အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း (၁၃၇) ဝင်းထဲမှ နေ့စဉ်ဖြစ်ရပ်များ
ရှီရှောင်ဝေ တစ်ယောက် မချိတင်ကဲ ရင်နာနေရရှာသည်။
ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ကြီးမားလှသော မတရားမှုကို ခံစားနေရခြင်း ဖြစ်၏။ သူသည် ယွမ်ဟောက်ဖုန်းနှင့်အတူ အပြင်သို့ လိုက်သွားရသည်မှာ ဟောက်ရွှယ်၏ ရှေ့မှောက်တွင် မျက်နှာပွင့်လန်းလိုသောကြောင့်သာ ဖြစ်သည်။
သို့သော် လမ်းဘေးဈေးသည် လုပ်ရန် စသည့် အစီအစဉ်မျိုးကိုမူ သူ လုံးဝ မတွေးဝံ့ချေ။ သူသည် ထိုကဲ့သို့ အလုပ်မျိုးကို ဘယ်လိုမှ လုပ်နိုင်မည့်သူ မဟုတ်ပေ။ မိမိကိုယ်ကို သိက္ခာရှိရှိ နေတတ်သော လူတစ်ယောက်ဟု သတ်မှတ်ထားသဖြင့် ထိုအောက်ခြေအလုပ်မျိုးကို မလုပ်နိုင်ဟု တွေးထား၏။
သူ၏ ရည်မှန်းချက်မှာ အလုပ်အကိုင် အတည်တကျရှိသော ဇနီးတစ်ယောက်ကို လက်ထပ်ရန်ဖြစ်ပြီး "ယောက်ျားက အပြင်အလုပ်လုပ်၊ မိန်းမက အိမ်တွင်းမှုကို ထိန်းသိမ်း" ဆိုသည့်အတိုင်း နေထိုင်သွားရန် ဖြစ်သည်။
သူသည် မူလကတည်းက ဟောက်ရွှယ်ကို သဘောကျနေခဲ့သူ ဖြစ်သဖြင့် ဟောက်ရွှယ်သည် သူနှင့် အသင့်တော်ဆုံးဖြစ်သည်ဟု ပို၍ပင် တွေးတောထား၏။
ရှီရှောင်ဝေသည် ယွမ်ဟောက်ဖုန်းနှင့် အတူသွားရခြင်းမှာ ဟောက်ရွှယ်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်၍ ဖြစ်သည်။ လမ်းခရီးတစ်လျှောက်တွင် ဟောက်ဖုန်းမှ သူ့ကို ယောက်ဖအဖြစ် သဘောတူလက်ခံလာလိမ့်မည်၊ ဟောက်ရွှယ်၏ မကြာသေးမီနှစ်များအတွင်း တိုးတက်ပြောင်းလဲလာပုံများကို ပြောပြလိမ့်မည်၊ ထို့အပြင် မိမိနှင့် ဟောက်ရွှယ်တို့၏ ရှေ့ရေးကို ထောက်ခံပေးလိမ့်မည်ဟုလည်း မျှော်လင့်နေခဲ့၏။
သို့သော် မမျှော်လင့်ဘဲ ထိုလူမှာ မျက်နှာကြီး စူပုပ်ကာ မကျေမချမ်း ဖြစ်နေရုံမက ထမင်းစားသည့်အခါတွင်ပင် တွန့်တိုနေခဲ့သည်။
ရှီရှောင်ဝေမှာ တကယ်ကို ဒေါသပေါက်ကွဲမတတ် ဖြစ်ခဲ့ရ၏။
ထို့အတူပင် ယွမ်ဟောက်ဖုန်းသည်လည်း အလွန် ဒေါသထွက်နေခဲ့သည်။ အလုပ်တစ်ခုကို ဖြစ်မြောက်အောင် မလုပ်နိုင်ဘဲ ဖျက်ဆီးတတ်သည့် ဤလူစားမျိုးသည် မိမိအား ဒုက္ခပေးရုံမှလွဲ၍ တပြားသားမျှ အသုံးမဝင်ချေ။ မိမိ လက်ထဲတွင် ငွေကြေး မချို့တဲ့ပါသော်လည်း ရှီရှောင်ဝေအတွက်မူ အကုန်အကျ မခံချင်ပေ။
ဘာ့ကြောင့် ခံရမှာလဲ…
သူတို့နှစ်ဦးသည် ဝင်းကြီးအတွင်း၌ ရပ်လျက် တစ်ယောက်ကိုတစ်ယောက် ဒေါသတကြီး စိုက်ကြည့်နေကြသည်။
သူတို့ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် လုံးဝ မျက်နှာပျက်ကာ ရန်ဖြစ်လေ၏။
ရှီရှောင်ဝေ : "ဒီလူ ဘယ်လောက်အထိ ကပ်စေးနှဲလဲဆိုတာ ခင်များတို့ သိကြမှာမဟုတ်ဘူး… ထမင်းစားဖို့တောင် နှမြောတွန့်တိုနေပြီး ပစ္စည်းဝယ်ရင်လည်း အရမ်းတွန့်တိုတာပဲ၊ အဲ့ဒီလောက် ဝေးတဲ့ခရီးကို အတင်းပဲ လမ်းလျှောက်သွားခိုင်းလို့ ငါလည်း လမ်းလျှောက်ပြီး လိုက်ခဲ့ရတာ… ခြေထောက်တွေလည်း ညောင်းကိုက်နေတာပဲ၊ ဘတ်စ်ကားတောင် မစီးချင်ဘူးလေ..."
ယွမ်ဟောက်ဖုန်း : "မင်း ပြောတဲ့စကားက တကယ်ကို ရယ်စရာကောင်းတာပဲ… မင်း တောင်ပိုင်းကို သွားတာ ပိုက်ဆံတစ်ပြားမှ မပါလာဘူး၊တည်းခိုခကို ငါ စိုက်ပေးခဲ့ရတယ်၊ ထမင်းဖိုးကိုလည်း ငါ စိုက်ပေးခဲ့ရတယ်…နောက်ဆုံး ဘတ်စ်ကားစီးတာတောင် ငါ့ကို ပိုက်ဆံစိုက်ခိုင်းချင်သေးတယ်၊ အဲ့ဒီလောက် အလကားရတဲ့ အခွင့်အရေးမျိုး ဘယ်မှာရှိမှာလဲ.. ငါ တစ်ယောက်တည်းဆိုရင် ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတယ်၊ မင်းအတွက် ဘာဖြစ်လို့ ဒီလောက် ပိုက်ဆံအများကြီး အကုန်ခံရမှာလဲ…မင်း ငါနဲ့အတူ အပြင်ထွက်ပြီးတော့ ဗရုတ်သုတ်ခတွေလုပ်ပြီး ငါ့ကို ဒုက္ခပဲ ပေးနေတာ…မင်းကို အပြင်ခေါ်သွားပြီး လောကအမြင် ကျယ်အောင် လုပ်မပေးခဲ့သင့်ဘူး”
ရှီရှောင်ဝေ : "ဟား... မင်းပြောတာ တော်တော် နားထောင်ကောင်းတာပဲ၊ ငါ့ကို အပြင်ခေါ်ပြီး လောကအမြင် ကျယ်အောင် လုပ်ပေးတယ် ဟုတ်လား.. မင်း တစ်ယောက်တည်း မသွားရဲလို့ ငါ့ကို အတင်းခေါ်သွားတာ မဟုတ်ဘူးလား.. အခု ပြန်ရောက်လာတော့မှ လူကောင်းကြီးလိုလို ဘာလိုလိုနဲ့ ဟန်ဆောင်နေတယ်… ငါသာ မပါရင် မင်း တစ်ယောက်တည်း ဘာကောင်မှ မဟုတ်ဘူး”
ရှီရှောင်ဝေ : "မင်းကို ခေါ်သွားလို့သာ ငါ ဘာကောင်မှ မဟုတ်သလို ဖြစ်သွားတာ… အားလုံးပဲ လာပြီး ဝေဖန်ပေးကြပါဦး၊ အပြင်သွားတဲ့အခါ အပြောအဆို အနေအထိုင် ဆင်ခြင်ရမယ်လေ… ဒီကောင်ကတော့ ကောင်းရော၊ ရထားပေါ်မှာတင် စက်ရုံအရေးတွေကို စလော်ဆော်ပြီး လူတွေကို လိုက်အတင်းပြောနေတာ… ငါ ပြောလိုက်မယ်၊ မင်း ရန်စလိုက်တာက အတွင်းရေးမှူးကျန်းသမက်ရဲ့ ညီပဲ… လှေကြီး တစောင်းဆိုသလိုပဲ၊ သူတို့က ဘယ်လိုပဲဖြစ်ဖြစ် ဆွေမျိုးတွေပဲဟာ၊ မင်း အဲ့ဒီလို စောင့်ကြွားစောင့်ကြွား လုပ်တာကို သူတို့က သည်းခံမလား.. မင်း ဆိုးရွားတဲ့ အကျိုးဆက်ကို စောင့်နေလိုက်တော့”
“အတွင်းရေးမှူးကျန်း ဟုတ်လား.."
"အတွင်းရေးမှူးကျန်းအနားယူသွားတာ နှစ်နှစ်၊ သုံးနှစ် ရှိပြီမဟုတ်လား.. ဒါက ဘာလို့ သူ့ဆီ ရောက်သွားတာလဲ.."
“ဟုတ်ပ”
ယွမ်ဟောက်ဖုန်း : “ဒီကောင်ကြောင့်ပေါ့၊ ဒီကောင်က ရထားပေါ်မှာ လူတွေနဲ့ တွေ့တာနဲ့ သူတို့ ဘိုးဘွားဘီဘင် ဆယ့်ရှစ်ဆက်အထိ လိုက်အတင်းပြောချင်နေတာ…သူတပါးကို လိုက်ရန်စတဲ့ အကောင်၊ မင်းနဲ့အတူ အပြင်ထွက်မိတာ ငါ့ဘဝရဲ့ ကံအဆိုးဆုံးပဲ”
အမှန်၌ သူ ပြောချင်သည်မှာ ဤအကြောင်းအရာ မဟုတ်ပေ။ သို့သော် ရှီရှောင်ဝေ၏ လျှာရှည်မှုကြောင့် ချန်ချင်းယွီတို့အား မျက်ချေပြတ်သွားရသည်ဟု ထုတ်မပြောနိုင်ပေ။
သူ ထိုမျှအထိ အရှက်မကွဲချင်ပေ။
ယွမ်ဟောက်ဖုန်း : "ငါက ကပ်စေးနှဲတာမဟုတ်ဘူး၊ တမင်တကာ လုပ်တာ… ငါ မကျေနပ်ဘူးဆိုတာကို သူ့ကို သိစေချင်လို့၊ မဟုတ်ရင် သူ အဲ့ဒီလောက် ထောင်လွှားနေတာ၊ ကွမ်ကျိုးရောက်ရင် အသတ်ခံရမှာပေါ့… အနည်းဆုံးတော့ သူ့ရဲ့ အမုန်းတွေ အားလုံး ငါ့အပေါ် ရောက်လာတော့ အပြင်မှာ သွားပြီး ပြဿနာရှာဖို့ အချိန်မရှိတော့ဘူးပေါ့”
ယွမ်ဟောက်ဖုန်းသည် ဆင်ခြေဆင်လက် ပေးရာတွင် အလွန် ကျွမ်းကျင်လှပေသည်။
သူဆက်၍
"ငါက ရိုက်လည်း မရိုက်နိုင်၊ ဆဲလည်း မဆဲနိုင်ဘူးလေ၊ အဲ့ဒါကြောင့် ထမင်းစားတဲ့အချိန်မှာ ငါ မကျေမနပ်ဖြစ်နေတာကို ပြပြီး သူ့ရဲ့ အာရုံကို လွှဲထားရတာ… မဟုတ်ရင် ငါ ဘာလုပ်ရမှာလဲ၊ ခင်များတို့လည်း စဉ်းစားကြည့်ဦး၊ ဒီလိုမျိုး ပါးစပ်သရမ်းပြီး ပြဿနာရှာတတ်တဲ့သူကို ခေါ်သွားရင် ပြဿနာတက်ရင် ဘယ်သူ့တာဝန်လဲ.."
ဘေးလူများ : “ဟုတ်သားပဲ”
လီလင်းလင်း : "အစ်ကိုဟောက်ဖုန်း၊ အစ်ကို တော်တော် စိတ်ဆင်းရဲခဲ့ရတာပဲ”
သူမသည် မျက်ရည်ဝဲလျက် ယွမ်ဟောက်ဖုန်းကို ကြည့်ကာ သနားဂရုဏာ သက်နေမိ၏။
ရှီရှောင်ဝေသည် သူမ၏ ပထမဦးဆုံး အချစ်ဦး ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ရှီရှောင်ဝေကို အလွန် စိတ်ပျက်မိနေပြီ ဖြစ်သည်။ သူမရန်လိုသော လေသံဖြင့်
"ရှီရှောင်ဝေ၊ နင်က ဘယ်လိုလူစားလဲ… နင် အပြင်ကို လိုက်သွားပြီး လောကအမြင် ကျယ်အောင် လုပ်တာ၊ ကိုယ့်ဘာကိုယ် ပိုက်ဆံမပါတာကိုပဲ ထားပါဦး၊ ပြန်ရောက်လာတော့ အစ်ကိုဟောက်ဖုန်းကို မကောင်းပြောသေးတယ်… လူဖြစ်ပြီးတော့ ဒီလိုမျိုး ဘာလို့
လုပ်တာလဲ၊ နင် တကယ်ကို လူယုတ်မာပဲ”
ရှီရှောင်ဝေသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီးနောက်
"ဟေ့... မဟုတ်ဘူးလေ၊ လီလင်းလင်း၊ မင်း ရူးနေတာလား.. ဒါက ဘာသဘောလဲ... ဘာဖြစ်လို့ ငါ့အမှား ဖြစ်သွားရတာလဲ.. ဘာကိစ္စ ငါ့ကို အပြင်ခေါ်ပြီး လောကအမြင် ကျယ်အောင် လုပ်ပေးတာလဲ.. ငါ လုံးဝ မသွားချင်ဘူး ဟုတ်ပြီလား.. ဟောက်ရွှယ်က သူ့အစ်ကို တစ်ယောက်တည်း သွားရမှာ စိတ်မချလို့ ငါ့ကို အတူလိုက်သွားပေးဖို့ တောင်းပန်ခဲ့တာ၊ ငါက လိုက်ပေးတာတင်ပဲ ငါ့ဘက်က တော်တော် သစ္စာရှိရာ ရောက်နေပြီ… မင်းတို့က ဒီလိုစကားမျိုးကို ပြောထွက်သေးတယ်လား.."
"ဟမ့်…ညည်းတို့လို မြေခွေးမတွေ၊ ငါ့သားက ဘာဖြစ်လို့ စာတစ်စောင် ချန်ထားခဲ့ပြီး ထွက်သွားတာလဲလို့ ငါ စဉ်းစားနေတာ၊ တကယ်တော့ ညည်းတို့လို ကောင်မတွေက သွေးထိုးပေးလိုက်တာကိုး…ညည်းက မိန်းမကောင်း မဟုတ်ဘူး၊ ငါ ညည်းကို ရိုက်သတ်မယ်..."
အစ်မကြီးဖန် ယွမ်ဟောက်ရွှယ် ထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့၏။
ကျောက်ရုံ : "နင် ဘာလုပ်တာလဲ... ဒီအရူးမ… နင့်အိမ်က ရှောင်ဝေက လူကြီးဖြစ်နေပြီ၊ သုံးနှစ်ကလေး မဟုတ်ဘူး၊ ငါ့သမီး ပြောသမျှကိုပဲ နားထောင်ရမှာလား.. သူ ကိုယ့်ဘာကိုယ် သဘောတူ လိုက်သွားတာ၊ အဲ့ဒါ သူ့ကိစ္စပဲ၊ ဘာဖြစ်လို့ ငါ့သမီးကို လာပြီး အပြစ်တင်နေရတာလဲ..."
ကျောက်ရုံမှာ အစ်မကြီးဖန်ကို ကာကွယ် တားဆီးလိုက်ပြီး အမျိုးသမီး နှစ်ဦးသည် လုံးထွေး သတ်ပုတ်ကြတော့သည်။
“ဘာလုပ်ကြတာလဲ”
လီလင်းလင်းမှာ ဤအခြေအနေကို မြင်သည်နှင့် ရန်ပွဲကို ချက်ချင်း ဝင်ဖြန်ဖြေလေသည်။
သူမသည် တစ်ဖက်သတ် ကူညီသည့်အနေဖြင့် ကျောက်ရုံဘက်မှ ပါဝင်ကာ အစ်မကြီးဖန်၏ လက်မောင်းကို ဆွဲကိုင်လျက်
"မရိုက်ကြပါနဲ့တော့၊ အားလုံးက အိမ်နီးနားချင်းတွေပဲဥစ္စာ၊ မရိုက်ကြပါနဲ့တော့”
အစ်မကြီးဖန်သည်ကား လောကအမြင်ရှိသော ဝါရင့်သူတစ်ယောက် ဖြစ်သဖြင့် သူမ တမင်တကာ လုပ်နေခြင်းကို မသိမရှိပေ။
အစ်မကြီးဖန် ဒေါသအလိပ်လိပ် ထွက်သွားပြီး၊ လီလင်းလင်း၏ ဆံပင်ကို ဆွဲကာ ပါးပိတ်ရိုက်လိုက်၏။
“နင်လို ဖာသည်မ၊ ဘက်လိုက်
ချင်တယ်ပေါ့… လာလာ..ငါ သင်ပေးမယ်… နင်လို ခွေးမလေး၊ အချောင်နှိုက်ချင်တယ်ပေါ့ လာခဲ့စမ်း… ငါ သင်ပေးလိုက်မယ်၊ သူများကိစ္စထဲ ဝင်ပါချင်တယ်ပေါ့…လာခဲ့ ငါ သင်ပေးလိုက်မယ်...”
“နင်က ဘာကိစ္စ ငါ့သမီးကို လာရိုက်ရတာလဲ”
လင်စန်းရှင်း ရှေ့သို့ အလောတကြီး ပြေးဝင်သွားသည်။
ရှီရှောင်ဝေမှာလည်း အော်ဟစ်ကာ
“ခင်များတို့တွေ အများကြီးနဲ့ ငါ့အမေကို ဝိုင်းချနေကြတာလား… ငါလည်း အသက်နဲ့လဲပြီး ချမယ်ကွာ”
သူသည် လူအုပ်ထဲ ပြေးဝင်သွားပြီး၊ ဘာမှမစဉ်းစားဘဲ လင်စန်းရှင်းကို လက်သီးဖြင့် ဆော်ထည့်လိုက်၏။
လင်စန်းရှင်းမှာ သူ့ကို အစကတည်းက အထင်သေးနေခဲ့ခြင်း ဖြစ်ပြီး၊ သူသည်လည်း လင်စန်းရှင်းကို မုန်းတီးနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
“ယောက်ျားရင့်မကြီးဖြစ်ပြီး မိန်းမတွေရန်ပွဲထဲ ဘာလို့ ဝင်ပါနေတာလဲ၊ မိန်းမ... အမေ့ကို မြန်မြန် ဝင်ကူဦး”
ယွမ်ဟောက်ဖုန်း ကွမ်ထင်းထင်းကို အမိန့်ပေးလိုက်၏။
“နင်တို့တွေ အများကြီးက လူတစ်ယောက်တည်းကို ဝိုင်းရိုက်နေကြတာလား… တကယ့်ကို တိရစ္ဆာန်တွေပဲ၊ အသိတရား လုံးဝမရှိကြဘူး...”
အစ်မကြီးဖန် ကျောက်ရုံကို အားပြင်းပြင်းဖြင့် တွန်းထုတ်လိုက်ရာ၊ ကျောက်ရုံမှာ နောက်သို့ ယိမ်းထိုးသွားပြီး ဘေးနားတွင် ပွဲကြည့်နေသော အဘွားကြီးဟွမ်ကို ဝင်တိုက်မိတော့သည်။
အဘွားကြီးဟွမ် ဒေါသတကြီးဖြင့်
“ကောင်းပြီလေ... ညည်းတို့က ငါ့ကိုပါ ရန်ပွဲထဲ ဆွဲသွင်းတယ်ပေါ့…တောက်... ခွေးမသားတွေ...”
အော်ဟစ်ကာ ရန်ပွဲထဲ ဝင်ပါ၏။
သူမ အော်ဟစ်ဆဲဆိုရင်း ရန်ပွဲထဲ ခုန်ဝင်သွားသဖြင့်၊ တစ်ခဏအတွင်းမှာပင် ကွင်းပြင်တစ်ခုလုံး ဗြောင်းဆန်သွားကာ ဖရိုဖရဲ ဖြစ်သွားရသည်။
မကြာမီ အချိန်အတွင်းမှာပင်၊အဘွားကြီးဝမ်နှင့် တခြားလူများပါ မည်သို့မည်ပုံ ပါဝင်သွားသည်မသိဘဲ၊ အားလုံး လုံးထွေးသတ်ပုတ်နေကြသည့် ပရမ်းပတာ ရန်ပွဲကြီး ဖြစ်သွားရ၏။
ယွမ်မောင်နှမနှစ်ယောက်ခမျာ ဘေးမှ အော်နေကြကာ
“မချကြပါနဲ့တော့၊ မချကြပါနဲ့တော့”
သို့သော်လည်း သူတို့၏ အော်ဟစ်တားဆီးသံကို မည်သူမျှ နားမထောင်ကြပေ။
ချန်ချင်းယွီ ဤရုန်းရင်းဆန်ခတ် အခြေအနေကို ကြည့်ရင်း၊ အသံတိတ်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူမမှာ ဘေးမှ ပွဲကြည့်ရုံသာ ကြည့်နေခြင်း ဖြစ်ပြီး၊ ဤရွှံ့နွံထဲသို့ ဝင်ရောက်ရန် လုံးဝ စိတ်ကူးမရှိချေ။
သို့သော်လည်း လောကကြီးတွင် သူတစ်ပါး အဆင်ပြေပြေ ရပ်တည်နေသည်ကို မကြည့်ရက်သည့် လူစားမျိုးက အမြဲတမ်း ရှိနေတတ်သည် မဟုတ်လော့။ လင်စန်းရှင်းသည် လူအုပ်နှင့် တိုက်မိသွားစဉ်... တမင်သက်သက်ပင် အထိန်းအကွပ်မဲ့သွားသည့်အလား ဟန်ဆောင်ကာ ချန်ချင်းယွီကို လှမ်းဆွဲရန် လက်ဆန့်လိုက်၏။ ချန်ချင်းယွီကဲ့သို့သော လူမျိုး ဘေးမှအေးအေးလူလူ ပွဲကြည့်နေသည်ကို သူမ သွေးပျက်မတတ် မနာလိုဖြစ်နေမိ၏။
သို့သော် ထိုလက်မှာ ချန်ချင်းယွီ၏ လက်မောင်းကို မထိမိခင်မှာပင်၊ ချန်ချင်းယွီ ခြေထောက်ကို အဆင်သင့် မြှောက်ကာ... ဘုန်းကနဲနေအောင် ကန်ထည့်လိုက်တော့သည်။
လင်စန်းရှင်းမှာ လူအုပ်ထဲသို့ အရှိန်ဖြင့် လွင့်စင်သွားပြီး၊ လူအတော်များများကိုပါ ဖိမိလျက်သား ဒုန်းကနဲ လဲကျသွား၏။
“လင်စန်းရှင်း... နင်လို အရှက်မရှိတဲ့ မိန်းမယုတ်၊ အားပါးပါး... ငါ့ခါးတော့ ကျိုးပါပြီ”
“ဘုရားရေ...”
“လင်စန်းရှင်း... နင် ဘာလုပ်တာလဲ”
လင်စန်းရှင်း အော်ဟစ်
ငြင်းဆိုကာ
“မဟုတ်ဘူး၊ ငါလုပ်တာ မဟုတ်ဘူး၊ ရှောင်ချန်လုပ်တာ...”
ချန်ချင်းယွီ ချက်ချင်းပင် တုံ့ပြန်၍
“ကျွန်မအပေါ် လာမလွှဲချနဲ့၊ ရှင်က တမင်သက်သက် ကျွန်မကို လာဆွဲတာလေ၊ ဒါကြောင့် ကျွန်မက တွန်းကန်ပစ်လိုက်တာ ဟုတ်ပြီလား… ကျွန်မမှာ ဘယ်လောက်တောင် ခွန်အား ရှိလို့လဲ။ ကိုယ့်ဘာသာ ခြေလှမ်းမမြဲဘဲ လဲကျတာကို ကျွန်မကို လာပြီး နာမည်ဖျက်နေသေးတယ်”
“ကောင်းကြသေးရဲ့လား... ညည်းတို့ဘာသာ ညည်းတို့ ချကြတာ၊ တို့မိသားစုနဲ့ ဘာဆိုင်လို့လဲ၊ ဘာဖြစ်လို့ ငါတို့အိမ်က ချွေးမကို လာဆွဲရတာလဲ၊ ဘာလဲ... ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်ချင်တာလား… ငါတို့မိသားစုက ညည်းတို့ကို ဘာလုပ်မိလို့လဲ၊ ညည်းတို့လို ခွေးတွေ... ငါ ကျောက်တာ့ရာ ကို လုံးဝ မျက်စိထဲ မထည့်ကြဘူးပေါ့လေ၊ အိမ့်... ရော့... သေစမ်း”
အဘွားကြီးကျောက် ရှေ့သို့ တစ်လှမ်းတိုးကာ၊ ဘယ်ဝှေ့ ညာဝှေ့ လက်သီးချက်များဖြင့် လင်စန်းရှင်းကို ဆော်တော့သည်။
“အား... အား... အား...”
အဘွားကြီးကျောက် ဆဲဆိုလိုက်ကာ
“ဘာတွေ အော်နေတာလဲ…ညည်း အသံကုန်ဟစ်ပြီး ငိုနေလည်း ညည်းကို ကယ်မယ့်လူ မရှိဘူး”
လူအများ : “အယ်...”
ဒါက နည်းနည်း ထူးဆန်းမနေဘူးလား…
အဘွားကြီးကျောက် ခြေထောက်ဖြင့်ပါ လင်စန်းရှင်းကို ဆောင့်ကန်လိုက်ပြီး
“ငါ ပြောလိုက်မယ်... ငါတို့မိသားစုက အနိုင်ကျင့်ရလွယ်တဲ့ လူစားတွေ မဟုတ်ဘူး…ရုန်းရင်းဆန်ခတ် ဖြစ်တာကို အခွင့်ကောင်းယူပြီး ငါတို့ကို လာကွက်ဆင်ချင်နေတာလား…ညည်း တကယ့်ကို အရှက်မရှိပါလား”
ချန်ချင်းယွီလည်း ဘေးမှ အားပေးအားမြှောက် ပြုလိုက်ကာ
“ဟုတ်တယ်... တို့နှစ်အိမ်က ဘာရန်ငြိုးမှ မရှိဘူး… ရှင်က ဘာဖြစ်လို့ ခိုးကြောင်ခိုးဝှက်နဲ့ ကျွန်မကို လာပြီး အကွက်ဆင်ချင်ရတာလဲ..ကျွန်မတို့အိမ်က လမ်းဘေးဈေးသည်လုပ်တာ နည်းနည်းလေး အဆင်ပြေသွားလို့ မနာလိုဖြစ်နေတာလား”
သူမ အံ့ဩဟန်ဆောင်ကာ ဆက်ပြော၍
“တကယ်ကြီးလား… ရှင်က အဲလို စိတ်မျိုး ရှိနေတာလား၊ တကယ့်ကို ယုတ်မာလွန်းပါတယ်… ကျွန်မက ကိုယ့်ခွန်အားကိုယ်စိုက်ပြီး ပိုက်ဆံလေး နည်းနည်းပါးပါး ရှာတာကို... ရှင်က မနာလို ဖြစ်နေတာပေါ့၊ ဒါဆိုရင် ရွှီကောင်းမင်တို့အိမ်က အဆင့်မြင့်အလုပ်သမား လစာကိုလည်း ရှင် မနာလိုဖြစ်နေတာလား… ဦးလေးမာတို့အိမ်မှာ မြေးယောက်ျားလေး၊ မြေးမိန်းကလေးတွေ ရှိနေတာကိုလည်း မနာလိုဖြစ်နေတာလား… ရှင်က ရေမြောင်းထဲက ကြွက်လိုမျိုး ခိုးကြောင်ခိုးဝှက် လုပ်နေတာ... တကယ်ကို မကောင်းဘူးနော်”
“ငါ... ငါ အဲလို မဟုတ်...”
“ရှင်အဲလို ဟုတ်မဟုတ်ဆိုတာ ရှင့်စိတ်ထဲ အသိဆုံးပဲ… ကျွန်မကို မတော်တဆ မမြင်လို့ ဆွဲမိတာပါဆိုပြီး လာမပြောနဲ့… ဒီမှာ လူတွေအများကြီး ရပ်နေတာကို... ဘာဖြစ်လို့ တခြားလူကို မဆွဲဘဲ ကျွန်မကိုပဲ ရွေးပြီး လာဆွဲရတာလဲ…အားနည်းတဲ့သူကိုပဲ ရွေးပြီး အနိုင်ကျင့်တတ်တာကိုး”
“ငါ...”
“ငါ... ဘာ ငါလဲ… အခုထိ ဟန်ဆောင်ချင်သေးတာလား၊ အားလုံးက မြေခွေးအိုကြီးတွေချည်းပဲဟာကို... ဘာတွေ လာပြီး သရုပ်ဆောင်နေတာလဲ… ညည်းအကြောင်းကို ငါ အသိဆုံးပဲ... ညည်းက မနာလိုဖြစ်နေတာ သက်သက်ပဲ၊ ထွီ... ညည်းက တကယ့်ကို လူကောင်းမဟုတ်ဘူး”
အဘွားကြီးကျောက် တံတွေးတစ်ချက် ထွေးလိုက်ပြီး
“တကယ့် အမှိုက်ပဲ”
လင်စန်းရှင်းမှာ ဤယောက္ခမနှင့် ချွေးမနှစ်ယောက်၏ အပြန်အလှန် စကားလုံးတွန်းထိုးမှုအောက်တွင်... အလွန်အမင်း ဝမ်းနည်းကြေကွဲကာ ငိုပင်ငိုချင်လာမိ၏။
ငါက ဘာဖြစ်လို့ ဒီလောက်အထိ လူဆိုးကြီး ဖြစ်သွားရတာလဲ…
ငါက သူတို့ရဲ့ စပ်စုတတ်တဲ့ မျက်နှာတွေကို မကြည့်ချင်ရုံတင်ဥစ္စာ…
မနာလိုဖြစ်ရတာကတော့... သူတို့အိမ်မှာ မုဆိုးမနှစ်ယောက်ပဲ ရှိတာကို... သေချာပေါက် ဆင်းရဲဒုက္ခရောက်နေရမှာ မဟုတ်ဘူးလား၊ အခုတော့ သူတို့က တစ်နေ့ထက်တစ်နေ့ ပိုပြီး ကောင်းစားလာနေတော့... ငါက စိတ်ထဲ နည်းနည်း မကျေမနပ် ဖြစ်မိရုံတင်ပါ…
အဲဒါကိုတောင် ဖော်ပြခွင့် မရှိဘူးလား…
လင်စန်းရှင်းမှာ မိမိကိုယ်ကိုယ် မကောင်းဟု လုံးဝ မထင်ပေ။ ယခင်၌ သူမသည် အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ ယောက္ခမ ချွေးမနှစ်ယောက်ကို သနားစာနာခဲ့ဖူးသည် မဟုတ်လော့။
အခု သူမလုပ်တာကလည်း မမှားပါဘူး… သူမက သူတို့ကို သင်ခန်းစာ နည်းနည်း ပေးချင်ရုံတင်ပါ… မဟုတ်ရင် သူတို့က အိမ်ရာဝင်းတစ်ခုလုံးရဲ့ အစဉ်အလာကောင်းတွေကို ဖျက်ဆီးပစ်ကြလိမ့်မယ်..
လမ်းဘေးဈေးသည်လုပ်တယ်ဆိုတာ လေလွင့်နေတဲ့ လူမိုက်တွေပဲ လုပ်တာလေ၊ သိက္ခာရှိတဲ့လူတွေ လုပ်တဲ့အလုပ်မှ မဟုတ်တာ…
ငါက သူတို့ကို ဆုံးမတာ ဘာမှားလို့လဲ…
လင်စန်းရှင်း၏ မျက်လုံးများ ဟိုဟိုဒီဒီ ဝေ့ဝဲနေသော်လည်း၊ ဘာမှထုတ်မပြောရဲပေ။ သူမ သိသည်မှာ... အကယ်၍ သူမသာ ပြန်ပြောလိုက်ပါက အဘွားကြီးကျောက် သေချာပေါက် ထပ်ရိုက်လိမ့်မည် ဖြစ်ကြောင်းပင်။
အဲဒါ လမ်းဘေးက ရန်ပွဲရှာတတ်တဲ့ အဘွားကြီးရဲ့ စရိုက်ပဲဥစ္စာ..
သူမ ချန်ချင်းယွီကို လှမ်းကြည့်လိုက်ရာ... ဤကောင်မလေးက တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆိုးသွမ်းလာသည်ဟု ခံစားရ၏။
တကယ်ပါပဲ... သူက ဘာလူစားမျိုးလဲ…
အရင်တုန်းက ရိုးရိုးအေးအေးနဲ့ လိမ္မာလို့ ကောင်းတယ်ထင်နေတာ... အခုကျတော့ အဘွားကြီးကျောက်လိုပဲ အဆိပ်ပြင်းလှချည်လား…
‘သနားစရာကောင်းတဲ့လူမှာ မုန်းစရာကောင်းတဲ့အချက် ရှိတတ်တယ်’ ဆိုတာ တကယ်ပဲကိုး…
သူ အရင်တုန်းက အနိုင်ကျင့်ခံရတာ တကယ်ကို ထိုက်တန်တာပဲ…
လင်စန်းရှင်း ချန်ချင်းယွီကို မထင်မဲ့မြင် မျက်စိဖြင့် စောင်းငဲ့ကြည့်လိုက်သည်။
ချန်ချင်းယွီ ချက်ချင်း တုံ့ပြန်ကာ
“ရှင်က ကျွန်မကို ဘာလို့ လာပြီး စောင်းကြည့်နေတာလဲ… ရှင်က တို့တွေမိသားစုကို မနာလိုဖြစ်နေတာ အသေအချာပဲ၊ မဟုတ်ရင် ဘာဖြစ်လို့ တို့တွေကိုပဲ အမြဲတမ်း ပစ်မှတ်ထားနေရတာလဲ၊ တကယ့်ကို ရယ်စရာကောင်းပါတယ်… ကိုယ့်ဘာသာ ပျင်းရိပြီး ဘာအလုပ်မှ မလုပ်ဘဲ... သူများတွေ ကြိုးကြိုးစားစားနဲ့ ချမ်းသာလာတာကို မြင်တော့... အတုယူဖို့ မစဉ်းစားတဲ့အပြင်၊ လာပြီး ပြဿနာရှာဖို့ပဲ ကြံစည်နေတယ်… ရှင်က တကယ်ကို ကောက်ကျစ်စဉ်းလဲတာပဲ”
“သူက အဲလိုလူစားမျိုး မဟုတ်ပါဘူး”
ယောက္ခမနှင့် ချွေးမနှစ်ယောက်စလုံး အပြန်အလှန် စကားချင်း ထိန်းညှိကာ၊ တစ်ဖက်လူကို နှိမ်ချရန် အလွန် သွက်လက်လှပေသည်။
“ညည်း...”
လင်စန်းရှင်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်ဝန်းများ နီမြန်းလာကာ
“လင်းလင်း... အိမ်ပြန်မယ်”
လီလင်းလင်း ငြင်းဆန်ကာ
“မပြန်ဘူး...”
“နင်လို အရှက်မရှိတဲ့ မြေခွေးမ၊ ဒါက နင်နဲ့ ဘာဆိုင်လို့လဲ… ငါ့ယောက်ျားကို နင်လို အရည်အချင်းမရှိတဲ့ကောင်မက မျက်စိကျရဲတယ်ပေါ့၊ ငါ အသက်ရှင်ရက်ကြီး ရှိနေသေးတာကို... ဒီမှာတင် ငါ့ယောက်ျားကို လာလုနေတာလား၊ ငါ နင့်ကို ရိုက်သတ်ပစ်မယ်၊ နင်လို မြေခွေးမ”
ကွမ်ထင်းထင်း တကယ်ကို ဒေါသပေါက်ကွဲနေခဲ့ပြီ ဖြစ်၏။
မိမိ၏ ယောက်ျား အပြင်မှာ ဖောက်ပြန်သည်ကို သူမ ဂရုမ
စိုက်ပေ။
ဘာပဲပြောပြော မိမိတို့ မိသားစုထဲက ယောက်ျားကတော့ အရှုံးမရှိတာပဲဥစ္စာ…
သို့သော်လည်း အပြန်အလှန်အားဖြင့် အကျိုးအမြတ်တစ်ခုခု ရှိရမည်သာ၊ ဘာအကျိုးကျေးဇူးမှ မရဘဲနှင့်... မိမိမှာ အဘယ်ကြောင့် ဤကဲ့သို့ အရှက်ကွဲမှုကို ခံရမည်နည်း။
ဤလီလင်းလင်းမှာ အကျိုးအမြတ် မပေးနိုင်သည့်အပြင်၊ လူအများရှေ့တွင် ဤကဲ့သို့ သောင်းကျန်းပြနေခြင်းမှာ... တကယ်ကို သည်းခံနိုင်စရာ မရှိပေ။
“နင်လို မြေခွေးမ...”
“အား...”
“နင့်ရဲ့ မြေခွေးလိုအမေကလည်း လူကောင်းမဟုတ်ဘူး”
“နင်က ငါ့သားကို တောင်ပိုင်းကို သွားဖို့ လှည့်စားခေါ်သွားပြီးတော့... တမင်သက်သက် နှိပ်စက်ခဲ့တာ၊နင်တို့ မိသားစုတစ်ခုလုံးက ရက်စက်ယုတ်မာပြီး အသိတရား မရှိကြဘူး...”
“ဘယ်ခွေးမသားက ငါ့ခြေထောက်ကို အခုလေးတင် နင်းသွားတာလဲ...”
ရန်ပွဲကြီးမှာ ‘သွေးအန်မတတ် အထူးလျှော့ဈေး အရောင်းပွဲ’ ကဲ့သို့အလွန်အမင်း ဗရုတ်သုတ်ခနိုင်ကာ၊ လူအများမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လုံးထွေးသတ်ပုတ်နေကြသည့် စုတ်ပြတ်သတ်နေသော အခြေအနေကြီး ဖြစ်သွားလေသည်။
သို့သော်လည်း အမှန်အတိုင်း ပြောရလျှင်... သူတို့၏ အိမ်ရာဝင်းကြီးသည် စက်မှုစက်ရုံဝင်းဟူသော နာမည်နှင့်အညီ... လူများမှာ သံမဏိကဲ့သို့ မာကျောကြပေ၏။
တစ်ခေါက်စီ ရန်ဖြစ်တိုင်း မျက်နှာတွင် ညိုမည်းဒဏ်ရာများ၊ ဖူးရောင်ဒဏ်ရာများ ရတတ်သော်လည်း... မည်သူမျှ ဆေးရုံအထိ ရောက်သွားခြင်း မရှိကြပေ။
အော်... ကျန်းရှင်းဖှကတော့ ထည့်တွက်လို့ မရဘူးပေါ့လေ…
ကျန်လူများသည်ကား အောင့်အည်းသည်းခံပြီး ဖြတ်ကျော်လိုက်ကြရုံမျှဖြင့် ပြီးဆုံးသွားကြသည်။
တကယ့်ကို အံ့ဩစရာ ကောင်းလှ၏။
သို့သော် ညိုမည်းဒဏ်ရာများ၊ ဖူးရောင်ဒဏ်ရာများ ရနေကြသည့်တိုင်အောင်... မည်သူမျှ ရန်ပွဲရပ်စဲရန် စိတ်ကူးမရှိကြဘဲ၊ အားလုံးပြင်းပြသော ဇွဲလုံ့လဖြင့် ရှေ့သို့သာ တိုးဝှေ့တိုက်ခိုက်နေကြပြီး၊ လုံးဝ တွန့်ဆုတ်ခြင်း မရှိကြပေ။
အိမ်ရာဝင်းတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေသော်လည်း... သူတို့အားလုံး မသိလိုက်သည်မှာ၊ အမိုးပေါ်တွင် ဝတုတ်တုတ်တစ်ယောက်နှင့် ပိန်ပိန်ရှည်ရှည်တစ်ယောက်~~ သူခိုးလေးနှစ်ယောက်မှာ... ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီလျက် မလှုပ်ရဲဘဲ ရှိနေကြခြင်းပင်။
တကယ့်ကို လုံးဝ မလှုပ်ရဲကြခြင်း ဖြစ်သည်။
ဤသူခိုးနှစ်ယောက်မှာ သူစိမ်းများ မဟုတ်ကြပေ။ လွန်ခဲ့သော ငါးနှစ်ခန့်က ဤအိမ်ရာဝင်းသို့ လာရောက်ဖူးသည့် လူများ ဖြစ်ကြ၏။
မှန်ပေသည်... သူတို့မှာ ‘ပိန်ရှည်-ဝတုတ်’ အတွဲပင် ဖြစ်သည်။
ဝမ်ကျန့်ကော်မှာ သူတို့ ဖိရိုက်မှုကို ခံရသဖြင့် ခါးကျိုးသွားခဲ့ရသူ...
ချန်ချင်းယွီတို့ မိသားစု၏ လျော်ကြေးငွေလက်မှတ်များကို မျက်စိကျခဲ့သူ...
အဖမ်းခံရပြီး ရဲစခန်းသို့ ပို့ဆောင်ကာ ထောင်ကျသွားခဲ့သူများပေါ့...
သူတို့နှစ်ယောက်စလုံး ထောင်ထဲတွင် သုံးနှစ်ခန့် နေခဲ့ရသည်။ ထောင်မှ ပြန်ထွက်လာသောအခါ ~~~
“ဝိုး... လောကကြီးက ပြောင်းလဲသွားပြီပဲ...”
မူဝါဒများလည်း အမြဲတမ်း ပြောင်းလဲနေသဖြင့်၊ သူတို့နှစ်ယောက်စလုံး ဘာမှ မလုပ်ရဲဘဲ ရှိနေခဲ့ကြ၏။
သို့သော်လည်း သူတို့တွင် ထူးခြားသော အရည်အချင်း မရှိကြသဖြင့်... နောက်ဆုံးတွင် မိမိတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်ဟောင်းဖြစ်သော ခိုးမှုအလုပ်ကိုသာ ပြန်လည်လုပ်ကိုင်ကြရတော့သည်။
လတ်တလောတွင် ဤအိမ်ရာဝင်းမှ လူတစ်ယောက်သည် လမ်းဘေးဈေးသည်လုပ်ပြီး ပိုက်ဆံအများကြီး ရနေသည်ဟု ကြားသိရသဖြင့်... သူတို့နှစ်ယောက် စိတ်ကူးပေါက်လာခြင်း ဖြစ်၏။
အင်း... ကြည့်ရသည်မှာ လွန်ခဲ့သော နှစ်အနည်းငယ်မှ အဖမ်းခံခဲ့ရသည့် ထိုအိမ်ရာဝင်းကြီး ဖြစ်နေပြန်သည်။ ဤသည်မှာ မိမိတို့ ကျွမ်းကျင်ပြီးသား နယ်မြေဟောင်းသို့ ပြန်လည်ရောက်ရှိခြင်း ဖြစ်၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူတို့ပိုမိုကောင်းမွန်စွာ ပြင်ဆင်လာခဲ့ကြသည်။ ပြီးခဲ့သော တစ်ခေါက်
သူတို့ မှားယွင်းခဲ့သည့်အချက်မှာ... အချိန် နောက်ကျလွန်းသွားခြင်းကြောင့်ပင်။
သန်းခေါင်ယံအချိန်တွင် အပ်ကျသံလေး မြည်ရုံမျှဖြင့်ပင် လူများကို နိုးကြားစေနိုင်ပြီး၊ မိမိတို့ အဖမ်းခံရနိုင်သည်သာ…
ထို့ကြောင့် ယခုတစ်ကြိမ်တွင်မူ သူတို့မှာ ညခုနစ်နာရီ၊ ရှစ်နာရီဝန်းကျင်ဟူသော အချိန်ကောင်းကို ရွေးချယ်ခဲ့ကြသည်။
မိုးချုပ်စပြုပြီ ဖြစ်သော်လည်း လူတိုင်း အိပ်မပျော်ကြသေးသဖြင့်... မည်သည့်အသံမြည်မြည် ပုံမှန်အခြေအနေဟု ထင်မှတ်ကြလိမ့်မည်။ သူခိုးများ ဤမျှလောက် စောစောစီးစီး လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားကြမည် မဟုတ်ပေ။
ဒါကို ဘာခေါ်လဲ…
ဒါကို ‘ပြောင်းပြန်လှန်ပြီး စဉ်းစားလုပ်ကိုင်ခြင်း’ လို့ခေါ်တယ်…
သူတို့နှစ်ဦးသည် ယခုအချိန်ကို အသုံးချကာ ခိုးမည့်နေရာကို ရှာဖွေပြီးနောက်၊ ခဏကြာလျှင် အောက်သို့ ခုန်ဆင်း၍ ခိုးဝင်ရန် ကြံစည်ထားကြခြင်း ဖြစ်သည်။
အစီအစဉ်မှာ တကယ့်ကို အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှပေ၏။
သူခိုးနှစ်ယောက်မှာ ကိုယ့်ဘာသာ ကျေနပ်ပီတိဖြစ်ရင်း အိမ်ရာဝင်းထဲသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ကြသည်။ အာ... သူတို့ ဘာမှတောင် မလုပ်ရသေးခင်မှာတင်... အိမ်ရာဝင်းထဲရှိ လူအားလုံး ရှေ့ဝင်းထဲမှာ စုဝေးပြီး ရူးသွပ်နေကြသလိုမျိုး အသေအလဲ ရိုက်နှက်သတ်ပုတ်နေကြသည်ကို မြင်လိုက်ရတော့၏။ သူတို့၏ ခေါင်းများမှာလည်း သွေးချင်းချင်းနီကာ ဖူးရောင်နေကြပြီ မဟုတ်လော့။
ထိုသူခိုးနှစ်ဦးမှာ မည်သို့မည်ပုံ ဖြစ်သွားသည်မသိဘဲ ဝမ်တို့မိသားစုအိမ်၏ အမိုးပေါ်သို့ ကပျာကယာ တွားသွားကုပ်တက်သွားကြပြီး၊ အောက်သို့ ပြားပြားဝပ်လျက် ကြောက်လန့်တကြားဖြင့် လုံးဝ မလှုပ်ရဲကြရှာပေ။
သူတို့တစ်တွေ လူမိသွားမည်ကို သေလုမတတ် ကြောက်ရွံ့နေကြသည်။
ဒီလူအုပ်ကြီးက တကယ့် အရူးတွေလိုမျိုး ရိုက်နှက်နေကြတာပဲဥစ္စာ…
တကယ့်ကို ကြောက်စရာကောင်းလှချည်လား… မွေးမေရေ…
ဘယ်လိုလူစားမျိုးက ဒီလောက်အထိ ရိုက်ရဲရတာလဲ…
“အစ်ကိုကြီး... တို့... တို့တွေ ဘာလုပ်ကြမလဲ”
“စကားမပြောနဲ့...”
“ဒါပေမဲ့...”
“ဒါပေမဲ့တွေ လုပ်မနေနဲ့...”
“ဒါပေမဲ့...”
“ငါ ‘ဒါပေမဲ့တွေ လုပ်မနေနဲ့’ လို့ ပြောနေတယ်လေ၊ မင်း လူစကား နားမလည်ဘူးလား”
ဝတုတ်ကြီးမှာ ငိုမဲ့မဲ့မျက်နှာဖြင့်
“ဒါပေမဲ့... ဒါပေမဲ့ ကျုပ်တို့ကို လူမိသွားပြီဗျ”
ပိန်ရှည်သူခိုး : “ဟင်..”
သူ့စကားလည်း ဆုံးရော... အောက်မှ လူများအားလုံး သူတို့နှစ်ယောက်ကို စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရတော့သည်။
အားလုံး တစ်ပြိုင်နက်တည်း ကြည့်နေကြခြင်း ဖြစ်၏။
ဘုရားရော… ကြက်သီးထစရာကြီး…
“သူခိုး...” ဟူသော ဟိန်းဟောက်သံကြီး တစ်ချက် ပေါ်ထွက်လာလေသည်။
သူခိုးလေးနှစ်ယောက်မှာ သွေးပျက်သွားကြရ၏။
ချန်ချင်းယွီမှာ ပြုံးလျက် ရှိနေသည်။
နင်တို့တွေ ငါ့လက်ဖဝါးထဲကနေ ရုန်းထွက်နိုင်မယ် ထင်နေလား…
ထိုလူနှစ်ယောက် စရောက်လာကတည်းက သူမ မြင်လိုက်ခြင်း ဖြစ်ပြီး၊ တကယ့်ကို မျက်မှန်းတန်းမိလှ၏။
မျက်လုံးချင်း ဆုံပြီး အတည်ပြုလိုက်သည့်အခါ... ပြီးခဲ့သော တစ်ခေါက်မှ လူဟောင်းများ ဖြစ်နေပြန်သည်။
ဒီသူခိုးအ,တွေက ဘာဖြစ်လို့ ဒီနေရာကိုပဲ ထပ်လာရပြန်တာလဲ..
ချန်ချင်းယွီ တိုးတိုးလေး ရေရွတ်လိုက်ကာ
“အမိုးပေါ်က ဘာအကောင်ကြီးလဲ မသိဘူး”
“ဘာကြီးလဲ”
“အမိုးပေါ်ကို ကြည့်လိုက်ဦး”
“ဒါက...”
သူခိုးနှစ်ယောက်မှာ ကပျာကယာ ဖင်တုန်အောင် ထွက်ပြေးရန် ပြင်စဉ်မှာပင်... လူအများ၏ အမြင်ထဲသို့ အမိအရ ရောက်ရှိသွားရရှာသည်။
ယခုတစ်ကြိမ်တွင်မူ လူအများမှာ ပို၍ပင် အားမနာတမ်း အော်ဟစ်ကြတော့သည်။
“သူခိုးဖမ်းကြဟေ့...”
“မြန်မြန်... သူတို့ကို လွတ်အောင် မလွှတ်နဲ့...”
“တောက်... တို့အိမ်ရာဝင်းထဲအထိတောင် လာရဲတယ်ပေါ့၊ ဖမ်းကြစမ်း...”
“ဝါးလုံးရှာပြီး ရိုက်ချကြ...”
“မြန်မြန်လုပ်...”
လူတိုင်း ချက်ချင်းပင် ရန်ဖြစ်နေသည်ကို ရပ်တန့်ကာ၊ တဂျီဂျီဖြင့် အော်ဟစ်ကြသည်။ သူတို့အိမ်ရာဝင်းထဲတွင် လူတစ်ရာကျော် ရှိနေသည်ဖြစ်ရာ... သူခိုးနှစ်ယောက်ကို ဖမ်းရသည်မှာ အလွန်လွယ်ကူလှ၏။ သူခိုးနှစ်ယောက်မှာ ကြောက်လန့်တုန်ရီလျက် ထွက်ပြေးရန် ကြိုးစားသော်လည်း၊ ခြေချော်ကာ... “အား...” ကနဲ နေအောင် လဲကျသွားရရှာသည်။
သူတို့နှစ်ဦးမှာ လက်ချင်းချိတ်လျက်သား မြေပြင်ပေါ်သို့ ဘုန်းကနဲ ပြုတ်ကျလာခဲ့ကြရ၏။
လူတိုင်းမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ဝမ်ကျန့်ကော် ဒဏ်ရာရခဲ့သည်ကို ချက်ချင်း သတိရသွားကြသဖြင့်၊ ဘေးသို့ အလောတကြီး ဆုတ်လိုက်ကြသည်။
ဘုန်း...
သူတို့နှစ်ယောက်စလုံး မြေပြင်ပေါ်သို့ တိုက်ရိုက် ကျရောက်သွား၏။
ခဏမျှ မှင်တက်သွားပြီးနောက်၊ လူအုပ်ကြီး ရှေ့သို့ ဝိုင်းအုံတိုးဝှေ့လာကြကာ
“ဖမ်းကြစမ်း...”
“အမေရေ... ကယ်ကြပါဦး...”
သူခိုးနှစ်ယောက်မှာ ပြီးခဲ့သော တစ်ခေါက်ကဲ့သို့ အဝတ်အစားများချွတ်ခံရပြီး အရှက်ခွဲခံရမည်ကို သေလုမတတ် ကြောက်ရွံ့နေကြသဖြင့် အော်ဟစ်ငိုယိုကာ
“ကယ်ကြပါဦးဗျာ... ကျွန်တော်တို့က သူခိုးတွေပါ၊ ရဲစခန်းကိုပဲ အမြန် ပို့ပေးကြပါ...”
“ဟင်”
“အယ်... ဒါက...”
“အခုခေတ် သူခိုးတွေက ဒီလောက်တောင် အသိတရား ရှိကြတာလား”
“ဒီသူခိုးနှစ်ယောက်က ကြည့်ရတာ မျက်မှန်းတန်းမိသလိုပဲ”
“ငါ ကြည့်ပါရစေဦး”
“ဟာ... သူတို့က အရင်တုန်းက ကောင်တွေ မဟုတ်ဘူးလား၊ အား... ငါ သိပြီ၊ ပြီးခဲ့တဲ့ တစ်ခေါက်က တို့ ဖမ်းလိုက်တဲ့ကောင်တွေပဲ၊ အခု ထောင်ကထွက်လာတော့ ကလဲ့စားချေဖို့ လာတာနေမှာ”
“ဝိုး... တကယ့်ကို သတ္တိကောင်းလှချေကလား”
“ဒီလူမိုက်နှစ်ယောက်က ထောင်တစ်ခေါက် ကျဖူးတာတောင် သင်ခန်းစာမရဘဲ... ထပ်ပြီး လာရဲသေးတယ်၊ တကယ့်ကို ယုတ်မာလွန်းတယ်”
“သူတို့က သေချာပေါက် မကောင်းတဲ့ အကြံနဲ့ လာတာ”
သူခိုးများ အော်ဟစ်ငြင်းဆိုကြကာ
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျုပ်တို့ ကလဲ့စားချေဖို့ လာတာ မဟုတ်ပါဘူး၊ ကျုပ်တို့က သူခိုးသက်သက်ပါဗျာ၊ အီးဟီး... ငါ တကယ် ဝမ်းနည်းတယ်၊ သူခိုးလုပ်ရတာ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ...”
“ဘာပဲဖြစ်ဖြစ်... သူတို့ကို ရဲစခန်းကိုပဲ ပို့လိုက်စမ်း”
“ဟုတ်တယ်၊ ရဲစခန်းကို ပို့မယ်”
“ငါ သွားမယ်... ငါ သွားမယ်...”
“ငါလည်း လိုက်မယ်...”
အိမ်ရာဝင်းထဲရှိလူတိုင်း လိုက်ချင်နေကြသည်။ သို့သော်လည်းညဉ့်နက်နေပြီ ဖြစ်သဖြင့် အားလုံး ထွက်သွား၍ မဖြစ်ပေ၊ သို့မဟုတ်ပါက ‘ပုစဉ်းရင်ကွဲကို ပုတက်က ချောင်းနေစဉ်၊ နောက်ကနေ ငှက်ခါးက စောင့်နေသည်’ မျိုး ဖြစ်သွားနိုင်သည်သာ…
ချန်ချင်းယွီ : “ဒါဆိုရင် ကျွန်မတော့ မလိုက်တော့ဘူး”
“ဟုတ်တယ်၊ ဟုတ်တယ်။ ရှောင်ချန်... နင်က အားနွဲ့တဲ့ မိန်းမသားပဲဟာ၊ အိမ်မှာပဲ နေခဲ့ပါ”
“နောက်ထပ် လူအနည်းငယ်လည်း ကျန်ခဲ့ကြဦး”
“ကောင်းပြီ”
မကြာမီမှာပင်၊ လူအများမှာ သူခိုးနှစ်ယောက်ကို ဝိုင်းဝန်းချုပ်နှောင်ကာ တံခါးပြင်သို့ ခေါ်ဆောင်သွားကြတော့သည်။ ဘေးအိမ်ရာဝင်းရှိ အိမ်နီးနားချင်းများလည်း ချောင်းမြောင်းပွဲကြည့်ရင်း လှမ်းမေးကြ၏။
“ညည်းတို့ အိမ်ရာဝင်းထဲမှာ ရန်ဖြစ်နေကြတာလား…ဆူညံနေတာပဲ...”
ကြည့်စမ်းဦး...
လူတိုင်း၏ မျက်နှာတွင် ညိုမည်းဖူးရောင်နေသော ဒဏ်ရာများ ရှိနေကြသည် မဟုတ်လော့။
“ဘာရန်ဖြစ်ရမှာလဲ…တို့ သူခိုးနှစ်ယောက် မိလို့လေ”
ကျောက်ရုံမှာ အမြဲတမ်း မိမိကိုယ်ကိုယ် ဂုဏ်ဖော်တတ်သည့်အတိုင်း
ကြွားဝါလိုက်၏။
“တို့အိမ်ရာဝင်းတစ်ခုလုံး ညီညီညွတ်ညွတ်နဲ့ သူခိုးတွေကို ဝိုင်းဖမ်းလိုက်တာလေ”
“ဝိုး... ဒီသူခိုးတွေက တကယ့်ကို မောက်မာတာပဲ၊ ကြည့်စမ်း... သူတို့ကို ရိုက်နှက်ထားတာ သွေးချင်းချင်းနီလို့...”
“ဒီခေတ် သူခိုးတွေက တကယ်ကို ရူးသွပ်နေတာပဲ”
“ဘုရားရေ... တော်သေးတာပေါ့၊ အမိဖမ်းနိုင်လိုက်လို့”
“အမယ်လေး...”
တခြားအိမ်ရာဝင်းရှိ လူများ ဤအခြေအနေကို မြင်သောအခါ အံ့ဩတုန်လှုပ်သွားကြရသည်။
“တကယ် ကြောက်စရာကောင်းလိုက်တာ၊ ကြည့်စမ်း... သူတို့ကို ဒီလောက်အထိ ပြင်းပြင်းထန်ထန် ရိုက်နှက်ထားတာ၊ တကယ်ကို အားအပြည့်နဲ့ ရိုက်ထားတာပဲ”
ဝတုတ်နှင့် ပိန်ရှည် သူခိုးနှစ်ယောက်မှာ လူအများကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိကြပြီး၊ မိမိတို့ ဤကဲ့သို့ အကွက်ဆင်ခံရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။
“အား... ကျုပ်တို့ ရိုက်တာ မဟုတ်ပါဘူးဗျာ၊ သူတို့ဘာသာသူတို့ ရိုက်ကြတာ၊ ကျုပ်တို့လုပ်တာ မဟုတ်ရပါဘူးဗျာ...”
“အား... ကျုပ်တို့ တကယ်ပဲ တုံးအယ်ထက်တောင် မတရား အစွပ်စွဲခံရပါတယ်ဗျာ...”
ရွှီကောင်းမင် ကြားဖြတ်အော်ဟစ်လိုက်ကာ
“ပါးစပ်ပိတ်စမ်း၊ အမိဖမ်းခံထားရတာကို ဘာတွေ လာပြီး စကားများနေတာလဲ… ရဲတွေကိုပဲ သွားပြောလိုက်တော့”
“သွားကြစို့၊ ရဲစခန်းကို”
“ဟုတ်တယ်၊ ရဲစခန်းကို”
လူအုပ်ကြီး ထွက်ခွာသွားကြသော်လည်း၊ ချန်ချင်းယွီ မလိုက်ဘဲ အိမ်သို့သာ ပြန်လာခဲ့သည်။ မထင်မှတ်ဘဲ ဝမ်မေ့လန်လည်း မလိုက်သွားပေ။ သူမ ချန်ချင်းယွီဆီသို့ လျှောက်လာကာ
“ရှောင်ချန်... ငါ နင့်ကို ကိစ္စတစ်ခုလောက် မေးချင်လို့”
ချန်ချင်းယွီ : “မေးလေ”
သူမ ပြုံးပြကာ
“ကျွန်မ အစ်မကို ထိုင်ဖို့တော့ မဖိတ်တော့ဘူးနော်… ကျွန်မတို့အိမ်ကို ကြည့်ဦး၊ ခြေချစရာနေရာတောင် မရှိသလောက်ပဲ”
ဝမ်မေ့လန် ခေါင်းညိတ်ကာ
“ရပါတယ်၊ ငါ ရပ်ပြီး ပြောလည်း ဖြစ်ပါတယ်… တံခါးဝမှာတင် ပြောကြစို့”
“ကောင်းပြီ”
နှစ်ယောက်သား တံခါးဝတွင် ရပ်လိုက်ကြပြီး၊ ချန်ချင်းယွီ
ဝမ်မေ့လန်ကို စိုက်ကြည့်လိုက်၏။ ဝမ်မေ့လန်မှာ စိုးရိမ်ပူပန်စွာ သက်ပြင်းချရင်း
“ငါ မေးချင်တာက... နင် ကွမ်ကျိုးကို သွားတုန်းက ငါ့ယောက်ျား ဝမ်ကျန့်ကော်ကို တွေ့ခဲ့သေးလား”
ချန်ချင်းယွီ မျက်နှာအမူအရာမပျက်ဘဲ
“မတွေ့ဘူးနော်… ကွမ်ကျိုးက တော်တော်ကြီးတာဥစ္စာ”
ဝမ်မေ့လန် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ထပ်မေးလိုက်သည်။
“ဒါဆိုရင်... ရထားပေါ်မှာကော တွေ့မိသေးလား”
သူမ ဤစကားကို တကယ်တမ်းထုတ်မပြောချင်ပေ။ သို့သော်လည်း မမေးရလျှင် စိတ်ထဲမအေးသဖြင့်
“အမှန်တော့... တို့မိသားစုက နင် ပိုက်ဆံရနေတာကို မြင်တော့ ပစ္စည်းသွားယူချင်ကြတာ၊ ငါ့ယောက်ျားက နင့်နောက်ကနေ လိုက်သွားတာ ဖြစ်သင့်တယ်… နင် တကယ်ပဲ မတွေ့ဘူးလား”
ဤစကားကို ပြောရသည်မှာ သူမအတွက် အလွန်အရှက်ရစရာ ကောင်းလှပေသည်။
သူများနောက်ကို လိုက်ပြီး ပစ္စည်းယူမည့် လမ်းစကို ရှာဖွေခဲ့ကြသော်လည်း၊ လူမှာ ပျောက်ကွယ်သွားခဲ့၏။
ချန်ချင်းယွီ ခေါင်းခါပြလိုက်သည်။
“မတွေ့ပါဘူး”
အမှန်အတိုင်း ပြောရလျှင်... သူမ တကယ်လည်း ပေါ်ပေါ်ထင်ထင် မတွေ့ခဲ့ရပေ။
ရှီရှောင်ဝေမှာ စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီ အတင်းပြောနေခဲ့ပြီး၊ ချဲညီအစ်ကိုလည်း ပေါ်လာခဲ့ကြသော်လည်း၊ ဝမ်ကျန့်ကော်နှင့် ယွမ်ဟောက်ဖုန်းတို့မှာ ထိုနေရာတွင် တကယ်မရှိခဲ့ကြပေ။
ချန်ချင်းယွီဘူတာရုံ၌ သူတို့ကို ခိုးကြောင်ခိုးဝှက် ချောင်းကြည့်ခဲ့သဖြင့်၊ ချဲညီအစ်ကိုများကို မြင်ရခြင်းသည် ဝမ်ကျန့်ကော်ကို ရှိနေခြင်းဖြစ်ကြောင်း နားလည်ထားသည်။ ရှီရှောင်ဝေကို မြင်ရခြင်းသည် ယွမ်ဟောက်ဖုန်းလည်း ရှိနေကြောင်း သဘောပေါက်နေ၏။
သို့သော်လည်း ပေါ်ပေါ်ထင်ထင် မရှိခဲ့ပါက... မရှိခဲ့ဟုသာ သတ်မှတ်ရမည်သာ…
ဝမ်မေ့လန်မှာ လူကောင်းတစ်ယောက် ဖြစ်သော်လည်း၊ ဝမ်ကျန့်ကော်သည်ကား သေချာပေါက် လူကောင်းမဟုတ်ပေ။
ဤလူမှာ အတ္တကြီးပြီး ယုတ်မာတတ်သူ ဖြစ်ကာ၊ မိမိအကျိုးအတွက်ဆိုလျှင် သူတစ်ပါးကို ဒုက္ခပေးရန် မည်သည့်အရာကိုမဆို လုပ်ဝံ့သည့် လူစားမျိုး ဖြစ်သည်။
အကယ်၍ သူမသာ လူအများ ထင်မှတ်ထားကြသလိုမျိုး အားနွဲ့သည့် မိန်းမသားတစ်ယောက်သာ ဆိုပါက... ကွမ်ကျိုးတွင် ချဲညီအစ်ကိုများ၏ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံရသည့် အကျိုးဆက်မှာ မည်သို့ရှိမည်ကို ခန့်မှန်းကြည့်နိုင်ပေ၏။ သို့သော် ဝမ်ကျန့်ကော်သည် ဤသည်မှာ သူတစ်ပါးကို အန္တရာယ်ပြုခြင်း ဖြစ်သည်ဟု လုံးဝ ထည့်မစဉ်းစားခဲ့ပေ။ သူသည် ထိုလူများကိုပါ သွေးထိုးလှုံ့ဆော်ခဲ့သေးသဖြင့်၊ သူ၏ ကောက်ကျစ်စဉ်းလဲသော စရိုက်ကို အထင်အရှား မြင်တွေ့နိုင်ပေသည်။
သူမကို ပိတ်ဆို့တိုက်ခိုက်ရန် ကွမ်ကျိုးသို့ သွားဖို့ ချဲညီအစ်ကိုများကို သွေးထိုးလှုံ့ဆော်ခဲ့သူမှာ... ထိုဝမ်ကျန့်ကော်ကိုယ်တိုင်ပင် မဟုတ်လော့။
ချန်ချင်းယွီ အေးစက်စက် လေသံဖြင့်
“ကျွန်မ တကယ် မတွေ့ခဲ့ပါဘူး…ရထားပေါ်မှာတော့ ရှီရှောင်ဝေတစ်ယောက်တည်းနဲ့ပဲ ဆုံခဲ့တာ”
ဝမ်မေ့လန် စိုးရိမ်ပူပန်မှုများဖြင့် ထပ်မံ သက်ပြင်းချပြန်သည်။
“သူ ထွက်သွားကတည်းက ငါ နေ့တိုင်း အိမ်မက်ဆိုးတွေ မက်နေတာ။ သူ အဆင်ပြေရဲ့လားဆိုပြီး အမြဲတမ်း စိတ်ပူနေရတယ်..ကွမ်ကျိုးက ဘယ်လိုနေရာမျိုးလဲ မသိဘူး၊ ဘေးကင်းရဲ့လား…ငါ့ရဲ့ ကျန့်ကော်တစ်ယောက် ဒုက္ခများ ရောက်နေမလား မသိပါဘူး”
ချန်ချင်းယွီ ဆက်ပြောကာ
“ကျွန်မလည်း သေချာမသိဘူး… ကျွန်မကတော့ ပစ္စည်းယူပြီးတာနဲ့ ဘယ်မှမရပ်ဘဲ ချက်ချင်း ပြန်လာတာဆိုတော့ အဲဒီနေရာတွေနဲ့ သိပ်မရင်းနှီးဘူး”
ဝမ်မေ့လန် တရှုံ့ရှုံ့ဖြင့် ထပ်မံ သက်ပြင်းချမိပြန်၏။
သူတို့လင်မယားအကြား သံယောဇဉ် နက်ရှိုင်းမှန်း ချန်ချင်းယွီ သိရှိသဖြင့်၊ ကြားထဲမှ သွေးထိုးလှုံ့ဆော်သည့် စကားမျိုးကို သူမ မပြောလိုပေ။ သို့သော်လည်း အခြေအနေကို ကြည့်ပြီး ငြိမ်
နေ၍မဖြစ်သဖြင့် တည်ငြိမ်စွာ အကြံပြုစကားဆိုလိုက်သည်။
“သူက တစ်ယောက်တည်း သွားတာလား၊ အဖော်တွေ ပါသွားရင်တော့... အစ်မ စိတ်ပူနေရင် အဲဒီလူတွေရဲ့ မိသားစုဆီမှာ လှမ်းပြီး စုံစမ်းကြည့်လို့ ရတာပဲဥစ္စာ”
ဝမ်မေ့လန် အနေရခက်စွာဖြင့် ညည်းတွားသလို ထောက်ခံလိုက်၏။
“အင်း... ဟုတ်သားပဲ”
ချန်ချင်းယွီတို့ ယောက္ခမ ချွေးမနှစ်ယောက်မှာ ချဲမိသားစုကို မည်မျှ မုန်းတီးကြသည်ကို သူမ ကောင်းကောင်းသိသဖြင့်၊ ဝမ်ကျန့်ကော်သည် ချဲညီအစ်ကိုများနှင့်အတူ ခရီးထွက်သွားခြင်း ဖြစ်ကြောင်းကို သူမ လုံးဝ ထုတ်မပြောရဲပေ။ အမှန်စင်စစ် သူမကိုယ်တိုင်လည်း ထိုချဲညီအစ်ကို နှစ်ယောက်ကို အလွန်အမင်း မုန်းတီးပြီး၊ သူတို့ကို လူကောင်းမဟုတ်ဟု အမြဲတမ်း ခံစားရသည်။ သူတစ်ပါးကို ဤကဲ့သို့ လိမ်လည်လှည့်ဖြားတတ်သည့် လူစားမျိုးမှာ အဘယ်မှာ လူကောင်းဖြစ်နိုင်မည်နည်း။
ထို့ထက်မက... ချဲယုံဖုန်းမှာ သူ့ခယ်မ နှင့်ပင် ဖောက်ပြန်ခဲ့သေးသဖြင့်၊ သူ့ညီမှာ ဘာမှမဖြစ်သော်လည်း သူ့မိသားစုတစ်ခုလုံးမူ လုံးဝ ပရမ်းပတာ ဖြစ်သွားခဲ့ရသည် မဟုတ်လော့။
ဝမ်မေ့လန်မှာ ဤအပြုအမူများကို ရွံရှာသော်လည်း၊ သူမ၏ ယောက်ျားသည်ကား ‘အပြင်ထွက်တဲ့အခါ အပေါင်းအသင်းဆိုတာ မလွှဲမရှောင်သာ ရှိတတ်တာပဲ၊ ဘယ်သူက ဘယ်နေရာမှာ အသုံးဝင်လာမလဲ ဘယ်သူသိမှာလဲ’ ဟု ဆိုခဲ့ဖူးသည်။ မည်သို့ဖြစ်စေ သူတို့မှာ ရင်းနှီးသူများ မဟုတ်ကြသဖြင့် ကိစ္စမရှိဟုဆိုပြန်၏။ သူမသည် ယောက်ျားသားတို့၏ အရေးကိစ္စများကို နားမလည်သဖြင့် အများကြီး ဝင်မပြောခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူမ ချန်ချင်းယွီ၏ ရှေ့မှောက်တွင် မဆင်မခြင် စကားပြောပြီး ပြဿနာရှာမည့်သူမျိုး မဟုတ်ပေ။
သူမ ခဏမျှ စဉ်းစားပြီးနောက်
“ဒါဆိုရင် ငါ အဲဒီအိမ်ကိုလည်း သွားပြီး မေးကြည့်လိုက်ဦးမယ်”
ချန်ချင်းယွီ : “အင်း၊ မြန်မြန်သွားလေ”
ဝမ်မေ့လန်သည် ဘာသတင်းအစအနမျှ မရရှိခဲ့သဖြင့်၊ စိုးရိမ်သောကများဖြင့်သာ လှည့်ပြန်သွားခဲ့ရတော့သည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမနှစ်ယောက် တံခါးဝမှ စပ်စုသော မျက်လုံးလေးများဖြင့် ချောင်းကြည့်နေကြ၏။
“မေမေ... သူတို့အားလုံး သားတို့မိသားစု ပိုက်ဆံရနေတာကို မနာလိုဖြစ်ပြီး၊ အတုလိုက်ခိုးချင်နေကြတာပေါ့”
ချန်ချင်းယွီ : “ဟုတ်တယ်၊ ကဲ... သွားကြ၊ သီချင်းလေး ဘာလေး ဖွင့်လိုက်ဦး”
“ပျားရည်လေးလို ချိုမြိန်တယ် ဖွင့်မယ်နော်”
ချန်ချင်းယွီ : “ဒါဆိုရင် အသံလေး နည်းနည်း လျှော့ဖွင့်ဦး”
“သိပါတယ် မေမေရဲ့”
တော်သေးသည်မှာ... အိမ်ရာဝင်းထဲရှိ လူအများစု အပြင်ထွက်သွားကြသဖြင့်၊ ကြောင်ပေါက်လေး နှစ်ကောင်၊ သုံးကောင်မျှသာ ကျန်ရှိတော့ပြီး၊ ဒုတိယအိမ်ရာဝင်းထဲတွင်လည်း လူတစ်ယောက်မှ မရှိချေ။ ထို့ကြောင့် ကလေးနှစ်ယောက် ချက်ချင်းပင် သီချင်းဖွင့်လိုက်ကြတော့သည်။
ချန်ချင်းယွီမှာ မနက်ဖြန် အပြင်ထွက်ရောင်းမည့် ကုန်ပစ္စည်းများကို စတင်စီစဉ်ရင်း
“မနက်ဖြန်က စနေနေ့ဆိုတော့... နောက်ထပ် တစ်ရက်ဆိုရင် ပိတ်ရက်ရောက်ပြီပေါ့”
ယခုခေတ်တွင် စနေ၊ တနင်္ဂနွေ နှစ်ရက်ပိတ်သည့် စနစ် မရှိသေးပေ။
ပိတ်ရက်မှာ တစ်ရက်သာ ရှိသော်လည်း၊ တနင်္ဂနွေနေ့တွင် စီးပွားရေး ပိုမိုကောင်းမွန်လိမ့်မည်ကို ချန်ချင်းယွီ ကောင်းကောင်း သိထားသည်။
“မေမေ... တနင်္ဂနွေနေ့ကျရင် သားတို့တွေ အတူတူ အပြင်ထွက်ပြီး ပစ္စည်းရောင်းကြရအောင်”
ချန်ချင်းယွီ ခေါင်းခါပြလိုက်၏။
“မလိုပါဘူး၊ ငါနဲ့ နင့်တို့အဘွားရှိရင် အဆင်ပြေပါတယ်… မင်းတို့နှစ်ယောက် တနင်္ဂနွေနေ့ကျရင် ရေကူးသင်တန်း သွားရမှာ မဟုတ်ဘူးလား”
“နောက်တစ်ခေါက်မှ သွားလည်း ရပါတယ် မေမေရဲ့”
ချန်ချင်းယွီ : “သွားစရာရှိတာ သွားပါ၊ ဒါပေမဲ့ ဂရုတော့ စိုက်ကြဦး”
“ဟုတ်ကဲ့ပါ...”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အသက်ငယ်သော်လည်း၊ အစီအစဉ်ဆွဲရာတွင် အလွန် တော်ကြသည်။ ယခုမှာ ဧပြီလထဲ ရောက်ခါနီးပြီ ဖြစ်၍ ရာသီဥတုတဖြည်းဖြည်း နွေးထွေးလာရာ၊ ကလေးနှစ်ယောက်မှာ နွေရာသီ မရောက်ခင် ရေကူးတတ်ချင်နေကြခြင်း ဖြစ်၏။ သူတို့မှာ အတန်းဖော်အချို့နှင့် တိုင်ပင်ကာ ပိုက်ဆံစုပြီး၊ အတန်းဖော်တစ်ယောက်၏ ဝမ်းကွဲအစ်ကိုအား ရေကူးသင်ပေးရန် အကူအညီတောင်းခဲ့ကြသည်။ ဤအစီအစဉ်ကို ယခုအပတ်မှ စတင်ခဲ့ခြင်း ဖြစ်၏။
ချန်ချင်းယွီ တွေးတောရင်း သက်ပြင်းချမိသည်မှာ... ယခုခေတ်တွင် ဘာမဆို သင်ယူလိုပါက မိမိတို့ဘာသာ စုစည်းလုပ်ကိုင်ကြရခြင်းပင်။ ကလေးအနည်းငယ် ပိုက်ဆံစုပြီး ရေကူးသင်ပေးမည့်သူကို ရှာကြရာ၊ ဆရာဖြစ်သူမှာလည်း ပိုက်ဆံနည်းသည်ဟူ၍ ငြင်းဆန်ခြင်း မရှိချေ။ နောက်ထပ် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ကြာသွားပါက... အရပ်ရပ်တွင် ကျူရှင်သင်တန်း ကျောင်းမျိုးစုံ မှိုလိုပေါက်လာလိမ့်မည်ဟု သူမ တွေးမိ၏။
သို့သော် ထိုအချိန်ကျလျှင် ပြိုင်ဆိုင်မှုက ယခုထက် ပိုမို ပြင်းထန်လာလိမ့်မည်။
ချန်ချင်းယွီ : “မင်းတို့နှစ်ယောက် အပြင်ရောက်ရင် တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်း စောင့်ရှောက်ကြဦး”
“သိပါတယ် မေမေရဲ့၊ စိတ်မပူပါနဲ့”
ချန်ချင်းယွီ ဆက်ပြောကာ
“ရေကူးသင်တန်းကြေးကို မေမေ စိုက်ပေးမယ်.. မင်းတို့ရဲ့ ပုံမှန်မုန့်ဖိုးက မုန့်ဖိုးပေါ့၊ ဒါပေမဲ့ အပိုသင်တန်းတွေအတွက်တော့ မေမေက ပိုက်ဆံမပေးလို့ မဖြစ်ဘူးလေ”
“အာ... တကယ့်ကို ကောင်းတာပဲ... မေမေက အကောင်းဆုံးပဲ...”
“မေမေ... မိုက်လိုက်တာ...”
ကလေးနှစ်ယောက်မှာ အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။
ချန်ချင်းယွီ မိမိ၏ သားသမီးများအပေါ် အလွန် ရက်ရောတတ်သူ ဖြစ်၏။ သူတို့ မူလတန်း စတက်ကတည်းက တစ်ရက်လျှင် မုန့်ဖိုး ဆယ်ပြားစီ ပေးခဲ့သည်။
ဆယ်ပြားကို အထင်မသေး၍ မရပေ။ ထိုခေတ်အခါက ဆယ်ပြား၏ ဝယ်ယူနိုင်စွမ်းအားမှာ အတော်အတန် မြင့်မားလှရာ၊ သကြားလုံးတစ်လုံးလျှင် တစ်ပြားမျှသာ ကျသင့်သည် မဟုတ်လော့။
သူတို့တစ်ဦးစီမှာ တစ်ရက်လျှင် ဆယ်ပြားစီ ရရှိကြသည့်အပြင်၊ အိမ်မှုကိစ္စ အကူအညီပေးရာမှ ပိုလျှံလာသော အကြွေစေ့လေးများကိုလည်း မိခင်ဖြစ်သူသည် ပြန်မယူဘဲ ကလေးနှစ်ယောက်ကိုသာ ခွဲဝေပေးတတ်သည်။ ထို့ကြောင့် သူတို့သည် တစ်လလျှင် အနည်းဆုံး ငါးယွမ်မျှ ရရှိကြပြီး၊ အချို့လများတွင် ခုနစ်ယွမ်၊ ရှစ်ယွမ်အထိပင် ရတတ်ပေသည်။
မှတ်သားထားရမည်မှာ... လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ရှိ ဆင်းရဲမွဲတေမှုမျဉ်းသည် တစ်ဦးလျှင် ငါးယွမ်မျှသာ ရှိခဲ့ခြင်းပင်။
အဘွားဖြစ်သူ၏ တစ်လစာ လစာငွေသည်ပင် ယွမ်သုံးဆယ်ကျော်မျှသာ ရှိရာ၊ ကလေးနှစ်ယောက်၏ စုစုပေါင်း မုန့်ဖိုးသည် အဖွား၏ လစာတစ်ဝက်နီးပါး ရှိနေ၏။
ထို့ကြောင့် သူတို့၏ အတန်းဖော်များအကြားတွင် ဤမုန့်ဖိုးပမာဏမှာ အတော်အတန် များပြားလှပေသည်။ မိသားစုအများစုသည် မိမိတို့၏ သားသမီးများကို ဤကဲ့သို့ နေ့စဉ်မုန့်ဖိုး ပေးလေ့မရှိကြပေ။ ကလေးနှစ်ယောက်စလုံးတွင် မြေထည် ဝက်စုဘူးလေးများ ကိုယ်စီဖြင့် မိမိတို့၏ ကိုယ်ပိုင် ဘဏ္ဍာတိုက်ငယ်လေးများ ရှိကြ၏။
ဤစုဘူးလေးများကို ချန်ချင်းယွီ ဝယ်ယူပေးခဲ့ခြင်း ဖြစ်ပြီး၊ ကလေးဘဝတွင် ဤကဲ့သို့ အလေ့အထလေး ရှိနေခြင်းမှာ ကောင်းမွန်သည်ဟု ယူဆသောကြောင့်ပင်။
ချန်ချင်းယွီကိုယ်တိုင်မူ ကလေးဘဝ၌ စုဘူးလေးတစ်လုံး ရရှိရန် အလွန် တောင့်တခဲ့ဖူးသော်လည်း၊ မိမိတွင် မည်သည့်အခါမျှ ရှိလာမည်မဟုတ်ကြောင်း သဘောပေါက်ခဲ့ရ၏။ အကယ်၍ ရှိခဲ့လျှင်ပင် တစ်စုံတစ်ယောက်၏ ခိုးယူခြင်းကို ခံရလိမ့်မည်သာ။ သူမသည် ထိုအရာကို အိမ်မက်ပင် မမက်ရဲခဲ့ကာ… မည်သည့် မုန့်ဖိုးမှလည်း မရရှိခဲ့ဖူးပေ။
မိမိ မရရှိခဲ့ဖူးသောအရာများကို မိမိ၏ သားသမီးများကိုမူ ရရှိစေချင်မိသည်။
ချန်ချင်းယွီ မိမိ၏ အတိတ်ဘဝကို ပြန်လည်တွေးတောမိသော်လည်း၊ ယခုဘဝ၏ ကလေးဘဝ အမှတ်တရများမှာမူ မှုန်ဝါးဝါးသာ ရှိတော့၏။ သို့သော် သူမ အတိတ်ကိစ္စများကို အကြာကြီး စွဲလမ်းနေတတ်သူ မဟုတ်သဖြင့်
“နောက်ထပ် ရက်အနည်းငယ်ကြာရင် ချင်းမင်ပွဲတော် (သင်္ချိုင်းကန်တော့ပွဲ) ရောက်တော့မယ်၊ မေမေ တောင်ပေါ်ကိုသွားပြီး မင်းတို့အဖေနဲ့ တခြားဆွေမျိုးတွေကို ကန်တော့ဖို့ စဉ်းစားထားတယ်…မင်းတို့ လိုက်ချင်ကြလား”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ချက်ချင်းပင် တည်ကြည်သော မျက်နှာလေးများဖြင့် အလေးအနက် ခေါင်းညိတ်ပြကြသည်။
“လိုက်ချင်ပါတယ် မေမေ”
ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ပြီး
“ကောင်းပြီ၊ လိုက်မယ်ဆိုရင်တော့ တောင်တက်လမ်းက ပင်ပန်းတယ်၊ ကြောက်စရာကောင်းတယ်လို့ မညည်းညူကြနဲ့နော်”
“သိပါတယ်၊ သားတို့တွေ ဂျီမကျပါဘူး”
အမှန်တကယ်၌ ယခုအချိန်ထိ ခေတ် ဟောင်း အယူသည်းမှုမျိုးများကို လူသိရှင်ကြား လုပ်ဆောင်ခွင့် မပြုသေးပေ။ သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်နှင့် နှိုင်းယှဉ်ပါက အခြေအနေများ အတော်လေး လျှော့ပေါ့ပေးထားပြီ ဖြစ်သည်။
ချန်ချင်းယွီ : “ဒါဆိုရင် မနက်ဖြန်ကျရင် ငါ ပစ္စည်းတချို့ ကြိုပြီး မှာထားရမယ်”
“ဘာပစ္စည်းတွေလဲ မေမေ”
ချန်ချင်းယွီ : “အချိန်ကျရင် မင်းတို့ သိရလိမ့်မယ်ပေါ့… ရွှေစက္ကူ၊ ငွေစက္ကူတွေပဲပေါ့”
သူမကိုယ်တိုင် အချိန်ကူးပြောင်း ဖြတ်သန်းလာနိုင်သူ ဖြစ်သဖြင့်၊ ဤကဲ့သို့သော အယူသည်းမှုဆိုင်ရာ အရာများကို လုံးဝ မယုံဟု မပြောနိုင်ပေ။ ထို့အပြင် စက္ကူငွေများ ရှို့ပေးခြင်းသည် အသက်ရှင်
ကျန်ရစ်သူများအတွက် တစ်ခုခုလုပ်ပေးလိုက်ရသည်ဟူသော စိတ်အေးချမ်းသာမှုကို ဆောင်ကြဉ်းပေးနိုင်သည် မဟုတ်လော့။
သူမ ဆက်ပြောကာ
“ကြည့်ရတာ မနက်ဖြန်ကျရင် လုပ်စရာတွေ အများကြီး ရှိနေဦးမယ်”
“မေမေ... သားတို့မောင်နှမပဲ သွားမှာလိုက်ရမလား… ဒါဆိုရင် မေမေ့ရဲ့ အချိန်တွေကို မကုန်တော့ဘူးလေ”
ချန်ချင်းယွီ ခေါင်းခါပြလိုက်သည်။
“မလိုပါဘူး၊ မင်းတို့ သွားရင် သူတို့က ယုံမှာ မဟုတ်ဘူး”
“ရပါတယ်၊ ငါ့ဘာသာပဲ စီစဉ်လိုက်မယ်”
“ချွေးမရေ... ချွေးမရေ... ငါတို့တွေ ပြန်ရောက်ပြီဟေ့... ဟေး... ညည်း မသိသေးဘူးမလား၊ အဲဒီကောင်နှစ်ယောက်က တို့အိမ်ကို တကယ် လာခိုးတာဟဲ့... ကံဆိုးမိုးမှောင်ကျတဲ့ ခွေးမသားတွေကို ငါတော့ အဲဒီနေရာမှာတင် အဝတ်ပြဲအောင် ဆော်ထည့်လိုက်တာ… သူတို့က ငါ့ကိုပါ ကွက်ဆင်ချင်သေးတာကိုး၊ ငါက ဘယ်သူလဲဆိုတာ သူတို့ မသိကြဘူးထင်တယ်”
အဘွားကြီးကျောက်၏ အသံကြီးမှာ လူမရောက်ခင်ကတည်းက လှမ်းပေါ်ထွက်လာ၏။
စကားပြောရင်းနှင့်ပင် အဘွားကြီးကျောက် အိမ်ထဲသို့ ဝင်လာကာ၊ လက်ဖက်ရည်ခွက်ထဲမှ ရေကို အငမ်းမရ သောက်လိုက်ပြီးနောက်
“ရဲတွေကတောင် ငါ့ကို သိပ်မတားကြဘူးအေ…ငါကတော့ သူတို့ကို အားရပါးရ ရိုက်ပစ်လိုက်တာ၊ အမှန်အတိုင်း ပြောရရင် တို့တွေက မိုးလင်းကနေ မိုးချုပ်အထိ ပင်ပင်ပန်းပန်းနဲ့ ပိုက်ဆံလေး နည်းနည်းပါးပါး ရှာတာကို... လူတကာက ဝိုင်းပြီး မျက်စိကျနေကြတယ်၊ ဒီလူတွေက အလကားရချင်နေကြတာ”
ချန်ချင်းယွီသည် ထိုသူခိုးနှစ်ဦး မိမိတို့ မိသားစုကို ပစ်မှတ်ထားခြင်း ဖြစ်လိမ့်မည်ဟု တကယ် ထင်မထားခဲ့ပေ။
အင်း…သေချာတာပေါ့... ပိုက်ဆံရှိရင် ရန်သူဝိုင်းတတ်တာ သဘာဝပဲဥစ္စာ…
“ဒါဆိုရင် သူတို့က ဘာဖြစ်သွားလဲ...”
“အဖမ်းခံလိုက်ရပြီလေ၊ ဒီနေ့က ခိုးဖို့ ကြံစည်ရုံတင် ဆိုပေမယ့်... လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူတို့က သူများအိမ်တွေကိုလည်း ခိုးခဲ့ဖူးသေးတယ်တဲ့၊ အခုတော့ ထောင်ထဲကို ပြန်သွားရတော့မှာပေါ့.. ညည်းသိလား... ဒီငတုံး သူခိုးနှစ်ယောက်က တကယ့်ကို ဦးနှောက်မရှိဘူး၊ တခြားအလုပ် ပြောင်းလုပ်ဖို့ မစဉ်းစားဘူး..ငါ့အထင်တော့ သူတို့က ထောင်ထဲမှာ အလကား ထမင်းသွားစားချင်နေတာ ထင်တယ်…ထပ်ခါထပ်ခါ ခိုးနေပြီးတော့ လုံးဝ သင်ခန်းစာ မရကြဘူး”
ချန်ချင်းယွီ : “သူတို့ ထောင်ကျသွားတာ ကောင်းတာပေါ့၊ ဒါနဲ့ တခြားလူတွေကော... အားလုံး ပြန်လာကြပြီလား”
“အကုန်နီးပါး ပြန်လာကြပြီ၊ အဘိုးကြီးမာကတော့ ဇာတ်ကြောင်းရှင်းဖို့ အဲဒီမှာ ကျန်ခဲ့သေးတယ်၊ တို့တွေက တခြားလူတွေနဲ့ တူတူ ပြန်လာကြတာ… လမ်းမှာ မာကျန်းတို့ လင်မယားနဲ့ ဆုံခဲ့သေးတယ်၊ အားလုံးက ပျော်နေကြတာပဲ… ကြည့်ရတာ သူတို့ ပစ္စည်းတွေ အတော်လေး အရောင်းသွက်ပုံရတယ်”
ချန်ချင်းယွီ ခေါင်းညိတ်လိုက်၏။
“အော်... ဒါနဲ့ စောစောက တံခါးဝမှာ ဝမ်မေ့လန်က မာကျန်းရဲ့ မိန်းမကို လှမ်းတားပြီး သူ့ယောက်ျားအကြောင်း မေးနေသေးတယ်။ ချိုက်မင်မင်ကတော့ မတွေ့ဘူးလို့ပဲ ပြောလိုက်တာပဲ”
ချန်ချင်းယွီ : “ဒါက ကျွန်မတို့တွေ ကြိုတင်တိုင်ပင်ထားတဲ့အတိုင်းပဲလေ၊ သူမ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်း သိပါတယ်”
ဘာပဲဖြစ်ဖြစ် ဒါက ကိုယ့်ကိစ္စမှ မဟုတ်တာ…
ရှုပ်ထွေးတဲ့ ကိစ္စထဲကို ဝင်ပါစရာ ဘာအကြောင်းမှ မရှိဘူး…
တို့တွေက သူ့ကို ကွက်ဆင်ခဲ့တာလည်း မဟုတ်ဘူး၊ ရိုက်နှက်ခဲ့တာလည်း မဟုတ်ဘူး၊ မြင်ပေမယ့် ဘာမှထုတ်မပြောဘဲ နေခဲ့ရုံတင်ဥစ္စာ... ဘာဖြစ်လဲ...
ဘယ်သူက ဂရုစိုက်မှာလဲ...
ချန်ချင်းယွီ : “သူ့အကြောင်း ထားလိုက်ပါတော့၊ အမေ... ပြောစရာ ရှိတယ်၊ ချင်းမင်းပွဲတော်က မကြာခင် ရောက်တော့မှာဆိုတော့ မနက်ဖြန်ကျရင်...”
“ညည်း ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
အဘွားကြီးကျောက် ချက်ချင်း ထောက်ခံလေသည်။
ချန်ချင်းယွီမှာ ဝမ်ကျန့်ကော်၏ ကိစ္စကို လုံးဝ ဂရုမစိုက်ပေ။
သူတို့ ဘာပဲဖြစ်ဖြစ် သူမနှင့် ဘာဆိုင်သနည်း။
စိတ်ထားမကောင်းတဲ့ လူတွေကတော့ ခံရမှာပဲဥစ္စာ…
ဤအချိန်တွင်... အိမ်သို့ ပြန်ရောက်လာကြသော ချိုက်မင်မင်နှင့် မာကျန်းတို့ လင်မယားသည် ခြေထောက်ဆေးရင်း ဝမ်ကျန့်ကော်အကြောင်းကို ပြောဆိုနေကြသည်။ ချိုက်မင်မင်သည် တကယ့်ကို နှုတ်လုံလွန်းလှပေသည်၊ အိမ်ပြန်ရောက်သည့်တိုင်အောင် ဝမ်ကျန့်ကော်၏ အကြောင်းကို ထုတ်မပြောပေ။ သို့သော်လည်း မာကျန်း ရိပ်မိသွားခဲ့၏။
သူ အသံကို လျှော့ကာ တိုးတိုးလေး မေးလိုက်၏။
“မင်း ဝမ်ကျန့်ကော်ကို တွေ့ခဲ့တာမလား…ဘာတွေ ဖြစ်ခဲ့လို့လဲ”
ချိုက်မင်မင် ဇွတ်ငြင်းကာ
“မတွေ့ပါဘူး”
သို့သော် သူမ၏ မျက်လုံးလေးများမှာ ဟိုဟိုဒီဒီ ဝေ့ဝဲနေခဲ့သည်။
မာကျန်း ရယ်မောရင်း
“ငါတို့တွေက လင်မယားတွေပဲဟာ၊ မင်းအကြောင်း ငါမသိဘဲ နေမလား… တို့တွေ သိလာတာ နှစ်တွေ ဘယ်လောက်တောင် ကြာပြီလဲ၊ မင်း ဒီနေ့ ပြုမူပုံကို ကြည့်ကတည်းက လိမ်နေမှန်း ငါ သိသာပါတယ်၊ ပြောပြပါဦး... ငါ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး၊ ငါ့မိဘတွေကိုတောင် ထုတ်မပြောဘူး၊ ဘာတွေ ဖြစ်ခဲ့တာလဲ”
ချိုက်မင်မင် : “ဘာဖြစ်လို့ သိချင်ရတာလဲ”
မာကျန်း :“ငါက စပ်စုချင်လို့ပါ၊ ပြောပြပါဦး”
ချိုက်မင်မင် ခဏမျှ တုံ့ဆိုင်းသွားသည်။
“ငါ ကျိန်ပြောရဲပါတယ်၊ ငါ တကယ် ပြန်မပြောဘူး၊ ငါ့မိဘတွေလည်း မသိစေရဘူး... ငါက နှုတ်လုံတဲ့လူဆိုတာ မင်းလည်း အသိပဲဟာကို... အခုထိ ငါ့ကို မယုံနိုင်သေးဘူးလား”
ချိုက်မင်မင် တွေးကြည့်လိုက်ရာ... မာကျန်းက သူစိမ်းမှ မဟုတ်တာပဲဟု ဆင်ခြင်မိသွား၏။ သူမ အသံကို ခပ်တိုးတိုးပြုကာ တီးတိုး ပြောပြလိုက်တော့သည်။
“ဝမ်ကျန့်ကော်နဲ့ တခြားလူတွေ... မကောင်းတဲ့ တည်းခိုးခန်းထဲ ရောက်သွားကြတာ…”
“ဘာပြောတယ်”
ချိုက်မင်မင် : “အသံကို လျှော့ဦး”
မာကျန်း အလျင်အစလို ခေါင်းညိတ်ရင်း
“ဘယ်လို မကောင်းတဲ့ တည်းခိုခန်းလဲ ပြောပြပါဦး... ငါ့ကို ရင်တုန်အောင် မလုပ်ပါနဲ့၊ တကယ်ကြီး အဲလိုနေရာမျိုး ရှိတာလား”
ချိုက်မင်မင် ပြောပြကာ
“ကျွန်မတို့တွေ ဘူတာရုံကို အပြန်လက်မှတ် ကြိုဝယ်ဖို့ သွားတုန်းက သူတို့နဲ့ ဆုံခဲ့တာ… ဝမ်ကျန့်ကော်က ချဲညီအစ်ကိုတွေနဲ့ အတူတူ ရှိနေတာလေ၊ သူတို့ သုံးယောက်က မိန်းမတစ်ယောက်ကို ခေါ်လာပြီး လမ်းမှာ တတွတ်တွတ်နဲ့ လုပ်နေကြတာ… တို့တွေလည်း စပ်စုချင်တာနဲ့ နောက်ကနေ ခိုးလိုက်သွားကြတယ်၊ အဆုံးကျတော့ သူတို့ လေးယောက်က အဲဒီကိစ္စကို လုပ်ကြတာလေ... တို့တွေက အမိုးပေါ်မှာ ပုန်းပြီး ချောင်းကြည့်နေတုန်း... သူတို့ ဘာမှတောင် မလုပ်ရသေးခင်မှာတင် လူတစ်စုက တံခါးကို ရိုက်ချိုးပြီး ဝင်လာတော့တာပဲ၊ အဲဒီမိန်းမက တော်တော်လှတာ... သူတို့က မိန်းမသုံးပြီး ငွေညှစ်တဲ့အကွက်ဆင်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ... ပြီးတော့ သူတို့တွေ ရိုက်နှက်ခံရတယ်... ပြီးတော့ ပိုက်ဆံအများကြီး ရှာဖွေခံလိုက်ရတယ်၊ ဝမ်ကျန့်ကော်က ယွမ်နှစ်ထောင်ကျော်တောင် အလုခံလိုက်ရတာ၊ သူတို့ အပြင်းအထန် ရိုက်နှက်ခံလိုက်ရတယ်...”
ချိုက်မင်မင်၏ အတင်းပြောပြချက်မှာ လိုရင်းတိုရှင်းမျှသာ ရှိပြီး၊ သိပ်ပြီး သရုပ်မပေါ်လှပေ။
ချဲညီအစ်ကိုများ ချန်ချင်းယွီကို ကွက်ဆင်ရန် ကြံစည်ခဲ့သည့် အကြောင်းအရာကိုမူ သူမ ထုတ်မပြောခဲ့ပေ။ ထိုအကြောင်းအရာမှာ သိပ်ပြီး အရေးမကြီးဟု ဆိုနိုင်သော်လည်း၊ ထုတ်ပြောလျှင် နားထောင်ရသည်မှာ သာယာစရာ မကောင်းလှပေ။
သို့သော်လည်း ‘မိန်းမသုံးပြီး ငွေညှစ်တဲ့အကွက်’ အကြောင်းကို ကြားရရုံမျှဖြင့်ပင်... မာကျန်းမှာ အံ့ဩတုန်လှုပ်သွားရတော့သည်။ သူသည် ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မကြုံဖူးပေ။
သူ လျှာသပ်ရင်း
“သူတို့က တကယ့်ကို သတ္တိကောင်းလှချေကလား...”
ချိုက်မင်မင် : “အမှန်ပဲ…ဘာပဲဖြစ်ဖြစ်... အဆုံးသတ်မှာ ဘာဖြစ်သွားလဲဆိုတာ ကျွန်မတို့လည်း မသိဘူး၊ တို့တွေ ရဲစခန်းကို သွားတိုင်ဖို့လည်း စိတ်ကူးမရှိခဲ့ဘူး၊ အကယ်၍ သူတို့က ကျွန်မတို့ကိုပါ ‘ကာမစော်ကားမှု’ နဲ့ စွပ်စွဲရင်ကော... သူတို့ဘက်မှာ လူတွေအများကြီး ရှိတဲ့အပြင် သက်သေလည်း ပြနိုင်ဦးမယ်…ပြီးတော့ ဝမ်ကျန့်ကော်သာ အဖမ်းခံရရင်... သူ့အမေနဲ့ သူ့မိန်းမက ကျွန်မတို့ကို လာပြီး ပြဿနာရှာကြမှာ မဟုတ်ဘူးလား၊ ဒါကြောင့် တို့တွေ ဝင်မပါခဲ့တာ… သူတို့ကိုယ်တိုင်ကလည်း လူကောင်းတွေ မဟုတ်ကြဘူး... ဘာပဲဖြစ်ဖြစ် ခံရတာ ထိုက်တန်ပါတယ်”
မာကျန်း ; “မင်း ဝင်မပါခဲ့တာ တကယ် မှန်ပါတယ်၊ နောက်မှ ရှင်းပြရတာ တော်တော် ခက်လိမ့်မယ်… ပြီးတော့ သူတို့က ဒေသခံတွေပဲဟာ... ဘယ်သူက ဘယ်သူနဲ့ သိနေလဲ ဘယ်သူသိမှာလဲ၊ မင်းတို့သာ ပါသွားရင် ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်၊ အထူးသဖြင့် မင်းတို့နှစ်ယောက်စလုံးက မိန်းမသားတွေ ဖြစ်နေတာကို”
“အင်း”
“ပြီးတော့ အဲလိုအလုပ်မျိုး လုပ်တဲ့လူတွေက သေချာပေါက် ရက်စက်ကြမှာပဲ… တွေးကြည့်ရုံနဲ့တင် ငါ ကြောက်လာပြီ”
“တို့တွေကတော့ ဘာမှမဖြစ်ပါဘူး”
“ဒီလောက်အထိ အရေးကြီးတဲ့ ကိစ္စကြီးကို... မင်းက လျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားနိုင်တယ်ပေါ့။ မင်းက အခုကျတော့ တကယ်ကို မဆိုးဘူးပဲ”
မာကျန်း မိမိ၏ ဇနီးအား လေးစား အထင်ကြီးသော မျက်ဝန်းများဖြင့် စောင်းငဲ့ကြည့်ရင်း ဆိုလိုက်၏။
ချိုက်မင်မင် : “ကျွန်မက ရှင် နှုတ်မလုံဘဲ လွှတ်ခနဲ ပြောမိမှာကို ကြောက်လို့ပါ... ပြီးတော့ တို့တွေ သိရက်သားနဲ့ ပစ်ထားတယ်ဆိုရင်... သူများတွေက ကျွန်မတို့ကို ရက်စက်တယ်၊ ဒုက္ခရောက်နေတာကို ပစ်ပယ်တယ်လို့ ပြောကြမှာ စိုးလို့လေ”
မာကျန်း : “ငါက လူလိမ် မဟုတ်ပါဘူး၊ စိတ်မပူပါနဲ့၊ ငါ ဘာမှ ပြန်မပြောဘူး… ငါက ဘေးကနေ ပွဲကြည့်ဖို့တောင် အချိန်မလောက်ဖြစ်နေတာ၊ ဘာလို့ လျှောက်ပြောနေရမှာလဲ”
ချိုက်မင်မင် : “ဟေး... ရှင် ထင်တာကော ဘယ်လိုလဲ၊ သူတို့ ပစ္စည်းတွေ အားလုံး လုယက်ခံလိုက်ရလို့ ပြန်မလာနိုင်ကြတာလား”
မာကျန်းကိုယ်တိုင်လည်း အမှန်တကယ် နည်းနည်း ဝေခွဲမရ ဖြစ်နေခဲ့သည်။
“ဒါဆိုရင်လည်း သူ ရဲစခန်းကို သွားတိုင်လို့ ရတာပဲလေ၊ ကိုယ့်ဘာသာ သွားတိုင်ပေါ့… မိန်းမသုံးပြီး ငွေညှစ်ခံရတဲ့ အကြောင်းကို ထုတ်မပြောဘဲ... ပိုက်ဆံအိတ် ပျောက်သွားပါတယ်လို့ပဲ ပြောလိုက်ရင် ရတာပဲဟာ… မိသားစုဆီ အဆက်အသွယ်လုပ်ပြီး ပိုက်ဆံလှမ်းပို့ခိုင်းရင် အဆင်ပြေတာပဲ၊ သူတို့ ဘာဖြစ်နေကြတာလဲဆိုတာ ငါလည်း နားမလည်တော့ဘူး”
မာကျန်းသည် အခြေအနေကို အခုထိ သေချာ သဘောမပေါက်နိုင်ပေ။
သူတို့ လုယက်ခံရပြီးနောက် အကျဉ်းချခံထားရသည်ဆိုသည်မှာ မဖြစ်နိုင်လောက်ပေ။
အဲ့လူတွေက ဘာဖြစ်လို့ ယောက်ျားရင့်မကြီးတွေကို အလကား ထမင်းကျွေးထားရမှာလဲ…
မိန်းမသုံးပြီး ထောက်ချောက်ဆင်တာတွေက ပုံမှန်အားဖြင့် လူအသက်ကိုတော့ ရန်မရှာတတ်ကြပါဘူး…
ဘာပဲဖြစ်ဖြစ် မာကျန်း ခန့်မှန်းမိသလောက် ဤကဲ့သို့သော အလုပ်မျိုးကို လုပ်နေကျလူများသည် လူသတ်ရလောက်အောင်အထိ တုံးအကြလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူသတ်မှု ဖြစ်သွားပါက ပြစ်မှု၏ သဘာဝမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားမည် ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် အခြေအနေမှဋ ထိုမျှလောက်အထိ ဆိုးရွားလိမ့်မည် မဟုတ်ချေ။
“ငါ တွက်ကြည့်ရသလောက်... မင်းတို့ သူတို့ကို ပထမဆုံးနေ့မှာ ဆုံခဲ့တာမလား”
ချိုက်မင်မင် ခေါင်းညိတ်ပြလိုက်သည်။
မာကျန်း : “အဲဒီနောက် မင်းတို့က ဒုတိယမြောက် ညမှာ ရထားစီးတယ်၊ လမ်းမှာလည်း ရထားတစ်ဆင့် ပြောင်းစီးရသေးတယ်ဆိုတော့... စုစုပေါင်း သုံးရက်ခွဲ ကြာခဲ့တယ်၊ ပြီးတော့ ပြန်ရောက်လာတာလည်း ငါးရက် ရှိသွားပြီ… ဒါဆိုရင် သူတို့ လုယက်ခံရပြီးကတည်းကဆိုရင် ဆယ်ရက်လောက်အထိ သတင်းအစအန ပျောက်နေတာပေါ့ ဟုတ်လား”
ချိုက်မင်မင် : “အင်း၊ ဟုတ်တယ်။ ဆယ်ရက်လောက် ရှိပြီ”
“ဒီလောက်ရက်ပေါင်းများစွာ သတင်းမကြားရတော့... တကယ်ပဲ တစ်ခုခု ဖြစ်သွားတာလား မသိဘူး”
သူမ စိုးရိမ်တကြီး ဆိုလိုက်၏။
“တစ်ခုခု ဖြစ်သွားရင်တောင် မင်းနဲ့ ဘာမှမဆိုင်ဘူး၊ လျှောက်ပြီး မတွေးနဲ့တော့၊ သူတို့သာ ရာဂစိတ် မကြီးခဲ့ရင်... အဲဒီလို တည်းခိုခန်းထဲ ရောက်ပါ့မလား…အကွက်ဆင် အညှစ်ခံရပါ့မလား၊ ယောက်ျား သုံးယောက်နဲ့ မိန်းမ တစ်ယောက်တဲ့... တကယ့်ကို ရွံစရာကောင်းလိုက်တာ”
“အင်း”
“ရပါတယ်၊ စိတ်ထဲ ထားမနေနဲ့တော့…ကိုယ်မသိသလိုပဲ ဟန်ဆောင်နေလိုက်၊ ချန်ချင်းယွီကော...”
“ရှောင်ချန်လည်း သေချာပေါက် မသိချင်ယောင်ဆောင်နေမှာပဲ”
မာကျန်း : “ငါ သိသားပဲ... ချန်ချင်းယွီက တကယ် မရိုးရှင်းဘူး”
“ရှင်က ဘာဖြစ်လို့ စကားက ချက်ချင်း ဒီဘက်ကို လည်သွားပြန်တာလဲ၊ ရှောင်ချန်က တကယ့် လူကောင်းလေးပါနော်… စိတ်ထားလည်း သိပ်ကောင်းတာ၊ သူမရဲ့ မိသားစုနဲ့ ချဲမိသားစုအကြား ပြဿနာရှိနေတာတောင်... သူမက သူတို့ကို ကူညီဖို့ တွေးပေးခဲ့သေးတာ၊ သူမက တကယ့်ကို လူကောင်းပါ”
“ဟုတ်ပါပြီ... ဟုတ်ပါပြီ... မဟုတ်ပါဘူး၊ ငါက ဘာဖြစ်လို့ မင်းတို့အားလုံးက ချန်ချင်းယွီကို သိမ်မွေ့တယ်၊ ကြင်နာတတ်တယ်လို့ ထင်နေကြတာလဲ ဆိုတာကို တွေးလို့မရလို့ပါ၊ ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ.....”
ဘုရားရေ...
မင်းတို့ရဲ့ မျက်လုံးတွေက တကယ်ပဲ အဆင်ပြေရဲ့လားဗျာ…
“သူမက သိမ်မွေ့ပြီး ကြင်နာတတ်တာ ဟုတ်တယ်၊ ဒါကြောင့် သူမအကြောင်း မကောင်းမပြောနဲ့”
“အဲ... ငါက သူမအကြောင်း ဘယ်မှာ မကောင်းပြောလို့လဲ… ငါက ကိုယ့်ခံစားချက်ကို ထုတ်ပြောရုံတင်ပါ၊ သူမကို ပုတ်ခတ်တာ မဟုတ်ပါဘူး… သူမက မင်းကို ပစ္စည်းယူပြီး ပိုက်ဆံရှာနိုင်အောင် ကူညီပေးခဲ့တာဆိုတော့... ငါလည်း သူမကို ကျေးဇူးတင်ပါတယ်”
“ဒါပေါ့...”
“မင်းကတော့လေ...”
လင်မယားနှစ်ယောက်စလုံး တီးတိုး စကားဆိုရင်း၊ ကိစ္စရပ်ကို အလျင်အစလို လွှဲပြောင်းပစ်လိုက်ကြသည်။
မာကျန်း ခန့်မှန်းချက်မှာ မှန်ကန်လှပေသည်၊ မိန်းမသုံးပြီး ထောင်ချောက်ဆင်သည့် လူစုသည် တုံးအကြသူများ မဟုတ်သဖြင့် လူသတ်မှုအထိ ကျူးလွန်လိမ့်မည် မဟုတ်ချေ။
လူသတ်မှုသည် ကြီးလေးသော ပြစ်မှုကြီးပင်။
ဤငွေညှစ်သည့် အကွက်မျိုးမှာ သူတို့ ထိန်းချုပ်နိုင်သည့် အနေအထားတွင် ရှိပြီး၊ လူအများကို အတိအလင်း ဓားပြတိုက်ခြင်းမျိုးလည်း မဟုတ်ပေ။
ဤဆယ်ရက်ခန့် သော အချိန်ကာလသည် အတော်လေး လုံလောက်နေပြီ ဖြစ်သည်။
ထိုယောက်ျား သုံးယောက်မှာ ယောက်ျားရင့်မကြီးများ ဖြစ်ကြသော်လည်း... တကယ်တမ်း ဘာအရည်အချင်းမှ ရှိကြသူများ မဟုတ်ပေ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုလူစုတွင် ဟောင်ကောင်မှ ရလာသည့် ဆေးဝါးများ ရှိနေခဲ့၏။ ထိုဆေးဝါးများကို အားကိုးကာ... ဤယောက်ျားများသည် နေ့တိုင်း “အလုပ်ရှုပ်” နေခဲ့ကြသော်လည်း၊ သူတို့သည် စောစောစီးစီး၌ အရိုက်ခံထားရသဖြင့် တစ်ကိုယ်လုံး အလွန်အမင်း အားအင်ချည်းနဲ့နေခဲ့ကြရာ~~ ဆေးဝါးဆိုသည်မှာလည်း ယာယီအားဖြင့်သာ ထိန်းထားနိုင်သည် မဟုတ်လော့။
ဆယ်ရက်မျှ ကြာပြီးနောက်တွင်မူ... သူတို့သည် တစ်နေ့ထက်တစ်နေ့ ပို၍ အားအင်ကုန်ခမ်းလာသည်ဟု ခံစားလာရတော့သည်။
ထို့အပြင် ထိုလူစုသည်လည်း သူတို့ကို အကြာကြီး ဆွဲထား၍ မဖြစ်ပေ။ အကယ်၍ မိသားစုဝင်များထံသို့ သတင်းအစအန မရောက်လျှင်... သေချာပေါက် လူပျောက်တိုင်ပြီး လိုက်ရှာကြလိမ့်မည် ဖြစ်ရာ၊ ထိုသို့ဆိုလျှင် ပို၍ ပြဿနာတက်နိုင်သည်သာ…
ထို့ကြောင့် သူတို့သည် ယခုအချိန်တွင် ထိုလူများကို ပြန်လွှတ်ပေးရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်၏။
အင်း... အဓိကအချက်ကတော့ ဒီယောက်ျားတွေက တကယ့်ကို စံမမီကြတော့… လူတိုင်းက ငြီးငွေ့နေကြပြီ…
မိန်းမကြီးများမှာ အသက်အရွယ် ရလာကြပြီ ဖြစ်ရာ... ပိုက်ဆံလေး ရှိလာသည့်အခါ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းချင်ကြပြီး၊ ပျော်ချင်ပါကလည်း ကျန်းမာသန်စွမ်းသည့် လူမျိုးကိုသာ ရှာဖွေချင်ကြသည်။ ကျန်းမာရေး မကောင်းသည့်လူနှင့် ဘာပျော်စရာ ရှိမည်နည်း။ ဤယောက်ျားများမှာ အားအင်ချည်းနဲ့နေသဖြင့် နေ့တိုင်း ဆေးကျွေးနေရပြီး၊ ဆေးဖိုးဝါးခလည်း ကုန်ကျစရိတ် ရှိနေသေး၏။
ဘာပဲဖြစ်ဖြစ်... ဆယ်ရက်မျှသာ ရှိသေးသော်လည်း၊ သူတို့ သုံးယောက်စလုံး အိမ်ပြင်သို့ ကန်ထုတ်ခြင်း ခံလိုက်ရတော့သည်။
“သူတို့ကို အဝတ်အစားတွေ မပေးနဲ့တော့၊ အတွင်းခံဘောင်းဘီပဲ ချန်ထားပေးလိုက်”
“ဟုတ်တယ်၊ ဒီကောင်တွေက ပိုက်ဆံဝှက်တာ တော်တော် ကျွမ်းကျင်တာ…ဒီမှာ ငါးယွမ်၊ ဟိုမှာ ငါးယွမ်နဲ့... သူတို့ကို အဝတ်အစားတွေ ပေးလိုက်ရင် အတွင်းထဲမှာ ဘာတွေ ထပ်ဝှက်သွားဦးမလဲ ဘယ်သူသိမှာလဲ၊ အတွင်းခံပဲ ချန်ထားပေးလိုက်တာ အကောင်းဆုံးပဲ”
“သူတို့ရဲ့ စုတ်ပြဲနေတဲ့ ခြေအိတ်တွေကိုပါ ပေးလိုက်ပါ၊ အလကား အမှိုက်တွေပဲဟာ”
“ကောင်းပြီ...”
ဤသို့ဖြင့်... ဝမ်ကျန့်ကော်နှင့် သူ၏ အဖော်နှစ်ဦးမှာ ကိုယ်ပေါ်တွင် အတွင်းခံဘောင်းဘီနှင့် ခြေအိတ်များကိုသာ ဝတ်ဆင်လျက်၊ ဖိနပ်ပင် မပါဘဲ အိမ်ပြင်သို့ နှင်ထုတ်ခြင်း ခံလိုက်ရ၏။
သူတို့ သုံးယောက်မှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်းအတော်လေး “နှိပ်စက်” ခံထားရသဖြင့်... မျက်လုံးများ ညိုမည်းကာ၊ အားအင်ကုန်ခမ်းပြီး၊ ခြေထောက်များပင် တုန်ရီနေခဲ့ကြရသည်။ သူတို့သည် စကားတစ်ခွန်း ပြန်ပြောမိပါက ထိုနေရာတွင် ထပ်မံ အကျဉ်းချခံရမည်ကို စိုးရိမ်သဖြင့် ပြန်လည်ငြင်းခုံရန်ပင် မဝံ့ရဲကြပေ။
ဖြစ်ရလေ...
ဤယောက်ျားများမှာ မိန်းမပျိုလေးများကိုသာ နှစ်သက်ကြသည်ပြီး၊ အဘွားကြီးများကို မည်သူ ကြိုက်မည်နည်း။
အနှီမိသားစုမှာ ထိုအဘွားကြီးများကို မည်သည့်နေရာမှ ရှာလာသည် မသိပေ။ နေ့တိုင်း ပုံစံမျိုးစုံဖြင့် လာရောက် နှိပ်စက်နေကြ၏။
သူတို့အတွက် အလွန်တရာ ဆင်းရဲဒုက္ခ ကြီးမားခဲ့ရသည်။
ထိုနေရာတွင် ထပ်မံ အထိန်းသိမ်းခံရမည်ကို သေလုမတတ် ကြောက်ရွံ့နေကြသဖြင့်၊ စကားတစ်ခွန်းမျှ မဟရဲကြဘဲ ခိုင်းသမျှကိုသာ ငြိမ်ခံနေခဲ့ကြရ၏။
ထို့နောက်... လူစုအား သုံးဘီးဆိုင်
ကယ်ပေါ်သို့ တင်ဆောင်ကာ မြို့ပြင် ဆင်ခြေဖုံးအရပ်သို့ ခေါ်ဆောင်သွားပြီး၊ ကိုယ့်ဘာသာ ခြေလျင် ပြန်ကြရန် ပစ်ချထားခဲ့ကြတော့သည်။
သူတို့ သုံးယောက်စလုံးမှာ သုံးဘီးဆိုင်ကယ်ပေါ်မှနေ၍ လမ်းဘေးသို့ တစ်ယောက်ပြီးတစ်ယောက် ကန်ချခြင်း ခံလိုက်ရလေ၏။
လူငယ်တစ်ဦးမှာ အော်ဟစ်ကာ
“လစ်စမ်း... ငါတို့ကို တရားစွဲဖို့တော့ လာမစဉ်းစားနဲ့… မင်းတို့မှာ ဘာသက်သေမှ မရှိဘူး၊ ပြီးတော့ ဘယ်သူက ငါ့မိန်းမကို လာပြီး ပျော်ပါးခိုင်းလို့လဲ.. ဒါက နစ်နာကြေးပဲ...”
ထိုယောက်ျား သုံးယောက်မှာ စကားတစ်ခွန်းမျှ မဟရဲကြဘဲ ငါးသေများကဲ့သို့ ငြိမ်ခံနေကြရရှာ၏။
ထိုလူစု ထွက်ခွာသွားသည်ကို ကြည့်ရင်း... သူတို့ သုံးယောက်စလုံး မြေပြင်ပေါ်သို့ ဘုန်းကနဲ လဲကျသွားကြတော့သည်။
ချဲယုံဖုန်း : “ငါ့ဘဝက တကယ့်ကို သနားဖို့ကောင်းလိုက်တာ... ဘာဖြစ်လို့ ဒီလိုကိစ္စမျိုးနဲ့ လာတိုးရတာလဲ၊ ဝမ်ကျန့်ကော်... မင်းက တကယ့် ခွေးမသားပဲ... ငါတို့တွေက မင့်စကားကို နားထောင်ပြီး အပြင်ထွက်ခဲ့လို့သာ အခုလို ဖြစ်ရတာ… ငါ့ကိုယ်ခန္ဓာကြီး ညစ်နွမ်းသွားပြီ... လုံးဝကို ညစ်နွမ်းသွားပြီ... ငါက သန်သန်မာမာ ယောက်ျားတစ်ယောက်ပါကွ... အဘွားကြီးအုပ်စုရဲ့ နှိပ်စက်တာကို ခံလိုက်ရတယ်... ငါ့ဘဝက တကယ့်ကို သနားဖို့ကောင်းလွန်းပါတယ်...”
အသံကုန်အော်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
သူသည် ငယ်စဉ်ကတည်းက ကျန်းမိသားစုထံသို့ အိမ်ထောင်ပြုကာ မိန်းမအိမ်သို့ လိုက်နေသူအဖြစ် ဝင်ခဲ့ရသော်လည်း၊ အမြဲတမ်း ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းခဲ့ရသူ ဖြစ်၏။ ဤကဲ့သို့သော ဆင်းရဲဒုက္ခမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ရပေ။ ယခုမူ သူသည် စိတ်ဓာတ်များ လုံးဝ ပြိုလဲသွားရသည်။
အမှန်စင်စစ်... သမက်လိုက် ဝင်နိုင်ရန်အတွက် ရုပ်ရည် ချောမောပြေပြစ်ရမည် ဖြစ်၍ ရုပ်ချောသောသူသည် ဝမ်ကျန့်ကော်ထက် ပို၍ပင် ပင်ပန်းဆင်းရဲသော “အလုပ်” များကို အဘွားကြီးများနှင့် လုပ်ကိုင်ခဲ့၏။
ချဲညီအစ်ကို နှစ်ယောက်စလုံးသည် ဝမ်ကျန့်ကော်ထက် ပို၍ ဒုက္ခရောက်ခဲ့ကြရသည်။ ချဲယုံဖုန်းမှာ ရုပ်အချောဆုံး ဖြစ်ပြီး၊ ချဲယုံချန်းမှာ အငယ်ဆုံးနှင့် ကျန်းမာရေး အကောင်းဆုံး ဖြစ်၏။ ထို့ကြောင့် သူတို့နှစ်ဦးမှာ ဝမ်ကျန့်ကော်ထက် ပို၍ “အလုပ်ရှုပ်” ခဲ့ကြရခြင်း ဖြစ်ပေသည်။
ညီအစ်ကိုနှစ်ဦးမှာ ဝမ်ကျန့်ကော်ကို ဒေါသအမျက်ချောင်းချောင်း ထွက်လျက် စိုက်ကြည့်နေကြပြီး၊ ပြဿနာအားလုံးကို သူ၏အပြစ်ဟုသာ ပုံချနေကြတော့သည်။ အကယ်၍ ဝမ်ကျန့်ကော်သာ အပြင်ထွက်ဖို့ သူတို့ကို မဖြားယောင်းခဲ့လျှင်... သူတို့ ဘယ်လိုလုပ် ဤကဲ့သို့ ကြုံတွေ့ရပါ့မည်နည်း။ အကယ်၍ ဝမ်ကျန့်ကော်သာ ပိုက်ဆံများကို ခိုးမဝှက်ခဲ့လျှင်... သူတို့ ဘယ်လိုလုပ် ဤကဲ့သို့ ကြုံတွေ့ရပါ့မည်နည်း။
ဘာပဲဖြစ်ဖြစ်... သူတို့ မဝှက်ခဲ့၍ သေချာပေါက် ဝမ်ကျန့်ကော် ဝှက်ခဲ့ခြင်းသာ ဖြစ်ရမည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဝမ်ကျန့်ကော်သည်လည်း ထိုအတိုင်း တွေးနေခဲ့သည်~~ ဤကိစ္စသည် သေချာပေါက် ထိုငတုံး ချဲယုံချန်း လုပ်ခဲ့ခြင်း ဖြစ်ရမည်ဟု သူ ယုံကြည်နေ၏။
ထိုလူစုသည် တစ်ယောက်ကိုတစ်ယောက် အပြစ်တင် စကားများနေကြသော်လည်း၊ မကြာမီမှာပင် လေပြင်းတစ်ချက် ဝေ့တိုက်သွားရာ... ချမ်းအေးလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားကြရတော့သည်။
“ဘယ်လိုလုပ်ကြမလဲ…ငါတို့တွေ ဘယ်လို ပြန်ကြမှာလဲ”
“ငါတို့တွေ သူတို့ကို တိုင်ရမယ်၊ ငါတို့...”
“မဖြစ်ဘူး... ငါကတော့ အဲဒီလောက်အထိ အရှက်အကွဲမခံနိုင်ဘူး”
“ငါလည်း သဘောမတူဘူး၊ ပါးစပ်ပိတ်ထားစမ်း”
ချဲယုံချန်း ရဲစခန်းမှာ သွားတိုင်ချင်သော်လည်း၊ ချဲယုံဖုန်းနှင့် ဝမ်ကျန့်ကော်တို့မှာ လုံးဝ ခွင့်မပြုချေ။
ချဲယုံဖုန်း : “တို့တွေ အပြင်မှာ ဘာတွေလုပ်ခဲ့လဲဆိုတာ မိသားစုကို လုံးဝ အသိမပေးနိုင်ဘူး၊ မဟုတ်ရင် ငါ့မိန်းမက ငါ့ကို သေချာပေါက် ကွာရှင်းလိမ့်မယ်”
“ဒါဆိုရင်... တို့တွေ ဘယ်လို ပြန်ကြမလဲ”
“ရဲစခန်းကို သွားပြီး ပစ္စည်းတွေ ပျောက်သွားပါတယ်လို့ပဲ ပြောကြစို့”
“မဖြစ်သေးပါဘူး၊ ဒီလိုဝတ်လစ်စလစ်ကြီးနဲ့ သွားရင် ချက်ချင်း သိသာကုန်မှာပေါ့…အကယ်၍ သတင်းသာ ပြန်ပျံ့သွားရင် ငါတော့ မျက်နှာပြရဲတော့မှာ မဟုတ်ဘူး...”
ဂွီ... ဂွီ...
“ငါ ဗိုက်ဆာပြီ...”
ထိုလူစုသည် စည်းကမ်းမဲ့စွာဖြင့် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြသော်လည်း၊ မည်သူမျှ မိမိတို့၏ အမည်အရင်းဖြင့် မိသားစုထံသို့ အဆက်အသွယ် မလုပ်ဝံ့ကြပေ။ အကယ်၍ လုပ်လိုက်ပါက မိမိတို့သာ အရှက်ကွဲရပေမည်။ မည်သူမျှ ဦးဆောင်ပြီး မလုပ်ရဲကြပေ။ သူတို့သည် ဗိုက်လည်းဆာ၊ လူလည်း ပင်ပန်းနေခဲ့ကြပြီ ဖြစ်သည်။
အတော်ကြာသည်အထိ အဖြေတစ်ခု မထွက်နိုင်သေးပေ။
သူတို့ ချုပ်နှောင်ခံထားရစဉ် ကြောက်လန့်တုန်ရီနေခဲ့သည့် အပြုအမူများကို အထင်သေးမိလျှင် မှားမည်သာ… ယခုအချိန်တွင်မူ သုံးယောက်စလုံး
မာနကိုယ်စီဖြင့် အလျှော့မပေးချေ။ မည်သူမျှ အရှက်ကွဲမခံနိုင်ကြပေ။
သူတို့ တစ်ယောက်ကိုတစ်ယောက် အပြစ်ဖို့နေကြသော်လည်း...
မိသားစုဝင်များက သူတို့အတွက် မည်မျှ စိုးရိမ်ပူပန်နေကြရသည်ကိုမူ သူတို့ မသိကြပေ။
အော်... အထူးသဖြင့် ဝမ်မေ့လန်ပေါ့…
ချဲမိသားစုကတော့ ဘာတွေဖြစ်ပျက်နေမှန်းတောင် လုံးဝ မသိကြသေးပါဘူး…
ညီအစ်ကိုနှစ်ယောက်သည် ဝမ်ကျန့်ကော်နှင့်အတူ ခရီးထွက်သွားခြင်း ဖြစ်ကြောင်း သိကြသော်လည်း၊ ယောက်ျားသားများ ဖြစ်သဖြင့် သိပ်ပြီး စိတ်မပူကြပေ။ သူတို့မှာ ကိစ္စအကြီးအကျယ်ဟု မသတ်မှတ်ကြသော်လည်း၊ ဝမ်မေ့လန်ခမျာ သူတို့ ထွက်သွားကတည်းက စိုးရိမ်သောက ရောက်နေခဲ့ခြင်း ဖြစ်၏။ ချန်ချင်းယွီ ပြန်ရောက်လာခြင်းမှာ သူမ၏ သောကကို ပိုမို ကြီးထွားစေခဲ့သည်။
ယခုဆိုလျှင်... ယွမ်ဟောက်ဖုန်းပင် ပြန်ရောက်နေပြီ ဖြစ်သော်လည်း၊ သူမ၏ ယောက်ျားမှာ ပြန်မလာသေးပေ။
သူမ စိတ်အာရုံများ လုံးဝ ပျာယာခတ်နေခဲ့ရသည်။
အဘွားကြီးဝမ်လည်း ပူပန်နေသော်ငြား… ဘာမှမတတ်နိုင်သဖြင့် ချွေးမဖြစ်သူကိုသာ ထပ်ခါတလဲလဲ တိုက်တွန်းနေခဲ့သည်။ ဝမ်မေ့လန်မှာ သောကမီးများ တောက်လောင်လွန်းသဖြင့် တစ်ကိုယ်လုံးပင် ပြိုလဲလုနီးပါး ဖြစ်နေ၏။
သူသည် ကွမ်ကျိုးကို သွားပြီးနောက် သတင်းအစအနမရှိ ပျောက်ကွယ်သွားခဲ့ရာ... ဘယ်နေရာကို ရောက်နေမှန်းပင် မသိတော့ပေ။
ဝမ်မေ့လန်သည် ယခုထက်ထိ ဝမ်ကျန့်ကော်၏ သတင်းကို လုံးဝ မရရှိသေးပေ။
သူမသည် ချဲမိသားစုဆီသို့ သွားရောက်မေးမြန်းခဲ့သော်လည်း၊ ထိုဘက်မှလည်း ဘာသံမှ မကြားရဟု ဆိုသည်။ ဝမ်မေ့လန် တကယ့်ကို လမ်းစပျောက်နေခဲ့ပြီ ဖြစ်ကာ၊ ဤမျှလောက်အထိ အားကိုးရာမဲ့သည့် ခံစားချက်မျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ အလွန် အားကိုးရာမဲ့နေသော်လည်း သူမကို ကူညီနိုင်မည့်သူ တစ်ယောက်မျှ မရှိချေ။
အလုပ်ခွင်တွင်လည်း ဝမ်မေ့လန်တစ်ယောက် စိတ်လွင့်နေခဲ့ရ၏။
ယင်းအချိန်တွင်... အိမ်၌ ကျန်ရစ်သော အဘွားကြီးဝမ်သည် ရပ်ကွက်ကော်မတီမှ လူများကို တွေ့လိုက်ရသည်။
သူတို့သည် ရှေ့ဝင်းထဲတွင် စုဝေးကာ မနေ့ညက သူခိုးဖမ်းမိသည့် ကိစ္စကို စကားစမြည် ပြောဆိုနေကြခြင်း ဖြစ်၏။
ရပ်ကွက်ကော်မတီမှ ရှောင်လီရောက်လာသည်ကို မြင်သောအခါ၊ အားလုံး လှမ်းပြီး နှုတ်ဆက်ကြကာ
“ရှောင်လီ... မနေ့ညက သူခိုးဖမ်းမိတဲ့ ကိစ္စကို လာမေးတာလား”
ရှောင်လီ ပြုံးလိုက်ပြီး
“ဒေါ်လေးတို့က တကယ့်ကို တော်ကြတာပဲ၊ ကျွန်တော်တို့ရပ်ကွက်အတွက် ဂုဏ်ဆောင်ပေးပြန်ပြီ… ဒါပေမဲ့ ကျွန်တော် လာတာက အဲဒီကိစ္စအတွက် မဟုတ်ပါဘူး၊ ဒေါ်လေးဝမ်... စက်ရုံကို သွားပြီး ဝမ်မေ့လန်ကို သွားရှာလိုက်ဦး…ဒေါ်လေးတို့အိမ်က ကျန့်ကော် သတင်းပို့လိုက်လို့”
အဘွားကြီးဝမ် ချက်ချင်း ထရပ်လိုက်ကာ
“ဘာပြောတယ်... ကျန့်ကော် ဘာဖြစ်လို့လဲ။ တစ်ခုခု ဖြစ်လို့လား”
အိမ်ကို တိုက်ရိုက်ပြန်မလာဘဲ လှမ်းပြီး သတင်းပို့ရသည်ဆိုကတည်းက... အဘွားကြီးဝမ်
စိတ်ထဲ မသက်မသာ ဖြစ်သွားရလေပြီ…
“ပြောပါဦး... ဘာဖြစ်တာလဲ... ငါ့ကို လာမခြောက်ပါနဲ့၊ ငါ့မှာ သားတစ်ယောက်တည်း ရှိတာပါ...”
ရှောင်လီ : “စိတ်မပူပါနဲ့၊ အခြေအနေက ဒီလိုပါ... ဒေါ်လေးသား ကျန့်ကော်က ပစ္စည်းတွေ အားလုံး ပျောက်သွားလို့ ကွမ်ကျိုးကနေ ပြန်မလာနိုင်ဘဲ ဖြစ်နေတာ… ချွေးမကို သွားခေါ်ပြီး အိမ်ပြန်လာခဲ့ပါ၊ ပြီးတော့ ပို့ပေးဖို့ ပိုက်ဆံလေး ဘာလေး ပြင်ဆင်ထားလိုက်ဦး၊ သူတို့ ပြန်လာဖို့ လမ်းစရိတ် လိုနေလို့တဲ့”
အဘွားကြီးဝမ် အော်ဟစ်မိကာ
“ဘာ…”
ရှောင်လီ : “စိတ်မပူပါနဲ့၊ သူ နေကောင်းပါတယ်၊ ပိုက်ဆံမရှိတော့လို့တင်ပါ”
အဘွားကြီးဝမ် ပျာယာခတ်သွားပြီး
“ငါ သွားရှာမယ်၊ ငါ အခုချက်ချင်း ချွေးမကို သွားရှာမယ်... အဲဒီ ကံဆိုးမိုးမှောင်ကျတဲ့ မိန်းမ၊ သားလည်း မမွေးနိုင်ဘဲနဲ့ ငါ့သားကိုပါ လာပြီး အကျိုးနည်းအောင် လုပ်နေတယ်...”
“ဒေါ်လေးဝမ်... မေ့လန်ကို သွားပြီး အပြစ်မတင်ပါနဲ့၊ သူမက တကယ့်ကို အေးအေးဆေးဆေး နေတတ်တာပါ… ခင်များသား ကျန့်ကော်ကလည်း ဖြစ်ရလေ... ဟောက်ဖုန်းတို့ကျတော့ ပုံမှန်အတိုင်း ပြန်လာနိုင်ကြပြီး၊ သူကျမှ ဘာလို့ တစ်နေရာရာမှာ ပိတ်မိနေရတာလဲ”
ဤစကားကို ကြားသောအခါ အဘွားကြီးဝမ်၏ မျက်နှာပို၍ပင် ပျက်သွားတော့သည်။
သူမ နှုတ်ခမ်းကို တင်းတင်းစေ့ကာ
“ပါးစပ်ပိတ်စမ်း... ငါ့သားက ဒုက္ခရောက်နေလို့ပါ၊ မဟုတ်ရင် သူက အတော်ဆုံး ဖြစ်မှာ”
“ဒေါ်လေး... မြန်မြန်သွားပါတော့”
ရှောင်လီ တိုက်တွန်းလိုက်သည်။
အခုလို အချိန်မျိုးမှာတောင် ဘာတွေ လာပြီး ငြင်းခုံနေမှန်း မသိဘူး…တကယ့်ကို အရေးကြီးတဲ့အရာကို မဝေခွဲတတ်လိုက်တာ…
“အေး... အေး... ငါ အခုချက်ချင်း သွားမယ်...”
အဘွားကြီးဝမ် ကပျာကယာ ထွက်ခွာသွားရာ၊ ကျန်ရစ်သူ လူအုပ်ကြီးမှာ ချက်ချင်းပင် တဂျောက်ဂျောက်ဖြင့် ဝိုင်းဝန်း ပြောဆိုကြတော့၏။
“အဲဒီ ဝမ်ကျန့်ကော်က တကယ့်ကို အသုံးမကျတာပဲ... တို့အိမ်ရာဝင်းထဲက မိန်းမတွေကိုတောင် မမှီဘူး… ရှောင်ချန်နဲ့ ရှောင်ချိုက်တို့တောင် အဆင်ပြေပြေ ပြန်လာနိုင်ကြတာပဲဥစ္စာ...”
“ဘယ်သူမှ မငြင်းဘူး… သူက အဝယ်တော်ဟုတ်စ…ဟားဟား...”
“သူက အဲဒီကို ဖားဖို့ပဲ သွားတာနေမှာ၊ တကယ့် အရည်အချင်းမရှိတဲ့ကောင်...”
“ဟုတ်တယ်... ဟုတ်တယ်...”
...
ဝမ်ကျန့်ကော်တစ်ယောက် အိမ်သို့ပင် ပြန်မရောက်သေးခင်မှာတင်... သူ၏ အတင်းဖျင်း သတင်းများတောမီးပမာ လျင်မြန်စွာ ပျံ့နှံ့သွားလေတော့သည်။