အခန်း ၆၇၉
Vol. 34 Ch. 679
အခန်း (၆၇၉)
မျိုးနွယ်စုခေါင်းဆောင်ကြီး ယန်ကော်သည် ယန်မိသားစုဝင် အပေါင်းတို့၏ ရှေ့မှောက်တွင် ချင်ယွမ်ဖုန်းအား အထူးတလည် ချီးမွမ်း လိုက်လေရာ မိသားစုဝင် အများအပြားမှာ ယုံနိုင်ခက်ခက် ဖြစ်သွားကြချေသည်။
ယင်းက ထိုသို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးကြသောကြောင့် ဖြစ်တန်ရာ၏။
၎င်းတို့၏ မျက်စိထဲတွင်မူ မျိုးနွယ်စုခေါင်းဆောင်ကြီးသည် မိသားစုဝင်များကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းရုံသာ တတ်နိုင်ပြီး မည်သူ့ကိုမျှ ချီးမွမ်းစကား ပြောကြားသည်ကို မကြားဖူးခဲ့ကြပေ။
ယခုမူ မျိုးနွယ်စုခေါင်းဆောင်ကြီးသည် ပြင်ပလူတစ်ယောက်အား ချီးမွမ်းရန် ဝန်မလေးပဲ ရက်ရက်ရောရော ရှိလှပေရာ ထိုသို့သော အမူအရာကြောင့် အားလုံး အံ့အားသင့်ကုန်ကြသည်။
"မိတ်ဆွေငယ်... မင်းနဲ့ မီးလျှံဝိညာဉ်အရှင်သခင်တို့အကြားမှာ သဘောတူညီချက်တစ်ခု ရှိနေပုံရတယ်၊ မင်း ဘယ်အချိန်မှာ သွားဖို့ စိတ်ကူးထားလဲ" ယန်ကော်က လှမ်း၍ မေးမြန်းလိုက်သည်။
"ကျွန်တော် ဒီကောင်းကင်ဘုံလမ်းစဉ်ဆေးလုံးကို အရင်ဆုံး သုံးဆောင်ပါရစေဦး" ချင်ယွမ်ဖုန်းက ပြုံးလျက် ပြန်လည်ပြောဆိုလိုက်ချေသည်။
သူသည် မီးလျှံဝိညာဉ်နှင့် ကိစ္စရပ်များကို အပြတ်ရှင်းရန် လိုအပ်နေသေးသောကြောင့် ဖြစ်သည်။
"ကောင်းပြီလေ... ဒါဆိုရင် မိတ်ဆွေငယ် ကျင့်စဉ်အဆင့် တက်လှမ်းနိုင်မယ့် သတင်းကောင်းကို ငါ စောင့်မျှော်နေပါ့မယ်" ယန်ကော်သည် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
ဆေးဖော်စပ်ခြင်း သရုပ်ပြပွဲသည် ပြီးဆုံးခြင်းသို့ ရောက်ရှိသွားခဲ့သော်လည်း ယန်မိသားစုဝင် အများအပြားမှာ အားမရနိုင်သေးကြောင်း ခံစားနေရဆဲ ဖြစ်သည်။
အထူးသဖြင့် ချင်ယွမ်ဖုန်း နောက်ဆုံးတွင် အသုံးပြုခဲ့သည့် ဆေးဖော်စပ်ခြင်း ပေါင်းစပ်မှု ပညာရပ်သည် ၎င်းတို့တစ်ခါမျှ မကြားဖူးသည့် အရာဖြစ်၍ ပို၍ စိတ်ဝင်စားနေကြခြင်း ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် မိမိတည်းခိုရာ အဆောင်သို့ ပြန်ရောက်သည်နှင့် ကောင်းကင်ဘုံလမ်းစဉ်ဆေးလုံးကို ချက်ချင်းပင် မျိုချလိုက်တော့သည်။
ပြင်းထန်လှသော ဆေးစွမ်းအာနိသင်များသည် ချင်ယွမ်ဖုန်း၏ ကိုယ်တွင်း၌ ပေါက်ကွဲထွက်သွားသော်လည်း ရေခဲသားရဲ၏ မိစ္ဆာအနှစ်သာရလုံး၏ လမ်းညွှန်မှုကြောင့် ထိုဆေးစွမ်းများသည် ခန္ဓာကိုယ်အနှံ့ ညီတူညီမျှ ပျံ့နှံ့သွားပြီး သူ့ကို လန်းဆန်းတက်ကြွသွားစေသည်။
သူ့ထံတွင် ကာလအတန်ကြာ အေးခဲငြိမ်သက်နေခဲ့သော ကျင့်စဉ်အဆင့်သည်လည်း ဖြည်းညှင်းစွာ မြင့်တက်လာတော့သည်။
ချင်ယွမ်ဖုန်းသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်လေသည်။
နောက်ထပ် သုံးရက်တာမျှ အချိန် ကုန်လွန်သွားခဲ့ပြီးနောက် ယန်ရုသည် ချင်ယွမ်ဖုန်း၏ အခန်းထဲသို့ ဝင်ရောက်လာရာ ချင်ယွမ်ဖုန်းတစ်ယောက် နက်ရှိုင်းသော ကျင့်ကြံခြင်း အခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့ရှိရသဖြင့် မနှောင့်ယှက်ဘဲ ပြန်လည် ထွက်ခွာသွားခဲ့ချေသည်။
လွန်ခဲ့သည့် သုံးရက်အတွင်း ချင်ယွမ်ဖုန်းသည် ယန်မိသားစုကြားတွင် ရေပန်းစားသော လူတစ်ယောက် ဖြစ်လာခဲ့သည်။ ဟန်မိသားစုပင် ချင်ယွမ်ဖုန်း၏ သတင်းကို ကြားသိရသဖြင့် ၎င်းတို့၏ အိမ်တော်သို့ ဖိတ်ကြားချင်နေကြသည်။
ဟန်မိသားစု၏ အကြီးအကဲများမှာ နောင်တတရားများဖြင့် ပြည့်နှက်နေကြ၏။ ၎င်းတို့သည် အဘယ်ကြောင့် ချင်ယွမ်ဖုန်းကို ယန်မိသားစုထံသို့ စေလွှတ်ရန် သဘောတူခဲ့ကြသနည်း။
ထိုသို့သာ မဟုတ်လျှင် ယခုအချိန်တွင် ချင်ယွမ်ဖုန်းသည် ဟန်မိသားစု၌ ရှိနေမည် မဟုတ်လော။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ဆေးလုံးများ ဖော်စပ်ပြီးကတည်းက ကျင့်ကြံခြင်း အခြေအနေသို့ ရောက်ရှိသွားခဲ့ရာ အဆောင်ပြင်ပသို့ တစ်ဖဝါးမျှ မလှမ်းခဲ့ပေ။
ယန်ကော်သည်လည်း ဧည့်သည်ဆောင် ပတ်ဝန်းကျင်တွင် ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့် တက်လှမ်းမှုကို မည်သူမျှ မနှောင့်ယှက်စေရန် အမိန့်ထုတ်ပြန်ထားသောကြောင့် ချင်ယွမ်ဖုန်း ရှိရာနေရာသည် အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ငြိမ်သက်နေသော ပင်လယ်ပြင်ကြီးထက်တွင် ချင်ယွမ်ဖုန်းသည် ရုတ်ချည်းဆိုသလို မိမိကိုယ်ကိုယ် ဤနေရာ၌ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ပင်လယ်ရေလှိုင်းများသည် သူ့ခြေဖဝါးအောက်တွင် လှိုင်းထနေသော်လည်း သူသည် နစ်မြုပ်သွားခြင်း မရှိပေ။
"နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလား" ချင်ယွမ်ဖုန်းက မတတ်သာသည့် အဆုံး သက်ပြင်းချလိုက်သည်။ "မင်းက ဘာလို့ ဒီလောက်တောင် ဇွဲသန်နေရတာလဲ"
တစ်ချက်ကြည့်ရုံမျှဖြင့် ချင်ယွမ်ဖုန်းသည် မိမိမည်သည့်နေရာသို့ ရောက်ရှိနေသည်ကို သိရှိလိုက်သည်။ ဤနေရာကား စိတ်ဝိညာဉ်နယ်ပယ်ဖြစ်ပြီး စိတ်အာဃာတမိစ္ဆာများ မွေးဖွားရာ နေရာပင် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင် အခြားသော ချင်ယွမ်ဖုန်းတစ်ဦးသည် ဖြည်းညှင်းစွာ ပေါ်ပေါက်လာပြီး ၎င်း၏ မျက်လုံးများသည် သွေးကဲ့သို့ ရဲရဲနီနေကာ မိစ္ဆာကောင်တစ်ကောင်နှင့် သဏ္ဌာန်တူလှသည်။
"ဟားဟားဟား... ချင်ယွမ်ဖုန်း... မင်း ဒါကို မမျှော်လင့်ထားဘူး မဟုတ်လား... ငါ ဒီကို ထပ်ရောက်လာပြန်ပြီ" ထိုမျက်လုံးနီနှင့် လူက အေးစက်စွာ ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းသည် ထိုမျက်လုံးနီနှင့် လူထံတွင် တစ်စုံတစ်ခု လွဲမှားနေသည်ကို သတိပြုမိလိုက်၏။ ထိုသူသည် သူ၏ ဒေါသနှင့် ရက်စက်မှုများ ပေါက်ကွဲထွက်လာပြီးနောက် ဖြစ်ပေါ်လာသော ပုံသဏ္ဌာန်နှင့် တူလှသဖြင့် သူ အနည်းငယ် လန့်သွားရသည်။
"မင်းက တကယ်ပဲ အဲဒီ ရက်စက်မှုတွေနဲ့ ပေါင်းစပ်သွားတာလား" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ မေးလိုက်သည်။
"ဟားဟားဟား... ချင်ယွမ်ဖုန်း... မင်း နောက်ဆုံးတော့ သဘောပေါက်သွားပြီပဲ" စိတ်အာဃာတမိစ္ဆာက အေးစက်စွာ ရယ်မောလိုက်ရင်း ပြောသည်။
"မင်း အလိုမရှိတဲ့ အရာက ငါ့အတွက်တော့ ရတနာပဲ... ဒီရက်စက်မှုတွေရဲ့ ကူညီမှုကြောင့် ငါ ပိုပြီး သန်မာလာတယ်၊ ပိုပြီးတော့လည်း ကြီးမားလာတယ်... လာစမ်းပါ... ငါတို့ တိုက်ခိုက်ကြရအောင်"
"ပျင်းစရာကောင်းလိုက်တာ... မင်းက မိစ္ဆာတစ်ကောင် ဖြစ်နေရင်တောင် အနည်းဆုံးတော့ အသစ်အဆန်းတစ်ခုခု ယူလာသင့်တာပေါ့... မင်း အမြဲတမ်း စဉ်းစားနေတာက ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ပဲ... မင်းမှာ အခြား ဝါသနာ မရှိတော့ဘူးလား" ချင်ယွမ်ဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်သည်။
သို့သော်လည်း စိတ်အာဃာတမိစ္ဆာသည် သူ့စကားကို နားထောင်ခြင်း မရှိပေ။ ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ ပင်လယ်ပြင်ထက်တွင် ပြင်းထန်သော လှိုင်းလုံးကြီးများ ထလာတော့သည်။
စိတ်အာဃာတမိစ္ဆာသည် အပေါ်သို့ ခုန်တက်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်မှ ရဲရဲနီသော အလင်းတန်းများ ဖြာထွက်လျက် ချင်ယွမ်ဖုန်းထံသို့ ရက်ရက်စက်စက် အရှိန်ပြင်းစွာ ပြေးဝင်လာချေသည်။
ချင်ယွမ်ဖုန်း၏ ရှေ့တွင် ရေခဲတံတိုင်းတစ်ခု ရုတ်ချည်း တိုးထွက်လာပြီး စိတ်အာဃာတမိစ္ဆာ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်တော့သည်။
ဒေါသအမျက် ချောင်းချောင်းထွက်သွားသော စိတ်အာဃာတမိစ္ဆာသည် ၎င်း၏ ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ရှေ့သို့ အားကုန် လွှဲရိုက်လိုက်လေသည်။
ထိုအခါ ၎င်းတို့ခြေဖဝါးအောက်ရှိ ပင်လယ်ပြင်သည် ကောင်းကင်တိုင်မတတ် မြင့်မားသော လှိုင်းလုံးကြီးများ ရုတ်တရက် ထလာပြီး ငြိမ်သက်နေသော ရေပြင်သည် ကွဲအက်တော့မတတ် ပြင်းထန်စွာ လှုပ်ခတ်သွားချေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်း၏ ရှေ့တွင် မတ်တတ်ရပ်နေသော ရေခဲတံတိုင်းကြီးမှာမူ အက်ကြောင်းတစ်ကြောင်းမျှပင် ထင်ကျန်ရစ်ခြင်း မရှိပေ။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" စိတ်အာဃာတမိစ္ဆာသည် မယုံကြည်နိုင်လောက်အောင် အော်ဟစ်လိုက်မိသည်။
သူသည် မိမိကိုယ်တွင်းရှိ ရက်စက်မှုများကို စုပ်ယူထားပြီးဖြစ်၍ ပိုမို သန်မာလာသင့်သည် မဟုတ်လော။ သို့သော်လည်း ချင်ယွမ်ဖုန်း ပေါ့ပေါ့ပါးပါး ဖန်တီးလိုက်သည့် ရေခဲတံတိုင်း ရိုးရိုးလေးကိုပင် သူ ဖျက်ဆီးနိုင်ခြင်း မရှိချေ။
"ငါမယုံဘူး... ငါ လုံးဝ မယုံဘူး"
စိတ်အာဃာတမိစ္ဆာသည် လက်သီးများကို မြှောက်ကာ ရေခဲတံတိုင်းကို ဆက်တိုက် ထုရိုက်တော့သည်။
ပြင်းထန်လှသော စွမ်းအင်များသည် ဝေးကွာလှသော ပင်လယ်ပြင်အထိ ပျံ့နှံ့သွားချေသည်။
သို့သော် ရေခဲတံတိုင်းသည် ကြံ့ကြံ့ခံလျက် ရှိနေဆဲဖြစ်ပြီး စိတ်အာဃာတမိစ္ဆာ၏ လက်သီးချက်များသည် တံတိုင်းပေါ်တွင် အမှတ်အသားတစ်ခုမျှပင် မချန်ထားနိုင်ခဲ့ပေ။
"တကယ်ကို ကြည့်ရဆိုးလွန်းတယ်" ချင်ယွမ်ဖုန်းသည် ရေခဲတံတိုင်းပေါ်တွင် ထိုင်လျက် မတတ်သာသည့် အဆုံး ခေါင်းကို ခါယမ်းလိုက်သည်။ "ငါ ကျိန်ဆိုရဲတယ်... ငါ ဘယ်တော့မှ အဲဒီလို ရုပ်ပျက်ဆင်းပျက် အမူအရာမျိုး ပြုလုပ်မှာ မဟုတ်ဘူး"
"သေလိုက်စမ်း"
ချင်ယွမ်ဖုန်း၏ လှောင်ပြောင်မှုကို ခံလိုက်ရပြီးနောက် စိတ်အာဃာတမိစ္ဆာသည် ပို၍ပင် ဒေါသထွက် ကယောင်ကတမ်း ဖြစ်သွားတော့သည်။
၎င်းသည် အပေါ်သို့ ခုန်တက်ကာ ချင်ယွမ်ဖုန်းထံသို့ ၎င်း၏ ညာခြေထောက်ဖြင့် နှင်တံတစ်ခုကဲ့သို့ လွှဲရိုက်လိုက်ရာ လေထုထဲတွင် မိုးကြိုးပစ်ချလိုက်သည့်အလား ကျယ်လောင်သော မြည်ဟည်းသံကြီး ပေါ်ထွက်လာချေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် လက်ညှိုးတစ်ချောင်းကိုသာ ဆန့်ထုတ်လိုက်ပြီး စိတ်အာဃာတမိစ္ဆာ၏ တိုက်ကွက်ကို အလွယ်တကူပင် ခုခံကာကွယ်လိုက်ကာ အလွန် ပေါ့ပါးတည်ငြိမ်နေသည့် အသွင် ရှိလှပေသည်။
စိတ်အာဃာတမိစ္ဆာသည် ပိုမို ပြင်းထန်သော တိုက်ကွက်များကို ဆက်တိုက် ဆင်နွှဲသော်လည်း ချင်ယွမ်ဖုန်းက အားလုံးကို အလွယ်တကူပင် ချေဖျက်ပစ်လိုက်ရာ စိတ်အာဃာတမိစ္ဆာ၏ စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းများဖြင့် ပြည့်နှက်သွားတော့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါတို့ကြားမှာ ဘာလို့ ဒီလောက်တောင် ကွာခြားချက်ကြီးမားနေရတာလဲ" စိတ်အာဃာတမိစ္ဆာသည် မယုံကြည်နိုင်ဘဲ အော်ဟစ်နေမိသည်။
ချင်ယွမ်ဖုန်းက ခဏမျှ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။ "မင်း မေ့နေပုံရတယ်... ဒါက ငါ့ရဲ့ စိတ်ဝိညာဉ်နယ်ပယ်ပဲ... ငါကသာ ဒီနေရာရဲ့ အရှင်သခင်ဖြစ်ပြီး မင်းကတော့ အတုအယောင် ကောင်သက်သက်ပဲ"
"မင်းကသာ အတုအယောင်... မင်းရဲ့ မိသားစုတစ်ခုလုံးက အတုအယောင်တွေ" စိတ်အာဃာတမိစ္ဆာက အေးစက်စွာ ပြောသည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်၏။ "ငါတို့ နောက်ဆုံးတွေ့ခဲ့ကတည်းက ငါဟာ စိတ်ဝိညာဉ်ကမ္ဘာအပေါ် ငါ့ရဲ့ ထိန်းချုပ်မှုကို ရည်ရွယ်ချက်ရှိရှိ အားကောင်းအောင် လုပ်ခဲ့တာ... ဒါကြောင့် မင်း ငါ့ကို မယှဉ်နိုင်တာ သဘာဝကျပါတယ်"
ပြောပြောဆိုဆိုဖြင့် ချင်ယွမ်ဖုန်းသည် လက်သီးတစ်ချက်ကို ခပ်ဖွဖွ ပစ်သွင်းလိုက်ရာ စိတ်အာဃာတမိစ္ဆာသည် လွင့်ထွက်သွားပြီး ပင်လယ်ပြင်ထက်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
"ကဲ... အရှုံးပေးလိုက်ပါတော့... ငါ့မျက်စိထဲမှာတော့ မင်းဟာ ဖျက်ဆီးပစ်လို့မရတဲ့ သနားစရာကောင်းတဲ့ ကောင်လေးတစ်ကောင်ထက် မပိုပါဘူး" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်ပြီး သူ၏ ပုံရိပ်သည် ထိုနေရာမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
"မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး... ငါကသာ ဒီနေရာရဲ့ အရှင်သခင်" စိတ်အာဃာတမိစ္ဆာသည် လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်လေသည်။
သို့သော်လည်း ရုတ်ချည်းဆိုသလို သူ၏ ခြေဖဝါးအောက်ရှိ ပင်လယ်ပြင်မှ ဧရာမ လှိုင်းလုံးကြီးတစ်လုံး တက်လာပြီး သူ့ကို မျက်စိတစ်မှိတ်အတွင်း ဝါးမြိုသွားတော့သည်။
ပြင်ပလောကတွင်မူ ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ကိုယ်တွင်းရှိ ညစ်ညမ်းသော လေထုကို သက်ပြင်းချလျက် ကုတင်ပေါ်မှ ထရပ်လိုက်သည်။
သူ၏ အရိုးများထံမှ တဖြောက်ဖြောက် မြည်သံများနှင့်အတူ ချင်ယွမ်ဖုန်းသည် ကျနစွာ ပြုံးလိုက်မိသည်။
သူသည် နောက်ဆုံးတွင် ပဉ္စမအဆင့် ဘိုးဘေးနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ ရေခဲ မီးလျှံကျွန်းသို့ သွားရောက်၍ ရေခဲ မီးလျှံစမ်းရေက သူ့ထံ မည်သို့သော အံ့အားသင့်စရာများကို ယူဆောင်လာပေးမည်နည်း ဟု မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေမိသည်။
ချင်ယွမ်ဖုန်း တံခါးကို ဖွင့်လိုက်သည်နှင့် မိမိထံသို့ ပြေးဝင်လာသော ယန်ရုကို တွေ့လိုက်ရသည်။
ချင်ယွမ်ဖုန်း ကျင့်ကြံနေစဉ် ကာလအတွင်း ယန်ရုသည် သူ့ထံသို့ နေ့စဉ် လာရောက်ကြည့်ရှုလေ့ ရှိသော်လည်း သူ၏ ကျင့်ကြံခြင်းကိုမူ နှောင့်ယှက်ခဲ့ခြင်း မရှိပေ။
"အာဟိုင်... မင်း နောက်ဆုံးတော့ နိုးလာပြီပဲ" ယန်ရုသည် ပြုံးလျက် ပြေးဝင်လာပြီး ချင်ယွမ်ဖုန်း၏ လက်မောင်းကို လှမ်း၍ ဆွဲကိုင်လိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး "စိတ်မကောင်းပါဘူး... ဒီတစ်ခါ ကျင့်ကြံတာက ထုံးစံထက် နည်းနည်း ပိုကြာသွားတယ်" ဟု ဆိုလိုက်သည်။
"ရပါတယ်... နင်အခု ပိုပြီး သန်မာလာပုံရတယ်" ယန်ရုက ပြောသည်။
"ဟုတ်တယ်... အခု ပဉ္စမအဆင့် ဘိုးဘေးနယ်ပယ်ကို ရောက်ရှိသွားပြီလေ"
ချင်ယွမ်ဖုန်းက ပြုံးလျက်ပင် ပြန်လည် ပြောကြားလိုက်လေသည်။