← Chapters

အခန်း ၁၄၃

Vol. 14 Ch. 143

အခန်း ၁၄၃

Vol. 14 Ch. 143

Chapter 143

~

အခန်း ၁၄၃ : ဌာနမှူး လျောင်

~

​ရွှီတာမော့က ယန်ကျီဝမ်ကို မကျေမနပ် ကြည့်လိုက်သည် ။ သူ၏ အကြည့်များက အလုပ်ပြီးသွားသည့်အခါ ကျောခိုင်းသွားတတ်သည့် ငယ်ရွယ်သော မုဆိုးမများကို ကြည့်သည့် အကြည့်မျိုးနှင့် ဆင်တူနေ၏ ။

​သူ့ စိတ်ထဲတွင် တွေးနေမိသည် ။

'ဒီလူနဲ့ သိနေတာကို ငါ့ကို စောစောစီးစီး ပြောပြခဲ့ရင် ငါ ဘာလို့ ဒီလောက်အထိ အပင်ပန်းခံပြီး လိုက်လုပ်ပေးနေပါဦးမလဲ..'

​ရွှီတာမော့သည် ဝယ်ယူရေးဌာန၏ ဌာနမှူးထံတွင် လမ်းစရှာရန် ကြံရွယ်ခဲ့သော်လည်း ယန်ကျီဝမ်က လီရှန်းလီနှင့် သိကျွမ်းနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ ။

​လီရှန်းလီသည် သာမန် ဝယ်ယူရေးဝန်ထမ်းတစ်ဦးမျှသာ ဖြစ်သော်လည်း သူ၏ ဩဇာအာဏာမှာ ဝယ်ယူရေးဌာနမှူးထက်ပင် ပိုမိုကြီးမားသည် ။ အကြောင်းရင်းမှာ သူက ထောက်ပံ့ပို့ဆောင်ရေး ဒါရိုက်တာ လီဟွာအိဒ်၏ တူအရင်း ဖြစ်နေသောကြောင့်ပင် ။

လီဟွာအိဒ်က ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ တစ်ခုလုံးကို တာဝန်ယူထားသူ ဖြစ်ရာ သူ့အတွက် အလုပ်ခွဲတမ်းတစ်ခု ဖန်တီးပေးရန်မှာ စကားတစ်ခွန်း ဟလိုက်ရုံမျှဖြင့် ပြီးမြောက်သွားနိုင်သည် ။

​ယန်ကျီဝမ်က ရွှီတာမော့၏ အတွေးကို ချက်ချင်းပင် ရိပ်မိသွားသဖြင့် ရှင်းပြလိုက်၏ ။

​" အစ်ကိုတာမော့.. အထင်မလွဲပါနဲ့ဦး.. အကိုလီနဲ့ ကျွန်တော်က မနေ့ကမှ မတော်တဆ ဆုံခဲ့ကြတာ.. "

​" အေး.. အဲ့ဒါဆိုရင်တော့ တော်သေးတာပေါ့.. "

​ရွှီတာမော့က စိတ်သက်သာရာရသွားဟန်ဖြင့် ဆက်ပြောသည် ။

​" ဒါပေမဲ့ မနေ့ညက ငါ့ကို အာမခံထားတဲ့ အရက်ဝိုင်း စကားကိုတော့ ပြန်ရုပ်သိမ်းလို့ မရဘူးနော်.. "

​" ဟားဟား.. အဲ့ဒါက အသေးအဖွဲပါ အစ်ကိုရာ.. ဒီည ကျွန်တော်ကိုယ်တိုင် ဟင်း ချက်ပေးမယ်.. အားရပါးရ သောက်ကြတာပေါ့.. "

​" ဥာဏ်ကောင်းတဲ့ ကောင်လေး... "

​ထိုခါမှ ရွှီတာမော့က ကျေနပ်စွာ ပြုံးလိုက်တော့သည် ။

​လီရှန်းလီက စာရွက်စာတမ်းတစ်ခုကို ထုတ်ယူကာ ယန်ကျီဝမ်ထံ ကမ်းပေးရင်း...

​" ယန်လေး.. မင်း အချိန်ကိုက် ရောက်လာတာပဲ.. ငါ မင်းရဲ့ အလုပ်ခန့်စာကို ပေးဖို့ မင်းအိမ်ဘက် သွားမလို့ ပြင်နေတာ.. အခုတော့ ငါ အချိန်ကုန်ခံပြီး သွားစရာ မလိုတော့ဘူးပေါ့.. ရော့.. ဒါ မင်းအတွက်.. "

​" ကျေးဇူးအများကြီးတင်ပါတယ် အကိုလီ.. "

​ယန်ကျီဝမ်က စာရွက်စာတမ်းကို လှမ်းယူရင်း ကျေးဇူးတင် စကားပြောလိုက်သည် ။

​" ရပါတယ်.. ဒါက အပြန်အလှန် အကျိုးရှိမယ့် ကိစ္စပဲဟာ.. "

​လီရှန်းလီက လက်ကို ဝှေ့ယမ်းပြပြီး ဆက်ပြော၏ ။

​" စာရွက်စာတမ်းကို ယူပြီး လူ့စွမ်းအား အရင်းအမြစ်ဌာနကို တိုက်ရိုက်သွားလို့ရပြီ.. အလုပ် စလုပ် နိုင်ပြီပေါ့.. ငါ လိုက်ပို့ပေးဖို့ လိုဦးမလား.. "

​ယန်ကျီဝမ် ဘာမှ ပြန်မပြောရသေးမီ ရွှီတာမော့က ကြားဖြတ်၍ လျင်မြန်စွာ ပြောလိုက်၏ ။

​" အကိုလီကို ဒုက္ခမပေးချင်တော့ပါဘူး.. ကျွန်တော်ပဲ ယန်လေးကို ခေါ်သွားလိုက်ပါ့မယ်.. "

​" အေးအေး.. ဒါဆိုလည်း ကောင်းပြီ.. ငါလည်း လုပ်စရာ ကိစ္စလေး ရှိသေးလို့ သွားလိုက်ဦးမယ်.. "

​ထို့နောက် လီရှန်းလီက လက်ပြနှုတ်ဆက်ကာ သံမဏိစက်ရုံဝင်းအတွင်းမှ ထွက်ခွာသွားသည် ။

​ရွှီတာမော့က ယန်ကျီဝမ်ကို လူ့စွမ်းအား အရင်းအမြစ်ဌာနဆီသို့ ခေါ်ဆောင်လာခဲ့၏ ။ လမ်းတွင် ရွှီတာမော့က ...

​" ယန်လေး.. အမှန်အတိုင်း ပြောရရင် မင်းရဲ့ ကံက တကယ်ကို မဆိုးဘူးလို့ ပြောရမယ်.. "

​" ဟုတ်တယ်ဗျ.. တော်တော်လေး ကံကောင်းသွားတယ်.. "

​ယန်ကျီဝမ်က ခေါင်းညိတ် သဘောတူလိုက်သည် ။ သူ ငါးမျှားနေရင်း ဆုံတွေ့ခဲ့ရသူတစ်ဦးက ဤမျှအထိ ဩဇာအာဏာ ရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ ။ အလုပ်ခွဲတမ်း ချက်ချင်း ရရှိမည်ဟုလည်း မျှော်လင့်မထားခဲ့ချေ ။ ယာယီဝန်ထမ်း ရာထူးမျှသာ ဖြစ်သော်လည်း လက်ရှိတွင် သူ့အတွက် လုံလောက်ပေပြီ ။

​" ငါ ပြောတာက အဲ့ဒါကိုတင် ဆိုလိုတာ မဟုတ်ဘူး.. "

​ရွှီတာမော့က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အသံကို နှိမ့်ကာ...

​" ယန်လေး.. မင်း အကိုလီက ဘယ်သူလဲဆိုတာ တကယ် သိရဲ့လား.. "

​" အဝယ်တော်တစ်ယောက် မဟုတ်ဘူးလား.. "

​" အဝယ်တော်ဆိုတာကတော့ ဟုတ်တာပေါ့.. "

​ရွှီတာမော့က...

​" ဒါဆို သူ့ရဲ့ ဦးလေးက ဘယ်သူလဲဆိုတာရော မင်း သိသလား.. "

​ယန်ကျီဝမ်က ခေါင်းခါပြလိုက်သည် ။

​ရွှီတာမော့က...

​" သူ့ဦးလေးက ထောက်ပံ့ပို့ဆောင်ရေး ဒါရိုက်တာ လီဟွာအိဒ်လေ.. အဲ့ဒါကြောင့်မို့လို့သာ မင်းအတွက် အလုပ်ခွဲတမ်းကို ဒီလောက် လွယ်လွယ်ကူကူ ချပေးနိုင်တာပေါ့.. ဒါကြောင့် ငါက မင်း ကံကောင်းတယ်လို့ ပြောတာ.. "

​ထိုစကားကို ကြားသောအခါမှ ယန်ကျီဝမ် ရုတ်တရက် သဘောပေါက်သွားသည် ။ လီရှန်းလီ၏ နောက်ခံမှာ ရိုးရှင်းမည်မဟုတ်ကြောင်း သူ ခန့်မှန်းထားမိသော်လည်း လီဟွာအိဒ်၏ တူအရင်း ဖြစ်နေလိမ့်မည်ဟု ထင်မထားမိ ။ ဤသည်က အရာအားလုံးကို ရှင်းလင်းသွားစေသည် ။

​လီရှန်းလီဘက်က သူ၏ အခြေအနေများကို သဘောတူခဲ့ခြင်းမှာလည်း မျက်နှာပန်းလှချင်၍ ဖြစ်လိမ့်မည် ။ သူသာ အရည်အချင်းကို ကောင်းစွာ ပြသနိုင်ပါက လီဟွာအိဒ်အနေဖြင့် သူ့ကို ရာထူးတိုးပေးရန် မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း ။ အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲကျပ်တည်းနေသော ကာလမျိုးတွင် ရာထူးတိုးရန် ပို၍ပင် လွယ်ကူနိုင်ပေသည် ။

​ယန်ကျီဝမ် သဘောပေါက်သွားသည်ကို မြင်လျှင် ရွှီတာမော့က သူ၏ ပုခုံးကို ပုတ်ကာ...

​" ယန်လေး.. နောင်ကျရင် အလုပ်ကို သေချာ ကြိုးစားလုပ်ရမယ်.. ဒီလို အဆက်အသွယ်မျိုး ရှိနေမှတော့ အမြဲတမ်း ဝန်ထမ်းဖြစ်ဖို့က လက်တစ်ကမ်းတင်ပဲ.. ဒါပေမဲ့ ငါလည်း သိပ်ပြီး စိုးရိမ်မနေပါဘူး.. မင်းရဲ့ ငါးဖမ်းစွမ်းရည်မျိုးနဲ့ဆိုရင် သာမန် ဝယ်ယူရေးဝန်ထမ်းအဖြစ် အဆင်ပြေပြေ ရပ်တည်နိုင်မှာပါ.. "

​" အစ်ကိုတာမော့ စိတ်မပျက်စေရပါဘူး .... "

​ယန်ကျီဝမ်က ပြုံး၍ ပြောလိုက်သည် ။

​" ကောင်စုတ်လေး.. ငါ့ကို လာပြီး နောက်မနေနဲ့.. "

​ရွှီတာမော့က မျက်လုံးလှန်ပြကာ ဆက်ပြော၏ ။

​" ကဲ.. မြန်မြန်လုပ်ပြီး အလုပ်ကိစ္စတွေ အရင် အချောသတ်လိုက်ဦး.. ပြီးရင် မင်းကို ဝယ်ယူရေး ဌာနမှူးနဲ့ သွားတွေ့ပေးမယ်.. ဒီကိစ္စကို စီစဉ်ထားပြီးသားမို့လို့ မင်းရဲ့ အစ်ကိုတာမော့ကို စကားပျက်တဲ့သူ မဖြစ်စေချင်ဘူး မလား.. "

​ယန်ကျီဝမ် ကန့်ကွက်ရန် အကြောင်းမရှိပေ ။

​ဝန်ထမ်းခန့်အပ်မှု လုပ်ငန်းစဉ်များ ပြီးဆုံးသွားပြီးနောက် ရွှီတာမော့က ယန်ကျီဝမ်ကို ဝယ်ယူရေးဌာနဆီသို့ ခေါ်ဆောင်လာခဲ့သည် ။ ဌာနမှူး၏ ရုံးခန်းရှေ့သို့ ရောက်သောအခါ ရွှီတာမော့က တံခါးကို ညင်သာစွာ ခေါက်လိုက်၏ ။

​" အထဲဝင်ခဲ့ပါ.. "

​အတွင်းမှ အသံကြားရသည်နှင့် ရွှီတာမော့က ယန်ကျီဝမ်ကို အတူတူခေါ်၍ အခန်းထဲသို့ လှမ်းဝင်လိုက်သည် ။

​" ဌာနမှူးလျောင်.. အမြဲတမ်းလိုလို အလုပ်တွေ ရှုပ်နေတာပဲနော်.. "

​ရွှီတာမော့က ရယ်၍ ရှေ့သို့ တိုးသွားကာ ဌာနမှူးလျောင်ထံသို့ ဆေးလိပ်တစ်လိပ် ကမ်းပေးလိုက်ပြီး...

​" ဌာနမှူးလျောင်.. ဆေးလိပ်လေး သောက်ပါဦး.. "

​ယန်ကျီဝမ်က စားပွဲခုံဘက်သို့ အကဲခတ်ကြည့်လိုက်သည် ။ ဌာနမှူးလျောင်သည် ဘယ်ဘက် မျက်လုံးထောင့်တွင် အမာရွတ်တစ်ခု ရှိသော အသက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ဖြစ်၏ ။

သူ၏ စည်းကမ်းသေသပ်သော အမူအရာများကို ကြည့်ရုံဖြင့် ယခင်က စစ်သားဟောင်းတစ်ဦး ဖြစ်ခဲ့မှန်း သိသာသည် ။ သို့သော် ဤခေတ်ကာလက ကေဒါ အများစုမှာ စစ်မှုထမ်းဟောင်းများသာ ဖြစ်ကြပေသည် ။

​ဌာနမှူးလျောင်က ဆေးလိပ်ကို လှမ်းယူလိုက်ပြီး ယန်ကျီဝမ်ကို အကဲခတ်ကာ မေးလိုက်၏ ။

​" မင်း ပြောနေတဲ့ ရဲဘော်က ဒီလူငယ်လား.. "

​" ဟုတ်ပါတယ်.. သူက ရဲဘော် ယန်ကျီဝမ် ပါ.. ကျွန်တော်တို့နဲ့ ခြံဝင်းတစ်ခုတည်းမှာ နေတာ.. "

​ရွှီတာမော့က ခေါင်းညိတ်ပြရင်း...

​" ဌာနမှူးကြီး... ကျွန်တော် ကြွားပြောတာ မဟုတ်ဘူးနော်..ကျွန်တော့် ညီလေးက တကယ့်ကို တော်တဲ့သူပါ..ငါးဖမ်းတဲ့နေရာမှာတင် မကဘူး.. ဟင်းချက်တဲ့ နေရာမှာလည်း အပြစ်ပြောစရာမရှိဘူး.. အရသာက ဖုန်းဇီယွမ်က စားဖိုမှူးတွေထက်တောင် အများကြီး ပိုကောင်းသေးတယ်.. "

​ယန်ကျီဝမ်၏ မျက်နှာ အမူအရာက အနည်းငယ် ပျက်သွားပြီး စိတ်ထဲမှ တွေးလိုက်မိသည် ။

' အဲ့ဒီလောက်အထိ ပြောဖို့ မလိုပါဘူး..'

​သူ ဤနေရာသို့ ဝယ်ယူရေး ဝန်ထမ်းအဖြစ် လာရောက်ခြင်း ဖြစ်ပြီး စားဖိုမှူး လုပ်ရန် လာခြင်း မဟုတ်ချေ ။ သို့သော် ရွှီတာမော့က သူ့အတွက် စေတနာဖြင့် ကူညီပြောပေးနေခြင်း ဖြစ်သဖြင့် ငြိမ်နေလိုက်ရုံသာ တတ်နိုင်တော့၏ ။

​" ဒီရဲဘော်ရဲ့ ဟင်းချက်လက်ရာက တကယ်ပဲ အဲ့လောက်အထိ ကောင်းတာလား.. "

​ ယန်ကျီဝမ်၏ အသက်အရွယ်က အလွန် ငယ်ရွယ်လွန်းနေသဖြင့် ဌာနမှူးလျောင် မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည် ။

​" လုံးဝကို သေချာပါတယ်.. "

​ရွှီတာမော့က ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်ပြီး...

​" ကျွန်တော်ကိုယ်တိုင် မြည်းဖူးလို့ပါ.. သူ့ရဲ့ လက်ရာက ကန်တင်းထဲက ရှာကျူးထက်တောင် အများကြီး သာပါသေးတယ်.. "

​" ရှာကျူး.. အဲ့ဒါ ဘယ်သူလဲ.. "

​ဌာနမှူးလျောင်က ခဏတာ ကြောင်အသွားပြီးမှ ရုတ်တရက် သဘောပေါက်သွားကာ...

​" ဪ.. မင်းပြောတာ ဟဲယွီကျူး ကို ဆိုလိုတာကိုး.. "

​မီးဖိုချောင်ထဲရှိ လူတိုင်းက ရှာကျူး ဟုသာ နာမည်ပြောင်ဖြင့် ခေါ်ဝေါ်ကြသော်လည်း အထက်လူကြီးများကမူ နာမည်ရင်းကိုသာ ခေါ်ကြ၏ ။ သူ၏ လက်အောက်ငယ်သားများ ပြောဆိုကြသည်ကိုသာ အနည်းငယ် ကြားဖူးထားသည် ။

​" မှန်ပါတယ်.. "

​ရွှီတာမော့က ခေါင်းညိတ်လိုက်၏ ။

​ဌာနမှူးလျောင်က ပြုံးပြီး...

​" ကောင်းပြီလေ.. နောက်ကြုံတဲ့အခါကျရင်တော့ ငါလည်း မြည်းစမ်းကြည့်ရဦးမယ်.. "

​" ဌာနမှူးကြီး သုံးဆောင်ချင်တယ် ဆိုရင် ကြိုက်တဲ့အချိန် ပြောလိုက်ပါ.. ဒီနေ့ကစပြီး ကျွန်တော်က ဌာနမှူးကြီးရဲ့ လက်အောက်ငယ်သား ဖြစ်သွားပြီလေ. "

​ယန်ကျီဝမ်က ကြားဖြတ်၍ ဝင်ပြောလိုက်သည် ။

​" ဟမ်း.. "

​ဌာနမှူးလျောင်၏ မျက်နှာက ရုတ်တရက် တည်သွားပြီး အနည်းငယ် မကျေမနပ် ဖြစ်သွားဟန် တူသည် ။ သူ ယန်ကျီဝမ်အပေါ် သိပ်ပြီး အထင်မကြီးပေ ။

ယနေ့ ယန်ကျီဝမ်နှင့် တွေ့ဆုံရန် သဘောတူခဲ့သည့် အကြောင်းရင်းမှာ ရွှီတာမော့က ယန်ကျီဝမ်၏ ငါးဖမ်းစွမ်းရည်မှာ မည်မျှ အံ့ဩဖွယ် ကောင်းကြောင်း ကြွားလုံးထုတ်ခဲ့သောကြောင့်သာ ဖြစ်သည် ။ ထို့ကြောင့် သူ တွေ့ဆုံပြီး ဤလူငယ်တွင် တကယ့် အရည်အချင်း ရှိမရှိသိလိုခဲ့၏ ။ လက်ရှိတွင် ဝယ်ယူရေးဌာန၏ အခြေအနေက သိပ်မကောင်းလှဘဲ ထောက်ပံ့ရေး ပစ္စည်းများ ပြတ်လပ်မှု ပြဿနာကြောင့် နေ့စဉ်နှင့်အမျှ ဒါရိုက်တာ လီဟွာအိဒ်၏ ဆူပူကြိမ်းမောင်းမှုကို ခံနေရသည် ။

​ရွှီတာမော့သည် ပါးနပ်သူတစ်ဦး ဖြစ်သဖြင့် ဌာနမှူးလျောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ချက်ချင်း သတိပြုမိသွားသည် ။ ထို့ကြောင့် သူက လျင်မြန်စွာ ရှင်းပြလိုက်၏ ။

​" ဌာနမှူးလျောင်.. အထင်မလွဲပါနဲ့ဦး... ကျွန်တော့် ညီလေးက လီရှန်းလီ.. အကိုလီရဲ့ အဆက်အသွယ် ကနေတစ်ဆင့် အလုပ်ဝင်ဖို့ ကိစ္စ အားလုံး ပြီးစီးထားပြီးသားပါ.. "

​ထိုအခါမှ ဌာနမှူးလျောင်က ယန်ကျီဝမ်ကို အံ့အားသင့်စွာ ကြည့်ပြီး...

​" ဪ.. မင်းက လီရှန်းလီ မနေ့က ပြောနေတဲ့ ရဲဘော်ကိုး.. "

​မနေ့ မွန်းလွဲပိုင်းတွင် လီရှန်းလီက ဝယ်ယူရေးဌာနအတွက် ပါရမီရှင်တစ်ဦးကို ရှာဖွေ စုဆောင်းထားပြီး ဖြစ်ကြောင်းနှင့် သူ၏ ဦးလေးဖြစ်သူ လီဟွာအိဒ်ကလည်း သဘောတူညီပြီး ဖြစ်ကြောင်း လာရောက် ပြောကြားခဲ့သည် ။ ထို့အပြင် ထိုလူငယ်သည် ငါးဖမ်းသည့်နေရာတွင် အထူး ကျွမ်းကျင်သူ ဖြစ်ပြီး မနေ့ညက ဧည့်ခံပွဲတွင် စားသုံးခဲ့ရသော လိပ်ကိုလည်း ယန်ကျီဝမ် ယူဆောင်လာပေးခြင်း ဖြစ်ကြောင်း ပြောပြခဲ့ဖူး၏ ။

​ယန်ကျီဝမ်က ခေါင်းညိတ် ပြလိုက်သည် ။

​ထိုသည်ကို မြင်လျှင် ဌာနမှူးလျောင်၏ မျက်နှာ အမူအရာက သိသိသာသာ ပဝင်းပသွားသည် ။ သူ့ထံသို့ လာရောက် မိတ်ဆက်ခြင်းသာ ဖြစ်ကြောင်း သိရှိသွားသဖြင့် ဤလူငယ်လေးအပေါ် သူ အထင်လွဲသွားမိပေသည် ။

​ဌာနမှူးလျောင်က ပြုံး၍...

​" ကောင်းတယ်.. ငါတို့ ဝယ်ယူရေးဌာနက အရည်အချင်းရှိတဲ့ ရဲဘော်တွေကို အမြဲတမ်း ကြိုဆိုပါတယ်.. ရဲဘော် ရှောင်ယန် ဟုတ်တယ်မလား.. ဝယ်ယူရေးဌာနကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်.. "

​" မင်္ဂလာပါ ဌာနမှူးလျောင်.. "

All Chapters