အခန်း ၂၄၉
Vol. 25 Ch. 249
အပိုင်း ၂၄၉
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ယန်ရွှမ်းက ရုတ်တရက် မေးလာသည်။ "နင် ဖန်မိုကို တွေ့ခဲ့သေးလား"
သူမ၏ ပေါ့ပေါ့ပါးပါး လေသံကြောင့် ဆိုလွန် ရင်ထဲ၌ တင်းကျပ်သွားရ၏။ သူမက သူ့အား အချိန်ပြည့် စမ်းသပ်နေခြင်းပင်။
ဆိုလွန်က ပြန်ဖြေသည်။ "တွေ့ခဲ့တယ်။ သူက သွေးတစ္ဆေရဲ့ ပခုံးကို မြှားနဲ့ ပစ်နိုင်ခဲ့ပေမဲ့ သွေးတစ္ဆေက အဆိပ်ဒဏ်ခံနိုင်ရည်ရှိနေတယ်။ သူ ကျရှုံးသွားပြီး အဆိပ်မြွေ သဲကန္တာရဓားပြအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် သွေးမုဆိုးရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်။"
မြေအောက်စံအိမ်ထဲမှ လွတ်မြောက်လာပြီးနောက် သွေးသံရဲရဲဖြစ်နေသည့် ထိုလေးကိုင်စစ်သည်အား ဆိုလွန် အမှန်တကယ်ပင် မြင်တွေ့ခဲ့ရ၏။
သို့သော် ဆိုလွန်က သွားကယ်ရလောက်အောင်အထိ မရူးသေးချေ။
သဲကန္တာရဓားပြများ ဖန်မိုအား ဆွဲခေါ်သွားသည်အထိ သဲခုံတစ်ခု၏ အနောက်၌ ပုန်းနေခဲ့ပြီးနောက်မှသာ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ဆီသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။
ယန်ရွှမ်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။ "ငါတို့ သူ့ကို သွားကယ်သင့်လား"
ဆိုလွန်က ခေါင်းညိတ်လိုက်သည်။ "ကယ်သင့်တာပေါ့။ သူ့ဆီမှာ နတ်အဆင့် မြှားပစ်ပါရမီ ရှိတယ်။ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့က သူ့ကို လိုအပ်တယ်။"
သူမက ပြော၏။ "သူက မာနကြီးတယ်။ ပြိုင်ပွဲမှာ နင့်ကို ရှုံးသွားကတည်းက သူ ထွက်သွားလိမ့်မယ်။ သူ့အသက်ကို ကယ်လိုက်ရုံနဲ့ သူ နေမှာ မဟုတ်ဘူး။"
ဆိုလွန်က ပြန်ဖြေသည်။ "ဒါဆိုရင်လည်း ကျုပ်တို့ သူ့ဆီက ကျေးဇူးတင်ခံရတာပေါ့။ နောက်နှစ်အနည်းငယ်ကြာရင် သူက နဂါးလေးကိုင်စစ်သည်တစ်ယောက် ဖြစ်လာနိုင်တယ်။ နဂါးလေးကိုင်စစ်သည်တစ်ယောက်ရဲ့ ကျေးဇူးကြွေးဆိုတာ အတော်လေး တန်ဖိုးရှိတယ်။"
ယန်ရွှမ်းက သဘောတူလိုက်သည်။ "ကောင်းပြီ။ သူ့ကို သွားကယ်ကြမယ်။ ငါနဲ့လိုက်ခဲ့။"
**--**--**--**--**--**--**--**
အချိန်အနည်းငယ် ကြာပြီးနောက် သူတို့နှစ်ဦး မဟူရာအိုအေစစ်ဆီသို့ ထွက်ခွာလာခဲ့ကြ၏။ ကြီးမားလှသည့် ခြင်္သေ့ကျားသားရဲကြီးအား စီးနင်းကာ အနောက်ဘက်သို့ ထွက်လာခဲ့ကြသည်။
ထိုသားရဲကြီးမှာ ကမ္ဘာမြေပေါ်ရှိ မည်သည့်သားရဲထက်မဆို နှစ်ဆမျှ ပိုကြီးမားလေပြီး အလွန်အမင်း မြန်ဆန်လှ၏။ ယန်ရွှမ်းက ထိန်းချုပ်ထားပေးသောကြောင့်သာ ဆိုလွန်တစ်ယောက် ဤမျှကြမ်းတမ်းလှသည့် သားရဲကြီးကို စီးနင်းနိုင်ခြင်း ဖြစ်သည်။
ဆိုလွန်က မေးသည်။ "ကျုပ်တို့ စစ်တပ်ကို ခေါ်သွားသင့်တယ် မဟုတ်ဘူးလား။ အဲ့ဒီမှာ သဲကန္တာရဓားပြ ရာချီပြီး ရှိနေသေးတယ်။"
သူမက အေးစက်စွာ ပြန်ဖြေသည်။ "မလိုဘူး"
လေးနာရီမျှ အချိန်အတွင်း၌မှာပင် ထိုသားရဲကြီးက သူတို့နှစ်ဦးအား မိုင်လေးရာအကွာရှိ မဟူရာအိုအေစစ်ဆီသို့ ရောက်ရှိအောင် သယ်ဆောင်လာနိုင်ခဲ့၏။
ဆိုလွန်က အကြံပြုလိုက်သည်။ "သဲကန္တာရဓားပြတွေရဲ့ စံအိမ်က မြေအောက်ထဲမှာ ရှိတာ။ ကျုပ်တို့ ဟိုအပေါက်ကြီးထဲကနေ ဝင်သွားလို့ရတယ်။"
ယန်ရွှမ်းက အကဲခေတ်ကာ မေးသည်။ "ဒီအပေါက်ကြီးက ဘယ်လိုလုပ် ဖြစ်လာတာလဲ"
"ကျုပ် ဖောက်ခွဲပစ်လိုက်တာ"
ယန်ရွှမ်းက သူ့အား အထင်ကြီးလေးစားသည့် အကြည့်ဖြင့် ကြည့်လာ၏။
ဆိုလွန် ဝေလငါးဆီ ကျင်းတစ်သောင်းအား အသုံးပြု၍ ဖောက်ခွဲထားခဲ့သည့် တွင်းဟောင်းကြီးဆီသို့ သူတို့ အလျင်အမြန်ပင် ရောက်ရှိသွားကြသည်။ ချုံခိုတိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်ကို လျစ်လျူရှုကာ ယန်ရွှမ်းက သားရဲကြီးအား အပေါက်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားစေရန် တွန်းအားပေးလိုက်၏။
**--**--**--**--**--**--**--**
ချုံခိုတိုက်ခိုက်မှုက အမှန်ပင် စောင့်ကြိုနေခဲ့၏။
သွေးမုဆိုးက အော်ဟစ်လိုက်သည်။ "ဟားဟား... မင်းတို့က သေချင်လို့ ဒီကို လာခဲ့တာပဲ"
အဆိပ်လူးမြှားများ ၊ အဆိပ်အပ်များနှင့် လျှို့ဝှက်လက်နက်များက မိုးရွာချသည့်အလား သူတို့ဆီသို့ ပျံသန်းလာကြ၏။
ယန်ရွှမ်းက အနည်းငယ်မျှပင် မလှုပ်ရှားချေ။ သူမ၏ နဂါးစွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာကာ စွမ်းအင်တံတိုင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။ လက်နက်များမှာ ချက်ချင်းပင် ရပ်တန့်သွားကြကာ ဆယ်ပေကျော်အကွာ၌ လေထဲတွင် ရပ်တန့်သွားကြ၏။
သူမ လက်ကို ခပ်ဖွဖွလေး ဝှေ့ယမ်းလိုက်ရာ ရာချီသည့် လက်နက်များမှာ လာရာလမ်းအတိုင်း ပြန်လည်ပျံသန်းသွားကြတော့သည်။
ရွှစ်... ရွှစ်... ရွှစ်...
မရေမတွက်နိုင်သော သဲကန္တာရဓားပြများမှာ သူတို့၏ ကိုယ်ပိုင် အဆိပ်လက်နက်များကြောင့်ပင် သေဆုံးသွားကြရ၏။
သွေးမုဆိုးတစ်ယောက် လုံးဝကို အံ့အားသင့်သွားရသည့ "မင်း... မင်းက ဘယ်သူလဲ"
"ငွေရောင်ဝံပုလွေ ၊ ယန်ရွှမ်း"
သူက ကြေညာလိုက်သည်။ "ငါက အဆိပ်မြွေ သဲကန္တာရဓားပြအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် သွေးမုဆိုးပဲ။ ပြီးတော့ အဆင့်မြင့်စစ်သည်တစ်ယောက်လည်း ဖြစ်တယ်။ သခင်မလေး ယန်ရွှမ်း... မင်းက အစွမ်းထက်ကောင်း ထက်နေလိမ့်မယ်။ ဒါပေမဲ့ ငါတို့ဆီမှာ လူရာချီ ရှိတယ်။"
ယန်ရွှမ်းက ပြန်မဖြေချေ။ လက်သီးတစ်ချက်ကိုသာ ထိုးချလိုက်၏။
ဆယ်ပေကျော် အကွာမှပင် ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအင်လှိုင်းလုံးကြီးတစ်ခုက ရှေ့သို့ ပေါက်ကွဲထွက်ပေါ်လာသည်။
ဝုန်းးး
သွေးမုဆိုးမှာ သွေးတစ်ပွက် အန်ချလိုက်ပြီး နောက်သို့ လွင့်စဉ်သွားရ၏။ သူ၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားလေပြီး အတွင်းကလီစာများအားလုံး ပျက်စီးသွားရသည်။ မြေပြင်ပေါ်သို့ မကျမီမှာပင် သူ သေဆုံးသွားရလေပြီ။
ဆိုလွန်တစ်ယောက် မှင်တက်သွားရသည်။ သွေးမုဆိုးမှာ အဆင့်မြင့်စစ်သည်တစ်ယောက် ဖြစ်သော်ငြား သူမက အဝေးမှနေ၍ ချက်ချင်းပင် သတ်ဖြတ်နိုင်လိုက်၏။
ယန်ရွှမ်းက ဓားကိုပင် မဆွဲထုတ်ဘဲ ရှေ့သို့ ပြေးဝင်သွားလိုက်သည်။ သဲကန္တာရဓားပြများစွယအား သူမ၏ လက်ဗလာဖြင့်ပင် သွေးသံရဲရဲ အသားတုံးများဖြစ်သွားသည်အထိ ထိုးနှက်ချေမှုန်းပစ်လိုက်၏။
ဝုန်း... ဝုန်း... ဝုန်း...
အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှသည့် မြင်ကွင်းပင်။ သဲကန္တာရဓားပြများမှာ အရုပ်ကြိုးပြတ်များကဲ့သို့ အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်စဉ်သွားကြရာ ဆိုလွန်၏ စိတ်ထဲ၌ ကွန်ဖူး ရုပ်ရှင်ကားထဲမှ ပုဆိန်ဂိုဏ်းကိုပင် ပြန်လည်သတိရသွားစေ၏။
သူမ၏ အဝတ်အစားများပေါ်၌ သွေးတစ်စက်မျှပင် စွန်းထင်းသွားခြင်း မရှိချေ။ လက်သီးများက ရုပ်ပိုင်းဆိုင်ရာအရ တိုက်ရိုက် မထိတွေ့ခဲ့ဘဲ လက်သီးမှ ထွက်ပေါ်လာသည့် စွမ်းအင်သက်သက်ဖြင့်သာ သူတို့အား ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
လူတစ်ရာခန့်အား သတ်ဖြတ်ပြီးနောက် ကျန်ရစ်နေသေးသည့် သဲကန္တာရဓားပြများမှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ဒူးထောက်ကျသွားကြ၏။
ယန်ရွှမ်းက ခက်ထန်စွာ မေးလိုက်သည်။ "မင်းတို့ ဖမ်းထားတဲ့ လေးကိုင်စစ်သည် လုပ်ကြံသူ ဘယ်မှာလဲ"
တုန်ရီနေသည့် ခေါင်းဆောင်ငယ်တစ်ယောက်က ပြန်ဖြေလိုက်၏။ "မြေအောက်အကျဉ်းထောင်ထဲမှာပါ"
သူမက အမိန့်ပေးလိုက်သည်။ "သူ့ကို ဒီခေါ်လာခဲ့။ သေချာရေချိုးပေးပြီး အဝတ်အစား သန့်သန့်ရှင်းရှင်းတွေ ဝတ်ပေးလိုက်။"
ထိုခေါင်းဆောင်က အလျင်အမြန်ပင် နာခံလိုက်၏။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ဖန်မိုအား ခေါ်ထုတ်လာကြသည်။ သူ၏ ဒဏ်ရာများကို သန့်စင်ထားပြီး အဝတ်အစား အသစ်များကို ဝတ်ဆင်ထား၏။ ယန်ရွှမ်းအား မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ အရောင်လက်သွားသော်လည်း ချက်ချင်းပင် အရှက်ရမှုများဖြင့် ပြည့်နှက်သွားရသည်။
ဆိုလွန်အား သတိထားမိသွားသောအခါ မယုံကြည်နိုင်စွာဖြင့် သူ မေးလိုက်သည်။ "မင်းက ဘာလို့ ဒီရောက်နေတာလဲ"
ယန်ရွှမ်းက တည်ငြိမ်စွာ ပြောလိုက်၏။ "လန်လင်းက သွေးတစ္ဆေကို သတ်ပြီး ငါ့ရဲ့ ခင်ပွန်းလောင်း ကိုယ်စားလှယ်ဖြစ်ဖို့ ပြိုင်ပွဲမှာ အနိုင်ရသွားပြီ။ အခု နင် ဘယ်ကိုသွားဖို့ စီစဉ်ထားလဲ။"
"သေချာတာပေါ့။ နင်က ငါ့အတွက် အလုပ်လုပ်ပေးရင်းနဲ့ ဖမ်းခံလိုက်ရတာဆိုတော့ နင့်ကို ကယ်ရမှာက ငါ့ရဲ့ တာဝန်ပဲ။ နင် ငါ့ကို ဘာမှ ကျေးဇူးဆပ်စရာ မလိုဘူး။ နင် ကြိုက်တဲ့နေရာကို သွားလို့ရပြီ။"
ဖန်မိုက ဆိုလွန်အား ကြည့်လိုက်သည်။ "ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့မှာ လျှို့ဝှက်ရည်ရွယ်ချက်တွေ ရှိတယ်လို့ ငါ မင်းကို ပြောခဲ့သားပဲ။ ငါ နေမှာ မဟုတ်ဘူး။"
"နားလည်ပါပြီ။ ဂရုစိုက်သွားပါ။" ယန်ရွှမ်းက သူမ၏ သားရဲကြီးကို စီးနင်းကာ ဂူထဲမှ ထွက်ခွာသွားတော့၏။
ဆိုလွန်လည်း အလျင်အမြန်ပင် နောက်မှ လိုက်သွားသည်။
ဖန်မိုကမူ ထွက်ခွာသွားသည့် ယန်ရွှမ်းအား အလွန်အမင်း စွဲလမ်းနှစ်သက်နေသည့် အကြည့်ဖြင့် ငေးကြည့်နေမိ၏။ ထိတ်လန့်နေကြသည့် သဲကန္တာရဓားပြများကို လျစ်လျူရှုကာ သူ စံအိမ်ထဲမှ ထွက်လာပြီး မြင်းတစ်ကောင်ရှာ၍ အရှေ့ဘက်သို့ စီးနင်းထွက်ခွာသွားတော့သည်။
**--**--**--**--**--**--**--**
ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ မိနစ်နှစ်ဆယ်ပင် မကြာလိုက်ချေ။ ယန်ရွှမ်း၏ စွမ်းအားမှာ အံ့မခန်းပင်။ သူမနှင့် ဆိုဟန်ရီတို့ နှစ်ဦးကြား မည်သူက ပို၍ အစွမ်းထက်မည်နည်းကို ဆိုလွန် တွေးတောနေမိသည်။
အပြန်လမ်း၌ ဆိုလွန်က မေးလိုက်သည်။ "သခင်မလေးက ဘာလို့ လက်သီးကို သုံးရတာ ပိုသဘောကျတာလဲ"
ယန်ရွှမ်းက အေးစက်စွာ ပြန်ဖြေ၏။ "ငါ သဘောမကျပါဘူး။ ဒါပေမဲ့ အဲ့ဒီလောက်တောင် သိုင်းပညာ အားနည်းတဲ့သူတွေက ငါ့ဓားနဲ့ မထိုက်တန်လို့ပဲ။"
မြန်ဆန်လှသည့် သားရဲကြီးအား စီးနင်းလျက် သူတို့ မိုင်လေးရာကို ဖြတ်သန်းခဲ့ကြကာ မွန်းလွဲပိုင်း၌ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ဆီသို့ ပြန်လည်ရောက်ရှိလာကြသည်။
**--**--**--**--**--**--**--**
ထိုနေ့ ညနေခင်း၌ ယန်ရွှမ်းက ဆိုလွန်အား သူမ၏ သီးသန့်အခန်းဆီသို့ ဆင့်ခေါ်လိုက်၏။
သူမက ညွှန်ကြားလိုက်သည်။ "ငါတို့ ညစာစားပွဲအတွက် ထျန်ယဲ့မြို့ကို သွားရမယ်။ ငါ့အတွက် ဝတ်စုံတစ်စုံ ရွေးပေး။ အရမ်း ဖော်လွန်းတာမျိုး မဖြစ်ရဘူး။ ဒါပေမဲ့ တခြားသူတွေ အားလုံးထက် ပိုပြီးတော့ ထင်းထွက်နေရမယ်။"
ဆိုလွန်က သူမ၏ အဝတ်ဗီရိုထဲတွင် စတင်ရှာဖွေလိုက်သည်။ "ဂုဏ်ထူးဆောင် ဧည့်သည်တော်က ဘယ်သူလဲ"
"ထျန်ယဲ့မြို့က တာဝန်ရှိသူတွေက နုလန်ဘုရင့်နိုင်ငံက ဂုဏ်ထူးဆောင် ဧည့်သည်တော်တစ်ယောက်ကို ကြိုဆိုကြမှာ။"
ဆိုလွန်၏ နှလုံးသားလေးမှာ ဒိန်းခနဲ ခုန်သွားရ၏။ "မင်းသမီး ကျိနင်များ ဖြစ်နေမလား။"
မဖြစ်နိုင်ချေ။ သူမ ထျန်ယဲ့မြို့ကို လာစရာ အကြောင်းအရင်းမှ မရှိပေ။
ဝတ်စုံရှာဖွေရန်အတွက်သာ အာရုံစိုက်လိုက်သည်။ သို့သော် သူမ၏ အဝတ်အစားများထဲမှ တစ်စုံကမှ သူ့အား ကျေနပ်မှု မပေးနိုင်ချေ။
ဆိုလွန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "သခင်မလေး ယန်ရွှမ်း... ဝတ်စုံ အတော်လေး နည်းတယ်။ ပြီးတော့ ဒါတွေ တစ်ခုမှ သခင်မလေးနဲ့ မလိုက်ဖက်ဘူး။"
သူမက အေးစက်စွာ ပြန်ပြောလာ၏။ "အသစ်ဝယ်ဖို့ အချိန်မရှိတော့ဘူး"
သူမ၏ လှပလှသည့် မျက်နှာနှင့် ခန္ဓာကိုယ်အချိုးအစားအား ကြည့်ရင်း သူ၏ စိတ်ထဲ၌ အကြံတစ်ခု ရသွားသည်။ "အခု ချက်ချင်းပဲ ကျုပ် သခင်မလေးအတွက် တစ်စုံ လုပ်ပေးမယ်။ သခင်မလေး ပွဲတစ်ခုလုံးကို ဖမ်းစားနိုင်စေရမယ်လို့ ကျုပ် အာမခံတယ်။"
ယန်ရွှမ်းက သူ့အား အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။ ဤကြမ်းတမ်းလှသည့် အမျိုးသားက အမှန်တကယ်ပင် ဝတ်စုံဒီဇိုင်း ဆွဲနိုင်မည်လော။
ဆိုလွန်တစ်ယောက် ကမ္ဘာမြေပေါ်ရှိ ရုပ်ရှင်ကားထဲမှ ဩဒရေး ဟက်ပ်ဘန်း ဝတ်ဆင်ခဲ့သည့် ဂန္ထဝင် အနက်ရောင် ဝတ်စုံလေးကို ပြန်လည်သတိရသွား၏။
ထိုဝတ်စုံမှာ ရိုးရှင်းလေပြီး အရမ်းကြီး မထင်းလွန်းဘဲ အမျိုးသမီးတစ်ယောက်၏ ကောက်ကြောင်းကို ပေါ်လွင်စေသည်။
ယန်ရွှမ်း၏ ပြီးပြည့်စုံလှသည့် အလှတရားနှင့် အစွမ်းထက်လှသည့် အရှိန်အဝါတို့က ထိုဝတ်စုံအား အံ့မခန်း အလှတရားတစ်ခုကို ပေးစွမ်းနိုင်ပေလိမ့်မည်။
ဆိုလွန်က ဝတ်စုံအတွက် လိုအပ်မည့် ပစ္စည်းများကို စာရင်းပြုစုလိုက်ရင်း ပြောလိုက်သည်။ "ကျုပ် ပိုးသားအနက်ရောင် ၊ ပုလဲ ၊ ငွေကြိုး နဲ့ ပါးလွှာပေမဲ့ ခိုင်ခံ့တဲ့ သားရဲအရွတ်ကြိုးတွေ လိုတယ်။"
သူမ ခေါင်းညိတ်လိုက်၏။ "ငါ့ရဲ့ သိုလှောင်ရုံထဲမှာ အဲ့ဒါတွေ အကုန်လုံး ရှိတယ်။" သူမ အလျင်အမြန်ပင် သူလိုအပ်သည့် အရာများအားလုံး ပါဝင်သော သေတ္တာတစ်လုံးနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။
ဆိုလွန်က မေးလိုက်သည်။ "ညစာစားပွဲ စဖို့ အချိန်ဘယ်လောက်လိုသေးလဲ"
"လေးနာရီ"
"အချိန်က ကွက်တိပဲ။ မတ်တပ်ရပ်လိုက်။ ကျုပ် သခင်မလေးရဲ့ အတိုင်းအတာတွေ ယူဖို့ လိုတယ်။"
ယန်ရွှမ်း မတ်တပ်ရပ်လိုက်၏။
"သံချပ်ကာကို ချွတ်ဖို့ လိုတယ်။"
ယန်ရွှမ်းက သူမ၏ သံချပ်ကာကို မချွတ်မီ ခဏမျှ တုံ့ဆိုင်းသွားခဲ့၏။ သံချပ်ကာ၏ အောက်၌မူ သူမလေးက ကိုယ်ကြပ် စပါးကြီးမြွေရေ သားရေဝတ်စုံအနက်ကို ဝတ်ဆင်ထားသည်။
ဆိုလွန်၏ အသက်ရှူသံများပင် ရပ်တန့်သွားရ၏။ ထိုကိုယ်ကြပ်ဝတ်စုံမှာ သူမ၏ ဒုတိယမြောက် အသားအရေတစ်ခုကဲ့သို့ ကပ်နေလေပြီး ပြီးပြည့်စုံလှသော ကောက်ကြောင်းများနှင့် သွယ်လျသည့် ခြေတံရှည်များကို ပေါ်လွင်လာစေသည်။
အပိုင်း ၂၄၉ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team