← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း။ ၅၆

အပြာရောင်နဂါး တာအိုကျောင်းတော်၏ ပထမဆုံးနေ့ကို မုန်တိုင်းထန်သော လှိုင်းလုံးများကြားမှ ရုန်းကန်ကာ ဖြတ်သန်းခဲ့ရပြီးနောက် ဘာမှပင် သတိမထားလိုက်ရမီ ဒုတိယမြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။

တပည့်အဖြစ် စတင်တာတပည့်ဆောင်နေကြသည့် တာအိုကျောင်းတော်မှ လူငယ်သိုင်းပညာရှင်များသည် မနက်စောစောကတည်းက လေ့ကျင့်ရေးကွင်းတွင် စုဝေးကာ တင်ပျဉ်ခွေထိုင်နေကြသည်။

အမြဲလိုလိုပင် သူတို့သည် နေ့ရက်ကို ချီစွမ်းအင် လည်ပတ်ခြင်းဖြင့် စတင်ကြသည်။

တာအိုကျောင်းတော်သို့ ရောက်ရှိလာသည့် လူပေါင်း ၁၀၁ ဦးစလုံးသည် နေရာအသီးသီးတွင် ထိုင်ကာ သူတို့၏ သိုင်းပညာရပ်အလိုက် ချီစွမ်းအင်ကို လည်ပတ်နေကြသည်။

"ဟွန်း"

မနက်စောစောကတည်းက လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိနေသည့် ဂွမ်မြောင်းသည် သင်တန်းသားများကို အကြည့်စူးစူးဖြင့် ကြည့်နေသည်။ လူအများစုမှာ ပုံမှန်အတိုင်း ချီစွမ်းအင်ကို လည်ပတ်နေကြသော်လည်း ဂွမ်မြောင်း၏ စိတ်ကို အလွန်အမင်း အနှောင့်အယှက် ဖြစ်စေသူ နှစ်ဦး ရှိနေသည်။

တစ်ဦးမှာ သိုင်းပညာကို လုံးဝမတတ်ဘဲ တာအိုကျောင်းတော်ထဲ ရောက်လာသည့် စီးယုဖြစ်သည်။ ချီစွမ်းအင် လည်ပတ်နည်းကို မသိရှာသော စီးယုသည် အခြားသူများကို လိုက်ကြည့်ကာ အဆင်မပြေစွာ ထိုင်နေရရှာသည်။

နောက်တစ်ဦးမှာ ဂျင်ဆိုဟွန်း ဖြစ်သည်။

ခေါင်းကို တစ်ငိုက်ငိုက်နှင့် အိပ်မက်ကမ္ဘာထဲတွင် ပျော်မွေ့နေသင့်သည့် အချိန်ဖြစ်သောကြောင့် ဂျင်ဆိုဟွန်းမှာ ချီစွမ်းအင် လည်ပတ်ရင်း အိပ်ငိုက်နေရှာသည်။

နမ်ဂန်းမိသားစုက အကြီးအကဲတစ်ယောက်က... ဒီလိုလူစားမျိုးကို ဘာဖြစ်လို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ...

အန်ဟွေပြည်နယ်ရဲ့ နမ်ဂန်းမိသားစုအနေနဲ့ကတော့... အရှေ့ဘက်မှာရှိတဲ့ ယွန်ငှက် တာအိုကျောင်းတော်ကိုပဲ စိုးရိမ်ပူပန်နေရမှာ မဟုတ်ဘူးလား...

ဒါပေမဲ့ နမ်ဂန်းမူဟျော့ကိုယ်တိုင်က တာအိုကျောင်းတော်ဆီ လာပြီးတော့ ဂျင်မိသားစုက ဂျင်ဆိုဟွန်းကို ဂရုစိုက်ပေးဖို့ တောင်းဆိုခဲ့တယ်။ သူက အဲဒီလောက်အထိ အလေးထားခဲ့လို့သာ... အမှန်ဆိုရင် ဝင်ခွင့်မရှိတဲ့ အစေခံမိန်းကလေးတောင် တာအိုကျောင်းတော်ထဲကို ဝင်ခွင့်ရခဲ့တာ...

ပြီးတော့... အဲဒီအစေခံရဲ့လက်ထဲမှာ နမ်ဂန်းမိသားစုရဲ့ ကျေးဇူးရှင်တံဆိပ်ပြားပါ ရှိနေသေးတယ်...

လက်ခံရေးတာဝန်ခံ အူဂယောမ် ပြောပြချက်အရ ဂျင်ဆိုဟွန်း၏ အစေခံမှာ နမ်ဂန်းမိသားစု၏ ကျေးဇူးရှင်တံဆိပ်ကို ပိုင်ဆိုင်ထားသည်ဟု ပြောပြသည်။

အသက်ကိုပင် ပေးဆပ်ရလောက်အောင် ကျေးဇူးပြုဖူးမှသာ ရရှိနိုင်သည့် ထိုတံဆိပ်ကို နမ်ဂန်းမူဟျော့ ကိုယ်တိုင် အာမခံပေးထားခြင်းပင်။

တစ်ခုခုတော့ ထူးခြားလိမ့်မယ်လို့ ထင်ခဲ့တာ... ငါမှားသွားတာလား။

ချီစွမ်းအင် မလည်ပတ်ဘဲ အိပ်ငိုက်နေသည့် ဂျင်ဆိုဟွန်းကို ကြည့်ရင်း ဂွမ်မြောင်း၏ ဒေါသမှာ အကြောင်းမဲ့ ပွက်ပွက်ဆူလာသည်။ ရွေးချယ်စရာ မရှိတော့သည့် ဂွမ်မြောင်းသည် ထိုင်ခုံမှ ထကာ အိပ်ငိုက်နေသည့် ဂျင်ဆိုဟွန်းထံ ချဉ်းကပ်သွားသည်။

"ဂျင်ဆိုဟွန်း"

ဂွမ်မြောင်း၏ ခေါ်သံကြောင့် အိပ်ငိုက်နေသည့် ဂျင်ဆိုဟွန်းက မျက်လုံးဖွင့်လိုက်သည်။

"အမ်….ဗျာ"

"အခုချိန်ဟာ ချီစွမ်းအင် လည်ပတ်ပြီး ခန္ဓာကိုယ်နဲ့ စိတ်ကို သန့်စင်ရမယ့်အချိန် ပြီးတော့ နောက်လာမယ့် ပညာရပ်တွေကို ချောမွေ့အောင် ပြင်ဆင်ရမယ့်အချိန်ပဲ"

"အာ... ဟုတ်ကဲ့"

"ငါပြောတာက အိပ်ငိုက်နေရမယ့်အချိန် မဟုတ်ဘူးလို့ ပြောတာ။ ငါပြောတာ နားလည်လား"

"ဟုတ်ကဲ့"

ပြန်ဖြေတာတော့ ကောင်းသည်။ သတိပေးပြီးနောက် ဂွမ်မြောင်းသည် ခြေပစ်လက်ပစ် ထိုင်နေသည့် ဂျင်ဆိုဟွန်းကို ဆက်ကြည့်နေသည်။

အချိန်ဘယ်လောက်ကြာသွားမှန်း မသိပေ ဂျင်ဆိုဟွန်း၏ ခေါင်းမှာ တစ်ဖန်ပြန်၍ ငိုက်စိုက်ကျလာပြန်သည်။

"ဒီကောင်လေး..."

သူ့သတိပေးချက်ကို လျစ်လျူရှုသည့် ဂျင်ဆိုဟွန်း၏ အမူအရာကြောင့် ဒေါသထွက်သွားသည့် ဂွမ်မြောင်းသည် တစ်ဖန်ပြန်၍ လျှောက်သွားသည်။ ဒေါသထွက်နေသည့် ဂွမ်မြောင်း၏ ခြေသံတို့က မြေကြီးပင် တုန်ဟီးသွားသည်။

"ဂျင်ဆိုဟွန်း"

ထိုတစ်ခါတွင်တော့ ဂျင်ဆိုဟွန်းက ချက်ချင်း မျက်လုံးဖွင့်ကာ ဂွမ်မြောင်းကို မော့ကြည့်သည်။

"ဗျာ"

ပြန်ဖြေတာတော့ ကောင်းသား။

"ငါ ရှင်းရှင်းလင်းလင်း ပြောထားတယ်လို့ ထင်တယ်။ ကျောင်းအုပ်ကြီးရဲ့ စကားက နောက်ပြောင်သလို ဖြစ်နေလား"

"ချီစွမ်းအင် လည်ပတ်ခိုင်းလို့ ကျွန်တော် လည်ပတ်နေတာပါ"

"မင်း ချီစွမ်းအင် လည်ပတ်နေတာ"

"ဟုတ်ကဲ့"

"မဟုတ်ဘူး မင်းက အိပ်ပျော်နေတာ"

ထိုအရာကလည်း အမှန်ဖြစ်နေသဖြင့် ဂျင်ဆိုဟွန်း ဘာမှပြန်မပြောနိုင်တော့ပေ။

ဒီကောင် ဘာတွေ လုပ်နေတာလဲ။

ဂျင်ဆိုဟွန်း နားမလည်နိုင်ပေ။

အိပ်ပျော်နေရင်းနဲ့တောင် ချီစွမ်းအင်ကို ကောင်းကောင်း လည်ပတ်နိုင်တာပဲ မဟုတ်ဘူးလား... ဒါဆို အိပ်နေတာနဲ့ ဘာဆိုင်လို့လဲ... အိပ်ရေးဝဝ အိပ်ထားမှလည်း နောက်ဆက်တွဲ သင်ခန်းစာတွေကို ပိုပြီး ဂရုစိုက်ပြီး နားထောင်နိုင်မှာပေါ့...

ဂျင်ဆိုဟွန်းက ဘာမှနားမလည်သည့် မျက်နှာဖြင့် ပြန်ကြည့်နေသဖြင့် ဂွမ်မြောင်း၏ မျက်နှာမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။

နှစ်ဦးသား၏ အကြည့်တို့ တိုက်ခိုက်နေချိန်တွင် ဂျင်ဆိုဟွန်း၏ ဘေးတွင် ထိုင်နေသည့် ဂျုံရိုအာမှာ အလွန်ပင် ခက်ခဲနေသည်။ ချီစွမ်းအင် လည်ပတ်ခြင်းကို စောစောစီးစီး အဆုံးသတ်ထားသည့် သူမှာ ဂျင်ဆိုဟွန်းတို့ကြောင့် မျက်လုံးမှိတ်ကာ လည်ပတ်နေဟန် ဆောင်နေရသည်။

ဒီကျိန်စာသင့်တဲ့ကောင် အေးဆေးပဲ လည်ပတ်နေစမ်းပါ။

ထိုနောက်တွင်လည်း ဂွမ်မြောင်းနှင့် ဂျင်ဆိုဟွန်းတို့ကြား ပဋိပက္ခမှာ ဆက်လက် ရှိနေခဲ့သည်။ ချီစွမ်းအင် လည်ပတ်ခြင်း ပြီးဆုံးပြီးနောက် တပည့်များသည် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းကို စတင်ကြသည်။ လူတိုင်းက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လေ့ကျင့်နေကြချိန်တွင် ဂျင်ဆိုဟွန်းကမူ ငေးငိုင်စွာ ရပ်နေသည်။

"မင်း ဘာလုပ်နေတာလဲ"

ဂွမ်မြောင်း၏ မေးခွန်းကြောင့် ဂျင်ဆိုဟွန်းက ပြောသည်။

"ကျွန်တော် အသက်ရှူနေတာပါ"

"အခုဟာ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း လုပ်ရမယ့်အချိန်လို့ ငါပြောထားတယ် မဟုတ်လား"

"ဟုတ်ကဲ့"

ဂွမ်မြောင်းမှာ ဂျင်ဆိုဟွန်းဆိုသည့် ကောင်လေးကို သေလုမျောပါး ဖြစ်အောင် ရိုက်ပစ်ချင်နေပြီဖြစ်သည်။

သို့သော် ပြဿနာမှာ ဂျင်ဆိုဟွန်း၏ ဆရာမှာ ဗဟိုလွင်ပြင်၏ ထိပ်သီးငါးဦးတွင် ပါဝင်သည့် ပျံသန်းဓားသူရဲကောင်း ကန်ချွန်း ဖြစ်ပြီး အဝါရောင်နဂါး တာအိုသခင်ကိုယ်တိုင်က ဂရုစိုက်ပေးရန် မှာကြားထားသဖြင့် အလွယ်တကူ လက်စွမ်းပြ၍ မရပေ။

ဒေါသကို အနိုင်နိုင် ထိန်းချုပ်ထားသည့် ဂွမ်မြောင်းက သတိပေးသည့်သဘောဖြင့် ပြောသည်။

"ငါ စကားကောင်းကောင်း ပြောနေတုန်းမှာပဲ အခုချက်ချင်း ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း စလုပ်တော့"

"...ဟုတ်ကဲ့"

ထိုတစ်ခါတော့ အဖြေက နည်းနည်း နောက်ကျသွားသည်။ ဂျင်ဆိုဟွန်းက နာခံစွာဖြင့် ဒိုက်ထိုးရန် ပြင်ဆင်လိုက်ချိန်တွင် ဂွမ်မြောင်းက ကျောခိုင်းလိုက်သည်။

တပ်…

တစ်ခုခု ကျသွားသည့် အသံကြားသဖြင့် ဂွမ်မြောင်း လှည့်ကြည့်လိုက်ရာ ဂျင်ဆိုဟွန်း၏ ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ တက်လာသည်။

ထိုအချိန်မှစ၍ ဂွမ်မြောင်းသည် ဂျင်ဆိုဟွန်းထံမှ အကြည့်မခွာတော့ပေ။ ဂျင်ဆိုဟွန်းမှာ ဒိုက်ကို အသေအချာ ထိုးနေပြီး အကြိမ်ရေ ၂၀ ကျော်သွားချိန်တွင် ဂွမ်မြောင်းက အကြည့်လွှဲလိုက်သည်။

တပ်…

ဂွမ်မြောင်း၏ ခေါင်းမှာ ချက်ချင်း လှည့်လာသည်။ ဂျင်ဆိုဟွန်းက ဒိုက်ထိုးမြဲ ဒိုက်ထိုးနေဆဲ။

သူ တစ်ခုခု လုပ်နေတာ သေချာတယ်။

သံသယဖြစ်သော်လည်း လက်တွေ့ အထောက်အထား မတွေ့ရသဖြင့် ဂွမ်မြောင်း ပြန်လှည့်သွားပြန်သည်။ ထိုအခါ ဂျင်ဆိုဟွန်းက စောင့်နေသည့်အလား ကြမ်းပြင်ပေါ်တွင် လဲလျောင်းလိုက်သည်။

ဘေးမှ ကြည့်နေသည့် ဂျုံရိုအာမှာ ဒေါသထွက်လာသည်။

ဒီကောင် ဘာတွေ လုပ်နေတာလဲ။

အံ့ဩစရာကောင်းသည်မှာ ဂျုံရိုအာ စောင့်ကြည့်နေသည့်အတိုင်း ဂျင်ဆိုဟွန်းမှာ ဂွမ်မြောင်း၏ အကြည့်ကို ကျွမ်းကျင်စွာ ရှောင်လွှဲပြီး ပျင်းရိနေခြင်းပင်။ ဂွမ်မြောင်း မကြည့်သည့်အချိန်တွင် ကြမ်းပြင်ပေါ် လဲလျောင်းကာ ပျင်းရိနေပြီး ဂွမ်မြောင်း ကြည့်လိုက်သည့်အချိန်တွင် ဒိုက်ထိုးနေဟန် ပြုလုပ်သည်။

လှုပ်ရှားမှုမှာ အလွန်လျင်မြန်သဖြင့် ဂွမ်မြောင်းသည် ဂျင်ဆိုဟွန်း လဲလျောင်းနေသည်ကို တစ်ကြိမ်မျှပင် မမြင်လိုက်ရပေ။ ရွေးချယ်စရာ မရှိတော့သည့်အဆုံး သူ၏ နေရာသို့ ပြန်သွားသည့် ဂျုံရိုအာက တိုးတိုးလေး ဆဲဆို လိုက်သည်။

"ဟေ့ကောင် မင်း အမှန်အတိုင်း မလုပ်ဘူးလား"

"တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖို့ သဘောတူထားတာ မဟုတ်လား"

"ဒီကောင်..."

ကြမ်းပြင်ပေါ် လဲလျောင်းကာ မေးစေ့ကို ကုတ်နေသည့် ဂျင်ဆိုဟွန်းကို ကြည့်ရင်း ဂျုံရိုအာမှာ ဒေါသထွက်လွန်း၍ အရူးပင် ဖြစ်တော့မည်။ ထိုအချိန်တွင် ဂွမ်မြောင်း၏ မိုးချုန်းသံကဲ့သို့ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ဂျုံရိုအာ"

"ဗျာ….ဗျာ"

"ငါ ဘယ်တုန်းက မင်းကို နားခိုင်းလိုက်လို့လဲ"

"မဟုတ်... အဲဒါက..."

ဂျုံရိုအာ၏ အကြည့်တို့က ဂျင်ဆိုဟွန်းဆီသို့ ရွေ့သွားသည်။

"ဟူး"

ဂျင်ဆိုဟွန်းမှာ ဘာမှမဖြစ်သည့်အလား ဒိုက်ထိုးနေသည်။

ဒီခွေးမသား...

"ဂျုံရိုအာ"

"...တောင်းပန်ပါတယ်"

ဂျုံရိုအာမှာ အလေးများ တပ်ဆင်ထားသည့် တုတ်ရှည်ကို ပခုံးပေါ်တင်ကာ အောက်ပိုင်းလေ့ကျင့်ခန်းကို အလျင်အမြန် လုပ်လိုက်သည်။ သူ ပြင်းပြင်းထန်ထန် လေ့ကျင့်နေစဉ် ဂျင်ဆိုဟွန်းကမူ ကြမ်းပြင်ပေါ် လဲလျောင်းကာ နွေးထွေးသည့် နေရောင်ခြည်ကို ခံယူနေသည်။

မကြာမီ ဂျင်ဆိုဟွန်းသည် ပိုးကောင်တစ်ကောင်လို ဂျုံရိုအာ၏ ရှေ့သို့ တွားသွားလာသည်။

"ဒီနေရာက အဆင်ပြေတယ်"

ဂျုံရိုအာ၏ အရိပ်ကို အသုံးပြု၍ လဲလျောင်းလိုက်သော ဂျင်ဆိုဟွန်းက ကျေနပ်စွာ ပြုံးသည်။

ငါ သူ့ကို သတ်ပစ်လိုက်ရမလား….

သတ်ဖြတ်လိုစိတ် ပေါ်လာပြီးနောက် ဂျုံရိုအာမှာ ကိုင်ထားသည့် အလေးတုတ်ဖြင့် ဂျင်ဆိုဟွန်း၏ ခေါင်းကို ရိုက်ချေပစ်ချင်စိတ် ပေါက်သွားသည်။ သို့သော် ဂျုံရိုအာ၏ ဆန္ဒမှာ စိတ်ကူးယဉ်မှုဖြင့်သာ အဆုံးသတ်ရမည်ပင်။

အပြာရောင်နဂါး တာအိုကျောင်းတော်ထဲတွင် လူသတ်မှု ကျူးလွန်မိပါက ဂျုံရိုအာမှာ ထာဝရအလင်းရောင် မမြင်ရတော့မည့် နောင်တဂူထဲသို့ အပိတ်ခံရမှာ သေချာသည်။

ဂျုံရိုအာသည် ဂျင်ဆိုဟွန်းအပေါ် ထားရှိသည့် သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ရန် ကြိုးစားနေစဉ် စီးယုမှာ အခြား အမျိုးသမီး သိုင်းပညာရှင်များနှင့်အတူ အလုပ်ရှုပ်နေသည်။

"ဟာ ဟာ"

ချွေးတပြိုက်ပြိုက်နှင့် လှုပ်ရှားနေသည့် စီးယုသည် ဂုဏ်ယူစိတ် ခံစားနေရသည်။

ဒါပေမဲ့ အစေခံအဖြစ် ကြာရှည်လုပ်ခဲ့တဲ့ သက်တမ်းက အထောက်အကူ ဖြစ်သားပဲ။

ဒိုက် ၄ ကြိမ် ထိုးနိုင်ခဲ့သည့် စီးယုက ကျေနပ်စွာ ပြုံးလိုက်ပြီး ဘေးနားရှိ ချွန်းယဲရန်းနှင့် မျက်လုံးချင်း ဆုံသွားသည်။ နီလာကျောက်မြတ်ကို မြှုပ်ထားသကဲ့သို့ အပြာရောင် မျက်ဝန်းတို့မှာ လျှို့ဝှက်ဆန်းကြယ်ပြီး လှပလွန်းသည်။

ဂျင်ဂါဟွန်းနှင့်အတူ ရှိစဉ်က အလှပဂေးတို့အပေါ် ခံနိုင်ရည်ရှိသည်ဟု ယုံကြည်ခဲ့သည့် စီးယုမှာ တာအိုကျောင်းတော်သို့ ရောက်မှသာ သူမ မည်မျှ မာနကြီးခဲ့မှန်း သဘောပေါက်သွားသည်။

သူမက တကယ်ကို လှတာပဲ။

အဖြူရောင် လနန်းတော်မှ ချွန်းယဲရန်း လှပကြောင်းမှာ နာမည်ကြီးသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ သို့သော် ချွန်းယဲရန်းမှာ ဤမျှထိ လှပနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ပေ။ စီးယုမှာ သူမကို စိုက်ကြည့်နေသည့် ချွန်းယဲရန်း၏ အကြည့်ကြောင့် ဖိအားပေးခံရသလို ခံစားရသည်။

"ပြောစရာ တစ်ခုခု ရှိလို့လား..."

"မင်း ကြိုးစားနေပုံရလို့ ကြည့်နေတာ"

အသံကအစ...

ပန်းချီကားတစ်ချပ်ကဲ့သို့ သူမ၏ ရုပ်ရည်နှင့်အတူ ချွန်းယဲရန်း၏ လှပသော အသံကြောင့် စီးယုမှာ တစ်စုံတစ်ခုအတွက် ရှုံးနိမ့်သွားသလို ခံစားရသည်။

"ကျွန်မ သိုင်းပညာ ဘာမှ မတတ်ပါဘူး။ ဒါကြောင့် တခြားသူတွေ လုပ်နေတာကိုပဲ လိုက်လုပ်နေတာပါ"

"အာ... ဟုတ်လား"

သူ့ရဲ့ စရိုက်ကလည်း တော်တော် ကောင်းတာပဲ။

ချွန်းယဲရန်းမှာ သူမကို အရင် စကားပြောပေးလောက်သည်အထိ စရိုက်ကောင်းပုံပင်။

"တစ်မျိုးပဲ... မင်းရဲ့ လှုပ်ရှားမှုတွေက အရိုင်းဆန်ပြီး အဆင်မပြေဘူးလို့ ထင်မိတယ်။ သိုင်းပညာ သင်ဖူးတဲ့သူဆိုရင် အရည်အချင်းမရှိတဲ့ ဆရာနဲ့ တွေ့ခဲ့မှာပဲလို့ တွေးမိလောက်အောင်ပါပဲ"

သိုင်းပညာရှင်တွေထဲမှာ သာမန်လူ မရှိဘူးလား

ချွန်းယဲရန်း၏ စရိုက်ကို စိတ်ထဲမှ ချီးကျူးနေသည့် စီးယုမှာ သူမ၏ အတွေးများ မှားယွင်းနေကြောင်း သဘောပေါက်သွားသည်။

"ဒါ….အဲ့လိုလား"

"ဟုတ်တယ်။ အဲဒီလို အသုံးမဝင်တဲ့ လှုပ်ရှားမှုတွေနဲ့ ခန္ဓာကိုယ်ကို ထိရောက်အောင် လေ့ကျင့်လို့ မရဘူး။ အချိန်ဖြုန်းတာပဲ"

"..."

စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် စီးယုမှာ တုံ့ဆိုင်းနေစဉ် ကြည့်နေသည့် မူရုံဆူဆူက သက်ပြင်းချကာ ရှေ့သို့ တိုးလာသည်။

"သခင်မလေးချွန်း သခင်မလေးစီးက သိုင်းပညာလည်း မသင်ဖူးသလို ခန္ဓာကိုယ် လေ့ကျင့်ပုံလည်း မသင်ဖူးပါဘူး။ သဘာဝအတိုင်းပဲ သူမရဲ့ လှုပ်ရှားမှုတွေက အရိုင်းဆန်နေမှာပေါ့။ ဒါပေမဲ့ ကြိုးစားနေတဲ့သူကို ဒီလိုစကားမျိုး ပြောတာတော့ မမှန်ဘူးလေ"

သခင်မလေးမူရုံကိုပဲ အားကိုးရမှာပေါ့။

သူမဘက်က ပြောပေးသည့် မူရုံဆူဆူကို ကြည့်ကာ စီးယုမှာ သက်ပြင်းချနိုင်သွားသည်။ ထိုအတောအတွင်း ချွန်းယဲရန်းမှာမူ ဘာမှမသိသလို မျက်နှာဖြင့်ပင် ရှိနေသေးသည်။

"မှားတာကို ထောက်ပြတာက မှားလို့လား"

"အဲဒါမဟုတ်ပါဘူး... ဒါပေမဲ့ ချိုချိုသာသာ ပြောလို့ရတာကိုး"

မူရုံဆူဆူ၏ နောက်ဆက်တွဲ အဖြေကြောင့် ချွန်းယဲရန်းမှာ ဝေခွဲမရ ဖြစ်သွားသည်။

"ငါ အဆဲစကား ပြောမိလို့လား"

"ဘာလဲ မဟုတ်ပါဘူး ကျွန်မပြောချင်တာ အဲဒါမဟုတ်ဘူး။ တစ်ဖက်လူကို ထည့်တွက်ပြီး ပိုပြီး သတိထား ပြောသင့်တယ်လို့ ပြောတာပါ"

ထည့်တွက်ခြင်း….

ချွန်းယဲရန်းမှာ ထည့်တွက်ခြင်းဟူသော စကားလုံးကို နားလည်ရန် ခက်ခဲနေသည်။ သူမ ပိုင်ဆိုင်သည့် အဖြူရောင် လနန်းတော်မှာ အရာအားလုံး ပြီးပြည့်စုံရမည်ဖြစ်ပြီး အမှားများကို ခွင့်မလွှတ်သည့်နေရာ ဖြစ်သည်။ အဖြူရောင် လနန်းတော်တွင် ချွန်းမိသားစု၏ ရာထူးမှာ ကောင်းကင်နှင့် တူသည်။

တစ်ခါမှ ထည့်တွက်ပေးရန် မကြိုးစားဖူးသည့် ချွန်းယဲရန်းအတွက် ထည့်တွက်ခြင်းဆိုသည့် သဘောတရားမှာ အလွန်ခက်ခဲပြီး နက်နဲလှသည်။

ငါက လိုအပ်တဲ့အရာကို ရှိတဲ့အတိုင်း ပြောလိုက်တာပါ။

ဘဝတစ်လျှောက်လုံး မကြားဖူးသော သဘောတရားတစ်ခုကြောင့် ချွန်းယဲရန်း ဝေခွဲမရ ဖြစ်နေချိန်တွင် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း ပြီးဆုံးသွားသည့် တပည့်များ၏ တရားဝင် သင်ခန်းစာများ စတင်တော့သည်။

"ပထမဆုံး သင်ခန်းစာက အဆိပ်ပဲ။ အဆိပ်ဆိုတာ သိုင်းလောက သမိုင်းမှာ အသက်အန္တရာယ်ပြုတဲ့ အစောဆုံး ကိရိယာတွေထဲက တစ်ခုလို့ ဆိုနိုင်တယ်"

တပည့်များ ပထမဆုံး သင်ယူရသည့်အရာမှာ အဆိပ်ဖြစ်သည်။

"ကျွန်တော်က သင်ကြားပေးဖို့ လာတဲ့ နည်းပြ တန်းဟိုချောလ်ပါ"

"ဟား အဆိပ်လက်သည်း အကြီးအကဲ တန်းဟိုချောလ် ဖြစ်လိမ့်မယ်လို့..."

"မင်း ငါ့ကို သိလို့လား"

"သိတာပေါ့။ သိုင်းလောကအကြောင်း နည်းနည်းလောက် သိတဲ့သူဆိုရင် အကြီးအကဲကို မသိတဲ့သူ ရှိမှာမဟုတ်ဘူး"

"မင်း နာမည်က ဘာလဲ"

"ကျွန်တော်က ယူမိသားစုလို့ခေါ်တဲ့ ဂိုဏ်းငယ်လေးက ယူဂါအိုဆွန်းပါ"

"ကောင်းပြီ။ မင်းတို့ထဲမှာ ငါ့ကို မသိတဲ့သူရှိရင် ဒီကောင်လေးဆီကနေ သင်ယူပါ။ ဗဟိုလွင်ပြင်မှာ ဗဟုသုတက စွမ်းအားပဲ။ ဒါ့အပြင် ပြိုင်ဘက်ကို သိထားတာကလည်း စွမ်းအားတစ်ခုပဲ။ အဆိပ်နဲ့ပတ်သက်ရင်လည်း အတူတူပဲ"

ထိုသို့ ပြောပြီးနောက် တန်းဟိုချောလ်က စားပွဲတွင် နှစ်ယောက်တစ်တွဲ ထိုင်နေသည့် လူငယ်သိုင်းပညာရှင်များ၏ ရှေ့တွင် ထူထဲသော စာအုပ်တစ်အုပ်ကို ချထားပေးကာ ပြောသည်။

"အခုချိန်ကစပြီး အချိန် တစ်နာရီ ပေးမယ်။ အဲဒီထဲမှာပါတဲ့ အဆိပ်အမျိုးအစားတွေနဲ့ ဖြေဆေးတွေကို အလွတ်ကျက်ထားကြ"

"..."

တပည့်များ၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားသည်။ စာအုပ်၏ အထူမှာ တစ်ချက်ကြည့်ရုံနှင့် သိသာပြီး အဆိပ်အမျိုးအစားမှာ ရာပေါင်းများစွာ ရှိနေသည်။

ဒီအရာကို အချိန် တစ်နာရီအတွင်း အလွတ်ကျက်ခိုင်းတယ်

အဆိပ်နှင့်ပတ်သက်ပြီး အခြေခံ သင်ယူဖူးသည့် ဂိုဏ်းကိုးဂိုဏ်းနှင့် မိသားစုငါးခုမှ မျိုးဆက်သစ်များမှာ စာအုပ်ကို အခက်အခဲမရှိ ဖွင့်ကြည့်ကာ သူတို့ သိသည်၊ မသိသည်ကို ခွဲခြားပြီး အလွတ်ကျက်ရန် ကြိုးစားကြသည်။

"သေစမ်း"

သို့သော် အချိန်ကုန်ခံပြီး အလွတ်ကျက်မည့်အစား ဓားလေ့ကျင့်ခြင်းက ပိုကောင်းမည်ဟု တွေးကာ စာပေကို လျစ်လျူရှုခဲ့သည့် ဂျုံရိုအာမှာ ခေါင်းမူးသွားသည်။

ဒီလိုဖြစ်မယ်ဆိုတာသာ သိခဲ့ရင်...

နောက်ကျသွားပြီ ဖြစ်သော်လည်း နောင်တမှာ နောင်တသာဖြစ်သည်။ ဂျုံရိုအာမှာ အံကြိတ်ကာ အဆိပ်များကို အလွတ်ကျက်နေချိန်တွင် ဂျင်ဆိုဟွန်းက စာအုပ်ကို ခေါင်းအုံးပြုကာ လဲလျောင်းနေသည်။

"အား….ငါ မလုပ်ချင်ဘူး"

"မင်း ဘာလုပ်နေတာလဲ"

ဂျုံရိုအာ၏ မေးခွန်းကြောင့် ဂျင်ဆိုဟွန်းက မျက်လုံးသာ လှုပ်ရှားပြီး သူ့ကို ကြည့်သည်။

"ဘာလဲ"

"မင်း ဒီတစ်ခါလည်း ပျင်းဖို့ စီစဉ်နေတာ မဟုတ်ဘူးမလား"

"ပျင်းနေတာမဟုတ်ဘူး ဒါက တရားမှတ်နေတာ"

မဖြစ်နိုင်တာ... သူက အဆိပ်အကြောင်း နားလည်လို့လား

ဂျင်ဆိုဟွန်း၏ အမူအရာမှာ အဆိပ်အကြောင်း လုံးဝမသိသည့်ပုံစံ မဟုတ်ဘဲ အလွန်ယုံကြည်မှု ရှိနေသည်။ သံသယဝင်သွားသည့် ဂျုံရိုအာက စာအုပ်ကို အလျင်အမြန် လှန်လှော ကြည့်သည်။ သို့သော် အချိန်တိုအတွင်း ကျက်မှတ်ရမည့် အဆိပ်အမျိုးအစားများမှာ များလွန်းပြီး ဖြေဆေးများမှာ ပို၍ပင် ရှုပ်ထွေးနေသည်။

ဘာလို့ ဒီလောက်တောင် များနေရတာလဲ။

ဂျုံရိုအာ ရုန်းကန်နေရချိန်တွင် ကတိပေးထားသည့် အချိန် တစ်နာရီမှာ မျက်စိတစ်မှိတ်

အတွင်း ကုန်ဆုံးသွားသည်။ တစ်နာရီ ကုန်ဆုံးပြီးနောက် တပည့်များ၏ ရှေ့တွင် ပန်းကန်လုံး ငါးခုကို ချထားပေးသည်။ ပန်းကန်လုံးထဲတွင် အသားလုံးများ၊ အစေ့အဆန်များ၊ ခေါက်ဆွဲများကဲ့သို့ အမျိုးမျိုးသော အစားအစာများ ရှိသည်။

"အဲဒီ အစားအစာတွေထဲမှာ အဆိပ်ပါတာလည်း ရှိသလို မပါတာလည်း ရှိတယ်။ အခုထိ လေ့လာခဲ့တာကို အခြေခံပြီး အဆိပ်ပါတာနဲ့ မပါတာကို ခွဲခြားကြ။ အဆိပ်ပါတဲ့ အစားအစာကို စားမိရင်တော့..."

တန်းဟိုချောလ်၏ စကား မဆုံးခင်မှာပင် အမျိုးမျိုးသော ဆေးဖက်ဝင် အပင်များနှင့် အဆိပ်သင့် အပင်များ ပါဝင်သည့် ပုလင်းတစ်ခုကို သူတို့ရှေ့ ချထားပေးသည်။

"မင်းတို့ စားမိတဲ့ အဆိပ်အလိုက် ဖြေဆေးကို ပြင်ဆင်ပြီး သောက်ကြ"

တန်းဟိုချောလ်၏ ရှင်းပြချက် ပြီးဆုံးသွားသည့်အခါ တပည့်များ၏ မျက်နှာများမှာ မည်းမှောင်သွားသည်။ လူတိုင်း တုံ့ဆိုင်းနေပြီး အစားအစာကို အလွယ်တကူ မထိရဲကြချိန်တွင် လူနှစ်ဦးမှာ တစ်ပြိုင်နက် လက်ဆန့်ထုတ်လိုက်သည်။

အိုဟို။

တန်းဟိုချောလ်က ထိုနှစ်ဦးကို စိတ်ဝင်တစား ကြည့်သည်။

အဆိပ်ပါနိုင်တဲ့ အစားအစာကို ရဲရဲဝံ့ဝံ့ လက်ဆန့်ထုတ်ရဲတယ်။ သူတို့က အဆိပ်အကြောင်း နက်နက်ရှိုင်းရှိုင်း သိတာ ဒါမှမဟုတ် ဘာမှမတွေးဘဲ သတ္တိကောင်းပြနေတာပဲ။ ကဲ... ဘယ်သူက ဘယ်လိုလဲ

လက်ဆန့်ထုတ်သူများမှာ ဂျင်ဆိုဟွန်းနှင့် ချွန်းဂါဆောင်းတို့ ဖြစ်သည်။ ဂျင်ဆိုဟွန်းက အသားလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်ကို မြင်လိုက်ရသည့် ဂျုံရိုအာက အံ့ဩစွာ မေးသည်။

"မင်း... သိလျက်နဲ့ စားနေတာလား"

အသားလုံးကို ဝါးနေသည့် ဂျင်ဆိုဟွန်းက ပြောသည်။

"အဆင်ပြေပုံပဲ။ အရသာရှိတယ်"

အဆိပ် မပါဘူးလား။

ဂျင်ဆိုဟွန်း၏ တုံ့ပြန်မှုကို ကြည့်ရသမျှ အဆိပ်မပါပုံပင်။ ထို့အပြင် အဖြူရောင် လနန်းတော်၏ နန်းတော်သားငယ် ချွန်းဂါဆောင်းမှာလည်း ဂျင်ဆိုဟွန်းနည်းတူ အသားလုံးများ ပါသည့် ပန်းကန်လုံးကို မြှောက်ယူလိုက်သည်။

အဆိပ် မပါဘူး….

တန်းဟိုချောလ်က နှစ်ဦးကို စိတ်ဝင်တစား ကြည့်နေသည်ကို မြင်လိုက်ရသည့် ဂျုံရိုအာ၏ စိတ်မှာ လှုပ်ရှားသွားသည်။

ငါက ဂုဏ်ယူစရာကောင်းတဲ့ ဂျုံနမ်ဂိုဏ်းရဲ့ သိုင်းပညာရှင်ပဲ။ ဒီကောင်လေးတွေထက် နိမ့်ကျလို့ မဖြစ်ဘူး။

ဂျုံရိုအာမှာ ရဲရဲဝံ့ဝံ့ပင် အသားလုံးတစ်လုံးကို ကောက်ယူပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

အသားလုံးကို အကြိမ်အနည်းငယ် ဝါးပြီးနောက် သူမျိုချလိုက်သည်။

ထင်တာထက်တောင် အရသာ ရှိသား။ မျှော်လင့်ထားတဲ့အတိုင်းပဲ အဆိပ်မပါဘူး။ အဆိပ်သာပါရင် သူတို့ ဒီလောက်ပေါ့ပေါ့ပါးပါး စားမှာမဟုတ်ဘူး။ ဒီကောင်လေးတွေလည်း စဉ်းစားချက် ရှိမှာပေါ့။

ဂျုံရိုအာမှာ သူ၏ အတွေးများ မှားယွင်းမနေဘူးဟု သဘောပေါက်သွားသည်။ သို့သော် ထိုအချိန်တွင် သူ့ဘေးမှ ချွန်းဂါဆောင်း၏ အသံ ထွက်ပေါ်လာသည်။

"ဒီအသားလုံးမှာ အဆိပ်ပါနေတယ်။ သိပ်တော့ မပြင်းပါဘူး... ဒါပေမဲ့ မသိဘဲ စားမိရင်တော့ ဒုက္ခရောက်နိုင်တယ်"

"ဘာ..."

ဂျုံရိုအာ ကြားလိုက်ရသည်မှာ အသားလုံးတွင် အဆိပ်ပါနေသည်ဟု ပြောကာ အသားလုံး ပါသည့် ပန်းကန်ကို ဖယ်ထားလိုက်သည့် ချွန်းဂါဆောင်း၏ ပုံပင်။

မကြာမီ ဂျုံရိုအာ၏ ဝမ်းဗိုက်မှာ တဆစ်ဆစ်နာလာသည်။

"အူး"

ဂျုံရိုအာမှာ ဝမ်းဗိုက်ကို ဖိကိုင်ရင်း မုန်းတီးသော အကြည့်ဖြင့် ဂျင်ဆိုဟွန်းကို စိုက်ကြည့်သည်။

"ဒီ... ခွေးမသား... မင်း ငါ့ကို လှည့်စားလိုက်တာလား..."

နေရာမှ ထရပ်လိုက်သည့် ဂျုံရိုအာမှာ ခြေနှစ်ချောင်းကို အဆင်မပြေစွာ ယှဉ်ရပ်လျက် တစ်နေရာသို့ အလျင်အမြန် ပြေးသွားသည်။ ကြားထဲတွင် ဂျုံရိုအာမှာ သတ်ဖြတ်လိုသော အကြည့်များဖြင့် ဂျင်ဆိုဟွန်းကို စိုက်ကြည့်နေသည်။

"ဒီကောင် ဘာဖြစ်ပြန်တာလဲ အရသာရှိတာကို"

ဂျုံရိုအာ ဘာလို့ ဒီလို လုပ်နေလဲဆိုတာ ဂျင်ဆိုဟွန်း နားမလည်နိုင်ပေ။ သူကတော့ အသားလုံးလေး အရသာရှိသည်ဟုသာ တွေးနေသည်။

"နောက်ထပ် ရဦးမလား"

All Chapters