အခန်း ၁၄၄
Vol. 14 Ch. 144
Chapter 144
~
အခန်း ၁၄၄ : ခင်ပွန်းကို စောင့်နေသော ကျောက်တုံး
~
ဌာနမှူးကို နှုတ်ဆက်ပြီးနောက် ယန်ကျီဝမ် အိမ်သို့ ပြန်လာခဲ့၏ ။ မနက်ဖြန်တွင် သူ တရားဝင် အလုပ်စဆင်း ရပေတော့မည်။
ခြံဝင်း ဝင်ပေါက်သို့ ရောက်သောအခါ ယွီလီ တစ်ယောက်တည်း ရပ်ကာ လမ်းမကြီးဘက်သို့ မျှော်ကြည့်နေသည်ကို မြင်လိုက်ရသည် ။
" ကလင်..ကလင်.. "
စက်ဘီး ခေါင်းလောင်းသံ ကြားသည်နှင့် ယွီလီ ရုတ်တရက် လှည့်ကြည့်လိုက်၏ ။ သူမ စောင့်မျှော်နေသူကို မြင်လိုက်ရသဖြင့် လှပသော မျက်လုံးလေးများက ချက်ချင်းပင် အရောင်လက်သွားသည် ။
ယန်ကျီဝမ် စက်ဘီးပေါ်မှ ဆင်းလိုက်ပြီး...
" တခြားမိသားစုက မိန်းကလေးများလားလို့.. အလှလေးတစ်ယောက် ရပ်နေတော့ ခင်ပွန်းကို စောင့်နေတဲ့ ကျောက်ရုပ်ကြီးများလား ထင်ရတယ်.. "
( တရုတ် စကားပုံနဲ့ စတာ..)
ယန်ကျီဝမ်က စနောက် လိုက်သည် ။
ယွီလီက ယန်ကျီဝမ် သူမကို စနေမှန်း သိလိုက်၍ ရှက်ရမ်းရမ်းကာ သူ့ခါးကို ဆွဲလိမ်လိုက်ပြီး...
" ဟွန်း.. ရှင်တော့ သေချင်နေပြီ.. "
ယန်ကျီဝမ်က အရေထူသူဖြစ်သလို ယွီလီကလည်း အားကုန်သုံး၍ လိမ်ဆွဲခြင်း မဟုတ် ။
ယန်ကျီဝမ်က တိုးတိုးလေး မေးလိုက်သည် ။
" လီလီ.. မင်း ဘယ်တုန်းက ရောက်နေတာလဲ.. "
" ရောက်နေတာ နဲနဲကြာပြီ.. "
ထို့နောက် ယွီလီက အဓိက ကိစ္စကို သတိရသွားပြီး မျှော်လင့်ချက် အပြည့်ဖြင့်...
" ယန်ကျီဝမ်.. အဒေါ်က ဒီနေ့ ရှင် သံမဏိစက်ရုံကို သွားတယ်ဆို.. အခြေအနေ ဘယ်လိုလဲဟင်.. "
" ဘာ အခြေအနေလဲ.. "
ယန်ကျီဝမ်က နားမလည်ဟန်ဆောင်ကာ သူမကို ထပ်စပြန်သည် ။
ယွီလီက စိုးရိမ်တကြီးဖြင့်...
" တခြား ဘာဖြစ်ရမှာလဲ.. အလုပ်ကိစ္စပေါ့.. "
ယန်ကျီဝမ်က ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့်..
" ဪ.. အဲ့ဒါ မေးတာလား.. ဘာလဲ.. ကိုယ့်အိမ်ကို ချွေးမ လာလုပ်ဖို့ အဲ့လောက်တောင် လောနေပြီလား.. "
အလုပ်ရသည်နှင့် လက်ထပ်စာချုပ် သွားလုပ်ကြမည်ဟု သူ အရင်က ပြောဖူးသည်ကို ယွီလီ မှတ်မိနေပုံရ၏ ။
ယွီလီက ခါးထောက်လိုက်ပြီး...
" ဘာလဲ.. မရဘူးလား.. "
" ရတာပေါ့.. ဘာလို့ မရရမှာလဲ.. "
ယန်ကျီဝမ်က အတည်ပေါက်ဖြင့် ဆက်ပြောသည် ။
" မင်းအတွက် သတင်းကောင်း တစ်ခုရှိတယ်.. အများဆုံး တစ်လကျော်လောက်ဆိုရင် ကိုယ့်အိမ်ကို မင်း ဝင်ရတော့မယ်.. "
ယွီလီ၏ မျက်လုံးများ တောက်ပသွားပြီး...
" ရှင် ဆိုလိုတာက.. "
ယန်ကျီဝမ်က ပြုံး၍ ခေါင်းညိတ်လိုက်ကာ...
" ဟုတ်တယ်.. ကိုယ် အလုပ်ရပြီ.. အခုလောလောဆယ် ယာယီဝန်ထမ်း ဆိုပေမဲ့ နောက်နှစ်လအတွင်း အချိန်ပြည့်ဝန်ထမ်း ဖြစ်လာလိမ့်မယ်လို့ ကိုယ် ယုံကြည်တယ်.. "
ယန်ကျီဝမ်က စကားပြောရင်း သူ၏ အလုပ်သမားကတ်ကို ထုတ်၍ ယွီလီထံသို့ ကမ်းပေးလိုက်သည် ။
လီရှန်းလီနှင့် တွေ့ဆုံခဲ့ခြင်းက မတော်တဆမှု တစ်ခုသာ ဖြစ်သည် ။ ယခုအချိန်တွင် သူသည် ရွှီတာမော့အား မည်သည့်အတွက်ကြောင့် မိတ်ဆက်ပေးရန် တောင်းဆိုခဲ့သနည်း ။ အချိန်တန်ပြီဟု သူ ခံစားရသောကြောင့်ပင် ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ နိုင်ငံ၏ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများမှာ ပိုမို ရှားပါးလာပေလိမ့်မည် ။
ထိုအချိန်မျိုးတွင် သူ၏ အစွမ်းအစများကို အကောင်းဆုံး ပြသနိုင်မည့် အခွင့်အရေး ပေါ်လာမည် ဖြစ်၏ ။ အခြားသော ဌာနများ၌ ဝန်ထမ်း လျှော့ချရန်ပင် ကြိုးစားလာနိုင်သည် ။ သို့သော် ဝယ်ယူရေး ဌာနကမူ ကွဲပြားသည် ။ အခြေအနေများ ခက်ခဲလာလေလေ လူပို၍ လိုအပ်လာလေလေပင် ။
သေချာသည်ကတော့ အရည်အချင်းရှိသူများကိုသာ လိုအပ်ခြင်း ဖြစ်သည် ။
ယွီလီက အလုပ်သမားကတ်ကို ယူကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်...
" ဝါး.. အံ့ဩစရာပဲ.. အချိန်ပြည့် ဝန်ထမ်း ဖြစ်လာတာနဲ့ အိမ်တစ်လုံး ချထားပေးလိမ့်မယ်.. "
" မဖြစ်သေးဘူး.. အဒေါ့်ကို သွားပြလိုက်ဦးမယ်.. "
ထိုသို့ပြောပြီး ယွီလီက ယန်ကျီဝမ်အား ထားခဲ့ကာ ယန်မိသားစုအိမ်သို့ စိတ်လှုပ်ရှားစွာ ပြေးဝင်သွားသည် ။
ယန်ကျီဝမ် ခဏတာ မှင်သက်သွားပြီးမှ ပြုံး၍ ခေါင်းခါကာ အိမ်ထဲသို့ လိုက်ဝင်သွား၏ ။
အိမ်ထဲ ရောက်ရောက်ချင်းမှာပင် ရန်ရွေ့ဟွားက အလုပ်သမားကတ်ကို ကိုင်၍ ဟိုဘက်ဒီဘက် လှန်ကြည့်နေသည်ကို မြင်လိုက်ရသည် ။ သူမက ထိုကတ်အား အောက်သို့ပင် မချနိုင်အောင် ဖြစ်နေ၏ ။
ယန်ကျီဝမ် ဝင်လာသည်ကို မြင်လျှင် ရန်ရွေ့ဟွားက မယုံကြည်နိုင်သေးဟန်ဖြင့်...
" ဒုတိယသား.. ဒီအလုပ်သမားကတ်က တကယ်ကြီးလား.. နင် တကယ် အလုပ်ရသွားတာလား.. "
မနေ့ညကတည်းက ယန်ဖူကွေ့ ဤအကြောင်းကို သူမအား ပြောပြထားပြီးဖြစ်သည် ။ ယနေ့ မနက်ခင်တွင်လည်း ယန်ကျီဝမ်သည် ရွှီတာမော့ နောက်မှ သံမဏိစက်ရုံသို့ လိုက်သွားသည်ကို သူမ မြင်လိုက်ရသည်။
သို့တိုင်အောင် ယခု အလုပ်သမားကတ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရချိန်တွင် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲပင် ။
သားကြီး ယန်ကျီချန်း ကဲ့သို့ ယာယီအလုပ်တစ်ခုသာ ဖြစ်သော်လည်း အဓိပ္ပါယ်ကတော့ မတူ ။ အဘယ်ကြောင့်ဆိုသော် ယန်ကျီဝမ် သည် သံမဏိစက်ရုံကြီး၏ ယာယီဝန်ထမ်း ဖြစ်နေသောကြောင့်ပင် ။
သံမဏိစက်ရုံဟူသည်က အလုပ်သမား ထောင်သောင်းချီရှိသော ဧရာမ စက်ရုံကြီး တစ်ခု ဖြစ်၏ ။
ယန်ကျီဝမ်က အကူအညီမဲ့စွာဖြင့် ...
" အမေ.. ဒါက ယာယီအလုပ်လေ.. ပျော်ချင်ရင်တောင် သား အချိန်ပြည့်ဝန်ထမ်း ဖြစ်တဲ့အထိ စောင့်ပါဦး.. အဲ့ဒီအချိန်ကျမှ ပျော်လည်း နောက်မကျပါဘူး.. "
ယာယီ ဝန်ထမ်းများ၏ အဆင့်မှာ အလုပ်သင်များထက်ပင် နိမ့်ကျသေးသည် ။ အလုပ်သင်များကိုမူ တရားဝင် ဝန်ထမ်းအဖြစ် သတ်မှတ်ထားပြီး လစာနည်းသော်ငြား ရပိုင်ခွင့် အားလုံးကို ရရှိကြကာ အလုပ်သင်ကာလ ပြီးဆုံးသည်နှင့် အချိန်ပြည့် ဝန်ထမ်းများ ဖြစ်လာကြ၏ ။
သို့သော် ယာယီ ဝန်ထမ်းများမှာတော့ မတူ ။ အလုပ်တွင် စွမ်းဆောင်ရည် မပြနိုင်ပါက ခေါင်းဆောင်ဖြစ်သူ၏ စကားတစ်ခွန်းတည်းဖြင့်ပင် အလုပ်ထုတ်ခံရနိုင်သည် ။
ရန်ရွေ့ဟွားက...
" ဘာဖြစ်လဲ.. နင် သေချာပေါက် အချိန်ပြည့် ဝန်ထမ်း ဖြစ်လာမှာပဲလို့ နင့်အဖေ ပြောထားတယ်လေ.. "
" မဖြစ်ဘူး.. ငါ သွားကြွားလိုက်ဦးမယ်.. "
ထို့နောက် ရန်ရွေ့ဟွားက အလုပ်သမားကတ်ကို ကိုင်ကာ ခြံဝင်းထဲရှိ အခြား အဒေါ်ကြီးများကို ကြွားရန် အပြင်သို့ ထွက်သွားတော့သည် ။
ယန်ကျီဝမ်က ယွီလီအား ကြည့်၍ လက်နှစ်ဖက်ကို ဖြန့်ကာ အကူအညီမဲ့ဟန်ဖြင့်...
" ကဲ.. ခြံဝင်း တစ်ခုလုံး အခုတော့ သိသွားကြတော့မှာပဲ.. "
" ဟိဟိ.."
ယွီလီက ပါးစပ်ကို လက်ဖြင့်အုပ်ကာ တိုးတိုးလေး ရယ်လိုက်ပြီး...
" အဒေါ်က ပျော်နေလို့ပါ.. "
" ထားလိုက်ပါတော့.. "
ယန်ကျီဝမ်က..
" ဒီမှာပဲ ညစာ စားသွားပါလား.. "
ယွီလီက လက်ခါပြလိုက်ပြီး...
" မစားတော့ပါဘူး.. အခုချိန် မိသားစုတိုင်းက စားနပ်ရိက္ခာ ခက်ခဲနေကြတာလေ.. ဝင်စားလို့ အဆင်မပြေဘူး.. "
" မင်းကလည်း.. ကိုယ်က မင်းကိုတောင် ဝအောင် မကျွေးနိုင်ရင် ဘယ်လိုလုပ် လက်ထပ်ရဲမှာလဲ.. "
ယန်ကျီဝမ်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည် ။
ယွီလီက သူ့အား စိုက်ကြည့်လိုက်ပြီး...
" ရှင်က စကားပြောရင် ကြားလို့ကောင်းအောင်ကို မပြောတတ်ဘူး.. "
ယန်ကျီဝမ်က သူမကို နှစ်သိမ့်ပေးနေခြင်းမှန်း သိသော်လည်း သူ၏ စကားပြောပုံက ထရိုက်ချင်စရာ ကောင်းလှ၏ ။
" အမှန်တရားဆိုတာ အမြဲတမ်း ခါးသီးတတ်တယ်လေ.. "
ယန်ကျီဝမ်က လက်ဝှေ့ယမ်းလိုက်ပြီး...
" ထားပါတော့.. ကိုယ့်မိသားစုမှာ ဒီထမင်းတစ်နပ်စာလောက်လေးနဲ့တော့ မွဲမသွားပါဘူး.. ကိုယ်ပြောသလိုသာ လုပ်ပါ.. "
ထို့နောက် ယန်ဖူကွေ့၏ လက်ဖက်ရည်ခွက်ကို ယူကာ လက်ဖက်ရည် ဖျော်သောက်နေလိုက်သည် ။
" အာဏာရှင်ကြီးကျနေတာပဲ.. "
ယွီလီက တိုးတိုးလေး ရေရွတ်လိုက်သော်လည်း သူမ၏ နှုတ်ခမ်းထောင့်များကမူ ပြုံးယောင်သန်းနေလေပြီ ။
...
ညစာ စားပြီးနောက်...
ယန်ကျီဝမ်က ယွီလီအား အိမ်သို့ ပြန်လိုက်ပို့ပေးသည် ။
သူတို့က လက်မထပ်ရသေးသဖြင့် ယွီလီသာ ယန်မိသားစုအိမ်တွင် အချိန်အကြာကြီး နေပါက ကောလာဟလများ ထွက်လာနိုင်သည် ။ သူတို့နှစ်ဦးလုံးက ဂရုမစိုက်ကြသော်ငြား သတိထားရန်တော့ လိုအပ်၏ ။
ခြံဝင်း ဝင်ပေါက်သို့ ရောက်သောအခါ ယန်ကျီဝမ် ခြေလှမ်းများ ရပ်တန့်လိုက်သည် ။
ယွီလီက...
" ဝင်ပြီး ရေတစ်ခွက်လောက် သောက်သွားပါလား.. "
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး...
" မသောက်တော့ဘူး.. မင်းအဖေက ကိုယ့်ကို အမြင်ကပ်နေဦးမယ်.. "
" အင်းပါ.. "
ယွီလီက ရယ်လိုက်ပြီး...
" အစကတည်းက စောစောစီးစီး လာမတောင်းတဲ့ ရှင့် အပြစ်ပဲလေ.. "
" အိမ်ထဲ ဝင်တော့.. နောက်တစ်ခါ ကိုယ် ဒီတံခါးဝကို လာရင် မင်းကို လက်ထပ်ခွင့် လာတောင်းတာပဲ ဖြစ်ရမယ်.. "
ယန်ကျီဝမ်က လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ပြီး စက်ဘီးစီး၍ ပြန်သွားသည် ။
ယွီလီက လက်နှစ်ဖက်ကို နောက်ပစ်ကာ သီချင်းလေး ညည်းရင်း အိမ်ထဲသို့ ပျော်ရွှင်စွာ ဝင်သွား၏ ။
အိမ်တံခါးဝသို့ ရောက်သည်နှင့် အမေယွီနှင့် တိုက်တိုက်ဆိုင်ဆိုင် သွားဆုံသည် ။
သူမ ပျော်ရွှင်နေသည်ကို မြင်လျှင် အမေယွီက...
" သမီးက အရမ်း ပျော်နေပါလား.. လမ်းမှာ ပိုက်ဆံများ ကောက်ရလို့လား.. "
" အဲ့တာထက်တောင် ပိုကောင်းတယ်.. "
ယွီလီက ပျော်ရွှင်စွာဖြင့်...
" အမေ.. သတင်းကောင်း ရှိတယ်.. ယန်ကျီဝမ် အလုပ်ရသွားပြီတဲ့.. "
အမေယွီ အံ့ဩသွားပြီး စိတ်လှုပ်ရှားစွာဖြင့်...
" တကယ်လား.. ဘယ်မှာရတာလဲ.. "
ယွီလီက...
" ဟုန်ရှင်း သံမဏိစက်ရုံကြီးမှာတဲ့ အမေ.. "
" လူထောင်သောင်းချီ ရှိတဲ့ အဲ့ဒီ စက်ရုံကြီးလား.. "
ယွီလီက ခေါင်းညိတ်ပြလိုက်သည် ။
အမေယွီက ဝမ်းသာအားရဖြင့်...
" အိုး.. အမေ့ သားမက်က တော်လိုက်တာ.. တွေ့လား အချိန်ခဏလေးအတွင်းမှာတင် အဲ့လောက်ကြီးတဲ့ စက်ရုံကြီးမှာ အလုပ်ရသွားပြီ.. "
ယွီလီက သတိပေးလိုက်သည် ။
" အမေကလည်း စောပါသေးတယ်.. ယန်ကျီဝမ်က အခုမှ စဝင်ရတာဆိုတော့ ယာယီဝန်ထမ်းပဲ ရှိသေးတယ်.. အချိန်ပြည့်ဝန်ထမ်း ဖြစ်ဖို့ အနည်းဆုံး နှစ်လလောက်တော့ ကြာဦးမယ်တဲ့.. "
" အဲ့ဒါလည်း ကောင်းတာပဲလေ.. ဘာပဲဖြစ်ဖြစ် စက်ရုံကြီးတစ်ခုမှာ အလုပ်ရတာပဲ.. "
ခဏတာ တိတ်ဆိတ်သွားပြီးနောက် အမေယွီက တစ်ခုခုကို သတိရသွားဟန်ဖြင့် ယွီလီအား အိမ်ထဲသို့ အမြန် ဆွဲခေါ်သွားသည် ။
ယွီလီ ရှုပ်ထွေး သွား၏ ။
ထို့နောက် အမေယွီ၏ သတိပေးစကားကို ကြားလိုက်ရသည် ။
" လီလီ.. အခုကစပြီး ယန်ကျီဝမ်ကို သေချာ ဂရုစိုက်ရမယ်နော်.. သူက အရင်ကတည်းက အရည်အချင်းရှိတဲ့သူ.. အခု အလုပ်ပါရပြီဆိုတော့ ပိုပြီး မျက်နှာပွင့်လာလိမ့်မယ်.. သူ့ဘက်က စိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ.. "
" အမေက မင်းအဖေကို အရင်ကတည်းက သွားစေ့စပ်ဖို့ ပြောသားပဲ.. အဲ့ဒါကို မသွားချင်ဘူးဆိုပြီး လုပ်နေတာ.. အခုကျမှ ဟိုဘက်က ဆက်ပြီး သဘောမတူတော့ရင် ဒုက္ခပဲ.. "
ယွီလီက နားထောင်ရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်လာ၍ ချက်ချင်း ရှင်းပြလိုက်သည် ။
" အမေကလည်း ပိုပြီ.. ယန်ကျီဝမ်က အဲ့လိုလူမျိုး မဟုတ်ပါဘူး.. နောက်တစ်ခေါက် သမီးတို့ အိမ်ကိုလာရင် လက်ထပ်ခွင့် လာတောင်းမှာပါလို့ သူကိုယ်တိုင် ပြောပြီးသား.. "
အမေယွီက သက်ပြင်းချလိုက်ပြီး...
" ကောင်းတယ်.. ဒါဆိုရင် ကောင်းတာပေါ့.. "