အခန်း ၆၈၆
Vol. 34 Ch. 686
အခန်း (၆၈၆)
ချင်ယွမ်ဖုန်းသည် ခေါင်းကိုညိတ်လိုက်ရင်း အနည်းငယ် စုတ်ပြဲနေသော ခေါင်းစွပ်ကို ပြန်၍ဆောင်းလိုက်ကာ “ကျေးဇူးတင်ပါတယ်” ဟု ဆိုချေသည်။
“ဒီညတော့ တည်းခိုခန်းမှာပဲ နားလိုက်ပါဦး” ဟု တည်းခိုခန်းပိုင်ရှင်က ခပ်အေးအေး ပြောဆိုပြီးနောက် လှည့်ထွက်သွားလေသည်။
“ဒါနဲ့ ဆရာကြီးရဲ့ အမည်ကို ကျွန်တော် မသိရသေးဘူးနော်” ဟု ချင်ယွမ်ဖုန်းက လှမ်း၍ မေးမြန်းလိုက်သည်။
ထိုဆရာကြီးက လက်ကိုဝှေ့ယမ်းပြရင်း “ဒီညကျမှ ငါမင်းကို ပြောပြမယ်” ဟု ဆို၏။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချရင်း တည်းခိုခန်း၏ နောက်ဖေးခြံဝင်းထဲမှတစ်ဆင့် အပြင်သို့ လျှောက်လှမ်းလာခဲ့ရာ အဝေးတွင် စောင့်ဆိုင်းနေသော လူငယ်လေးအား တွေ့ရှိရလေသည်။
“ကဲ... မင်း အိမ်ပြန်လို့ရပြီ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်၏။
“တကယ်ကြီးလားခင်ဗျာ” လူငယ်လေးမှာ ဝမ်းသာအားရ ဖြစ်သွားချေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ပတ်လုံး ချင်ယွမ်ဖုန်းနှင့်အတူ အချိန်ကုန်လွန်ခဲ့ရသဖြင့် သူသည် စိတ်ကျဉ်းကျပ်မှုကို အနည်းငယ် ခံစားနေရခြင်း ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “ဒီအကြောင်းတွေကို လျှို့ဝှက်ထားပေးဖို့နဲ့ ဘယ်သူ့ကိုမှ မပြောပြဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားလိုက်သည်။
ထိုလူငယ်လေးမှာ ခေါင်းကို အဆက်မပြတ် ညိတ်ပြရင်း မြင်းရထားကို အလျင်အမြန်ပင် မောင်းနှင်ထွက်ခွာသွားတော့သည်။ သူသည် ချင်ယွမ်ဖုန်း၏ အနီးအပါးတွင် တစ်စက္ကန့်မျှပင် ဆက်၍မနေလိုတော့ချေ။
ချင်ယွမ်ဖုန်းမှာ တစ်ဖန်သက်ပြင်းချရင်း တည်းခိုခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ မိမိဘာသာ ရေရွတ်မိသည်မှာ “ငါက အဲ့လောက်တောင် ကြောက်စရာကောင်းနေလို့လား” ဟူ၍ ဖြစ်တန်ရာသည်။
ညနေစောင်းသို့ ရောက်ရှိ၍ တည်းခိုခန်း ပိတ်သိမ်းပြီးသည့်တိုင်အောင် တည်းခိုခန်းပိုင်ရှင်သည် နောက်ဖေးခြံဝင်းသို့ ပြန်လည်ရောက်ရှိမလာသေးဘဲ ချင်ယွမ်ဖုန်းအတွက် နားခိုရန် အခန်းတစ်ခန်းကိုသာ ရှာဖွေပေးထားလေသည်။
“ငါ့နာမည်က ဝူလီလို့ ခေါ်တယ်။ ဒီတည်းခိုခန်းရဲ့ ပိုင်ရှင်ဖြစ်သလို ယမမင်း လူသတ်သမားအဖွဲ့အစည်း အသင်းခွဲရဲ့ အကြီးအကဲလည်း ဖြစ်တယ်။ ငါသိချင်တာက မင်း ဒီနေရာကို ဘယ်လိုနည်းနဲ့ ရှာဖွေတွေ့ရှိခဲ့တာလဲ” ဟု တည်းခိုခန်းပိုင်ရှင်က အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်းသည်လည်း ထိုလူငယ်လေးနှင့် ဆုံတွေ့ခဲ့ရပုံကို တစ်လုံးတစ်ပါဒမျှ ကွယ်ဝှက်ခြင်းမရှိဘဲ အစအဆုံး ပြန်လည်ပြောပြလိုက်ရာ ထိုအခါမှသာ တည်းခိုခန်းပိုင်ရှင်က သဘောကျသည့်ဟန်ဖြင့် ခေါင်းကို ညိတ်လေတော့သည်။
“ဆရာကြီးကျူးက သူ့သားကိုခေါ်ပြီး ငါ့ဆီကို လာပြဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ မင်းက အဲ့ဒီအချက်အလက်လေး တစ်ခုတည်းနဲ့ ငါ့ကို ရှာတွေ့လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ဝူလီက ခေါင်းညိတ်ရင်း ဆက်လက်၍
“မင်းကိစ္စနဲ့ပတ်သက်လို့ ပြောရရင်တော့... ငါတို့အသင်းခွဲက လူသစ်စုဆောင်းတဲ့အခါ နောက်ခံသမိုင်းကြောင်းတွေကို အသေးစိတ် စစ်ဆေးလေ့မရှိဘူးဆိုပေမယ့် မင်းရဲ့ အခြေခံနောက်ခံကိုတော့ တို့တွေ သိရှိထားဖို့ လိုအပ်တယ်” ဟု ဆိုချေသည်။
ချင်ယွမ်ဖုန်းသည် ခေတ္တမျှ စဉ်းစားဆင်ခြင်ပြီးမှ နှေးကွေးစွာဖြင့် “ကျွန်တော့်နာမည်က အာဟိုင်လို့ ခေါ်ပါတယ်။ ပင်လယ်ပြင်ကနေ လာခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်တော့်ရဲ့ ရန်သူတွေက ဆွေမျိုးမိတ်ဆွေတွေကို သတ်ဖြတ်ခဲ့ကြလို့ အခုတစ်ခေါက် ပြန်လာတာက ကလဲ့စားချေဖို့အတွက်ပဲ ဖြစ်ပါတယ်” ဟု ပြောကြားလိုက်သည်။
“ဒါဆိုရင် မင်းက ဘာဖြစ်လို့ ယမမင်းအဖွဲ့ထဲကို မဖြစ်မနေ ဝင်ရောက်ချင်ရတာလဲ” ဝူလီက မျက်မှောင်ကြုတ်လျက် မေးမြန်းပြန်သည်။
“ယမမင်းဆိုတာ အကြီးမားဆုံး လူသတ်သမားအဖွဲ့အစည်းလေ။ ပြီးတော့ လူသတ်တာကလွဲရင် ကျွန်တော် တခြားဘာမှ မလုပ်တတ်ဘူး” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်အေးဆေးစွာ ဆို၏။
“ဒါဆို မင်းရဲ့ရန်သူကို သတ်ဖို့ တို့အဖွဲ့ကို ဘာလို့ အခကြေးငွေပေးပြီး မခိုင်းတာလဲ။ ပြီးတော့ ဒီနှစ်တွေမှာ ပင်လယ်ပြင်မှာ မင်းဘာတွေ လုပ်နေခဲ့တာလဲ” ဝူလီက သိလိုစိတ်ပြင်းပြစွာဖြင့် မေးမြန်းပြန်သည်။
ချင်ယွမ်ဖုန်း၏ မျက်နှာထက်တွင် ခြောက်ခြားဖွယ်ရာ ကောင်းလှသော အပြုံးတစ်ခု ပေါ်လွင်လာပြီးနောက် “သူ့ကို ကျွန်တော့်လက်နဲ့ကိုယ်တိုင် သတ်မှာမလို့ပါ။ ပင်လယ်ပြင်မှာ ကုန်လွန်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး ကျွန်တော်ဟာ မိစ္ဆာသားရဲတွေကို လိုက်လံအမဲလိုက်တာကလွဲလို့ တခြားဘာမှ မလုပ်ခဲ့ပါဘူး” ဟု ဟစ်အော်သံကဲ့သို့ ဆိုလိုက်သည်။
ဝူလီမှာ အနည်းငယ် တုန်လှုပ်သွားချေသည်။ အကယ်၍ ဤလူသည် မိစ္ဆာသားရဲများကို ဖမ်းဆီးသတ်ဖြတ်ခြင်းမှတစ်ပါး အခြားအမှုကို မပြုခဲ့ဖူးဆိုပါက သတ်ဖြတ်ခြင်းအမှု၌ စိတ်ပိုင်းဆိုင်ရာ တုံ့ဆိုင်းမှု အလျင်းမရှိသည့် ကြောက်မက်ဖွယ်ရာ လူတစ်ယောက် ဖြစ်ပေလိမ့်မည်။
“ကောင်းပြီ... မင်းရဲ့ အခြေအနေကို ငါသိပြီ။ တာဝန်တစ်ခုခု ရှိလာရင် ငါမင်းကို အကြောင်းကြားလိုက်မယ်” ဟု ဝူလီက တည်ငြိမ်စွာ ဆို၏။
“တာဝန်က ဘယ်တော့လဲ” ချင်ယွမ်ဖုန်းက ပြန်၍မေးလိုက်သည်။
“ဒါကတော့ အတည်ပြောလို့မရဘူး။ တစ်ခါတရံမှာ တစ်လလုံးလုံး တာဝန်တစ်ခုမျှ မရှိတတ်သလို တစ်ခါတရံမှာလည်း နေ့တိုင်း တာဝန်တွေ ရှိနေတတ်တယ်။ မင်းမြင်တဲ့အတိုင်းပဲ ဤနေရာက လွန်စွာခေါင်လှတာမလို့ လူသူအရောက်အပေါက် နည်းပါးလှတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကိစ္စအချို့ ဖြစ်ပျက်ခဲ့တာကြောင့် အခုလောလောဆယ်တော့ တာဝန်တွေ အတော်များများ ရှိနေတယ်” ဟု ဝူလီက အေးဆေးစွာ ရှင်းပြချေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ရင်း ဝူလီပြောဆိုနေသော ကိစ္စမှာ လွန်ခဲ့သော နှစ်နှစ်ခန့်က ထျန်းတူး ပြည်နယ်မြို့တော်ရှိ ယမမင်းအသင်းခွဲတစ်ခုလုံးကို သူကိုယ်တိုင် အမြစ်ပြတ် ချေမှုန်းခဲ့သည့် အခြင်းအရာကို ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်ဟု ခန့်မှန်းမိလေသည်။
ဝိညာဉ်စွမ်းအားများသည် တည်းခိုခန်းတစ်ခုလုံးသို့ တိတ်တဆိတ် ပျံ့နှံ့သွားခဲ့ရာ တည်းခိုခန်းအတွင်းရှိ လူသားတို့ သိရှိသမျှကို သူသည်လည်း သိမြင်လာခဲ့ရချေသည်။
အလုပ်နားချိန်များတွင် အခြားသော လူသတ်သမားများက လူသစ်ဖြစ်သော မိမိအကြောင်းကို ဆွေးနွေးငြင်းခုံနေကြသည်ကို ချင်ယွမ်ဖုန်း ကြားသိလိုက်ရ၏။
အထူးသဖြင့် ချင်ယွမ်ဖုန်း၏ မျက်နှာထက်၌ ရှိနေသော ကြောက်မက်ဖွယ်ရာ အမာရွတ်အကြောင်းကို သူတို့ အဓိက ပြောဆိုနေကြခြင်း ဖြစ်ပေသည်။
မိုးချုပ်၍ ညဥ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်ရှိသောအခါ ချင်ယွမ်ဖုန်းသည် တရားထိုင် ကျင့်ကြံရန် ပြင်ဆင်နေစဉ် တည်းခိုခန်းအပြင်ဘက်မှ လူတစ်ယောက် ရုတ်တရက် လျှောက်လှမ်းဝင်ရောက်လာလေသည်။
ထိုသူမှာ ဝတ်ရုံနက်ကို ဆင်ယင်ထားပြီး ဝမ်းဗိုက်စူထွက်နေသော အလယ်အလတ်အရွယ် လူကြီးတစ်ဦး ဖြစ်ကာ တည်းခိုခန်း၏ တံခါးဝသို့ ရောက်ရှိလာပြီးနောက် တံခါးကို ခပ်ဖွဖွ ခေါက်လိုက်ချေသည်။
ထိုတံခါးခေါက်သံသည် စည်းချက်ကျလှစွာဖြင့် အချက်ရှည် သုံးချက်နှင့် အချက်တို နှစ်ချက် ဖြစ်ပေသည်။
နေ့ခင်းဘက်တွင် ချင်ယွမ်ဖုန်းအား ပြုစုလုပ်ကျွေးခဲ့သော ဝေယျာဝစ္စတပည့်သည် တည်းခိုခန်းတံခါးကို အလျင်အမြန်ပင် ပြေး၍ဖွင့်လှစ်ပေးလိုက်ပြီးနောက် ထိုဧည့်သည်အား ဝူလီရှိရာသို့ ခေါ်ဆောင်လာခဲ့တော့သည်။
“ငါ လူတစ်ယောက်ကို သတ်ချင်တယ်” ထိုအလယ်အလတ်အရွယ် လူကြီးသည် ကောင်တာ စာပွဲပေါ်သို့ စာတိုတစ်စောင်ကို ချပြလိုက်၏။
ဝူလီသည် ထိုစာရွက်အပိုင်းအစကို ကောက်ယူကာ စာပါအကြောင်းအရာများကို ဖတ်ရှုပြီးနောက် ခေါင်းညိတ်လျက် “အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင် ကျသင့်မှာဖြစ်ပြီး စရန်ငွေအနေနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးဆယ်ကို အရင်ပေးချေရပါမယ်” ဟု ဆိုလေသည်။
“ကောင်းပြီ” ထိုလူကြီးက ခေါင်းညိတ်ရင်း သူ၏ သိုလှောင်အိတ်အတွင်းမှ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးဆယ်ကို ထုတ်ယူကာ စာပွဲပေါ်သို့ တင်လိုက်ချေသည်။
တည်းခိုခန်းပိုင်ရှင်သည် လက်ကိုဝှေ့ယမ်းကာ ထိုလူကြီးအား တည်းခိုခန်းအပြင်သို့ ထွက်ခွာစေပြီးနောက် ချင်ယွမ်ဖုန်းအပါအဝင် အခြားသော လူသတ်သမားအားလုံးကို ချက်ချင်းပင် ဆင့်ခေါ်လိုက်တော့သည်။
“တာဝန်တစ်ခု ရှိလာပြီ။ ပစ်မှတ်ကတော့ တတိယအဆင့် သိုင်းပညာရှင် တစ်ယောက်ပဲ။ ဘယ်သူသွားချင်လဲ” တည်းခိုခန်းပိုင်ရှင်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်းသည် စိတ်ထဲမှ သက်ပြင်းချမိသည်။ တတိယအဆင့် သိုင်းပညာရှင်တစ်ဦး၏ အသက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ဖြင့် လဲလှယ်ကြခြင်းပင်။
သို့ရာတွင် အခြားသူများ တုံ့ပြန်မှုမပြုနိုင်ခင်မှာပင် ချင်ယွမ်ဖုန်းသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ဝူလီ၏လက်ထဲမှ စာတိုကို ဆွဲယူကာ “ကျွန်တော် သွားမယ်” ဟု ဆိုလိုက်ချေသည်။
ဝူလီက ခေါင်းညိတ်ပြလျက် “ကောင်းပြီ... မင်းရဲ့ အရည်အချင်းကို တို့တွေ ကြည့်ရသေးတာပေါ့။ အလောင်းကို ပြန်ယူလာစရာမလိုဘူး၊ သေဆုံးသွားတဲ့သူရဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြနိုင်မယ့် အရာတစ်ခုခုကိုပဲ ယူဆောင်လာခဲ့ရင် ရပြီ” ဟု မှာကြားလေသည်။
“ကောင်းပါပြီ... ကျွန်တော် နားလည်ပါပြီ” ချင်ယွမ်ဖုန်းသည် တည်းခိုခန်းအပြင်သို့ လျှောက်လှမ်းထွက်ခွာသွားပြီးနောက် လျှို့ဝှက်ဆန်းကြယ်စွာဖြင့် မှောင်မိုက်သော ညဉ့်မှောင်ရိပ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
လူတိုင်းသည် ချင်ယွမ်ဖုန်း ပျောက်ကွယ်သွားရာ လမ်းကြောင်းသို့ ငေးမောကြည့်ရှုရင်း အံ့အားသင့်လျက် ရှိကြပေသည်။
“ဆရာကြီး... အဲဒီလူသစ်က ဘယ်သူလဲဗျ။ ကြည့်ရတာ တော်တော် ကြောက်စရာကောင်းတယ်” ဟု လူသတ်သမားတစ်ဦးက လှမ်း၍မေးမြန်းလိုက်၏။
ဝူလီက ခေါင်းကိုခါယမ်းရင်း “ငါလည်း အသေအချာ မပြောတတ်ဘူး။ အတိုချုပ်ပြောရရင်တော့ နောက်နောင် မင်းတို့တွေ သတိထားပြီး နေကြပေါ့။ အဲ့ဒီလူရဲ့ နောက်ကွယ်က အင်အားကို ငါကိုယ်တိုင်တောင် ရိပ်မိအောင် မကြည့်နိုင်ဘူး” ဟု ဆိုချေသည်။
ဝူလီသည် ဤတည်းခိုခန်းအတွင်း၌ ကျင့်စဉ်အဆင့် အမြင့်မားဆုံးသူ ဖြစ်ပြီး အဋ္ဌမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိထားသူ ဖြစ်ပေသည်။
ထိုကဲ့သို့သော သူကိုယ်တိုင်ပင်လျှင် ချင်ယွမ်ဖုန်း၏ အခြေအနေကို သဘောမပေါက်နိုင်ပါက အခြားသူများမှာလည်း ဆက်လက်၍ စူးစမ်းရန် စိတ်ကူးကို စွန့်လွှတ်လိုက်ကြရတော့သည်။
သို့သော်လည်း သူတို့သည် တာဝန်တစ်ခုကို ရရှိထားပြီး ဖြစ်သဖြင့် လွယ်လွယ်နှင့် စွန့်လွှတ်ရန် တုံ့ဆိုင်းနေကြသေး၏။
အကြောင်းမူကား လူသတ်သမားများသည် တာဝန်တစ်ခု အောင်မြင်ပါက ကော်မရှင်ခအဖြစ် ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရရှိနိုင်သောကြောင့် ဖြစ်ပြီး ဤတာဝန် အောင်မြင်လျှင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင့်ခြောက်ရာအထိ ရရှိနိုင်ပေသည်။
သို့ရာတွင် ဤလုပ်ငန်းသည် အန္တရာယ်ကြီးမားသကဲ့သို့ အကျိုးအမြတ်လည်း များပြားလှသော လုပ်ငန်းတစ်ခု ဖြစ်ပြီး တစ်ခါတရံ ခြောက်လပတ်လုံး အလုပ်မရှိဘဲ နေရတတ်သော်လည်း အလုပ်တစ်ခု ရရှိရုံမျှဖြင့် ခြောက်လစာ ဖူလုံသွားတတ်ပေသည်။
ချင်ယွမ်ဖုန်းသည် တည်းခိုခန်းမှ အလျင်အမြန်ပင် ထွက်ခွာလာခဲ့ပြီးနောက် စာရွက်ပေါ်ပါ အချက်အလက်အားလုံးကို စိတ်ထဲ၌ မှတ်သားထားလိုက်၏။
“ကျောက်ယွဲ့က အခုလောလောဆယ် ထျန်းတူး ပြည်နယ်မြို့တော်မှာ နေထိုင်တယ်။ သူက အတိုးကြီးစားတဲ့ လုပ်ငန်းကို လုပ်ကိုင်တာကြောင့် လူအများအပြားရဲ့ အာဃာတကို ခံထားရသူ ဖြစ်တယ်။ သူ့ရဲ့ ကိုယ်ပိုင်သိုင်းပညာ အားကောင်းတဲ့အပြင် မဟာဆရာနယ်ပယ် ကျင့်စဉ်အဆင့်ရှိတဲ့ ကိုယ်ရံတော် နှစ်ယောက်ကိုလည်း ငှားရမ်းထားသေးတယ်”
ချင်ယွမ်ဖုန်းသည် ဤအချက်အလက်များကို စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုရင်း ထျန်းတူး ပြည်နယ်မြို့တော်ဆီသို့ လျင်မြန်စွာ ဦးတည်လိုက်တော့သည်။
ထျန်းတူး ပြည်နယ်မြို့တော်မှာ များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေသည်။ ချင်ယွမ်ဖုန်း သေဆုံးသွားပြီးသည့်နောက်တွင် ဆေးနတ်ဘုရားဂိုဏ်းသည်လည်း လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရချေသည်။
ဒုန်ဖန်းရှန့်မင်သည် ထိုကျွမ်းကျင်သူနှင့် ပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့ရပြီး ဒဏ်ရာအပြင်းအထန် ရရှိကာ ပျောက်ကွယ်သွားခဲ့ရ၏။
ဆေးနတ်ဘုရားဂိုဏ်း၏ တပည့်ဦးရေ ထက်ဝက်ကျော်မှာ သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြပြီး ကျန်ရှိသော ထက်ဝက်မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကာ ပုန်းအောင်းနေကြရရှာသည်။
ဆေးနတ်ဘုရားဂိုဏ်းကဲ့သို့ အင်အားကြီးမားလှသော ဂိုဏ်းကြီးတစ်ဂိုဏ်းသည် ယခုကဲ့သို့ ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ရသည်မှာ လွန်စွာ နှမြောတောင့်တဖွယ်ရာ ကောင်းလှပေသည်။
ဆေးနတ်ဘုရားဂိုဏ်း ပျက်စီးသွားပြီးနောက် မြေနက်မြေသည်လည်း တိုက်ခိုက်ခြင်းကို ခံခဲ့ရပြန်ရာ လင်ဇီအာသည်လည်း ထိုတိုက်ခိုက်မှုအတွင်း ကျဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်ချိုင်က သူမကို ကာကွယ်စောင့်ရှောက်ပေးခဲ့သောကြောင့် အန္တရာယ်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်ပေသည်။
ဆေးနတ်ဘုရားဂိုဏ်း ကျဆုံးသွားခြင်းနှင့်အတူ ရှာမိသားစုကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ဆေးနတ်ဘုရားဂိုဏ်း၏ နောက်သို့ လိုက်ပါခဲ့ကြသော အခြားသော ဂိုဏ်းအသီးသီးတို့သည်လည်း ဆက်လက်ဆန့်ကျင်ရန် အင်အား မရှိကြတော့ဘဲ ရှာမိသားစုထံသို့ လက်နက်ချ အညံခံခဲ့ကြရလေသည်။
ထိုသို့ဖြင့် လုယွဲ့အင်ပါယာ တစ်ခုလုံးသည် နောက်ဆုံးတွင် အလုံးစုံ ပြောင်းလဲသွားခဲ့ရပြီး ရန်ယန်သည်လည်း ကာလအတန်ကြာအောင် အလွန်တရာ ကြီးမားသော အရှိန်အဝါ ဂုဏ်ဒြပ်တို့ကို အပြည့်အဝ ခံစားစံစားခဲ့ရလေတော့သည်။