အခန်း ၁၃၈
Vol. 14 Ch. 138
အခန်း (၁၃၈) အရံအုပ်စု
ဝမ်ကျန့်ကော် မည်သို့ဖြစ်ပျက်ခဲ့သည်ကို ချန်ချင်းယွီထက် သိသူမရှိပေ။
သို့သော် သူမမှာ ဘာမှမသိဟန်ဆောင်ကာ ပါဝင်ပက်သက်ခြင်း သို့မဟုတ် အံ့ဩသင့်ဟန်ပြခြင်းများ မပြုလုပ်ဘဲ ဘေးမှ ငြိမ်ငြိမ်ဆိမ်ဆိမ်သာ ထိုင်ကြည့်နေခဲ့သည်။ သူတို့၏ ပြဇာတ်ကြီး ဖြေချခံလိုက်ရသည်ကို ကြည့်ရသည်မှာ အလွန် ပျော်စရာကောင်းလှ၏။
ဝင်းအတွင်းရှိ လူများအတင်းအဖျင်း ပြောဆိုနေကြသော်လည်း ဝမ်မေ့လန်မှာ ထိုစကားများကို ဂရုမစိုက်ဘဲ ငွေကြေးများကို အလျင်အမြန် ပြင်ဆင်၍ ပို့ပေးလိုက်သည်။ ထိုအတွက်ကြောင့် သူမသည် မာကျန့်ယီတို့ မိသားစုထံမှပင် ငွေချေးခဲ့ရ၏။
ဤသည်မှာလည်း အဆန်းတကြယ် မဟုတ်ပေ။ မာကျန့်ယီတို့ မိသားစုမှာ အတော်အတန် ပြည့်စုံကြွယ်ဝပြီး ဝင်း၏ တာဝန်ခံလည်း ဖြစ်သဖြင့် လူထု အကူအညီ လိုအပ်သည့်အခါ ၎င်းတို့ထံသို့သာ သဘာဝကျကျ အားကိုးတကြီး လာရောက်ကြခြင်း ဖြစ်၏။
ဝမ်မိသားစုမှာ ဇနီးမောင်နှံ နှစ်ဦးစလုံး အလုပ်လုပ်ကိုင်ကြသဖြင့် ဆင်းရဲနွမ်းပါးခြင်း မရှိကြသော်လည်း ဝမ်ကျန့်ကော်မှာ စုဆောင်းထားသမျှ ငွေကြေးအားလုံးကို ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ဝမ်မေ့လန်မှာမူ သူမ၏ ခင်ပွန်း ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် မိမိတို့၏ စုမိဆောင်းမိလေးများကို ကျစ်ကျစ်ပါအောင် စုစည်းပြီး သူတစ်ပါးထံမှလည်း ချေးငှားကာ ယွမ် ၂၀၀ တိတိ ပို့ပေးလိုက်၏။ ၎င်းမှာ နည်းပါးသော ပမာဏ မဟုတ်ပေ။
ဝမ်ကျန့်ကော်၏ "မတော်တဆမှု" ကြောင့် ဝင်းအတွင်း၌ ပြန်လည်၍ စည်ကားလှုပ်ခတ်သွားခဲ့သည်။
ဝမ်ကျန့်ကော်တစ်ယောက် ဤမျှအထိ အသုံးမကျလိမ့်မည်ဟု ဘယ်သူမျှ မထင်မှတ်ထားခဲ့ကြပေ။ အကယ်၍ ဝမ်ကျန့်ကော်တစ်ဦးတည်းသာ ပြဿနာ ကြုံတွေ့ရခြင်း ဖြစ်ပါက လူအများ၏ တုံ့ပြန်မှုမှာ တစ်မျိုးတစ်ဖုံ ဖြစ်နေလိမ့်မည်။ သို့သော် အဆိုးရွားဆုံးအချက်မှာ နှိုင်းယှဉ်စရာ ရှိနေခြင်းပင် ဖြစ်၏။
ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့ အမျိုးသမီးနှစ်ဦးမှာ ဘေးကင်းချောမွေ့စွာ ပြန်လည်ရောက်ရှိလာကြသည်။
တစ်ဦးနှင့်တစ်ဦး အဆင်မပြေ ဖြစ်နေကြသည့် ယွမ်ဟောက်ဖုန်းနှင့် ရှီရှောင်ဝေတို့ပင် ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ရောက်ရှိလာခဲ့ကြ၏။
ဝင်းအတွင်း၌ အတော်ဆုံး၊ အစွမ်းအစ အရှိဆုံးဟု သတ်မှတ်ခြင်း ခံထားရသည့် ဝမ်ကျန့်ကော်ကျမှ ပထမဦးဆုံးအကြိမ် ခရီးထွက်ရုံမျှဖြင့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဆိုလျှင်... ဤသည်မှာ သူ မည်မျှအထိ အသုံးမကျကြောင်းကို ဖော်ပြနေခြင်း မဟုတ်လော့…
နေ့အခါ လူစုလူဝေးဖြင့် စကားစမြည် ပြောဆိုကြချိန်၌ သော်လည်းကောင်း၊ ညချမ်းအချိန် အိမ်သို့ ပြန်လည်ရောက်ရှိကြသည့် အခါ၌ သော်လည်းကောင်း လူတိုင်းတွင် ကိုယ်စီအမြင်များ ရှိနေကြပြီး မည်သူမှ တစ်ဖက်သူကို အထင်ကြီး လေးစားပုံမရကြပေ။
ပိုင်ဖုန်းရှန်မှာ မိမိတို့ မိသားစုထံမှ ချေးငှားသွားသော ငွေကြေးကိစ္စနှင့် ပတ်သက်၍ တစ်ဦးတည်း တိုးတိုးရေရွတ်နေမိသည်။ ၎င်းတို့ ငွေပြန်မဆပ်မည်ကို စိုးရိမ်ပူပန်နေခြင်း မဟုတ်ပေ၊ ကိစ္စရပ်မှာ ထိုအချက်ပေါ်တွင် ရှိနေခြင်း မဟုတ်ပေ။ သူမသည် သက်ပြင်းတစ်ချက် ချလိုက်ရင်း
"ကျွန်မတို့ချွေးမက ကျေးလက်တောရွာက မိန်းကလေး၊ မူလတန်းတောင် မပြီးခဲ့ဘူး၊ ဒါပေမဲ့ ဒီအလုပ်ကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်… ဝမ်ကျန့်ကော်ကျတော့ အထက်တန်းကျောင်းပြီးထားတဲ့သူ၊ ဌာနခွဲမှူးဆိုတဲ့ အရာရှိလည်း ဖြစ်နေရက်နဲ့ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ… တကယ်ကို အသုံးမကျတာ၊ ကျွန်မအထင်တော့ သူ ဒီအလုပ်ရတာ ကံကောင်းလို့နေမှာ၊ အစွမ်းအစချင်း ပြိုင်ရမယ်ဆိုရင် သူ ဝယ်ယူရေးအရာရှိ ဖြစ်လာစရာအကြောင်းမရှိဘူး… သူ ဘာတစ်ခုမှ သေချာလုပ်နိုင်မှာ မဟုတ်ဘူး၊ ဟူး... တောက်..."
မာကျန့်ယီလည်း စိတ်ထဲတွင် ထိုအတိုင်းသာ တွေးနေမိ၏။ သို့သော် သူသည် ပိုင်ဖုန်းရှန်ကဲ့သို့ တဲ့တိုးကြီး မဆိုခဲ့ပေ။
"ဒါက မတော်တဆဖြစ်သွားတာလည်း ဖြစ်နိုင်တာပဲ..."
"မတော်တဆတွေက အဲလောက်မများပါဘူး…တခြားလူတွေကျတော့ ဘာလို့ မဖြစ်တာလဲ၊ ဒါက သူ ကိုယ်တိုင် ညံ့လို့ပဲ”
သူမ ခေါင်းခါရင်း လင်ဖြစ်သူအား အထင်သေးသည့်အကြည့်နှင့်ကြည့်လိုက်သည်။
မာကျန့်ယီ : "မင်းကလည်း အဲလိုကြီးတော့ မပြောပါနဲ့... ဒါပေမဲ့ သူက တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပါပဲ"
လူဆိုတာ နှိုင်းယှဉ်ခံရရင် တကယ်ကို အဆင်မပြေတော့တာပဲ…
ဒါက တကယ်ကို အမှန်တရားပါပဲ…
မာကျန့်ယီနှင့် သူ၏ဇနီးတို့သည် ယခုအချိန်တွင် ၎င်းတို့၏ ချွေးမဖြစ်သူမှာ တကယ်ပင် အစွမ်းအစရှိကြောင်းကို လက်ခံလာကြပြီ ဖြစ်သည်။ ယောက်ျားရင့်မကြီးများပင်လျှင် သူမလောက် စွမ်းဆောင်နိုင်ခြင်း မရှိကြပေ။
အစပိုင်းတွင်မူ ဇနီးမောင်နှံနှစ်ဦးစလုံး စိတ်အနည်းငယ် မတင်မကျ ဖြစ်ခဲ့ကြဖူး၏။ ဘာပဲဖြစ်ဖြစ် မိမိတို့၏ သားကြီးအနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးရှိသည့် မိန်းကလေးကို ဇနီးအဖြစ် မရွေးချယ်သင့်ဟု ယူဆခဲ့ကြ၍ ဖြစ်သည်။ သို့သော်လည်း မုဆိုးမတစ်ဦးအား အိမ်ထောင်ချပေးရန် ဇွတ်အတင်း ကူညီနေသည့် ၎င်းတို့၏ တတိယမြောက်သားနှင့် နှိုင်းယှဉ်ပါက အဆင်ပြေလှသည်ဟု ဆိုရမည်။
သို့သော်ငြားလည်း ထိုစဉ်၌ ၎င်းတို့၏ စိတ်ထဲ၌ အနည်းငယ် ကသိကအောက် ဖြစ်နေခဲ့ကြသေးသည်။
သို့ရာတွင် နှစ်ပရိစ္ဆေဒ ကြာမြင့်လာပြီး အပြန်အလှန် ပိုမိုနားလည်လာကြသည့်အခါ၌မူ ၎င်းတို့ကြားရှိ စိမ်းသက်မှု အဟန့်အတားများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ချိုက်မင်မင်မှာ ပွင့်လင်းရိုးသားပြီး တဲ့တိုးပြောတတ်သူ ဖြစ်သကဲ့သို့ မာကျန့်ယီနှင့် သူ၏ဇနီးတို့မှာလည်း မိမိတို့ ချွေးမ၏ ကောင်းကွက်များကို သိမြင်လာကြသည်။
မိမိတို့၏ သားကြီးမှာ အမြင်ရှိပေ၏။ သူ၏ဇနီးမှာ ကျေးလက်တောရွာမှ ဖြစ်သော်လည်း တကယ့်ကို တော်၍ အလုပ်လုပ်နိုင်စွမ်းရှိသူ ဖြစ်သည်။ ထို့ပြင် မည်သည့်ပြဿနာမျှလည်း ဖန်တီးလေ့မရှိပေ။ မိသားစု သာယာဝပြော အဆင်ပြေရေးမှာ အရာခပ်သိမ်းထက် အရေးကြီးဆုံးပင်။
"ကြည့်ပါဦး... အခုတော့ ယောက်ျားရင့်မကြီး၊ ဝယ်ယူရေးဌာနမှာ လုပ်နေတဲ့သူကတောင် မိန်းမတစ်ယောက်ကို မယှဉ်နိုင်ဘူး…နှမြောစရာပဲ"
ပိုင်ဖုန်းရှန် ဂုဏ်ယူဝင့်ကြွားတဲ့ လေသံလေးနှင့် ပြောလိုက်၏။
ကြည့်စမ်း... သူတို့ချွေးမလောက်တောင် မစွမ်းဘူး…
သူမ စကားပြောပြီးသည်နှင့်ချက်ချင်းပင်
"ကျွန်မတို့ချွေးမက တကယ်ကို လူကောင်းလေးပါ…သူ့မိဘတွေက တောသူတောင်သားတွေဆိုပေမဲ့ ကလေးကို သေချာဆုံးမပဲ့ပြင်တတ်ကြတယ်။ ဟူး... သူတို့ အိမ်ထောင်ကျတာ ဒီလောက်နှစ်တွေကြာပြီ၊ ငါတို့ မိသားစုနှစ်စုက တစ်ခါမှ မဆုံဖူးသေးဘူး၊ ဒီနွေရာသီကျရင် သူတို့ဆီ သွားလည်ကြမလား"
မာကျန့်ယီ ပိုင်ဖုန်းရှန်ကို အံ့သြတကြီး ကြည့်လိုက်ပြီး
"ငါကတော့ အလုပ်ကနေ ခွင့်ယူဖို့ မလွယ်လောက်ဘူး… ဒီလိုလုပ်ပါလား၊ သူတို့မိသားစုကိုပဲ ပေကျင်းကို လာခိုင်းလိုက်လေ၊ သူတို့လည်း ဒီမှာ လျှောက်လည်လို့ရတာပေါ့…သူတို့မှာ ပုံသေအလုပ်မရှိတော့ ငါ ခွင့်ယူရတာထက်စာရင် ပိုအဆင်ပြေတာပေါ့"
သူတို့မှာ အင်မတန် အထင်သေး၍ ခမည်းခမက်များနှင့် အဆက်အသွယ် မလုပ်ခြင်းမျိုး မဟုတ်ပေ။ ဒေသမတူ၊ ဝေးကွာလွန်းသောကြောင့် သွားဖို့လာဖို့ အဆင်မပြေကြ၍ပင်။
"ဒါလည်း ဟုတ်တာပဲ…ဒါပေမဲ့ အဲလိုဆိုရင်တော့ နွေရာသီအထိ မစောင့်နဲ့တော့၊ နွေရာသီက ဆောင်းဦးရိတ်သိမ်းချိန်နဲ့ နီးနေတော့ သူတို့အလုပ်တွေ ကြန့်ကြာကုန်မယ်၊ ပိုစောစော လာခိုင်းလိုက်တာ ပိုကောင်းတယ်၊ ဟူး... သိတဲ့အတိုင်းပဲ၊ ကျွန်မတို့ကလေး လေးယောက်ထဲမှာ ဒီတစ်ယောက်ပဲ ပုံမှန်အိမ်ထောင်ရက်သားကျပြီး အခြေတကျဖြစ်မှာ၊ ဒုတိယမြောက်သမီးကတော့ အခုထိ ဘာသတင်းမှ မရှိသေးဘူး… နှစ်တိုင်း အိမ်ကို ပိုက်ဆံပို့နေတာကကော ဘာထူးမှာလဲ၊ အဲဒီယောက်ျားက စိတ်ချရတာလည်း မဟုတ်ဘူး… အရင်းရှင်မိသားစုက ဆင်းသက်လာပြီးတော့ သူ့ကိုလည်း လက်မထပ်ဘူး… ဒါကို သမီးကတော့ အဲဒီလူနောက်ကို ငရဲလိုနေရာမျိုးအထိ လိုက်သွားသေးတယ်၊ အဲဒီလူကလည်း သမီးအပေါ် ကောင်းကောင်းမဆက်ဆံဘူး... ဒီအရွယ်အထိ ကလေးယူဖို့ကလည်း မလွယ်တော့ဘူး”
မာကျန့်ယီ: "တော်ပါတော့”
"ကျွန်မက သမီးအတွက် စိတ်ပူလို့ပါ..."
"မင်း စိတ်ပူတာ ငါသိပါတယ်…ဒါပေမဲ့ အခုလိုတွေ လျှောက်ပြောနေလို့ကော ဘာထူးမှာလဲ၊ သူက ခေါင်းမာတဲ့သူ၊ အဲဒီမှာပဲ နေမယ်လို့ ဇွတ်လုပ်နေတာကို မင်းက ဘာတတ်နိုင်မှာလဲ”
"အဲဒီကလေးမကလေ... ငယ်ငယ်က စာလည်း သိပ်တော်ပြီး အလုပ်ကောင်းကောင်းလည်း ရခဲ့တာ။ ဘာတွေတွေးပြီး အချစ်ကိုပဲ ရူးသွပ်သွားမိလဲ မသိပါဘူး၊ရုတ်တရက်ကြီး သတင်းအစအနမရှိ ပျောက်သွားတာ... တကယ်ကို ရင်ကျိုးရပါတယ်”
မာကျန့်ယီ: "ကဲပါ... ကဲပါ... ဒါတွေဖြစ်ခဲ့တာ နှစ်တွေအများကြီးကြာပြီပဲ၊ မင်းလည်း ကျင့်သားရသင့်နေပါပြီ…သူ့အလိုအတိုင်း လွှတ်ထားလိုက်ပါ၊ သူ ဖြစ်ချင်တဲ့ဘဝနဲ့ သူနေပါစေ… ငါတို့နဲ့ ဝေးနေတော့ ဝင်စွက်ဖက်လို့လည်း မရဘူး၊ သူ အဆင်ပြေနေရင်ပဲ တော်ပါပြီ”
"ဟူး... ဒီကလေးကတော့ စာတွေအဖတ်များပြီး ရူးသွားတာပဲ ဖြစ်ရမယ်”
မာကျန့်ယီ မျက်ဝန်းများလှုပ်ခတ်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ တစ်ခုခုကို နက်နက်နဲနဲ တွေးတောနေပုံရ၏။
သို့သော် မကြာခင်မှာပင်
"ဒုတိယကလေးအကြောင်းကို စိတ်မပူပါနဲ့တော့…သူက အရမ်းဝေးတဲ့နေရာမှာမို့ ငါတို့ ဝင်ပါလို့မရဘူး၊ တတိယကောင်အကြောင်းပဲ ပြောကြရအောင်၊ သူ အဲဒီမိန်းမနဲ့ လမ်းခွဲသင့်ပြီ”
"အေးပါ... ကျွန်မ ပြောလိုက်ပါ့မယ်..."
မာမိသားစု သူတို့ဘာသာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသကဲ့သို့၊ လမ်းတစ်ဖက်ရှိ ယွမ်မိသားစုအိမ်မှာလည်း ညည်းညူသံများ ထွက်ပေါ်နေသည်။ ယွမ်ဟောက်မင် နှာခေါင်းရှုံ့ပြီး အထင်သေးသည့် လေသံဖြင့်…
"သူ ဌာနခွဲမှူးဖြစ်လာတာ လာဘ်စားလို့နေမှာလို့ ငါ ပြောသားပဲ၊ မင်းတို့က မယုံကြဘူ၊ အခု ကြည့်စမ်း... သူမှာ ဘာအစွမ်းအစမှ မရှိဘူး…တကယ်လို့ ရှိရင် ဒီလိုဖြစ်ပါ့မလား၊ ငါ သူ့ကို စောစောစီးစီးကတည်းက အကဲခတ်မိသား၊ သူက ဘာမှမဟုတ်ပါဘူး"
ယွမ်ဟောက်ဖုန်းလည်း ဝင်ပြီး သရော်လိုက်ကာ
"အဲဒီတုန်းက ယောက်ျားရင့်မကြီး သုံးယောက် စုနေတာတောင်၊ ချဲညီအစ်ကိုတွေနဲ့ ဘယ်လိုပတ်သက်သွားလဲ မသိဘူး…ယောက်ျားကြီး သုံးယောက်စလုံး တပြိုင်နက်တည်း ဒုက္ခရောက်တယ်ဆိုတာ တကယ့်ကို 'စွမ်း' တဲ့အကွက်ပဲ”
"အဲဒီအသုံးမကျတဲ့ကောင် ဘာဖြစ်ဖြစ် ဂရုမစိုက်စမ်းပါနဲ့၊ ဒါတွေကို ဘယ်လိုရောင်းမှာလဲ… ရှငမကိုယ်တိုင် ဆိုင်ထွက်ခင်းမှာလား၊ အဲဒါတော့ မဖြစ်ဘူးနော်၊ ရှက်စရာကြီး"
ကွမ်ထင်းထင်း အိမ်နီးနားချင်းများအကြောင်းကို စိတ်မဝင်စားဘဲ ပိုက်ဆံရှာဖို့ကိုသာ အာရုံစိုက်ပြီး ပြောလိုက်၏။
ယွမ်ဟောက်ဖုန်း: "ငါ စဉ်းစားထားပြီးပြီ… လီလင်းလင်းကိုပဲ ကူညီခိုင်းရမယ်”
"ရှင်ကတော့လေ..."
ယွမ်ဟောက်ဖုန်း: "စိတ်မဆိုးပါနဲ့ဦး၊ ငါပြောတာ နားထောင်ပါဦး…ငါက လုပ်ငန်းခွင်မှာ ခေါင်းဆောင်တစ်ယောက်ပဲ၊ ငါကိုယ်တိုင် သွားရောင်းလို့ ဘယ်ဖြစ်မလဲ၊ သူများတွေ မြင်သွားရင် ဘယ်လိုလုပ်မလဲ။ ငါကတော့ အရှက်ကွဲမခံနိုင်ဘူး…ငါတို့မိသားစုဝင်တိုင်းမှာလည်း အလုပ်ကိုယ်စီ ရှိကြတာဆိုတော့ ဒါက တကယ် အဆင်မပြေဘူး၊ ဒါကြောင့် လီလင်းလင်းကိုပဲ သုံးရလိမ့်မယ်”
"ဒါပေမဲ့ လီလင်းလင်းက စိတ်နည်းနည်း ခေါင်းမာတယ်…ဘယ်လိုပဲ ဖျောင်းဖျဖျောင်းဖျ၊ သူက အလုပ်ကထွက်ဖို့ သဘောမတူဘူး"
ယွမ်ဟောက်ရွှယ် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း လီလင်းလင်းကို နားချခဲ့သော်ငြား မအောင်မြင်ခဲ့ကြောင်း ပြောလိုက်သည်။
"ဒါဆိုရင်လည်း အလုပ်ဆင်းပြီးမှ ရောင်းခိုင်းပေါ့…အခုရက်ပိုင်းက နေ့တာလည်း ရှည်တယ်၊ တနင်္ဂနွေနေ့တွေလည်း ရတာပဲ…ဖြည်းဖြည်းချင်းရောင်းရလည်း ကိစ္စမရှိဘူး၊ သူ အလုပ်လုပ်ပေးဖို့ပဲ လိုတာ”
"သူက ဘာလို့ ရှင့်အတွက် အလကား အလုပ်လုပ်ပေးရမှာလဲ"
ကွမ်ထင်းထင်း မကျေမနပ် ရေရွတ်လိုက်၏။
ယွမ်ဟောက်ဖုန်း : "ဒါကြောင့် ငါက သံယောဇဉ်အကွက်ကို သုံးမလို့ပေါ့ ထင်းထင်းရယ်…မင်း ဒီကိစ္စကို သဘောမကျဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ သူက ငါတို့အတွက် ပိုက်ဆံရှာပေးမယ့် ကိရိယာတစ်ခုသက်သက်ပဲလေ… ငါက အပြောကောင်းကောင်းနဲ့ ချော့မော့ပြီး အနမ်းလေးပေးလိုက်ရင် ငါတို့မိသားစုအတွက် အလကားလုပ်ပေးမယ့် အလုပ်သမားတစ်ယောက် ရပြီမဟုတ်ဘူးလား၊ ဒါက ပိုတွက်ခြေကိုက်တာပေါ့... မဟုတ်ဘူးလား"
"ဒါပေမဲ့ သူက ကျွန်မနေရာကို လုချင်နေတာ… ကြည့်ရတာ သူက ကျွန်မကို အမြဲ အိမ်ကနေ မောင်းထုတ်ချင်နေသလိုပဲ"
ကွမ်ထင်းထင်း ခနဲ့တဲ့တဲ့ ပြောလေသည်။
ယွမ်ဟောက်ဖုန်း ရယ်မောရင်း
"ဟားဟား... မင်းက ငါ့ကိုမယုံဘူးလား၊ ငါက သူ့လိုမိန်းမမျိုးကို အထင်တောင်မကြီးဘူး… သူ ဘာပဲတွေးတွေး၊ ငါက သဘောမတူရင် အလကားပဲ၊ ဒီကိစ္စကို ငါပဲ ကိုင်တွယ်လိုက်မယ်၊ မင်းကတော့ သူ့ကို လျစ်လျူရှုထားလိုက်… ဒါပေမဲ့ မင်း ငါ့ကို ကတိတစ်ခုတော့ ပေးရမယ်၊ သူနဲ့ ထပ်ပြီး ရန်မဖြစ်ပါနဲ့တော့… ကောလာဟလတွေကတော့ ကိစ္စမရှိပေမဲ့ ဗြောင်ကြီးတော့ ပြဿနာမတက်စေနဲ့… ငါ အလုပ်မှာ နာမည်ပျက်လို့မဖြစ်ဘူး"
ကွမ်ထင်းထင်း နှုတ်ခမ်းလေးစူပြီး
"အင်းပါ... ကျွန်မ သိပါတယ်"
ယွမ်ဟောက်ဖုန်း ပြုံးလိုက်ပြီး
"မင်းက ငါ့ရဲ့ ဇနီးကောင်းလေးပဲ"
ထိုသူနှစ်ဦးသည် ဤကဲ့သို့ တစ်မျိုးပြီးတစ်မျိုး ကြံစည်တွေးတောလျက် ကွက်ဆင်နေကြသော်လည်း၊ ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့မှာ ဘာမှမကြားမိသလိုမျိုး ဟန်ဆောင်နေခဲ့ကြသည်။ ယွမ်ဟောက်ရွှယ်ပင်လျှင် နှုတ်ဆိတ်နေခဲ့၏။ ဤမိသားစုသည် ‘ပညာတတ် အတ္တသမားများ’ ၏ ပြယုဂ်တစ်ခုပင် ဖြစ်တော့သည်။ အခန်းထဲတွင် အိမ်စာလုပ်နေပြီး အပြင်သို့ ထွက်မလာသေးသည့် ဟောက်ယွဲ့တစ်ယောက်သာ ကျန်ရရှိ၏။
သို့သော်လည်း အမိုးတစ်ခုတည်းအောက်တွင် အတူတူ နေထိုင်ကြပြီး တစ်ဦးနှင့်တစ်ဦး ရိုက်ခတ်မှုများ ရှိနေကြရာ၊ နောက်နောင်တွင် သူမသည် ဘယ်လိုလူစားမျိုး ဖြစ်လာမည်ဆိုသည်ကိုမူ ခန့်မှန်းရခက်လှပေသည်။
“ရှင် တကယ်ပဲ လီလင်းလင်းကို စည်းရုံးနိုင်မယ်လို့ ထင်လို့လား”
“မင်းက ငါ့ကို မယုံဘူးလား၊ တို့တွေက ငယ်ငယ်ကတည်းက တူတူကြီးလာကြတာ၊ သူမက ဘယ်လိုလူလဲဆိုတာ ငါ ကောင်းကောင်းသိပါတယ်…စိတ်မပူပါနဲ့၊ ငါ သူမကို အပိုင်ကိုင်ထားနိုင်ပါတယ်”
ကွမ်ထင်းထင်း နှုတ်ခမ်းကို ဆူလိုက်ပြီး
“ရပါတယ်၊ ဒါပေမဲ့ ရှင် သူမအပေါ် စိတ်မပါသွားစေနဲ့နော်”
“ဒါပေါ့၊ စိတ်ချပါ”
ယွမ်ဟောက်ရွှယ် စပ်စုချင်သော ဇောဖြင့်
“ဒါနဲ့... တို့တွေ ဆိုင်ထွက်မယ်ဆိုရင် ဘယ်နေရာကို သွားကြမလဲ”
ယွမ်ဟောက်ဖုန်း : “မြို့အရှေ့ဘက်က လမ်းကြားတွေဆီ သွားကြမယ်…ချန်ချင်းယွီက အဲဒီမှာ ဆိုင်ထွက်နေတာလေ၊ လီလင်းလင်းကိုလည်း အဲဒီနေရာကိုပဲ သွားခိုင်းလိုက်မယ်… တို့တွေက တူညီတဲ့ ပစ္စည်းတွေကို ရောင်းကြမှာဖြစ်ပြီး၊ ချန်ချင်းယွီကလည်း အဲဒီမှာ အရင်က အတော်လေး အရောင်းသွက်ခဲ့တယ်ဆိုတော့... စျေးကွက်ရှိနေပြီဆိုတာ သေချာတယ်၊ တို့တွေက သူမရဲ့ နောက်ကနေ အဆင်သင့် လိုက်လုပ်ရုံတင်ပဲ”
“သူမ အခုရော အဲဒီမှာ ရှိနေတုန်းပဲလား”
“ငါလည်း သေသေချာချာတော့ မသိဘူး၊ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်က အဲဒီမှာ ရောင်းကောင်းခဲ့တယ်ဆိုတော့... သူမအနေနဲ့ နေရာပြောင်းစရာ အကြောင်းတော့ မရှိပါဘူး”
“အင်း... ဟုတ်သားပဲ”
ကျောက်ရုံ ဝမ်းသာအားရဖြင့်
“ဒီကိစ္စကိုတော့ သားပဲ တာဝန်ယူပြီး လုပ်လိုက်တော့… လီလင်းလင်းကို စနစ်တကျ ရှိနေအောင် သားပဲ ထိန်းကျောင်းရမယ်”
“ဟုတ်ကဲ့ပါ အမေ”
သူတို့ မိသားစုသည် ချန်ချင်းယွီ၏ စီးပွားရေးပုံစံကို အတုခိုးရန် စီစဉ်နေကြခြင်း ဖြစ်ပြီး၊ ပိုမို တွေးတောမိလေလေ ဤအကြံအစည်မှာ ပို၍ ကောင်းမွန်သည်ဟု ခံစားရလေလေပင်။ မိသားစုအတွင်းရှိ အခြေအနေမှာ အတော်လေး သာယာလှပေသည်။
အလားတူပင် ကျန်းမိသားစု အိမ်ရာဝင်းထဲတွင်လည်း အခြေအနေမှာ အလွန်ပင် သက်ဝင်လှုပ်ရှားနေခဲ့၏။ ကျန်းရှင်းဖှနှင့် အဘိုးကြီးကျန်းတို့သည် အရက်သောက်ရင်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေကြ၏။
ကျန်းရှင်းဖှ : “ကျွန်တော် ပြောသားပဲ... ဝမ်ကျန့်ကော်က ဘာကောင်မှ မဟုတ်ပါဘူးဆိုတာ…အစကတည်းက သိပြီးသား... ဟားဟားဟား... သူက တကယ်ကို အသုံးမကျတာ၊ အပြင်ထွက်ပြီး စီးပွားရှာမလို့တဲ့လား၊ သွားစမ်းပါကွာ... သူ့မှာ အဲလို ကံဇာတာမျိုး ရှိ၊ မရှိတောင် သူကိုယ်တိုင် မသိဘူး… ဟားဟားဟားဟား...”
အော်ဟစ်ကာ လှောင်ပြောင်နေတော့သည်။
သူတို့ ဘေးမှ ပွဲကြည့်ကာ ပျော်ရွှင်နေကြသော်လည်း၊ အစ်မကြီးဖန်မှာ ထိုမျှလောက် ဝမ်းမမြောက်
နိုင်ပေ။ ဝမ်ကျန့်ကော် ဘာဖြစ်ဖြစ် သူမ ဂရုမစိုက်သော်လည်း၊ ယွမ်မိသားစု သူမ၏ သားဖြစ်သူကို အနိုင်ကျင့်ခဲ့သည့် ကိစ္စကိုမူ အလွန် မုန်းတီးနေသဖြင့် တတွတ်တွတ်နှင့် ကျိန်ဆဲနေခဲ့၏။ ရာသီဥတု သာယာသော နွေဦးညချမ်းတစ်ခုတွင် အိမ်ရာဝင်းအတွင်းရှိ လူတိုင်းသည် မိမိတို့အလုပ်များနှင့် မိမိတို့ ရှုပ်ယှက်ခတ်နေကြ၏။
သို့သော်လည်း ချန်ချင်းယွီမှာ သူမ၏ စားပွဲတွင် ကုန်း၍ စာရင်းတွက်နေခဲ့သည်။ ဤအရာသည် ညတိုင်း အိမ်ပြန်ရောက်သည့်အခါ သူမ လုပ်နေကျ အလုပ်တစ်ခု ဖြစ်၏။
အဘွားကြီးကျောက် : “ညည်း အမွှေးတိုင်နဲ့ ဖယောင်းတိုင်တွေ ကြိုမှာထားပြီးပြီမလား”
ချန်ချင်းယွီ : “အင်း၊ အမွှေးတိုင်တွေတင် မကဘူး... စက္ကူရထားတွေ၊ စက္ကူအိမ်တွေ၊ ပြီးတော့ စက္ကူ အလုပ်အကျွေးပြု ကောင်လေး၊ ကောင်မလေး အရုပ်တွေကိုပါ မှာထားလိုက်တယ်”
အဘွားကြီးကျောက်၏ နှုတ်ခမ်းများ တွန့်ကနဲ ဖြစ်သွားပြီး
“...ညည်းကတော့ ပိုက်ဆံအသုံးကြမ်းဖို့ တကယ့်ကို ဝန်မလေးတာပဲ”
ချန်ချင်းယွီ : “ပိုက်ဆံဆိုတာ သုံးဖို့အတွက် ရှိတာလေ အမေရဲ့… မဟုတ်ရင် တို့တွေ ဒီလောက် ပင်ပင်ပန်းပန်း လုပ်နေတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ၊ ပိုက်ဆံတွေကို စုပြီး အမြဲ သိမ်းထားဖို့ပဲလား”
အဘွားကြီးကျောက် : “အင်း... ဒါလည်း ဟုတ်သားပဲ”
ချန်ချင်းယွီ ပြုံးလိုက်ပြီး
“ ကျွန်မ စာရင်းတွက်နေလို့ပါ၊ အမေ ကျွန်မကို စကားလာမပြောနဲ့ဦး”
“အေးပါ... အေးပါ၊ တွက်စရာရှိတာ တွက်”
အဘွားကြီးကျောက်သည် ချန်ချင်းယွီ စာရင်းတွက်နေသည်ကို ကြည့်ရင်း၊ မိမိဘာသာလည်း မနက်ဖြန် ရောင်းရမည့် အဝတ်အစား စာရင်းများကို မှတ်သားနေခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့နှစ်ဦး ခေါင်းမဖော်နိုင်အောင် ပြေးလွှားခဲ့ကြရသော်လည်း ရောင်းအားမှာ တကယ့်ကို ကောင်းမွန်လှပေ၏။ အဘွားကြီးကျောက်သည် ချန်ချင်းယွီကို တစ်ချက်လှမ်းကြည့်မိပြီး... ရောင်းအား ကောင်းရခြင်း၏ အဓိက အကြောင်းရင်းမှာ ချန်ချင်းယွီ ရုပ်ရည်ချောမော လှပနေသောကြောင့် ဖြစ်လိမ့်မည်ဟု တွေးတောမိသွားသည်။
မိမိသည်လည်း ကျောင်းတံခါးဝတွင် ထိုအဝတ်အစားများကိုသာ ရောင်းချခြင်း ဖြစ်သော်လည်း၊ ချန်ချင်းယွီ ရောင်းသည့်အခါတွင်မူ ကျောင်းသားလူငယ်လေးများမှာ ပိုမို အလုအယက် ဝယ်ယူကြသည် မဟုတ်လော့။
အဘွားကြီးကျောက်သည် စိတ်ထဲမှနေ ညည်းတွားရင်း ~~
“ဒီကောင်လေးတွေကလေ... ရုပ်လေးလှတာကိုပဲ ကြည့်တတ်ကြတာ၊ ဟင်း... ယောက်ျားတွေများနော်...”
သို့သော်လည်း ပြန်လည် စဉ်းစားကြည့်ရာ... မိမိ၏ သားဖြစ်သူသည်လည်း ထိုအတိုင်းပင် မဟုတ်လော့။
ဘာပဲဖြစ်ဖြစ် ချန်ချင်းယွီကိုပဲအသေအလဲ လက်ထပ်ချင်ခဲ့တာလေ…
အဘွားကြီးကျောက်၏ စိတ်ကူးများ ဟိုရောက်ဒီရောက် ဖြစ်နေသော်လည်း၊ ချန်ချင်းယွီမှာ စိတ်ပါလက်ပါ စာရင်းတွက်ချက်နေဆဲ ဖြစ်ပြီး တီးတိုးရေရွတ်နေ၏။
“နောက်တစ်ခေါက် အပြင်ထွက်ရင်တော့... ငါ သေချာပေါက် ဂဏန်းတွက်စက်တစ်လုံး ဝယ်ရမယ်”
ဝမ်ကျန့်ကော်၏ အကျိုးနည်း ဆင်းရဲဒုက္ခရောက်မှုကို ဘေးမှ ကြည့်ရသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း၊ သူမအနေဖြင့် မိမိ၏ ကိုယ်ပိုင် အလုပ်အကိုင်များကိုမူ အထိခိုက်မခံနိုင်ပေ။ ထို့ကြောင့် နောက်တစ်နေ့တွင် ချန်ချင်းယွီနှင့် သူမ၏ ယောက္ခမတို့သည် ပုံမှန်အတိုင်းပင် ဆိုင်ထွက်ရန် အပြင်သို့ ထွက်ခွာခဲ့ကြသည်။ အခြားတစ်ဖက်တွင်မူ ယွမ်ဟောက်ဖုန်းသည် ပစ္စည်းများ ရရှိထားပြီး ဖြစ်သော်လည်း၊ ပြန်ရောက်ရောက်ချင်း ဆိုင်ချက်ချင်း မထွက်သေးဘဲ တနင်္ဂနွေနေ့ကျမှသာ စတင်ရန် စီစဉ်ထားခဲ့၏။ အမှန်၌ သူသည် ချန်ချင်းယွီထံမှ အခြေအနေကို စုံစမ်းလိုသော်လည်း၊ လတ်တလောတွင် အဘွားကြီးကျောက်သည် အလုပ်နားထားသဖြင့် အိမ်၌ အမြဲရှိနေသောကြောင့် ချန်ချင်းယွီအား လှမ်းမေးရန် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်၏။ အကယ်၍ အဘွားကြီးကျောက်သာ သိသွားပါက သောင်းကျန်းလိမ့်မည်ကို သူ ကောင်းကောင်း သိထားသည်။
သို့သော်လည်း အချိန်သည် ကုန်လွန်မှုမြန်လှရာ... နှစ်ရက်မျှ ကြာပြီးနောက် ပိတ်ရက်သို့ ရောက်ရှိလာခဲ့တော့၏။
ချန်ချင်းယွီသည် နံနက်အစောပိုင်းတွင် အိမ်မှ ထွက်ခွာလာခဲ့ပြီး ရှီချာဟိုင်သို့ စောစောစီးစီး ရောက်ရှိလာခဲ့သည်။ ယနေ့မှာ တနင်္ဂနွေနေ့ ဖြစ်သဖြင့် ထိုနေရာတွင် လူအလွန် စည်ကားနေခဲ့၏။ ချန်ချင်းယွီသည် ယနေ့တွင် ကျောင်းတံခါးဝသို့ မသွားတော့ဘဲ ဤနေရာတွင် ညနေပိုင်းအထိ ဆိုင်ဖွင့်ရန် စိတ်ကူးထားသည်။ ယောက္ခမနှင့် ချွေးမနှစ်ဦးသည် အလျင်အစလိုပင် ဆိုင်ကို ပြင်ဆင်လိုက်ကြ၏။
ပြောရမည်ဆိုလျှင်... ချန်ချင်းယွီ၏ ဒုတိယအကြိမ်မြောက် ကုန်ပစ္စည်း ရောင်းချမှုသည် တစ်ပတ်ခန့် ရှိနေပြီ ဖြစ်သော်လည်း၊ အခုထက်ထိ ပြိုင်ဘက်ဟူ၍ တစ်ယောက်မျှ မတွေ့ရသေးပေ။
ဤအချက်ကို ကြည့်ခြင်းဖြင့် စီးပွားရေးတွင် အလျင်အမြန် လုပ်ဆောင်နိုင်စွမ်းသည် မည်မျှအထိ အရေးကြီးကြောင်း ထင်ရှားလှပေသည်။
သူတို့နှင့် တူညီသော ပစ္စည်းများကို မရောင်းကြသော်လည်း၊ ဤနေရာတွင် အခြားသော အရာမျိုးစုံကိုမူ ရောင်းချနေကြ၏။ ယခုခေတ်အခါတွင် ‘တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေး’ လုပ်ကိုင်ခြင်းကို အနည်းငယ် အရှက်ရစရာဟု သတ်မှတ်ကြသဖြင့် လူအများစုမှာ မိမိတို့၏ လုပ်ငန်းကို တိတ်တဆိတ်သာ လုပ်ကိုင်ကြသည်။ ချန်ချင်းယွီကဲ့သို့ ပွင့်ပွင့်လင်းလင်းနှင့် ယုံကြည်မှုအပြည့်ဖြင့် လုပ်ကိုင်ရဲသူမှာ အလွန် ရှားပါးလှပေ၏။
ကျောင်းသူလေးတစ်ဦးမှာ သူမ၏ သူငယ်ချင်းကို လှမ်းပြောလိုက်သည်။
“ဒီမှာ... ဒီမှာ... ဒီနေရာပဲ... ငါ့ရဲ့ ဂျင်းဘောင်းဘီကို ဒီဆိုင်ကနေ ဝယ်ခဲ့တာ”
အခြားလူတစ်ဦးမှာလည်း လှမ်းမေးကာ
“ဆိုင်ရှင်... ခါး ၁၉ ဆိုဒ် ရှိသေးလားဗျာ”
ထိုစဉ် လူတစ်ယောက် ကပ်လာပြီး
“ဆိုင်ရှင်... ခင်များတို့ လမ်းဘေးမှာ ဆိုင်ထွက်နေတာ ရဲဖမ်းမှာကို မကြောက်ဘူးလား”
ချန်ချင်းယွီ ထိုစကားပြောသူကို မော့ကြည့်လိုက်ပြီး ပြုံးလျက် ခပ်ဆတ်ဆတ် ပြန်ပြောလိုက်၏။
“ဒါက နိုင်ငံတော်ရဲ့ မူဝါဒအရ ခွင့်ပြုထားတာပဲဥစ္စာ.. အကယ်၍ တစ်ဦးတစ်ယောက်က ခွင့်မပြုဘူးဆိုရင်တောင် ကိစ္စမရှိပါဘူး၊ ဘာလဲ... ရှင်က နိုင်ငံတော်ရဲ့ မူဝါဒက မှားနေတယ်လို့ ပြောချင်တာလား”
ထိုလူ ချက်ချင်း ပျာပျာသလဲဖြင့်
“မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ပါဘူးဗျာ...”
မည်သူမျှ ထိုကဲ့သို့ စွပ်စွဲချက်မျိုးကို မပြောဝံ့ကြပေ။
ယခုခေတ်၏ အခြေအနေမှာ ဤအတိုင်းပင် ဖြစ်၏။ အကယ်၍ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်ခန့်ကသာ ဤကဲ့သို့ လုပ်ရဲလျှင် သေချာပေါက် ထောင်ထဲ ရောက်သွားလိမ့်မည် ဖြစ်သည်။
ချန်ချင်းယွီမှာ ထိုအရာများကို ဂရုမစိုက်အားပေ။ သူမ ဆိုင်ထွက်လာသည့် သက်တမ်းတစ်လျှောက်တွင် ဤကဲ့သို့သော လူစားမျိုးကို မနည်းမနော ကြုံဖူးခဲ့ပြီး ဖြစ်၏။
လူအများစုမှာ ပုံမှန်အတိုင်း ဘဝကို ရိုးရိုးသားသား ဖြတ်သန်းနေကြသူများ ဖြစ်သော်လည်း၊ အချို့လူများမှာမူ မကောင်းသော စိတ်သဘောထားများကို မွေးမြူထားကြသည်။ အမှန်တကယ်တမ်း သူတို့သည် လမ်းဘေးတွင် ဆိုင်ထွက်ခြင်းကို ဥပဒေအရ ခွင့်ပြုထားကြောင်း ကောင်းကောင်း သိကြပြီး မည်သူမျှ ဖမ်းဆီးလိမ့်မည်မဟုတ်ကြောင်းလည်း နားလည်ကြ၏။ သို့သော်လည်း သူတို့သည် လူများကို တမင်သက်သက် ခြောက်လှန့်လိုကြပြီး၊ တစ်ဖက်လူကြောက်လန့်တကြား ထွက်ပြေးသွားသည်ကို မြင်ရလျှင်ပင် ကျေနပ် အားရနေတတ်ကြသူများဖြစ်သည်။
သူစိမ်းတရံစာမျှသာ ဖြစ်သော်လည်း အကြောင်းမဲ့ ပြဿနာရှာလိုကြရာ... လူများရဲ့စိတ်ဓာတ်က ဘယ်လောက်တောင် အောက်တန်းကျလဲဆိုတာ မပြောတတ်တော့ပါဘူးလေ…
သို့သော်လည်း မကောင်းသော စိတ်ထားရှိသည့် လူစားမျိုးသည် မည်သည့် ခေတ်အခါတွင်မဆို ရှိနေမြဲပင် ဖြစ်၏။
ချန်ချင်းယွီသည် ထိုလူကို လျစ်လျူရှုလိုက်ပြီး ပစ္စည်းများကိုသာ အလျင်အမြန် စီစဉ်နေခဲ့သည်။ အဘွားကြီးကျောက်မှာလည်း ဘေးမှ ဝိုင်းကူပေးရာ... နှစ်ဦးသား၏ အတွဲအဖက်မှာ တကယ့်ကို အဆင်ပြေလှပေသည်။
အဘွားကြီးကျောက် လူအုပ်ကို ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။
“ဟေး... နင်တို့ ဝယ်မှာလား၊ မဝယ်ဘူးလား.. မဝယ်ရင် ဒီမှာ လာပြီး မပိတ်နေနဲ့လေ၊ လူတွေကလည်း ရှုပ်နေတဲ့အထဲ ပစ္စည်းလာဝယ်တဲ့လူတွေနဲ့ ပြည့်နေတာ၊ နင်တို့က ဘေးကနေ ပွဲလာကြည့်တာလား၊ ဒါမှမဟုတ် တခြား မကောင်းတဲ့ စိတ်ကူးရှိလို့လား ဘယ်သူသိမှာလဲ… မဝယ်ဘူးဆိုရင် ဒီနားကနေ ဖယ်ပေးကြပါ၊ မဟုတ်လို့ တစ်ယောက်ယောက်က ပိုက်ဆံပျောက်လို့ နင်တို့ကို သံသယဝင်လာရင်... ငါ ကြိုမပြောဘူးလို့ လာမတင်နဲ့ဦး”
ထိုလူ ဒေါသတကြီးဖြင့်
“အဘွားကြီး... ဘာလို့ ဒီလို စကားမျိုး ပြောရတာလဲ… ကျုပ်ကို သူခိုးလို့ ထင်နေတာလား”
အဘွားကြီးကျောက် : “…”
ငါက နင့်ကို သူခိုးလို့ တိုက်ရိုက် မပြောမိသေးပါဘူးအေ…
အပြင်ပန်းတွင်မူ
“ငါက အဲလို မပြောပါဘူး… ဒါနဲ့ နင်က ပစ္စည်းဝယ်မလို့လား၊ ဘာဝယ်မလို့လဲ ပြောလေ”
“ဒီအတိုင်း လာကြည့်လို့မရဘူးလား… လာကြည့်တဲ့လူတိုင်း ဝယ်ရမယ်လို့ ဘယ်သူက ဥပဒေထုတ်ထားလဲ...”
အဘွားကြီးကျောက်သည် ခါးကို ထောက်လိုက်ပြီး နှာခေါင်းရှုံ့လျက်
“မဝယ်ဘူးဆိုရင် လူအုပ်ထဲမှာ ဘာလို့ တိုးဝှေ့ပြီး ပြဿနာရှာနေရတာလဲ… ဘာသဘောလဲ~~ တို့တွေက မိန်းမသား နှစ်ယောက်တည်းမို့လို့ အနိုင်ကျင့်လို့ လွယ်မယ် ထင်နေတာလား၊ ငါ ပြောလိုက်မယ်... ငါ အပြင်မှာ ရန်ဖြစ်နေတုန်းက... နင်က အိမ်မှာ ရွှံ့ပုပ်တွေ၊ သေးတွေနဲ့ ကစားနေတုန်း ရှိသေးတယ်၊ ငါတို့ကို လာပြီး အကွက်မဆင်နဲ့… ဘာတွေ လာပြီး ဟန်ဆောင်နေတာလဲ၊ ငါ ပြောတာ ဟုတ်၊ မဟုတ်ကို ဘေးကလူတွေပဲ ဆုံးဖြတ်ပေးကြပါ… သူက ဘာမှလည်း မဝယ်ဘဲနဲ့... လူအုပ်ထဲမှာ တမင်တကာ တိုးဝှေ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်နေတာ၊ သူက လူကောင်းလို့ နင်တို့ ယုံကြလား၊ ဘာပဲဖြစ်ဖြစ်... အားလုံးပဲ ကိုယ့်ရဲ့ ပိုက်ဆံအိတ်ကို သေချာ ဂရုစိုက်ကြပါနော်”
လူအုပ်ကြီးကို လှည့်၍ ပြောလိုက်သည်။
ထိုလူသည် မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး
“ခင်များ... ခင်များ…”
ထိုအချိန်တွင် အဘွားကြီးကျောက် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့၏။
ဘေးမှ လူအုပ်ကြီးသည်လည်း စိတ်ပျက်လက်ပျက်ဖြင့်
“မင်းက ဘာတွေ လျှောက်ပြောနေတာလဲ…ဘာလုပ်စရာမှ မရှိရင် လမ်းဘေးဖယ်ပေးစမ်းပါ၊ သူများတွေ ပစ္စည်းဝယ်တာကို လာပြီး အချိန်မဖြုန်းနဲ့… ငါတို့က အေးအေးဆေးဆေး နေချင်တဲ့လူတွေကွ...”
“နင်... နင်တို့... ဒါက တကယ်ကို လွန်လွန်းတယ်...”
“လစ်စမ်းဗျာ...”
တခြားလူများ : “သွားကြစို့... သွားကြစို့၊ အဲဒီ အဘွားပြောတာ တကယ် မှန်တယ်”
“ဟုတ်တယ်၊ မဝယ်ဘူးဆိုရင် ဘာလို့ လူအုပ်ထဲ တိုးဝင်နေတာလဲ”
“အားလုံးပဲ ပိုက်ဆံအိတ်တွေကို သေချာ ကြည့်ထားကြနော်...”
လူအုပ်ကြီးမှာ တတွတ်တွတ်နှင့် ဝိုင်းဝန်း ပြောဆိုနေကြတော့သည်။ အခြား ဘာလုပ်နိုင်ဦးမည်နည်း….အဘွားကြီးကျောက်၏ စကားများမှာ တကယ်ကို အဓိပ္ပာယ်ရှိလှ၏။ မည်သည့် အခြေအနေတွင်မဆို သူခိုးဟု သံသယရှိရသူများကို လူတိုင်း ရွံမုန်းကြသည်သာ…
အကယ်၍ အဘွားကြီးကျောက်၏ စကားမျာဍ အချက်မကျပါက မည်သူမျှ ဝင်ပြောကြမည် မဟုတ်ချေ၊ သို့သော် သူမ ပြောလိုက်သည်မှာ အမှန်တကယ်ကို ကျိုးကြောင်းဆီလျော်လွန်းလှသည်။
သူခိုးကို အမြင်မကတ်တဲ့သူ ဘယ်သူရှိမလဲ…
အဘွားကြီးကျောက်သည် စိတ်ထဲမှကျေနပ်အားရစွာဖြင့် ပြုံးလိုက်မိသည်။ ယခုအချိန်တွင် သူမသည် အတိတ်မှ အဘွားကြီးကျောက် မဟုတ်တော့ပေ။
သူမသည် ယခင်၌ ‘ကိုယ်ကျင့်တရားဆိုင်ရာ အသာစီးရယူခြင်း’ ၏ အရေးပါပုံကို နားမလည်ခဲ့သဖြင့်၊ ရန်ဖြစ်သည့်အခါတိုင်း ရွှီကောင်းမင်၏ အကွက်ရွှေ့မှုအောက်တွင် ခဏခဏ အရေးနိမ့်ခဲ့ရ၏။ သို့သော် ယခုမူ ချွေးမဖြစ်သူထံမှ ပညာတချို့ တစိမ့်စိမ့် သင်ယူပြီးနောက်တွင် စကားပြောနည်း အတတ်ပညာကို ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ စကားပြောဆိုရာတွင် ကျွမ်းကျင်မှု အတတ်ပညာ လိုအပ်သည်သာ…
ဒီလိုမှပေါ့...
သူမသည် ယခင်ကဲ့သို့ ရိုက်ပုတ်ဖို့သာသိသည့် လူမိုက်တစ်ယောက် မဟုတ်တော့ဘဲ၊ စကားစစ်ထိုးရာတွင်ပါ ဆရာကျသူတစ်ဦး ဖြစ်လာခဲ့လေပြီ…
အဘွားကြီးကျောက်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက်
“ကဲ... လာကြည့်ကြပါဦးရှင်…တီဗီဇာတ်လမ်းတွဲထဲက အတိုင်းပဲနော်၊ ‘အတ္တလန်တိတ်သမုဒ္ဒရာအောက်ခြေက အမျိုးသား’ ဇာတ်လမ်းထဲက ပုံစံအတိုင်းပဲ…ယောက်ျားဝတ်ကော မိန်းမဝတ်ကော အကုန်ရှိတယ်ရှင်၊ တောင်ပိုင်းက လောလောလတ်လတ် ရောက်လာတဲ့ အနောက်တိုင်း ဖက်ရှင်အသစ်စက်စက်တွေနော်…လက်လွတ်မခံကြပါနဲ့နဲ့”
အဘွားကြီးကျောက်သည် ထိုဝန်းကျင်တွင် ဇွဲအကောင်းဆုံးနှင့် တက်ကြွမှုအရှိဆုံးသူ ဖြစ်နေခဲ့၏။
စျေးဝယ်သူတစ်ဦး : “ငါ့ကို ဆိုဒ်အကြီးကြီး တစ်ထည်ပေးဦး၊ ဟေး... ဒီရှပ်အင်္ကျီပေါ်က ပုံစံက မဟာတံတိုင်းကြီးပုံလား”
ချန်ချင်းယွီ : “ဟုတ်ပါတယ်ရှင်၊ တကယ့်ကို အံ့ဩစရာကောင်းတဲ့ လက်ရာမဟုတ်လား… ဒီလို တီရှပ်မျိုးက စျေးကွက်ထဲမှာ အလွယ်တကူ မရနိုင်ဘူးရှင့်၊ ကျွန်မ ကိုယ်တိုင် တောင်ပိုင်းကနေ တကူးတလဲလဲ သယ်လာခဲ့တာ၊ အခု ဝယ်ထားလိုက်ရင် ရှင့်အနေနဲ့ ခေတ်ရေစီးကြောင်းကို ဦးဆောင်တဲ့ ပထမဆုံးလူ ဖြစ်သွားမှာ… နောက်ကျမှ တခြားလူတွေ လိုက်ဝတ်ကြတာက ရှင့်နောက်ကနေ အဆင်သင့် လိုက်လုပ်ကြတာပဲ ဖြစ်လိမ့်မယ်”
သူမ အချက်ကျကျ ရှင်းပြလိုက်သည်။
“ဆိုဒ်အမျိုးမျိုး လာသေးလား”
“မလာပါဘူးရှင်”
ချန်ချင်းယွီသည် အရောင်းသမားတစ်ဦး၏ မုဒ်ထဲသို့ ချက်ချင်း ကူးပြောင်းသွားခဲ့သည်။ စကားကို ရွဲ့ပြောတတ်သူ သို့မဟုတ် တမင် လာဆွတတ်သူမျိုးနှင့် နေ့တိုင်း မဆုံရသော်လည်း၊ တစ်ခါတစ်ရံ၌ ကြုံရတတ်သည်သာ~~ ချန်ချင်းယွီမှာ ထိုအရာများကို ကျင့်သားရနေပြီ ဖြစ်ရာ၊ ထိုကဲ့သို့သော လူမျိုးကို လူတန်းစားထဲပင် ထည့်မတွက်ပေ။
မိမိအတွက်လည်း ဘာအကျိုးအမြတ်မှ မရှိဘဲ သူတစ်ပါးကို တမင် လိုက်လံ ပုတ်ခတ် စောင်းမြောင်းပြောဆိုနေသည့် လူစားမျိုးမှာ ဘယ်လိုလူစားမျိုးနည်း…
သို့သော်လည်း အဘွားကြီးကျောက်မှာမူ ထိုလူများနှင့် စကားနိုင်လုရသည်ကို သဘောကျတတ်၏။ သူမ၏ အပြောအရဆိုလျှင် ဤအရာသည် စကားပြောစွမ်းရည်ကို လေ့ကျင့်နေခြင်း ဖြစ်သည်ဟူ၍ပင်…
ချန်ချင်းယွီ : “...”
ကဲပါလေ... ဖြစ်နိုင်ပါတယ်၊ ထားလိုက်ပါတော့…
စျေးဝယ်သူ : “ဒါတွေက အကုန် ဆိုဒ်တူတွေပဲလား၊ အများကြီးဝယ်ရင် စျေး လျှော့ပေးဦးမလား”
ချန်ချင်းယွီ ပြုံးလိုက်ကာ
“အစ်မ ဘယ်နှစ်ထည် ယူမလို့လဲရှင့်”
“ငါ ရှစ်ထည် ယူမယ်၊ အရောင်တူတူပဲ အကုန် အနီရောင်ချည်းပဲ ပေး”
ဤခေတ်ကာလတွင် အနီရောင်သည် အမြဲတမ်း အရောင်းရဆုံး အရောင်ဖြစ်ပြီး၊ ချန်ချင်းယွီ အများဆုံး သိုလှောင်ထားသည့် အရောင်လည်း ဖြစ်သည်။
ချန်ချင်းယွီ : “ဒီလိုလုပ်လေ အစ်မ၊ ယူမယ့်သူတစ်ယောက်ချင်းစီကို ကလစ် ဒါမှမဟုတ် ခေါင်းစည်းကွင်း တစ်ခုစီ အလကား လက်ဆောင်ပေးမယ်၊ ဒီပစ္စည်းတွေက လက်ကားစျေးတောင် မနည်းဘူးရှင့်…. ကျွန်မမှာ အမြတ်အများကြီး မကျန်ပါဘူး၊ ဆိုင်မှာ တင်ရောင်းထားတဲ့ ဒီဆံပင်အလှဆင် ပစ္စည်းတွေကို ကြည့်ပါဦး၊ တစ်ခုကို သုံးယွမ်တောင် ပေးရတာ”
“ဒါက... တော်တော် စျေးကြီးတာပဲ...”
“ဒီဇိုင်းက အသစ်စက်စက်လေ၊ ပြီးတော့ အသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်းတွေကလည်း ပိုပြီး လက်ဝင်တာ ရှင်မြင်တဲ့အတိုင်းပဲ…သာမန်ဆိုင်တွေမှာ ဒါမျိုး မရောင်းဘူးရှင့်၊ ကျွန်မရဲ့ ရောင်းစျေးက အမြဲတမ်း လက်ကားစျေးအပေါ် မူတည်ပြီး သတ်မှတ်ရတာဆိုတော့... ဒီပစ္စည်းက အရင်းကိုက မနည်းဘူး”
သာမန် ကုန်စုံဆိုင်များရှိ ဆံပင်အလှဆင် ပစ္စည်းများမှာ ပြားငါးဆယ်သာ ရှိပြီး၊ အလွန်ဆုံးမှ တစ်ယွမ်သာ ပေးရသည်။
ချန်ချင်းယွီမှာမူ သတ္တိရှိရှိဖြင့် စျေးကြီးကြီးတောင်းကာ သုံးယွမ်ဟု သတ်မှတ်ထားခြင်း ဖြစ်၏။
သူမသည် ဤပစ္စည်းကို အများကြီး ရောင်းချရန် သေချာပေါက် စိတ်ကူးမရှိပေ။ လက်ဆောင်ရရှိသူများအနေဖြင့် မိမိတို့ အမှန်တကယ် အမြတ်ကြီးရလိုက်သည်ဟု ခံစားရစေရန်အတွက်သာ တမင် စျေးတင်ထားခြင်း ဖြစ်သည်။
ဤကဲ့သို့သော အရောင်းဗျူဟာမျိုးသည် ဆယ်စုနှစ် အနည်းငယ် ကြာပြီးနောက်တွင် လူတိုင်း သိသာမြင်သာမည့် အကွက်မျိုး ဖြစ်သော်လည်း၊ ယခုခေတ် လူများမှာမူ အလွန် ရိုးအေးကြသေးသဖြင့် အားလုံးမှာ ယုံကြည်သွားကြတော့၏။
သို့သော်လည်း အမှန်အတိုင်း ပြောရလျှင်... သူမ တောင်ပိုင်းမှ သယ်လာခဲ့သည့် ဆံပင်အလှဆင် ပစ္စည်းများသည် သာမန်ဆိုင်များတွင် ရောင်းချနေသည်ထက် ပိုမို လှပပြီး ထူးခြားသည်မှာ အမှန်ပင် ဖြစ်သည်။ ပေကျင်းမှ ထွက်သည့် ကုန်ပစ္စည်းများ ညံ့ဖျင်း၍ မဟုတ်ဘဲ၊ မြို့တစ်မြို့နှင့် တစ်မြို့၏ ဖက်ရှင်စတိုင်လ်ချင်း မတူညီသောကြောင့် ဖြစ်၏။
တောင်ပိုင်းဒေသသည် ယခုထက်ထိ ဟောင်ကောင်ဖက်ရှင်၏ ရိုက်ခတ်မှုကို အနည်းနှင့်အများ ခံနေရဆဲ ဖြစ်၏။
ရှန်းကျန်းနှင့် ကွမ်ကျိုးတို့၏ လွှမ်းမိုးမှုက အတော်လေး ကြီးမားလှပေသည်။
“ညည်း ပြောတာ ဟုတ်တယ်၊ ငါ ဒီလိုဒီဇိုင်းမျိုးကို ဆိုင်တွေမှာ တစ်ခါမှ မမြင်ဖူးသေးဘူး”
ချန်ချင်းယွီ : “အမှန်ပါပဲရှင်”
ချန်ချင်းယွီ၏ အရောင်းအဝယ်မှာ အဆင်ပြေချောမွေ့စွာ လည်ပတ်နေခဲ့သည်။ ယနေ့မှာ တနင်္ဂနွေနေ့ ဖြစ်သည့်အပြင်၊ သူမ ဤနေရာတွင် ဆိုင်ဖွင့်လာခဲ့သည်မှာလည်း တစ်ပတ်ခန့် ရှိနေပြီ ဖြစ်၏။ လူအတော်များများ ရှီချာဟိုင်တွင် ဂျင်းဘောင်းဘီ လာရောက်ရောင်းချသူ တစ်ဦး ရှိကြောင်း သိထားကြပြီ ဖြစ်ရာ၊ သဘာဝကျကျပင် လူအများစုမှာ တကူးတက လာရောက် စမ်းသပ်ဝယ်ယူကြတော့သည်။ ချန်ချင်းယွီတစ်ယောက် အလုပ်များလွန်းသဖြင့် လက်မလည်အောင် ဖြစ်နေခဲ့ရ၏။
သူမ၏ ဆိုင်တွင် လူများ ဝိုင်းအုံနေခဲ့သည်။
အခြားတစ်ဖက်ရှိ လီလင်းလင်း၏ ဆိုင်တွင်မူ ဤကဲ့သို့ စည်ကားသော အခြေအနေမျိုး လုံးဝ မရှိပေ။
ယွမ်ဟောက်ဖုန်းသည် အကွက်ရွှေ့ရာတွင် တကယ့်ကို ပါးနပ်သူ ဖြစ်သဖြင့် လီလင်းလင်းအား မိမိ၏ လက်ခုပ်ထဲမှ ရေကဲ့သို့ အပိုင်ကိုင်ထားနိုင်သည်။ ထို့ကြောင့် တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် လီလင်းလင်းသည် ယွမ်ဟောက်ဖုန်းနှင့်အတူ ဆိုင်ထွက်ရန် အပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်၏။ သူမမှာ ယွမ်ဟောက်ဖုန်းနှင့်အတူ ရှိနေသည်ဟု ဆိုသော်လည်း၊ အမှန်စင်စစ်တွင်မူ လီလင်းလင်းတစ်ဦးတည်းသာ ဆိုင်ထိုင်နေခြင်း ဖြစ်ပြီး၊ ယွမ်ဟောက်ဖုန်းသည်ကား ပစ္စည်းများ သယ်ယူပေးရင်း ဘေးနားတွင်သာ စောင့်ဆိုင်းပေးနေရုံမျှသာ ဖြစ်သည်။
သူသည် လမ်းဘေးတွင် ဆိုင်ထိုင်ပြီး ကိုယ်တိုင် အော်ဟစ်ရောင်းချခြင်းမျိုးကို သေချာပေါက် လုပ်လိမ့်မည် မဟုတ်ပေ။ ထိုသို့လုပ်ပါက သိက္ခာကျသည်ဟု ခံစားရသောကြောင့်တည်း။
ပေကျင်းက အမျိုးသားတစ်ဦးအနေနဲ့ မာနကတော့ ရှိသေးတယ်လေ…
ယွမ်ဟောက်ဖုန်းသည် ချန်ချင်းယွီ၏ နေရာကောင်းကို လုယူရန်အတွက် တမင်တကာ အိမ်မှ စောစောထွက်လာခဲ့ခြင်း ဖြစ်သော်လည်း၊ ချန်ချင်းယွီသည် သူမ၏ ဒုတိယအကြိမ်မြောက် ကုန်ပစ္စည်းများအတွက် ဤနေရာသို့ လာရောက် ဆိုင်ဖွင့်ခြင်း မရှိတော့သည်ကိုမူ သူ လုံးဝ မသိရှာပေ။ သူသည် ချန်ချင်းယွီ၏ နေရာဟောင်းကို အပိုင်စီးရန်သာ ကြံနေခဲ့သည်။ ထိုသို့ဆိုလျှင် စျေးဝယ်သူများ ရောက်လာသည့်အခါ အားလုံး မိမိတို့ထံသို့သာ လာကြလိမ့်မည်သာ…
သူသည် တကယ့်ကို ပါးနပ်လှပေသည်၊ ချန်ချင်းယွီသည် ဤနေရာတွင် နာမည်ရပြီးသား ဖြစ်သဖြင့် လူအများစုမှာ တစ်ဆင့်စကားဖြင့် သေချာပေါက် လာရှာကြလိမ့်မည်။ ထိုသို့ဆိုလျှင် မိမိတို့မှာ နေရာကို ဖြတ်လုလိုက်ခြင်း ဖြစ်၏။
ယွမ်ဟောက်ဖုန်းသည် မိမိကိုယ်မိမိ မွေးရာပါ စီးပွားရေးပါရမီရှင်တစ်ဦး၊ တကယ့် ဉာဏ်ကြီးရှင်တစ်ဦးဟု တွေးတောကာ ကျေနပ်ပီတိဖြစ်နေခဲ့၏။
သူ၏ တွေးတောပုံသည် မမှားသော်လည်း၊ ပြဿနာမှာ ချန်ချင်းယွီတစ်ယောက် ယနေ့တွင် ဤနေရာသို့ လာရောက် ဆိုင်ဖွင့်ခြင်း မရှိတော့ခြင်းပင်။ ယွမ်ဟောက်ဖုန်းမှာမူ ထိုအချက်ကို သတိမပြုမိဘဲ ကိုယ့်အတွေးနှင့်ကိုယ် သာယာနေခဲ့သည်။
သူသည် လီလင်းလင်းအား ညွှန်ကြားကာ
“ဒီနေရာက ချန်ချင်းယွီ အရင်က ဆိုင်ထွက်ခဲ့တဲ့ နေရာပဲ… သူမကို ဒီနေရာမှာ တွေ့ခဲ့တာ၊ အခု မင်းက ဒီနေရာကို အရင်ဦးအောင် ယူထားလိုက်ပြီဆိုတော့... ဒါက မင်းနေရာ ဖြစ်သွားပြီ၊ အကယ်၍ သူမ လာပြီး မင်းဆီကနေ ပြန်လုဖို့ ကြိုးစားရင်လည်း မကြောက်နဲ့… ဒီနေရာမှာ ဘယ်သူ့နာမည်မှ ရေးမထားဘူး၊ ဘယ်သူမဆို သုံးခွင့်ရှိတာပဲ”
လီလင်းလင်း ခေါင်းညိတ်ပြလိုက်ပြီး စိုးရိမ်တကြီး ဆိုရှာ၏။
“ညီမ သိပါတယ်၊ ဒါပေမဲ့ အဘွားကြီးကျောက်ရဲ့ စရိုက်ကလေ... သူမက သေချာပေါက် လာပြီး ပြဿနာရှာလိမ့်မယ်… အဲလိုဖြစ်လာရင် ညီမ ဘာလုပ်ရမလဲ မသိဘူး”
ယွမ်ဟောက်ဖုန်း : “သူမ ဘယ်လောက်ပဲ လာပြီး ပြဿနာရှာရှာ... မင်းဘက်က လုံးဝ အလျှော့မပေးနဲ့… ဒီနေရာက တို့နေရာပဲ၊ တို့တွေ အရင်ဦးအောင် ရောက်ခဲ့တာဥစ္စာ၊ သူမက မင်းကို ဆဲဆဲ၊ ရိုက်ရိုက်... လောလောဆယ်တော့ အောင့်ခံထားလိုက်၊ မင်း ငိုချင်ရင်တောင် ငိုချပစ်လိုက်… သူမရဲ့ ရိုင်းစိုင်းရိုးတိုးမှုကို လူတိုင်း မြင်ပါစေ၊ လူတွေဆိုတာ အားနည်းတဲ့သူဘက်ကနေ သနားတတ်ကြတာ သဘာဝပဲ… မင်း မတရား အနိုင်ကျင့်ခံရတယ်လို့ ခံစားရရင်... ငိုဖို့ လိုအပ်ရင် ငိုလိုက်ပေါ့၊ ဒါက မင်းကို ဘာမှ ထိခိုက်စေမှာ မဟုတ်ဘူး”
လီလင်းလင်း : “ကောင်းပါပြီ၊ ညီမ အစ်ကို ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်”
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမသည် ယွမ်ဟောက်ဖုန်း၏ ချိုသာသော စကားလုံးများအောက်တွင် နစ်မြောနေခဲ့ရသဖြင့်၊ သူသည် အရာရာတိုင်းတွင် ပြည့်စုံကောင်းမွန်လွန်းလှသူ တစ်ဦးဟုသာ မြင်ယောင်နေခဲ့သည်။
ယွမ်ဟောက်ဖုန်းသည် လီလင်းလင်း၏လက်ကို လှမ်းဆွဲကာ ဆုပ်ကိုင်လိုက်ပြီး
"လင်းလင်း၊ ဒီကိစ္စကို ကိုယ် မင်းအပေါ်ပဲ ပုံအပ်လိုက်ပြီနော်… မင်းကို ဆိုင်ထွက်ခိုင်းရတာ နည်းနည်းတော့ မတရားဘူးဆိုတာ ကိုယ်သိပါတယ်၊ ဒါပေမဲ့ ဒါက တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက်လေ… ကွမ်ထင်းထင်းနဲ့ ကွာရှင်းနိုင်ဖို့ သူမတောင်းတဲ့ ပိုက်ဆံကို ကိုယ် အလုံအလောက် စုရမယ်၊ ဒါမှလည်း မင်းနဲ့ ပေါ်ပေါ်ထင်ထင် လက်တွဲခွင့်ရမှာမို့ ကိုယ် ဒီလိုလုပ်ဖို့ပဲ လမ်းရှိတော့တယ်၊ ကိုယ် မင်းကို မပြောဘဲ တိတ်တိတ်လေး ပိုက်ဆံစုပြီး သူမနဲ့ ပြတ်စဲအောင် လုပ်မလို့ပဲ၊ ဒါပေမဲ့ အဲဒီမိန်းမက ကိုယ့်ကို အနီးကပ် စောင့်ကြည့်နေတော့ တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူး… သူမက ကိုယ့်သားလေးကို မွေးပေးထားတာဆိုတော့ ကိုယ့်မိဘတွေကလည်း သူမဘက်မှာ... အဲဒါကြောင့်ပဲ ကိုယ် အရာအားလုံးကို မင်းအပေါ် ပုံအပ်ရတာပါ"
သူ ဆက်၍
"ကိုယ်ကတော့ ဒီကုန်ပစ္စည်းတွေကို တခြားလူဆီ ဈေးပေါပေါနဲ့ ရောင်းလိုက်ပြီလို့ ဆင်ခြေပေးထားလို့ သူတို့ ကိုယ့်ကို လာမရှုပ်တာ… ကိုယ် ဘယ်သူ့ကိုမှ မယုံကြည်နိုင်ဘူး၊ မင်းတစ်ယောက်ပဲ ရှိတာ… ဒီပစ္စည်းတွေကို တိတ်တိတ်လေး ရောင်းပါ၊ ဘယ်သူ့ကိုမှ မသိစေနဲ့၊ မဟုတ်ရင် အဲဒီမိန်းမဆိုး ကွမ်ထင်းထင်းက တို့ပိုက်ဆံတွေကို လာလုဦးမယ်၊ အဲဒီလိုဆိုရင် တို့ ကြိုးစားသမျှတွေ အလဟဿ ဖြစ်ကုန်လိမ့်မယ်"
လီလင်းလင်းသည် မျက်ဝန်းများ နီမြန်းလျက် ပြောရှာကာ
"အစ်ကိုဟောက်ဖုန်းကို ဒုက္ခပေးမိသလို ဖြစ်သွားပြီ၊ အားနာလိုက်တာ"
"ကိုယ် စိတ်မရှိပါဘူး… ကိုယ်ပဲ ရွေးချယ်မှု မှားခဲ့တာဆိုတော့ ကိုယ်ပဲ အကျိုးဆက်ကို ခံရမှာပေါ့၊ ကွာရှင်းခအတွက် သူမက တစ်သောင်းတောင် တောင်းနေတာ၊ အဲဒါ တကယ့်ကို ခေါင်ခိုက်နေတဲ့ ဈေးပဲ… ကိုယ်လည်း ဒီလိုလုပ်ဖို့ပဲ ရှိတော့လို့ မင်းကိုပဲ အကူအညီ တောင်းရတာပါ၊ တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် အတူတူ ကြိုးစားကြရအောင်နော်၊ ဟုတ်ပြီလား"
လီလင်းလင်းမှာ အံ့အားသင့်လျက်
"သူမက ဒီလောက်များတဲ့ ပမာဏကို တောင်းရဲတယ်လား"
ယွမ်တစ်သောင်းတောင်…
ဒါ ယွမ်တစ်သောင်းကြီးတောင်လေ…
ဒီကွမ်ထင်းထင်းကတော့ တကယ့်ကို လောဘဇောတက်နေတဲ့ အရူးမပဲ…
သို့သော် လီလင်းလင်းသည် ထိုအကြောင်းကို ပို၍တွေးမိလေလေ၊ ယွမ်ဟောက်ဖုန်းနှင့် အတူရှိလိုစိတ်မှာ ပို၍ပြတ်သားလာလေလေ ဖြစ်၏။
"အစ်ကိုဟောက်ဖုန်း စိတ်မပူပါနဲ့၊ ညီမ အစွမ်းကုန် ကြိုးစားမှာပါ၊ အသေအချာ ကြိုးစားမှာပါ…အဲဒီမိန်းမ အစ်ကိုဟောက်ဖုန်းကို ဆက်ပြီး ဒုက္ခပေးနေတာမျိုး ညီမ အဖြစ်မခံတော့ဘူး"
ယွမ်ဟောက်ဖုန်းမှာလည်း
"အရာအားလုံး မင်းအပေါ်မှာပဲ မူတည်တော့တယ်"
"ဟုတ်ကဲ့ပါ"
သူမ ပြန်လည်ဖြေကြားလိုက်၏။
သူတို့နှစ်ဦးသည် တစ်ဦး၏လက်ကို တစ်ဦး ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကြသည်။ ထို့ထက်ပိုသော အပြုအမူမျိုး မရှိသော်လည်း လီလင်းလင်းသည်ကား သူမ၏နှလုံးသားမှာ အစ်ကိုဟောက်ဖုန်းနှင့် အင်မတန်ကို နီးကပ်သွားပြီလို့ ခံစားလိုက်ရ၏။
ယွမ်ဟောက်ဖုန်း : "ဒါဆို မင်း ဒီမှာပဲ ဆိုင်ခင်းထားလိုက်တော့၊ ကိုယ် အရင်သွားနှင့်မယ်၊ မင်းနဲ့အတူ ရှိနေချင်ပေမဲ့... ကိုယ် ဒီမှာရှိနေရင် ကွမ်ထင်းထင်း သိသွားပြီး ပြဿနာ ရှာဦးမှာ သေချာတယ်၊ အဲဒါကြောင့် မင်းကို လှမ်းမြင်ရမယ့် ထောင့်တစ်နေရာမှာပဲ ကိုယ် စောင့်ကြည့်ပေးမယ်။ မင်းနဲ့ ပေါ်ပေါ်ထင်ထင် အတူမရှိနိုင်ပေမဲ့ ကိုယ် အမြဲတမ်း ရှိနေမှာပါ... ကိုယ် တကယ်ပဲ ထပ်ပြီး ပြဿနာ မတက်ချင်တော့ဘူးာာာအဲဒီလို မိန်းမမျိုးကို ယူခဲ့မိတာ ကိုယ့်အမှားပါပဲ..."
ခါးသက်သက် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
လီလင်းလင်း : "ကိစ္စမရှိပါဘူး၊ ညီမ ရှိတာပဲ…အစ်ကိုဟောက်ဖုန်း ညီမအပေါ် ထားတဲ့စိတ်ကို ညီမ နားလည်ပါတယ်၊ သွားတော့လေ၊ အားလုံးကို ညီမပဲ တာဝန်ယူလိုက်ပါ့မယ်"
ယခုအချိန်တွင် လီလင်းလင်းသည် မိမိကိုယ်ကိုယ် အချစ်အတွက် တိုက်ပွဲဝင်နေသည့် စစ်သည်တော်
တစ်ဦးကဲ့သို့ ခံစားနေရပြီး အစ်ကိုဟောက်ဖုန်းကို ဤရုန်းမထွက်နိုင်သော ရွှံ့နွံထဲမှ အမြန်ဆုံး ကယ်တင်ဖို့ ဆုံးဖြတ်လိုက်သည်။
အဲဒီကွမ်ထင်းထင်းဆိုတဲ့ မိန်းမက တကယ့်ကို လောဘကြီးလွန်းတယ်…
ဒီလို ရက်စက်၊ အတ္တကြီး၊ လောဘဇောတက်ပြီး ကျေးဇူးကန်းတတ်တဲ့ မိန်းမမျိုးက ဘယ်တော့မှ အဆုံးသတ် ကောင်းမှာ မဟုတ်ဘူး…
"အစ်ကိုဟောက်ဖုန်း နားနားနေနေ နေလို့ရမယ့် နေရာတစ်ခုခု သွားရှာလိုက်ပါ၊ ညီမ ဒီမှာပဲ နေခဲ့မယ်"
"အင်းပါ"
ယွမ်ဟောက်ဖုန်းသည် သိက္ခာအကျမခံချင်သလို၊ တစ်ဖက်တွင်လည်း လီလင်းလင်းကို စိတ်မချ ဖြစ်နေမိသည်။ လီလင်းလင်းကို မိမိစိတ်ကြိုက် ထိန်းချုပ်နိုင်သည်ဟု ခံစားရသော်လည်း ငွေကြေးဟူသည်မှာ စွမ်းအားကြီးမားလှပေ၏။ များပြားလှသော ပိုက်ဆံများကို မြင်ရင် လီလင်းလင်း စိတ်ကစားသွားမည်ကို သူ စိုးရိမ်မိသည်။ ထို့ကြောင့်ပင် တိတ်တိတ်လေး အဖော်လုပ်ပေးသည့်ပုံစံ ဖန်တီးကာ အမှန်တကယ်တွင်မူ ပိုက်ဆံများ ဝှက်ထားမည်ကို စိုးရိမ်၍ စောင့်ကြည့်နေခြင်း ဖြစ်၏။
အရင်းအနှီးထုတ်သူမှာ သူကိုယ်တိုင်ဖြစ်ပြီး လီလင်းလင်းမှာ ပစ္စည်းရောင်းပေးရုံသက်သက်မို့ သူမ တစ်ပြားတစ်ချပ်မှ ဝှက်ခွင့်မရှိဟု သူ တွေးတောနေသည်။
သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ထောင့်တစ်နေရာတွင် မှီ၍ရပ်နေလိုက်၏။
သို့သော်... အချိန် ယခုလောက်အထိ နှောင်းနေပြီဖြစ်သော်လည်း ချန်ချင်းယွီသည် အဘယ်ကြောင့် ရောက်မလာသေးသနည်း။ ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်သဖြင့် လမ်းမပေါ်တွင် လူစည်ကားလှရာ သူမ စောစောစီးစီး ထွက်လာသင့်၏။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုသော်လည်း ချန်ချင်းယွီ၏ အရိပ်အယောင်ကို မတွေ့ရပေ။
သူမ တစ်ခုခု အလုပ်ရှုပ်နေလို့ အပြင်မထွက်နိုင်တာလားဟု သူ တွေးနေမိ၏။
ယွမ်ဟောက်ဖုန်းသည် ပြုံးလိုက်မိပြီး နတ်ကောင်းနတ်မြတ်များပင် မိမိဘက်၌ ရှိနေသည်ဟု ခံစားလိုက်ရသည်။ သူသည် ချန်ချင်းယွီ၏ ဆိုင်နေရာကို လုယူထားသဖြင့် အဘွားကြီးကျောက် လာရောက်ပြဿနာရှာမည်ကို စိုးရိမ်နေခဲ့သော်လည်း အမှတ်မထင်ဘဲ ၎င်းတို့ ရောက်မလာကြချေ။ သနားစရာကောင်းဟန်ဆောင်ကာ မိမိဆိုင်၏ ပုံရိပ်ကို မြှင့်တင်ရန် အခွင့်အရေး လွဲချော်သွားသော်လည်း ပြိုင်ဘက်မရှိခြင်းမှာ ပို၍ကောင်းမွန်ပေသည်။
တနင်္ဂနွေနေ့ ဖြစ်သဖြင့် လူအများအပြား ရှိနေသည်မှာ အမှန်ပင်…မကြာမီပင် လူတစ်ယောက် ချဉ်းကပ်လာပြီး မေးမြန်းကာ
"ဟေ့... ဒါ ဂျင်းဘောင်းဘီ မဟုတ်လား၊ ရောင်းကုန်ပြီ ထင်နေတာ၊ မင်းတို့ဆီမှာ ရှိသေးတာပဲ…
ဘယ်လောက်လဲ"
ထိုလူသည် လီလင်းလင်းကို မော့ကြည့်ကာ အံ့အားသင့်စွာဖြင့်
"မင်းက အရင်တစ်ခေါက် ဆိုင်ဖွင့်တဲ့လူ မဟုတ်ပါဘူးနော်"
လဝက်ကျော် ဖြတ်သန်းခဲ့ပြီးပြီ ဖြစ်သဖြင့် သူ ကောင်းစွာ မမှတ်မိတော့သော်လည်း ယခင်ဆိုင်ပိုင်ရှင်မှာ အလွန်လှပသော မိန်းကလေးတစ်ဦး ဖြစ်သည်ကိုမူ မှတ်မိနေ၏။ ယခုမိန်းကလေးနှင့်မတူပေ။ လက်ရှိမိန်းကလေးမှာ ရိုးရိုးကြီးနှင့် ဆွဲဆောင်မှုမရှိလှပေ၊ တကယ့်ကို ရိုးအအနိုင်လှ၏။
သူသည် လီလင်းလင်းကို ကြည့်ကာ
"နှစ်ဆယ့်ငါး ဆိုဒ် ရှိလား…ဘယ်လောက်လဲ"
လီလင်းလင်းသည် ပစ္စည်းများကို ခဏမျှ မွှေနှောက်ရှာဖွေပြီးနောက်
"ရှိတယ်၊ ရှိတယ်၊ ဒါက နှစ်ဆယ့်လေးယွမ်ပါ"
ဤသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ဆိုင်ထွက်ခြင်းဖြစ်ပြီး လာရောက်မေးမြန်းသူမှာလည်း အမျိုးသားတစ်ဦး ဖြစ်နေသဖြင့် သူမသည် ချက်ချင်းပင် မျက်နှာရဲတက်သွားကာ အသံမှာလည်း မကြားတကြား ဖြစ်သွားရသည်။
"ဘယ်လောက်လဲဗျာ"
"နှစ်ဆယ့်လေးပါ"
"ဗုဒ္ဓေါ... ရဲဘော်ရယ်၊ အသံလေး နည်းနည်းလောက် ကျယ်ကျယ်ပြောပါဦး…တကယ် မကြားရလို့ပါ၊ နှစ်ဆယ့်လေးယွမ် ဟုတ်လား… နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား"
အရင်တုန်းက ဘယ်လောက်ရောင်းလဲတော့ မသိဘူး၊ ဒါပေမဲ့ ဘယ်လောက်ပဲဖြစ်ဖြစ် ဆိုင်ဝယ်ရင်တော့ ဈေးလျှော့ခိုင်းရမှာပဲလေ…
လီလင်းလင်းသည် ခေါင်းခါယမ်းကာ
"ဈေးလျှော့လို့ မရပါဘူး"
အစ်ကိုဟောက်ဖုန်းမှာ ဈေးသတ်မှတ်ပေးထား၍ သူမ သဘောနှင့်သူမ လျှော့လို့မဖြစ်ဘူးဟု တွေးနေမိ၏။
"ဆိုင်ခင်းပြီး ရောင်းတာပဲဗျာ၊ ဈေးလျှော့မရဘူးဆိုတာ မရှိပါဘူး…နည်းနည်းလောက် လျှော့ပါဦး၊ လျှော့ပေးရင် ယူမယ်"
"ဈေးလျှော့မရပါဘူး"
လီလင်းလင်းသည် အလွန်အမင်း ရှက်ကိုးရှက်ကန်း ဖြစ်နေသဖြင့် အင်္ကျီအနားစကို ဆုပ်ကိုင်ထားပြီး ခေါင်းပင် မဖော်ရဲချေ။ အမှန်တကယ်တွင် သူမသည် ဝင်းထဲ၌ ရှိစဉ် ဤမျှအထိ သူရဲဘောကြောင်သူ မဟုတ်သော်လည်း ဆိုင်ထွက်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် အရှက်သည်းနေမိခြင်း ဖြစ်၏။ အလုပ်အကိုင် ကောင်းကောင်းရှိလျှင် မည်သူ ဤသို့လုပ်မည်နည်း။
ရှက်စရာကောင်းလှ၏…
သူမ ဈေးမလျှော့သည်ကို မြင်သောအခါ ထိုလူသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်
"နောက်မှပဲ ပြန်ကြည့်တော့မယ်"
ထိုသို့ပြောကာ ဘောင်းဘီကို ပြန်ချထားခဲ့ပြီး ထွက်ခွာသွားလေတော့သည်။
လီလင်းလင်း၏ သူရဲဘောကြောင်မှုနှင့် ဈေးလုံးဝမလျှော့သည့် ဇွတ်တရွတ်နိုင်မှုတို့ကြောင့် လူအများအပြား လာရောက်မေးမြန်းကြသော်လည်း ပစ္စည်းတစ်ခုမျှပင် မရောင်းရပေ။ အဝေးမှ စောင့်ကြည့်နေသော ယွမ်ဟောက်ဖုန်းသည် ဇဝေဇဝါဖြစ်ကာ စိုးရိမ်တကြီးဖြင့် မျက်မှောင်ကုတ်လိုက်မိသည်။
သူ့အမြင်မှာတော့ လူတွေ တော်တော်များနေပြီပဲ….
ဘာလို့ တစ်ထည်မှ မရောင်းရသေးတာလဲ…
သူ မကျေမနပ် ဖြစ်နေသည်။
သူသည် ရှေ့သို့ အမြန်လှမ်းလာခဲ့ပြီး လီလင်းလင်း၏ အဆင်မပြေလှသော ပုံစံကို မြင်သောအခါ စိတ်ပျက်မိသွား၏။ သို့သော် လီလင်းလင်းကို အသုံးချရန် လိုအပ်နေသေးသဖြင့် လူကောင်းတစ်ဦးကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်လေသည်။
"လင်းလင်း၊ ရဲရဲဝံ့ဝံ့ လုပ်စမ်းပါ၊ ဘာမှမဖြစ်ပါဘူး… တို့တွေက ကိုယ့်လုပ်အားနဲ့ကိုယ် ပိုက်ဆံရှာနေတာပဲ၊ ရှက်စရာ ဘာမှမရှိဘူး၊ ဈေးမလျှော့ဘူးဆိုပြီး အရမ်း တင်းမထားပါနဲ့၊ ပြားငါးဆယ်လောက် လျှော့ပေးလိုက်ရင် အဆင်ပြေပါတယ်"
လီလင်းလင်းသည် သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ ခေါင်းညိတ်လိုက်၏။
ချန်ချင်းယွီသည် ဤမြင်ကွင်းကို မမြင်တွေ့ခဲ့ရချေ။ သို့မဟုတ်ပါက သူမသည် သက်ပြင်းချလျက် "တကယ့်ကို ကွာခြားချက်ကြီးပါလား" ဟု ပြောမိလိမ့်မည်။
အမှန်ပင် ၎င်းတို့သည် သိသာထင်ရှားသော ကွာခြားချက်တစ်ခုကဲ့သို့ ဖြစ်နေသည်။ ချန်ချင်းယွီနှင့် သူမ၏ယောက္ခမ ဖြစ်သူ အဘွားကြီးကျောက်တို့သည် အလွန်အမင်း သက်ဝင်လှုပ်ရှားစွာ စကားစမြည် ပြောဆိုနေကြသော်လည်း လီလင်းလင်းနှင့် ယွမ်ဟောက်ဖုန်းတို့၏ အခြေအနေမှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေ၏။
တနင်္ဂနွေနေ့ ဖြစ်သဖြင့် ရောင်းအားမှာ ပုံမှန်ထက်ပင် ပိုမိုကောင်းမွန်လှသည်။ ချန်ချင်းယွီနှင့် ဠောက္ခမဖြစ်သူသည် ညနေစောင်း အိမ်သို့မပြန်မီ ကုန်ပစ္စည်းများကိုပင် ထပ်မံဖြည့်တင်းခဲ့ကြသေး၏။ ယောက္ခမနှင့် ချွေးမဖြစ်သူတို့သည် စက်ဘီးကိုယ်စီဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။
ချန်ချင်းယွီ သူမ၏လက်မောင်းကို လွှဲယမ်းလျက်
"တစ်နေ့လုံး အလုပ်ရှုပ်နေရတော့ လည်ချောင်းတွေတောင် နာနေပြီ"
အဘွားကြီးကျောက်မှာလည်း
"ငါလည်း တူတူပါပဲအေ… ဈေးဘက် ခဏသွားပြီး သစ်တော်သီး ရောင်းတာရှိလား သွားကြည့်ဦးမယ်"
“ကောင်းသားပဲ အမေ"
အဘွားကြီးကျောက်သည် အင်တိုက်အားတိုက် ရှိလှပေသည်။ သူမသည် ချန်ချင်းယွီကို အိမ်ရှေ့၌ ချထားပေးခဲ့ပြီးနောက် စက်ဘီးကို ပြန်လှည့်ကာ ချက်ချင်းပင် ထွက်ခွါသွား၏။ ချန်ချင်းယွီ တစ်ယောက်တည်း ဝင်းအတွင်းသို့ လျှောက်လှမ်းဝင်ခဲ့စဉ် အဘွားကြီးဝမ်သည် ပြတင်းပေါက်မှ ချောင်းမြောင်းကြည့်ရှုနေပြီး ချန်ချင်းယွီကို မြင်သောအခါ နှုတ်ခမ်းကို မဲ့လိုက်လေသည်။
ချန်ချင်းယွီသည် ဒုတိယမြောက် ဝင်းအလယ်သို့ တည့်တည့်မတ်မတ် ဝင်လာခဲ့ပြီး သူမ၏ ကလေးနှစ်ယောက် ညစာကို အဆင်သင့် ဝယ်ယူထားသည်ကို အံ့ဩဖွယ် တွေ့ရှိလိုက်ရ၏။
ချန်ချင်းယွီ သဘောကျစွာ ရယ်မောရင်း
"မင်းတို့နှစ်ယောက်က တကယ်ကို လည်တာပဲ… ညစာ ဝယ်ထားဖို့ ဘယ်လိုတွေးမိကြတာလဲ"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ မိခင်ဖြစ်သူအပေါ် စာနာထောက်ထားစွာဖြင့်
"ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ လူတွေအများကြီးနဲ့ မေမေ တော်တော်ပင်ပန်းလာမှာ စိုးလို့ပါ"
ချန်ချင်းယွီ : "ဘယ်လိုဟာတွေ ဝယ်ထားလဲ ကိုယ်တော်ချောတို့... ပြပါဦး၊ အလို... ဝက်သားနီချက်ပါလား"
"မင်းတို့ကတော့ တကယ့်ကို ရွေးတတ်၊ ဝယ်တတ်ပါပေ့"
သူမ ချီးကျူးလိုက်သည်။
မိခင်နှင့် သားသမီး နှစ်ယောက်တို့ စကားပြောဆိုနေကြစဉ် ဝင်းထဲမှ အသံတစ်သံ ပေါ်ထွက်လာ၏။
"အို... ဟောက်ဖုန်း ပြန်လာပြီလား၊ တစ်နေ့လုံး အရိပ်အယောင်တောင် မတွေ့မိပါလား၊ ဘာလဲ... မင်းလည်း ဆိုင်သွားခင်းတာလား"
အစ်မကြီးဖန် ရွဲ့စောင်း၍ မေးလိုက်ခြင်း ဖြစ်သည်။
“ဘယ်ကသာ... ကျွန်တော့်မှာ တခြား အလုပ်ကိစ္စလေးတွေ ရှိလို့ပါ"
သူ ငြင်းဆိုသော်လည်း၊ အစ်မကြီးဖန် ဇွဲမလျှော့ဘဲ
"မင်းက ငါ့ကို ဟန်ဆောင်နေတုန်းပဲ… ဆိုင်သွားခင်းတာ မဟုတ်ရင် အဲဒီဝယ်လာတဲ့ ပစ္စည်းတွေကို ဘာလုပ်မလို့လဲ၊ အလကားအတိုင်း ပစ်ထားမှာတော့ မဟုတ်ပါဘူးနော်"
ယွမ်ဟောက်ဖုန်းလည်း ပြန်လည်ချေပလိုက်၏။
"အဲဒီပစ္စည်းတွေကို တခြားလူဆီ ဈေးအပေါဆုံးနဲ့ ရောင်းပစ်လိုက်ပြီ၊ကိုယ်တိုင် ဆိုင်ခင်းဖို့ အစီအစဉ် မရှိပါဘူး… ဒီတစ်ခေါက် တောင်ပိုင်းကို သွားတာက အမြင်ကျယ်အောင်နဲ့ တောင်ပိုင်းဒေသ ဘယ်လိုတိုးတက်နေလဲ သွားလေ့လာတာ၊ ရောက်လက်စနဲ့ ပစ္စည်းဝယ်လာတာက ဘေးထွက်အလုပ်ပါ… ဒီအလုပ်ကနေ ပိုက်ဆံအများကြီး ရမယ်လို့လည်း တစ်ခါမှ မတွေးဖူးဘူး"
အစ်မကြီးဖန် တဟီးဟီး ရယ်မောလိုက်ပြီး စိတ်ထဲတွင်မူ လုံးဝမယုံကြည်ချေ။
အောင်မာ... ဟန်ဆောင်လိုက်တာ…တကယ့် အရေခြုံပဲ…
"မင်းမှာ အတွေးအခေါ်တွေ တော်တော်ရှိတာပဲ၊ ပိုက်ဆံအကုန်ခံပြီး တောင်ပိုင်းအထိ အမြင်ကျယ်အောင် သွားလေ့လာတယ်ပေါ့... ဟဲဟဲ..."
သူမ ဆက်၍ ရွဲ့စောင်းကာ
"ဒါပေမဲ့ မင်း ဘာတွေ အမြင်ကျယ်လာလဲတော့ ငါ မမြင်မိဘူး"
"တချို့အရာတွေက ခေါင်းထဲမှာပဲ ရှိတာပါ"
ယွမ်ဟောက်ဖုန်း ခပ်ပြတ်ပြတ် ပြောဆိုကာ မျက်နှာပျက်ပျက်ဖြင့် နောက်ဖေးဝင်းဆီသို့ လျှောက်လှမ်းသွားတော့သည်။
ဒီအစ်မကြီးဖန်ကတော့ တကယ့်ကို ပါးစပ်သရမ်းတဲ့ မိန်းမပဲ…
သူ ကျိန်ဆဲနေမိ၏။
အစ်မကြီးဖန်မှာလည်း သူ့နောက်ကျောကို ကြည့်ကာ ထွီခနဲတံတွေးထွေးလိုက်၏။
ထိုမြင်ကွင်းကို စောင့်ကြည့်နေသော ချန်ချင်းယွီမှာမူ ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်သာ နေလိုက်တော့သည်။ ၎င်းတို့နှစ်မိသားစုသည် တကယ့်ကို ရန်ဘက်များတည်း။
ယွမ်ဟောက်ဖုန်းသည် အိမ်ပြန်ရောက်ချိန်တွင် မျက်နှာပျက်နေသော်လည်း အမှန်စင်စစ် ယနေ့တွင် သူ ပိုက်ဆံအတော်အသင့် ရရှိခဲ့သည်။ ဘောင်းဘီတစ်ထည်လျှင် ယွမ်တစ်ဆယ်ကျော် အမြတ်ရရှိရာ၊ လီလင်းလင်းတစ်ယောက် ကောင်းကောင်းမရောင်းတတ်သော်လည်း ယနေ့တွင် ခြောက်ထည်ပင် ရောင်းချနိုင်ခဲ့၏။ ထိုပမာဏသည် သူ၏ တစ်လစာ လစာငွေထက်ပင် ပိုမိုများပြားလှကာ နှစ်လစာ ဝင်ငွေနီးပါးနှင့် ညီမျှပေသည်။
သို့သော်လည်း သူသည် စိတ်ကျေနပ်မှု မရှိသေးချေ။
အကြောင်းမူကား ချန်ချင်းယွီ ပစ္စည်းရောင်းချသည်ကို သူ မြင်တွေ့ခဲ့ဖူးပြီး သူမ၏ အရောင်းအဝယ်မှာ ယခုထက် များစွာ ပိုမိုကောင်းမွန်သောကြောင့် ဖြစ်သည်။ ပိုက်ဆံရသဖြင့် ဝမ်းသာရသော်လည်း သူမကို မယှဉ်နိုင်သည့်အသိက သူ့ကို ဒေါသထွက်စေ၏။
"ရှင် ဘာဖြစ်လာတာလဲ"
ကွမ်ထင်းထင်း လှောင်ပြောင်
သရော်လျက်
"တစ်နေ့လုံး လီလင်းလင်းနဲ့ အတူရှိနေပြီးတော့ အိမ်ပြန်ရောက်မှ ကျွန်မကို လာမျက်နှာထားပျက်ပြနေတာလား"
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ… တို့တွေ ဘာမှ မလုပ်ပါဘူး၊ ဒီလီလင်းလင်းက တကယ်ကို အသုံးမကျဘူး…တစ်နေ့လုံးနေမှ ခြောက်ထည်ပဲ ရောင်းရတယ်၊ တကယ့် အမှိုက်ပဲ"
သူ ဒေါသတကြီး ပြောလိုက်၏။
ကွမ်ထင်းထင်းသည် ချက်ချင်းပင် မတ်မတ်ရပ်လိုက်ပြီး လောဘတကြီး မေးမြန်းသည်။
"ဝင်ငွေက ဘယ်လောက်ရလဲ"
"ဝင်ငွေကတော့ မဆိုးပါဘူး၊ ဒါပေမဲ့ ငါတို့ဆီမှာ ပစ္စည်းတွေ အများကြီး ကျန်သေးတယ်၊ အရင်းကျေဖို့တောင် အဝေးကြီး လိုသေးတယ်"
သူသည် ကုလားထိုင်ပေါ်တွင် နောက်မှီထိုင်လိုက်ရင်း
"ငါမှတ်မိသလောက် ချန်ချင်းယွီ ရောင်းတုန်းက လူတွေ အများကြီးပဲ… ဒါပေမဲ့ လီလင်းလင်းကတော့ တကယ့်ကို အသုံးမကျဘူး၊ အမှန်တော့ ဒီနေ့ လာမေးတဲ့လူတွေ တော်တော်များသား၊ ဒါပေမဲ့ အဲဒီငတုံးမက ငုံးငှက်လို ကုပ်ကုပ်လေး လုပ်နေတာ… စကားလည်း မပြောတတ်၊ အသံကလည်း တိုးတိုးလေး၊ အဲဒါကြောင့် လူတွေ အများကြီး ထွက်သွားကုန်လို့ ရောင်းအား မကောင်းတာ"
သူသည် ဆိုင်နေရာ၊ ကုန်ပစ္စည်း သို့မဟုတ် ဈေးနှုန်းတို့တွင် ပြဿနာရှိသည်ဟု မတွေးဘဲ လီလင်းလင်း အသုံးမကျခြင်းကြောင့်သာ ဖြစ်သည်ဟု အပြစ်ပုံချနေခြင်း ဖြစ်၏။ သူကိုယ်တိုင် စောင့်ကြည့်နေခဲ့သဖြင့် လူအဝင်အထွက် များပြားသည်ကို သူ ကောင်းစွာ သိရှိပေသည်။
"ဒါဆို တို့တွေ ဘာလုပ်ကြမလဲ"
"သူမကို ဖြည်းဖြည်းချင်း သင်ပေးရမှာပေါ့၊ ဒါကလွဲလို့ တခြားဘာလုပ်လို့ရဦးမှာလဲ"
သူသည် စိတ်ပျက်လက်ပျက်ဖြင့် နားထင်ကို နှိပ်လိုက်၏။
ကွမ်ထင်းထင်း လက်ဝါးဖြန့်ကာ
"ပိုက်ဆံတွေ ရော"
ယွမ်ဟောက်ဖုန်း : "ငါ့ဆီမှာပဲ အရင်ထားလိုက်ဦး… ပစ္စည်းတွေ အားလုံးရောင်းပြီးမှ စာရင်းရှင်းကြတာပေါ့၊ မဟုတ်ရင် ငါ စာရင်းတွေ ရှုပ်ကုန်လိမ့်မယ်"
"ဒါဆိုလည်း ပြီးတာပဲ"
ကွမ်ထင်းထင်း ဆက်၍
"ဒါနဲ့... မနက်ဖြန် သူ အလုပ်ဆင်းရင် ဆိုင်ဆက်ထွက်ခိုင်းရမလား"
"အင်း"
ယွမ်ဟောက်ဖုန်း : "ငါ ဒီည အိမ်မှာ ထမင်းမစားတော့ဘူး၊ လီလင်းလင်းဆီ သွားရှာမလို့…သူမကို နည်းနည်း သင်ကြားပေးပြီး ချော့မော့ထားရမယ်၊ ဒါမှ ငါတို့အပေါ် လုံးလုံးလျားလျား သစ္စာရှိနေမှာ"
"ကောင်းပြီလေ"
ကွမ်ထင်းထင်း သဘောတူကာ၊
သူမသည် မာနတခွဲသားဖြင့် ပြုံးလျက်
"အဲဒီကောင်မက ငါ့ကို ပြိုင်ချင်သေးတယ်၊ နောက်ဆုံးတော့လည်း ငါတို့ရဲ့ ကျွန် ဖြစ်နေတာပဲ မဟုတ်လား"
"မင်း အဲဒီအမူအရာကို အပြင်မှာ သွားမပြနဲ့ဦး"
"ကျွန်မက ဒါလောက်တောင် မသိဘဲ နေမလား…ရှင့်အလုပ်ကို ဖျက်ဆီးမှာ မဟုတ်ပါဘူး၊ ရှင် အဲဒီလို ငတုံးမတွေကို ငါတို့အတွက် အလုပ်အကျွေးပြုဖို့ ထပ်ရှာနိုင်ရင် တောင်မှ ပိုကောင်းဦးမယ်၊ ဟေး... ရှင် ချန်ချင်းယွီကိုပါ ရှင့်ဘက်ပါအောင် ဆွဲဆောင်နိုင်ရင် မကောင်းဘူးလား…သူမက အရောင်းအဝယ် တော်တော် တော်တာလေ"
သူမသည် စမ်းသပ်လို၍ ပြောခြင်းလော သို့မဟုတ် စိတ်ရင်းဖြင့် ပြောခြင်းလော မသဲကွဲချေ။
သို့သော် ယွမ်ဟောက်ဖုန်း ခေါင်းခါယမ်းလျက်
"သူကတော့ မရဘူး၊ ငါ တစ်ခါမှ ထည့်မတွေးဖူးဘူး… မင်းက ဒီအိမ်ကို နောက်မှ ရောက်လာတာဆိုတော့ မသိဘူး၊ ချန်ချင်းယွီနဲ့ သူ့ယောကျ်ားက အချစ်တွေ သိပ်နက်ရှိုင်းခဲ့တာ…အခု သူမ အဘွားကြီးကျောက်နဲ့ ဘယ်လောက်တောင် ရူးရူးမူးမူး ပေါင်းနေလဲ တွေ့တယ်မလား၊ အမှန်တော့ ချန်ချင်းယွီကလည်း သာမန်မိန်းမ မဟုတ်ဘူး.. လင်းကျန့်ဝမ်ဆုံးတုန်းက သူကကြွက်သတ်ဆေးစားပြီး သေကြောင်းကြံစည်ရဲတဲ့အထိ လုပ်ခဲ့တာ၊ တော်သေးလို့ အဲဒီခေတ်က ဆေးတွေက အာနိသင် သိပ်မရှိလို့ပေါ့၊ မဟုတ်ရင် သူ ဒီအိမ်မှာ ရှိနေမှာ မဟုတ်ဘူး"
ကွမ်ထင်းထင်းမှာ အလွန်အံ့အားသင့်သွားရသည်။
"ကြွက်သတ်ဆေး စားတယ် ဟုတ်လား"
"ဟုတ်တယ်…စက်ရုံတံခါးဝမှာ ကြိုးဆွဲချသေဖို့အထိတောင် လုပ်ခဲ့သေးတာ၊ ကြည့်ရတာတော့ နုနုနယ်နယ်လေးနဲ့၊ ဒါပေမဲ့ ရူးသွပ်လာရင် တကယ်ကို ကြောက်ဖို့ကောင်းတယ်… ဒီနှစ်ပိုင်းတွေမှာ အေးအေးဆေးဆေး ရှိနေပေမဲ့ ဘယ်အချိန်မှာ ထပ်ပြီး အဲဒီလို သောင်းကျန်းဦးမလဲ ဘယ်သူသိမလဲ၊ လင်းကျန့်ဝမ်အတွက် ကြွက်သတ်ဆေးစားပြီး သေရဲတယ်ဆိုကတည်းက သူတို့အချစ်က ဘယ်လောက်နက်ရှိုင်းလဲ သိသာတယ်၊ ပြင်ပလူတွေ သူ့နှလုံးသားကို ဖောက်ထွင်းဖို့ မလွယ်ဘူး… သူက ငါတို့အရပ်ထဲမှာ အချစ်ရူးမကြီးအဖြစ် နာမည်ကြီးတာ မင်းသိရဲ့လား… ပြီးတော့ အဘွားကြီးကျောက်ကလည်း သေချာပေါက် ကြားဖြတ်နှောင့်ယှက်မှာဆိုတော့ ပြဿနာတွေ အများကြီး တက်လိမ့်မယ်၊ ခက်ခဲပြီး အလုပ်ရှုပ်မယ့်အလုပ်မို့ ငါ့အချိန်တွေကို အလဟဿ အကုန်မခံချင်ဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း ဒုက္ခမရှာချင်ဘူး"
ကွမ်ထင်းထင်း မဲ့ပြုံးပြုံးလျက်
"ရှင်က သူမအကြောင်းကို အကုန်သိနေတာပဲ၊ တော်တော်လေး တွေးတောထားပုံရတယ်"
ယွမ်ဟောက်ဖုန်းသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီးမှ လေသံကို ပြန်ပြင်ကာ အခိုင်အမာ ပြောလိုက်သည်။
"ငါက တို့မိသားစု စီးပွားရေးအတွက်ပဲ စဉ်းစားတာပါ၊ ငါ့ရဲ့ စိတ်ရင်းအမှန် မဟုတ်ဘူးဆိုတာ မင်းသိပါတယ်"
သူသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်
"ဒါနဲ့ စကားမစပ်... ငါ မကြာခင်ကမှ အစ်မကြီးရှန့်ရှန့်နဲ့ ပြန်ပြီး အဆက်အသွယ် လုပ်ထားရသေးတယ်…သူမက ငါ့အပေါ် အရင်လို စိတ်မဝင်စားတော့ပေမဲ့ တို့တွေကြားမှာ သံယောဇဉ်လေးတော့ ရှိပါသေးတယ်၊ ဒီတစ်ခေါက် ဝယ်လာတဲ့ ဂျင်းဘောင်းဘီအချို့ကို သူမ ကူညီပြီး ရောင်းပေးနိုင်မလား ငါ သွားမေးကြည့်ဦးမယ်"
ကွမ်ထင်းထင်းလည်း ထောက်ခံကာ
"ကောင်းသားပဲ၊ အဲဒီလိုလုပ်တာ အဆင်ပြေတယ်"
ဤဇနီးမောင်နှံနှစ်ဦးမှာ တကယ့်ကို ထူးခြားဆန်းပြားသော လူသားများ ဖြစ်ကြပေသည်။ ပိုက်ဆံရရှိနိုင်မည်ဆိုပါက ၎င်းတို့သည် ဤကဲ့သို့သော အရှက်သိက္ခာမဲ့သည့် ကိစ္စရပ်များကို အမှုမထားကြချေ။
ယွမ်ဟောက်ဖုန်းသည် အပြင်သို့ အမြန်ထွက်လာခဲ့ပြီး မကြာမီပင်~~ သူနှင့် လီလင်းလင်းတို့သည် တစ်ဦးနောက်တစ်ဦး ခွာ၍ ထွက်လာခဲ့ကြသည်။ လမ်းသွယ်ထဲမှ ထွက်လာပြီးနောက် မလှမ်းမကမ်းအရောက်တွင်မူ သူတို့နှစ်ဦး ယှဉ်တွဲလျက် လျှောက်လှမ်းခဲ့ကြ၏။
လီလင်းလင်းသည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်
"အစ်ကိုဟောက်ဖုန်း၊ တို့တွေ ဘယ်သွားကြမလို့လဲဟင်"
ယွမ်ဟောက်ဖုန်းမှာ တိုးတိုးညင်သာသော လေသံဖြင့်
"အပြင်ထွက်ပြီး ထမင်းစားကြမလို့ပေါ့… မင်းတစ်နေ့လုံး အလုပ်ရှုပ်နေတာ၊ မွန်းတည့်တုန်းကလည်း ဘာမှ ကောင်းကောင်းမစားရသေးဘူးမလား၊ ဒီညတော့ ကိုယ် မင်းကို အကောင်းစားတစ်ခုခု ကျွေးရမှာပေါ့"
လီလင်းလင်းသည် သူ့ကို မြတ်နိုးတွယ်တာသည့် အကြည့်များဖြင့် ကြည့်ရှုနေမိသည်။
"တစ်ခုခုစားပြီးရင် ပန်းခြံထဲမှာ ခဏလောက် သွားထိုင်ကြတာပေါ့"
"ဟုတ်ကဲ့..."
သူတို့နှစ်ဦးသည် ဖယ်ခွာ၍မရလောက်အောင် တပူးတွဲတွဲ ရှိနေကြ၏။ စက်ဘီးကို အရှိန်ပြင်းပြင်းဖြင့် နင်းလာသော အဘွားကြီးကျောက်သည် "ဟင်..." ဟု ရေရွတ်လိုက်မိ၏။
သူမသည် စက်ဘီးကို ဘရိတ်အုပ်လိုက်ပြီး လမ်းတစ်ဖက်ရှိ ထိုနှစ်ဦးကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးပြူးလိုက်မိသည်။
ဒီနှစ်ယောက်က ဘာလို့ ထပ်ပြီး ပူးကပ်နေကြပြန်တာလဲ…
သူမသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း စပ်စုချင်စိတ်မှာ အရာအားလုံးကို လွှမ်းမိုးသွားသဖြင့် စက်ဘီးဖြင့် တိတ်တိတ်လေး နောက်မှ လိုက်သွားလေတော့သည်။ ဤကဲ့သို့သော ပွဲကြီးကို ကြည့်ရှုရန် သူမ မအောင့်အီးနိုင်ပေ။
ယွမ်ဟောက်ဖုန်း : "မင်းနဲ့ ဒီလိုယှဉ်တွဲလမ်းလျှောက်ရတာ ကိုယ် တကယ်ကို ပျော်တာပဲ… တို့နှစ်ယောက်က ကံပါလာတဲ့ စုံတွဲတွေလိုပဲ ခံစားရတယ်..."
လီလင်းလင်းမှာ စိတ်လှုပ်ရှားသွားရသည်။ သူမသည် မော့ကြည့်ကာ
"အစ်ကိုဟောက်ဖုန်း၊ ညီမ သိတာပေါ့၊ သိတာပေါ့၊ တို့နှစ်ယောက်က ရေစက်ရှိလို့ တွေ့ရတာဆိုတာ ညီမ သိနေခဲ့သားပဲ... ခဏနေရင် ပန်းခြံထဲမှာ လှေသွားစီးကြမလားဟင်"
"မစီးပါဘူး"
"ဟင်... ဘာလို့လဲ"
"ဟားဟားဟား... ကိုယ်လည်း စီးချင်တာပေါ့၊ ဒါပေမဲ့ အခုချိန်ဆို လှေဆိပ်တွေ အားလုံး ပိတ်လောက်ပြီ ထင်တယ်။ လှေစီးဖို့ကတော့ မဖြစ်နိုင်တော့ဘူး၊ မင်းက ကိုယ့်ကိုပဲ လှေတစ်စင်းလို သဘောထားပြီး စီးလို့ရတာပဲကို..."
"အစ်ကိုဟောက်ဖုန်းကတော့ တကယ့်ကို လူဆိုးကြီးပဲနော်... အဟင့်"
လက်သီးဆုပ်လေးဖြင့် ဖွဖွထုလိုက်၏။
အဘွားကြီးကျောက်သည် ပါးစပ်ကို ပိတ်ကာ ပြတ်ပြတ်သားသားပင် ပြန်လှည့်လာခဲ့တော့သည်။
မဖြစ်ဘူး… သူမ ဆက်ပြီး မကြည့်
နိုင်တော့ဘူး…
သူမသည် အတင်းအဖျင်း ပြောရသည်ကို မမုန်းသော်လည်း ဤကဲ့သို့သော ပလီပလာ စကားလုံးများမှာ သူမ၏ အသက်အရွယ်နှင့် မအပ်စပ်လှပေ။ တကယ့်ကို ပျို့အန်ချင်စရာပင်…
သူတို့က ပန်းခြံကိုသွားကြမယ် ဟုတ်စ…
ဇနီးဖြစ်သူ ကွမ်ထင်းထင်း အိမ်မှာ ရှိနေဆဲဖြစ်ပါလျက် ၎င်းတို့ အဘယ်ကြောင့် ဤမျှအထိ သတ္တိကောင်းနေကြသနည်း။
အဘွားကြီးကျောက်သည် ချန်ချင်းယွီကို အခြေအနေ သွားရောက်ကြည့်ရှုရန် ခေါ်ယူဖို့ ရည်ရွယ်ချက်ဖြင့် စက်ဘီးကို အိမ်သို့ အမြန်နင်းပြန်ခဲ့တော့သည်။
ဘုရားရေ... သူတို့နှစ်ယောက် ဒီလောက်အထိ ရဲတင်းနေတာလား…
"ချွေးမရေ... အမေ ပြန်လာပြီ"
ချန်ချင်းယွီ : "ကွက်တိပဲ အမေ.. ညစာ အဆင်သင့်ဖြစ်နေပြီ၊ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ ဝယ်ထားတာ"
အဘွားကြီးကျောက် : "တို့ကလေးတွေကတော့ တကယ့်ကို အားကိုးရပေ့တယ်"
သူမ ချန်ချင်းယွီအနားသို့ ချဉ်းကပ်၍ လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့်
"ပွဲကောင်းတစ်ပွဲ ကြည့်ချင်လား"
ချန်ချင်းယွီ မျက်ခုံးပင့်လျက်
"ဘာပွဲလဲ အမေ"
"ဟိုလေ... ဖောက်ပြန်နေတဲ့..."
အဘွားကြီးကျောက် စကားလုံးကို ဆွဲ၍ ပြောလိုက်သည်။
ချန်ချင်းယွီ : "........."
အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ ဘေးတစ်ဖက်တစ်ချက်တွင် ကပ်လျက် တိုးတိုးတိတ်တိတ် ပြောပြလိုက်၏။
ချန်ချင်းယွီ : “…”
"သွားမယ်၊ သွားမယ်…တို့တွေ သွားကြည့်ကြမယ်"
သူမ စိတ်အားထက်သန်စွာ အော်ဟစ်လိုက်သည်။ သူမ၏ စပ်စုချင်စိတ်မှာ ပြင်းပြေနေ၏။
"တို့တွေ သိသွားပြီဆိုမှတော့ ချန်လှပ်ထားလို့ မဖြစ်ဘူးလေ…ဒါနဲ့... အမေ၊ အဲဒါ ဘယ်ပန်းခြံလဲ သိလား"
"မေးနေဖို့ လိုသေးလားအေ၊ ဒီအနီးအနားမှာ ဒီတစ်ခြံပဲ ရှိတာကို… သူတို့ အဲဒီကိုပဲ သွားကြတာ သေချာတယ်"
အဘွားကြီးကျောက် ဆက်၍
"ညည်းလည်း သိတဲ့အတိုင်း ယွမ်ဟောက်ဖုန်းက တကယ့် ကပ်စေးနဲပဲလေ…ရှီရှောင်ဝေ ပြောတာ တကယ် မှန်တယ်၊ သူက တကယ့်ကို တွန့်တိုတာ၊ သူသာ သဘောကောင်းရင် ဟိုတယ်အသေးလေး တစ်ခုခုမှာ သွားထိုင်လို့ ရတာပဲ… ဒီရက်ပိုင်း ရာသီဥတုက တော်တော်အေးနေတာကို၊ အပြင်မှာ တိမ်တွေတောင် အုံ့နေပြီ၊ သူတို့ရဲ့ အချစ်တွေကို ဖော်ပြဖို့ ကောင်းမွန်တဲ့နေရာတစ်ခုတောင် မရှာနိုင်ကြဘဲနဲ့ အဲဒီ အခမဲ့ဝင်ရတဲ့ ပန်းခြံကိုပဲ သွားကြတယ်"
ချန်ချင်းယွီ ရယ်မောလျက်
"ပန်းခြံသွားတာက ပုံမှန်ပဲ မဟုတ်လား အမေ"
ချစ်သူသဘာဝ ချိန်းတွေ့ကြလျှင် ပန်းခြံသွားကြသည်မှာ သဘာဝပင် ဖြစ်သည်။ အကယ်၍ ဟိုတယ်အသေးစားလေးများကို သွားကြလျှင် ပို၍ အန္တရာယ်မများပေလော့။
"ကျွန်မထင်တာတော့ ပန်းခြံသွားတာပဲ ကောင်းပါတယ်… ဟိုတယ်အသေးလေးတွေ သွားရင် လူတွေ အထင်လွဲကုန်ဦးမယ်၊ ယွမ်ဟောက်ဖုန်းက အိမ်ထောင်ရှိရက်သားနဲ့လေ… ပြီးတော့ ဟိုတယ်ထဲ ရောက်သွားရင် ဘာတွေဖြစ်ကုန်မလဲ ဘယ်သူသိမှာလဲ... အပြင်မှာဆိုရင်တော့ အဲဒီလိုမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ"
"ညည်းက ငယ်သေးတော့ ဘာမှ နားမလည်သေးပါဘူးအေ၊ ဘာလို့ အဲဒီလို ပြောနိုင်ရတာလဲ… လူတွေက ဘာကို အထင်လွဲရမှာလဲ၊ သူတို့မှာ အဲဒီလို စိတ်ကူးတွေ ရှိပြီးသား မဟုတ်ဘူးလား… ပြီးတော့ ပန်းခြံထဲမှာဆိုရင် သူတို့ ငြိမ်ငြိမ်လေး နေကြလိမ့်မယ်လို့ ငါတော့ မယုံဘူး"
အဘွားကြီးကျောက် တဟီးဟီး ရယ်မောလိုက်သည်။ ဤအဘွားအိုသည် လောကကြီးကို အရာရာ မြင်တွေ့ဖူးသူ ဖြစ်သဖြင့် ဤကဲ့သို့သော ကိစ္စရပ်များကို ကောင်းစွာ သိရှိနားလည်၏။
"အပြင်မှာ ဖြစ်နေရင်တောင် သူတို့တွေ ဖြစ်ပျက်သွားကြလိမ့်မယ်…”
ချန်ချင်းယွီ : "တကယ်ပဲ အဲဒီလောက်အထိ ဆိုးရွားမှာလား"
"လောင်းရဲတယ်အေ"
သူမ ဆိုကာ
"သူတို့တွေ ဖြစ်ပျက်သွားကြလိမ့်
မယ်လို့ ငါ လောင်းတယ်… ညည်း လောင်းမလား"
ချန်ချင်းယွီ : "လောင်းတာပေါ့၊ ယွမ်တစ်ဆယ်နော်"
အဘွားကြီးကျောက် : "ဝိုး"
သူမသည် စိတ်လှုပ်ရှားစွာဖြင့်
"ကောင်းပြီလေ… ဒါ တကယ့် အလောင်းအစားကြီးပဲ"
ယွမ်တစ်ဆယ် ဟူသည်မှာ သူမ၏ လစာငွေ သုံးပုံတစ်ပုံနီးပါး မျှ ရှိပေသည်။
သို့သော် သူမသည် မိမိရှုံးနိမ့်မည် မဟုတ်ဟု အခိုင်အမာ ယုံကြည်နေ၏။ ချန်ချင်းယွီကဲ့သို့သော လူငယ်များသည် အရာရာကို အကောင်းမြင်လွန်းကြသည်။ အမျိုးသားများမှာ စိတ်ကို ထိန်းချုပ်နိုင်လိမ့်မည်ဟု သူမ မယုံကြည်ချေ၊ အထူးသဖြင့် လီလင်းလင်းသည် အမြဲတမ်း အလိုလိုက် အကြိုက်ဆောင်နေတတ်သည် မဟုတ်လော့။
အဘွားကြီးကျောက် : "လောင်းကြေး ထပ်ပြီးပြီနော်ပြန်
ပြင်လို့ မရဘူး"
ချန်ချင်းယွီ ခေါင်းညိတ်လိုက်သည်။
လင်စန်းရှင်းသည် လီလင်းလင်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားခဲ့ရာ၊ လီလင်းလင်းအနေဖြင့်... ပန်းခြံထဲမှာ ယွမ်ဟောက်ဖုန်းနှင့် တကယ်ပဲ တစ်ခုခု... တစ်ခုခု ဖြစ်ပျက်သွားမှာ မဟုတ်ပါဘူးနော်…
ဖြစ်နိုင်ခြေတော့ မရှိလောက်ပါဘူး… ဟုတ်တယ်မလား…
ချန်ချင်းယွီသည် အကောင်းမြင်စိတ် မွေးမြူရန်သာ ဆုံးဖြတ်လိုက်တော့သည်။ သူမအနေဖြင့် ယွမ်ဟောက်ဖုန်း၏ စိတ်ဓာတ်ကို ယုံကြည်၍ မဟုတ်ဘဲ လီလင်းလင်းတွင် အသိတရား အနည်းငယ် ရှိသေးလိမ့်မည်ဟု လောင်းကြေးထပ်ထားခြင်း ဖြစ်၏။
အဘွားကြီးကျောက် : "စားကြစို့၊ စားကြစို့၊ စားပြီးရင် ဘာတွေဖြစ်နေလဲ သွားကြည့်ရအောင်..."
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ချောင်းကြည့်လျက်
"ဘာကို သွားကြည့်မှာလဲ မေမေ"
ချန်ချင်းယွီ : "မင်းတို့နှစ်ယောက် အိမ်မှာပဲ ငြိမ်ငြိမ်နေ၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေကို လျှောက်မမေးနဲ့"
"ဟုတ်ကဲ့ပါ..."
ကလေးနှစ်ဦးမှာ ပြန်ပြောကြ၏။ ၎င်းတို့သည် မိခင်ဖြစ်သူ၏ အလိုကို ကောင်းစွာ နားလည်ကြသဖြင့် သူမ ထိုသို့ပြောလျှင် ဝင်ရောက်မစွက်ဖက်သင့်ကြောင်း သိကြပေသည်။
အလောင်းအစား ရှိနေသဖြင့် ၎င်းတို့သည် ထမင်းကို အမြန်စား၍ အိမ်မှ အလျင်အမြန် ထွက်ခွါခဲ့ကြ၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ အလွန်အမင်း စပ်စုလိုစိတ် မရှိကြချေ။ ရေဒီယို ရရှိထားကတည်းက သူတို့သည် ညနေတိုင်း ရေဒီယို နားထောင်လေ့ရှိပြီး စိတ်ဝင်စားစရာ မကောင်းသော အစီအစဉ်များ လာလျှင်လည်း တိတ်တိတ်လေး သီချင်းနားထောင်နိုင်ကြသည်။
ကလေးများ အိမ်၌ ကျန်ရစ်ခဲ့သော်လည်း ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့မှာမူ ခြေဖွဖွနင်းလျက် အိမ်ပြင်သို့ ထွက်လာခဲ့ကြ၏။ အိမ်မှထွက်လာပြီး မကြာမီပင် ရှေ့၌ လီချန်ရွှမ်းသည် ထမင်းဘူးတစ်လုံးကို ကိုင်ဆောင်ကာ လမ်းသွယ်တစ်ခုထဲသို့ ချိုးကွေ့ဝင်သွားသည်ကို လှမ်းမြင်လိုက်ရသည်။
အဘွားကြီးကျောက် : "သူ လျိုကျင့်ဆီ သွားတာ ဖြစ်ရမယ်…လျိုကျင့်မှာ ကိုယ်ဝန်ရှိနေပြီလေ"
"သူ့မိသားစုဝင်တွေ အားလုံးက တကယ်ကို အလုပ်ရှုပ်နေကြတာပဲ"
ချန်ချင်းယွီ စိတ်ရင်းဖြင့် လှိုက်လှိုက်လှဲလှဲ မှတ်ချက်ချလိုက်သည်။ ၎င်းတို့အားလုံးတွင် ကိုယ်စီ အလုပ်များ ရှိနေကြသည်မှာ အမှန်ပင်။
အဘွားကြီးကျောက် : "အင်း... အဲဒီလောက်လည်း မဟုတ်ပါဘူးအေ"
သူမသည် မိမိကိုယ်ကိုယ် အလွန် တက်ကြွလှုပ်ရှားသူဟု ထင်မှတ်ခဲ့ဖူးသော်လည်း ယခုအခါ အခြားလူများနှင့် နှိုင်းယှဉ်လျှင် မိမိကိုယ်ကိုယ် ဘာမှမဟုတ်သကဲ့သို့ ခံစားရ၏။ အပြင်ပန်းတွင် သိမ်မွေ့လေးနက်လှသည်ဟု ထင်ရသော ထိုလူများသည် ကွယ်ရာတွင် ပို၍ပင် လှုပ်ရှားနိုင်ကြသေးသည်။ ထိုအရာများမှာ သူမကို ရိုးအလှသော အဘွားအိုတစ်ဦးကဲ့သို့ ဖြစ်စေ၏။
အဘွားကြီးကျောက် ဆက်၍
"သူ့အကြောင်း ထားလိုက်ပါတော့အေ၊ သူတို့ သောင်းကျန်းတာတွေက ပျင်းစရာကောင်းပါတယ်.. တို့တွေ ပန်းခြံကိုပဲ သွားကြစို့"
ချန်ချင်းယွီ : "ကောင်းပါပြီ"
"ယွမ်တစ်ဆယ်၊ ယွမ်တစ်ဆယ်..."
အဘွားကြီးကျောက် ကြွေးကြော်လိုက်၏။
ချန်ချင်းယွီ : "..."
အဘွားကြီးကျောက်၏ လေသံမှာ "တာ့ချွေရဲ့ လက်သီးဆုပ် ရှစ်ဆယ်" ပြဇာတ်ထဲက "ရှစ်ဆယ်... ရှစ်ဆယ်..." ဆိုသည့် လေသံအတိုင်းပင် ဖြစ်နေတော့သည်။
T/N- အဲ့ဒါနာမည်ကြီးပြဇာတ်တစ်ခုပါ၊ လုပ်အားခတောင်းတဲ့နေရာမှာ ရည်ညွှန်းတာပါ၊ တူကြီးဆို ရှစ်
ဆယ်၊ တူသေးဆို လေးဆယ်ပေးတာ၊ အဲ့ဒါကို ထုတဲ့သူက တစ်
ချက်ထုတိုင်း ရှစ်ဆယ်ရှစ်ဆယ်ဆိုပြီး အားကြိုးမာန်တက် ဆက်တိုက်ရွတ်တာ၊ အဲ့မှာ ဗန်းစကားဖြစ်လာတာ၊ စကားတစ်လုံးကို ထပ်တလဲလဲ သံစဉ်ကိုက် ရွတ်နေတဲ့နေရာမှာသုံးတာပါ၊
ယောက္ခမနှင့် ချွေးမနှစ်ဦးသည် ပန်းခြံသို့ အပြေးအလွှား လာခဲ့ကြ၏။ ထိုပန်းခြံမှာ ၎င်းတို့အရပ်ရှိ တစ်ခုတည်းသော ပန်းခြံဖြစ်ပြီး အလွန်မကျယ်ဝန်းလှချေ။ ယခင်နှစ်များအတွင်း မတူညီသော မူဝါဒများကြောင့် ပျက်စီးဆုံးရှုံးခြင်း မရှိခဲ့သဖြင့် ပန်းခြံတစ်ခုလုံး စိမ်းလန်းစိုပြည်လျက် ရှိပေသည်။
ချန်ချင်းယွီ : "သူတို့ ဘယ်မှာလဲ အမေ"
အဘွားကြီးကျောက် ; "သူတို့ ထမင်းစားလို့ ပြီးလောက်ပြီ ထင်တယ်။ လူနှစ်ယောက်တည်း စားနေတာ၊ အခုထိတော့ စားမနေလောက်ပါဘူး"
ညနေခင်းတွင် တိမ်များ အုံ့ဆိုင်းနေသဖြင့် ပန်းခြံထဲ၌ လူမစည်ကားလှပေ။ ယောက္ခမနှင့် ချွေးမနှစ်ဦးသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲရှာဖွေခဲ့ကြသည်။
ချန်ချင်းယွီ : "ရာသီဥတု မကောင်းလို့ သူတို့ အိမ်ပြန်သွားကြတာများလား"
အဘွားကြီးကျောက် ချန်ချင်းယွီကို တစ်ချက်ကြည့်ကာ
"နင်ကတော့ ယောကျ်ားနဲ့ မိန်းမအကြောင်း ဘာမှ နားမလည်သေးပါဘူးအေ၊ ခိုးစားရတဲ့ အလုပ်က ပိုပြီး ခက်ခဲလေလေ၊ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလေလေပဲ"
ချန်ချင်းယွီ : "..."
ဘာမှပြန်မပြောနိုင်တော့ပါဘူး…
အဘွားကြီးကျောက် ဆက်၍
"ငါက နင် လမ်းလျှောက်ခဲ့တဲ့ ခရီးထက် ဆားကို ပိုစားဖူးတာပါအေ၊ နင်ကတော့ ဘာမှ နားမလည်သေးဘူး၊ တို့တွေ ထပ်ရှာကြည့်ရအောင်... ဟော... ဟိုမှာ... ကြည့်စမ်း၊ တွေ့ပြီ..."
သူမ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ထို့နောက် အဘွားကြီးကျောက်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းကိုလှည့်ကာ ချန်ချင်းယွီကို မော့ကြည့်ရင်း
"ငါ နင့်ကို ပြောသားပဲ…သူတို့ အဲဒီမှာ ရှိနေမယ်ဆိုတာ ငါ သိသားပဲ… နင့်ကို ပြောပြီးသားနော်၊ ယွမ်တစ်ဆယ်၊ ယွမ်တစ်ဆယ်..."
ချန်ချင်းယွီမှာ ဆွံအသွားရပြီး နှုတ်ခမ်းများ တွန့်ကွေးသွားရတော့သည်။ အဘွားကြီးကျောက် ပြောသည်မှာ ကွက်တိပင် မှန်ကန်နေ၏။ သူတို့သည် ထိုနေရာတွင် ရှိနေရုံတင်မကဘဲ...
ထိုနှစ်ဦးသည် မြစ်ကမ်းနားရှိ ခုံတန်းလျားတစ်ခုပေါ်တွင် တစ်ဦးကိုတစ်ဦး ဖက်လဲတကင်းဖြင့် နမ်းရှုပ်နေကြခြင်း ဖြစ်သည်။
တကယ့်ကို အချစ်မီးတွေ တောက်လောင်နေကြခြင်းပင်…
ရာသီဥတုမှာ အုံ့မှိုင်းနေပြီး ပတ်ဝန်းကျင်တွင် လူသူကင်းမဲ့နေသဖြင့် ၎င်းတို့နှစ်ဦးသည် အခြားသူများကို ဂရုမစိုက်ကာ သူတို့ကိစ္စ၌သာ အာရုံစူးစိုက်နေကြ၏။
အဘွားကြီးကျောက်သည် ပို၍ပင် ကျေနပ်အားရသွားကာ ချန်ချင်းယွီကို သစ်ပင်တစ်ပင်၏ နောက်ကွယ်သို့ ဆွဲခေါ်လိုက်၏။
"တို့တွေ တိတ်တိတ်လေး ချောင်းကြည့်လို့ လန့်သွားရင်တောင် မျက်နှာ သွားမပြနဲ့ဦး၊ မဟုတ်ရင် လူတွေက တို့ကို တစ်ခုခု ဖြစ်နေတယ်လို့ ထင်ကုန်လိမ့်မယ်၊ အဲဒါကြောင့် ပြောတာပေါ့... နင် မသိပါဘူးဆိုတာ၊ သူတို့ လုပ်နေတာက ထင်းခြောက်နဲ့ မီးရဲရဲ တွေ့သလိုပဲလေ… ပန်းခြံဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဂရုစိုက်မနေတော့ဘူး... အဲဒီလိုမျိုးတွေ ဖြစ်ပျက်တော့မှာပဲကို ဟိုတယ်အသေးလေးတစ်ခုတောင် မရှာနိုင်ကြဘူး၊ တကယ့်ကို ကပ်စေးနဲတွေပဲ"
ချန်ချင်းယွီသည် ချက်ချင်းပင် ခေါင်းညိတ်လိုက်မိသည်။ အမှန်ပင်... တိတ်တိတ်လေး ချောင်းကြည့်ရာတွင် သတိထားရန် လိုအပ်လှပေသည်။
သို့သော် မကြာမီပင် ချန်ချင်းယွီသည် မအောင့်နိုင်ဘဲ ရယ်မောလိုက်မိပြီး
"တို့တွေ ဘာလို့ ဒီလိုလုပ်နေကြတာလဲ အမေရယ်… အေးစက်နေတဲ့ ရာသီဥတုကြီးမှာ သူတို့ သောင်းကျန်းတာကို လာကြည့်ပြီး ဂုဏ်ယူဝင့်ကြွားနေကြတယ်..."
အဘွားကြီးကျောက် : "ဒါက ပုံမှန်ပဲလေအေ၊ ဒါက ယွမ်တစ်ဆယ် တန်တဲ့ အရေးကြီးကိစ္စကြီးပဲ၊ ဘုရားရေ... သူတို့က ငါ့ရဲ့ ဝင်ငွေအတွက် ယွမ်တစ်ဆယ် ကူညီပေးလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး"
ချန်ချင်းယွီ : "…"
စကားပင် မဆိုနိုင်တော့ချေ။
ကောင်းပြီလေ…
ယွမ်တစ်ဆယ်ကြီးတောင်ပဲ…