အခန်း ၂၄၇
Vol. 25 Ch. 247
အပိုင်း ၂၄၇
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
အစပိုင်း၌ ဆိုလွန်အား သေလုမတတ် ရိုက်နှက်တတ်၏။ သို့သော် နောက်ဆုံး၌မူ သူ့အပေါ် နက်နက်ရှိုင်းရှိုင်း ချစ်မိသွားခဲ့သည်။
သူမ အသစ်တွေ့ရှိလိုက်ရသည့် အချစ်သစ်ကြောင့် ရင်ခုန်ကြည်နူးနေကာ ယခင်က ကြမ်းတမ်းသည့် အပြုအမူများကို လုံးဝ စွန့်လွှတ်လိုက်၏။ ဆိုလွန်ကလည်း ကမ္ဘာပေါ်၌ အကောင်းဆုံး ချစ်သူကဲ့သို့ ပြုမူကာ သူမအား နူးညံ့ကြင်နာမှုများနှင့် ချိုမြိန်သည့် စကားများဖြင့် အလိုလိုက်ခဲ့သည်။
ဆိုလွန်၏ အချစ်များဖြင့် ရစ်ပတ်ခံထားရသည့် ယန်နိုင်အာသည် သူမကိုယ်သူမ မင်းသမီးလေးတစ်ပါးအလား လောက၌ အပျော်ရွှင်ဆုံးသူအဖြစ် ခံစားခဲ့ရ၏။
သူမ၏ ဓားကိုပင် မေ့လျော့သွားကာ မုန်းတီးလာသည်အထိ ဖြစ်လာသည်။ သူမ၏ တစ်ခုတည်းသော အိပ်မက်မှာ ဆိုလွန်၏ အနား၌နေကာ သူ့အား လက်ထပ်ပြီး သူ၏ ကလေးများကို မွေးဖွားပေးရန်ပင်။
သို့သော် သူမ၏ ပျော်ရွှင်မှုမှာ ခဏသာဖြစ်ခဲ့၏။ မကြာမီ၌မှာပင် ဆိုလွန် သူမနှင့် ခပ်ကင်းကင်းနေလာကာ စတင်၍ ရှောင်ဖယ်လာသည်။
ထိုအချိန်က သူမအနေဖြင့် ကူရာကယ်ရာမဲ့ကာ ရှုပ်ထွေးခဲ့ရ၏။
သူမ အလွန်အမင်း ရှေးရိုးဆန်လွန်းသဖြင့် ရှောင်ဖယ်သွားခြင်းလောဟု တွေးမိသည်။ လက်ကိုင်ရုံသာ ခွင့်ပြုဖူး၏။ တစ်ခါက သူ သူမအား နမ်းရန် ကြိုးစားစဉ်က မင်္ဂလာဦးညအတွက် သိမ်းထားချင်သည့်အတွက် သူမ သူ့အား ပါးရိုက်ခဲ့ဖူးသည်။
ဆိုလွန်အား ဆက်လက်ထိန်းထားရန် အသည်းအသန်ဖြစ်နေသည့် ယန်နိုင်အာသည် သူမ၏ စည်းမျဉ်းများကို စွန့်လွှတ်လိုက်ကာ သူမဘက်မှ စတင်၍ ရင်းနှီးမှုရယူရန် ကြိုးစား၏။ သို့သော် သူမ အံ့ဩသင့်သွားရသည်မှာ ဆိုလွန်က နောက်ဆုတ်သွားကာ ထွက်ပြေးသွားခြင်းပင်။
သိပ်မကြာမီမှာပင် ရင်ကွဲနာကျဖွယ် သတင်းတစ်ခု ထွက်ပေါ်လာသည်။ ဆိုလွန်က အခြားမိန်းမတစ်ယောက်ကို ချစ်မိသွားကာ မင်းသမီး ကျိနင်အား အသည်းအသန် ပိုးပန်းနေလေပြီ။
ယန်နိုင်အာတစ်ယောက် သူမ၏ ကမ္ဘာကြီး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရ၏။ ဆိုလွန်အတွက်နှင့် ဖခင်ဖြစ်သူ ယန်ယန်နှင့် အဆက်အသွယ် ဖြတ်လုနီးပါး ဖြစ်ခဲ့ကာ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ထံသို့လည်း ပြန်မသွားနိုင်တော့ပေ။ ဆိုလွန်သည်သာ သူမ၌ နောက်ဆုံးကျန်ရှိနေသည့် အရာဖြစ်၏။
လမ်းပျောက်ကာ အသည်းအသန်ဖြစ်နေသည့် သူမ ဓားကို ဆွဲယူကာ တော်ဝင်အကယ်ဒမီဆီသို့ အပြေးအလွှား သွားသည်။ လူအုပ်ကြီး၏ ရှေ့၌ ဆိုလွန်၏ လည်ပင်းသို့ ဓားဖြင့်ထောက်ကာ သူမအား လက်ထပ်ရန် အတင်းအကျပ် ဖိအားပေးခဲ့၏။
ထိုသို့ လုပ်ဆောင်ရခြင်းမှာ သူမ၏ ကြမ်းတမ်းမှုကသာ သူ့အား ငြိမ်ဝပ်စေသည်ဟု ဆိုလွန် တစ်ခါက နောက်ပြောင်ပြောဆိုဖူးသည့်အတွက်ပင်။ အကြောင်းပြချက်မဲ့စွာ လုပ်ဆောင်ခြင်း မဟုတ်ဘဲ သူမ၌ ရွေးချယ်စရာ လုံးဝ မရှိတော့သည့်အတွက်သာ ဖြစ်သည်။
လည်ပင်းသို့ ဓားဖြင့်ထောက်ထားစဉ်မှာပင် ဆိုလွန် ပြောသည့် စကားများကို သူမ အတိအကျ မှတ်မိသေး၏။
သူက သက်ပြင်းချကာ ပြောခဲ့သည်။ "နိုင်အာ။ ကိုယ် မင်းနဲ့ အတူမရှိနိုင်ဘူး။ မင်းနဲ့ နီးကပ်လာလေလေ ပိုကြောက်လာပြီး ပိုရှက်လာလေပဲ။ ကိုယ့်ကို လွှတ်ပေးပါ။ မင်းနဲ့ အတူရှိနေရတာက ကိုယ့်အတွက် ဘာပျော်ရွှင်မှုမှ မရဘဲ နာကျင်ရုံ သက်သက်ပဲ။"
အသံက ယခင်ကအတိုင်း နူးညံ့နေဆဲဖြစ်သော်လည်း စကားလုံးများကမူ သူမ၏ နှလုံးသားကို တစ်စစီ အက်ကွဲသွားစေခဲ့၏။ သူမနှင့် အတူရှိနေခြင်းက သူ့အတွက် နာကျင်စရာဖြစ်လျှင် လက်ထပ်ရန် အတင်းအကျပ် ဖိအားပေးခြင်းက အဓိပ္ပာယ်ရှိမည် မဟုတ်တော့ပေ။
ထို့နောက် ယန်နိုင်အာ တော်ဝင်မြို့တော်မှ ထွက်ခွာသွားသည်။ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ထံသို့လည်း ပြန်မသွားနိုင်တော့သည့်အတွက် သူမ ရည်ရွယ်ချက်မဲ့စွာ လေလွင့်နေခဲ့၏။
နာကျင်မှုကို သက်သာစေရန်အတွက် သူ့အနားမှ အဝေးဆုံးသို့ ထွက်သွားချင်သော်လည်း အကွာအဝေးက သူမအား ပို၍ လွမ်းဆွတ်စေလာမိသည်။ ထိုအကောင်သည် အသုံးမကျသည့် သစ္စာမရှိသည့် အကောင်မှန်း သူမ သိသော်လည်း လက်မလွှတ်နိုင်ပေ။
လအနည်းငယ် ကြာပြီးနောက် လွမ်းဆွတ်မှုကို မခံစားနိုင်တော့သည့်အဆုံး တော်ဝင်မြို့တော်သို့ သူမ တိတ်တဆိတ် ပြန်လာ၏။ ကျိနင်က သူ့အား အဆက်မပြတ် ငြင်းပယ်ပြီး အရှက်ခွဲနေသော်ငြား မင်းသမီး ကျိနင်အပေါ် ဆိုလွန်တစ်ယောက် ရူးသွပ်နေသည်ကိုသာ သူမ စောင့်ကြည့်နေခဲ့ရသည်။
--------------
ကျိနင်၏ သဘောကျမှုကို ရယူရန်အတွက် ဆိုလွန်က ရှေးဟောင်း နဂါးတံဆိပ်တုံး ကျောက်စာအား ရှာဖွေရန် ကောင်းကင်မိစ္ဆာ တောင်တန်းဆီသို့ မိုက်မဲစွာ ထွက်ခွာသွား၏။ ထိုတောင်တန်းကြီးမှာ အလွန်အမင်း အန္တရာယ်များလှကြောင်းကို သိထားသည့် ယန်နိုင်အာသည် သူ့နောက်သို့ တိတ်တဆိတ် လိုက်သွားသည်။
သူမ သူ့အား အမှောင်ထဲမှနေ၍ ကာကွယ်ပေးကာ လမ်းတစ်လျှောက်ရှိ ဘီလူးမိစ္ဆာ မြောက်များစွာကို သတ်ဖြတ်ပေး၏။ တစ်နေ့၌ ဆိုလွန် ရှေးဟောင်းဂူတစ်ခုအတွင်းသို့ ဝင်ရောက်စူးစမ်းနေစဉ် ဧရာမ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသည်။
ယန်နိုင်အာ အပြင်သို့ အပြေးအလွှား ထွက်လာကာ ဆိုလွန်အား ဘေးကင်းရာသို့ ဆွဲထုတ်ရန် ဖမ်းဆွဲလိုက်၏။ ဤသည်မှာ သူ့ရှေ့၌ သူမ ပထမဆုံးအကြိမ် ကိုယ်ထင်ပြလိုက်ခြင်းဖြစ်ရာ ဆိုလွန်တစ်ယောက် လုံးဝ အံ့ဩသင့်သွားခဲ့သည်။
တောင်ကြီး ပြိုကျလာကာ နှင်းမုန်တိုင်းကြီးက သူတို့ဆီသို့ ရိုက်ခတ်လာချိန်၌ ယန်နိုင်အာ သူမ၏ နောက်ဆုံးကျန်ရှိနေသည့် ခွန်အားများကို အသုံးပြုကာ ဆိုလွန်အား ထွက်ပြေးနေသည့် အမ်ဘာသားရဲကြီးတစ်ကောင်ပေါ်သို့ ပစ်တင်ပေးလိုက်၏။
သူ လွတ်မြောက်သွားသော်လည်း ယန်နိုင်အာမှာမူ အလွန်အမင်း လေးလံလှသည့် နှင်းထုကြီးအောက်၌ အရှင်လတ်လတ် မြှုပ်နှံခံလိုက်ရကာ သတိလစ်သွားခဲ့သည်။
သူမ သတိပြန်ရလာချိန်၌ ရှေးဟောင်းဂူအထဲရှိ နှင်းထုအောက်၌ ပိတ်မိနေကာ နှင်းမုန်တိုင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားလေပြီ။ သူမ သေတော့မည်ဟု ယုံကြည်ထားသည့်အတွက် ထူးဆန်းစွာပင် သက်သာရာရသွားသလို ခံစားလိုက်ရကာ အဆုံးသတ်ကိုသာ စောင့်ဆိုင်းနေလိုက်၏။
ရက်များစွာ ကုန်လွန်သွားသည်။ ထို့နောက် အံ့ဖွယ်ကောင်းစွာပင် ထူထပ်လှသည့် နှင်းထုကြီးအား တူးဖော်ဖယ်ရှားလိုက်သည်ကို သူမ မြင်တွေ့လိုက်ရ၏။
ဖခင်ဖြစ်သူ ယန်ယန်က သူမ၏ ရှေ့၌ ပေါ်လာသည်။ သူမကို ရှာတွေ့ရန်အတွက် သူသည် နေ့ရောညပါ ဆယ်ရက်တိုင်တိုင် ပေပေါင်းသောင်းချီ နက်ရှိုင်းသည့် နှင်းထုကြီးအား တူးဖော်ခဲ့ခြင်းပင်။
ပိန်ချုံးပြီး ပင်ပန်းနွမ်းနယ်နေပုံပေါ်ကာ သူ၏ မည်းနက်နေသည့် ဆံပင်များမှာလည်း ယခုအခါ၌ တစ်ဝက်ခန့် ဖြူထွေးကာ ရှုပ်ပွနေလေပြီ။
ယန်နိုင်အာတစ်ယောက် သူမ အိပ်မက်မက်နေသည်ဟု ထင်မှတ်နေမိ၏။ သို့သော် ဖခင်ဖြစ်သူက သူမအား ဆူပူမည့်အစား ပြုံးလိုက်သည်။ "ကောင်းပြီ။ သမီး အပြင်မှာ ကစားတာ လုံလောက်ပြီ။ အဖေနဲ့အတူ အိမ်ပြန်ကြစို့။"
ယန်နိုင်အာ ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်ကာ သူမ၏ ဝမ်းနည်းကြေကွဲမှု အားလုံးကို ဖွင့်ထုတ်ကာ ငိုကြွေးလိုက်၏။ သူ၏ ရင်ခွင်ထဲ၌ သူမ၏ စိုးရိမ်ပူပန်နေသည့် နှလုံးသားလေးမှာ နောက်ဆုံး၌ ငြိမ်းချမ်းသွားရသည်။
ဖခင်ဖြစ်သူက မည်မျှပင် တင်းကျပ်နေပါစေ ၊ သူမအား မိသားစုမှ စွန့်ပယ်မည်ဟု မကြာခဏ ခြိမ်းခြောက်နေပါစေ သူမအား အချစ်ဆုံးသူမှာ ဖခင်ဖြစ်သူသာဖြစ်ကြောင်း သဘောပေါက်သွား၏။
ဆိုလွန်ကဲ့သို့ ခွေးမသားက သူမအား သစ္စာဖောက်မည် ဖြစ်သော်လည်း ဖခင်ဖြစ်သူကမူ ဘယ်သောအခါမှ သစ္စာဖောက်မည် မဟုတ်ပေ။
သူမ အချစ်အပေါ် ရူးသွပ်စွဲလမ်းနေမှုကို စွန့်လွှတ်လိုက်ကာ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ထံသို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ရုတ်တရက် အလွန်အမင်း ပြင်းထန်လှသည့် နောက်ထပ် ငလျင်ကြီးတစ်ခုက ဒုတိယမြောက် နှင်းမုန်တိုင်းကြီးကို ဖြစ်ပေါ်စေလာ၏။
ဖခင်ဖြစ်သူ တူးဖော်ထားသည့် ဥမင်လှိုဏ်ခေါင်းကြီးမှာ ပြိုကျသွားကာ သူတို့အား ဂူကြီး၏ အတွင်းပိုင်း အလွန်နက်ရှိုင်းသည့် နေရာ၌ ပိတ်မိသွားစေသည်။
ထွက်ပေါက် ပိတ်ဆို့သွားသဖြင့် ဖခင်ဖြစ်သူက သူမအား ဂူ၏ ပို၍ နက်ရှိုင်းသည့် နေရာဆီသို့ ခေါ်ဆောင်သွား၏။ ထိုနေရာ၌ တစ်ကမ္ဘာလုံးနှင့် ဆိုလွန်ပါမကျန် အသည်းအသန် ရှာဖွေနေသည့် အရာအား သူတို့ မတော်တဆ တွေ့ရှိသွားကြသည်။
ထိုအရာက နဂါးတံဆိပ်တုံး ကျောက်တိုင်ပင်။
ထိုဒဏ္ဍာရီလာ အဖိုးတန်ပစ္စည်းထဲ၌ အံ့မခန်းဖွယ် စွမ်းအင်များ ပါဝင်သည်ဟု ဆိုကြသည့် ရှေးဟောင်း နဂါးတံဆိပ်တုံး ကျောက်စာ ရှိနေ၏။ သူမ၏ ဖခင်က ရှေးဟောင်း နဂါးတံဆိပ်တုံး ကျောက်စာအား ယူဆောင်လိုက်ကာ ဤသည်မှာ သူမ၏ ကံကြမ္မာသာဖြစ်ကြောင်း ပြောကာ ယန်နိုင်အာ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် ရှေးဟောင်း နဂါးတံဆိပ်တုံး စောင့်ရှောက်သူ စိတ်ဝိညာဉ်က ပေါ်လာကာ ယန်နိုင်အာဆီသို့ ခုန်အုပ်လာ၏။ ယန်ယန်က သူမအား ဘေးသို့ တွန်းဖယ်လိုက်ကာ ရက်စက်ကြမ်းကြုတ်လှသည့် တိုက်ခိုက်မှုကို သူကိုယ်တိုင် ခံယူလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအင်များက သူ၏ ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်မှာ ပုပ်သိုးမသွားဘဲ အသက်ရှင်နေသကဲ့သို့ ပုံပေါ်နေသော်လည်း သူ့၌ နှလုံးခုန်သံ သို့မဟုတ် အသက်ရှူသံ မရှိတော့ပေ။ သူ့အား ထိတွေ့လိုက်သည့် မည်သူမဆို ချက်ချင်း အေးခဲသွားရပေလိမ့်မည်။
ဖခင်ဖြစ်သူ ကိုယ်ကျိုးစွန့် အနစ်နာခံသွားသည်ကို မြင်လိုက်ရသောအခါ ယန်နိုင်အာတစ်ယောက် အပြစ်ရှိသလို ခံစားချက်များနှင့် မခံမရပ်နိုင်သည့် ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်သွားရသည်။
သူမ၏ မိုက်မဲမှုအတွက် သူမကိုယ်သူမသာ အပြစ်တင်နေမိ၏။ အကယ်၍ သူမသာ ဆိုလွန်၏ နောက်သို့ မျက်ကန်းတစ္ဆေ လိုက်မလာပါက ဖခင်ဖြစ်သူ သေဆုံးမည် မဟုတ်ပေ။
နာကျင်မှုများဖြင့် အသက်မရှင်နိုင်တော့သည့်အဆုံး သူမသည် ဖခင်ဖြစ်သူနှင့်အတူ သေဆုံးရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ ခေါင်းဖြင့် နဂါးတံဆိပ်တုံး ကျောက်တိုင်အား ဝင်ဆောင့်လိုက်လေရာ သူမ၏ သွေးများက ကျောက်တိုင်ထက်သို့ ပန်းထွက်သွား၏။
သို့သော် သူမ သေဆုံးမသွားပေ။
ထိုအစား သူမ သတိပြန်ရလာချိန်၌ သိသိသာသာကို ပိုမို အစွမ်းထက်နေလေပြီ။ အသက် နှစ်ဆယ့်တစ်နှစ်အရွယ်၌ အဆင့်မြင့်စစ်သည်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကာ နှစ်ဆယ့်လေးနှစ်အရွယ်၌ နဂါးစစ်သည်တော် ဖြစ်လာရန် မျှော်မှန်းထားခဲ့သည်။
သို့သော် သတိပြန်ရလာသည့် အချိန်၌မူ သူမလေးက နဂါးစစ်သည်တော်အဆင့်သို့ ထိုးဖောက် ဝင်ရောက်ပြီသား ဖြစ်နေ၏။
--------------
ဖခင်ဖြစ်သူ၏ ခန္ဓာကိုယ်မှာ ပြီးပြည့်စုံစွာ ကျန်ရှိနေသေးသည်ကို သတိပြုမိလိုက်သည့်အခါ သူမ၏ ရင်ထဲ၌ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု လင်းလက်သွားရသည်။ ဖခင်ဖြစ်သူမှာ လုံးဝ သေဆုံးသွားခြင်း မဟုတ်လောက်ပေ။
သူမ ဆက်လက် အသက်ရှင်ရန်အတွက် ခွန်အားများကို ရှာဖွေနိုင်ကာ ယန်ယန်၏ ခန္ဓာကိုယ်အား ထမ်းကာ ကောင်းကင်မိစ္ဆာ တောင်တန်းထဲမှ ထွက်ခွာလာ၏။ ထိုသို့ဖြင့် ထျန်ယဲ့မြို့နှင့် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ထံသို့ ပြန်ရောက်လာကြသည်။
ဖခင်ဖြစ်သူ တံခါးပိတ်ကျင့်ကြံနေကြောင်းကို လူတိုင်းအား ပြောပြကာ သူမကိုယ်တိုင် ကြေးစားစစ်သည်အဖွဲ့ကို ထိန်းချုပ်လိုက်၏။ သူမကိုယ်သူမ အစွမ်းထက်ပြီး ရက်စက်တတ်သူ တစ်ယောက်ဖြစ်လာစေရန် အတင်းအကျပ် ပုံသွင်းသည်။
လက်ရှိအချိန်၌ သူမ၌ ရည်မှန်းချက် နှစ်ခုသာ ရှိတော့၏။ ဖခင်ဖြစ်သူအား အသက်ပြန်ရှင်လာစေရန်နှင့် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ကာကွယ်ရန်ပင်။ ထိုအရာများကို ပြီးမြောက်စေရန်အတွက် သူမ အရာအားလုံးကို စတေးရန် ဆန္ဒရှိနေသည်။
ယန်နိုင်အာ ကျောက်တိုင်ရှေ့၌ ရပ်နေ၏။ ယခင်က ထိုကျောက်တိုင်သည် ဆန်းကြယ်လှသည့် စာလုံးများ ၊ နဂါးအမှတ်အသားများနှင့် တောက်ပနေသော်လည်း သူမ သတ်သေရန် ကြိုးစားစဉ်က သူမ၏ သွေးများနှင့် ထိတွေ့ပြီးနောက်၌မူ ထိုအရာများ ပျောက်ကွယ်သွားလေပြီ။ ထိုအချိန်မှစ၍ သူမ၏ သိုင်းပညာများမှာလည်း အံ့မခန်း တိုးတက်လာခဲ့သည်။
သို့သော် သူမ၏ သိုင်းစွမ်းရည် တစ်ခုတည်းဖြင့် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ကယ်တင်ရန်က မလုံလောက်ပေ။ လောဘကြီးလှသည့် ရန်သူများက ယန်ယန်၌ တစ်ခုခု မှားယွင်းနေကြောင်း သံသယဝင်လာကြကာ တိုက်ခိုက်ရန် ပြင်ဆင်နေကြလေပြီ။
ထို့အတွက်ကြောင့် ယန်နိုင်အာ ကြီးမားလှသည့် မြှားစာတစ်ခုကို ချလိုက်၏။ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကြီးအား မင်္ဂလာလက်ဖွဲ့အဖြစ် ပေးအပ်ကာ သူမအတွက် ခင်ပွန်းတစ်ယောက် ရှာဖွေနေကြောင်း ကြေညာလိုက်ခြင်းပင်။
သူမအား အောင်နိုင်ပါက လှပသည့် ဇနီးသည်နှင့် ကြေးစားစစ်သည်အဖွဲ့ကြီး နှစ်ခုလုံးကို ရရှိမည်ဖြစ်သည့်အတွက် ဤသည်က ရန်သူများကို အချိန်ဆွဲထားနိုင်၏။ ယန်နိုင်အာက အမှန်တကယ်ပင် အတည်ပြောနေခြင်း ဖြစ်သည်။
ဝံပုလွေများကို တွန်းလှန်ရာ၌ ကူညီပေးနိုင်လောက်အောင် ဉာဏ်ရည်ထက်မြက်ကာ ၊ အစွမ်းထက်ကာ ၊ ရိုးသားပြီး ရဲရင့်သည့် အမျိုးသားတစ်ယောက်ကို သူမ လိုအပ်နေ၏။
ထူးချွန်လှသည့် လူငယ်မြောက်များစွာကို စမ်းသပ်သော်လည်း လက်ရှိအချိန်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ သူမအား စိတ်ပျက်ရခြင်းမှလွဲ၍ အခြား ဘာမှ မပေးစွမ်းနိုင်သေးပေ။
အပိုင်း ၂၄၇ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team