စွမ်းအားအတွက် ဘယ်လိုတန်ကြေးမျိုးကို ပေးချင်လဲ
Vol. 2 Ch. 17
အခန်း (၁၇) : စွမ်းအားအတွက် ဘယ်လိုတန်ကြေးမျိုးကို ပေးချင်လဲ
သူ့ အစေခံခေါင်းဆောင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဝမ်ဝေ့ သူ့ညီငယ်လေးအတွက် အရမ်းပျော်မိသည့်အတွက် ပြုံးလိုက်မိသည်။
ထို့နောက် အစေခံခေါင်းဆောင်ကို မေးလိုက်သည်
“ လီကျွင်းရဲ့သတင်းကို အကြီးအကဲတွေက ဘယ်လိုမျိုး တုံ့ပြန်ကြလဲ”
အစေခံခေါင်းဆောင်က စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်သည်
“ အကြီးအကဲတွေနဲ့ မဟာအကြီးအကဲတွေလည်း သခင်လေးလီရဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုကြောင့် အံ့ဩကုန်ကြတာ။ ပြီးတော့ မဟာအကြီးအကဲ လီကျန်းကလည်း အရမ်းစိတ်လှုပ်ရှားပြီးတော့ သူ့သားအကြောင်းကို တခြားအကြီးအကဲတွေဆီ လိုက်ကြွားနေတော့တာပါပဲ”
“ လီကျွင်း ရရှိတဲ့ အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာရှာတဲ့သူတွေရော ဘယ်လိုဖြစ်သွားပြီလဲ”
“ သခင်လေး အခုတော့ သူတို့အားလုံး အသံတိတ်သွားပါပြီ။ သူတို့က သခင်လေးကို သူရဲ့အသိဉာဏ်ပညာကြွယ်ဝမှုကြောင့် ချီးကျူးနေပြီး သခင်လေးက မကြာခင်မှာ စွမ်းအားကြီးတဲ့သူတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်နေကြတယ်”
အစေခံခေါင်းဆောင်က ဝမ်ဝေ့ကို တိတ်တဆိတ် စိုက်ကြည့်ကာ သူမ၏ အကြည့်ထဲတွင် လေးစားမှုတို့ ပိုမိုမြင့်တက်လာသည်။ ဝမ်ဝေ့၏ အစေခံခေါင်းဆောင် တစ်ယောက်အနေဖြင့် သူမက သူ ကြီးပြင်းအရွယ်ရောက်လာသည်ကို တစ်ချိန်လုံး ကြည့်နေခဲ့ရသူ ဖြစ်သည်။ လွန်ခဲ့သော ရှစ်နှစ်အတွင်း သခင်လေး ရရှိခဲ့သော ဂုဏ်ကျက်သရေများကို သူမကိုယ်တိုင် မျက်မြင်တွေ့ခဲ့သည်။
သူမက သခင်လေး၏ ရာထူးအစစ်အမှန်နှင့် သခင်လေးလီကျွင်းအပေါ် ပတ်သက်ပြီး အကြီးအကဲများနှင့် အတိုက်အခံလုပ်ထားသည်ကို သိထားသည့် လူအနည်းစုထဲမှ တစ်ယောက် ဖြစ်သည်။ သို့သော် ယခု လီကျွင်းက သူ ရရှိထားသော အရင်းအမြစ်များအပြင် ရှေ့လျှောက်ရရှိလာမည့် အရာများနှင့် ထိုက်တန်ကြောင်း ဂိုဏ်းမှ လူအားလုံးကို သက်သေပြခဲ့ပြီးပြီဖြစ်သည်။
ဝမ်ဝေ့က အစေခံခေါင်းဆောင်၏ ပြောင်းလဲသွားမှုကို သူမ၏ ဝိညာဉ်လှုပ်ခတ်ခြင်းမှ အလွယ်တကူ သိရှိနိုင်သည့်အတွက် လျှို့ဝှက်စွာ ပျော်နေမိသည်။ သူ၏ အစေခံခေါင်းဆောင် ဖြစ်သည့်အလျောက် သူမက သူနှင့် တစ်ချိန်လုံး ပူးကပ်နေရသည့်အတွက် သူမ၏ စစ်မှန်သော သစ္စာရှိ၊ မရှိ သေချာအောင် လုပ်ရခြင်းကလည်း သူ့ အလုပ်များထဲမှ အလုပ်တစ်ခု ဖြစ်သည်။ သူမသာ သူမ၏ သစ္စာရှိမှုကို သက်သေပြပြီးပါက သူမကို အနာဂတ် လူယုံအဖြစ် လေ့ကျင့်ပေးရန် အခက်အခဲ မရှိနိုင်ပေ။
သူနှင့်အဆင်မပြေသော အကြီးအကဲများကိုတော့ ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။ တာအိုအခွင့်အလမ်းဂိုဏ်းက သူ့ကို အနာဂတ် ကောင်းကင်ဆန္ဒတိုက်ပွဲအတွက် လေ့ကျင့်ပေးဖို့ ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်သော်လည်း များပြားသောသူများက ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး တိတ်တဆိတ် မကျေမနပ်ဖြစ်နေသည်ကို ဝမ်ဝေ့ သိထားပြီးပြီ ဖြစ်၏။
တာအိုအခွင့်အလမ်းတိုက်ပွဲတွင် အဓိကအားဖြင့် အင်အားစု လေးခု ကွဲနေသည်။ ရွေးချယ်ခံရသူသည် သူတို့အင်အားစုမှ ဖြစ်ဖို့အတွက် အားလုံးက အသီးသီး ဆုတောင်းနေကြသည်။
သူ့ကို လူအများစု မကျေနပ်ရသည့် အကြောင်းအရင်းများထဲမှ တစ်ခုက သူက ငယ်ရွယ်ပြီး သူတော်ကြောင်း ဘာသက်သေမှ မပြနိုင်သေးသောကြောင့် ဖြစ်သည်။ သူ့မှာ ပြစရာရှိသည်ဆိုလို့ ယခု ဂိုဏ်းထဲတွင် အရည်အချင်းအရှိဆုံးသူ တစ်ယောက် ဖြစ်ကြောင်းသာ ပြောနိုင်သည်။
ထို့ကြောင့် လူအများစုက သူတို့သာ ဝမ်ဝေ့နှင့် အရည်အချင်းတူညီသူကို တွေ့ရှိပါက အမွေခံသားတော်နေရာကို လုယူနိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။
ဝမ်ဝေ့ကလည်း ထိုလူများ၏ အတွေးကို ကောင်းကောင်း သတိထားမိသည်။ သူ့ရာထူးကို သေချာအောင် လုပ်ဖို့အတွက် ဝမ်ဝေ့လည်း သူ့ဉာဏ်ပညာကို ထုတ်ဖော်ပြသရတော့သည်။ သူက အချိန်အများစုကို စာကြည့်တိုက်ထဲတွင် ကုန်ဆုံးပြီး ကျမ်းစာတစ်ခုကို သူ နားလည်သွားသည့်အချိန်တိုင်း သူ အသိအမြင် တစ်ခု ရလာလေ့ ရှိသည်။
လွန်ခဲ့သော ငါးနှစ်အတွင်းတွင် ဝမ်ဝေ့ ဖန်တီးခဲ့သော အသိအမြင်များရှိသည့်အတွက် ယခု ဂိုဏ်းတပည့်များက အသားကျနေပြီဖြစ်သည်။ ထိုအမြင်များက ဝမ်ဝေ့၏ ရောင်ဝါစက်ဝန်းကို ပိုမိုတိုးတက်စေသည့်အတွက် အကြီးအကဲများ၏ အမြင်တွင် သူ့ရာထူးကို ပိုမိုခိုင်မာသွားစေသည်။
သို့သော် ဝမ်ဝေ့ လီကျွင်းကို လေ့ကျင့်ပေးဖို့ ဆုံးဖြတ်လိုက်သည့်အချိန်တွင် အရာအားလုံး ပြောင်းပြန်ဖြစ်သွားခဲ့သည်။ သူ ဖိနှိပ်တာကို ခံခဲ့ရသော လူများက ထိုအရာကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချကာ သူ့ကို လျှို့ဝှက်စွာ တိုက်ခိုက်နေခဲ့သည်။ ကံကောင်းစွာဖြင့် လီကျွင်းက မျှော်နန်းဆောင် စစ်ဆေးမှုတွင် သူ၏ ထိုက်တန်မှုကို သက်သေပြခဲ့သည့်အတွက် ထိုလူများထက် ထပ်မံ ကျော်လွန်သွားပြန်သည်။
ထိုလူများ၏ လုပ်ရပ်က မျိုးနွယ်စုထဲတွင် သူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ခြင်းသာဖြစ်ကြောင်း ဝမ်ဝေ့ သိသည်။ အနာဂတ်တွင်လည်း ထိုကဲ့သို့ လုပ်ရပ်များ ရှိမည်ဟုလည်း သူ ယုံကြည်ထားသည်။
ထိုလူများက ဝမ်ဝေ့ကို ယှဉ်ပြိုင်နိုင်သည့် အရည်အချင်းရှိသူတစ်ယောက်ကို ရှာနေသော်လည်း သူ မကြောက်ရွံ့ပေ။ နောက်ခုနစ်နှစ်အတွက် သူ့အစီအစဉ် ချောမွေ့စွာ အဆင်ပြေသွားပါက သူ ထိုလူများ ခေါင်းမမော့ရဲဘဲ ဖိနှိပ်နိုင်သည့် မြို့တော်တစ်ခုကို ပိုင်ဆိုင်သွားမည် ဖြစ်သည်။
ဝမ်ဝေ့က ငါးခုမြောက် စစ်ဆေးမှုဆီသို့ မသွားခင် လဝက်ကြာ ကောင်းကောင်းအနားယူခဲ့သည်။
ယခုစစ်ဆေးမှုတွင် ဝမ်ဝေ့က သူ့ကိုယ်သူ သေမျိုးများ၏ ဦးဆောင်သူ တစ်ယောက်အဖြစ် ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ သူ့မျိုးနွယ်စုက တော်ဝင်မိသားစုများနှင့် တခြားမဟာမိသားစုများက သူတို့၏ ပဋိပက္ခဖြစ်မှုများကို ဘေးဖယ်ထားကာ အားကျပြီး မိတ်ဖွဲ့ချင်ရလောက်အောင်အထိ ချမ်းသာသည်။ သူတို့က ဝမ်ဝေ့၏ မျိုးနွယ်စုကို ဖျက်စီးကာ စည်းစိမ်များကို အပိုင်သိမ်းချင်နေသည်။
ဝမ်ဝေ့ ထိုသတင်းကို ကြားသည့်အခါ ကြောက်လန့်သွားခဲ့သည်။ သူက မျိုးနွယ်စုကို ကာကွယ်ဖို့အတွက် စည်းစိမ်ကို အသုံးချကာ စွမ်းအားကြီး သက်တော်စောင့်များ ငှားရမ်းဖို့ ကြိုးစားခဲ့သည်။ ကံမကောင်းစွာဖြင့် တော်ဝင်မိသားစုနှင့် တခြားမျိုးနွယ်စုများက လွှမ်းမိုးနေကြသည်။
ဘယ်သူမှ တခြားမိသားစုများကို ဆန့်ကျင်ပြီး ဝမ်မျိုးနွယ်အတွက် အလုပ်မလုပ်ပေးချင်ပေ။ ထို့ကြောင့် ဝမ်ဝေ့တစ်ယောက်တည်း သူ့မိသားစု ပျက်စီးသွားမည့်နေ့ကို ထိုင်စောင့်နေရသည်။
တစ်နေ့ မိသားစု ဘိုးဘေးခန်းမထဲတွင် လျှောက်သွားနေစဉ် မိသားစု၏ ဘိုးဘေးများကို ကိုးကွယ်ဖို့အတွက် အသုံးပြုခဲ့သည့် စင်ပေါ်တွင် ဖုံးကွယ်ထားသော စာအုပ်တစ်အုပ်ကို ဝမ်ဝေ့ ရှာတွေ့သွားခဲ့သည်။
ဝမ်ဝေ့က စာအုပ်ကို သံသယရှိစွာဖြင့် ယူကြည့်လိုက်ပြီး သူ လေ့လာသည့်အချိန်တွင် ခိုးဖတ်လိုက်သည်။ ထို့နောက် သူ ထိတ်လန့်ကာ စိတ်ရှုပ်ထွေးသွားခဲ့သည်။
စာအုပ်ထဲတွင် လူသားစတေးမှုများ ပြုလုပ်ပြီး အလျင်အမြန် ခွန်အားတိုးစေနိုင်သည့် နည်းလမ်းတစ်ခုကို ဖော်ပြထားသည်။ အစီအရင်တစ်ခုကိုဆွဲကာ လူအနည်းငယ်ကို သတ်ပြီးနောက် စတေးခံလူများ၏ သွေးနှင့်ဝိညာဉ်ကို စုပ်ယူလိုက်ခြင်းဖြင့် ကျင့်ကြံခြင်းလမ်းကြောင်းပေါ် ရောက်ရှိသွားရုံသာမက ခွန်အားကိုလည်း အလျင်အမြန် တိုးတက်စေလိမ့်မည်။
ထိုနည်းလမ်းကို မြင်ပြီးနောက် ဝမ်ဝေ့ အနည်းငယ် တွေဝေသွားသည်။ ပုံမှန်အခြေအနေများတွင် ခွန်အားရရှိစေရန်အတွက် ထိုအဓိပ္ပာယ်မရှိသော နည်းလမ်းများကို ဘယ်တော့မှ သုံးမည် မဟုတ်ပေ။ သို့သော် ယခု သူ့မိသားစု အမြစ်ဖြတ် သုတ်သင်ခံရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့်အတွက် သူ့ကိုယ်ကျင့်တရားကို ပြန်လည်ဆုံးဖြတ်ရမည့် အချိန်ရောက်လာသည်။
ဝမ်ဝေ့က ဘယ်လိုဆုံးဖြတ်ချက်မျိုး ချရမလဲဆိုတာကို ရက်ပေါင်းများစွာ အချိန်ယူပြီး စဉ်းစားခဲ့သည်။ သူ စဉ်းစားဖို့ အချိန်ယူလေလေ သူ့မျိုးနွယ် ပျက်သုဉ်းဖို့အချိန်က နီးကပ်လာလေလေ ဖြစ်သည်။
တစ်နေ့ မျိုးနွယ်စု၏ နေအိမ်မှာ လှည့်လည်သွားလာနေရင်း သူ့အမေ အပင်ရေလောင်းနေသည်ကို တွေ့လိုက်ရသည်။
ဤစစ်ဆေးမှုတွင် ဝမ်ဝေ့၏အမေက သူ တကယ့်ဘဝနှင့် တူညီသောသူဖြစ်ပြီး သူ့အဖေကတော့ ဖျားနာမှုကြောင့် စောစီးစွာ သေဆုံးသွားခဲ့သည်။ သူ့ကို သူ့အမေတစ်ယောက်တည်း ပြုစုပျိုးထောင်လာခဲ့ခြင်း ဖြစ်သည်။
ဝမ်ဝေ့က သူ့အမေဆီ ချဉ်းကပ်ကာ မေးလိုက်သည်
“ အမေ အကူအညီ လိုသေးလားဟင်”
သူမက ပြန်ဖြေလိုက်သည်
“ အမေက အပင်တွေ ရေလောင်းနေတာလေ။ ဘာအကူအညီများ လိုရမှာလဲကွယ်။ ဒီထက်ပိုပြီးအရေးကြီးတာက သားရော အကူအညီလိုလား။ သားမျက်နှာမှာ စိုးရိမ်ပူပန်မှုတွေကို အမေတွေ့နေရတယ်”
ဝမ်ဝေ့က အနည်းငယ် တွေဝေစွာဖြင့် ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ မဟုတ်ပါဘူး။ ကျွန်တော် အဆင်ပြေပါတယ်အမေ။ မိသားစု စီးပွားရေးနဲ့ ပတ်သက်ပြီး ပြဿနာလေး နည်းနည်း ရှိနေလို့ပါ”
သူမ၏ သား လိမ်နေသည်ကို ဝမ်ဝေ့၏ အမေက သိသည်။ သူမက မျိုးနွယ်စုကိစ္စများတွင် ဝင်ပါလေ့မရှိသော်လည်း ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကိုတော့ သူမ ကောင်းကောင်း သိသေးသည်။ မိသားစုက ကြီးမားသော ကပ်ဘေးဒုက္ခကို ရင်ဆိုင်နေရကြောင်းကိုလည်း သူမ သိသည်။
သူမက သားဖြစ်သူ၏ ခေါင်းကို ခပ်ဖွဖွလေး ပွတ်ပေးရင်း ပြောလိုက်သည်
“ ဝေ့အာ ... သား မိသားစုတစ်ခုလုံးရဲ့ ဝန်ကို သားတစ်ယောက်တည်း ထမ်းထားစရာမလိုပါဘူး။ မင်း ပျော်ရွှင်နေသရွေ့ ကိစ္စအားလုံးလည်း ပြီးသွားလိမ့်မယ်။ မင်းမှာ အရေးကြီးတဲ့ ဆုံးဖြတ်စရာတွေရှိရင် နှလုံးသားရဲ့စေရာအတိုင်းသာ လုပ်လိုက်ပါ”
သူ့အမေ ပြောသည်ကို ကြားပြီးနောက် ဝမ်ဝေ့၏ နှလုံးသား တုန်လှုပ်သွားကာ သူ့အမေကို စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အရေးကြောင်းများကို တွေ့ရပြီး သူမ၏ ခေါင်းပေါ်တွင် ဆံပင်ဖြူအချို့ကို တွေ့လိုက်ရသည့်အတွက် သူ ကလေးဘဝတုန်းက အကြောင်းကို ရုတ်တရက် ပြန်လည်စဉ်းစားမိသွားသည်။ ထိုအချိန်တုန်းက သူ့အမေက ငယ်ရွယ်မှု၊ တက်ကြွမှုအပြည့် ဖြစ်သည်။ မိသားစုဆိုလို့ သူတို့နှစ်ယောက်သာ ရှိသော်လည်း သူတို့ အရမ်းပျော်သည်။
ထိုအချိန်တုန်းက ဝမ်ဝေ့က ငယ်ရွယ်ပြီး ပေါ့ဆခဲ့သည်။ သူ့အမေ သယ်ပိုးထားခဲ့ရသော ဝန်ထုပ်ဝန်ပိုးကို သူ မသိခဲ့ပေ။ သူ့ကို မိသားစုကောင်းကောင်း၊ ကောင်းမွန်သော ပတ်ဝန်းကျင်မှာ ကြီးပြင်းနိုင်စေရန်အတွက် သူမ ခံစားခဲ့ရသော အားစိုက်ထုတ်မှု၊ နာကျင်မှုတို့ကို သူ မသိခဲ့ပေ။
သူ ထိုအရာကို သတိထားမိသည့်အချိန်တွင် သူ့အမေက အသက်ကြီးနေပြီ ဖြစ်၏။ ငယ်ရွယ်နုပျိုသော မျက်နှာလေးက ယခုအရေးကြောင်းများဖြင့် ပြည့်နှက်နေသည်။ တောက်ပနက်မှောင်သော ဆံပင်များကလည်း ဖြူလာပြီဖြစ်ပြီး တက်ကြွမှုဖြင့် ပြည့်နှက်နေခဲ့သော အကြည့်များကလည်း အားမရှိတော့ပေ။
သူကတော့ တစ်ချိန်လုံး မိသားစုစီးပွားရေးကို အာရုံစိုက်နေရသည့်အတွက် သူ့အမေနှင့် ကုန်ဆုံးသည့်အချိန်က နည်းသည်ထက် နည်းလာသည်။ သို့သော် သူမ ပြဿနာမရှာခဲ့ပေ။ ထိုအစား သူ့ကို တိတ်တဆိတ် ထောက်ပံ့ပေးခဲ့ပြီး ရှေ့ဆက်တိုးဖို့ အားပေးခဲ့သည်။
ဝမ်ဝေ့က သူ့အမေပေးသော အကြံဉာဏ်ကို ပြန်လည်စဉ်းစားကြည့်လိုက်သည်။
“ နှလုံးသားနောက် လိုက်ရမှာလား”
သူနဲ့ပဲ သက်ဆိုင်တယ်ဆိုရင်တော့ စွမ်းအားရရှိဖို့အတွက် လူသားဆန်စိတ်ကို စွန့်လွှတ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ သူ စိတ်ပြောင်းသွားပြီ
သူ တစ်သက်လုံး ငရဲမှာနေသွားရတော့မယ်ဆိုရင်တောင် သူ့အမေ အသက်ကို ကယ်နိုင်ဖို့ ဘာမဆို လုပ်ဦးမှာပဲ