အခန်း ၃၇
Vol. 4 Ch. 37
အခန်း ၃၇
“ခဏနေရင် မင်းတို့ကို မတူညီတဲ့ နေရာအသီးသီးကို ကျပန်း ချပေးလိမ့်မယ်။ အကယ်၍ မင်းတို့ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရရင် လက်ထဲက အရေးပေါ် အချက်ပေးခလုတ်ကို နှိပ်ဖို့ မမေ့နဲ့။”
မြွေဖြူတောင် ပတ်ဝန်းကျင် တစ်ပြင်လုံးတွင် ဆက်သွယ်ရေးလိုင်းများကို ပိတ်ဆို့ထားခြင်းကြောင့် လက်ထဲမှ အရေးပေါ်အချက်ပေးခလုတ် တစ်ခုတည်းသာ အသုံးဝင်မည့်အရာ ဖြစ်သည်။
“လာမယ့်တစ်ပတ်အတွင်း မင်းတို့အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်။”
ဝမ်ယိက သူမအတန်းမှ ကျောင်းသားများကို ကြည့်ကာ အကြံပေးစကား ပြောလိုက်သည်။
သူမ စကားအဆုံးတွင် ဗျိုင်းဖြူကြီးသည် စိတ်ဝိညာဉ်စွမ်းအင် အလင်းတန်းများကို လွှတ်ထုတ်လိုက်ပြီး ကျောင်းသားအချို့ကို ကောင်းကင်ပေါ်မှ အောက်သို့ ဖြည်းဖြည်းချင်း ချပေးလိုက်တော့သည်။
ဤတောတွင်းရှင်သန်မှု လေ့ကျင့်ရေးသည် ကျောင်းသားများ၏ တောတွင်းရှင်သန်မှုစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သောကြောင့် သူတို့အားလုံးကို တစ်နေရာတည်းတွင် စုစည်းထားပါက အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။
မြွေဖြူတောင် အကဲဖြတ်ဧရိယာသည် အလွန်ကျယ်ဝန်းသဖြင့် လူတစ်ထောင်လုံးကို တစ်စစီ ခွဲထုတ်လိုက်ပြီးပါက သူတို့အချင်းချင်း ပြန်လည်ဆုံတွေ့ရန် ခဲယဉ်းလွန်းလှသည်။
မကြာမီ ကျန်းဟန်သည်လည်း စိတ်ဝိညာဉ်စွမ်းအင် အလင်းတန်းတစ်ခု၏ ဆွဲခေါ်မှုဖြင့် တောင်တန်းများနှင့် တောအုပ်များထဲသို့ ရောက်ရှိသွားခဲ့သည်။
တောင်တန်းနှင့် တောအုပ်ထဲသို့ ရောက်သည်နှင့် ကျန်းဟန်သည် ပထမဆုံးအနေဖြင့် ပိုင်လင်းကို အပြင်ထုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
「ကျိ ヾ(^▽^*)))」
ပိုင်လင်းသည် အပြင်သို့ထွက်လာပြီးနောက် မိမိကိုယ်ကိုယ် ကျောင်းတွင် မရှိတော့သည်ကို သိရှိသွားသဖြင့် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
“မင်းလုပ်တာ မှားနေပြီ။ အရင်ဆုံး ပတ်ဝန်းကျင်မှာ အန္တရာယ်ရှိ၊ မရှိကို စစ်ဆေးရမှာလေ။”
ကျန်းဟန်က ၎င်းကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။
“ကျိ”
ပိုင်လင်းက ခေါင်းခါပြလိုက်ပြီး အနီးအနားတွင် အန္တရာယ်မရှိကြောင်း ၎င်းအနေဖြင့် အာရုံခံမိပြီးသားဖြစ်ကြောင်း အရိပ်အယောင်ပြလိုက်သည်။
“ကောင်းပြီလေ...။ ဒါဆိုရင် ရေရှိတဲ့နေရာဆီ ဦးတည်ပြီး သွားကြစို့။”
ကျန်းဟန် ခေါင်းညိတ်လိုက်သည်။
ဤသည်မှာ ကမ္ဘာမြေကြီး၏ တောရိုင်းပတ်ဝန်းကျင်ဆီ သူ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။
ဤနေရာ၏ ပတ်ဝန်းကျင်မှာ ကမ္ဘာဦးကာလကကဲ့သို့ ပိုမိုရှေးကျပြီး သစ်ပင်ကြီးများသည်လည်း အလွန်တရာ မြင့်မားလှကာ အများစုမှာ မီတာရာချီအထိ မြင့်မားကြသည်။
လူသားများအတွက်မူ ထိုသစ်ပင်ကြီးများအောက်တွင် လမ်းလျှောက်ရသည်မှာ သိပ်မခက်ခဲလှပေ။
ကျန်းဟန် ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ် အစောပိုင်းက အောက်သို့ အချခံရစဉ် မြင်တွေ့ခဲ့ရသည့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ အနေအထားများကို ပြန်လည်တွေးတောနေမိသည်။
“ဒီနေရာက မြေပြန့်လွင်ပြင်ပဲ။ မြွေဖြူတောင်က အနောက်တောင်ဘက်မှာ ရှိရမယ်။ ဒါပေမဲ့ ငါတို့ ဒီနေ့ အဲဒီဘက်ကို မသွားသေးဘူး။ အရင်ဆုံး အရှေ့ဘက်ကို သွားကြစို့။ ငါ အောက်ကိုဆင်းလာတုန်းက အဲဒီဘက်မှာ လျှပ်စီးလက်သလိုမျိုး မြင်လိုက်ရတယ်။ အဲဒီမှာ လျှပ်စီးနဲ့ပတ်သက်တဲ့ အရာတစ်ခုခု ရှိနေနိုင်တယ်။”
ကျန်းဟန် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကျိ”
ပိုင်လင်းက အသံတိုးတိုးပြုရင်း သစ်ပင်များကြား၌ ခုန်ပေါက်ပြေးလွှားသွားခဲ့သည်။ သို့သော်လည်း ၎င်းသည် ကျန်းဟန်နှင့် သိပ်ဝေးဝေးသို့ မသွားဘဲ ပတ်ဝန်းကျင်ကို ဆက်လက်သတိထား ကြည့်ရှုနေခဲ့သည်။
အရှေ့ဘက်သို့ သွားရာလမ်းတစ်လျှောက်တွင် သစ်ရွက်များကြား၌ ပုန်းအောင်းနေသော ကျောက်စိမ်းပိုးကောင်း အချို့ကို တွေ့နိုင်သည်။ ၎င်းသည် ထင်းရှူးခေါင်းပိုးကောင်များနှင့် ငန်းဖြူမလေးများကဲ့သို့ပင် အတွေ့ရအများဆုံး အင်းဆက်သားရဲ အမျိုးအစားများထဲမှ တစ်ခုဖြစ်သည်။
ဤအင်းဆက်များသည် ပိုင်လင်းနှင့် ယှဉ်လျှင် များစွာနိမ့်ပါးလှပြီး အများစုမှာ လက်ရွေးစင်အဆင့်သို့ပင် ကြီးထွားလာနိုင်ခြင်းမရှိဘဲ ငှက်သားရဲများ၏ အစာသာ ဖြစ်သွားတတ်ကြသည်။
တစ်ကီလိုမီတာခန့် လမ်းလျှောက်ပြီးနောက် ကျန်းဟန်၏ ရှေ့၌ မြစ်ငယ်လေးတစ်စင်း ပေါ်လာခဲ့သည်။ မြစ်သည် အရမ်းမကြီးသော်လည်း ရေကမူ ဖန်သားပြင်ကဲ့သို့ ကြည်လင်နေပြီး မြစ်ကြမ်းပြင်တွင် ကျောက်ခဲလေးများနှင့် အဖြူရောင်မီးခတ်ကျောက်များ ဖုံးလွှမ်းနေခဲ့သည်။
“ငါတို့ အရင်ဆုံး မြစ်ကို ဖြတ်ကူးကြမယ်။ ပြီးရင် မြစ်ကမ်းဘေးအတိုင်း လမ်းလျှောက်ရင်း ငါးရှိ၊ မရှိ ကြည့်ရအောင်။ ငါတို့ နေ့လယ်စာအတွက် ငါးကင်စားကြတာပေါ့။”
ကျန်းဟန်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဒီမြစ်ပိုင်းက ရေစီးသိပ်မသန်ဘူး။ ငါတို့ ကျောက်ခဲတွေကို နင်းပြီး အရှိန်နဲ့ ခုန်ကူးလို့ရတယ်။”
ကျန်းဟန် ထိုသို့ပြောပြီးသည်နှင့် ပိုင်လင်းသည် မြစ်၏ဤဘက်ကမ်းမှ လှမ်းခုန်လိုက်ပြီး တစ်ဖက်ကမ်းသို့ ပြေးကူးသွားခဲ့သည်။
သို့သော်လည်း ၎င်းသည် တစ်ဖက်ကမ်းသို့ ရောက်၍ သဲသောင်ပြင်ပေါ်သို့ အကျတွင် ငြိမ်သက်နေသော သဲပြင်သည် ရုတ်တရက် နိမ့်ဆင်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကန့်လန့်ကာ တံခါးချပ်တစ်ခုစာခန့် ပမာဏရှိသည့် သဲကျင်းကြီးတစ်ခု ပြိုကျပျက်စီးသွားခဲ့သည်။ သတိမထားမိဘဲ ဖြစ်သွားရရှာသော ပိုင်လင်းသည်လည်း ထိုတွင်းအလယ်ထဲသို့ ပြုတ်ကျသွားတော့သည်။
“ကျီးးးး (Д)っ”
ပိုင်လင်းတစ်ယောက် လန့်ဖျပ်သွားပြီး အပေါ်သို့ နှစ်ချက်ခန့် ခုန်တက်လိုက်သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ထို့နောက် ၎င်းသည် ပိုးမျှင်ကို အလျင်အမြန်အသုံးပြု၍ အပြင်ဘက်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်သို့ မိမိကိုယ်ကိုယ် ပြန်လည်ဆွဲတင်လိုက်ရသည်။
“ရှဲ... ရှဲ...”
အမဲလိုက်ခြင်း မအောင်မြင်ခဲ့သဖြင့် ထိုရွေ့လျားနေသော သဲတွင်းထဲမှ ဝါကျင်ကျင် သဏ္ဌာန်အရာတစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့၏။ ၎င်းမှာ ဧရာမ အဝါရောင် အဝတ်စကြီးတစ်ခုနှင့် တူလှသည်။
“ဒါ...လက်ရွေးစင်အဆင့် သဲမိစ္ဆာပဲ။”
မြစ်ဘေးတွင် ဤကဲ့သို့သောအရာမျိုး ရှိနေသောကြောင့် ကျန်းဟန် အနည်းငယ် အံ့သြသွားမိသည်။ ကံကောင်းထောက်မစွာဖြင့် ပိုင်လင်းက ရှေ့ကနေ လမ်းလျှောက်သွားခဲ့ခြင်းကြောင့်ဖြစ်ပြီး သို့မဟုတ်ပါက သူသာဆိုလျှင် ဒုက္ခလှလှတွေ့ပေလိမ့်မည်။
ဤသဲမိစ္ဆာ၏ နှေးကွေးသော လှုပ်ရှားမှုကိုကြည့်ပြီး အထင်မသေးလိုက်ပါနှင့်။ ၎င်း၏ အစာခြေဖျက်မှုနှင့် စုပ်ယူမှုစွမ်းရည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သဲထဲသို့ ပြုတ်ကျသွားသော သာမန်သားရဲများသည်ပင် လုံးဝ မလွတ်မြောက်နိုင်ကြချေ။ လူသားများဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ချေ။
ထို့အပြင် ၎င်း၏ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် အမြင့် နှစ်မီတာခန့် ရှိနေပြီဖြစ်ရာ သေချာပေါက် လက်ရွေးစင်အဆင့် သားရဲတစ်ကောင် ဖြစ်ပေသည်။
“ကျိ ကျိ”
ပိုင်လင်းသည် အလွန်အမင်း ဒေါသထွက်သွားပြီး တိုက်ခိုက်ချင်နေသော်လည်း သဲမိစ္ဆာသည် ၎င်း၏ဘေးရှိ သဲထဲသို့ ပြန်လည်ငုပ်လျှိုးသွားခဲ့ပြီဖြစ်ရာ ပိုင်လင်း၏ ပိုးမျှင်ဖြင့် ထွေးထုတ်တိုက်ခိုက်မှုက ၎င်းကို ဘာမျှမထိခိုက်စေနိုင်တော့ပေ။
“ငါ အရင်ဆုံး ဟိုဘက်ကမ်းကို ရောက်အောင်သွားလိုက်မယ်။ ပြီးမှ သူ့ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စဉ်းစားတာပေါ့။”
ကျန်းဟန်က ပြောလိုက်သည်။
သူသည် မြစ်၏ အခြားတစ်ဖက်မှနေ၍ ရေကို ဂရုတစိုက် ဖြတ်ကူးလိုက်၏။ သဲမိစ္ဆာများသည် နယ်မြေအပိုင်းအခြား သတ်မှတ်တတ်ကြသဖြင့် ပုံမှန်အားဖြင့် မြစ်တစ်ပိုင်းလျှင် တစ်ကောင်သာ ရှိတတ်သည်။
မြစ်ကို ဖြတ်ကူးပြီးနောက် ကျန်းဟန်သည် ပိုင်လင်းကို ခေါ်ဆောင်ကာ တောအုပ်ထဲသို့ ခဏလှည့်ပတ်ကြည့်လိုက်ပြီး မကြာမီမှာပင် အပင်တစ်ပင်ကို ခူးယူလာခဲ့သည်။
သူသည် ထိုအပင်ကို သဲမိစ္ဆာရှိမည့် နေရာသို့ လှမ်းပစ်လိုက်ရာ ၎င်းက ထိုအပင်ကို ချက်ချင်းပင် တစ်လုပ်တည်း မျိုချလိုက်တော့သည်။
“ကျိ...”
ပိုင်လင်းကမူ သိပ်ပြီး နားမလည်နိုင် ဖြစ်နေ၏။
“အသေအချာ စောင့်ကြည့်ပြီး တိုက်ခိုက်ဖို့ ပြင်ထား။”
ကျန်းဟန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
သူ စကားဆုံးသည်နှင့်နှင့် သဲမိစ္ဆာသည် စိမ်းညို့ညို့ အရည်များကို ဆက်တိုက် ထွေးထုတ်လိုက်ပြီးနောက် ရွေ့လျားနေသော သဲတွင်းထဲမှ အတင်းရုန်းကန်ထွက်လာကာ ရေထဲသို့ တိုးဝင်သွားတော့သည်။
ရွေ့လျားနေသော သဲပြင်နှင့် ဝေးကွာသွားသည်နှင့် သဲမိစ္ဆာ၏ အရှိန်မှာ သိသိသာသာ လျော့နည်းသွားပြီး ၎င်း၏ ခန္ဓာကိုယ်မှာလည်း ပျော့အိသွားခဲ့သည်။ ပိုင်လင်းသည် အခွင့်အရေးကို လက်လွတ်မခံဘဲ ပိုးမျှင်ပစ်လွှတ်ခြင်း စွမ်းရည်ကို အသုံးပြုကာ ၎င်း၏ခန္ဓာကိုယ်ကို ဖောက်ထွင်းချည်နှောင်လိုက်ပြီး ကမ်းပေါ်သို့ ဆွဲတင်လိုက်တော့သည်။
“ဒီကောင့်ကို စားလို့မရဘူး။ အမြုတေကိုပဲ တူးထုတ်လိုက်။”
ကျန်းဟန်က ရာဘာလို ပျော့စိစိဖြစ်နေသော အသားကို ထိကြည့်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။
ဤသဲမိစ္ဆာသည် ဗီဇပြောင်းလဲသွားသော မြစ်ခရုကောင်တစ်မျိုး ဖြစ်သည်ဟု ဆိုကြပြီး ခါးသက်သော အရသာကို အကြောက်ဆုံး ဖြစ်သည်။ သူ အခုလေးတင် အသုံးပြုခဲ့သော ဆေးဘက်ဝင်အပင်မှာ အလွန်တရာ ခါးလွန်းလှသဖြင့် ဉာဏ်ရည်နိမ့်ပါးသော ဤသတ္တဝါကို ထွက်ပြေးစေခဲ့ခြင်း ဖြစ်သည်။
“ကျိ”
ပိုင်လင်းသည် အမြုတေကို အလျင်အမြန် တူးထုတ်လိုက်ပြီး ရေထဲတွင် တစ်ချက်ဝေ့ကာ ဆေးကြောပြီးနောက် ကျန်းဟန်ထံသို့ လှမ်းပေးလိုက်သည်။
ဤသဲမိစ္ဆာ၏ အမြုတေမှာ ပဲပိစပ်စေ့ခန့်သာ ရှိပြီး ရွှေရောင်သန်းနေကာ ၎င်း၏ မျက်နှာပြင်ပေါ်၌ အနက်ရောင် အစင်းကြောင်းများ ပါရှိသည်။
၎င်းက ရေနှင့် မြေ နှစ်မျိုးစပ်အမြုတေ ဖြစ်ပြီး ကာလပေါက်ဈေး အကြမ်းဖျင်းအားဖြင့် ယွမ်တစ်ထောင်ခန့် တန်ကြေးရှိသည်။
“ဒါက တော်တော်လေးတော့ တွက်ချေကိုက်သားပဲ။ ငါတို့ မြစ်အောက်ပိုင်းဘက်ကို နည်းနည်း ထပ်ဆင်းပြီး ငါးဖမ်းလို့ရမယ့် နေရာရှိ၊ မရှိ သွားကြည့်ရအောင်။”
ကျန်းဟန်သည် အမြုတေကို သီးသန့်သေတ္တာလေးထဲသို့ ထည့်လိုက်ပြီး မြစ်အောက်ပိုင်းအတိုင်း ဆက်လျှောက်လာခဲ့သည်။
သင်ခန်းစာ ရသွားပြီဖြစ်သော ပိုင်လင်းသည်လည်း ယခုအခါတွင် များစွာ ပိုမိုသတိထားလို့လာခဲ့ပြီ ဖြစ်သည်။
မြစ်အောက်ပိုင်းဘက်သို့ အနည်းငယ် ခရီးဆက်လာပြီးနောက် သစ်ပင်များ ဝန်းရံထားသည့် အချင်း မီတာ ၅၀၀ ခန့်ရှိသော အိုင်ငယ်လေးတစ်ခု ပေါ်လာခဲ့ပြီး ၎င်း၏ ပတ်ပတ်လည်တွင် ရေနေအပင်များ စိမ်းစိုဝေဆာစွာ ပေါက်ရောက်နေကြသည်။
“ဒါက သားရဲတွေ တိုက်ခိုက်ကြလို့ ဖြစ်ပေါ်လာတဲ့ ပုံစံပဲ။”
ကျန်းဟန်က ရေကန်ကိုကြည့်ကာ ပြောလိုက်သည်။ ဤကဲ့သို့သော အိုင်မျိုးမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာရန် မဖြစ်နိုင်ပေ။
ထို့အပြင် ၎င်းသည် ကြာရှည်ခံမည့်အရာ မဟုတ်ဘဲ နောက်တစ်ကြိမ် ရေစီးဆင်းလာရုံမျှဖြင့် မျောပါပျက်စီးသွားနိုင်သည်။
“အုတ်... ဂွမ်... အုတ်... ဂွမ်”
ကျန်းဟန်သည် အဝေးတစ်နေရာမှ ဖားအော်သံများကို ဆက်တိုက် ကြားလိုက်ရ၏။
“ဒါက ဘယ်လို သားရဲမျိုးလဲ။”
ဂရုတစိုက် ချဉ်းကပ်ကြည့်ပြီးနောက် ကျန်းဟန်သည် လက်ဆေးဇလုံတစ်ခုစာခန့် အရွယ်အစားရှိသော ဤထူးဆန်းသည့် ဖားပြုတ်ကို တစ်ခါမျှ မမြင်ဖူးခဲ့ကြောင်း သတိပြုမိသွားပြီး သူ့ဖုန်းကို ချက်ချင်း ထုတ်ယူလိုက်တော့သည်။
[သားရဲအမျိုးအစား] - မိုးကြိုးဖားပြုတ်
[ဓာတ်သဘာဝ] - ရေ၊ လျှပ်စီး
[အဆင့်] - လက်ရွေးစင်အဆင့် အစောပိုင်း
[အလားအလာ] - ၀ ကြယ်
[ထူးခြားချက်] - မိုးကြိုးဓာတ်
(မိုးကြိုးဖား ဆယ်ကောင်ထက်မနည်း တစ်ပြိုင်နက်တည်း အော်မြည်သည့်အခါ လျှပ်စီးသက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေမည်။ မိုးကြိုးဖားပြုတ်အားလုံးသည် မိုးကြိုးစွမ်းအင်များကို ထုတ်လွှတ်ပြီး အားကောင်းသော လျှပ်စစ်စက်ကွင်းတစ်ခုကို ဖန်တီးကာ ကျူးကျော်သူများကို အန္တရာယ်ပြုလိမ့်မည်။)
[စွမ်းရည်] - မိုးကြိုးသံကဲ့သို့ အော်မြည်ခြင်း၊ ရေမှုတ်ခြင်း
[ဆင့်ကဲပြောင်းလဲမှု] - မိုးကြိုးဖားပြုတ်
[မိတ်ဆက်] - မိုးကြိုးဖားပြုတ်များသည် မိမိတို့မျိုးနွယ်စုအပေါ် ကာကွယ်လိုစိတ် ပြင်းထန်သော အုပ်စုဖွဲ့ နေထိုင်တတ်သည့် သားရဲများ ဖြစ်ကြသည်။ ရန်သူနှင့် ရင်ဆိုင်ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စုပေါင်း၍ မိုးကြိုးသံကဲ့သို့ အော်မြည်ကာ ရန်သူကို သတ်ဖြတ်ရန် အားကောင်းသော လျှပ်စီးစွမ်းအင်များကို ထုတ်လွှတ်တတ်ကြသည်။