နှိမ့်ချခြင်းက နှလုံးသားကို အလင်းရောင်ပေးသည်
Vol. 2 Ch. 25
အခန်း (၂၅) : နှိမ့်ချခြင်းက နှလုံးသားကို အလင်းရောင်ပေးသည်
ဝမ်ဝေ့ ငါးခုမြောက် စစ်ဆေးမှုကို ဖြတ်ကျော်ပြီး ရက်အနည်းငယ် ကြာမြင့်သွားလေပြီ။ ယခု သူက ခြောက်ခုမြောက် စစ်ဆေးမှု ခံယူရန် ပြင်ဆင်နေခြင်း ဖြစ်၏။
အစေခံခေါင်းဆောင်နှင့်အတူ လေထဲတွင် ပျံသန်းနေစဉ် ဝမ်ဝေ့က သူ သိထားရမည့် နောက်ဆုံး သတင်းအချက်အလက်များကို မေးမြန်းလိုက်သည်။
သူမက ပြန်လည် ဖြေကြားလိုက်၏။
“ ကျွန်မတို့ ရရှိထားတဲ့ အချက်အလက်တွေအရတော့ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က တိတ်တဆိတ် လှုပ်ရှားနေတယ်”
“ အကြောင်းအရင်းကို သိလား” ဝမ်ဝေ့က မေးလိုက်သည်။
“ ကျွန်မတို့ သိပ်တော့ မသေချာဘူး။ ဒါပေမဲ့ ဟွင်သွမ်းရုပ်ခန္ဓာပိုင်ရှင်ကို ရှာတွေ့တယ်ဆိုပြီး ကောလဟာလ ထွက်နေတယ်။ အဲဒီသတင်းက မှန်လား၊ မှားလားဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ကျောင်းတော်ကနေ အဲဒီသတင်းထွက်သွားပြီးတော့ ရှင်းလင်းရေးတစ်ခုကိုတောင် လုပ်ခဲ့သေးတယ်။ ကျွန်မတို့ရဲ့ သူလျှိုတွေတောင် အသတ်ခံခဲ့ရသေးတယ်”
ဝမ်ဝေ့ ခဏတာ စဉ်းစားလိုက်သည်။ သတင်းထွက်သွားပြီးနောက် ကျောင်းတော်မှ တုံ့ပြန်ပုံကို ကြည့်ပြီး သတင်းက မှန်ကန်သည်ဟု ဆိုနိုင်သည်။
သူ ရုတ်တရက် မေးမြန်းလိုက်သည်
“ နောက်ထပ် ထိပ်သီးခန္ဓာနှစ်ခုကရော ဘယ်လိုလဲ”
“ ကျွန်မတို့ ရရှိထားတဲ့ အချက်အလက်တွေအရတော့ နံပါတ်နှစ်ခန္ဓာဖြစ်တဲ့ အကြမ်းခံပုဆိန် ရုပ်ခန္ဓာပိုင်ရှင်က မဟာကျိုးတော်ဝင်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားလို့ ကြားတယ်။ နံပါတ်သုံးခန္ဓာဖြစ်တဲ့ ချီယွီလျို့ချင် ရုပ်ခန္ဓာကိုတော့ အရှေ့ပိုင်းနဂါးပြာကုန်းမြေမှာ တွေ့ပြီးတော့ မိန်းကလေး တစ်ယောက်လို့ပဲ သိထားပါတယ်။ ဘယ်အင်အားစုက သူမကို ပိုင်ဆိုင်လဲဆိုတာကိုတော့ လက်ရှိမှာ လုံးဝ မသိနိုင်သေးပါဘူး”
ဝမ်ဝေ့က ဘယ်နေရာက ရောက်လာမှန်းမသိသည့် မုန်တိုင်းနှင့် နံပါတ်နှစ်နှင့် နံပါတ်သုံးခန္ဓာတို့၏ လုပ်ရပ်များကို အနံ့ခံမိသည်။ ပုံမှန်အားဖြင့် ဂိုဏ်းတစ်ဂိုဏ်းက သူတို့အတွက် အရှိန်ရစေရန် ကမ္ဘာကြီးကို သူတို့၏ ကောင်းကင်ဘုံမှ ရွေးချယ်ခံရသူများအကြောင်း ကြွားဝါလေ့ ရှိကြသည်။
သို့သော် အရှေ့ပိုင်းနဂါးပြာကုန်းမြေမှ အင်အားစုနှင့် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းဆောင်က ဆန့်ကျင်ဘက်ကို ရွေးချယ်ကာ ဘာမှမပြောဘဲ နေနေကြသည်။ ထိုအရာက အတော်လေး ပုံမှန် မဟုတ်ပေ။ သူတို့က တခြားကောင်းကင် ရွေးချယ်ခံများ ထိပ်ဆုံးအခိုက်အတန့်သို့ ရောက်အောင် စောင့်ပြီး သူတို့လူများအတွက် ထိုသူများအား လှေကားအဖြစ် အသုံးချကာ တက်နင်းသွားကြလိမ့်မည်။
ထိုအကြောင်းကို စဉ်းစားပြီးနောက် ဝမ်ဝေ့၏ အလျင်လိုမှုတို့ လျင်မြန်စွာ မြင့်တက်လာသည်။ တခြားတစ်စုံတစ်ယောက်၏ အသုံးချခံ မဖြစ်ရေးအတွက် သူ့ အစီအစဉ်များကို အဆင့်မြှင့်ဖို့ လိုအပ်သည်။
သူ့ အစေခံခေါင်းဆောင်နှင့် ခဏတာ စကားပြောပြီးနောက် ဝမ်ဝေ့ မျှော်နန်းဆောင်စစ်ဆေးမှု ကျင်းပသည့်နေရာသို့ ရောက်ရှိသွားသည်။ ထို့နောက် သူ တွေဝေခြင်းမရှိ ဝင်သွားသည်။
ဤစစ်ဆေးမှုတွင် ဝမ်ဝေ့က အရမ်းစွမ်းအားကြီးသော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အင်အားကြီး ဂိုဏ်းများမှ တစ်ခုဖြစ်သည့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်တစ်ယောက်လည်း ဖြစ်သည်။
သူ ပြောလိုက်သော စကားလုံးများက မရေတွက်နိုင်သောသူများ၏ ဘဝအပေါ် အကျိုးသက်ရောက်မှု ရှိသည်။ သူ့ဦးဆောင်မှုကြောင့် သူ့ဂိုဏ်း ပေါကြွယ်ဝဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။
အရာအားလုံး သူ့အတွက် အဆင်ပြေနေသည်ဟု ထင်ရသည့်အချိန်တွင် ဝမ်ဝေ့၏ ရန်သူက သူ တပည့်များကို လျှို့ဝှက်နယ်ပယ်သို့ ခေါ်ဆောင်သွားနေချိန်တွင် ချုံခိုတိုက်ခိုက်ခဲ့သည်။
အဆိုးဆုံးအပိုင်းက သူ့ ရန်သူက သူ့ကို သတ်ဖြတ်ခြင်းမရှိဘဲ ကျင့်ကြံဆင့်ကို ထိခိုက်စေသည့်အတွက် တာအိုကို တစ်စစီဖြစ်သွားစေသည်။
ထို အဖြစ်အပျက်ပြီးသွားသည့်အခါ ဝမ်ဝေ့ ငရဲနှင့်တူသော ဘဝမှာ နေထိုင်ရတော့သည်။ သူ မသန်စွမ်းသော သူတောင်းစားတစ်ယောက် ဖြစ်လာသည်။ သူ့မှာ နေဖို့ အိမ်မရှိဘဲ အသက်ရှင်နေထိုင်ဖို့အတွက် လမ်းကြိုလမ်းကြားတွင် လိုက်ပြီး တောင်းရမ်းနေရသည်။
ဆောင်းတွင်းသို့ ရောက်လာသည့်အခါ ဝမ်ဝေ့က စွန့်ပစ်ထားသော အဝတ်အစားများကို ရှာကာ အတူတွဲစပ်ပြီး သူ့ကိုယ်သူ နွေးထွေးစေရန်နှင့် အေးခဲပြီး သေမသွားစေရန် စောင်အဖြစ် အသုံးပြုရသည်။
ဆောင်းဦးရာသီ၏ မိုးဖွဲများက ကမ္ဘာကြီးကို ဆေးကြောလိုက်သည့်အချိန်တွင် ဘုရားကျောင်းအနည်းငယ်မှ သူတောင်းစားများအတွက် ခိုလှုံစရာနေရာ ထောက်ပံ့ခဲ့ပြီး ဝမ်ဝေ့က ထိုထဲမှတစ်ယောက် ဖြစ်နိုင်သည်အထိ ကံကောင်းခဲ့သည်။
ဝမ်ဝေ့ ထိုကဲ့သို့ ကြုံတွေ့ရခြင်း၏ အဆိုးဆုံးအပိုင်းက သဘာဝ၏ ပြောင်းလဲမှု မဟုတ်ဘဲ အဆက်မပြတ်နိုင်သော ဆာလောင်မှုနှင့် လှောင်ရယ်မှုတို့ပင် ဖြစ်သည်။
နေ့တိုင်း စားစရာရရန်အတွက် အစာရှာသည့်နေရာသို့ ဝမ်ဝေ့ နေ့တိုင်းသွားရသည်။ သူက သူတောင်းစား တစ်ယောက်ဖြစ်သည့်အတွက် ပြစ်မှုများနှင့် ပြည့်နှက်နေသည့် ဆင်းရဲသားရပ်ကွက်တွင် နေထိုင်ရသည်။
ဆင်းရဲသားရပ်ကွက်တွင် နေထိုင်သူများက တခြားသူကို ကူညီဖို့နေနေသာသာ ကိုယ့်ဘာသာကိုယ်ပင် ဝအောင် မစားနိုင်ပေ။ တစ်ခါတစ်လေ ပရဟိတအဖွဲ့တချို့က ဝမ်ဝေ့အတွက် စိတ်မကောင်းဖြစ်ကာ အသက်ဆက်ရှင်နိုင်အောင် ကျွေးမွေးထားသည်။
တချို့နေ့များတွင် ချမ်းသာသော ကုန်သည်များနှင့် အရာရှိများ ဆင်းရဲသား ရက်ကွက်မှ ဖြတ်သွားလျှင် သူတောင်းစားများကို စားစရာတချို့ ပေးလေ့ရှိသည်။ သို့သော် သူတို့ ပစ်ပေးသည့်အခါတွင် သူတို့မျက်နှာပေါ်၌ ဂုဏ်မောက်မှု အပြည့်ဖြစ်နေပြီး နည်းပါးသော စားစရာလေးအတွက် သူတို့ တိုက်ခိုက်နေကြသည်ကို စိတ်ကျေနပ်စွာဖြင့် ကြည့်နေတတ်ကြသည်။
အသက်ရှင်နေထိုင်ဖို့အတွက် ဝမ်ဝေ့လည်း စားစရာအတွက် တိုက်ခိုက်ခဲ့ရသည်။ သူက စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သည့်အတွက် အာဟာရချို့တဲ့နေသော သူတောင်းစားကို မဆိုထားနှင့် သာမန်လူတစ်ယောက်ထက်ပင် သန်မာနေသေးသည်။
ထိုအရာရှိများနှင့် ချမ်းသာသောကုန်သည်များ မြေပြင်ပေါ်သို့ စားစရာပစ်ပေးသည့် အပြုအမူကိုက အရမ်းသဘောကောင်းနေပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် သူတို့က သူတောင်းစားကို အပြင်းအထန် ရိုက်နှက်စော်ကားကြသည်။ တံတွေးများဖြင့် ထွေးပြီး ကြက်ဥပုပ်များဖြင့် ပေါက်တတ်ကြသည်။ တစ်ခါတစ်လေ တိုက်ရိုက် သတ်ပစ်လိုက်တာမျိုးလည်း ရှိသည်။
ဝမ်ဝေ့က သူတို့ကို ပြန်လည်တိုက်ခိုက်ဖို့ အကြိမ်အနည်းငယ် ကြိုးစားခဲ့သည်။ ရလဒ်က သူ အမြဲတမ်း ဒဏ်ရာရပြီး သေမလို ဖြစ်ခဲ့သည်။ အရာရှိများနှင့် ကုန်သည်များက သူတို့၏ လုပ်ရပ်အတွက် ဘာအကျိုးဆက်ကိုမှ ခံစားရခြင်း မရှိပေ။
တချို့ကျင့်ကြံသူများက သူ့ကို တာအိုအခွင့်အလမ်းဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်းဖြစ်သည်ကို မှတ်မိသွားကြသည့်အတွက် အခြေအနေက ပိုမိုဆိုးရွားသွားသည်။ သူတို့က ကမ္ဘာပေါ်ရှိ စွမ်းအားအကြီးဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက်ကို စနောက်လှောင်ပြောင်ပြီး ကျေနပ်နေကြသည်။
ထိုကဲ့သို့ နှစ်ပေါင်းများစွာ ဖြတ်ကျော်လာပြီး တစ်ရာသီရောက်သည့်အခါ ဝမ်ဝေ့ လက်ရှိနေထိုင်သော တိုင်းပြည်ကို အစာရေစာရှားပါးမှု ကပ်ဘေး ဆိုက်ရောက်လာသည်။
ထိုကပ်ဘေးကြောင့် အရာရှိများက စားစရာများ သိုလှောင်နေပြီး ချမ်းသာသောကုန်သည်များက အကျိုးအမြတ်ရရန် ဈေးကို အဆမတန် တင်ရောင်းကြသည်။
ဆင်းရဲသားရပ်ကွက်ရှိ လူအများစုက ဆာလောင်မွတ်သိပ်ပြီး သေသွားကြသည့်အတွက် သူတောင်းစားအရေအတွက်က သိသိသာသာ လျော့ကျလာသည်။
ထိုအချိန်တွင် ဝမ်ဝေ့ ဘာမှမစားရတာ နှစ်ပတ်ကျော်နေပြီ ဖြစ်သည်။ သူ အကြာကြီး တောင့်ခံနိုင်သည့် အကြောင်းအရင်းက သူ၏ ယခင်က စွမ်းအားကြီးခဲ့သော ခန္ဓာကြောင့် ဖြစ်သည်။
နွေညတစ်ညတွင် ဝမ်ဝေ့ ကြမ်းပြင်ပေါ်မှာလှဲနေစဉ် ဗိုက်ထဲမှ အဆမတန် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့လည်ချောင်းများ ခြောက်ကပ်နေပြီးနောက် မြင်ကွင်းများလည်း ဝေဝါးလာသည်။ သူ ဆာလောင်ပြီး သေတော့မည်ဆိုတာကို သူ သတိထားမိလိုက်သည်။
ထို့နောက် သူ့ရှေ့တွင် အမျိုးသားတစ်ယောက် ထွက်ပေါ်လာသည်။ သူက ဝမ်ဝေ့ရှေ့ရှိ ကြမ်းပြင်ပေါ်သို့ ပေါင်မုန့်တစ်ပိုင်းကို ပစ်ချပေးလိုက်သည့်အတွက် ဝမ်ဝေ့ ပျော်ရွှင်မိသွားသည်။ သို့သော် ထိုသူက ပေါင်မုန့်အပေါ် သေးပေါက်ချလိုက်သည့်အတွက် သူ့ ပျော်ရွှင်မှုက ကြာရှည်မခံပေ။ ထို့နောက် သူ့ကို လှောင်ပြုံးဖြင့် စိုက်ကြည့်ကာ သူ ထိုပေါင်မုန်းကို ယူပြီး စားလိုက်ဖို့ မျှော်လင့်နေသည်။
ဝမ်ဝေ့က ပေါင်မုန့်ကို စိုက်ကြည့်လိုက်ပြီး တံတွေးမျိုချလိုက်မိသည်။ ထို့နောက် သူ ခေါင်းမော့ကာ ဝေဝါးစွာဖြင့် ထိုအမျိုးသားကို မော့ကြည့်လိုက်ပြီးနောက် မျက်လုံးများ ပိတ်ကျသွားတော့သည်။
သူ့မာနက သူ့ကို ဒီလောက်ထိ အောက်ကျခံခွင့် မပြုပေ။ သူ အသက်ရှင်ဖို့အတွက် ရွံစရာကောင်းသည့်အရာကို စားမည့်အစား အဆာခံပြီးသာ သေလိုက်ချင်သည်။
သူက ဘယ်သူလဲ
ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံးကျင့်ကြံသူတွေထဲက တစ်ယောက်လေ။ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံးဂိုဏ်းတွေထဲက ဂိုဏ်းချုပ်တစ်ယောက်လေ
သူက သေးတွေနဲ့ ပြည့်နှက်နေတဲ့ ပေါင်မုန့်ကို ဘယ်လိုလုပ်ပြီးတော့ စားနိုင်မှာလဲ။ သူ လှောင်ပြောင်မှုကို ခံရတာထက်စာရင် သေပဲသေလိုက်မယ်
ထို့နောက် ဝမ်ဝေ့၏ ဆုတောင်းပြည့်ဝသွားသည်။ သူ အဆာခံပြီး သေသွားကာ မျှော်နန်းဆောင်မှ ချက်ချင်းအပြင်သို့ ထုတ်ခံလိုက်ရသည်။
သူ့အသက်ထက် မာနကို ရှေ့တန်းတင်လိုက်ခြင်းက ဤစစ်ဆေးမှုကို ကျော်ဖြတ်နိုင်သည့် အဓိက သော့ချက်ဖြစ်မည်ဟု ဝမ်ဝေ့ ထင်သည်။ သို့သော် စစ်ဆေးမှုမှ အပြင်ထွက်သွားသည့်အခါ သူ ခြောက်ခုမြောက် စစ်ဆေးမှုကို ကျရှုံးနေခဲ့သည်။