← Chapters

အခန်း ၆၈၅

Vol. 34 Ch. 685

အခန်း ၆၈၅

Vol. 34 Ch. 685

အခန်း (၆၈၅) လျှို့ဝှက်ဆန်းကြယ်သော ရန်သူ

“အဲဒီနောက်တော့ ချင်ယွမ်ဖုန်းက ဒီအတိုင်းပဲ ပျောက်ကွယ်သွားတာလား။ သူ့ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကော ဘာဖြစ်သွားလဲ” ချင်ယွမ်ဖုန်းက မထူးခြားသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်ချေသည်။

“ကျွန်တော်လည်း ဒီအကြောင်းကို သိပ်မသိရပါဘူး။ သူတို့ ဆေးနတ်ဘုရားဂိုဏ်းမှာ တစ်စုံတစ်ခုသော အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပြီး တစ်ဂိုဏ်းလုံးနီးပါး အသတ်ခံခဲ့ရတယ်လို့ပဲ ကြားဖူးပါတယ်” ဟု ထိုလူငယ်က ဆို၏။

ချင်ယွမ်ဖုန်း၏ မျက်ဝန်းအိမ်တို့သည် ရုတ်ချည်း ကျဉ်းမြောင်းသွားကာ “တစ်ဂိုဏ်းလုံး အသတ်ခံရတယ် ဟုတ်လား” ဟု ပြန်လည်မေးမြန်းလိုက်သည်။

“ဟုတ်ပါတယ်။ အရမ်းကြောက်စရာကောင်းတဲ့ လူတစ်ယောက်က လုပ်ခဲ့တာလို့ ကြားတယ်။ သူက ချင်ယွမ်ဖုန်းရဲ့ မြေနက်မြေကိုပါ တိုက်ခိုက်ခဲ့သေးတာ၊ ဒါပေမဲ့ ခွေးတစ်ကောင်က တားဆီးလိုက်လို့...” ထိုလူငယ်သည် သူ၏ မှတ်ဉာဏ်ကို အစွမ်းကုန် ပြန်လည်ဖော်ထုတ်ရန် ကြိုးစားနေပုံရသည်။

ချင်ယွမ်ဖုန်း စဉ်းစားခန်း ဝင်သွားရချေသည်။ မိမိသေဆုံးသွားပြီဟု သိရှိပြီးနောက် တစ်စုံတစ်ယောက်က မြေနက်မြေနှင့် ဆေးနတ်ဘုရားဂိုဏ်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်တန်ရာ၏။

ဆေးနတ်ဘုရားဂိုဏ်းကို ဖျက်ဆီးနိုင်သည်အထိ စွမ်းဆောင်နိုင်သူမှာ အလွန်ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက် ဖြစ်ရပေမည်။

ဆေးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ဒုန်ဖန်းရှန့်မင်၊ အိုင်ဖေးနှင့် အခြားသော ဂိုဏ်းသားများ ယခုအချိန်တွင် မည်သို့ရှိနေကြမည်ကို သူ မတွေးဆတတ်တော့ပေ။

ကံကောင်းထောက်မစွာဖြင့် မြေနက်မြေဘက်တွင် ဝမ်ချိုင် ရှိနေခဲ့သဖြင့်သာ ထိုသို့မဟုတ်ပါက သူတို့အားလုံး အသက်ပျောက်ကြရပေလိမ့်မည်။

“ဘယ်သူက ဒီလောက်တောင် ရက်စက်ရတာလဲ” ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် မိမိ၏ ရန်သူများကို စိတ်ထဲမှ တစ်ယောက်ချင်းစီ ရေတွက်ကြည့်သော်လည်း မည်သူက ထိုသို့သော အမှုကိစ္စမျိုးကို ပြုလုပ်နိုင်မည်နည်းဟု တွေး၍မရနိုင်အောင် ရှိတော့သည်။

“ယမမင်းအဖွဲ့အစည်းထဲကို ရောက်တာနဲ့ ငါ ဒါကို စုံစမ်းရမယ်” ချင်ယွမ်ဖုန်းသည် မိမိဘာသာ ရေရွတ်လိုက်ချေသည်။

“ဟို... နောက်ထပ် သိချင်တာ ရှိသေးလားဗျာ” လူငယ်က စိုးရိမ်တကြီးဖြင့် တုန်တုန်ရင်ရင် မေးရှာသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “မင်းအဖေက ဒီလောက် အရည်အချင်းရှိတာကို မင်းက ဘာလို့ ဒီလောက်တောင် သတ္တိကြောင်နေရတာလဲ” ဟု မေးလိုက်၏။

“ကျွန်တော်က ငယ်ငယ်ကတည်းက ဒီလိုပဲ ဖြစ်နေတာပါ၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့” ထိုလူငယ်သည် မျက်နှာကို အတင်းအကျပ် အပြုံးလုပ်ယူနေရပေသည်။

“ကဲပါ... ကိစ္စမရှိပါဘူး။ ငါ့မှာ ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ်။ မင်းက မင်းအဖေနဲ့ အကြာကြီး အတူနေခဲ့တာဆိုတော့ ယမမင်း အဖွဲ့အစည်းအကြောင်း သိမှာပေါ့”

ချင်ယွမ်ဖုန်းသည် နောက်ဆုံးတွင် အရေးကြီးသော မေးခွန်းကို မေးမြန်းလိုက်တော့သည်။

“ယမမင်း ဟုတ်လား” ထိုလူငယ်၏ မျက်ဝန်းအိမ်တို့သည် ပြာပြာသလဲ ကျဉ်းမြောင်းသွားကာ အလန့်တကြား ခေါင်းယမ်းလျက် “ကျွန်တော် မသိဘူး၊ ကျွန်တော် တကယ်မသိဘူး” ဟု ဆိုလေသည်။

“မသိဘဲနဲ့ ဒီလောက်တောင် ကြောက်နေရတာလား” ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် “ငါ့ကို အဲဒီနေရာကို ခေါ်သွားပေးရင် မင်းကို လွှတ်ပေးမယ်။ မဟုတ်ရင်တော့ မင်း ဒီနေ့ ဒီအခန်းထဲကနေ ထွက်သွားရမှာ မဟုတ်ဘူး” ဟု ကန့်သတ်လိုက်ချေသည်။

လူငယ်လေးသည် မျက်ရည်များ ဝဲတက်လာကာ “မလုပ်ပါနဲ့၊ သူတို့ ကျွန်တော့်ကို သတ်ပစ်ကြလိမ့်မယ်...” ဟု အော်ဟစ်ငိုယိုရှာသည်။

“မင်းက ငါကော မင်းကို မသတ်ဘူး ထင်နေတာလား” ချင်ယွမ်ဖုန်းက လှောင်ပြုံးပြုံးလိုက်ရာ သူ၏ မျက်နှာပေါ်ရှိ အမာရွတ်များသည် ပို၍ပင် ခြောက်ခြားဖွယ်ရာ ကောင်းနေတော့သည်။ “မင်း အမှန်အတိုင်း မပြောရင် ငါ မင်းကို အခုချက်ချင်း သတ်ပစ်မယ်။ ငါ့ကို ခေါ်သွားပေးမယ်ဆိုရင်တော့ မင်း ဘာမှမဖြစ်စေရဘူးလို့ ငါ အာမခံတယ်”

အကျိုးအမြတ်နှင့် အသက်အန္တရာယ်ကို ချင့်ချိန်ပြီးနောက် ထိုလူငယ်သည် ခေါင်းညိတ်လိုက်ရကာ “ကျွန်တော် သွားပါ့မယ်၊ ကျွန်တော် ခေါ်သွားပေးပါ့မယ်... ရပြီမလား” ဟု ပြောရတော့သည်။

ကျသင့်ငွေများကို ရှင်းလင်းပြီးနောက် ချင်ယွမ်ဖုန်းသည် ထိုလူငယ်နှင့်အတူ တည်းခိုခန်းမှ ထွက်ခွာခဲ့ချေသည်။ လူငယ်၏ ပြောစကားများအရ ယမမင်းအဖွဲ့အစည်း၏ လျှို့ဝှက်အသင်းခွဲတစ်ခုသည် ချီဖုန်းချောက်ကမ္ဘာနှင့် ထျန်းတူး ပြည်နယ်မြို့တော်ကြားတွင် တည်ရှိကြောင်း ချင်ယွမ်ဖုန်း သိရှိခဲ့ရသည်။

သူတို့သည် သန်မာသော မှော်သားရဲတစ်ကောင် ဆွဲသည့် မြင်းရထားတစ်စီးကို ငှားရမ်းခဲ့ကြပြီး အလွန် လျင်မြန်စွာ မောင်းနှင်ခဲ့ကြရာ ဆယ်ရက်ခန့်အကြာတွင် မြို့ငယ်လေးသို့ ရောက်ရှိလာခဲ့ကြပေသည်။

မိမိ၏ စွမ်းအားနှင့် မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန်အတွက် ချင်ယွမ်ဖုန်းသည် ဤနည်းလမ်းကိုသာ ရွေးချယ်ခဲ့ရခြင်း ဖြစ်ပေရာ ထိုသို့မဟုတ်ဘဲ ကောင်းကင်သို့ ပျံသန်းလာခဲ့မည်ဆိုပါက သုံးရက်အတွင်း ရောက်ရှိနိုင်မည် ဖြစ်ချေသည်။

လူငယ်သည် ချင်ယွမ်ဖုန်းကို မြို့ထဲသို့ ခေါ်ဆောင်လာခဲ့သည်။ သူသည်လည်း ဤနေရာသို့ သူ၏ ကတုံးနှင့်လူ ဖခင်ဖြစ်သူ လိုက်လံပို့ဆောင်စဉ်က တစ်ကြိမ်သာ ရောက်ဖူးခြင်း ဖြစ်ပေသည်။

“ဟိုမှာ... အဲဒီတည်းခိုခန်းပဲ။ ကျွန်တော့်အဖေက ရန်သူတွေကို လုပ်ကြံဖို့ သူတို့ကို ငှားရမ်းခဲ့တာ၊ ကျွန်တော်လည်း ဒ္နေရာကို တစ်ခါပဲ ရောက်ဖူးတယ်” ဟု လူငယ်က တိုးတိုးလေး ပြောရှာသည်။

ရက်အနည်းငယ် အတူတူ သွားလာခဲ့ပြီးနောက် ဘေးနားရှိ လူကြီးမင်းသည် ရုပ်ဆိုးဆိုးနှင့် ကြောက်စရာကောင်းသော်လည်း မကောင်းသော စိတ်ထားမရှိဘဲ အနည်းငယ် အေးစက်စက်နိုင်ရုံသာ ရှိကြောင်း ထိုလူငယ် သိရှိသွားခဲ့ပေသည်။

“ကောင်းပြီ... မင်း ဒီမှာပဲ စောင့်နေ။ မင်း ငါ့ကို လိမ်ညာတာလို့ သိရင်တော့ ငါ မင်းကို ဧကန်အမှန် သတ်ပစ်မယ်” ချင်ယွမ်ဖုန်းက မထူးခြားသည့် ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

ယခုအခါ ကတုံးနှင့်လူမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ ထိုလူငယ်သည် စိန်ခေါ်ရာမြို့တော်တွင် သူ၏ အကြီးမားဆုံးသော နောက်ခံအကာအကွယ် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

သို့သော်လည်း သူ၏ဖခင် ချန်ထားခဲ့သော ဩဇာတိက္ကမကြောင့် သူသည် ဆက်လက်၍ ပူပန်မှုကင်းမဲ့စွာ နေထိုင်နိုင်သေးပေသည်။

ထိုသို့သောကြောင့် သူသည် သူ၏အသက်ကို လွန်စွာ နှမြောတွန့်တိုရှာပေသည်။

ချင်ယွမ်ဖုန်းသည် တည်းခိုခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ရာ ထိုအချိန်တွင် အခြားသော ဧည့်သည်များ တစ်ယောက်မျှ ရှိမနေပေ။

“အို... လူကြီးမင်း၊ ဘာများ အလိုရှိပါသလဲခင်ဗျာ” စားပွဲထိုးသည် ပြေးလွှားလာပြီး ပြုံးရွှင်စွာ မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းသည် ဝတ်ရုံရှည်၏ ဦးထုပ်ကြီးကို ဆောင်းထားသဖြင့် သူ၏မျက်နှာကို ဖုံးကွယ်ထားကာ အလွန်အေးစက်သော အရှိန်အဝါများကို ထုတ်လွှတ်နေချေသည်။

သူ၏ ဝိညာဉ်စွမ်းအားသည် တိတ်တဆိတ် ပျံ့နှံ့သွားခဲ့ရာ တည်းခိုခန်းတစ်ခုလုံး၏ အခြေအနေကို ချင်ယွမ်ဖုန်း မြင်တွေ့လိုက်ရပေသည်။

ဤနေရာသည် အတော်ပင် သေးငယ်သော အသင်းခွဲတစ်ခုဖြစ်ပြီး မဟာဆရာနယ်ပယ် ကျင့်ကြံသူအဆင့်ရှိသော လူသတ်သမား ခြောက်ယောက် သို့မဟုတ် ခုနစ်ယောက်ခန့်သာ ရှိချေသည်။

မိမိရှေ့မှ စားပွဲထိုးသည်လည်း ထိုလူများအနက် တစ်ယောက်ပင် ဖြစ်ပေသည်။

တည်းခိုခန်းပိုင်ရှင်မှာ ဝဖြိုးဖြိုးနှင့် အလယ်အလတ်အရွယ် လူကြီးတစ်ဦးဖြစ်ပြီး တည်းခိုခန်း အရှင်သခင်တစ်ယောက်၏ ရုပ်သွင်နှင့် ကောင်းစွာ ကိုက်ညီလှပေသည်။

“ငါ မင်းတို့နဲ့ ပူးပေါင်းချင်လို့” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်၏။

“ကျွန်တော်တို့နဲ့ ပူးပေါင်းမယ် ဟုတ်လား”

စားပွဲထိုးသည် အတော်ပင် အံ့အားသင့်သွားပုံရကာ “လူကြီးမင်း... ကျွန်တော်တို့ တည်းခိုခန်းမှာ အလုပ်လုပ်ချင်တာကို ပြောတာလားဗျာ။ စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ လူအင်အား မလိုတော့လို့ပါ” ဟု ပြောသည်။

“မဟုတ်ဘူး... မင်းတို့ ငှားရမ်းတဲ့ အလုပ်ကို ပြောတာ။ ငါ ပြောနေတဲ့အလုပ်က တည်းခိုခန်းက အလုပ်မဟုတ်ဘဲ တခြားအလုပ်တစ်ခုဆိုတာ မင်း သိပါတယ်” ချင်ယွုန်းဖုန်းက ဆိုလိုက်ချေသည်။

“စိတ်မကောင်းပါဘူး လူကြီးမင်း၊ လူကြီးမင်း ဘာကို ပြောနေမှန်း ကျွန်တော် တကယ်မသိပါဘူး” စားပွဲထိုးသည် စိတ်မရှည်ဟန်ဖြင့် ပြောဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး “မင်းတို့ ငါ့ကို အမှန်အတိုင်း ပြောဖို့အတွက် ငါ ဤတည်းခိုခန်းကို ဖြိုဖျက်ပစ်ဖို့ လိုအပ်နေတာလား” ဟု မေးလိုက်၏။

စားပွဲထိုးသည် ချက်ချင်းပင် ကိုယ်ဟန်အနေအထားကို ပြင်လိုက်ပြီး သတိကြီးစွာ ထားလိုက်သော်လည်း မိမိရှေ့မှ လူသည် မည်သို့မျှ ပြင်ဆင်ထားခြင်းမရှိသည်ကို မြင်သောအခါ စိတ်ထဲမှ ရေရွတ်လိုက်မိပေသည်။

“သူဌေးရေ... တစ်ယောက်ယောက်တော့ ပြဿနာလာရှာနေပြီဗျို့” ဟု စားပွဲထိုးက အော်ဟစ်လိုက်တော့သည်။

ထိုအချိန်တွင် တည်းခိုခန်းပိုင်ရှင်သည် ပြာပြာသလဲ ပြေးဝင်လာပြီး ဟန်ဆောင်အပြုံးဖြင့် “လူကြီးမင်း...ဒီနေရာမှာ စီးပွားရေးလုပ်ရတာ မလွယ်ကူလှပါဘူး၊ လူကြီးမင်း မြင်တဲ့အတိုင်းပဲ...” ဟု ဆိုလာ၏။

“ဘာမှ ပြောနေဖို့မလိုဘူး၊ ငါ မင်းတို့နဲ့ပဲ ပူးပေါင်းချင်တာ” ချင်ယွမ်ဖုန်းက အေးစက်စွာ ဖြတ်ပြောလိုက်သည်။

တည်းခိုခန်းပိုင်ရှင်သည် စိုးရိမ်ပူပန်သွားဟန် ရှိပေရာ ဤလူသည် တည်းခိုခန်း၏ စစ်မှန်သော နောက်ကြောင်းကို သိရှိနေပုံရချေသည်။

“ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ လူကြီးမင်း” တည်းခိုခန်းပိုင်ရှင်သည် ချင်ယွမ်ဖုန်းကို တည်းခိုခန်း၏ နောက်ဖေးဝင်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့ပေသည်။

“မင်း တကယ်ပဲ ဘာလုပ်ချင်တာလဲ” တည်းခိုခန်းပိုင်ရှင်က အနည်းငယ် ဒေါသတကြီးဖြင့် မေးမြန်းလိုက်၏။

“ငါ မင်းတို့နဲ့ ပူးပေါင်းချင်လို့လို့ ပြောပြီးပြီပဲ” ချင်ယွမ်ဖုန်းက အလေးအနက် ဆိုလိုက်ကာ “ငါ နောက်ပြောင်နေတာ မဟုတ်ဘူး” ဟု ထပ်လောင်းပြောကြားသည်။

တည်းခိုခန်းပိုင်ရှင်က နှာခေါင်းရှုံ့လိုက်ရင်း “ငါတို့က ဘယ်သူတွေလဲဆိုတာ မင်း သိရဲ့လား” ဟု ခပ်အေးအေး မေးသည်။

“ယမမင်း အဖွဲ့အစည်းလေ။မဟုတ်ရင် ငါ မင်းတို့ကို လာရှာမှာ မဟုတ်ဘူး” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်ချေသည်။

တည်းခိုခန်းပိုင်ရှင်၏ မျက်ဝန်းအိမ်တို့သည် ရုတ်ချည်း ကျဉ်းမြောင်းသွားကာ “မင်း ဘာဖြစ်လို့ ငါတို့နဲ့ ပူးပေါင်းချင်ရတာလဲ” ဟု မေးတော့သည်။

“ငါ သတ်ချင်တဲ့လူ ရှိတယ်။ အဲဒီလူအကြောင်းကို စုံစမ်းချင်ရုံတင်မကဘဲ ယမမင်းအဖွဲ့နဲ့ ပူးပေါင်းပြီး ငါ့ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း အတတ်ပညာတွေကိုပါ မြှင့်တင်ချင်လို့ပဲ”

ချင်ယွမ်ဖုန်းသည် ကြိုတင်ပြင်ဆင်ထားသော စကားလုံးများကို အစဉ်လိုက် ပြောဆိုလိုက်ပေသည်။

တည်းခိုခန်းပိုင်ရှင်သည် ချင်ယွမ်ဖုန်းကို အထက်အောက် အကဲခတ်ကြည့်လိုက်ပြီးနောက် ရုတ်တရက် လှုပ်ရှားလိုက်ကာ သူ၏လက်ကို ကုတ်သည်းကဲ့သို့ ကွေးညွတ်လျက် ချင်ယွမ်ဖုန်း၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ လှမ်းဖမ်းလိုက်တော့သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် တစ်စုံတစ်ရာကိုမျှ သတိမပြုမိသကဲ့သို့ တုန်လှုပ်ခြင်းမရှိဘဲ ငြိမ်သက်စွာ ရပ်နေခဲ့ပေသည်။

ထိုလက်သည်းချက်၏ ဆွဲဖြဲမှုကြောင့် ချင်ယွမ်ဖုန်း၏ ဝတ်ရုံဦးထုပ်သည် ပွင့်ထွက်သွားခဲ့ရပြီး သူ၏ ကြောက်မက်ဖွယ်ရာ မျက်နှာကို ပေါ်လွင်စေခဲ့တော့သည်။

တည်းခိုခန်းပိုင်ရှင်ပင်လျှင် လန့်ဖျန့်သွားရကာ ခေတ္တမျှ စကားတစ်ခွန်းမှ မဆိုနိုင်အောင် ဖြစ်သွားရရှာသည်။

ချင်ယွမ်ဖုန်းသည် မိမိကိုယ်မိမိ ခုခံရန် လုံးဝမစဉ်းစားဘဲ ရပ်နေခဲ့ခြင်းလား သို့မဟုတ် ထိုတိုက်ကွက်သည် မိမိကို မထိမှန်နိုင်ကြောင်း ယုံကြည်ချက်ရှိနေ၍လား ဆိုသည်ကို သူ မဝေခွဲတတ်တော့ပေ။ မည်သို့ပင်ဖြစ်စေ ထိုလူသည် မလှုပ်မယှက်ဘဲ ရပ်နေခဲ့သည်ကား အမှန်ပင် ဖြစ်ပေသည်။

“မင်း...” တည်းခိုခန်းပိုင်ရှင်သည် လွန်စွာ အံ့အားသင့်နေရချေသည်။

ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ပြီး “စမ်းသပ်မှုက ပြီးဆုံးသွားပြီ။ နောက်ထပ် ဆက်လုပ်မယ်ဆိုရင်တော့ ငါ ပြန်လည်ခုခံရလိမ့်မယ်” ဟု ဆိုလိုက်၏။

တည်းခိုခန်းပိုင်ရှင်သည် ခေါင်းညိတ်လိုက်ချေသည်။ ထိုလူ၏ စွမ်းဆောင်ရည်က မည်သို့ပင်ရှိစေကာမူ သူ၏ သတ္တိဗျတ္တိမှာမူ ချီးကျူးရလောက်ပေသည်။

“ကောင်းပြီ... ငါ မင်းကို လောလောဆယ် လက်ခံထားလိုက်မယ်။ ဒါပေမဲ့ မင်း ဆက်နေနိုင်မလား ဆိုတာကတော့ မင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်လိမ့်မယ်” ဟု တည်းခိုခန်းပိုင်ရှင်က တည်ငြိမ်စွာ ဆိုလိုက်လေတော့သည်။

All Chapters