← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

Chapter 140

~

အခန်း ၁၄၀ : ယန်ကျီချန်း : အကိုတာမော့... ကျွန်တော့်ကိုလည်း တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးပါလား...

~

​"ကျီဖန့်...ဘယ်ကိုသွားမလို့လဲ.."

​ရွှီတာမော့က ယန်ကျီဖန့်အား တားကာ မေးသည်။

​"အစ်ကိုတာမော့ ရောက်နေပြီပဲ...ကျွန်တော် လာခေါ်တော့မလို့..."

​ယန်ကျီဖန့်က ရှင်းပြသည်။

​"အာ... လာခေါ်နေစရာ မလိုပါဘူးကွာ.. မင်း အစ်ကိုနှစ်ရဲ့ လက်ရာကို ငါ စားချင်တိုင်းမှ စားလို့ မရတာ.. ဒီတစ်ခါ သူ ဖိတ်တာဆိုတော့ ငါ စောင့်တောင် မစောင့်နိုင်ဘူး..."

​ရွှီတာမော့က ပြုံး၍ လက်ဝှေ့ယမ်းပြကာ ယန်ကျီဖန့်နှင့်အတူ အိမ်ထဲသို့ ဝင်လာခဲ့သည်။

​"တတိယဦးလေး..တတိယအဒေါ်.."

​ရွှီတာမော့က နှုတ်ဆက်လိုက်ပြီး သူ့လက်ထဲမှ အရက်ပုလင်းကို လှုပ်ပြကာ ယန်ဖူကွေ့ကို ပြုံးပြလိုက်သည်။

"တတိယဦးလေး..ကျွန်တော် အရက်ယူလာတယ်.. ဒီညတော့ ကောင်းကောင်း သောက်ကြတာပေါ့..."

​"အိုး... ရှီးဖုန်းအရက်ပါလား..အရက်ကောင်းပဲ..ကောင်းကောင်း သောက်ကြတာပေါ့..ဟားဟားဟား.."

​ယန်ဖူကွေ့က ရယ်ကာ ခေါင်းညိတ်လိုက်ပြီး...

"ဒီည ငါ့ဒုတိယသား ချက်တာဆိုတော့ သောက်ဖို့ အတော်ပဲ..."

​"မှန်တာပေါ့ဗျာ.. လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျေးလက်ကို ရောက်နေတုန်း ကျီဝမ်ရဲ့ လက်ရာကို သတိရနေတာ.."

​ရွှီတာမော့က ရင်းနှီးစွာ ဝင်ထိုင်လိုက်ပြီး ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ရွှီတာမော့သည် စကားပြောကောင်းသူဖြစ်၍ တိတ်ဆိတ်နေသည့် အခြေအနေမျိုး သိပ်မရှိတတ်ပေ။

​ယန်ကျီဝမ်က လူတိုင်းကို ပန်းကန်နှင့် တူများ ဝေပေးရင်း ပြုံးလိုက်သည်။

"အစ်ကိုတာမော့... အချိန်ကိုက် ရောက်လာတာပဲ.. ကျွန်တော်တို့ စောင့်နေကြတာ.."

​ရွှီတာမော့က စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်ကာ ယန်ကျီဝမ်အား လက်မထောင်ပြလိုက်သည်။

"တကယ်ပြောတာ ညီလေး... မင်းရဲ့ ဟင်းချက်စွမ်းရည်က တကယ့်ကို အံ့သြစရာပဲ..မွှေးနေတာပဲ..ရှာကျူးရဲ့ လက်ရာထက် အများကြီး သာတယ်.."

​ယန်ကျီဝမ်သည် ယခုညအတွက် ငါးပြုတ်နှင့် ငါးကြော်ဟင်း နှစ်မျိုး ချက်ထား၏ ။ အထူးသဖြင့် ယန်ကျီဝမ် ငါးကြော်နေချိန်တွင် ဆီများကုန်သဖြင့် ရန်ရွေ့ဟွားမှာ ရင်ကွဲမတတ် ခံစားခဲ့ရသေးသည်။ ထို့အပြင် ဂေါ်ဖီချဥ်စပ်ကြော်နှင့် မြေပဲကြော်လည်း ပါဝင်သဖြင့် အရက်နှင့်မြည်းရန် အလွန်ပင် သင့်တော်သည်။

​"အစ်ကို့ အကြိုက်နဲ့ ကိုက်ရင် တော်ပါပြီ..."

​ယန်ကျီဝမ်က ယန်ဖူကွေ့နှင့် ရွှီတာမော့တို့အတွက် အရက်ငှဲ့ပေးရင်း ပြုံးကာ ပြောလိုက်သည်။

"အစ်ကို့ပစ္စည်းနဲ့ပဲ မျက်နှာလုပ်ပြီး အစ်ကို့ကို ကျေးဇူးတင်စကား ပြောတော့မယ်နော် .. ဒီကိစ္စအတွက် အစ်ကိုတာမော့ကို ဒုက္ခပေးရတော့မယ်.."

​"ကိစ္စမရှိပါဘူး..ရပါတယ်.."

​ယန်ကျီချန်း အနည်းငယ် မကျေမနပ် ဖြစ်နေသည်။ အကြောင်းမှာ ယန်ကျီဝမ်က သူ့ကို မမြင်သလိုမျိုး အရက်တစ်ခွက်မှ ငှဲ့မပေးသောကြောင့်ပင် ။

​ယန်ဖူကွေ့က စပ်စုဟန်ဖြင့် ...

"တာမော့..ငါ့ဒုတိယသားက မင်းကို ဘာအကူအညီ တောင်းထားလို့လဲ..."

​"လျှို့ဝှက်ချက် မဟူတ်ပါဘူးဗျာ.. "

​ရွှီတာမော့က အမှန်အတိုင်းပင်...

"ကျီဝမ်က သံမဏိစက်ရုံမှာ အဝယ်တော် လုပ်ချင်တယ်ဆိုလို့ အဲဒါ လူကြီးတွေနဲ့ မိတ်ဆက်ပေးဖို့ အကူအညီ တောင်းထားတာပါ..."

​"ဟေ.."

​ယန်ဖူကွေ့ အနည်းငယ် အံ့အားသင့်သွားပြီး ယန်ကျီဝမ်ကို သတိပေးလိုက်သည်။

"ဒုတိယသား..အခု ဝယ်ယူရေးအလုပ်က မလွယ်ဘူးနော်...တခြားရာထူး ပြောင်းလုပ်ပါလား.."

​ယခုအခါ နေရာတိုင်းတွင် ပစ္စည်းများ ပြတ်လပ်နေပြီး ဝယ်ယူရေးဌာန၏ အခြေအနေမှာလည်း သိပ်မကောင်းပေ။ သူ သံမဏိစက်ရုံတွင် အလုပ်မလုပ်သော်လည်း ထိုအကြောင်းကို ကောင်းကောင်း သိထား၏။

​"ရပါတယ်.. ကျွန်တော့်မှာ ပစ္စည်းရနိုင်မယ့် လမ်းကြောင်း ရှိတယ်.. အဝယ်တော်လုပ်ဖို့ မခက်ခဲလောက်ပါဘူး.."

​ယန်ကျီဝမ်က ခေါင်းခါပြလိုက်ပြီး ...

"ပြီးတော့ တခြားအလုပ်တွေက အလုပ်ရုံထဲမှာပဲ လုပ်ရမှာ.. လူလည်း ပင်ပန်းသလို အချိန်ကလည်း ကန့်သတ်ချက် ရှိတယ်.. ကျွန်တော် အားတဲ့အချိန်လေး ငါးသွားမျှားပြီး ပိုက်ဆံရှာချင်သေးတာ..."

​"ဟုတ်သားပဲ..ငါးဆိုတာကလည်း ကုန်ပစ္စည်းပဲလေ..မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် ဒီအလုပ်လုပ်ဖို့ မခက်လောက်ပါဘူး.."

​ယန်ဖူကွေ့ ရုတ်တရက် သဘောပေါက်သွားသည်။ ယခုခေတ်တွင် အခြားအသားများ ရှာရခက်သော်လည်း ငါးမှာလည်း အသားပင် ဖြစ်သည်။ ယခုလို ကျပ်တည်းနေသည့် အချိန်တွင် အခြားအသားများနှင့် မယှဉ်နိုင်လျှင်ပင် မည်သူကများ ညည်းညူနေမည်နည်း။

​ယန်ဖူကွေ့ သဘောပေါက်သွားပြီးနောက် ရွှီတာမော့ကို အရက်ခွက်မြှောက်ကာ...

"တာမော့...ဦးလေးလည်း တစ်ခွက်လောက် တိုက်ပါရစေဦး.."

​ရွှီတာမော့က ပြန်လည်၍ ...

"အ... တတိယဦးလေးကလည်း..ဘာတွေ ပြောနေတာလဲ.. ကျီဝမ်နဲ့ ကျွန်တော့် ဆက်ဆံရေးက ဒီလောက်ကောင်းတာ.. သူ အကူအညီတောင်းမှတော့ ကျွန်တော် ဘယ်လိုလုပ် မကူညီဘဲ နေမလဲ..ကျွန်တော် မကူညီနိုင်ရင်တောင် နည်းလမ်းရှာပေးမှာပေါ့..."

​"ဟားဟား... မင်းကတော့ စကားပြောတတ်တုန်းပဲ..."

​ယန်ဖူကွေ့ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။

​သူတို့သုံးယောက်သား စိတ်အားထက်သန်စွာ စကားပြောနေကြပြီး အငယ်နှစ်ယောက်နှင့် ရန်ရွေ့ဟွားတို့ကမူ စားသောက်ရန်သာ အာရုံစိုက်နေကြ၏။ ယန်ကျီချန်း တစ်ယောက်တည်းသာ မျက်နှာအမူအရာ အဆက်မပြတ် ပြောင်းလဲနေသည်။

​အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ယန်ကျီချန်း ဆက်၍ အောင့်မထားနိုင်တော့ဘဲ....

"အကိုတာမော့..ကျွန်တော့်ကိုရော တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးလို့ မရဘူးလား..."

​ရွှီတာမော့ အံ့အားသင့်သွားသည် ။ ယန်ကျီချန်းက ဤမျှ အရှက်ကင်းမဲ့လိမ့်မည်ဟု ထင်မထားမိ ။

' ယန်ကျီဝမ်က ငါးမျှားနိုင်စွမ်း ရှိလို့ ငါပြောပေးနိုင်တာလေ မင်းမှာ ဘာအရည်အချင်းများ ရှိလို့ ဒီလိုမေးရဲရတာလဲ...'

​ရွှီတာမော့က ယဥ်ကျေးစွာ ငြင်းဆန်ရန် ပြင်လိုက်စဥ် ယန်ဖူကွေ့က အရင်ဝင်ပြောသည် ။

"သားကြီး..ထမင်းသာစားစမ်းပါ... ဘာတွေ လျှောက်ပြောနေတာလဲ..."

​"ကျွန်တော် စကားတောင် မပြောရတော့ဘူးလား..."

​ယန်ကျီချန်းက မကျေမနပ်ဖြင့်...

"ဒုတိယကျတော့ သင့်တော်တဲ့အလုပ် လုပ်လို့ရပြီး ကျွန်တော်ကျတော့ မရဘူးလား..."

​သင့်တော်သော အလုပ်မရှိသဖြင့် သူ တစ်လလျှင် ယွမ်ဆယ်သာ ရရှိပြီး ဝင်ငွေး နည်းပါးရုံသာမက အလုပ်လည်း အလွန်ပင်ပန်းသည်။ သူ အိမ်ငှားရန်ပင် မတတ်နိုင်ပေ။ သူ့အသက်၂၁ နှစ် ရှိနေပြီဖြစ်၍ အနာဂတ်တွင် မိန်းမမည်သို့ ရှာရမည်နည်း။ အထူးသဖြင့် ယန်ကျီဝမ်နှင့် ယွီလီတို့ အဆင်ပြေနေသည်ကို မြင်ရသောအခါ သူတို့နှစ်ဦး လက်ထပ်တော့မည်ဟု ထင်နေသဖြင့် သူ ပို၍ စိတ်ပူလာသည် ။

​ယန်ဖူကွေ့၏ မျက်နှာထား တင်းမာသွားပြီး နှာခေါင်းရှုံ့လိုက်သည်။

"ဘာလို့လဲဆိုတော့ အကြောင်းရင်းကို ငါပြောပြမယ်..အခု အိမ်မှာရှိတဲ့ စားစရာနဲ့ ပစ္စည်းတွေအားလုံးက မင်းရဲ့ ဒုတိယညီ ရှာပေးထားတာမို့လို့ပဲ.. မင်းညီက ဝယ်ယူရေးအလုပ်ကို သေချာပေါက် လုပ်နိုင်တဲ့ အရည်အချင်းရှိလို့..မင်းကရော အဲဒီလို လုပ်နိုင်လို့လား.."

​ယန်ဖူကွေ့ အလွန် ဒေါသထွက်သွား၏ ။ သူ၏ သားအကြီးဆုံးမှာ အလွန်ပင် တွေးခေါ်ဥာဏ် နည်းလွန်းသည်ဟု ခံစားနေရသည်။ ဒုတိယသား ရှာဖွေပေးထားသည့် အစားအစာများကို စားသောက်နေရသည်ကို ကျေးဇူးမတင်သည့်အပြင် မနာလိုစိတ်ပါ ဖြစ်နေသေးသည်။ အသိဉာဏ် ကင်းမဲ့လွန်းလှ၏ ။ သူ ပုံမှန် ပေးနေကျ အိမ်လခနှင့် စားစရိတ်လေးက ဤသို့ စားသောက်ရန် လုံလောက်သည်ဟု ထင်နေသလော။ လက်ရှိကာလတွင် ဈေးနှုန်းများ အလွန်ကြီးမြင့်နေပြီး တစ်ခါတစ်ရံ ပိုက်ဆံရှိလျှင်ပင် ဝယ်၍မရနိုင်ပေ။

​ယန်ကျီချန်း ပြင်းပြင်းထန်ထန် အဆူခံလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ရှက်သွေးဖြာသွားသော်လည်း ပြန်လည် ချေပခြင်း မပြုနိုင်ပေ။

​ယန်ဖူကွေ့က ဆက်၍...

"သားကြီး.. ဒီနေ့ ငါ မင်းကို ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ်..မင်းမှာ တကယ် အရည်အချင်းရှိရင် ကိုယ့်ဘာသာကိုယ် အလုပ်သွားရှာ..မင်းညီကိုလည်း ငါ ဘာမှကူညီပေးခဲ့တာ မဟုတ်ဘူး.. ဒါတွေအားလုံးက သူ့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုတွေချည်းပဲ..."

​"ငါတို့မိသားစုက တရားမျှတမှုကို အမြတ်နိုးဆုံးဆိုတာ မင်းလည်း သိပါတယ်.. ဒါကြောင့် ငါ ဘက်လိုက်တယ်လို့ မထင်နဲ့..."

​ယန်ကျီချန်း ချက်ချင်းပင် ဆွံ့အသွားသည်။

​'ငါ့မှာသာ အဲဒီလိုစွမ်းရည်ရှိရင် အခုချိန်ထိ စောင့်နေစရာ လိုသေးလို့လား..'

​အတော်ကြာ တွေဝေနေပြီးနောက် ယန်ကျီချန်းက သတိထားကာ...

"အဖေ... အလုပ်တစ်ခု ဝယ်လို့ရအောင် ပိုက်ဆံနည်းနည်းလောက် ချေးပေးလို့ ရမလား..."

​ယန်ဖူကွေ့ မငြင်းနိုင်ခင်မှာပင် သူက ဆက်၍ ....

"ဒီနှစ်ဆို ကျွန်တော် အသက် ၂၁ နှစ် ပြည့်ပြီ.. လက်ထပ်ရမယ့် အရွယ်ရောက်နေပြီဆိုတာ အဖေလည်း သိပါတယ်..သင့်တော်တဲ့ အလုပ်တစ်ခုမှ မရှိရင် ကျွန်တော်က မိန်းမ ဘယ်လိုရနိုင်မှာလဲ..."

​ထိုစကားကို ကြားသောအခါ ရန်ရွေ့ဟွား အနည်းငယ် စိတ်ထားပျော့ပြောင်းသွားသည်။ မည်သို့ပင် ဆိုစေကာမူ သူသည် သူမ၏ ကိုယ်ပိုင်သား၊ သွေးသားရင်းချာပင် မဟုတ်ပါလော။

​"ပိုက်ဆံချေးမလို့.. ငါ့မှာ ပိုက်ဆံမရှိဘူး..."

​ယန်ဖူကွေ့က မစဥ်းစားဘဲ ချက်ချင်း ငြင်းလိုက်သည်။

"သားကြီး... အခုအချိန်မှာ အရာအားလုံး ဈေးကြီးနေတယ်ဆိုတာ မင်းလည်း သိသားပဲ.. မင်းအဖေရဲ့ လစာလေးနဲ့များ ပိုက်ဆံစုမိမယ် ထင်နေလား..."

​ထိုစကားကို ကြားသောအခါ ယန်ကျီချန်း ခေါင်းငုံ့သွားပြီး မျက်နှာ အလွန် တင်းမာသွား၏။

​အခြားသူများ မသိလျှင်တောင် သူ မသိဘဲ နေမည်လော။ အရင်က စုဆောင်းထားသည်များကို မပြောနှင့် ပြီးခဲ့သည့်နှစ် ဒုတိယနှစ်ဝက်မှစ၍ သူ၏ ဒုတိယညီသည် ငါးဖမ်းကာ ငွေရှာနိုင်စဥ်ကစပြီး အိမ်သုံးစရိတ်များကို တာဝန်ယူ ထား၏ ။ ယန်ဖူကွေ့၏ ငွေကို သိပ်မသုံးရ သလောက်ပင် ။ ထို့အပြင် စနေ၊ တနင်္ဂနွေများတွင် ယန်ဖူကွေ့သည် အပိုဝင်ငွေရရန် ယန်ကျီဝမ်နှင့်အတူ ငါးသွားမျှားလေ့ရှိသည်ကိုပင် ထည့်မတွက်ရသေးပေ။

​သူ့တွင် ငွေမရှိဘဲ နေမည်လော။ မချေးချင်ရုံ သက်သက်သာ ဖြစ်သည်။

​'ဘာကြောင့်လဲ..'

​'အားလုံးက သူ့သားတွေချည်းပဲကို..ဘာလို့ ခွဲခြားဆက်ဆံနေရတာလဲ..'

​အသက်ကြီးလာလျှင် ဒုတိယညီက ပြုစုစောင့်ရှောက်မည်ဟု ပြောထား၍လော ။ ဒုတိယညီကသာ ငွေချေးမည်ဆိုလျှင် ကပ်စေးနှဲသော သူ့ဖခင်သည် တစ်စက္ကန့်မျှပင် စဥ်းစားမည်မဟုတ်ဘဲ သဘောတူမည်ဖြစ်ကြောင်း သူ အသေအချာ ယုံကြည်သည်။ သူချေးသော အခါမှ အဘယ်ကြောင့် ဤမျှ ကွာခြားနေရသနည်း။

​ဒုတိယညီထံမှ ငွေချေးရန်ဆိုသည်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဒုတိယညီကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့ဖူးရာ ဒုတိယညီအနေဖြင့် သူ့ကို ငွေချေးရန် ဤမျှ ရက်ရောမည် မဟုတ်ပေ။ သူ့ကို မရိုက်နှက်လျှင်ပင် ကံကောင်းနေလေပြီ ။

​"ဗိုက်ပြည့်ပြီ..."

​ယန်ကျီချန်းက ဟင်းအနည်းငယ်ကို ကမန်းကတန်း စားလိုက်ပြီး သူ၏အခန်းထဲသို့ ပြန်ဝင်သွားသည်။ သူဆက်စားချင်စိတ် မရှိတော့ပေ။ ဤအိမ်တွင် သူ့အပေါ် မလိုသူများနှင့် ပြည့်နှက်နေသည်ဟု ခံစားနေရသည်။

​ဤအိမ်တွင် သူတစ်ယောက်တည်းသာ အပြင်လူ ဖြစ်နေသကဲ့သို့ပင်။

​ရွှီတာမော့သည် ပတ်ဝန်းကျင် အခြေအနေ အနည်းငယ် တင်းမာသွားသည်ကို မြင်လိုက်ရသဖြင့် မသက်မသာ ခံစားလိုက်ရသည်။

​ယန်ကျီဝမ်က တည်ငြိမ်စွာဖြင့် ...

"အစ်ကိုတာမော့..သူ့ကို ဂရုစိုက်မနေပါနဲ့..သူ ဒီမှာ မရှိဘူးလို့ပဲ သဘောထားလိုက်ပါ..ဆက်သောက်ကြတာပေါ့..."

​ရွှီတာမော့..."......"

All Chapters