← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃) ငွေကြေးက လူတွေရဲ့ နှလုံးသားကို အနိုင်ယူနိုင်တယ်

ရွှန်းရိရပ်ကွက်ရှိ တတိယသခင်ကြီးဟူ၏ စံအိမ်အတွင်း၌..

တတိယသခင်ကြီးဟူက ဆုရှင်းပို့လိုက်သော ငွေများကို လှည့်ကာကစားနေပြီး သူ၏ နှုတ်ခမ်းများပေါ်တွင်ကျေနပ်သော အပြုံးတစ်ခုပေါ်လွင်နေ၏။

"အကြံပေးလျို ငါ့ရဲ့ဒီမွေးစားသားကို ဘယ်လိုမြင်လဲ။ တစ်လကျော်ပဲရှိသေးပေမဲ့ သူကငါ့ဆီကို ငွေသုံးသောင်းပြန်ယူလာပေးပြီ။ ဟားဟားဟား" တတိယသခင်ကြီးဟူက ကျယ်လောင်စွာ ရယ်မောလိုက်၏။

လူများကိုနှိုင်းယှဉ်၍ မကောင်းဆိုသည်မှာ အမှန်ပင်။ 'လူတွေကိုနှိုင်းယှဉ်တာက သေခြင်းတရားဆီကိုဦးတည်စေပြီး၊ ပစ္စည်းတွေကို နှိုင်းယှဉ်တာက စွန့်ပစ်ခြင်းဆီကို ဦးတည်စေတယ်' ဆိုသည့် စကားလိုပင်။

သူ၏ ယခင် မွေးစားသားဖြစ်သော ချန်သောက်အပေါ် တတိယသခင်ကြီးဟူက မရေမတွက်နိုင်သောအားထုတ်မှုများကို လောင်းထည့်ခဲ့ပြီး ငွေသောင်းချီအကုန်အကျခံခဲ့ရ၏။

သံမဏိသဲလက်ဝါးကိုကျင့်ကြံရန်အတွက် လက်များကို ဆေးဖက်ဝင်အပင်အများအပြားတွင် စိမ်ထားရန်လိုအပ်ပြီး သံမဏိသဲလက်ဝါး ကျင့်စဉ်နှင့် ပေါင်းစပ်ရမည် ဖြစ်၏။ အနှစ်နှစ်ဆယ်ကျော် ပြုစုပျိုးထောင်မှု တစ်လျှောက်တွင် တတိယသခင်ကြီးဟူက ဆေးဖက်ဝင်အပင်လှည်းပေါင်းများစွာကို အကုန်အကျခံခဲ့ရသည်။

သို့သော် ရလဒ်မှာဘာဖြစ်သွားသနည်း။ သူမြွေးပွေးအား ခါပိုက်မိသကဲ့သို့ပင်။

ယခု ဆုရှင်းကိုမွေးစားသားအဖြစ် ရရှိထားခြင်းဖြင့် သူ၏အားထုတ်မှုမှာ စကားလုံးအနည်းငယ်မျှသာဖြစ်သော်လည်း တစ်လမပြည့်မီအချိန်အတွင်း ဆုရှင်းက သူ့ကို ဤမျှကြီးကျယ်သော လက်ဆောင်တစ်ခု ပေးအပ်ခဲ့၏။

ဘေးမှ အကြံပေးလျိုက ချီးကျူးလိုက်၏။ "ဒါက တတိယသခင်ကြီးဟူရဲ့နက်ရှိုင်းတဲ့ အမြော်အမြင်ကြောင့်ပါ။ အဲဒီတုန်းက ဆုရှင်းကိုသတ်ပစ်လိုက်မယ်ဆိုရင် အခုလောက်များပြားတဲ့ ဝင်ငွေမျိုး ကျုပ်တို့ ရလာမှာ မဟုတ်ပါဘူး။"

သူတို့နှစ်ဦး စကားပြောနေစဉ် ဂိုဏ်းဝင်တစ်ဦးဝင်လာပြီး အကြံပေးလျိုထံသို့ စာရွက်ငယ်လေးတစ်ရွက်ပေးလိုက်သည်။

"ဘယ်သူ သတင်းပို့လိုက်တာလဲ။" တတိယသခင်ကြီးဟူက မေးလိုက်၏။

အကြံပေးလျို ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ "ကျစ်ကန်းဆီက သတင်းပါ။ ဒီလ ဆုရှင်းရဲ့ စုစုပေါင်းအမြတ်ငွေဝေစုက ငွေရှစ်သောင်းလို့ ပြောပါတယ်။"

တတိယသခင်ကြီးဟူက သူ၏ လက်ထဲရှိ ငွေများကိုချလိုက်ရင်း သူ၏ မျက်နှာပေါ်ရှိအပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။

တစ်ချိန်တည်းတွင် ပျော်ရွှင်ဖွယ်တောအုပ်တွင် ဆုရှင်းက ငွေသေတ္တာတစ်လုံးကို ပျော်ရွှင်ဖွယ်တောအုပ်ရှိ သူတို့၏ဌာနခွဲသစ်ဆီသို့ တိုက်ရိုက် သယ်သွားခိုင်းလိုက်သည်။

ယခင် ရွှန်းသယ်လောင်းကစားရုံနေရာအား ပြုပြင်မွမ်းမံပြီးဖြစ်၏။ အတွင်းတွင် လောင်းကစားပစ္စည်းအချို့ကို ဖယ်ရှားကာ စားပွဲနှင့် ကုလားထိုင် အများအပြားဖြင့်အစားထိုးထားပြီး အပြင်ဘက်ကို အနည်းငယ်ပြင်ဆင်ကာ ရွှေရောင်နောက်ခံပေါ်တွင် အနက်ရောင်စာလုံးများဖြင့် 'လင်းယုန်ပျံဂိုဏ်း'ဟု ရေးထားသော ဆိုင်းဘုတ်အသစ်ကိုချိတ်ဆွဲထားပါသည်။

လက်ရှိမှာတော့ လင်းယုန်ပျံဂိုဏ်းမှ ဂိုဏ်းဝင်များအားလုံး စုရုံးရောက်ရှိနေကြပြီဖြစ်သည်။ လွန်ခဲ့သောတစ်လအတွင်း ပျော်ရွှင်ဖွယ်တောအုပ်၏ နာမည်ကြီးလာမှုကြောင့် နောက်ထပ် လူ ဒါဇင်ပေါင်းများစွာ ဆုရှင်း၏ အမိန့်အောက်သို့ ဝင်ရောက်လာကြသဖြင့် သူ၏လက်အောက်ဂိုဏ်းဝင် အရေအတွက်မှာ လူ ၁၁၀ကျော် ရှိလာခဲ့ပြီဖြစ်သည်။

"ခေါင်းဆောင်ဆု။"

ဆုရှင်း ဝင်လာသည်ကိုမြင်သောအခါ ဂိုဏ်းဝင် အုပ်စုက အလျင်အမြန်မတ်တပ်ရပ်ပြီး ပြိုင်တူ အော်လိုက်ကြရာ သူတို့၏ အရှိန်အဝါမှာ အတော်လေး အထင်ကြီးစရာကောင်းလှ၏။

ဆုရှင်းက လက်ကိုဝှေ့ယမ်းကာ တစ်စုံတစ်ဦးကို သေတ္တာအားခန်းမအလယ်တွင်ချထားရန် အမိန့်ပေးလိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။ "ဒီနေ့လူတိုင်းကို ငါခေါ်လိုက်တာ ကိစ္စနှစ်ခုရှိလို့ပဲ။ ပထမတစ်ခုက လူတိုင်းကိုငွေဝေပေးဖို့။"

ဝေါခနဲဟူသော အသံနှင့်အတူ ဆုရှင်းက သေတ္တာကို တိုက်ရိုက်ကန်ဖွင့်လိုက်ရာ တောက်ပနေသော ငွေများက အောက်တွင်ရှိနေသော ဂိုဏ်းဝင်အများအပြား၏ မျက်လုံးများကို ချက်ချင်းမျက်စိကျိန်းသွားစေ၏။

သူတို့ ငွေမမြင်ဖူးကြသည်မဟုတ်သော်လည်း ဤမျှများပြားသောငွေပုံကြီးက ဤအောက်ခြေ ဂိုဏ်းဝင်များအပေါ်ကြီးမားသော သက်ရောက်မှု ရှိလဲ့သည်။

သမိုင်းအစဉ်အဆက် လင်းယုန်ပျံဂိုဏ်း၏ စည်းမျဉ်းမှာ ခေါင်းဆောင်ကများများရလေလေ လက်အောက်ငယ်သားများက လစဉ်လစာပိုရလေလေပင်။

အကယ်၍ ခေါင်းဆောင်မှာ ပိုက်ဆံမရှိပါက သူ၏အောက်ရှိသူများမှာ ဟင်းရည်သာ သောက်ရပါလိမ့်မည်။

ပြီးခဲ့သည့် တစ်လအတွင်းပျော်ရွှင်ဖွယ်တောအုပ်၏ စည်ကားနေသောလုပ်ငန်းကို သူတို့အားလုံး မျက်မြင်တွေ့ခဲ့ကြရာ သူတို့၏လစဉ်လစာမှာ သေချာပေါက်နည်းမည်မဟုတ်ကြောင်း သူတို့ သိကြ၏။

ထင်သည့်အတိုင်းပင် ဆုရှင်းက ဆက်ပြော၏။ "ငါ ဆုရှင်း နောက်ကိုလိုက်တဲ့သူတိုင်း မင်းတို့အသက်စွန့်နေချိန်မှာ ရေစိမ်း နဲ့ ထမင်းပဲစားပြီး ငတ်နေအောင် ငါမထားပါဘူး။ ဒီလ လစာက တစ်ယောက်ကို ငွေတစ်ဆယ်ပဲ။"

ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရောက်ရှိနေသော ဂိုဏ်းဝင်များမှာစိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လုနီးပါး ဖြစ်သွားကြ၏။ ဆုရှင်း ပေးသော လစဉ်လစာမှာ သူတို့စိတ်ကူးထားသည်ထက် အဆပေါင်းများစွာပိုများနေသည်။

သူတို့၏ ချန်လဲ့ရပ်ကွက်မှ သာမန်ပြည်သူများ၏ဝင်ငွေကို ထည့်သွင်းစဉ်းစားပါက စားသောက်ဆိုင်တွင်စားပွဲထိုးအဖြစ် အလုပ်လုပ်ခြင်း သို့မဟုတ် ရိုးသားသောအလုပ်သမားအဖြစ် လုပ်ကိုင်ခြင်းဖြင့် တစ်လလျှင် ငွေတစ်ကျပ်သာရရှိခြင်းကို ကောင်းသည်ဟုယူဆလို့ရပြီး မိသားစုကို ထောက်ပံ့ရန် မမှီတမှီသာရှိလေ၏။

ဂိုဏ်းဝင်များမှာ ပို၍ပင်ဆိုးရွားသေး၏။ သူတို့ထဲမှ အချို့မှာ အထင်ကြီးစရာအသွင်ရှိကြသော်လည်း အထင်မလွဲလိုက်ပါနှင့် အနိမ့်ဆုံးအဆင့်ရှိ ဂိုဏ်းဝင်များက ကြုံရာကျပန်းအလုပ်သမားများနှင့် တူညီပြီး အချို့ဆိုလျှင် ပို၍ပင်ဆိုးရွားကြ၏။

ခေါင်းဆောင်ကောင်းတစ်ဦးနောက် လိုက်ပါက ငွေ တစ်ကျပ် သို့မဟုတ် နှစ်ကျပ်ရနိုင်သော်လည်း ကံမကောင်းသူများမှာတော့ ငွေတစ်ကျပ်ပင်မရရှိနိုင်ကြချေ။

လင်းယုန်ပျံဂိုဏ်းတွင် ဂိုဏ်းချုပ်၏တိုက်ရိုက် လက်အောက်ငယ်သားများပင်လျှင် တစ်လလျှင် ငွေငါးကျပ်သာ ရရှိကြ၏။ ယခု ဆုရှင်းက သူတို့ကို တစ်ယောက်လျှင် ငွေတစ်ဆယ်ပေးမည်ဆိုရာ သူတို့ အိပ်မက်မက်နေသလားဟုပင် တွေးထင်သွားကြ၏။

"ဒါပေမဲ့။" ဆုရှင်းက သူတို့အောင်ပွဲခံလုနီးပါးဖြစ်နေသည်ကို မြင်သောအခါလေသံပြောင်းကာ ပြောလိုက်၏။ "ငါ့ငွေကိုယူရင် ငါ့စည်းမျဉ်းတွေကို လိုက်နာရမယ်။"

" ကိုယ့်ဘာသာ ရှာစားဆိုတဲ့ စကားလိုပါပဲ။ အရင်တုန်းက ပျော်ရွှင်ဖွယ်တောအုပ်ကဆိုင်တွေကို ငွေညှစ်ဖို့ မင်းတို့ဝန်လေးခဲ့မှာ မဟုတ်ဘူးမလား။ ပိုက်ဆံမပေးဘဲ စားတယ်၊ မိန်းကလေးတွေနဲ့ အိပ်ပြီး ထွက်သွားတယ်၊အဲဒီလိုမျိုးတွေ အများကြီး လုပ်ခဲ့တယ် မဟုတ်လား။"

ဆုရှင်းက အခန်းကိုဝေ့ကြည့်လိုက်ရာ ရောက်ရှိနေသော ဂိုဏ်းဝင်အများအပြားက ခေါင်းငုံ့သွားကြပြီး သူ၏အကြည့်ကို မရင်ဆိုင်ရဲကြချေ။

သူတို့ကဤကဲ့သို့သောအရာများကို အမှန်တကယ် များစွာ လုပ်ခဲ့ကြ၏။ တကယ်တမ်းပြောရလျှင် ပို၍ဆိုးရွားသောအရာများပင် ဖြစ်ပွားခဲ့ပြီး အချို့ဆိုလျှင် လစဉ်ကာကွယ်ခကောက်ခံရာတွင် အချိုးအစားအနည်းငယ်ကို တိတ်တဆိတ် အလွဲသုံးစား လုပ်ခဲ့ကြသေးသည်။

"အရင်က အဲဒီလိုလုပ်ခဲ့ရင် ငါဆုရှင်းက ဘာမှပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုဒီလိုလုပ်တာက ဘာအဓိပ္ပာယ်လဲဆိုတာ မင်းတို့သိလား။ မင်းတို့က အဲဒီဆိုင်တွေဆီကနေ ခိုးယူနေတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေကြတာ။

ပျော်ရွှင်ဖွယ်တောအုပ်က ဆိုင်တိုင်းရဲ့အမြတ်ငွေ ဆယ်ပုံတစ်ပုံက ငါတို့ဆီရောက်လာတာဖြစ်ပြီး မင်းတို့ရဲ့လစဉ်လစာကလည်း အဲဒီကနေ လာတာပဲ။

ဒီလ လစာက ငွေတစ်ဆယ်။ နောက်လ ပျော်ရွှင်ဖွယ်တောအုပ်ရဲ့ စီးပွားရေး ကောင်းရင် မင်းတို့က ဆယ့်တစ်ကျပ်၊ ဆယ့်နှစ်ကျပ် ဒါမှမဟုတ် ဆယ့်ငါးကျပ်တောင် ရနိုင်တယ်။

မင်းတို့က ဆိုင်တွေဆီကနေခိုးယူပြီး အခွင့်အရေး ယူနေတယ်လို့ထင်နေနိုင်ပေမဲ့ တကယ်တမ်းတော့ လူတိုင်းကိုဖျက်ဆီးပြီး ကိုယ့်ကိုယ်ကိုယ် အမြတ်ထုတ်နေတာပဲ။"

ပျော်ရွှင်ဖွယ်တောအုပ်ရှိ ဆိုင်များကို အခွင့်အရေး ယူခြင်းဖြင့် နောက်ဆုံးတွင်ဝင်ငွေကို ထိခိုက်စေပြီး အဆုံးတွင် သူတို့သာလျှင်နစ်နာရမည်ဖြစ်ကြောင်း ဂိုဏ်းဝင်များစွာက သဘောပေါက်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏လစဉ်လစာကလည်း ပျော်ရွှင်ဖွယ်တောအုပ်၏ စုစုပေါင်း ဝင်ငွေအပေါ် မူတည်နေသောကြောင့်ဖြစ်၏။

"ငွေကို ယူလိုက်။ပြီးရင် စည်းမျဉ်းတွေကို လိုက်နာရမယ်။ စည်းမျဉ်းချိုးဖောက်တဲ့သူတွေ ငါ ဆုရှင်း ရက်စက်တယ်လို့ အပြစ်မတင်နဲ့။"

ဆုရှင်းက ပင်မခုံသို့ပြန်သွားပြီး ထိုင်ချလိုက်ကာ လေးနက်သောလေသံဖြင့်ပြောလိုက်သည်။ "ဟွမ်ကြီးနာမည်တွေ ဖတ်လိုက်။"

ဟွမ်ပင်းချန်က ခေါင်းညိတ်လိုက်ပြီး သူ့အနောက်မှ မျက်လှည့်ပြသလိုစာအုပ်ငယ်လေးတစ်အုပ်ကို ဆွဲထုတ်ကာ စတင်ဖတ်လိုက်၏။ "ကျောက်ချန်တုန်း၊လျိုစန်း၊ချန်လော်သောက်၊ ကျန်းဟူ..."

နာမည်နှစ်ဆယ်ကျော်ကို တစ်ဟုန်တည်း ဖတ်လိုက်ရာနာမည် ခေါ်ခံရသူများမှာ ဖြူရော်သွားကြ၏။

"တစ်ယောက်ကိုအချက်နှစ်ဆယ်စီ လူတိုင်းရှေ့မှာ ရိုက်ရမယ်။" ဆုရှင်းက ပြောလိုက်၏။

ဟွမ်ပင်းချန်က လက်ဝှေ့ယမ်းလိုက်ရာ အခြား ဂိုဏ်းဝင်များက တုတ်များကို ချက်ချင်း ယူဆောင်လာကြ၏။ ဟွမ်ပင်းချန်၏ အမိန့်အောက်တွင် ရိုက်နှက်ခြင်း စတင်လေ၏။

ယခင်က ဘယ်မျှပင်ဆက်ဆံရေးကောင်းခဲ့ပါစေ ယခုခေါင်းဆောင်ဆုက စောင့်ကြည့်နေသဖြင့် သူတို့လျှော့မရိုက်ရဲကြပေ။ ရိုက်ချက်တိုင်းက ပြင်းထန်လှ၏။

အချက်နှစ်ဆယ် ရိုက်ပြီးနောက် ထိုလူနှစ်ဆယ်ကျော်မှာ ခဲယဉ်းစွာမတ်တပ်ရပ်လိုက်ကြပြီး သူတို့၏ခြေထောက်များမှာ တုန်ယင်နေ၏။

ဆုရှင်းက စားပွဲကိုခေါက်ကာ ပြောလိုက်သည်။ "ဒီနေ့ အချက်နှစ်ဆယ်ရိုက်တာက စည်းမျဉ်းတွေဆိုတာ ဘာလဲဆိုတာကို မင်းတို့မှတ်မိစေဖို့ပဲ။ အခု မင်းတို့ကို ငါမေးမယ်။ မင်းတို့ ကျေနပ်လား။ မကျေနပ်ရင်လစဉ်လစာကိုယူပြီး အခုချက်ချင်း ထွက်သွားလို့ရတယ်။ ငါ ဆုရှင်းက လုံးဝတားမှာ မဟုတ်ဘူး။"

အရိုက်ခံရသော ဂိုဏ်းဝင်နှစ်ဆယ်ကျော်က အလျင်အမြန် ခေါင်းယမ်းလိုက်ကြ၏။

*လစဉ်လစာငွေတစ်ဆယ်ရတာကို.ထွက်သွားချင်တဲ့သူက အရူးပဲ။*

"ကောင်းပြီ။ အခုတစ်ယောက်ချင်းစီလာပြီး လစဉ်လစာယူကြ။ အရိုက်ခံရတဲ့ ညီအစ်ကိုနှစ်ဆယ်ကျော်က ဆေးဖိုးအဖြစ် နောက်ထပ်ငွေနှစ်ကျပ်စီ ရလိမ့်မယ်။"

ဆုရှင်း ဤသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အရိုက်ခံရသော ဂိုဏ်းဝင် နှစ်ဆယ်ကျော်၏ နှလုံးသားထဲရှိ နောက်ဆုံးနာကြည်းမှု အရိပ်အယောင်လေးမှာလည်း လေထဲသို့ လွင့်ပျောက်သွားခဲ့၏။

ထို့အပြင် နာကြည်းမှုမရှိရုံသာမက သူတို့အလွန် စိတ်ထဲထိမိသွားကြသည်။ ရှင်းလင်းသော ဆုကြေးနှင့် ပြစ်ဒဏ်...ဤအရာက တကယ်ကို ခေါင်းဆောင်ကောင်းပင်။

ယခင်က သေးသိမ်ပြီးမောက်မာသည့် ဓားသုံးလက်လျိုနှင့် မတူပေ။ ထိုသူက မည်မျှမထိပင် အသုံးမကျလိုက်သနည်း။

လူအုပ်ထဲတွင်ရပ်နေသော ကျစ်ကန်းက ဆုရှင်းကို ဇဝေဇဝါဖြစ်နေသောအကြည့်ဖြင့် ကြည့်လိုက်၏။

*ဒီလူငယ်ကို သူပိုပိုပြီး နားမလည်နိုင်တော့ဘူး။ သူက ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတာကို ဘယ်လိုလုပ်ပြီး ဒီလောက်ပါးနပ်တဲ့ နည်းဗျူဟာတွေ ရှိနေရတာလဲ*

ထိုအချိန်တွင် ဆုရှင်းက ငွေတစ်ရာတန်ငွေစက္ကူ နှစ်ရွက်ကိုယူကာ ကျစ်ကန်းနှင့် လီဟွိုင်တို့ထံ လာပြီး ကမ်းပေးလိုက်၏။

"လူကြီးမင်းတို့ရဲ့လစဉ်လစာက သာမန်ဂိုဏ်းဝင်တွေနဲ့ ယှဉ်လို့မရတာ သဘာဝပါပဲ။ ဒါက လူကြီးမင်းတို့ ရထိုက်တဲ့ အရာပါ။"

"ဒါဆိုရင်ကျေးဇူးတင်ပါတယ်၊ ခေါင်းဆောင်ဆု"

ကျစ်ကန်းက ရယ်မောပြီးငွေစက္ကူများကို လက်ခံလိုက်သော်လည်း လီဟွိုင်ကပြောလိုက်၏။ "အကျိုးပြုမှုမရှိဘဲနဲ့ ဆုကြေးကို ကျွန်တော် လက်မခံနိုင်ပါဘူး။"

တတိယသခင်ကြီးဟူ သူတို့ကိုစေလွှတ်ခဲ့ရခြင်း၏ အဓိကအကြောင်းရင်းမှာ ပျော်ရွှင်ဖွယ်တောအုပ်ရှိ အခြေအနေကိုတည်ငြိမ်စေရန် ဆုရှင်းကိုကူညီရန်ဖြစ်သည်။

မမျှော်လင့်ဘဲ ဆုရှင်း၏နည်းလမ်းများက အလွန် အားကောင်းနေခဲ့၏။ သူ၏ကြင်နာမှုနှင့် အာဏာ ပေါင်းစပ်မှုအောက်တွင် ပျော်ရွှင်ဖွယ်တောအုပ်ရှိ ဆိုင်ပိုင်ရှင်များနှင့် သူ၏လက်အောက်ခံ ဂိုဏ်းဝင်များအားလုံးမှာ ဆုရှင်းအား လုံးဝနာခံနေကြပြီဖြစ်သည်။

တတိယသခင်ကြီးဟူ၏ ထိပ်တန်း လက်အောက်ခံသူများဖြစ်ကြသော သူတို့နှစ်ဦးမှာ သူတို့ကိုယ်သူတို့ အသုံးမဝင်သလိုခံစားနေရ၏။

"အကျိုးပြုမှု ရှိမရှိဆိုတာကို ငါဆုရှင်းက ဆုံးဖြတ်မှာပါ။ဒီငွေက လူကြီးမင်းတို့ ရထိုက်တဲ့ အရာပါ။"

ဆုရှင်းက ငွေစက္ကူများကို လီဟွိုင်၏ လက်ထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်၏။ ဤတစ်ကြိမ်တွင် လီဟွိုင်က မငြင်းဆန်တော့ဘဲ သူ၏သဘောထားမှာ ဆုရှင်းနှင့် ပထမဆုံး တွေ့ဆုံစဉ်ကလောက် ရန်လိုခြင်း မရှိတော့ချေ။

မည်သို့ပင်ဆိုစေကာမူ လီဟွိုင်က မည်မျှပင် မောက်မာစေကာမူ သူစားသောက်ရန် လိုအပ်သေး၏။

တတိယသခင်ကြီးဟူ၏ လက်အောက်တွင် သူ၏ အဆင့်အတန်းကြောင့် သူ၏လစဉ်လစာမှာ ငွေတစ်ဆယ်ကျော်ရှိပြီး အကယ်၍ သူကအကျိုးပြုမှု တစ်ခုခုလုပ်ဆောင်ပါက ဆုကြေးအဖြစ် ငွေဆယ်ဂဏန်းခန့် ရရှိပါလိမ့်မည်။

သို့သော် ယခုဘာမှမလုပ်ဘဲ ငွေတစ်ရာရရှိခြင်းမှာ သူ တစ်ခါမှ မကြုံဖူးသောအရာပင်။

ငွေတစ်ထောင်ကျော်ဖြင့် လူတိုင်း၏သစ္စာစောင့်သိမှုကို အနိုင်ယူခြင်းက ဤအချိန်တွင် ဆုရှင်းအတွက် အလွန်ကုန်ကျစရိတ် သက်သာပါသည်။

သူ၏အတွေ့အကြုံများကြောင့် ရက်စက်ရုံသက်သက်ဖြင့် မလုံလောက်ပေ။

ထို့ကြောင့် သူက ရက်ရောရန်လည်းလိုအပ်၏။ အနည်းဆုံးသူကမ်းလှမ်းသော လစဉ်လစာက လင်းယုန်ပျံဂိုဏ်းတစ်ခုလုံးရှိ မည်သည့် ခေါင်းဆောင်ကြီးမဆို ပေးနိုင်သည့် ပမာဏထက် သာလွန်နေပေသည်။

ပျော်ရွှင်ဖွယ်တောအုပ်က သီချင်းသံ၊ကခုန်မှုများဖြင့် ပြည့်နှက်နေသော်လည်း အချို့လူများကမူ သိပ်မကျေနပ်ကြချေ။

ထိုလူများက မိုးပြာဝါးဂိုဏ်းမှ ဖြစ်ကြလေ၏။

All Chapters