← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

“ဆရာမ ကျွန်တော့်ရဲ့ ဒီနေ့ လုပ်ရပ်ကြောင့် ဆရာမအပေါ် သက်ရောက်မှု တစ်ခုခု ရှိသွားလောက်မလား။ အကယ်၍ ရှိမယ်ဆိုရင်တော့ ကျွန်တော် ကျောင်းဘက်က နစ်နာမှုမရှိစေမယ့် နည်းလမ်းအတိုင်း ဖြေရှင်းတာကို လက်ခံပေးလို့ရပါတယ်။”

ကျန်းဟန်သည် ကျောင်း၏ ရုံးအဆောက်အဦးထဲမှ လှမ်းထွက်လာရင်း ဘေးနားမှ လျှောက်လာသော ဝမ်ယိကို ကြည့်ကာ ပြောလိုက်သည်...။

“ဆရာမသာ စိတ်ထဲထားရင် မင်းကို စောစောကတည်းက ဝင်ပြီး ဖျောင်းဖျပြောဆိုနေမှာပေါ့။ မင်း လုပ်တာ မှန်ပါတယ်။ အများကြီး လျှောက်မတွေးနဲ့။”

“ဒါက ငါ့အတွက် ပိုက်ဆံနည်းနည်းပါးပါးလောက် ထိခိုက်ရုံပါပဲ။ ပဉ္စမအဆင့် ဘွဲ့ရ သားရဲထိန်းချုပ်သူတစ်ယောက်ဖြစ်တဲ့ ငါက ဒီလို ပိုက်ဆံအနည်းငယ်လောက်ကို စိတ်ထဲထားလိမ့်မယ်လို့ မင်း ထင်နေတာလား။”

ဝမ်ယိက ကျန်းဟန်၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။

“ဒါပေါ့။ ဆရာမ စိတ်ထဲထားမှာ မဟုတ်ပါဘူး။ ဆရာမလို အစွမ်းထက်တဲ့ သားရဲထိန်းချုပ်သူတစ်ယောက်က ဒီလို ပိုက်ဆံပမာဏအနည်းငယ်လောက်ကို လုံးဝ ဂရုမစိုက်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်လုပ်ရပ်ကြောင့် ဆရာမရဲ့ အနာဂတ်ကို ထိခိုက်သွားမှာ စိုးရိမ်လို့ပါ။”

ယနေ့ သူ့ကို လာရောက်ဖျောင်းဖျသည့်အဖွဲ့ထဲတွင် ဝမ်ယိ မပါဝင်ခဲ့ပေ။ ထို့ကြောင့် သူမသည် ကျောင်းက ပေးအပ်ထားသော တာဝန်ကို လျစ်လျူရှုခဲ့ခြင်း ဖြစ်ရမည်ဟု သူ ခန့်မှန်းမိသည်။

သို့သော်လည်း ဝမ်ယိသည် သူ့ကို စိတ်စွမ်းအားကျင့်စဉ်ကို အခမဲ့ သင်ကြားပေးခဲ့သူဖြစ်ပြီး ကြီးမားသော ကျေးဇူးကို ပြုခဲ့သူ ဖြစ်သည်။ အကယ်၍ ဤကိစ္စက သူမကို ထိခိုက်စေမည်ဆိုလျှင် ကျန်းဟန် တကယ်ပင် စိတ်မကောင်း ဖြစ်မိလိမ့်မည်။

“မင်း အထင်လွဲနေပြီ။ ဒီအလုပ်က ငါ့ရဲ့ အချိန်ပိုင်းအလုပ်တစ်ခု သက်သက်ပဲ။ ငါ့မှာ တခြားအလုပ်တွေ ရှိသေးပါတယ်။”

ဝမ်ယိက ကျန်းဟန်၏ ပုခုံးကို ပုတ်ကာ လေ့ကျင့်ရေးကွင်းဘက်သို့ တွန်းလွှတ်လိုက်ရင်း ပြောလိုက်သည်။

“မြန်မြန် သွားတော့။ အတန်းတက်ရဦးမယ်။ မင်း သန်မာလာအောင် ကြိုးစားပြီး တက္ကသိုလ်ကောင်းကောင်းတစ်ခုကို တက်နိုင်ရင်ပဲ ငါ အရမ်းဝမ်းသာနေပြီ။”

“ကျေးဇူးတင်ပါတယ် ဆရာမ။”

ကျန်းဟန် ခေါင်းညိတ်ပြလိုက်ပြီး လေ့ကျင့်ရေးကွင်းဆီသို့ လျှောက်သွားလိုက်သည်။

မွန်းလွဲပိုင်း လေ့ကျင့်ရေးသင်တန်း စတင်ခဲ့သည်မှာ တစ်နာရီခန့် ရှိနေပြီဖြစ်ရာ ကျန်းဟန် ရောက်ရှိသွားချိန်တွင် အားလုံးမှာ ကိုယ့်အစီအစဉ်နှင့်ကိုယ် လေ့ကျင့်ရန် လူစုခွဲနေကြပြီ ဖြစ်သည်။

“ဆရာ”

ကျန်းဟန်သည် ဆတ်ဆတ်ကြဲ ဒေါသကြီးသော ဝက်ဝံကြီးတစ်ကောင်နှင့်တူသည့် လေ့ကျင့်ရေးနည်းပြ ခယ်လုံထံသို့ လျှောက်သွားလိုက်သည်။

“ကိစ္စတွေ အားလုံး ရှင်းလို့ပြီးသွားပြီလား။ ဘယ်လိုဖြစ်သွားလဲ။”

နည်းပြတစ်ယောက်အနေဖြင့် ခယ်လုံသည် ကျန်းဟန် ဘယ်နေရာသို့ သွားခဲ့သည်ကို သဘာဝအတိုင်း သိရှိထားသည်။

ထိုကောင်နှစ်ယောက်မှာ အဘယ်ကြောင့် ဤမျှ မိုက်မဲနိုင်ရသနည်း။ မနာလိုစိတ်ကြောင့် မျက်စိကန်းကာ ကျန်းဟန်ကိုပင် လာရောက်ဗိုလ်ကျရဲကြသည်ကို သူ နားမလည်နိုင်အောင် ဖြစ်ရသည်။

“ရှင်းပြီးပါပြီ။ ကျွန်တော် သူတို့ကို ခွင့်မလွှတ်ဘဲ အချုပ်ခန်းထဲ ပို့လိုက်တယ်။”

ကျန်းဟန်က ခယ်လုံကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက တကယ် သတ္တိရှိတာပဲ။ ကောင်းပြီ... ကိုယ့်ဘာသာကိုယ်ပဲ သွားလေ့ကျင့်လိုက်တော့။ မေးစရာ မေးခွန်းရှိရင်လည်း လာမေးလို့ရတယ်။”

ခယ်လုံက ကျန်းဟန်၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် နားလည်ပါပြီ။”

ကျန်းဟန် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ ကျောက်စိမ်းပိုးကောင်နှင့်အတူ လှည့်ထွက်ခဲ့လိုက်သည်။ သူသည် မည်သို့လေ့ကျင့်ရမည်ကို ကြိုတင်စဉ်းစားထားပြီးဖြစ်ရာ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

အမှန်တော့ လေ့ကျင့်ရေးနည်းပြများတွင် တာဝန်များစွာ ရှိသော်လည်း ကျန်းဟန်၏ ကျောက်စိမ်းပိုးကောင်ကို လမ်းညွှန်ပြသပေးရာမူ ၎င်းတို့တွင် တကယ်ပင် အကြံဉာဏ်မရှိကြချေ။

အခြားရွေးချယ်စရာ မရှိသည့်အဆုံး ခယ်လုံက သူ့ကို ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ လေ့ကျင့်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

“ပိုင်လင်း ငါတို့ ဒီနေ့ လျှပ်စစ်ရှော့ခ်တိုက်ခြင်း လေ့ကျင့်ခန်း လုပ်ကြမယ်။ မင်း အဆင်သင့် ဖြစ်ပြီလား။”

ကျန်းဟန်က ပိုင်လင်းကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

“ကျိ”

ပိုင်လင်းက သူမ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပြသသည့်အနေဖြင့် ပန်းပွင့်ပုံစံတစ်ခု ရက်လုပ်ပြလိုက်သည်။

လျှပ်စစ်ရှော့ခ်တိုက်ခြင်း လေ့ကျင့်ရေးကွင်းမှာ အိမ်တွင်းတွင် ရှိနေသဖြင့် ကျန်းဟန်လည်း လျင်မြန်စွာပင် လှမ်းဝင်ခဲ့လိုက်သည်။ ထိုနေရာတစ်ခုလုံးကို သတ္တုများဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်သည်။

ထိုနေရာ၌ လူအတော်များများ ရှိနေကြသည်။ လျှပ်စီးနှင့် မိုးကြိုးအမျိုးအစား သားရဲထိန်းချုပ်သူများသည် အလွန်ရေပန်းစားပြီး လက်တွေ့တိုက်ပွဲများ၌ သိသာထင်ရှားသော အားသာချက်များ ရှိကြသည်။

“ကျွန်တော် လျှပ်စစ်ရှော့ခ်တိုက်ခြင်း လေ့ကျင့်ရေးအခန်းတစ်ခု လိုချင်လို့ပါ။”

ကျန်းဟန်က သူ၏ ကျောင်းသားကတ်ကို ထုတ်ယူကာ ပြောလိုက်သည်။

“လေ့ကျင့်ရေးအခန်း နံပါတ် ၃၀၀ ကို သွားလိုက်ပါ။”

ဝန်ထမ်းက သူ့ကို အခန်းနံပါတ်ပြားတစ်ခုကို ချက်ချင်း ကမ်းပေးလိုက်သည်။

လျှပ်စစ်ရှော့ခ်တိုက်ခြင်း လေ့ကျင့်ရေးအခန်း အပြင်ဘက်တွင် ကျန်းဟန်သည် ဦးစွာပထမ ပိုင်လင်း၏ ခန္ဓာကိုယ်ပေါ်သို့ ခရမ်းရောင် မိုးကြိုးပင်၏ အစေးဖြင့် ပြုလုပ်ထားသော လိမ်းဆေးကို အလွှာပါးပါးကို သုတ်လိမ်းပေးလိုက်သည်။

“အထဲကို ဝင်တော့။ ဖြည်းဖြည်းချင်းပဲ လုပ်နော်။ ငါ လျှပ်စီးကြောင်း ပမာဏကို တဖြည်းဖြည်းချင်း မြှင့်ပေးသွားမယ်။”

ပိုင်လင်းက တိတ်တဆိတ်ပင် အတွင်းသို့ တွားသွားဝင်သွားကာ ကျန်းဟန်ကို နောက်ပြန်လှည့်ကြည့်လိုက်ပြီးနောက် သူမ စတင်နိုင်ပြီဖြစ်ကြောင်း ပြသသည့်အနေဖြင့် ပက်လက်လှန်ကာ ဝပ်လျက်သား နေလိုက်တော့သည်။

လျှပ်စီးပိုးကောင်၏ ဆင့်ကဲပြောင်းလဲခြင်းအတွက် လေ့ကျင့်ရေးတာဝန်မှာ လျှပ်စစ်ရှော့ခ်တိုက်ခြင်းကို အောင့်ခံရင်း တစ်ရက်လျှင် ထိုင်ထ အကြိမ် နှစ်ထောင်နှင့် တိုက်ခိုက်မှု အကြိမ် တစ်ထောင်ကို ဆယ်ရက်တိုင်တိုင် ပြုလုပ်ရမည် ဖြစ်သည်။

ကြည့်ရသည်မှာ မခက်ခဲလှဟု ထင်ရသော်လည်း ပိုင်လင်းသည် သစ်သားအမျိုးအစား အခြေခံရှိသူ ဖြစ်နေခြင်းကြောင့် ခက်ခဲမှုမှာ သိသိသာသာ မြင့်တက်သွားခဲ့သည်။

“ဒါဆို ငါ စတော့မယ်။”

ကျန်းဟန်က ပိုင်လင်းကို တစ်ချက်ကြည့်ကာ ဗို့အားကို စတင်မြှင့်တင်လိုက်သည်။ ဤနေရာရှိ ဗို့အားခလုတ်သည် တစ်ခါမြှင့်လျှင် ၁၀ ဗို့ စီ တိုးသွားရန် သတ်မှတ်ထားပြီး အမြင့်ဆုံး ဗို့အား တစ်သောင်းအထိ မြှင့်တင်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာကို သားရဲပေါက်လေးများ သို့မဟုတ် အသစ်ကြီးထွားလာသော သားရဲများအတွက် ဒီဇိုင်းထုတ်ထားခြင်းကြောင့်ဖြစ်ပြီး ယခုဗို့အားမှာ ၎င်းတို့ တောင့်ခံနိုင်သည့် အကန့်အသတ်ပင် ဖြစ်သောကြောင့်ပင်။

သားရဲများ အပြည့်အဝ ကြီးပြင်းလာပြီးပါက ၎င်းတို့၏ လေ့ကျင့်မှုအတွက် ကောင်းကင်အမြင့်ရှိ တိမ်တိုက်များဆီသို့ တိုက်ရိုက်သွားရောက်ကာ အစစ်အမှန် မိုးကြိုးလျှပ်စီးများကို ခံယူရမည် ဖြစ်သည်။

လျှပ်စစ်မီး ဖွင့်လိုက်ပြီဖြစ်သော်လည်း ပိုင်လင်းက ထူးထူးခြားခြား တုံ့ပြန်မှုမရှိပေ။ ၁၀ ဗို့ဆိုသည်မှာ သူမအတွက် အလွန်နည်းပါးလွန်းနေသေးသည်။

“ငါ လျှပ်စစ်အရှိန်ကို ထပ်မြှင့်တော့မယ်။”

ကျန်းဟန်က ဗို့အားကို တဖြည်းဖြည်းချင်း မြှင့်လိုက်ရာ မကြာမီမှာပင် ၅၀ ဗို့သို့ ရောက်ရှိသွားခဲ့သည်။ ပိုင်လင်း၏ ခန္ဓာကိုယ်မှာ စတင်တုန်ရင်လာခဲ့သော်လည်း ထိုင်ထလေ့ကျင့်ခန်းကို ဆက်လက်လုပ်ဆောင်နိုင်နေဆဲ ဖြစ်သည်။

ဗို့အားမှာ လျင်မြန်စွာပင် ၁၀၀ ဗို့သို့ ရောက်ရှိသွားပြီး ပိုင်လင်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်ကာ အနည်းငယ်ပင် တွန့်လိမ်သွားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်မိုးကြိုးသစ်စေးက ထုံကျင်ပိတ်ဆို့ခြင်း သက်ရောက်မှုကို အများကြီး ခုခံလျော့ချပေးနိုင်ခဲ့သည်။

“ဒီနေ့အတွက်တော့ ဒီဗို့အားဆိုရင် အဆင်ပြေပြီ။”

ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။ အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းအတွက် သတ်မှတ်ထားသော ဗို့အားဟူ၍ မရှိဘဲ သီအိုရီအရ လျှပ်စစ်ရှော့ခ်တိုက်ထားသော ပတ်ဝန်းကျင်တွင် လေ့ကျင့်မှုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လျှင် အဆင်ပြေပြီဖြစ်သည်။

ယခုလေ့ကျင့်မှုသည် အကျိုးသက်ရောက်မှု ရှိမရှိ ဆုံးဖြတ်ရန်မှာ အမှန်တကယ်ပင် ရိုးရှင်းပါသည်။ လေ့ကျင့်နေစဉ်အတွင်း ပိုင်လင်း၏ ခန္ဓာကိုယ်က အံ့ဖွယ်ဒြပ်စင်များကို စုပ်ယူခြင်း ရှိ၊ မရှိ ကြည့်ရုံသာ ဖြစ်သည်။

အကယ်၍ စွမ်းအင်များကို စုပ်ယူနေလျှင် လေ့ကျင့်မှုမှာ အောင်မြင်သည်ဟု ဆိုလိုပေသည်။

အမှန်တော့ ဗို့အား ၈၀ ရောက်ကတည်းက ပိုင်လင်းသည် အံ့ဖွယ်ဒြပ်စင်ကို စတင်စုပ်ယူနေခဲ့ပြီး ဖြစ်သော်လည်း အလွန်နည်းပါးခဲ့သည်။

ယခုအခါ ၁၀၀ ဗို့အရှိန်သည် အံ့ဖွယ်ဒြပ်စင်များကို စုပ်ယူရန်အတွက် အကွက်တိပင် ဖြစ်သည်။

ထို့နောက်တွင်မူ ဇွဲလုံ့လကို စမ်းသပ်သည့် လေ့ကျင့်ရေးအစီအစဉ် ဖြစ်လာခဲ့ပြီး ပိုင်လင်းသည် လျှပ်စစ်ဓာတ်လိုက်ခံနေရစဉ်အတွင်း ပြင်းထန်သော လေ့ကျင့်ခန်းများကို အံကြိတ်ကာ သည်းခံလုပ်ဆောင်ခဲ့ရသည်။

သို့သော်လည်း ခိုင်မာသော ရည်မှန်းချက်ရှိသည့် ပိုင်လင်းအတွက်မူ ဤအရာက အထူးတလည် ခက်ခဲမနေခဲ့ပေ။ သူမသည် ထိုင်ထအကြိမ် နှစ်ထောင်ကို တစ်ကြိမ်ချင်းစီ ဇွဲနပဲဖြင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ခရမ်းရောင်မိုးကြိုးသစ်ပင်၏ အစေးသည် ဤလုပ်ငန်းစဉ်၌ မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းသည် လျှပ်စစ်ဓာတ်အချို့ကို စုပ်ယူပြီး ဖြည်းဖြည်းချင်းနှင့် ညီညာစွာ ပြန်လည်ထုတ်လွှတ်ပေးခြင်းဖြင့် ပိုင်လင်း၏ ခန္ဓာကိုယ်ကို လျှပ်စစ်ရှော့ခ် တိုက်ရိုက်ထိမှန်ခြင်းမှ ဦးစွာ ကာကွယ်ပေးခဲ့သည်။

ထို့အပြင် ၎င်းသစ်စေးသည် ထုံကျင်မှုကို ပြေပျောက်စေသည့် အာနိသင်ရှိသဖြင့် ပိုင်လင်းအား လေ့ကျင့်ခန်း ပြီးမြောက်နိုင်စေရန် သေချာစေသည့် သော့ချက်တစ်ခုလည်း ဖြစ်ပေပသည်။

ပိုင်လင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်မိုးကြိုးသစ်စေးများ တဖြည်းဖြည်း ကုန်ခမ်းလာသည်နှင့်အမျှ သူမခန္ဓာကိုယ်၏ ထုံကျင်မှုအဆင့်မှာလည်း မြင့်တက်လာခဲ့သည်။

နောက်ဆုံးတွင် ထိုင်ထလေ့ကျင့်ခန်းကို ပြီးဆုံးသွားပြီးနောက် ကျန်းဟန်က ခရမ်းရောင်မိုးကြိုးသစ်စေး လိမ်းဆေးကို နောက်တစ်ကြိမ် ထပ်မံသုတ်လိမ်းပေးပြီးမှ အကြိမ်တစ်ထောင် တိုက်ခိုက်မှု လေ့ကျင့်ခန်းကို စတင်လိုက်ပြန်သည်။

လေ့ကျင့်မှုအားလုံး ပြီးဆုံးသွားချိန်တွင် လေ့ကျင့်ရေးကွင်းတစ်ခုလုံးမှာ လူသူကင်းမဲ့နေခဲ့ပြီ ဖြစ်သည်။ မွန်းလွဲပိုင်း လေ့ကျင့်ရေးသင်တန်းမှာ သုံးနာရီမျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

“ပိုင်လင်း မင်း ပင်ပန်းသွားပြီ။ အင်အားပြန်ဖြည့်ဖို့ယ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲကို ပြန်သွားလိုက်တော့။”

ကျန်းဟန်က ပိုင်လင်း၏ ခေါင်းကို ပုတ်ကာ ပြန်သိမ်းလိုက်သည်။

သူသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲကာ အဆောင်ဘက်သို့ လျှောက်လာခဲ့လိုက်သည်။ ပိုင်လင်း လေ့ကျင့်နေစဉ်အတွင်း သူကိုယ်တိုင်လည်း ဘေးနားမှနေ၍ ကိုယ်ကာယလေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ချင်းယွမ်လေ့ကျင့်ရေးကွင်းရှိ ပြိုင်ပွဲကတည်းက သူသည် မိမိ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ရန် ပိုမိုအာရုံစိုက်လာခဲ့သည်။

မိမိ၏ သားရဲကို နောက်ဆွဲမဖြစ်စေရုံသာမက ၎င်းမှာ မိမိကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေးအတွက်လည်း ဖြစ်သည်။

“မင်း ကြားပြီးပြီလား။ ဒီနေ့မွန်းလွဲပိုင်းက ကျောင်းမှာ ကျောင်းတွင်းအကြမ်းဖက်မှု ဖြစ်ပွားခဲ့တယ်တဲ့။”

“ငါ ကြားတယ်။ ဒါက တကယ် အံ့သြစရာပဲ။ ကြည့်ရတာ လူနှစ်ယောက်က တစ်ယောက်ကို ဗိုလ်ကျတာကို ဟိုတစ်ယောက်က ပြန်ခုခံပြီး သူတို့ကို အလဲသိပ်လိုက်ရုံတင်မကဘဲ စကားပြောတွေကိုပါ အသံဖမ်းထားသေးတယ်တဲ့။ သူတို့ကို ချက်ချင်း ရဲစခန်း ပို့လိုက်ကြပြီ။”

“ဟုတ်တယ်။ အဲဒီလူက တကယ်ကို အစွမ်းထက်တာပဲ။ ကျောင်းနဲ့ မိဘနှစ်ပါးစလုံးက သူ့ကို ဖျောင်းဖျဖို့ နည်းမျိုးစုံ သုံးခဲ့ကြပေမဲ့ သူကတော့ လုံးဝ အလျော့မပေးခဲ့ဘူးလို့ ကြားတယ်။ နောက်ဆုံးတော့ ရဲစခန်းအထိ ပို့ပစ်လိုက်တာပဲ။”

လမ်းခရီးတွင် အတူတူ လျှောက်လှမ်းလာကြသော ကျောင်းသားအုပ်စုများမှာ မွန်းတည့်ချိန်က ဖြစ်ပွားခဲ့သည့် ကျောင်းတွင်းအကြမ်းဖက်မှု အကြောင်းကို ပြောဆိုနေကြသည်။

“ဟုတ်ပါရဲ့။ ငါသာဆိုရင် အစောကြီးကတည်းက ကြောက်ပြီး အလျော့ပေးလိုက်လောက်ပြီ။ အဲဒီ အစ်ကိုကြီး ကမှ တကယ့် အစ်ကိုကြီးအစစ်ပဲလို့ ပြောရမယ်။”

“အဲဒါ အတန်း ၅ အကောင်ကြီးကြီးတစ်ယောက်လို့ ကောလာဟလ ထွက်နေတာပဲ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ကျောင်းက ဒါကို လျှို့ဝှက်ထားလို့ ဘယ်သူလဲဆိုတာ သေသေချာချာ မသိရသေးဘူး။”

“ဟုတ်တယ်။ တကယ် နှမြောစရာပဲ။ အဲဒီလူ ဘယ်လိုပုံစံလဲဆိုတာ ငါ မြင်ဖူးချင်လိုက်တာ။”

ကျောင်းသားများသည် ကျန်းဟန်အပေါ် အထင်ကြီးလေးစားမှုများဖြင့် ပြောဆိုနေကြသော်လည်း ၎င်းတို့ ပြောနေသည့်လူမှာ ၎င်းတို့ဘေးမှ ဖြတ်ကျော်သွားသည်ကိုမူ မသိရှိကြပေ။

ကျောင်းသားများ၏ ဆွေးနွေးမှုများကို နားထောင်ရင်း ကျန်းဟန်သည် အဆောင်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

အဆောင်မှူးထံမှ သူ၏စောင်နှင့် နေ့စဉ်သုံးပစ္စည်းများကို ရယူပြီးနောက် ကျန်းဟန်သည် သူ၏ အဆောင်ခန်းဆီသို့ ဦးတည်လိုက်သည်။

ထိုအခန်းမှာ ခြောက်ယောက်ခန်း ဖြစ်ရမည် ဖြစ်သော်လည်း ကျန်းဟန် အခန်းထဲသို့ ဝင်လိုက်သောအခါ အတွင်း၌ လူလေးယောက်သာ ရှိနေသည်ကို တွေ့လိုက်ရသည်။

သူ ဝင်လာသည်ကို မြင်သောအခါ ထိုလူလေးယောက်လုံးမှာ အနည်းငယ် ပျာပျာသလဲ ဖြစ်သွားကြပြီး ရှုပ်ထွေးသော အမူအရာများဖြင့် မတ်တပ်ထရပ်လိုက်ကြသည်။

“ဟယ်လို ကျန်းဟန်...။ မင်းရဲ့ အိပ်ရာခင်းဖို့နဲ့ ပစ္စည်းတွေကို ငါတို့ကူသိမ်းပေးမယ်။”

မကြာမီမှာပင် ထိုလေးယောက်လုံး တစ်ပြိုင်နက်တည်း ပြောဆိုကာ ရှေ့သို့ အလျင်အမြန်လျှောက်လာခဲ့ကြ၏။

“ရပါတယ်။ ငါ့ဘာသာ လုပ်နိုင်တယ်။”

ကျန်းဟန်က ခေါင်းခါပြလိုက်သည်။ သူ၏ အဆောင်ဖော်လေးယောက်မှာ သူ့ကို ကြောက်လန့်နေကြသည်မှာ သိသာ၏။

ဘာကြောင့်လဲဆိုသည်ကို သူ ခန့်မှန်းမိပါသည်။ ၎င်းမှာ ယနေ့ သူ အတန်းခေါင်းဆောင်အပေါ် ပြုမူခဲ့သည့် သဘောထားကြောင့် ဖြစ်ရမည်ဖြစ်ပြီး သူ၏ ဘယ်သူနှင့်မျှ အဆက်အဆံမလုပ်ဘဲ အေးစက်စက်နေတတ်သော အမူအရာက ဤလူများကို ကြောက်လန့်စေခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ယနေ့ ဖြစ်ပွားခဲ့သော ကျောင်းတွင်းအကြမ်းဖက်မှု ဖြစ်စဉ်ပင်။ အခြားအတန်းများက မသိနိုင်သော်လည်း အတန်း ၅ မှ ကျောင်းသားများကမူ အလွန်ကောင်းမွန်စွာ သိရှိထားကြသည်။

ယနေ့ အတန်းထဲတွင် လူသုံးယောက် ပျက်ကွက်ခဲ့ပြီး ယနေ့နံနက်က ဖြစ်ပျက်ခဲ့သည်များကို ထည့်သွင်းစဉ်းစားကြည့်လျှင် အဓိကတရားခံမှာ မည်သူဖြစ်သည်ဆိုသည်မှာ အလွန်ပင် ရှင်းလင်းလှသည်။

ကျန်းဟန်သည် ခဲ့ရွှမ်းလီနှင့် ချန်ကန်းတို့ကို တိုက်ရိုက်အလဲသိပ်ခဲ့ပြီး အသံဖမ်းဖိုင်ကို အသုံးပြုကာ ထိုနှစ်ယောက်ကို အချုပ်ခန်းထဲ ပို့ပစ်ခဲ့သည်မှာ ထင်ရှားလှပေသည်။

ဤကဲ့သို့သော အစ်ကိုကြီးတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ အထူးသဖြင့် မိမိတို့၏ အဆောင်ခန်းထဲတွင် အတူတူနေရမည့်သူ ဖြစ်နေသည့်အတွက် ၎င်းတို့မှာ အလျော့ပေးရုံမှတစ်ပါး အခြားမရှိတော့ချေ။

“အစ်ကိုကြီး ကျန်းဟန် ငါတို့က နောင်ဆို အဆောင်ဖော်တွေ ဖြစ်သွားကြပြီပဲ။ ဒီလောက်အထိ အားနာမနေပါနဲ့။”

“ဟုတ်တယ်၊ ဟုတ်တယ်။ ဒီလို အသေးအမွှား ကိစ္စတွေကို ငါတို့ လုပ်နိုင်ပါတယ်။ မင်း လေ့ကျင့်ရတာနဲ့ ပင်ပန်းနေရောပေါ့။ သွားပြီး ရေချိုးလိုက်ဦးလေ။”

ထိုလူလေးယောက်မှာ ကျန်းဟန်၏ စကားကို လုံး လျစ်လျူရှုကာ သူ၏ ပစ္စည်းများကို တိုက်ရိုက်ယူဆောင်၍ သူ၏ အိပ်ရာကို အလျင်အမြန် စတင်ပြင်ဆင်ပေးကြတော့သည်။

All Chapters