အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆) လှုံ့ဆော်မှု
ဆုရှင်း၏ စကားကြောင့် အားလုံးဆွံ့အသွားကြ၏။ ဆုရှင်း၏ရည်ရွယ်ချက်များကို ခပ်ရေးရေးခန့်မှန်းမိသော ဟွမ်ပင်းချန်ပင်လျှင် မှင်တက်သွားသည်။
မိုးပြာဝါးဂိုဏ်း၏ ခေါင်းဆောင် တိုင်ချုံးက မည်သူနည်း။ သူက သူ၏အမိန့်အောက်တွင် လူထောင်ပေါင်းများစွာရှိသော သိုင်းလောကမှ အရေးပါသူတစ်ဦးဖြစ်သည်။
သူက သိုင်းလောကတွင် သင်ဆုရှင်းထက်ပင် သက်တမ်းပိုကြာပြီး အသက်လည်း ပိုကြီးပေလိမ့်မည်။
ထို့အပြင် တိုင်ချုံး၏ အဆင့်အတန်းက အဆက်အသွယ်များမှတစ်ဆင့်ရရှိခဲ့ခြင်း မဟုတ်ပေ။ ပြင်းထန်သောတိုက်ပွဲများမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။
သူတို့အတွက် တိုင်ချုံးကို သတ်ရန် ကြိုးစားခြင်းမှာ လေထဲတိုက်အိမ်ဆောက်ခြင်း သက်သက်သာ ဖြစ်လိမ့်မည်။
"မရဘူး။ မင်းသွားလို့မရဘူး။" ကျစ်ကန်း က အောက်မှ ရုတ်တရက်အော်လိုက်ရင်း သူ၏မျက်နှာမှာ တရုတ်မသာကဲ့သို့ဖြူရော်သွားခဲ့၏။
ဆုရှင်း၏ဘေးကင်းရေးကို သူ လုံးဝစိုးရိမ်နေခြင်း မဟုတ်ပေ။ သူ့အတွက် ဆုရှင်း၏ သေခြင်းရှင်ခြင်းက သူ့ကိစ္စမဟုတ်ပေ။ သို့သော် ဆုရှင်း၏ လုပ်ရပ်များက လင်းယုန်ပျံဂိုဏ်းအတွက် ဘေးအန္တရာယ်တစ်ခု ယူဆောင်လာပေလိမ့်မည်။
တိုင်ချုံးကို ဆုရှင်းက အောင်မြင်စွာလုပ်ကြံနိုင်သည်ဖြစ်စေ၊ မလုပ်ကြံနိုင်သည်ဖြစ်စေ၊ မိုးပြာဝါးဂိုဏ်းက ၎င်းကို လင်းယုန်ပျံဂိုဏ်း၏စိန်ခေါ်မှုတစ်ခုအဖြစ်မှတ်ယူပေလိမ့်မည်။
ရလဒ်အနေဖြင့် ဂိုဏ်းနှစ်ခုကြားတိုက်ပွဲကြီးတစ်ခုမှာ ရှောင်လွှဲ၍မရဖြစ်လာမည်ဖြစ်သော်လည်း၊ လင်းယုန်ပျံဂိုဏ်းတွင် တိုက်ခိုက်လိုစိတ်မရှိသလို ပြင်ဆင်မှုလည်း မရှိပေ။
"ဘာလဲအစ်ကိုကျစ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာရှိလို့လား။" ဆုရှင်းက ပြုံးတစ်ဝက်ဖြင့် မေးလိုက်သည်။
"ဆုရှင်း။မင်းလုပ်နေတာက မင်းရဲ့ကိုယ်ပိုင် ညီအစ်ကိုတွေကို အရှက်တကွဲအကျိုးနည်း အခြေအနေမှာထားလိုက်တာနဲ့ အတူတူပဲ။ တိုင်ချုံး ကို မင်းလုပ်ကြံဖို့ကြိုးစားတာ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အကျိုးဆက်တွေက မင်းခံနိုင်ရည်ရှိတာထက် ကျော်လွန်နေတယ်။ ငါတို့ အားလုံး မင်းနဲ့အတူသေရလိမ့်မယ်။"
ကျစ်ကန်းက ယခု အခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ အကယ်၍ သူမတားဆီးပါက၊ လင်းယုန်ပျံဂိုဏ်း၏အထက်လူကြီးများက ပြစ်ဒဏ်ပေးသောအခါအကျိုးဆက်များကို ခံစားရမည့် သူများထဲတွင် သူလည်း ပါဝင်ပေလိမ့်မည်။
ဆုရှင်း၏ရူးသွပ်သော အစီအစဉ်ကို သူသာ အောင်မြင်စွာတားဆီးနိုင်ခဲ့ပါက၊ ပိုမိုကြီးမားသော ရှေ့ရေးကိုနားလည်သူတစ်ဦးအဖြစ် ကောင်းသော အထင်အမြင်တစ်ခု ချန်ထားခဲ့နိုင်မည်ဖြစ်ပြီး၊ အနာဂတ်တွင် သေချာပေါက်ဆုချီးမြှင့်ခံနိုင်မည်ဖြစ်သည်။
"ပြောတာကောင်းတယ်.."
ဆုရှင်းက လက်ခုပ်တီးကာကျယ်လောင်စွာ ပြောလိုက်သည်။ "မူလက ငါဆုရှင်းက တရားမျှတမှုမရှိဘဲ အသတ်ခံလိုက်ရတဲ့ ငါ့ညီအစ်ကိုတွေအတွက် လက်စားချေဖို့ ငါ့အသက်ကိုစွန့်စားချင်ခဲ့တာ၊ ဒါပေမဲ့ အစ်ကိုကျစ်ပြောသလိုပဲ၊ လူတိုင်းကို ငါ ဒုက္ခမပေးနိုင်ဘူး။"
"ဒါဖြစ်နေမှတော့ ရွေးချယ်ခွင့်ကို လူတိုင်းဆီအပ်လိုက်မယ်။ မင်းတို့ အားလုံးက ဒီအစီအစဉ်ကို သဘောတူတယ်ဆိုရင်၊ငါ ဆုရှင်းက တိုင်ချုံး နဲ့ ကျန်းဟုန်တို့ရဲ့ခေါင်းတွေကို ပြန်ယူလာဖို့ အသေအလဲ တိုက်ခိုက်မယ်။"
အောက်ရှိဂိုဏ်းဝင်များ တစ်ခဏမျှ ဘာလုပ်ရမှန်း မသိဖြစ်သွားကြသော်လည်း၊ ကျစ်ကန်းမှာမူ မှင်တက်သွားပါသည်။ ဆုရှင်းက ရှေ့ဆက်တိုးရန်အတွက်ဟန်ဆောင်ဆုတ်ခွာမှုကိုနည်းဗျူဟာတစ်ခုအဖြစ် အသုံးပြုနေခြင်းဖြစ်ကြောင်း သူချက်ချင်း သဘောပေါက်သွားခဲ့သည်။
လူတိုင်း၏ရှေ့တွင် ဆုရှင်းက သူ၏ညီအစ်ကိုများအတွက် လက်စားချေမည်ဟု ကျိန်ဆိုကာ သူရဲကောင်းဆန်ဆန်သရုပ်ဆောင်သည့် ပြဇာတ်တစ်ခုကိုပြသခဲ့ရာ၊ ၎င်းက သူ့ကိုကြီးမားသော ဂုဏ်သတင်း ရရှိစေခဲ့၏။
ဤအချိန်တွင် သူကဆုရှင်းကို တားဆီးရန် ရှေ့သို့ တက်လာပြီး အကျိုးအပြစ်များကိုရှင်းပြခဲ့သည်။ သို့သော် ဆုရှင်းက နောက်ဆုတ်ရန်အခွင့်အရေးကို ယူခဲ့ပြီး လူတိုင်းကိုရွေးချယ်ခွင့် ပေးခဲ့သည်။
သူတို့၏ကိုယ်ကျိုးအတွက် ဤဂိုဏ်းဝင်များက တိုင်ချုံးအား ဆုရှင်း လုပ်ကြံမည့်အပေါ် သေချာပေါက် သဘောတူမည် မဟုတ်ပေ။
ဤနည်းဖြင့် ဆုရှင်းက ဂိုဏ်းဝင်များအကြား သူ၏ရပ်တည်မှုကို အောင်မြင်စွာ ပြန်လည်ရရှိရုံသာမက၊ ပိုမိုခိုင်မာသော ဂုဏ်သတင်းကိုလည်း တည်ဆောက်နိုင်ခဲ့လိမ့်မည်။
ကျစ်ကန်းမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့လိုက်ရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ ဤတစ်ကြိမ်တွင် သူက ဆုရှင်း၏အသုံးချခြင်းကို ခံလိုက်ရသည်။
ဟွမ်ပင်းချန်ကမူ ဆုရှင်း၏ထက်မြက်သော တုံ့ပြန်မှုအတွက် လက်ခုပ်တီးချင်နေခဲ့သည်။
သို့သော် ထိုအချိန်တွင်ရိုက်သတ်ခံလိုက်ရသော ဂိုဏ်းဝင်နှင့်အတူ အရက်သောက်ခဲ့သော လူအနည်းငယ်က မတ်တပ်ရပ်လိုက်ကြပြီး၊ သူတို့၏မျက်နှာများတွင် ဝမ်းနည်းမှုနှင့် နာကြည်းမှုများ ပြည့်နှက်နေပ့သည်။
မျက်လုံးများ နီရဲနေသော အရပ်ရှည်ရှည် လူတစ်ဦးက ပြောလိုက်၏။ "ခေါင်းဆောင်၊ ချန်ဆန်းအာ အချည်းနှီးသေသွားလို့မဖြစ်ဘူး။ သူ့ရဲ့အစ်ကို နှစ်ယောက်က လင်းယုန်ပျံဂိုဏ်းက လူဟောင်းတွေပဲ။ သူတို့က မိုးပြာဝါးဂိုဏ်းနဲ့ တိုက်ပွဲမှာ ကျဆုံးသွားခဲ့တာ။ အခုသူ့မိသားစုထဲမှာ မျက်မမြင်အမေတစ်ယောက်ပဲ ကျန်တော့တာ။"
"အခု ခေါင်းဆောင်နဲ့အတူ ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်းကောင်းကောင်းရနေပြီဆိုတော့၊ ချန်ဆန်းအာ က မနေ့ကကျွန်တော်တို့ အရက်သောက်နေတုန်းက နောက်ထပ် လအနည်းငယ်လောက် ငွေစုပြီးရင်အိမ်ထောင်ပြုပြီး သူ့အမေကိုစောင့်ရှောက်တော့မယ်လို့ ပြောနေတာ။ ဒါပေမဲ့ သူပြောပြီးတာနဲ့ ချက်ချင်းထွက်သွားရတော့တာပဲ။"
"ငါတို့သာ ချန်ဆန်းအာကို အရက်သွားသောက်ဖို့ အတင်းမဆွဲခေါ်ခဲ့ရင်၊ အခြေအနေတွေက ဒီလို ဖြစ်လာမှာ မဟုတ်ဘူး။ ငါတို့ ညီအစ်ကိုတွေက ငါတို့လူတွေကို ငါတို့နဲ့အတူအောက်မဆွဲချချင်ပါဘူး၊ ဒါကြောင့် တိုင်ချုံး နဲ့ ကျန်းဟုန် အဲဒီ လူယုတ်မာ နှစ်ကောင်ကိုသတ်ဖို့ ငါတို့ အခု လင်းယုန်ပျံဂိုဏ်းကနေ ထွက်တော့မယ်"
ယောင်္ကျားလေးအနည်းငယ်က သူတို့၏ရင်ဘတ်ပေါ်ရှိ လင်းယုန်ပျံဂိုဏ်းတံဆိပ်များကို ဆွဲဆုတ်လိုက်ကြရာ သူတို့၏မျက်လုံးများ နီရဲလာကြ၏။
သူတို့က ကလေးဘဝကတည်းက အတူတကွ ကြီးပြင်းလာခဲ့ကြသော ညီအစ်ကိုများဖြစ်ကြသည်။ သူတို့က လင်းယုန်ပျံဂိုဏ်းသို့ ယခုမှ ဝင်ရောက်လာကြခြင်းဖြစ်ပြီး သူတို့၏စိတ်အားထက်သန်မှုများ မပျောက်ကွယ်သေးပေ။
အကယ်၍ သူတို့ယခုဘာမှမလုပ်ပါက၊ သူတို့၏ ကျန်ရှိသော ဘဝတစ်လျှောက်လုံး သူတို့ကိုယ်သူတို့ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
အခြားသော လင်းယုန်ပျံဂိုဏ်းဝင်များက ညီအစ်ကိုများ ဤသို့ဖြစ်နေသည်ကို မြင်သောအခါ။
သူတို့၏ မျက်လုံးများချက်ချင်းနီရဲလာပြီး၊ သူတို့၏ ရင်ဘတ်မှ ဂိုဏ်းတံဆိပ်များကို ဆွဲဆုတ်ကာ မိုးပြာဝါးဂိုဏ်းနှင့် အသေအလဲ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။
ဂိုဏ်းသို့ ယခုမှဝင်ရောက်လာသော ဤလူငယ်များက ဟွမ်ပင်းချန်ကဲ့သို့ အတွေ့အကြုံရှိသော လူဟောင်းကဲ့သို့ များစွာမစဉ်းစားကြသလို၊ ဟိုဒီ အကျိုးအပြစ်များကိုလည်း ထည့်မတွက်ကြပေ။
သူတို့ဒေါသထွက်လာသည်နှင့်၊ တိုင်ချုံးကိုသာမက၊ အစိုးရ အရာရှိများကိုပင် ဆန့်ကျင်တိုက်ခိုက်ရန် ရဲဝံ့ကြပါသည်။
လင်းယုန်ပျံဂိုဏ်းက ဤကဲ့သို့သော လူငယ်များကို အသုံးပြုရသည်ကိုနှစ်သက်သလို မနှစ်သက်သလိုလည်းဖြစ်မိသည်။
အဘယ်ကြောင့်ဆိုသော် ဤလူငယ်များက သတ္တိရှိပြီး ရဲဝံ့ကြသဖြင့်၊ နယ်မြေအတွက် တိုက်ခိုက်ရာတွင် သူတို့ကအကြီးမားဆုံးသော တိုက်ခိုက်ရေးအင်အားဖြစ်သောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ သူတို့က အလွန်အမင်း စိတ်လိုက်မာပါ လုပ်တတ်ကြပြီး၊ တစ်ခါတစ်ရံတွင် ယခုကဲ့သို့ပင် သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်ကြရာ၊ အာဏာရှိသူများအတွက် အတော်လေးခေါင်းကိုက်စရာဖြစ်ခဲ့၏။
ထို့စဉ် ကျစ်ကန်း၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
*မင်း မှားသွားပြီ မဟုတ်လား။ လူတွေရဲ့စိတ်က အဲဒီလောက်အလွယ်တကူကြိုးကိုင်ခြယ်လှယ်လို့ ရတယ်လို့ ထင်နေတာလား။ အခု မင်း အခက်တွေ့နေပြီ။ ဒီရှုပ်ထွေးမှုကို မင်း ဘယ်လိုရှင်းမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။*
သို့သော် ကျစ်ကန်းအံ့အားသင့်သွားသည်မှာ ဆုရှင်း၏မျက်နှာပေါ်တွင် မည်သည့် စိုးရိမ်ပူပန်မှုမျှ မတွေ့ရဘဲ သူသည် တည်ငြိမ်နေခဲ့၏။
"ညီအစ်ကိုတို့၊ စိတ်အေးအေးထားကြပါ။" ဆုရှင်းက အော်လိုက်သည်။
အောက်ဘက်ရှိ ဆူညံသံများတဖြည်းဖြည်းငြိမ်သက်သွားပြီး ဆုရှင်းက လေးနက်သောလေသံဖြင့် ပြောလိုက်၏။ "တိုင်ချုံးဆီကို သွားပြီး လက်စားချေဖို့ မင်းတို့ကို ငါ မလိုအပ်ဘူး။ ငါ့ညီအစ်ကိုတွေအသတ်ခံလိုက်ရတယ်၊ သူတို့အတွက် ငါတရားမျှတမှု မရှာပေးရင်၊ ငါ ဆုရှင်းက အမှိုက်တစ်စထက်ပိုဆိုးသွားမှာ မဟုတ်ဘူးလား။ ငါ အရင်ကပြောခဲ့ပြီးပြီ၊ တိုင်ချုံး နဲ့ ကျန်းဟုန် တို့ရဲ့ခေါင်းတွေကို ငါ ကိုယ်တိုင် ပြန်ယူလာခဲ့မယ်"
ကျစ်ကန်း မှင်တက်သွားခဲ့၏။
*ဆုရှင်းက ဒါကို ဘာဆိုလိုတာလဲ။ သူ တကယ် ကြီးပြောနေတာလား။*
ဆုရှင်း၏စကားကြောင့် ရောက်ရှိနေသော ဂိုဏ်းဝင်များ စိတ်လှုပ်ရှားသွားကြသည်။ သူတို့က မှားယွင်းသောခေါင်းဆောင်နောက်သို့ လိုက်ခဲ့ကြခြင်းမဟုတ်ပေ။
ချန်ဆန်းအာ၏ ညီအစ်ကိုများက အလျင်အမြန် ပြောလိုက်၏။ "ခေါင်းဆောင် ကျွန်တော်တို့ကိုလည်း ခေါ်သွားပါ။ ကျွန်တော်တို့ရဲ့ညီအစ်ကိုအတွက် လက်စားမချေနိုင်ရင် တစ်သက်လုံး စိတ်ချမ်းသာမှာ မဟုတ်ဘူး"
"ငါ့ကိုလည်း ထည့်တွက်လိုက်" အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပ့သည်။
လီဟွိုင်လူအုပ်ထဲမှ ထွက်လာသည်ကို မြင်သောအခါ ဆုရှင်း မှင်တက်သွားခဲ့၏။
"ဒါက တော်တော်ပျော်စရာကောင်းမယ့်ပုံပဲ။ ငါလည်း ပါဝင်ချင်တယ်။"
အောက်ရှိ ဂိုဏ်းဝင်များက လီဟွိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။
*သူတို့က အခုညီအစ်ကိုအတွက် လက်စားချေမယ့်အကြောင်း ဆွေးနွေးနေတာကို၊ ဒီလောက် လေးနက်တဲ့ ကိစ္စက နောက်ပြောင်စရာ အကြောင်းအရာလို့ မင်း ထင်နေတာလား။*
ဆုရှင်းက လီဟွိုင်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်နှင့် မှိန်ဖျော့သောစိတ်လှုပ်ရှားမှုများကို တွေ့လိုက်ရသည်။ သူ့အတွက် ဤအရာက တကယ်ကိုပျော်စရာ အရာတစ်ခု ဖြစ်နေပုံရပေ၏။
ကျစ်ကန်း က ဟိန်းဟောက်လိုက်၏။ "လီဟွိုင် မင်း ရူးနေလား။ သူ အခုဘာလုပ်နေလဲဆိုတာ မင်း သိရောသိရဲ့လား။ မင်းက သူ့ကိုမတားဆီးတဲ့အပြင်၊ သူ့ရဲ့အဓိပ္ပာယ်မရှိတာတွေမှာပါ ပါဝင်နေသေးတယ်။ တတိယသခင်ကြီးဟူ ပြောခဲ့တာတွေကို မင်း မေ့သွားပြီလား။"
လီဟွိုင်က အကြောဆန့်ကာ အေးစက်စွာ ပြောလိုက်၏။ "အဘိုးကြီးက အိုနေပြီ၊ သူ့ရဲ့ထက်မြက်မှုတွေ ပျောက်ဆုံးသွားပြီ။ သူက အရာအားလုံးကို သည်းခံဖို့ပဲ သိတော့တယ်။ငါ့ဓားက သွေးမစွန်းတာကြာပြီဆိုတော့ သံချေးတက်နေတော့မယ်။"
"မင်း ရူးနေပြီ။ မင်းက အရူးပဲ။"
ကျစ်ကန်းက လီဟွိုင်၏တွေးခေါ်ပုံကို လုံးဝ နားမလည်နိုင်ခဲ့ပေ။
သူက ဆုရှင်း၏အဓိပ္ပာယ်မရှိမှုနောက်သို့ လိုက်ရုံသာမက၊ တတိယသခင်ကြီးဟူကို အဘိုးကြီးဟု လူပုံအလယ်တွင် ခေါ်ဆိုခဲ့၏။ သူက လင်းယုန်ပျံဂိုဏ်းတွင် ဆက်မနေချင်တော့ဘူးလော။
လီဟွိုင်က ကျစ်ကန်းကို လျစ်လျူရှုကာ ဆုရှင်းဘက်သို့ လှည့်လိုက်သည်။ "ဒါဆိုရင် ငါလိုက်သွားရင်ကောဘယ်လိုလဲ။"
ဆုရှင်းက ပြောလိုက်၏။ "ရတာပေါ့။ ဒါပေမဲ့ ငါ ပြောတာကိုတော့ နားထောင်ရမယ်။"
"မင်းတုံးအတဲ့အမိန့်တွေမပေးသရွေ့တော့ မင်းစကားကို ငါ နားထောင်နိုင်ပါတယ်။"
ဆုရှင်းက ခေါင်းယမ်းလိုက်ပြီး လီဟွိုင်၏ လေသံကို စိတ်ထဲ မထားပေ။ ဤအရာက သူ့၏သဘာဝပင် မဟုတ်လော။
"ခေါင်းဆောင်။ ကျွန်တော်တို့ကောဘယ်လိုလဲ။ ကျွန်တော်တို့ကိုလည်း သွားခွင့်ပြုပါ။" အရပ်ရှည်ရှည်အမျိုးသားက တောင်းပန်လိုက်သည်။
ဆုရှင်းခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်၏။ "မင်း နာမည် ဘယ်လိုခေါ်လဲ။"
"ကျွန်တော် လီချင်း ပါ" အရပ်ရှည်ရှည် အမျိုးသားက အလျင်အမြန်ပြောလိုက်သည်။
"မင်း သွားလို့ရတယ်။ ဒါပေမဲ့ ငါတို့ဆုတ်ခွာတာကို ကာကွယ်ပေးဖို့ ချန်လဲ့ရပ်ကွက် နဲ့ ယုံလဲ့ရပ်ကွက် နယ်စပ်မှာပဲ မင်းတို့ကိုစောင့်ခိုင်းထားနိုင်တယ်။ မင်းတို့သဘောတူရင် ငါ မင်းတို့ကို အဲဒီကို ခေါ်သွားမယ်။"
သူတို့က လင်းယုန်ပျံဂိုဏ်းတွင် နာမည်ကြီးနေပြီဖြစ်သော လီဟွိုင် နှင့် မတူပေ။
လီဟွိုင်က တတိယသခင်ကြီးဟူ၏ ထိပ်တန်း လက်ပါးစေများအနက်မှ တစ်ဦးဖြစ်ပြီး၊ တိုက်ပွဲပေါင်းဆယ်ကြိမ်ကျော်ဆင်နွှဲကာ အသက်ဆယ်ချောင်းကျော်ကို နုတ်ယူခဲ့ဖူးကြောင်း ဟွမ်ပင်းချန် က သူ့ကို တစ်ခါကပြောပြခဲ့ဖူးသည်။
သူတို့ကတော့ လင်းယုန်ပျံဂိုဏ်းမှ အဖွဲ့ဝင်သစ်များသာဖြစ်ပြီး သူတို့တွင် မည်သည့်သိုင်းပညာ စွမ်းရည်မှ မရှိပေ။ အများဆုံးအနေဖြင့် သူတို့တွင် လမ်းဘေးရန်ပွဲအတွေ့အကြုံ အချို့သာရှိကြ၏။
ဤသို့သော ကျွမ်းကျင်မှုအဆင့်ရှိသူ တစ်ဦးကသာ တိုင်ချုံးကို လုပ်ကြံရန် သူ၏နောက်သို့ လိုက်မည်ဆိုပါက သူတို့အတွက်သေရန်သာဖန်တီးထားသကဲ့သို့ ဖြစ်ပေလိမ့်မည်။
လီချင်း နှင့် သူ၏ညီအစ်ကိုများ အချင်းချင်း ကြည့်လိုက်ကြပြီး ကူကယ်ရာမဲ့စွာခေါင်းညိတ်လိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
သူတို့က ခေါင်းဆောင်နှင့်အတူ တိုက်ပွဲ မဝင်နိုင်သော်လည်း၊ သူတို့၏ညီအစ်ကိုအတွက် လက်စားချေရာတွင် သူတို့၏အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့သေးသည်။
"ဟွမ်ကြီး။ ညီအစ်ကိုနည်းနည်းလောက်ခေါ်သွား၊ ရုပ်ဖျက်ပြီး ယုံလဲ့ရပ်ကွက်ထဲကို ခိုးဝင်သွား။ မနက်ဖြန် တိုင်ချုံးဘယ်မှာရှိနေမလဲဆိုတာကို ငါတို့ ရှာဖွေရမယ်။"
"ကျန်တဲ့သူတွေ ဌာနချုပ်မှာပဲ နေခဲ့ ဘယ်သူမှ ထွက်မသွားရဘူး။ အစ်ကိုကျစ်ကို သေချာ စောင့်ကြည့်ထား သူသတင်းမပို့နိုင်အောင် သေချာလုပ်။"
ဆုရှင်းက ကျစ်ကန်းကို နောက်ပြောင်သော အမူအရာဖြင့်ကြည့်လိုက်ရာ ကျစ်ကန်း၏ မျက်နှာမှာ မှောင်မိုက်သွားပါသည်။
သူက နောက်ပိုင်းတွင်တိတ်တဆိတ်ထွက်သွားပြီး ဖြစ်ပျက်ခဲ့သည်များကို တတိယသခင်ကြီးဟူထံ ပြောပြရန် မူလကစီစဉ်ထားသော်လည်း ဆုရှင်းက ရှင်းလင်းစွာ ပြင်ဆင်ထားခဲ့ပြီဖြစ်သည်။
ကျစ်ကန်းက ကျွမ်းကျင်သူ ဖြစ်သော်လည်း သူက လီဟွိုင်၏ ပြိုင်ဘက် မဟုတ်သည်မှာ ရှင်းနေပါသည်။
ထို့အပြင် ဤနေရာတွင် ဂိုဏ်းဝင်တစ်ရာကျော် ရှိနေသဖြင့်၊ ကျစ်ကန်းမည်မျှပင် သန်မာစေကာမူ သူ ဖောက်ထွက်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကျစ်ကန်းဘာမှမပြောဘဲ ဆုရှင်းကို အေးစက်စွာသာ စိုက်ကြည့်နေလိုက်၏။
ဤကိစ္စတွင်ဖြစ်နိုင်ခြေရှိသော ရလဒ် နှစ်ခုသာ ရှိသည်။ ဆုရှင်း၏လုပ်ကြံမှု မအောင်မြင်ဘဲ ထိုနေရာတွင်ပင် အသတ်ခံရကာ၊ မိုးပြာဝါးဂိုဏ်းကို ဒေါသထွက်စေပြီးစစ်ပွဲကြီးတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။
ဒုတိယအနေဖြင့်၊ ဆုရှင်းက သူ၏ရှုံးနိမ့်မှုအပြီးတွင် လွတ်မြောက်သွားလျှင်ပင်၊ သူက လင်းယုန်ပျံဂိုဏ်း၏ အထက်လူကြီးများ စွန့်ပစ်ခြင်းကို ခံရမည်ဖြစ်ပြီး၊အဖြစ်အပျက်ကို ငြိမ်သက်သွားစေရန် ထိုးကျွေးခံတစ်ခုအနေဖြင့် မိုးပြာဝါးဂိုဏ်းထံသို့ အပ်နှံခံရပါလိမ့်မည်။
မည်သို့ပင်ဆိုစေ။ ဆုရှင်းက သေခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ဆုရှင်းက တိုင်ချုံးကို အောင်မြင်စွာ လုပ်ကြံနိုင်မည်လောဆိုသည်ကိုမူ ကျစ်ကန်းစဉ်းစားပင် မစဉ်းစားခဲ့ပေ။
အကယ်၍ တိုင်ချုံးက သတ်ရန် ဤမျှလွယ်ကူပါက၊ ယုံလဲ့ ရပ်ကွက်က လင်းယုန်ပျံဂိုဏ်း၏လက်အောက်သို့ ကျရောက်နေသည်မှာ ကြာလောက်ပြီ ဖြစ်သည်။