အခန်း ၁၄၈
Vol. 14 Ch. 148
Chapter 148
~
အခန်း ၁၄၈ : ရှာကျူး ..." နောက်ဆုံးတော့ မင်း ငါ့လက်ထဲ ရောက်လာပြီ..."
~
ဆုလာဘ်များကို စစ်ဆေးပြီးနောက် ယန်ကျီဝမ်သည် ငါးများအပြည့်ထည့်ထားသည့် ပုံးနှစ်ပုံးကို စက်ဘီးနောက်တွင် ချိတ်၍ သံမဏိစက်ရုံဆီသို့ ဦးတည်ထွက်ခွာလာခဲ့၏။
"ဟ... ညီလေးယန်..ပြန်လာတာ မြန်လိုက်တာ .. ဘာပစ္စည်းတွေ ဝယ်လာခဲ့လဲ.."
စက်ရုံဂိတ်ဝသို့ရောက်သောအခါ တံခါးစောင့် အစ်ကိုဝမ်က ပြုံးရွှင်စွာ ဆီးကြိုမေးလိုက်သည်။ ထို့နောက် ပုံးများထဲသို့ လှမ်းကြည့်လိုက်ရာ အံ့အားသင့်ပြီး မျက်လုံးပြူးသွား၏။
"သောက်ခွေး... ညီလေးယန်.. မင်း ဒီလောက်များတဲ့ ငါးတွေကို ဘယ်ကနေ ရအောင်ရှာလာတာလဲ..မင်းက စွမ်းလိုက်တာ.."
လက်ရှိတွင် ကုန်စည်ရှားပါးပြီး အခြေအနေများ ခက်ခဲကျပ်တည်းလွန်းလှသဖြင့် အခြားသော အဝယ်တော်များသည် တစ်ခေါက်သွားလျှင် ပစ္စည်းတစ်အိတ်စာမျှသာ ဝယ်ယူနိုင်ကြသည်။ ကံကောင်းလှပြီဆိုလျှင်ပင် ကြက်တစ်ကောင်၊ ဘဲတစ်ကောင်လောက်သာ ရတတ်၏။ သို့သော် ယန်ကျီဝမ်မှာမူ တစ်ခေါက်တည်းနှင့် ငါးနှစ်ပုံး အပြည့် သယ်လာသည် ။ အကြမ်းဖျင်းကြည့်ရုံဖြင့်ပင် ငါးအကောင်ရေ တစ်ရာကျော်ခန့် ရှိပေမည်။
"ကံကောင်းတာပါဗျာ... အစ်ကိုဝမ် ..ကျွန်တော့်ကို ကူပြီး ချပေးပါဦး..."
မနက်ဖြန်တွင် အသားဟင်းစားရတော့မည်ဖြစ်သဖြင့် အစ်ကိုဝမ်က ဝမ်းသာအားရဖြင့် ပုံးများကို ကူညီချပေးရန် ရှေ့သို့တိုးလာခဲ့သည်။ သူ အသားမစားရသည်မှာ ကြာမြင့်လှပေပြီ ။ ငါးကိုလည်း အသားဟင်းဟုပင် သတ်မှတ်ထားရသည်။
အဝယ်တော်များအနေဖြင့် တစ်ခါတစ်ရံ အသားအနည်းငယ် ဝယ်ယူလာနိုင်သော်လည်း ထိုအရာများအားလုံးက အထက်လူကြီးများ၏ စားပွဲပေါ်သို့သာ ရောက်ရှိသွားတတ်ပြီး သူ့လို တံခါးစောင့်တစ်ယောက်၏ အလှည့်သို့ ရောက်လာစရာ အကြောင်းမရှိ ။
သို့သော် ယခုငါးများကမူ ထိုသို့မဟုတ်။ ယန်ကျီဝမ် သယ်ဆောင်လာသည့် ငါးပမာဏက အလွန်များပြားလှသဖြင့် မီးဖိုချောင်မှ သေချာချက်ပြုတ်လိုက်လျှင် စက်ရုံအလုပ်သမားများအားလုံး အနည်းဆုံးတော့ ငါးဟင်းချိုတစ်ခွက်စီ သောက်ခွင့်ရရှိကြမည်မှာ သေချာသည်။
ငါးပုံးများကို ချပြီးသွားသည့်နောက် ယန်ကျီဝမ်က အစ်ကိုဝမ်နှင့် ဘေးနားရှိ အစ်ကိုကျန်းတို့ကို စီးကရက်တစ်လိပ်စီ ကမ်းပေးလိုက်ရင်း ပြုံးကာ ပြောလိုက်သည်။
"တခြားဘယ်က ရမှာလဲဗျာ...ကျွန်တော်ကိုယ်တိုင် သွားမျှားလာခဲ့တာ.."
အစ်ကိုဝမ်က မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်ကာ...
"ဘာ... ဒီငါးတွေအားလုံးကို မင်းတစ်ယောက်တည်း ဖမ်းလာခဲ့တာ ဟုတ်လား.."
"ဟုတ်တယ်လေ..ဒီနေ့ ကံနည်းနည်း ကောင်းသွားလို့ပါ..."
ယန်ကျီဝမ်က နိုမ့်ချစွာ ပြုံး၍ ပြန်ဖြေလိုက်သည်။
အစ်ကိုဝမ်က ခေါင်းခါပြီး...
"ဒါက ကံကောင်းရုံတင် မဟုတ်တော့.. ကဲပါ... ဒါတွေကို အထဲအထိ သယ်သွားဖို့ ငါ ကူပေးရဦးမလား.."
"ရပါတယ် ... စက်ဘီးကိုသာ ခဏ ကြည့်ပေးထား..ကျွန်တော် အထဲကို မြန်မြန်သွားပို့ပြီး ပြန်ထွက်လာခဲ့မယ်.."
"အေးအေး.. ပြဿနာမရှိဘူး.."
ထို့နောက် ယန်ကျီဝမ်က ငါးပုံးများကို သယ်ဆောင်ကာ စက်ရုံ၏ စားသောက်ဆောင်ရှိရာဆီသို့ ထွက်လာခဲ့သည်။
အစ်ကိုကျန်းက အံ့အားသင့်စွာဖြင့် ဘေးမှ ရေရွတ်လိုက်သည်။
"ညီလေးယန်က ကြည့်ရတာ ပိန်ပိန်ပါးပါးနဲ့ အားနည်းမယ့်ပုံစံမျိုး.. ဒါပေမဲ့ သူ့မှာ ဒီလောက် ခွန်အားရှိလိမ့်မယ်လို့ ငါ တကယ် ထင်မထားဘူး.. ရေတွေရော ငါးတွေရောဆိုရင် အဲ့ဒီပုံးနှစ်ပုံးက အနည်းဆုံး ပေါင်ငါးဆယ်လောက် လေးမှာပဲ..ဒါကို သူ အလွယ်တကူ သယ်သွားနိုင်တယ်နော်.."
"မင်းပြောတာ မှန်တယ်..သူက တကယ်ကို မလွယ်တဲ့လူပဲ.."
အစ်ကိုဝမ်လည်း ထိုအခါမှ သတိပြုမိကာ ထောက်ခံလိုက်သည်။
ယန်ကျီဝမ် စားသောက်ဆောင်၏ နောက်ဖေးမီးဖိုချောင်အတွင်းသို့ ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင် လူငယ်တစ်ယောက်က သူ့အား တားလိုက်၏။
"မင်းက ဘယ်သူလဲ..ငါတို့ မီးဖိုချောင်ထဲကို အပြင်လူတွေ ဝင်ခွင့်မရှိဘူးနော်.."
ထိုလူငယ်လေးကို ကြည့်ရသည်မှာ ရိုးသားဖြောင့်မတ်မည့်ပုံစံမျိုးရှိပြီး ယန်ကျီဝမ်ထက် နှစ်နှစ်၊ သုံးနှစ်ခန့် ပို၍ ငယ်ပုံရသည်။
"ငါက..."
ယန်ကျီဝမ် ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် မီးဖိုချောင်ထဲမှ ရှာကျူး ထွက်လာသည်ကို မြင်လိုက်ရ၏။
"မာဟွာ... မင်း ဘယ်သူနဲ့ စကားများနေတာလဲ.. လုပ်စရာအလုပ် မရှိတော့ဘူးလား.."
သို့သော် အပြင်တွင် ရပ်နေသည့် ယန်ကျီဝမ်ကို မြင်လိုက်ရသည့်အခါ ရှာကျူး၏မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားတော့သည်။
"ယန်လောင်အာ... မင်း ဘာဖြစ်လို့ ငါတို့နေရာကို ရောက်နေရတာလဲ.."
'မာဟွာ... ဟုတ်သားပဲ.. ဒါ မာဟွာပဲ..'
ရှာကျူးက ထိုလူငယ်အား မာဟွာဟု ခေါ်လိုက်သည်ကို ကြားသောအခါ ယန်ကျီဝမ် ထိုသူ၏ အထောက်အထားကို ချက်ချင်း သိလိုက်သည်။
သူသည် မူရင်းဇာတ်လမ်းထဲတွင် ရှာကျူး၏ တစ်ဦးတည်းသော တပည့်ဖြစ်ပြီး ဆရာဖြစ်သူအပေါ် အလွန်သစ္စာရှိလှသူဖြစ်၏ ။ ရှာကျူး၏တပည့် ဖြစ်လာပြီးနောက် ဆရာဖြစ်သူက သူ့အား မည်သည့် အချက်ပြုတ်ပညာကိုမျှ သေသေချာချာ သင်ကြားပေးခြင်း မရှိခဲ့သော်လည်း သူသည် မည်သည့်အခါမျှ မညည်းညူခဲ့ချေ။ တကယ်ကို စိတ်သဘောထားကောင်းသည့် ကလေးတစ်ယောက်ပင် ဖြစ်သည်။
ယန်ကျီဝမ် ပြန်မဖြေရသေးမီပင် ရှာကျူး၏အကြည့်က ယန်ကျီဝမ်၏ ခြေရင်းရှိ ပုံးနှစ်ပုံးထဲမှ ငါးများဆီသို့ ရောက်သွားသည်။ ထိုအခါမှ သူ ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့်...
"ဪ... ဒါဆိုရင် မင်းက ငါတို့ဆီကို ငါးလာရောင်းတာပေါ့ ဟုတ်လား.."
ရှာကျူး၏မျက်နှာပေါ်တွင် မောက်မာသည့် အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူ၏ စိတ်ထဲမှလည်း ကျေနပ်အားရစွာဖြင့် ကြိမ်းဝါးနေမိ၏။
'ကောင်စုတ်လေး... မင်း နောက်ဆုံးတော့လည်း ငါ့လက်ထဲကို ရောက်လာခဲ့ပြီပဲ..အရင်တုန်းက မင်း ငါ့ကို ရိုက်နှက်တုန်းကတော့ တော်တော်လေး မောက်မာနေခဲ့တာ မလား..ဟမ့် ..'
ရှာကျူးသည် မွေးရာပါ လက်စားချေလိုစိတ် ပြင်းထန်သူတစ်ဦး ဖြစ်ပေသည်။ သူသည် ယန်ကျီဝမ်ကို ခွန်အားချင်းယှဉ်၍ မအနိုင်ယူနိုင်သော်လည်း အခြားသော နည်းလမ်းများဖြင့် လက်စားချေရန် ကြိုးပမ်းနိုင်သည် မဟုတ်ပါလော။
ယခုမူ သူ့အတွက် အခွင့်ကောင်းကြီးတစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေပြီ။
သူက လက်ပိုက်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ...
"ယန်လောင်အာ... မင်းရဲ့ ဒီငါးတွေကို ပြန်ပဲ သယ်သွားလိုက်တော့.. ငါတို့စက်ရုံက ဒါတွေကို လုံးဝ ဝယ်မှာ မဟုတ်ဘူး.."
သမဝါယမစတိုးက ထိုငါးများကို မဝယ်သဖြင့် ယန်လောင်အာက စက်ရုံသို့ လာရောက်ရောင်းချခြင်း ဖြစ်မည်ဟု ရှာကျူး တွေးမိလိုက်ခြင်းဖြစ်သည်။ ဤကောင်စုတ်လေး စက်ရုံထဲသို့ မည်သို့ ဝင်ရောက်လာနိုင်သည်ကိုမူ သူ လုံးဝ မသိချေ။
ရွှီတာမော့ကများ ကူညီပေးခဲ့ခြင်းလော။ ဖြစ်နိုင်သည်။ ဤကောင်လေးက ရွှီတာမော့နှင့် ဆက်ဆံရေးကောင်းမွန်သဖြင့် ရွှီတာမော့က နောက်ကွယ်မှ ကူညီပေးခဲ့ခြင်းက မထူးဆန်းချေ။ သို့သော်လည်း ယနေ့တွင် သူ မီးဖိုချောင်၌ ရှိနေသရွေ့ ယန်လောင်အာ၏ ငါးများကို စက်ရုံက ဝယ်ယူမည် မဟုတ်ကြောင်း အာမခံရဲပေသည်။
"မဝယ်ဘူး ဟုတ်လား.."
ယန်ကျီဝမ်က ပြုံးစိစိဖြင့်...
"ရှာကျူး.. မင်းက ဒီလိုကိစ္စမျိုးကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိနေလို့လား.."
ယန်ကျီဝမ်သည် ရှာကျူး၏ ရည်ရွယ်ချက်ကို ရိပ်မိပြီးသား ဖြစ်၏။ သူ့အား တမင်သက်သက် အခက်တွေ့အောင် နှိပ်ကွပ်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
"ဒါပေါ့... ငါက ဆုံးဖြတ်ချက် ချနိုင်တာပေါ့..."
ရှာကျူးက မောက်မာစွာဖြင့် ...
"ငါက ဒီကန်တင်းရဲ့ စားဖိုမှူးကြီးပဲ..ငါ ဒါကို ဆုံးဖြတ်ခွင့် မရှိဘူးလို့ မင်းထင်နေတာလား.."
ဘေးနားရှိ မာဟွာကမူ အနည်းငယ် စိုးရိမ်လာကာ တိုးတိုးလေး ကန့်ကွက်သည်။
"ဆရာဟဲ... ဒါ.. နည်းနည်းတော့ မသင့်တော်ဘူး ထင်တယ်နော်..."
ယခုအချိန်တွင် သူသည် ရှာကျူး၏ တပည့်အဖြစ် တရားဝင် မသတ်မှတ်ရသေးသဖြင့် သူ့အား ဆရာဟဲဟုသာ ခေါ်ရခြင်း ဖြစ်သည်။
ရှာကျူးက မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသတကြီးဖြင့်...
"မင်းက ဘာသိလို့လဲ.. သွား... ဟိုဘက်ကို သွားစမ်း.."
"ရှာကျူး.. မနေ့က ငါ့ကိစ္စနဲ့ပတ်သက်ပြီး မင်း ဘာမှ မကြားမိဘူးလား.."
ယန်ကျီဝမ်က ရုတ်တရက် လှမ်းမေးလိုက်သည်။
"ဘာကိစ္စလဲ.."
ရှာကျူး မျက်မှောင်ကြုတ်သွား၏။ မနေ့က သူသည် အထက်လူကြီးများအတွက် သီးသန့်ဟင်းလျာများကို ချက်ပြုတ်ပေးခဲ့ရသဖြင့် အိမ်သို့ အလွန်နောက်ကျမှ ပြန်ရောက်ကာ ချက်ချင်းပင် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။
"ဪ... ဘာမှ မဟုတ်ပါဘူး..."
ယန်ကျီဝမ် စိတ်သက်သာရာ ရသွားတော့သည်။ သူက ပြုံး၍..
"ကောင်းပြီလေ... မင်းတို့ဘက်က မဝယ်ဘူးဆိုရင်လည်း ငါ့ငါးတွေကို ငါ ပြန်ယူသွားရုံပေါ့.."
"နေဦး... စောင့်လိုက်ဦး.."
ယန်ကျီဝမ် လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် ရှာကျူးက ရုတ်တရက် လှမ်း၍ တားဆီးလိုက်ပြန်သည်။ ယန်ကျီဝမ်က သူ့ကို စိတ်ပျက်သည့် အမူအရာဖြင့် ကြည့်လိုက်ရာ ရှာကျူးက လှောင်ပြုံးပြုံးရင်း...
"ယန်လောင်အာ... မင်း ဒီငါးတွေကို ငါတို့စက်ရုံဆီ ရောင်းချင်တယ်ဆိုရင်လည်း ရပါတယ်..ဒါပေမဲ့ စျေးနှုန်းကိုတော့ ငါတို့ စိတ်တိုင်းကျ ပြောင်းလဲရလိမ့်မယ်.."
"အို... ဘယ်လိုမျိုး ပြောင်းလဲချင်လို့လဲ.."
ယန်ကျီဝမ်က ဤလူမိုက်အား ဆက်၍ စနောက်ကစားချင်သဖြင့် စိတ်အေးလက်အေးဖြင့်ပင် မေးလိုက်၏။
"တစ်ကျင်းကို တစ်မော့ပဲ ပေးမယ်.."
ရှာကျူးက လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်ပြီး ယန်ကျီဝမ်အား သိသိသာသာ နှိပ်ကွပ်ရန် ကြိုးစားလိုက်သည်။ မာဟွာက ဝင်ပြောချင်သော်လည်း ဆရာဖြစ်သူ ရှာကျူးကို မလွန်ဆန်ရဲသဖြင့် ဘေးမှသာ စိုးရိမ်ပူပန်နေမိတော့သည်။
ယန်ကျီဝမ်က ခပ်တိုးတိုး ရယ်လိုက်ပြီး...
"ရှာကျူး.. မင်းက တကယ့်ကို ရက်စက်တတ်တာပဲနော်.."
"ဒါက ရက်စက်တာ မဟုတ်ပါဘူးကွာ..မင်း ဒီငါးတွေကို ပြန်သယ်သွားရင်တောင်မှ အကြာကြီး အသက်ရှင်အောင် ထားနိုင်မှာ မဟုတ်ဘူး..သူတို့ သေသွားရင် တန်ဖိုးက ဒီထက်တောင် နိမ့်သွားဦးမှာ.."
"ဒါဆိုရင်လည်း ငါ ဒီငါးတွေကို သမဝါယမဆီကိုပဲ ယူသွားပြီး ရောင်းလိုက်တော့မှာပေါ့.."
"အေး... သွားလေ... သွားရောင်းလိုက်.."
ရှာကျူးသည် သမဝါယမစတိုးက မဝယ်ယူသည့်အတွက်ကြောင့်သာ ယန်လောင်အာ စက်ရုံကြီးဆီသို့ လာရောက်ရောင်းချခြင်းဖြစ်မည်ဟု အခိုင်အမာ ယုံကြည်နေဆဲပင် ။ မဟုတ်လျှင် ယန်လောင်အာက ဘာအကြောင်းကြောင့် သံမဏိစက်ရုံဆီသို့ ရောက်လာရမည်နည်း။
"ကောင်းပြီလေ... ဒါဆိုရင်လည်း သွားရတာပေါ့.."
ယန်ကျီဝမ်က ငါးပုံးနှစ်ပုံးကို မကာ လှည့်ထွက်ရန် ပြင်လိုက်သည်။
သူ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသည့် အချိန်မှာပင် ဒါရိုက်တာဝမ် ထိုနေရာသို့ ရောက်ရှိလာလေသည်။ သူက ထွက်ခွာရန် ပြင်နေသည့် ယန်ကျီဝမ်နှင့် ငါးများအပြည့်ထည့်ထားသည့် ပုံးများကို မြင်လိုက်ရသည့်အခါ အမြန် မေးလိုက်၏။
"ယန်လေး... မင်း ဒါတွေကို ဘယ်ယူသွားမလို့လဲ.."
ယန်ကျီဝမ်က သက်ပြင်းချကာ ကူကယ်ရာမဲ့ဟန်ဖြင့်..
"စက်ရုံက ဒီငါးတွေကို မဝယ်ဘူးလို့ ရှာကျူး ပြောတယ်..အဲ့ဒါကြောင့် ရောင်းဖို့ သမဝါယမဆီပဲ ပြန်ယူသွားမလို့ပါ.."
"အဓိပ္ပာယ်မရှိလိုက်တာ.."
ဒါရိုက်တာဝမ်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး ဒေါသတကြီးဖြင့်...
"ဘာတွေ လျှောက်ပြောနေတာလဲ.. မင်းက ငါတို့စက်ရုံရဲ့ အဝယ်တော်လေ.. ဝယ်လာတဲ့ ပစ္စည်းတွေကို ဘယ်လိုလုပ် အပြင်မှာ သွားရောင်းလို့ ရမှာလဲ.."
ထို့နောက် သူက ခေါင်းလှည့်၍ ရှာကျူးအား စိုက်ကြည့်ကာ မေးလိုက်သည်။
"ရှာကျူး... မင်းက စက်ရုံအတွက် ဆုံးဖြတ်ချက်ချဖို့ ဘာအခွင့်အရေးများ ရှိနေလို့လဲ.."
ရှာကျူး ဆွံ့အသွားပြီး...
"ဘာ... ဒါရိုက်တာဝမ်..ယန်လောင်အာက ကျုပ်တို့စက်ရုံရဲ့ ဝယ်ယူရေးဝန်ထမ်းလို့ ခင်ဗျား ပြောလိုက်တာလား.."
"ဘာလဲ... မင်း နားမပါဘူးလား.."
ဒါရိုက်တာဝမ်က နှာခေါင်းရှုံ့လိုက်ပြီး...
"ယန်လေးက အခုလောလောဆယ် ယာယီဝန်ထမ်းအဆင့်ပဲ ရှိသေးပေမဲ့ သူက ငါတို့စက်ရုံရဲ့ ဝန်ထမ်းတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီးသားပဲ.. သူ ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေကို ရအောင် ကြိုးစားရှာပေးခဲ့တာကို မင်းက မလိုချင်ဘူးလို့ ပြောရဲတယ်ပေါ့..မင်းက စည်းကမ်းမရှိ လုပ်ချင်နေတာလား.."
ထိုစကားကို ကြားရသောအခါ ရှာကျူး၏မျက်နှာက မည်းမှောင်သွားပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
"ယန်လောင်အာ... မင်း ဘာဖြစ်လို့ အစောကြီးကတည်းက မပြောခဲ့တာလဲ..."
"မင်းကမှ ငါပြောဖို့ အခွင့်အရေး မပေးခဲ့တာလေ.."
ယန်ကျီဝမ်က ပြုံးရွှင်စွာဖြင့် ...
"မင်းဘေးနားက ကောင်လေးကို ငါ ပြောပြမလို့ လုပ်နေတုန်းပဲ ရှိသေးတာ.."
ရှာကျူး ဒေါသတကြီးဖြင့် အံကို တင်းတင်းကြိတ်လိုက်မိတော့သည်။
'ယန်လောင်အာ... ခွေးမသားလေး ..သူ တမင်သက်သက် လုပ်တာပဲ..ငါ လူပုံအလယ်မှာ အရူးဖြစ်သွားတာကို မြင်ဖို့အတွက် တမင်ကို စောင့်နေတာ..'
ရှာကျူး အရှက်ရသွားသည်ကို မြင်လိုက်ရသဖြင့် ယန်ကျီဝမ် အလွန်ကျေနပ်သွားသည်။ သူက ပြုံးပြီး မေးလိုက်၏။
"ရှာကျူး... အခုရော ငါ့ငါးတွေကို လက်ခံနိုင်ပြီလား.."
"ယန်လေးအတွက် ငါးတွေကို သွားချိန်မပေးသေးဘဲ ဘာရပ်လုပ်နေတာလဲ.."
ဒါရိုက်တာဝမ်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
"ငါ မသွားဘူး.."
ရှာကျူးသည်လည်း ခေါင်းမာလှသူဖြစ်ရာ လှုပ်ရှားရန် ငြင်းဆန်လိုက်သည်။ ဤသည်က ဒါရိုက်တာဝမ်ကို ပို၍ ဒေါသထွက်သွားစေတော့၏။
( ရှာကျူးက ခေါင်းဆောင်တွေကို ချက်ကျွေးရတဲ့ ခေါင်းဆောင်စားဖိုမှူး ဆိုတော့ ကန်တင်း တာဝန်ခံကို မကြောက်ဘူး.. သူ့လက်ရာကို ခေါင်းဆောင်တွေက အရမ်းကြိုက်တာ.. )
ရွေးချယ်စရာ မရှိတော့သဖြင့် ဒါရိုက်တာဝမ်က မာဟွာအား လှမ်း ပြောလိုက်ရသည်။
"မာဟွာ... မင်းပဲ သွားလိုက်တော့.."
"ဟုတ်ကဲ့ပါ ဒါရိုက်တာ.."
မာဟွာက နာခံမှုရှိစွာဖြင့် ရှေ့သို့တိုးလာပြီး ငါးပုံးများကို မကာ မီးဖိုချောင်အတွင်းသို့ ဝင်သွားတော့သည်။