← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အခန်း။ ၆၀

လရောင်မှာ ပုံမှန်ထက် ပိုမိုတောက်ပစွာ လင်းလက်နေသည့် ညတစ်ည ဖြစ်သည်။ မြင့်မားပြီး ကျော့ရှင်းသော အဆောက်အအုံ၏ ခေါင်မိုးပြားများကို အပြာရောင် ကျောက်မျက်အမာခံဖြင့် ပြုလုပ်ထားသဖြင့် ပြာလဲ့လဲ့ အရောင်အဆင်းရှိနေကာ လရောင်ကျရောက်လာသည့်အခါတွင်မူ ထိုအုတ်ကြွပ်ပြားများ၏ ထူးခြားသည့် အရောင်အသွေးမှာ တကယ့်တန်ဖိုးကို ပေါ်လွင်စေသည်။

အပြာရောင် အုတ်ကြွပ်ပြားများက ညဉ့်နက်ပိုင်း လရောင်ကို စုပ်ယူထားပြီး ငွေရောင်သမ်းသော အပြာရောင် လျှို့ဝှက်ဆန်းကြယ်မှုကို ဖြာထွက်စေသည်။ ထိုမြင်ကွင်းမှာ ကြည့်ရှုသူ၏ အာရုံကို လွင့်ပါးသွားစေလောက်အောင်ပင် ထူးခြားလှသည်။

နေ့ခင်းအချိန်ထက် ညဘက်တွင် ပိုမိုလှပပြီး ကောင်းကင်မှ လမင်းကြီးပင် မနာလိုဖြစ်ရမည့် ထိုနေရာမှာ အဖြူရောင် လနန်းတော်ပင်။

လရောင်၏ လမ်းညွှန်မှုအတိုင်း လူနှစ်ဦး လမ်းလျှောက်လာနေကြသည်။ မြင့်မားသော အဆောက်အအုံကို ထောက်ထားသည့် တိုင်များကို ကျော်ဖြတ်ပြီး အပြာရောင် ပိုးထည်များ ခင်းထားသော လမ်းပေါ်တွင် လျှောက်လှမ်းနေစဉ် လရောင်မှာ သူတို့၏ ခေါင်းပေါ်၌ တောက်ပနေသည်။

ခြေသံပင် မကြားရဘဲ ပေါ့ပါးသွက်လက်စွာ ရောက်ရှိလာသော ထိုအမျိုးသားနှင့် အမျိုးသမီးတို့မှာ လရောင်ကို ထည့်သွင်းထားသည့် ခွက်ဖြင့် အရက်ကို သောက်သုံးနေသော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည့် ကြီးမားသော ထိုင်ခုံရှေ့သို့ ရောက်ရှိသွားကြသည်။

“ရောက်လာကြပြီလား"

“နန်းတော်သခင်ကို ဂါရဝပြုပါတယ်"

သူတို့နှစ်ဦးမှာ တစ်သံတည်းပြောဆိုပြီး ဒူးတစ်ဖက်ထောက်ကာ အရိုအသေပြုလိုက်သည်။

“ခေါင်းမော့ကြ"

ထိုသူနှစ်ဦး ခေါင်းမော့လိုက်သည့်အခါ လရောင်အောက်တွင် ထင်ဟပ်နေသော သူတို့၏ မျက်နှာများမှာ အလွန်ပင် လှပနေကြသည်။ အမျိုးသားမှာ ထူထဲသော မျက်နှာသွင်ပြင်နှင့်အတူ ယဉ်ကျေးသိမ်မွေ့သော ရုပ်ရည်ကို ပိုင်ဆိုင်ထားသော်လည်း သူ့ဘေးမှ အမျိုးသမီး၏ အလှတရားလောက်တော့ မဟုတ်ပေ။

လရောင်အောက်က အလှတရားဟူသော စကားပုံမှာ သူမအတွက်ပင် ဖန်တီးထားသကဲ့သို့ပင်။

သူမ၏ မျက်ဝန်းကြီးများမှာ အပြာရောင် ကျောက်မျက်ကို မြှုပ်ထားသကဲ့သို့ အရောင်လဲ့နေပြီး ကောင်းကင်ဘုံ၏ အလှပဆုံး အစိတ်အပိုင်းများကိုသာ ရွေးချယ်ဖန်တီးထားသကဲ့သို့ ပြီးပြည့်စုံလှသည်။

သို့သော် ပြီးပြည့်စုံသော သူမတွင်လည်း အနည်းငယ်သော အပြစ်အနာအဆာ ရှိသေးသည်။ အဲဒါမှာ သူမ၏ ဖြူဖွေးသော လည်ပင်းပေါ်ရှိ မှဲ့နက်ရာလေးပင်။ သို့သော် ထိုအသေးအဖွဲ အနာအဆာက သူမ၏ အလှတရားကို မထိခိုက်စေနိုင်ပေ။ သူတို့ကို ငုံ့ကြည့်နေသော အဖြူရောင် လနန်းတော်သခင်က စကားစလိုက်သည်။

“သိုင်းလောက မဟာမိတ်အဖွဲ့က တာအိုကျောင်းတော် လေးပါးကို တည်ထောင်ထားတယ်။ မင်းတို့နှစ်ယောက် အဲဒီထဲက အပြာရောင်နဂါး တာအိုကျောင်းတော်ကို ဝင်ရမယ်။ ငါ သူတို့နဲ့ ပြောပြီးသားမို့ ဝင်ခွင့်နဲ့ ပတ်သက်ပြီး ပြဿနာ မရှိစေရဘူး"

“အမိန့်အတိုင်း လိုက်နာပါ့မယ်"

မေးခွန်းများ ရှိနေသော်လည်း သူတို့ မမေးမြန်းကြပေ။ အဖြူရောင် လနန်းတော်တွင် နန်းတော်သခင်၏ စကားမှာ ဥပဒေဖြစ်ပြီး ထိုဥပဒေကို သံသယဝင်ခြင်းမှာ သစ္စာဖောက်ခြင်းနှင့် အတူတူပင်။ ပါးလွှာသော ပိုးဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသမီးက သူ့ခွက်ထဲသို့ အရက်ထည့်ပေးလိုက်သည့်အခါ နန်းတော်သခင်က ခွက်ကို မြှောက်ကာ သောက်လိုက်သည်။

“အဖြူရောင် လနန်းတော်သခင်က သူ့ရဲ့ ကလေးတွေကို လောကထဲ မလွှတ်တာက သူတို့က မထိုက်တန်လို့ပဲဆိုပြီး ကောလာဟလတွေ ထွက်နေကြတယ်"

နန်းတော်သခင်ကို ကြည့်နေသည့် သူတို့နှစ်ဦး၏ မျက်နှာများ တင်းမာသွားသည်။

“ငါ ကောလာဟလတွေကို ဂရုမစိုက်ဘူး။ ခွေးတွေက ဘယ်လောက်ပဲ ဟောင်ဟောင် ခွေးပဲလေ။ ခွေးအဖြစ် မွေးလာတဲ့သူတွေက ဘယ်တော့မှ ကျားမဖြစ်နိုင်ဘူး။ ဒါပေမဲ့ မင်းတို့ကတော့ ကျားရဲ့ သားသမီးတွေအဖြစ် မွေးဖွားလာကြတာ"

အဖြူရောင် လနန်းတော်သခင် ချွန်းယူဆင်မှာ အသက်ခြောက်ဆယ် ရှိနေပြီဖြစ်သော်လည်း သူ၏ရုပ်ရည်မှာ အသက်လေးဆယ်ကျော်အရွယ်သာ ထင်ရသည်။ ကြီးမားပြီး သန်မာသည့် ကိုယ်ခန္ဓာနှင့် ထက်မြက်သည့် အကြည့်များက သူ ကျန်းမာနေဆဲဖြစ်ကြောင်း သက်သေပြနေသည်။

“သွားကြ။ ဂိုဏ်းကိုးဂိုဏ်းနဲ့ မိသားစုငါးခုတွေထက် သာလွန်တဲ့ နန်းတော်တစ်ခု ရှိတယ်ဆိုတာ သွားသက်သေပြခဲ့"

“အမိန့်အတိုင်း လိုက်နာပါ့မယ်"

နန်းတော်သခင်၏ အမိန့်ကို ရရှိလိုက်ပြီဖြစ်သည်။ အဖြူရောင် လနန်းတော်မှာ ဂိုဏ်းကိုးဂိုဏ်းနှင့် မိသားစုငါးခုတို့ထက် သာလွန်ကြောင်း သက်သေပြရမည်။

ချွန်းယူဆင်၏ နေရာကို ဆက်ခံမည့် ကောင်းကင်အောက်တွင် နံပါတ်တစ် ဓားသမားများဖြစ်ကြောင်း သက်သေပြရမည်။ အမိန့်ကို ရရှိပြီးနောက် အပြာရောင်နဂါး တာအိုကျောင်းတော်သို့ ဝင်ရောက်လာသည့် ချွန်းဂါဆောင်းက သူ့၏ အေးစက်စက် အကြည့်များကို ဂျင်ဆိုဟွန်းဆီသို့ ပို့လိုက်သည်။

“ဟား... ဝှါး…...”

ပျင်းရိငြီးငွေ့စွာဖြင့် ဘာမျှမရှိသော လေဟာနယ်ကို ကြည့်ကာ သမ်းဝေနေသူတစ်ယောက်။

ထူးဆန်းတဲ့ကောင်။

ဝင်ခွင့်ပြုပွဲနေ့က ဂျင်ဆိုဟွန်းမှာ ချွန်းယဲရန်းကို မကောင်းသည့်အပြုံးဖြင့် စိုက်ကြည့်နေသောကြောင့် သူ၏မျက်လုံးများကို ဖောက်ထုတ်ပစ်ချင်ခဲ့သည်။

ကုန်သည်မျိုးရိုးမှ ပိုးကောင်ငယ်လေးတစ်ကောင်က ချွန်းယဲရန်းကို စိတ်ကူးယဉ်ရဲသည်ဟု ထင်မိခဲ့သည်။ သို့သော် သတိပေးပြီးနောက်တွင်မူ ဂျင်ဆိုဟွန်းမှာ သူမကို လုံးဝ မကြည့်တော့ပေ။ တစ်ချက်မျှပင် မကြည့်တော့။

အစပိုင်းတွင် ကြောက်သွားသည်ဟု ထင်ခဲ့သော်လည်း နောက်ပိုင်း သူ၏ လုပ်ရပ်များမှာ ထိုသို့ မဟုတ်ပေ။

အဆိပ်ပါသည့် အစာကိုလည်း ဂရုမစိုက်ဘဲ စားတယ်။ အပြာရောင်နဂါး တာအိုကျောင်းတော်က စီစဉ်တဲ့ ရုတ်တရက် တိုက်ခိုက်မှုကိုလည်း မမိခဲ့ဘူး။

သူ ပိုက်ဆံသုံးလိုက်တာလား။ မဟုတ်ဘူး အဲဒါ မဖြစ်နိုင်ဘူး။

သိုင်းလောက မဟာမိတ်အဖွဲ့မှာ ငွေဖြင့် လှုပ်ရှားနိုင်သည့် အဖွဲ့အစည်း မဟုတ်ချေ။ ဆိုလိုသည်မှာ ဂျင်ဆိုဟွန်းတွင် ချွန်းဂါဆောင်းပင် မတွေ့လိုက်ရသော တစ်ခုခု ရှိနေခြင်းပင်။

သိုင်းသမားတွေက သူတို့ရဲ့ စွမ်းရည် ၃၀ ရာခိုင်နှုန်းလောက်ကို ဖုံးကွယ်ထားလေ့ရှိတယ်။ ဒီကောင်က သူ့ရဲ့ စွမ်းရည်အစစ်ကို ဖုံးကွယ်ထားတာလား။

သူ၏ ပျင်းရိမှုနောက်ကွယ်တွင် တကယ့်စွမ်းရည်များ ဖုံးကွယ်ထားပါက ဂျင်ဆိုဟွန်းမှာ ချွန်းဂါဆောင်း ထင်ထားသလောက် လွယ်ကူသူ မဟုတ်ပေ။ ချွန်းဂါဆောင်း၏ အကြည့်များက ဂျင်ဆိုဟွန်းဆီသို့ ပိုမိုထက်မြက်လာသည်။ တစ်ချိန်တည်းတွင် အကြည့်ခံနေရသည့် ဂျင်ဆိုဟွန်းမှာ ခေါင်းနောက်ပိုင်းတွင် ထူးဆန်းနေသလို ခံစားရသည်။

ဟမ်... ဒီကောင် ဘာဖြစ်ပြန်တာလဲ။

ချွန်းဂါဆောင်း၏ စရိုက်မှာ ထူးဆန်းကြောင်း ပထမနေ့ကတည်းက သိထားပြီးဖြစ်သည်။ အေးဆေးနေတတ်သူက ယခု ရန်သူကို ကြည့်သလို စိုက်ကြည့်နေသဖြင့် ဂျင်ဆိုဟွန်းမှာ ခေါင်းနောက်ပိုင်း ပေါက်ထွက်တော့မလို ခံစားရသည်။

သူပြောတဲ့အတိုင်းပဲ လုပ်နေတာလေ အခု ဘာပြဿနာလဲ။ တစ်ချက်လောက် ထိုးလိုက်ရမလား။

ဂျင်ဆိုဟွန်းမှာ ချွန်းဂါဆောင်း၏ ခေါင်းကို တစ်ချက်လောက် ထိုးလိုက်ချင်စိတ် ပေါက်လာသည်။ သူ့သဘာဝမှာ ကောင်းမွန်သော်လည်း အရိုက်ခံရပြီး ငြိမ်ခံနေလောက်သည့်အထိတော့ မတုံးအပေ။

အာ... ထားလိုက်ပါတော့။ တကယ်လည်း ပေါက်ထွက်သွားတာမှ မဟုတ်တာ။

သို့သော် ပျင်းရိခြင်း အကြီးစိုးနေသည့် ဂျင်ဆိုဟွန်းမှာ ချွန်းဂါဆောင်းကို လျစ်လျူရှုလိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဘာလို့ အစ်ကိုက...

ချွန်းယဲရန်းမှာ ဝေခွဲမရ ဖြစ်နေသည်။ အဖြူရောင် လနန်းတော်မှ မဟုတ်သူများကို လူလို့ပင် မသတ်မှတ်သော ချွန်းဂါဆောင်းက ဂျင်ဆိုဟွန်းကို သတ်မတတ် စိုက်ကြည့်နေသောကြောင့်ပင်။

ငါ့ကြောင့်လား။

ပထမနေ့က ဂျင်ဆိုဟွန်းနဲ့ အကြည့်ချင်း ဆုံမိလို့လား။

တွေးကြည့်တော့လည်း... ဘာလို့ ငါက...

ထူးဆန်းသည်မှာ ချွန်းယဲရန်းက မျိုးရိုးဗီဇအရ ဉာဏ်ကောင်းသူဖြစ်သည်။ သူမ၏ အစ်ကို ချွန်းဂါဆောင်းလည်း အတူတူပင်။

သူမတွင် ထူးခြားသည့် မှတ်ဉာဏ်ရှိသဖြင့် တစ်ခါကြားဖူး၊ မြင်ဖူးသည်ကို ဘယ်တော့မှ မေ့မသွားပေ။ ထိုမှတ်ဉာဏ်မှာ လူများနှင့် ပတ်သက်လျှင်လည်း အတူတူပင်။

သူက ငါ့မှတ်ဉာဏ်ထဲမှာ မရှိဘူး။

ချွန်းယဲရန်းမှာ ဂျင်ဆိုဟွန်းဆိုသည့် လူတစ်ယောက်ကို မြင်ဖူးသည့် မှတ်ဉာဏ် လုံးဝမရှိပေ။

အသိမိတ်ဆွေ တစ်ယောက်ယောက်ဆိုလျှင်ပင် သူ့မျက်နှာကို မှတ်မိနေမှာ ဖြစ်သည်။

သူမ၏ အကြည့်များက ဂျင်ဆိုဟွန်းအတွက် အဆိပ်သင့်စေမည်ကို သိသော်လည်း သူ့ဆီမှ အကြည့်လွှဲရန် သူမအတွက် ခက်ခဲနေသည်။ ထိုအချိန်တွင် လေ့ကျင့်ရေးကွင်းကို အပတ်တစ်ရာ ပြေးပြီး အောင်မြင်သွားသည့် စီးယုမှာ မောပန်းနွမ်းနယ်နေဟန်ဖြင့် ယိုင်တိုင်တိုင် လျှောက်လာသည်။

"ဟူး... ဟူး... သခင်လေး"

"မင်း အလုပ်ကြိုးစားခဲ့တာပဲ။ လမ်းတစ်ဝက်မှာတင် မောပန်းပြီး လဲကျသွားလိမ့်မယ်လို့ ထင်ခဲ့တာ အောင်မြင်အောင် လုပ်နိုင်လိုက်တာပဲ"

"ကျွန်မ... ကျွန်မထင်တယ်... ဟူး... ဒီနေရာက ကျွန်မနဲ့ မကိုက်ညီဘူးထင်တယ်"

ဂျင်ဆိုဟွန်းကို ဦးညွှတ်လိုက်သည့် စီးယုသည် ဂွမ်မြောင်းရှေ့သို့ ချက်ချင်း လျှောက်သွားသည်။

"ကျောင်းတော်ခေါင်းဆောင်... ကျွန်မ... အခုပဲ အပြာရောင်နဂါး တာအိုကျောင်းတော်ကနေ ထွက်သွားသင့်ပြီ ထင်တယ်"

"ခွင့်မပြုဘူး"

"ဒ….ဒါပေမဲ့ ကျွန်မလိုလူ ဒီမှာရှိနေလို့ ဘာမှ အကူအညီ ဖြစ်မှာမဟုတ်ဘူး"

"အဲဒါကို ငါပဲ ဆုံးဖြတ်လိမ့်မယ်။ နောက်ပြီး အပြာရောင်နဂါး တာအိုကျောင်းတော်မှာ ကျောင်းထွက်ခွင့်ဆိုတာ မရှိဘူး။ မင်းရဲ့ လက်ခြေတွေ ပြတ်ထွက်သွားတာ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်လို ဖြစ်သွားမှပဲ ငါ လွှတ်ပေးလိမ့်မယ်"

"..."

ခန္ဓာကိုယ်တစ်ခုလုံး မောပန်းနေသည့် စီးယု ပြန်လှည့်လာခဲ့သည်။

"သခင်လေး"

"ပြောလေ"

"အတူတူ ထွက်ပြေးကြရအောင်။ သခင်လေးရဲ့ လျင်မြန်တဲ့ ခြေလှမ်းတွေနဲ့ဆို တာအိုကျောင်းတော်ရဲ့ နံရံတွေကို ကျော်သွားလို့ ရပါတယ်လေ"

စီးယု၏ အဆိုပြုချက်ကြောင့် ဂျင်ဆိုဟွန်း၏ နားရွက်များ လှုပ်သွားသည်။ သုံးရက်သာ ရှိသေးသော်လည်း ထိုနေရာ၏ ရှုပ်ထွေးမှုများကြောင့် သူ သေလုမတတ် ဖြစ်နေသည်။

"အဲဒါ မဆိုးတဲ့ အကြံပဲ"

"ဟုတ်တယ်လေ ဒါကြောင့်မို့..."

"ကျွန်တော်ကတော့ မထောက်ခံပါဘူး"

ကျောင်းတော်မှ ထွက်ပြေးဖို့ ကြံစည်နေသည့် သူတို့နှစ်ယောက်ရှေ့သို့ ဇူဂယ်မင်းက ပြုံးရွှင်စွာ ရောက်လာသည်။

"ခင်ဗျားတို့နှစ်ယောက် အပြာရောင်နဂါး တာအိုကျောင်းတော်ရဲ့ ဝင်ခွင့်လမ်းညွှန်စာအုပ်ကို မဖတ်ထားရသေးဘူးနဲ့ တူတယ်"

"အဲဒါမျိုး ရှိလို့လား"

"ဟားဟား ကျွန်တော် ထင်သားပဲ။ အပြာရောင်နဂါး တာအိုကျောင်းတော်ကို ဝင်လာတဲ့ ကျောင်းသားတွေက ဝင်ပြီးရင် တစ်နှစ်အတွင်း အပြင်ထွက်ခွင့် မရှိပါဘူး။ နောက်ပြီး ကျောင်းတော်ကနေ ခွင့်ပြုချက်မရှိဘဲ ထွက်သွားရင် သိုင်းလောက မဟာမိတ်အဖွဲ့ရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရလိမ့်မယ်။ မင်းတို့ သိုင်းလောက မဟာမိတ်အဖွဲ့နဲ့ သူတောင်းစားဂိုဏ်းရဲ့ မျက်စိကနေ တစ်သက်လုံး ရှောင်ပြေးနေဖို့တော့ မစဉ်းစားထားကြဘူး မဟုတ်လား"

ဇူဂယ်မင်း၏ ရှင်းပြချက်ကြောင့် ဂျင်ဆိုဟွန်းနှင့် စီးယုတို့၏ ကျောရိုးထဲတွင် အေးစက်စက် ခံစားချက်တစ်ခု ပြေးသွားသည်။ ဘာမှ သိပ်မစဉ်းစားဘဲ ဝင်လာခဲ့မိသည့် အပြာရောင်နဂါး တာအိုကျောင်းတော်သည် တံခါးမရှိသည့် အကျဉ်းထောင်တစ်ခုလို ဖြစ်နေသည်။

"တကယ်တော့ ကျောင်းတော်ခေါင်းဆောင်ရဲ့ ခွင့်ပြုချက်နဲ့ အပြင်ထွက်ခွင့်လက်မှတ် ရနိုင်တယ်လို့ ပြောကြပေမယ့်... ကျွန်တော် မြင်သလောက်တော့ ကျွန်တော်တို့ရဲ့ ကျောင်းတော်ခေါင်းဆောင်က အဲဒီလောက်လွယ်လွယ်နဲ့ ခွင့်ပြုချက် ထုတ်ပေးမယ့်သူမျိုး မဟုတ်ဘူး"

သူပြောသည့်အတိုင်း ဂွမ်မြောင်းမှာ လွယ်ကူသော လူမျိုး မဟုတ်ပေ။

"မှန်တယ် သူက အရမ်းတင်းကျပ်ပြီး ရက်စက်တယ်"

စီးယုက မကျေမနပ်ဖြင့် ပြောလိုက်ချိန်တွင် လှည့်ထွက်သွားသည့် ဂွမ်မြောင်း၏ မျက်နှာက သူမဘက်သို့ လှည့်လာသည်။

"ယား.."

လန့်သွားသည့် စီးယုသည် ဂျင်ဆိုဟွန်း၏ နောက်သို့ ပုန်းလိုက်သည်။

"ဟား ဘာပဲဖြစ်ဖြစ်... ဝင်လာပြီးပြီဆိုရင်တော့... အပြာရောင်နဂါး တာအိုကျောင်းတော်ကနေ ထွက်ခွာနိုင်မှာက တစ်နှစ်ကျော်မှပဲ"

ဇူဂယ်မင်း၏ ပေါ့ပါးစွာ ပြုံးနေပုံနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဂျင်ဆိုဟွန်းနှင့် စီးယုတို့၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့ခြင်းဟူသော စကားလုံးများ ပေါ်လာသည်။ ဂျင်ဆိုဟွန်း၏ အသံ တုန်ရီသွားသည်။

"တစ်….တစ်နှစ်"

သူ့ခံစားချက်ကို မသိဘဲ ဇူဂယ်မင်းကတော့ ရွှင်လန်းနေသည်။

"ဟုတ်ပါတယ်"

အရာရှိတစ်ရာတစ်ယောက် အပြာရောင်နဂါး တာအိုကျောင်းတော်သို့ ဝင်ရောက်လာသည်မှာ ၁၅ ရက် ကြာမြင့်ခဲ့ပြီ။ ထိုအတောအတွင်း လူငယ်အရာရှိများတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး တစ်ခုမှာ သူတို့၏ မျက်လုံးအောက်တွင် အနက်ရောင် အရိပ်များ ပေါ်လာခြင်းပင်။

ချီစွမ်းအင် လည်ပတ်ချိန် ဖြစ်သော်လည်း တပည့်အများစုမှာ အိပ်ငိုက်နေကြသဖြင့် ခေါင်းများကို ရှေ့တိုးနောက်ဆုတ် လုပ်နေကြရသည်။ သူတို့ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ရိုးရှင်းသည်။ နည်းပြများ၏ ရုတ်တရက် တိုက်ခိုက်မှုများကြောင့် သူတို့၏ မျက်နှာပေါ်တွင် အနက်ရောင်မျဉ်းကြောင်းများ ဆွဲခံရမည်ကို ကြောက်ရွံ့နေကြသောကြောင့်ပင်။ အထူးသဖြင့် သိုင်းသမားမဟုတ်သော စီးယုမှာ မျက်လုံးများ ပွင့်လျက် တစ်ညလုံး မအိပ်ဘဲ နေခဲ့ရပြီး ချီစွမ်းအင် လည်ပတ်ချိန်တွင် ခဏတာ အိပ်စက်ရန် ကြိုးစားသော်လည်း မလုံလောက်ပေ။

တပည့်အားလုံး ထိုသို့တော့ မဟုတ်ကြပေ။

အဖြူရောင် လနန်းတော်မှ ချွန်းမိသားစုဝင် အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်မှာမူ ယခုထိ တိုက်ခိုက်ခြင်းကို တစ်ကြိမ်မျှ မခံခဲ့ရပေ။ ကောင်းကင်အောက် နံပါတ်တစ်နှင့် အနီးစပ်ဆုံး ဖြစ်သူ အဖြူရောင် လနန်းတော် နတ်ဘုရား၏ ကလေးများ ဖြစ်သည့်အတွက် သဘာဝကျသော ကိစ္စပင်။

ပြဿနာက ဂျင်ဆိုဟွန်း ဖြစ်သည်။

"မင်း သူ့ကို တစ်ခါမှ မရင်ဆိုင်ဖူးဘူးလား"

"ဟုတ်ပါတယ်"

ဂျုံရိုအာနှင့် ဂျင်ဆိုဟွန်းကို တာဝန်ယူရသည့် နည်းပြက နားမလည်နိုင်ဟန်ဖြင့် ခေါင်းငြိမ့်ကာ ပြောသည်။

"သူ အပြင်ထွက်လာတာကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ အထဲဝင်သွားတဲ့အခါ သူက အဲဒီမှာ မရှိဘူး"

"သူ အပြင်မထွက်ဘူး ဒါပေမဲ့ မတွေ့ရဘူး..."

ထိုအရာကို ဖြစ်နိုင်စေသည့်အရာမှာ အဆင့်မြင့် ဖုံးကွယ်ခြင်း သိုင်းပညာဖြစ်သည်။ သိရှိရသလောက် ဂျင်ဆိုဟွန်း၏ ဆရာမှာ ပျံသန်းဓားသူရဲကောင်း ကန်းချွန်းဖြစ်သည်။

အကြီးအကဲကန်းက သူ့တပည့်ကို ဖုံးကွယ်ခြင်း သိုင်းပညာ သင်ပေးလိမ့်မယ်လို့ မထင်ဘူး။

ပျံသန်းဓားသိုင်းကို သင်ယူရန် အဆင့်မြင့် ဖုံးကွယ်ခြင်း သိုင်းပညာ လိုအပ်လို့များလား ရုတ်တရက် တိုက်ခိုက်ခြင်းတွင် အထူးပြုသည့် အပြာရောင်နဂါး တာအိုကျောင်းတော်၏ နည်းပြများသည် ဂျင်ဆိုဟွန်းကို တစ်ကြိမ်မျှ မမြင်ဖူးပေ။

"ကောင်းပြီ မကြာခင် သိရတော့မှာပါ"

သူစွမ်းရည်ကို ဖုံးကွယ်ထားခြင်းက ကြာကြာမခံနိုင်ပါ။ တာအိုကျောင်းတော် လေးပါးဆိုသည်မှာ သာမန် တာအိုကျောင်းတော်များ မဟုတ်ပေ။ ၎င်းသည် သိုင်းပညာ လေ့ကျင့်ရန် နေရာတစ်ခုတင်မကဘဲ အထက်တန်းစား သိုင်းပညာရှင် ၄၀၀ ကို ပြုစုပျိုးထောင်မည့် နေရာဖြစ်သည်။ မည်သူ့ကိုမဆို ရင်ဆိုင်နိုင်မည့် တာအိုသိုင်းလောက၏ ဓားကို ပုံဖော်ပေးမည့် နေရာဖြစ်သည်။ အရာရှိများကို ကြည့်နေသည့် ဂွမ်မြောင်းက အေးစက်စွာ ပြုံးလိုက်သည်။

"မှောင်မိုက်သောဂူကို ပြင်ဆင်ထားလိုက်"

ချီစွမ်းအင် လည်ပတ်ခြင်းကို အဆုံးသတ်လိုက်သည့် ဂျုံရိုအာသည် မျက်တောင်ခတ်ကာ သမ်းဝေလိုက်သည်။

"ဝါးးး..."

နည်းပြများ ရုတ်တရက် တိုက်ခိုက်လာမည်ကို ကြောက်သဖြင့် ညတိုင်း ကောင်းကောင်း မအိပ်နိုင်သည့် ဂျုံရိုအာမှာ ချောမွတ်ပြီး တင်းရင်းသည့် အသားအရေရှိသော ဂျင်ဆိုဟွန်းကို ကြည့်ကာ ဗိုက်ထဲတွင် မအီမသာ ဖြစ်လာသည်။

ဒီကောင် ဘယ်လို ရှောင်လွှဲနေတာလဲ။

ဂျင်ဆိုဟွန်းသည် ကုတင်ပေါ် လှဲလိုက်သည်နှင့် အိပ်ပျော်သွားပြီး နံနက်ခင်း စုဝေးချိန်ကို အချက်ပေးသည့် ခေါင်းလောင်းသံ မြည်သည့်အထိ မနိုးပေ။

သူ အဆိပ်မသင့်ဘူး ရုတ်တရက် တိုက်ခိုက်မှုကိုလည်း မမိဘူး ဒါမှမဟုတ်

ဂျင်ဆိုဟွန်းဆီမှ အဖြေမရနိုင်သည့် ဂျုံရိုအာ၏ အကြည့်က ဂွမ်မြောင်းဆီသို့ အလိုအလျောက် ရောက်သွားသည်။

ဂျင်မိသားစုက သူတို့ကို လာဘ်ပေးထားတာလား။

ငွေနှင့် လှုပ်ရှား၍ မရနိုင်သော သိုင်းလောက မဟာမိတ်အဖွဲ့ဟု သတ်မှတ်ထားသည့် ချွန်းဂါဆောင်းနှင့် ဂျုံရိုအာ၏ အတွေးများမှာ တစ်ယောက်နှင့် တစ်ယောက် မတူညီပေ။

သူ့မိသားစုက ရှန်ရှီးမှာ အချမ်းသာဆုံးလေ ဟုတ်တယ်မလား ဂျင်မိသားစုက အပြာရောင်နဂါး တာအိုကျောင်းတော် တည်ဆောက်ဖို့ ငွေတွေ လှူဒါန်းထားမှာပဲ။ မဟုတ်ရင် ကုန်သည်မျိုးရိုးက ရပ်ကွက်ထဲက လူတစ်ယောက်နဲ့ အစေခံမိန်းကလေး တစ်ယောက်က တာအိုကျောင်းတော်ထဲ ရောက်လာဖို့ မဖြစ်နိုင်ဘူး။

ဂျုံရိုအာမှာ ပထမနေ့က ဂျင်ဆိုဟွန်း၏ လက်ချက်ဖြင့် ပြင်းထန်စွာ အတိုက်ခံခဲ့ရသည်ကို လုံးဝ မေ့သွားခဲ့ပြီ ဖြစ်သည်။ ဂျင်ဆိုဟွန်း၏ မိသားစုက သိုင်းလောက မဟာမိတ်အဖွဲ့ကို လာဘ်ပေးထားသည်ဟု သူ အခိုင်အမာ ယုံကြည်နေသည်။

"လှည့်ကွက် များတဲ့ကောင်"

ဂျုံရိုအာ၏ ရေရွတ်သံကြောင့် ဂျင်ဆိုဟွန်းက ပျင်းရိသော မျက်နှာဖြင့် သူ့ကို ကြည့်သည်။

"ပြီးတော့ မင်းက မင်းကိုယ်မင်း သိုင်းသမားလို့ ခေါ်သေးတယ်"

"မခေါ်ဘူး"

"ဘာ"

"ကျွန်တော် သိုင်းသမား မဟုတ်ဘူး။ ဖြစ်ချင်လည်း မဖြစ်ချင်ဘူး"

ရွှေဘီလီယံချီ၍ ပေးရင်တောင် ဂျင်ဆိုဟွန်းက သိုင်းသမား မဖြစ်ချင်ပေ။

"ဒါဆို ဘာလို့ အပြာရောင်နဂါး တာအိုကျောင်းတော်ထဲ ဝင်လာတာလဲ"

"ကျွန်တော် ဝင်ချင်လို့ လာတာ မဟုတ်ဘူး"

မိသားစုက လာဘ်ပေးပြီး ဒီကောင်ကို အပြာရောင်နဂါး တာအိုကျောင်းတော်ထဲ မဝင်မနေရ ဝင်ခိုင်းလိုက်တာပဲ။ ဟမ့် ကုန်သည်မျိုးရိုးက သိုင်းသမားမျိုးရိုး ဟန်ဆောင်ချင်နေတာပဲ။

ဂျုံရိုအာ၏ ဂျင်ဆိုဟွန်းအပေါ် အမုန်းတရားများ ပိုမိုနက်ရှိုင်းလာနေစဉ် ဂွမ်မြောင်းက ပလက်ဖောင်းပေါ်တွင် ပေါ်လာသည်။

"အားလုံး ရှေ့ကို ထွက်လာပြီး ကိုယ့်နံပါတ်တွေကို စစ်ဆေးကြ"

ဂွမ်မြောင်း၏ ညွှန်ကြားချက်ကြောင့် အရာရှိများ ထွက်လာပြီး ကြော်ငြာသင်ပုန်းပေါ်ရှိ သူတို့၏ အမည်နှင့် နံပါတ်များကို စစ်ဆေးကြသည်။ အရာရှိအားလုံး စစ်ဆေးပြီးနောက် ဂွမ်မြောင်းက ပြောသည်။

"မင်းတို့ရဲ့ နာမည်ရှေ့က နံပါတ်က အစဉ်လိုက်ပဲ"

"ဘာအစဉ်လိုက်လဲဆိုတာ သိခွင့်ရှိမလား"

စပ်စုချင်စိတ်ကို မထိန်းနိုင်သည့် ဇူဂယ်မင်း၏ မေးခွန်းကြောင့် ဂွမ်မြောင်းက အဓိပ္ပာယ်ပါသော မျက်နှာဖြင့် ပါးစပ်ဟလိုက်သည်။

"ကျွန်တော့်နောက် လိုက်ခဲ့ကြ"

ရှေ့ကနေ လျှောက်သွားနေသည့် ဂွမ်မြောင်းနောက်သို့ တပည့် ၁၀၁ ယောက် လိုက်ပါသွားကြသည်။ တစ်နာရီလောက် လမ်းလျှောက်ပြီးနောက် ရောက်ရှိလာသည့် နေရာမှာ ထူးဆန်းသော ပုံစံရှိသည့် အဆောက်အအုံတစ်ခု ဖြစ်သည်။ တံခါးရှိသော်လည်း ပြတင်းပေါက်မရှိဘဲ မှောက်ထားသည့် ဒယ်အိုးဖုံးတစ်ခုလို ထူးဆန်းသော မြင်ကွင်းရှိသည်။

"ဒီနေရာရဲ့ နာမည်က မှောင်မိုက်သော ဂူ။ ဒါက မင်းတို့ တစ်သက်လုံး ရင်ဆိုင်ရမယ့် ရန်သူ ရှိတဲ့နေရာပဲ"

"ကျွန်တော်တို့ တစ်သက်လုံး ရင်ဆိုင်ရမယ့် ရန်သူ"

အများစုမှာ ဂွမ်မြောင်း၏ စကားကို နားမလည်ဘဲ ခေါင်းကို စောင်းလိုက်ကြသည်။

"အဲဒါ ဘာလဲဆိုတာ စပ်စုချင်ကြလား"

ဂွမ်မြောင်း၏ မေးခွန်းကြောင့် အရာရှိများက တစ်ညီတစ်ညွတ်တည်း ပြန်ဖြေကြသည်။

"ဟုတ်ကဲ့"

"ဒါဆို အထဲဝင်ပြီး စစ်ဆေးကြည့်ကြ။ အထဲမှာ မင်းတို့မှာ ရှိတဲ့ နံပါတ်နဲ့ တူတဲ့ သစ်သားပြား ရှိလိမ့်မယ်။ အဲဒါကို ယူခဲ့ကြ။ အရမ်း ရိုးရှင်းတဲ့ တာဝန်တစ်ခုပါ"

ထိုအခါမှသာ အရာရှိများသည် သူတို့အား ပေးထားသော နံပါတ်မှာ အစဉ်လိုက် ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

"အထဲဝင်ကြ။ လူတစ်ယောက်ကို အချိန် တစ်နာရီစီ ပေးမယ်"

ပိတ်ထားသည့် မှောင်မိုက်သော ဂူ၏ ဝင်ပေါက်မှာ ပွင့်သွားသည်။

အလင်းရောင် တစ်စက်မျှ မရှိသည့် အနက်ရောင် ကုလားကာများ ရှိသည့် နေရာက အပြာရောင်နဂါး တာအိုကျောင်းတော်၏ တပည့်များဘက်သို့ ရောက်လာသည်။ ၎င်းကို ရင်ဆိုင်ရသည့် တပည့်များ၏ မျက်နှာမှ အသက်ဝင်မှုများ ပျောက်ကွယ်သွားသည်။

"ခင်ဗျားတို့က ကျွန်တော်တို့ကို... ဒီထဲ ဝင်ခိုင်းမှာလား"

All Chapters