အခန်း ၁၄
Vol. 2 Ch. 14
အခန်း (၁၄) ခက်ခဲသော အခြေအနေ
ချန်နင်စီရင်စုရှိ ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့တွင် မိုးပြာဝါးဂိုဏ်းနှင့် လင်းယုန်ပျံဂိုဏ်းတို့က အားအနည်းဆုံးနှစ်ခုဖြစ်ပြီး ထိုဂိုဏ်းနှစ်ခုမှာ အင်အားမျှတကြသည်။
မိုးပြာဝါးဂိုဏ်းက ပျော်ရွှင်ဖွယ်တောအုပ်တွင် တိုက်ပွဲရှုံးနိမ့်ခဲ့သော်လည်း တကယ်တမ်းတွင် သူတို့၏လူအများအပြား မဆုံးရှုံးခဲ့ပေ။ ပျော်ရွှင်ဖွယ်တောအုပ်ကို သူတို့က သဘောဆန္ဒအလျောက် စွန့်လွှတ်လိုက်သည်ဟုပင် ဆိုနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ပျော်ရွှင်ဖွယ်တောအုပ်က ယခင်က အမြတ်အစွန်းမရှိခဲ့ပေ။ လစဉ်ကာကွယ်ကြေး ငွေလေးငါးရာမှာ တစ်လအတွင်း သူတို့ ကောက်ခံနိုင်သောအများဆုံး ပမာဏဖြစ်သည်။
ဤကဲ့သို့သော နေရာတစ်ခုအတွက် လင်းယုန်ပျံဂိုဏ်းနှင့် အဘယ်ကြောင့် ငြင်းခုန်တိုက်ခိုက်ရမည်နည်း။
ထို့ကြောင့် တိုက်ပွဲတစ်ကြိမ်အပြီးတွင် မိုးပြာဝါးဂိုဏ်းက ပျော်ရွှင်ဖွယ်တောအုပ်ကို စွန့်လွှတ်လိုက်ပြီး ချန်လဲ့ရပ်ကွက်နှင့် ကပ်လျက်ရှိသော ယုံလဲ့ရပ်ကွက်သို့ တိုက်ရိုက်ဆုတ်ခွာသွားခဲ့၏။
သို့သော် ယခုပျော်ရွှင်ဖွယ်တောအုပ်က ဆုရှင်း၏ထိန်းချုပ်မှုအောက်တွင် ဖွံ့ဖြိုးတိုးတက်နေသည်ကို မြင်တွေ့ရပြီး ၎င်း၏လစဉ် အမြတ်ငွေ ဝေစုမှာ ငွေတစ်သိန်းနီးပါးရှိကြောင်း ကြားသိရသောအခါ မိုးပြာဝါးဂိုဏ်းကပို၍ပင် မနာလိုဖြစ်လာပါသည်။
အထူးသဖြင့် ယခင်က ပျော်ရွှင်ဖွယ်တောအုပ်ကို တာဝန်ယူခဲ့သော ခေါင်းဆောင်ကျန်းဟုန်က ဒေါသကြောင့်ထိုနေရာတွင်ပင် သွေးအန်မတတ် ဖြစ်သွားခဲ့၏။
ပျော်ရွှင်ဖွယ်တောအုပ်တွင် ရှိစဉ်က သူရ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ အထက်လူကြီးများကို ပေးဆောင်ပြီး အောက်လက်ငယ်သားများကို ငွေခွဲဝေပေးပြီးနောက် သူကောက်ခံရရှိထားသော လစဉ်ကာကွယ်ကြေးများမှ သူ့အတွက်ငွေများများစားစား မကျန်တော့ပေ။
သို့သော် လင်းယုန်ပျံဂိုဏ်းမှ ကောင်များရောက်လာသည်နှင့် တစ်ပြိုင်နက် ပျော်ရွှင်ဖွယ်တောအုပ်က ရွှေတွင်းတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ဤအရာက မိုးပြာဝါးဂိုဏ်းအတွင်းရှိ လူအများအပြားကို ကျန်းဟုန်အားရွှေခွက်ဖြင့် တောင်းစားနေသည်ဟု တိတ်တဆိတ် လှောင်ပြောင်စေခဲ့၏။
ထို့အပြင် ပျော်ရွှင်ဖွယ်တောအုပ်မှ ဆုတ်ခွာပြီးနောက် ခေါင်းဆောင်ကြီးတိုင်ချုံးက သူ့ကိုပျော်ရွှင်ဖွယ်တောအုပ်နှင့် ကပ်လျက်ရှိသော လမ်းလေးတစ်လမ်းကိုသာစီမံခန့်ခွဲရန်ပေးခဲ့ပြီး ထိုနေရာတွင် ဆိုင်ခန်း ဒါဇင်ပေါင်းများစွာသာရှိရာ ပျော်ရွှင်ဖွယ်တောအုပ်ထက်ပင် ပိုဆိုးနေသည်။
ထိုညက ကျန်းဟုန်က ဗိုက်ဝပြီးကျေနပ်နေကာ သူ၏လက်အောက်ငယ်သား အနည်းငယ်နှင့် လမ်းပေါ်တွင် ကင်းလှည့်နေခဲ့၏။ သူ မော့ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်ရှိ ပျော်ရွှင်ဖွယ်တောအုပ်၏ လင်းထိန်နေသောမြင်ကွင်းကို မြင်လိုက်ရသဖြင့် သူ့ကို ပို၍ပင်နာကြည်းစေသည်။
"ဟ.ငါလချေးပဲကွာ။ ငါပျော်ရွှင်ဖွယ်တောအုပ်ကို တာဝန်ယူတုန်းက အဲဒီကုန်သည်တွေက ငါ့ကိုဘာလို့ အမြတ်ငွေဝေစုမပေးခဲ့တာလဲ။ ငါတို့ မိုးပြာဝါးဂိုဏ်းမှာ လူမရှိဘူးဆိုပြီးအနိုင်ကျင့်နေတာလား။"
ကျန်းဟုန်၏အနောက်မှ လက်အောက်ငယ်သား တစ်ဦးက ထောက်ခံပြောဆိုလိုက်၏။ "အစ်ကိုဟုန်၊ ဒေါသမထွက်ပါနဲ့။ အဲဒီကုန်သည်တွေက အလကားကောင်တွေပါ။ လင်းယုန်ပျံဂိုဏ်းက ကောင်လေးက လောင်းကစားရုံဖွင့်ထားတဲ့ အဘိုးကြီးဟွမ်ကို ချက်ချင်းကိုယ်လက်အင်္ဂါ ချို့ယွင်းအောင် လုပ်လိုက်တော့ အကုန်လုံးက အမြတ်ငွေ ဝေစုကို လိမ္မာစွာပေးလိုက်ကြတယ်လို့ ကျွန်တော် ကြားတယ်။"
ကျန်းဟုန်က နှာခေါင်းနှိုက်ရင်း အေးစက်စွာ နှာမှုတ်လိုက်၏။ "သောက်ကျိုးနည်း..အဲဒီတုန်းက ငါနည်းနည်းလောက် ပိုကြမ်းတမ်းခဲ့ရင် ကောင်းသား။ အခုလိုအောက်ခြေရောက်နေမယ့်အစား မထွက်ခင်မှာ ငါငွေအများကြီးရနိုင်ခဲ့မှာပဲ။"
"ဟင်။ အစ်ကိုဟုန် ကြည့်လိုက်။ အဲဒါ လင်းယုန်ပျံဂိုဏ်းက ကောင်လေးမဟုတ်ဘူးလား။" ဂိုဏ်းဝင်တစ်ဦးက စားသောက်ဆိုင်၏ထောင့်ကို လက်ညှိုးထိုးပြလိုက်၏။
ထိုစားသောက်ဆိုင်က ယုံလဲ့ရပ်ကွက်နှင့် ပျော်ရွှင်ဖွယ်တောအုပ်အကြားတွင် တည်ရှိသည်။ သူတို့ မော့ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် မြင်နိုင်ပါသည်။
ထိုအချိန်တွင် လင်းယုန်ပျံဂိုဏ်းအဝတ်အစားများ ဝတ်ဆင်ထားသော လူတစ်ဦးက ထိုနေရာတွင် အရက်မူးပြီး အပေါ့သွားနေခဲ့၏။
ယနေ့သည် သူတို့၏လစဉ်လစာရရှိသောနေ့ဖြစ်ပြီး တစ်ခါတည်း ငွေဆယ်တုံးရရှိသဖြင့် ဂိုဏ်းဝင်များကို အလွန်စိတ်လှုပ်ရှားစေခဲ့၏။
ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ရန်ရွေးချယ်ထားသူတွင် အနည်းငယ်သာရိုးသားစွာ အသက်မွေးကြပါသည်။ အများစုမှာ လက်ရှိအချိန်အတွက်သာ အသက်ရှင်ကြပြီးသောက်စားကာ ပျော်ရွှင်စွာ နေထိုင်ကြသည်။
ထို့ကြောင့် သူတို့၏လစဉ်လစာ ရရှိသောအခါ သဘာဝကျကျပင်အပျော်အပါးအတွက် ချက်ချင်း ထွက်သွားကြ၏။
ထို့ကြောင့် ပုံမှန်အားဖြင့် အချင်းချင်းအဆင်ပြေသော ဂိုဏ်းဝင်အနည်းငယ်က စားသောက်ဆိုင်သို့ အကီ့းအကျယ်စားသောက်ရန် ချက်ချင်းထွက်သွားကြသည်။ သို့သော် ဤတစ်ကြိမ်တွင် သူတို့ အလကားမစားမသောက်ရဲကြဘဲရိုးသားစွာ ငွေပေးချေခဲ့ကြ၏။
မည်သို့ပင်ဆိုစေကာမူ နေ့လယ်ပိုင်းက ဖြစ်ပျက်ခဲ့သည်များမှာ သူတို့၏စိတ်ထဲတွင် လတ်ဆတ်နေဆဲပက်။ ဤခေါင်းဆောင်ဆုက စကားပြောဆိုရလွယ်ကူသောသူ မဟုတ်ပေ။
ဂိုဏ်းဝင်မှာ တုန်ယင်သွားပြီးနောက် ဘောင်းဘီကိုဆွဲတင်လိုက်ရာ သူ၏ရင်ဘက်ထဲမှ ငွေတုံးတစ်တုံး ကျလာပါသည်။
လက်သီးဆုပ်အရွယ်ခန့်ရှိသော ငွေတစ်ဆယ်တန် ငွေတုံးကို မြင်သောအခါ ကျန်းဟုန်၏အနောက်မှ ဂိုဏ်းဝင်များ အားလုံး၏မျက်လုံးများ နီရဲသွားကြ၏။
တစ်ခါတစ်ရံ သူတို့၏နှစ်စဉ် လစာမှာငွေတစ်ဆယ်ပင် မရှိသော်လည်း ယခု သာမန် လင်းယုန်ပျံဂိုဏ်းဝင် တစ်ဦးက ငွေတစ်ဆယ်ကို ထုတ်ယူနိုင်နေသည်။
ဂိုဏ်းဝင်က အပေါ့သွားပြီးနောက် လှည့်ကြည့်လိုက်ရာ ကျန်းဟုန်နှင့် သူ၏အဖွဲ့ကို မြင်လိုက်ရ၏။
လင်းယုန်ပျံဂိုဏ်းနှင့် မိုးပြာဝါးဂိုဏ်းတို့က အကြိမ်များစွာ တိုက်ခိုက်ခဲ့ဖူးသဖြင့် မိုးပြာဝါးဂိုဏ်းမှ လူများကို သူ သဘာဝကျကျ မှတ်မိပါသည်။ သို့သော် သူက မထီမဲ့မြင်ပြုဟန်ဖြင့်ပြုံးလိုက်ပြီး လက်ထဲရှိ ငွေကိုချိန်ဆကာ ထွက်သွားရန် လှည့်လိုက်သည်။
*သူက ခေါင်းဆောင်ကြီးဖြစ်နေတော့ကော ဘာဖြစ်လဲ။ ငါတို့လင်းယုန်ပျံဂိုဏ်းက သူ့ကို ရိုက်ပြီး ထွက်ပြေးအောင်လုပ်ခဲ့တာပဲ မဟုတ်ဘူးလား။ ပြီးတော့ ငါက ခေါင်းဆောင်ဆုနဲ့ အတူရှိနေတာ၊ မင်းတို့ရဲ့ ခေါင်းဆောင်ကြီးထက် ငါကအများကြီး ပိုအဆင်ပြေနေတာပဲ*
ထိုမထီမဲ့မြင်ပြုသော အပြုံးကို မြင်သောအခါ ကျန်းဟုန် ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။
"ဟ..ငါလခွမ်း..။ အောက်ခြေကောင်လေးတစ်ယောက်က ငါ့ကိုရယ်ရဲတယ်ပေါ့လေ။ သူ့ကို ဖမ်းပြီး ရိုက်စမ်း"
ဂိုဏ်းဝင်က အခြေအနေမကောင်းကြောင်း သိသဖြင့် ထွက်ပြေးရန်ကြိုးစားလိုက်၏။
သို့သော် သူက အတော်လေးအရက်မူးနေပြီး လမ်းလျှောက်လျှင်ပင် ယိမ်းယိုင်နေခဲ့၏။ ခြေလှမ်းနှစ်လှမ်းပင် မပြေးရသေးမီ ကျန်းဟုန်နှင့် သူ၏အဖွဲ့က သူ့ကို မြေပြင်ပေါ်သို့ဖိချကာ လက်သီးများ၊ ခြေထောက်များဖြင့် စတင် ထိုးကြိတ်ကန်ကျောက်ကြတော့သည်။
"ငါက လင်းယုန်ပျံဂိုဏ်းကကွ။ ဒီနေရာက လင်းယုန်ပျံဂိုဏ်းရဲ့နယ်မြေ၊ မင်းတို့ရမ်းကားရဲရင် ငါ့ခေါင်းဆောင်က မင်းတို့ကိုအလွတ်ပေးမှာ မဟုတ်ဘူး"
ကျန်းဟုန်က လှောင်ပြောင်လိုက်၏။ "မင်းရဲ့ ခေါင်းဆောင် ဟုတ်လား။ အဲဒီ နို့နံ့မစင်သေးတဲ့ ကောင်လေးလား။ ဒီနေ့ မင်းကိုသေတဲ့အထိ ရိုက်မယ်၊ သူ ငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့။"
လက်သီးများက မိုးပေါက်များကဲ့သို့ ကျဆင်းလာသည်။ ဂိုဏ်းဝင်က အစပိုင်းတွင် နာကျင်စွာ အကြိမ်အနည်းငယ် အော်ဟစ်ခဲ့သော်လည်း နောက်ပိုင်းတွင် တိတ်ဆိတ်သွားပါသည်။
"ရပ်လိုက်တော့"
ကျန်းဟုန်က အော်လိုက်၏။ လက်အောက်ငယ်သားတစ်ဦးက သွားစစ်ဆေးလိုက်ပြီးနောက် တံတွေးမျိုချကာ ပြောလိုက်သည်။ "အစ်ကိုဟုန်၊ ဒီကောင် ရိုက်သတ်ခံလိုက်ရပြီ။"
လူတိုင်းအချင်းချင်း ကြည့်လိုက်ကြပြီး ကိစ္စများ ကြီးကျယ်သွားပြီဟု ခံစားလိုက်ရသည်။
သူတို့က ဤကောင်လေးကိုပညာပေးရန်သာ မူလက ရည်ရွယ်ခဲ့သော်လည်း အပြင်မထွက်မီ သူတို့လည်းအရက်သောက်ထားခဲ့သဖြင့် သူတို့၏လုပ်ရပ်များမှာ အနည်းငယ်မဆင်မခြင် ဖြစ်သွားကာ သူ့ကိုသေသည်အထိ ရိုက်မိသွားခြင်း ဖြစ်သည်။
ဂိုဏ်းရန်ပွဲများဆိုပါက ကိစ္စမရှိဘဲ ဂိုဏ်းစစ်ပွဲများအတွင်းလူသတ်ခြင်းပင်လျှင် အလွန်ပုံမှန်သာဖြစ်သည်။
သို့သော် ထိုအရာများမှာ ဂိုဏ်း၏အထက်လူကြီးများက ချမှတ်သောဆုံးဖြတ်ချက်များ ဖြစ်သည်။ အကယ်၍ လူများသေဆုံးပါက အစိုးရအရာရှိများကို လာဘ်ထိုးရန်နှင့် နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းရန် သူတို့က တာဝန်ယူကြရပါလိမ့်မည်။
သို့သော် သူတို့၏ လက်အောက်ငယ်သားများက လူတစ်ယောက်ကို ပေါ့ပေါ့ပါးပါးရိုက်သတ်လိုက်ပါက လွယ်ကူမည်မဟုတ်ပေ။ တကယ်တမ်းတွင် သူတို့၏လုပ်ရပ်က ဂိုဏ်းနှစ်ခုကြား နောက်ထပ် ပဋိပက္ခကြီး ယတစ်ခုကိုပင် ဖြစ်ပေါ်စေနိုင်သည်။
"အစ်ကိုဟုန်၊ အခု ငါတို့ ဘာလုပ်ကြမလဲ။" ဂိုဏ်းဝင် အချို့မှာ ဘာလုပ်ရမှန်း မသိဖြစ်နေကြ၏။
ကျန်းဟုန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အနီးအနားတွင် လင်းယုန်ပျံဂိုဏ်းဝင်များ မရှိဘဲ သူနှင့်အတူလာသောသူများမှာ စားသောက်ဆိုင်တွင် အရက်မူးနေကြဆဲဖြစ်နိုင်သည်။
"ဘယ်သူမှ မမြင်လိုက်ဘူး။ ငါတို့ အရင် ဆုတ်ကြမယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာက လင်းယုန်ပျံဂိုဏ်းရဲ့ နယ်မြေလေ။ ခေါင်းဆောင်ကြီးဆီ သွားပြီး သတင်းပို့ကြမယ်။"
ကျန်းဟုန်က မဆင်မခြင် လုပ်မိသည့်အတွက် မိမိကိုယ်ကို ကျိန်ဆဲလိုက်သည်။ ယခု လင်းယုန်ပျံဂိုဏ်းဝင်တစ်ဦးကို ရိုက်သတ်မိပြီဖြစ်ရာ ၎င်းကို ကိုယ်တိုင် ဖြေရှင်းရန် သေချာပေါက်မဖြစ်နိုင်တော့ပေ။
ထို့အတူ ခေါင်းဆောင်ကြီး တိုင်ချုံးထံသတင်းပို့ရမည်ဆိုလျှင် သူ၏လောဘကြီးသော စရိုက်ကြောင့် သူက သေချာပေါက်ငွေအများအပြား သုံးစွဲရပေလိမ့်မည်။
မိုးပြာဝါးဂိုဏ်း၏ခေါင်းဆောင်ကြီး တိုင်ချုံးက အလွန်အကျွံလောင်းကစားလုပ်သူ တစ်ဦးဖြစ်သည်။ ငွေကို သူချစ်မြတ်နိုးရခြင်းမှာ သူ လောင်းကစားလုပ်ရန် နှစ်သက်သောကြောင့်လည်း ဖြစ်သည်။
ကျန်းဟုန်က ယုံလဲ့ရပ်ကွက်ရှိ အကြီးဆုံး လောင်းကစားရုံဖြစ်သော ကျင်ရှန်းလောင်းကစားရုံသို့ တိုက်ရိုက် သွားခဲ့ပြီး တိုင်ချုံးကို အလွယ်တကူ တွေ့ရှိခဲ့သည်။
တိုင်ချုံးက အသက် ငါးဆယ်ကျော်အရွယ်ရှိပြီး အရပ်ရှည်ကာ တုတ်ခိုင်ပြီး သူ၏အရပ်တစ်ဝက်ခန့် ရှိသော ဧရာမတူကြီးတစ်စုံကို သူ၏ဘေးတွင် ချထားခဲ့၏။
ဤထူးခြားသော လက်နက်ကြောင့် သူက ချန်နင်စီရင်စုတွင် အလွန်နာမည်ကြီးသော ကောင်းကင်ရိုက်ခွဲတူဟူသော အမည်ပြောင်တစ်ခု ရှိသည်။
"ခေါင်းဆောင်၊ ကျွန်တော် ပြဿနာတချို့ ဖန်တီးမိသွားတယ်။" ကျန်းဟုန်က သတိထား၍ အစီရင်ခံလိုက်သည်။
တိုင်ချုံးက ငွေနိုင်ထားပုံရပြီး စိတ်အခြေအနေ ကောင်းနေပါသည်။ သူက ပျင်းရိစွာ မေးလိုက်၏။ "ကောင်လေး၊ အခု ဘာပြဿနာဖန်တီးလာပြန်ပြီလဲ။"
"ကျွန်တော် မတော်တဆ ယလင်းယုန်ပျံဂိုဏ်းဝင် တစ်ယောက်ကို ရိုက်သတ်မိသွားတယ်။"
"အို၊ ဒါက ကိစ္စသေးသေးလေးပါ။ နောက်မှ လင်းယုန်ပျံဂိုဏ်းနဲ့ ယသွားစကားပြောပြီး သင်္ဂြိုဟ်စရိတ်အတွက် ငွေတစ်ဆယ်နဲ့ လျော်ကြေးပေးလိုက်မယ်" တိုင်ချုံးက ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
ကျန်းဟုန် ဆွံ့အသွားခဲ့ဟ။
*ဒီလိုပဲ ဖြေရှင်းပြီးသွားပြီလား။ တစ်ခုခု လွဲမှားနေတယ်လို့ သူဘာလို့ ခံစားနေရတာလဲ။*
"ခေါင်းဆောင် ဒီကိစ္စကြောင့် လင်းယုန်ပျံဂိုဏ်းက ငါတို့ကို ပြန်မတိုက်ဘူးလာ။" ကျန်းဟုန်က မမေးဘဲ မနေနိုင်ဖြစ်သွားသည်။
တိုင်ချုံးက လက်ကို ဝှေ့ယမ်းလိုက်၏။ "စိတ်မပူပါနဲ့ တိုက်ပွဲဖြစ်လာမှာ မဟုတ်ပါဘူး။ ငါတို့က တိုက်ချင်ရင်တောင်လင်းယုန်ပျံဂိုဏ်းက တိုက်မှာ မဟုတ်ဘူး။ မင်းက အထက်လူကြီးတွေရဲ့ ကိစ္စတွေကို နားမလည်ပါဘူး။
ဒါနဲ့ ငါတို့ ကစားဖို့လူတစ်ယောက် လိုနေတာ၊ မင်းလည်း အခုလေးတင် ရောက်လာတာပဲ။ ငါနဲ့ အရင် ကစားပွဲအနည်းငယ်လောက် လာကစား။"
ကျန်းဟုန်က မာကျောက်စားပွဲဆီသို့ ဇဝေဇဝါဖြင့် ဆွဲခေါ်ခံသွားရသည်။ သူ တစ်ခုတည်းကိုသာ သိသည်။ သူ တာဝန်ယူစရာ မလိုလောက်ပေ။
နောက်တစ်နေ့ နံနက်ပိုင်းတွင် ပျော်ရွှင်ဖွယ်တောအုပ်ရှိ လင်းယုန်ပျံဂိုဏ်း၏ ခန်းမအတွင်း၌ ဆုရှင်းက ပင်မနေရာတွင် မှုန်ကုပ်သော မျက်နှာဖြင့် ထိုင်နေပြီးမြေပြင်ပေါ်ရှိ အလောင်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့၏။
အခြား ဂိုဏ်းဝင်များလည်း အောက်တွင် တိတ်ဆိတ်စွာ ရပ်နေကြပါသည်။
"အတိအကျ ဘာဖြစ်ခဲ့တာလဲ။" ဆုရှင်းက ဖြည်းညှင်းစွာ မေးလိုက်သည်။
ဟွမ်ပင်းချန်က ဝမ်းနည်းပြီး ယနာကြည်းသော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။ "မိုးပြာဝါးဂိုဏ်းက လူတွေလုပ်သွားတာ။ မနေ့ညက ဒီညီအစ်ကိုတွေအရက်သွားသောက်ကြပြီး အပြင်ထွက်လာတော့ သူအရိုက်ခံရပြီး လမ်းပေါ်မှာ သေနေတာကို တွေ့လိုက်ရတယ်။"
အောက်ရှိ ဂိုဏ်းဝင်များ အားလုံးဒေါသထွက်နေကြသည်။ ထိုညက သေဆုံးသွားသူနှင့်အတူ အရက်သောက်ခဲ့ကြသူများ၏မျက်လုံးများမှာ နီရဲနေကြ၏။ သူတို့၏ပေါ့ဆမှုကြောင့် ညီအစ်ကိုဖြစ်သူက မိုးပြာဝါးဂိုဏ်း၏ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟု သူတို့ ယုံကြည်နေကြသည်။
"ဂိုဏ်းကို သတင်းပို့ပြီးပြီလား " ဆုရှင်းက မေးလိုက်သည်။
"ဂိုဏ်းက ငါတို့ထက်တောင်အရင် သိနေသေးတယ်။ ဒီနေ့ တတိယသခင်ကြီးဟူက လူတစ်ယောက်နဲ့ ငွေတစ်ဆယ်နဲ့ လွှတ်လိုက်တယ်။ အဲဒါက မိုးပြာဝါးဂိုဏ်းက ခေါင်းဆောင်ကြီးတိုင်ချုံး ပေးလိုက်တဲ့ သင်္ဂြိုဟ်စရိတ်တဲ့" ဟွမ်ပင်းချန်က လုံးဝ အသက်ရှူကျပ်သလို ခံစားရလျက် ပြောလိုက်သည်။
"ဘန်း..."
ဆုရှင်းက သူ၏လက်ထဲရှိ လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ တိုက်ရိုက်ပစ်ပေါက်လိုက်၏။
အောက်ရှိ ဂိုဏ်းဝင်များလည်း ဒေါသများ ပြည့်နှက်နေကြသည်။
သူတို့၏လစဉ်လစာမှာ ငွေတစ်ဆယ် ဖြစ်သည်။ ယခု တစ်စုံတစ်ဦးရိုက်သတ်ခံလိုက်ရသည်ကို သင်္ဂြိုဟ်စရိတ်အတွက် ငွေတစ်ဆယ်သာ ပေးအပ်ခြင်း ခံရသည်။
ဤသည်မှာ စော်ကားမှုဆိုတာ ထင်ရှားပေ၏။
"ဂိုဏ်းက ဘာကိုဆိုလိုတာလဲ။ ဒီအတိုင်းပဲ သည်းခံရတော့မှာလား။"
ဆုရှင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ မိုးပြာဝါးဂိုဏ်းနှင့် လင်းယုန်ပျံဂိုဏ်းတို့ အကြားရှိ ရန်ငြိုးမှာ သမိုင်းကြောင်းရှည်လျားလှ၏။
မိုးပြာဝါးဂိုဏ်းက လင်းယုန်ပျံဂိုဏ်းဝင် တစ်ဦးကို ရိုက်သတ်ခဲ့သော်လည်း ဂိုဏ်း၏အထက်လူကြီးများက သည်းခံရန်ရွေးချယ်ခဲ့သည်။ ဤသည်မှာ မှားယွင်းနေသလိုပင်။
ဟွမ်ပင်းချန်က ကူကယ်ရာမဲ့စွာပြောလိုက်၏။ "သူတို့က တိုက်ရိုက်မပြောပေမဲ့ အဲဒါက တကယ်ပဲ သူတို့ ဆိုလိုရင်းပါပဲ။"
အောက်ရှိ ဂိုဏ်းဝင်များက ခေါင်းဆောင်ဆုက ၎င်းကို မည်သို့ဖြေရှင်းမည်ကို မျှော်လင့်ချက်များဖြင့် ကြည့်နေကြ၏။
ဆုရှင်း၏လက်အောက်ငယ်သားများက လင်းယုန်ပျံဂိုဏ်းဝင် အဟောင်းအနည်းငယ်မှလွဲ၍ အများစုမှာ အသစ်ဝင်ရောက်လာသော လူငယ်များဖြစ်ကြသည်။
ဤလူငယ်များတွင် သွေးပူနေသေး၏။
မိုးပြာဝါးဂိုဏ်းနှင့် တိုက်ခိုက်ရန်သွားခြင်းက သူတို့ကိုယ်တိုင်သေဆုံးသွားနိုင်သည်ကို သိသော်လည်း မိုးပြာဝါးဂိုဏ်းက သူတို့၏ညီအစ်ကိုကို ရိုက်သတ်ပြီးနောက် ငွေတစ်ဆယ်ကို ပစ်ချကာထွက်သွားသည်ကို မြင်ရသော ဤအရှက်ခွဲခံရမှုကို သူတို့ သည်းမခံလိုကြပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဂိုဏ်းတွင် နှစ်အတော်ကြာ ရှိနေခဲ့သော အဖွဲ့ဝင်ဟောင်းများမှာ များစွာ ပို၍ တည်ငြိမ်ကြဟ။
ဂိုဏ်းနှစ်ခုကြားတိုက်ပွဲဆိုသည်မှာ ဤမျှအထိ မရိုးရှင်းပေ။ အကယ်၍ သူတို့တိုက်ခိုက်မည်ဆိုလျှင်ပင် အထက်လူကြီးများက အမိန့်ပေးရလိမ့်မည်။
ယခု အထက်လူကြီးများက သူတို့လှုပ်ရှားလိုခြင်း မရှိကြောင်းပြသနေပြီဖြစ်ရာ ဆုရှင်း၏လူအနည်းငယ်အပေါ် မှီခိုခြင်းက သူတို့၏သေဆုံးမှုကိုသာ ဖြစ်ပေါ်စေလိမ့်မည်။
"ခေါင်းဆောင် အခု ငါတို့ဘာလုပ်ကြမလဲ။" ဟွမ်ပင်းချန်က တိုးညင်းသောအသံဖြင့် မေးလိုက်၏။
ဆုရှင်းက သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူသည်လည်း ယခုအခါခက်ခဲသော အခြေအနေတွင်ရှိနေ၏။
ဤအခြေအနေတွင် သူသာမတိုက်ခိုက်ပါက ခဲယဉ်းစွာရရှိထားသော သူ၏ဂုဏ်သတင်းမှာ လုံးဝ ပျက်စီးသွားဖွယ်ရှိပါသည်။
သို့သော် သူသာတိုက်ခိုက်ပြီး လင်းယုန်ပျံဂိုဏ်း၏ အထက်လူကြီးများက လူမလွှတ်ပါက သူဘာကို အားကိုးပြီး တိုက်ခိုက်မည်နည်း။
*ဒီ အသစ်စုဆောင်းထားတဲ့ လူငယ်လေးတွေနဲ့လား*
ခဏမျှစဉ်းစားပြီးနောက် ဆုရှင်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။ "ငါဆုရှင်းက ငါ့ညီအစ်ကိုကို အချည်းနှီးအသေမခံဘူး။ သူတို့ရဲ့မိုးပြာဝါးဂိုဏ်းဆီကနေ တရားမျှတမှု တောင်းဆိုဖို့ လူတွေ လွှတ်ပေးဖို့ ငါ့ရဲ့မွေးစားဖခင်ဆီ အခုသွားတောင်းဆိုမယ်"
ရှိနေကြသော ဂိုဏ်းဝင်များကချက်ချင်း မျက်လုံးတောက်ပသွားခဲ့ကြ၏။ ခေါင်းဆောင်ဆုက သူတို့ကိုတကယ်ပင် စိတ်ပျက်မစေခဲ့ပေ။
ရိုက်သတ်ခံလိုက်ရသော ဂိုဏ်းဝင်ကိုသင်္ဂြိုဟ်ရန် အပြင်သို့ထုတ်သွားပြီးနောက် ဆုရှင်းက တတိယသခင်ကြီးဟူကိုသွားတွေ့ရန်အတွက် ငွေစက္ကူ ငါးထောင်ကို ယူဆောင်လာရန် ဟွမ်ပင်းချန်အား ခေါ်လိုက်၏။