← Chapters

အခန်း ၄၃၀

Vol. 43 Ch. 430

အခန်း ၄၃၀

Vol. 43 Ch. 430

အခန်း။ ၄၃၀

"နေပါဦး... ဒီကောင်လေး မျက်လုံးက ဘယ်ကို ကြည့်နေတာလဲ"

မိုချင်းယွဲ့သည် သူမ၏ရင်ဘတ်ကို သတိကြီးစွာဖြင့် အုပ်လိုက်ပြီးနောက် ခပ်ယဲ့ယဲ့ပြုံး၍ စကားစလိုက်သည်။

"ကျီရှင်း... ရှင်တို့ချန်မိသားစု စီကုံးမိသားစုကို သိမ်းပိုက်လိုက်တာ။ နောက်ပြီး ခရမ်းရောင်ရွှေဘုရင်ရှေ့မှောက်မှာတင် အဲဒီအိုကြီး စီကုံးကို အဆုံးစီရင်လိုက်တာ... တကယ့်ကို ထိတ်လန့်စရာကောင်းလောက်အောင် စွမ်းဆောင်နိုင်တာပဲ။ တကယ်ကို အံ့ဩမိပါတယ်ရှင်"

ချန်ကျီရှင်းက နှုတ်ခမ်းတစ်ဖက်ကို တွန့်ရုံမျှပြုံးလျက်…

"ချီးကျူးလွန်းပါတယ်။ အစ်မချင်းယွဲ့ရာ... ကျွန်တော်က ဒီနှစ်မှ ၁၉ နှစ်ပဲ ရှိသေးတာ။ တစ်နှစ်ဆိုတဲ့ အချိန်ကာလက ကျွန်တော့်အတွက်တော့ တော်တော်လေး ကြာညောင်းလှပါပြီ"

မိုချင်းယွဲ့၏ နှလုံးသားမှာ တစ်ချက်ခုန်သွားသည်။

အတည်ပြုလိုက်ပြီ... သူ့မှာ ဘာပူးကပ်တာမှ မရှိဘူး။

သူက တဏှာစိတ်ငယ်ထိပ်ရောက်နေတဲ့ အရွယ်ကို ရောက်နေတာပဲ။

ချန်ကျီရှင်း၏ ပူလောင်လုနီးပါး အကြည့်များကို ခံစားလိုက်ရချိန်တွင် မိုချင်းယွဲ့မှာ တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်လိုက်သည်။

သူမအနေဖြင့် ယခုကဲ့သို့ အကြည့်မျိုးများကို အစိမ်းသက်သက်ဖြစ်နေသည်တော့ မဟုတ်ပေ။သို့သော် ချန်ကျီရှင်း၏ ရုတ်တရက် အပြုအမူ အပြောင်းအလဲမှာ သူမကို အနည်းငယ် အံ့အားသင့်သွားစေသည်။

သို့တိုင်အောင် သူတော်စင်တစ်ဦးပီပီ သူမသည် ဤအခြေအနေကို အပြုံးမပျက်ဘဲ တည်ငြိမ်စွာ နေလိုက်သည်။

"ကျွန်မတို့ ကောင်းကင်စံအိမ်တော်မှာ နန်းတော်ငါးခုနဲ့ သွေးကြော ၁၃ ခု ရှိတယ်။ နောက်တောင်ခြေက မာလင်နန်းတော်က ဘိုးဘေး ကောင်းကင်နွယ်စစ်မှန်သော ဘုရင်ရဲ့ နေရာပေါ့။ အဓိကတောင်ထွတ် ပျံသန်းနေသော မသေမျိုးတောင်ကတော့ သန့်ရှင်းသောသခင် စံမြန်းရာပဲ။ ဘေးတောင်နှစ်လုံးကိုတော့ ကျွန်မနဲ့ ချင်းဟဲ့သူတော်စင်သားတော်တို့ နေရာယူထားတယ်။ နောက်ဆုံး နဂါးတံခါးတောင်ကတော့ ပြင်ပဂိုဏ်းတပည့်တွေနဲ့ အုပ်ချုပ်သူတွေရဲ့ နေရာပဲ။ တောင်ငါးလုံးလုံးမှာ ထူးခြားတဲ့ ပန်းအမျိုးမျိုး ရှိပါတယ်။ ကျီရှင်း စိတ်ဝင်စားရင် ကျွန်မ လိုက်ပြပေးလို့ရပါတယ်နော်"

မိုချင်းယွဲ့သည် စကားအလှည့်အပြောင်းတွင် ကျွမ်းကျင်လှသည်။ သူမ၏ စကားလုံးများသည် ရှင်းလင်းလှသော်လည်း ချန်ကျီရှင်းကဲ့သို့ မိသားစုခေါင်းဆောင်တစ်ဦးအတွက်မူ အနှစ်သာရ နည်းပါးလှသည်။

သူမသည် သူမ၏ ဘဝဇာတ်ကြောင်းနှင့် နန်းတော်၏ အခြေခံအုတ်မြစ်များကို သွယ်ဝိုက်ပြီး ကြွားဝါလိုက်ခြင်းသာ ဖြစ်သည်။

သူမသည် ချန်ကျီရှင်းကို သူမ၏ သူတော်စင်နန်းတော်သို့ ခေါ်ဆောင်သွားပြီး မသေမျိုးလက်ဖက်ရည်နှင့် ဝိညာဉ်အသီးအနှံများကို စားသုံးစေသည်။

ထို့နောက် သူမကို စိုက်ကြည့်နေဆဲဖြစ်သော ချန်ကျီရှင်းကို မြင်သောအခါ ရယ်မောလိုက်တော့သည်။

"ကျီရှင်း... ရှင် ကောင်းကင်စံအိမ်တော်ကို ကျွန်မကို လာတွေ့ဖို့သက်သက်ပဲ လာတာတော့ မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား"

"ဟဲဟဲ... အဲဒါတော့ ဟုတ်တာပေါ့။ အစ်မချင်းယွဲ့ကို တွေ့ချင်လို့ သီးသန့်လာခဲ့တာပါ"

မိုချင်းယွဲ့၏ မျက်ဝန်းတို့မှာ လှည့်ကွက်တစ်ခုကို အာရုံခံမိလိုက်သည်။

"တကယ်လား ဒါနဲ့... ရှင် မကြာခင်ကမှ လက်ထပ်လိုက်တယ်လို့ ကြားမိတယ်။ ဘာလို့ ရှင်ရဲ့ ဂုဏ်သရေရှိ ဇနီးသည်နဲ့ အတူတူ မလာရတာလဲ"

ချန်ကျီရှင်းသည် သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ သူ၏ အပြုံးအတုများမှာ ပျက်စီးသွားပြီး ခေါင်းခါကာ ရယ်မောလိုက်သည်။

"တကယ်ပြောရရင်တော့ အစ်မချင်းယွဲ့... ကျွန်တော် အခုလို လာခဲ့တာ အကူအညီတစ်ခု တောင်းချင်လို့ပါ။ ဒါပေမဲ့ ဒီကိစ္စက အပြင်လူတွေ မသိသင့်တဲ့အတွက်..."

ချန်ကျီရှင်း စကားမဆုံးခင်မှာပင် မိုချင်းယွဲ့သည် သူ့သဘောကို နားလည်သွားပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ကျွန်မ သိသားပဲ။ အကယ်၍ ရှင်က ကျွန်မကို တွေ့ချင်ရုံသက်သက်ဆိုရင် မိသားစုကြီးရဲ့ တရားဝင်စာလွှာကို တင်ပြီး ရည်ရွယ်ချက်ကို ရှင်းပြနေဖို့ လိုပါ့မလား။ အဲဒီလိုကိုး..."

"ခွင့်လွှတ်ပေးပါ"

"ကောင်းပါပြီ... ချန်မိသားစုအပေါ် ကျွန်မတို့ နန်းတော်ရဲ့ သဘောထားကို ရှင်သိမှာပါ။ ဒီနှစ်တွေအတွင်း ကျွန်မတို့ အတတ်နိုင်ဆုံး ထောက်ပံ့ပေးခဲ့သလို အခုလည်း ရှင်က ကျွန်မကို အစ်မလို့ ခေါ်ထားတာပဲ။ ကိစ္စက အရမ်းကြီး မခက်ခဲဘူးဆိုရင် အစ်မချင်းယွဲ့တစ်ယောက် ရှင်အတွက် ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားကြည့်ပါ့မယ်"

"အဟမ်း..."

"ပြောပါဦး... ဘာကိစ္စလဲ"

"ကျွန်တော်... ကောင်းကင်စံအိမ်တော်မှာ စုဆောင်းထားတဲ့ ထာဝရအသက်ရှည်ခြင်းအဆင့် မသေမျိုးကျင့်စဉ်တွေကို ငှားရမ်းကြည့်ချင်လို့ပါ"

မိုချင်းယွဲ့၏ အပြုံးများမှာ ရုတ်တရက် ရပ်တန့်သွားသည်။

မိုချင်းယွဲ့သည် ထိုစကားကို ကြားပြီးနောက် စကားတစ်ခွန်းမျှ ပြန်မပြောတော့ဘဲ သူမရှေ့မှ လက်ဖက်ရည်ခွက်ကို အသာအယာ မလိုက်သည်။

လက်ဖက်ရည်ပူပူကို ကမ်းပေးခြင်းက ဧည့်သည်ကို ပြန်လည်ပို့ဆောင်ခြင်း၏ အထိမ်းအမှတ်ပင်။

သူမ၏ ငြင်းပယ်မှုမှာ တိုတောင်းကာ ပြတ်သားလှသည်။

ထိုအပြုအမူကို မြင်လိုက်ရသည့်အခါ ချန်ကျီရှင်းမှာလည်း အခြေအနေကို နားလည်သွားပြီး ထိုင်နေရာမှ ထလိုက်သည်။

"ခွင့်လွှတ်ပေးပါ"

ယခုတစ်ကြိမ် သူ့ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ကောင်းကင်စံအိမ်တော်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန်နှင့် ချန်မိသားစုနှင့် တာလျိုသန့်ရှင်းသောနယ်မြေတို့ အနာဂတ်တွင် ပဋိပက္ခဖြစ်လာပါက အနည်းဆုံးအနေဖြင့် ကောင်းကင်စံအိမ်တော်က ကြားဝင်နှောင့်ယှက်ခြင်း မရှိစေရန်ဖြစ်သည်။

မိုချင်းယွဲ့၏ ပြတ်သားသော ငြင်းပယ်မှုကို မြင်လိုက်ရသောအခါ သူသည် စိတ်ပျက်ဟန်ဆောင်ကာ အေးဆေးပင် လှည့်ထွက်သွားခဲ့သည်။

တံခါးပေါက်သို့ ရောက်သည်နှင့် မိုချင်းယွဲ့၏ အသံသည် သူ၏နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။

"ကျီရှင်း... အရှေ့အခြေခံနယ်မြေ ပြိုင်ပွဲတုန်းက ကျွန်မပေးခဲ့တဲ့ အကြံဉာဏ်ကို မှတ်မိသေးရဲ့လား။ ထာဝရအသက်ရှည်ခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေက သန့်ရှင်းသောနယ်မြေ သုံးခုရဲ့ လက်ထဲမှာပဲ ရှိတယ်။ ဒီနယ်မြေတွေထဲ မဝင်ဘဲနဲ့ ရှင် ဘယ်လောက်ပဲ ထူးချွန်ပါစေ... အဲဒီအဆင့်ကို ရောက်ဖို့ဆိုတာ ဝေးကွာလွန်းတဲ့ အိပ်မက်တစ်ခုပါပဲ။ တစ်နေ့ကျရင်တော့ အထွတ်အထိပ်အဆင့်မှာပဲ တစ်သက်လုံး ပိတ်မိနေပြီး ရှေ့ဆက်တိုးလို့မရဘဲ ဖြစ်သွားလိမ့်မယ်"

"အစ်မချင်းယွဲ့... ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကြိုးစားကြည့်ချင်ပါသေးတယ်"

"သဘောပါပဲ"

ယခုတစ်ကြိမ်တွင်မူ မိုချင်းယွဲ့သည် ချန်ကျီရှင်းကို ဆက်လက်ထိန်းသိမ်းထားရန် မကြိုးစားတော့ပေ။ လာမည့်နှစ်များအတွင်း သူ အခက်အခဲပေါင်းစုံကို ကြုံတွေ့ပြီးသည့်နောက်တွင်မှ မိသူ့သဘောဆန္ဒအလျောက် ကောင်းကင်စံအိမ်တော်သို့ ပြန်လည်ရောက်ရှိလာမည်ဟု သူမ တွက်ဆထားသည်။

ချန်ကျီရှင်းကဲ့သို့ အရည်အချင်းရှိသူကို စည်းရုံးသိမ်းသွင်းရာတွင် ထာဝရအသက်ရှည်ခြင်းအဆင့်အတွက် လိုအပ်သော အရင်းအမြစ်များကို လက်ဝယ်ပိုင်ထားသည့် သန့်ရှင်းသောနယ်မြေသုံးခု၌ အတွေ့အကြုံများစွာ ရှိပြီးဖြစ်သည်။

ချန်ကျီရှင်းကဲ့သို့သူမျိုးသည် လမ်းဆုံးမရောက်မချင်း အလွယ်တကူ လက်လျှော့မည်မဟုတ်ကြောင်း သူမ ကောင်းကောင်းသိသည်။

...

ကောင်းကင်စံအိမ်တော်မှ ထွက်ခွာလာပြီး ချန်မိသားစု၏ နဂါးသင်္ဘောပေါ်သို့ ရောက်ရှိသောအခါ ချန်ကျီရှင်းမှာ အသက်ရှူချောင်သွားသည်ဟု ခံစားလိုက်ရသည်။ ကောင်းကင်နှင့် ပင်လယ်တို့မှာ သူ့ရှေ့တွင် ပွင့်ဟလာသကဲ့သို့ပင်။

ထို့နောက် သူသည် သင်္ဘောပေါ်တွင် အတူပါလာသည့် ချန်မိသားစု၏ အကြီးအကဲ ချန်တောက်ရှန်းကို ကြည့်ကာ ပြုံးလိုက်သည်။

"အနည်းဆုံးတော့ နောက်နှစ်ပေါင်း ၂၀ အတွင်းမှာ ကောင်းကင်စံအိမ်တော်အနေနဲ့ ချန်မိသားစုကို ရန်စဖို့ အစီအစဉ်ရှိပုံ မရဘူး။ ကျွန်တော် စမ်းသပ်ကြည့်သလောက်ဆိုရင် ကျွန်တော်တို့မိသားစု ဖြေရှင်းလို့မရနိုင်တဲ့ အခက်အခဲမျိုးနဲ့ ကြုံလာရရင်တောင် သူတို့ဘက်က အကူအညီပေးဖို့ လက်တွန့်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်"

ထိုစကားကို ကြားသောအခါ ချန်တောက်ရှန်းမှာ အလွန်ပင် ဝမ်းမြောက်သွားသည်။

"ဒါဆိုရင်တော့ တကယ့်ကို သတင်းကောင်းပါပဲ"

"ဟုတ်ပါတယ်... ဒါပေမဲ့လည်း အပြည့်အဝတော့ မဟုတ်သေးဘူး"

ချန်ကျီရှင်းက ခေါင်းခါရင်း ပြောလိုက်သည်။

"ကောင်းကင်စံအိမ်တော်က ကျွန်တော်တို့ ချန်မိသားစုကို ကြီးထွားခွင့်ပေးထားတာက ကျွန်တော်တို့ဘက်က ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဘက်က ထာဝရအသက်ရှည်ခြင်းအဆင့်ကို အချိန်တိုအတွင်းမှာ ဖောက်ထွက်နိုင်လိမ့်မယ်လို့ သူတို့ မယုံကြည်လို့ပါ။ ကျွန်တော်တို့က သူတို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူးလို့ သတ်မှတ်ထားကြလို့သာ ကျွန်တော်တို့ကို အချိန်ပေးပြီး ကြီးထွားခွင့်ပြုထားတာပါ"

All Chapters