← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အပိုင်း ၂၄၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

သွေးတစ္ဆေ၌ သဲကန္တာရလူမျိုးတို့၏ ပုံမှန်လက္ခဏာများ ရှိနေ၏။ ညိုမည်းသော အသားအရေ ၊ တောက်ပသော မျက်လုံးများ ၊ ချွန်မြသည့် နှာတံနှင့် ရှည်လျားသော မျက်နှာအပြင် ပြည့်ဖောင်းသော နှုတ်ခမ်းတို့ ရှိနေသည်။

အသားအရေမှာ ညိုမည်းနေသော်လည်းပဲ ပိုးသားကဲ့သို့ ချောမွေ့နေ၏။ သွယ်လျကျန်းမာပြီး အလွန်အမင်း တောင့်တင်းလှသည်။ ကိုယ်ကြပ် စပါးကြီးမြွေရေခွံဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ သန်မာလှသည့် ခန္ဓာကိုယ်အချိုးအစားမှာ ရူးသွပ်လောက်စရာကောင်းအောင် ဆွဲဆောင်မှုရှိလှသည်။

ဆိုလွန်တစ်ယောက် သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် ကြီးမားသော မြွေဟောက်တက်တူးကြီးတစ်ခုကို သတိထားမိလိုက်၏။

လည်ပင်းအောက်မှ စတင်ကာ အထက်သို့ ရစ်ခွေတက်သွားပြီး မြွေ၏ ခေါင်းမှာ သူမ၏ နဖူးပေါ်၌ တည်ရှိနေလေကာ အစွယ်များမှ သွေးများ ယိုစီးကျနေသည်။

သက်ဝင်လှုပ်ရှားနေသည့် ထိုတက်တူးကြီးက သူမအား အန္တရာယ်များပြီး ကျောချမ်းဖွယ်ကောင်းသည့် ဆွဲဆောင်မှုတစ်ခုကို ပေးစွမ်းနေ၏။ သို့သော် အိပ်ရာပေါ်၌ မြွေတစ်ကောင်က စိုက်ကြည့်နေသည်ဆိုသည့် ခံစားချက်ကြောင့် အမျိုးသားအများစုကိုတော့ ကြောက်လန့်သွားစေနိုင်မည်။

သဲကန္တာရဓားပြ ရာပေါင်းများစွာတို့က ရုတ်တရက် တိုက်ခတ်လာသော လေပြင်းတစ်ရပ်ကဲ့သို့ ရပ်တန့်သွားကြပြီး ဆိုလွန်တို့အဖွဲ့အား ဝိုင်းရံလိုက်ကြ၏။

စစ်မြင်းပေါ်၌ မတ်မတ်ထိုင်နေသော သွေးတစ္ဆေက သားရဲတစ်ကောင်ကဲ့သို့ ကျဉ်းမြောင်းသည့် မျက်လုံးများဖြင့် ဆိုလွန်အား စိုက်ကြည့်နေသည်။ နှုတ်ခမ်းကို သပ်လိုက်ကာ ရှည်လျားသော ခြေတံကို မြှောက်လိုက်ပြီး သူမ၏ ခြေဖျားဖြင့် ဆိုလွန်၏ မျက်နှာကို နောက်ပြောင်သည့်ဟန်ဖြင့် ပွတ်ဆွဲလိုက်၏။

သူမက အက်ရှရှအသံဖြင့် ပြောလာသည်။ "သိပ်ချောတဲ့ ယောက်ျားပဲ။ မသတ်ခင် သုံးရက်လောက် ကစားရမယ်။"

ရှီးလျန်ဘုရင့်နိုင်ငံမှ သတ္တိကြောင်သော အထက်တန်းလွှာလူငယ်လေးတစ်ယောက်အဖြစ် ဟန်ဆောင်ထားသည့် ဆိုလွန်မှာ တုန်ရီနေပြီး ထစ်ငေါ့စွာ ပြောလိုက်သည်။ "ပစ္စည်းတွေကို ယူသွားပါ။ ဒါပေမဲ့ ကျေးဇူးပြုပြီး... ကျွန်တော်တို့ကို မသတ်ပါနဲ့။"

"ရွှမ်း... ရွှမ်း..."

သူ စကားပြော၍ပင် မဆုံးသေးခင်မှာပဲ ဓားချက်များ ကျဆင်းလာ၏။ သူ ငှားရမ်းထားသည့် ကုန်သည်အဖွဲ့ အစောင့်များမှာ ချက်ချင်းပင် ခေါင်းဖြတ်ခံလိုက်ရသည်။

ဤဒေသခံ လူမိုက်များက သဲကန္တာရထဲ၌ သူ့အား သစ္စာဖောက်ရန် လျှို့ဝှက်ကြံစည်ထားမှန်း ဆိုလွန် သိပြီးဖြစ်သော်လည်းပဲ အလွန်အမင်း ထိတ်လန့်သွားသည့် ဟန်ဆောင်ကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ကျသွားတော့သည်။

ဒုတိယခေါင်းဆောင် သွေးမုဆိုးက ဆိုလွန်အား လှမ်းဆွဲရန် ကိုင်းညွတ်လိုက်ရင်း လှောင်ပြောင်လိုက်သည်။ "ဟားဟား... မင်း သေးတွေများ ထွက်ကျသွားသေးလား။"

သွေးတစ္ဆေက ကြိမ်းမောင်းလိုက်၏။ "ငါ့အပိုင်ကို မထိနဲ့။" သူမက ကျာပွတ်ကို ရမ်းလိုက်ပြီး ဆိုလွန်အား ဖမ်းဆွဲကာ အရှေ့ရှိ မြင်းပေါ်သို့ တင်လိုက်သည်။ "ကျန်တဲ့ကောင်တွေကို သတ်ပြီး ပစ္စည်းတွေကို ဂူဆီ ပြန်ယူသွား။"

သဲကန္တာရဓားပြများက ကျန်ရစ်နေသည့် ကုန်သည်အဖွဲ့မှ အလုပ်သမားများကို လျင်မြန်စွာ သတ်ဖြတ်လိုက်ကြပြီး ကုလားအုတ်များကို ယူဆောင်ကာ သူတို့၏ လျှို့ဝှက်စခန်းဆီသို့ အပြေးအလွှား ထွက်ခွာသွားလိုက်ကြ၏။

ဆိုလွန်တစ်ယောက် သွေးတစ္ဆေ၏ လက်ထဲသို့ အောင်မြင်စွာ ကျရောက်သွားလေပြီ။ သူ၏ အစီအစဉ်မှာ တစ်ဝက်ခန့် ပြီးမြောက်သွားပြီဟု ပြောနိုင်သည်။

**--**--**--**--**--**--**--**

မြင်းများကို အပြင်းနှင်လာကြရာ နာရီအနည်းငယ်အတွင်း မိုင်တစ်ရာခန့်အထိ ခရီးပေါက်လာပြီးနောက် မဟူရာအိုအေစစ်ထဲသို့ ဝင်ရောက်သွားကြသည်။

ဤနေရာ၌ သစ်ပင်များ ၊ ချုံပုတ်များနှင့် အရွက်များ အပါအဝင် အရာအားလုံးသည် မည်းမှောင်နေ၏။ ရေသည်ပင်လျှင် မည်းမှောင်နေကာ အလွန်အမင်း အဆိပ်ပြင်းလှသည်။

ဖန်မိုတစ်ယောက် ဤနေရာ၌ ခြုံခိုစောင့်ဆိုင်းနေသည်မှာ ရက်အတော်ကြာခဲ့လေပြီ။ နတ်အဆင့် မြှားပစ်ပါရမီ ပါရှိသည့် လေးကိုင်စစ်သည် တစ်ယောက်အနေဖြင့် သူ့ထံ၌ အဆုံးမဲ့ သည်းခံနိုင်စွမ်းများ ရှိနေ၏။

သူမအား ပစ်မှတ်ထားနေသည့် မုဆိုးမှာ သူတစ်ယောက်တည်း မဟုတ်ဘဲ လန်လင်းလည်း ရှိနေကြောင်းကို သူ သိသည်။ သို့သော် ဖန်မို ဂရုမစိုက်ချေ။ လန်လင်း၏ ကျင့်ကြံခြင်းအဆင့်မှာ သွေးတစ္ဆေအား ခြိမ်းခြောက်နိုင်ရန် အလွန်အမင်း အားနည်းလွန်းနေသည်။

နောက်ဆုံး၌ သွေးတစ္ဆေက ရာနှင့်ချီသော သူမ၏ သဲကန္တာရဓားပြများနှင့်အတူ ဖမ်းဆီးလာသည့် ရုပ်ရည်ချောမောသော အမျိုးသားအား ခေါ်ဆောင်ကာ ပေါ်လာ၏။

ထိုမိစ္ဆာမက ရုပ်ရည်ချောမောသော အမျိုးသားများကို သေသည်အထိ နှိပ်စက်ရသည်ကို နှစ်သက်ကြောင်းကို ဖန်မိုလည်း သိထားသည်။

သူ၏ ပစ်မှတ်အကွာအဝေးအတွင်းသို့ ဝင်ရောက်လာသည်နှင့်တပြိုင်နက် ဖန်မို ပြင်ဆင်လိုက်၏။ သူသည် အလယ်အလတ်အဆင့်ရှိ ထိပ်တန်း လေးကိုင်စစ်သည်တစ်ယောက်ဖြစ်ပြီး အဆင့်မြင့်စစ်သည်တစ်ယောက် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။

သူ၏ ပုံမှန်မြှားများမှာ သူမကဲ့သို့သော အဆင့်မြင့်စစ်သည်တစ်ယောက်ကို သတ်ဖြတ်နိုင်ရန် လုံလောက်သည့် အမြန်နှုန်း မရှိမည်ကို စိုးရိမ်သောကြောင့် သူ၏ နဂါးစွမ်းအားတိုက်ခိုက်မှုကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ကို သဲထဲသို့ ပို၍ နက်ရှိုင်းစွာ မြှုပ်လိုက်ပြီး ပေ ၁၆၄၀ အကွာအဝေးမှ သွေးတစ္ဆေအား ချိန်ရွယ်လိုက်၏။ ထို့နောက် ဆွဲအား ကျင်း ၁၃၀၀ ရှိသည့် သူ၏ လေးကြီးကို ဆွဲတင်လိုက်သည်။

"ရွှီး... ရွှီး... ရွှီး..."

ဆန်းကြယ်ရွှေနက်မြှား ဆယ့်ခုနစ်စင်းကို တစ်စင်းပြီးတစ်စင်း ဆက်တိုက် ပစ်ခတ်လိုက်၏။ ထိုမြှားများမှာ အနက်ရောင် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ကောင်းကင်ယံထက်၌ ဖြတ်သန်းသွားကြသည်။

မြင်းပေါ်၌ ထိုင်နေသော ဆိုလွန်ကမူ ကြောက်မက်ဖွယ်ကောင်းလှသည့် မြှားများက ကျောချမ်းဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်စွာဖြင့် နီးကပ်လာသည်ကို စောင့်ကြည့်နေလိုက်၏။ ထိုမြှားများသည် သူ၏ ကျောဘက် တည့်တည့်ရှိ သွေးတစ္ဆေထံသို့ တိုက်ရိုက် ဦးတည်နေသည်။

"ရွှီး..."

သွေးတစ္ဆေ၏ မျက်အိမ်တို့က ကျဥ်းသွား၏။ သူမ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ အလွန်မြန်ဆန်လှသည့် အရှိန်ဖြင့် ဓားကောက်ကို လှည့်ပတ်လိုက်ရာ မှောင်မိုက်ပြီး တောက်ပနေသည့် သံမဏိဒိုင်းလွှားတစ်ခုအဖြစ် ပြောင်းလဲသွား၏။

"ချွင်... ချွင်... ထန်း... ထန်း..."

မြှားဆယ့်ခုနစ်စင်းလုံးကို ပြီးပြည့်စုံစွာ ကာကွယ်လိုက်နိုင်၏။ လုပ်ကြံသူ၏ စွမ်းရည်ကြောင့် သူမ အံ့အားသင့်သွားပြီး ချက်ချင်းပင် အော်ဟစ်လိုက်သည်။ "အဲဒီ လေးသမားကို အရှင်ဖမ်းခဲ့။"

ထိတ်လန့်နေသည့် ဟန်ဆောင်ကာ ဆိုလွန်က ထစ်ငေါ့စွာ ပြောလိုက်၏။ "ဂ... ဂရုစိုက်ပါ။ သူ ထပ်ပစ်လာလိမ့်မယ်။"

သွေးတစ္ဆေက လှောင်ပြောင်လိုက်သည်။ "မြှားဆယ့်ခုနစ်စင်းကို ဆက်တိုက်ပစ်ပြီးတဲ့နောက် ပါရမီရှင်တစ်ယောက်ဆိုရင်တောင် စိတ်ဝိညာဉ်စွမ်းအားတွေ ကုန်ခမ်းသွားလောက်ပြီ။"

သို့သော်...

"ရွှီး... ရွှီး... ရွှီး..."

နောက်ထပ် မြှားဆယ့်ခုနစ်စင်းက လေထုကို ခွဲကာ ယခင်ကထက်ပင် ပို၍ မြန်ဆန်သောအရှိန်ဖြင့် ထွက်ပေါ်လာပြန်၏။ သွေးတစ္ဆေသည်လည်း တစ်ဖန် ပြန်၍ သူမ၏ ဓားကောက်ကို ကခုန်စေလိုက်သည်။ "ချွင်..."

သူမ အားလုံးကို ကာကွယ်နိုင်ခဲ့သော်လည်းပဲ ပြင်းထန်လှသည့် တိုက်ပွတ်မှုကြောင့် သူမ၏ ဓားမှာ ကျိုးပဲ့သွားရသည်။ လမ်းကြောင်းလွှဲသွားသည့် မြှားများက ပတ်ဝန်းကျင်ရှိ ဓားပြအချို့ကို ထိမှန်သွားပြီး ချက်ချင်းပင် သေဆုံးသွားစေ၏။ မြှားတိုင်း၌ ပွဲချင်းပြီးသေသွားနိုင်စေသည့် အဆိပ်များ သုတ်လိမ်းထားခြင်းပင်။

အသက်ပင်ဝအောင် မရှူနိုင်သေးခင်မှာပင် နောက်ထပ် မြှားသုံးစင်းက သူမထံသို့ တဝီဝီ မြည်ဟည်းလျက် ပျံသန်းလာပြန်၏။ ဤသည်က ဖန်မို၏ အပြင်းထန်ဆုံး အကွက်ဖြစ်သည့် နဂါးစွမ်းအား တိုက်ခိုက်မှုပင်။

သွေးတစ္ဆေက ထိတ်လန့်တကြားဖြင့် ကျိုးပဲ့နေသော သူမ၏ ဓားကောက်ကို ဝှေ့ယမ်းလိုက်သည်။ ပျက်စီးနေသည့် ဓားမှာ ဆန်းကြယ်ရွှေနက်မြှားများနှင့် ထိခိုက်မိချိန်၌ လုံးဝကို အပိုင်းပိုင်းအစစ ကြေမွသွားလေတော့၏။ သူမ အမြန်ဆုံး ရှောင်တိမ်းလိုက်သော်လည်း မြှားတစ်စင်း​က သူမ၏ ပခုံးကို ဖောက်ထွင်းဝင်ရောက်သွားဆဲပင်။

ဆိုလွန်တစ်ယောက် အမှန်တကယ် သဘောကျသွားရ၏။ ဖန်မိုဆိုသည့် အကောင်က အလယ်အလတ်အဆင့်ရှိ ထိပ်တန်း လေးကိုင်စစ်သည် တစ်ယောက်သာ ဖြစ်သော်ငြား အဆင့်မြင့်စစ်သည်တစ်ယောက်အား အောင်မြင်စွာ ဒဏ်ရာရစေနိုင်ခဲ့သည်။

သူတို့၏ ခေါင်းဆောင် ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသောအခါ သဲကန္တာရဓားပြများမှာ ထိတ်လန့်သွားကြတော့သည်။ အချို့က သူမ၏ ပတ်လည်၌ ဒိုင်းလွှားတစ်ခုသဖွယ် နေရာယူလိုက်ကြပြီး အချို့ကမူ ဖန်မို ပုန်းအောင်းနေသည့် နေရာဆီသို့ မျက်လုံးစုံမှိတ်ကာ ပြေးဝင်သွားကြ၏။

"ရွှီး... ရွှီး... ရွှီး..."

ဖန်မိုကမူ ပြေးဝင်လာသည့် ဓားပြများကို တစ်ယောက်ပြီးတစ်ယောက် အလွယ်တကူပင် ပစ်ချလိုက်သည်။ နတ်အဆင့် မြှားပစ်ပါရမီကြောင့် အလိုအလျောက် တုံ့ပြန်မှုကိုသာ အားကိုးပြီး စိတ်ဝိညာဉ်စွမ်းအားကို သိပ်မသုံးရချေ။

ပုံမှန်လေးသမားများမှာ အချက်လေးဆယ်ခန့် ပစ်ပြီးပါက အင်အားကုန်ခန်းသွားမည် ဖြစ်သော်လည်းပဲ သူကမူ အချက်တစ်ရာကျော်အထိ အလွယ်တကူ ပစ်ခတ်နိုင်နေ၏။

သွေးတစ္ဆေက ခက်ထန်စွာ အမိန့်ပေးလိုက်သည်။ "သွေးမုဆိုး...။ လူတစ်ရာကို ခေါ်သွားပြီး အဲဒီ လုပ်ကြံတဲ့ကောင်ကို ဝိုင်းထား။ ပြီးတော့ အဆိပ်ငွေ့ကို သုံးလိုက်။"

"ဟုတ်ကဲ့။" သွေးမုဆိုးက သူ၏ လူများကို ခေါ်ဆောင်ကာ ဖန်မိုအား ဝိုင်းရံရန် သဲခုံများကြား၌ ဖြန့်ကျက်သွားလိုက်၏။

သွေးတစ္ဆေက သူမ၏ ဒဏ်ရာမှ သွေးများကို သုတ်လိုက်ပြီး မြည်းစမ်းကြည့်လိုက်သည်။ ထို့နောက် ခပ်တိုးတိုး ရေရွတ်လိုက်၏။ "အဆိပ်ပြင်း...။" ထို့နောက် အော်ဟစ်လိုက်သည်။ "ဂူဆီ ပြန်ဆုတ်ကြ။" အစောင့်များ၏ ဝိုင်းရံမှုဖြင့် မဟူရာအိုအေစစ်၏ အတွင်းပိုင်းဆီသို့ ဝင်ရောက်သွားလိုက်၏။

**--**--**--**--**--**--**--**

အိုအေစစ်၏ အတွင်းပိုင်း၌ မည်းမှောင်နေသည့် ချုံပုတ်များ ဝန်းရံထားသော နေရာ၌ သွေးတစ္ဆေသည် မြင်းပေါ်မှ ဆင်းလိုက်ပြီး မြေပြင်အား သတ်မှတ်ထားသည့် စည်းချက်တစ်ခုအတိုင်း ခေါက်လိုက်၏။

လေးလံသော တဝုန်းဝုန်းမြည်သံကြီးနှင့်အတူ သဲပြင်ထဲမှ ကြီးမားလှသည့် ကျောက်တံခါးကြီးတစ်ခုက နတ်ဆိုးတစ်ကောင်၏ ပါးစပ်ကြီးကဲ့သို့ ပွင့်လာသည်။

ဓားပြများက အမြန် အတွင်းသို့ ဝင်ရောက်သွားကြ၏။ ထို့နောက် တံခါးကြီးက ပြန်ပိတ်လာကာ သဲကန္တာရထဲ၌ အရာအစမကျန် ပျောက်ကွယ်သွားတော့သည်။

အဆိပ်မြွေ သဲကန္တာရဓားပြများ၏ လျှို့ဝှက်စခန်းမှာ အမှန်တကယ်၌မူ မြေအောက် အနက်ပိုင်း၌ မြှုပ်နှံခံထားရသည့် ရှေးဟောင်းမြို့တော်ကြီးတစ်ခုပင်။

အတွင်းဘက်၌မူ ကျောက်တုံးအိမ်များနှင့် စင်္ကြံလမ်းများဖြင့် ပြည့်နှက်နေသည့် ကြီးမားလှသော ဝင်္ကပါကြီးတစ်ခု ဖြစ်၏။

သွေးတစ္ဆေက အမိန့်ပေးလိုက်သည်။ "ကုန်ပစ္စည်းတွေကို လျှို့ဝှက်ရတနာတိုက်ထဲ ပို့လိုက်။"

ထို့နောက် ဆိုလွန်၏ မေးစေ့ကို ပင့်တင်လိုက်ရင်း အနည်းငယ် အားနည်းနေသည့် အသံဖြင့် ပြောလိုက်၏။ "ကိုယ်လက် သန့်စင်ထားလိုက်ဦး ရတနာလေး။ ငါ ပြီးမှ မင်းနဲ့ လာပျော်ပါးမယ်။" ထို့နောက် သူမ၏ ဒဏ်ရာကို ကုသရန်အတွက် လျှို့ဝှက်ဆန်းကြယ်သည့် ဂူတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။

သူမ ထွက်သွားသည်ကို ကြည့်ရင်း ဆိုလွန်တစ်ယောက် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။ ဖန်မို၏ မြှားက အလွန်အမင်း အဆိပ်ပြင်းလှသည်။ သူမ အဘယ်ကြောင့်ကြောင့် မသေရသေးသနည်း။

အပိုင်း ၂၄၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters