← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉) အံဖွယ်လူသားများ

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့သည် တကယ့်ကို ပွဲကြည့်ပရိသတ်သက်သက်မျှသာ ဖြစ်ကြပေသည်။

သို့သော်လည်း ဝါရင့်ဝါနုဟူသည်မှာ စကားပြောလှရာ၊ အချို့သောအရာများကို နားလည်သဘောပေါက်ရန်အတွက် ဘဝအတွေ့အကြုံ တကယ် လိုအပ်လှ၏။

၎င်းတို့နှစ်ဦးသည် မလှမ်းမကမ်းရှိ သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် ပုန်းကွယ်လျက် ထိုစုံတွဲ ဖက်လဲတကင်း နမ်းရှုံ့နေကြသည်ကို စောင့်ကြည့်နေကြ၏။

ချန်ချင်းယွီ တိုးတိုးလေး ညည်းတွားလိုက်သည်။

"ဝက်ရိုးကြီးတစ်ချောင်းကို ကိုက်နေရင်တောင် ဒီလောက်အထိတော့ မဟုတ်ဘူး"

အဘွားကြီးကျောက် "အယ်..." ဟု ရေရွတ်ကာ၊ တွေးလိုက်မိ၏။

ညည်းရဲ့ တင်စားပုံက ငါ့ထက်တောင် အဆင့်အတန်း မရှိသေးပါလား…

လေပြင်းများ ပိုမိုတိုက်ခတ်လာသော်လည်း ပေကျင်းမြို့၏ နွေဦးရာသီ သဘာဝအရ အံ့ဩစရာ မဟုတ်ပေ။ ချန်ချင်းယွီသည် လက်မောင်းကို ပိုက်လျက် တိတ်တိတ်ဆိတ်ဆိတ် ခေါင်းခါယမ်းရင်း လီလင်းလင်းသည် တကယ့်ကို အရူးမတစ်ယောက်ပဲဟု တွေးနေမိသည်။ ၎င်းတို့ နေထိုင်ရာ ဝင်းကြီး၏ ဖုန်းရွှေ မကောင်းလွန်း၍လားမသိ၊ အဘယ်ကြောင့် လူများ ဒီလောက်အထိ အချစ်ရူး ဖြစ်နေကြသလဲဟူသည်ကို သူမ သံသယဝင်မိ၏။ အဘွားကြီးကျောက်လည်း လက်မှိုင်ချကာ အာရုံစိုက်၍ စောင့်ကြည့်နေဆဲ ဖြစ်သည်။

ယွမ်ဟောက်ဖုန်းနှင့် လီလင်းလင်းတို့သည် နောက်ဆုံးတွင်မှ လေးလံသော အသက်ရှုသံတို့ဖြင့် ခွါလိုက်ကြ၏။ ယွမ်ဟောက်ဖုန်း လီလင်းလင်းကို ပွေ့ဖက်ကာ

"လင်းလင်း၊ ကိုယ့်ရဲ့ စိတ်ရင်းအမှန်ကို ဒီထက်စောပြီး သိခဲ့ရင် သိပ်ကောင်းမှာပဲ… အဲဒီလိုသာဆိုရင် တို့တွေ ဒီထက်အများကြီး စောစောစီးစီး အတူရှိနေခဲ့ကြမှာ၊ အခုလို ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရမှာ မဟုတ်ဘူး၊ ကိုယ် တကယ် အားနာပါတယ်"

"အစ်ကိုဟောက်ဖုန်း၊ ဘာတွေ ပြောနေတာလဲ… အစ်ကိုဟောက်ဖုန်းက ညီမအပေါ် စိတ်ရင်းမှန်ရှိနေသရွေ့ ဘယ်လို အခက်အခဲမျိုးကိုမဆို တို့တွေ ကျော်လွှားနိုင်ပါတယ်၊ ဘုရားသခင်က တို့နှစ်ယောက်ရဲ့ သံယောဇဉ်ကို ပိုပြီး နက်ရှိုင်းစေချင်လို့ အခုလို အခက်အခဲမျိုး ပေးတာနေမှာပါ"

လီလင်းလင်းသည် ခိုင်မာထက်သန်ပြီး တွယ်တာလှသော လေသံဖြင့်

"ဒီလို ပြဿနာတွေ ရှိခဲ့လို့ပဲ ညီမ ကိုယ့်ကိုယ်ကိုယ် ပိုပြီး နားလည်လာတာ၊ အစ်ကိုဟောက်ဖုန်းကို သဘောကျနေမိမှန်းလည်း သိလာတာပါ"

ယွမ်ဟောက်ဖုန်း : "လင်းလင်း"

"အစ်ကိုဟောက်ဖုန်း”

ထို့နောက် ၎င်းတို့နှစ်ဦးသည် ထပ်မံ၍ နမ်းရှုပ်ကြပြန်သည်။

ချန်ချင်းယွီမှာမူ မျက်လုံးပြူးလျက်~~~

“…..”

အဘွားကြီးကျောက်လည်း ခေါင်းကို တရစပ် ခါယမ်းလိုက်ရာ သူမ၏ ခေါင်းမှာ အရုပ်မလေး လှုပ်ခါနေသကဲ့သို့ပင်။ သူမ တိုးတိုးလေး ကျိန်ဆဲပြီး

"ဒီမိန်းမရဲ့ ခေါင်းထဲမှာ ရေတွေချည်းပဲ ဝင်နေတာ သေချာတယ်…တကယ့်ကို ရေတွေချည်းပဲ၊ သူများ ဂျော်တာ ခံနေရတာကို ကိုယ်တိုင်က ပိုက်ဆံထိုင်ရေပေးနေသေးတယ်"

ချန်ချင်းယွီလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်မိသည်။ လီလင်းလင်းတစ်ယောက် ယွမ်ဟောက်ဖုန်း၏ မည်သည့်အချက်ကို သဘောကျနေသည်ကို ၎င်းတို့နှစ်ဦးလုံး လုံးဝနားမလည်နိုင်ကြချေ။

သို့သော် လီလင်းလင်းမှာ ယခုအချိန်တွင် အချစ်မီးများ တောက်လောင်လျက် စိတ်အာရုံ ထွေပြားနေရှာ၏။ သူမသည် ယွမ်ဟောက်ဖုန်းကို အားရပါးရ ဖက်တွယ်ထားပြီး ၎င်းတို့နှစ်ဦးသည် အင်္ကျီကြယ်သီးများကို အလျင်အမြန်ပင် ဖြုတ်လိုက်ကြတော့သည်။

ဟယ်… ဟယ်… သောက်ကျိုးနည်း..

ချန်ချင်းယွီမှာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်သွားရ၏။

ဘုရားရေ… ဘုရားရေ…

ဒါ ဘာလုပ်နေကြတာလဲ….

ရူးသွားကြပြီလား…

ကိုယ် ဘာလုပ်နေလဲဆိုတာကိုရော သိကြရဲ့လား…. စိတ်ကို မထိန်းနိုင်ရင်တောင် သင့်တော်တဲ့ နေရာတစ်ခုခု သွားရှာပါဦး…

ဒါက ပန်းခြံကြီးလေ၊ ပန်းခြံကြီးထဲမှာ…

ချန်ချင်းယွီသည် နှုတ်မှ တစ်လုံးမျှ မဟသော်လည်း သူမ၏ မျက်ဝန်းနှင့် အမူအရာတို့မှာ စကားလုံးပေါင်း ထောင်သောင်းမက ဖော်ပြနေပေသည်။ ဤလောကကြီးသည် တကယ့်ကို ထူးဆန်းအံ့ဩစရာ ကောင်းလှသည်ဟု သူမ ခံစားလိုက်ရ၏။

သူမက ဘေးသို့ လှည့်ကြည့်လိုက်သောအခါ အဘွားကြီးကျောက်၏ မျက်နှာတွင် "ငါ ကြိုတင်ခန့်မှန်းထားသားပဲ"၊ "သူတို့တွေ ငြိမ်ငြိမ်နေမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်"၊ "ငါက လောကကြီးကို အကုန်မြင်ဖူးပြီးသား" ဆိုသည့် အမူအရာမျိုး တွေ့ရှိလိုက်ရသည်။

အဘွားကြီးကျောက် ဘာမှမပြောဘဲ နှုတ်ခမ်းကိုသာ လှုပ်ရှားလျက် အသံမထွက်ဘဲ

"ယွမ်တစ်ဆယ်၊ ယွမ်တစ်ဆယ်၊ ယွမ်တစ်ဆယ်..."

တကယ့်ကို တာ့ချွေရဲ့ ရှစ်ဆယ် ရှစ်ဆယ် အော်ဟစ်သံအတိုင်းပဲ…

ချန်ချင်းယွီမှာ စကားဆွံ့အသွားရ၏။ သူမ အနည်းငယ် အာရုံလွင့်သွားစဉ်မှာပင် ထိုနှစ်ဦးသည် ခုံတန်းလျားပေါ်၌ လဲလျောင်းနေကြပြီ ဖြစ်သည်။

"ဘုရားရေ... ဒါ ပန်းခြံကြီးလေ။ နောက်လူတွေ ဒီခုံတန်းလျားပေါ်မှာ ဘယ်လိုလာထိုင်ရတော့မလဲ"

ချန်ချင်းယွီ တွေးကာ စိတ်ပျက်မိ၏။

အဘွားကြီးကျောက်သည်လည်း ဆွံ့အလျက် ဘာမှမပြောနိုင်တော့ပေ။ သူမသည် အလွန်အမင်း သန့်ရှင်းတတ်သူ မဟုတ်ကာ၊ သူမအရွယ် အဘွားအိုများမှာလည်း အနည်းငယ် ပေါ့ပေါ့ဆဆ နေတတ်ကြသော်လည်း၊ ယခုအခါတွင်မူ ကောင်းကင်ကြီးကို တိတ်တိတ်လေး မျှော်ကြည့်ကာ နောက်တစ်ခါ အပြင်ထွက်ရင် ဖျာတစ်ချပ် ယူလာရမယ်ဟု စိတ်ထဲက ကျိန်ဆဲနေမိတော့သည်။

ချန်ချင်းယွီသည် အလွန်တရာကို ဆွံ့အလျက် တိုးတိုးလေး မေးလိုက်၏။

"တို့တွေ ပြန်ကြမလား အမေ"

အဘွားကြီးကျောက် : "ခဏလောက် ထပ်ကြည့်ဦးမယ်အေ…အိမ်ပြန်လည်း ဘာမှလုပ်စရာ မရှိတာ"

ချန်ချင်းယွီမှာ လည်ပင်းအထိ နီမြန်းသွားရတော့သည်။

ဒါက ဘာကြည့်ချင်စရာ ရှိလို့လဲ…

ဤကမ္ဘာသို့ ကူးပြောင်းမလာခင် ဗီဒီယိုများထဲ၌ မြင်တွေ့ဖူးသော်လည်း အပြင်မှာ တိုက်ရိုက်မြင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် တကယ့်ကို အဓိပ္ပာယ်မရှိလှပေ။

သို့သော် ချန်ချင်းယွီတစ်ယောက် ဆက်ကြည့်ရမလားဟု တွေဝေနေစဉ်မှာပင် တစ်ဖက်လူမှာ အလုပ်ကိစ္စ ပြီးမြောက်သွားရှာ၏။ ချက်ချင်းပင်... ပြီးဆုံးသွားခြင်း ဖြစ်သည်။

အဘွားကြီးကျောက် : “နင့်မေကလွှား”

သူမသည် မုဆိုးမဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်ချီ ရှိပြီဖြစ်သော်လည်း ဤကဲ့သို့သော အခြေအနေကိုမူ ကောင်းစွာ သိရှိပေသည်။

ဒီယွမ်ဟောက်ဖုန်းကတော့... အစကနေ အဆုံးအထိ လေတစ်ချက် လည်တဲ့ အချိန်လောက်ပဲ ကြာတာပါလား…ဟူး...

ချန်ချင်းယွီမှာ ပို၍ပင် စကားဆွံ့အသွားရ၏။

ဒီလိုလူစားမျိုးက ဘာဖြစ်လို့ အစ်မကြီးရှန့်ရှန့်ရဲ့ အကြိုက်ကို ဆောင်နိုင်ရတာလဲ…. အဲဒီအစ်မကြီးက တကယ့်ကို ငတ်မွတ်နေလို့ပဲ ဖြစ်ရမယ်၊ ဘာပဲဖြစ်ဖြစ် စားလိုက်တာပဲလား… ဘုရားရေ…

သို့သော် မကြာမီပင် ချန်ချင်းယွီသည် တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိလိုက်သည်။ ယခင်၌ သူသည် ဤမျှအထိ ညံ့ဖျင်းလိမ့်မည် မဟုတ်ပေ။ အစ်မကြီးရှန့်ရှန့်ဆိုသည်မှာ အစားကြီးသော မိန်းမတစ်ဦးဖြစ်ပြီး တုံးအသူ မဟုတ်သည်ကို သူမ သိရှိ၏။ ယခင်၌ ယွမ်ဟောက်ဖုန်းသည် ဤသို့ မဟုတ်လောက်ကာ အစ်မကြီးရှန့်ရှန့်ကပဲ သူ့ကို အရည်ညှစ်ထုတ်လိုက်၍လား မသိဟု သူမ အတွေးကမ္ဘာထဲ မျောပါနေမိသည်။

အဘွားကြီးကျောက်မှာမူ အတွေးများစွာဖြင့် ကျန်ရစ်ခဲ့၏။

ဒီကောင်က ရုပ်လေးပဲ ရှိတာပါလား၊ ဟင်း... ဟင်း...

ယောက္ခမနှင့် ချွေးမနှစ်ဦးသည် အင်မတန် ရွံရှာစက်ဆုပ်ဖွယ် ပွဲကြီးကို စောင့်ကြည့်ခဲ့ကြသော်လည်း ကာယကံရှင်များကမူ လုံးဝ ရွံရှာပုံမရပေ။

လီလင်းလင်းသည် ယွမ်ဟောက်ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လျက်

"အစ်ကိုဟောက်ဖုန်းက တကယ်ကို တော်တာပဲနော်"

အဘွားကြီးကျောက် : "......"

ချန်ချင်းယွီ : "......"

အံ့ဩသွားရကာ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ချန်ချင်းယွီသည် ခေါင်းကို ကုတ်လျက် လီလင်းလင်းကို သေချာကြည့်မိ၏။

သူမက ရွဲ့ပြောနေတာလား…

သို့သော် ချန်ချင်းယွီ အတွေးလွန်သွားခြင်းသာ ဖြစ်ပြီး လီလင်းလင်းသည် ရွဲ့ပြောခြင်းမဟုတ်ဘဲ စိတ်ရင်းအမှန်ဖြင့် ပြောခြင်း ဖြစ်ပေသည်။

လီလင်းလင်းသည် မျက်နှာရဲတက်လျက်

"အစ်ကိုဟောက်ဖုန်း၊ အခုကစပြီး ညီမက အစ်ကိုဟောက်ဖုန်းရဲ့ လူဖြစ်သွားပြီနော်… တို့တွေ ပိုက်ဆံ အတူတူ ကြိုးစားစုကြမယ်၊ အစ်ကိုဟောက်ဖုန်း အဆင်ပြေပြေ ကွာရှင်းနိုင်ဖို့ ပိုက်ဆံအမြန်ပြည့်အောင် လုပ်ကြမယ်"

ယွမ်ဟောက်ဖုန်း လီလင်းလင်းကို ပုတ်လျက် ခေါင်းညိမ့်ပြကာ

"မင်းပြောတဲ့အတိုင်း လုပ်တာပေါ့"

သူ ဆက်၍

"ဒါက မင်းအတွက် ပထမဆုံးအကြိမ်ဆိုတော့ ကိုယ် မင်းကို မနာကျင်စေချင်ဘူး…အဲဒါကြောင့် အမြန် အဆုံးသတ်လိုက်တာ၊ နောက်နောင်ကျရင်တော့ တို့တွေ အသေအချာ..."

လီလင်းလင်း မျက်နှာနီမြန်းလျက် သူ့ပါးစပ်ကို ပိတ်ကာ

"အဲဒီလိုတွေ လျှောက်မပြောပါနဲ့၊ ရှက်စရာကြီး"

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကိုယ် မပြောတော့ဘူး…တခြားအကြောင်းအရာတွေပဲ ပြောကြရအောင်..."

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ဟဲဟဲ... ဒီကောင်ကတော့ တကယ့်ကို မျက်နှာအတော်ထူပါလား…

မစွမ်းဆောင်နိုင်ရင်လည်း မစွမ်းဆောင်နိုင်ဘူး ပြောပေါ့… ဆင်ခြေတွေ ပေးမနေနဲ့၊ သူများတွေကို ငတုံးအောက်မေ့နေတာလား…

သို့သော် ငတုံးမကြီး လီလင်းလင်းမှာ တကယ်ပင် ယုံကြည်သွားပုံရပြီး မျက်ရည်များပင် ဝဲလာရှာ၏။

တကယ့်ကို ငတုံးမပင်…

ယခုအချိန်တွင် ယွမ်ဟောက်ဖုန်းသည် စကားလမ်းကြောင်းကို အမှန်ပင် လွှဲပြောင်းလိုက်၏။ သူက ခဏမျှ တုံ့ဆိုင်းနေပြီးမှ စိုးရိမ်ပူပန်ဟန်ဖြင့်

"မင်းက ကိုယ့်ကို အမြဲတမ်း ကူညီပေးနေတော့ မင်းရဲ့ မိဘတွေက စိတ်ဆိုးကြမှာ မဟုတ်ဘူးလား"

လီလင်းလင်း : "သူတို့ စိတ်ဆိုးတော့ ဘာဖြစ်လဲ၊ သူတို့ စိတ်ဆိုးတာက ညီမရဲ့ ပျော်ရွှင်မှုကို တားဆီးနိုင်မှာမို့လို့လား… သူတို့ ညီမအတွက် စီစဉ်ပေးတဲ့ အောင်သွယ်ကိစ္စတွေကို ကြည့်ဦးလေ၊ သူတို့က ကိုယ့်မျက်နှာကိုယ်ပဲ ကြည့်ကြတာ၊ ညီမရဲ့ ခံစားချက်ကို လုံးဝ ဂရုမစိုက်ကြဘူး၊ အစ်ကိုဟောက်ဖုန်း... ညီမ အခု အစ်ကိုဟောက်ဖုန်းရဲ့ လူဖြစ်သွားပြီဆိုတော့ ဒီဘဝမှာ အစ်ကိုဟောက်ဖုန်းကလွဲလို့ ဘယ်သူ့ကိုမှ မယူဘူး… ဘယ်သူမှ တားလို့မရဘူး၊ တို့တွေကြားမှာ အခက်အခဲတွေ အများကြီး ရှိခဲ့တာ ညီမ သိပါတယ်… ဒါပေမဲ့ အချစ်ရှိနေသရွေ့ တို့တွေ အမြဲတမ်း ကျော်လွှားနိုင်မှာပါ"

ယွမ်ဟောက်ဖုန်း : "မင်းကို ဒုက္ခပေးမိလို့ ကိုယ် စိတ်မကောင်းပါဘူး"

"ညီမ ပျော်ပါတယ်၊ အတိုင်းထက်အလွန် ပျော်ပါတယ်…အစ်ကိုဟောက်ဖုန်းနဲ့ အတူရှိရတာက ညီမအတွက် အပျော်ဆုံးပဲ"

လီလင်းလင်းသည် ယွမ်ဟောက်ဖုန်းကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး လွှတ်မပေးတော့ပေ။

ယွမ်ဟောက်ဖုန်း : "ဒါဆို... မနက်ဖြန် ညနေ အလုပ်ဆင်းရင် စောစောပြန်လာပြီး ဆိုင်သွားခင်းလိုက်နော်"

"ကိုယ်က မင်းလို အလုပ်ဆင်းတာ မစောတော့ မင်းပဲ အရင်သွားနှင့်လိုက်ပါ… ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကိုယ် အလုပ်ဆင်းတာနဲ့ မင်းဆီ ချက်ချင်း လာရှာမှာမို့"

"ဟုတ်ကဲ့ပါ"

ယွမ်ဟောက်ဖုန်းသည် မျက်လွှာချလျက်

"ကိုယ် အရာအားလုံးကို မင်းအပေါ်ပဲ ပုံအပ်ထားတာ၊ ဒါပေမဲ့ မင်းကို တစ်ခုတော့ သတိပေးရမယ်"

"ဟင်... ဘာလဲဟင်"

ယွမ်ဟောက်ဖုန်း : "မင်း အရှက်သည်းမနေနဲ့ဦး… တို့တွေက ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာပဲ၊ ခိုးတာဝှက်တာလည်း မဟုတ်ဘူး၊ အဲဒီလောက်အထိ ကြောက်မွှေးပါနေစရာ မလိုပါဘူး… မင်းက တခြားလူတွေထက် ပိုတော်တယ်လို့ ကိုယ် ယုံကြည်တယ်၊ ချန်ချင်းယွီလည်း ဆိုင်ကောင်းကောင်း ခင်းနိုင်တာပဲ၊ ရွာကလာတဲ့ ချိုက်မင်မင်တောင် လုပ်နိုင်သေးတာ… သူတို့က မင်းလောက် မတော်ကြပါဘူး၊ အဲဒါကြောင့် မင်း သေချာပေါက် လုပ်နိုင်မှာပါ၊ လင်းလင်း... ကိုယ့်ကို စိတ်ပျက်အောင် မလုပ်ပါနဲ့နော်… မင်း အရောင်းအဝယ်ကို ကောင်းကောင်း လုပ်နိုင်လိမ့်မယ်လို့ ကိုယ် ယုံတယ်"

"ဒါပေမဲ့... ဒါပေမဲ့ ညီမက... ညီမ အဲဒီလို မဖြစ်ချင်ပါဘူး၊ ရင်တွေ အရမ်းခုန်နေလို့ပါ"

"ပစ္စည်းရောင်းတာက အရေးကြီးကိစ္စ မဟုတ်ပါဘူး၊ လုပ်ပါများရင် အဆင်ပြေသွားမှာပါ… မင်းက တခြားလူတွေထက်တော့ မညံ့နိုင်ပါဘူး ဟုတ်တယ်မလား၊ ကိုယ့်နှလုံးသားထဲမှာတော့ မင်းက အတော်ဆုံးပဲ… ကိုယ့်ကို စိတ်မပျက်စေပါနဲ့နော်၊ မင်း ချန်ချင်းယွီနဲ့ ချိုက်မင်မင်တို့ကို သာအောင် လုပ်ရမယ်"

ယွမ်ဟောက်ဖုန်း တမင်တကာ လီလင်းလင်း၏ စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ယနေ့ကဲ့သို့ အခြေအနေမျိုး ဖြစ်နေလျှင် သူ လုံးဝ စိတ်ကျေနပ်မှု မရှိနိုင်ပေ။ အမှန်ပင် စိတ်ပျက်မိ၏။

"ကိုယ့်ရဲ့ မိန်းမက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်စေချင်တာ"

လီလင်းလင်းသည် အမှန်ပင် စိတ်အားထက်သန်သွားရပြီး

"ညီမ သိပါပြီ၊ ညီမ သေချာပေါက် ကောင်းကောင်း လုပ်ပြမှာပါ။ စောင့်ရုံသာ စောင့်ကြည့်နေလိုက်ပါ"

သူမ ပြောဆိုကာ ယွမ်ဟောက်ဖုန်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လျက် လုံးဝ လွှတ်မပေးတော့ပေ။

ယွမ်ဟောက်ဖုန်း၏ မျက်ဝန်းများ ဝေ့ဝဲလှုပ်ရှားသွားပြီး

"မင်း သိပ်နားမလည်ရင် ချန်ချင်းယွီတို့ဆီမှာ နည်းနာနိဿယ သွားမေးလို့ ရတာပဲ… သူတို့ ဘယ်နားမှာ ဆိုင်ခင်းလဲ၊ နေရာကို ဘယ်လိုရွေးလဲ၊ ပုံမှန် ဈေးနှုန်းကို ဘယ်လိုသတ်မှတ်လဲ၊ ပြီးတော့ ပစ္စည်းအော်ရောင်းတဲ့အခါ ဘယ်လို လှည့်ကွက်တွေ သုံးလဲဆိုတာ သွားလေ့လာကြည့်ပေါ့၊ သူတို့ ဆိုင်ထွက်တာ မကြာသေးဘူးဆိုပြီး အထင်မသေးနဲ့ဦး၊ သူတို့က တို့ထက် အတွေ့အကြုံ ပိုရှိတယ်… ဒါတွေကို မင်း သိထားရင် အမှားအယွင်းတွေ အများကြီး ရှောင်ကွင်းနိုင်မှာ မဟုတ်ဘူးလား၊ တို့တွေက သူတို့ကို အမြတ်ထုတ်ဖို့ လုပ်တာမှ မဟုတ်တာ၊ ဒီလိုမျိုး ပညာချင်း ဖလှယ်တယ်ဆိုတာ အပြန်အလှန်ပဲလေ… မင်းတို့နှစ်ယောက်လုံးက လမ်းဘေးဈေးသည်တွေပဲဥစ္စာ၊ အကြံပြုချက်တွေ ဖလှယ်တာက တကယ်တော့ အကျိုးရှိပါတယ်"

လီလင်းလင်း : "ညီမက သူတို့နှစ်ယောက်လုံးနဲ့ မရင်းနှီးဘူးလေ"

"မရင်းနှီးရင်လည်း ဖြည်းဖြည်းချင်း မိတ်ဖွဲ့သွားလို့ ရတာပဲ၊ လုပ်ပါများရင် ကျွမ်းကျင်သွားမှာပေါ့…မင်းတို့က အမျိုးသမီးအချင်းချင်းဆိုတော့ စကားပြောရတာ ပိုလွယ်မှာပါ"

ယွမ်ဟောက်ဖုန်းကိုယ်တိုင်မူ သွားရောက်ပတ်သက်လိုစိတ် မရှိ၍ လီလင်းလင်းကိုသာ လှည့်ပတ်

ဖျောင်းဖျနေခြင်း ဖြစ်၏။ သူဆက်၍

"လင်းလင်း... မင်းလည်း သိတဲ့အတိုင်း ကိုယ် ဒါတွေလုပ်နေတာ တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက်လေ… ပိုက်ဆံအမြန်ဆုံး ပြည့်လေလေ၊ အဲဒီမိန်းမနဲ့ အမြန်ဆုံး ကွာရှင်းနိုင်လေလေပဲ"

"ညီမ သိပါတယ်၊ သိပါတယ်…ညီမ အစွမ်းကုန် ကြိုးစားမှာပါ"

လီလင်းလင်း မကျေမနပ်ဖြင့်

"အဲဒီမိန်းမက တကယ့်ကို အရှက်မရှိဘူး၊ အစ်ကို့ဆီကနေ ယွမ်တစ်သောင်းတောင် တောင်းရဲတယ်လို့…သူက ဘာမို့လို့လဲ၊ အဲဒီလောက် တန်လို့လား၊ သူ့မိသားစုတစ်ခုလုံးက တကယ့်ကို လူကောင်းတွေ မဟုတ်ကြဘူး"

ယွမ်ဟောက်ဖုန်း : "ကိုယ် ဘာလုပ်နိုင်မှာလဲ… သူမနဲ့ လက်ထပ်မိသွားပြီပဲဥစ္စာ၊ ကိုယ့်မှာ နောင်တရတာက မင်းရဲ့ ကောင်းကွက်တွေကို ဒီထက်စောစော မသိမိခဲ့တာပဲ"

လီလင်းလင်းလည်း

"ညီမ အစ်ကိုဟောက်ဖုန်းကို အပြစ်မတင်ပါဘူး၊ အပြစ်မတင်ပါဘူး…ညီမအပေါ် ထားတဲ့ အစ်ကိုဟောက်ဖုန်းရဲ့ စိတ်ကို ညီမ နားလည်ပါတယ်"

ထို့နောက် ၎င်းတို့နှစ်ဦးသည် ထပ်မံ၍ ချွဲပျစ်ပလီပလာ လုပ်ကြပြန်၏။

ချန်ချင်းယွီသည် ပျို့အန်တော့မည့် ပုံစံမျိုးဖြင့် ပါးစပ်ကို ပိတ်ထားမိပြီးမှ တိုးတိုးလေး ညည်းတွားလိုက်သည်မှာ ~~

"ဒီကောင် ဘာကို ဆိုလိုတာလဲ…ယွမ်တစ်သောင်း စုပြီး ကွမ်ထင်းထင်းကို ပေးလိုက်ရင် ကွာရှင်းပေးမယ် ဟုတ်လား၊ အဲဒါကိုတော့ ကျွန်မတော့ လုံးဝမယုံဘူး"

အဘွားကြီးကျောက် ခေါင်းခါယမ်းလျက်

"ညည်းမယုံလည်း ကိစ္စမရှိဘူး၊ လီလင်းလင်းက ယုံနေတာပဲဥစ္စာ"

"ဒီကောင်မလေးကတော့ တကယ့်ကို အသုံးမကျဘူး၊ ခေါင်းထဲမှာ အီးတွေချည်းပဲ ပြည့်နေတာ"

ထိုနှစ်ဦးသည် ခုံတန်းပေါ်တွင် ထပ်မံလဲလျောင်းလျက်... တစ်ဦးကိုတစ်ဦး တိုးတိုးတိတ်တိတ် ကပ်ပြောနေကြသည်ကို မြင်သောအခါ၊

ချန်ချင်းယွီသည် မျက်နှာပျက်ပျက်ဖြင့် အဘွားကြီးကျောက်ကို ဆွဲကာ

"ပြန်ကြစို့၊ ပြန်ကြစို့ အမေ… ကျွန်မဆက်မကြည့်နိုင်တော့ဘူး၊ တကယ့်ကို မျက်စိနောက်စရာကြီး"

အဘွားကြီးကျောက် : "ခဏလောက် ထပ်ကြည့်ပါဦးဦးအေ"

ချန်ချင်းယွီ : "ဒါဆို ကျွန်မ အရင်ပြန်နှင့်တော့မယ်..အိမ်ပြန်ပြီး မျက်စိ သွားဆေးရမယ်"

အဘွားကြီးကျောက် : "အို... ဒါဆိုလည်း ပြီးတာပဲ၊ ငါလည်း ညည်းနဲ့အတူ ပြန်မယ်…. ငါ့ကို တစ်ယောက်တည်း ထားခဲ့မသွားနဲ့ဦး.. အဲဒီနှစ်ယောက် သိသွားပြီး လူသတ်နှုတ်ပိတ်တဲ့အနေနဲ့ ငါ့ကို ရေကန်ထဲ ပစ်ချလိုက်ရင် ဒုက္ခ"

ချန်ချင်းယွီမှာ နှုတ်ခမ်းများမဲ့သွားရပြီး တိုးတိုးလေး ကဲ့ရဲ့လိုက်မိသည်။

"အမေကတော့ အတွေးတွေ တော်တော်လွန်နေတာပဲ"

"ကဲ... သွားကြစို့"

ဤသို့ဖြင့် ယောက္ခမနှင့် ချွေးမနှစ်ဦးသည် တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာခဲ့ကြတော့သည်။

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့ ပန်းခြံပြင်သို့ လျှောက်လှမ်းလာကြစဉ် အဘွားကြီးကျောက် ချန်ချင်းယွီကို တစ်ချက်ကြည့်ကာ

"ငါထင်တာတော့ နင် အတင်းအဖျင်းတွေထဲ ဝင်ပါပြီး သူတို့ အဲဒီလိုလုပ်နေတာကို တားလိမ့်မယ် ထင်နေတာ"

ချန်ချင်းယွီ မျက်ခုံးပင့်လျက်

"ကျွန်မက သူတစ်ပါးကိစ္စထဲ လျှောက်ပါမယ့်လူနဲ့ တူလို့လား အမေ… သူတို့က ကျွန်မနဲ့ ဘာမှပတ်သက်တာ မဟုတ်ဘဲ၊ ကျွန်မက ဘာလို့ အလုပ်ရှုပ်ခံရမှာလဲ"

သူမ ခဏမျှ ရပ်ပြီးမှ ပြုံး၍

"အမေက ကျွန်မကို တကယ့် လူကောင်းကြီးလို့ ထင်နေတုန်းပဲ ထင်တယ်"

အဘွားကြီးကျောက် : "နင်ကတော့ ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်ပြောဆိုဖို့ တကယ် သိတာပဲ၊ လူကောင်း ဟုတ်လား... အိုဘယ်.. နင့်ကို လူကောင်းလို့ ခေါ်လို့မရပါဘူးအေ၊ နင်က တခြားလူတွေအတွက် ကိုယ်ကျိုးစွန့်မယ့် လူကောင်းမျိုး မဟုတ်သလို၊ ရက်စက်ယုတ်မာတဲ့ လူဆိုးမျိုးလည်း မဟုတ်ပါဘူး"

သူမ၏ သုံးသပ်ချက်မှာ အမှန်တကယ် မျှတလှပေ၏။

ချန်ချင်းယွီ : "လောကမှာရှိတဲ့ လူအများစုကလည်း အဲဒီလိုပဲလေ…အဲဒါကြောင့် ကျွန်မတို့က ဘာဖြစ်လို့ ဝင်ကူညီပေးဖို့ လိုအပ်မှာလဲ"

အဘွားကြီးကျောက် : "ငါမှတ်မိသလောက်တော့ ကျောက်ရုံက ယွမ်ရှောင်ချွေကို လုပ်ကြံဖို့ ကြံစည်တုန်းက နင် သတိပေးခဲ့သေးတယ် မဟုတ်လား၊ အဲဒါကြောင့် ဒီတစ်ခေါက်လည်း နင် ကူညီလိမ့်မယ်လို့ ထင်နေတာ..."

ချန်ချင်းယွီ : "အဲဒီနှစ်ခုက လုံးဝမတူဘူးလေ…ယွမ်ရှောင်ချွေက ဘာမှမသိရှာဘဲ ခံရမှာ…သူကိုယ်တိုင်ကလည်း အဲဒီလို အဖြစ်မခံချင်ဘူး၊ ဒါပေမဲ့ လီလင်းလင်းကို ကြည့်ဦးလေ၊ သူကိုယ်တိုင်က လိုလိုလားလား ဖြစ်နေတာ… သူက ဒီလောက်တောင် ဇွတ်တရွတ်နိုင်နေတာပဲ၊ ကျွန်မတို့က ဘာလို့ ဝင်ပါရမှာလဲ… သူက အခုချိန်မှာ အချစ်မီးတွေ တောက်လောင်ပြီး အကန်းဖြစ်နေတာ၊ ကျွန်မတို့က သွားတားလေလေ၊ သူက သူ့ရဲ့ အချစ်ရေးကို နှောင့်ယှက်ဖျက်ဆီးတယ်လို့ ထင်လေလေ ဖြစ်မှာ၊ အဲဒီလို လူစားမျိုးကို ကျွန်မ ဘယ်တော့မှ မသနားသလို၊ မကူညီချင်ဘူး… ဒီလို လင်တရူးမတွေက ယောကျ်ားတစ်ယောက်အတွက်ဆိုရင် ကိုယ့်ကို ပြန်ရောင်းစားတာမျိုး ဒါမှမဟုတ် ကိုယ့်ကိုပါ ရွှံ့နွံထဲ ဆွဲချတာမျိုး လုပ်တတ်ကြတာ… ကျွန်မက ဘာဖြစ်လို့ သူ့ရဲ့ ရှုပ်ပွနေတဲ့ ကိစ္စတွေထဲ ပါရမှာလဲ… သူ ကွယ်ရာမှာပဲဖြစ်ဖြစ်၊ ပေါ်ပေါ်ထင်ထင်ပဲဖြစ်ဖြစ် ဘာလုပ်လုပ် ဂရုမစိုက်ဘူး"

အဘွားကြီးကျောက်လည်း သဘောတူလိုက်၏။

"ဒါလည်း ဟုတ်တာပါပဲအေ"

သူတို့နှစ်ဦး အတူတူ အိမ်ပြန်လာခဲ့ကြပြီး အဘွားကြီးကျောက် သက်ပြင်းချလျက်

"သူက တကယ့်ကို ကိုယ်ကျိုးစွန့်တာပဲ… ကိုယ့်ကိုယ်ကိုယ်လည်း ယွမ်ဟောက်ဖုန်းဆီ အပ်နှံထားပြီး၊ အခုလည်း သူ့အတွက် ပိုက်ဆံထိုင်ရှာပေးဦးမလို့"

ချန်ချင်းယွီ ပုခုံးတွန့်ပြလိုက်၏။ သူမအနေဖြင့် နားမလည်နိုင်သော်လည်း သူတစ်ပါး၏ ရွေးချယ်မှုကိုမူ ဝင်မစွက်ဖက်ပေ။

အဘွားကြီးကျောက် : "ယွမ်ဟောက်ဖုန်းက တကယ်ပဲ အဖိုးတန်တဲ့ လူစားမျိုးဆိုရင်လည်း ငါ နားလည်ပေးနိုင်ပါသေးတယ်… ဒါပေမဲ့ ဒီကောင်က တကယ့် အလကားကောင်လေ၊ ဘာကများ ဆွဲဆောင်မှု ရှိနေလို့လဲ၊ ပြီးတော့ သူမက အရှက်သည်းပြနေသေးတယ်၊ ဘယ်လောက်တောင် လူတောမတိုးဖူးတာလဲ မသိဘူး… ဘဝမှာ ကောင်းကောင်းမွန်မွန် မနေခဲ့ရရှာဘူး ထင်တယ်"

ချန်ချင်းယွီမှာမူ ဘာမှမပြောနိုင်တော့ချေ။

အမှန်အတိုင်း ပြောရလျှင် သူမကိုယ်တိုင်လည်း နားမလည်နိုင်သလို အံ့ဩမိသည်မှာ အမှန်ပင်။ တစ်ခါတရံတွင်မူ အယူသည်းမှုများကို မယုံဘဲ နေ၍မရပေ။ မိမိတို့မိသားစုသည် ထူးဆန်းသော အစီအမံတစ်ခုကြောင့်လားမသိ၊ တမင်တကာ သွားရှာခြင်းမဟုတ်ဘဲ အမြဲတမ်း ဤကဲ့သို့သော "အတင်းအဖျင်း ကိစ္စရပ်များ" နှင့် အမှတ်မထင် ကြုံတွေ့ရတတ်သည်။

တကယ့်ကို အံ့ဩစရာပင်…

ဤကဲ့သို့ဆိုလျှင် ဝင်းကြီးထဲရှိ ဘယ်သူမှ ယွမ်ဟောက်ဖုန်းနှင့် လီလင်းလင်းတို့ ဖြစ်ပျက်သွားကြသည်ကို သိရှိကြလိမ့်မည်

မဟုတ်ပေ။

သူတို့ ဖြစ်ပျက်သွားကြရင်တောင် ကိစ္စမရှိပါဘူး…အထူးသဖြင့် အဲဒီလို နေရာမျိုးမှာလေ…

"ကွမ်ထင်းထင်းကော သိမယ် ထင်လား အမေ"

"ငါထင်တာတော့ သူမ သိလိမ့်မယ်"

"အာ...သူမ သိလိမ့်မယ် ထင်တယ်… ဒါဆို တို့တွေ လောင်းကြေးထပ်လို့ မရတော့ဘူးပေါ့၊ အဟမ်း... ငါ့ရဲ့ ယွမ်တစ်ဆယ်..."

ချန်ချင်းယွီ : "ရော့... အမေ၊ အား... လောင်းကစားလုပ်တာ တကယ်ကို မကောင်းပါဘူး"

သူမ ပိုက်ဆံပေးလိုက်၏။

အဘွားကြီးကျောက် "ဟဲဟဲဟဲ" ဟု သဘောကျစွာ ရယ်မောလျက် ပိုက်ဆံကို ယူလိုက်ပြီးနောက်

"ဒါနဲ့... မနက်ဖြန် နင် ငါ့ကို တကယ်ပဲ အဖော်ခေါ်ဖို့ မလိုဘူးလား"

ချန်ချင်းယွီ : "အမေက အလုပ်ကနေ တစ်ပတ်တောင် ခွင့်ယူထားပြီးပြီလေ၊ နောက်ထပ် တစ်ပတ်ထပ်ယူရင် မကောင်းဘူး မဟုတ်လား… ကျွန်မဘာသာပဲ သွားလိုက်ပါ့မယ်"

အဘွားကြီးကျောက် : "ငါ အနားယူဖို့ (ပင်စင်ယူဖို့) ခြောက်လကျော်ပဲ လိုတော့တာ၊ ဒါတွေကို ဂရုစိုက်နေရဦးမှာလား၊ ဘာလဲ... သူတို့က ငါ့ကို အလုပ်ဖြုတ်ပစ်ရဲလို့လား၊ ဒီခေတ်မှာ အလုပ်သမားတွေက အုပ်ချုပ်နေတာ၊ ဘယ်သူမှ အဲဒီလို မလုပ်ရဲပါဘူး"

ချန်ချင်းယွီ : "ဒါလည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ အမေ့မှာ အချိန်သိပ်မလိုတော့တာမို့ ပြဿနာမတက်တာ အကောင်းဆုံးပဲလေ… ဘေးကင်းကင်းနဲ့ အနားယူရတာက အရာအားလုံးထက် ပိုကောင်းပါတယ်"

အဘွားကြီးကျောက် ချန်ချင်းယွီကို သတိကြီးစွာဖြင့် တစ်ချက်ကြည့်ကာ

"ညည်း တကယ်ပဲ ငါ့ကို တိုက်ရိုက် ပင်စင်ပေးယူစေချင်တာလား…ညည်း တကယ်ပဲ အလုပ်နေရာကို ဆက်မခံတော့ဘူးလား”

ချန်ချင်းယွီ ခပ်ဖွဖွ ပြုံးလျက်

"ကျွန်မက အမေ့ကို နောက်နေတယ်လို့ ထင်လို့လား"

အဘွားကြီးကျောက်

တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းခါယမ်းကာ

"မဟုတ်ပါဘူး၊ ငါ ညည်းကို ယုံပါတယ်… ညည်းကို မယုံရင်တောင် ကျန့်ဝမ်အပေါ် ထားတဲ့ ညည်းရဲ့ သံယောဇဉ်ကို ယုံတယ်.. ငါ စဉ်းစားနေတာက ညည်းသာ အလုပ်နေရာ ဆက်ခံရင် တို့ကလေးတွေအတွက် အမွေချန်ထားခဲ့လို့ ရတာပေါ့၊ တို့ကလေးတွေလည်း အလုပ်နေရာ ဆက်ခံလို့ ရတယ်လေ၊ ဒါက တကယ့် အတည်တကျ အလုပ်ပဲဥစ္စာ… အကယ်၍ ငါသာ တိုက်ရိုက် ပင်စင်ယူလိုက်ရင် ဒီအခွင့်အရေး ဆုံးရှုံးသွားမှာ စိုးလို့ပါ"

သူမ၏ စိုးရိမ်စိတ်ကို ဖွင့်ဟလိုက်သည်။

သူမ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေမိ၏။ တစ်ဖက်တွင်လည်း မိမိအတွက် ပင်စင်လစာ အာမခံချက်ကို လိုချင်သလို၊ တစ်ဖက်တွင်လည်း မိသားစုဝင်တစ်ဦးဦး အလုပ်နေရာ ဆက်ခံခြင်းမှာ ပို၍ ကောင်းမွန်လိမ့်မည်ဟု ခံစားနေရသည်။

ဘာပဲဖြစ်ဖြစ် ဒါက တရားဝင် အလုပ်အကိုင်တစ်ခု မဟုတ်ပါလား…

မြို့ပြသို့ ပြန်လာကြသော ပညာတတ်လူငယ် အမြောက်အမြားကို မြင်တွေ့ဖူးသဖြင့် အလုပ်အကိုင်တစ်ခု ရရှိရန် မည်မျှအထိ တန်ဖိုးရှိသည်ကို သူမ ကောင်းစွာ သိရှိနားလည်နေ၏။

ချန်ချင်းယွီ အဘွားကြီးကျောက်ကို တစ်ချက်ကြည့်လိုက်ရာ သူမသည် ဝတ်ကျေတန်းကျေ ပြောနေခြင်းမဟုတ်ဘဲ စိတ်ထဲတွင် တကယ်ကို ဝေခွဲမရ ဖြစ်နေသည်ကို မြင်ရသဖြင့်

"အမေ တိုက်ရိုက်ပဲ ပင်စင်ယူလိုက်ပါ… ကျွန်မတို့ဆိုင်က ဝင်ငွေ တော်တော်ကောင်းနေတာပဲဥစ္စာ၊ ကျွန်မသာ အလုပ်နေရာ ဆက်ခံလိုက်ရင် ဆိုင်ကို ဆက်ဖွင့်လို့ ရတော့မှာ မဟုတ်ဘူး၊ ပြီးတော့ အရင်ကတည်းက ပြောဖူးသားပဲ၊ ကျန့်ဝမ်ရဲ့ အလုပ်ဆိုတာ အမေ့အတွက် ပင်စင်အာမခံချက်သက်သက်ပဲလေ၊ ကျွန်မက အမေ့ကို အိုစာမင်းစာ လုပ်ကျွေးမှာ မဟုတ်ဘူးနော်"

အဘွားကြီးကျောက် စိတ်ထဲမသက်မသာ ဖြစ်သွားသဖြင့် နှုတ်ခမ်းကို စူလိုက်မိသော်လည်း ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားရှာသည်။ သူတို့နှစ်ဦးသည် ယခုနှစ်ပိုင်းအတွင်း ဆက်ဆံရေး ကောင်းမွန်လာခဲ့ကြသော်လည်း ယခင်ကတည်းက စီးပွားဖက် သက်သက်သာဖြစ်ကြောင်း သဘောတူညီမှု ရယူထားပြီးသား ဖြစ်၏။

ယခင်၌ သူမကိုယ်တိုင်လည်း ချွေးမအပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ဖူးသဖြင့် ချန်ချင်းယွီ သူမကို အိုစာမင်းစာ မလုပ်ကျွေးချင်သည်မှာ သဘာဝကျလှပေသည်။

ချန်ချင်းယွီ ဆက်၍

"ဒါပေမဲ့ ကျွန်မ ပြောထားတဲ့အတိုင်းပါပဲ၊ တို့တွေက စီးပွားဖက်တွေ ဖြစ်ကြတဲ့အတွက် အမေက ပိုလုပ်ပေးရင် ကျွန်မက ပေးသင့်ပေးထိုက်တာကို အပြည့်အဝ ပေးမှာပါ"

အဘွားကြီးကျောက်၏ မျက်ဝန်းများ ချက်ချင်း တောက်ပသွားပြီး ဝမ်းသာအားရ ပြောလိုက်သည်။

"ငါ သိသားပဲ… ညည်းက ကတိသစ္စာရှိတဲ့ လူတစ်ယောက်ဆိုတာ ငါ အစကတည်းက သိတယ်"

ချန်ချင်းယွီသည် သူမ၏ ချွေးမ စဖြစ်ခဲ့စဉ်၌ သူမ လုံးဝ သဘောမကျခဲ့ချေ။ သို့သော်လည်း ယခုလို စီးပွားဖက် ဖြစ်လာကြသည့်အခါတွင်မူ ချန်ချင်းယွီ၏ ပြတ်သားသော စရိုက်ကို သူမ တော်တော် သဘောကျမိ၏။ ကိစ္စအဝဝကို ရှင်းရှင်းလင်းလင်း ရှိလှခြင်းမှာ တကယ့်ကို ကောင်းမွန်သောအချက် ဖြစ်ပေသည်။

သူမ အလျင်အမြန်ပင်

"အဲဒါကိုတော့ ညည်း စိတ်မပူနဲ့… ငါတို့တွေ တစ်လှေတည်းစီး တစ်ခရီးတည်းသွား လာခဲ့ကြတာ ဘယ်နှစ်နှစ်ရှိပြီလဲ၊ ငါ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်း သိပါတယ်၊ အိမ်က ကိစ္စတွေကိုလည်း ငါပဲ အကုန်တာဝန်ယူပေးမယ်"

ချန်ချင်းယွီ : "...တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဟုတ်လား၊ တခြား ပိုကောင်းတဲ့ စကားလုံး သုံးလို့မရဘူးလား အမေ"

"ဒါဆို... မြေခွေးနဲ့ ဝံပုလွေလို ပေါင်းဖက်ခြင်း လို့ ပြောရမလား"

အဘွားကြီးကျောက် မေးလိုက်၏။

ချန်ချင်းယွီ : ‘ပိုဆိုးသွားပြီ’

"...ဒါဆိုရင်တော့ ပထမတစ်ခုအတိုင်းပဲ ထားလိုက်ပါတော့"

သူမ တိုးတိုးလေး ညည်းတွားကာ

"တကယ်တော့ တို့တွေက အဲဒီလို လူစားမျိုးတွေ မဟုတ်ပါဘူးနော်… အေးအေးချမ်းချမ်း နေကြတာပဲဥစ္စာ၊ သူများက ကျွန်မတို့ကို လာမရှုပ်ရင် ကျွန်မတို့ကလည်း ဘယ်သူ့ကိုမှ သွားမရှုပ်ဘူး"

"ဒါလည်း ဟုတ်တာပါပဲအေ... ဒါနဲ့၊ ချွေးမရေ... ဝမ်ကျန့်ကော်တို့တစ်စု ပြန်ရောက်လောက်ပြီ ထင်လား၊ အဲဒီ စိတ်ပုပ်တဲ့ အကောင်တွေ..."

အဘွားကြီးကျောက် တတွတ်တွတ် မြည်တွန်နေပြန်သည်။ ၎င်းတို့မှာ သူမ၏ ချွေးမကို ဒုက္ခပေးရန် ကြံစည်ခဲ့ကြသဖြင့် သေထိုက်လှ၏။

"သူတို့ သိပ်မကြာခင် ပြန်ရောက်လာတော့မှာပါ..."

သူတို့နှစ်ဦးသည် အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုရင်း အိမ်သို့ ပြန်လာခဲ့ကြသည်။

ရှောင်ကျားနှင့် ရှောင်ယွမ် ကလေးနှစ်ယောက်မှာမူ သီချင်းနားထောင်နေကြ၏။ အိမ်တွင် ထိုစက်ကလေး ရရှိလာကတည်းက ဂီတသံစဉ်များဖြင့် ပိုမို သက်ဝင်လှုပ်ရှားလာခဲ့သည်။

ချန်ချင်းယွီ : "တို့တွေ ဘယ်တော့မှ အိမ်တစ်လုံး ဝယ်နိုင်ပါ့မလဲ မသိဘူး"

အဘွားကြီးကျောက် : "ငါ ဆက်ပြီး စုံစမ်းပေးပါ့မယ်အေ"

အိမ်ဝယ်ရန်ကိစ္စမှာ တကယ့်ကို ခက်ခဲလွန်းလှပေသည်။ ချန်ချင်းယွီ မှတ်မိသလောက် ဝတ္ထုတွေထဲမှ အမျိုးသမီးဇာတ်ဆောင်တွေဆိုရင် ပေကျင်းမြို့ရှိ စစ်ဟဲယွမ် (တရုတ်ရိုးရာ အိမ်ဝင်းကြီး) များကို လွယ်လွယ်ကူကူ ဝယ်နိုင်ကြသော်လည်း~~

သူမ အလှည့်ကျမှ ဘာဖြစ်လို့ ဒီလောက်အထိ ခက်ခဲနေရတာလဲ…

အဘွားကြီးကျောက် အမြဲ စုံစမ်းပေးနေသော်လည်း အိမ်ရောင်းမည့်သူရှိသည်ဟူသော သတင်းကိုသာ အစအနပင် မကြားရပေ။

ချန်ချင်းယွီ လိုချင်သည့် ပတ်ဝန်းကျင်အနီးအနားတွင် အိမ်မရှိရုံမျှမက၊ ဝေးလံသော နေရာများတွင်ပင် ဝယ်စရာ အိမ်မရှိပေ။

အဘွားကြီးကျောက်သည် အလုပ်မှ တစ်ပတ်ခွင့်ယူခဲ့သော်လည်း ချန်ချင်းယွီ၏ ဖျောင်းဖျမှုကြောင့် နောက်ဆုံးတွင် အလုပ်ပြန်တက်ခဲ့ရသည်။

သို့သော်လည်း အဘယ်ကြောင့်မသိ၊ အလုပ်ပြန်တက်ရခြင်းမှာ အဘွားကြီးကျောက်အတွက် ရုတ်တရက် ထူးဆန်းနေသကဲ့သို့ ခံစားရ၏။ သူမသည် မနက်စောစောတွင် အိမ်မှ လေးလံသော ခြေလှမ်းများဖြင့် ထွက်ခွာသွားရာ သူတစ်ပါး

မိမိကို ပိုက်ဆံကြွေးတင်နေသည့် ရုပ်မျိုး ဖြစ်နေတော့သည်။

ထိုမနက်တွင် ရေဆေးကန်၌ ပန်းကန်ဆေးနေသော အစ်မကြီးဖန်မှာ တိုးတိုးလေး ညည်းတွားကာ

"ဒီမနက် ဘယ်သူက အဲဒီ အဘွားကြီးကို သွားစိန်ခေါ်လိုက်လို့ အခုလို ရုပ်ဖြစ်နေရတာလဲ"

အဒေါ်ကြီးမေ့ : "တိုးတိုးပြောပါအေ၊ သွားပြီး မဆွပါနဲ့၊ ပြဿနာတွေကို ရှောင်တာ အကောင်းဆုံးပဲ၊ အခုတလော ဝင်းကြီးထဲမှာ ကိစ္စတွေ အများကြီး ရှုပ်နေတာ"

အစ်မကြီးဖန် တစ်ခုခု ပြောချင်သော်လည်း တုံ့ဆိုင်းသွားပြီးမှ ပြန်မြိုချလိုက်ကာ၊ နှာမှုတ်လျက် အိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။

လတ်တလော ဝင်းကြီးအတွင်း၌ တကယ့်ကို မငြိမ်မသက် ဖြစ်နေပြီး၊ အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည့် တင်းမာမှုများ လွှမ်းမိုးနေသဖြင့် လူတိုင်း မိမိတို့၏ ဒေါသကို အောင့်အီးထားကြရ၏။

ဒါက နောက်ပြောင်စရာ ကိစ္စမဟုတ်ဘူး…

ဥပမာအားဖြင့် အစ်မကြီးဖန်သည် ယွမ်မိသားစုကို အလွန်မုန်းတီးနေမိသည်။ ယွမ်ဟောက်ရွှယ်မှာ သူမသား၏ ချစ်ရေးဆိုမှုကို ငြင်းပယ်ခဲ့သည့်အပြင် ခိုင်းဖတ်တစ်ခုလိုလည်း စေခိုင်းခဲ့သေး၏။ တောင်ပိုင်းသို့ သွားရသည့် ခရီးသည် မည်မျှ ပင်ပန်းဆင်းရဲလှသနည်း၊ သို့သော်လည်း သူတို့ဆီမှ မုန့်လုံးတစ်လုံးပင် ပြန်မရခဲ့ပေ။ အစ်မကြီးဖန်သည် ယွမ်မိသားစုကို အူလှိုက်သည်းလှိုက် နာကျည်းနေမိသည်။

ဝမ်ကျန့်ကော်၏ မိသားစုသည်လည်း သူ တောင်ပိုင်းတွင် ပြဿနာတက်နေမှုကြောင့် အမြဲတမ်း စိုးရိမ်ပူပန်နေရကာ၊ အဘွားကြီးဝမ်၏ မျက်နှာမှာလည်း လုံးဝ စိတ်ဓာတ်ကျဆင်းနေသည့် ပုံစံ ဖြစ်နေရှာ၏။

ထို့အပြင်... ထူးဆန်းလှသော လီချန်ရွှမ်းနှင့် သူ့သမီးအရေး၊ ပြီးတော့ လက်တွဲဖော် မရှာနိုင်ကြသဖြင့် သက်ပြင်းတချချ ဖြစ်နေကြသော ကျန့်မိသားစု သားအဖနှစ်ဦး...

အချုပ်အားဖြင့်ဆိုရသော် ဝင်းကြီးထဲ၌ လတ်တလော တကယ့်ကို သောင်းသောင်းဖျဖျ ဖြစ်နေပေသည်။

ဤကဲ့သို့သော လှိုင်းတံပိုးများကြားတွင် ချန်ချင်းယွီခမျာ သူမ၏ ဆိုင်လုပ်ငန်းကို အစီအစဉ်တကျ ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်၏။

ဆိုင်ဖွင့်ခဲ့သည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း ချန်ချင်းယွီ၏ အရောင်းအဝယ်မှာ ကျဆင်းမသွားဘဲ အမြဲတမ်း ပုံမှန် တည်ငြိမ်နေပေသည်။ ဤသည်မှာ သူမ၏ ကျွမ်းကျင်လှသော ဗျူဟာကြောင့် ဖြစ်ပြီး~~ နေရာတစ်ခုတည်းတွင် အတည်တကျ မရောင်းဘဲ လှည့်လည်ရောင်းချသည့် နည်းလမ်းပင် ဖြစ်၏။

သူမသည် နေရာတစ်ခုတည်း၌ စွဲမြဲမနေပေ။ ထိုခေတ်အခါ၌ သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလှသော်လည်း တစ်ဖက်တွင်လည်း ထူးဆန်းစွာ မြန်ဆန်လှသည်။ မိမိတို့အနီးအနား ပတ်ဝန်းကျင်တွင် သတင်းများ အလွန်မြန်ဆန်စွာ ပျံ့နှံ့သွားတတ်သော်လည်း၊ ထိုပတ်ဝန်းကျင်ကို ကျော်လွန်သွားပါက သတင်းရောက်ရှိရန် အလွန် နှေးကွေးလှပေ၏။

ဥပမာအားဖြင့် မြို့အရှေ့ပိုင်းရှိ လူအများအပြားမှာ သူမ၏ဆိုင်အကြောင်းကို သိရှိကြပြီး လာရောက် ဝယ်ယူကြသော်လည်း၊ တခြားဒေသရှိ လူများမှာမူ သိပ်မသိကြပေ။ ၎င်းတို့ ဝင်းကြီးထဲရှိ လူများပင်လျှင် သူမ အစပိုင်း၌ ဆိုင်ဘယ်လိုခင်းခဲ့သည်ကို အသေးစိတ် မသိကြချေ။ အကယ်၍ ယွမ်ဟောက်ဖုန်းသာ အမှတ်မထင် မမြင်ခဲ့ပါက မည်သူမျှ သိရှိကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သတင်းစီးဆင်းမှုမှာ မြန်ဆန်သလိုနှင့် နှေးကွေးသည်ဟုလည်း ဆိုနိုင်သည်။

ရောင်းအား တက်လာစေရန်အတွက် သူမအနေဖြင့် သင့်တော်သော နေရာသစ်များကို ရှာဖွေရန် လိုအပ်၏။ ယခုတစ်ခေါက်တွင်မူ ချန်ချင်းယွီသည် မြို့အရှေ့ပိုင်းသို့ လုံးဝမသွားတော့ဘဲ ရှီချာဟိုင်ဘက်သို့ ပြောင်းရွှေ့ ရောင်းချရန် ရွေးချယ်လိုက်သည်။ ထိုကဲ့သို့သော လူငယ်လူရွယ် အများအပြား ရှိသည့်နေရာမျိုးမှာ အရောင်းအဝယ် ပိုမို ကောင်းမွန်တတ်၏။

သူမ အလုပ်ရှုပ်နေပြီး အဘွားကြီးကျောက်မှာလည်း အလုပ်သွားနေသဖြင့်၊ ကလေးနှစ်ယောက်ဖြစ်သော ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ကျောင်းဆင်းသောအခါ အံဆွဲထဲမှ ပိုက်ဆံထုတ်ယူကာ စက်ဘီးကိုယ်စီဖြင့် အပြင်သို့ ထွက်လာခဲ့ကြသည်။ ၎င်းတို့ အပြင်သို့ ထွက်လာစဉ်မှာပင် ရှီကျန့်ရှန်းနှင့် တိုးမိတော့၏။

ရှီကျန့်ရှန်း : "မင်းတို့ ကလေးနှစ်ယောက် ဘာသွားလုပ်မလို့လဲ"

ရှောင်ကျား : "အဘွားရှီ... သားတို့တွေ ညစာ သွားဝယ်မလို့လေ"

ရှီကျန့်ရှန်း : "ညစာ ထပ်ဝယ်ပြန်ပြီလား… အိမ်မှာ ထမင်းဟင်း မချက်ကြတော့ဘူးလား"

ရှောင်ကျား : "မေမေနဲ့ အဘွားက တစ်နေကုန် အလုပ်လုပ်ရလို့ အရမ်းပင်ပန်းနေကြလို့ပါ"

"မင်းအမေက ဆိုင်ထွက်ရလို့ ပင်ပန်းတာ ထားပါတော့၊ မင်းအဘွားက ဘာလို့ ပင်ပန်းရတာလဲ၊ သူက အလုပ်စောစောဆင်းတာပဲဥစ္စာ၊ တကယ့်ကို ပျင်းတဲ့ မိန်းမကြီးပဲ"

ရှောင်ကျား ဖြတ်ခနဲ ပြုံးလိုက်ရင်း

"သူတို့နှစ်ယောက်လုံးက တကယ်ကို ကြိုးစားကြပါတယ် အဘွားရှီ၊ သားတို့တွေ သွားလိုက်ဦးမယ်နော်"

ကလေးနှစ်ယောက်သည် စက်ဘီးများကို အလျင်အမြန်ပင် နင်းပြီး ထွက်ခွာသွားကြတော့သည်။

ဤအရာသည် သူတို့၏ မိခင်ဖြစ်သူမှာကြားထားခဲ့သည့် အတိုင်းပင် လုပ်ဆောင်ခြင်း ဖြစ်၏။ နေ့စဉ် လူနေမှုစရိတ်များကို အံဆွဲထဲတွင် ထည့်ထားပေးပြီး ကလေးနှစ်ယောက်မှာ ညစာဝယ်ရန် တာဝန်ယူရသည်။ ဘာဝယ်စားမလဲဆိုသည်မှာ ကလေးနှစ်ယောက်၏ သဘောသာဖြစ်ပြီး ချန်ချင်းယွီမှာ ထွေထွေထူးထူး ဂဂျီဂဂျောင် မလုပ်တတ်ပေ။

ကလေးများ ကောင်းကောင်းမွန်မွန် မလုပ်နိုင်မည်ကိုလည်း သူမ စိုးရိမ်မနေပေ။ ဤအရာများသည် အသေးအဖွဲကိစ္စများ ဖြစ်ပြီး ကလေးများအား တာဝန်လွှဲအပ်ပေးရသည်ကို သူမ သဘောကျမိသည်။

"ကိုကို... ဒီနေ့ တို့တွေ ဘာဝယ်ကြမလဲ"

"မနေ့က တို့တွေ ဝက်သားနီချက် စားပြီးပြီဆိုတော့ ဒီနေ့ တခြားဟာ ပြောင်းစားရအောင်… ဝက်သားမျှင် ချိုချဉ်ဆော့စ်ချက် ရယ်၊ ပြီးတော့ ပင်လယ်စာ တစ်မျိုးမျိုးရယ်၊ ဟင်းသီးဟင်းရွက် နှစ်ပွဲရယ်ပေါ့"

ရှောင်ယွမ် : "ညီမက သကြားပန်ကိတ်စားချင်တယ်..."

ရှောင်ကျား : "သကြားပန်ကိတ်က ဟင်းတွေနဲ့ သိပ်မလိုက်ဘူးလေ၊ ထမင်းပဲ ဝယ်ရအောင်… ပြီးမှ သကြားပန်ကိတ်လေးခုကို သွားရည်စာအဖြစ် ဝယ်စားကြမလား"

"ဟုတ်ပြီ..."

ကလေးနှစ်ယောက်သည် အချင်းချင်း တိုင်ပင်နေကြတော့သည်။ ရှီကျန့်ရှန်း

သူတို့၏ ကျောပြင်ကို ကြည့်ကာ ခေါင်းခါယမ်းလျက် သက်ပြင်းချလေ၏။

"ဆင်းရဲတဲ့ ကလေးတွေက စောစောစီးစီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်တတ်ကြတာပဲ"

သူမသည် တစ်ယောက်တည်း ပွစိပွစိ ရေရွတ်ရင်း ခေါင်းခါကာ အိမ်သို့ ပြန်သွားတော့သည်။

တခြားကလေးများမှာ ရှီကျန့်ရှန်းကို မယုံကြည်နိုင်သလို ကြည့်နေကြပြီး အဘွားရှီတစ်ယောက် စိတ်ဖောက်နေပြီဟု တွေးမိကြ၏။

"ဆင်းရဲတဲ့ ကလေးတွေက စောစောစီးစီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်တတ်ကြတာပဲ" ဆိုတာ ဘာသဘောလဲ…

ရှောင်ကျားနဲ့ ရှောင်ယွမ်က ဘယ်နားမှာ ဆင်းရဲလို့လဲ…

သူတို့၏ စက်ဘီးများမှာ ဤပတ်ဝန်းကျင်တွင်သာမက တစ်ကျောင်းလုံးမှာပင် ထူးထူးခြားခြား ကောင်းမွန်လှ၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် မနက်တိုင်း ဆိုင်မှ မနက်စာ ဝယ်စားနိုင်ကြသည်၊ နေ့တိုင်း နေ့တိုင်းပင် ဖြစ်၏။

၎င်းတို့သည် နေ့တိုင်း ကြက်ဥတစ်လုံး စားနိုင်ကြပြီး ထိုကောင်မလေး ရှောင်ယွမ်ဆိုလျှင် တစ်ခါတရံ နှစ်လုံးတောင် စားသေးသည်။

ထို့အပြင် ၎င်းတို့သည် အပြင်စာများကို မကြာခဏ ဝယ်စားတတ်ကြပြီး ဘဝကို မြှင့်တင်ရန်အတွက် အိမ်သို့ အပိုဟင်းများပင် ဝယ်လာတတ်ကြသေး၏။

ဘယ်မှာလဲ ဆင်းရဲတဲ့ မိသားစု…

လုံးဝ မဟုတ်တာကြီး…

သူမ တကယ်ပဲ အသက်ကြီးပြီး စိတ်ဖောက်နေတာ ဖြစ်ရမယ်…

"ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ရဲ့ ဘဝက သိသိသာသာကြီး ကောင်းမွန်နေတာကို"

"ဒါပေမဲ့ ငါ့အမေက ပြောတယ်၊ လမ်းဘေးဈေးသည်လုပ်တယ်ဆိုတာ လေလွင့်နေတဲ့လူတွေပဲ လုပ်တာတဲ့…ပိုက်ဆံရှာရတာ အလကားပဲ၊ ပြီးတော့ နောက်နောင်ကျရင် မူဝါဒတွေ ပြောင်းလဲသွားရင် သူတို့အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်တဲ့"

"အား... ကြောက်စရာကြီးနော်"

"မူဝါဒက ဘယ်တော့ ပြောင်းမှာလဲ"

"ငါက ဘယ်လိုလုပ် သိမှာလဲ"

"မင်းကိုကြည့်ရတာ ကိုယ်တိုင်လည်း မသိဘဲနဲ့ လျှောက်ပြောနေတာပဲ…အကယ်၍ မူဝါဒက ဘယ်တော့မှ မပြောင်းလဲရင်ရော၊ ဒါဆိုရင် သူတို့က အမြဲတမ်း စည်းစိမ်ရှိရှိ နေရမှာဖြစ်ပြီး တို့တွေကပဲ အမြဲတမ်း ဆင်းရဲနေမှာပေါ့"

"ဒါပေမဲ့... ဒါပေမဲ့..."

"ဒါပေမဲ့တွေ လုပ်မနေနဲ့၊ မင်းသာ ဒါပေမဲ့တွေ လျှောက်ပြောလို့ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ရဲ့ အဘွား ကြားသွားရင် သေချာပေါက် ပြဿနာရှာလိမ့်မယ်"

"အယ်... ငါမပြောတော့ဘူး၊ မပြောတော့ဘူး"

လူတိုင်း မနာလို ဖြစ်နေကြသော်လည်း ပြဿနာမရှာရဲကြချေ။ အားလုံးမှာ ပေကျင်းမြို့ဟောင်းမှ စစ်နတ်သမီးကြီး အဘွားကြီးကျောက်ကို ကြောက်ရွံ့ကြ၏။

"ငါတော့ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကို တကယ် အားကျတယ်၊ သူတို့အိမ်က ပိုက်ဆံကို အားရပါးရ သုံးနိုင်တာပဲ"

"ငါလည်း အားကျတယ်၊ သူတို့က ထမင်းစားတိုင်း အသားပါတယ်”

"သူတို့က ကြက်ကင်တောင် ဝယ်စားသေးတယ်"

လူတိုင်း တံတွေးကို ဂလုခနဲ မျိုချလိုက်မိကြသည်။

အချို့မှာ အားကျနေကြပြီး၊ အချို့မှာ မနာလို ဖြစ်နေကြကာ၊ အချို့မှာမူ စားချင်စိတ် တောက်လောင်နေကြ၏။ ဟုတ်ပေသည်၊ စားချင်စိတ် ဖြစ်ပေါ်နေခြင်းပင်။

ကျန်းမုန့်မုန့် ပြတ်ပြတ်သားသားဖြင့်

"ငါ မုန့်ဝယ်စားဖို့ ပိုက်ဆံရှာရမယ်"

"ဟင်..."

လူတိုင်း သူမကို လှည့်ကြည့်ကြ၏။

ကျန်းမုန့်မုန့် : "ကောင်းကောင်းစားချင်ရင် ပိုက်ဆံလိုတယ်"

သူမသည် ယခင်၌ ကြက်ခိုး၊ ခွေးခိုး လုပ်တတ်~~ အော်... ကြက်ခိုး၊ ခွေးခိုးဆိုသည်မှာ အနည်းငယ် ပုံကြီးချဲ့ခြင်း ဖြစ်ပြီး၊ သူတစ်ပါး၏ မုန့်များကို အမြဲတမ်း ခိုးစားတတ်ခြင်း ဖြစ်သည်။ သို့သော်လည်း ရလဒ်မှာ တကယ်ကို နည်းပါးလှ၏။ မည်သူမျှ ချမ်းသာသော မိသားစုများ မဟုတ်ကြသဖြင့် စားစရာ ဤမျှသာ ရှိပြီး ဆန်းဆန်းပြားပြား ဘာမှမရှိချေ။ ကျန်းမုန့်မုန့်တွင် ကျွေးရမည့် ပါးစပ်တစ်ပေါက်သာ ရှိပြီး ၎င်းတို့၏ စားသောက်မှုများအကြောင်း ကြားရသောအခါ သူမ လုံးဝ မခံနိုင်တော့ပေ။

သူတစ်ပါးမုန့်ကို လိုက်ခိုးနေလို့လည်း မဖြစ်ဘူး… ခိုးစားရတာတွေက အခုလိုမျိုး ကောင်းတာလည်း မပါဘူး…

သူမတွင်သာ ပိုက်ဆံရှိခဲ့ပါက စားစရာများ ဝယ်စားနိုင်မည် ဖြစ်သည်။ ကြက်ကင်နှင့် ဘဲကင်များကို ဝယ်စားနိုင်မည် မဟုတ်လော့။

"ပိုက်ဆံရအောင် တို့တွေ ဘာလုပ်လို့ရလဲ"

"တို့တွေက ကလေးတွေပဲဥစ္စာ၊ ဘာမှ မလုပ်တတ်ပါဘူး"

"လုပ်နိုင်ရင်တောင် တို့တွေမှာ အရင်းအနှီး မရှိဘူးလေ"

"ဒါဆို အရင်းအနှီးမလိုဘဲ ဘာလုပ်လို့ရလဲ"

လူတိုင်း ခေါင်းခါယမ်းကြသော်လည်း ကျန်းမုန့်မုန့် ချက်ချင်းပင် အကြံတစ်ခု ရသွားပြီး

"ပစ္စည်းဟောင်း ကောက်တာပေါ့"

"ငါ ပစ္စည်းဟောင်းတွေ ကောက်လို့ ရတာပဲ"

"ဟင်..."

လူတိုင်း အံ့ဩသွားကြသည်။

ကျန်းမုန့်မုန့် : "ငါ တကယ့်ကို တော်တာပဲ"

ကျန်းမုန့်မုန့်သည် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ထက် သုံးနှစ်ခန့်ကြီးပြီး အသက် ၁၁ နှစ်၊ ၁၂ နှစ်ခန့် ရှိနေပြီ ဖြစ်သည်။ အဘွားကြီးဝမ်အိမ်မှ အသက် ၁၄ နှစ်အရွယ် နာ့နာမှာ အရွယ်ရောက်စပြုလာပြီး မိသားစုနှင့် ပြဿနာတက်နေချိန်တွင်၊ သူမထက် နှစ်နှစ်ခန့်ငယ်သော ကျန်းမုန့်မုန့်မှာမူ စားသောက်ရေးကိုသာ ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးအရာအဖြစ် သတ်မှတ်ထားဆဲ ဖြစ်၏။ သူမ ပြတ်ပြတ်သားသားဖြင့်

"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ ပစ္စည်းဟောင်းတွေ ကောက်လို့ရတယ်"

ကလေးများ : "ဟင်..."

ကျန်းမုန့်မုန့်မှာ တခြားလူများ ဘာတွေးတွေး ဂရုမစိုက်ပေ။ သူမအတွက် ဤအကြံမှာ တကယ့်ကို ထူးကဲလှသည်ဟု ထင်မှတ်နေ၏။

တကယ်ပါပဲ…

သူမ ဤအရာကို တွေးမိရခြင်းမှာ သူမ၏အဘွားဖြစ်သူ လမ်းကြားအဝင်ဝရှိ အမှိုက်ပုံးထဲမှ ပျက်စီးနေသော သံဗူးခွံနှစ်ဗူးကို တွေ့ရှိခဲ့ပြီး ပစ္စည်းဟောင်းဆိုင်မှ ၅ ပြားပေးခဲ့သောကြောင့် ဖြစ်သည်။ ငါးပြားဆိုသည်မှာ များများစားစား မဟုတ်သော်လည်း အကယ်၍ သူမ ပိုမို ကောက်ယူနိုင်ခဲ့ပါက ပိုက်ဆံ ပိုရလာမည်သာ…

ကျန်းမုန့်မုန့် အလေးအနက်ဟန်ဖြင့် ဆိုကာ

"ငါ သွားပြီ၊ အမှိုက် သွားကောက်တော့မယ်"

လူတိုင်း : "ဟင်..."

ကျန်းမုန့်မုန့် : "နှုတ်ဆက်ပါတယ်"

ပြောဆိုကာ၊ ချက်ချင်းပင် အနီးဆုံးရှိ အမှိုက်ပုံးဆီသို့ တန်းတန်းမတ်မတ် ထွက်ခွါသွားတော့၏။

တခြားကလေးများမှာ ဆွံ့အလျက် ကျန်ရစ်ခဲ့ကြသည်။ ၎င်းတို့သည် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို တစ်ခါမျှ မမြင်ဖူး၊ မကြားဖူးကြပေ။

ကျန်းမုန့်မုန့်က တကယ်ပဲ ဒီလောက်အထိ ဇွတ်တရွတ်နိုင်တာလား….

ဤဝင်းကြီးထဲရှိ လူတိုင်းသည် တကယ့်ကို ပါရမီရှင်များ ဖြစ်ကြသည်ဟု ဆိုပါက ပုံကြီးချဲ့ခြင်း မဟုတ်ပေ၊ သူမသည် ဘာသတိပေးချက်မျှမရှိဘဲ အမှိုက်ပုံးများကို စတင်မွှေနှောက်နေပြီ ဖြစ်၏။

ကျန်းမုန့်မုန့် : "အမှိုက်တွေကို ဘယ်နေရာကို သွားပစ်လဲ နင်တို့ သိကြလား"

ကလေးများ ခေါင်းခါပြကြသည်။

ကျန်းမုန့်မုန့် : "အသုံးမကျတဲ့ဟာတွေ၊ ငါ့ဘာသာငါပဲ ရှာတော့မယ်"

တခြားလူများမှာ မကောင်းသောစကားကို မပြောရဲကြချေ။ အင်း... ကျန်းမုန့်မုန့် တကယ့်ကို ထူးဆန်းသော လူတစ်ယောက်ပင်။ သူမသည် မုန့်ခိုးစားရာမှ အမှိုက်ပုံးမွှေသည့်အဆင့်သို့ တိုးတက်ပြောင်းလဲလာခဲ့သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ပြန်ရောက်လာသောအခါ ကျန်းမုန့်မုန့်သည် ခါးကိုထောက်လျက်၊ မျက်နှာတွင် အညစ်အကြေးများ ပေကျံနေသော်လည်း အလွန် ကျေနပ်ဂုဏ်ယူနေသည့် ပုံစံဖြင့် ရပ်နေသည်ကို တွေ့လိုက်ရ၏။

"အာ... ဘာဖြစ်လို့လဲဟင်"

"အစ်မမုန့်မုန့် တစ်ခုခု ပျောက်သွားလို့လား…အမှိုက်ပုံးထဲမှာ ဘာရှာနေတာလဲ"

သူတို့နှစ်ဦးလုံး ဝေခွဲမရ ဖြစ်နေကြသည်။

တခြားကလေးများ : "..."

အင်း…စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲနေကြ၏။

"သူမ... သူမ ဘာမှ ပျောက်တာ မဟုတ်ဘူး၊ ပိုက်ဆံနဲ့ သွားလဲဖို့ အမှိုက်ကောက်နေတာ"

ရှောင်ကျားနှင့် ရှောင်ယွမ်မှာ "........."

ကျန်းမုန့်မုန့် : "နင်တို့ ဘာမှမသိပါဘူး"

ရှောင်ယွမ် စူးစမ်းလိုစိတ်ဖြင့်

"ဒါဆို... အစ်မ ဘာတွေတွေ့လို့ ဒီလောက်တောင် ဝမ်းသာနေရတာလဲ"

ကျန်းမုန့်မုန့် : "နန်းကြိုးလေ... ဟဲဟဲ၊ ငါ နန်းကြိုးတချို့ တွေ့တယ်ဟ… ငါ အမြတ်ရတော့မယ်ဆိုတာ ကြိုသိသားပဲ၊ မဆိုးဘူး၊ မဆိုးဘူး"

ပြောဆိုကာ လှည့်သွားပြီး ဆက်လက် အလုပ်လုပ်နေလေ၏။

ရှောင်ယွမ် ခဏမျှ စဉ်းစားပြီးမှ အကြံပြုကာ

"အစ်မမုန့်မုန့်... သံတစ်မျိုးတည်းပဲ တန်ဖိုးရှိတာ မဟုတ်ဘူးလို့ ညီမ ထင်တယ်… အစ်မ ပစ္စည်းဟောင်းအရောင်းဆိုင်ကို သွားပြီး သူတို့ ဘာတွေ လက်ခံလဲ၊ ဘာတွေက တန်ဖိုးရှိလဲ၊ ပြီးတော့ ဘယ်ဟာက ဈေးအရဆုံးလဲဆိုတာ သွားမေးကြည့်ပါဦး၊အဲဒီလိုဆိုရင် အစ်မအတွက် ပိုပြီး အကြံရတာပေါ့"

"ဟုတ်တယ်၊ ဟုတ်တယ်၊ နင်ပြောတာ မှန်တယ်…ငါ အခုချက်ချင်း သွားမေးလိုက်မယ်"

ကျန်းမုန့်မုန့် ပြောဆိုကာ ဝမ်းသာအားရဖြင့် ပြေးထွက်သွားသည်။

ရှောင်ကျားက "အခုမသွားနဲ့ဦး… သူတို့ အလုပ်ဆင်းသွားလောက်ပြီ၊ မနက်ဖြန်မှ သွားလေ"

သူ ဆက်ပြီး အကြံပြုကာ

"ဈေးနှုန်းတွေကိုလည်း စာအုပ်ထဲမှာ အကုန်ချရေးထားလိုက်ဦး.. မဟုတ်ရင် မှတ်ဉာဏ်တစ်ခုတည်းကိုပဲ အားကိုးနေရင် မှားသွားတဲ့အခါ ကျရင် နောက်တစ်ခါ ထပ်မေးနေရလိမ့်မယ်"

"ဟုတ်သားပဲ..."

ကျန်းမုန့်မုန့် ဝမ်းသာအားရဖြင့်

"အဲဒီအကြံ တော်တော်ကောင်းတယ်"

"ကဲ... နင်တို့အားလုံး သွားကြတော့၊ သွားကြတော့…ဒီဘက်ဝန်းကျင်က အမှိုက်ပုံးတွေကို ငါအပိုင်သိမ်းလိုက်ပြီ"

သူမ ပြောဆိုကာ၊ ပညာပေးပြီးကာမှ လူကို ပြန်ကန်ထုတ်သည့် ပုံစံမျိုး လုပ်လေသည်။

သူတို့က သူမကို ခုတင်တင်ပဲ အကြံဉာဏ် ပေးခဲ့ကြတာလေ…

"ဘယ်သူမှ ငါ့ဆီကနေ လာမလုရဘူး"

ကျန်းမုန့်မုန့် ကြွေးကြော်တော့သည်။

လူတိုင်း ဆွံ့အသွားကြရ၏။ ကျန်းမုန့်မုန့် အမှိုက်ကောက်သည့် ကိစ္စမှာ တကယ့်ကို အဓိပ္ပာယ်မရှိလှသော်လည်း ပတ်ဝန်းကျင်ရှိ လူများ ကြားသိရသည့်အခါတွင်မူ ထွေထွေထူးထူး တုံ့ပြန်ခြင်း မရှိကြချေ။

ဘာပဲဖြစ်ဖြစ် အမှိုက်ကောက်တာက ကိစ္စမရှိပါဘူး… ဘယ်လောက်ပဲ လွန်လွန်၊ သူတစ်ပါးပစ္စည်း ခိုးတာထက်စာရင်တော့ ပိုကောင်းသေးတာပဲ မဟုတ်ပါလား…

မမြင်ဘူးလား... ကျန်းမိသားစုကိုယ်တိုင်တောင် ဂရုမစိုက်ဘူးလေ…

တကယ်တမ်း ကျန်းမိသားစုမှာလည်း စိတ်ထဲ၌ ဂရုစိုက်ကြ၏။ သားအဖနှစ်ဦးလုံး အရှက်ရသည်ဟု ခံစားရသော်လည်း ကျန်းမုန့်မုန့်ကိုမူ မထိန်းချုပ်နိုင်ကြပေ။

ဤကလေးမ ကျန်းမုန့်မုန့်သည် ငယ်စဉ်ကတည်းက တခြားလူများနှင့် အမြဲတမ်း ကွဲထွက်နေတတ်သည်။

သူမသည် စားဖို့သောက်ဖို့ကိုသာ အသည်းအသန် အာရုံစိုက်တတ်ပြီး တခြားအရာများကို လုံးဝ ဂရုမစိုက်တတ်ပေ။

ပြောရလျှင် သူမ၏ မိသားစုမှာ ဆင်းရဲလှသည်လည်း မဟုတ်၊ ငတ်မွတ်နေကြသည်လည်း မဟုတ်သဖြင့် ဤကလေး ဘာဖြစ်လို့ ဤကဲ့သို့ ပြုမူနေရသည်ကို မည်သူမျှ တွေးမရကြပေ။ သို့သော် သူမ၏ စရိုက်မှာ ဤသို့ ဖြစ်နေသဖြင့် မည်သူမျှ ဝင်မစွက်ဖက်နိုင်ကြပေ။

ဟုတ်တာပေါ့... လူတိုင်းကလည်း ဒါဟာ အဘွားကြီးဟွမ် ရဲ့ အပြစ်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်တယ်လို့ တွေးကြပါတယ်…

ကျန်းမုန့်မုန့်သည် ငယ်စဉ်ကတည်းက ဤကဲ့သို့ ဖြစ်နေခဲ့ခြင်းဖြစ်ပြီး အဘွားကြီးဟွမ်မှာ သူမကို မဆုံးမရုံမျှမက၊ မိမိမြေးမလေး တော်လိုက်တာဟုပင် ထင်မှတ်နေခဲ့သဖြင့် ယခုအခါ ပို၍ပင် ဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ကျန်းမုန့်မုန့်၏ ပွဲမှာ သိပ်မကြာလိုက်ဘဲ၊ မကြာမီမှာပင် လူတိုင်း၏ အာရုံစိုက်မှုသည် တခြားသို့ ထပ်မံ ပြောင်းရွှေ့သွားပြန်၏။

ဘာမှတတ်နိုင်ပါဘူး...

၎င်းတို့၏ ဝင်းကြီးထဲ၌ အမြဲတမ်း ပြဿနာတွေချည်း တက်နေသောကြောင့်တည်း။

ဝမ်ကျန့်ကော် ပြန်ရောက်လာခဲ့ပြီ…

ဟုတ်ပေသည်... ဝမ်မေ့လန် ပိုက်ဆံပို့ပေးပြီးနောက် ခုနစ်ရက်မြောက်သောနေ့တွင် ၎င်းတို့သည် ခရီးပန်းလာသည့် ပုံစံဖြင့် ပြန်လည် ရောက်ရှိလာကြခြင်း ဖြစ်၏။

ထိုနေ့သည် ခုနစ်ရက်မြောက်သောနေ့၏ ညနေခင်း အချိန် ဖြစ်ပေသည်။

လူတိုင်း ညစာစားသောက်ပြီးကြသဖြင့် ဝင်းလယ်ထဲ၌ စုထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။

အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့လည်း ထိုနေရာတွင် ရှိနေကြ၏။

၎င်းတို့မိသားစု၏ ပုံစံမှာ ပုံမှန်အားဖြင့် ဤသို့ပင်… နေ့ခင်းဘက်တွင် ဆိုင်ထွက်ပြီးနောက်၊ ညစာစားပြီးလျှင် အိမ်၌ ခေတ္တ အနားယူကြကာ၊ ညကိုးနာရီ ဆယ်နာရီလောက်ကျမှ ဆိုင်ပြန်ထွက်တတ်ကြသည်။

ယခုရက်ပိုင်းအတွင်း ပစ္စည်းများ ပိုမိုရောင်းချနိုင်ရန်အတွက် လီလင်းလင်းသည် အလုပ်ဆင်းပြီးလျှင် မြို့အရှေ့ပိုင်းရှိ ဈေး၌ ခဏရောင်းချပြီးနောက် ရုပ်ရှင်ရုံအဝင်ဝသို့ ဆက်သွားကာ၊ နေ့တိုင်း ညကိုးနာရီ ဆယ်နာရီလောက်မှ အိမ်ပြန်ရောက်တတ်၏။

သို့သော်လည်း အရောင်းအဝယ်မှာ တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိပုံရသည်၊ မဟုတ်ပါက ပထမဆုံးနေ့ကတည်းက ရပ်နားသွားလောက်ပြီ ဖြစ်၏။

ဤသို့ ဆက်ပြီး လုပ်ကိုင်နိုင်နေသည်ဆိုကတည်းက ဝယ်မည့်သူ ရှိနေသောကြောင့် ဖြစ်ပေသည်။ ယခုအချိန်တွင် ဝင်းကြီးထဲရှိ လူတိုင်း လီလင်းလင်း ဆိုင်ထွက်နေသည်ကို သိရှိနေကြပြီ ဖြစ်၏။ သို့သော် လီချန်ရွှမ်းနှင့် လင်စန်းရှင်းတို့ ဇနီးမောင်နှံမှာမူ ဘာမှမသိကြသေးပုံရ၏။ ၎င်းတို့နှစ်ဦးမှာ လတ်တလော အလွန်ကို အလုပ်ရှုပ်နေကြပြီး မနက်စောစောထွက်၊ ညမိုးချုပ်မှ ပြန်လာတတ်ကြသဖြင့် လီလင်းလင်း ဘာလုပ်နေသည်ကို လုံးဝ မရိပ်မိကြချေ။

ဤမိသားစုသည်လည်း တကယ့်ကို ထူးဆန်းလှပေသည်။

ယနေ့လည်း လီချန်ရွှမ်းနှင့် လင်စန်းရှင်းတို့ နှစ်ဦးလုံး မရှိကြပေ။

လီလင်းလင်းလည်း မရှိပေ။

လီလင်းလင်း ဆိုင်ထွက်နေခြင်းမှာ ယွမ်ဟောက်ဖုန်းအတွက် ဖြစ်သည်ကို လူတိုင်း ကောင်းကောင်း သိကြသည်။

သူ့ရဲ့ ပစ္စည်းတွေအကုန် ရောင်းထွက်သွားပြီဆိုတဲ့ ဆင်ခြေကို ဘယ်သူမှ မယုံပါဘူး…

သူ့ကြောင့်သာ မဟုတ်ရင် လီလင်းလင်းက ပစ္စည်းတွေကို ဘယ်ကနေ ရဦးမှာလဲ…

လီလင်းလင်းသည် ယွမ်ဟောက်ဖုန်းအတွက် အလုပ်လုပ်ပေးနေသောကြောင့် အစ်မကြီးဖန် သူမကို ပို၍ပင် မုန်းတီးလာပြီး တစ်နေ့ကုန် ၎င်းတို့မိသားစု၏ ကွယ်ရာတွင် အတင်းအဖျင်းများ လျှောက်ပြောနေတော့သည်။

ချန်ချင်းယွီသည် တစ်ခါတရံ သက်ပြင်းချမိ၏၊ ၎င်းတို့ ဝင်းကြီးထဲရှိ ဆက်ဆံရေးများကို စကားလုံးတစ်လုံးတည်းနှင့် အကျဉ်းချုပ်ရလျှင် ~~~ ပရမ်းပတာပဲ… တကယ့်ကို ပရမ်းပတာ ဖြစ်နေခြင်းတည်း။

ထို့အပြင် လူအများစုမှာ တစ်ဦးနှင့်တစ်ဦး အဆင်မပြေကြပေ။

သူမ၏ မိသားစုပင်လျှင် ရွှီမိသားစုနှင့် ရန်ငြိုးရန်စ ရှိခဲ့သေးသည်။

အော်... မဟုတ်သေးပါဘူး၊ အဲဒီလို မဟုတ်တော့ဘူး…

ရွှီမိသားစုနှင့် သူမတို့မိသားစုသည် ယခုနှစ်ပိုင်းအတွင်း မည်သည့် ပဋိပက္ခမျှ မရှိခဲ့ကြပေ။ ယခင်၌ ရှိခဲ့ဖူးသော်လည်း ရွှီမိသားစုသည် ယခုနှစ်ပိုင်းအတွင်း အများကြီး ငြိမ်သက်သွားခဲ့ပြီး သိပ်ပြီး ထောင်ထောင် ထောင်ထောင် မလုပ်ကြတော့ပေ။ ယခုဆိုရင် အချင်းချင်း တော်တော်လေး ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြသဖြင့် ယခင်နှင့် တကယ်ကို ကွဲပြားခြားနားလှ၏။

ထို့အပြင် ရှီကျန့်ရှန်းသည် သူမတို့မိသားစုကို အနည်းငယ် ကြောက်ရွံ့ပုံရပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြုမူတတ်သည်။

သို့သော် ၎င်းတို့နှစ်မိသားစုသည် ယခင်လောက် ရန်မလိုကြတော့သော်လည်း၊ တခြားမိသားစုများကြားတွင်မူ ပဋိပက္ခများစွာ ရှိနေဆဲ ဖြစ်သဖြင့် ဝင်းကြီးထဲ၌ အမြဲတမ်း ဆူညံပွက်လောရိုက်နေဆဲ ဖြစ်၏။ ယခုအချိန်တွင် လူတိုင်း အရှေ့ဘက် ဝင်းကြီးထဲ၌ စုထိုင်ကာ စကားပြောနေကြသည်။

ထိုနေရာတွင် မရှိသည့်သူကို အတင်းထိုင်ပြောကြခြင်း ဖြစ်ပေသည်။

ယနေ့၏ အဓိက အကြောင်းအရာမှာ လီချန်ရွှမ်း၏ မိသားစုအရေး ဖြစ်၏။

ယွမ်ဟောက်ရွှယ်မှာ ဤကဲ့သို့သော အတင်းအဖျင်းဝိုင်းများတွင် ဘယ်တော့မှ ဝင်မပါပေ။ သူမမှာ အောက်တန်းကျသည်ဟု ထင်မှတ်ပြီး အဆင့်အတန်းမရှိဟု ယူဆသောကြောင့် ဖြစ်သည်။ တခြားလူများသည်ကား အစုံအလင် ရှိနေကြ၏။

၎င်းတို့သည် လီချန်ရွှမ်း အခုတလော ဘာတွေ အလုပ်ရှုပ်နေလဲဆိုသည်ကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။

"ဒီလီချန်ရွှမ်းက ဘာဖြစ်နေတာလဲမသိဘူး၊ အလုပ်ဆင်းကတည်းက အိမ်မပြန်သေးဘူး… လင်စန်းရှင်းလည်း အတူတူပဲ၊ အမြဲတမ်း အပြင်ထွက်နေတာ"

"ဘယ်သူသိမှာလဲအေ၊ သူ့ရဲ့ လင်းလင်းက ဆိုင်ထွက်နေတာ တစ်ပတ်တောင် ရှိပြီဖြစ်တာကို သူတို့က အခုထိ မသိကြသေးဘူး"

"ညည်းကလည်း လျှောက်ပြောနေပြန်ပြီ…မသိတာ မဟုတ်ဘဲ သူတို့က ဝင်မပါချင်လို့ နေမှာပါ"

"အဲဒါတော့ တကယ်ပြောရခက်တယ်နော်"

"ကျောက်ရုံ... ညည်းတို့မိသားစုကတော့ ကံကောင်းတယ်၊ အလုပ်ကူလုပ်ပေးမယ့်လူ ရှိတယ်"

ကျောက်ရုံက စိတ်မသက်မသာဖြင့် ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း

"ဒါက တို့မိသားစုနဲ့ ဘာမှမဆိုင်ပါဘူးနော်"

လူတိုင်း သိနေလျှင်ပင် သူမ၏ မိသားစုမှာ ပြတ်ပြတ်သားသား ငြင်းဆိုမည်သာ…

လူတိုင်း ခပ်ဟဟ ရယ်မောလိုက်ကြ၏။

ရှီကျန့်ရှန်း : "လီချန်ရွှမ်းအကြောင်း ပြောရရင်တော့... ငါ အနည်းအကျဉ်းတော့ သိတယ်ဟဲ့..."

သူမ အဘွားကြီးကျောက်ကို လှမ်းကြည့်လိုက်ရာ၊ အဘွားကြီးကျောက်မှာ

"ငါလည်း အနည်းအကျဉ်းတော့ သိသားပဲ"

"ဟင်... ဘာကိစ္စလဲ။"

"ဘာလို့ အချင်းချင်းပဲ လျှို့ဝှက်ထားနေကြတာလဲ၊ ငါတို့ကိုလည်း ပြောပြဦးလေ"

အဘွားကြီးကျောက် ခပ်ဟဟ ရယ်မောလိုက်ပြီး ဘာမှမပြောပေ။ ရှီကျန့်ရှန်း စိတ်ထဲမှ "ဒီမြေခွေးအိုကြီးကတော့ ပိုပြီး ပါးနပ်လာလိုက်တာ" ဟု တွေးမိသည်။ သူမနှင့် အဘွားကြီးကျောက်တို့သည် ထိုနေ့တွင် လျိုကျင့်ကို မြင်တွေ့ခဲ့ကြသဖြင့် အဘွားကြီးကျောက် သတင်းကို အမြန်ဆုံး ဖြန့်လိမ့်မည်ဟု သူမ ထင်မှတ်ခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း အံ့ဩစရာကောင်းလောက်အောင်ပင် သူမသည် နှုတ်လုံနေခဲ့ပေသည်။

အဘွားကြီးကျောက် ဘာမှမပြောသည်ကို မြင်ရသဖြင့် ရှီကျန့်ရှန်းလည်း မိမိကိုယ်ကို ပြဿနာမပတ်သက်စေရန်အတွက် သတင်းကို လျှောက်မဖြန့်တော့ပေ။

စဉ်းစားကြည့်လျှင်လည်း ဟုတ်ပေသည်။

လီချန်ရွှမ်းက ဇနီးရှိနေပြီးသားကို သူတို့ ဘာတွေလုပ်နေကြတာလဲ…

တကယ့်ကို ဖောက်ပြန်ညစ်ညမ်းတဲ့ ကိစ္စပဲဥစ္စာ… လျိုကျင့်ကလည်း ကိုယ်ဝန်ရှိနေပြီဆိုတော့ အကယ်၍ သတင်းပေါက်ကြားပြီး ကိစ္စကြီးကျယ်သွားရင် ဘာတွေဖြစ်လာမလဲ ဘယ်သူသိမှာလဲ…

မထူးဆန်းတော့ပါဘူး... မထူးဆန်းတော့ပါဘူး၊ ဒီမြေခွေးအိုမကြီး သတိရှိနေတာ…

ဤအကြောင်းကြောင့် ရှီကျန့်ရှန်းလည်း စကားမပြောရဲတော့ပေ။

သူမသည် အဘွားကြီးကျောက် မည်မျှအထိ ပါးနပ်သည်ကို ကောင်းစွာ ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။

အဘွားကြီးကျောက်မှာ နှုတ်ဆိတ်နေဆဲ ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် သူမသည် ဆိုင်ခင်းရသဖြင့် အလွန်အမင်း အလုပ်ရှုပ်နေသောကြောင့် ဝင်းကြီးထဲရှိ အတင်းအဖျင်းများကို လျှောက်မပြောနိုင်ခြင်းသာ ဖြစ်ပေသည်။

ဤသည်မှာ တကယ့်ကို ထူးဆန်းသော အထင်မှားမှုတစ်ခုပင်။

"ဘာလို့ အားလုံးက စကားပြန်စဲသွားကြတာလဲ"

"အယ်... မင်းတို့ကလည်း..."

"ဘုရားရေ......"

ကွက်တိပင်... ထိုအချိန်၌ အဘွားကြီးကျောက် မော့ကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့်

"ဗုဒ္ဓေါ.. ဟိုမှာလာနေတာ ဝမ်ကျန့်ကော် မဟုတ်လား"

"ဘာကြီး......"

"ကျန့်ကော်......"

ဝမ်မိသားစုဝင်များ ချက်ချင်းပင် ထရပ်လိုက်ကြပြီး အဘွားကြီးဝမ် အပြေးအလွှား သွားကာ

"သား... ငါ့သားလေး… မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီနော်၊ မင်း အမေ့ကို သေအောင်လုပ်နေတာလား… ဘာလို့ ငါ့ကို ဒီလောက်အထိ စိတ်ပူအောင် လုပ်ရတာလဲ"

ဝမ်မေ့လန်လည်း ငိုကြွေးလျက်

"ကျန့်ကော်... ရှင် နောက်ဆုံးတော့ ပြန်လာနိုင်ပြီနော်၊ ကျွန်မကို ကြည့်ပါဦး၊ ကျွန်မကို ကြည့်ပါဦး"

လူတိုင်း ဝမ်ကျန့်ကော်ကို မြင်တွေ့လိုက်ရသောအခါ…

အားပါးပါး…

အားလုံး အသက်ရှူမှားမတတ် ဖြစ်သွားကြရ၏။

အမှန်အတိုင်း ပြောရလျှင် ယွမ်ဟောက်ဖုန်းနှင့် ရှီရှောင်ဝေတို့ တောင်ပိုင်းမှ ပြန်လာစဉ် တော်တော်လေး ပိန်ချောင်ပြီး နေလောင်ထားသည့် ပုံစံမျိုး ဖြစ်နေခဲ့ကြသဖြင့်၊ လူတိုင်း ထိုစဉ်က တော်တော်လေး အံ့အားသင့်ခဲ့ကြရသည်။

သို့သော် ယခု ဝမ်ကျန့်ကော်ကို ကြည့်လိုက်သည့်အခါတွင်မူ...

ဘုရားရေ... သူနဲ့ယှဉ်ရင် ယွမ်ဟောက်ဖုန်းနဲ့ရှီရှောင်ဝေတို့ အခြေအနေက တကယ့်ကို နတ်ပြည်ရောက်နေသလို ကောင်းမွန်လှပါလား…

ဝမ်ကျန့်ကော်သည် ပိန်လွန်း၍ နံရိုးအပြိုင်းပြိုင်း ဖြစ်နေပြီး ကျောကုန်းကာ ဆံပင်များလည်း ဖရိုဖရဲ၊ မုတ်ဆိတ်မွှေး ဗရပွနှင့် မျက်တွင်းများလည်း ဟောက်ပက် ဖြစ်နေသည်။ ပို၍ဆိုးသည်မှာ သူ၏မျက်နှာပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ရှိနေပြီး လမ်းကိုလည်း ထော့နဲ့ထော့နဲ့ လျှောက်နေရခြင်း ဖြစ်၏။ ကြည့်ရသည်မှာ အဘိုးကြီးတစ်ယောက်ကဲ့သို့ပင်။

"ဘာ... ဘာဖြစ်လာတာလဲ သားရယ်"

"ဘုရားရေ... တောင်ပိုင်းက ဖုန်းရွှေ က တကယ်ပဲ လူကို ကိုက်တာပဲလား… မင်း ဘာဖြစ်လာတာလဲ"

"ရိုက်နှက်ခံရတာ မဟုတ်လား..ဟိုမှာ ဘာတွေ ကြုံခဲ့ရလို့လဲ"

"ဘုရားသခင်... ကြည့်ရတာ တကယ် စုတ်ပြတ်သတ်နေတာပဲ"

အဘွားကြီးဝမ် ဝမ်းနည်းပက်လက် အော်ဟစ်ငိုယိုကာ

"တောက်... ဘယ်အကောင်က လုပ်ရဲတာလဲ၊ သားရယ်... မင်းသာ တစ်ခုခုဖြစ်သွားရင် အမေ ဘာလုပ်ရမလဲ။ ငါ့ကျန့်ကော်လေး..."

ကျောက်ရုံ : "မငိုပါနဲ့ဦး၊ အခုချက်ချင်း ဆေးရုံ အရင်သွားရအောင်… ကျွန်မအထင်တော့ သူ့ကို စစ်ဆေးဖို့ ဆေးရုံကို အမြန်ဆုံး ခေါ်သွားသင့်တယ်"

သူမ၏ အတွေးအခေါ်နှင့် ပါးနပ်မှုများကို ကြည့်၍ အထင်ကြီးမိပါက မှားမည်သာ… သူမသည်လည်း လူကောင်းတစ်ယောက် မဟုတ်ပေ။သို့သော် ပြဿနာတစ်ခုခုနှင့် ကြုံတွေ့ရလျှင် ပျာယာခတ်သွားတတ်သည့် သာမန်အိမ်ရှင်မများနှင့်မတူဘဲ သူမမှာ ချက်ချင်း တုံ့ပြန်နိုင်စွမ်း ရှိပေသည်။

"ကျွန်မအထင်တော့ သေချာလေး စစ်ဆေးပြီး တစ်ခုခု မှားယွင်းနေတာရှိရင် အမြန်ဆုံး ကုသသင့်တယ်။ အချိန်ဆွဲလို့ မဖြစ်ဘူး"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်"

"အားလုံးပဲ... ကျေးဇူးပြုပြီး ကျန့်ကော်ကို ဆေးရုံပို့ဖို့ ဝိုင်းကူပေးကြပါဦး"

"ကျန့်ကော်... မင်း ဘာဖြစ်တာလဲ၊ဘာလို့ ဒီလိုပုံစံ ဖြစ်သွားရတာလဲ"

အမျိုးသမီးများ၏ ဆူညံသံကြောင့် အမျိုးသားများလည်း စုရုံးကာ ဝိုင်းမေးကြတော့သည်။

အမျိုးသားများသည် ဝမ်ကျန့်ကော်ကို ကြည့်ကာ တကယ်ပင် ထိတ်လန့်သွားကြရ၏။

သူသည် ဘယ်လိုဖြစ်ပြီး ဒီလောကမအထိ ပိန်ချောင် ခြောက်ကပ်သွားရတာလဲ…

ဝမ်ကျန့်ကော် ခါးသက်သက် ပြုံးလိုက်ပြီး

"ကျွန်တော် အဆင်ပြေပါတယ်၊ ကံမကောင်းလို့ လူဆိုးတချို့နဲ့ တိုးမိသွားတာပါ..."

"ဘာမှ ထပ်မပြောနဲ့ဦး၊ ဆေးရုံ အရင်သွားရအောင်၊ ပြန်ရောက်မှ အေးအေးဆေးဆေး ပြောကြတာပေါ့"

"ဟုတ်တယ်၊ ဟုတ်တယ်"

"တို့တွေလည်း အတူတူ လိုက်သွားကြစို့"

"ကဲ... သွားကြစို့၊ သွားကြစို့၊ ကူညီပေးရအောင်"

အဘွားကြီးကျောက် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း

“ငါလည်း လိုက်မယ်၊ ငါလည်း လိုက်မယ်"

သူမသည် ဤကဲ့သို့သော ပွဲကြီးပွဲကောင်းကို ကြည့်ရှုရန် လက်လွတ်မခံနိုင်ပေ။

ဝမ်မေ့လန်မှာမူ ပျာယာခတ်နေပြီဖြစ်သဖြင့် လူမည်မျှ လိုက်လာသည်ကို ဂရုမစိုက်နိုင်တော့ကာ လူတိုင်း ပြောသည့်အတိုင်းသာ လိုက်လုပ်ပြီး လူအုပ်ကြီးနှင့်အတူ ထွက်ခွာသွားကြတော့သည်။ မလိုက်ဘဲ ကျန်ရစ်ခဲ့သူမှာ အနည်းငယ်မျှသာ ရှိ၏။

ချန်ချင်းယွီပင်လျှင် ၎င်းတို့နှင့်အတူ လိုက်သွားခဲ့သည်။ မထွက်ခွာမီ သူမမှာ ကလေးများကို အိမ်တံခါးကို အတွင်းမှ သေချာ ဂျက်ထိုးထားရန် မှာကြားခဲ့၏။

ရှောင်ကျားနှင့် ရှောင်ယွမ် : “…”

၎င်းတို့သည် ဤကဲ့သို့သော ပွဲကြီးပွဲကောင်းကို ကိုယ်တိုင် သွားရောက် မကြည့်ရှုနိုင်သော်လည်း တကယ့်ကို စူးစမ်းချင်စိတ် ပြင်းပြနေကြသည်။

၎င်းတို့သည် မိခင်ဖြစ်သူ ပြန်လာပြီး အတင်းအဖျင်းများ ပြန်လည် မျှဝေပေးမည့်အချိန်ကိုသာ စောင့်မျှော်နေကြ၏။

ဝမ်ကျန့်ကော်နှင့် ဝမ်မေ့လန်တို့ အပါအဝင် ဝင်းကြီးထဲမှ လူအုပ်ကြီးသည် လက်တွန်းလှည်းအသေးစား တစ်စီးကိုပင် ငှားရမ်းလာခဲ့ကြသေးသည်။ ဝမ်ကျန့်ကော် ထိုလက်တွန်းလှည်းပေါ်တွင် ထိုင်နေပြီး လူတိုင်း ဝိုင်းရံထားကြရာ၊ လမ်းပေါ်တွင် တကယ့် အရေးပါအရာရောက်သည့် လူကြီးလူကောင်းတစ်ဦးကဲ့သို့ ဖြစ်နေတော့သည်။

ချန်ချင်းယွီ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရ၏။

သူ ဘူတာရုံကနေ အိမ်အထိ လမ်းလျှောက်ပြန်လာနိုင်ခဲ့တာပဲဥစ္စာ…

သူ၏ ခြေထောက်မှာ ဤမျှအထိ မဆိုးရွားလှပေ။

တကယ်ပဲ လက်တွန်းလှည်း ယူလာဖို့ လိုအပ်လို့လား…

ကြည့်ရသည်မှာ မီးဖွားပြီးစ လူနာတစ်ယောက်ကဲ့သို့ပင် ဖြစ်နေတော့သည်။

"ကျန့်ကော်... မင်း ဘာဖြစ်ခဲ့တာလဲ"

"ဟုတ်ပ၊ ဟုတ်ပ... တခြားလူတွေ ပြန်လာတာ ကြာလှပြီဥစ္စာ၊ မင်းက ဘာလို့ အခုထိ ပြန်မလာနိုင်သေးတာလဲ…မင်းရဲ့ မေ့လန်ဆိုရင် တော်တော်လေး စိတ်ပူနေခဲ့တာ"

"မင်း ဘာတွေ ကြုံခဲ့ရလို့လဲ"

...

လူတိုင်း မိမိတို့ ထင်မြင်ချက်များကို ဝိုင်းဝန်း မေးမြန်းနေကြသည်။ ဝမ်ကျန့်ကော်သည် မျက်လွှာချလိုက်ပြီး မျက်ဝန်းများ လှုပ်ခတ်လျက်၊ ၎င်းတို့ ကြိုတင် ပြင်ဆင်ထားသည့် ဆင်ခြေကိုသာ ပေးလိုက်၏။

“ကျွန်တော် ဓားပြတိုက်ခံရတာပါ… သူတို့က ကျွန်တော်တို့ကို ရိုက်နှက်ပြီး ပိုက်ဆံအားလုံးကို လုသွားကြတယ်၊ ကံကောင်းလို့ မိသားစုက ပိုက်ဆံပို့ပေးလို့သာပဲ၊ မဟုတ်ရင် ဒီလိုပုံစံနဲ့ တောင် ပြန်လာနိုင်မှာ မဟုတ်ဘူး"

အမှန်အတိုင်း ပြောရလျှင် သူသည် စက်ရုံနှင့် ကိုယ်တိုင် ဆက်သွယ်နိုင်၏။ သူ၏ အလုပ်မှာ တရားဝင် အလုပ်ဖြစ်သောကြောင့် စက်ရုံနှင့် ဆက်သွယ်လိုက်ပါက အာမခံချက်ရှိသကဲ့သို့ ဖြစ်နေပြီး၊ ပိုက်ဆံ ချေးစရာမလိုဘဲ စက်ရုံမှာ သူ့အတွက် အပြန်ရထားလက်မှတ်ကို ဝယ်ပေးနိုင်မည် ဖြစ်သည်။ ပြီးခါမှ ထိုပိုက်ဆံကို ပြန်ဆပ်လျှင် ရပေသည်။

သို့သော် ဝမ်ကျန့်ကော်သည် စက်ရုံနှင့် မဆက်သွယ်ချင်ခဲ့ပေ။ အကယ်၍ စက်ရုံနှင့် ဆက်သွယ်မိပါက ၎င်းတို့ အမျိုးမျိုး ပြောဆိုကြလိမ့်မည်ဖြစ်ပြီး၊ စက်ရုံရှိ သူ၏ ပုံရိပ်ကိုလည်း ထိခိုက်စေနိုင်၏။

ဘာပဲဖြစ်ဖြစ် သူက အရာရှိတစ်ယောက် မဟုတ်ပါလား…

ထို့ကြောင့် သူသည် ပို၍ လက်ဝင်သော ရပ်ကွက်ကော်မတီနှင့် ဆက်သွယ်သည့် နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ကျေးလက်သို့ ပို့ဆောင်ခြင်းခံခဲ့ရသော လူငယ်အမြောက်အမြား မြို့သို့ ပြန်လာနေကြသည့် အချိန်ဖြစ်သောကြောင့် ရပ်ကွက်ကော်မတီအနေဖြင့် လူတိုင်း ပြန်လာနိုင်ရန် အာမခံချက် မပေးနိုင်ပေ။ ထို့ကြောင့် ရပ်ကွက်ကော်မတီနှင့် ဆက်သွယ်ခြင်းသည် များသောအားဖြင့် မိသားစုထံမှ ပိုက်ဆံလာပို့သည်ကို စောင့်ဆိုင်းရခြင်းသာ ဖြစ်သည်။

ထို့ကြောင့်ပင် ရက်အနည်းငယ် ကြာမြင့်သွားခဲ့ခြင်း ဖြစ်၏။

သို့သော် ချဲညီအစ်ကိုနှစ်ယောက်မှာလည်း တကယ့်ကို မရိုးသားကြချေ။ ၎င်းတို့သည် အတူတူ ရှိနေကြသော်လည်း မိသားစုများနှင့် ဆက်သွယ်ရန် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ကြသည်။ နောက်ဆုံးတွင် သူသာ အပြစ်တင်ခံရသူ ဖြစ်ခဲ့ရ၏။

သူတို့သည် ကူညီကယ်ဆယ်ရေးစခန်းသို့ သွားရောက် အကူအညီတောင်းခံခဲ့ကြသော်လည်း ဓားပြတိုက်ခံရသည်ဟု မတိုင်ကြားခဲ့ဘဲ၊ ပိုက်ဆံများကို မတော်တဆ ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟုသာ ပြောခဲ့ကြသည်။ ဒဏ်ရာနှင့် ပတ်သက်၍မူ ချော်လဲခြင်းဖြစ်သည်ဟု ဆိုခဲ့ကြ၏။

သူတို့သည် အမှန်တရားကို ဝန်ခံရန် လုံးဝ ငြင်းဆန်ခဲ့ကြသည်။

ပိုက်ဆံကို ပြန်မလိုချင်၍ မဟုတ်ပါဘဲ၊ မိမိတို့၏ မရိုးသားသော လျှို့ဝှက်ချက်များ ပေါ်ပေါက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ အကယ်၍ သူတို့၏ ဖောက်ပြန် ရှုပ်ပွမှုများကို စုံစမ်းစစ်ဆေးခံရလျှင် ဘာဖြစ်သွားမည်နည်း။ သူတို့သည် အသက်ကြီးပိုင်း အမျိုးသမီး အမြောက်အမြားနှင့် ပတ်သက် ရှုပ်ထွေးခဲ့ကြသည် မဟုတ်လော့။

အကယ်၍ ဤအကြောင်းအရာကို စုံစမ်းစစ်ဆေးခံရပါက မိမိတို့သာသိက္ခာကျပေလိမ့်မည်။

ငယ်ရွယ်သော အမျိုးသမီးငယ်တစ်ဦးနှင့်ဆိုလျှင် ထိုမျှအထိ မဆိုးရွားနိုင်သေးပေ။

သို့သော် သူတို့ ပတ်သက်ခဲ့သည်မှာ အသက် ငါးဆယ်၊ ခြောက်ဆယ်အရွယ် အမျိုးသမီးကြီးများနှင့် ဖြစ်နေသဖြင့်...

ထို့ကြောင့် မည်သို့ပင် မေးမြန်းစစ်ဆေးခံရပါစေ၊ သူတို့သည် ချော်လဲခြင်း ဖြစ်သည်ဟုသာ ဇွတ်ငြင်းခဲ့ကြသည်။ တကယ့်ကို ဇွတ်ငြင်းခဲ့ကြခြင်း ဖြစ်၏။

၎င်းတို့၏ ဇွတ်ငြင်းဆိုမှုကြောင့် ကူညီကယ်ဆယ်ရေးစခန်းမှာလည်း ဆက်လက် စုံစမ်းစစ်ဆေးခြင်း မပြုတော့ပေ။

သို့သော် အိမ်ပြန်ရောက်သည့်အခါတွင်မူ ချော်လဲခြင်းဖြစ်သည်ဟု ပြော၍ မရတော့ပေ။

ဝမ်ကျန့်ကော် : "ကျွန်တော်တို့လည်း တကယ့်ကို ကံဆိုးတာပဲ"

"ဟင်... ဓားပြတိုက်ခံရတာလား၊တကယ့်ကို လွန်လွန်မင်းမင်းပဲ"

"ဘုရားရေ... မင်းကတော့ တကယ် ကံဆိုးတာပဲ…ဟိုက ရှောင်ချန်နဲ့ ရှောင်ချိုက်ကို ကြည့်ပါဦး၊ အမျိုးသမီးတွေ ဖြစ်တာတောင် တော်တော်လေး အဆင်ပြေပြေနဲ့ လုပ်နိုင်ကြတယ်"

"ဟောက်ဖုန်းနဲ့ ရှောင်ဝေတို့လည်း တော်တော်လေး အဆင်ပြေကြတယ်လေ"

"လူဆိုးတွေက မင်းကို ဘယ်လိုဖြစ်ပြီး အာရုံစိုက်သွားတာလဲ…တစ်ယောက်တည်း ရှိနေတာလား၊ လူနဲ့လား၊ ငါတို့ကို ပြောပြပါဦး"

"မင်းက ဒီလောက်အထိ လူကောင်ကြီးမားပြီး သန်မာတာကို အသုံးမကျလိုက်တာ၊ သူတို့ မင်းဆီကနေ ပိုက်ဆံ ဘယ်လောက် လုသွားကြလဲ"

"ဟုတ်ပ၊ ဟုတ်ပ... အကုန်လုံး လုသွားတာလား။ ဘယ်လောက်လဲ"

ဝမ်ကျန့်ကော်၏ မျက်ဝန်းများသည် ပို၍ပင် မည်းမှောင်လာပြီး စိတ်ထဲတွင် ဤလူများကို တကယ့်ကို မုန်းတီးနာကျည်းမိ၏။ ဤလူများသည် သူ ကျဆုံးပျက်စီးသွားသည်ကို ကြည့်ချင်နေကြမှန်း သူ ကောင်းကောင်း သိသည်။

အရှက်မရှိတဲ့ လူယုတ်မာတွေ…

ချန်ချင်းယွီနှင့် ယွမ်ဟောက်ဖုန်းတို့၏ အဆင်ပြေ ချောမွေ့မှုများကို တွေးမိသောအခါ သူ ပို၍ပင် ဒေါသထွက်လာခဲ့၏။

အားလုံးမှာ တောင်ပိုင်းကို ပစ္စည်းသွားဝယ်သည်ချင်း အတူတူ၊ သူတစ်ယောက်တည်းသာ ကံဆိုးခဲ့ရသည်။

သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မှာလဲ…

ပြီးတော့ ချန်ချင်းယွီ …

အကယ်၍ သူမသာ မိမိတို့ကို ဖြုတ်ချမထားခဲ့ပါက၊ သူတို့သည် ဤကဲ့သို့သော တရားမဝင် ထောင်ချောက်ထဲသို့ ကျရောက်သွားမည် မဟုတ်ပေ။

ထို့ပြင် ရှီရှောင်ဝေလည်း ရှိသေးသည်။ အကယ်၍ ရှီရှောငအဝေသာ ရထားပေါ်တွင် ပြဿနာမရှာခဲ့ပါက၊ ချန်ချင်းယွီလည်း သူ့ကို မြင်တွေ့သွားမည် မဟုတ်သဖြင့် သူတို့ကို ဖြုတ်ချရန်အတွက် ပြတင်းပေါက်မှခုန်ချသွားလိမ့်မည် မဟုတ်ချေ။ သူသည် မျက်နှာပင် ပြခွင့်မရလိုက်ဘဲ အပြစ်မဲ့စွာဖြင့် ဘေးဒုက္ခ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ဒါတွေအားလုံးက သူတို့ကြောင့်ပဲ…

သူသည် လူအုပ်ကြီးကြားထဲမှ ချန်ချင်းယွီကို မနာလို နာကျည်းမှု ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး၊ ထို့နောက် ရှီရှောင်ဝေကို တစ်ချက် လှမ်းကြည့်လိုက်၏။

ယွမ်ဟောက်ဖုန်းမှာမူ ထိုနေရာတွင် မရှိပေ။

လီလင်းလင်း ဆိုင်ထွက်နေပြီး၊ သူသည်ကား "ကြီးကြပ်သူ" အဖြစ် လုပ်ကိုင်နေ၍ပင်။ ဝမ်ကျန့်ကော်သည် ချန်ချင်းယွီကို ရန်ငြိုးဖွဲ့သော မျက်လုံးများဖြင့် ကြည့်ကာ၊ ဤမိန်းမယုတ်သည် တကယ့်ကို လူယုတ်မာတစ်ယောက်ပဲဟု တွေးမိသည်။ သံသယဖြစ်စရာ မလိုဘဲ သူမနှင့် ပတ်သက်မိသူတိုင်း သေချာပေါက် ဘေးဒုက္ခတစ်ခုခုနှင့် ကြုံတွေ့ရမြဲ ဖြစ်၏။

မာကျန့်ယီ သက်ပြင်းချလျက်

"ပိုက်ဆံ ကုန်သွားတာကတော့ ကုန်ပါစေတော့… ပိုက်ဆံဆိုတာ အပြင်ပစ္စည်းပဲဥစ္စာ၊ မင်း အဆင်ပြေပြေ ရှိနေဖို့ကသာ အဓိကပဲ… နောက်နောင်ကျရင်တော့ ပိုပြီး သတိထားရမယ်၊ ယောက်ျားတစ်ယောက် ဖြစ်နေရုံနဲ့ ဘာမဆို အဆင်ပြေနိုင်တယ်လို့ မတွေးနဲ့…ရေနစ်တဲ့လူက ရေကူးတတ်တဲ့လူပဲ ဖြစ်တတ်တာပဲ… အပြင်ထွက်တဲ့အခါ ယောက်ျားတွေလည်း ဘေးမကင်းနိုင်ပါဘူး"

စကားပြော မလိမ္မာသော အဘွားကြီးဟွမ်မှာ လှောင်ပြောင် သရော်သည့် လေသံဖြင့်

"ဟယ်... မင်းက အပြင်မှာ သွားပြီး ကြွားဝါမိလို့လား၊ မဟုတ်ရင် လူတွေ ဒီလောက်အထိ များနေတာကို တခြားလူတွေကို မတိုက်ဘဲ မင်းတစ်ယောက်တည်းကိုမှ ဘာလို့ လာတိုက်ရတာလဲ…ပိုက်ဆံ ဘယ်လောက်တောင် ဆုံးရှုံးသွားလို့လဲ"

ပွစိပွစိ ရေရွတ်နေသော်လည်း နောက်ဆုံး စကားစုကိုမူ အသံထွက်၍ မပြောရဲပေ။

အကယ်၍ သူမသာ ထိုစကားကို အသံထွက်ပြောလိုက်ပါက လူထု၏ ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ဝမ်ကျန့်ကော်သည် လက်သီးကို တင်းတင်းဆုပ်ထားသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်နေဟန် ဆောင်ကာ

"ဘာကြွားရမှာလဲ…ကျွန်တော့်မှာ ကြွားစရာ ဘာရှိလို့လဲ၊ ကံမကောင်းတာ သက်သက်ပါ"

"မြို့ပြင်ကို သွားပြီး ဘုရားကျောင်းမှာ ဆုတောင်းကြည့်ပါလား"

"ချင်းမင်ပွဲတော်ကလည်း မကြာခင် ရောက်တော့မှာပဲ… အဲဒါမှ အဆင်မပြေရင် ဘိုးဘွားပိုင် သင်္ချိုင်းကို သွားပြီး ကောင်းချီးပေးဖို့ ဆုတောင်းကြည့်ပေါ့"

"ဒါက ခေတ်ဟောင်း အယူသီးမှုကြီး မဟုတ်ဘူးလား"

"ဘာ ခေတ်ဟောင်း အယူသီးမှုလဲ။ ဒါက မိသားစု ကိစ္စပဲဥစ္စာ၊ ဘယ်လိုလုပ် အယူသီးမှု ဖြစ်မှာလဲ၊ မိမိတို့ရဲ့ ဘိုးဘွားတွေဆီကနေ ကောင်းချီးတောင်းတာက အယူသီးမှု မဟုတ်ပါဘူး… ညည်းလည်း အိမ်မှာ ညည်းရဲ့ သားကို ဂရုစိုက်နေတာပဲမလား၊ ဒါကြောင့် ဝမ်ကျန့်ကော်က သူ့ရဲ့ ဘိုးဘွားတွေဆီမှာ ကာကွယ်စောင့်ရှောက်ဖို့ ဆုတောင်းတာက အယူသီးမှုလို့ မသတ်မှတ်နိုင်ပါဘူး"

ချန်ချင်းယွီ ကြားရသောအခါ ဆွံ့အသွားရပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရတော့သည်။

ဤယုတ္တိစကားမှာ အလွန် ရယ်စရာကောင်းလှပေ၏။

သို့သော် ဤကောင်မှာ သူမအပေါ်ကိုပင် ရန်ငြိုးဖွဲ့နေပုံရသည်။

အမှန်အတိုင်း ပြောရလျှင် ဝမ်ကျန့်ကော်သည် မိမိတို့ သူ့ကို စောင့်ကြည့်နေခဲ့သည်ကို မသိရှိသကဲ့သို့၊ သူမ၏ လျှို့ဝှက်သော လက်ချက်များကိုလည်း မသိရှိပေ။ ထို့ကြောင့် သူတို့သည် ကွမ်ကျိုးသို့ ရောက်ရှိပြီးကတည်းက လမ်းခွဲခဲ့ကြခြင်း ဖြစ်သည်ဟုသာ ထင်မှတ်နေပုံရသည်။ ထိုအရာအတွက်နှင့်ပင် သူမကို ရန်ငြိုးဖွဲ့နေခြင်းမှာ အမှန်ပင် ယုတ္တိမရှိလှပေ။

သူမက သူ့ကို ဖြုတ်ချထားခဲ့တဲ့ ကိစ္စအတွက် ရန်ငြိုးဖွဲ့နေတာ ဖြစ်ရမယ်….

ဟင်း...

တကယ့်ကို စိတ်ဓာတ်အောက်တန်းကျတဲ့ လူစားပဲ။

ချန်ချင်းယွီသည် ဝမ်ကျန့်ကော်ကို အလွန်အမင်း အထင်သေးမိ၏၊ သူသည် အစစ်အမှန် လူယုတ်မာတစ်ဦးပင်…

"မေးနေကြတာ၊ မေးနေကြတာ… ဘာတွေ လျှောက်မေးနေကြတာလဲ၊ ငါ့သားက ဒီလောက်အထိ ဒုက္ခရောက်လာခဲ့ရတာကိုပဲ ခံစားရတာ လုံလောက်နေပါပြီ၊ ညည်းတို့က ဘာလို့ ထပ်မေးနေကြတာလဲ၊ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ"

အဘွားကြီးဝမ် မကျေမနပ်ဖြင့်

"ညည်းတို့ ကံဆိုးတဲ့အခါကျမှပဲ သိရလိမ့်မယ်”

"ဟယ်... ညည်းက ဘယ်လို စကားပြောလိုက်တာလဲ.. တို့တွေက စိုးရိမ်လို့ လာပြီး မေးမြန်းတာကို မရရုံတင်မကဘဲ ငါတို့ကို ပြန်ပြီး ကျိန်ဆဲနေတာလား"

"ဟုတ်ပ... တို့တွေက လှည်းကိုတောင် ဝိုင်းကူတွန်းပေးခဲ့ကြတာလေ…တကယ့်ကို ကျေးဇူးကန်းတဲ့ လူတွေပဲ"

"ဝင်းကြီးတစ်ခုတည်းက လူတွေချင်း အတူတူ၊ တို့တွေက စေတနာနဲ့ လာပြီး မေးမြန်းတာကို ညည်းက ဒီလို စကားမျိုး ပြောရသလား၊ တကယ့်ကို ဘယ်လိုလူစားလဲ မသိဘူး"

"ဟုတ်တယ်လေ…မပြောချင်ရင်လည်း မပြောနဲ့ပေါ့၊ ဘာလို့ ဒီလောက်အထိ စိတ်ပုပ်ရတာလဲ၊ ချင်းမင်ပွဲတော် ရောက်တော့မယ့်အချိန်မှာ ငါတို့ကို လာပြီး ကျိန်ဆဲနေတာက တကယ့်ကို ကိုယ်ကျင့်တရား မရှိတာပဲ"

ဝမ်မေ့လန် အခြေအနေကို ပြေလည်အောင် ချက်ချင်းပင် ဝင်ရောက် ညှိနှိုင်းပေးရတော့သည်။

"အားလုံးပဲ စိတ်မဆိုးပါနဲ့ဦးနော်…ကျွန်မရဲ့ ယောက္ခမက အဲဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး၊ သူမက သားဖြစ်သူအတွက် တအား စိတ်ပူသွားလို့ စိတ်လှုပ်ရှားပြီး လွှတ်ခနဲ ပြောမိသွားတာပါ၊ ကျွန်မတို့ တခြားသဘော မရှိပါဘူးရှင်"

ဝမ်ကျန့်ကော်မှာလည်း

"ကျွန်တော့်အမေက တကယ်ပဲ မကောင်းတဲ့ သဘောနဲ့ ပြောတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ကို ဒီအထိ ခေါ်လာပေးကြတဲ့အတွက် အားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ..."

"ဝမ်ကျန့်ကော်......"

ထိုအချိန်၌ အသံတစ်သံမှ လှမ်း၍ အော်ဟစ်ခေါ်ဆိုလာ၏။

လူတိုင်းက ထိုအသံလာရာ အရပ်သို့ လှည့်ကြည့်လိုက်ကြရာ~~

ဘယ်သူလဲဟ…

ချန်ချင်းယွီ ချက်ချင်းပင် မှတ်မိလိုက်၏။

သူက တခြားသူမဟုတ်ပါဘူး… ချဲယုံချန်းပါပဲ…

All Chapters