အခန်း ၂၄၁
Vol. 25 Ch. 241
အပိုင်း ၂၄၁
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
အဆိပ်မြွေ သဲကန္တာရဓားပြခေါင်းဆောင် သွေးတစ္ဆေကို သတ်ဖြတ်ပြီး အထိအခိုက်မရှိ သူ မည်သို့ ထွက်ပြေးရမည်နည်း။ ဆိုလွန် မျက်လုံးများကို မှိတ်လိုက်ကာ စိတ်ထဲ၌ အစီအစဉ်များကို အသည်းအသန် တွေးတောနေမိ၏။
မိုးလင်းသည်အထိ တွေးတောပြီးနောက် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့မှ ထွက်ခွာလာလိုက်သည်။ အနောက်ဘက်သို့ သွားမည့်အစား အရှေ့ဘက်သို့ ဦးတည်လိုက်ကာ ထျန်ယဲ့မြို့ဆီသို့သာ ပြန်သွားလိုက်၏။
**--**--**--**--**--**--**--**
ယန်ရွှမ်းက အေးစက်စွာမေးသည်။ “သူတို့ ထွက်သွားကြပြီလား။”
လေးသည်တော်တပ်စခန်း ခေါင်းဆောင် ယွမ်ကျဲ့က ရိုသေစွာ ပြန်ဖြေ၏။ “ဟုတ်ကဲ့။ ဖန်မိုက သခင်မလေးကို တွေ့ပြီးတာနဲ့ အနောက်ဘက် သဲကန္တာရဆီ ချက်ချင်း ထွက်သွားပါတယ်။ ဒါပေမဲ့ လန်လင်းကတော့ မိုးလင်းတဲ့အထိ စောင့်နေပြီး အရှေ့ဘက်က ထျန်ယဲ့မြို့ဆီကို ထွက်သွားတယ်။”
ယန်ရွှမ်းက မေးလိုက်သည်။ “သူတို့ ဘာပစ္စည်းတွေ ယူသွားကြလဲ။”
ယွမ်ကျဲ့က အစီရင်ခံသည်။ “ဖန်မိုက ဆွဲအား ကျင်း ၁၃၀၀ ရှိတဲ့ လေးတစ်လက်နဲ့ ဆန်းကြယ်ရွှေနက်မြှား အစင်းနှစ်ဆယ်ကို ယူသွားပါတယ်။ လန်လင်းကတော့ သူ့ရဲ့ ပုံမှန်ဆွဲအား ကျင်း ၄၅၀ ရှိတဲ့ လေးတစ်လက်နဲ့ ဆန်းကြယ်ရွှေနက်မြှား ဆယ်စင်းကိုပဲ ယူသွားတယ်။”
ယန်ရွှမ်းက ထပ်မေးလိုက်၏။ “သူတို့ အောင်မြင်နိုင်ခြေ ဘယ်လောက်ရှိလဲ။”
ယွမ်ကျဲ့က ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။ “ဖန်မိုက သွေးတစ္ဆေကို သတ်နိုင်ဖို့ ရာခိုင်နှုန်း သုံးဆယ်ပဲ ရှိတယ်။ ဒါပေမဲ့ လန်လင်းကတော့ လုံးဝ အခွင့်အရေး မရှိဘူး။ ပါရမီက အံ့မခန်းပေမဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းကို အားနည်းလွန်းတယ်။ သူ့ရဲ့ မြှားတွေက သွေးတစ္ဆေအတွက် ဘာခြိမ်းခြောက်မှုမှ မဖြစ်စေနိုင်သလို သွေးတစ္ဆေရဲ့ ဆယ်ပေအကွာအဝေးကိုတောင် သူ ရောက်နိုင်မှာ မဟုတ်ဘူး။”
ယန်ရွှမ်းက ညည်းသံပြုလိုက်သော်လည်း ဘာမှ ဆက်မပြောလိုက်ပေ။
ယွမ်ကျဲ့က ဆက်ပြောလာ၏။ “သခင်မလေး... လန်လင်းက သေလမ်းကို သွားနေတာပါ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ပေမဲ့ ပါရမီကတော့ တကယ်ကို မယုံနိုင်စရာပဲ။ ကျွန်တော်တို့ရဲ့ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့နဲ့သာ ဆယ်နှစ်လောက် လေ့ကျင့်လိုက်ရင် သူ နဂါးလေးကိုင်စစ်သည် တစ်ယောက် ဖြစ်လာနိုင်တယ်။ သူ့ကို ဒီအတိုင်း သေခိုင်းလိုက်ရမှာ မနှမြောဘူးလား။”
ယန်ရွှမ်းက ပြန်မဖြေချေ။
ယွမ်ကျဲ့က ခဏတာ တုန့်ဆိုင်းသွားပြီးနောက် ထပ်မေးလိုက်၏။ “သူ့ကို လျှို့ဝှက်ကာကွယ်ပေးဖို့ လူတစ်ယောက်လောက် လွှတ်လိုက်ရမလား။”
ယန်ရွှမ်းက တည်ငြိမ်စွာပင် ခေါင်းခါလိုက်သည်။ “မလိုဘူး။ သေသွားရင်လည်း သေသွားပါစေ။ ဒါက သူ့ရဲ့ ကံတရားပဲ။”
ယွမ်ကျဲ့ အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်လိုက်၏။ “ဟုတ်ကဲ့... နားလည်ပါပြီ။”
ရင်ထဲ၌မူ သူ အလွန်အမင်း နှမြောတသ ဖြစ်နေမိသည်။ နတ်အဆင့် မြှားပစ်ပါရမီဆိုသည်မှာ တစ်သန်း၌ တစ်ယောက်သာ ရှိတတ်သည့် ပါရမီမျိုး ဖြစ်၏။ လန်လင်း၏ အားနည်းလှသည့် ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သေချာပေါက် သေရမည်သာ။
**--**--**--**--**--**--**--**
ထျန်ယဲ့မြို့၌ ဆိုလွန် လိုချင်သည်မှာ တစ်ခုတည်းသာ ရှိ၏။ ထိုသည်မှာ သွေးတစ္ဆေနှင့် ပတ်သက်သည့် အချက်အလက်များပင်။
ဤသည်က လွယ်ကူလှသည်။ မကြာသေးမီက သွေးတစ္ဆေက ကုန်သည်အဖွဲ့ အများအပြားကို ရက်စက်သည့် နည်းလမ်းများဖြင့် သတ်ဖြတ်ခဲ့သောကြောင့် သူမ၏ နာမည်ဆိုးက ကျော်ကြားနေ၏။
ဆိုလွန်က ကောလာဟလများကို လျင်မြန်စွာ စုဆောင်းလိုက်ပြီး သူမ၏ အစစ်အမှန် ကိုယ်ရေးအချက်အလက်ကို ပုံဖော်ကြည့်လိုက်သည်။
သွေးတစ္ဆေမှာ အမျိုးသမီးတစ်ဦး ဖြစ်၏။ မြင်ဖူးသူတိုင်း သေဆုံးသွားကြသည့်အတွက် သူမ၏ ရုပ်ရည်သွင်ပြင်ကို မည်သူကမှ မသိကြချေ။ ကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်ကာ ငွေအတွက်သာမက ပျော်ရွှင်မှုအတွက်ပါ သတ်ဖြတ် နှိပ်စက်တတ်၏။
အရေးအကြီးဆုံးအချက်မှာ သူမသည် ရုပ်ရည်ချောမောသည့် အမျိုးသားများကို တပ်မက်လေ့ရှိသော်လည်း ထိုအမျိုးသားများအပေါ်၌ ထူးခြားစွာ ရက်စက်တတ်ခြင်းပင်။
သူမတို့ ကုန်သည်အဖွဲ့တစ်ခုအား ဓားပြတိုက်သည့်အခါတိုင်း ဆွဲဆောင်မှုရှိသည့် အမျိုးသားများမှာ ပို၍ ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ကြရသည်။
သူတို့၏ အလောင်းများပေါ်၌ ကိုက်ရာများနှင့် ကုတ်ခြစ်ရာများ အပြည့်ရှိနေတတ်၏။ ထို့အပြင် မျက်နှာများ ဖြူရော်နေကာ မျက်လုံးများ ချိုင့်ဝင်နေခြင်းက သူတို့၏ ခွန်အားများ လုံးဝ စုပ်ယူခံလိုက်ရကြောင်းကို ပြသနေသည်။
အလွန်အမင်း ချောမောသည့် အမျိုးသားများဆိုလျှင် အရှင်လတ်လတ် သင်းကွပ်ခံရပြီး သူတို့၏ မျက်နှာများကိုလည်း အခွံခွာထားသေး၏။ သိသာလှစွာပင် ထိုမျက်နှာများကို အောင်ပွဲခံပစ္စည်းများအဖြစ် စုဆောင်းထားခြင်း ဖြစ်သည်။
ဆိုရလျှင် သူမ၏ ထင်ရှားသည့် လက္ခဏာများမှာ ချောမောသော အမျိုးသားများအပေါ် တပ်မက်ခြင်းနှင့် အကြင်နာကင်းမဲ့စွာ ရက်စက်တတ်ခြင်းပင်
ထိုသို့ဆိုလျှင် သူမကို မည်သို့ သတ်ရမည်နည်း။
ဆိုလွန် တစ်ယောက် အစီအစဉ်တစ်ခုကို ရေးဆွဲလိုက်၏။
သူမ၏ အနီးသို့ ကပ်နိုင်ရန်အတွက် ရုပ်ရည်ချောမောသော အမျိုးသားတစ်ယောက်အဖြစ် ရုပ်ဖျက်မည်ဖြစ်ပြီး ထို့နောက်မှ အသေအလဲ တိုက်ခိုက်လေမည်။
ဆိုလွန်၏ လက်ရှိ သိုင်းပညာအဆင့်ဖြင့်ဆိုလျှင် တိုက်ရိုက်တိုက်ခိုက်ရာ၌ အနိုင်ယူနိုင်မည် မဟုတ်ချေ။
သူမသည် အဆိပ်ပညာ၌လည်း ဆရာတစ်ဆူဖြစ်နေသောကြောင့် အဆိပ်ကလည်း အလုပ်ဖြစ်မည် မဟုတ်ပေ။ သူ အားကိုးနိုင်သည့် အရာများမှာ အသူရာမိစ္ဆာကြယ်နှင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားသာ ရှိတော့သည်။
ဆိုလွန်က တည်ငြိမ်စွာ မေးလိုက်သည်။ “အသူရာမိစ္ဆာကြယ်...။ ငါတို့ အောင်မြင်နိုင်ခြေ ဘယ်လောက်ရှိလဲ။”
အသူရာမိစ္ဆာကြယ်ကမူ ခဏတာ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလာ၏။ “သခင့်ရဲ့ အောင်မြင်နိုင်ခြေက ရာခိုင်နှုန်း သုံးဆယ်ပဲ။ ဒါပေမဲ့ သခင် သေနိုင်ခြေက ရာခိုင်နှုန်း ရှစ်ဆယ်အထိ ရှိတယ်။”
ဆိုလွန် ခေါင်းညိတ်လိုက်သည်။ ဓားပြခေါင်းဆောင်ကို သတ်ပြီးနောက် ရာနှင့်ချီသည့် သဲကန္တာရဓားပြများကြားမှ အထိအခိုက်မရှိဘဲ ထွက်ပြေးရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။ သို့သော် နောက်ဆုတ်၍ မရချေ။ နိုင်မှဖြစ်မည်။ သူ လုံးဝ အရှုံးပေး၍ မဖြစ်ချေ။
**--**--**--**--**--**--**--**
မွန်းလွဲပိုင်းအချိန်၌ ဆိုလွန်တစ်ယောက် အိမ်တစ်လုံးထဲမှ လုံးဝ အသွင်သစ်တစ်မျိုးဖြင့် ထွက်လာ၏။ ရှီးလျန်ဘုရင့်နိုင်ငံမှ ရုပ်ရည်ချောမောသည့် အထက်တန်းလွှာ တစ်ယောက်အဖြစ် ရုပ်ဖျက်ထားခြင်း ဖြစ်သည်။
နဂိုမူလချောမောသော ရုပ်ရည်၏ ထက်ဝက်ကို ပြန်လည်ဖော်ထုတ်လိုက်ပြီး ရှီးလျန်မုတ်ဆိတ်မွေးများကို တပ်ဆင်လိုက်၏။ အသားအရေကို ညိုမည်းစေပြီး မိတ်ကပ်ဖြင့် မျက်လုံးချိုင့်များကို ပိုမိုနက်ရှိုင်းသွားစေကာ အညိုရောင် သလင်းကျောက် မျက်လုံးတုများကို တပ်ဆင်လိုက်သည်။
လက်ရှိအချိန်၌ သူသည် အလွန်တရာ ဆွဲဆောင်မှုရှိလှသည့် ရှီးလျန်အမျိုးသားတစ်ဦးနှင့် ကွက်တိပင် တူနေတော့သည်။ (
မျက်လုံးတုများမှာ ဈေးကြီးပြီး သက်တောင့်သက်သာ မရှိလှချေ။ သို့သော် ထိုအရာများက သူ၏ အမြင်အာရုံကို ဝေဝါးသွားစေသော်လည်း ရုပ်ဖျက်ရန်အတွက်မူ မရှိမဖြစ် လိုအပ်နေသည်။
(မျက်လုံးတုက ဘယ်လိုမျိုးလဲ မသိဘူးဗျ။ မျက်ကပ်မှန်ဖြစ်နိုင်ပေမဲ့ မသေချာလို့ မျက်လုံးတုပဲ ဆက်ရေးဦးမယ်နော်။)
ဤသည်များအပြင် ကိုယ်ရေးအချက်အလက် အတုတစ်ခုကိုလည်း ဖန်တီးထားလိုက်၏။ ဆိုလွန်က လက်ရှိ၌ ရှီးလျန်ဘုရင့်နိုင်ငံမှ ကျဆင်းသွားသည့် အထက်တန်းလွှာ ဟယ်လျန်ကျယ် ဖြစ်လာသည်။
နောက်ခံဇာတ်လမ်းအရ သူ၏ မိသားစုမှာ စည်းစိမ်ဥစ္စာများ ဆုံးရှုံးသွားရသည်။ အသည်းအသန် လောင်းကြေးထပ်သည့် အနေဖြင့် ကျန်ရစ်နေသော ပိုင်ဆိုင်မှုများကို ရောင်းချကာ ထျန်ယဲ့မြို့သို့ ခရီးနှင်လာပြီး ဆားချောများနှင့် ဆန်းကြယ်ရွှေနက် ရိုင်းတုံးများကို ဝယ်ယူ၍ အိမ်သို့ ပြန်လည်ရောင်းချရန် ဖြစ်၏။
ဤကဲ့သို့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမျိုးမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။ အကယ်၍ လီတစ်ထောင် သဲကန္တာရကြီးကိုသာ ဘေးကင်းစွာ ဖြတ်ကျော်နိုင်မည်ဆိုပါက သူ၏ ရင်းနှီးမြှုပ်နှံမှုမှာ သုံးဆအထိ ပြန်လည်ရရှိမည် ဖြစ်၏။
သူ၏ ရုပ်ဖျက်မှုကို ယုံကြည်နိုင်စေရန်အတွက် ဆိုလွန်က အစစ်အမှန် ကုန်ပစ္စည်းများ ဝယ်ယူရန် ရွှေဒင်္ဂါး ငါးရာကို အသုံးပြုလိုက်ပြီး အစောင့် ငါးဆယ်ကို ငှားရမ်းရန်အတွက် ရွှေဒင်္ဂါး တစ်ရာကို အသုံးပြုလိုက်သည်။
ထိုသူများမှာ ကောင်းကင်မီးလျံ ကြေးစားစစ်သည်အဖွဲ့ဖြစ်ပြီး သူရဲကောင်းဆန်သည့် ရုပ်ရည်ရှိသော လူလတ်ပိုင်းအရွယ် တိကျန်းဆိုသူက ဦးဆောင်၏။
**--**--**--**--**--**--**--**
နောက်တစ်နေ့၌ ရုပ်ရည်ချောမောလှသည့် ရှီးလျန်အထက်တန်းလွှာတစ်ဦးအဖြစ် ဝတ်ဆင်ထားသော ဆိုလွန်က ကုလားအုတ် အကောင်တစ်ရာကျော် ပါဝင်သည့် ကုန်သည်အဖွဲ့ကို ဦးဆောင်လာသည်။ ကြေးစားစစ်သည်များ၏ အစောင့်အရှောက်ဖြင့် ထျန်ယဲ့မြို့မှ ထွက်ခွာလာကြပြီး သဲကန္တာရထဲသို့ ဝင်ရောက်ကာ ရှီးလျန်ဘုရင့်နိုင်ငံဆီသို့ ဦးတည်သွားကြ၏။
ထျန်ယဲ့မြို့မှ မိုင်တစ်ရာခန့် အကွာ မြေပြင်ပေါ်၌ မြက်ခင်းအချို့ ရှိနေဆဲပင်။ အနောက်ဘက်သို့ ဆက်လက်ခရီးနှင်လာသည်နှင့်အမျှ အစိမ်းရောင်များက အဝါရောင် သဲများအဖြစ်သို့ မှေးမှိန်သွားသည်။ မိုင်နှစ်ရာ အကွာသို့ ရောက်ရှိချိန်၌မူ သူတို့အားလုံး သဲသမုဒ္ဒရာကြီးထဲ၌ ဝန်းရံခံလိုက်ကြရသည်။
ဤသဲကန္တာရကြီးမှာ မိုင်တစ်ထောင်ကျော်အထိ ကျယ်ဝန်းလေပြီး နုလန်ဘုရင့်နိုင်ငံနှင့် ရှီးလျန်ဘုရင့်နိုင်ငံတို့ကြားရှိ သဘာဝ နယ်နိမိတ်အဖြစ် တည်ရှိနေ၏။ လီတစ်ထောင်ခန့်ရှိသည့် သဲကန္တာရကြီးအား ဖြတ်ကျော်ရန်ဆိုသည်မှာ မည်သည့် စစ်တပ်အတွက်မဆို အိပ်မက်ဆိုးတစ်ခုပင်။
ထို့အတွက်ကြောင့် နယ်စပ် ပွတ်တိုက်မှုများ ရှိနေသည့်တိုင် နိုင်ငံနှစ်ခုမှာ အများအားဖြင့် ငြိမ်းချမ်းစွာ ဆက်လက်တည်ရှိနေခြင်း ဖြစ်သည်။
သဲကန္တာရ၏ အတွင်းပိုင်းသို့ ရောက်လာချိန်၌ တိကျန်းတစ်ယောက် အဆိပ်မြွေ သဲကန္တာရဓားပြများ သို့မဟုတ် သွေးတစ္ဆေတို့နှင့် မဆုံတွေ့စေရန်အတွက် ဆုတောင်းစကားများကို တတွတ်တွတ် ရွတ်ဆိုနေမိ၏။
သူ၏ ဆုတောင်းများက အလုပ်ဖြစ်ပုံပေါ်သည်။ သဲကန္တာရထဲသို့ မိုင်သုံးရာခန့်အထိ ဘေးကင်းစွာ ရောက်ရှိလာ၏။
သို့သော် ဆိုလွန်ကမူ အဆိပ်မြွေ သဲကန္တာရဓားပြများနှင့် ဆုံတွေ့ချင်နေသည်။ သူမအား သတ်ဖြတ်နိုင်ရန်အတွက် သွေးတစ္ဆေ၏ ဖမ်းဆီးခြင်းကို ခံရန် လိုအပ်နေ၏။
ယန်ရွှမ်း သတ်မှတ်ထားသည့် အချိန်ကုန်ဆုံးရန် နှစ်ရက်ခွဲသာ ကျန်တော့သည်။ ဆိုလွန်၏ ကုန်သည်အဖွဲ့မှာ လက်ရှိအချိန်၌ သဲကန္တာရထဲသို့ မိုင်လေးရာကျော်အထိ ခရီးနှင်လာလေပြီ။ ရှီးလျန်ဘုရင့်နိုင်ငံနှင့်လည်း နီးကပ်နေ၏။
အကယ်၍ နယ်စပ်ဖြတ်ကျော်ဂိတ်သို့သာ ရောက်ရှိသွားမည်ဆိုပါက သူလျှိုများက ဆိုလွန်၏ ကိုယ်ရေးအချက်အလက်အတုကို ဖော်ထုတ်သွားမည်ဖြစ်ပြီး သူ၏ တာဝန်လည်း ကျရှုံးသွားပေလိမ့်မည်။
မွန်းတည့်ချိန်၌ ကုန်သည်အဖွဲ့မှာ အနားယူကာ အစားအသောက် စားသောက်ရန် ရပ်နားလိုက်ကြ၏။
တိကျန်းက ဆိုလွန်၏ ဘေး၌ ဝင်ထိုင်ကာ မေးလိုက်သည်။ “သခင်လေး ဟယ်လျန်...။ ဒီလောက် နူးညံ့တဲ့ အသားအရေနဲ့ ဘာလို့ ကိုယ့်အသက်ကို စွန့်ပြီး ဒီနေရာမှာ ကုန်သွယ်မှု လုပ်နေရတာလဲ။ အရမ်း အန္တရာယ်များတယ်။”
ဆိုလွန်က ကူရာကယ်ရာမဲ့သည့် ဟန်ဆောင်ကာ ပြန်ဖြေ၏။ “အစိုးရ ရာထူးတစ်ခုကို ဝယ်ဖို့နဲ့ မိသားစုရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ ငွေရှာမှ ဖြစ်မှာမို့လို့ပါ။”
တိကျန်းက ဖိအားပေး မေးလာသည်။ “ဒါပေမဲ့ သဲကန္တာရဓားပြတွေနဲ့ ဆုံရင် ဘယ်လိုလုပ်မလဲ။ အထူးသဖြင့် သွေးတစ္ဆေပေါ့။ သူက သခင်လေးလို ချောမောတဲ့ အမျိုးသားတွေကို အရမ်း သဘောကျတာ။ ပြီးတော့ သူက အရမ်း ရက်စက်တယ်။ သူ့လက်ထဲ ကျရောက်သွားတာက ငရဲပြည်ကို ရောက်သွားတာထက်တောင် ပိုဆိုးသေးတယ်။”
ဆိုလွန်က သက်ပျင်းချကာ ပြောလိုက်၏။ “ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်သိက္ခာဆိုတာ အန္တရာယ်ကြားထဲမှာပဲ ရှာတွေ့နိုင်တာပါ။ ပြီးတော့ ကျွန်တော်တို့က သွေးတစ္ဆေရဲ့ နယ်မြေကို ရှောင်ကွင်းလာတာပဲ။ ဒါ့အပြင် ကျွန်တော့်မှာ ခေါင်းဆောင် တိကျန်းရဲ့ အစောင့်အရှောက် ရှိနေတယ် မဟုတ်ဘူးလား။”
သူ၏ သူရဲကောင်းဆန်လှသည့် မျက်နှာမှာ ရုတ်တရက် ဝမ်းနည်းသွားပုံပေါ်၏။ တိကျန်းတစ်ယောက် သက်ပြင်းချလိုက်သည်။ “ဟူး... ဘဝဆိုတာ ဘယ်တော့မှ မလွယ်ကူဘူး။ သခင်လေးလို ကျဆင်းသွားတဲ့ အထက်တန်းလွှာ တစ်ယောက်အတွက်ရော အသက်မွေးဝမ်းကျောင်းဖို့ ကြိုးစားနေရတဲ့ ကျွန်တော့်လို လူတစ်ယောက်အတွက်ပါ ခက်ခဲတာပဲ။”
ရုတ်တရက်ဆိုသလိုပင် သူက ဓားကို ဆွဲထုတ်လိုက်ပြီး အေးစက်နေသည့် ဓားသွားဖြင့် ဆိုလွန်၏ လည်ပင်းကို ဖိကပ်ထားလိုက်သည်။
“မိတ်ဆက်ပေးမယ်။ ငါက အဆိပ်မြွေ သဲကန္တာရဓားပြအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် သွေးမုဆိုးပဲ။”
ဆိုလွန်တစ်ယောက် တုန်လှုပ်သွားသည့်ဟန်ဆောင်လိုက်ကာ မယုံကြည်နိုင်စွာ သွေးမုဆိုးအား စိုက်ကြည့်လိုက်သည်။ ထို့နောက် တုန်ယင်သည့် အသံဖြင့် ပြောလိုက်၏။ “ခေါင်းဆောင် တိကျန်း... ကျေးဇူးပြုပြီး... ဒီလို နောက်ပြောင်တာမျိုး မလုပ်ပါနဲ့။ ခင်ဗျားက ကောင်းကင်မီးလျံ ကြေးစားစစ်သည်အဖွဲ့ရဲ့ ခေါင်းဆောင်လေ။”
သွေးမုဆိုးက လှောင်ပြုံး ပြုံးလိုက်၏။ “ဟက်... အဲ့ဒါက အပေါ်ယံ ဟန်ဆောင်ထားတာ သက်သက်ပဲ။ ငါက အဆိပ်မြွေ သဲကန္တာရဓားပြအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ကွ။ မင်းက ငါတို့ကို ခြုံခိုတိုက်ခိုက်မယ့် ငါးစာများလားဆိုပြီး သံသယဝင်နေလို့ အစောတုန်းက ငါ မလှုပ်ရှားတာ။ ဒါပေမဲ့ အခု မိုင်တစ်ရာပတ်လည်မှာ ဘယ်သူမှ မရှိတော့တဲ့ အချိန်ရောက်မှတော့ မင်းက တုံးအပြီး အားနည်းတဲ့ အထက်တန်းလွှာ တစ်ယောက်သက်သက်ပဲ ဆိုတာ ငါ ယုံသွားပြီ။”
သွေးမုဆိုးက စူးရှသည့် လေချွန်သံတစ်ခုကို မှုတ်ထုတ်လိုက်သည်။ “ရွှီီး...”
အဝေးမှနေ၍ လူရိပ် တစ်ရာကျော်ခန့်က သူတို့ဆီသို့ အပြေးအလွှား ရောက်လာကြ၏။ ထိုအဖွဲ့အား ဦးဆောင်လာသူမှာ တောက်လောင်နေသည့် မီးတောက်တစ်ခုကဲ့သို့ အလွန်တရာ ဆွဲဆောင်မှုရှိလှသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
အဆိပ်မြွေ သဲကန္တာရဓားပြအဖွဲ့၏ ခေါင်းဆောင်... သွေးတစ္ဆေပင်။
အပိုင်း ၂၄၁ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team