← Chapters

အခန်း ၁၄၇

Vol. 14 Ch. 147

အခန်း ၁၄၇

Vol. 14 Ch. 147

Chapter 147

~

အခန်း ၁၄၇ : ငါးဖမ်းအဆင့် တက်သွားခြင်း

~

​" ငါတို့ ဝယ်ယူရေးဌာနရဲ့ လုပ်ငန်းစဥ်ကတော့ ယေဘုယျအားဖြင့် အရင်ဆုံး မှတ်ပုံတင်ရတယ်.. ပြီးရင် ဘဏ္ဍာရေးဌာနကနေ ငွေထုတ်ပြီးမှ ပစ္စည်းတွေ ဝယ်ဖို့ ထွက်ရတာ.. "

​" ပစ္စည်းတွေ ဝယ်ပြီးသွားရင်တော့ အလေးချိန်စစ်ဆေးဖို့ စားသောက်ဆောင်ကို ယူသွားရတယ်.. အဲ့ဒီနောက် စာရင်းတွေ ကိုက်ညီအောင် ပြေစာကို ဘဏ္ဍာရေးဌာနဆီ ပြန်ပို့ပေးရတယ်.. "

​" မင်းက အထက်တန်းကျောင်းက ဘွဲ့ရထားတာဆိုတော့ ဒါတွေက မင်းအတွက် သိပ်ခက်မှာ မဟုတ်ဘူး.. "

​ဌာနမှူး ရုံးခန်းမှ ထွက်ခွာလာပြီးနောက် လီရှန်းလီက ဝယ်ယူရေး လုပ်ငန်းစဥ်များကို ယန်ကျီဝမ်အား ရှင်းပြနေလေ၏ ။

​ယန်ကျီဝမ်က နားထောင်ရင်း အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်သည် ။

​ထို့နောက် လီရှန်းလီက...

​" မနေ့က မင်းကို စားသောက်ဆောင်နဲ့ ဘဏ္ဍာရေးဌာနဆီ ခေါ်သွားပြီးပြီဆိုတော့ လမ်းကို မှတ်မိတယ် မလား.. "

​ယန်ကျီဝမ်က ထပ်၍ ခေါင်းညိတ်လိုက်ပြီး...

​" အစ်ကိုလီ.. ကျွန်တော်တို့ ဝယ်ယူရေးဌာနက ဘယ်လိုပစ္စည်းမျိုးတွေကို ဝယ်လေ့ရှိတာလဲ.. "

​" ငါတို့က အရာအားလုံးနီးပါးကို လက်ခံပါတယ်.. အများစုကတော့ အသားတွေပေါ့ ..တောင်ပေါ်ထွက်ကုန် တချို့ကိုလည်း လက်ခံတယ်.. "

​" စျေးနှုန်းတွေနဲ့ ပတ်သက်ပြီးတော့ ဘဏ္ဍာရေးဌာနကနေ စျေးနှုန်းစာရင်းကို နောက်မှ သွားယူလို့ရတယ်.. "

​လီရှန်းလီက နောက်ပြောင်သည့်ဟန်ဖြင့်...

​" စာရင်းထဲက စျေးနှုန်းအတိုင်းပဲ ဝယ်ရမယ်နော်.. မဟုတ်လို့ ပိုပေးလိုက်ရရင် ကွာဟသွားတဲ့ ငွေကို ကိုယ့်ဘာသာ စိုက်လျော်ရလိမ့်မယ်.. "

​" တကယ်လို့ စျေးပိုနည်းသွားရင်ရော ဘယ်လိုလုပ်ရမလဲ.. "

​" ဟီးဟီး.. "

​လီရှန်းလီက တိုးတိုးလေး ရယ်လိုက်ပြီးနောက် အသံနှိမ့်ကာ...

​" အဲ့ဒါကတော့ မင်းရဲ့ အိတ်ကပ်ထဲကို အလိုလို ရောက်သွားမှာပေါ့ကွ.. "

​" စျေးနည်းနည်းနဲ့ ဝယ်နိုင်တာက မင်းရဲ့ အရည်အချင်းပဲလေ.. "

​" ဒါက ငါတို့ ဝယ်ယူရေးဌာနရဲ့ တရားဝင်ထုတ်ပြန်မထားတဲ့ အကျိုးခံစားခွင့် တစ်ခုပဲ.. ဒါပေမဲ့ ဒါကို လူသိရှင်ကြား လျှောက်မပြောသင့်ဘူး.. "

​ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး...

​" နားလည်ပါပြီ.. ဒီအကြောင်းကို မပြောတာ အကောင်းဆုံးပဲ.. "

​ဤသည်က ရွှီတာမော့၏ ရုပ်ရှင်ပြသသည့် အလုပ်တွင် ရှိသော မပြောထားသည့် စည်းမျဥ်းတစ်ခုနှင့် အတော်လေး ဆင်တူသည် ။

​သူ ရုပ်ရှင်ပြရန် ကျေးလက်ဒေသများသို့ သွားသည့်အခါ ရုပ်ရှင်မစမီမှာပင် ရွာသားများက သူ့အား ကောင်းမွန်သော အစားအသောက်များဖြင့် ဧည့်ခံကြလေ့ရှိ၏ ။

​သူ ထွက်ခွာလာသည့် အခါတွင်လည်း သူတို့က အိမ်သို့ ပြန်သယ်သွားရန် ဒေသထွက် အထူးဟင်းလျာများကို အများအပြား ပေးလေ့ရှိကြသည် ။

​သူ၏ လစာမှာ မများသော်လည်း ရုပ်ရှင်ပြသသူ အလုပ်ကတော့ အတော်လေး အကျိုးအမြတ်များသော ရာထူးတစ်ခု ဖြစ်ပေသည် ။

​ကုန်တင်ကားကြီးများကို မောင်းနှင်ရသော ယာဥ်မောင်းများတွင်လည်း အကျိုးအမြတ်များ ရှိကြ၏ ။ သူတို့သည် ခရီးသည်များကို တင်ဆောင်နိုင်သလို ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင်လည်း ကူညီပေးနိုင်ပြီး ထိုမှတစ်ဆင့် အကျိုးအမြတ်များ ရရှိကြသည် ။

​" ကျွန်တော်တို့ဆီမှာ ကောက်ပဲသီးနှံတွေကိုရော လက်ခံလား.. "

​ယန်ကျီဝမ်က ထပ်မေးလိုက်သည် ။

​" ကောက်ပဲသီးနှံ.. "

​ထိုစကားကို ကြားသောအခါ လီရှန်းလီက သူ့အား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်၏ ။

​" ဘာဖြစ်လို့လဲ.. "

​ယန်ကျီဝမ် ဇဝေဇဝါ ဖြစ်သွားသည် ။

​လီရှန်းလီက ရယ်လိုက်ပြီး...

​" ဟားဟားဟား ..မင်း ပြောတဲ့စကားကိုက ရယ်စရာကောင်းနေတာ.. "

​" ဒီနေ့ခေတ်မှာ နေရာတိုင်းက ခက်ခဲကျပ်တည်းနေတာ.. ကောက်ပဲသီးနှံတွေကို ဘယ်ကများ သွားရနိုင်မှာလဲ.. "

​ထိုအခါမှ ယန်ကျီဝမ်လည်း ရုတ်တရက် နားလည်သဘောပေါက်သွားတော့သည် ။

​မှန်ပေသည် ။

​နေရာတိုင်းတွင် ကောက်ပဲသီးနှံများ ရှားပါးနေပြီဖြစ်ရာ သူ ဘယ်သွား၍ ရှာဖွေရမည်နည်း ။

​ကျေးလက်ဒေသကို သွားရမည်လော ။

​ကျေးလက်ဒေသ တချို့နေရာများတွင် လူများမှာ သစ်ခေါက်များကိုပင် ခွာ၍ စားသောက်နေကြရသည်ဟု သူ ကြားဖူးထား၏ ။

​မှောင်ခိုစျေးကွက်ကို သွားရမည်လော ။

​ထိုနေရာရှိ စျေးနှုန်းများက မယုံနိုင်လောက်အောင် မြင့်မားနေသည်ဖြစ်ရာ သူ့အိတ်ကပ်ထဲမှပင် စိုက်ထုတ်၍ ပေးချေရလိမ့်မည် ။

​စျေးဝယ်စင်တာ တစ်ခုကို ပိုင်ဆိုင်ထားသည့် ယန်ကျီဝမ်လောက် လူတိုင်း ကံကောင်းကြသည် မဟုတ်ပေ ။

​သူက ထိုနေရာမှ ကောက်ပဲသီးနှံများကို လဲလှယ်ယူနိုင်သည် ။

​သို့သော် ရက်အနည်းငယ်အတွင်း ကောက်ပဲသီးနှံများကို ရုတ်တရက် ထုတ်ယူလာခဲ့လျှင် ပမာဏ များပြားနေပါက ပြဿနာကြီးကြီးမားမား ဖြစ်စေနိုင်ပြီး စုံစမ်းစစ်ဆေးခြင်းကို ခံရလိမ့်မည် ။

​ထို့ကြောင့်ပင် လီရှန်းလီက ရယ်နေခြင်းပင် ။

​သူ နားလည်သွားသည်ကို မြင်လျှင် လီရှန်းလီက သူ့ပုခုံးကို ပုတ်လိုက်ပြီး...

​" ညီလေး.. "

​" ကောက်ပဲသီးနှံ ကိစ္စက ငါတို့လို ဝယ်ယူရေး ဝန်ထမ်းလေးတွေ ပူပန်ရမယ့် ကိစ္စ မဟုတ်ဘူး.. "

​" အထက်က ခေါင်းဆောင်တွေက စပါးကျီတွေနဲ့ သူတို့ဘာသာ ညှိနှိုင်းကြလိမ့်မယ်.. "

​" ငါတို့က တစ်လစာ သတ်မှတ်ထားတဲ့ ခွဲတမ်း ပြည့်မီအောင် လုပ်ဖို့ပဲ လိုတာ.. "

​" ခွဲတမ်းတွေနဲ့ ပတ်သက်ပြီးတော့ နောက်မှ စျေးနှုန်းစာရင်း သွားယူဖို့ ဘဏ္ဍာရေးဌာနကို ရောက်တဲ့အခါ တစ်ယောက်ယောက်က ရှင်းပြလိမ့်မယ်.. "

​" ကျွန်တော် စက်ရုံကို နေ့တိုင်း လာဖို့ လိုအပ်သလား.. "

​ယန်ကျီဝမ်က မေးလိုက်သည် ။ ဤသည်က သူ အဂရုစိုက်ဆုံး ကိစ္စ ဖြစ်၏ ။

​သူ မည်သည့်အတွက်ကြောင့် ဝယ်ယူရေးဌာနကို ဝင်ရောက်ရန် ရွေးချယ်ခဲ့သနည်း ။

​ပို၍ လွတ်လပ်မှု ရရှိရန်ပင် ။

​သို့မဟုတ်ပါက အလုပ်ရုံထဲတွင်သာ အလုပ်ဝင်လုပ်လိုက်သည်က ပိုကောင်းပေမည်။

​အလုပ်ရုံထဲရှိ အလုပ်များတွင် အဆင့်သတ်မှတ်ချက်များ ရှိပြီး အဆင့်မြင့်လေ လစာ ပိုရလေပင် ဖြစ်သည် ။

ဝယ်ယူရေး ဝန်ထမ်းများတွင်လည်း အဆင့်သတ်မှတ်ချက်များ ရှိသည် ။

​အချိန်ပြည့် ဝန်ထမ်း ဖြစ်လာသည်နှင့် သူသည် လစာ ၂၃ ယွမ် ရရှိမည့် အုပ်ချုပ်ရေးအဆင့် ၃၀ ရှိသော အဆင့် ၁၂ စာရေး တစ်ယောက် ဖြစ်လာပေလိမ့်မည် ။

​အဆင့် ၁၂ စာရေး တစ်ယောက်၏ လစာက အဆင့် ၁ အလုပ်ရုံ စက်ယန္တရား လုပ်သား တစ်ယောက်၏ လစာနှင့် ယှဥ်၍ မရနိုင်ချေ ။

​သို့သော် အုပ်ချုပ်ရေးအဆင့်ကိုလည်း မြှင့်တင်နိုင်သေးသည် ။

​အုပ်ချုပ်ရေးအဆင့်ကို ရာထူးတိုးမြှင့်ပြီးနောက် လစာတိုးလာနိုင်ရုံသာမက သတ်မှတ်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက ကေဒါ တစ်ဦးပင် ဖြစ်လာနိုင်သည် ။

​သို့သော်လည်း အဆက်အသွယ် မရှိလျှင် အုပ်ချုပ်ရေးအဆင့်ကို မြှင့်တင်ရန် မလွယ်ကူပေ ။

​ထောက်ပံ့ပို့ဆောင်ရေး ဒါရိုက်တာဖြစ်သူ ဦးလေး ရှိနေသော လီရှန်းလီ လောက် လူတိုင်း ကံကောင်းနိုင်ကြမည် မဟုတ်ချေ ။

​သို့သော် ကံကောင်းထောက်မစွာဖြင့် ယန်ကျီဝမ်သည် ဤအရာများကို ဂရုမစိုက်ခဲ့ဘဲ သူ အလေးထားသည်မှာ အလုပ်တွင် လွတ်လပ်မှု ရှိရန်သာ ဖြစ်သည် ။

​" ဘယ်ဟုတ်မလဲ.. "

​" မင်း ဘာတွေ တွေးနေတာလဲ.. "

​လီရှန်းလီက စကားကို ခဏရပ်လိုက်ပြီးမှ ဆက်၍...

​" စဥ်းစားကြည့်လေ.. အဝယ်တော်ဆိုတာ ပစ္စည်းတွေ ဝယ်ဖို့ အပြင်ကို ခြေတိုအောင်ထွက်နေရတာ.. တစ်ခါတလေ အရမ်းဝေးတဲ့ နေရာတွေကိုတောင် သွားရတတ်တယ်.. "

​" အဲ့ဒီတော့ ဘယ်လိုလုပ် နေ့တိုင်း လာပြီး သတင်းပို့နိုင်ပါ့မလဲ.. "

​ထို့နောက် သူက...

​" မင်း ဆိုလိုချင်တာကို ငါ နားလည်ပါတယ်.. "

​" မင်းက ငါးဖမ်းတာ တော်တယ်ဆိုတော့ ပုံမှန်ဆိုရင် ငါးဖမ်းတဲ့ ကိစ္စကိုပဲ သေချာ အာရုံစိုက်ထားလိုက်.. အားလပ်ချိန် ရမှသာ စက်ရုံကို ဝင်လာခဲ့.. "

​" အဲ့ဒါဆိုရင် အရမ်းကောင်းတာပေါ့.. "

​ယန်ကျီဝမ်က ပြုံးလိုက်သည် ။

​ဤသည်က သူ လိုချင်နေသည့် အရာပင် ။

​ဝယ်ယူရေး ဝန်ထမ်း လုပ်ရသည်က သူ့အတွက် အလွန် သင့်တော်လှပေသည် ။

​ဤအလုပ်ကို ယူလိုက်ခြင်းက အစိုးရကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ခွင့် ရလိုက်သလို ဖြစ်သွားပြီး ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်ချလိုက်နိုင်ခြင်းပင် ။

​" ကောင်းပြီ.. ငါတို့ ပြောစရာရှိတာတွေ အားလုံး ပြောပြီးသွားပြီ.. "

​" ငါလည်း အပြင်ထွက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ဦးမယ်.. "

​" ညီလေး.. ငါ့ရဲ့ ခွဲတမ်းတွေက မင်းအပေါ်မှာ မူတည်နေပြီနော်.. "

​" ပြဿနာ မရှိပါဘူး.. "

​" ကောင်းပြီ.. ဒါဆိုရင် ငါ အရင်သွားလိုက်တော့မယ်.. "

​လီရှန်းလီသည် ခြေလှမ်းနှစ်လှမ်းခန့် လှမ်းအပြီးတွင် ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြန်လှည့်လာကာ...

​" ဪ.. စကားမစပ်.. ငါတို့ ဝယ်ယူရေး ဝန်ထမ်းတွေက စက်ဘီး တစ်စီးစီ ထုတ်ယူခွင့် ရှိတယ်.. "

​" မင်းရော တစ်စီး လိုသေးလား.. "

​ယန်ကျီဝမ်က ခဏစဥ်းစားလိုက်ပြီး...

​" ဟုတ်ကဲ့.. "

​သူ့တွင် ကိုယ်ပိုင် စက်ဘီး တစ်စီး ရှိထားသော်လည်း ထိုစက်ဘီးကို ဖခင်ဖြစ်သူ ယန်ဖူကွေ့ စီးရန်နှင့် သူ၏ ညီငယ် ညီမငယ်များကို ကျောင်းပို့ရန်အတွက် သုံးနိုင်သည်သည် ။

​" ဒါဆိုရင်တော့ မင်းကိုယ်တိုင် ဌာနမှူးဆီ သွားပြီး လျှောက်လိုက်တော့.. "

​" ငါ သွားတော့မယ်.. "

​လီရှန်းလီ ထွက်သွားပြီးနောက် ယန်ကျီဝမ်လည်း သူ၏ စက်ဘီးကို စီးကာ အိမ်သို့ ပြန်လာခဲ့သည် ။

​အိမ်ပြန်ရောက်သောအခါ အလုပ်များနေသည့် ရန်ရွေ့ဟွားက သူ့ကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်၏ ။

​" ဒုတိယသား.. အလုပ် မသွားဘူးလား.. "

​" ဘာလို့ ပြန်လာတာလဲ.. "

​" ငါးမျှားပစ္စည်းတွေ လာယူတာပါ အမေ.. "

​ယန်ကျီဝမ်က ရှင်းပြလိုက်သည် ။

​" ကျွန်တော်တို့ အဝယ်တော်အလုပ်က တာဝန်ပြီးမြောက်အောင် လုပ်နိုင်သရွေ့ အချိန်ကန့်သတ်ချက် မရှိဘူး.. တော်တော်လေး လွတ်လပ်တယ်.. "

​" ဒါဆိုရင်လည်း ကောင်းတာပေါ့.. "

​ရန်ရွေ့ဟွား ထိုစကားကို ကြားမှ စိတ်သက်သာရာ ရသွားသည် ။

​သူမက အလုပ်ဝင်သည့် ပထမဆုံးနေ့မှာပင် သူမ၏ ဒုတိယသား အလုပ်ပြုတ်လာပြီဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်၏ ။

​ငါးဖမ်း ကိရိယာများကို ယူဆောင်ပြီးနောက် ယန်ကျီဝမ်သည် ဟောက်ဟိုင် ရေကန်ဘက်သို့ ငါးဖမ်းရန် ထွက်လာခဲ့သည် ။

​...

​[ ဒင်.. ငါးဖမ်းအဆင့် တိုးတက်လာပါပြီ.. ]

​[ ဆုလာဘ် - တိုက်ခိုက်ရေး ကျွမ်းကျင်မှု.. ]

​ညနေ သုံးနာရီ လေးနာရီခန့် အချိန်တွင် သူ၏ စိတ်ထဲ၌ အီလက်ထရွန်းနစ် အသံတစ်သံ ပေါ်ထွက်လာ၏ ။

​ယန်ကျီဝမ် လန့်သွားပြီး သူ၏ မျက်နှာက ချက်ချင်းဆိုသလို မည်းမှောင်သွားတော့သည် ။

​' ဒါပဲလား.. '

​သူ၏ ငါးဖမ်းအဆင့်ကို မြှင့်တင်ရန် အချိန်များစွာ ပေးဆပ်ခဲ့ရသော်လည်း သူရရှိလိုက်သည်က တိုက်ခိုက်ရေး ကျွမ်းကျင်မှုသာ ဖြစ်နေသည် ။

​သူက တစ်ခုခု ကောင်းသောအရာ ရလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။

​ယန်ကျီဝမ် အနည်းငယ် စိတ်ပျက်သွားမိ၏ ။

​သို့သော်လည်း ဘာမှ မရှိသည်ထက်စာလျှင်တော့ ပိုကောင်းပေသည် ။

​ဆုလာဘ်ကို လက်ခံရယူလိုက်ပြီးနောက် လက်ဝှေ့ ၊ နပန်းလုံးခြင်း စသည်တို့ အပါအဝင် တိုက်ခိုက်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ မရေမတွက်နိုင်အောင် ယန်ကျီဝမ်၏ စိတ်ထဲသို့ ချက်ချင်း စီးဆင်းဝင်လာသည် ။

​မူလက သူသည် ခွန်အားဆေးပြားကို သောက်သုံးထားပြီးနောက် ခွန်အားကြီးမားလာခဲ့သော်လည်း တိုက်ခိုက်ရေး ကျွမ်းကျင်မှု မရှိခဲ့ပေ ။

​ထို့ကြောင့် ဝမ်မြောင်မြောင်က သူ့ကို တိုက်ခိုက်သည့်အချိန်တွင် ပြင်းပြင်းထန်ထန် ဖိနှိပ်ခံခဲ့ရ၏ ။

​သို့သော် အခုတော့ ကွဲပြားသွားလေပြီ ။ တိုက်ခိုက်ရေး ကျွမ်းကျင်မှုများ ရရှိထားပြီဖြစ်ရာ ဝမ်မြောင်မြောင်သည် သူ၏ ပြိုင်ဘက် မဟုတ်တော့ပေ ။

​အနည်းဆုံးတော့ နောက်တစ်ကြိမ် ဝမ်အဘိုးကြီး၏ အိမ်သို့ သူ သွားရသည့်တိုင် ဝမ်မြောင်မြောင်ဆိုသည့် ကျားမကြီးနှင့် ထပ်တွေ့ရမည်ကို မကြောက်ရွံ့တော့ချေ ။

​ထို့အပြင် သူ အပြင်ထွက်သည့်အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် နည်းလမ်းများလည်း ပိုရှိလာခဲ့ပြီ ဖြစ်သည် ။

​ထိုအချက်ကို တွေးမိလိုက်သောအခါ ယန်ကျီဝမ် အတော်လေး စိတ်သက်သာရာ ရသွားတော့၏ ။

​ဤဆုလာဘ်အပြင် ရမှတ်စတိုးအတွင်းရှိ ပစ္စည်းအမျိုးအစားများကလည်း သိသိသာသာ တိုးလာခဲ့သည် ။

​ထိုအထဲတွင် ယန်ကျီဝမ် အလွန် စိတ်ဝင်စားသွားသော အရာတစ်ခုကိုပင် မြင်တွေ့လိုက်ရသေးသည် ။

​သို့သော် ထိုသည်ကို သူ အခု ချက်ချင်း မလိုအပ်သေးသောကြောင့် နောက်မှသာ စဥ်းစားရန် ဆုံးဖြတ်လိုက်လေသည် ။

All Chapters