စွမ်းအားအတွက် ဘာကို တန်ကြေးအဖြစ် ပေးချင်လဲ
Vol. 2 Ch. 18
အခန်း (၁၈) : စွမ်းအားအတွက် ဘာကို တန်ကြေးအဖြစ် ပေးချင်လဲ
ဝမ်ဝေ့ ဆုံးဖြတ်ချက်ချပြီးနောက် အယုံကြည်ရဆုံး လက်အောက်ငယ်သားများထံသို့ အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ ထို့နောက် မကြာမီတွင် မျိုးနွယ်စု၏ လျှို့ဝှက်မြေအောက်ခန်းထဲသို့ ဆယ်ယောက်ထက် ပိုသော အကျဉ်းသားများကို လျှို့ဝှက်စွာ ခေါ်ဆောင်လာသည်။
ဝမ်ဝေ့က လိုအပ်သော ပစ္စည်းများ အားလုံးကို ယူဆောင်ပြီးနောက် ကြမ်းပြင်ပေါ်တွင် အက္ခရာစာများဖြင့် ပြည့်နှက်နေသော အစီအရင်ကြီးတစ်ခုကို ရေးဆွဲလိုက်သည်။ အစီအရင် ရေးဆွဲပြီးသည်နှင့်တစ်ပြိုင်နက် မြေအောက် အကျဉ်းထောင်လည်း ရုတ်တရက် ပြောင်းလဲသွားသည်။
ထိုအရာက ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုမျိုး မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုမျိုး ဖြစ်သည်။ မှောင်မဲနေသော အကျဉ်းထောင်က ပိုမိုမှောင်မဲလာကာ ထိုမှောင်မဲနေသော အကျဉ်းထောင်ကို အနီရောင်က လွှမ်းမိုးသွားပြီး သွေးနံ့များလည်း ပျံ့လွင့်လာသည်။
ဝမ်ဝေ့က အစီအရင်ကိုဆွဲပြီးနောက် မြေအောက်အကျဉ်းထောင်၏ ပြောင်းလဲမှုကို သတိထားမိသည်။ ခဏအကြာတွင် သူ့ဆုံးဖြတ်ချက်ကို စတင်နောင်တရလာပြီးနောက် အရာအားလုံးကို လက်လွှတ်ပြီး ထွက်ပြေးချင်နေမိသည်။
သို့သော် သူ့အမေကို စဉ်းစားလိုက်မိသည်။ သူမနှင့်အတူ ထွက်ပြေးမည်ဆိုပါက ကျန်ရှိသည့် ဘဝတစ်လျှောက်လုံးပုန်းကွယ်ရင်း နေရမည်ဖြစ်ပြီး ရန်သူများ သူတို့ကို ဖမ်းမိသွားမည်ကို ကြောက်ရွံ့နေရလိမ့်မည်။
ထိုမိသားစုများနှင့် မျိုးနွယ်စုများက သူ့ကို ဘယ်တော့မှ အလွတ်ပေးမည် မဟုတ်ကြောင်းကို ဝမ်ဝေ့ သိထားသည်။ သူသာ အဖမ်းခံရပါက သူ့ကိုအနာဂတ် နှစ်ခုက စောင့်ကြိုနေသည်။ ပထမတစ်ခုက ဒုက္ခရင်းမြစ်ကို ရှင်းထုတ်ဖို့အတွက် တိုက်ရိုက်သတ်ပစ်ခြင်းဖြစ်ပြီး ကျန်တစ်ခုက သူတို့အတွက် ပိုက်ဆံရှာပေးမည့် ကျွန်ဖြစ်လာခြင်း ဖြစ်သည်။
သူ့အမေကိုတော့ ထိုမိသားစုများက သက်ညှာမည် မဟုတ်ပေ။ သူမကို တိုက်ရိုက်သတ်ခြင်း မပြုလုပ်ပါက သူ့ကို ထိန်းချုပ်ရန်အတွက် ဓားစာခံအဖြစ် ဖမ်းထားလိမ့်မည်။
ခဏတာ တွေဝေပြီးနောက် ယဇ်ပူဇော်ခြင်း အခမ်းအနားကို ဆက်လက်လုပ်ဆောင်လိုက်သည်။ အကျဉ်းသားဆယ်ယောက်ကို အစီအရင်၏ အလယ်တွင် နေရာချထားပြီး လေးလံသော သံကြိုးကြီးများဖြင့် ချည်နှောင်ထားသည်။
ဝမ်ဝေ့က ဓားကိုကိုင်ဆောင်ထားရင်း သူတို့အနားသို့ လမ်းလျှောက်သွားသည်။ သူ့လက်ဖဝါးကို ဓားဖြင့် လှီးလိုက်ပြီးနောက် သွေးဖြင့် အကျဉ်းသားများ၏ ပတ်လည်ကို စက်ဝိုင်း ဝိုင်းလိုက်သည်။ ထို့နောက် သူက သူတို့၏ လည်ပင်းကို တစ်ယောက်ချင်းစီ လိုက်လှီးသည်။
အကျဉ်းသားများ မြေပြင်ပေါ်သို့ လှဲကျသွားပြီးနောက် လည်ပင်းမှ သွေးများ ပန်းထွက်နေသည်။ သူတို့က လည်ပင်းမှ သွေးရပ်တန့်သွားစေရန် လက်ဖြင့် ဖိထားဖို့ ကြိုးစားသော်လည်း သူတို့၏ လက်နှင့်ခြေထောက်များက သံကြိုးများဖြင့် ချည်နှောင်ခံထားရသည်။ သူတို့ မိနစ်အနည်းငယ် ကြမ်းပြင်ပေါ်တွင် လူးလွန့်ပြီးနောက်မှ ငြိမ်သက်သွားသည်။
ထို့နောက် သူတို့ဆီမှ သွေးများ စုပ်ယူခံလိုက်ရသည့်အတွက် သူတို့၏ ခန္ဓာကိုယ်များက မံမီများကဲ့သို့ ခြောက်ကပ်သွားကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။
သူတို့၏ ခန္ဓာကိုယ်များ ရှိခဲ့သည့်နေရာတွင် ကျန်ရှိခဲ့သည်က သွေးအိုင်နှင့် မျောနေသော အနီရောင် တိမ်တိုက် ဆယ်ခုပင် ဖြစ်သည်။ ထိုအရာက သူတို့၏ ဝိညာဉ်များ ဖြစ်သည်။ သူတို့၏ ဝိညာဉ်များ ဖြူနေရမည့်အစား နီနေရသည့် အကြောင်းအရင်းက အပြစ်ကြီးကြီးမားမားကို ကျူးလွန်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုအကျဉ်းသားများက သူတို့၏ ဝိညာဉ်များကို တိုက်စားသွားစေသည့် လေးလံသော အပြစ်ဒဏ်၏ အကျိုးသက်ရောက်မှုကို ခံစားနေရခြင်းဖြစ်သည်။
ထိုအကျဉ်းသားများ သေဆုံးပြီးနောက် ဝမ်ဝေ့က သွေးနှင့် ဝိညာဉ်များကို စုပ်ယူလိုက်သည်။ စွမ်းအင်အများအပြား သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် သူ့ခေါင်းထဲသို့ ကျင့်စဉ်တစ်ခု ဝင်ရောက်လာသည်။
သူက ထိုကျင့်စဉ် ညွှန်ပြထားသည့်အတိုင်း လိုက်လုပ်ပြီး စတင်ကျင့်ကြံတော့သည်။ နာရီအနည်းငယ်အကြာတွင် သူ ကျင့်ကြံလို့ ပြီးသွားသည်။ သူ့ ခန္ဓာကိုယ်ထဲတွင် များပြားသော ခွန်အားပမာဏကို ခံစားရပြီး သူ့လမ်းမှာ ပိတ်ရပ်နေသည့် ဘယ်သူ့ကိုမဆို အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟု ခံစားလိုက်ရသည်။
သိပ်မကြာခင်မှာပင် ဘာမဆိုလုပ်နိုင်သည်ဟူသော ခံစားချက် မှေးမှိန်သွားသည်။ သူသာ ဒီထပ်ပိုပြီးများပြားသော စတေးမှုများ လုပ်ပါက ဘာမဆိုလုပ်နိုင်သည့်အဆင့်သို့ စစ်မှန်စွာ ရောက်ရှိသွားမည်ဟု ဝမ်ဝေ့ တွေးထင်မိသည်။ သို့သော် သူ ဒီထက်ပိုပြီး လုပ်စရာများ ရှိသေးသည့်အတွက် ထိုအတွေးကို မြှုပ်နှံပစ်လိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် ဘယ်လိုတန်ကြေးမျိုးကို ပေးရပါစေ စွမ်းအားအတွက် လောဘစိတ်ကို ပျိုးထောင်ပြီးနေပြီ ဖြစ်သည်။
ဝမ်ဝေ့၏ ပထမဆုံး ယဇ်ပူဇော်မှုကို လုပ်ပြီး နှစ်လကြာသွားပြီဖြစ်သည်။ ထိုနှစ်လအတွင်း ဝမ်မျိုးနွယ်စုက ဒုက္ခအများကြီး ရင်ဆိုင်ခဲ့ရသည်။ စွမ်းအားကြီး ကျင့်ကြံသူအများစုက သူတို့ကို နှိမ်နင်းဖို့အတွက် သူတို့မျိုးနွယ်စု နေအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။ သို့သော် ထိုကျူးကျော်သူများအားလုံးကို ဝမ်ဝေ့ ကိုယ်တိုင် ဟန့်တားခဲ့သည်။
သို့သော် အချိန်ကြာလာသည့်အခါ တိုက်ခိုက်သည့်သူများက ပိုပြီး စွမ်းအားကြီးလာကြသည်။ တတိယကျူးကျော်မှု ပြီးသွားသည့်အခါ တားမြစ်ဖို့ကြိုးစားရင်း သူ အပြင်းအထန် ဒဏ်ရာရခဲ့သည်။ သူ နောက်ထပ် တိုက်ခိုက်မှုဖြစ်လာပါက မတားဆီးနိုင်တော့မည်ကို သိသည့်အတွက် လျှို့ဝှက်စွာဖြင့် နောက်ထပ် ယဇ်ပူဇော်မှု လုပ်တော့သည်။
ယခုတစ်ခေါက် အကျဉ်းသား နှစ်ဆယ်ကို စတေးခံအဖြစ် အသုံးပြုခဲ့သည်။ သူ ဘိုးဘေးခန်းမဆောင်မှ ရရှိခဲ့သော စာအုပ်ထဲမှ အချက်အလက်အရ သူ ယဇ်ပူဇော်မှု တစ်ခါလုပ်တိုင်း အကျိုးသက်ရောက်မှုရှိစေရန် စတေးခံ အရေအတွက်ကို တိုးမြှင့်ဖို့ လိုအပ်သည်။
လိုအပ်သော ခွန်အားကို ရရှိပြီးနောက် စွမ်းအားကြီး ရန်သူများဆီမှ သူ့မျိုးနွယ်ကို ကာကွယ်နိုင်သွားသည်။ ထိုကဲ့သို့ ကာကွယ်မှုမျိုး လုပ်နိုင်ဖို့အတွက်လည်း ကြီးမားသော တန်ရာတန်ကြေးကို ပေးဆပ်နေရသည်။
ဝမ်မျိုးနွယ်စုမှ လူများက သူတို့ခေါင်းဆောင်၏ ကြီးမားသော ပြောင်းလဲမှုကို သတိထားမိသည်။ သူက ဒေါသထွက်လွယ်လာပြီး အမှားသေးသေးလေး လုပ်မိသူကိုပင် ပြင်းထန်စွာ အပြစ်ပေးလေ့ ရှိသည်။
ယခင်က သဘောကောင်းပြီး နားလည်ပေးခဲ့သော သူနှင့် လုံးဝ မတူတော့သည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူ့ လက်အောက်ငယ်သားများ အမှားလုပ်မိလျှင် အမြဲတမ်း သဘောကောင်းပြီး ခွင့်လွှတ်ပေးခဲ့သည်။ သူတို့မိသားစုများဆီသို့ သွားရောက်လည်ပတ်ကာ အခက်အခဲရှိလျှင် အမြဲတမ်း ကူညီပေးခဲ့သော ခေါင်းဆောင် ဖြစ်သည်။
ဝမ်ဝေ့ အများကြီး ပြောင်းလဲသွားသည်ကို သတိထားမိဆုံးသူက သူ့အမေ ဖြစ်သည်။ သူ့သားပြောင်းလဲသွားသည်ကို သူမ အမြဲတမ်း မြင်နေခဲ့ရသည်။ ယခင်က သူ ဘယ်လောက် အလုပ်များနေပါစေ သူမနှင့်အတူ ညစာ လာစားတတ်သည်။ ထိုအချိန်များတွင် သူ့သား၏ မျက်နှာပေါ်၌ ပျော်ရွှင်သော အပြုံးကို မြင်ရလေ့ရှိသည်။ သူ့ဘဝတွင် ဖြစ်ပျက်နေသည့် စိတ်ဝင်စားစရာအကြောင်းများကိုလည်း သူမအား ပြောပြတတ်သည်။
သို့သော်ယခု သူက အရမ်းအေးစက်ပြီး လျစ်လျူရှုတတ်လာသည်။ သူမကို လာတွေ့တာ ရှားပါလာပြီး လာတွေ့သည့်အခါတွင်လည်း စကားသိပ်မပြောပေ။ ထို့အပြင် သူ့ဆီမှ သွေးနံ့ပြင်းပြင်းကို ရနေတတ်သည်။
သူမ၏ သားက ခွန်အားများစွာ ရရှိပြီး မိသားစုကို ကာကွယ်ရန်အတွက် မကောင်းသည့်အရာများ လုပ်နေပြီဟု သူမ သိလိုက်သည်။ ထိုရုတ်တရက် ရရှိလာသော ခွန်အားအတွက် သူ ပေးလိုက်ရသည့်အရာက သူ၏ လူသားဆန်စိတ် ဖြစ်သည်။
သူမ၏ သားကို မကောင်းသည့် လုပ်ရပ်များ မလုပ်ရန် စည်းရုံးဖို့ သူမ အကြိမ်များစွာ ကြိုးစားချင်ခဲ့သည်။ သို့သော် သူမ ပါးစပ်ဖွင့်လိုက်သည့်အချိန်တိုင်း ပြောစရာ စကားက ထွက်မလာသည့်အတွက် သူမ ဘာမှ မပြောခဲ့ခြင်း ဖြစ်သည်။
သူမ ဘာလို့ သူ့ကို ဖျောင်းဖျဖို့ မကြိုးစားရလဲဆိုသည့် အကြောင်းအရင်းကို ရှာဖွေကြည့်လိုက်သည့်အခါ အကြောက်တရားကြောင့် ဖြစ်သည်။ သူမသာ ထိုအကြောင်းကို ပြောလိုက်ပါက သားဖြစ်သူက သူမကို ဘဝထဲမှ မောင်းထုတ်မှာကို သူမ ကြောက်နေခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် စစ်မှန်သည့် တစ်ဦးတည်းသော မိသားစုဝင်လေးဖြစ်သည့် သူမ၏ သားကို ဆုံးရှုံးရမှာ ကြောက်ရွံ့မိသည်။
သူ့သား၏ လုပ်ရပ်ကြောင့် သူ့ကို တစ်ကမ္ဘာလုံးက မကောင်းဆိုးဝါး၊ လူသတ်သမားဟု သတ်မှတ်မည့် လမ်းကြောင်းပေါ် ရောက်သွားတော့မည်ကို ဝမ်ဝေ့၏ အမေ သိနေခဲ့သည်။ သို့သော် သူမ ဘာမှမလုပ်နိုင်ဘဲ အခက်ခဲဆုံး၊ နာကျင်ရဆုံးအချိန်များတွင် သူ့ဘေး၌ အမြဲတမ်း ရှိနေခဲ့သည်။
သူမသာ သူ့ဘေးမှာ ရှိနေပေးပါက နောက်ဆုံးကျန်ရှိနေသော သားဖြစ်သူ၏ လူသားဆန်စိတ်လေးကို စောင့်ရှောက်ပေးနိုင်မည်ဟု သူမ ယုံကြည်သည်။ ထို လူသားဆန်စိတ်လေး အနည်းငယ် ကျန်ရှိပါက တစ်နေ့ သူမ၏ သားမှာ ပြန်လည်ကောင်းမွန်လာဖို့ အခွင့်အရေး ရှိနိုင်သည်။