အခန်း ၂၄၈
Vol. 25 Ch. 248
အပိုင်း ၂၄၈
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဆိုလွန်၏ ပုံတူပန်းချီကားအား စိုက်ကြည့်လိုက်ကာ သူမ အံကြိတ်လိုက်သည်။
“ခွေးမသား...”
“တကယ်ကို မတရားဘူး။ နင်က သစ္စာမရှိဘူး။ စာရိတ္တကလည်း စောက်ရမ်းအောက်တန်းကျတယ်။ ပြီးတော့ အနာဂတ်ဆိုတာလည်း မရှိတဲ့ကောင်။ အဲ့ဒါတောင်မှ ငါက နင့်ကို ချစ်နေမိတုန်းပဲ။ တခြားယောက်ျားတွေ ဘယ်လောက်ပဲ ရုပ်ချောချော။ ဘယ်လောက်ပဲ ထူးချွန်ထူးချွန်... ငါ သူတို့ကို နည်းနည်းလေးမှ စိတ်မဝင်စားဘူး။”
သူမ၏ ဖြူရော်နေသည့် လက်ကလေးက ပန်းချီကားပေါ်ရှိ သူ၏ မျက်နှာကို ပွတ်သပ်သွား၏။
“ငါ နင့်ကို မမုန်းပါဘူး။ ငါကိုယ်တိုင်က အရူးဖြစ်ခဲ့တာပါ။ ငါ့အဖေ သေရတာက ငါ့အမှားကြောင့်ပဲ၊ နင့်အမှား မဟုတ်ဘူး။ ငါ နင့်ကို အခုထိ ချစ်နေဆဲဆိုပေမဲ့ အခုတော့ ငါ အရွယ်ရောက်လာပြီ။ အရင်လို အဖြူထည်လေး မဟုတ်တော့ဘူး။ ငါ့အပေါ် ကောင်းကောင်းဆက်ဆံပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ ယောက်ျားတစ်ယောက်ကို ရှာပြီး ငါ လက်ထပ်မယ်။ ငါ့အတွက် မဟုတ်ဘူး... ငါ့အဖေနဲ့ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကြီးအတွက်ပဲ။”
အပြင်ဘက်၌ အရုဏ်တက်လာလေပြီ။ လျှို့ဝှက်အခန်းထဲရှိ ဖယောင်းတိုင်မီးလေးမှာမူ ရုတ်တရက် ငြိမ်းသက်သွား၏။
ယန်နိုင်အာတစ်ယောက် ခပ်ဖွဖွလေး တုန်ရီသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ယန်နိုင်အာ... နေ့သစ်တစ်ခု ရောက်လာပြီဟ။ နင် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကြီးကို ကယ်တင်ရမယ်။ နင် သန်မာမှဖြစ်မယ်။ နင့်မှာ အဖြူထည်လေးလို နေခွင့် မရှိတော့ဘူး။”
သူမ မျက်စိမှိတ်လိုက်၏။ တစ်ဖန် ပြန်ဖွင့်လိုက်သည့်အခါ သူမ၏ အားနည်းမှုများအားလုံးမှာ လုံးဝ ပျောက်ကွယ်သွားလေပြီ။ အလွန်အမင်း အစွမ်းထက်လှသည့် စိတ်ဝိညာဉ်စွမ်းအားများက သူမ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးတစ်ခုအား ဖန်တီးလိုက်သည်။
အေးစက်ကာ ဘယ်သောအခါမှ အရှုံးမပေးတတ်သည့် ယန်ရွှမ်း ပြန်ရောက်လာလေပြီ။
“အဖေ... ပြီးတော့... ခွေးမသားလေး... နောက်ရက်အနည်းငယ်ကြာရင် ရှင်တို့နှစ်ယောက်ဆီကို ကျွန်မ ပြန်လာပါ့မယ်။”
သူမ အခန်းထဲမှ ထွက်လာကာ ကျောက်တံခါးကြီးကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ သူမ၏ အချစ်ရေး အမှတ်တရများနှင့် အဖြူထည်လေးလို ဖြူစင်မှုများအား ထိုအခန်းထဲ၌ အသေပိတ်လှောင်ထားလိုက်လေပြီ။ ထို့နောက် ခိုင်မာပြတ်သားလှသည့် ခြေလှမ်းများဖြင့် အပေါ်ထပ်သို့ တက်သွား၏။
နေမင်းကြီး ထွက်ပေါ်လာလေပြီဖြစ်ရာ နောက်ဆုံးသတ်မှတ်ရက်မှာ အမှန်တကယ်ပင် ရောက်ရှိလာ၏။ လန်လင်း သို့မဟုတ် ဖန်မို... သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ယောက်က သွေးတစ္ဆေအား အောင်မြင်စွာ သတ်ဖြတ်နိုင်ပါစေဟု သူမ ဆုတောင်းနေမိသည်။
စစ်ဘက်ဆိုင်ရာ အဆောက်အအုံ၏ အမိုးပေါ်သို့ ရောက်ရှိလာကာ ခြံဝင်းအတွင်းနှင့် အပြင်ဘက်ရှိ တောရိုင်းလွင်ပြင်ကြီးအား သူမ ငုံ့ကြည့်လိုက်၏။ လက်ရှိအချိန်၌ သူမသည် ပြိုင်ဘက်ကင်း ဝံပုလွေသခင်မလေး ဖြစ်နေလေပြီ။
သူမ၏ ခင်ပွန်းဖြစ်လာရန်နှင့် ကြေးစားစစ်သည်အဖွဲ့ကြီးအား လောဘကြီးလှသည့် ရန်သူများ၏ လက်မှ ကာကွယ်ပေးနိုင်ရန်အတွက် ယောက်ျားတစ်ယောက်အနေဖြင့် အလွန်အမင်း ခက်ခဲသော စမ်းသပ်မှုများကို အောင်မြင်ရန် လိုအပ်သည်။ သွေးတစ္ဆေအား သတ်ဖြတ်ခြင်းက အစသာရှိသေး၏။
ရုတ်တရက် လူရိပ်တစ်ခုက ချဉ်းကပ်လာ၏။ ထိုသူမှာ ကြမ်းတမ်းသည့် ရုပ်သွင်ရှိသော လန်လင်းပင်။ သူက သွေးတစ္ဆေ၏ ခေါင်းနှင့် အတိအကျ တူညီနေသည့် ခေါင်းတစ်ခုကို ကိုင်ဆောင်လာ၏။ တကယ်ကြီး အောင်မြင်လာသည်လော။ သူ၏ သိုင်းပညာများမှာ အလွန်တရာ အားနည်းလွန်းသည် မဟုတ်လော။
အောက်ဘက် ခြံဝင်းအတွင်း၌မူ ယွမ်ကျဲ့တစ်ယောက် လုံးဝကို မှင်တက်အံ့ဩနေရလေပြီ။ သွေးတစ္ဆေအား သတ်ဖြတ်နိုင်ရန်အတွက် ဖန်မို၌ သုံးဆယ်ရာခိုင်နှုန်းမျှ အခွင့်အရေးရှိသော်လည်း လန်လင်း၌မူ သုညရာခိုင်နှုန်းမျှသာ ရှိမည်ဟု သူ ထင်မှတ်ထား၏။
လန်လင်း၏ မြှားများက သွေးတစ္ဆေကို ခြစ်မိရန်ပင် မဖြစ်နိုင်ချေ။ သို့သော် လုံးဝ မထင်မှတ်ထားစွာပင် လန်လင်းက သူ့ကို သတ်ဖြတ်နိုင်လိုက်၏။
သူ့အား ကြည့်ရင်း ယန်ရွှမ်း တွေးလိုက်၏။ “ဒီတော့ နောက်ထပ် ကိုယ်စားလှယ်လောင်းက လန်လင်းပေါ့။ သူ ငါတို့ကို စိတ်ပျက်အောင် မလုပ်ဖို့ပဲ မျှော်လင့်ပါတယ်။”
**--**--**--**--**--**--**--**
နံနက်ခင်း နေရောင်ခြည်က လန်လင်း၏ မျက်နှာပေါ်သို့ တိုက်ရိုက် ကျရောက်လာလေရာ သူ၏ ပုံရိပ်မှာ တောက်ပသည့် ကောက်ကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ယန်ရွှမ်း၏ နှလုံးသားလေးမှာ အလွန်အမင်း ရင်ခုန်လှုပ်ရှားသွားသည်။ ထိုကောက်ကြောင်းမှာ ဆိုလွန်နှင့် တစ်ထပ်တည်းပင်။
တစ်ချိန်တည်းမှာပင် ဆိုလွန်တစ်ယောက် ခြံဝင်းအတွင်းသို့ အပြေးအလွှား ဝင်လာ၏။ အပေါ်သို့ မော့ကြည့်ကာ ခေါင်းကို မြှောက်ပြလိုက်သည်။
“သခင်မလေး ယန်ရွှမ်း။ ကျုပ် သွေးတစ္ဆေကို သတ်ပြီး သူ့ခေါင်းကို ယူလာပြီ။”
ယန်ရွှမ်း၏ စိတ်ထဲ၌ အတွေးတစ်ခုက ဖြတ်ပြေးသွား၏။ တကယ်လို့များ ဆိုလွန်သာ ယခုအချိန် သူမရှေ့၌ အမှန်တကယ် ပေါ်လာမည်ဆိုပါက သူမ မည်သို့လုပ်မည်နည်း။
ကောင်းကင်မိစ္ဆာ တောင်တန်းမှ ဖခင်ဖြစ်သူအား ခေါ်ဆောင်လာသည့် အချိန်ကတည်းက သူမသည် အသက်ရှင်သန်နိုင်ရန်အတွက် နေ့စဉ်နှင့်အမျှ တိုက်ပွဲဝင်နေရ၏။ နုလန်ဘုရင့်နိုင်ငံမှ သတင်းများ သို့မဟုတ် ဆိုလွန်နှင့် ပတ်သက်သော သတင်းများကို မကြားရသည်မှာ အချိန်အတော်ကြာလေပြီ။
သို့သော်... ထိုလူ ဤနေရာ၌ ရှိနေလျှင်ပင် ဘာမှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။ သူ၏ သစ္စာဖောက်မှုကို သူမ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
သူမ၏ ဖခင်နှင့် ကြေးစားစစ်သည်အဖွဲ့အား ကယ်တင်ရန်အတွက် အစွမ်းထက်ပြီး အရည်အချင်းရှိသည့် ယောက်ျားတစ်ယောက်ကိုသာ လိုအပ်လေပြီး စကားချိုချိုပြောတတ်သော မျက်နှာပွင့်သည့် သကောင့်သားမျိုးကို မလိုအပ်ချေ။
သူတို့ နှစ်ဦးအနေဖြင့် ဘယ်သောအခါမှ ပြန်လည်ပေါင်းဖက်နိုင်မည် မဟုတ်ပေ။ ထိုအမှတ်တရများကို မြှုပ်နှံပစ်လိုက်ရန်သာ ရှိသည်။
စူးရှသည့် နေရောင်ခြည်အောက်မှ ထွက်လာသောအခါ သူ၏ မျက်နှာသွင်ပြင်များက ရှင်းလင်းလာ၏။ မပြန်လာမီ၌ ဆိုလွန်သည် သူ၏ ရုပ်ဖျက်ထားမှုကို အသေအချာ ပြင်ဆင်ထားသည်။
သူ၏ ရုပ်သွင်မှာ ကြမ်းတမ်းကာ အသားအရေမှာ ဖျော့တော့နေပြီး မုတ်ဆိတ်မွေးများမှာလည်း ရှုပ်ပွနေ၏။ ရုပ်ဆိုးလုနီးပါးပင် ဖြစ်နေပြီး သူ၏ အစစ်အမှန် ရုပ်သွင်နှင့် နည်းနည်းလေးမှ မတူချေ။
ယန်ရွှမ်းတစ်ယောက် ထိုဆင်တူသည့် ပုံရိပ်မှာ အလင်းရောင်ကြောင့် အမြင်မှားခြင်းမျှသာ ဖြစ်သည်ဟု ချက်ချင်းပင် လျစ်လျူရှုလိုက်၏။ ကိစ္စမရှိလှချေ။ အရည်အချင်းရှိနေသရွေ့ ရုပ်ရည်ကို ဂရုမစိုက်ပေ။
“သခင်မလေး ယန်ရွှမ်း။ ကျုပ် သွေးတစ္ဆေကို သတ်လိုက်ပြီဗျ။”
သူ ထပ်မံ၍ အော်ဟစ်လိုက်ပြန်၏။
ယန်ရွှမ်းက ခေါင်းညိတ်လိုက်သည်။
“စစ်ဘက်ဆိုင်ရာ ခန်းမထဲမှာ ငါ့ကို စောင့်နေ။”
သူမ အခန်းထဲသို့ ပြန်ဝင်သွားလိုက်ပြီး မှန်ရှေ့၌ သူမ၏ စကတ်ရှည်ကို ချွတ်ချလိုက်ရာ အလွန်အမင်း ကောက်ကြောင်းပေါ်ကာ ရင်သပ်ရှုမောဖွယ် ကောင်းလှသည့် ခန္ဓာကိုယ်လေး ပေါ်လာ၏။
‘ငါသာ လက်ထပ်လိုက်ရင်... ငါ့ရဲ့ ခန္ဓာကိုယ်ကို သူ့အတွက် တကယ်ပဲ ပေးအပ်ရမှာလား။’
သူမ၏ ရင်ထဲ၌ မသက်မသာဖြစ်မှုလှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွား၏။ အမှန်တကယ် ချစ်မြတ်နိုးရသည့် အမျိုးသားအား သူမ၏ အရာရာကို ပေးအပ်ရန်သာ အမြဲတမ်း အိပ်မက်မက်ဖူးခဲ့ခြင်းပင်။
ထိုအတွေးများကို ချက်ချင်းပင် ခေါင်းထဲမှ ထုတ်ပစ်လိုက်ကာ အေးစက်လှသည့် စိတ်ဝိညာဉ်စွမ်းအားများကို ဆင့်ခေါ်လိုက်သည်။ ပထမဦးစွာ ကိုယ်ကြပ် စပါးကြီးမြွေရေ သံချပ်ကာကို ဝတ်ဆင်လိုက်၏။
ထို့နောက် ပေါ့ပါးလှသည့် ဆန်းကြယ်ပလက်တီနမ် သံချပ်ကာအပျော့စားကို ထပ်ဝတ်လိုက်သည်။ ဖခင်ဖြစ်သူက သူမ၏ အသက် နှစ်ဆယ်ပြည့် မွေးနေ့အတွက် ထိုသံချပ်ကာကို ဖန်တီးရန် နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် အချိန်ယူခဲ့ရ၏။
သို့သော် ဖခင်ဖြစ်သူ ဒဏ်ရာမရရှိခင်၌ ဆိုလွန်နှင့် ပတ်သက်ပြီး သူတို့ သားအဖနှစ်ဦး စကားများခဲ့ကြသေးသည်။
လက်ရှိအချိန်၌ အဆုံးအစမဲ့သည့် လုပ်ကြံသတ်ဖြတ်မှုများမှ ကာကွယ်ရန်အတွက် သူမ ဤသံချပ်ကာကို ဝတ်ဆင်နေရခြင်းပင်။ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကြီးအား မင်္ဂလာလက်ဖွဲ့အဖြစ် ကြေညာလိုက်ပြီးနောက်ပိုင်းမှသာ ထိုလုပ်ကြံမှုများက အနည်းငယ် ငြိမ်သက်သွားသည်။
နောက်ဆုံး၌ မိစ္ဆာငွေရောင် သံချပ်ကာ ၊ ငွေရောင်ဝတ်ရုံနှင့် သူမ၏ တန်ဖိုးထားရသည့် ဓားကို တပ်ဆင်လိုက်၏။
ဤကဲ့သို့ ဝတ်ဆင်ရသည်ကို သူမ မုန်းတီးသော်လည်း သူမ၏ စစ်သည်များထံမှ လေးစားမှုကို ရယူရန်အတွက် ဤသည်က လိုအပ်သည်။
အပြည့်အဝ ဝတ်ဆင်ပြီးနောက် သူမ အောက်ထပ်သို့ ဆင်းလာ၏။ လှေကားထစ်ပေါ်၌ ရပ်လျက် သူမ၏ လက်တစ်ဖက်ကို မြှောက်လိုက်သည်။ စွမ်းအင်လှိုင်းတစ်ခုနှင့်အတူ ဆိုလွန်၏ လက်ထဲရှိ သွေးတစ္ဆေ၏ ခေါင်းမှာ သူမ၏ လက်ထဲသို့ တိုက်ရိုက် ပျံသန်းလာ၏။
ယန်ရွှမ်းက ခေါင်းပြတ်ကြီးအား သေချာစွာ စစ်ဆေးလိုက်သည်။
“ဒါ သွေးတစ္ဆေ အစစ်ပဲ။ နင်ကိုယ်တိုင် သူ့ကို သတ်တာလား။ သူက အဆိပ်မိဖို့ဆိုတာ မဖြစ်နိုင်သလို သူ့ရဲ့ သိုင်းပညာတွေကလည်း နင့်ထက် အများကြီး သာလွန်တယ်။”
ဆိုလွန်က တည်ငြိမ်စွာ ရှင်းပြသည်။
“ကျုပ် ကာမထောင်ချောက် သုံးတာ။ သူ ကာမအရသာရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီး အငိုက်မိသွားတဲ့ အချိန်မှာ ကျုပ် သူ့ကို သတ်လိုက်တာ။”
သူမအား စမ်းသပ်ရန်အတွက် ဤစကားကို သူ တမင်တကာ ပြောလိုက်ခြင်းပင်။ ယန်နိုင်အာက အလွန်အမင်း ရှေးရိုးဆန်လှသူဖြစ်ရာ သူမသာ အစစ်အမှန် သရုပ်မှန်အတိုင်း ပြုမူမည်ဆိုပါက ဤသည်ကို ရွံရှာသွားပေလိမ့်မည်။
ယန်ရွှမ်း၏ ရင်ထဲ၌ မသက်မသာဖြစ်သွားသော်လည်း သူမ၏ မျက်နှာမှာမူ လုံးဝ ခံစားချက်ကင်းမဲ့နေဆဲပင်။
“ကာမထောင်ချောက် ဟုတ်လား။ နင်ကလေ။”
ဆိုလွန်ကမူ ပခုံးတွန့်ပြရုံသာ တွန့်ပြလိုက်၏။
ယန်ရွှမ်းက အေးစက်စွာ ပြောလိုက်သည်။
“ဘယ်လိုနည်းလမ်းမျိုးမဆို လက်ခံနိုင်တယ်လို့ ငါ ပြောဖူးပါတယ်။ လန်လင်း... ဒီကနေ့ကစပြီး နင်က ငါ့ရဲ့ ခင်ပွန်းလောင်း ကိုယ်စားလှယ်ပဲ။ နင် ငါ့အနားမှာ နေရမယ်။ ပြီးတော့ နင့်ကို ငါ အကဲဖြတ်မယ်။ ငါ့ကို စိတ်ပျက်အောင်လုပ်ရင် ပယ်ခံရမယ်။ နားလည်လား။”
ဆိုလွန်က စိတ်လှုပ်ရှားနေသော်လည်း အသာအယာပင် ခေါင်းညိတ်လိုက်သည်။
“နားလည်ပါတယ်။”
ယန်ရွှမ်းက လေးနက်စွာ ပြောသည်။ “ငါက ကြမ်းတမ်းတဲ့ လူတစ်ယောက်ပဲ။ ငါ့ရဲ့ ခင်ပွန်းဖြစ်လာဖို့ဆိုတာ အန္တရာယ်လည်း များတယ်။ နင့်အနေနဲ့ အချိန်မရွေး နှုတ်ထွက်လို့ရတယ်။”
“ကျုပ် နှုတ်ထွက်ချင်ရင် သခင်မလေးကို အသိပေးပါ့မယ်။”
“ဒါကို မှတ်ထား။” သူမက အေးစက်စွာ ပြောသည်။
“နင် ငါနဲ့ သဘောထားချင်း မတိုက်ဆိုင်တာမျိုး ရှိနိုင်ပေမဲ့ ဘယ်တော့မှ သစ္စာမဖောက်ရဘူး။ နင် သစ္စာဖောက်တယ်လို့ ငါ နည်းနည်းလေး သံသယဝင်တာနဲ့တင် နင့်ကို ချက်ချင်း သတ်ပစ်မယ်။”
“နားလည်ပါပြီ။”
ယန်ရွှမ်းက လက်ဟန်ပြလိုက်သည်။
“ကောင်းပြီ။ သွား ပြင်ဆင်တော့။ ဒီည နင် ငါနဲ့အတူ ထျန်ယဲ့မြို့က ညစာစားပွဲကို လိုက်ရမယ်။ အဲ့ဒါက နင့်ရဲ့ ပထမဆုံး စမ်းသပ်မှုပဲ။”
ရုတ်တရက် အခြေအနေကြောင့် ဆိုလွန် အံ့ဩသင့်သွားရ၏။
“ဘယ်လို အနေအထားမျိုးနဲ့ လိုက်ရမှာလဲ။”
ယန်ရွှမ်းက မျက်လွှာမချဘဲ သူ့အား စိုက်ကြည့်လာသည်။
“အစောင့်အရှောက် တစ်ယောက်အနေနဲ့ပေါ့။ အများကြီး တွေးမနေနဲ့။ တိုက်ဆိုင်သွားရုံသက်သက်ပဲ။ အရင် ကိုယ်စားလှယ်လောင်းတွေက ကျရှုံးသွားပြီး နင်က ဒီညစာစားပွဲ အချိန်လေးနဲ့ အတော်ပဲ အံဝင်ခွင်ကျ ရောက်လာလို့ပဲ။”
အပိုင်း ၂၄၈ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team