← Chapters

အခန်း ၁၄၂

Vol. 14 Ch. 142

အခန်း ၁၄၂

Vol. 14 Ch. 142

Chapter 142

~

အခန်း ၁၄၂ : အခြေအနေများ...

~

​သူတို့နှစ်ယောက်စလုံးက မြေခွေးအိုကြီးတွေလိုပင်။ တစ်ယောက်က အရှက်မရှိသလို အခြားတစ်ယောက်ကလည်း ရှောင်ထွက်ရန် လမ်းချန်ထားသည် ။

​လီရှန်းလီက ယုံကြည်မှုအပြည့်ဖြင့် ပြောနေသော်လည်း သူ တတ်နိုင်သည့် ကိစ္စမျိုးကိုသာ ကူညီမည်ဟု ရှင်းရှင်းလင်းလင်း အရိပ်အမြွက် ပြထားသည်။ သူ့အတွက်တော့ ယန်ကျီဝမ်က ရိက္ခာပစ္စည်းများ ရရှိနိုင်မည့် လမ်းကြောင်းတစ်ခုမျှသာ ဖြစ်၏။ ပစ္စည်းရလျှင် ကောင်းသော်လည်း မရလျှင်လည်း အတင်းအကျပ် လုပ်မည့်သူ မဟုတ်ပေ။ အဓိကအချက်မှာ ယန်ကျီဝမ်ဘက်က မည်သည့်အရာကို တောင်းဆိုလာမည်နည်း ဆိုသည့်အပေါ်တွင်သာ မူတည်သည်။

​" တကယ်တော့ ထွေထွေထူးထူး မဟုတ်ပါဘူး..ကျွန်တော် မနှစ်က အထက်တန်းကျောင်း ပြီးထားပေမဲ့ အခုထိ အလုပ်မရသေးလို့ပါ.. အစ်ကိုလီအနေနဲ့ ကျွန်တော့်ကို အလုပ်လေး ဘာလေး မိတ်ဆက်ပေးနိုင်မလားလို့ တောင်းဆိုချင်တာပါ... "

​ယန်ကျီဝမ်က ရှက်ရွံ့ဟန်ဆောင်၍ ပြောလိုက်သည်။

​ထိုစကားကို ကြားသောအခါ လီရှန်းလီ၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွား၏။

​ထိုသည်ကို မြင်လျှင် ယန်ကျီဝမ်က လက်ကို အမြန်ဝှေ့ယမ်းကာ...

​" အစ်ကိုလီ အထင်မလွဲပါနဲ့ဦး..ကျွန်တော် အလုပ်အလကားပေးဖို့ တောင်းဆိုတာ မဟုတ်ဘူး..လမ်းစလေးပဲ မိတ်ဆက်ပေးဖို့ ပြောတာပါ.. နည်းနည်းလောက် ကြွားရရင်တော့ ကျွန်တော့်မှာ တခြားအရည်အချင်း မရှိပေမဲ့ ငါးဖမ်းတဲ့နေရာမှာတော့ အတော်ဆုံးပဲ.. မယုံရင် ဟောက်ဟိုင်ဘက်ကို သွားမေးကြည့်လို့ ရတယ်.. "

​ထိုအခါမှ လီရှန်းလီ၏ မျက်နှာက ပြန်လည် ပြေလျော့သွားပြီး ပြုံးကာ...

​" ဪ.. ငါကလည်း ဘာကြီးလဲလို့ အလေးအနက် တွေးမိသွားတယ်.. ဒါပဲဟာကို.. အင်း.. မင်းရဲ့ စွမ်းရည်ကို ငါ ယုံကြည်ပါတယ်... ငါတို့ ဝယ်ယူရေးဌာနမှာက အရည်အချင်းရှိရင် ဘာမဆို ဖြစ်နိုင်တယ်.. "

​" ဒါဆိုရင်တော့... "

​ယန်ကျီဝမ်က သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

​" ပြဿနာမရှိဘူး.. ငါတို့ ဌာနမှူးက ရိက္ခာပစ္စည်းတွေ ရှာမရလို့ နေ့တိုင်း ခေါင်းခဲနေရတာ.. မင်းလိုလူမျိုး လာမယ်ဆိုရင် ပိုတောင် အဆင်ပြေသေးတယ်.. ဌာနမှူးလည်း သဘောတူမှာ သေချာပါတယ်.. "

​ထို့နောက် လီရှန်းလီက စကားလမ်းကြောင်းလွှဲကာ...

​" ဒါနဲ့ နောက်ပိုင်း ငါ့ရဲ့ လစဉ်ရှာရမယ့် ခွဲတမ်း ဝန်ထုပ်ဝန်ပိုးကျတော့... "

​ယန်ကျီဝမ် ချက်ချင်းပင် အဓိပ္ပာယ်ကို သဘောပေါက်သွားပြီး ရင်ဘတ်ကို ပုတ်၍...

​" အဲ့ဒါ စိတ်ပူစရာမလိုပါဘူး.. ဒီကိစ္စသာ အဆင်ပြေသွားရင် အစ်ကိုလီ လိုအပ်တဲ့ အသားခွဲတမ်းအားလုံးကို ကျွန်တော် တာဝန်ယူပေးပါ့မယ်.. ဒါပေမဲ့ ငါးပဲ ရမယ်နော်..တခြားအသားတွေကိုတော့ အာမမခံနိုင်ဘူး .."

​" ငါးဆိုရင်လည်း အဆင်ပြေတာပဲ... "

​လီရှန်းလီ ဝမ်းသာအားရ ပြုံးလိုက်သည်။ ငါးက ဝက်သား သို့မဟုတ် ကြက်သားလောက် အဖိုးမတန်သော်လည်း အသားသည် အသားပင် ဖြစ်၏။ ဤကဲ့သို့ ခက်ခဲလှသော ကာလတွင် ငါးရနိုင်ခြင်းကပင် အလွန် ကောင်းမွန်လှလေပြီ ။ အနည်းဆုံးတော့ သူ၏ လစဉ် ရှာဖွေရမည့် ရိက္ခာခွဲတမ်းအတွက် စိုးရိမ်စရာ မလိုတော့ချေ။

​သဘောတူညီမှု ရရှိသွားပြီးနောက် လီရှန်းလီက သတိပေးစကား​ ပြောသည်။

​" ဒါပေမဲ့ ယန်လေး.. ငါ မင်းကို ကြိုပြီး သတိပေးမယ်နော်..မင်းကို ဝယ်ယူရေးဌာနထဲ ဝင်နိုင်အောင် ငါ ကူညီပေးနိုင်ပေမဲ့ အစပိုင်းမှာတော့ ယာယီအလုပ်သမား ရာထူးပဲ ရလိမ့်မယ်.. "

​ယာယီအလုပ်သမားဆိုသည်မှာ လစာငွေ နည်းပါးသည့်အပြင် စက်ရုံမှ အိမ်ရာခွဲဝေပေးခြင်း ကဲ့သို့သော ခံစားခွင့်များကိုလည်း ရရှိနိုင်မည် မဟုတ်ပေ။

​" ရပါတယ်.. ယာယီအလုပ်သမားဆိုရင်ပဲ တော်တော်ကောင်းနေပါပြီ.. "

​ယန်ကျီဝမ်က အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

​လီရှန်းလီက ပြုံးပြီး...

​" အမှန်တော့ ငါတို့ ဝယ်ယူရေး ဌာနက အရည်အချင်းကိုပဲ ကြည့်တာပါ.. ယန်လေး မင်းရဲ့ စွမ်းရည်မျိုးနဲ့ဆိုရင် အမြဲတမ်း ဝန်ထမ်းတစ်ယောက် ဖြစ်လာဖို့က မခက်ခဲဘူး .."

​" ဒါဆိုရင်တော့ အစ်ကိုလီရဲ့ စကားအတိုင်းပဲ ဖြစ်ပါစေဗျာ .."

​သူတို့နှစ်ယောက် ခဏတာဆက်လက် စကားပြောဆိုပြီးနောက် ယန်ကျီဝမ်က နေရပ်လိပ်စာကို ပေးခဲ့ပြီး ဟောက်ဟိုင်သို့ ငါးမျှားရန် ပြန်လာခဲ့သည်။ အလုပ်ကိစ္စက အဆင်ပြေလုနီးပါး ရှိနေပြီ ဖြစ်သော်လည်း လက်ရှိတွင် ငွေရှာရန် လိုအပ်နေသေးသည် မဟုတ်ပါလော။

​...

​ညနေခင်း အချိန်သို့ ရောက်သောအခါ ရွှီတာမော့က ခြံဝင်းတံခါးထဲသို့ ဝင်လာသည်နှင့် ယန်မိသားစု ရှိရာဘက်သို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။

​စက်ဘီးကို ရပ်ကာ ယန်မိသားစု အိမ်ထဲသို့ ဝင်လာလျှင် ယန်ကျီဝမ်တို့ သားအဖ ရေနွေးကြမ်းသောက်နေသည်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရ၏။

​ရွှီတာမော့က စိတ်လှုပ်ရှားစွာဖြင့်...

​" ယန်လေး.. ဒီညတော့ ငါ့ကို အရက်တစ်ခွက်လောက် တိုက်ရမယ်နော်.. "

​" ဟုတ်လား... "

​ယန်ကျီဝမ် အနည်းငယ် အံ့အားသင့်သွားသည်။

​ယန်ဖူကွေ့ အလွန် ဝမ်းသာသွားပြီး...

​" တာမော့.. ငါ့ ဒုတိယသားရဲ့ အလုပ်ကိစ္စ အဆင်ပြေသွားပြီလား.. "

​ရွှီတာမော့က ဆွံ့အသွားပြီး အကူအညီမဲ့စွာဖြင့်...

​" တတိယဦးလေး... အလုပ်ရှာရတာက ဒီလောက် မလွယ်ဘူး..ကျွန်တော်က ခေါင်းဆောင်နဲ့ ယန်လေး တွေ့ဖို့ပဲ ပြောပေးနိုင်တာ.. "

​" ဒါလည်း တော်တော်ကောင်းနေပါပြီ.. ကျေးဇူးတင်ပါတယ် အစ်ကိုတာမော့.. "

​ယန်ကျီဝမ်က ပြုံး၍ ပြောလိုက်သည်။

​သူသည် လီရှန်းလီနှင့် ကိစ္စဝိစ္စများကို တရားဝင် စကားပြောဆိုပြီး ဖြစ်သော်လည်း ရွှီတာမော့က သူ့အတွက် စေတနာဖြင့် ကူညီပေးခဲ့ခြင်း ဖြစ်သဖြင့် ကျေးဇူးတင်ကြောင်း ပြသရန် လိုအပ်။ ။ လီရှန်းလီနှင့် ဆုံတွေ့ခဲ့ရခြင်းက မမျှော်လင့်ဘဲ တိုက်ဆိုင်သွားခြင်း ဖြစ်သော်လည်း ရွှီတာမော့သည် ကူညီစွမ်းဆောင်ပေးသည့် နေရာတွင် အမှန်တကယ် အားကိုးရသူတစ်ဦး ဖြစ်ပေသည်။

​မီးဖိုချောင်ထဲတွင် ညစာပြင်ဆင်နေသော မိခင်ဖြစ်သူ ရန်ရွေ့ဟွားကို လှမ်းကြည့်ပြီးနောက် ယန်ကျီဝမ်က အားနာဟန်ဖြင့်...

​" အစ်ကိုတာမော့.. ဒီညတော့ အဆင်မပြေလောက်သေးဘူး..နောက်နှစ်ရက်လောက်နေမှပဲ ကျွန်တော် တစ်ခုခု ကောင်းကောင်းမွန်မွန် ပြင်ဆင်ပြီး တိုက်ပါရစေ.. "

​" ကိစ္စမရှိဘူး .."

​ရွှီတာမော့က လက်ကို ဝှေ့ယမ်းလိုက်ပြီး...

​" ယန်လေး.. မနက်ဖြန်တော့ စောစောထနော်... ငါ မင်းကို သံမဏိစက်ရုံဆီ ခေါ်သွားပေးမယ်.. "

​" ဟုတ်ကဲ့ပါ .."

​ရွှီတာမော့က လိုအပ်သည်များကို မှာစားပြီးနောက် ပြန်လည် ထွက်ခွာသွားသည်။

​" ဒုတိယသား.. မနက်ဖြန် ခေါင်းဆောင်နဲ့ တွေ့တဲ့အခါ စကားကောင်းကောင်း ပြောနော်.. တကယ်လို့ အဆင်မပြေချင်ဘူး ဆိုရင်လည်း သူတို့ကို လက်ဆောင်လေး ဘာလေး ပေးလိုက်တာပေါ့.. "

​ယန်ဖူကွေ့က အကြံပြု လိုက်သည်။ လက်ဆောင်ဆိုသည်မှာ တိတ်တဆိတ် ငွေပေး၍ လာဘ်ထိုးခြင်းကို ဆိုလို၏ ။ အကယ်၍ ဤစကားကို အကြီးဆုံးသား ယန်ကျီချန်းသာ ကြားသွားပါက မတရားဟု ထပ်မံ ညည်းညူနေပေဦးမည်။

​ယန်ကျီဝမ်က ပြုံးပြီး...

​" အဖေ.. အဲ့ဒီကိစ္စအတွက် စိတ်ပူစရာမလိုပါဘူး.. အမှန်တော့ ဒီနေ့ ကျွန်တော်... "

​ထို့နောက် ယန်ကျီဝမ်က ယနေ့နံနက်ပိုင်းက လီရှန်းလီနှင့် ဆုံတွေ့ခဲ့ရပုံများကို အသေးစိတ် ပြန်လည် ပြောပြလိုက်သည်။

​ယန်ဖူကွေ့က ဝမ်းသာအားရဖြင့် လက်ခုပ်တီးကာ...

​" ကောင်းတယ်.. ဒုတိယသား.. မင်း ဒီလောက်အထိ ကံကောင်းလိမ့်မယ်လို့ ငါ မထင်ထားမိဘူး.. ဒီအလုပ်ကတော့ အဆင်ပြေသွားပြီ ထင်ရတာပဲ.. "

​" ဒါပေမဲ့ မင်းရဲ့ ကိုယ်ပိုင်ခွဲတမ်းအပြင် သူ့အတွက်ပါ လစဉ် အသားပမာဏ ပြည့်အောင် ကူညီပေးရမယ် ဆိုတော့ မင်း တကယ်ပဲ တတ်နိုင်ပါ့မလား .."

​ယန်ကျီဝမ်က အရေးမကြီးသကဲ့သို့ ပြောလိုက်သည်။

​" အဆင်ပြေပါတယ်..ဘာပဲဖြစ်ဖြစ် ကျွန်တော် နေ့တိုင်း ငွေရှာဖို့ ငါးမျှားနေတာပဲလေ.. ဘယ်သူ့ကို ရောင်းရောင်း အရေးမကြီးပါဘူး.. ဈေးနှုန်းကလည်း အတူတူပဲကို .."

​စက်ရုံအတွက် ဝယ်ယူပေးခြင်းကလည်း ငွေရှာသည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။ အခြေခံအားဖြင့် သမဝါယမဆိုင်သို့ ရောင်းမည့်အစား သံမဏိစက်ရုံသို့ ပြောင်းလဲရောင်းချခြင်းသာ ဖြစ်၏။

ဝယ်ယူရေးဝန်ထမ်းက ရိက္ခာပစ္စည်းဖိုးကို ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်ရမည်လော။ ထိုသို့ဖြစ်ရန် လုံးဝ မဖြစ်နိုင်ချေ။ လစဉ်ခွဲတမ်း ပမာဏကို တိတိကျကျ မသိရသေးသော်လည်း သူ၏ ငါးဖမ်းစွမ်းရည်ဖြင့်ဆိုလျှင် စိုးရိမ်စရာ လုံးဝမရှိ။

အကယ်၍ မလောက်မင ဖြစ်လာလျှင်ပင် စနစ်၏ အရောင်းဆိုင် ရှိနေသေးသည် မဟုတ်ပါလော။ သူသည် အခြားသော ရာထူးနေရာများအတွက် သိပ်ပြီး ယုံကြည်ချက်မရှိသော်လည်း ဝယ်ယူရေးဌာန တာဝန်ကိုမူ ကောင်းစွာ ကိုင်တွယ်နိုင်မည်ဟု ရဲရဲကြီး ယုံကြည်ထားသည်။

​" အင်း.. အဲ့ဒါလည်း ဟုတ်တာပဲ.. "

​ယန်ဖူကွေ့က အလွန် သဘောကျသွားပြီးမှ ရုတ်တရက် သတိရကာ...

​" ဒုတိယသား.. အခု မင်း အလုပ်ကိစ္စလည်း အဆင်ပြေသွားပြီဆိုတော့ ယွီလီနဲ့ မင်းရဲ့ ကိစ္စကိုရော ဘယ်လို စီစဉ်မလဲ.. "

​ယန်ကျီဝမ်က သက်ပြင်းချပြီး...

​" အဖေ.. ဘာလို့ ဒီလောက် လောနေရတာလဲ.. သူ ထွက်ပြေးသွားမှာ မဟုတ်ပါဘူး.. ကျွန်တော် အလုပ်ရရင်တောင် ယာယီအလုပ်သမားအဆင့်ပဲ ရှိဦးမှာဆိုတော့ စက်ရုံက အိမ်ခန်း မချပေးသေးဘူးလေ ..ယွီလီ့ကို ခေါ်ပြီး ဒီအခန်းကျဉ်းလေးထဲမှာ အတူတူ ကျပ်ကျပ်ညှပ်ညှပ် နေခိုင်းရမလား.. "

​" အပြင်မှာ အခန်းတစ်ခန်း အရင်ငှားနေဖို့ ငါ ပြောတုန်းကလည်း မင်းမှ သဘောမတူတာ..."

​ယန်ဖူကွေ့က စိတ်ပျက်ဟန်ဖြင့် ရေရွတ်လိုက်သည်။

​စကားပုံတစ်ခု ရှိသည် ။ ဧကရာဇ်က မစိုးရိမ်ဘဲ မိန်းမစိုးက ရှေ့ကနေ ပူပန်နေရသည် ဆိုသကဲ့သို့ပင်။ ယခု သူ ဖြစ်နေသည်မှာ ထိုအတိုင်းပင် ဖြစ်၏။

သို့သော် ယန်မိသားစု၏ တတိယမျိုးဆက် ကိစ္စက အရေးကြီးနေချိန်တွင် သူ မည်သို့ စိတ်အေးလက်အေး နေနိုင်ပါမည်နည်း။ အကြီးဆုံးသားဖြစ်သူက အမြဲတမ်း ပြဿနာရှာတတ်သဖြင့် သူ့ကို အားကိုး၍ မရချေ။ တတိယသားဖြစ်သူကလည်း လူငယ် သဘာဝ လမ်းလွဲနေဆဲ ဖြစ်ရာ နောင်တစ်ချိန်တွင် အကြီးဆုံးသားကဲ့သို့ ဖြစ်လာနိုင်ခြေ ရှိသည်။ ထို့ကြောင့် သူ အားကိုးနိုင်သည့် တစ်ဦးတည်းသောသူမှာ ဤ ဒုတိယသား ဖြစ်ပေသည်။

​သူ့ဇနီးဖြစ်သူ ရန်ရွေ့ဟွားကလည်း မကြာသေးမီက မြေးယောက်ျားလေး လိုချင်စိတ် ပြင်းပြနေသဖြင့် နေ့စဉ်နှင့်အမျှ ပူဆာနေခဲ့သည်။ သူမသည် ယန်ကျီဝမ်အား အမြန်ဆုံး အိမ်ထောင်ပြုစေပြီး မြေးချီချင်စိတ်ဖြင့်သာ စိတ်စောနေရှာသည်။

​" အဲ့ဒါတွေက အရမ်း ရှုပ်ထွေးလွန်းပါတယ်.. "

​ယန်ကျီဝမ်က လက်ကို ဝှေ့ယမ်းပြလျက်...

​" အဖေ စိတ်မပူပါနဲ့.. နောက်နှစ်လလောက်အတွင်းမှာ ကျွန်တော် အမြဲတမ်းဝန်ထမ်း ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်..ပုံမှန်ဝန်ထမ်း ဖြစ်သွားတာနဲ့ ယွီလီ့ကို ခေါ်ပြီး လက်ထပ်စာချုပ် သွားချုပ်ပါ့မယ်.. "

​" လက်ထပ်စာချုပ် ချုပ်မယ် ဟုတ်လား..မင်းက သူတို့အိမ်ကို တရားဝင် လက်ထပ်ခွင့်တောင်းဖို့တောင် မသွားရသေးဘူး .."

​ယန်ဖူကွေ့က နှုတ်ခမ်းမဲ့၍ ရေရွတ်လိုက်သော်လည်း ဆက် မပြောတော့ပေ။

​...

​နောက်တစ်နေ့ မနက်တွင် ယန်ကျီဝမ်အား မိခင်ဖြစ်သူ ရန်ရွေ့ဟွားက စောစောစီးစီး နှိုးလိုက်သည်။ မနက်စာ စားသောက်ပြီးနောက် သူသည် ရွှီတာမော့၏ နောက်မှ လိုက်ပါ၍ စက်ရုံကြီးဆီသို့ ထွက်ခွာလာခဲ့သည်။

​သူတို့ စက်ရုံဂိတ်ဝသို့ ရောက်သောအခါ ရွှီတာမော့က လုံခြုံရေးအစောင့်ထံ လာရင်းကိစ္စကို ရှင်းပြရန် ပြင်လိုက်စဉ် စက်ရုံထဲမှ အပြင်သို့ ထွက်လာသော လီရှန်းလီနှင့် အမှတ်မထင် ဆုံတွေ့လိုက်ရ၏။

​" အစ်ကိုလီ.. ဒီဘက်ကို လာပါဦး.. "

​ရွှီတာမော့က လီရှန်းလီကို လှမ်း၍ လက်ဝှေ့ယမ်းပြလိုက်သည်။

​လီရှန်းလီက လှည့်ကြည့်လိုက်သောအခါ ရွှီတာမော့၏ ဘေးတွင် ရပ်နေသော ယန်ကျီဝမ်ကို တွေ့သွားသည်။ သူက ပြုံးရွှင်စွာဖြင့် လျှောက်လာပြီး...

​" ယန်လေး.. ငါလည်း မင်းကို ရှာမလို့ ပြင်နေတာ.. မင်းကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ မျှော်လင့်မထားဘူး.."

​" အစ်ကိုလီ.. အစ်ကိုက ယန်လေးကို သိနေတာလား.. "

​ရွှီတာမော့ အံ့အားသင့်သွားပြီး မေးလိုက်သည်။

​" သိတာပေါ့.. ငါတို့က ညီအစ်ကိုတွေလေ.. "

​လီရှန်းလီက ရယ်၍ ပြန်ဖြေလိုက်၏။

​ရွှီတာမော့... " ... "

All Chapters