စွမ်းအားအတွက် ဘယ်လိုတန်ကြေးမျိုးကို ပေးချင်လဲ
Vol. 2 Ch. 20
အခန်း (၂၀) : စွမ်းအားအတွက် ဘယ်လိုတန်ကြေးမျိုးကို ပေးချင်လဲ
ယုယန်က မျက်လုံးမှိတ်ကာ သေဖို့အတွက် စောင့်ဆိုင်းနေစဉ် ဝမ်ဝေ့၏ တောက်ပသော အနီရောင်ဓားက သူမနှလုံးသားနှင့် တစ်မီလီမီတာအကွာတွင် ရပ်တန့်သွားသည်။ ဝမ်ဝေ့ ဘယ်လိုမျိုးပဲ လုပ်နေပါစေ ဓားကို ရှေ့ဆက်မတိုးနိုင် ဖြစ်နေသည်။
ထိုတစ်မီလီမီတာလေးက သူ၏ နောက်ဆုံး ကျန်ရှိနေသော လူသားဆန်စိတ်လေးကို ခွဲခြားပေးထားသည့် အလွှာလေးဖြစ်သလို သူ၏ ကံကြမ္မာလမ်းကြောင်းကို ကိုယ်စားပြုသည်။
ထိုအလွှာလေးကို ဖြတ်သန်းလိုက်ပါက သူက စွမ်းအား၏ ကျွန်၊ ကံကြမ္မာ၏ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားလိမ့်မည်။
လှည့်ပြန်လိုက်ပါက သူ့မှာ ပြန်လည်ကောင်းမွန်ဖို့ အခွင့်အရေး ရှိသေးသည်။ သူ့ကံကြမ္မာကို သူ့လက်နှင့် ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနိုင်သည့် အခွင့်အရေး ရှိသေးသည်။
ဝမ်ဝေ့ သူ့အမေကို ကြည့်ပြီးနောက် သူ့မှတ်ဉာဏ်ထဲတွင် နက်နဲစွာ မှတ်ကျောက်တင်ထားသည့် မှတ်ဉာဏ်များ ပြန်လည်ထွက်ပေါ်လာသည်။ သူ စွမ်းအားစုဆောင်းရခြင်းကို စတင်ခဲ့သည့် အကြောင်းအရင်းကို မှတ်မိသွားသည်။ ထိုအရာက တခြားမျိုးနွယ်များဆီမှ သူ့အမေကို ကာကွယ်ပေးဖို့ ဖြစ်သည်။
သို့သော် ယခုနှစ်ပေါင်းများစွာ ကြာပြီးနောက် မူလရည်ရွယ်ချက်ကို မေ့လျော့သွားခဲ့သည်။ စွမ်းအားအပေါ် တပ်မက်စိတ်က သူ့ကို ဖြည်းဖြည်းချင်း ဝါးမျိုသွားသည်။
ကျင့်ကြံခြင်းတွင် အခက်ခဲဆုံးအရာက နယ်ပယ်အဆင့်မြင့်များသို့ ရောက်ရှိအောင် လုပ်သည့် ဖြစ်စဉ် မဟုတ်ကြောင်း ဝမ်ဝေ့ ရုတ်တရက် အသိစိတ်ဝင်သွားသည်။ သူ့အရည်အချင်းနှင့် ဂိုဏ်းမှ အရင်းအမြစ်များဖြင့် သူ အထွတ်အထိပ် နယ်ပယ်အဆင့်သို့ ရောက်အောင်ကျင့်ကြံနိုင်ဖို့အတွက်က အချိန်အနည်းငယ်သာ ကြာမြင့်နိုင်သည်။
ကျင့်ကြံခြင်း၏ အစစ်အမှန် အခက်အခဲမှာ မူလရည်ရွယ်ချက်နှင့် မူလ နှလုံးသားကို ဘယ်လိုမှတ်မိအောင် လုပ်ရမလဲဆိုတာ ဖြစ်၏။ ကျင့်ကြံသူများက အရမ်းအသက်ရှည်ကြသည်။ သူတို့ရင်ဆိုင်ရမည့် တကယ့်စစ်ဆေးမှုက အချိန်ဖြတ်သန်းမှုက သူတို့၏ နှလုံးသားအပေါ် အကျိုးသက်ရောက်မှု မရှိစေရန်နှင့် အချိန်ဟုခေါ်သော နတ်ဆိုးကို ရင်ဆိုင်ရာတွင် မူလရည်ရွယ်ချက်ကို ထိန်းသိမ်းထားနိုင်ဖို့ ဖြစ်သည်။
နှစ်ပေါင်းတစ်သန်းလောက်ကြာပြီးသွားရင် တူညီတဲ့ လူတစ်ယောက်ပဲ ဖြစ်နေဦးမယ်ဆိုတာ သေချာလား။
မင်းကို အစကတည်းက သိခဲ့တဲ့သူတွေက မင်းကို မှတ်မိနေနိုင်ပါဦးမလား။ ကိုယ့်ကိုယ်ကို မှန်ထဲမှာ ကြည့်ပြီးတော့ မကောင်းတာ ဘာမှမလုပ်ခဲ့ပါဘူးဆိုပြီးတော့ တွေဝေခြင်းမရှိ ပြောနိုင်လား။
မင်း ပြောင်းလဲသွားတယ်ဆိုရင် အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် အရမ်းနောက်ကျသွားပြီလား …
ထိုအရာအားလုံးက အားကောင်းပြီး စွမ်းအားကြီး တာအိုနှလုံးသားကို ပိုင်ဆိုင်ရခြင်း၏ အနှစ်သာရဖြစ်ပြီး ထိုအရာများကို စစ်မှန်စွာ နားလည်နိုင်ဖို့အတွက် သူ့အမေကိုပင် သတ်မိမလို ဖြစ်သွားသည်။
ဘာနာကျင်မှုမှ မခံစားရသည့်အတွက် ယုယန်က ခဏအကြာတွင် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူမ စောင့်နေခဲ့သည့် သေဆုံးမှုက ရောက်မလာခဲ့ပေ။
သူမ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သူမ၏ သားက ဓားကို သူမ၏ နှလုံးသားနှင့် နီးကပ်စွာ ဆုပ်ကိုင်ထားပြီး လုံးဝမရွေ့လျားသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ မျက်ရည်များကျနေပြီး အင်္ကျီများပင် စိုရွှဲနေသည်ကို သူမ သတိထားမိလိုက်သည်။
သူ့အကြည့်များတွင် ခံစားချက်မဲ့နေတာမျိုး မရှိတော့ပေ။ ထိုအစား နာကျင်မှု၊ ရုန်းကန်မှုတို့ဖြင့် ပြည့်နှက်နေသည်။ မျက်လုံးအကြည့်များက ကရုဏာကင်းမဲ့နေမှုမှ မြတ်နိုးခြင်းအဖြစ်သို့ ပြောင်းလဲနေသည်။
သူမ၏ သားက စိတ်ထဲတွင် အကောင်းနှင့် အဆိုးကို တိုက်ခိုက်နေရသည်ဟု ယုယန် နားလည်လိုက်သည်။ သူမ၏ သားက သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်ဖို့အတွက် နောက်ဆုံးရုန်းကန်မှုသို့ ရောက်ရှိနေပြီဖြစ်သည်။ သူမ သူ့ကို ဘာမှမပြောဘဲ နူးညံ့စွာ ပြုံးရင်းသာ စိုက်ကြည့်နေသည်။
ထိုအရာက သူမ၏ သား ကိုယ်တိုင်ရင်ဆိုင်သင့်သည့် တိုက်ပွဲဖြစ်ကြောင်း သူမ သိသည်။ ရလဒ်ဘာပဲဖြစ်နေပါစေ သူမ လက်ခံရမည်။
သူမ၏ သား အောင်မြင်သွားပါက သူ လုပ်ခဲ့သည့် မကောင်းမှုအားလုံးကို ပြန်လည်ပေးဆပ်မည့် လမ်းကြောင်းပေါ်သို့ ဦးဆောင်ခေါ်သွားပေးမည် ဖြစ်သည်။ သူသာ ကျရှုံးသွားပါက ကမ္ဘာနှင့် သူမ၏ သားအတွက် စတေးခံသည့်အနေဖြင့် သေလိုက်မည်။
ဝမ်ဝေ့၏ ရုန်းကန်ကြိုးစားမှုက ကိုးနာရီထက် ပိုပြီးကြာမြင့်ခဲ့သည်။ ထို့နောက် သူ့လက်ထဲမှ ဓားကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
သူက သူ့အမေကို နူးညံ့မှု၊ အချစ်၊ အားနာမှုတို့ဖြင့် ကြည့်ပြီး ပြောလိုက်သည်
“ အ…မေ…အမေ…”
သူ့အသံက အက်ကွဲနေသည်။ ထိုအရာက သူနှစ်ပေါင်းများစွာ စကားမပြောတာကြာပြီ ဖြစ်သောကြောင့် ဖြစ်၏။
မျက်ရည်များ စီးကျလာကာ သူ့အမေရှေ့တွင် ဒူးထောက်ရင်း ပြောလိုက်သည်
“ ဖြစ်ခဲ့တာတွေအတွက်…ကျွန်တော် …တောင်းပန်ပါတယ်…”
ယုယန်က သားဖြစ်သူအနားသို့ ပြေးသွားကာ ညစ်ပတ်နေသော ကြမ်းပြင်ပေါ်တွင် သူ့ကို ဖက်ထားလိုက်သည်။ သူနှင့်အတူ ငိုပြီး နှစ်သိမ့်ပေးနေသည်။ အခုကစပြီး အရာအားလုံး အဆင်ပြေသွားမည် ဖြစ်ကြောင်း၊ ပြောင်းလဲဖို့ အချိန်ရှိသေးကြောင်းနှင့် သူ ယခင်က မှားခဲ့သည်များကို ပြန်ပြင်ဖို့ အချိန်ရှိသေးကြောင်း ပြောပြနေသည်။
နောက်ထပ်တစ်ရက်ကို အမေနှင့်သား အချင်းချင်း စကားပြောရင်း ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့မနက်တွင် ယုယန်က ဝမ်ဝေ့ကို ပြောလိုက်သည်
“ သား ထပ်ပြီးတော့ ထွက်သွားဦးမှာလား”
သူက ပြုံးကာ ပြန်ဖြေလိုက်သည်
“ အမေကတော့ ကျွန်တော်ကို အသိဆုံးပဲ။ ပြီးတော့ ကျွန်တော်ရဲ့ အပြစ်တွေအတွက် ပေးဆပ်ဖို့ လိုသေးတယ်လေ”
ယခုတစ်ခေါက်တွင် သူ့အပြုံးက တောင့်တင်းနေခြင်း မရှိတော့ပေ။ ထိုအစား သူ့အပြုံးက ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကို ဖယ်လိုက်သကဲ့သို့ အချုပ်အနှောင်မရှိ လွတ်လပ်နေသည်။
သူ့အမေကို နှုတ်ဆက်စကားပြောပြီးနောက် ဝမ်ဝေ့ တစ်ယောက် ဝမ်မျိုးနွယ်စုမှ ထွက်သွားသည်။ ထို့နောက် သူ လူ့ဘီလူးကြီးအဖြစ် ပြောင်းလဲသွားသည်။ သူ့ ခန္ဓာကိုယ်ကြီးက အရမ်းကို ကြီးမားသွားသည်။
ကမ္ဘာပေါ်ရှိလူများက ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် လူ့ဘီလူးကြီးကို ခေါင်းမော့ပြီး ကြည့်နေကြသည်။ ထိုလူ့ဘီလူးကြီးရှေ့တွင် သူတို့က သဘာဝ၏ ရက်စက်မှုမှ ရှင်သန်နိုင်ရန် မြေပြင်ပေါ်တွင် တွားသွားနေသည့် ပုရွက်များအဖြစ်သာ တည်ရှိသည်။ ထို့အပြင် ဤလူ့ဘီလူးကြီးက အစာကွင်းဆက်၏ ထိပ်ဆုံးမှာ ရှိနေသည်။
ကမ္ဘာပေါ်ရှိ လူအားလုံး ချက်ချင်းဒူးထောက်ကျသွားကာ ဘာအသံမှ မထွက်ရဲပေ။ ကမ္ဘာတစ်ခုလုံး အင်မတန်ငြိမ်သက်သွားသည်။ လူသားများသာမက ခံစားနိုင်သောဖြစ်တည်မှုများနှင့် မခံစားနိုင်သော ဖြစ်တည်မှုများလည်း ထိုကဲ့သို့ ပြုမူနေကြသည်။ လေတိုက်ခြင်းပင် ရပ်တန့်သွားသည့်အတွက် သစ်ရွက်များမှ အသံပင် မထွက်နိုင်တော့ပေ။
ထိုလူ့ဘီလူးကြီးက ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို ကြည့်ကာ ပြောလိုက်သည်
“ ငါ့နာမည်က ဝမ်ဝေ့ပါ။ ဒါပေမဲ့ ကမ္ဘာပေါ်က လူတွေကတော့ သတ်ဖြတ်သူနတ်ဆိုးဆိုပြီးတော့ သိလိမ့်မယ်”
သူ့စကားကို ကြားပြီး လူအများ ကြောက်ရွံ့လာကြသည်။ လူအများစုကို သတ်ဖြတ်ခဲ့သည့် သတ်ဖြတ်သူနတ်ဆိုးကို မသိစရာ အကြောင်းမရှိပေ။ နတ်ဆိုးက တစ်နေ့မှာ အလုပ်ကို လက်စသတ်လိုက်မည်ကို သူတို့အားလုံး နေ့စဉ်နေ့တိုင်း တွေးရင်း ကြောက်ရွံ့နေခဲ့ရသည်။ သူတို့၏ တရားစီရင်နေ့ ကျရောက်လာပြီဟု လူအများက တွေးလိုက်မိကြသည်။
“ ပြီးခဲ့တဲ့ ဆယ်နှစ်လုံး ငါ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအပေါ် ကြီးမားတဲ့ အပြစ်တွေ ကျူးလွန်ခဲ့မိတယ်။ အဲဒါက အကြောင်းဖြစ်လို့ အကျိုးလည်းရှိမှာပဲ။ ဒီနေ့ လူတွေနဲ့ ကမ္ဘာကြီးအပေါ် လုပ်ခဲ့တဲ့ မကောင်းမှုအတွက် ပြန်လည်ပေးဆပ်မယ်။ ငါ့ရဲ့ ဝိညာဉ်က ပြန်လည်ဝင်စားခြင်း စက်ဝန်းအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ဒါမှ ငါ သတ်ခဲ့တဲ့သူတွေအားလုံး ပြန်လည်ဝင်စားနိုင်ပြီးတော့ ဘဝအသစ်ရရှိနိုင်မယ် …
ငါ့ရဲ့သွေးက ကမ္ဘာမြေကြီးကို အားဖြည့်ပေးလိမ့်မယ်။ သက်ရှိအားလုံး မွေးဖွား ရှင်သန်ကြီးထွားဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ အကုန်ဖြစ်လာလိမ့်မယ်။ ငါ့ရဲ့ အသားက နယ်မြေအသစ်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ဒါဆိုရင် နောက်မျိုးဆက်တွေအတွက် နေစရာ မြေနေရာ ဖြစ်သွားမယ်။ ကမ္ဘာကြီးလည်း ပိုပြီးတော့ ပေါကြွယ်ဝလာလိမ့်မယ် … ”
ထိုကြေညာချက်ပြီးသွားပြီးနောက် ထိုခန္ဓာကိုယ်ကြီး ဖြည်းဖြည်းချင်း ပျက်စီးသွားသည်ကို လူအများ ကြည့်နေကြသည်။ ထိုခန္ဓာကိုယ်ကြီးထဲမှ အငြိုးကြီးဝိညာဉ်များစွာ ထွက်လာပြီးနောက် သူ့ကို အရိုအသေပေးကာ ပြန်လည်ဝင်စားသွားကြသည်။
သွေးများက မြေပြင်ကို ဖုံးလွှမ်းသွားသည်။ သီးနှံပင်နှင့် အပင်ငယ်များက စံတင်လောက်သည့် အမြန်နှုန်းဖြင့် စတင်ကြီးထွားလာသည်။ သတ္တုရိုင်းများနှင့် ဝိညာဉ်သွေးကြောများက နယ်မြေ၏ မတူညီသော အပိုင်းများတွင် ဖန်တီးလိုက်သည်။ တောင်များနှင့် မြစ်များကလည်း မြင်ရသည့်နှုန်းဖြင့် ကြီးထွားလာသည်။ ထို့နောက် ခန္ဓာကိုယ်ကြီးက ကျယ်ပြန့်သော နယ်မြေကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ သမုဒ္ဒရာထဲရှိ တစ်နေရာသို့ ဆင်းသက်သွားသည်။
ကမ္ဘာပေါ်တွင် ကျန်ရှိနေသော ကျင့်ကြံသူအချို့က သူတို့နေထိုင်သည့်ကမ္ဘာက စတင်ကျယ်ပြန့်လာပြီး ဝိညာဉ်စွမ်းအင်များစွာ ရှိလာကြောင်း ခံစားမိလာကြသည်။ သူတို့ အသက်ရှူလိုက်သည့်အခါတိုင်း ဝိညာဉ်စွမ်းအင် ပမာဏများများကို စုပ်ယူနိုင်ပြီး ထို့နောက် အရမ်းလန်းဆန်းသွားကြသည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် သာမန်သေမျိုးများပင် အသက်ရှည်နိုင်သည်။
ဤကမ္ဘာက ကျင့်ကြံရေးခေတ်၊ စူးစမ်းလေ့လာရေးခေတ်သို့ ရောက်တော့မည်ကို သူတို့ သိသည်။ ရောက်ရှိလာမည့်ခေတ်မှ ကျင့်ကြံသူရော သေမျိုးများပါ အကျိုးအမြတ် ရရှိနိုင်သည်။
ထိုအရာအားလုံးကို လုပ်ပြီးနောက် ဝမ်ဝေ့ မျှော်နန်းဆောင်စစ်ဆေးမှုမှ အပြင်သို့ ထုတ်ခံလိုက်ရသည်။ ဝမ်ဝေ့ အဆုံးတွင်ဖြစ်သွားသည့် အပိုအလုပ်များကို လုပ်စရာမလိုပေ။
နောက်ဆုံးအခိုက်အတန့်တွင် အသိစိတ်ဝင်သွားပြီး သူ့အမေကို မသတ်ရုံဖြင့်တင် သူ စစ်ဆေးမှုကို အောင်မြင်နေပြီ ဖြစ်သည်။
ဒါဆိုရင် သူ လုပ်ခဲ့တာတွေကို ဘာလို့ လုပ်ခဲ့ရတာလဲ
သူက သူ လုပ်ခဲ့သည့်အရာကို ပြန်လည်ပေးဆပ်ခြင်း ဖြစ်သည်။ ကျင့်ကြံရေးလောကတွင် ကံက စစ်မှန်ပြီး နားလည်ရလွယ်သော အရာဖြစ်သည်။ ကျင့်ကြံသူများက ကံတာအိုကို ကျင့်ကြံပြီး တချို့က ထိုတာအိုကို အသုံးချပြီး သူတို့ကိုယ်သူတို့ ဧကရာဇ်အဖြစ် တရားဝင်ကြေညာထားသည်။
သူ တစ်နေ့ ထိုကဲ့သို့သော ကျင့်ကြံသူများနှင့် တွေ့ဆုံခဲ့ရပါက ပြင်ဆင်ပြီးသား ဖြစ်သွားသည်။ သူ ကံတာအိုကို နားလည်ထားပါက ပိုပြီးတော့ ကောင်းပေသည်။