← Chapters

အခန်း ၂၄၆

Vol. 25 Ch. 246

အခန်း ၂၄၆

Vol. 25 Ch. 246

အပိုင်း ၂၄၆

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုလွန် လျင်မြန်စွာပင် တွက်ချက်လိုက်၏။ စည်ပိုင်း၏ အရွယ်အစားနှင့် ဆီယိုကျနေသည့် နှုန်းထားအရ ခုနစ်ဆယ့်ကိုးနာရီအတွင်း ဝေလငါးဆီ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ယိုထွက်သွားမည် ဖြစ်သည်။

သူ ထျန်ယဲ့မြို့မှ ထွက်လာခဲ့သည်မှာ ခုနစ်ဆယ့်ခုနစ်နာရီ ရှိနေလေပြီ။ အတိအကျဆိုရလျှင် နောက်ထပ် နှစ်နာရီအကြာ၌ ဖော့စဖရပ်အဖြူများ လေနှင့် ထိတွေ့သွားပြီး ဧရာမ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

သူထံ၌ လွတ်မြောက်ရန် နှစ်နာရီ အချိန်ရ၏။

သွေးတစ္ဆေ၏ အခန်းထဲ၌ ရွှေလက်မှတ်များကို လိုက်လံရှာဖွေလိုက်သည်။ မည်သည့်အရာမှ မတွေ့ရသဖြင့် ပြန့်ကျဲနေသော လေးလံသည့် ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများကို သူ လျစ်လျူရှုလိုက်၏။ သူ ဤနေရာသို့ လာခဲ့ခြင်းမှာ ချမ်းသာရန်အတွက် မဟုတ်ချေ။

မိနစ်သုံးဆယ်သာ ကျန်တော့သည့်အချိန်၌ သလင်းကျောက် သဲနာရီတစ်ခုကို ပြောင်းပြန်လှန်လိုက်ကာ မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်လိုက်ပြီး ရွှေရောင်သဲပွင့်များ ကျဆင်းနေသည်ကိုသာ စိုက်ကြည့်နေလိုက်သည်။

ဆယ်မိနစ်ခန့်သာ ကျန်တော့သောအခါ ဆိုလွန်က သွေးတစ္ဆေ၏ ရုပ်အလောင်းထံသို့ လျှောက်သွားလိုက်ပြီး သူမ၏ ခေါင်းကို ဖြတ်ယူလိုက်၏။ သူမ၏ ကြောက်မက်ဖွယ်ကောင်းလှသော မြွေဟောက်တက်တူးမှာ မှေးမှိန်သွားကြောင်းကို သူ သတိပြုမိလိုက်သည်။

အတွေးတစ်ခုက ဖြတ်ပြေးသွား၏။ ဆိုလွန်က မေးလိုက်သည်။

“အသူရာမိစ္ဆာကြယ်...။ ဒီတက်တူးနဲ့ တစ်ပုံစံတည်း တူတဲ့ တတ်တူး ငါ့အပေါ်မှ ထိုးပေးနိုင်မလား...။”

အသူရာမိစ္ဆာကြယ်က ပြန်ဖြေ၏။

“သေချာတာပေါ့။ ကျွန်တော် စွမ်းအင်ကို အသုံးပြုပြီး သခင့်အရေပြားကို ဖောက်​ပြီး သွေးယူလိုက်လို့ ရတယ်။ စက္ကန့်ပိုင်းအတွင်းမှာတင် အသက်ဝင်နေတဲ့ မြွေဟောက်တစ်ကောင်ပုံ ပေါ်လာလိမ့်မယ်။”

“အခု လုပ်လိုက်ရမလား သခင်...။”

“အခု မလုပ်နဲ့ဦး။ ငါ့ရဲ့ အချက်ပြမှုကို စောင့်။”

သဲပွင့်များ ကုန်ဆုံးသွားလေပြီ။ အချိန်ပြည့်သွားပြီ ဖြစ်၏။ သို့သော် မည်သည့်အရာမှ ဖြစ်မလာချေ။

ဆိုလွန်တစ်ယောက် ရင်လေးသွားရသည်။ သူ တွက်ချက်ထားသည်များ မှားယွင်းသွားခဲ့ခြင်းလော။ စည်ပိုင်းများ ပိတ်ဆို့နေခြင်းလော။

ရုတ်တရက်...။

“ဝုန်းးးးး”

နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခုက မြေပြင်အား တုန်လှုပ်သွားစေ၏။ သဲကန္တာရ မြေပြင်ကြီး ကွဲထွက်သွားကာ မီးခိုးငွေ့များနှင့် မီးတောက်မီးလျှံများ ပန်းထွက်လာသည်။

အတွင်းဘက်၌မူ ဝေလငါးဆီများထံမှ ပေါက်ကွဲမှုလှိုင်းလုံးကြီးက မြေအောက်မြို့တော်တစ်လျှောက် တိုက်ခတ်သွား၏။ နံရံများ အက်ကွဲသွားကာ မျက်နှာကြက်များ ပြိုကျလာသည်။

ခေါင်းဆောင်မဲ့နေပြီဖြစ်သော သဲကန္တာရဓားပြများမှာ အထိတ်တလန့်ဖြစ်သွားကြပြီး ရတနာများအတွက် အချင်းချင်း သတ်ဖြတ်နေကြသလို တချို့ကမူ အသက်လုကာ ထွက်ပြေးနေကြ၏။

အခန်းဆီသို့ ဓားပြများ ချဉ်းကပ်လာသည်ကို ကြားလိုက်ရသဖြင့် ဆိုလွန်က ရေစိုနေသည့် ဝတ်ရုံကို ခြုံလိုက်ပြီး သွေးတစ္ဆေ၏ ခေါင်းကို ဆွဲယူလိုက်သည်။

သူ ပေါက်ကွဲသွားသည့် အပေါက်ဝအသစ်ဆီသို့ ပြေးသွားစဉ် ပြိုကျလာသည့် နံရံထံမှ ရွှေရောင်သေတ္တာတစ်လုံး ပြုတ်ကျလာ၏။ အဖိုးတန်ပစ္စည်းမှန်း သိလိုက်သည်နှင့် သူ၏ အင်္ကျီအတွင်းသို့ ထိုးထည့်လိုက်ကာ ထွက်ပြေးနေသည့် လူအုပ်ကြီးနှင့် ရောနှော၍ လွတ်မြောက်သွားတော့သည်။

ငါးမိနစ်အကြာ၌ ဆိုလွန် မြေပြင်ပေါ်သို့ ရောက်ရှိလာ၏။ သဲကန္တာရမှာ ဖရိုဖရဲဖြစ်နေလေပြီ။ သူ ထိတ်လန့်နေသည့် မြင်းတစ်ကောင်ပေါ်သို့ ခုန်တက်လိုက်ကာ စိတ်ဝိညာဉ်စွမ်းအားဖြင့် ငြိမ်သက်သွားစေပြီးနောက် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ရှိရာ အရှေ့ဘက်သို့ အပြေးနှင်သွားလိုက်သည်။

သူ လုပ်နိုင်ခဲ့လေပြီ။ သွေးတစ္ဆေအား သတ်ဖြတ်နိုင်လိုက်ပြီး သူမ၏ ပုန်းခိုရာနေရာကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့ပြီ ဖြစ်၏။ လက်ရှိအချိန်၌ ယန်ရွှမ်း၏ စမ်းသပ်မှုကို အောင်မြင်ရန်သာ ကျန်တော့သည်။

**--**--**--**--**--**--**--**

ထိုညနှောင်းပိုင်း ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ အခြေစိုက်စခန်း၌မူ အေးစက်စက် အလှတရားအား ပိုင်ဆိုင်ထားသည့် ယန်ရွှမ်းတစ်ယောက် အမှောင်အတိကျနေသော မြေအောက်ခန်းဆီသို့ လျှောက်ဆင်းလာ၏။

ငွေရောင်ပိုးသားဂါဝန်ပါးပါးလေးကို ဝတ်ဆင်ထားကာ လက်၌ မီးအိမ်တစ်ခုကို ကိုင်ဆောင်ထားသည်။

ပေပေါင်းများစွာ နက်ရှိုင်းသော မြေအောက်၌ သူမ ဗီရိုတစ်ခုကို ရွှေ့လိုက်ပြီး ဂဏန်းကိုးလုံးပါဝင်သည့် လျှို့ဝှက်သော့ခလောက်တစ်ခု ပေါ်လာစေရန် နံရံကျောက်ပြားတစ်ခုကို ဆွဲဖယ်လိုက်၏။

ဂဏန်းများကို တန်းစီလိုက်သည်နှင့် လေးလံလှသည့် ကျောက်တံခါးကြီးက မြည်ဟည်းသံနှင့်အတူ ပွင့်သွားသည်။ ဤလျှို့ဝှက်အခန်းကို သူမနှင့် ဖခင်ဖြစ်သူ ယန်ယန်တို့သာ သိကြ၏။

အတွင်းဘက်၌မူ သလင်းကျောက်ခေါင်းတလား တစ်လုံး ၊ နဂါးတံဆိပ်တုံး ကျောက်တိုင်တစ်ခုနှင့် အမှတ်လက္ခဏာဖြစ်သည့် လူလည်ကျသည့် အပြုံးမျိုးနှင့် ဆိုလွန်၏ ပုံတူပန်းချီကားတစ်ချပ် ရှိနေလေသည်။

ခေါင်းတလားအတွင်း၌မူ ငွေရောင်ဆံပင်များနှင့် ဖခင်ဖြစ်သူ ရှိနေ၏။ ယန်ရွှမ်းက ပန်းချီကားကို တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းတလားဘေး၌ ဒူးထောက်ချလိုက်သည်။ သူမ၏ အေးစက်ခက်ထန်သည့် ဟန်ပန်များ ပြိုလဲသွားရလေပြီ။

သူမ တီးတိုးရေရွတ်လိုက်မိ၏။

“အဖေ... သမီး ဘာလုပ်ရမလဲ။ သမီး တောင့်မခံနိုင်တော့ဘူး...။”

ယန်နိုင်အာ၏ မျက်ရည်များမှာ ယန်ယန်၏ မျက်နှာပေါ်သို့ ကျဆင်းသွားပြီး ချက်ချင်းပင် ရေခဲအဖြစ်သို့ ပြောင်းလဲသွား၏။ ရေခဲများကို ဖယ်ရှားရန် သူမ ကြိုးစားလိုက်သောအခါ ဖြူရော်နေသည့် သူမ၏ လက်များထက်၌ နှင်းခဲများ ဖုံးလွှမ်းသွားသည်။

သူမ၏ ဖခင် သေဆုံးသွားခဲ့ပြီလော။ သူ့၌ နှလုံးခုန်သံ သို့မဟုတ် အသက်ရှူသံ မရှိတော့သော်ငြား အသက်ရှင်နေသကဲ့သို့ ပုံပေါ်နေဆဲပင်။ ကိုင်တွယ်လိုက်ပါက နွေးထွေးနေသော်လည်း သူ့အား ထိတွေ့လိုက်သည့် မည်သည့်အရာမဆို ချက်ချင်း အေးခဲသွားတတ်၏။

သူမအနေဖြင့် ကျွမ်းကျင်သူများအား တိုင်ပင်ရန်နှင့် ရှေးဟောင်းမှတ်တမ်းများအား ရှာဖွေရန်အတွက် များပြားလှသည့် ငွေကြေးများကို အကုန်အကျခံခဲ့သော်လည်း ဤထူးဆန်းလှသည့် အခြေအနေကို မည်သူကမှ ရှင်းမပြနိုင်ခဲ့ချေ။

သူမ မည်သူ့ကိုမှ ပြောပြ၍ မဖြစ်ချေ။ အကယ်၍ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကသာ ဖခင်ဖြစ်သူ၏ အခြေအနေကို သိရှိသွားပါက အဖွဲ့ကြီးတစ်ခုလုံး ပြိုကွဲသွားပေလိမ့်မည်။

ဝံပုလွေသခင်မလေးတစ်ယောက်အနေဖြင့် သိုင်းပညာကို အသုံးပြုကာ တပ်များကို အမိန့်ပေးနိုင်သော်လည်း သူမ၏ စစ်မှန်သော ဩဇာအာဏာမှာ ဖခင်ဖြစ်သူ၏ ဂုဏ်သတင်းအပေါ်၌ မှီခိုနေရ၏။

ရိုင်းစိုင်းလှသည့် လက်အောက်ငယ်သားများအား ထိန်းချုပ်နိုင်ရန်အတွက် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ဖန်တီးရန် စိတ်ဝိညာဉ်စွမ်းအားကို အဆက်မပြတ် အသုံးပြုလျက် သူမကိုယ်သူမ အစွမ်းထက်သည့် ပုံပေါက်စေရန် နေ့စဉ် ကြိုးစားပမ်းစား သရုပ်ဆောင်နေရသည်။

အရိုးကွဲမတတ် ချမ်းစိမ့်နေမှုကို လျစ်လျူရှုကာ ဖခင်၏ မျက်နှာအား ထိတွေ့ရင်း သူမ တီးတိုးရေရွတ်လိုက်၏။

“အဖေ... အဖေ့ကို ကယ်ဖို့အတွက် ဘာလုပ်ရမလဲ သမီးကို ပြောပြပါ။ ဘယ်လိုတန်ကြေးမျိုးကိုမဆို သမီး ပေးဆပ်ပါ့မယ်...။”

သူမ အလွန်အမင်း အပြစ်ရှိသလို ခံစားနေရသည်။ အတိတ်၌ ဆိုလွန်နှင့် အတူနေရန် အတင်းအကျပ် တောင်းဆိုခဲ့သဖြင့် သူမ ဖခင်ဖြစ်သူ၏ ရင်ကို ခွဲခဲ့မိ၏။

သူမ နာကျင်ရလိမ့်မည်ဟု ဖခင်ဖြစ်သူက သတိပေးခဲ့လေရာ သူပြောသည်မှာ မှန်ကန်ခဲ့သည်။ သူမ၏ မြတ်နိုးမှုက ဆိုလွန်ကို ပြောင်းလဲပေးနိုင်လိမ့်မည်ဟု ရိုးအစွာ တွေးထင်ခဲ့သော်လည်း သူကမူ အခြားသူတစ်ယောက်ကို ချစ်နေခဲ့၏။ သူမ ဖမ်းဆုပ်ထားလေလေ သူက ပို၍မြန်မြန် ပြေးလေလေပင်။

မျက်ရည်များကို သုတ်လိုက်ပြီးနောက် သူမက ဆိုလွန်၏ ပုံတူပန်းချီကားဆီသို့ လှည့်ကြည့်လိုက်၏။ ထိုအရာအား သူမ ကိုယ်တိုင် ဆွဲထားခဲ့ခြင်း ဖြစ်သည်။ ဓားများကို အသုံးပြုကာ တိုက်ခိုက်ရန် ပျိုးထောင်ခံခဲ့ရသော်လည်း ဆိုလွန် သင်ပေးခဲ့သည့်အတွက်သာ ပန်းချီဆွဲတတ်လာခြင်းပင်။

မျက်နှာပြောင်တိုက်တတ်ပြီး ချိုသာစွာ စကားပြောတတ်သည့် လူယုတ်မာတစ်ယောက်ဖြစ်ကာ မိန်းမများအား မြှောက်ပင့်ပြောဆိုတတ်သည်မှလွဲ၍ ကောင်းသည့်အချက် တစ်ချက်လေးမျှ မရှိချေ။ ထိုအကောင်က သစ္စာမရှိသူဖြစ်ပြီး အားနည်းသူမှန်း သူမ သိ၏။

ထိုသို့တိုင် သူမ သူ့ကို ချစ်မိခဲ့သည်။ စစ်မြေပြင်၌ ကြီးပြင်းလာခဲ့ရသည့် သူမအနေဖြင့် ဤမျှလောက် အရှက်မဲ့စွာ ဆွဲဆောင်မှုရှိသူကို မကြုံတွေ့ခဲ့ဖူးချေ။ သူမ ချစ်ခြင်းမေတ္တာကို ငတ်မွတ်နေခဲ့၍ ဖြစ်ကောင်းဖြစ်နိုင်သလို လူဆိုးတစ်ယောက်၏ ဆွဲဆောင်မှု၌သာ နစ်မွန်းသွားခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်၏။

အပိုင်း ၂၄၆ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters