အခန်း ၁
Vol. 1 Ch. 1
အခန်း (၁) ဗီလိန်စနစ်
ယိုယွင်းပျက်စီးနေသော တဲအိမ်လေးအတွင်းတွင်၊ မှိန်ဖျော့ဖျော့မီးခွက်အလင်းရောင်က စားပွဲဘေးတွင် ကွေးကွေးလေးထိုင်နေသော သေးသွယ်ပိန်လှီသည့် ပုံရိပ်လေးကိုခပ်ရေးရေးမျှသာ ဖော်ပြနေသည်။
ဆုရွှမ်းအာက မှိုတက်နေသောပေါက်စီတစ်ပိုင်းကို ဂရုတစိုက်ကိုင်ထားပြီး တံတွေးများကိုဆက်တိုက် မြိုချနေ၏။
"မဖြစ်ဘူး...ငါစားလို့မရဘူး၊ ဒါက အစ်ကိုကြီးအတွက်။" ဆုရွှမ်းအာ သူမ၏ဗိုက်မှဆာလောင်မှုကို မျိုသိပ်ကာပေါက်စီကို ပန်းကန်ထဲသို့ပြန်ထည့်လိုက်သည်။
ဟောင်းနွမ်းနေသောကုတင်ပေါ်တွင် လဲလျောင်းနေသည့် လူငယ်ကိုကြည့်ကာ၊ ဆုရွှမ်းအာ၏မျက်လုံးများ ချက်ချင်းနီရဲလာသည်။
"ဝူး...ဝူး...အစ်ကိုကြီး၊နိုးလာပါတော့ ရွှမ်းအာက အသုံးမကျဘူး၊ဘာမှမလုပ်နိုင်ဘူး၊ငိုပဲငိုနေတာ ဆေးဆိုင်ကနေ ဆေးလုံးတချို့ခိုးဖို့ ကြိုးစားပေမဲ့ ဆိုင်ရှင်အဘိုးကြီးက မိသွားတယ်၊ပြီးတော့ အမေထားခဲ့တဲ့လက်ကောက်လေးတောင် အလုခံလိုက်ရတယ်။" ခဏမျှငိုပြီးနောက် ရွှမ်းအာက မျက်ရည်များကို သုတ်လိုက်ရာ သူမ၏စိတ်ခံစားမှု တည်ငြိမ်သွားသည်။
သူမ၏သေးငယ်သော ခန္ဓာကိုယ်လေးက ဆန်အိုးပေါ်သို့တွယ်တက်ကာကျန်ရှိနေသော ဆန်စေ့များကို ရေတွက်လိုက်၏။
ဆယ်ဂဏန်းခန့်မျှသာ ကျန်တော့သည်။
သူမ ဆန်စေ့သုံးဆယ်ကို ဂရုတစိုက်ရေတွက်ယူလိုက်ပြီးနောက်ချက်ပြုတ်ရန် မီးစတင် မွှေးလိုက်သည်။
သူမ အသက် ခုနစ်နှစ်သာ ရှိသေးသော်လည်း၊ ဆင်းရဲသောမိသားစုမှကလေးများက အိမ်မှုကိစ္စများကို စောစီးစွာသင်ယူရသဖြင့်၊ သူမ အသက် ငါးနှစ်အရွယ်ကတည်းက ဤအရာများကို သင်ယူခဲ့ပြီးဖြစ်သည်။
စိုထိုင်းနေသောထင်းများက မူလက ဖြူဖွေးနူးညံ့သော သူမ၏မျက်နှာလေးကို မည်းနက်သွားစေသည်။ ကြိုးစားပမ်းစားလုပ်ဆောင်ပြီးနောက်၊ ဆန်ပြုတ်ဟုပင်ခေါ်ရန်ခက်ခဲသော ဆန်ပြုတ်ရည် တစ်ပန်းကန်ကိုနောက်ဆုံးတွင် ကျိုချက်နိုင်ခဲ့၏။
ဆန်ပြုတ်ရည်ကိုတစ်ငုံချင်းစီ သောက်ရင်း ဆုရွှမ်းအာ၏မျက်လုံးများ ထပ်မံ နီရဲလာကာ၊မျက်ရည်စက်များက ဆန်ပြုတ်ရည်ထဲသို့ ကျဆင်းသွားပြီးနောက် သူမက ၎င်းတို့ကိုမျိုချလိုက်သည်။
ထိုအချိန်တွင် ကုတင်ပေါ်တွင်လဲလျောင်းနေသော လူငယ်က ရုတ်တရက်လှုပ်ရှားသွား၏။ ဆုရွှမ်းအာ ချက်ချင်းဝမ်းသာသွားပြီး၊ လက်ထဲရှိ ဆန်ပြုတ်ရည်ကိုမြေပြင်ပေါ်သို့ ပစ်ချကာ လူငယ်၏ရင်ခွင်ထဲသို့ပြေးဝင်သွားပြီး ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။ "ဝူး... ဝူး...အစ်ကိုကြီး နောက်ဆုံးတော့ နိုးလာပြီပဲ၊ ရွှမ်းအာ အရမ်းကြောက်နေခဲ့တာ။အမေလည်း ထွက်သွားတယ်၊ အဖေလည်း ထွက်သွားတယ်၊ အစ်ကိုကြီးပါထွက်သွားမှာကို ရွမ်းအာ အရမ်းကြောက်နေခဲ့တာ။"
ဆုရှင်း....သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ၊ သူ၏မှတ်ဉာဏ်များက ယခင်ဘဝတွင်ရှိနေဆဲဖြစ်ပုံရသည်။
သူ၏ယခင်ဘဝတွင် စက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုမှ အလယ်အလတ်အဆင့်မန်နေဂျာ တစ်ဦးဖြစ်သည်။ ရွှေရောင်လည်စွပ်ကပ် ဝတ်ရသူ မဟုတ်သော်လည်း၊ သူ၏နှစ်စဉ်လစာမှာ တစ်သိန်းကျော်ရှိပြီးလူရာပေါင်းများစွာကို စီမံခန့်ခွဲရ၏။
အသက် သုံးဆယ်မပြည့်သေးခြင်းနှင့် ပေါင်းစပ်လိုက်လျှင်၊ သူကလူငယ်ဖြစ်ပြီး အလားအလာရှိသူဟု သတ်မှတ်ခံရသည်။
တောင်တန်းဘက်သို့ ခရီးသွားစဉ်၊ သူစီးလာသော ဘတ်စ်ကားကို လူဆိုးသုံးဦးက ဓားပြတိုက်ခဲ့သည်။ ပိုက်ဆံလုရုံသာမက၊ လှပသော အမျိုးသမီးခရီးသည်တစ်ဦးကိုပင် စော်ကားရန် ရည်ရွယ်ခဲ့ကြ၏။
ကားပေါ်ရှိလူသုံးဆယ်ကျော်အနက်၊ ဆုရှင်း တစ်ယောက်တည်းသာ သူတို့ကိုတားဆီးရန် မတ်တပ်ရပ်ခဲ့သော်လည်း၊ ရလဒ်မှာ လူဆိုးသုံးဦး၏ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ခရီးသည် သုံးဆယ်ကျော်မှာ သူရိုက်နှက်ခံရသည်ကို ခံစားချက်ကင်းမဲ့စွာကြည့်နေကြပြီး၊ သူ ယခုလေးတင်ကယ်တင်ခဲ့သော အမျိုးသမီး ခရီးသည် အပါအဝင်မည်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်တားဆီးခြင်း မရှိခဲ့ပေ။
ဆုရှင်း၏နောက်ဆုံး မှတ်ဉာဏ်တွင် သူ၏သွေးများတဖြည်းဖြည်းအေးစက်သွားသကဲ့သို့ သူ၏နှလုံးသားကလည်း အေးစက်သွားခဲ့သည်။
သူ၏ရင်ခွင်ထဲရှိ ဆုရွှမ်းအာကိုကြည့်ကာ၊ ဆုရှင်း၏အေးစက်နေသော နှလုံးသားတဖြည်းဖြည်း နွေးထွေးလာသည်။
အမှန်တကယ်မှာ သူလွန်ခဲ့သောသုံးရက်ကတည်းက နိုးနေခဲ့သော်လည်း၊ ထိုအချိန်အတွင်း သူက ဤဘဝ၏မှတ်ဉာဏ်များနှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်နေခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။
သို့သော်၊ဤခုနစ်နှစ်အရွယ် ကောင်မလေး၏ဂရုတစိုက်ပြုစုစောင့်ရှောက်မှုနှင့် အထီးကျန်ကူကယ်ရာမဲ့မှုများကိုလည်း သူ ခံစားနိုင်ခဲ့သည်။
ဤဘဝမှ အမည်မှာလည်း ဆုရှင်းပင်။ သူသည် မဟာကျိုးမင်းဆက်၏ ချန်နင်စီရင်စုရှိ ဂိုဏ်းသုံးဂိုဏ်းနှင့်အဖွဲ့လေးဖွဲ့အနက်မှ တစ်ခုဖြစ်သော လင်းယုန်ပျံဂိုဏ်း၏အဆင့်နိမ့် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
သူ၏မိဘနှစ်ပါးစလုံး ကွယ်လွန်သွားပြီဖြစ်ပြီး၊ သူနှင့်အတူ အသက် ခုနစ်နှစ်အရွယ် ညီမဖြစ်သူ ဆုရွှမ်းအာတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
လွန်ခဲ့သော သုံးရက်က၊ လင်းယုန်ပျံဂိုဏ်းနှင့် သူတို့၏ရန်သူဟောင်း မိုးပြာဝါးဂိုဏ်းတို့အကြား နယ်မြေအငြင်းပွားမှုတစ်ခုတွင်၊ သူ့လူများက သူ့ကိုပြန်လုပ်ကြံခဲ့သဖြင့် မိုးပြာဝါးဂိုဏ်း၏ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့်ပြင်းထန်စွာ ဒဏ်ရာရကာ သေဆုံးသွားခဲ့သည်။
ဤသည်က ဆုရှင်းအား ကူးပြောင်းလာစေခဲ့ခြင်းပင်။
ဆုရွှမ်းအာ၏ခေါင်းလေးကို ပွတ်သပ်ပေးရင်း၊ မူလက အရုပ်လေးတစ်ရုပ်ကဲ့သို့ဖြစ်နေသော ဆုရွှမ်းအာက ဤသုံးရက်အတွင်း သူတောင်းစားလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်ကို မြင်သောအခါ၊ ဆုရှင်း၏နှလုံးသားမှာ အပ်များဖြင့် အထိုးခံရသကဲ့သို့ နာကျင်သွား၏။
"လိမ္မာတယ်နော် ရွှမ်းအာ၊အစ်ကိုကြီး ထွက်မသွားပါဘူး။"
မျက်လုံးများနီရဲနေသော ဆုရွှမ်းအာက သူ၏ရင်ခွင်ထဲမှထွက်လာရင်း ပေါက်စီတစ်ဝက်ကို ထုတ်ယူပြီး ဆုရှင်းအား ကမ်းပေးလိုက်သည်။
ထို့နောက် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ "အစ်ကိုကြီး..ကြည့်၊ဒါက အစ်ကိုကြီးအတွက် သီးသန့် ချန်ထားတာ။"
"အင်း၊ ရွှမ်းအာက သိပ်လိမ္မာတာပဲ။" ဆုရှင်း ရွှမ်းအာ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး၊ သစ်သားတုံးကဲ့သို့ မာကျောနေသော ပေါက်စီကို အားတင်းကာမျိုချလိုက်သည်။
ထို့နောက် အလွန်အမင်းအားနည်းနေသော သူ၏ခန္ဓာကိုယ်မှာ ခွန်အားအနည်းငယ် ပြန်လည်ရရှိလာခဲ့၏။
သူမ၏အစ်ကိုကြီးပေါက်စီစားနေသည်ကို မြင်သောအခါ၊ နောက်ဆုံးတွင် ရွှမ်းအာစိတ်သက်သာရာရသွားပြီးမျက်လုံးများကို မှိတ်ကာ ဆုရှင်း၏ ရင်ခွင်ထဲတွင် အိပ်ပျော်သွားသည်။
ဆုရှင်းကိုပြုစုစောင့်ရှောက်နေစဉ် ဤသုံးရက်အတွင်း သူမကောင်းကောင်းမအိပ်ခဲ့ရပေ။ ယခု ဆုရှင်းနောက်ဆုံးတွင် နိုးလာသည်ကို မြင်ရသောအခါ၊သူမ နောက်ဆုံးတွင် စိတ်အေးချမ်းစွာဖြင့် ကောင်းစွာအိပ်စက်နိုင်ပြီဖြစ်သည်။
အိပ်ပျော်နေသော ရွှမ်းအာကိုကုတင်ပေါ်တွင် တင်ပေးလိုက်ပြီးနောက် ဆုရှင်းကစိတ်ထဲတွင် လှောင်ပြောင်လိုက်၏။ "ငါ့ရဲ့အရင်ဘဝမှာ ငါက လူတွေကိုကယ်တင်ရင်း သေဆုံးခဲ့ရတယ်။ ဒီဘဝမှာတော့ညီအစ်ကိုတွေကို ယုံကြည်မိလို့ လုပ်ကြံခံရတယ်။ လူကောင်းတွေက အသက်မရှည်ဘဲ လူယုတ်မာတွေက အနှစ်တစ်ထောင်အသက်ရှင်တယ်ဆိုတာ တကယ်ပဲလား။ ဒါဆိုရင် ဒီဘဝမှာ ငါကအကြမ်းတမ်းဆုံးနဲ့အဆိုးယုတ်ဆုံး ဗီလိန်တစ်ယောက်ဖြစ်ပြမယ်။"
"ဝုန်း။"
ကျယ်လောင်သော အသံတစ်ခု ဆုရှင်း၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
"လက်ခံသူက ဗီလိန်စနစ်ကြီး၏လိုအပ်ချက်များနှင့် ကိုက်ညီပါသည်။စနစ်ကို တရားဝင် အသက်သွင်းလိုက်ပြီဖြစ်ပြီး၊ ပေါင်းစပ်ခြင်းကို လုပ်ဆောင်နေပါသည်။ ၁၀% ၃၀% ၇၀% ၁၀၀% ပေါင်းစပ်ခြင်း အောင်မြင်ပါသည်။"
ဆုရှင်း၏အသိစိတ်မှာ ကျယ်ပြောလှသော အဖြူရောင်ကမ္ဘာတစ်ခုအတွင်းသို့ ဝင်ရောက်သွားပါသည်။ သူ၏ပတ်ပတ်လည်တွင် မြူနှင်းများဖုံးလွှမ်းနေသော အဖြူရောင်လွင်ပြင်ကြီးများသာ ရှိပြီး၊ သူ၏ရှေ့တွင်ကြီးမားသော မျက်နှာပြင်တစ်ခုသာ ရှိသော်လည်း ၎င်းမှာ လုံးဝမည်းနက်နေ၏။
"မင်္ဂလာပါ လက်ခံသူ ၀၁ ဆုရှင်း၊ ဗီလိန်စနစ်ကြီးမှ ကြိုဆိုပါတယ်။" စက်ရုပ်တစ်ရုပ်ကဲ့သို့ ခံစားချက်ကင်းမဲ့သော အသံတစ်ခုထွက်ပေါ်လာသည်။
"လက်ခံသူ ၀၁ ဟုတ်လား။ ဒါဆို ငါက ဗီလိန်စနစ်ကြီးကို ပထမဆုံးအသုံးပြုတဲ့သူပေါ့။ ဘာလို့ ငါ့ကို ရွေးချယ်ရတာလဲ။" ဆုရှင်းက မျက်မှောင်ကြုတ်ကာ သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လေ့လာလိုက်ရာရင်းနှီးကျွမ်းဝင်နေသည့် ခံစားချက်တစ်ခု ပေါ်လာသည်။
သူ၏ယခင်ဘဝတွင် ဝတ္ထုများဖတ်ဖူးရာ၊ စနစ်ဟူသော ဝေါဟာရက သူနှင့် မစိမ်းသက်ခဲ့ပေ။
စနစ်က ၎င်း၏ခံစားချက်ကင်းမဲ့သော အသံဖြင့် ပြောလိုက်၏။ "လက်ခံသူရဲ့ခန္ဓာကိုယ်ထဲမှာ စနစ်နှစ်ခု ရှိပါတယ်။ နှစ်ခုထဲက တစ်ခုရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီမှသာ အသက်ဝင်မှာပါ။"
"နောက်ထပ်စနစ်တစ်ခုက ဘာလဲ။" ဆုရှင်းက သိချင်စိတ်ဖြင့် မေးလိုက်၏။
"သူရဲကောင်းစနစ်ပါ။"
ဆုရှင်း "..."
"ဗီလိန်တစ်ယောက်ဖြစ်ဖို့ကျိန်ဆိုတာက ဗီလိန်စနစ်ကြီးရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီတာလား။"
ဆုရှင်းက ခါးသီးသော အပြုံးတစ်ခုပြုံးလိုက်သည်။ "ထားလိုက်ပါတော့၊ ဗီလိန်ကြီးပဲ လုပ်တာပေါ့။ လူကောင်းတွေက သက်မရှည်ဘူး၊ လူယုတ်မာတွေက အနှစ်တစ်ထောင် အသက်ရှင်တယ်။ ပြီးခဲ့တဲ့ဘဝတုန်းက ငါက သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ပေမဲ့၊ ကံမကောင်းစွာနဲ့ အဆုံးသတ် မလှခဲ့ဘူး။"
"ဒါဆို မင်းရဲ့ ဗီလိန်စနစ်ကြီးက ဘာအသုံးဝင်တာလဲ။" ဆုရှင်း မေးလိုက်သည်။
ဆုရှင်းရှေ့ရှိ ကြီးမားသော မျက်နှာပြင်မှာ ရုတ်တရက်လင်းလာပြီး၊ ရွေးချယ်စရာ ခြောက်ခုပါသော မဲနှိုက်ဘီးတစ်ခုကိုပြသလာ၏။ ၎င်းတို့မှာ ကျင့်စဉ်၊ တစ်ခါသုံး ပစ္စည်း၊ ဆေးလုံး၊ လက်နက်၊ အထွေထွေပစ္စည်းများ နှင့် ဗလာတို့ဖြစ်သည်။
"ဒါတွေ အားလုံးက ဘာအဓိပ္ပာယ်လဲ။"
စနစ်က ရှင်းပြသည်။ "ဗီလိန်စနစ်ကြီးမှာ ဝူရှကမ္ဘာ အားလုံးက ဗီလိန်ဇာတ်ကောင်တွေ ပိုင်ဆိုင်တဲ့ အရာအားလုံး ပါဝင်ပါတယ်။
ကျင့်စဉ်တစ်ခုကို မဲနှိုက်ခြင်းက ဗီလိန် ဇာတ်ကောင်တစ်ဦးကိုကျပန်း ဖော်ဆောင်ပေးပါလိမ့်မယ်။ ဗီလိန်ဇာတ်ကောင်တိုင်းမှာ ကျင့်စဉ်တွေနဲ့ သိုင်းပညာတွေတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ပါဝင်ပါတယ်။လက်ခံသူက ကျင့်ကြံဖို့အတွက် ကျပန်းမဲနှိုက်ရွေးချယ်နိုင်ပြီး၊ ကနဦး မူလကျွမ်းကျင်မှုက ၅% ဖြစ်ပြီး၊ လက်ခံသူရဲ့ကျင့်ကြံမှုနဲ့အတူ တိုးလာနိုင်ပါတယ်။
တစ်ခါသုံးပစ္စည်းတွေကို မဲနှိုက်တဲ့ နည်းလမ်းက ကျင့်စဉ်တွေ မဲနှိုက်တာနဲ့ အတူတူပါပဲ၊ ဒါပေမဲ့ တစ်ခါသုံးကျင့်စဉ်တွေက လက်ခံသူ တမင်တကာ ကျင့်ကြံဖို့ မလိုအပ်ဘဲ၊ မူလကျွမ်းကျင်မှု ရာခိုင်နှုန်း တစ်ရာရှိပါတယ်၊ ဒါပေမဲ့ သူတို့ကို တစ်ကြိမ်ပဲ အသုံးပြုနိုင်ပါတယ်။
ဆေးလုံးက သင့်ကို ဆေးလုံးအမျိုးမျိုးမဲနှိုက်ခွင့်ပေးပြီး၊ လက်နက် က လက်နက်အမျိုးမျိုး မဲနှိုက်ခွင့်ပေးကာ၊ အထွေထွေက ဝူရှကမ္ဘာတွေက ကျပန်းပစ္စည်းအမျိုးမျိုးပါဝင်ထားပြီး၊ ဗလာက ဘာမှ မဲမပေါက်တာကို ဆိုလိုပါတယ်။
ဒါ့အပြင် လက်ခံသူ၊ ကျေးဇူးပြုပြီး ဗီလိန်စနစ်ကြီး အတွင်းရှိပစ္စည်းအားလုံးကို ကြယ်တစ်ဝက်ကနေ ကြယ်ငါးပွင့်အထိအဆင့်ခွဲခြားထားပြီး စုစုပေါင်း အဆင့်ဆယ်ခုရှိကြောင်း သတိပြုပါ။ အခြေခံ မဲနှိုက်ခြင်းတွေကက ကြယ်နှစ်ပွင့်ခွဲအောက်ရှိ ပစ္စည်းများကိုပဲ ရရှိနိုင်ပါတယ်။"
"မဲနှိုက်တာတွေမှာလည်း အဆင့်တွေ ရှိတာလား။"
စနစ်က ပြောသည်။ "မဲနှိုက်မှု အဆင့်တွေကို အခြေခံ၊ အလယ်အလတ် နဲ့ အဆင့်မြင့် ဆိုပြီး ခွဲခြားထားပါတယ်။အခြေခံက ကြယ်နှစ်ပွင့်ခွဲအောက်ပစ္စည်းတွေကိုသာ ရရှိနိုင်ပါတယ်။ စနစ်က လက်ခံသူကိုတစ်ရက်ကို အခြေခံ မဲနှိုက်ခွင့် တစ်ကြိမ် ပေးပါတယ်။
အလယ်အလတ်မဲနှိုက်မှုတွေက ကြယ်လေးပွင့်အောက်ပစ္စည်းအားလုံးကို ရရှိနိုင်ပြီး မကြိုက်နှစ်သက်တဲ့အမျိုးအစားတစ်ခုကို ဖယ်ရှားခွင့်ပြုပါတယ်။လက်ခံသူက အခြေခံမဲနှိုက်ခွင့် ၁၀ ခုကို စုဆောင်းပြီး အလယ်အလတ်မဲနှိုက်ခွင့် တစ်ခုနဲ့ လဲလှယ်နိုင်ပါတယ်။
အဆင့်မြင့် မဲနှိုက်မှုတွေက ကြယ်သုံးပွင့်အထက် ပစ္စည်းအားလုံးကို ရရှိနိုင်ပြီး မဲနှိုက်ဖို့ အမျိုးအစားတစ်ခုကို သတ်မှတ်ခွင့်ပြုပါတယ်။ လက်ခံသူက အလယ်အလတ် မဲနှိုက်ခွင့် ၁၀ ခုကို စုဆောင်းပြီး အဆင့်မြင့်မဲနှိုက်ခွင့် တစ်ခုနဲ့ လဲလှယ်နိုင်ပါတယ်။"
"အဆင့်မြင့်မဲနှိုက်ဖို့က ဒီလောက် အချိန်အကြာကြီး စုဆောင်းရတာလား။" ဆုရှင်းက မျက်မှောင်ကြုတ်လိုက်၏။
ဤဗီလိန်စနစ်ကြီးကို နားလည်ရန် လွယ်ကူပါသည်။ ဆုရှင်းက ၎င်း၏အဓိကအချက်များကို ချက်ချင်းနီးပါး သဘောပေါက်သွားသည်။
အခြေခံမဲနှိုက်မှုများက ကံစမ်းခြင်း သက်သက်သာဖြစ်သည်။ ရွေးချယ်စရာခြောက်ခုဖြင့်၊ ဗလာမဲပေါက်နိုင်ခြေက မနည်းလှပေ။
အလယ်အလတ်မဲနှိုက်မှုများတွင် အမြင့်ဆုံး ကန့်သတ်ချက်ရှိသော်လည်း အနိမ့်ဆုံး ကန့်သတ်ချက် မရှိပေ။ ဆိုလိုသည်မှာ အလယ်အလတ်မဲနှိုက်မှုကို အသုံးပြုလျှင်ပင်၊ ကြယ်တစ်ဝက်ပစ္စည်းကို ရရှိနိုင်သေးသည်။
အဆင့်မြင့်မဲနှိုက်မှုများသာလျှင် အတော်လေး ယုံကြည်ရပြီး၊အနိမ့်ဆုံး ကန့်သတ်ချက်ရှိကာ အမျိုးအစားကိုရွေးချယ်ခွင့် ပေးသည်။
စနစ်က ပြန်လည်ဖြေကြားသည်။ "လက်ခံသူက မစ်ရှင်တွေကနေတစ်ဆင့် ဗီလိန်အမှတ်တွေကိုလည်း စုဆောင်းနိုင်ပါတယ်။ ဗီလိန်အမှတ် ၁၀ မှတ်က အခြေခံမဲနှိုက်ခွင့် တစ်ခု၊ ဆိုဗီလိန်အမှတ် ၁၀၀ က အလယ်အလတ် မဲနှိုက်ခွင့် တစ်ခု၊ နဲ့ ဗီလိန်အမှတ် ၁၀၀၀ က အဆင့်မြင့်မဲနှိုက်ခွင့် တစ်ခု ရရှိစေပါတယ်။ ထို့အပြင် ဗီလိန်အမှတ်တွေကို လဲလှယ်ရေးစတိုးဆိုင်မှာပစ္စည်းတွေ ဝယ်ယူဖို့ အသုံးပြုနိုင်ပါတယ်။"
"ဒီလဲလှယ်ရေးစတိုးဆိုင်က ဘယ်မှာလဲ။"
"သတ်မှတ်ထားတဲ့မစ်ရှင်တွေကို မပြီးမြောက်ဘဲ လဲလှယ်ရေးစတိုးဆိုင်ကို အသက်သွင်းလို့ မရပါဘူး။"
ဆုရှင်းက သံသယဖြင့် မေးလိုက်၏။ "ဒါဆို ဒီမစ်ရှင်တွေက ဘာတွေလဲ။"
"မစ်ရှင်တွေကို စနစ်ကနေကျပန်း ဖန်တီးပေးတာပါ၊ တိကျတဲ့ရည်ရွယ်ချက်တွေ မရှိပါဘူး။"
ဆုရှင်းတွင် ချက်ချင်းပင်ဆိုးရွားသော ကြိုတင်ခံစားမှုတစ်ခု ဖြစ်ပေါ်လာ၏။ "မင်း ဆိုလိုတာက။"
စနစ်က ပြောသည်။ "မစ်ရှင်တွေက စနစ်ရဲ့စိတ်ခံစားချက်အပေါ်မူတည်တယ်လို့ ဆိုလိုတာပါ။"
ဆုရှင်း ဆွံ့အသွားတော့သည်။
ပြောချင်တာက ငါပေးချင်တဲ့ခါပေးမယ် မပေးချင်မပေးဘူးပေါ့။
စနစ်က ပြောသည်။ "ဒါက လက်ခံသူရဲ့ပထမဆုံး ပေါင်းစပ်မှုဖြစ်တဲ့အတွက်၊ စနစ်က လက်ခံသူကို အလယ်အလတ်မဲနှိုက်ခွင့်တစ်ခု ထပ်ဆောင်းပေးပါလိမ့်မယ်။ လက်ခံသူမှာ အခုအခြေခံမဲနှိုက်ခွင့် တစ်ခုနဲ့ အလယ်အလတ်မဲနှိုက်ခွင့် တစ်ခု ရှိပါတယ်။ လက်ခံသူ မဲနှိုက်ချင်ပါသလား။"
"မဲနှိုက်မယ်၊သေချာပေါက် မဲနှိုက်မှာပေါ့။ အလယ်အလတ်မဲနှိုက်ခွင့် အရင်ပေး၊ ပြီးတော့ အလွတ်ရွေးချယ်စရာကို ဖယ်ရှားပေး။"
ကြီးမားသော မျက်နှာပြင်ပေါ်ရှိ ဘီးက ဆက်တိုက် စတင်လည်ပတ်လေသည်။ ဆုရှင်း၏မျှော်လင့်နေသော အကြည့်များအောက်တွင် နောက်ဆုံး၌ကျင့်စဉ် အမျိုးအစားပေါ်တွင် ရပ်တန့်သွား၏။
မျက်နှာပေါ်တွင် ဓားခုတ်ရာသုံးခုရှိသော သွယ်လျသည့် လူငယ်တစ်ဦး မျက်နှာပြင်ပေါ်တွင်ပေါ်လာသည်။ သူ၏ဘယ်ဘက်လက်တွင် ဓားတစ်လက်ကို ကိုင်ထားပြီး အေးစက်နေသော သူ၏မျက်လုံးများက လူကိုကျောချမ်းသွားစေသည်။
"ဂုဏ်ယူပါတယ် လက်ခံသူ၊ ကျင်းဝူမင် ဇာတ်ကောင်ကို မဲပေါက်ပါတယ်။ သူ့မှာ ကျင်းဝူမင် လျှပ်တပြတ်ဓား ဆိုတဲ့ ကျင့်စဉ်တစ်ခု ပါဝင်ပါတယ်။ထပ်ပြီး မဲနှိုက်ဖို့ မလိုအပ်ပါဘူး။ ကျင့်စဉ် အဆင့်က ကြယ်နှစ်ပွင့်ခွဲဖြစ်ပါတယ်။"
"ကျင်းဝူမင်ရဲ့အကဲဖြတ်မှုက ဘယ်လိုလုပ် ဒီလောက် နိမ့်နေရတာလဲ။" ဆုရှင်းက သံသယဖြင့် မေးလိုက်၏။
ဤလူက ရှန့်ကွမ်းကျင်းဟုန်အောက်ရှိ ငွေဂိုဏ်း၏ ထိပ်တန်းကျွမ်းကျင်သူဖြစ်ပြီး၊ လက်နက် သတ်မှတ်ချက်တွင် စတုတ္ထအဆင့်ရှိသော ထျဲကျန်းကော်စုန့်ယန်ကို တစ်ချိန်က သတ်ဖြတ်ခဲ့ဖူးသည့် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သူ၏မြန်ဆန်သောဓားက ပြိုင်ဘက်ကင်းပြီး၊ ထူးဆန်းကာ၊ ရက်စက်ကြမ်းကြုတ်သည်။
သို့သော် ဤမျှကျွမ်းကျင်သူ တစ်ဦးက ပျမ်းမျှဟု ယူဆရသောကြယ်နှစ်ပွင့်ခွဲသာ အဆင့်သတ်မှတ်ခံရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဒါဆို ကြယ်ငါးပွင့် ဇာတ်ကောင်တွေက ဘယ်လိုမျိုး အဆင့်အတန်းတွေလဲ။
စနစ်က ရှင်းပြသည်။ "လက်ခံသူ၊ သင် အချက်တစ်ခုကို နားလည်မှုလွဲနေပါတယ်။ ကျင်းဝူမင် က ကော်စုန့်ယန် ကို သတ်နိုင်ခဲ့တာက၊ အဲဒီအချိန်တုန်းက ကော်စုန့်ယန်က သူ့ရဲ့ဓားကို စမ်းသပ်နေတာဖြစ်ပြီး သူ့ရဲ့စွမ်းအားအပြည့်ကို မသုံးခဲ့လို့ပါ။ ပြီးတော့ ရှန့်ကွမ်းကျင်းဟုန် ကလည်း အဲဒီနေရာမှာ ရှိနေတော့၊ ကော်စုန့်ယန်ရဲ့စိတ်အခြေအနေကို သက်ရောက်မှု ရှိခဲ့ပါတယ်။
ဒါ့အပြင်၊ ကျင်းဝူမင်ရဲ့ဓားက ခိုင်မာတဲ့ကိုယ်ပိုင်ဟန် ပါဝင်ပါတယ်။ ကျင်းဝူမင်ကိုယ်တိုင်ကလွဲလို့၊ တခြားဘယ်သူကမှ ရာခိုင်နှုန်းတစ်ရာကျွမ်းကျင်အောင် မကျင့်ကြံနိုင်ပါဘူး။ အဲဒါကြောင့် အကဲဖြတ်မှုကကြယ်တစ်ဝက် လျှော့ချခံလိုက်ရတာပါ။
ဒါက လီရွှမ်းဟွမ်ရဲ့ ဓားမြှောင်ပျံတွေလိုပါပဲ။ လီရွှမ်းဟွမ်ရဲ့လက်ထဲမှာမှသာ လီရွှမ်းဟွမ်ဓားမြှောင်ပျံတွေက အမှားအယွင်းကင်းတာပါ။ တခြားလူသာဆိုရင် ဓားမြှောင်ပျံသိုင်းပညာကို ရရှိခဲ့ရင်တောင်မှ၊ ဒုတိယမြောက် လီရွှမ်းဟွမ်ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။"
"ကောင်းပြီ၊ ငါ လက်ခံပါတယ် နောက်ထပ် အခြေခံ မဲနှိုက်ခွင့်တစ်ခုလောက် လုပ်ရအောင်။"
မဲနှိုက်ဘီးထပ်မံ လည်ပတ်သွားသည်။ အစပြုသူ၏ကံကောင်းမှု ရောင်ဝါကြောင့်လားတော့ မသိပေ၊ အခြေခံမဲနှိုက်မှုမှာ ကျင့်စဉ် ယအမျိုးအစားပေါ်တွင် ထပ်မံ ရပ်တန့်သွားသည်။
ဤတစ်ကြိမ်တွင် ငယ်ရွယ်ပြီးချောမောသော တာအိုဘုန်းကြီးတစ်ပါး ပေါ်လာပါသည်။
"ဂုဏ်ယူပါတယ် လက်ခံသူ၊ ယင်ကျစ်ဖျင် ဇာတ်ကောင်ကို မဲပေါက်ပါတယ်။ သူ့မှာ ချွမ်ကျန်းဂိုဏ်း အခြေခံအတွင်းအားဆိုတဲ့ ကျင့်စဉ်နဲ့ ချွမ်ကျန်းဂိုဏ်း အခြေခံဓားသိုင်းဆိုတဲ့ သိုင်းပညာ ပါဝင်ပါတယ်။ ကျင့်စဉ်အဆင့်က ကြယ်တစ်ဝက် ဖြစ်ပါတယ်။ လက်ခံသူက ကျပန်းမဲနှိုက်ဖို့ ရွေးချယ်နိုင်သလို၊တိကျတဲ့ ရွေးချယ်မှု တစ်ခုလုပ်ဖို့ ဗီလိန်အမှတ် ၅ မှတ် အသုံးပြုနိုင်ပါတယ်။"
ဆုရှင်းချက်ချင်း ကူကယ်ရာမဲ့ ဖြစ်သွားသည်။ တစ်ချိန်က နဂါးသူရဲကောင်းဖြစ်လာခဲ့ဖူးသော ယင်ကျစ်ဖျင်ကို မဲပေါက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ရိုးရိုးသားသား ပြောရလျှင်၊ ဤလူက အမှန်တကယ် ဆိုးရွားသော အရာတစ်ခုမျှမလုပ်ခဲ့ပေ။ သူက နဂါးသူရဲကောင်းတစ်ကြိမ်သာဖြစ်ခဲ့ပြီး၊ ထို့နောက် လူတိုင်း၏ရှုတ်ချခြင်းကို ခံခဲ့ရကာ အရှင်လတ်လတ်ဝါးစားခံမတတ်မုန်းတီးခြင်း ခံခဲ့ရသည်။
သူက အတော်လေး ကံဆိုးသူဖြစ်သည်။
သို့သော် ဆုရှင်းအတွက် အစိတ်ပျက်ရဆုံးအပိုင်းမှာ ဤလူတွင် ကျင့်စဉ်နှစ်ခု ပါလာခြင်းပင်။ ထို ချွမ်ကျန်းဂိုဏ်း အခြေခံဓားသိုင်းက အသုံးမဝင်ပေ။
သူ့မှာ ကျင်းဝူမင်ရဲ့ လျှပ်တပြတ်ဓားရှိနေပြီးသားပဲ၊ အဲဒါကို ဘာလုပ်ဖို့လဲ။
သို့သော် အတွင်းအားမှာ လက်ခံနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ သူက ယခုအခါ သာမန်လူတစ်ယောက်သာဖြစ်ပြီး သူ၏အခြေခံ ခွန်အားကို မြှင့်တင်ရန်အတွင်းအားကို အရေးတကြီး လိုအပ်နေသည်။
ရွေးချယ်ရန် ဗီလိန်အမှတ်များကို အသုံးပြုနိုင်သော်လည်း၊ ဆုရှင်းတွင် လောလောဆယ် ဗီလိန်အမှတ် တစ်မှတ်မျှမရှိပေ။ "ဒါဆို ကျပန်းပဲ မဲနှိုက်လိုက်မယ်။"
"ဂုဏ်ယူပါတယ် လက်ခံသူ၊ ချွမ်ကျန်းဂိုဏ်းအခြေခံအတွင်းအားကို အောင်မြင်စွာ မဲပေါက်ပါတယ်။"
ဆုရှင်း မှင်တက်သွားသည်။
တကယ်ပဲ ကံကောင်းတဲ့အရောင်ဝါ ရှိနေတာလား။
ကျင့်စဉ်နှင့် သိုင်းပညာကို လက်ထဲတွင် ကိုင်ထားလျက် ဆုရှင်းကမေးလိုက်သည်။ "အခု ငါ ဘယ်လို အပြင်ထွက်ရမလဲ။"
စနစ်က ပြန်လည်ဖြေကြားလိုက်၏။ "လက်ခံသူက ထွက်မယ်လို့ စိတ်ထဲကနေ တွေးလိုက်ရုံပါပဲ။ လက်ခံသူက စနစ်ထဲမှာဘယ်လောက်ပဲကြာကြာနေနေ၊ အပြင်မှာက တစ်ခဏပဲကြာမှာပါ။ ခန္ဓာကိုယ်ကို စောင့်ကြည့်မယ့်သူ မရှိလို့ စိတ်ပူစရာ မလိုပါဘူး။"
ဆုရှင်းက ထွက်မယ်ဟု စိတ်ထဲမှ တွေးလိုက်ရာ သူ၏အသိစိတ်မှာ သူ၏ခန္ဓာကိုယ်ထံသို့ တကယ်ပင် ပြန်လည်ရောက်ရှိလာသည်။
သူ၏ဘေးတွင် အိပ်မောကျနေပြီး လက်ချောင်းကို ကိုက်နေဆဲဖြစ်သော ရွှမ်းအာကိုကြည့်ကာ၊ ညီမဖြစ်သူကို နောက်ထပ်ဝမ်းနည်းပူဆွေးမှုများနှင့် အခက်အခဲများထပ်မံ မခံစားရစေရဟု ဆုရှင်း ကျိန်ဆိုလိုက်၏။
ဆုရွှမ်းအာ၏ဘေးတွင် မှီလျက် ဆုရှင်းကလည်း မျက်လုံးများကိုမှိတ်ကာ စတင် အိပ်စက်လိုက်သည်။
သူအလွန် အားနည်းနေသေးသော်လည်း၊ ချွမ်ကျန်းဂိုဏ်းအခြေခံအတွင်းအားကို ကျင့်ကြံထားသောကြောင့် သူ၏ခန္ဓာကိုယ်အတွင်း၌မှိန်ဖျော့ဖျော့ချီလှိုင်းလေးတစ်ခု စီးဆင်းနေပြီဖြစ်သည်။
တာအိုကျင့်စဉ်များက ဖြောင့်မတ်ပြီးငြိမ်းချမ်းသည်။ ကျင့်ကြံမှုအမြန်နှုန်းမှာ မမြန်ဆန်သော်လည်း၊ ၎င်းတို့က ကဏ္ဍအားလုံးတွင် အလွန်ညီမျှမှုရှိသည်။
သူ အိပ်ပျော်နေစဉ်တွင်လည်း ဆုရှင်းအား သူ၏ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းပြန်လည် နာလန်ထူစေနိုင်သည်။