လက်သီးတစ်ချက်ဖြင့် သတ်ပစ်ခြင်း
Vol. 81-85 Ch. 1222
စကားလေးတစ်ခွန်းက ဖျင်အန်းမြို့မှ လူများအားလုံးကို စိတ်ရောကိုယ်ပါ တုန်လှုပ် သွားစေသည်။ ယဲ့ဖန်က သူတို့၏ ရန်သူများ မည်သို့ အသတ်ခံရမလဲဆိုသည်ကို သူတို့အား စောင့်ကြည့်နေစေလိုခြင်း ဖြစ်ကြောင်း သူတို့ ရိပ်မိလိုက်သည်။
ဖျင်အန်းမြို့၏ တန်ပြန်တိုက်စစ် စတင်ပေတော့မည်။ ယဲ့ဘုရင်၏ လက်စားစေခြင်း ဖြစ်ပေါ်လာပေတော့မည်။
“မြန်မြန် မင်းဖုန်းကို ထုတ်လိုက်”
“အားသွင်းကြိုး၊ ပါဝါဘန့်၊ မြန်မြန်လုပ်ကြပါဟ”
လူအုပ်ကြီးသည် ချက်ချင်း သူတို့၏ ဖုန်းများကိုဖွင့်၍ အဓိက တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရမ်များကို ဖွင့်၍ စောင့်နေကြသည်။
နတ်ဆိုးဘုရင် ဒေါသထွက်လာသဖြင့် မိုင်ပေါင်းများစွာတွင်း၌ သွေးချောင်းစီး၍ အလောင်းများ တောင်လိုပုံ လာတော့မည်။
ဖျင်အန်းတစ်မြို့လုံးက ယဲ့ဘုရင်၏ သားသတ်ကွင်းဖြစ်လာပြီး ဤသို့ ခြေချလာသူတိုင်း သေရတော့မည် ဖြစ်ကြောင်း သူတို့ သိနေကြသည်။
……
ထိုအခိုက်တွင် နဂါးမြို့တော်၏ အဓိကဖိုရမ်များ၌ ယဲ့ဖန်ကို ပုတ်ခတ်စော်ကားသည့် ပိုစ့်များနှင့် မှတ်ချက်များ ပလူပျံနေ၏။
“ငကြောက် ယဲ့ဘုရင်”
“သွေးကြောင်တဲ့ကြွက်”
ထိုသို့သော စကားမျိုး မကြာခဏ ပေါ်ပေါ်လာသည်။
“ယဲ့ဘုရင် မင်းက ဖျင်အန်းမြို့ရဲ့ စောင့်ရှောက်သူ မဟုတ်ဘူးလား၊ မင်းလူတွေ တစ်ထောင်ကျော် သေကြေဒဏ်ရာ ရနေတာကို၊ မင်းက အခုထိ ပေါ်မလာသေးဘူးလား၊ မင်း ထွက်ပြေးသွားပြီလား၊ ယဲ့မိသားစုကို ပြဿနာရှာပြီးမှ အခုမှ လိပ်လို ဝပ်နေရလား”
“မင်း အစက သိပ်မောက်မာပြနေတာလေ၊ မင်းကများ ငါ့ယဲ့မိသားစုကို မလေးမစား လုပ်ခဲ့ပြီးတော့ အခု မင်း ဘယ်လိုလဲ၊ မင်း ပေါ်မလာရဲဘူးလား”
“မင်း ဦးထုပ်စိမ်းလေး ဆောင်းပြီးတော့တောင် ပေါ်မလာရဲဘူးလား၊ ကျစ်ကျစ်ကျစ် … ယဲ့ဘုရင်ရဲ့ သည်းခံနိုင်စွမ်းက သာမန်လူတွေနဲ့ တကယ် မတူတာပဲ၊ သူ့မိန်းမနဲ့ သမီးတွေကို စော်ကားတဲ့အချိန်ကျရင် ယဲ့ဘုရင် ပြန်ကြည့်နိုင်အောင် ဓာတ်ပုံလေး ဘာလေး ရိုက်ထားဦးဗျို့”
ထိုသို့ စော်ကားသော ပို့စ်များသည် နဂါးမြို့တော်၏ ဖိုရမ်များ၌ ရေပန်းစားနေပြီး နောက်ပိုင်းတွင် ထိန်းချုပ်မရ သည်အထိ ဖြစ်လာလေ၏။
တစ်နေ့အတွင်း ကျုံးကျိုးအင်ပါယာ၏ သတင်းခေါင်းစဉ်များပင် ဖြစ်လာကြသည်။ သတင်းခေါင်းစဉ်မှာ “ယဲ့ဘုရင် ငကြောက်” ဖြစ်လေသည်။
“၁၃၀၂၅ …”
“၁၃၀၂၆ …”
ထိုစဉ် ယင်အဆိပ်အလောင်းဘုရင်က လူသတ်စက်သဖွယ် ဟွမ်ချမ်၏ အပြစ်မဲ့သော အသက်များကို နုတ်ယူနေသည်။ လူတစ်ချို့က အမှောင်ထဲ၌ ပုန်းနေပြီး ခိုး၍ မှတ်တမ်းတင်ကာ အသတ်ခံရသည့် အပြစ်ကင်းသော လူအရေအတွက်ကို ရေတွက်နေကြပြီး ဤတိုက်ရိုက် ထုတ်လွှင့်မှုကို အဓိကဖိုရိမ်များပေါ် တင်နေကြသည်။
“ယင်အဆိပ်အလောင်းကောင်ဘုရင်က သန်မာပြီး ဖိနှိပ်လွန်းတယ်၊ သူက ပြိုင်ဘက်ကင်းတာပဲ၊ ဖျင်အန်းမြို့က လမ်းဘေးခွေးလိုကောင်တွေကို အေးအေးလူလူ သတ်နေတာ၊ လုပ်လိုက်စမ်းပါ၊ သူတို့အားလုံးကို သတ်ပစ်လိုက်၊ ယဲ့ဘုရင် ပေါ်လာအောင် ဖိအားပေးပစ်”
“ကောင်းကောင်းကြီး ကစာားပစ်လိုက်၊ ယင်အဆိပ် အလောင်းကောင်ဘုရင်က လူနှစ်သောင်းအထိ သတ်ပြီးရင် ဘယ်လောက် ကြာကြာ သတ်ဦးမလဲ သိချင်လိုက်တာ”
“ယဲ့ဘုရင် မင်း မြင်ပြီလား၊ ဒါကမှ တကယ့် သိုင်းပညာရှင်ပဲ၊ မင်းလို မျိုးမစစ်ကောင် ယှဉ်နိုင်မယ့် အရာမျိုး မဟုတ်ဘူး၊ မင်းက ယဲ့ခွေးလို့ပဲ ခေါ်ထိုက်တဲ့ကောင်”
နဂါးမြို့တော်မှ လူတိုင်း အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ ထိုနေရာသို့ ယဲ့ဖန် ရောက်လာသောအခါ သူ့မျက်လုံးများက မီးဝင်းဝင်းတောက်လာပြီး ဒေါသက ထိန်းမရတော့ချေ။
“ကောင်းတယ် သိပ်ကောင်းတယ်”
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ့နယ်မြေမှ သူ့လူများကို ဟင်းသီးဟင်းရွက်သဖွယ် ခုတ်သတ်ပြီး အပျော်အဖြစ် တိုက်ရိုက် သတင်း ထုတ်လွှင့်လိုက်သေးသည်။
*ကောင်းတယ်*
*ယဲ့ဖန် သူတို့အားလုံးကို သတ်ပစ်တော့မယ်*
ယဲ့ဖန်သည် အပိုစကားများ ပြောမနေဘဲ ရှေ့သို့ဆက်တက်လေသည်။ ထို့နောက် သူသည် ဖျတ်ခနဲ လှုပ်ရှား၍ ယင်အဆိပ် အလောင်းကောင်ဘုရင်ရှိရာ အရပ်သို့ လှမ်းသွားသည်။
စစ်ပွဲ စတင်တော့မည်ဖြစ်ကြောင်း ဖန့်ယွင်း ရိပ်စားမိလိုက်ပြီး နောက်မှ စိတ်လှုပ်ရှားစွာ လိုက်သွားပြီး တစ်ချိန်တည်းမှာပင် ကင်မရာကိုဖွင့်၍ တိုက်ရိုက် ထုတ်လွှင့်ရန် ပြင်လေသည်။
“ဟေ့ ဟေ့ မင်း ဘာလုပ်နေတာလဲ၊ ငါတို့ ယင်အဆိပ် အလောင်းဘုရင် အလုပ်များနေတာ မမြင်ဘူးလား၊ မင်း မမြင်မကန်းနဲ့ ဘာလာလုပ်တာလဲ”
ထိုစဉ် ယူနီဖောင်းနှင့် လူတစ်စုက ယဲ့ဖန်ကို တားဆီးလာသည်။ ယဲ့ဖန်က သူ့မြို့မှ လူများဟု မယုံကြည်ပါ။ အဘယ်ကြောင့်ဆိုသော် ဖျင်အန်းမြို့မှ လူများသည် အသက်ရှင်ရန်အတွက် ထွက်ပြေးရင်း အလုပ်များနေ သောကြောင့်ပင်။ ထိုသို့သောလူများက ဘယ်လိုလုပ် အခြားသူများကို တားဆီးရန် အချိန်ရမည်နည်း။
“မင်းတို့က ဘယ်သူလဲ”
ယဲ့ဖန် မျက်မှောင်ကြုတ်၍ သေချာစူးစိုက်ကြည့်လိုက်သည်။
“ငါတို့လား ဓားငယ်ဂိုဏ်းကလေ၊ အခုတော့ ငါတို့က အရှင် အလောင်းဘုရင်ရဲ့ ရှေ့ပြေးတပ်၊ သူ ထည်ထည်ဝါဝါ လူသတ်တာကို ရိုက်ကူးပြီး တစ်လောကလုံးကလူတွေ ကြည့်ပြီး လေးစားလာအောင် တင်ပေးဖို့ တာဝန်ယူ ပေးရတဲ့ လူတွေ”
တစ်ယောက်က ဂုဏ်ယူစွာ ပြောလာသည်။
“ဓားငယ်ဂိုဏ်းလား၊ ဒီလိုကိုး”
ယဲ့ဖန်က ထူးဆန်းသော အပြုံးမျိုးနှင့် ခေါင်းညိတ်လိုက်သည်။ အဆင့်ကိုး အင်အားစုသာ ဖြစ်သော ထိုဂိုဏ်းလေးက လတ်တလော သူ့အား ပုတ်ခတ်စော်ကားခဲ့သည်ကို မှတ်မိသွားသလိုပင်။
“မင်း သိပြီဆိုရင် မြန်မြန် ထွက်သွားစမ်း၊ ဝင်မရှုပ်နဲ့”
ဓားငယ်ဂိုဏ်းမှ လူပြိန်းများက ယဲ့ဖန်ကို အန္တရာယ်ပေးလိုသော အကြည့်များဖြင့် ကြည့်လာသည်။ ဖန့်ယွင် ဒေါသထွက်ပြီး ရှေ့တက်လိုက်မိသည်။
“အရှင် ကျွန်တော့်ကို ဒီအမှိုက်ကောင်တွေအားလုံးကို ရှင်းခွင့်ပေးပါ”
“ဟိုးဟိုး … မင်း လုပ်ရဲလား၊ ငါတို့ကို မထီမဲ့မြင် ပြုတာက အရှင် အဆိပ်ဘုရင်ကို စော်ကားတာနဲ့ အတူတူပဲကွ၊ မင်းမှာ အရည်အချင်း ရှိရင် စမ်းကြည့်လိုက်လေ”
ဂိုဏ်းခေါင်းဆောင်က ပိန်ပါးပါးနှင့် မျောက်မျက်နှာပုံပေါက်သော လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏ အပြုအမူက အထက်စီးဆန်ကာ မောက်မာလွန်းသည်။
သူ့စိတ်ထဲတွင် ယင်အဆိပ် အလောင်းဘုရင်၏ နာမည်ကိုသာ အကာအကွယ်လုပ်၍ သုံးလျင် ကျုံးကျိုး အင်ပါယာ တစ်ခုလုံး၌ သူတို့ နေချင်သလို နေလို့ရပြီဟု ထင်နေ၏။
“မင်း လှုပ်ရှားရင် အချိန်ဖြုန်းနေတာပဲ ရှိမယ်၊ ငါပဲ လုပ်လိုက်မယ်”
ယဲ့ဖန်က ဂရုမစိုက်စွာ ပြောလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
“သောက်ကောင် မင်းကများ ငါတို့ကို အထင်သေးရဲတယ်လား၊ လာကြစမ်း၊ သူ့ကို ဓားငယ်ဂိုဏ်းက ဘယ်လောက် သန်မာလဲ ပြလိုက်ရအောင်”
မျောက်မျက်နှာနှင့် ပိန်ပါးပါးလူက အော်ဟစ်ကာ အမိန့်ပေးလိုက်သဖြင့် လူတိုင်း ပြေးတက်လာသည်။ သူ့လက်ထဲမှ ဓားအား ယဲ့ဖန်ထံသို့ အားကုန်လွှဲယမ်းလာ၏။ သူတို့၏ ပြင်းထန်သော စွမ်းအင်က ယဲ့ဖန်ကို လွှမ်းမိုးလာပြီး ယဲ့ဖန်အပေါ် နုတ်နုတ်စင်းရန် ကြံစည်နေကြသည်။
ယဲ့ဖန် ပြန်တုံ့ပြန်သည့် လုပ်ရန်က ထိတ်လန့်စရာ ကောင်းလှသည်။
“ဝုန်း”
သူ ခြေတစ်ဖက်သာ ဆောင့်လိုက်ပြီးနောက် ခန္ဓာကိုယ်မှ သူမတူသော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာပြီး ငရဲမှ ကြမ်းကြုတ်ရက်စက်သော နတ်ဆိုး တစ်ကောင် ထွက်လာသလိုပင်။
“မဟုတ်သေးဘူး၊ နောက်ဆုတ်ကြ”
ထိုအခါ မျောက်မျက်နှာနှင့် ပိန်ပါးပါးလူက ဤစွမ်းအင်က အလွန် ကြောက်စရာကောင်းသည်ကို သတိပြုမိပြီး ၎င်းက သူတို့ ခုခံနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ကြောင်း ရိပ်စားမိသည်။ သူတို့သာ နောက်မဆုတ်ပါက သေသွား လောက်သည်။ သို့သော်လည်း အချိန်နှောင်းသွားလေပြီ။
ရှေ့သို့ ပြေးတက်လာသည့် လူတစ်စုသည် ရုတ်တရက် တောင့်ခနဲ ဖြစ်သွားပြီး နေရာမှာတင် မလှုပ်မယှက် ဖြစ်သွားကြသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များသည် တဖြည်းဖြည်း အက်ကွဲလာပြီး ပြာမှုန့်အသွင် ပြောင်းကာ လေနှင့်အတူ မျောလွင့်သွားလေတော့သည်။
“မင်း ဘာလုပ်လိုက်တာလဲ”
သူတို့အားလုံး မသေခင် အလန့်တကြား အော်ဟစ်မေးမြန်းကြသည်။ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ထိုသို့ ဖြစ်သွားကြသဖြင့် လူပေါင်း ဒါဇင်ချီ၍ သေသွားသည်။ အစမှအဆုံးတိုင် ယဲ့ဖန်က ခြေသာဆောင့်ခဲ့သည်။
“မင်းက ဘယ်သူလဲ”
ပိန်ပါးပါး မျောက်မျက်နှာနှင့်လူက ခက်ခက်ခဲခဲ ပြန်မေးလိုက်သည်။ သူ့မျက်နှာ အသားအရေက လုံးဝ ခြောက်သွေ့ အက်ကွဲလာ၏။ သူ သေဆုံးရန် သိပ်မလိုတော့ချေ။ သူ့မျက်လုံးတွင် ကြောက်လန့်၍ မယုံသင်္ကာဟန်များ ပြည့်နှက်နေသည်။ ဤနည်းလမ်းက ချွန်းယန်အဆင့်တစ်ယောက် လုပ်နိုင်စွမ်းထက် ကျော်လွန်နေ၏။
“ယဲ့ဘုရင်”
ယဲ့ဖန်က ယခင်အတိုင်း အရေးမစိုက်ဟန်ဖြင့် ခပ်အေးအေး ပြောလိုက်သည်။ သူ့ပုံစံက အရေးမပါသော လူကို ကြည့်နေသလိုပင်။
“မင်းလား၊ မင်း ထွက်ပြေးသွားတာ မဟုတ်ဘူးလား”
မျောက်မျက်နှာနှင့် ပိန်ပါးပါးလူက မျက်လုံးပြူးကျယ်သွားပြီး အံ့အားသင့်သွားသည်။
“ငါက ထွက်ပြေးဖို့ လိုလို့လား”
ယဲ့ဖန် အရေးမစိုက်ဘဲ ပြောလိုက်သည်။ သူ့မေးခွန်းက မျောက်မျက်နှာနှင့် ပိန်ပါးပါးလူကို မှင်တက်သွားစေသည်။ ထို့နောက် သူ မချိပြုံး ပြုံးလိုက်မိသည်။
*ဟုတ်သားပဲ၊ သူ့ခွန်အားနဲ့ဆို ဘာလို့ ထွက်ပြေးရမှာလဲ*
*ယင်အဆိပ် အလောင်းဘုရင်တောင်မှ ယဲ့ဖန် လုပ်လိုက်တဲ့ ထူးဆန်းတဲ့ နည်းလမ်းကို လုပ်နိုင်တာ မဟုတ်ဘူး*
“ငါ နောင်တရတယ်”
မျောက်မျက်နှာနှင့် ပိန်ပါးပါးလူ အော်ဟစ်လိုက်မိသည်။ အစ၌ သူသည် ဘာမဟုတ်သောလူကို သတ်ပစ်မည်ဟု တွေးမိခဲ့သော်လည်း ထိုလူက သူ ရန်မစသင့်သည့် လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပါ။
သူ လုံးဝကို ရန်မစသင့်သည့် အချို့သောအရာများ လောက၌ ရှိပါသည်။ သို့သော် သူ အသိနောက်ကျသွားလေပြီ။ ထိုအခိုက်မှာပင် သူ၏ခန္ဓာကိုယ် အက်ကွဲကာ ပျောက်ကွယ်သွားတော့သည်။
ဓားငယ်ဂိုဏ်း ပျက်စီးသွားလေတော့သည်။ ယဲ့ဖန်က သူတို့အား ဆက်မကြည့်တော့ဘဲ ဖန်ဆင်းရှင်တစ်ပါးသဖွယ် ရှေ့သို့ ဆက်လျှောက်သွားပြီး ကောင်းကင်ယံ၌ ရှိနေသော ယင်အဆိပ် အလောင်းဘုရင်ထံသို့ လှမ်းသွား လေသည်။
ထိုအခိုက်တွင် ကင်မရာများအားလုံးနီးပါးက တအံ့တဩနှင့် ယဲ့ဖန်ကို ချိန်ရွယ်၍ လိုက်ရိုက်ကြသည်။ ဤနေရာ၌ နောက်ထပ် လူတစ်ယောက် ဘာကြောင့် ရုတ်တရက် ပေါ်လာသလဲ မသိကြချေ။
“ဟမ်”
ယင်အဆိပ် အလောင်းဘုရင်သည်လည်း အသာ ခေါင်းငဲ့ကြည့်လိုက်သောအခါ လူငယ်လေးတစ်ယောက်က သူ့နား လှမ်းလာနေသည်ကို မြင်ပြီး အထင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“ဟေ့ကောင် မင်းက ဘယ်သူလဲ”
မောက်မာကာ အထက်စီးဆန်လှပေ၏။ ယင်အဆိပ် အလောင်းဘုရင်၏ မျက်လုံးထဲတွင် ယဲ့ဖန်ကဲ့သို့ ပုရွက်ဆိတ်လေးက သူ့ကို စကားလာပြောရန် မထိုက်တန်ဟု မြင်နေလေသည်။
“မင်းကို သတ်မယ့်လူ”
ယဲ့ဖန် အေးအေးလူလူ ပြောလိုက်သည်။ သို့သော် ထိုစကား၌ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်များ ပါဝင်နေသည်။
ထိုစကားကြောင့် တိုက်ရိုက် ထုတ်လွှင့်နေသော ဖိုရမ်များ၌ အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။ လူတိုင်း ကြက်သေ သေသွားလေသည်။
*ဒီလူငယ်လေးက ဘယ်က ပေါ်လာတာလဲ၊ သူက စတွေ့တာနဲ့ ယင်အဆိပ် အလောင်းဘုရင်ကို သတ်မယ်လို့တောင် ပြောနေသေးတယ်*
*ဘဝင်မြင့်တယ်*
*ရူးနေတာ*
“မင်းက ဘယ်လိုကောင်မို့လို့လဲ၊ ဘာမို့လို့ ငါတို့ အလောင်းဘုရင်ကို ဒီလို ပြောရဲတာလဲ”
“ဒါမျိုးက ယဲ့ဘုရင်ကို သွားပြောရင်တောင် သူ့ကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး၊ မင်းက ဒီလို ပြောရဲနေမှတော့ သေသင့်တယ်”
“အရူး မင်းက ယဲ့ဘုရင်အတွက် ရပ်တည်ပေးချင်တာလား၊ မင်းလို အရူးတွေကို ငါတို့ အလောင်းဘုရင်က အနည်းဆုံး အယောက်တစ်ရာလောက် သတ်ပြီးနေပြီ၊ အဲ့လူတိုင်းက ယဲ့ဖန်ဘက်က ဝင်ကာခဲ့တဲ့ လူတွေပဲ”
“ယဲ့ဘုရင်က အတိတ်က အရာဖြစ်သွားပြီ၊ မင်း ဉာဏ်ကောင်းတယ်ဆိုရင် ငါတို့ အလောင်းဘုရင်ရှေ့မှာ ဒူးထောက်လိုက်၊ အဲ့ဒါဆို သူ အသက်ချမ်းသာချင် ချမ်းသာပေးမှာ”
အောက်ဘက်မှ ယင်အဆိပ် အလောင်းဘုရင်၏ နောက်လိုက် တစ်ယောက်ပြီး တစ်ယောက်က မထီမဲ့မြင် မျက်နှာထားများဖြင့် ပြောလာ၏။ ယဲ့ဖန်အား သေခါနီးလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
“ဟေ့ကောင် ဒီလိုစကားပြောတာ မင်း ပထမဆုံး မဟုတ်ဘူး၊ သူတို့အားလုံး ဒီလို အဆုံးသတ်သွားတာပဲ”
ယင်အဆိပ် အလောင်းဘုရင်က သူ့အနောက်ကို လက်မဖြင့် ညွှန်ပြလေသည်။ သူ့အနောက်၌ နဖူးတွင် အဆောင်စာရွက် ကပ်ထားသည့် ဖြူဖပ်ဖြူရော် မျက်နှာများနှင့် အလောင်းကောင်များ ရှိနေသည်။ သန့်စင်ထားသော အလောင်းကောင်များမှန်း သိသာလှသည်။ ယဲ့ဖန်အတွက် သူ့ကို စိန်လာခေါ်သည့် သိုင်းပညာရှင် အားလုံးကို ဤသို့ဖြစ်အောင် သူ ပြောင်းလဲခဲ့သည်။
“မင်း သေလို့ရပြီ”
ထိုအလောင်းကောင်များကို မြင်ပြီးနောက် ယဲ့ဖန်သည် အပိုစကားများ ထပ်မပြောတော့ဘဲ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ ထိုလက်သီးသည် အားပင်မပါဟုပင် ပြော၍ရနိုင်လောက်အောင် ပေါ့ပါးလွန်းလှသည်။ သို့သော် ထိုလက်သီးကြောင့် ယင်အဆိပ် အလောင်းဘုရင် ကြက်သီးထသွားသည်။
ကြောက်စရာကောင်းသော ပြိုင်ဘက်နှင့် သူ ရင်ဆိုင်နေရကြောင်း ရိပ်မိလိုက်သည်။ ယဲ့ဖန်၏ လက်သီးချက်က သာမန် ဖြစ်လွန်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အလွန် အားပါလွန်းလှသည်။ ထိုလက်သီး၌ စွမ်းအင်များစွာ ပါဝင်နေ၏။ ထို့ကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်။
“ဝုန်း”
ယှဉ်မရနိုင်သော လက်သီးချက်က ယင်အဆိပ် အလောင်းဘုရင်၏ ကိုယ်ပေါ်သို့ အားဖြင့် ကျရောက်လာ၏။
“ဂျွတ်”
အက်ကွဲသံနှင့်အတူ ဝမ်းခေါင်းသံဖြင့် အော်ဟစ်လာသော အသံတစ်သံက ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားပြီး လူတိုင်း အမူအရာ ပြောင်းလဲသွားကြသည်။
“ဟားဟားဟား … မင်းတို့ အဲ့ကောင်ရဲ့ အော်သံကို ကြားလိုက်လား”
“ငါ ကြားတယ်၊ တော်တော်ဆိုးတာပဲ၊ ဒါ ငါတို့ ယင်အဆိပ် အလောင်းဘုရင်ကို ရန်စတဲ့ အဆုံးသတ်ပဲလေ”
“ဘာမဟုတ်တဲ့ ပုရွက်ဆိတ်ကများ ပြဿနာ လာရှာရတယ်လို့ ဟာသပဲ”
လူတိုင်း သရော်နေကြသော်လည်း မျက်စိရှေ့မှ မြင်ကွင်းကို သေချာမြင်လိုက်သောအခါ ချက်ချင်း ကြောက်စိတ် ဝင်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ယင်အဆိပ် အလောင်းဘုရင်နား ကပ်သွားပြီး သူ့လည်ပင်းအား လိမ်ချိုးလိုက်သည်ကို မြင်လိုက်ရသောကြောင့်ပင်။