ လူကို ဝါးမြိုပစ်တော့မည့်အလား သိပ်ကို ကြောက်စရာကောင်းပြီး ခက်ထန်လှသော အဘွားကြီးဖြစ်သဖြင့် ထိုသို့ သတ်မှတ်ထားကြခြင်း ဖြစ်သည်။

“အင်းလေ... သူက တကယ့် လူဆိုးကြီး ဖြစ်နေတာတောင်၊ သားသမီး မြေးမြစ်တွေကိုကျ ခွဲခြားမဆက်ဆံဘူးနော်”

“ရှောင်ယွမ်ကတော့ ကံကောင်းလွန်းပါတယ်...”

အမှန်တွင် ရှောင်ယွမ် ကံကောင်းခြင်း၊ မကောင်းခြင်းဟူသည် ချန်ချင်းယွီအပေါ်တွင်သာ မူတည်နေခဲ့ခြင်း ဖြစ်၏။ လင်းကျန့်ဝမ်ရှိစဉ်

အဘွားကြီးကျောက်သည် ချန်ချင်းယွီကို အိမ်မှနှင်ထုတ်ချင်ခဲ့ပြီး မိမိ၏မြေးများကိုလည်း သဘောမကျခဲ့ချေ။ မည်သို့ပင်ဖြစ်စေ သူမတွင် နောက်ထပ်မြေးများ ရနိုင်သေးသည်ဖြစ်၍~~ ထို့ကြောင့်ပင် ထိုစဉ်၌ ကလေးနှစ်ယောက်လုံးကို တန်းတူရည်တူပင် မုန်းတီးခဲ့သည်။

နောက်ပိုင်းတွင် လင်းကျန့်ဝမ်

ကွယ်လွန်သွားခဲ့၏။ အဘွားကြီးကျောက်အနေဖြင့် သားယောက်ျားလေးကို ပို၍ မျက်နှာလိုက်လိုသော စိတ်ရှိသော်လည်း၊ ချန်ချင်းယွီမှာ ထိုသို့အဖြစ်မခံချေ။ အကယ်၍ လင်းကျန့်ဝမ်လည်း ကလေးများကို ခွဲခြားဆက်ဆံလျှင် ချန်ချင်းယွီသည် သေချာပေါက် ဒေါသတကြီး ပေါက်ကွဲမိမည်သာ… ရူးသွပ်နေသော မိန်းမတစ်ယောက် မည်မျှအထိ ကြောက်စရာကောင်းကြောင်းကို သင် ဘယ်လိုမှ မှန်းဆ၍ ရနိုင်မည်မဟုတ်ပေ။

အဘွားကြီးကျောက်ကိုယ်တိုင် ၎င်းကို လက်တွေ့ကြုံဖူးထား၏~~ ချန်ချင်းယွီ သူမကို ဖိနပ်နှင့်ပင် ကောက်ရိုက်ခဲ့ဖူးသည် မဟုတ်လော့။

ထို့ကြောင့်ပင် အဘွားကြီးကျောက်သည် အားလုံးကို တန်းတူရည်တူ၊ လုံးဝကို အညီအမျှ ဆက်ဆံခဲ့ရခြင်း ဖြစ်သည်။ သူမသည် မိမိ၏ အကျိုးစီးပွားကိုသာ ပထမဦးစားပေးထားပြီး၊ ထိုကဲ့သို့သော ကိစ္စမျိုးဖြင့် ချန်ချင်းယွီကို မဆွပေးချင်ပေ။

နောက်ပိုင်းတွင် အချိန်ကြာလာသည်နှင့်အမျှ ၎င်းမှာ အလေ့အကျင့်တစ်ခု ဖြစ်သွားခဲ့ရ၏။

ဘာပဲပြောပြော မြေးယောက်ျားလေးဖြစ်ဖြစ်၊ မြေးမိန်းကလေးဖြစ်ဖြစ် တူတူပင်ဖြစ်ရာ၊ ၎င်းတို့ကို တန်းတူရည်တူ ဆက်ဆံရသည်ကို သူမ ကျင့်သားရသွားခဲ့သည်။

အကယ်၍ အိမ်တိုင်း၌ သားသမီးများကို ဖြောင့်မတ်မှန်ကန်စွာ ထိန်းကျောင်းပေးမည့်သူ တစ်ဦးတည်းသာ ရှိနေခဲ့လျှင်... သားယောက်ျားလေးကို အသားပေး မျက်နှာလိုက်သည့် စိတ်ဓာတ်မှာ ဤမျှလောက်အထိ ထင်ရှားပေါ်လွင်လာလိမ့်မည် မဟုတ်ပေ။အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ ပြုပြင်ပညာပေးမှုကို ခံယူပြီးနောက်တွင် သားယောက်ျားလေးကို မျက်နှာလိုက်တတ်သည့် စိတ်ကူးအကြံအစည်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရသည်။ အချိန်ကြာလာသည်နှင့်အမျှ တန်းတူရည်တူ ဆက်ဆံမှုမှာ ပို၍ပင် ခိုင်မာလာခဲ့၏။

အရာရာ တန်းတူပင် ဖြစ်သည်။

အားလုံးမှာ သူမ၏ သွေးရင်းသားရင်းများပင်…

အဘွားကြီးကျောက်ရော ချန်ချင်းယွီပါ သားယောက်ျားလေးကို မျက်နှာလိုက်ခြင်း မရှိကြဘဲ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကို အမြဲတမ်း တန်းတူရည်တူ ဆက်ဆံကြ၏။ နင့်မှာ ရှိရင် ငါ့မှာလည်း ရှိရမည်ဟူသော ဝါဒပင်။ ထို့ကြောင့်ပင် ရှောင်ယွမ်သည် ရပ်ကွက်ထဲရှိ မိန်းကလေးများထဲတွင် မိမိကိုယ်မိမိ ယုံကြည်မှုအရှိဆုံး ကောင်မလေး ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။

သူမက ဘာလို့ ယုံကြည်မှု မရှိဘဲ နေပါ့မလဲ…

သူမ မိသားစုက သူတို့ကို တန်းတူရည်တူ ဆက်ဆံပေးတာလေ…ကောင်းကောင်း စားရတယ်…ကောင်းကောင်း ဝတ်ရတယ်…မိသားစု အသိုက်အဝန်းကလည်း သာယာပျော်ရွှင်စရာ ကောင်းတယ်… ဘာများလိုအပ်နေလို့လဲ…

ထို့ကြောင့် ကလေးများ သဘာဝကျစွာပင် ပွင့်လင်းလန်းဆန်းပြီး တက်ကြွရွှင်လန်းသော ကလေးများ ဖြစ်လာကြရ၏။

၎င်းမှာ မိဘမစုံသော မိသားစုဖြစ်နေသည့်တိုင်အောင်၊ မိခင်ဖြစ်သူမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး လမ်းဘေးဆိုင် ခင်းနေရသည့်တိုင်အောင်၊ မည်သူတစ်ဦးတစ်ယောက်မျှ ကဲ့ရဲ့ရှုတ်ချသော စကားတစ်ခွန်းပင် မပြောရဲကြပေ။

ကလေးများအပေါ်တွင်လည်း ဘာသက်ရောက်မှုမျှ မရှိခဲ့ပေ။

အမှန်တကယ်တမ်း အိမ်နီးနားချင်းများ ဖြစ်စေ၊ ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ ဖြစ်စေ... အဘွားကြီးကျောက်သည် ကျောင်းဆင်းချိန် အစီအစဉ်တွင် နာမည်ကြီးသွားခဲ့ကတည်းက မည်သူတစ်ဦးတစ်ယောက်မျှ စကားတစ်ခွန်းပင် မဟရဲကြတော့ပေ။သူမ၏ နာမည်မှာ ပေကျင်းမြို့တစ်မြို့လုံးတွင် ကျော်ကြားလှ၏။ သူမကို ကိုယ်တိုင်ကိုယ်ကျ မသိသည့်တိုင်အောင် သူမ၏ နာမည်ကိုသေချာပေါက် ကြားဖူးကြပေလိမ့်မည်။

သူမမှာ ကလေးငယ်များ၏ကိစ္စနှင့် ပတ်သက်လာလျှင် ရန်ဖြစ်ရန်အတွက် ကလေးမိဘများ၏ အိမ်အထိ သွားရောက်ပြဿနာရှာရုံတင်မက၊ ထိုလူများ၏ အလုပ်ခွင်အထိပါ လိုက်လံသောင်းကျန်းတတ်သူ ဖြစ်သည်။

လူအများစုကတော့ သူမနဲ့တကယ်ကို မပတ်သက်ရဲကြပါဘူးဗျာ…

ဒီအဘွားကြီးက တကယ့်ကို ရူးသွပ်နေတာလေ…

ကလေးချင်း ကစားရင်းဖြစ်ရတဲ့ သာမန်ကိစ္စလေးတစ်ခုအတွက်နဲ့... ဘယ်သူက ဒီလောက်အထိ လိုက်ပြဿနာရှာပါ့မလဲ… ဒါပေမဲ့~~ သူမကတော့ သေချာပေါက် အဲလို လုပ်မည့်သူပဲ…

အဘွားကြီးကျောက်၏ စကားအတိုင်း ပြောရလျှင်~~

“မင်းတို့ ငါ့ရှေ့မှာ လာပြီး လေပေါနေတာ၊ အတင်းပြောနေတာမျိုးတွေကို ငါ အဘွားကြီးက ဂရုမစိုက်ဘူး… ဒါပေမဲ့ ငါ့အိမ်မှာ ဒီမြေးနှစ်ယောက်ပဲ အမွေခံ သွေးရင်းရှိတာ၊ ကလေးတွေက ငယ်သေးတယ်… မင်းတို့သာ ကလေးတွေကို လာနှိပ်စက်၊ လာအနိုင်ကျင့်ရင်တော့ ငါ ဓားဆွဲပြီး လာခုတ်ပစ်မယ်”

ဤကဲ့သို့သော ပြတ်သားလှသည့် လုပ်ရပ်များကြောင့် ကျောင်းတွင် ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ ပတ်ဝန်းကျင် အခြေအနေမှာ အလွန်ပင် ချစ်ခင်ရင်းနှီးဖွယ် ကောင်းနေခဲ့သည်။

အမေလေး... မချစ်ခင် မရင်းနှီးဘဲ နေရဲပါ့မလား…

ဟန်ဆောင်ရုံသက်သက် ဆိုလျှင်ပင် မည်သူမျှ နှုတ်သီးကောင်းလျှာပါး မလုပ်ရဲကြပေ။

သူတို့၏ မိဘများမှာ သိက္ခာရှိရှိ နေထိုင်တတ်သူများ ဖြစ်ကြသဖြင့် ထိုကဲ့သို့သော လမ်းဘေး ရန်ပွဲရှာတတ်သည့် အဘွားကြီးကို ဘယ်လိုမှ ရင်မဆိုင်နိုင်ကြချေ...

ကလေးများမှာ ကွယ်ရာတွင် အတင်းအဖျင်း စကားအနည်းငယ် ပြောဆိုတတ်ကြသော်လည်း၊ အမှန်စင်စစ် စိတ်ထဲတွင်မူ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကို အလွန် အားကျနေကြ၏။

အထူးသဖြင့် ရှောင်ယွမ်ပေါ့...

မိန်းကလေးတစ်ယောက် ဖြစ်ပါလျက်နှင့် အိမ်တွင် အနှိမ်မခံရဘဲ တန်ဖိုးထား ခံရသည်ကို မြင်ရသောအခါ မိန်းကလေး အတော်များများမှာ အားကျလွန်းလို့ သေမတတ် ဖြစ်နေကြရသည်။

တန်းတူ မိန်းကလေးအချင်းချင်း ဖြစ်သော်လည်း တကယ်ကို ကွာခြားလှသည်၊ အလွန်အမင်း ကွာခြားလှပေ၏။

အားကျမိသည်၊ သိပ်ကို အားကျမိသည်….

“နင်တို့ ဘာလုပ်နေကြတာလဲ၊ အာ့နာ... အိမ်ပြန်ပြီး ထမင်းစားတော့”

နာ့နာမှာ ထိုကလေးငယ်များ အားလုံး လမ်းကြားဝဘက်သို့ စူးစိုက်ကြည့်နေကြသည်ကို မြင်သောအခါ

“နင်တို့ ဘာကြည့်နေကြတာလဲ၊ဘယ်သူမှလည်း မရှိဘဲနဲ့”

“ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က သူတို့အိမ်ကလူတွေနဲ့ ဆိုင်မှာ ထမင်းသွားစားပြန်ပြီ”

အာ့နာ မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် အစ်မဖြစ်သူကို ကြည့်ကာ

“မမ... တို့အိမ်ကော ဘယ်တော့ ဆိုင်မှာ သွားစားရမှာလဲဟင်”

နာ့နာ နှုတ်ခမ်းကို မသိမသာ စေ့လိုက်ရင်း

“ဘာတွေ လျှောက်ပြောနေတာလဲ၊ ဆိုင်မှာ သွားစားစရာလား… အိမ်မှာ ထမင်းဟင်းတွေ အကုန်ချက်ထားပြီးပြီ၊ မြန်မြန် အိမ်ပြန်ပြီး ထမင်းစားရအောင်”

“မမကြီး... အဖေ ဘယ်တော့ ပြန်လာမှာလဲဟင်၊ အဖေ ပြန်လာရင် တို့တွေကို ဆိုင်ခေါ်သွားပြီး ကျွေးမလား”

အဘွားကြီးဝမ် ထိုစကားကို ကြားသွားသဖြင့် ဆူပူကြိမ်းမောင်းကာ

“နင်တို့ ဘာတွေ ပြောနေကြတာလဲ။ ဘာဖြစ်လို့ ဒီလောက်တောင် အစားမက်နေရတာလဲ၊ ဆိုင်မှာ စားဖို့ပဲ သိတယ်… မိန်းကလေးတန်မဲ့ ထမင်းဝဝလင်လင် စားရတာတင်ပဲ ကံကောင်းလှပြီ၊ ငါ ပျိုစဉ်တုန်းကဆိုရင် ထမင်းဝအောင်စားဖို့ နေနေသာသာ၊ ကျောင်းတက်ဖို့ဆိုတာ အိမ်မက်တောင် မမက်ရဘူး၊ အိမ်က အလုပ်တွေဆိုတာ အပုံအပင်ပဲ… အခုခေတ်လို ဘယ်ဟုတ်မလဲ၊ နင်တို့ ဘယ်လောက်တောင် ကောင်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ထားရလဲ ကြည့်ဦး၊ တစ်ယောက်ချင်းစီက ဘာမှလည်း မသိဘဲနဲ့”

ခေတ္တမျှ ရပ်လိုက်ပြီးနောက် ဆက်လက်၍

“ဘယ်သူက ဆိုင်မှာ သွားစားတာလဲ”

“ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ မိသားစုပါ”

အဘွားကြီးဝမ် မနာလိုဝန်တိုမှုဖြင့် နှုတ်ခမ်းကို မဲ့လိုက်ရင်း

“ဘယ်လို မိသားစုမို့လို့ ဒီလောက်တောင် ကြွားဝါရဲရတာလဲ၊ တကယ့်ကို ဒီနေ့ရှိတာ ဒီနေ့သုံးပြီး နောင်ရေးမတွေးတဲ့ လူစားတွေ…သူတို့အိမ်က လူတကာကို လိုက်ကြွားနေတာ တွေ့တယ်မလား၊ သူတို့ ကခုန်မြူးထူးလို့ ဝသွားတဲ့တစ်နေ့၊ မူဝါဒတွေ ပြောင်းလဲသွားရင်တော့ စောစောစီးစီး ဘဝပျက်ကြမှာပဲ… ဒီလို ကုန်သည်ပွဲစား လုပ်တာမျိုးက သာမန် အရပ်သူအရပ်သားတွေ လုပ်လို့ရတဲ့ အရာမျိုးလား၊ သူတို့ကတော့... စောစောနဲ့ နောက်ကျပဲ ကွာမယ်၊ သေချာပေါက် ဘဝပျက်မှာ”

ဝမ်မေ့လန် ဝင်ပြောလိုက်ကာ

“အမေလည်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေပါနဲ့တော့၊ မြန်မြန် လက်ဆေးပြီး ထမင်းစားရအောင်”

သူမ မျက်မှောင်ကြုတ်ကာ သက်ပြင်းချရင်း ညည်းတွားလိုက်၏။

“ကျန့်ကော်လည်း ဘာဖြစ်လို့ အခုထိ ပြန်မလာသေးတာလဲ မသိဘူး”

ဝမ်ကျန့်ကော်သည် ချန်ချင်းယွီ၏ နောက်သို့ လိုက်သွားခဲ့ခြင်းဖြစ်ကြောင်း သူမ သိရှိထားသည်။ သို့သော် ချန်ချင်းယွီ ပြန်ရောက်လာသည်မှာ ငါးရက်တောင် ရှိနေပြီ ဖြစ်သော်လည်း... သူမ ယောက်ျားက ဘယ်မှာလဲ…

ဝမ်မေ့လန်၏ စိတ်ထဲတွင် အလွန်အမင်း စိုးရိမ်သောက ရောက်နေရ၏။

အဘွားကြီးဝမ် : “ညည်းကို ကြည့်ရတာ... တကယ့်ကို အလုပ်မဖြစ်တာပဲ၊ ကိစ္စလေး အနည်းငယ်လောက်ကိုတောင် မခံနိုင်မရည်နိုင် ဖြစ်နေရတယ်… ဒါကြောင့်မို့လို့ပဲ ဒီအိမ်မှာ ငါ ရှိနေလို့ တော်သေးတာပေါ့၊ ငါသာ ဦးဆောင်ပေးမထားရင် ညည်းကတော့ ဘယ်လိုမှ မျက်နှာပန်းလှမယ့်သူ မဟုတ်ဘူး”

သူမ၏ သားဖြစ်သူ တောင်ပိုင်းသို့ သွားသည်ကိုလည်း အဘွားကြီးဝမ် သိထားသည်။ သို့သော် သူမသည် မိမိ၏ သားအပေါ် ယုံကြည်မှုအပြည့် ရှိနေခဲ့၏။ သူမ၏ သားသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ပစ္စည်းဝယ်ယူရေးဌာနသို့ ဝင်ရောက်နိုင်ခဲ့ပြီး ယခုအခါ ဒုတိယဌာနခွဲမှူးပင် ဖြစ်နေပြီ ဖြစ်ရာ၊ ဤမျှလောက် အရည်အချင်းရှိသည့်သူမှာ ဘာမှ မလုပ်နိုင်စရာ အကြောင်းမရှိပေ။

ပြန်လာချိန် နည်းနည်း နောက်ကျရုံမျှနှင့် ထူးဆန်းနေစရာ မလိုပေ။

မတွေ့ဘူးလား…

ယွမ်ဟောက်ဖုန်းတို့ လူစုလည်း ပြန်မရောက်သေးတာပဲကို…

ထို့ကြောင့် အဘွားကြီးဝမ် လုံးဝ စိတ်မပူပေ။

သူမ ချွေးမဖြစ်သူကို စူးစိုက်ကြည့်ကာ ဆူပူလေသည်။

“ညည်းက တကယ့်ကို အသုံးမကျတဲ့သူပဲ၊ ရက်အနည်းငယ်လောက် မပြန်လာတာလေးကို ဒီလို ဖြစ်နေရတယ်… ညည်း ဘာလုပ်တတ်သေးလဲ ကြည့်ဦး”

သူမသည် ယခင်ကတည်းက ချွေးမဖြစ်သူကို သဘောမကျခဲ့ချေ။ သူမမှာ သားယောက်ျားလေး မမွေးပေးနိုင်သဖြင့် မည်သို့လျှင် သဘောကျနိုင်မည်နည်း။

ယခင်၌ အလှမ်းဝေးရာတွင် နေထိုင်ခဲ့ကြသဖြင့် နေ့တိုင်း လာရောက်တတ်သော်လည်း ထိုမျှလောက်အထိ မလွန်ကဲခဲ့ပေ။ သို့သော် ယခုအခါတွင်မူ နီးနီးကပ်ကပ် နေထိုင်လာရသဖြင့် ချွေးမဖြစ်သူကို ပို၍ပင် အမြင်မကြည် ဖြစ်လာရသည်။ သူမ၏ လင်ကြီး ကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်းတွင် သူမသည် မိမိ၏ သားကိုသာ အပိုင်ဆုပ်ကိုင်ထားလိုသဖြင့် ချွေးမကို မြင်ရသည်မှာ ပို၍ စိတ်အနှောင့်အယှက် ဖြစ်ရ၏။

“ညည်း တစ်နေ့လုံး စိတ်မကောင်းစရာ မျက်နှာသေကြီး လုပ်မနေနဲ့၊ ဘယ်လောက်ပဲ ကံကောင်းခြင်းတွေ ရှိရှိ ညည်းရဲ့ အဲဒီမျက်နှာကြောင့် အကုန် ပျက်စီးကုန်တော့မယ်”

“အမေ... ဘာစကားတွေ ပြောနေတာလဲ”

“ဘာစကားလဲဟုတ်လား၊ ညည်းရဲ့ အဲဒီမျက်နှာကို ပြန်ကြည့်ဦး၊ တကယ့်ကို အသုံးမကျတာ”

ဝမ်မေ့လန်သည် ယောက္ခမဖြစ်သူကို အလွန် ရွံရှာစက်ဆုပ်လှသဖြင့် ပြန်လည်ချေပချင်သော်လည်း၊ လင်ယောက်ျားအတွက် စိုးရိမ်ပူပန်နေရသောကြောင့် သူမနှင့် စကားများပြီး အချိန်မကုန်ချင်၍ နှုတ်ဆိတ်နေလိုက်တော့သည်။ ထိုအချိန်တွင် နာ့နာမှာ သူမ၏ အဘွားဘက်မှ မတ်မတ်ရပ်ကာ ကာကွယ်ပေးသည့်အနေဖြင့်

“အမေ... အမေက တကယ့်ကို သားသမီးမပီသဘူး…ဖေဖေ အိမ်မှာမရှိတဲ့အချိန်မှာ အမေ့အနေနဲ့ အဘွားကို ပိုပြီးတော့ ရိုသေဂရုစိုက်ရမှာပေါ့၊ အခု အမေ့ရဲ့ အမူအရာကို ကြည့်ဦး၊ တကယ်ကို ဆိုးလွန်းတယ်”

ဝမ်မေလန် : “.........”

သူမ ထမင်းစားတူကို “ဖျန်း” ကနဲ နေအောင် ရိုက်ချလိုက်ရင်း

“ဝမ်နာ့နာ.. နင် ကောင်းကင်နဲ့မြေကြီးလှန်ချင်နေတာလား… နင်ကပါ ငါ့ကို လာပြီး ဆုံးမနေရတယ်လို့၊ နင်လို အဆင်အခြင်မရှိတဲ့ စုန်းမလေး...”

သူမ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“ညည်းက ကလေးကို ဘာလို့ ဆဲနေရတာလဲ၊ ကောင်းပြီလေ... ညည်း ငါ့အပေါ် မကျေနပ်ချက်တွေ ရှိနေတာ ငါ သိပါတယ်… ငါ အဘွားကြီး ဆက်မနေတော့ဘူး၊ ငါ့ချွေးမက ငါ့ကို သေအောင် သတ်ချင်နေတာပဲ...”

“အမေ... ကျွန်မ အဲလို သဘောမဟုတ်...”

“ညည်းက အဲလို သဘောမဟုတ်ရင် ဘာလဲ၊ ငါ့အထင်တော့ ညည်းက တကယ်ကို...”

“အဘွား... အဘွား မငိုနဲ့နော်၊ အမေက လွန်လွန်းတယ်၊ ဘာလို့ ဒီလို လုပ်ရတာလဲ”

ခဏချင်းအတွင်းမှာပင် ဝမ်မိသားစုတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားရတော့၏။ ယခုအချိန်မှာ ထမင်းစားချိန် ဖြစ်သဖြင့် အိမ်နီးနားချင်းများ အားလုံး ထမင်းပန်းကန်များကိုယ်စီ ကိုင်ဆောင်ကာ အပြင်ထွက်ပြီး ပွဲကြည့်နေကြသည်။ ချန်ချင်းယွီတို့ မိသားစုလေးယောက် အပြင် ပြန်ရောက်လာချိန်တွင် ထိုမိသားစုမှာ ဆူညံစွာ ရန်ဖြစ်နေကြဆဲ ဖြစ်၏။ အဘွားကြီးဝမ် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ခြေထောက်များကို ဆောင့်ကန်ရင်း တဂျီဂျီ လုပ်နေလေသည်။

“ဘယ်အိမ်က ချွေးမကများ ငါ့အိမ်က ချွေးမလိုမျိုး ဒီလောက်အထိ ရိုင်းစိုင်းမှာလဲ…ဘုရားသခင်ရေ... တရားမျှတမှု မရှိတော့ဘူးလား...”

အဘွားကြီးကျောက် : “ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ”

သူမမှာ အဘွားကြီးဝမ်၏ အရှက်ကွဲသည့် ပွဲကို တမင်သက်သက် လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။ သူတို့ အဘွားကြီး နှစ်ယောက်အကြားတွင် ကြီးကြီးမားမား ရန်ငြိုးမရှိသော်လည်း၊ ထိုအိမ်မှ သားဖြစ်သူ၏ ယုတ်မာသော လုပ်ရပ်များကြောင့် အဘွားကြီးကျောက်

ဤပွဲကို ဝမ်းမြောက်ဝမ်းသာ ထိုင်ကြည့်ချင်နေခြင်း ဖြစ်၏။

လင်စန်းရှင်း : “မေ့လန်ကလည်း နည်းနည်း လွန်တာပေါ့၊ ချွေးမဖြစ်တဲ့သူက ယောက္ခမကို ဒီလောက်အထိ မျက်ကွယ်ပြုလို့ ဘယ်ကောင်းမလဲ”

သူမ နူးညံ့သိမ်မွေ့သော လေသံဖြင့်

“နာ့နာတောင် ကြည့်မနေနိုင်တော့ဘူးဆိုတော့ မေ့လန် လုပ်တာ ဘယ်လောက်တောင် လွန်လဲဆိုတာ ထင်ရှားတာပေါ့”

ထပ်လောင်းပြောဆိုပြန်၏။

ဝမ်မေ့လန်မှာ ယခုအခါတွင် ဘယ်လိုမှ ဆင်ခြေပေး၍မရအောင် ပိတ်မိနေခဲ့ရသည်။

သူမ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကာ

“နင် ပါးစပ်ပိတ်ထားစမ်း၊ ဘာမှမသိဘဲနဲ့ ဒီမှာ လာပြီး ရန်မတိုက်ပေးနဲ့… နင့်ကိစ္စ နင်ဖြစ်အောင် အရင်လုပ်ပါ၊ ငါ့အိမ်က ကိစ္စတွေကို နင် ဝင်ပါစရာ မလိုဘူး၊ အမေ... အမေကကော ဘာဖြစ်ချင်နေတာလဲ၊ ကျွန်မ ဘာမှလည်း မပြောရသေးဘဲနဲ့ အမေက စပြီး သောင်းကျန်းနေပြီ၊ ဘာအတွက်နဲ့ ဒီလို လုပ်နေရတာလဲ… ကျန့်ကော် ပြန်မလာသေးလို့ စိတ်ပူနေရတဲ့ကြားထဲ အမေကပါ လာပြီး ပြဿနာရှာနေတယ်၊ ဒါ ဘာလုပ်တာလဲ”

လူ ပြန်မရောက်သေးသည့် ကိစ္စကို ပြောဆိုလိုက်သဖြင့် လီလင်းလင်းသည်လည်း စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ယွမ်မိသားစုရှိရာဘက်သို့ လှမ်းကြည့်မိ၏။

အစ်ကိုဟောက်ဖုန်းလည်း ပြန်မရောက်သေးဘူး၊ ဒါကို ဘယ်လိုလုပ်ရပါ့မလဲ…

ရက်အတော်ကြာနေပြီပဲ ဥစ္စာ…

သူမ မအောင့်နိုင်တော့၍ မေးမြန်းလိုက်ကာ

“မမ... မမ တောင်ပိုင်းကို သွားတုန်းက အစ်ကိုဟောက်ဖုန်းနဲ့ တွေ့ခဲ့သေးလားဟင်”

သူမ ချန်ချင်းယွီကို မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ငိုမတတ် ကြည့်ရှုရင်း

“မမ သိရင် ကျွန်မကို ပြောပြပေးပါနော်၊ ကျွန်မကို ပြောပြပေးပါလို့ တောင်းပန်ပါတယ်”

ဝမ်မေ့လန် ဝမ်ကျန့်ကော်အတွက် စိုးရိမ်နေသကဲ့သို့၊ သူမသည်လည်း ယွမ်ဟောက်ဖုန်းအတွက် အလွန်အမင်း ပူပန်နေရရှာ၏။

ကွမ်ထင်းထင်း : “ဒါက နင့်အဖေအိမ်က ကိစ္စမို့လို့ ဝင်ပါနေရတာလား… ငါ့ယောက်ျားကိစ္စကို ဇနီးဖြစ်တဲ့ငါကတောင် ဘာမှမပြောရသေးဘူး၊ နင်က ကြားထဲက ကုန်းရုန်းပြီး ထွက်လာတယ်ပေါ့၊ ဘာလဲ... ငါ့ယောက်ျားဆီ အတင်းကပ်ပြီး မယားငယ် လုပ်ချင်နေတာလား၊ ငါပြောလိုက်မယ်... အိမ်မက်တောင် မမက်နဲ့... ဒါက ခေတ်ဟောင်း လူ့အဖွဲ့အစည်းမဟုတ်တော့ဘူး၊ နင့်ရဲ့ အောက်တန်းစား အကျင့်တွေကို ရုပ်သိမ်းလိုက်စမ်းပါ… ငါ နင့်ကို ဘာမှ အရှည်မပြောချင်ဘူး၊ နည်းနည်းလောက်တော့ အရှက်ရှိစမ်းပါဦး”

လီလင်းလင်း : “ကျွန်မ... ကျွန်မအဲလိုမဟုတ်ပါဘူး၊ အဲလိုမတွေးပါဘူး၊ ကျွန်မက စိတ်ပူလို့ ရိုးရိုးလေးပဲ မေးတာပါ... ဝူးဝူးဝူး...”

သူမသည် ယွမ်ဟောက်ဖုန်းအတွက် တကယ်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ထိုမျှလောက် ရက်အတော်ကြာ သွားခဲ့သော်လည်း မည်သည့် သတင်းအစအနမျှ မရရှိခဲ့ပေ။

ချန်ချင်းယွီပင် ပြန်ရောက်နေပြီဖြစ်ရာ၊ သူတို့ ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေနိုင်ပါ့မည်နည်း။

ယွမ်မိသားစုက လူတွေကတော့ တကယ့်ကို အေးဆေးလွန်းလိုက်တာ…

“ကျွန်မက အစ်ကိုဟောက်ဖုန်းကို စိတ်ပူလို့ မေးတာလေ... နင်က သူ့ကို စိတ်မပူတဲ့အပြင်၊ သူများကိုကော စိတ်မပူရဘူးလို့ တားမြစ်ရလား”

“နင်လို အပျက်မလေးက...”

ကဲ... ကြည့်ကြပါဦး၊ ဒီအမျိုးသမီး နှစ်ယောက်လည်း အသေအလဲ ရန်ဖြစ်ကုန်ကြပြန်ပြီ…

ချန်ချင်းယွီ စူးစမ်းလိုစိတ်ဖြင့် ဤတစ်ယောက်ကိုတစ်လှည့်၊ ဟိုတစ်ယောက်ကိုတစ်လှည့် လှည့်ပတ်ကြည့်ရှုနေမိသည်။

ယွမ်ဟောက်ဖုန်းလို ယောက်ျားစားမျိုးကို ဘာဖြစ်လို့ အလုအယက် လုနေကြမှန်း သူမ ဘယ်လိုမှ စဉ်းစားလို့ကို မရဘူး~~

ဤသည်မှာ တကယ့်ကို အရှုံးပေါ်မည့် အလုပ် မဟုတ်လော့။ ချန်ချင်းယွီ နှုတ်ခမ်းကို မဲ့လိုက်သော်လည်း၊ ပွဲထိုင်ကြည့်ရသည်မှာ တကယ့်ကို ပျော်စရာ ကောင်းလှ၏။

အိုက်ယို... ယခင်ဆိုလျှင် သူတို့ အိမ်ရာဝင်းကြီးထဲတွင် ပြဿနာတက်တိုင်း ဆယ်ခါမှာ ရှစ်ခါလောက်သည် သူတို့မိသားစု ဝင်ပါနေကျ ဖြစ်သော်လည်း၊ ယခုနောက်ပိုင်းတွင်မူ လုံးဝ ဝင်မပါတော့ပေ။

ဘေးကနေ သက်သက်ကြည့်နေရတဲ့ ခံစားချက်က... ကိုယ်တိုင် ဝင်ရောက်ဆင်နွှဲရသလောက်တော့ အားရကျေနပ်စရာ မရှိလှပါဘူးလေ…

“အဓိကက ဝင်ရောက်ဆင်နွှဲဖို့ပဲ” ဆိုတဲ့ စကားက ဒီအဓိပ္ပာယ်ကို ပြောတာများလား…

ချန်ချင်းယွီတစ်ယောက် အတွေးကမ္ဘာထဲသို့ လွင့်မျောနေမိသည်။

ထိုအချိန်တွင် ကျောက်ရုံ ချက်ချင်းပင် သူမ၏ ချွေးမဖြစ်သူကို ဆွဲထိန်းလိုက်ပြီး လီလင်းလင်းကိုလည်း ဝင်ရောက်ဖျောင်းဖျလေ၏။

“လင်းလင်း... ညည်းက မိန်းမကောင်းတစ်ယောက်ဆိုတာ ဒေါ်လေးသိပါတယ်၊ အားလုံးက အိမ်ရာဝင်းတစ်ခုတည်းမှာ အတူတူ နေကြတာဆိုတော့၊ ညည်းက ညည်းရဲ့ အစ်ကိုဟောက်ဖုန်းအပေါ် စိတ်ပူတာပေါ့၊ တို့တွေကတော့ ညည်းတို့နှစ်ယောက်ရဲ့ သံယောဇဉ်က မောင်နှမအရင်းတွေလို ဖြစ်နေမှန်း သိကြပေမဲ့... ပြင်ပလူတွေကတော့ သိမှာမဟုတ်ဘူး၊ ဒါကြောင့် နောက်နောင် အဲဒီလို စကားမျိုးကို မပြောတာ အကောင်းဆုံးပဲ၊ အပြင်လူတွေ ကြားသွားရင် နားဝင်မချိုစရာတွေ ဖြစ်ကုန်လိမ့်မယ်”

ယခုခေတ်တွင် ‘လူရမ်းကားမှု’ (ခိုးရာလိုက်ပြေးမှု/ကာမပိုင်ဆိုင်မှု ချိုးဖောက်မှုဆိုင်ရာ ဥပဒေ) များ ပြင်းထန်လှသဖြင့် ကျောက်ရုံ အလွန် သတိထားနေရ၏။

သူမသည် မိမိသားဖြစ်သူ၏ ဆွဲဆောင်မှုရှိပုံကို စိတ်ထဲမှ သဘောကျနေမိသော်လည်း၊ လီလင်းလင်းလို အူတူတူ မိန်းကလေး ကိစ္စကို ကြီးကျယ်အောင် လုပ်မိမှာကိုလည်း အနည်းငယ် စိုးရိမ်နေမိသည်။

အမှန်စင်စစ် သူမသည်လည်း မိမိသားအတွက် စိတ်ပူနေရ၏။ သားဖြစ်သူမှာ ချန်ချင်းယွီ၏ နောက်သို့ တမင် လိုက်သွားခဲ့ခြင်း ဖြစ်သော်လည်း၊ ချန်ချင်းယွီ ပြန်ရောက်လာသည်မှာ လေးငါးရက် ရှိနေပြီဖြစ်ပါလျက်...

သားက ဘာလို့ ပြန်မလာသေးတာလဲ…

သူမ ချန်ချင်းယွီကို ကြည့်လိုက်ပြီးနောက် စကားလုံးကို သေသေချာချာ ရွေးချယ်ကာ မေးမြန်းလိုက်၏။

“ချင်းယွီ... ညည်း တောင်ပိုင်းကို သွားတုန်းက တို့အိမ်က ဟောက်ဖုန်းကို တွေ့မိသေးလား၊ ညည်းတို့က ရထားတစ်စီးတည်း အတူတူ စီးသွားကြတာ ဖြစ်ရမယ်”

ချန်ချင်းယွီ အလွန် ထူးဆန်းအံ့ဩနေမိသည်။ သူမသည် ချိုက်မင်မင်နှင့်အတူ သွားခဲ့ခြင်း ဖြစ်သော်လည်း၊ အားလုံးမှာ အဘယ်ကြောင့် ချိုက်မင်မင်ကို မမေးကြဘဲ သူမကိုသာ လာရောက် စပ်စုနေကြသနည်း။

သူမက ကြည့်ရတာ ပိုပြီး ရိုးသားအေးဆေးပြီး စကားပြောရလွယ်ကူတဲ့ပုံ ပေါက်နေလို့လား…

အဲဒါဆိုရင်တော့ အားလုံးက တကယ့်ကို မျက်စိကန်းနေကြတာပဲ ဖြစ်မယ်…

ချန်ချင်းယွီ ပြုံးလိုက်ရင်း

“ယန်ချန် (ကွမ်ကျိုး) မြို့ကြီးက ဒီလောက်အထိ ကျယ်ပြောလှတာ၊ ကျွန်မက ဘယ်နေရာသွားပြီး သူ့ကို တွေ့ရမှာလဲ”

ကျောက်ရုံ မျက်မှောင်ကြုတ်သွားသည်။

မတွေ့ခဲ့ဘူးဟုတ်လား…

ဒါဆို ချန်ချင်းယွီက သားဖြစ်သူ နောက်ကလိုက်လာတာကို မရိပ်မိခဲ့ဘူးပေါ့…

ဖြစ်နိုင်သည်၊ အလွန်ပင် ဖြစ်နိုင်၏။

ဘာပဲပြောပြော သူမ သားက အင်မတန် အရည်အချင်းရှိတဲ့သူမလား…

“ဒါပေမဲ့...”

အားလုံး ချက်ချင်းပင် ချန်ချင်းယွီကို ပြိုင်တူ စိုက်ကြည့်လိုက်ကြပြန်၏။

ချန်ချင်းယွီ : “ကျွန်မတို့တွေ အပြန်လမ်းမှာ တုန်းကတော့... လမ်းတစ်ဖက်ခြမ်းမှာ ယွမ်ဟောက်ဖုန်း၊ ရှီရှောင်ဝေတို့နဲ့ တူတဲ့လူ နှစ်ယောက်ကို လှမ်းမြင်ခဲ့သေးတယ်… အဲဒါနဲ့ လက်လှမ်းပြပြီး နှုတ်ဆက်လိုက်သေးတယ်၊ ဒါပေမဲ့ သူတို့က ပြန်မတုံ့ပြန်ကြဘူး… ပြီးတော့ လမ်းကလည်း နောက်တစ်လမ်း ဖြစ်နေတာဆိုတော့... ကျွန်မလည်း လူမှားသွားတာလားတော့ သေသေချာချာ မပြောတတ်ဘူး”

“အာ... သူတို့ပဲ၊ သေချာပေါက် သူတို့ပဲ ဖြစ်ရမယ်…သူတို့ ဘယ်လိုနေလဲ”

ချန်ချင်းယွီ လက်ကို ဖြန့်ပြလိုက်ကာ

“ကျွန်မတို့က အဲဒီတုန်းက ကားပေါ်မှာလေ၊ လက်လှမ်းပြတာကိုလည်း သူတို့က ပြန်မတုံ့ပြန်တော့ စကားပြောဖို့ အခွင့်အရေး လုံးဝမရခဲ့ဘူး… ဒါကြောင့် သူတို့ ဟုတ်မဟုတ်တောင် မသေချာတာမို့လို့ ဘယ်လိုရှိလဲဆိုတာ မသိနိုင်တော့ဘူးပေါ့…ဘာမှတော့ ဖြစ်ပုံမရပါဘူး၊ ကြည့်ရတာတော့ တော်တော်လေး ပုံမှန်ပါပဲ”

“ဟာ... ဒါဆို သူတို့ ဘာဖြစ်လို့ ဒီလောက်အကြာကြီး ပြန်မလာသေးတာလဲ”

ချန်ချင်းယွီ ပြန်လည်

မေးခွန်းထုတ်ကာ

“ဒါကို ကျွန်မက ဘယ်လိုလုပ် သိမှာလဲ”

ကျောက်ရုံ နောက်ထပ် တစ်ခုခုကို ထပ်မံ မေးမြန်းချင်သေးသော်လည်း၊ သူမ၏ ဘေးနားရှိ ယွမ်ဟောက်ရွှယ်မှာ မိခင်ဖြစ်သူကို အသာအယာ ဆွဲလိုက်ပြီး

“မေမေ... ကိုကို့အတွက် စိတ်မပူပါနဲ့… ကိုကိုက လမ်းမှာ ကိစ္စတစ်ခုခုကြောင့် နှောင့်နှေးနေလို့ ဖြစ်မှာပါ၊ သူက လူကြီးပဲဟာ၊ ပြီးတော့ နှစ်ပေါင်းများစွာ အနှံ့အပြား သွားလာဖူးတဲ့သူဆိုတော့ ဘာမှမဖြစ်နိုင်ပါဘူး”

မပြောဘဲ မနေရအောင်ပင်... ယွမ်ဟောက်ရွှယ်သည် မိခင်ဖြစ်သူနှင့် အလွန်တူပြီး စိတ်ကူးအကြံအစည် ရှိလှပေသည်။

“စိတ်မပူနဲ့”

သူမ ထပ်ပြောလိုက်၏။

ကျောက်ရုံလည်း ခေါင်းညိတ်လိုက်သည်။

ယွမ်ဟောက်ရွှယ် အသံကို နှိမ့်လိုက်ရင်း

“ကိုကိုက ချန်ချင်းယွီရဲ့ နောက်ကို လိုက်သွားရင်း လမ်းခွဲမိသွားတာ ဖြစ်နိုင်တယ်၊ အဲဒါကြောင့် ပစ္စည်းတွေ ယူတာ နောက်ကျပြီး အချိန်ကြန့်ကြာနေတာ ဖြစ်မှာပါ”

ကျောက်ရုံ စဉ်းစားကြည့်ရာ ထိုအတိုင်းပင် ဖြစ်နိုင်သည်ဟု ယူဆမိ၏။ သေချာပေါက် ဤသို့ပင် ဖြစ်ရမည်။

သူမ သက်ပြင်းတစ်ချက်ချလိုက်ရင်း ချန်ချင်းယွီကို မကျေမနပ်ဖြစ်သော မျက်ဝန်းများဖြင့် စောင်းငဲ့ကြည့်လိုက်မိသည်။ မိမိ၏ သားကို လမ်းပြမပေးခဲ့သည့်အတွက် အပြစ်တင်နေသည့် အမူအရာပင် ဖြစ်၏။

ချန်ချင်းယွီ မျက်ခုံးပင့်လိုက်ရင်း လှောင်ပြုံးတစ်ချက် ပြုံးလိုက်တော့သည်။

ထိုအချိန်တွင် အဘွားကြီးဝမ်သည်လည်း ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်လိုက်ရသကဲ့သို့ အလောတကြီး မေးမြန်းလာ၏။

“ဒါဆို... ငါ့သားကော”

ချန်ချင်းယွီ ပုခုံးတွန့်လိုက်ကာ ရွဲ့စောင်းပြောဆိုလိုက်သည်။

“အဲဒါကို ကျွန်မကဘယ်လိုလုပ် သိမှာလဲ… ဒေါ်လေးသားလည်း သွားခဲ့တာပဲလား… ဟင်း... တစ်ယောက်ချင်းစီက လမ်းဘေးဆိုင်ခင်းတာကိုကျ အထင်သေးကြပြီး၊ ကိုယ်တိုင် လက်တွေ့လုပ်ဖို့ကျတော့ ခြေလှမ်းက တော်တော်လေး သွက်ကြသားပဲ”

အဘွားကြီးဝမ် : “ညည်း စကားကို ဘယ်လို ပြောနေတာလဲ၊ ညည်း...”

“ကျွန်မက အခုလိုပဲ ပြောတတ်တာ၊ ကျွန်မ ပြောတာလည်း မှားလို့လား… ရှင်က ဒီကိစ္စလေးနဲ့တင်ပဲ စိတ်ဆိုးတော့မှာလား…. မဟုတ်လောက်ပါဘူးနော်၊ အဲဒါဆိုရင်တော့ ရှင်က စိတ်ကြီးလွန်းတာပေါ့… အို... ဒေါ်လေးဝမ်… ရှင်က ကွယ်ရာမှာ လမ်းဘေးဆိုင်ခင်းတဲ့အလုပ်ကို အောက်တန်းစား အလုပ်ဆိုပြီး အတင်းပြောခဲ့တာကို ကျွန်မ မှတ်မိသေးတယ်နော်၊ ဪ... ဟုတ်သားပဲ၊ ရှင် ပြောသေးတယ်... မကြာခင်မှာ မူဝါဒတွေ ပြောင်းလဲသွားရင် ကုန်သည်ပွဲစား လုပ်တဲ့သူတွေ အကုန်လုံး အဖမ်းခံရလိမ့်မယ်ဆို… ရှင်က တကယ့်ကို သာမန်လူ မဟုတ်ဘူးပဲ၊ မူဝါဒတွေကိုတောင် ကြိုတင် ခန့်မှန်းနိုင်တယ်ပေါ့၊ ဘာလဲ... ရှင့်သားကျတော့ ဒီအလုပ်ကို လုပ်ရင် အဖမ်းမခံရတော့ဘူးလား၊ ရှင်က ဒီအလုပ်လုပ်ရင် အဖမ်းခံရမယ်လို့ ထင်နေတာ မဟုတ်ဘူးလား၊ ဘာလို့ ကိုယ့်သားကိုကျ ပေးလုပ်ရတာလဲ… အခုကျတော့ မူဝါဒတွေ ပြောင်းလဲပြီး အဖမ်းခံရမှာကို မကြောက်တော့ဘူးလား၊ ဪ... ကျွန်မ သဘောပေါက်သွားပြီ၊ ရှင်က ဒီအလုပ်က ပိုက်ဆံရမှန်းသိလို့... တခြားလူတွေ လာပြီး မလုရဲအောင် တမင်သက်သက် ခြောက်လှန့်နေတာ ဖြစ်ရမယ်… အားလုံးက မလုပ်ရဲတော့မှ ရှင့်အိမ်ပဲ လုပ်ပြီး ရှင့်အိမ်ပဲ ပိုက်ဆံချမ်းသာမှာပေါ့… အဲဒါဆိုရင်တော့ ရှင်က တကယ့်ကို ဉာဏ်များလွန်းတာပဲ”

“နင်... နင်... နင်၊ လျှောက်မပြောနဲ့”

ချန်ချင်းယွီ ပြုံးရွှင်စွာဖြင့်

“ကျွန်မက အလကား ပြောကြည့်တာပါ”

သူမ အပြစ်ကင်းစင်သော လေသံဖြင့်

“ကြည့်လေ... ရှင် လုပ်ဆောင်ခဲ့တဲ့ ပုံစံက ဒီအဓိပ္ပာယ်ကို ဖော်ဆောင်နေတာပဲ ဥစ္စာ၊ ဒေါ်လေးဝမ်... ရှင်က ဒီလောက်အထိ အကွက်မြင်တတ်လိမ့်မယ်လို့ မထင်ထားမိဘူး၊ တကယ်ကို လေးစားပါတယ်၊ လေးစားပါတယ်”

“နင်... နင်... နင်...”

အဘွားကြီးဝမ်မှာ ခဏတာအတွင်း မည်သို့ ဆင်ခြေပေးရမှန်းပင် မသိဖြစ်သွားရ၏။

မည်သို့ဆိုစေကာမူ ထိုကဲ့သို့သော စကားမျိုးကို သူမ ခဏခဏ ပြောလေ့ရှိသည် မဟုတ်လော့။ သို့သော် သူမ ပြောခြင်းမှာ သူတစ်ပါးကို ပိတ်ပင်တားဆီးလို၍ မဟုတ်ဘဲ၊ သူတစ်ပါး ကောင်းစားသည်ကို လုံးဝ မကြည့်နိုင်သည့် မနာလိုစိတ်သက်သက်ကြောင့်သာ ဖြစ်သည်။

သူမ ထိုစကားများ ပြောစဉ်၌လည်း မိမိ၏ သားဖြစ်သူပါ ဤအလုပ်ကို လုပ်ကိုင်လိမ့်မည်ဟု လုံးဝ ထည့်မစဉ်းစားခဲ့မိပေ။ သူမ အမြင်တွင်မူ မိမိ၏ သား၌ တရားဝင် အလုပ်အကိုင် ရှိထားပြီးသား ဖြစ်သည်။ ထို့ကြောင့် လမ်းဘေးဈေးသည် သို့မဟုတ် မှောင်ခိုကုန်သည်ပွဲစားအဖြစ် လုံးဝ မသတ်မှတ်နိုင်ဟု ယူဆထား၏။ သို့သော် ချန်ချင်းယွီ၏ ဤကဲ့သို့ မထိတထိ ရွဲ့စောင်းပြောဆိုမှုကို ခံလိုက်ရသောအခါ... ကြည့်ရသည်မှာ တမင်သက်သက် အကွက်ဆင်ထားသည့်အလား ပေါ်လွင်သွားတော့၏။

အဘွားကြီးဝမ် ငြင်းဆိုကာ

“မဟုတ်ဘူး၊ ငါ အဲလို လုံးဝ မရည်ရွယ်ဘူး...”

“အော်~”

လူအများ သံရှည်ဆွဲ၍ အာမေဍိတ်သံ လိုက်ကြပြီး၊ မည်သူမျှ မယုံကြည်ကြသည့် အမူအရာ ဖြစ်နေသည်။

အဘွားကြီးဝမ် ချက်ချင်းပင် လူးလဲထရပ်လိုက်ပြီး

“ငါပြောပြီးပြီပဲ... တို့အိမ်မှာ အဲလို စိတ်ကူးမရှိပါဘူးဆို…အိမ်ပြန်မယ်၊ အိမ်ပြန်မယ်၊ ထမင်းတောင် မစားရသေးဘူး… ဒါ ဘာတွေ လုပ်နေကြတာလဲ”

အဘွားကြီးဝမ်သည် စကားချင်းလည်း မယှဉ်နိုင်၊ အရှက်လည်း ကွဲသွားသဖြင့် စကားလမ်းကြောင်းလွှဲကာ ချက်ချင်းပင် လစ်ထွက်သွားတော့သည်။

မပြောဘဲ မနေရအောင်ပင်... ဤသို့ဖြင့် ရန်ပွဲ ချက်ချင်း ပြီးဆုံးသွားခဲ့ရ၏။

ပိုင်ဖုန်းရှန်း : “မချကြတော့ဘူးလား၊ အားပါးပါး... ဒီလိုပြောရင် ထိရောက်မှန်း စောစောကတည်းက သိရင်၊ တို့တွေ စောစောက ဘာလို့ ဝင်ဖြန်ဖြေနေကြတာလဲ မသိဘူး”

ချန်ချင်းယွီ ပုခုံးတွန့်ပြရင်း ရယ်မောလိုက်၏။

သူမ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး

“ဟော... အစ်မမင်မင်တစ်ယောက် အိမ်မှာ မရှိဘူးလား”

သူတို့ ရောင်းချသည့် ကုန်ပစ္စည်းများ မတူညီသည့်အပြင် သုံးစွဲသူများ၏ လိုအပ်ချက်လည်း ကွာခြားသဖြင့်၊ ဆိုင်ခင်းရာတွင် အတူတူ မခင်းကြကာ အသီးသီး ကိုယ့်အလုပ်ကိုယ် လုပ်ကြခြင်း ဖြစ်သည်။ လတ်တလောတွင် အားလုံး အလွန် အလုပ်များနေကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် မဆုံဖြစ်ကြပေ။ အိမ်ရာဝင်းတစ်ခုတည်းတွင် အတူတူ နေထိုင်ကြပါလျက်နှင့် ရက်အတော်ကြာအောင် မတွေ့ဖြစ်ကြခြင်း ဖြစ်၏။

ပိုင်ဖုန်းရှန်း : “သူက တို့အိမ်က သားကြီးနဲ့အတူ ရွာဘက်ကို သွားကြတယ်”

ချန်ချင်းယွီ : “ဟင်... ဟုတ်လား”

“အိမ်က သားကြီးတို့ ကျောင်းက ဆရာမတစ်ယောက်က မြို့ဆင်ခြေဖုံးအောက်က ရွာတစ်ရွာက ရွာလူကြီးရဲ့ မိန်းမလေ၊ အဲဒီပစ္စည်းတွေက ဈေးလည်းချို၊ လက်မှတ်လည်း မလိုဘူးဆိုတာကို မြင်တော့... တို့အိမ်က သားကြီးလင်မယားကို သူတို့ရွာဆီ သွားပြီး တစ်ခေါက်လောက် သွားရောင်းပေးဖို့ ညှိနှိုင်းလာတာလေ… ရွာက အရပ်သူအရပ်သားတွေအတွက်လည်း အဆင်ပြေအောင်လို့ပေါ့။ အဲဒါနဲ့ တို့အိမ်က သားကြီးလင်မယားလည်း အတူတူ သွားကြတာ”

အဓိကအချက်မှာ လက်မှတ် မလိုခြင်းကြောင့်ပင်…

ပေကျင်းမြို့နှင့် နီးကပ်လွန်းလှသဖြင့် ပတ်ဝန်းကျင် ကျေးရွာများမှာ အလွန်အမင်း ဆင်းရဲမွဲတေခြင်း မရှိကြပေ။ သို့သော်လည်း ကျေးရွာများတွင် ကုန်ပစ္စည်းလက်မှတ် ရရှိမှု နည်းပါးလှသည်သာ… ဤကဲ့သို့ လက်မှတ်မလိုဘဲ အစိုးရပိုင် ကုန်တိုက်များအတိုင်း ဈေးနှုန်းတူညီပြီး၊ အဝယ်များလျှင် ဈေးလျှော့ပေးဦးမည့် ပစ္စည်းမျိုးကို ရရှိရန် ခဲယဉ်းလှသည်။ ထို့ကြောင့် ထိုဆရာမလေးသည် ရွာထဲရှိ ဆွေမျိုးသားချင်းများကို ချက်ချင်း သတိရသွားခြင်း ဖြစ်၏။

မျက်နှာသုတ်ပုဝါ၊ စွပ်ကျယ်အင်္ကျီနှင့် ခြေအိတ်များဟူသည် ပျက်စီးသွားမည့်အရာများ မဟုတ်ရာ၊ အဝယ်များလျှင် ဈေးလည်းသက်သာ၊ လက်မှတ်လည်း မလိုသဖြင့်၊ လက်မှတ်မရှိသော ၎င်းတို့အတွက် အလွန်ပင် ကိုက်ညီလှပေသည်။

ထို့ကြောင့် ရွာသားများနှင့် ချက်ချင်း ချိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပြီး၊ ဤသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ကိစ္စကောင်းတစ်ခုပင် ဖြစ်၏။

မာကျန်းတို့ လင်မယားသည်လည်း ပိုက်ဆံရမည်ဆိုလျှင် ဝမ်းမြောက်ဝမ်းသာ လုပ်ကိုင်ကြသူများ ဖြစ်ရာ၊ အလုပ်ဆင်းသည်နှင့် ချက်ချင်း သွားကြသဖြင့် အိမ်ပြန်ပြီး ထမင်းပင် မစားဖြစ်ကြပေ။

ပိုင်ဖုန်းရှန်း : “တို့အိမ်က မာကျန်းက အရင်တုန်းက ဒီလောက်အထိ မကြိုးစားပါဘူး၊ ကြွေးကြော်သံတွေသာ အကျယ်ကြီး အော်တတ်တာ၊ တကယ်တမ်း အလုပ်လုပ်ရင် မဟုတ်တရုတ်… အခုတော့ ကောင်းသွားပြီ၊ သူ့မိန်းမရဲ့ တွန်းအားပေးမှုကြောင့် သူပါ တခြားလူတစ်ယောက်လို ပြောင်းလဲသွားပြီ”

ချန်ချင်းယွီ ပြုံးပြလိုက်၏။

ပိုင်ဖုန်းရှန်း : “ဒီလို လမ်းဘေးဆိုင်ခင်းတာက နားထောင်လို့ မကောင်းဘူးဆိုပေမဲ့... အလုပ်တစ်ခုတော့ ဖြစ်တာပဲလေ၊ ဟိုး ကျေးလက်ဆင်းသွားတဲ့ ပညာတတ်လူငယ်တွေတောင် အလုပ်မရှိကြလို့... ကိုယ့်လမ်းကိုယ် ရှာနေကြရတာပဲ၊ တို့ချွေးမက ဒါတွေကို တွေးတောကြံဆနိုင်တာ တကယ်ကို ကောင်းပါတယ်”

သူမသည် ဤချွေးမအပေါ် အလွန် အားရကျေနပ်နေဆဲ ဖြစ်သည်၊ လုပ်လည်းလုပ်နိုင်၊ ကြိုးလည်းကြိုးစားပြီး ပြဿနာလည်း မရှာတတ်ပေ။

တစ်ဖက်အိမ်ရှိ ကွမ်ထင်းထင်းမှာမူ တရားဝင် အလုပ်အကိုင် ရှိသော်လည်း၊ သောင်းကျန်းလွန်းလှသည်။ တစ်နေ့လုံး အိမ်ထဲတွင် အမိန့်ပေး အော်ဟစ်နေသဖြင့် တကယ်ကို မခံမရပ်နိုင် ဖြစ်ရ၏။

သူမအနေဖြင့် ချွေးမဖြစ်သူကို အိမ်အလုပ်များ အများကြီး လုပ်ပေးရန် မမျှော်လင့်သော်လည်း၊ ဤကဲ့သို့ သောင်းကျန်းတတ်သော ချွေးမမျိုးကို တကယ် ကြောက်လှပေသည်။ မိမိအိမ်ရှိ ချွေးမလေးမှာ အလွန်ကောင်းပြီး၊ ရိုးသားအေးဆေးလှ၏။

“အမေလေး... ငါ ဆက်မပြောတော့ဘူး၊ တို့အိမ်က ကလေးတွေ ညစာစားရတော့မယ်၊ ငါ သူတို့အတွက် ကြက်ဥပေါင်း သွားလုပ်ပေးရဦးမယ်”

လင်စန်းရှင်း တိုးတိုးလေး ညည်းတွားကာ

“မိန်းကလေးတွေကို ဘာဖြစ်လို့ ကြက်ဥပေါင်း ကျွေးနေရတာလဲ၊ ဖြုန်းတီးပစ်တာပဲ”

ချန်ချင်းယွီ မျက်လုံးတစ်ချက် စောင်းကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့ ထွက်သွားကြပြီးနောက်၊ ကျောက်ရုံ ရုတ်တရက် ဆိုလာကာ

“ညည်းတို့ သတိထားမိလား၊ ချန်ချင်းယွီက အရင်ကနဲ့ နည်းနည်း ကွာခြားသွားသလိုပဲနော်”

“ကွာလို့လား”

အဘွားကြီးဟွမ် : “မခံစားရပါဘူး၊ အရင်အတိုင်းပါပဲ မဟုတ်လား… မျက်လုံးနှစ်လုံး၊ နှာခေါင်းတစ်ခုနဲ့ ပါးစပ်တစ်ပေါက်ပဲဥစ္စာ”

“ကျွန်မပြောတာက စရိုက်ကို ပြောတာ”

ကျောက်ရုံ စိတ်ထဲတွင် အဘွားကြီးဟွမ်ကို နှိမ်ချလိုက်မိသည်။

အဘွားကြီးဟွမ် : “မခံစားရပါဘူး”

“ရှိတယ်၊ ရှိတယ်၊ ငါတော့ နည်းနည်း သတိထားမိတယ်… သူက အရင်တုန်းက ကြောက်ကြောက်လန့်လန့်နဲ့ ဘယ်ကိစ္စမှာမှ ခေါင်းမပြူရဲဘူး…ဒါပေမဲ့ ဒီနေ့ကျတော့ မျက်လုံးပါ စောင်းကြည့်သွားသေးတယ်…ညည်းကြည့်ဦး... သူ စောစောက ငါ့ကို မျက်နှာပေး အမူအရာ ပြသွားတာ မဟုတ်လား”

လင်စန်းရှင်း စိတ်ထဲတွင် မကျေမနပ် ဖြစ်နေခဲ့သည်။

ယွမ်ဟောက်ရွှယ် : “ကျွန်မလည်း သူ အရင်ကနဲ့ မတူတော့ဘူးလို့ ထင်တယ်။ ကြည့်ရတာ... ကြည့်ရတာ... ကြည့်ရတာ... ပိုပြီးတော့ ထက်မြက်ရဲရင့်တဲ့ အရိပ်အယောင်တွေ ရှိလာသလိုပဲ။”

ပို၍ တိကျသော စကားလုံးကို ရှာဖွေကာ ပြောဆိုလိုက်၏။

ရှီကျန့်ရှန်း သေသေချာချာ စဉ်းစားကြည့်ရာ ထိုအတိုင်းပင် ဖြစ်နေသဖြင့်

“ဟင်း... သူက အဲဒီလောက် ဝေးလံတဲ့နေရာအထိ သွားပြီး ပစ္စည်းတွေတောင် ယူရဲနေပြီပဲ၊ လောကအမြင်လည်း ကျယ်သွားပြီဆိုတော့... အရင်လို နူးညံ့ပြီး အနိုင်ကျင့်ရလွယ်တဲ့သူ ဖြစ်နေပါဦးမလား”

အစ်မကြီးဖန် မနာလိုစိတ်ဖြင့်

“ဒါဆို နောက်နောင်ကျရင် သူနဲ့ အဘွားကြီးကျောက်ကြားထဲမှာ... ဘယ်သူက ဘယ်သူ့ကို ဖိနှိပ်မလဲဆိုတာ မပြောတတ်တော့ဘူးနော်၊ အရင်တုန်းက အဘွားကြီးကျောက်က ချွေးမအပေါ် သိပ်ရက်စက်ခဲ့တာ၊ အခုတော့ မုဆိုးမလေးက ပိုက်ဆံလည်း ရှာနိုင်ပြီ၊ လူကလည်း မာကျောလာပြီဆိုတော့... ကြည့်နေလိုက်၊ အဘွားကြီးကျောက်ဘက်က အရှုံးပြရတော့မှာ အသေအချာပဲ”

“ဒါကတော့ ညည်း လျှောက်ပြောတာပဲ၊ ဘယ်သူပဲ ရှုံးရှုံး အဘွားကြီးကျောက်ကတော့ အရှုံးခံမယ့်လူ မဟုတ်ဘူး… အဲဒီ လမ်းဘေး ရန်ပွဲရှာတတ်တဲ့ အဘွားကြီးကဘယ်တုန်းက အရှုံးပေးဖူးလို့လဲ၊ မုဆိုးမလေး ဘာပဲတော်တော် အဘွားကြီးရဲ့ လက်ခုပ်ထဲကတော့ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး”

“ဒါလည်း ဟုတ်တာပဲ၊ အဘွားကြီးကျောက်ဆိုတဲ့ အဘွားကြီးက သာမန်လူ ရင်ဆိုင်နိုင်တဲ့သူမျိုး မဟုတ်ဘူး… မုဆိုးမလေးက အရင်ကထက် မာကျောလာတယ် ဆိုဦးတော့၊ အဘွားကြီးရဲ့ ပြိုင်ဘက်တော့ ဖြစ်လာမှာ မဟုတ်ဘူး၊ ပိုက်ဆံရှာလို့ရတာတွေအကုန်လုံး အဘွားကြီးရဲ့ လက်ထဲ အပ်လိုက်ရဖို့ပဲ ရှိတာ”

“အဲဒါဆိုရင်တော့ သနားစရာ ကောင်းလိုက်တာ”

“ဟုတ်ပ...”

“ဒါတင်ပဲမဟုတ်ဘူး… သေချာပေါက် အဲလို ဖြစ်မှာ…ညည်းတို့ ကြည့်လေ... အဘွားကြီးကျောက်က လတ်တလော ရက်ပိုင်းအတွင်း အလုပ်ကနေ ခွင့်ယူပြီး လမ်းဘေးဆိုင်ခင်းတဲ့ နောက်ကို လိုက်နေတာ၊ သေချာပေါက် မုဆိုးမလေးကို စောင့်ကြည့်နေတာပဲ ဖြစ်ရမယ်… သူ ပိုက်ဆံခိုးမစုမိအောင် စောင့်ကြည့်ပြီး... အချိန်တန်ရင် အကုန်လုံး အပ်ခိုင်းတော့မှာ”

“ဟုတ်တယ်၊ ဟုတ်တယ်”

လူအများ ချက်ချင်းပင် တီးတိုး ဝေဖန်ပြောဆိုလာကြသည်။

ထိုအချိန်တွင် အဒေါ်ကြီးမေ့ ထိုလူအနည်းငယ်ကို ကြည့်ကာ နှုတ်ခမ်းကို လှုပ်ရှားပြီး တစ်ခုခု ပြောချင်သော်လည်း၊ နောက်ဆုံးတွင် ဘာမှ မပြောဖြစ်ခဲ့ပေ။

သူမ၏ အိမ်သည် ချန်ချင်းယွီတို့ အိမ်နှင့် အနီးဆုံး ဖြစ်ရာ၊ အမှန်အတိုင်း ပြောရလျှင် အဘွားကြီးကျောက် ချန်ချင်းယွီအပေါ် မကောင်းဘူးဟု သူမ လုံးဝ မထင်ပေ။

အမှန်ပါပဲ... အရင်တုန်းက လင်းကျွင်းဝင် ရှိစဉ်တုန်းကတော့ အဘွားကြီးကျောက်က ချွေးမအပေါ် မကောင်းခဲ့တာ အမှန်ပဲ….

သို့သော် လင်းကျန့်ဝမ် ကွယ်လွန်သွားပြီးနောက်ပိုင်းတွင်မူ... အဘွားကြီးကျောက် ချွေးမကို လက်ပါသည်ကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ဆဲဆိုသည့် အကြိမ်အရေအတွက်ပင် အလွန် နည်းပါးလာ၏။

အရေးကြီးဆုံး အချက်မှာ လူကြီးများကို မမြင်နိုင်သော်လည်း၊ ကလေးများကို ကြည့်ခြင်းဖြင့် ထိုမိသားစု သာယာဖြောင့်မတ်နေမှန်း သိနိုင်ခြင်း ဖြစ်သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မည်မျှအထိ တက်ကြွရွှင်လန်းနေကြသနည်း။ အကယ်၍ သူတို့၏ မိခင်သာ အဘွားဖြစ်သူ၏ နှိပ်စက်မှုကို ခံနေရလျှင်၊ ကလေးများ ဤကဲ့သို့ ဖြစ်နေမည် မဟုတ်ပေ။

ဘာပဲပြောပြော သူတို့ကို ချန်ချင်းယွီက ပြုစုပျိုးထောင်ပေးနေတာမလား…

ထို့ပြင် အရေးအကြီးဆုံးအချက်မှာ အိမ်ရာဝင်းထဲတွင် ပြဿနာတက်သည့် အကြိမ်တိုင်း၌... ဤယောက္ခမနှင့် ချွေးမနှစ်ယောက်စလုံးမှာ အမြဲတမ်း တစ်သဘောတည်း၊ တူညီသော မဟာမိတ်အဖြစ် ရပ်တည်ခဲ့ကြခြင်း ဖြစ်၏။ လုံးဝကို ဆက်ဆံရေး မကောင်းခြင်းမျိုး မဟုတ်ပေ။

အဒေါ်ကြီးမေ့မှာ ထိုမိသားစု၏ အခြေအနေမှာ အပြင်လူများ ထင်သကဲ့သို့ မဟုတ်ဟု ခံစားရသည်။

ဘာပဲပြောပြော အရမ်း ဆိုးရွားတဲ့ဆက်ဆံရေးမျိုးတော့ သေချာပေါက် မဟုတ်ပါဘူး…

ပြင်ပလူများ အတွေးလွန်နေကြခြင်းသာ…

သို့သော် သူမလည်း ဝင်ရောက်စကားမများတော့ပေ။ ပြောပြလျှင်လည်း မည်သူမျှ ယုံကြမည် မဟုတ်ပေ။

လူအများ အိမ်ရာဝင်းထဲတွင် ရပ်ကာ စကားလက်ဆုံ ကျနေကြသော်လည်း၊ အသံကို ကျယ်ကျယ် မပြောရဲကြချေ၊ အဘွားကြီးကျောက် သိသွားလျှင် သောင်းကျန်းလာမည်သာ…

သူတို့အားလုံး ချန်ချင်းယွီ၏ ပြောင်းလဲလာသော အမူအရာကိုသာ အာရုံစိုက်နေကြသော်လည်း၊ လီလင်းလင်းမှာ ထိုအရာများကို ဂရုမစိုက်ပေ။ သူမ တွေးနေသည်မှာ ယွမ်ဟောက်ဖုန်း အကြောင်းသာ ဖြစ်သည်။

“အစ်ကိုဟောက်ဖုန်း ဘာလို့ ပြန်မလာသေးတာလဲ...”

ကွမ်ထင်းထင်း သူမကို မကျေမနပ်ဖြစ်သော မျက်ဝန်းများဖြင့် စောင်းငဲ့ကြည့်လိုက်၏။ ဤမိန်းမမှာ မိမိ၏ ယောက်ျားကို မျက်စိကျနေသည့်အပြင်... လူအများရှေ့တွင် မိမိ၏ မျက်နှာကို ဖြတ်နေလေသည်။

ကွမ်ထင်းထင်း အလွန်အမင်း မကျေမနပ် ဖြစ်နေခဲ့၏။

“နင်...”

“အား... အား... အား...”

ကွမ်ထင်းထင်း ပြဿနာရှာရန် ပြင်လိုက်စဉ်မှာပင်... လီလင်းလင်း၏ မျက်ဝန်းများ ရုတ်တရက် တောက်ပသွားပြီး၊ တံခါးဝဆီသို့ အလောတကြီး ပြေးထွက်သွားကာ ခရီးပန်းလာသော အမျိုးသား၏ ကိုယ်ပေါ်သို့ လှမ်းဖက်လိုက်တော့သည်။

“အစ်ကိုဟောက်ဖုန်း... အစ်ကို ပြန်လာပြီ၊ အစ်ကို နောက်ဆုံးတော့ ပြန်လာပြီပဲ… ညီမ အစ်ကို့ကို ဘယ်လောက်တောင် စိတ်ပူနေခဲ့ရလဲ သိရဲ့လား”

ယွမ်ဟောက်ဖုန်းနှင့် ရှီရှောင်ဝေတို့ နှစ်ယောက်လုံးမှာ လမ်းခရီးတောက်လျှောက် ပင်ပန်းလာကြသဖြင့်... တစ်ကိုယ်လုံးတွင် နံစော်စုတ်ပြတ်နေ၏။ အခက်အခဲများစွာဖြင့် အိမ်သို့ အရောက်ပြန်လာခဲ့ကြရာ၊ အိမ်တံခါးဝသို့ မဝင်ရသေးခင်မှာပင် အတင်း လှမ်းဖက်ခြင်းကို ခံလိုက်ရသည်။

သူ နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းထိုးသွားပြီးမှ... ပြေးဖက်လာသောသူကို ပြန်လည် ထိန်းပွေ့လိုက်ရ၏။

ကျန်လူများ : “ဝိုး...”

ကွမ်ထင်းထင်း ဒေါသတကြီးဖြင့် အသံကုန်ဟစ်အော်ကာ

“နင်တို့ ဘာလုပ်နေကြတာလဲ...”

သူမ အသံကုန်ဟစ်ကာ

“နင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ၊ လီလင်းလင်း... နင် ဘယ်လောက်တောင် ယောက်ျားငတ်နေလို့လဲ၊ ငါ အသက်ရှင်ရက်ကြီး ရှိနေသေးတာကို ငါ့ယောက်ျားကို လာလုတယ်ပေါ့... နင်လို အရှက်မရှိတဲ့ မိန်းမပျက်... ငါ နင့်ကို ရိုက်သတ်ပစ်မယ်...”

သူမ အော်ဟစ်ကာ ပြေးဝင်သွားတော့သည်။

“အား... နင် ဘာလုပ်တာလဲ၊ ငါက အစ်ကိုဟောက်ဖုန်းဆီကို ရိုးရိုးလေးပဲ စိတ်ပူလို့ လာတာပါ”

“နင်လို အရှက်မရှိတဲ့ ကောင်မ...”

အမျိုးသမီးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ဆွဲလားရမ်းလားဖြင့် အပြင်းအထန် ရိုက်နှက်ကြ၏။

ချန်ချင်းယွီတို့ မိသားစုအိမ်ထဲသို့ ဝင်သွားပြီးကာမှ... သတင်းကြားသဖြင့် အပြင်သို့ အလောတကြီး ပြန်လည် ထွက်လာကြပြန်သည်။

သူမ အလွန် စပ်စုလိုသော စိတ်ဖြင့်

“ဒါက ဘာဖြစ်လို့ ထပ်ချကြပြန်တာလဲ… လောကကြီးမှာ ယောက်ျားတွေ အကုန်လုံး သေကုန်ကြလို့လား”

လောကကြီးတွင် ယောက်ျားများ အကုန်လုံး သေကုန်ကြခြင်း မဟုတ်ပေ။ သို့သော် လီလင်းလင်း၏ အချစ်မှာ သမုဒ္ဒရာထက် နက်ရှိုင်းနေခဲ့ခြင်း ဖြစ်သည်။

နှစ်ယောက်သား အပြန်အလှန် လုံးထွေးနေကြရာ၊ ယွမ်ဟောက်ဖုန်းမှာ ဝင်ရောက်တားဆီးရ၏။

“တော်ပြီ၊ တော်ပြီ၊ မင်းတို့ ဘာလုပ်နေကြတာလဲ… မြန်မြန်

ရပ်ကြစမ်း”

ချန်ချင်းယွီမှာ သူတို့ ပြန်လာမည့်အချိန်ကို ခန့်မှန်းထားပြီးသား ဖြစ်သည်။ သူမ ယွမ်ဟောက်ဖုန်း၏ ခရီးဆောင်အိတ်များကို လှမ်းကြည့်လိုက်ရာ... သူသည် အထုပ်အပိုး အနည်းငယ်ကို သယ်ဆောင်လာသည်ကို မြင်လိုက်ရ၏။

ကောင်းပြီလေ... ပြိုင်ဘက် နံပါတ်တစ် (၁) ပြန်ရောက်လာခဲ့ပြီပဲ…

အမှန်အတိုင်း ပြောရလျှင် သူမအနေဖြင့် အစောဆုံး ဆုံတွေ့ရမည့် ပြိုင်ဘက်မှာ မှောင်ခိုဈေးမှ လူများဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုလူစုမှာ ယခုထက်ထိ ဆိုင်ထွက်မရောင်းကြသေးသဖြင့် ချန်ချင်းယွီတစ်ယောက် ဘယ်လိုမှ စဉ်းစား၍မရအောင် ဖြစ်နေရ၏။

သူတို့ အခုထိ ပြန်မလာကြသေးတာလား… နားမလည်နိုင်တော့ပါဘူး…

ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် ၎င်းတို့မှာ ပို၍ မြန်ဆန်သင့်သည်သာ… သို့သော် ယခုထိ ဆိုင်ခင်းခြင်းမရှိသေး၍ သေချာပေါက် ပြန်မရောက်သေး၍သာ ဖြစ်ရမည်။

ဒါမှမဟုတ်... သူတို့လည်း မိန်းမလှထောက်ချောက်ထဲ မိသွားကြလို့လား…

တကယ့်ကို ဘယ်လိုမှ စဉ်းစားလို့ မရတော့ဘူး… ထူးဆန်းလိုက်တာ..

အမှန်စင်စစ် ဤလူအနည်းငယ်သာ ပြိုင်ဘက်ဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ တခြားလူများလည်း ဤကဲ့သို့ ပိုက်ဆံရနိုင်မည့် လမ်းစကို သိရှိသွားပါက သေချာပေါက် ပစ္စည်းသွားယူကြမည်သာ…

သို့သော်လည်း ရှေးစကားအတိုင်းပင်... ခရီးဝေးထွက်ရန်ဟူသည် ထင်သလောက်နှင့် အလွယ်တကူ ဆုံးဖြတ်ချက်ချနိုင်သည့်အရာ မဟုတ်ချေ။ ရောက်သွားလျှင်လည်း ချက်ချင်းပင် ပစ္စည်းအများအပြား ယူရဲကြမည်မဟုတ်ပေ။ ထို့ကြောင့် ချန်ချင်းယွီတွင် အချိန်ပိုင်းအရ ကြီးမားသော အားသာချက် ရှိနေခြင်း ဖြစ်၏။ သူတို့ အိမ်ရာဝင်းထဲရှိ လူအနည်းငယ် ဤမျှလောက် ခြေလှမ်းသွက်နေရခြင်းမှာလည်း သူမနောက်သို့ လိုက်ခဲ့ကြသောကြောင့်သာ ဖြစ်၏။ ထိုသို့မဟုတ်ပါက သေချာပေါက် ပို၍ပင် နှောင့်နှေးကြဦးမည်သာ…

ချန်ချင်းယွီ ဤမျှလောက် အလုပ်ဖြစ်မြောက် သွက်လက်နေရခြင်းမှာ... ပြီးခဲ့သော ဘဝမှအမှတ်သညာများ ရှိနေသည့်အပြင်၊ ရှုံးမှာကိုလည်း မကြောက်ဘဲ စရိုက်သည်လည်း ခပ်မိုက်မိုက် ခပ်ရဲရဲ ရှိလှသောကြောင့်ပင်… သို့သော် တစ်ခေါက်လောက် စမ်းလုပ်

ကြည့်လိုက်သည်နှင့် လုံးဝမရှုံးနိုင်မှန်း သိသာလှပေသည်။

ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ အစောပိုင်းကာလတွင် ဖရုံစေ့လှော်ရောင်းရုံမျှနှင့်ပင် သူဌေးဖြစ်နိုင်သည်ဟူသော “ရှာကျစ်ဖရုံစ့” ၏ ပုံပြင်ကို သူမ ကြားဖူးနားဝ ရှိလှပေသည်။

တကယ့်ကို တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းကြီး မဟုတ်လား…

သို့သော်လည်း “ရှာကျစ်ဖရုံစေ့” ၏ သင်ခန်းစာကို သိရှိထားသောကြောင့်... သူမအနေဖြင့် ပိုက်ဆံရလာလျှင်ပင် ဆူညံအော်ဟစ်ပြီး လုပ်ငန်းကို ကြီးကြီးမားမား တိုးချဲ့ရန် စိတ်ကူးမရှိပေ။

ယခုအချိန်မှာ ထိုသို့လုပ်ရန် အချိန်အခါကောင်း မဟုတ်သေးပေ။

ချန်ချင်းယွီ ခဏမျှ အတွေးလွင့်သွားပြီးနောက်၊ ချက်ချင်းပင် ရန်ပွဲကို ပြန်လည်အာရုံစိုက်ကာ ပွဲကြည့်တော့သည်။

မိန်းမနှစ်ယောက်က ယောက်ျားတစ်ယောက်တည်းကို လုနေကြတဲ့ပွဲပေါ့…

ချန်ချင်းယွီ ခံစားမိသည်မှာ... သူတို့သာ ဤအတိုင်း ဆက်ပြီး သောင်းကျန်းနေကြပါက ကိစ္စကြီးကျယ်သွားပြီး လူပြောသူပြော များလာလျှင် မည်သည့်ကောင်းကျိုးမှ ခံစားရမည် မဟုတ်ပေ။

အဘွားကြီးကျောက် : “အမေလေး... ကြည့်စမ်း၊ ဒီလို ချောမောခန့်ညားတဲ့ လူငယ်လေးတွေကျတော့ တကယ့်ကို ဈေးကွက်ဝင်တာပဲနော်… တစ်ချို့ကျတော့လည်း ခြောက်သွေ့လွန်းလို့ သေတော့မယ်၊ တစ်ချို့ကျတော့လည်း ရေလွှမ်းမိုးမတတ် ဖြစ်နေရတယ်.. အသက် ၃၀ ကျော်တဲ့အထိ အိမ်ထောင်ဖက် ရှာမရတဲ့သူ ရှိနေတဲ့အချိန်မှာ၊ အခုတော့ အိမ်ထောင်ကျပြီးသားကိုတောင် လုနေကြတုန်းပဲ”

ဝမ်တာ့ချွေ “...”

ကျုပ်ကို မထိတထန နှိမ်ချလိုက်တာလို့ သံသယဝင်မိပေမဲ့၊ သက်သေမရှိဘူးဖြစ်နေတယ်… သောက်အဘွားကြီး…

ကျောက်ရုံ : “တော်ကြပါတော့၊ တော်ကြပါတော့၊ နင်တို့ ဘာတွေ လုပ်နေကြတာလဲ… ဟောက်ဖုန်းက အခုမှ ပြန်ရောက်တာကို နင်တို့က ဒီလို သောင်းကျန်းနေတော့ သူ့စိတ်အခြေအနေကိုကော ထည့်စဉ်းစားပေးကြသေးရဲ့လား၊ လင်းလင်း... ဒေါ်လေး ညည်းကို တောင်းပန်ပါတယ်၊ ဒီလိုမျိုး မလုပ်ပါနဲ့တော့လား… ညည်း ဒီလိုလုပ်နေရင် တို့မိသားစုအတွက် တကယ်ပဲ ဒုက္ခရောက်စေလိမ့်မယ်၊ ညည်း ရိုးရိုးသားသား သံယောဇဉ်ကြီးမှန်း သိပါတယ်… ဒါပေမဲ့ ညည်းရဲ့ အစ်ကိုဟောက်ဖုန်းက တကယ်ပဲ အိမ်ထောင်ကျသွားပြီလေ”

သူအ ဝင်ရောက်တားဆီးရတော့သည်။

ယခုတစ်ကြိမ်တွင် သူမသည် ‘မောင်နှမ’ ဆိုသည့် စကားလုံးကိုပင် ထည့်မပြောတော့ပေ။

အကြောင်းမှာ ထိုသို့ပြောခြင်းသည် အသုံးမဝင်မှန်း သူမ ရိပ်မိသွားပြီး၊ လီလင်းလင်းမှာ အလွန် ခေါင်းမာလွန်းလှ၏။

သူမ ရှေ့သို့တိုးကာ သားဖြစ်သူ၏ ပုခုံးကို ဖက်လိုက်ရင်း

“ကောင်စုတ်လေး... နင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ၊ ငါတို့ နင့်အတွက် ဘယ်လောက်တောင် စိတ်ပူနေရလဲ သိရဲ့လား”

ယွမ်ဟောက်ဖုန်း စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် မျက်ဝန်းများ နီမြန်းလာခဲ့ကာ

“အမေ… အမေ့ကို စိတ်ပူအောင် လုပ်မိပြီ”

“အမေ... အမေက...”

သူ စကားလေးပြောပြီး သနားစရာကောင်းအောင် လုပ်ရန် ပြင်လိုက်စဉ်မှာပင်... “အား” ကနဲ နေအောင် အော်ဟစ်လိုက်သော ရှီရှောင်ဝေ၏ ငိုယိုသံကြီး ပေါ်ထွက်လာတော့သည်။

“မေမေရေ... အမေရေ... အမေ့သားတော့ ဒုက္ခတွေ အများကြီး ခံခဲ့ရပါတယ်ဗျာ... အမေ့သား ဒုက္ခအကြီးအကျယ် ခံခဲ့ရတာပါ... ယွမ်ဟောက်ဖုန်းက လူမဟုတ်ဘူးဗျ... သူက ကျွန်တော့်ကို အပြင်ထွက်ပြီး ကူညီခိုင်းပေမဲ့... သိပ်ကို ကပ်စေးနည်းလွန်းတယ်၊ ထမင်းတောင် ဝအောင် မကျွေးဘူးဗျာ... မေမေရေ... ကျွန်တော် တကယ်ပဲ မခံမရပ်နိုင် ဖြစ်ရတယ် အမေ့သား အနိုင်ကျင့်ခံနေရတာ... ကျွန်တော် တကယ် နောင်တရတယ်ဗျာ... ကျွန်တော် မသွားခဲ့သင့်ဘူး... ကျွန်တော် လိမ်ညာခံလိုက်ရတာဗျ...”

ရှိရှောင်ဝေ အော်ဟစ်ငိုယိုရင်း အစ်မကြီးဖန်၏ ကိုယ်ပေါ်သို့ ပြေးဖက်ကာ၊ သူ၏ အော်ဟစ်သံ အကျယ်ကြီးမှာ ပေကျင်းတစ်မြို့လုံးကိုပင် ပျံ့နှံ့သွားတော့မည့်အလား ဖြစ်နေ၏။

“ဒီကပ်စေးနှဲကြီးကလေ... အပြင်ထွက်တာ ဆယ်ရက်ကျော်လောက် ရှိနေပြီဥစ္စာ၊ ကျွန်တော့်ကို မုန့်ခြောက်တွေနဲ့ ပြောင်းဖူးမုန့်တွေပဲ ကျွေးတာဗျာ၊ ချဉ်ဖတ်လေးတောင် ဝယ်မကျွေးချင်ဘူး… ဒီနေ့အထိ ကျွန်တော် ထမင်းတစ်နပ်မှ မစားရသေးဘူးဗျ... ဗိုက်ထဲကလည်း တဂုဂုနဲ့ မြည်နေတာကို... သူက အိမ်ကျမှ စားပါတဲ့၊ သူကတော့ ကပ်စေးနည်းလွန်းလို့ ကောင်းကင်ပေါ် ပျံတက်တော့မယ်...”

“ဟာ...”

လူအမျာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ယွမ်ဟောက်ဖုန်းကို လှမ်းကြည့်လိုက်ကြသည်။

ထို့နောက် ရှီရှောင်ဝေကို ပြန်ကြည့်လိုက်ရာ ~~ ဟိုး... တကယ်ပဲ...

ခရီးထွက်သွားတာ သီတင်းတစ်ပတ်ခွဲခန့်သာ ရှိသေးသော်လည်း၊ သူခမျာ တစ်ကိုယ်လုံး ပိန်ကျသွားပြီး ပါးစပ်တွေ၊ ပါးပြင်တွေပါ ချောင်ကျကာ တောမျောက်ရုပ် ပေါက်နေခဲ့ရသည်။

ကျေးလက်ဆင်းစဉ်၌ပင် ဤမျှလောက် မပိန်ခဲ့ဖူးပေ။

ချန်ချင်းယွီတစ်ယောက် စိတ်လှုပ်ရှားသွားရသည် ~~

အမေလေး... နောက်ထပ် ပွဲကောင်းကြီး ကြည့်ရပြန်ပြီ...

သူတို့နှစ်ယောက် ရန်ဖြစ်ပြီး လမ်းခွဲကြတော့မှာလား…

All Chapters