အခန်း ၁၄၁
Vol. 14 Ch. 141
Chapter 141
~
အခန်း ၁၄၁ : လိပ်ကြီးတစ်ကောင်
~
နောက်တစ်နေ့ မနက်ပိုင်းတွင် ယန်ကျီဝမ်သည် ဟောက်ဟိုင်ကန်သို့ သွားကာ ငါးမျှားနေဆဲ ဖြစ်သည်။ ယနေ့ အဘိုးကြီးဝမ် ဒီနေ့ မလာသဖြင့် ယန်ကျီဝမ် ငါးဖမ်းခြင်းကိုသာ ပို၍ အာရုံစိုက်နေခဲ့သည်။
ခဏအကြာတွင် ရေပေါ်မှ ဖော့သီးသည် ရုတ်တရက် နစ်မြုပ်သွား၏ ။ ယန်ကျီဝမ်က သူ၏ ငါးမျှားတံကို အမြန်ဆွဲတင်လိုက်ရာ လက်ထဲတွင် အားပြင်းပြင်း ပြန်ဆွဲသည်ကို ခံစားလိုက်ရသဖြင့် မျက်ခုံးပင့်မိသွားသည်။ အကောင်ကြီးတစ်ကောင် မိသွားပုံရပေသည်။
ငါးမျှားတံ အတော်လေး ကွေးညွတ်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ယန်ကျီဝမ်၏ လက်ရှိ ငါးဖမ်းအဆင့်မှာ မနိမ့်တော့သလို နည်းစနစ်ကလည်း ကောင်းမွန်နေပြီ ဖြစ်သည်။
နာရီဝက်ကျော်ခန့် အချိန်ယူ ရုန်းကန်ပြီးနောက် ယန်ကျီဝမ်သည် ထိုအကောင်ကြီးကို ကမ်းပေါ်သို့ ဆွဲတင်နိုင်ခဲ့သည်။ မည်းနက်နေသော လိပ်ကြီးတစ်ကောင် ဖြစ်ပေသည်။
ယန်ကျီဝမ်က လိပ်ကြီးကို ကောက်မကာ အလေးချိန်ကို ခန့်မှန်းကြည့်လိုက်ရာ အနည်းဆုံး ကျင်းနှစ်ဆယ်ခန့် ရှိပေမည်။
' အကောင်ကတော့ အကြီးကြီးပဲ ..ဒါပေမဲ့ သမဝါယမက လက်ခံပါ့မလား...'
သို့သော် သူတို့ မဝယ်လျှင်ပင် ကိစ္စမရှိ ။ မိသားစုစားရန် သိမ်းထားပြီး အာဟာရဖြစ်စေမည့် ဟင်းရည်ချက်သောက်လျှင်လည်း အလွန်ကောင်းမွန်ပေမည် ။
" ဟ ..တော်တော်ကြီးတဲ့ လိပ်ကြီးပါလား..ပစ္စည်းကောက်သမားဆိုတဲ့အတိုင်းပဲ ..တကယ်ကို အံ့သြစရာပဲ..."
"ဒီအရွယ်အစားဆိုရင် အနည်းဆုံး ကျင်းနှစ်ဆယ်လောက် ရှိမယ်... ဒီဟာက တော်တော် တန်ဖိုးကြီးတယ်လို့ ကြားဖူးတယ်..တစ်ကျင်းကို ၅၀ ဖန့်လောက်တော့ ပေါက်လောက်တယ်.."
"၅၀ဖန့် ဟုတ်လား..တစ်ယွမ်နဲ့တောင် ဝယ်လို့ရမှာ မဟုတ်ဘူး..ဒါက ဝက်သားထက် အများကြီး ပိုဈေးကြီးတယ်..ပြီးတော့ ဒီလောက်အကောင်ကြီးတာမျိုးက ပိုပြီးတောင် ရှားပါးသေးတယ်.. နှစ်တစ်ရာမှ တစ်ခါပဲ တွေ့ရတက်တာမျိုး..."
"ဒါက သိပ်တော့ အရသာရှိတာ မဟုတ်ဘူး..ငါ အရင်က စားဖူးတယ်..ဝက်သားလောက်တောင် မကောင်းဘူး.."
"မင်းက ဘာသိလို့လဲ..ဒါက အားဆေးဟ.."
"ဘာအတွက် အားဆေးလဲဆိုတာ သိလို့လား .."
"အိမ်ပြန်ရောက်ရင် မင်းမိန်းမကိုသာ မေးကြည့်လိုက်ပါ.."
ယန်ကျီဝမ် လိပ်ကို ဆွဲတင်နေစဥ် ဆူညံသံများကြောင့် အခြားသော ငါးဖမ်းဝါသနာရှင် အများအပြားလည်း ရောက်ရှိလာကြသည်။ သူဖမ်းမိသော လိပ်ကြီးကို မြင်သောအခါ လူတိုင်းက ဝိုင်းဝန်းဆွေးနွေးနေကြပြီး သူတို့၏ စကားသံများတွင် မနာလိုအားကျမှုများ ပြည့်နှက်နေသည်။
ဤလိပ်တစ်ကောင်တည်းနှင့်ပင် အခြားသူများ၏ တစ်လစာ ဝင်ငွေနှင့် ညီမျှပေသည်။ သို့သော် ဤအရာမှာ ရှားပါးလွန်းသဖြင့် ရောင်းချရန် ခက်ခဲနိုင်ပြီး ဈေးနှုန်းမှာလည်း ပြောရခက်သည်။
"ရဲဘော်တို့ ...ကျေးဇူးပြုပြီး လမ်းလေး နည်းနည်း ဖယ်ပေးကြပါ...ကျွန်တော့်ကို ဝင်ခွင့်ပြုပါဦး .."
ထိုအချိန်တွင် အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက် တိုးဝှေ့ဝင်ရောက်လာသည်။ သူ လက်ဆွဲအိတ်တစ်လုံးကို ကိုင်ဆောင်ထားပြီး အပြာရောင် အလုပ်ဝတ်စုံကို ဝတ်ဆင်ထား၏။ လူအုပ်ထဲမှ တိုးထွက်လာပြီးနောက် ယန်ကျီဝမ်အား အလျင်အမြန်ပင် ...
"မင်္ဂလာပါ ရဲဘော်..ငါက ဟုန်ရှင်း သံမဏိစက်ရုံက အဝယ်တော်ပါ..ဒီလိပ်ကို ရောင်းမှာလား..."
ယန်ကျီဝမ်သည် ထိုသူ၏ မိတ်ဆက်စကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ တိုက်ဆိုင်လိုက်သည်ဖြစ်ခြင်း။ သူသည် စတီးစက်ရုံမှ အဝယ်တော်တစ်ဦးနှင့် ဤနေရာတွင် တကယ်ကြီး ဆုံတွေ့ခဲ့သည်။ အခြားနေရာများတွင် ကုန်ပစ္စည်းများ ရှာဖွေဝယ်ယူရန် အခက်အခဲရှိသဖြင့် ဤနေရာသို့ လာရောက် ကံစမ်းခြင်းလည်း ဖြစ်နိုင်သည်။
ယန်ကျီဝမ် တိတ်ဆိတ်နေသည်ကို မြင်သောအခါ တစ်ဖက်လူက သူ့အား မရောင်းချင်ဟု ထင်သွားကာ အလျင်အမြန်ပင်...
"ရဲဘော်... စိတ်မပူပါနဲ့.. ငါ မင်းကို စျေးနည်းပေးမှာ မဟုတ်ဘူး...တစ်ကျင်းကို တစ်ယွမ်နှုန်းဆိုရင် ဘယ်လိုလဲ..."
"ကောင်းပါပြီ..."
ယန်ကျီဝမ်က သဘောတူလိုက်သည်။ သူ ဤလိပ်ကြီးကို မည်သို့စီမံရမည်ဟု စဥ်းစားနေစဥ် ဖောက်သည် ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူ အခွင့်အရေးကို အရယူကာ...
"ရဲဘော်... ဒီငါးတွေကိုရော ယူဦးမလား..ယူမယ်ဆိုရင် အားလုံး တစ်ပါတည်း ရောင်းပေးလိုက်မယ်.. သမဝါယမစတိုးဆီကို သွားရတဲ့ အချိန်ကုန် သက်သာတာပေါ့..."
အဝယ်တော်က ပုံးထဲသို့ ငုံ့ကြည့်လိုက်ရာ ငါးကြီးများကိုသာ တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားပြီး...
" ဒါပေါ့ ..ယူတာပေါ့..မင်းဆီမှာ ရှိသမျှ အကုန်ယူမယ်.."
သူ ကုန်ပစ္စည်းများ မည်သို့ရှာဖွေရမည်ကို စိတ်ပူနေခဲ့သဖြင့် ယန်ကျီဝမ်၏ စကားက ဤကမ္ဘာပေါ်တွင် သူ အကြားချင်ဆုံး စကားပင် ။ စကားပြောပြီးနောက် သူက စိတ်အားထက်သန်စွာဖြင့်...
"ရဲဘော်... အခု ငါနဲ့အတူ သံမဏိစက်ရုံကို လိုက်ခဲ့လို့ ရမလား..."
ယန်ကျီဝမ်တွင်လည်း ထိုရည်ရွယ်ချက် ရှိနေပြီးသားဖြစ်သဖြင့် ခေါင်းညိတ်သဘောတူလိုက်ပြီး ....
"ရပါတယ်..."
ထို့ကြောင့် သူတို့နှစ်ဦး ငါးပုံးများကို ကိုယ်စီသယ်ဆောင်ကာ စက်ဘီးများဖြင့် သံမဏိစက်ရုံဆီသို့ ထွက်ခွာလာခဲ့ကြသည်။
...
ခဏအကြာတွင် သံမဏိစက်ရုံသို့ ရောက်လာကြသည်။ လမ်းခရီးတွင် စကားစမြည်ပြောဆိုရင်း တစ်ဦးနှင့်တစ်ဦး အမည်များ သိရှိခဲ့ကြ၏ ။ ထိုလူငယ်၏ အမည်မှာ ဟုန်ရှင်း သံမဏိစက်ရုံ၏ အဝယ်တော် လီရှန်းလီ ဖြစ်သည်။
"ရဲဘော် ရှောင်ယန်( ယန်လေး) ... ခဏလောက် စောင့်ပါဦး.."
စက်ရုံဂိတ်ပေါက်သို့ ရောက်သောအခါ လီရှန်းလီက ယန်ကျီဝမ်ကို ပြောလိုက်ပြီး စက်ရုံအစောင့်များထံသို့ လျှောက်သွားသည်။ ဤခေတ်ကာလ လုံခြုံရေးစည်းမျဥ်းများက အလွန်တင်းကျပ်ပြီး အထူးသဖြင့် သံမဏိစက်ရုံကဲ့သို့သော အကြီးစား စက်မှုလုပ်ငန်းကြီးများတွင် ကင်းစောင့်များသည် ကျည်အစစ်များပါသော သေနတ်များကို ကိုင်ဆောင်ထားကြသည်။ ထိုလုံခြုံရေးအစောင့်အများစုမှာလည်း တပ်မတော်မှ အငြိမ်းစားယူလာသော စစ်သားအစစ်များ ဖြစ်ကြ၏။
လီရှန်းလီက အခြေအနေကို ရှင်းပြရင်း ကင်းစောင့်နှစ်ဦးအား စီးကရက်များ ဝေပေးလိုက်သည်။ မကြာမီတွင် လီရှန်းလီက ယန်ကျီဝမ်အား လက်လှမ်းပြကာ...
"ရဲဘော် ရှောင်ယန်... လာလို့ ရပြီ ..."
ထိုစကားကို ကြားသောအခါ ယန်ကျီဝမ်က သူ၏စက်ဘီးကို တွန်းကာ လီရှန်းလီနောက်မှ စက်ရုံထဲသို့ လိုက်ဝင်သွားသည်။ သူတို့ စက်ရုံကန်တင်းဆီသို့ တိုက်ရိုက် သွားကြသည်။
"အဘိုးကြီးဝမ်... မြန်မြန် ထွက်လာခဲ့ဦး..ကျွန်တော့်ဆီမှာ ပစ္စည်းကောင်းတွေ ပါလာတယ်.."
လီရှန်းလီသည် ကန်တင်းသို့ ရောက်သည်နှင့် အထဲသို့ လှမ်းအော်လိုက်သည်။ နေ့လယ်စာ စားချိန် မရောက်သေးသဖြင့် ကန်တင်းထဲတွင် လူသိပ်မရှိသေးပေ။ မကြာမီတွင် ဗိုက်ရွှဲရွှဲနှင့် ထိပ်ပြောင်ပြောင် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာသည်။ လီရှန်းလီကို မြင်သည်နှင့် ချက်ချင်းပင် စိတ်အားထက်သန်စွာဖြင့် ...
"အို... ရှန်းလီ..ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ. ."
"ပစ္စည်းကောင်းတွေ ရလာလို့ပေါ့ဗျ..."
လီရှန်းလီက သူသယ်လာသော ငါးပုံးများကို လက်ညှိုးထိုးပြလိုက်သည်။
"ဘယ်လိုလဲ..ဒါတွေက ပစ္စည်းကောင်းတွေ မဟုတ်ဘူးလား..."
ထိပ်ပြောင်ကြီးက အံ့ဩတကြီးဖြင့်...
"ဟ... ဘယ်လောက်တောင် ကြီးတဲ့ လိပ်ကြီးလဲ.. အံ့ဩစရာပဲ ရှန်းလီ... ဒါရိုက်တာလီတော့ အခု တော်တော်လေးကို ပျော်နေတော့မှာ..."
သူစကားပြောနေရင်းဖြင့် လီရှန်းလီကို အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက် ပေးလိုက်သည်။
"မှန်တာပေါ့..."
လီရှန်းလီက ဂုဏ်ယူစွာ ခေါင်းညိတ်လိုက်ပြီး ယန်ကျီဝမ်ကို မိတ်ဆက်ပေးသည်။
"ရဲဘော် ရှောင်ယန်... ဒါက ဒါရိုက်တာဝမ်လေ..ငါတို့ သံမဏိစက်ရုံ ကန်တင်းရဲ့ တာဝန်ခံပေါ့..."
"အဘိုးကြီးဝမ်... ဒါက ရဲဘော် ရှောင်ယန်ပါ..ဒီလိပ်နဲ့ ငါးတွေအားလုံးကို ရဲဘော် ရှောင်ယန်ဆီကနေ ဝယ်လာတာ.. ဒါတွေကို ချိန်ပေးပါဦး.."
ဒါရိုက်တာဝမ်က ခေါင်းညိတ်လိုက်ပြီး အလေးချိန် ချိန်ရန် လူတစ်ဦးကို စေလွှတ်လိုက်သည်။ ထို့နောက် သူက ယန်ကျီဝမ်အား ...
"ရဲဘော် ရှောင်ယန်... ဒီငါးတွေကို တစ်ကျင်း သုံးမော့ နှုန်းနဲ့ တွက်ပေးမယ်..အဆင်ပြေတယ် မလား..."
ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်သည်။
"ဒီလိပ်ကိုရော.."
ဒါရိုက်တာဝမ်က လီရှန်းလီကို ကြည့်ကာ မေးသည်။
လီရှန်းလီက...
"ရဲဘော် ရှောင်ယန်နဲ့ ကျွန်တော် ဒီလိပ်ကို တစ်ကျင်း တစ်ယွမ်နှုန်းနဲ့ သဘောတူထားတယ်..."
"ကောင်းပြီ..ဒါဆို အခုပဲ ဘောက်ချာ ရေးပေးလိုက်မယ်.."
မကြာမီ ဒါရိုက်တာဝမ် ပြန်ထွက်လာပြီး ယန်ကျီဝမ်အား ငွေရှင်းဘောက်ချာ ကမ်းပေးလိုက်သည်။
"ပြီးရင် ရှန်းလီကို ဘဏ္ဍာရေးဌာနမှာ ငွေသွားထုတ်ခိုင်းလိုက်ပါ..."
"နောက်ဆို ရောင်းစရာငါးရှိရင် ငါ့ဆီ တိုက်ရိုက် လာခဲ့လို့ ရတယ်..ဂိတ်ပေါက်က အစောင့်ကိုသာ ပြောလိုက်.."
"ကျေးဇူးတင်ပါတယ်.."
ယန်ကျီဝမ်က ခေါင်းညိတ်၍ ကျေးဇူးတင်စကား ပြောလိုက်သည်။
လီရှန်းလီက မကျေမနပ်ဟန်ဖြင့်...
"အဘိုးကြီးဝမ်... ခင်ဗျား ဒီလို လုပ်လို့မရဘူးလေ..ကျွန်တော့်ရဲ့ လစဥ်ဝယ်ယူရေးပမာဏ ပြည့်ဖို့ ရဲဘော် ရှောင်ယန်ကို အားကိုးနေရတာ..."
"ဟီးဟီး... အားလုံး အတူတူပါပဲ..အားလုံး အတူတူပါပဲ..ငါတို့အားလုံး ပြည်သူတွေကို အလုပ်အကျွေးပြုနေကြတာပဲဟာကို..."
ဒါရိုက်တာဝမ်က ရယ်ကာ ပြန်ဖြေသည်။
လီရှန်းလီက သူ့ကို စိုက်ကြည့်လိုက်ပြီးနောက် ယန်ကျီဝမ်ကို ဆွဲခေါ်သွားသည်။
လီရှန်းလီ၏ လမ်းညွှန်မှုဖြင့် ယန်ကျီဝမ်သည် ငွေများကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့သည်။ လီရှန်းလီက ယန်ကျီဝမ်အား စက်ရုံဂိတ်ပေါက်အထိ လိုက်ပို့ပေးပြီး ...
"ရဲဘော် ရှောင်ယန်... နောက်ဆို ငါးရောင်းစရာရှိရင် ငါ့ဆီ လာဖို့ မမေ့နဲ့နော်..."
ယန်ကျီဝမ် သဘောမတူမည်ကို စိုးရိမ်သဖြင့် လီရှန်းလီက...
"စိတ်မပူပါနဲ့..ဈေးနှုန်းတွေက အတူတူပဲဆိုပေမယ့် မင်းကို အရှုံးမခံစေရဘူး..."
သံမဏိစက်ရုံ၏ ဝယ်ယူရေး ဈေးနှုန်းများမှာ သမဝါယမ၏ ဈေးနှုန်းများနှင့် အတူတူပင်ဖြစ်ကြောင်း ယန်ကျီဝမ် သိထားသည်။ သူတို့နှင့် မရင်းနှီးပဲနှင့် မည်သည့်အကြောင်းကြောင့် သူတို့ထံ လာရောက်ရောင်းချမည်နည်း။ ထို့ကြောင့် လီရှန်းလီအနေဖြင့် သူ့အား ဆွဲဆောင်နိုင်ရန် တစ်ခုခုတော့ ကြိုးစားရမည်မှာ သေချာသည်။
ယန်ကျီဝမ်သည် ထိုစကားကို ကြားသောအခါ စိတ်ဝင်စားသွားပြီး ပြုံးကာ...
"အစ်ကိုလီက ကျွန်တော် အရှုံးမပေါ်အောင် ဘယ်လိုများ စီစဥ်ပေးမလို့လဲ..."
"မင်းက ငါ့ကို အစ်ကိုလီလို့ ခေါ်မှတော့ ငါတို့က သူငယ်ချင်းတွေ ဖြစ်သွားပြီလေ..မင်း တောင်းဆိုသရွေ့ ငါ တတ်နိုင်သမျှ ကူညီပေးမယ်.."
ယန်ကျီဝမ်၏ မျက်နှာက လေးနက်သွားပြီး ...
"အစ်ကို... အမှန်အတိုင်း ပြောရရင် ကျွန်တော် အကူအညီတောင်းချင်တာ တစ်ခုတော့ ရှိတယ်..."
"အာ..."
လီရှန်းလီ ဆွံ့အကာ တိတ်ဆိတ်သွားသည်။ သူ ထိုသို့ ပြောလိုက်သော်လည်း ယန်ကျီဝမ်က ဤမျှ မြန်မြန်ဆန်ဆန် အကူအညီတောင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သို့သော်လည်း စကားလွန်သွားပြီဖြစ်ရာ သူ၏ အနာဂတ် ဝယ်ယူရေးလမ်းကြောင်းလေးအတွက် ....
"ညီလေးက ဘယ်လို အကူအညီမျိုး လိုအပ်လို့လဲ..အစ်ကို ကူညီနိုင်သရွေ့တော့ ဘာမဆို ပြောသာပြောပါ..."