မဟာဧကရာဇ်၊ တာအိုဘိုးဘေးနှင့် ထာဝရရှင်သန်သူ
Vol. 2 Ch. 23
အခန်း (၂၃) : မဟာဧကရာဇ်၊ တာအိုဘိုးဘေးနှင့် ထာဝရရှင်သန်သူ
ဂိုဏ်းချုပ်ဝမ်ထျန်းက မဟာအကြီးအကဲ ယန်းမိန်၏ စကားလုံးနောက်မှ အဓိပ္ပာယ်ကို တွေးတောစဉ်းစားနေသည်။ အထွတ်အထိပ် နယ်ပယ်အဆင့်သို့ ပထမဆုံးရောက်ရှိသူအတွက် ကုသိုလ်ရရှိခြင်းနှင့် ပတ်သက်ပြီး သူမ ပြောတာ မှန်နိုင်သည်ဟု သူ သတိပြုမိသည်။
ဝမ်ထျန်းက တခြားအကြီးအကဲများကို ပြောလိုက်သည်
“ ဒါဆိုရင် ငါတို့အနေနဲ့ ဒီကမ္ဘာမှာရှိတဲ့ တခြားအဓိက ဂိုဏ်းကြီးတွေကို သေချာစောင့်ကြည့်ဖို့ လိုအပ်တယ်။ ဂိုဏ်းကြီးတွေအပြင် စွမ်းအားကြီးပြီး အရည်အချင်းရှိတဲ့ ကျင့်ကြံသူတွေကိုလည်း အလွတ်မပေးသင့်ဘူး။ ပြီးတော့ ဒီပြောင်းလဲမှုကို သတိထားမိတာက ငါတို့တင် မဟုတ်လောက်ဘူး”
အကြီးအကဲများက သဘောတူညီကြောင်း ခေါင်းညိတ်ပြကာ ထောင့်ဘက်ရှိ လူတစ်ယောက်ကို စိုက်ကြည့်လိုက်ကြသည်။ ထိုလူက စကားတစ်ခွန်းမှ ဝင်မပြောဘဲ တစ်ယောက်တည်း ထိုင်နေသည်။ သူက ဤကမ္ဘာပေါ်တွင် ဘယ်တုန်းကမှ မတည်ရှိဖူးသကဲ့သို့ တည်ရှိမှု ကင်းမဲ့နေသည်။
သူ့ကို သတိထားမိနိုင်သည့်အချိန်က သူ့ကို တည့်တည့်စိုက်ကြည့်လိုက်သည့်အချိန်ပင် ဖြစ်သည်။ တခြားသို့ အကြည့်လွှဲလိုက်သည်နှင့်တစ်ပြိုင်နက် သူ့မျက်နှာနှင့် သူနှင့် ပတ်သက်သော မှတ်ဉာဏ်များအားလုံးကို မေ့လျော့သွားလိမ့်မည်။ ကျင့်ကြံဆင့်မြင့်ပြီး သိမြင်နားလည်ဖို့ စိတ်အားထက်သန်သူများသာလျှင် သူ့ကို သတိထားမိနိုင်မည် ဖြစ်သည်။ ထိုအရာကလည်း သူ့တည်ရှိမှုကို မဖုံးကွယ်ထားသည့်အချိန်မှာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဤအခန်းထဲရှိ လက်တစ်ဆုပ်စာ လူတချို့သာ သူ့ကို သတိထားမိနိုင်မည်။
ထိုသူကို အရိပ်ဟု လူသိများသည်။ သူက တာအိုအခွင့်အလမ်းဂိုဏ်းအတွက် အချက်အလက် စုဆောင်းပေးခြင်း၊ စစ်ဆေးပေးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို တာဝန်ယူထားရသည်။ သူက ဂိုဏ်းချုပ် တစ်ယောက်တည်းကိုသာ သစ္စာရှိသည်။
မျိုးဆက်တိုင်း၏ တာအိုအခွင့်အလမ်းဂိုဏ်းချုပ်အနေနှင့် အစောပိုင်းအချိန်ကတည်းက သူတို့၏ သူလျှိုအဖွဲ့အစည်းနှင့် ကိုယ်ပိုင်အရိပ်ကို တည်ထောင်ထားလေ့ ရှိသည်။ သူတို့ ဂိုဏ်းချုပ်နေရာကို လက်လွှဲယူပြီးသွားသည့်အခါ ယခင်အုပ်ချုပ်သူက သူလျှိုအဖွဲ့အစည်းနှင့် အရိပ်ကို လက်လွှဲပေးကာ လက်ရှိဂိုဏ်းချုပ်က ပြန်လည်လေ့ကျင့်ပေးရသည်။
ဤကဲ့သို့ လက်ဆင့်ကမ်းခြင်းအားဖြင့် တာအိုအခွင့်အလမ်းဂိုဏ်း၏ အုတ်မြစ်အခြေခိုင်သွားလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့သော စည်းမျဉ်းများကြောင့် အပြိုင် အမွေခံသားတော်များတွင် သူတို့၏ ကိုယ်ပိုင်အဖွဲ့အစည်းရှိပြီး ယခု ဝမ်ဝေ့မှာလည်း ဝမ်မိသားစုမှ လေ့ကျင့်ပေးထားသော ကိုယ်ပိုင်သူလျှို ရှိသည်။ ထိုသူက သူ၏ လက်ရှိ အစေခံခေါင်းဆောင် ဖြစ်သည်။
အားလုံးက သူ့ကို စိုက်ကြည့်သည့်အခါ အရိပ်က ဝမ်ထျန်းကို ပြန်လည်စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်ကိုမြင်မှသာ ဩရှရှအသံဖြင့် ပြောလိုက်သည်
“ အရိပ်အစောင့်အရှောက်နဲ့ စောင့်ကြည့်သူတွေကို စေလွှတ်ပြီးတော့ သူတော်စင်တွေက သေမျိုးတဖန်ကို ဖြတ်သန်းမှာလား ဒါမှမဟုတ် ဒီအတိုင်း တိုက်ရိုက်ကျော်ဖြတ်ဖို့ လုပ်နေလားဆိုတာကို စုံစမ်းလိုက်ပါ့မယ်”
အကောင်းမြင်စေသော အဖြေကို ဖြေကြားပြီးနောက် အရိပ်က မျက်လုံးကိုမှိတ်ထားက ဘာမှထပ်မပြောတော့ပေ။ အကြီးအကဲများကလည်း သူနှင့်အတူ အလုပ်လုပ်လာတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့်အတွက် သူ့အပြုအမူကို အသားကျနေပြီဖြစ်သည်။
အစည်းအဝေးက ညဘက်နောက်ကျသည်အထိ ကျင်းပပြီးနောက် အားလုံးက ကိုယ်ပိုင်ခန်းမဆောင်ဆီသို့ ပြန်သွားသည်။
အစည်းအဝေးပြီးသွားသည့်အခါ ဝမ်ထျန်းက ထျန်းဝေ့တောင်ထိပ်မှ ထွက်သွားကာ ဝမ်မိသားစု၏ အထူးသီးသန့်တောင်သို့ ပြန်သွားသည်။ သူ၏ ချစ်စရာကောင်းသော သားလေးကို ဖွားမြင်ပြီးပြီဖြစ်သည့်အတွက် စိတ်ဝိညာဉ်စွမ်းအင် များပြားလွန်းလှသော ဂိုဏ်းချုပ်ခန်းမဆောင်တွင် ဆက်နေစရာ အကြောင်း မရှိတော့ပေ။ ထိုနေရာက သူ့သေမျိုးသားလေးအတွက် ကြာကြာနေဖို့ အရမ်းအားကောင်းလွန်းနေသောကြောင့် ဖြစ်သည်။
သင့်တော်သော စိတ်ဝိညာဉ်စွမ်းအင် ပမာဏက အရည်အချင်းတိုးမြှင့်သည့်အချိန်နှင့် ကောင်းမွန်သော အုတ်မြစ်တည်ဆောက်ရန်အတွက် ခန္ဓာကိုယ်ကို အားဖြည့်ရာတွင် အရမ်းအသုံးဝင်သော်လည်း စိတ်ဝိညာဉ်စွမ်းအင် အရမ်းများသွားပါက ကလေးများ မဆိုထားနှင့် အားနည်းသော ကျင့်ကြံသူများအတွက်ပင် ထိခိုက်စေသည်။
သူ့နေအိမ်သို့ ပြန်လာသည့်အခါ သူ့အဖေက ထိုနေရာမှာ မတ်တပ်ရပ်ပြီး သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။
သူ အမြန်ပြေးလာကာ သူ့အဖေကို အရိုအသေပေးပြီး ပြောလိုက်သည်
“ အဖေကို အကြာကြီး စောင့်ရအောင် လုပ်မိသွားပြီ”
ဝမ်ထျန်း၏ အဖေဖြစ်သူ ဝမ်ချန်က လက်ယမ်းပြကာ သက်တောင့်သက်သာဖြစ်စွာဖြင့် တုံ့ပြန်လိုက်သည်
“ ထပါ … မင်း ဘယ်အသက်အရွယ်ရှိနေပြီလဲ။ ဒီလိုမျိုး ထုံးတမ်းစဉ်လာတွေအတိုင်း လုပ်ဖို့ မလိုပါဘူး။ အထူးသဖြင့် အဖေတို့ပဲ ရှိတဲ့အချိန်ဆိုရင်ပေါ့”
ဝမ်ထျန်းက ပြုံးလိုက်သည်။ သူ့အဖေက ထုံးတမ်းစဉ်လာများကို မုန်းတီးသည့်သူ ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူက အရမ်းပွင့်လင်းသည်။
“ ဝေ့အာနဲ့ ယုယန်က ဘယ်မှာလဲ” သူ မေးလိုက်သည်။
“ ငါ့ရဲ့ ချစ်စရာမြေးလေးက စစ်ဆေးမှုကြောင့် ပင်ပန်းနေတော့ ယုယန်က သူ့ကို သက်သာသွားအောင် ဆေးတိုက်ထားတယ်။ အခုဆိုရင် သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလောက်ပြီ”
“ သူ အိပ်ပျော်သွားပြီဆိုရင် ရပါပြီ။ ဒါနဲ့ အဖေက ဘယ်လိုလုပ်ပြီးတော့ ဒီမှာ ရောက်နေတာလဲ”
ဝမ်ချန်က သူ့သားကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ မင်း ကောင်းကင်နဲ့မြေကြီးရဲ့ ပြောင်းလဲမှုကို သတိထားသင့်တယ်။ အထွတ်အထိပ် နယ်ပယ်အဆင့်ကို ရောက်အောင်လုပ်ဖို့ ပြင်ဆင်ထားပြီးပြီလား”
“ ဟုတ်ကဲ့အဖေ။ ပိတ်ဆို့ထားတာ ဒီထက်ပိုပြီး လျော့ရဲလာတာနဲ့ အုတ်မြစ်ကို ပိုပြီးခိုင်မာအောင် လုပ်ဖို့အတွက် သေမျိုးတဖန်ကို ဖြတ်ကျော်ပြီးတာနဲ့ အဆင့်တက်အောင် လုပ်မယ်”
“ မင်းရဲ့အုတ်မြစ်ကို ခိုင်မာအောင် လုပ်ချင်တာက ကောင်းပါတယ်” ဝမ်ချန်က သူ့သားကို သနားစရာအကြည့်ဖြင့် ဆက်ကြည့်ပြီး ပြောလိုက်သည်
“ မင်းမှာ ကောင်းကင်အမိန့်အတွက် ယှဉ်ပြိုင်နိုင်မဲ့ အခွင့်အရေးမရှိလို့ မင်း စိတ်ထဲမှာ မလုပ်ချင်တာမျိုးတွေ ဖြစ်နေမယ်ဆိုတာ အဖေသိပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကောင်းကင်ဘုံက တကယ်ကို အကြောင်းအရင်းမရှိ မမျှတဘူး”
ဝမ်ထျန်းက သက်ပြင်းချကာ လှောင်ရယ်ပြီး ဖြေလိုက်သည်
“ အဲဒါက ဝေ့အာ အမြဲတမ်း ပြောနေသလိုမျိုးပဲလေ။ ကံကြမ္မာဆိုတာက ကျွန်တော်တို့ ကျင့်ကြံသူတွေအတွက်တော့ အကြီးမားဆုံး လှောင်ပြောင်မှုပဲ”
“ မင်း ကံမကောင်းတာအတွက် ဝမ်းနည်းနေတာကို ကြားရဖို့ ဒီအကြောင်းကို ပြောခဲ့တာ မဟုတ်ဘူး။ မင်းမှာ ကောင်းကင်အမိန့်အတွက် ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေး ရှိသေးတယ်ဆိုတာ ပြောဖို့လာတာ။ ဝေ့အာ တာအိုကို သက်သေပြနိုင်တာနဲ့ မင်းကို နောက်ထပ် အခွင့်အရေးရလာအောင် သူ လုပ်ပေးနိုင်တယ်”
သူ့အဖေပြောသော စကားလုံးများကို ကြားပြီးနောက် ဝမ်ထျန်းက ချက်ချင်း သူ့အဖေဆိုလိုသည်ကို နားလည်သွားကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်
“ ဒီအမှန်တရားကို ကျွန်တော်က ဘယ်လိုလုပ်ပြီးတော့ မေ့ပါ့မလဲ။ ဝေ့အာ ဧကရာဇ်ဖြစ်လာတာနဲ့ သူက ကျွန်တော် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကံကို ဆေးကြောပေးနိုင်ပြီးတော့ နောက်မျိုးဆက်တွေပြိုင်မဲ့ ကောင်းကင်အမိန့်အတွက် တိုက်ခိုက်ပွဲမှာ ဝင်ပါလို့ရနိုင်တယ်”
ဝမ်ထျန်းက အမှန်တကယ် စိတ်လှုပ်ရှားသွားမိသည်။ ယခင်မျိုးဆက်တွင် ကောင်းကင်ရွေးချယ်ခံများထဲတွင် အားအကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်ခဲ့သည်။ သူက အထူးကောင်းမွန်သော ဓားနှလုံးသားခန္ဓာဖြင့် မွေးဖွားလာပြီး ကောင်းကင်ခန္ဓာစာရင်းတွင် အဆင့် ၁၅ ချိတ်သည်။
သူက ဓားတာအိုကို အရမ်းမြင့်သော နယ်ပယ်အဆင့်ထိရောက်အောင် လေ့ကျင့်ထားပြီး ရွယ်တူပြိုင်ဘက်အများစုထက် သာလွန်နေသည်။ ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများက သူ့ကို ကောင်းကင်အမိန့်ကို အနိုင်ရနိုင်ချေရှိသောသူအဖြစ် သတ်မှတ်ခဲ့ကြသည်။
ကံမကောင်းစွာဖြင့် သူ သူတော်စင်နယ်ပယ်အဆင့် ထိပ်ဆုံးသို့ ရောက်ရှိသည့်အချိန်တွင် ဤမျိုးဆက်အတွက် ကောင်းကင်အလိုဆန္ဒရှိမည် မဟုတ်ကြောင်းကို သူ သိလိုက်ရသည်။
ပိုပြီးရက်စက်သည့်အချက်က အထွတ်အထိပ်လမ်းစဉ်ပင် ဖြတ်တောက်ပိတ်ဆို့ခံလိုက်ရသည်ဆိုသော အချက်ပင် ဖြစ်သည်။ သူတို့မျိုးဆက် နာကျင်စွာဖြင့် အော်ငိုကြပြီး ကောင်းကင်ဘုံက တရားမျှတမှုမရှိဘူးဟု အော်ပြောခဲ့ကြသည်။
ကောင်းကင်တာအို၏ စည်းမျဉ်းအရ ယခင်မျိုးဆက်မှ လူများက နောက်မျိုးဆက်ထဲတွင် ကောင်းကင်အမိန့်အတွက် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲံပေ။ လူအများစု၏ ပန်းတိုင်အိပ်မက်များ လုံးဝ တစစီ ဖြစ်သွားရသည်။
ဤစည်းမျဉ်းကို ချိုးဖျက်နိုင်သည့်အရာက အပြစ်ဆေးကြောခြင်း တစ်ခုသာ ရှိသည်။
အပြစ်ဆေးကြောဖို့အတွက် လုပ်နိုင်သည့်နည်းလမ်းက နှစ်နည်းသာ ရှိသည်။ ပထမနည်းလမ်းက လူတစ်ယောက်ကို သွေးကျောက်တုံး သို့မဟုတ် အချိန်ကျောက်တုံးများဖြင့် ပိတ်လှောင်ထားကာ နှစ်သန်းပေါင်းများစွာ အိပ်စက်ခိုင်းပြီး မရေတွက်နိုင်သော မျိုးဆက်များ ဖြတ်ကျော်ပြီး နေခိုင်းခြင်း ဖြစ်သည်။ ထို့နောက် သူတို့နိုးထလာသည့်အခါ ကံအချုပ်အနှောင်မှ ကင်းလွတ်သွားကာ ကောင်းကင်ဆန္ဒအတွက် တိုက်ပွဲတွင် ပါဝင်ဆင်နွှဲနိုင်လိမ့်မည်။
တခြားဂိုဏ်းများတွင် ယခင်ခေတ်ကတည်းက အိပ်ပျော်သွားပြီး အခုထိ နိုးထဖို့ လိုသေးသည့် ကောင်းကင်မှ ရွေးချယ်ခံရသူများစွာ ရှိပြီး တာအိုအခွင့်အလမ်းဂိုဏ်းလည်း ခြွင်းချက်မရှိပေ။
အပြစ်ဆေးကြောနိုင်မည့် နောက်ထပ် နည်းလမ်းတစ်ခုက မဟာဧကရာဇ်ကို ဆေးကြောခိုင်းခြင်း ဖြစ်သည်။ ထိုနည်းလမ်းက တိုက်ရိုက်ဖြစ်သည့်အတွက် ချက်ချင်း အကျိုးသက်ရောက်မှု ရှိသည်။ သို့သော် ထိုကဲ့သို့သော နည်းလမ်းက ဧကရာဇ်ကို ကံဆိုးမှု ခံစားသွားစေနိုင်သည်။ ထို့ကြောင့် ဧကရာဇ်က စွမ်းအားမကြီး၍ ဖြစ်စေ သို့မဟုတ် သင်က သူတို့နှင့် နီးကပ်သူ မဟုတ်ပါက ထိုနည်းလမ်းကို ပေါ့ပေါ့ပါးပါးလေး အသုံးပြုလိုက်မည် မဟုတ်ပေ။
အသက်ပြင်းပြင်းရှူသွင်းကာ စိတ်ငြိမ်အောင် လုပ်ပြီးနောက် ဝမ်ထျန်းက သူ့အဖေကို ပြောလိုက်သည်
“ အဖေ ကျွန်တော်တင် မဟုတ်ဘဲ အဖေတောင် ဒုတိယ အခွင့်အရေး ရသွားနိုင်တယ်နော်”
ထိုစကားကို ကြားပြီး ဝမ်ချန်၏ မျက်နှာထားက တည်ငြိမ်နေဆဲဖြစ်ပြီး ဝမ်းနည်းနေသော အကြည့်ဖြင့် ပြောလိုက်သည်
“ အမှန်ပဲ။ ကံမကောင်းစွာနဲ့ပဲ ငါ ယန်းချန်ကို ရှုံးပြီးတဲ့နောက် မဟုတ်သေးဘူး ငါပြောချင်တာက နေကိုးစင်းဧကရာဇ်ကို ရှုံးပြီးတော့ ငါ့ရဲ့ တာအိုနှလုံးသား ထိခိုက်သွားပြီးတော့ တိုက်ခိုက်ချင်စိတ်လည်း ပျောက်သွားတာ။ ငါ့အတွက် ဧကရာဇ်တစ်ယောက်အနေနဲ့ အနာဂတ် မရှိပါဘူး”
“ ပြီးတော့ ငါ့သက်တမ်းကလည်း သိပ်မကျန်တော့ဘူးလေ။ ငါ့ကို သွေးကျောက်တုံးတွေနဲ့ ပိတ်လှောင်ထားပြီးတော့ ဂိုဏ်းကို အနာဂတ်ပြဿနာတွေကနေ ကာကွယ်ပေးမဲ့ အုတ်မြစ်တစ်ခု ဖြစ်လာရမယ်”
ဝမ်ချန်၏ စကားဆုံးသွားသည့်အခါ အခန်းအတွင်း ဝမ်းနည်းမှုတို့ဖြင့် လွှမ်းခြုံသွားသည်။ လွန်ခဲ့သော မျိုးဆက်သုံးခုတွင် သူ့အဖေက ကောင်းကင်အလိုဆန္ဒအတွက် တိုက်ခိုက်ရင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများခဲ့သည်ကို ဝမ်ထျန်းသိသည်။
ထို့အပြင် အထွတ်အထိပ်နယ်ပယ်အဆင့်အတွက် ကန့်သတ်ထားသော နှစ်တစ်သန်းဆိုသော အချိန်ကိုလည်း သူ့အဖေ၏ သက်တမ်းက ကျော်လွန်သွားပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံဆင့် ဘယ်လောက်ထိ စွမ်းအားကြီးလဲအပေါ် မူတည်ပြီး သက်တမ်းက သာမန်အထွတ်အထိပ် နယ်ပယ်အဆင့် အင်အားစုထက် အများကြီး ကျော်လွန်နေသည်။ သို့သော် သက်တမ်းပြဿနာနှင့် ပတ်သက်ပြီး သူ အနှေးနှင့်အမြန် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ဝမ်ထျန်း ရုတ်တရက် အကြံတစ်ခုရ၍ ထုတ်ပြောလိုက်သည်
“ အဖေ ဝေ့အာသာ ဧကရာဇ်ပလ္လင်မှာ ထိုင်တာ အောင်မြင်ရင် အဖေ ထာဝရရှင်သန်ခြင်းလမ်းစဉ် ဒါမှမဟုတ် ပိုပြီးကောင်းတဲ့ တာအိုဘိုးဘေးလမ်းစဉ်ကို လျှောက်လှမ်းနိုင်တယ်”