← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အခန်း။ ၅၉

အပြာရောင်နဂါး တာအိုကျောင်းတော်၏ နံနက်ခင်းသည် အလွန်စောစီးစွာ စတင်သည်။

စုဝေးချိန်ကို အချက်ပေးသည့် ခေါင်းလောင်းသံ သုံးကြိမ် မြည်လာသည်နှင့် တည်းခိုခန်း အသီးသီးမှ အရာရှိများမှာ တန်းစီ၍ ထွက်လာကြသည်။

"ဘာအချိန်ရှိသေးလို့လဲ..."

မျက်နှာသစ်ချိန်ပင် မပေးသည့် အပြာရောင်နဂါး တာအိုကျောင်းတော်၏ စီမံခန့်ခွဲမှုပုံစံအပေါ် အမျိုးသမီး အရာရှိများက မကျေမနပ် ဖြစ်နေကြပြီး အမျိုးသား အရာရှိများမှာလည်း ထို့အတူပင်။

ဒီအခြေအနေမှာတောင် သူက အိပ်ပျော်နေတုန်းပဲ။

ခေါင်းလောင်းသံ မြည်သော်လည်း ကုတင်ပေါ်မှ မရွေ့လျားသော ဂျင်ဆိုဟွန်းကို ဂျုံရိုအာက လျစ်လျူရှုကာ အပြင်သို့ ထွက်သွားသည်။ သူ၌ ဂျင်ဆိုဟွန်းကို ဂရုစိုက်ပေးရမည့် သံယောဇဉ် သို့မဟုတ် သစ္စာတရား မရှိပေ။

အချိန်မီ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာသည့် ဂျုံရိုအာသည် သူထက်အရင် ရောက်နှင့်နေသည့် ဟျော့အူဂွန်ကို တွေ့လိုက်ရသဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"ဘာလဲ မင်းက ကြည့်ရတာ မိန်းမတစ်ယောက် ဖြစ်လာဖို့ ကြံစည်နေတာလား"

"မင်း ဘာတွေ အဓိပ္ပာယ်မရှိ ပြောနေတာလဲ"

"မိတ်ကပ်လိမ်းမလို့ဆိုရင် သေချာလိမ်းစမ်းပါ။ မင်းရဲ့ မျက်ခုံးကြားမှာ ဘာဖြစ်နေတာလဲ မျက်ခုံးအသစ် တစ်ခုခုများ ဆွဲလိုက်တာလား"

ဂျုံရိုအာက ဟီးဟီးနှင့် ရယ်မောကာ ဟျော့အူဂွန်၏ မျက်ခုံးကြားကို လက်ညှိုးထိုးပြသည်။ ထိုအခါ ဟျော့အူဂွန်က သက်ပြင်းတစ်ချက်ချကာ ပြောသည်။

"မင်းကိုယ်မင်း အရင်ကြည့်ပြီးမှ ပြောပါ"

"ဘာ"

"အ….အကြီးအစ်ကို"

ထိုအချိန်တွင် ဂျုံရိုအာနှင့် တစ်ဂိုဏ်းတည်းဖြစ်သော ဂျုံနမ်ဂိုဏ်းမှ သိုင်းပညာရှင်တစ်ယောက်က ကြေးမှန်ကို အလျင်အမြန် ယူလာပေးသည်။ သံသယဖြစ်ဖွယ် မျက်နှာဖြင့် ကြေးမှန်ကို စစ်ဆေးကြည့်လိုက်သော ဂျုံရိုအာမှာ သူ၏ လည်ပင်းတွင် အနက်ရောင်မျဉ်းကြောင်း တစ်ခု ဆွဲထားသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။

"ဒါ ဘာလဲ"

ဂျုံရိုအာမှာ ဒေါသထွက်ကာ အင်္ကျီလက်ဖြင့် လည်ပင်းကို ပွတ်သပ်လိုက်သော်လည်း မည်သည့်အရာဖြင့် ဆွဲထားသည်မသိပေ အနက်ရောင်မျဉ်းကြောင်းမှာ ပျောက်ကွယ်သွားခြင်း မရှိပေ။

"ဒါ ဘာတွေ ဖြစ်ကုန်တာလဲ..."

"ငါတို့လောက်တင် မဟုတ်ဘူး"

ဂျူနီယာညီလေး၏ စကားကြောင့် မျက်စိကစားကြည့်လိုက်ရာ အခြားသော အရာရှိများစွာ၏ မျက်ခုံးကြားနှင့် လည်ပင်းများတွင်လည်း အနက်ရောင် မျဉ်းကြောင်းများ ဆွဲထားသည်ကို တွေ့လိုက်ရသည်။ ညဘက်တွင် ပေါ်လာသည့် ထိုအနက်ရောင် မျဉ်းကြောင်းများ၏ အရင်းမြစ်ကို သူတို့လည်း မသိကြပေ။

ထိုအတောအတွင်း ဂွမ်မြောင်းမှာ ပလက်ဖောင်းပေါ်သို့ ရောက်လာသည်။

"ပိတ်လိုက်ကြ တန်းစီကြ"

ဂွမ်မြောင်း၏ ချီစွမ်းအင်ပါသော အသံကြောင့် အရာရှိများမှာ အလျင်အမြန် နေရာယူလိုက်ကြသည်။

"မရောက်သေးတဲ့သူ ဘယ်သူမှ မရှိတော့ဘူးနော်"

ဂွမ်မြောင်း၏ မေးခွန်းကြောင့် ဂျုံရိုအာက လက်ကို မြှောက်လိုက်သည်။

"ဂျင်ဆိုဟွန်း မရောက်သေးပါဘူး"

"ဟုတ်လား ဒါဆို မင်းဘေးမှာ ရပ်နေတာက သရဲ ဖြစ်နေမှာပေါ့"

"ဘာ"

ဘေးကို လှည့်ကြည့်လိုက်သော ဂျုံရိုအာမှာ အိပ်ချင်မူးတူး မျက်နှာဖြင့် သူ့ဘေးတွင် ရပ်နေသည့် ဂျင်ဆိုဟွန်းကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

သူ အဲဒီမှာ မရှိခဲ့ပါဘူး။

သူ နေရာယူစဉ်ကပင် ဂျင်ဆိုဟွန်းမှာ ထိုနေရာတွင် မရှိခဲ့ပေ။ ထိုအချိန်ထိတိုင် ဂျင်ဆိုဟွန်း၏ တည်ရှိမှုကို မခံစားမိခဲ့သည့် ဂျုံရိုအာမှာ သူ၏ ဂုဏ်သိက္ခာ ထပ်မံ ထိခိုက်သွားရသည်။

ဒီကောင် ဘယ်ကနေ ရောက်လာတာလဲ။

ဒေါသထွက်နေသော်လည်း ဂျုံရိုအာမှာ ပါးစပ်ပိတ်ထားရုံမှလွဲ၍ ဘာမှမလုပ်နိုင်ပေ။

"အားလုံး ရောက်နေပြီလို့ သဘောထားပြီး ပြောမယ်။ မျက်ခုံးကြားနဲ့ လည်ပင်းမှာ အနက်ရောင် မျဉ်းကြောင်းရှိတဲ့သူတွေ ဘယ်ဘက် မရှိတဲ့သူတွေ ညာဘက်ကို သွားကြ"

ဂွမ်မြောင်း၏ ညွှန်ကြားချက်ကြောင့် အရာရှိ တစ်ရာမှာ ဝရုန်းသုန်းကား ရွေ့လျားကြသည်။ မျဉ်းကြောင်းရှိသူ ၉၇ ဦးရှိပြီး မရှိသူမှာ ၃ ဦးသာ ရှိသည်။

မျှော်လင့်ထားတဲ့အတိုင်းပဲ အဖြူရောင် လနန်းတော်ကပဲ။

မျက်ခုံးကြားတွင် မျဉ်းကြောင်းမရှိသော ချွန်းဂါဆောင်းနှင့် ချွန်းယဲရန်းကို ကြည့်ကာ ဂွမ်မြောင်း သဘောကျမိသည်။ သို့သော် သူတို့ကြားတွင် မထင်မှတ်ထားသည့် လူတစ်ယောက် ရှိနေသည်။

အဲဒီကောင်လေး…..

ဂျင်ဆိုဟွန်းမှာ သူတို့နှင့်အတူ ရပ်နေသည်။ အခန်းအတူတူနေသည့် ဂျုံရိုအာ၏ လည်ပင်းမှာပင် အမှတ်အသား ရှိနေသည့်အတွက် မှားယွင်းရန် အကြောင်းမရှိပေ။

ဆိုလိုတာက ညဘက်က တိုက်ခိုက်မှုကို သူ သတိထားမိတယ်ဆိုတဲ့ သဘောလား အဲဒီကောင်လေးက….

နားလည်ရခက်သော အခြေအနေဖြစ်သော်လည်း ဂွမ်မြောင်းမှာ ဂျင်ဆိုဟွန်းကို ခေတ္တဘေးဖယ်ထားကာ မျဉ်းကြောင်းရှိသူများထံသို့ မျက်နှာမူ ပြောလိုက်သည်။

"မင်းတို့ရဲ့ မျက်နှာမှာ အနက်ရောင်မျဉ်းတွေ ရှိနေလို့ ရှုပ်ထွေးနေမယ် ထင်တယ်။ အဲဒါတွေကို မင်းတို့ မျက်နှာနဲ့ လည်ပင်းမှာ ညဉ့်နက်သန်းခေါင်တုန်းက ကျောင်းတော်က နည်းပြတွေက ဆွဲပေးသွားတာပဲ"

"အာ..."

"သူတို့ ဘယ်တုန်းက ရောက်လာတာလဲ"

"ငါတို့ ဘာမှ မခံစားမိလိုက်ဘူး"

"ဒါက ပျက်ရော ပျက်နိုင်သေးလား"

အရာရှိများ အမျိုးမျိုး တုံ့ပြန်နေစဉ် ဂွမ်မြောင်းက ထပ်ပြောသည်။

"ကဲ ခံစားချက် ဘယ်လိုရှိလဲ"

အရာရှိများမှာ မျက်လုံးအဝိုင်းသားဖြင့် မှိတ်တုတ်မှိတ်တုတ် လုပ်နေကြသည်။ ထိုမေးခွန်း၏ ရည်ရွယ်ချက်ကို သူတို့ နားမလည်ကြသောကြောင့်ပင်။ မည်သူမျှ ချက်ချင်း ပြန်မဖြေကြသဖြင့် ဂွမ်မြောင်းက ဆက်ပြောသည်။

"မင်းတို့ရဲ့ မျက်ခုံးကြားနဲ့ လည်ပင်းမှာ အနက်ရောင်မျဉ်းတွေ ဆွဲခဲ့တဲ့အရာက ဒါပဲ"

ဂွမ်မြောင်း ထုတ်ပြလိုက်သည်မှာ စုတ်တံတစ်ခု ဖြစ်သည်။

"ဒါပေမဲ့... မင်းတို့ရဲ့ လည်ပင်းနဲ့ မျက်ခုံးကြားကို ထိခဲ့တာက စုတ်တံမဟုတ်ဘဲ ခရစ်ဓားတို ဖြစ်ခဲ့ရင်ကော မင်းတို့ ဘာဖြစ်သွားမလဲ"

အရာရှိများမှာ ကျောစိမ့်သွားကာ သူတို့၏ လည်ပင်းနှင့် မျက်ခုံးကြားကို စမ်းသပ်မိကြသည်။ ဂွမ်မြောင်း ပြောသည့်အတိုင်းသာ သူတို့ထံ ရောက်လာသူများမှာ အပြာရောင်နဂါး တာအိုကျောင်းတော်မှ နည်းပြများမဟုတ်ဘဲ လုပ်ကြံသတ်ဖြတ်သူများသာ ဖြစ်ခဲ့လျှင်ကော သူတို့သည် သူတို့သေဆုံးရခြင်း အကြောင်းရင်းကိုပင် မသိလိုက်ရဘဲ အသက်ဆုံးရှုံးကြရလိမ့်မည်။

"ဒါပေမဲ့ ဒါက အပြာရောင်နဂါး တာအိုကျောင်းတော်လေ။ သေချာတာပေါ့ ရုတ်တရက် တိုက်ခိုက်ခံရဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တာ..."

ဇူဂယ်မင်း၏ အတိုးအကျယ် ရေရွတ်သံကြောင့် ဂွမ်မြောင်းက အသိအမှတ်ပြုသည့်သဘောဖြင့် ခေါင်းငြိမ့်သည်။

"ဟုတ်တယ်။ မင်းပြောသလို ဒါက အပြာရောင်နဂါး တာအိုကျောင်းတော်ပဲ။ ရန်သူက ရုတ်တရက် တိုက်ခိုက်လို့ မဖြစ်နိုင်တဲ့ နေရာ။ ဒါပေမဲ့ မင်းတို့ သိလား"

"ဘာကိုလဲ"

"အဖူးအညွှန့်ချေမှုန်းပစ်ခြင်းကြောင့် သေဆုံးခဲ့ရတဲ့ မျိုးဆက်သစ်တွေအားလုံးလည်း ဒီလိုပဲ ခံစားခဲ့ရမှာပဲ။ သူတို့ သေဆုံးသွားလိမ့်မယ်လို့ စိတ်ကူးတောင် ယဉ်ခဲ့မှာ မဟုတ်ဘူး။ သူတို့ တစ်သက်လုံး မွေးဖွားကြီးပြင်းခဲ့တဲ့ အိမ်မှာ သူတို့ ယုံကြည်ခဲ့တဲ့သူရဲ့ ဓားသွားက သူတို့ လည်ပင်းနဲ့ နှလုံးသားကို ဖောက်ထွင်းသွားမယ်လို့ ဘယ်သူကများ မျှော်လင့်ထားမှာလဲ"

ဂွမ်မြောင်း ပြောသည့်အတိုင်းပင်။ အဖူးအညွှန့်ချေမှုန်းပစ်ခြင်းကြောင့် သေဆုံးခဲ့ရသည့် မျိုးဆက်သစ် အရည်အချင်းရှိသူများထဲတွင် သူသေဆုံးမည့်အချိန်ကို ကြိုတင်သိထားမည့်သူ တစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။

"ရန်သူ့ဓားက ဘယ်အချိန် ဘယ်နေရာမှာမဆို မင်းတို့အသက်ကို ပစ်မှတ်ထားနိုင်တယ်။ ဒါကို လျစ်လျူရှုရင် မင်းတို့ သေရလိမ့်မယ်"

"..."

"အမြဲတမ်း သံသယရှိပါ၊ သတိဝီရိယရှိပါ။ သိုင်းလောကထဲ ခြေချပြီးတဲ့နောက် မင်းတို့ကို ကာကွယ်ပေးမယ့်သူက သိုင်းလောက မဟာမိတ်အဖွဲ့ မဟုတ်ဘူး။ မင်းတို့ရဲ့ မိသားစု သို့မဟုတ် ဂိုဏ်းလည်း မဟုတ်ဘူး... မင်းတို့ကိုယ်တိုင်ပဲ"

သိုင်းလောက၏ ရက်စက်မှုကို သွယ်ဝိုက်၍ သိရှိလိုက်ရသည့် လူငယ် အရာရှိများမှာ ဂွမ်မြောင်း၏ သွန်သင်ချက်ကို ရင်ထဲစွဲမှတ်ကာ လက်ဆုပ်လက်ကိုင်ဖြင့် အရိုအသေပြုကြသည်။

"အတော်လေး နားလည်သွားပြီဆိုရင် အနက်ရောင်မျဉ်းကြောင်း ရှိတဲ့သူတွေ လေ့ကျင့်ရေးကွင်းကို အပတ်တစ်ရာ ပတ်ပြေး"

"...ဘာ"

ဇူဂယ်မင်းက မှင်သက်စွာ မေးလိုက်သောအခါ ဂွမ်မြောင်းက လေ့ကျင့်ရေးကွင်း၏ ကြမ်းပြင်ကို လက်ညှိုးထိုးပြပြီး ပြောသည်။

"ပြေးကြ။ အပတ်တစ်ရာ။ အရင်ဆုံး ရောက်တဲ့ ၁၀ ယောက်ကိုပဲ ငါ လက်ခံမယ်"

သို့သော် အရာရှိများမှာ နားမလည်နိုင်ဘဲ မျက်တောင်ခတ်နေကြသဖြင့် ဂွမ်မြောင်းက စိတ်ပျက်စွာ ထပ်ပြောသည်။

"မပြေးကြဘူးလား"

"သွား…"

လျင်မြန်စွာ သဘောပေါက်သည့် အရာရှိများက လေ့ကျင့်ရေးကွင်းကို အလျင်အမြန် စတင်ပြေးကြသည်။ ထိုအခါ ကျန်ရှိသော အရာရှိများမှာလည်း လေ့ကျင့်ရေးကွင်းကို ပြေးကြသည်။ အရာရှိများက သူတို့၏ ပေါ့ပါးသွက်လက်သော လှုပ်ရှားမှုများကို ပြသကာ ပြေးနေကြစဉ် ဂွမ်မြောင်းက သတိပေးသည့်အလား ပြောလိုက်သည်။

"ချီစွမ်းအင်ကို လုံးဝ မသုံးရဘူး လှုပ်ရှားမှုသိုင်းကို အသုံးပြုတာ တွေ့ရရင် ချက်ချင်း အပတ်အရေအတွက်ကို တိုးပေးမယ်"

"ဒါက ငရဲပဲ"

"လှုပ်ရှားမှုသိုင်းတောင် မသုံးဘဲ အပတ်တစ်ရာ ပြေးခိုင်းတာလား"

ကြောင်တောင်တောင် ဖြစ်နေကြသည့် တပည့်များမှာ မျက်ရည်စက်လက်ဖြင့် လေ့ကျင့်ရေးကွင်းအတွင်း အပြေးလေ့ကျင့်နေကြရသည်။ တစ်ချိန်တည်းမှာပင် အပြာရောင်နဂါးတာအိုကျောင်းတော်၌ သိုင်းပညာကို တစ်ခါမျှ မသင်ယူဖူးသည့် တစ်ဦးတည်းသောသူဖြစ်သော စီးယုမှာ ဂွမ်မြောင်းရှေ့တွင် တွန့်ဆုတ်တွန့်ဆုတ်နှင့် ရောက်လာခဲ့သည်။

“ခွင့်ပြုပါ... ကျောင်းတော်ခေါင်းဆောင်"

“ဘာကိစ္စရှိလို့လဲ”

“ကျွန်မ မွေးကတည်းက သိုင်းပညာကို တစ်ခါမျှ မသင်ဖူးပါဘူး။ တခြားအရာရှိတွေလို ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကိုလည်း တစ်ခါမှ မလုပ်ဖူးပါဘူး"

“ဒါနဲ့ ဘာဖြစ်လဲ”

“အပတ်တစ်ရာဆိုတာ ကျွန်မအတွက် များလွန်းနေမလားလို့...”

လက်နှစ်ဖက်ကို စနစ်တကျ ပူးထားသည့် စီးယုမှာ ဂွမ်မြောင်းကို တောင်းပန်သည့်မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။ ဂွမ်မြောင်းက သူမကို ငုံ့ကြည့်ပြီးနောက် တစ်ဝက်ခန့် ပြေးပြီးသားဖြစ်နေသည့် တပည့်များကို လက်ညှိုးထိုးပြလိုက်သည်။

“ဒီနှုန်းအတိုင်းဆိုရင် မင်း နောက်ကျကျန်ခဲ့လိမ့်မယ်။ တစ်နေ့လုံး လေ့ကျင့်ရေးကွင်းမှာ ပတ်ပြေးနေချင်တာ မဟုတ်ဘူးမလား"

“ဒ… ဒါပေမဲ့...”

“အပြာရောင်နဂါးတာအိုကျောင်းတော်ထဲ ရောက်လာပြီဆိုရင် အရာရှိအားလုံး တန်းတူပဲ။ သိုင်းမသင်ဖူးတာနဲ့ ငါ အခွင့်အရေး မပေးနိုင်ဘူး"

“အာ... အာ...”

“တာအိုကျောင်းတော်ထဲ ဝင်လာကတည်းက ဒီလောက်တော့ ပြင်ဆင်ထားသင့်တာပေါ့"

စီးယုမှာ မျက်နှာဖျော့တော့လျက် ရှိုက်ကြီးတငင် ငိုကြွေးနေသော်လည်း ဂွမ်မြောင်းကမူ မညှာမတာပင်။

“မြန်မြန်ပြေးစမ်း အခုချက်ချင်း"

“ဟင့်…ဟုတ်...”

စီးယုမှာ လေ့ကျင့်ရေးကွင်းကို ပတ်ပြေးရင်း ထောင့်တစ်နေရာတွင် ရပ်နေသည့် ဂျင်ဆိုဟွန်းကို လှမ်းကြည့်လိုက်သည်။ အနက်ရောင်မျဉ်းကြောင်း မရှိသည့် ဂျင်ဆိုဟွန်းမှာ အဖြူရောင်လနန်းတော်မှ ကလေးနှစ်ယောက်နှင့်အတူ လေ့ကျင့်ရေးကွင်းကို ပတ်ပြေးစရာ မလိုပေ။

“သခင်လေး...”

စီးယု၏ အော်ခေါ်သံကြောင့် ဂျင်ဆိုဟွန်းက သူမကို ကြည့်လိုက်သည်။

“စီးယု...”

“ကျွန်မကို ကယ်ပေးပါဦး"

“အကောင်းဆုံး ကြိုးစားပါ"

“ဒ… ဒါ...”

ဘယ်သူ့ကြောင့် ဒီလိုအဖြစ်မျိုး ရောက်နေရတာလဲ

စီးယုမှာ စိတ်ထဲမှ မကျေမနပ်ဖြစ်နေသော်လည်း ဤနေရာကို ရောက်လာခြင်းမှာ သူမ၏ ကိုယ်ပိုင်ဆန္ဒအရသာ ဖြစ်သည်။ အဓိကအစေခံ ဖြစ်လာရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် အပြာရောင်နဂါးတာအိုကျောင်းတော်ကို ဝင်လာခဲ့ခြင်းဖြစ်ရာ အံကြိတ်၍သာ လေ့ကျင့်ရေးကွင်းကို ပတ်ပြေးရတော့သည်။ အဝေးမှ ဤမြင်ကွင်းကို ကြည့်နေသည့် ဂျင်ဆိုဟွန်းက လက်ပိုက်လျက် ကျေနပ်စွာ ပြုံးလိုက်သည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ ရှောင်လွှဲနိုင်လိုက်တာ ကောင်းလိုက်တာ"

မနေ့ညက ဂျင်ဆိုဟွန်းမှာ ညဉ့်နက်သန်းခေါင်အချိန်၌ အားနည်းသည့် တည်ရှိမှုတစ်ခုကို ခံစားခဲ့ရသည်။

ဘယ်သူလဲ။

တည်ရှိမှု မပါဘဲ ချဉ်းကပ်လာသည့် ညည့်ဧည့်သည်မှာ လုပ်ကြံသူဖြစ်ရမည်ဟူသော ဗီယွန်းဂဲ၏ သွန်သင်ချက်အတိုင်း ဂျင်ဆိုဟွန်းမှာ ချီစွမ်းအင် အာရုံများကို စုစည်းကာ အနက်ရောင်ဝတ်လူသား၏ လှုပ်ရှားမှုကို အကဲခတ်ခဲ့သည်။

ထိုအချိန်၌ပင် ဂျင်ဆိုဟွန်း၏ အခန်းထဲသို့ အသံတိတ်ဝင်လာသည့် အနက်ရောင်ဝတ်လူသားမှာ ရင်ဘတ်ထဲမှ စုတ်တံတစ်ခုကို ထုတ်လိုက်သည်။

သူ့ဆီမှာ သတ်ဖြတ်လိုစိတ် မရှိဘူး... သူ ဘာလုပ်မလို့လဲ

အနက်ရောင်ဝတ်လူသားမှာ သူကိုင်ထားသည့် စုတ်တံဖြင့် ဂျုံရိုအာ၏ လည်ပင်းပေါ်တွင် ရှည်လျားသည့် မျဉ်းကြောင်းတစ်ခုကို လျှို့ဝှက်စွာ ဆွဲလိုက်သည်။ သူ၏လုပ်ရပ်အပေါ် သံသယဖြစ်နေသည့် ဂျင်ဆိုဟွန်းမှာ နောက်တစ်ကြိမ် အနားကပ်လာပါက ရှောင်ရှားရန် ပြင်ဆင်လိုက်သည်။ ဂျင်ဆိုဟွန်းကို ရှာဖွေပြီး ကုတင်ပေါ်ကို ခဏစစ်ဆေးကြည့်ရှုသော အနက်ရောင်ဝတ်လူသားမှာ မကြာမီပင် အရိပ်အယောင်မရှိ ပျောက်ကွယ်သွားသည်။

“ဟူး...”

အရိပ်ဖုံး လှုပ်ရှားမှုဖြင့် အနက်ရောင်ဝတ်လူသားကို လှည့်စားခဲ့သည့် ဂျင်ဆိုဟွန်းမှာ ကမ္ဘာကိုမေ့လျော့ကာ အိပ်ပျော်နေသည့် ဂျုံရိုအာကို ကြည့်ပြီး ပုခုံးတွန့်လိုက်သည်။

“ကောင်းပြီ... အဆင်ပြေမှာပါ မဟုတ်ဘူးလား"

သူ အဆိပ်ရနံ့ မရရှိသလို ဂျုံရိုအာ၏ ခန္ဓာကိုယ်တွင်လည်း ထူးခြားမှု မရှိသည့်အတွက် အတွေးများကို ရပ်တန့်လိုက်ပြီး ပင်ပန်းနွမ်းနယ်နေသဖြင့် ကုတင်ပေါ် လှဲချကာ ချက်ချင်း အိပ်ပျော်သွားခဲ့သည်။

“တကယ်ကို စိတ်သက်သာရာ ရလိုက်တာ"

အတိတ်ကို ပြန်လည်အမှတ်ရခြင်းမှ ထွက်ခွာလိုက်သည့် ဂျင်ဆိုဟွန်းမှာ လေ့ကျင့်ရေးကွင်းကို ပတ်ပြေးစရာ မလိုသည့်အတွက် ကျေးဇူးတင်မိသည်။ ရပ်နေရန်ပင် ပင်ပန်းသည့်သူအတွက် အပတ်တစ်ရာ ပြေးခိုင်းခြင်းမှာ ပျင်းရိသူတစ်ယောက်အတွက်တော့ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မခြားနားပေ။

“ဟား... အမ်း...”

“ဟူး... ဟူး...”

အပတ်တစ်ရာ ပြေးပြီးသည့် သိုင်းပညာရှင်များမှာ အမောတကော ဖြစ်နေကြသည်။ ဂွမ်မြောင်းမှာ အရင်ဆုံးရောက်လာသည့် ဆယ်ဦး၏ မျက်နှာများကို ကြည့်လိုက်သည်။

ဟျော့အူဂွန်၊ ဂျုံရိုအာ၊ ပန်ဆိုဖုန်း၊ မူရုံဆူဆူ၊ အိုဆောဟွာ...

သူတို့အားလုံးမှာ ဂိုဏ်းကိုးဂိုဏ်းနှင့် မိသားစုငါးခုမှ သိုင်းပညာရှင်များ ဖြစ်ကြသည်။ ထူးချွန်သည့် သိုင်းပညာရှင်မှာ ချီစွမ်းအင်နှင့် ပြင်ပအားကို မျှမျှတတ လေ့ကျင့်ထားသောကြောင့် ကြံ့ခိုင်မှု ပိုမိုကောင်းမွန်သည်။

မိသားစုငါးခုထဲမှာ ဆယ်ဦးစာရင်းထဲ မပါတာက ဇူဂယ်မင်းလား။

ပန်ဆိုဖုန်း သို့မဟုတ် မူရုံဆူဆူတို့နှင့် မတူဘဲ ဆယ်ဦးစာရင်းထဲ မပါဝင်နိုင်သည့် ဇူဂယ်မင်းမှာ ချွေးပြန်နေရင်း လေ့ကျင့်ရေးကွင်းကို ပတ်ပြေးနေရသည်။

“ဟားဟား မင်း ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း လုပ်ဖို့ ပျင်းမနေသင့်ဘူး"

ပန်ဆိုဖုန်း၏ နောက်ပြောင်သည့် အကြံပေးချက်ကြောင့် ဇူဂယ်မင်းက ပြေးနေရင်းပင် ရေရွတ်လိုက်သည်။

“မင်းနဲ့ မတူဘူး ညီအစ်ကိုပန်။ ငါက ရုပ်ပိုင်းဆိုင်ရာထက်စာရင်... ဗဟုသုတ တိုးပွားဖို့ဘက်မှာ ပိုရှိတာလေ... ဟော့...”

“စကားမပြောနဲ့ ပြေး”

မူရုံဆူဆူ၏ အမိန့်ကြောင့် ဇူဂယ်မင်းမှာ ပါးစပ်ပိတ်၍ ကြိုးစားပြေးရတော့သည်။ ထို့ကြောင့်ပင် ဒုတိယဆယ်ဦးစာရင်းထဲ ဝင်နိုင်ခဲ့သည့် ဇူဂယ်မင်းမှာ လဲကျသွားပြီး ပန်ဆိုဖုန်းနှင့် မူရုံဆူဆူတို့က သူ့ထံ ချဉ်းကပ်လာကြသည်။

“မင်း အလုပ်ကြိုးစားခဲ့ပါတယ်"

“ဒါပေမဲ့ မင်း သိက္ခာကိုတော့ ဆယ်ထားနိုင်ခဲ့တယ်"

“ဟား... ဒီလိုမျိုး... ငါနဲ့ မကိုက်ညီဘူး"

“ဒါနဲ့ အံ့ဩစရာပဲ။ အဲဒီ လူငယ်သူရဲကောင်းဂျင်လည်း သူတို့ထဲမှာ ပါနေတာပဲ"

မူရုံဆူဆူမှာ ချွန်းဂါဆောင်းနှင့် ချွန်းယဲရန်းတို့အကြား အဆင်မပြေစွာ ရပ်နေသည့် ဂျင်ဆိုဟွန်းကို နားမလည်သည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ရုပ်ရည်ချောမောသည့် ချွန်းဂါဆောင်းနှင့် ထူးခြားစွာ လှပသည့် ချွန်းယဲရန်းတို့ကြားတွင်ပင် ဂျင်ဆိုဟွန်း၏ ရုပ်ရည်မှာ မနိမ့်ကျပေ။ ဆန့်ကျင်ဘက်အားဖြင့် ရုပ်ရည်ဖြင့်သာ တိုင်းတာရမည်ဆိုလျှင် အပြာရောင်နဂါးတာအိုကျောင်းတော်၌ ချွန်းယဲရန်းနှင့် ဂျင်ဆိုဟွန်းတို့ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။

“ဒါက သဘာဝ ရလဒ်တစ်ခု ဖြစ်နိုင်တယ်"

ဇူဂယ်မင်း၏ ရေရွတ်သံကြောင့် မူရုံဆူဆူက သူ့ကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။

“ဘာကို ဆိုလိုတာလဲ”

“အဲဒါက...”

နမ်ဂွန်းဆဲလူပင် မယှဉ်နိုင်သည့် ကျောက်ရေကန်၏ ရန်သူကို တစ်ဦးတည်း အနိုင်ယူခဲ့သည့် ဂျင်ဆိုဟွန်းမှာ သိုင်းစွမ်းအားတစ်ခုတည်းဖြင့်တင် အပြာရောင်နဂါးတာအိုကျောင်းတော်တွင် နံပါတ်တစ်ဟု ခေါ်ဆိုခံရလျှင် ထူးဆန်းစရာ မရှိပေ။ သို့သော် ဤအချက်ကို မသိသည့် ပန်ဆိုဖုန်းနှင့် မူရုံဆူဆူတို့မှာ ဇူဂယ်မင်းကို နားမလည်နိုင်စွာ ကြည့်နေကြသည်။ ဇူဂယ်မင်းက လက်ကို ဝှေ့ယမ်းပြလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ ဟားဟားဟား... လူငယ်သူရဲကောင်းဂျင်က ကံကောင်းလို့ ဖြစ်မှာပါ။ တိုက်ခိုက်မှု မဖြစ်ခင်က အိမ်သာသွားလို့ ဖြစ်မယ်လေ"

“အင်း... အဲဒါ ဖြစ်နိုင်တယ်"

လျင်မြန်စွာ ယုံကြည်သွားသည့် ပန်ဆိုဖုန်းနှင့် မတူဘဲ မူရုံဆူဆူမှာမူ သံသယကို မဖျောက်ဖျက်နိုင်သည့် မျက်နှာဖြင့် ဇူဂယ်မင်းကို ကြည့်လိုက်သည်။

“လူငယ်သူရဲကောင်းဇူဂယ်က... ငါတို့ကို တစ်ခုခုဖုံးကွယ်ထားပုံပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါတော့ မင်း ငါ့ကို ပြောပြရမယ်။ နားလည်လား”

“ဟားဟား...”

သိမ်မွေ့သည့် ဖိအားများ ပါဝင်နေသည့် မူရုံဆူဆူ၏ အသံကြောင့် ဇူဂယ်မင်းမှာ ရယ်မောလိုက်ရုံသာ တတ်နိုင်တော့သည်။

လျှို့ဝှက်ချက်တစ်ခုကို သိမ်းထားရတာ ဒီလောက်တောင် ခက်ခဲလိမ့်မယ်လို့ မထင်ခဲ့ဘူး။

သူ့၏ စွမ်းရည်များကို ဖုံးကွယ်ထားသည့် ပျင်းရိသူ၏ လျှို့ဝှက်ချက်ကို ကာကွယ်ရန် သူမှာ အဆင်မပြေသည့် ရယ်သံကိုသာ ထုတ်လွှတ်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် လူတိုင်း ပြေးပြီး၍ ပြန့်ကျဲနေချိန်၌ လေ့ကျင့်ရေးကွင်းကို တစ်ယောက်တည်း အထီးကျန်စွာ ပတ်ပြေးနေသည့် မိန်းကလေးတစ်ယောက် ရှိနေသည်။

“ဟား... ဟား... အဓိကအစေခံပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်... ဒီအတိုင်းဆိုရင်တော့... ငါ အရင်ဆုံး သေလိမ့်မယ်...”

All Chapters