ဧကရာဇ် ဉာဏ်အလင်းပွင့်ကျောင်းတော်
Vol. 2 Ch. 24
အခန်း (၂၄) : ဧကရာဇ် ဉာဏ်အလင်းပွင့်ကျောင်းတော်
သူ့သား ထာဝရရှင်သန်ခြင်း လမ်းစဉ်အကြောင်း ပြောသည်ကို ကြားပြီး ဝမ်ချန်၏ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာသည်။ သို့သော် တာအိုဘိုးဘေးလမ်းစဉ် အကြောင်းက သူ့ကို အတော်လေး စိတ်ကျေနပ်စေသည်။ ထိုလမ်းစဉ်က ဧကရာဇ်လမ်းစဉ်လောက် စွမ်းအားမကြီးသလို၊ မလွှမ်းမိုးနိုင်သော်လည်း ထာဝရရှင်သန်ခြင်း လမ်းစဉ်ထက် ပိုမိုကောင်းမွန်သော အလားအလာ ရှိသည်။
ဝမ်ချန်က သူ့သားကို ပြောလိုက်သည်
“ အင်းပါ။ အခုတော့ အဲဒီအကြောင်းတွေ မစဉ်းစားနဲ့ဦး။ ဝေ့အာမှာ လုပ်ရမှာတွေ အများကြီး ရှိသေးတယ်”
ထိုအကြောင်းကို ပြောပြီးနောက် ဝမ်ချန်က နေအိမ်သို့ မပြန်ခင် သူ့သားနှင့် ခဏတာ စကားပြောသွားသည်။
သူ့အဖေ ပြန်သွားချိန်တွင် အတော်လေး စိတ်ကောင်းဝင်နေကြောင်းကို ဝမ်ထျန်း သတိထားမိသွားသည်။ သူ့စကားလုံးများက သူ့အဖေအပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုကို ဖြစ်စေသည့်အတွက် သူ ပိုမိုပျော်ရွှင်မိသည်။ အထူးသဖြင့် မြင့်မားသော နယ်ပယ်အဆင့်များတွင် ကျင့်ကြံသူတစ်ယောက်၏ စိတ်အခြေအနေနှင့် တာအိုနှလုံးသားက သူတို့အတွက် ဘယ်လောက်အရေးပါလဲဆိုတာကို ဝမ်ထျန်းသိသည်။
သူ့အဖေက ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ရှုံးနိမ့်ပြီးကတည်းက အတော်လေး ငြိမ်ကျသွားကာ ယခင်က ရှိခဲ့သော ယုံကြည်မှုလည်း ပျောက်ဆုံးနေခဲ့သည်။ ဝမ်ဝေ့ မွေးဖွားလာပြီးနောက် အရာအားလုံး ပိုမိုကောင်းမွန်လာသော်လည်း အကျိုးသက်ရောက်မှုက သေးငယ်သေးသည်။
ယခုသူက သူ့အဖေ သူ့အတွက် လုပ်ပေးသကဲ့သို့ မျှော်လင့်ချက် ပိုမို ကြီးမားအောင် လုပ်ပေးနေသည်။ ခဏတာ တွေးတောစဉ်းစားပြီးနောက် ဝမ်ထျန်းက မိန်းမနှင့် သားဖြစ်သူကို တွေ့ရန် အိမ်သို့ အမြန်ပြေးသွားလိုက်သည်။
……………..
တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဝေးကွာလှသည့် ကောင်းချီးခံနယ်မြေရှိ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၌…
အဆုံးမဲ့ဧကရာဇ်ကမ္ဘာကို တိုက်ကြီးငါးခုဖြင့် ဖွဲ့စည်းထားသည်။ တိုက်တစ်ခုချင်းစီတိုင်းတွင် မရေတွက်နိုင်သော ပိုင်နက်နယ်မြေများစွာ ပြန်လည်ခွဲခြားထားသည်။
ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က တာအိုအခွင့်အလမ်းဂိုဏ်း၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ထိုကျောင်းတော်တွင် ကမ္ဘာရှိ စွမ်းအားအကြီးဆုံး အင်အားစုထဲမှ တစ်ခုဖြစ်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ယှဉ်လိုက်လျှင်တော့ ဒုတိယ ဖြစ်သည်။ အုတ်မြစ်ကို နှိုင်းယှဉ်လိုက်လျှင်တော့ တာအိုအခွင့်အလမ်းဂိုဏ်းထက် ကျော်လွန်နေသည်။
ဧကရာဇ် ဉာဏ်အလင်းပွင့်ကျောင်းတော်က နာမည်အတိုင်း မဟာဧကရာဇ်များကို လေ့ကျင့်မွေးထုတ်ပေးဖို့အတွက် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် ကျောင်းတော်မှ စုစုပေါင်း မဟာဧကရာဇ် ရှစ်ယောက်ကို လေ့ကျင့်ပေးခဲ့ပြီးပြီ ဖြစ်သည်။ တာအိုအခွင့်အလမ်းဂိုဏ်းထက် တစ်ယောက်သာ ပိုနည်းလေသည်။
ထို့ကြောင့် ထိုအင်အားကြီးသည့် အုပ်စုနှစ်စုက နှစ်ပေါင်းများစွာ အချင်းချင်း ယှဉ်ပြိုင်နေကြသည်။
သို့သော် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်ကို ကွဲပြားသွားစေသည်က သူတို့က တခြားဂိုဏ်းမှ ကောင်းကင်ရွေးချယ်ခံများအတွက်ပါ တံခါးဖွင့်ပေးထားခြင်း ဖြစ်သည်။
ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က ဧကရာဇ်များ အရွယ်ရောက်ချိန်အတွင်း များစွာ အကူအညီပေးနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုဧကရာဇ်များက သူတို့ တက်လှမ်းနိုင်ပြီးသွားသည်နှင့် အနည်းနှင့်အများ အကူအညီ ပြန်ပေးကြသည်။ သူတို့ အစစ်အမှန် လေ့ကျင့်ပေးခဲ့သည်က ဧကရာဇ်ရှစ်ယောက်သာ ရှိသော်လည်း သူတို့၏ အစပြုခြင်းတွင် မရေတွက်နိုင်သော ဧကရာဇ်များ၏ အကူအညီကို ရရှိခဲ့သည်။
ယခု ကျောင်းတော်၏ ဆရာ၊ဆရာမများနှင့် ကျောင်းအုပ်ကြီးတို့ အစည်းအဝေး ပြုလုပ်နေကြသည်။ တောင်တန်းများတွင် တည်ရှိသော တာအိုအခွင့်အလမ်းဂိုဏ်းနှင့် မတူညီဘဲ ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်က ကောင်းချီးခံနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းနေရာယူထားသည့် မြို့ကြီးတစ်မြို့သဖွယ် ဖြစ်နေသည်။
ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၏ ကျောင်းအုပ်က ရှည်လျားသော ဆံပင်ဖြူ၊ သပ်ရပ်သော မုတ်ဆိတ်မွေးဖြူနှင့် ဝိဇ္ဇာတစ်ပါးကဲ့သို့ သဘောထားရှိသည့် အဖိုးကြီးတစ်ယောက် ဖြစ်သည်။ သူက အဖြူရောင် ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားသည်။
ခန်းမထဲရှိ ဆရာ၊ ဆရာမများအားလုံးက သူ့ကို လေးစားကြသည်။ ထိုလေးစားမှုက သူ၏ စွမ်းအားကြီးသော ကျင့်ကြံမှုကြောင့်သာမက သူက ဗဟုသုတနှင့် ဉာဏ်ပညာကို ယူဆောင်လာပေးသည့် ဝိဇ္ဇာတစ်ပါး ဖြစ်သောကြောင့်လည်း ဖြစ်သည်။
ပိုင်ဟန်ဟု အမည်ရသော ကျောင်းအုပ်က အစည်းအဝေးကို စတင်လိုက်သည်။ သူက မေးမြန်းလိုက်သည်
“ ဒီတစ်ခေါက်ရော ငါတို့ရဲ့ ပစ်မှတ်ကို တွေ့ပြီလား”
နောက်ထပ် ဆရာတစ်ယောက်က ပြန်ဖြေလိုက်သည်
“ လျှို့ဝှက်ကောင်းကင်မျှော်နန်းကို သင့်တော်တဲ့ တန်ကြေးပေးလိုက်တော့ ပစ်မှတ်က အဆင့်နိမ့်အလွှာမှာ မွေးတယ်တဲ့။ ပြီးတော့ အဲဒီအလွှာကိုလည်း ခြေရာခံပြီးပါပြီ။ သူ့ကို ခေါ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ရမလား”
ခဏတာ တွေးတောစဉ်းစားပြီးနောက် ကျောင်းအုပ်ပိုင်ဟန်က ပြန်ပြောလိုက်သည်
“ အခုတော့ အဲလိုလုပ်ဖို့ မလိုသေးပါဘူး။ သူ့ကို တိတ်တဆိတ် ကာကွယ်ဖို့အတွက် အုပ်ချုပ်သူအစစ်အမှန် ဆရာတစ်ယောက်ကို စေလွှတ်လိုက်။ အဆင့်နိမ့်အလွှာမှာ ရှိနေတာက သူ့ကို ထိန်းချုပ်နိုင်သလို တခြားဂိုဏ်းတွေ သူ့ကို သတိထားမိသွားမှာကနေ ကာကွယ်ပေးနိုင်တယ်။ သူ့ကို စောင့်ရှောက်မဲ့ဆရာက သူ့ရဲ့ ပထမဆုံး ဉာဏ်အလင်းပွင့်မှုအတွက် တာဝန်ယူပြီး ခိုင်မာတဲ့ အုတ်မြစ်ကို တည်ဆောက်ပေးရမယ်။ ပြီးတော့ သူ့ ခံစားချက်တွေထဲ ငါတို့ရဲ့ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော် ရှိလာအောင် လုပ်ရမယ်”
“ ကျောင်းအုပ်ကြီး … ကျွန်တော်တို့ သူ့ဆီ အသိအမှတ်ပြု အမှတ်အသားပြားလည်း ပို့ဖို့ လိုအပ်သေးတယ်” တခြားဆရာတစ်ယောက်က ဝင်ပြီး သတိပေးလိုက်သည်။
“ ဟုတ်တယ်။ အသိအမှတ်ပြု အမှတ်အသားပြား မရှိရင် သူ့ကို အဆုံးမဲ့ဧကရာဇ်ကမ္ဘာက ကောင်းကင်တာအိုက အသိအမှတ်ပြုမှာ မဟုတ်သလို ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမှာလည်း ပါဝင်လို့ မရတော့ဘူး”
ကောင်းကင်ဘုံ စည်းမျဉ်းများအရ အသင်္ချေအင်ပါယာကမ္ဘာမှာ မွေးဖွားသည့်သူ မဟုတ်ပါက ထိုတန်ဖိုးရှိသည့် အမှတ်အသားပြား ရှိမှသာ တာအိုကို သက်သေပြရန် တိုက်ခိုက်ပွဲတွင် ပါဝင်နိုင်မည် ဖြစ်သည်။ ထိုအရာက ဝမ်ဝေ့ မွေးဖွားစဉ်က ရရှိခဲ့သော "နိုင်ငံသား အမှတ်အသား" နှင့် ဆင်တူသည်။
နောက်ထပ် ဆရာတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်
“ ကျုပ်တို့ရဲ့ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က ကောင်းကင်ခန္ဓာသုံးထောင်စာရင်းမှာ နံပါတ်တစ်ချိတ်ပြီး ဟွင်သွမ်းရုပ်ခန္ဓာရှိတဲ့ ကောင်းကင်ဘုံက ရွေးချယ်ခံရသူကို ရတော့မယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ နောက်ဆုံးတော့ ကျုပ်တို့ရဲ့ ကိုးယောက်မြောက် ဧကရာဇ်ကို ရပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းကို လိုက်မှီတော့မယ်”
“ ဟုတ်တယ် ဒီမျိုးဆက်ရဲ့ ကောင်းကင်အမိန့်ကလည်း ငါတို့အပိုင်ပဲ ဖြစ်လိမ့်မယ်”
“ ကျုပ်လည်း သဘောတူတယ်”
ထို့နောက် ဆရာ၊ဆရာမများက သူတို့၏ စိတ်လှုပ်ရှားစရာ အနာဂတ်အကြောင်း စတင်ဆွေးနွေးကြတော့သည်။ ဤအခန်းထဲရှိ လူအများစု စတင်မောက်မာဂုဏ်ယူနေကြသည်ကို ကြည့်ပြီး ကျောင်းအုပ်ကြီးပိုင်ဟန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ အရမ်းလည်း ဂုဏ်ယူပြီး ပျော်မနေကြနဲ့ဦး။ မမေ့နဲ့ဦးနော်… အခုက နံပါတ်နှစ်ခန္ဓာဖြစ်တဲ့ အကြမ်းခံပုဆိန်ရုပ်ခန္ဓာနဲ့ နံပါတ်သုံးခန္ဓာဖြစ်တဲ့ ချီယွီလျို့ချင် ရုပ်ခန္ဓာတို့ ပေါ်လာပြီး တောက်ပတဲ့အချိန်လေ”
“ ပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းထဲမှာ ပေါ်လာတဲ့ မူမမှန်တဲ့အရာက ရှိနေတုန်းပဲ။ ငါတို့ ရထားတဲ့ အချက်အလက်အရဆိုရင် တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်လေးမှာ ဧကရာဇ်ငယ်တစ်ပါးရဲ့ ပုံပန်းသဏ္ဌာန် ရှိတယ်တဲ့”
“ အနောက်ပိုင်း ကျားဖြူကုန်းမြေမှာ ပြန်လည်ဝင်စားခြင်း စွမ်းအားနဲ့ မွေးဖွားလာတဲ့ ကလေးတစ်ယောက် ရှိတယ်။ ကောင်းကင်ခန္ဓာသုံးထောင်ထဲမှာ ထိပ်တန်းဆယ်ယောက်ထဲ ပါတဲ့ သူတွေလည်း မွေးဖွားလာပြီ”
“ အခုက ထိပ်တန်းခန္ဓာသုံးခုနဲ့ မွေးဖွားလာတဲ့သူက ကောင်းကင်အမိန့်ကို အနိုင်ရမယ်လို့ အာမခံနိုင်တဲ့ ရှေးခေတ် မဟုတ်တော့ဘူး”
ကျောင်းအုပ်ကြီး၏ စကားကို ကြားပြီးနောက် အခန်းထဲရှိ ဆရာ၊ ဆရာမများ ချက်ချင်း စိတ်ငြိမ်သွားကြသည်။ သူတို့၏ နောက်ကျောတွင်လည်း ချွေးစေးများ ကျလာပြီဖြစ်သည်။ သူတို့က ဖြစ်မလာသေးသည့်အရာကို ကြိုတင်စိတ်ကူးယဉ်နေကြသည်။ သူတို့၏ ရွေးချယ်ခံက ကောင်းကင်ဆန္ဒကို အနိုင်မရသေးသော်လည်း သူတို့က ပျော်ရွှင်နေကြသည်။
သူတို့၏ အမှားကို သတိထားမိပြီး သူတို့၏ ဂုဏ်မောက်မှုကို ထိန်းချုပ်ထားလိုက်သည်။
နောက်ထပ်ဆရာတစ်ယောက်က အားလုံးကို သတိပေးလိုက်သည်
“ အဖိုးကြီးချူးရဲ့ ဂမ္ဘီရဉာဏ်ကိုလည်း မမေ့နဲ့ဦး။ အခုလိုမျိုး ပြန်လည်ရှင်သန်တဲ့ အချိန်ကာလမှာ မဖြစ်နိုင်တာတွေလည်း ဖြစ်လာနိုင်တယ်”
ထို့နောက် သူတို့ ထင်နေတာ မှားသွားကြောင်း သိရှိသွားသည်။ ဤခေတ်က ဧကရာဇ်ပလ္လင်အတွက် အပြင်းအထန်ပြိုင်ဆိုင်ကြမည့်ခေတ်ဖြစ်သည်။ ကောင်းကင်ရွေးချယ်ခံရသူများလည်း အင်မတန် များပြားလွန်းလှသည်။
ဤမျိုးဆက်၏ ရွေးချယ်ခံရသူများကို က့ကောင်းသည်ဟု သတ်မှတ်နိုင်သလို ကံဆိုးသည်ဟုလည်း သတ်မှတ်နိုင်သည်။ အသင်္ချေကမ္ဘာများမှ ပါရမီရှင်များ၏ တော်တတ်မှုကို တွေ့နိုင်သည့် ကြီးကျယ်ခမ်းနားသည့်ခေတ် ဖြစ်သောကြောင့် ကံကောင်းခြင်း ဖြစ်သည်။
သူတို့သာ မထိုက်တန်ပါက အမြောက်စာသာ ဖြစ်လာနိုင်သည့်အတွက် ကံမကောင်းခြင်း ဖြစ်သည်။ ကောင်းကင်ရွေးချယ်ခံ ခေါင်းစဉ်ကို တပ်နိုင်ဖို့အတွက် အရမ်းမြင့်မားသော သတ်မှတ်ချက်တစ်ခုကို ဖြတ်ကျော်ရမည်။
ယခင်က ကောင်းကင်ရွေးချယ်ခံဟု ခေါ်ဆိုခံခဲ့ရသည့်သူများက ဤမျိုးဆက်တွင် လုံးဝသာမန်ကဲ့သို့ ဖြစ်သွားမည်။
အားလုံး စိတ်တည်ငြိမ်သွားသည့်အခါ သူတို့၏ အာရုံကို ဟွင်သွမ်းရုပ်ခန္ဓာရဖို့ ဘယ်လိုမှန်ကန်စွာ ကျင့်ကြံရမလဲဆိုသည့်အပေါ် အာရုံစိုက်ထားလိုက်သည်။
ဆရာတစ်ယောက်က မေးလိုက်သည်
“ ကျောင်းအုပ်ကြီး … သူ့ကို သဘာဝလွန်အဆင့် ရောက်တဲ့အခါ ခရမ်းရွှေရောင်ရှိဖို့ လုံလောက်တဲ့ ကံကောင်းမှုကို ထောက်ပံ့သင့်လား”
ကျောင်းအုပ်ကြီးပိုင်ဟန်က ပြန်ဖြေပေးလိုက်သည်
“ အဲလိုလုပ်ဖို့ မလိုပါဘူး။ အဆင့်နိမ့်အလွှာမှာ ဟွင်သွမ်းရုပ်ခန္ဓာနဲ့ မွေးဖွားလာတဲ့သူဆိုတော့ သူက အဲဒီအလွှာမှာ ကံကြမ္မာသားတော် တစ်ယောက်ပဲ။ ခရမ်းရွှေအဆင့်ကို ရောက်ရှိဖို့ လိုအပ်တဲ့ ကံကောင်းမှုကို သူကိုယ်တိုင် ရရှိအောင် လုပ်နိုင်ပါလိမ့်မယ်”
ဆရာ၊ ဆရာမများက ကျောင်းအုပ်ကြီး ပြောတာကို သဘောတူလိုက်သည်။
“ ကျောင်းအုပ်ကြီး ခုနစ်နှစ်ကြာပြီးတဲ့အခါ သူ့ကို စိတ်ဝိညာဉ်လမ်းစဉ်မှာ ပါဝင်ဖို့ သူ့ကို ခွင့်ပြုပေးမှာလား”
“ ဟင့်အင်း… စိတ်ဝိညာဉ်လမ်းစဉ်က အဲလောက် အရေးမကြီးဘူးဆိုတော့ သူ ကျော်သွားလို့ရပါတယ်”
“ ဒါဆိုရင် သူ့ကို အဆင့်နိမ့်အလွှာကနေ ဘယ်လိုပြန်ခေါ်ကြမလဲ”
ခဏတာ စဉ်းစားပြီးနောက် ကျောင်းအုပ်ကြီးက ဖြေပေးလိုက်သည်
“ ဒီမျိုးဆက်ရဲ့ ကောင်းကင်ရွေးချယ်ခံတွေ သဘာဝလွန်နယ်ပယ်အဆင့်ကို ရောက်ပြီးသွားရင် ကျောင်းတော်ကို ဖွင့်လိမ့်မယ်။ ပြီးရင် သူ့ကိုပြန်ပြီးတော့ ခေါ်လာနိုင်ပြီ”
“ ကောင်းပြီ အခုတော့ ပြဿနာတော်တော်များများ ဖြေရှင်းပြီးသွားပြီ။ အခု တာအိုကာကွယ်သူအနေနဲ့ ဘယ်ဆရာကို လွှတ်မလဲဆိုတာ ဆွေးနွေးကြရအောင်”
ထိုအကြောင်းကို ကြားပြီး အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူအများစုက သူတို့အင်အားစုမှ ထိုရာထူးကို ရရန် အသေအကြေ ကြိုးစားနေကြသည်။ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က ကျောင်းတစ်ကျောင်း ဖြစ်သော်လည်း ထိုထဲတွင် အုပ်စုများ ကွဲနေသေးသည်။
ဟွင်သွမ်းရုပ်ခန္ဓာပိုင်ရှင်၏ ဆရာဖြစ်လာရခြင်းက အနာဂတ်ဧကရာဇ်၏ ဆရာဖြစ်လာခြင်းနှင့် တူညီနိုင်သည်။ ထိုအခွင့်အရေးကို ဘယ်သူကမှ လက်မလွှတ်ချင်ပေ။