အခန်း ၁၄၆
Vol. 14 Ch. 146
Chapter 146
~
အခန်း ၁၄၆ : ယီကျုံးဟိုင်၏ အတွေးများ..
~
ကျားဒုံရွှီသည် အမှန်တကယ် တုံးအသူတစ်ယောက် မဟုတ်သဖြင့် ချက်ချင်းပင် သဘောပေါက်သွားသည် ။
မှန်ပေသည် ။ ယန်လောင်အာက ငါးဖမ်းကျွမ်းကျင်သော်လည်း သူ့ဇနီးကရော ဘာလုပ်နိုင်မည်နည်း ။
သူမ ယာယီအလုပ်တစ်ခု ရခဲ့လျှင်ပင် သတ်မှတ်ထားသော ခွဲတမ်းပြည့်မီအောင် ဖြည့်နိုင်မည်မဟုတ်ချေ ။
သူမတွင် ထိုသို့သော စွမ်းရည်ရှိနေခဲ့လျှင် ယီကျုံးဟိုင်နှင့် ရှာကျူးတို့ထံမှ ပေးကမ်းသည်များကို ထိုင်စောင့်နေစရာ အကြောင်းမရှိ ။
" အလုပ်ရုံဘက်မှာရော နေရာမရှိနိုင်ဘူးလား ဆရာ.. "
" အလုပ်ရုံအတွက်ကတော့ စဥ်းစားမနေနဲ့တော့.. "
ကျားဒုံရွှီက ဆက်ပြောရန် ဟန်ပြင်လိုက်သော်လည်း ယီကျုံးဟိုင်က ဖြတ်ပြောလိုက်သည် ။
" အလုပ်ရုံမှာ ယာယီအလုပ်သမားဆိုတာ တစ်ခါမှ မခေါ်ဖူးဘူး.. "
ကျားဒုံရွှီ စဥ်းစားကြည့်လိုက်ရာ ထိုစကားက မှန်ကန်နေကြောင်း တွေ့လိုက်ရသည် ။
အလုပ်ရုံများတွင် အနိမ့်ဆုံး ရာထူးမှာ အလုပ်သင်သာဖြစ်ပြီး သတ်မှတ်ကာလ ပြည့်မှသာ အချိန်ပြည့် တရားဝင် ဝန်ထမ်းများ ဖြစ်လာကြ၏ ။ ယာယီအလုပ်သမားများ အကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ချေ ။
အခြား ဌာနများတွင်လည်း ထိုနည်းတူပင် ဖြစ်ပြီး ဝယ်ယူရေး ဌာန တစ်ခုတည်းသာ ချွင်းချက်အနေဖြင့် ရှိနေခြင်း ဖြစ်သည် ။
ဝယ်ယူရေး ဌာနသည် စွမ်းဆောင်ရည်ပေါ် မူတည်၍ တိုးတက်ခွင့်ပေးသော မူဝါဒကို ကျင့်သုံးလေသည် ။
အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲကျပ်တည်းနေသော အချိန်မျိုးတွင် ပို၍ပင် အရေးပါလှ၏ ။
ထိုအချက်ကို သဘောပေါက်သွားပြီးနောက် ကျားဒုံရွှီမှာ အကြီးအကျယ် စိတ်ပျက်သွားတော့သည် ။
အိမ်ပြန်ရောက်လျှင် သူ၏ ဇနီးကို ဘယ်လို ရှင်းပြရမည်နည်း ။ တွေးကြည့်ရုံနှင့်ပင် ခေါင်းကိုက်လာ၏ ။
ယီကျုံးဟိုင်က သူ့ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည် ။
" ဒုံရွှီ.. အခက်အခဲဆိုတာ ခဏတာပါကွာ.. အနာဂတ်မှာ အရာအားလုံး ပိုကောင်းလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်.. အရမ်းလည်း စိတ်မပူပါနဲ့.. မင်းရဲ့ ဆရာကလည်း တတ်နိုင်သလောက် ကူညီပေးမှာပေါ့.. "
" ကျေးဇူးတင်ပါတယ် ဆရာ.. "
ကျားဒုံရွှီက ခါးသက်စွာ ပြုံးလိုက်သည် ။ ထိုကိစ္စအတွက် သူ စိတ်မပူ ။ လက်ရှိတွင် အရာအားလုံးက လုံလောက်အောင် ခက်ခဲနေပြီ ဖြစ်သည် ။
သူ စိုးရိမ်နေသည်က သူ့ဇနီးကို မည်သို့ ရှင်းပြရမည် ဆိုသည်ကိုပင် ။
ခဏတာ စဥ်းစားပြီးနောက် ကျားဒုံရွှီက အံကြိတ်၍ ဆုံးဖြတ်လိုက်သည် ။
" ဆရာ.. ကျွန်တော့်ကို ပိုက်ဆံနည်းနည်းလောက် ချေးပေးလို့ရမလား.. ဟွိုင်ရုအတွက် အလုပ်တစ်ခုလောက် ဝယ်ပေးချင်လို့ပါ.. "
" ဟွိုင်ရု ပြောတာ မှန်တယ်လို့ ကျွန်တော် ထင်တယ်.. ကျွန်တော်တို့ မိသားစု ဒီလောက် ရုန်းကန်နေရတာက ကျွန်တော် တစ်ယောက်တည်းရဲ့ ပုံသေရိက္ခာကိုပဲ အားကိုးနေရလို့လေ.. ဟွိုင်ရုသာ အလုပ်တစ်ခု ရသွားရင် ကလေးတွေပါ မြို့ပြအိမ်ထောင်စု စာရင်း ဝင်သွားပြီး ရိက္ခာရလာလိမ့်မယ်.. အဲ့ဒီအခါကျရင် ကျွန်တော်တို့ ဘဝတွေ သေချာပေါက် တိုးတက်လာမှာပဲ.. "
သူက တတိယအဆင့် အလုပ်သမား တစ်ယောက် ဖြစ်နေပြီဖြစ်ပြီး တစ်လလျှင် ယွမ်လေးဆယ်ကျော် ဝင်ငွေရှိသည် ။
သူ့မိသားစုတွင် အဓိက လိုအပ်နေသည်က စားနပ်ရိက္ခာပင် ။ သူ၏ ဇနီးနှင့် ကလေးများပါ ရိက္ခာရလာပါက မိသားစု ဘဝလေး သေချာပေါက် အဆင်ပြေလာမည်ဟု သူ အခိုင်အမာ ယုံကြည်ထား၏ ။
ထိုစကားကို ကြားလိုက်ရချိန်တွင် ယီကျုံးဟိုင်၏ မျက်နှာ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည် ။
ကျားဒုံရွှီ၏ စကားအရ ယွမ်ရာပေါင်းများစွာ ချေးယူရန် စီစဥ်နေခြင်း ဖြစ်၏ ။
ယွမ်ရာပေါင်းများစွာ ဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်ပေ ။
ယီကျုံးဟိုင် အတွက်ပင် ထိုမျှများပြားသော ငွေကြေးကို တစ်ပြိုင်နက်တည်း ထုတ်ပေးလိုက်ရခြင်းက များစွာ နှမြောစရာ ကောင်းလှသည် ။
သို့သော် အရေးအကြီးဆုံး အချက်က ထိုအရာ မဟုတ် ။ ကျားမိသားစု၏ ဘဝ တိုးတက်လာခဲ့လျှင် သူ့အကူအညီကို သူတို့ လိုအပ်ပါဦးမည်လော ။
ယခုအချိန်တွင် ကျားမိသားစု ရုန်းကန်နေရသဖြင့် သူက တစ်ခါတစ်ရံ ပြောင်းဖူးမှုန့်များ ပေး၍ ကူညီလေ့ရှိရာ ကျားဒုံရွှီက သူ၏ ကျေးဇူးကို အမှတ်ရနေမည် ဖြစ်သည် ။
သို့သော် သူတို့ မိသားစု ဘဝ အဆင်ပြေသွားပါက သူ့ကို မလိုအပ်တော့ပေ ။
ထိုသို့ဆိုလျှင် ကျားဒုံရွှီက သူ၏ ကျေးဇူးကို မည်သို့ မှတ်မိနိုင်တော့မည်နည်း ။
နောင်တစ်ချိန် သူ အသက်အရွယ် ကြီးရင့်လာချိန်တွင် သူ့ကို ပြန်လည် မစောင့်ရှောက်လျှင် ဘယ်လိုလုပ်မည်နည်း ။
တကယ်တမ်းတွင် ဤပြဿနာကို သူ တစ်ယောက်တည်းသာမကဘဲ ခြံဝင်းထဲရှိ ဉာဏ်ကောင်းသူများကပါ အစောကတည်းက တွေးမိထားပြီး ဖြစ်သည် ။
သို့ဆိုလျှင် သူက အဘယ်ကြောင့် အကူအညီ မပေးခဲ့သနည်း ။
အကြောင်းရင်းကတော့ ထိုအချက်ကြောင့်ပင် ဖြစ်၏ ။
ယီကျုံးဟိုင်သည် မွေးရာပါ သံသယ ကြီးမားသူ တစ်ယောက်ဖြစ်ပြီး ကျားဒုံရွှီ စိတ်ပြောင်းသွားမည်ကို အမြဲတစေ စိုးရိမ်နေတတ်သူ ဖြစ်သည် ။
အမှန်တော့ ကျားဒုံရွှီနှင့် ချင်ဟွိုင်ရုတို့ လက်ထပ်ရန် အကြံပေးခဲ့သူမှာ ယီကျုံးဟိုင်ပင် ဖြစ်လေသည် ။
သူက ကျားကျန်းရှီအား မြို့သူများလောက် ခေါင်းမမာဘဲ ထိန်းချုပ်ရ လွယ်ကူမည့် တောသူလေး တစ်ယောက်ကို ချွေးမအဖြစ် ရွေးချယ်ရန် တိုက်တွန်းခဲ့၏ ။
အရေးအကြီးဆုံး အချက်မှာ ကျေးလက်မှ မိန်းကလေး တစ်ယောက်ကို လက်ထပ်ခြင်းက မင်္ဂလာစရိတ် များစွာ သက်သာစေခြင်းကြောင့်ပင် ။
ကျားကျန်းရှီ ကလည်း ဤအချက်ကို သဘောကျကာ လက်ခံခဲ့သည် ။
သို့သော် ထိုစဥ်က ကျားကျန်းရှီသည် စည်းကမ်းချက် တစ်ခု သတ်မှတ်ခဲ့၏ ။ ထိုသည်က မင်္ဂလာပွဲအတွက် ကုန်ကျစရိတ် အားလုံးကို ယီကျုံးဟိုင်က ကျခံပေးရန်ပင် ။
ထို့အပြင် ကျားမိသားစုရှိ အပ်ချုပ်စက်ကိုလည်း ထိုစဥ်က ယီကျုံးဟိုင်၏ ငွေနှင့် လက်မှတ်များကို အသုံးပြုကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည် ။
ကျားဒုံရွှီသည် ထိုအတွင်းရေးများကို မသိရှာဘဲ သူ့ဆရာက သူ့ကို အလွန် ဂရုစိုက်သည်ဟုသာ ထင်မှတ်နေခဲ့သည် ။
ထိုအတွေးများနှင့်အတူ ယီကျုံးဟိုင်က စိတ်ရင်းမှန်ဟန်ဖြင့် ပြောလိုက်သည် ။
" ဒုံရွှီ.. ငါ မင်းကို ပိုက်ဆံ ချေးပေးနိုင်ပါတယ်.. စက်ရုံက ခေါင်းဆောင်တွေနဲ့လည်း စကားပြောပေးနိုင်တယ်.. ဒါပေမဲ့ ဟွိုင်ရု အလုပ်သွားလုပ်ရင် အိမ်က ကလေးတွေနဲ့ မင်းအမေကို ဘယ်သူ ကြည့်မလဲလို့ကော စဥ်းစားကြည့်ပြီးပြီလား.. "
" မင်းအမေက အသက်လည်း ကြီးပြီ ကျန်းမာရေးလည်း သိပ်ကောင်းတာ မဟုတ်ဘူး.. တစ်နှစ်ပတ်လုံး ဆေးသောက်နေရတာ.. မိသားစု တစ်ခုလုံးကို သူ ကောင်းကောင်း ကြည့်နိုင်ပါ့မလား.. မင်းကော စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်လုပ်နိုင်ပါ့မလား.. "
" ကလေးတွေဆိုတာ မိဘကို ရိုသေလေးစားရမယ်လို့ ငါ အမြဲ သင်ပေးခဲ့တယ်လေ.. မင်းအမေ ဒီအရွယ်ကြီးကျမှ ပင်ပင်ပန်းပန်း ဆင်းရဲဒုက္ခ ရောက်နေတာကို မင်းက ရက်ရက်စက်စက် ထိုင်ကြည့်နေရက်လို့လား.. "
" ကျွန်တော်.. "
" ငါ ပြောတာ အရင်ဆုံးပါစေဦး.. "
ယီကျုံးဟိုင်က ကျားဒုံရွှီအား စကားဖြတ်မပြောရန် လက်ကာပြလိုက်ပြီး ...
" အဲ့အချက်တွေကို ဘေးဖယ်ထားဦး.. ဟွိုင်ရုက စာသိပ်မတက်တဲ့ တောသူလေး တစ်ယောက်ဆိုတာ မင်းလည်း အသိပဲ.. အလုပ်ရုံထဲ ရောက်သွားရင်တောင် ပုံစံကြမ်းတွေကို သူ နားလည်နိုင်ပါ့မလား.. နားလည်တယ်ပဲ ထားဦး အလုပ်ရုံဆိုတာ ရုပ်ပိုင်းဆိုင်ရာ အင်အားသုံးရတဲ့ အလုပ်ကြမ်းတွေချည်းပဲ.. သူ ခံနိုင်ရည် ရှိပါ့မလား.. "
" ဒါတွေကို မင်း သေချာ စဥ်းစားကြည့်ပြီးပြီလား.. "
" ကျွန်တော်.. အဲ့ဒါကလေ.. "
ကျားဒုံရွှီမှာ မည်သို့မျှ ကျိုးကြောင်းဆီလျော်စွာ ပြန်လည် မချေပနိုင်တော့ဘဲ အချိန်အတော်ကြာအောင် ထစ်အလျက် ရှိနေသည် ။
အဘယ်ကြောင့်ဆိုသော် သူ ထိုအရာများအထိ ကြိုတင် မစဥ်းစားခဲ့မိသောကြောင့်ပင် ။ သူ၏ ရည်ရွယ်ချက်မှာ ဇနီးဖြစ်သူအား အဖြေတစ်ခု ပြန်ပေးနိုင်ရန်သာ ဖြစ်၏ ။
သို့သော် ယခု ယီကျုံးဟိုင်၏ စကားများကို နားထောင်ပြီးနောက်တွင်တော့ သူ့ဇနီးမှာ အိမ်မှာပင် နေသည်က ပိုကောင်းမည်ဟု ခံစားလာရသည် ။ သူမ မရှိလျှင် မိသားစုက အမှန်တကယ်ပင် အဆင်ပြေမည် မဟုတ်ပေ ။
" ပြန်သွားလိုက်ပါတော့.. "
သူ သဘောပေါက်သွားသည်ကို မြင်သောအခါ ယီကျုံးဟိုင်၏ မျက်နှာပေါ်တွင် သက်သာရာရသွားသော အမူအရာ ပေါ်လာပြီး...
" ဒုံရွှီ.. အရမ်းကြီးလည်း စိတ်မပူပါနဲ့.. အခက်အခဲဆိုတာ အမြဲတမ်း ရှိနေမှာမှ မဟုတ်တာ.. အဆိုးဆုံး အခြေအနေရောက်ရင်တောင် ပန့်ကန့်တို့ ကြီးလာတဲ့အခါ ဟွိုင်ရုအတွက် အလုပ်တစ်ခု ရအောင် ငါ နည်းလမ်း ရှာပေးပါ့မယ်.. "
" ဟုတ်ကဲ့ နားလည်ပါပြီ ဆရာ.. "
ကျားဒုံရွှီက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် အိမ်သို့ ပြန်သွားလေသည် ။
' ဟူး... '
သူ ထွက်သွားသည်ကို မြင်လိုက်ရမှသာ ယီကျုံးဟိုင်လည်း သက်ပြင်းချနိုင်တော့၏ ။
ကျားဒုံရွှီက ချင်ဟွိုင်ရုအတွက် အလုပ်ဝယ်ပေးရန် အတင်းအကျပ် တောင်းဆိုမည်ကို သူ အလွန် စိုးရိမ်နေခဲ့မိသည် ။
ထိုသို့ဆိုလျှင် သူသည် ငွေချေးရမည်လား မချေးရဘူးလား ဆိုသော အကျပ်အတည်းနှင့် ရင်ဆိုင်ရပေမည် ။
ကံကောင်းထောက်မစွာဖြင့် သူ၏ နှစ်ပေါင်းများစွာ ဦးနှောက်ဆေးထားမှုများက အလုပ်ဖြစ်နေဆဲမို့ ထိုသူအား လက်လျှော့သွားအောင် ဖျောင်းဖျနိုင်ခဲ့သည် ။ သို့မဟုတ်ပါက ပြဿနာကို ဖြေရှင်းရန် အတော်လေး ခက်ခဲသွားပေလိမ့်မည် ။
ပန့်ကန့်တို့ ကြီးလာလျှင် ချင်ဟွိုင်ရုအတွက် အလုပ်ရှာပေးမည် ဆိုသော စကားမှာ သူ ပေါ့ပေါ့တန်တန် ပြောလိုက်ခြင်းသာ ဖြစ်၏ ။
ချင်ဟွိုင်ရု၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားကို ထည့်တွက်ကြည့်လျှင် အဝေးကြီး တွေးစရာမလို နောက်ထပ် နှစ်နှစ်အတွင်း ကျားမိသားစု၌ ကျွေးမွေးစရာ ပါးစပ်ပေါက် တစ်ပေါက် ထပ်တိုးလာနိုင်ချေ များသည် ။
ထိုအချိန်ရောက်လျှင်လည်း ချင်ဟွိုင်ရု မရှိလျှင် မိသားစုက အဆင်မပြေနိုင်ဘူး ဟူသော ဆင်ခြေကို ပေးကာ တာဝန်မှ ရှောင်လွှဲနိုင်သေးသည် မဟုတ်ပါလော ။
...
နောက်တစ်နေ့ မနက်ခင်း ...
ယန်ကျီဝမ်နှင့် ရွှီတာမော့တို့ နှစ်ယောက် သံမဏိစက်ရုံသို့ အတူတူ ထွက်လာခဲ့ကြသည် ။
ရွှီတာမော့က လုံခြုံရေး ဝန်ထမ်း နှစ်ယောက်ကို ဆေးလိပ်များ ကျွမ်းကျင်စွာ ကမ်းပေးရင်း ယန်ကျီဝမ်အား မိတ်ဆက်ပေးလိုက်သည် ။
" ညီလေး.. ဒါက အစ်ကိုဝမ်တဲ့.. ဟိုတစ်ယောက်က အစ်ကိုကျန်း.. "
မိတ်ဆက်ပေးပြီးနောက် လုံခြုံရေး ဝန်ထမ်း နှစ်ယောက်ဘက်သို့ လှည့်ကာ...
" အစ်ကိုဝမ်နဲ့ အစ်ကိုကျန်း.. သူက ကျွန်တော့်ရဲ့ ညီလေး ယန်ကျီဝမ်ပါ.. ဒီနေ့ကစပြီး ကျွန်တော်တို့ စက်ရုံက ရဲဘော်ရဲဘက် တစ်ယောက် ဖြစ်လာတော့မှာ.. နောက်ဆိုရင် သူ့ကိုလည်း သေချာလေး ကြည့်ရှုစောင့်ရှောက်ပေးကြပါဦး.. "
ယန်ကျီဝမ် သည်လည်း လူမှုဆက်ဆံရေးကို ကောင်းစွာ နားလည်သူဖြစ်ရာ ရှေ့သို့တိုး၍ ဆေးလိပ်များ ထပ်မံ ကမ်းပေးလိုက်ပြီး...
" မင်္ဂလာပါ အစ်ကိုဝမ်..အစ်ကိုကျန်း.. ဆေးလိပ်လေး သောက်ကြပါဦး.. "
ဆေးလိပ်များ ကမ်းပေးပြီးနောက် ယန်ကျီဝမ်က သူ၏ အလုပ်သမားကတ်ကို ပါးနပ်စွာ ထုတ်ပြလိုက်သည် ။
မနေ့က သူ ဒီနေရာသို့ ရောက်လာခဲ့စဥ်က ရွှီတာမော့ ခေါ်လာသောကြောင့်သာ ဝင်ခွင့်ရခဲ့ခြင်း ဖြစ်၏ ။ ယနေ့တွင်တော့ သူ၏ အဆင့်အတန်းက ပြောင်းလဲသွားပြီ ။
အစ်ကိုဝမ်က အလုပ်သမားကတ်ကို ယူ၍ သေချာ စစ်ဆေးလိုက်သည် ။ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် ကတ်ကို ယန်ကျီဝမ်ထံ ပြန်ပေးကာ ပြုံး၍...
" ကိစ္စမရှိပါဘူး.. ဘာမှ ပြဿနာ မရှိပါဘူး.. ရဲဘော်ရှောင်ယန်.. ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ငါတို့နဲ့အတူ အချိန်ပြည့် တရားဝင် ဝန်ထမ်း တစ်ယောက်ဖြစ်အောင် ကြိုးစားပေါ့ကွာ.. "
" ဒါဆိုလည်း အစ်ကိုဝမ်ရဲ့ ဆုတောင်းစကားအတွက် အရင်ဆုံး ကျေးဇူးတင်ထားပါရစေ.. "
စက်ရုံဝင်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် ....
ယန်ကျီဝမ်က ရွှီတာမော့အား လှည့်ပြောလိုက်သည် ။
" အစ်ကိုတာမော့.. အစ်ကို့အလုပ် အစ်ကို သွားလုပ်တော့လေ.. ဝယ်ယူရေး ဌာနကို ကျွန်တော်ဘာသာ သွားလိုက်ပါ့မယ်.. "
" လမ်းသိလို့လား.. "
ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်သည် ။
" ကောင်းပြီလေ.. ဒါဆိုရင်လည်း ငါ ဝါဒဖြန့်ချိရေး ဌာနကိုပဲ ပြန်သွားတော့မယ်.. "
ထို့နောက် ရွှီတာမော့ ထွက်ခွာသွားသည် ။
ယန်ကျီဝမ်က ဌာနမှူးလျောင်၏ ရုံးခန်းရှေ့သို့ ရောက်လာပြီး တံခါးခေါက်လိုက်သည် ။
" ဝင်ခဲ့ပါ.. "
ယန်ကျီဝမ် အထဲသို့ ဝင်သွားပြီးနောက် ကျယ်လောင်စွာ သတင်းပို့လိုက်၏ ။
" ဌာနမှူး.. ကျွန်တော် တာဝန်ထမ်းဆောင်ဖို့ ရောက်ပါပြီ.. "
ဌာနမှူးလျောင်က မော့ကြည့်လိုက်ပြီး ပြုံးကာ...
" အိုး.. ယန်လေးပါလား.. လာလာ.. ထိုင်ပြီး ခဏလောက် စောင့်နေဦး.. "
" ကျေးဇူးတင်ပါတယ် ဌာနမှူး.. "
ယန်ကျီဝမ် ထိုင်လိုက်သည် ။
မကြာမီပင် လီရှန်းလီ အပြင်မှ ဝင်လာသည် ။
" ဌာနမှူး.. ကျွန်တော့်ကို ခေါ်လိုက်တာလား.. "
ထို့နောက် သူက ယန်ကျီဝမ်ကို မြင်သွားပြီး...
" ညီလေး.. မင်းလည်း ရောက်နေတာလား.. "
" အစ်ကိုလီ.. "
ယန်ကျီဝမ်က ခေါင်းညိတ်၍ နှုတ်ဆက်လိုက်သည် ။
ဌာနမှူးလျောင်က...
" မင်း အချိန်ကိုက် ရောက်လာတာပဲ.. ယန်လေးက ရောက်တာ မကြာသေးတော့ ငါတို့ ဝယ်ယူရေး ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေကို သိပ်ရင်းနှီးမှာ မဟုတ်ဘူး.. ဒါကြောင့် မင်း သူ့ကို လိုက်ပြပေးလိုက်ကွာ.. "
" ပြဿနာ မရှိပါဘူး ဌာနမှူး.. "