အထွတ်အထိပ်လမ်းစဉ်
Vol. 2 Ch. 22
အခန်း (၂၂) : အထွတ်အထိပ်လမ်းစဉ်
တိမ်တိုက်ထဲတွင် တည်ရှိသည့် ခမ်းနားမြင့်မြတ်လှဖွယ် တောင်ပေါ်တွင် ဂိုဏ်းချုပ်ခန်းမ တည်ရှိသည်။ ထိုတောင်ပေါ်တွင်ရှိနေသော ဝိညာဉ်စွမ်းအင်က တာအိုအခွင့်အလမ်းဂိုဏ်းထဲတွင် ပမာဏအများဆုံး ဖြစ်သည်။ ထိုနေရာက ဂိုဏ်းချုပ်၏ နေရာဖြစ်ပြီး ဂိုဏ်း၏ အစည်းအဝေးအများစုကို ကျင်းပသည့်နေရာ ဖြစ်သည်။
တာအို အခွင့်အလမ်းဂိုဏ်းတစ်ခုလုံးကို တောင်တန်းများ စုစည်းပြီး ပြုလုပ်ထားခြင်း ဖြစ်သည်။ သူတို့က မြေပြင်မှ တိမ်ပေါ်အထိ တစ်လျှောက်လုံး ဆက်ထားသည်။ မြေပြင်နှင့်နီးလေလေ ထိုတောင်တန်းတွင် ပါဝင်သည့် စိတ်ဝိညာဉ်စွမ်းအင်က နည်းပါးလေလေ ဖြစ်သည်။ မြေပြင်ရှိ တောင်များက အပြင်စည်းတပည့်များနှင့် အစေခံများ နေထိုင်သော နေရာတစ်ခု ဖြစ်သည်။
အပြင်စည်း တပည့်များ၏ တောင်တန်းနှင့် အတွင်းစည်း တပည့်များ၏ တောင်တန်းကို သံကြိုးကြီးများဖြင့် ဆက်သွယ်ထားသည်။ ထိုသံကြိုးများပေါ်တွင် လူများ အလွယ်တကူ လမ်းလျှောက်သွားလာနိုင်သည်။ ပင်မတပည့်များ၏ တောင်နှင့် ဂိုဏ်း၏ တခြားနေရာများကို သွားလာနိုင်ဖို့အတွက် ပျံသန်းနိုင်မှ ဖြစ်မည်။
ဤအရာက ဝမ်ဝေ့က ဘာလို့ သူ့အစေခံခေါင်းဆောင်နှင့် အမြဲတမ်း သွားလာနေရလဲဆိုသော အကြောင်းအရင်းတစ်ခုပင် ဖြစ်သည်။ သူမ၏ အလုပ်က သူ့ကို ဂရုစိုက်ဖို့သာမက သူနှင့်အတူ ဂိုဏ်း၏ မတူညီသောနေရာများကို ပျံသန်းသွားလာနေရသည်။
တာအို အခွင့်အလမ်းဂိုဏ်း၏ အမြင့်ဆုံးတောင်က ထျန်းဝေ့တောင်ထိပ် ဖြစ်သည်။ ထိုနေရာက ဂိုဏ်းချုပ်ခန်းမ တည်ရှိသည့်နေရာဖြစ်ပြီး ယခုလက်ရှိတွင် အစည်းအဝေးတစ်ခု ကျင်းပနေသည်။
အလယ်တွင် ဂိုဏ်းချုပ်ဝမ်က ထိုင်နေပြီး မတူညီသော ခန်းမဆောင်များ၏ မဟာအကြီးအကဲများနှင့် အကြီးအကဲများက ဘေးဘက်တွင် အဆင့်အတန်းအလိုက် နေရာယူထားကြသည်။ သူတို့အများစု၏ မျက်နှာပေါ်တွင် တုန်လှုပ်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။
သူတို့က ငါးခုမြောက် မျှော်နန်းဆောင်စစ်ဆေးမှုကို ကြည့်ပြီး ပြန်လာခြင်းဖြစ်သည့်အတွက် ဝမ်ဝေ့ဆီမှ ဧကရာဇ်ငယ်အရိပ်ကိုလည်း မြင်ခဲ့ပြီးပြီ ဖြစ်သည်။
အကြီးအကဲများထဲမှ တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်
“ ဒီတစ်ခေါက် ဧကရာဇ်ငယ်ရဲ့ အရိပ်က အရင်တစ်ခေါက်ထက် ပိုပြီးတော့ ကြာတယ်။ ဒါဆိုရင် ဂိုဏ်းချုပ်ငယ်လေးက စစ်မှန်တဲ့ ဧကရာဇ်ငယ်တစ်ပါး ဖြစ်လာဖို့ သိပ်ပြီးအလှမ်းမဝေးတော့ဘူးဆိုတဲ့ သဘောပဲ”
“ ကိစ္စတွေက မင်း ပြောသလောက် မရိုးရှင်းဘူး။ ဧကရာဇ်ငယ်ဖြစ်လာဖို့က သိပ်မလွယ်ကူဘူး”
အသိပညာခန်းမဆောင်မှ မဟာအကြီးအကဲက ခပ်ရှရှ အသံဖြင့် မေးလိုက်သည်
“ သူ မျှော်နန်းဆောင်ရဲ့ စစ်ဆေးမှုကိုးခုလုံးကို ဖြတ်ကျော်သွားနိုင်ရင် တကယ်ပဲ ဧကရာဇ်ငယ်တစ်ပါး ဖြစ်လာမှာလား”
ထိုမေးခွန်းကို ကြားပြီးနောက် အားလုံး ငြိမ်ကျ တွေဝေသွားကြသည်။ လူတချို့က မဟာအကြီးအကဲကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။ အသိပညာခန်းမဆောင်က တပည့်များကို သင်ကြားပို့ချရာတွင် တာဝန်ယူထားသည့် ခန်းမဆောင်ဖြစ်သည်။
အပြင်စည်းတပည့်များမှ ပင်မတပည့်များအထိ သူတို့က ကျင့်ကြံရေးကျမ်းနှင့် လမ်းစဉ်များကို ရှင်းပြရာတွင် တာဝန်ယူရသည်။ ပင်မတပည့်များနှင့် အပြိုင်အမွေခံသားတော်များအား တာအိုရွတ်ဖတ်ပေးသည့် နေရာတွင်လည်း တာဝန်ယူထားရသည်။
ဒီထက်ပိုပြီးအရေးကြီးသည်က အသိပညာခန်းမဆောင်၏ အကြီးအကဲက တာအိုအခွင့်အလမ်းဂိုဏ်း၏ အမှုထမ်းအဖွဲ့မှ ဖြစ်သည်။ ခန်းမထဲရှိ လူအားလုံးအနက် သူက ဝမ်ဝေ့၏ အရည်အချင်းနှင့် ပတ်သက်ပြီး စိတ်အားထက်သန်မှု အနည်းဆုံးသူ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူကလည်း ဂိုဏ်းချုပ်ငယ်၏ မြင့်တက်လာမှုကို တိတ်တဆိတ် ဆန့်ကျင်နေသော အဖွဲ့၏ ခေါင်းဆောင် ဖြစ်သောကြောင့် ဖြစ်သည်။
သူ ထိုမေးခွန်းကို မေးလိုက်သည့်အခါ လူအများကြီးက သူ့ရည်ရွယ်ချက်ကို စတင်စဉ်းစားလာကြသည်။ ခဏတာ တိတ်ဆိတ်ပြီးသွားနောက် ပြစ်ဒဏ်ခန်းမဆောင်၏ အကြီးအကဲ ယန်းမိန်က ပြောလိုက်သည်
“ အဲလိုမျိုး မဖြစ်နိုင်လောက်ပါဘူး။ ဒါပေမဲ့ စစ်ဆေးမှုတွေ ပြီးသွားတာနဲ့ ဂိုဏ်းချုပ်ငယ်လေးက တစ်လှမ်းပိုပြီး နီးကပ်သွားတာတော့ ဖြစ်နိုင်ပါတယ်။ သူ လိုအပ်တာက တွန်းအားအနည်းငယ်လေးပါပဲ”
သူမ၏ အဖြေကို ကြားပြီးနောက် လူအများစုကလည်း ခေါင်းညိတ်ထောက်ခံကြသည်။ သေချာသတိထားပြီး ကြည့်လိုက်ပါက အသိပညာခန်းမဆောင်၏ မဟာအကြီးအကဲ လုံပေါ်က စိတ်သက်သာရာရသွားသည်ကို တွေ့ရလိမ့်မည်။
သို့သော် ခန်းမထဲမှ လူတချို့က မဟာအကြီးအကဲ ယန်းမိန်က မတူညီသော အဓိပ္ပာယ်ဖြင့် ပြောလိုက်သည်ကို သိသည်။ သခင်လေး၏ နောက်ခုနစ်နှစ်အကြာမှ အစီအစဉ်များကို သတိပြုမိသော လူတချို့က မဟာအကြီးအကဲ ယန်းမိန် ဆိုလိုချင်သည့် “ တွန်းအားအနည်းငယ်” ဆိုတာကို နားလည်သည်။
သို့သော် သူတို့က ဘာအချက်အလက်မှ ထုတ်ဖော်ပြသခြင်း မရှိစေရန်အတွက် သူတို့၏ ပါးစပ်များကို ဉာဏ်ရှိစွာဖြင့် ပိတ်ထားကြသည်။
မဟာအကြီးအကဲ လီကျန်းက စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားလိုက်သည်။
“ သူတော်စင်နယ်ပယ်အဆင့်ကို ကျင့်ကြံရတာ ပိုပြီးတော့ လွယ်ကူလာတယ်လို့ ခံစားရတယ်။ ဒီလိုမျိုး ခံစားနေရတာ ကျုပ် တစ်ယောက်ထဲလား”
နောက်ထပ် အကြီးအကဲတစ်ယောက်က ဝင်ပြောလိုက်သည်
“ ကျုပ်ရောပဲ။ ကျုပ်ရဲ့ အရည်အချင်းတွေ စတင်ပြီးတော့ တိုးတက်လာပြီလို့ ထင်တယ်”
“ ကျုပ်ရောပဲ”
“ ကျုပ်ရောပဲလေ”
သိပ်မကြာခင်တွင် ခန်းမတစ်ခုလုံး မဟာအကြီးအကဲ လီကျန်း၏ စကားလုံးကို ထောက်ခံသူများဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် တစ်စုံတစ်ခု ဖြစ်သွားသည်ဟု ခံစားလိုက်ရသည့်အတွက် ဂိုဏ်းချုပ်ကို ကြည့်လိုက်ကြသည်။
ဝမ်ထျန်းက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်
“ အထွတ်အထိပ်လမ်းစဉ်က စတင်ပြီးတော့ လျော့ရဲလာပြီ။ ဒါက ငါတို့အနာဂတ်အတွက် မျှော်လင့်ချက်ပဲ”
ထိုသတင်းကို ကြားလိုက်ရသည့် သူများ စိတ်လှုပ်ရှား အံ့အားသင့်သွားကြသည်။ သူတို့မျိုးဆက်က အရမ်းခါးသီးသည်။ ဤမျိုးဆက်၏ တောက်ပသော အချိန်များ ပေါ်ထွက်လာစေရန်အတွက် သူတို့မျိုးနွယ်တွင် ကောင်းကင်အမိန့်ပေါ်ထွက်လာခြင်း မရှိရုံသာမက အထွတ်အထိပ်လမ်းစဉ်ပင် ဖြတ်တောက်ခံလိုက်ရသည်။
ကောင်းကင်တာအိုက သူတို့မျိုးဆက်၏ ကောင်းကင်ဆန္ဒအတွက် ထားရှိသော ကံကောင်းမှုနှင့် စွမ်းအင်အားလုံးကို ယူဆောင်သွားကာ စစ်မှန်စွာ စွမ်းအားကြီးသည့် မဟာနတ်ဧကရဇ်ကို ဖန်တီးဖို့အတွက် နောက်မျိုးဆက်အပေါ်တွင် အသုံးချလိုက်ကြောင်း သူတို့ သတိထားမိသွားသည်။
သို့သော် သူတို့ ထိုအကြောင်းကို သိလျှင်ပင် သူတို့ လုပ်နိုင်တာ ဘာမှမရှိပေ။ သို့သော် ယခု အထွတ်အထိပ်သို့ သွားသည့် လမ်းကြောင်းက ဖြည်းဖြည်းချင်း ပွင့်နေပြီဖြစ်ကြောင်း ကြားလိုက်ရသည်။
အထွတ်အထိပ် နယ်ပယ်အဆင့်ဆိုတာ လူတစ်ယောက်က ဓမ္မခန္ဓာရှိပြီးတော့ အနည်းဆုံးနှစ်ပေါင်းတစ်သန်းလောက် နေနိုင်တယ်။ ဘယ်သူကများ အဲလိုနယ်ပယ်အဆင့်ကို မရောက်ချင်ဘဲ နေပါ့မလဲ
မဟာအကြီးအကဲလီကျန်းက မေးလိုက်သည်
“ အဲဒါဆိုရင် ကျုပ်တို့ အခု ကျော်ဖြတ်နိုင်တယ်လို့ ဆိုလိုတာလား”
ဂိုဏ်းချုပ်ဝမ်က ခေါင်းယမ်းပြကာ ပြန်လည်ဖြေကြားလိုက်သည်
“ ပိတ်ဆို့ထားတဲ့အရာက နည်းနည်းလောက် မြောက်သွားရုံပဲ။ သဘောတရားအရဆိုရင် ဖြစ်နိုင်ပေမဲ့ အခွင့်အရေးက အရမ်းသေးငယ်တယ်”
ထိုအဖြေက အနည်းငယ် စိတ်ပျက်စရာကောင်းသော်လည်း မျှော်လင့်ချက် ရှိနေသေးသရွေ့ အကြီးအကဲများအပေါ် သက်ရောက်မှု မရှိပေ။
အစီအရင်ခန်းမဆောင်၏ မဟာအကြီးအကဲက မေးလိုက်သည်
“ ဂိုဏ်းချုပ် အထွတ်အထိပ်နယ်ပယ်အဆင့်ကို ရောက်ဖို့အတွက် သေမျိုးတဖန်ကို ဖြတ်သန်းသွားရတုန်းပဲလား။ ဂိုဏ်းချုပ်ရဲ့ အုတ်မြစ်အရဆိုရင် အဲဒါက မလိုတော့ဘူး ထင်တယ်”
ဂိုဏ်းချုပ် ဝမ်ထျန်းက ပြန်ဖြေလိုက်သည်
“ အဲလိုဖြတ်သန်းသွားပြီးတော့ အုတ်မြစ်ကို ပိုပြီးခိုင်ခံ့အောင် လုပ်တာက ပိုကောင်းပါတယ်။ အဲလိုဆိုရင် အထွတ်အထိပ်နယ်ပယ်အဆင့် ရောက်တဲ့အခါ ပိုပြီးတော့ မြန်မြန်ကျင့်ကြံနိုင်သလို ပိုပြီးသန်မာတဲ့ တိုက်ပွဲခွန်အားကိုလည်း ရရှိနိုင်တယ်”
တခြားအကြီးအကဲများက ခေါင်းညိတ်ပြကာ အနာဂတ်တွင် ခိုင်မြဲသော အုတ်မြစ်တည်ဆောက်မည့် ဂိုဏ်းချုပ်၏ အကြံကို သဘောတူလိုက်ကြသည်။ ထို့နောက် မဟာအကြီးအကဲ ယန်းမိန်လည်း သဘောတူလိုက်သည်။
“ ဂိုဏ်းချုပ် အဆင့်တက်ဖို့ ပထမဆုံးပြင်ဆင်တာ ပိုပြီးကောင်းမယ်။ ဂိုဏ်းချုပ်သာ အောင်မြင်သွားရင် ကျွန်မတို့ဂိုဏ်းလည်း ဂုဏ်တက်နိုင်သလို ကောင်းကင်တာအိုဆီကနေ ကုသိုလ်နဲ့ ချီးမြှင့်ခံရဖို့ အခွင့်အရေးပိုများတယ်”
သူမ၏ စကားလုံးများကို ကြားပြီးနောက် ဝမ်ထျန်း၏ အကြည့်များက ခရစ္စမတ်ပဒေသာ သစ်ပင်တစ်ပင်ကဲ့သို့ လင်းလက်တောက်ပသွားသည်။ သူက ဂုဏ်သိက္ခာကို ဂရုမစိုက်သော်လည်း ကုသိုလ်ကတော့ သူ့အတွက် ကြီးမားသော အထောက်အကူတစ်ခု ဖြစ်သည်။
ကုသိုလ်ဆိုသည်မှာ ကျင့်ကြံသူများအတွက် ကိုးဆယ့်ခြောက်ပါးဆေးကဲ့သို့ ဖြစ်သည်။ လုံလုံလောက်လောက်သာရှိပါက ထိုအရာနှင့် မလုပ်နိုင်သည့်အရာ ဘာမှမရှိပေ။
ကျင့်ကြံဆင့် မြှင့်တင်ဖို့၊ အရည်အချင်းတိုးတက်စေဖို့၊ တာအိုနားလည်မှု ပိုမိုတိုးတက်စေဖို့၊ ဆေးလုံးနှင့် လက်နက်တို့၏ အဆင့်ကိုမြှင့်တင်ဖို့အတွက် တိုက်ရိုက် အသုံးပြုနိုင်သည်။
အရာတော်တော်များများကို ကုသိုလ်နှင့် ပြီးမြောက်အောင် လုပ်နိုင်သည်။ ထိုအရာက မဟာဧကရာဇ်များအတွက်ပါ အသုံးဝင်နေဆဲဖြစ်သည်။
ကံမကောင်းစွာဖြင့် ကောင်းကင်တာအိုက ကုသိုလ်ကို ဆုချီးမြှင့်သည့်အခါ အရမ်းကပ်စေးနည်းသည်။ ကျင့်ကြံသူအများစု သူတော်စင် နယ်ပယ်အဆင့်သို့ ရောက်သွားသည့်အခါ ကုသိုလ်ပမာဏ အနည်းငယ်ကိုသာ ရရှိသည်။ ဒီထက်ပိုပြီး ရရှိချင်ပါက ကမ္ဘာတစ်ခုလုံးအတွက် အကျိုးရှိစေသည့် အကြောင်းအရင်းတစ်ခုကို ပြီးပြည့်စုံအောင် လုပ်ရမည်။
အထွတ်အထိပ်နယ်ပယ်အဆင့်သို့ ပထမဆုံးရောက်ရှိသွားသူက ကုသိုလ်ကို ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကလည်း ထိုသူက ဤကမ္ဘာပေါ်ရှိ ကျင့်ကြံသူအားလုံး၏ မျှော်လင့်ချက် ဖြစ်သောကြောင့် ဖြစ်သည်။ သူ သို့မဟုတ် သူမက ကျင့်ကြံရေးလမ်းကြောင်း ပြတ်တောက်သွားခြင်းမရှိဘူးဟု ကမ္ဘာကို ကြေညာပေးရမည် ဖြစ်သည်။
ထို့အပြင် ပြီးခဲ့သော မျိုးဆက်တွင် အထွတ်အထိပ် လမ်းကြောင်းကို ဖြတ်ခဲ့ခြင်းအတွက် ကောင်းကင်တာအိုက ထိုလူကို ကုသိုလ် ဆုချလိမ့်မည် ဖြစ်သည်။ ဤကမ္ဘာတွင် ကောင်းကင်တာအိုပင် ကံအကျိုးဆက်မှ အပြည့်အဝ လွတ်မြောက်နိုင်ခြင်း မရှိပေ။