အခန်း ၃၈
Vol. 4 Ch. 38
အခန်း ၃၈
“မိုးကြိုးဖားပြုတ်ပဲ။ အစောတုန်းက ငါ ကောင်းကင်မှာ မြင်လိုက်ရတဲ့ လျှပ်စီးကြောင်းတွေက သူတို့ ထုတ်လွှတ်လိုက်တာ ဖြစ်ဖို့များတယ်။”
ကျန်းဟန်သည် ရုပ်ပုံစနစ်ပေါ်ရှိ အချက်အလက်များကို ကြည့်ရင်း ရေရွတ်လိုက်သည်။
ရေကန်ထဲတွင် နေရာအနှံ့ ရှိနေကြသော မိုးကြိုးဖားပြုတ်များကို မြင်လိုက်ရသောအခါ ကျန်းဟန် အနည်းငယ် အခက်တွေ့သွား၏။ ဤမိုးကြိုးဖားပြုတ်အများစုမှာ အစေခံအဆင့်များဖြစ်ကြပြီး သုံးပုံတစ်ပုံခန့်သာ လက်ရွေးစင်အဆင့်တွင် ရှိကြသည်။
ပိုင်လင်းကို လေ့ကျင့်ပေးရန်အတွက် ၎င်းတို့ကို အသုံးပြုဖို့ဆိုသည်မှာ မလွယ်ကူလှပေ။ အမှားတစ်ခုခု လုပ်မိပါက အန္တရာယ်ဖြစ်လာနိုင်သည်။
မိုးကြိုးဖားပြုတ်အားလုံး၏ အော်မြည်သံကြောင့် ဖြစ်ပေါ်လာသည့် လျှပ်စီးစွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှရာ ၎င်းကို အဆင့် ၃ ခေါင်းဆောင်အဆင့် သားရဲတစ်ကောင်ပင်လျှင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့သော်လည်း ၎င်းတို့ အရေအတွက် နည်းပါးမည်ဆိုပါက ၎င်းတို့၏ လျှပ်စီးစွမ်းအားကို အသုံးပြု၍ ပိုင်လင်းကို လျှပ်စစ်ရှော့ခ်ဖြင့် လေ့ကျင့်ပေး၍ ရနိုင်သည်။
“ငါတို့ ပတ်ပတ်လည်ကို လိုက်ကြည့်ပြီး ငါတို့ အသုံးချလို့ရမယ့်အရာ ရှိ၊ မရှိ သွားရှာကြရအောင်။”
ကျန်းဟန်က ပိုင်လင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
ဤနေရာ၌ မိုးကြိုးဖားပြုတ်များ စုဝေးနေကြသဖြင့် သာမန်ငါးများ ရှိနေရန်မှာ မဖြစ်နိုင်ပေ။ သို့သော်လည်း မိုးကြိုးဖားပြုတ်များသည် ပြိုင်ဘက်ကင်းနေသည့်အရာမျိုးတော့ မဟုတ်ချေ။ သို့မဟုတ်ပါက သူတို့အရေအတွက်မှာ ဤမျှလောက်အထိ နည်းပါးနေမည် မဟုတ်ချေ။
မြေအမျိုးအစား သားရဲအများအပြား သို့မဟုတ် လျှပ်စီးဒဏ်ကို မကြောက်သော သားရဲအချို့သည် အချိန်အပိုင်းအခြားအလိုက် ဤမိုးကြိုးဖားပြုတ်များကို အစာအဖြစ် လာရောက်စားသောက်လေ့ ရှိကြသည်။
ရေကန်၏ တစ်ဖက်ခြမ်းတွင် မြင့်မားသော သစ်ပင်ကြီးများ မရှိဘဲ ချုံပုတ်များနှင့် ပေါင်းမြက်များသာ ရှိသည်။ ပိုင်လင်းက ရှေ့မှနေ၍ လမ်းရှင်းပေးကာ ရှာဖွေနေပြီး ကျန်းဟန်ကမူ အနောက်မှနေ၍ ဂရုတစိုက် လိုက်ပါလာခဲ့သည်။
ရှူး... ရှူး...
သူတို့ သိပ်ဝေးဝေးမသွားရသေးခင်မှာပင် အဝေးရှိ ချုံပုတ်များထဲမှ ဧရာမ မြွေနက်ကြီးတစ်ကောင် ပြေးထွက်လာခဲ့သည်။ ၎င်းသည် ငါးမီတာ၊ ခြောက်မီတာခန့် ရှည်လျားပြီး ကျန်းဟန်၏ လက်မောင်းခန့် တုတ်ခိုင်လှသည်။
“အနက်ရောင်သလင်းမြွေပဲ။”
ကျန်းဟန် ထိုမြွေကို ချက်ချင်း မှတ်မိသွားခဲ့သည်။ ၎င်းသည် လျှပ်စစ်ရှော့ခ်ဒဏ်ကို ခံနိုင်ရည်ရှိသည့် အဆိပ်မရှိသော မြွေတစ်မျိုး ဖြစ်သည်။ ၎င်း၏ သလင်းကျောက်ကဲ့သို့ နက်မှောင်သော အကြေးခွံများသည် လျှပ်ကူးပစ္စည်းမဟုတ်သောကြောင့် လျှပ်စီးဓာတ်ရှိသော သားရဲများကို ကြောက်ရွံ့ခြင်း မရှိပေ။
“ကျိ”
ပိုင်လင်းက ထိုမြွေကြီးကို သတိကြီးစွာဖြင့် စောင့်ကြည့်နေပြီး အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားလိုက်သည်။
ဤအနက်ရောင်သလင်းမြွေသည် လက်ရွေးစင်အဆင့် အလယ်အလတ်အဆင့်တွင် ရှိနေပြီး ၎င်း၏ စွမ်းအားမှာ အစောပိုင်းက ငတုံးသဲမိစ္ဆာထက် များစွာ သာလွန်သည်။
သို့သော်လည်း ၎င်းသည် ကျန်းဟန်နှင့် ပိုင်လင်းကို အထင်သေးသလို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း တွားသွားကာ ထွက်ခွာသွားတော့သည်။
“ဒါက အစာဝနေပုံပဲ။ ဒါကြောင့် သိပ်ပြီး စိုးရိမ်စရာမလိုဘူး။”
၎င်း၏ ဝမ်းဗိုက်တွင် အနည်းငယ် ဖောင်းကြွနေသည်ကို ကျန်းဟန် သတိပြုမိလိုက်ရာ ၎င်းသည် မိုးကြိုးဖားပြုတ်တစ်ကောင်ကို အခုလေးတင် မျိုချထားခြင်း ဖြစ်နိုင်ကြောင်း သိလိုက်ရသည်။
အနက်ရောင်သလင်းမြွေမြွေ ထွက်ခွာသွားပြီးနောက် ကျန်းဟန်သည် ရှေ့သို့ ဆက်လက်ရှာဖွေခဲ့၏။ သိပ်ဝေးဝေးမသွားရသေးခင်မှာပင် စိမ်းစိုဝေဆာနေသော သက်ငယ်မြက်ခင်းပြင်တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုမြက်ခြောက်ပုံများထဲတွင် လက်သီးဆုပ်ခန့်ရှိသော ကျိုင်းကောင်အချို့ ပျံသန်းနေသည်ကို အခါအားလျော်စွာ မြင်တွေ့လိုက်ရ၏။ ကျန်းဟန်က သူ့ဖုန်းဖြင့် စစ်ဆေးကြည့်လိုက်ရာ ၎င်းတို့မှာ အစေခံအဆင့် အစောပိုင်းသို့ ရောက်ရုံမျှသာ ရှိသေးသည့် ရွှေတောင်ပံကျိုင်းကောင်များ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
“ငါ့မှာ အစီအစဉ်တစ်ခု ရှိပြီထင်တယ်။ ပိုင်လင်း... ကျိုင်းကောင်နည်းနည်း သွားဖမ်းလိုက်။ ပြီးရင် ငါတို့ ပြန်သွားပြီး မိုးကြိုးဖားပြုတ်တွေကို ငါးမျှားသလို မျှားပြီး ဖမ်းကြမယ်။”
ကျန်းဟန်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“မိုးကြိုးဖားပြုတ်တွေက ကျိုင်းကောင်တွေကို စားရတာ အရမ်း သဘောကျတယ်။”
“ကျိ...”
ကျန်းဟန်၏ စကားကို ကြားသည်နှင့် ပိုင်လင်းသည် ပိုးမျှင်များကို ချက်ချင်း ထွေးထုတ်လိုက်ပြီး ရွှေတောင်ပံကျိုင်းကောင်များကို အလွယ်တကူပင် ရစ်ပတ်ဖမ်းဆီးလိုက်တော့သည်။
ပင့်ကူမျှင်ထက်ပင် ပိုမိုခိုင်မာသော ပိုင်လင်း၏ ပိုးမျှင်များနှင့် ရင်ဆိုင်လိုက်ရသောအခါ ဤရွှေတောင်ပံကျိုင်းကောင်များသည် မည်သို့မျှ မတတ်နိုင်တော့ဘဲ လွတ်မြောက်ရန်သာ အစွမ်းကုန် ရုန်းကန်နေကြရတော့သည်။
“တော်ပြီ၊ တော်ပြီ၊ ရပြီ။”
မိနစ်အနည်းငယ်အတွင်းမှာပင် ပိုင်လင်းသည် ကျိုင်းကောင် အကောင်သုံးဆယ်ကျော်ကို ဖမ်းဆီးရမိခဲ့သည်။
“အုတ်... ဂွမ်... အုတ်... ဂွမ်...”
ကျိုင်းကောင်များကို ရရှိပြီးနောက် လူနှင့် သားရဲတို့သည် ရေကန်ဘေးသို့ အလျင်အမြန် ပြန်လာခဲ့ကြ၏။ ထိုနေရာ၌ မိုးကြိုးဖားပြုတ်များသည် ဖြတ်သန်းသွားလာသမျှ သတ္တဝါတိုင်းကို ထာဝရအထီးကျန်ပါစေဟု ကျိန်ဆဲနေကြသကဲ့သို့ပင် မနားတမ်း ဆက်တိုက်အော်မြည်နေကြဆဲပင်။
ကျန်းဟန်သည် ပိုင်လင်းကို ဦးဆောင်ကာ မြစ်ကမ်းဘေးမှတစ်ဆင့် တောအုပ်ထဲသို့ ဝင်သွားပြီး စခန်းချရန်အတွက် မြေကွက်လပ်တစ်ခုကို ရှင်းလင်းလိုက်သည်။
“ရပြီ... အခု မိုးကြိုးဖားပြုတ်တွေကို စပြီး မျှားခေါ်ကြရအောင်။”
ကျန်းဟန်က စခန်းချမည့်နေရာကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ ဤနေရာသည် မိုးကြိုးဖားပြုတ်များရှိရာ ရေကန်နှင့် မီတာ ၅၀ ခန့်သာ ကွာဝေးသည်။
ရေကန်ထဲတွင် မိုးကြိုးဖားပြုတ်များသည် နေပူဆာလှုံရင်း ကျယ်လောင်စွာ အော်မြည်နေကြသည်။ သူတို့၏ အော်သံများသည် တစ်ချက်တည်း ဟန်ချက်ညီလွန်းလှသဖြင့် အသေအချာ နားထောင်ကြည့်ပါက မိုးကြိုးဖားပြုတ် ဆယ်ကောင်ထက် ပို၍ တစ်ပြိုင်နက်တည်း အော်မြည်ခြင်းမျိုး မရှိသည်ကို တွေ့ရပေလိမ့်မည်။ ထို့ကြောင့်လည်း သူတို့၏ လျှပ်စီးစွမ်းအားကို ပေါက်ကွဲထွက်မလာအောင် ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်သည်။
လျှပ်စီးစွမ်းအားသည် အလိုအလျောက် တုံ့ပြန်တတ်သော စွမ်းရည်တစ်မျိုး ဖြစ်သော်လည်း ၎င်းတို့၏ အမြုတေထဲမှ စွမ်းအင်ကို အသုံးပြုရဆဲဖြစ်သဖြင့် ပြင်ပရန်သူများ ကျူးကျော်ဝင်ရောက်လာခြင်း မရှိပါက ၎င်းတို့အနေဖြင့် ထိုစွမ်းအားကို စည်းကမ်းမဲ့ ထုတ်လွှတ်လိမ့်မည် မဟုတ်ပေ။
မိုးကြိုးဖားပြုတ်တစ်ကောင်သည် ရေကန်ဘေးတွင် ပျော်ရွှင်စွာ အော်မြည်နေစဉ် ရုတ်တရက် မလှမ်းမကမ်းရှိ ချုံပုတ်များထဲ၌ ဧရာမ ရွှေတောင်ပံကျိုင်းကောင်ကြီးတစ်ကောင် ပေါ်လာခဲ့သည်။ ထိုဆူဖြိုးလှသော သားကောင်သည် မိုးကြိုးဖားပြုတ်၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့တော့သည်။
ဘယ်လောက်တောင် အရသာရှိလိုက်မယ့် ကျိုင်းကောင်ကြီးလဲ။
မိုးကြိုးဖားပြုတ်မှာ တံတွေးပင် မျိုချလိုက်မိ၏။ သူတို့အုပ်စု ကြီးထွားလာကတည်းက ရေကန်အနီးရှိ ကျိုင်းကောင်များအားလုံး အစားခံလိုက်ရသဖြင့် သူတို့အနေဖြင့် ညနေဆည်းဆာအချိန် ရေလာသောက်တတ်သည့် ဖလံကောင်များနှင့် တခြားအင်းဆက်အချို့ကိုသာ ဖမ်းယူစားသောက်နိုင်ကြတော့သည်။
ဤမျှလောက် ကြီးမားသော ကျိုင်းကောင်မျိုး၊ ထို့အပြင် ယခုကဲ့သို့ အရသာရှိမည့်အရာမျိုးကို မစားရသည်မှာ အတော်ပင် ကြာခဲ့ပြီ ဖြစ်သည်။
ထိုမိုးကြိုးဖားပြုတ် ဝေခွဲမရ ဖြစ်နေဆဲမှာပင် ၎င်း၏ဘေးရှိ အခြားမိုးကြိုးဖားပြုတ်တစ်ကောင်ကမူ ကမ်းပေါ်သို့ ခုန်တက်ကာ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့ပြီ ဖြစ်သည်။
အပြိုင်အဆိုင် ဖြစ်လာသည်နှင့်အမျှ ထိုမိုးကြိုးဖားပြုတ်သည်လည်း တခြားဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ကမ်းပေါ်သို့ အလျင်အမြန် ခုန်တက်သွားခဲ့တော့သည်။
“အုတ်...”
သူတို့ ကမ်းပေါ်သို့ ရောက်ရှိသွားသည့်အခါ ထိုဧရာမ ကျိုင်းကောင်ကြီးသည် ပိုဝေးသော သစ်ပင်များဆီသို့ ပျံသန်းသွားခဲ့ပြီ ဖြစ်သည်။
ငယ်ရွယ်သေးသော မိုးကြိုးဖားပြုတ်သည် ဘာကိုမျှ တွေးမနေတော့ဘဲ ထပ်မံ၍ အရှိန်ဖြင့် ခုန်အုပ်လိုက်ပြန်သည်။
မိမိတို့ကိုယ်ကိုယ် သတိမထားမိခင်မှာပင် သူတို့သည် ရေကန်နှင့် မီတာဆယ်ဂဏန်းခန့် ဝေးကွာသောနေရာသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
“ဂွမ်...”
ထိုအချိန်ကျမှသာ သူတို့သည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ရိပ်မိသွားကြ၏။ သို့သော်လည်း အချိန်နှောင်းသွားခဲ့ချေပြီ။
“မိုးကြိုးဖားပြုတ်လေးတို့ရေ... မင်းတို့ ပျောက်သွားတာက ရွှေကျိုင်းကောင်လား၊ ငွေကျိုင်းကောင်လား။”
ကျန်းဟန်သည် ချုံပုတ်ထဲမှ ထွက်လာကာ အပြုံးတစ်ခုဖြင့် မေးလိုက်၏။
“အုတ်...အုတ်... ဂွမ်... အုတ်...”
လူသားတစ်ယောက်ကို မြင်လိုက်ရသည်နှင့် မိုးကြိုးဖားပြုတ်များသည် သူတို့ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားကြ၏။ သို့သော်လည်း သူတို့ နောက်ပြန်လှည့်ရန် ကြိုးစားစဉ်မှာပင် သစ်ပင်ပေါ်မှ အရိပ်နှစ်ရိပ် ဒုံးကျည်ကဲ့သို့ ဆင်းသက်လာပြီး သူတို့အား မြေပြင်ပေါ်သို့ ဖိနှိပ်ချုပ်ကိုင်လိုက်တော့သည်။
“ဂူး ဂူး...”
ဟုတ်ဟုတ်သည် မိုးကြိုးဖားပြုတ်၏ ကျောပေါ်သို့ နင်းထားရင်း ကိုက်ဖြတ်ရန် ပြင်လိုက်၏။ ဤကောင်မျိုးသည် သေသွားမှသာ စိတ်အေးရမည် မဟုတ်ပါလော။
“မလုပ်နဲ့...။ သူ့မှာ တခြားအသုံးဝင်တဲ့နေရာတွေ အများကြီး ရှိသေးတယ်။”
ကျန်းဟန်က ၎င်းကို အလျင်အမြန် တားဆီးလိုက်သည်။
“ဂလူးးး”
ဟုတ်ဟုတ်၏ သွေးကဲ့သို့ ရဲရဲနီနေသော မျက်ဝန်းအိမ်များမှ ရုတ်တရက် စူးရှသော သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ ထွက်ပေါ်လာပြီး ကျန်းဟန်ထံသို့ တည့်တည့် ပြေးဝင်လာခဲ့သည်။
“သောက်ကျိုးနည်း...”
ကျန်းဟန်သည် အလွန်အမင်း လန့်ဖျပ်သွားခဲ့ပြီး အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ သို့သော်လည်း ဟုတ်ဟုတ်သည် သူ့ဘေးမှ ဝဲပျံဖြတ်သန်းသွားပြီး သူ၏အနောက်ရှိ သစ်ပင်ပေါ်တွင် ပုန်းအောင်းနေသော ထင်းရှူးခေါင်းပိုးကောင်တစ်ကောင်ကို ၎င်း၏ခြေသည်းတစ်ချက်ဖြင့် ဆွဲဖြဲပစ်လိုက်တော့သည်။
“မင်း ငါ့ကို လန့်ပြီးသေအောင် လုပ်နေတာလားကွ။”
ကျန်းဟန်က ဟုတ်ဟုတ်ကို ကြည့်ကာ ပြောလိုက်သည်။ ထင်းရှူးခေါင်းပိုးကောင်သည် ၎င်း၏ ထက်မြက်သော ခြေသည်းများအောက်တွင် အပိုင်းပိုင်းပြတ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် လက်ရွေးစင်အဆင့် သားရဲတစ်ကောင်ဖြစ်ပါလျက် အစေခံအဆင့်မျှသာရှိသော အင်းဆက်ကောင်လေးတစ်ခုအပေါ် ၎င်း၏ အဖျက်စွမ်းအားပြင်း ခြေသည်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
“ဂလူး...”
ဟုတ်ဟုတ်သည် ၎င်း၏ခေါင်းကို မြင့်မြင့်မော့ထားပြီး ထိုထင်းရှူးခေါင်းပိုးကောင်က ကျန်းဟန်ကို တိုက်ခိုက်မည်စိုး၍ ကာကွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြမနေတော့ပေ။
“ငါတို့ မိုးကြိုးဖားပြုတ်တွေကို ဆက်ပြီး မျှားခေါ်ကြရအောင်။”
ကျန်းဟန်က ချည်နှောင်ခြင်း ခံထားရသော မိုးကြိုးဖားပြုတ်နှစ်ကောင်ကို ကြည့်ရင်း ပြောလိုက်သည်။
“ကျိ”
ပိုင်လင်းသည်လည်း မိုးကြိုးဖားပြုတ်များကို ငါးမျှားသလို ဖမ်းရသည့် အပျော်ကို ကောင်းကောင်းသဘောကျသွားပုံရပြီး ၎င်း၏ပိုးမျှင်တွင် ကျိုင်းတစ်ကောင်ကို ချည်နှောင်ကာ ထပ်မံ၍ ငါးမျှားခြင်းကို စတင်လိုက်ပြန်သည်။
ရွှေတောင်ပံကျိုင်းကောင်၏ ဆွဲဆောင်မှုမှာ အမှန်တကယ် ပြင်းထန်လှပြီး မကြာမီမှာပင် မိုးကြိုးဖားပြုတ် ဆယ်ကောင်ကို ဖမ်းဆီးရမိခဲ့သည်။
ပိုင်လင်းသည် သူတို့ကို ပိုးမျှင်များဖြင့် တုပ်နှောင်ကာ စက်ဝိုင်းပုံစံ ပတ်ပတ်လည် ဝိုင်းထားစေပြီး ၎င်းကိုယ်တိုင်ကမူ ထိုစက်ဝိုင်းအလယ်တွင် မတ်တပ်ရပ်လိုက်သည်။
“အုတ် ဂွမ်”
ထိုမိုးကြိုးဖားပြုတ်များသည် ပိုင်လင်း၏ သူတို့အပေါ် အလွန်အမင်း အထင်သေးအမြင်သေးသည့် အမူအရာကို သိရှိသွားကြ၏။ ဖားပြုတ်တွေကို သတ်ချင်သတ်လိုက် စော်ကားလို့တော့မရဘူး ဟူသော သဘောဖြင့် ချက်ချင်းပင် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြတော့သည်။
သူတို့ တညီတညွတ်တည်း အော်ဟစ်လိုက်ကြစဉ် သူတို့၏ ပါးပြင်များမှ အဖြူရောင် လျှပ်စစ်မီးပွားများ ထွက်ပေါ်လာ၏။
မကြာမီ ထိုလျှပ်စစ်မီးပွားများသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြပြီး ပိုင်လင်းကို အလယ်တွင် ပိတ်ဆို့ထားမည့် လျှပ်စစ်ပိုက်ကွန်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။
သို့သော်လည်း ဖားပြုတ်များ အလွန်အံ့အားသင့်သွားရသည်မှာ ပိုင်လင်းသည် ၎င်းတို့၏ လျှပ်စစ်ပိုက်ကွန်ကြီးကို စိုက်ကြည့်ရင်း အလယ်တွင် အေးအေးလူလူဖြင့် အိပ်ထမတင် လုပ်နေခြင်းပင် ဖြစ်သည်။
“အုတ် ဂွမ်”
၎င်းသည် သူတို့အတွက် အကြီးအကျယ် စော်ကားခံရခြင်းဟု ထင်မှတ်သွားကြပြီး မိုးကြိုးဖားပြုတ်များသည် ပိုမိုကျယ်လောင်စွာ အော်မြည်လိုက်ကြကာ လျှပ်စစ်စီးကြောင်းများကလည်း ပိုမိုအားကောင်းလာခဲ့တော့သည်။