အခန်း ၃၆
Vol. 4 Ch. 36
အခန်း ၃၆
ကျန်းဟန်သည် ဝမ်ယိ ရှိနေခြင်းကြောင့် အကျိုးခံစားခွင့်ရရှိကာ သူမနှင့်အတူ ဆရာ၊ ဆရာမများစားသောက်ဆောင်သို့ လိုက်သွားခဲ့သည်။
အစားအသောက်က ရိုးရှင်းပါသည်။ ဝမ်ယိက ဆန်ကြာဇံပြုတ်တစ်ပန်းကန် စားပြီး ကျန်းဟန်ကလည်း ဆန်ကြာဇံပြုတ်တစ်ပန်းကန် မှာခဲ့သော်လည်း သူမှာသည်က ရွှေရောင်စွတ်ပြုတ် ဖြစ်သည်။
“မင်း မနက်ဖြန်သွားမယ့် မြွေဖြူတောင်က သာမန်နေရာတစ်ခု မဟုတ်ဘူး။ အထဲမှာ မြွေဖြူရတနာသိုက် ရှိတယ်။ အဲဒီရတနာအချို့ကို မင်းသာ ရရှိခဲ့မယ်ဆိုရင် မင်းရဲ့ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်အတွက် အများကြီး အထောက်အကူပြုလိမ့်မယ်။”
ဝမ်ယိက ဆန်ကြာဇံပြုတ်ကို အနည်းငယ် ခပ်စားလိုက်ပြီးနောက် မော့ကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော် နားလည်ပါတယ် ဆရာမ။ အထဲဝင်ခွင့်ရဖို့ အခွင့်အရေးရှိရင် ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ။”
ကျန်းဟန် ခေါင်းညိတ်ပြလိုက်သည်။
“တကယ်တော့ ငါပြောချင်တာက အဲဒါမဟုတ်ဘူး။ ငါပြောချင်တာက မင်း သတိထားဖို့ပဲ။ ဘာလို့လဲဆိုတော့ ကောင်းကင်မဟာမိတ်အဖွဲ့က လူတွေ ပေါ်လာနိုင်ခြေ ရှိနေလို့ပဲ။”
ဝမ်ယိက ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။
“ထျန်းမုန့်က လူတွေလား။”
ထိုစကားကြောင့် ကျန်းဟန် အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။
ကောင်းကင်မဟာမိတ်အဖွဲ့က လူတွေ အဲဒီမှာ ပေါ်လာနိုင်လို့လား။
“ဘာကြောင့်လဲဆိုတာကိုတော့ ငါ အသေအချာ မပြောနိုင်ဘူး။ ဒါပေမဲ့ ခဲ့ရွှမ်းလိနဲ့ ချန်ကန်းတို့ ထျန်းမုန့်အဖွဲ့ထဲ ဝင်သွားတာကို မင်း သိထားပြီးပြီ မဟုတ်လား။”
“ကောင်းကင်မဟာမိတ်အဖွဲ့က လူတစ်ယောက်ယောက် တကယ်ပဲ ပေါ်လာမယ်ဆိုရင် မင်းက ပစ်မှတ် ဖြစ်သွားနိုင်တယ်။”
ဝမ်ယိက စကားကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။ ကျန်းဟန်သည် အတန်းဖော်များ၏ ဖယ်ကြဉ်ခြင်းကို ခံထားရသည်ကို သူမ သိထားသဖြင့် သူတစ်ယောက်တည်း လှုပ်ရှားနေစဉ် အန္တရာယ်ကြုံရမည်ကို စိုးရိမ်ပြီး သူ့အတွက် ပို၍ စိတ်ပူနေမိသည်။
ကျန်းဟန်သည် ဝမ်ယိ၏ စကားကို ကြားပြီးနောက် နက်နက်နဲနဲ တွေးတောမိသွားတော့သည်။ ခဏအကြာတွင် သူ မော့ကြည့်ကာ မေးလိုက်သည်။
“ဒါက ထောင်ချောက်တစ်ခုလား။”
သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့နှင့် သားရဲထိန်းချုပ်ခြင်း စီမံခန့်ခွဲရေးဗျူရိုတို့မှ စေလွှတ်ထားသော စုံစမ်းစစ်ဆေးရေးမှူးများသည် အချိန်အတော်ကြာသည်အထိ ကြီးမားသော လှုပ်ရှားမှုတစ်စုံတစ်ရာ မလုပ်ဆောင်ခြင်းမှာ အစီအစဉ်တစ်ခု ဖြစ်နိုင်ခြေ အလွန်များကြောင်း သူ သဘောပေါက်သွားခဲ့သည်။
ဒီလူတွေ တကယ် သတ္တိခဲတွေပဲ။ ဒီကျောင်းသားတွေသာ တကယ်ကြီး တစ်ခုခု ဖြစ်သွားရင် သူတို့ပဲ တာဝန်ယူရမှာ ဟုတ်ဘူးလား။
သို့သော်လည်း ဤနည်းလမ်းသည် အောင်မြင်မှုနှုန်း အလွန်မြင့်မားသော နည်းလမ်းကောင်းတစ်ခု ဖြစ်သည်မှာတော့ အမှန်ပင်။
ဝမ်ယိက ကျန်းဟန်ကို အံ့သြတကြီး ကြည့်လိုက်မိ၏။
“မင်းက တော်တော်လေး ဉာဏ်ကောင်းတာပဲ။ ဒါပေမဲ့ မင်း သိထားရင် ရပြီ။ အပြင်ကို လျှောက်မပြောနဲ့။
ပြီးတော့ မင်း စိတ်မပူပါနဲ့။ ငါတို့က မင်းကို သားကောင်အဖြစ် သုံးနေတာ မဟုတ်ဘူး။ တကယ့်သားကောင်က လုံးဝ နောက်တစ်ခုပဲ။”
“ကျွန်တော် နားလည်ပါပြီ။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ။”
ကျန်းဟန် ခေါင်းညိတ်ပြလိုက်သည်။
စားသောက်ပြီးနောက် ကျန်းဟန်နှင့် ဝမ်ယိတို့သည် မိမိတို့၏ အဆောင်များသို့ အသီးသီး ပြန်သွားခဲ့ကြ၏။
မနက်ဖြန် စတင်မည့် တောတွင်းရှင်သန်မှု လေ့ကျင့်ရေးက တစ်ပတ်ကြာမြင့်မည် ဖြစ်သည်။ လူတစ်ယောက်လျှင် လွယ်အိတ်အလွတ် တစ်လုံးသာ ယူဆောင်လာခွင့်ရှိပြီး ကျောင်းက ဓားမြှောင်တစ်ချောင်းနှင့် မီးခတ်ကျောက် တစ်စုံ ပံ့ပိုးပေးမည် ဖြစ်သည်။
နောက်ထပ် ယူဆောင်သွားရမည့်အရာမှာ မိမိတို့နှင့်အတူ အမြဲရှိနေသည့် လက်ကိုင်ဖုန်း ဖြစ်ပြီး ၎င်းကို ရုပ်ပုံစွယ်စုံကျမ်းဟုလည်း ခေါ်ဆိုကြသည်။
ထို့ကြောင့် မည်သည့်အရာကိုမျှ ပြင်ဆင်နေစရာ မလိုပေ။ ပစ္စည်းများ ဝှက်ယူသွားရန် ကြိုးစားခြင်းကလည်း အလကားပင်။ ဆရာ၊ ဆရာမများ၏ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားဖြင့် စကင်ဖတ်လိုက်ပါက X-ray ရိုက်သည်ထက်ပင် ပိုမိုပြတ်သားစွာ မြင်နိုင်သေးသည်။
“ဟုတ်ဟုတ် မင်း ဒီည အပြင်မထွက်သင့်ဘူး။ ငါတို့ မနက်ဖြန် တောတွင်းရှင်သန်မှု လေ့ကျင့်ရေးအတွက် မြွေဖြူတောင်ကို သွားကြမှာမို့လို့ ဒီညက အပြင်ထွက်ဖို့ အချိန်ကောင်း မဟုတ်ဘူး။ ကျောင်းကို အစွမ်းထက်တဲ့လူတချို့ လာကြလိမ့်မယ်။”
ကျန်းဟန်က ဟုတ်ဟုတ်ကို အပြင်ထုတ်ပေးရင်း ပြောလိုက်သည်။
မျက်နှာဝိုင်းဝိုင်းနှင့် ဝတုတ်တုတ် ဤကြက်ကလေးသည် ပထမအကြိမ် အံ့ဖွယ်အသွင်ပြောင်းခြင်းကို ပြီးမြောက်အောင်မြင်ထားပြီး ပြီးပြည့်စုံသော သွေးအရိပ်ညဇီးကွက် ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။
၎င်း၏ မူလဒဏ်ရာများ၏ သက်ရောက်မှုများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး ကိုယ်အလေးချိန်ပင် တက်လာကာ ပိုမိုခန့်ညားထည်ဝါလာပြီး ၎င်း၏ သွေးကဲ့သို့ ရဲရဲနီနေသော မျက်လုံးများကလည်း တောက်ပစွာ လင်းလက်နေတော့သည်။
“ဂူး ဂူး...”
ဟုတ်ဟုတ်သည် ကျန်ဟန်ကို ဂရုမစိုက်ဘဲ ပြတင်းပေါက်ပေါင်ပေါ်သို့ ခုန်တက်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။ ခဏအကြာတွင် ၎င်းက နောက်ဆုတ်လာပြီး စိတ်ပျက်လက်ပျက် အရိပ်အယောင်များဖြင့် ကျန်ဟန်ကို ကြည့်လိုက်သည်။
“ကု”
ဒါတွေအားလုံးက ကျန်ဟန်ကြောင့် ဖြစ်ရတာပဲ။ သူသာ ကျောင်းမှာ လာမနေခဲ့ရင် သူလည်း ညဘက် အပြင်ထွက်လည်ဖို့ အချိန်ကြန့်ကြာသွားမှာ မဟုတ်ဘူး။
“စိတ်မဆိုးပါနဲ့တော့။ သစ်သီးလေးနည်းနည်းစားပြီး အိပ်လိုက်တော့နော်။ မြွေဖြူတောင်ကို ရောက်ရင် အပြင်ထွက်ပြီး ဆော့လို့ရပြီ။”
ကျန်းဟန်က ၎င်းကို အမှောင်သွေးသစ်သီးတစ်လုံး ကျွေးလိုက်သည်။
“ဂလု...”
ဟုတ်ဟုတ်သည် သူ့ကို မကျေမနပ် တစ်ချက်ကြည့်ပြီးနောက် သေတ္တာထဲမှ နောက်ထပ်တစ်လုံးကိုပါ နှုတ်သီးဖြင့် ဆွဲယူစားသောက်လိုက်ပြီးမှ ကျန်းဟန်၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်ဝင်ရန် သဘောတူလိုက်တော့သည်။
ဟုတ်ဟုတ်အတွက် လေ့ကျင့်ရေး တစ်ရက်လောက် ပျက်ကွက်သွားခြင်းက ပြဿနာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဒုတိယအကြိမ်မြောက် အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်ကို မစတင်ရသေးသောကြောင့်ပင်။
ဟုတ်ဟုတ်ကို ချော့မော့ပြီးနောက် ကျန်းဟန်သည် မီးများပိတ်ကာ အိပ်ရာဝင်လိုက်၏။ အခန်းထဲတွင် တစ်ယောက်တည်း ရှိနေခြင်းကလည်း တကယ်တော့ တော်တော်လေး အေးချမ်းလှပါသည်။
သူ့ အခန်းဖော် လေးယောက်စလုံးက တခြားအဆောင်ခန်းများသို့ ပြောင်းရွှေ့အိပ်စက်သွားကြခြင်းဖြစ်ပြီး ၎င်းနှင့်ပတ်သက်၍ သူ ဘာမျှ မတတ်နိုင်ခဲ့ပေ။
ဤအရွယ် ကျောင်းသားများသည် သူတစ်ပါး၏ လွှမ်းမိုးမှုကို အလွယ်တကူ ခံရတတ်ပြီး အုပ်စုနှင့် ဆန့်ကျင်ဘက်ဖြစ်မည့် မည်သည့်အရာကိုမျှ မလုပ်ရဲကြချေ။
မျက်စိတစ်မှိတ်အတွင်း နောက်တစ်နေ့မနက်ခင်းသို့ ရောက်ရှိလာခဲ့ရာ မနက်စာစားသည့်နေရာ၌ လူများဖြင့် စည်ကားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤမနက်စာသည် ယခုတစ်ပတ်အတွင်း သူတို့အတွက် အကောင်းဆုံး အစားအစာ ဖြစ်လာနိုင်သည်ကို အားလုံး သိထားကြသောကြောင့်ပင်။
တောထဲသို့ ရောက်သွားသည်နှင့် အစားအစာ ရှာဖွေရခြင်းမှာ အကြီးမားဆုံး ပြဿနာများထဲမှ တစ်ခု ဖြစ်လာပေလိမ့်မည်။
ဒုတိယအချက်မှာ အစားအစာ ရှာဖွေတွေ့ရှိခဲ့လျှင်ပင် လူအများစု၏ ချက်ပြုတ်မှု စွမ်းရည်က အလွန်ညံ့ဖျင်းလှသဖြင့် သူတို့ချက်သည့် အစားအစာများသည် ကျောင်းစားဆောင်တွင် စားရသည်များလောက် လုံးဝ အရသာရှိမည် မဟုတ်ပေ။
ကျန်းဟန် အစောကြီး ထလာခဲ့သည်။ မနက်ခင်း တရားထိုင်ခြင်းကို အဆုံးသတ်ပြီးနောက် သူသည် ကျောင်းစားဆောင်၌ ပေါက်စီများ စားခဲ့သည်။
နံနက် ခုနစ်နာရီတွင် အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားအားလုံးသည် မိမိတို့ အတန်းအလိုက် ကွင်းပြင်ကျယ်ထဲ၌ စုဝေးခဲ့ကြသည်။
“ဒီနေ့ ငါတို့အားလုံး ဒီမှာ ဘာလို့ စုဝေးနေကြလဲဆိုတာ ငါ အထူးတလည် ပြောမနေတော့ဘူး။ မင်းတို့အားလုံးလည်း သိကြမှာပါ။”
“ဒီတစ်ခေါက် လေ့ကျင့်ရေးကွင်းပြင်က မြွေဖြူတောင်ပဲ။ မြွေဖြူတောင်ပေါ်က သားရဲတွေအားလုံးကို ရှင်းလင်းထားပြီးပြီ။ အဆင့် ၃ ခေါင်းဆောင်အဆင့်နဲ့ အထက် ရှိတဲ့ သားရဲတွေအားလုံး အပြင် မင်းတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရစေမယ့် ထူးခြားတဲ့ သားရဲအမျိုးအစား အချို့ကိုလည်း ဖယ်ရှားထားပြီးပြီ။”
“ဒါက မင်းတို့ရဲ့ ပထမဆုံးအကြိမ် တကယ့်လက်တွေ့ တောတွင်းရှင်သန်မှု လေ့ကျင့်ခန်း ဖြစ်တာကြောင့် အခက်အခဲက သိပ်ပြီး မြင့်မားမှာ မဟုတ်ဘူး။ ဒါပေမဲ့ မဆင်မခြင် လုပ်ရင်တော့ ဒဏ်ရာရဖို့ လွယ်ကူနေတုန်းပဲ။”
“ဒီအကဲဖြတ်စစ်ဆေးမှုက သားရဲတွေကို လိုက်လံအမဲလိုက်စရာ မလိုဘူး။ အဲဒီမှာ တစ်ပတ်ပြည့်အောင် နေထိုင်နိုင်ရုံနဲ့ မင်းတို့ အောင်မြင်ပြီ။”
“ဒီအချက်အပေါ် အခြေခံပြီး သားရဲတွေကို ပိုပြီးအမဲလိုက်နိုင်လေ ရလဒ်က ပိုကောင်းလေ ဖြစ်မှာဖြစ်ပြီး ထူးချွန်တဲ့ ကျောင်းသားတွေကိုလည်း ကျောင်းက ဆုလာဘ်တွေ ပေးသွားမယ်။”
“အရမ်းအရေးကြီးတဲ့ အချက်တစ်ခုကတော့ အတန်းဖော်အချင်းချင်း နာကျင်အောင် မလုပ်ရဘူး။ အကယ်၍ ရန်ပွဲအတွင်း အတန်းဖော်တစ်ယောက်ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့ရင် ဥပဒေအရ အရေးယူခံရမယ်...”
ကျောင်းအာဏာပိုင်များက နာမည်အမြောက်အမြားကို ခေါ်ဆိုနေခဲ့ပြီး သွားရမည့်ယာဉ်များ ရောက်ရှိလာရန် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။
“ကောင်းပြီ... အားလုံးပဲ အခု လာပြီးတော့ ကိုယ့်ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လာရောက်ထုတ်ယူနိုင်ပြီ။ အတန်း (၁) ကနေ စမယ်။ အတန်းတစ်ခုချင်းစီက ပစ္စည်းထုတ်ပြီးတာနဲ့ အတန်းပိုင်ဆရာက သူတို့ကို မြွေဖြူတောင်ဆီ ဦးဆောင်ခေါ်သွားပေူလိမ့်မယ်။”
ထောက်ပံ့ရေးပစ္စည်းများ ခွဲဝေပေးခြင်းကို အလျင်အမြန် စတင်ခဲ့ပြီး ပစ္စည်းများ လက်ခံရရှိပြီးနောက် ကွင်းပြင်ကျယ်ကြီးပေါ်သို့ ဧရာမ ဗျိုင်းဖြူကြီးများ ပျံသန်းရောက်ရှိလာခဲ့သည်။
ထိုဗျိုင်းဖြူကြီးများသည် အလျား မီတာ ၃၀ ကျော်ခန့် ရှိကြပြီး ကောင်းကင်တွင် ပျံသန်းနေသည့်အခါ ဘိုအင်း ၇၃၇ ခရီးသည်တင် လေယာဉ်တစ်စင်းခန့် ပမာဏရှိသည်။
၎င်းတို့သည် တစ်ကြိမ်လျှင် အတန်းသုံးတန်းမှ ကျောင်းသားများကို တစ်ပြိုင်နက် သယ်ဆောင်သွားနိုင်၏။
ထိုဗျိုင်းဖြူကြီးများသည် အဆင့် ၃ ခေါင်းဆောင်အဆင့်မျှသာ ရှိသော်လည်း ဤမျှလောက်အထိ ကြီးမားနေရခြင်းမှာ ၎င်းတို့ကို သယ်ယူပို့ဆောင်ရေး ရည်ရွယ်ချက်အတွက် သီးသန့် မွေးမြူထားခြင်းကြောင့် ဖြစ်သည်။
သားရဲများကို ယဉ်ပါးစေသည့် ခေတ်ကာလတွင် ဤကဲ့သို့သော ဧရာမ ပျံသန်းနိုင်သည့် ငှက်ကြီးများသည် လေယာဉ်များထက် များစွာ ပိုမိုအသုံးဝင်လှသည်။ အချို့သော လေထဲတွင် လွင့်မျောနိုင်သည့် ဧရာမလိပ်ကြီးများ၏ ကျောပေါ်တွင်မူ အပန်းဖြေဟိုတယ်တစ်ခုကိုပင် တည်ဆောက်နိုင်ပြီး ထိုဟိုတယ်ကြီးကို ကျောပေါ်တင်ကာ ကမ္ဘာအနှံ့ လှည့်လည်သွားလာနိုင်ကြသည်။
ကျန်းဟန်သည် အတန်း (၄) မှ ဖြစ်သဖြင့် ဗျိုင်းဖြူကြီးကို စီးနင်းရမည့် ဒုတိယအသုတ်တွင် ပါဝင်ခဲ့သည်။ သူတို့ မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေစဉ် ဗျိုင်းဖြူကြီးက ၎င်း၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သူတို့အားလုံးကို အပေါ်သို့ မြှောက်တင်ပေးခဲ့သည်။
ဗျိုင်းဖြူကြီး၏ ကျောပေါ်တွင် စီးဆင်းနေသော အလင်းတန်းအလွှာတစ်ခု ရှိနေ၏။ ၎င်းက ကျန်းဟန် စိတ်ကူးယဉ်ခဲ့သလို ဗျိုင်းဖြူ၏ အမွှေးအတောင်များကို တိုက်ရိုက်နင်းထားရခြင်းမျိုး မဟုတ်သော်လည်း ခံစားချက်တစ်ခုလုံးကတော့ တော်တော်လေး ကောင်းမွန်လှသည်။
“ဟီးးးးး....”
လူတိုင်း အပေါ်သို့ ရောက်ရှိလာပြီးနောက် ဗျိုင်းဖြူကြီးသည် စူးရှပြတ်သားသော အော်သံတစ်ချက်ကို ပြုလုပ်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကာ အနောက်ဘက်ရှိ လူတိုင်းကို လွှမ်းခြုံပေးမည့် ပွင့်လင်းမြင်သာသော အကာအကွယ်တစ်ခုကို ဖန်တီးပေးလိုက်သည်။
“အရမ်းလှတာပဲ။ အဲဒါ မြွေဖြူတောင်လား။”
“အဝေးကကြည့်ရင် လှပေမဲ့ အထဲရောက်သွားရင်တော့ အရမ်းဆိုးရွားသွားလိမ့်မယ်။”
မြွေဖြူတောင်သည် ပန်းမြို့တော်၏ မြောက်ဘက်တွင် တည်ရှိပြီး ဗျိုင်းဖြူကြီးများ ကောင်းကင်သို့ ပျံသန်းလိုက်သည်နှင့် ၎င်းကို မြင်တွေ့နိုင်ပြီ ဖြစ်သည်။
ဤနေရာ၏ ပတ်ဝန်းကျင် အနေအထားက အမျိုးမျိုး ကွဲပြားခြားနားသည်။ မြစ်တစ်စင်းသည် ထိုဒေသကို ဖြတ်သန်းစီးဆင်းနေပြီး ရွှံ့နွံများနှင့် အင်းအိုင်ငယ်လေးအချို့ကို ဖြစ်ပေါ်စေခဲ့သည်။
ကျန်းဟန်တို့အဖွဲ့သည် ထိုနေရာ၌ ၎င်းတို့၏ ရှင်သန်မှုလေ့ကျင့်ရေးကို ပြုလုပ်ကြရမည် ဖြစ်သည်။ ဧရိယာတစ်ခုလုံးသည် ၁၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး အဆင့်မြင့် သားရဲထိန်းချုပ်သူ ကျွမ်းကျင်ပညာရှင်များက စောင့်ကြပ်ကြည့်ရှုပေးထားကြသည်။